Tuesday, September 30, 2008

ရင်ခုန်နေသော သက်မဲ့အရုပ်လေး...

“အရုပ်လေးရေ... တို့ အရမ်းချစ်တယ်.. သိလား..” တဲ့
သူခဏခဏပြောတတ်တဲ့ စကားသံလေးကို ကြားယောင်နေမိတယ်...။
အရင်ကဆို စာကြည့်စားပွဲလေးပေါ်က ကွန်ပျူတာလေးဘေးမှာ အမြဲနေခွင့်ရခဲ့တာပါ..။ သူ့မျက်နှာလေးကို နေ့တိုင်းမြင်ခွင့်ရခဲ့တယ်.. သူ့အသံလေးကို အမြဲကြားခဲ့ရတယ်.. ဆော့ကစား ကြည်စယ်မှုတွေကိုလည်း ကြည်နူးခဲ့ရတယ်.. သူ့ရဲ့ ယုယကြင်နာစွာ ပွေ့ဖက်နမ်းရှိုက်မှုတွေကိုလည်း ရင်ခုန်ခဲ့ရပါတယ်..။ အခုတော့ မှောင်မဲမွန်းကြပ်မှုတွေနဲ့ သူ့မျက်နှာ အလင်းရောင်လေးကို မြင်တွေ့ခွင့်ရဖို့ မျှော်လင့်စောင့်စားနေရတဲ့ အရုပ်လေးရယ်ပါ...။

အရုပ်မျိုးစုံရောင်းတဲ့ အရုပ်ဆိုင်ကြီးတစ်ဆိုင်မှာ ဝယ်သူကို စောင့်နေရတဲ့ အရုပ်လေးအဖြစ် နေခဲ့ရတာ နှစ်တွေ တော်တော်ကြာခဲ့ပါတယ်.. ဒီအရုပ်ဆိုင်ကြီးကို စရောက်ခါစက အရုပ်စင်ရဲ့ ရှေ့ဆုံးတန်းမှာ နေခွင့်ရခဲ့သေးတယ်.. အချိန်ကြာလာတာနဲ့အမျှ ဝယ်သူလည်းမရှိလေတော့ တဖြည်းဖြည်း တန်ဖိုးကျကာ အနောက်ဖက်တန်းကို ပို့ခံရတယ်.. အရောင်အသွေးစုံ မျိုးတူပုံတူ အရုပ်လေးတွေ အစုအဖွဲ့အလိုက် အတူတကွနေရချိန်မှာ Koala (ကာဝါးလား) ရုပ်လေးဖြစ်တဲ့ ကျနော်ကတော့ အဖော်မရှိ တစ်ရုပ်တည်း အထီးကျန်စွာနဲ့ပေါ့..။

ဆိုင်ကို အရုပ်ဝယ်သူတွေလာရင် ကိုယ့်ကို ဝယ်နိုးဝယ်နိုးနဲ့ မျှော်လင့်ခဲ့ရတာ နေ့တိုင်းပါ.. တစ်ချို့ဆို ကိုင်ကြည့်ပြီး ပြန်ချသွားကြတယ်.. တစ်ချို့ဆို လည့်တောင်မကြည့်သွားကြဘူး.. ဘာလို့ကျနော့်ကို မဝယ်ကြတာလဲ.!! ကျနော်က ချစ်စရာမကောင်းလို့လား.!! ရုပ်ဆိုးနေလို့လား.!! ကျနော့် လက်သည်းတွေ ဆူးမှာစိုရိမ်လို့လား.!! Teddy Bare ရုပ်လေးတွေ.. Pooh ရုပ်လေးတွေကို မနာလိုဖြစ်မိတယ်.. သူတို့ကတော့ ဝယ်သူတွေ ရောက်လာတိုင်း ပျော်ရွှင်မြူးတူးစွာနဲ့ လိုက်ပါသွားကြတာ.. သူတို့တွေ အရုပ်ပိုင်ရှင်တွေနဲ့ ပျော်ရွှင်နေကြမှာကို တွေးမိပြီး အားကျမိတယ်..။ ကျနော့်ကိုသာ ဝယ်မည့်သူမရှိ.. ကယ်မည့်သူမရှိ.. ဒီဆိုင်ထဲမှာ တစ်ရက်ပြီးတစ်ရက်...။

ဒီလိုနဲ့ စိတ်ဓါတ်ကျ ပျင်းရိငြီးငွေ့စွာ အိပ်ငိုက်နေတဲ့ နေ့လေးတစ်နေ့မှာပေါ့.. နွေးထွေးညှင်သာသော အထိအတွေ့နဲ့အတူ.. ကျနော်လေ.. သူ့လက်ဖဝါးနုနုလေးပေါ်ကို ရောက်ရှိနေခဲ့ပါပြီ...။ ကျနော့်ကို ပြုံးကြည့်နေတဲ့ သူ့မျက်နှာလေးက ချစ်ခင်စဖွယ် အေးမြကြည်လင်နေတယ်..။ “ချစ်စရာလေး” လို့ ပြောလိုက်တဲ့ သူ့အသံလေးကလည်း ချိုမြိန်နေတယ်..။ ကျနော် ရင်တွေခုန်လာတယ်.. သူ.. ကျနော့်ကို တကယ်ဝယ်တော့မှာလား..!! “ဝယ်ပါနော်.. ကျနော် လိုက်ခဲ့ပါရစေလို့” ပြောလိုက်ချင်တယ်..။ ကျနော့် လည်ပင်းမှာ ချိတ်ဆွဲထားတဲ့ ဈေးနှုန်းလေးက နည်းနည်းလေးရယ်ပါ...။

ကျနော် ပျော်လိုက်တာဗျာ.. သူ.. ကျနော့်ကို တကယ်ဝယ်လိုက်ပါပြီ.. ကျနော် ဝဋ်ကျွတ်ပြီပေါ့.. ကျနော် သူနဲ့လိုက်သွားရတော့မယ်တဲ့.. ကျနော် ဒီဆိုင်ထဲက ထွက်သွားရတော့မယ်.. ဆိုင်ထဲက အရုပ်တွေကို ကြည့်မိတော့.. တစ်ချို့ ကျနော့်ကို ပြုံးပြနှုတ်ဆက်နေကြတယ်.. တစ်ချို့ကျတော့လည်း ကျနော့်ကို မနာလိုဖြစ်နေကြတယ်.. တစ်ချို့ ကျနော့်အတွက် ဝမ်းသာပေးနေကြတယ်.. ကျနော် သူတို့အားလုံးကို လက်ပြနှုတ်ဆက်ရင်း သူလေးရဲ့ခေါ်ဆောင်ရာနောက်ကို ရင်ခုန်ကြည်နူးစွာနဲ့ ကောက်ကောက်ပါအောင် လိုက်သွားခဲ့တော့တာပေါ့...။

သူ့အခန်းလေးက သန့်ပြန့်ပြီး နေချင်စဖွယ် ချစ်စရာလေးပါ.. စာကြည့်စားပွဲလေးပေါ်မှာ ကွန်ပျူတာလေး တစ်လုံးရယ်.. စာအုပ်စင်လေးရယ်.. ပန်းအိုးလေးရယ်.. သူ့နေရာနဲ့သူ သပ်သပ်ရပ်ရပ်လေးပေါ့.. ကျနော့် ကျောကုန်းလေးကို သပ်ရင်း “ဟိတ်.!! အရုပ်လေး.. နင်က အရမ်းချစ်ဖို့ကောင်းတယ်.. ငါနဲ့ အမြဲနေရမယ်နော်” ဆိုပြီး ကျနော့် လက်သည်း ချွန်ချွန်လေးတွေနဲ့ သူ့ ပါးနုနုလေးကို ကုတ်ခြစ်ဆော့ကစားနေတယ်.. သူ့ပါးပြင်လေးက ချိုအေးတဲ့ မွှေးရနံ့တွေကြောင့် ကျနော့် ရင်တွေခုန်နေတယ် ဆိုတာတော့ သူမသိလောက်ဘူးထင်ပါတယ်လေ..။

ကျနော့်ကို ပန်းပင်လေးရဲ့ အကိုင်းလေးပေါ်မှာ အမြဲချိတ်ထားတတ်တယ်.. တစ်ခါတစ်လေ မော်နီတာလေးပေါ်မှာ.. တစ်ခါတစ်လေ စာအုပ်စင်လေးပေါ်မှာ.. တစ်ခါတစ်လေ ဆံပင်လေးတွေကို ချည်ဖို့ စုစည်းထားတဲ့ ကလစ်ကလေးတွေ နေရာမှာ.. တစ်ခါတစ်လေတော့လည်း စိတ်ကူးပေါက်ရင် ပေါက်သလို ကျောပိုးအိပ်လေးမှာ ချိတ်တွယ်ပြီး ကျောင်းကိုခေါ်သွားတတ်သေးတယ်.. ကျနော်ကတော့ သူဘယ်မှာ ထားထားပါ ကျေနပ်ပျော်ရွှင်နေတာပေါ့.. သူ့မျက်နှာလေးကို အမြဲမြင်ခွင့်ရနေတယ်လေ.. သူ့အသံလေးကို ကြားနေရတယ်ဆိုတော့..။ သူကျောင်းသွားနေရင်လည်း သူ့ကို မျှော်နေမိတာပေါ့.. အချိန်တိုင်း သူ့နားမှာ ရှိနေချင်တာပါ..။ သူကျောင်းက ပြန်လာရင် ကျနော့် ခေါင်းလေးကိုပုတ်ပြီး “ဟိတ်.. ပျင်းနေပြီလား..” လို့ နှုတ်ဆက်တတ်တယ်..။ လက်ဖဝါးလေးပေါ်တင်ပြီး ကျနော့်ကို စကားတွေ ပြောနေတတ်သေးတယ်..။ အနမ်းလေးတွေနဲ့ ပါးလေးနားကပ်ထားရင် ကျနော့် ရင်တွေ “တဒိန်းဒိန်း” နဲ့ပေါ့...။

တစ်ရက်မှာပေါ့ သူအပြင်ကပြန်လာတော့ သူ့လက်လေးထဲမှာ ပန်းရောင်ဖဲကြိုးလေးနဲ့ ထုပ်ထားတဲ့ လက်ဆောင်ထုပ် လှလှလေး တစ်ထုပ်..။ ဘယ်သူပေးလိုက်တဲ့ လက်ဆောင်ပါလိမ့်နော်.. ချစ်သူများ ရနေလေပြီလား..! သူ့မျက်နှာလေးက ကြည်နူးပျော်ရွှင်နေတယ်.. သူပျော်နေတာမြင်တော့ ကျနော်လည်း လိုက်ပျော်တာပေါ့နော်.. သူသာ ငိုနေမယ်ဆို ကျနော်လည်း လိုက်ငိုမိမှာပါ သေချာပါတယ်..။ သူ.. လက်ဆောင်ထုပ်လေးကို ဖေါက်နေတော့ ကျနော်လည်း ရင်ခုန်စွာ စိတ်ဝင်တစား ကြည့်နေမိတယ်.. စက္ကူဗူးအဖုံးလေးကို သူ.. ဖွင့်လိုက်တော့... ကျနော့်လေ စိုရိမ်ထိပ်လန့်သွားမိတယ်.. လက်ဆောင်လေးက ဝက်ဝံရုပ်လေးတစ်ရုပ်..။

စာကြည့်စားပွဲ အံဆွဲလေးထဲက မှောင်မဲမွန်းကြပ်လွန်းနေပါတယ်.. အခုတော့ ကျနော်ဟာ အံဆွဲလေးထဲမှာ ပိတ်လှောင်ခံနေရပါပြီ.. ဝမ်းနည်းကြေကွဲစွာ တစ်ယောက်တည်းပေါ့.. ကျနော် အလင်းရောင်ကို မမြင်ရဘူး.. မှောင်မဲနေတယ်... သော့ပေါက်လေးကနေ သူ့ကိုများ မြင်ရမလားလို့ ရှာဖွေနေမိတယ်.. အံဆွဲလေးနားကို နီးကပ်လာတဲ့ သူ့လှုပ်ရှားသံလေး တစ်ခုခုများကြားရင် ဆုတောင်းနေရတာအမော.. အံဆွဲလေးကို သူဆွဲဖွင့်လိုက်ပါစေလို့..!! သူ့မျက်နှာလေး.. သူ့အပြုံးလေးကို မြင်တွေ့ခွင့်ရချင်တယ်.. သူ့လက်ဖဝါးလေးပေါ်ကနေ သူ့မျက်နှာလေးကို ငေးကြည့်နေချင်တယ်.. ဒါပေမဲ့ ကျနော့်ဆုတောင်းလေး မပြည့်ပါဘူး.. အရမ်းနှစ်သက် စွဲလန်းမိတဲ့ သူ့မျက်နှာလေးကိုလည်း မြင်တွေ့ခွင့်မရတော့ပါဘူး.. သူ့ပါးလေးတွေပေါ်က မွှေးညှင်းနုနုလေးတွေကိုရော ဘယ်သူကထိတွေ့လို့နေပြီလဲ..!!

ဟော... သူသီချင်းလေးတစ်ပိုင်းတစ်စ ငြီးနေတယ်.. အရင်ကဆို သူ့သီချင်းသံလေးကို နားထောင်ရင်း သူ့မျက်နှာလေးကို မြတ်မြတ်နိုးနိုး ငေးမောနေခဲ့ဖူးတာလေ.. သူ့ရဲ့နွေးထွေးတဲ့ လက်ဖဝါးလေးတွေနဲ့ ဘယ်သူ့ကိုများယုယစွာ ထွေးပွေ့ထားပြီလဲ..!! အံဆွဲလေးနားက သူ့ခြေသံလေးတွေ ဝေးသွားတယ်.. အိပ်ခန်းလေးကနေထွက်ပြီး.. ထမင်းစားခန်းဖက်ကိုများ လျှောက်နေတာလား.!! သူပြန်ဝင်လာပြန်ပြီ.. ဒါ.. သူလွယ်နေကျ ကျောပိုးအိပ်လေးရဲ့ ဇစ်လေးကို ဆွဲပိတ်လိုက်တဲ့အသံလေး.. သူကျောင်းသွားတော့မှာ.. ဟုတ်တယ်..!! သူသိပ်ကြိုက်တဲ့ ရေမွှေးလေးရော စွပ်ပြီးနေပြီ မဟုတ်လား.!! သူဘယ်ဖိနပ်လေးစီးမှာလဲ..!! အရင်ကလိုဘဲ သူ့စိတ်ကြိုက် ပြင်ဆင်ပြီးချိန်မှာ မှန်လေးထဲကို ခေါင်းလေးငဲ့ကြည့်ရင်း သူပြုံးနေမှာပဲလား..!!

ကျနော်ဟာ သူ့ကို အရူးအမူးချစ်မိသွားတဲ့ ရင်ခုန်တတ်သော သက်မဲ့အရုပ်လေး တစ်ရုပ်ရယ်ပါ.....။ အံဆွဲ နံရံတွေကို ကုတ်ခြစ်ထားတဲ့ ကျနော့်လက်သည်းလေးတွေ ကြိုးပဲ့ကုန်ပြီ.. ကျနော်ရင်ဘတ်တွေ အောင့်လာတယ်.. မျက်ရည်တွေ ရစ်ဝိုင်းလာတယ်.. အရာရာအားလုံးကို ကျနော် ဆုံးရှုံးသွားခဲ့ပါပြီ.. ကျနော့်ကို အရမ်းချစ်တယ်ဆို...!! ဘယ်နေ့မှာများ ကျနော်ရှိနေတဲ့ အံဆွဲလေးကို သူ ဆွဲဖွင့်များမှာလဲ...!! နောက်ဆုံးတော့ သူ့မျက်နှာလေး မြင်တွေ့ခွင့်ရဖို့.. သူ့နားမှာ အချိန်ပြည့်နေခွင့်ရဖို့.. ပြန်လည် လွတ်မြောက်ရချိန်လေးကို မျှော်လင့်ရင်းနဲ့......။

(ကိုရင်နော်)

Sunday, September 21, 2008

နောက်ဆုံးနေ့မှသည် ထိုနေ့များဆီသို့...

အခန်းတံခါးကို ဖွင့်လိုက်တော့ မိုးစက်လေးတွေ လေနဲ့အတူ တိုးဝင်လာတယ်.. အိပ်ယာကနိုးရင် ပြူတင်းပေါက်တံခါးကို ဖွင့်လေ့ဖွင့်ထ မရှိပါဘူး.. ဒီနေ့တော့ လောကကြီးကို ဖွင့်ကြည့်နေမိတယ်.. ရေအဝသောက်လိုက်တယ်.. ရေလည်း သောက်လေ့သောက်ထ မရှိပါဘူး.. ဒီနေ့တော့ ထူးထူးခြားခြား သောက်နေမိတယ်...။

“ကလင်း..လင်း.. ကလင်း.. လင်း.. လင်း... ”
စားပွဲပေါ်က နာရီနိုးစက်သံကလည်း သူ့အလုပ်သူလုပ်လို့ အချိန်ရောက်ပြီဆိုတာ အသိပေးနေသလို..။ ဒီနေ့တော့ ထူးထူးခြားခြား နာရီသံထက် ကိုယ်က ဦးအောင်နိုးနေမိတယ်..။ ခေါင်းရင်းက ဖေဖေနဲ့ မေမေ့ ဓါတ်ပုံကလည်း မြင်နေကျအတိုင်း ပြုံးပြနှုတ်ဆက်မြဲ..။ ခါတိုင်းနေ့တွေ တစ်ခါလောက်သာ ကြည့်မိပေမယ့် ဒီနေ့တော့ အချိန် တော်တော်ကြာကြာ ကြည့်နေမိတယ်..။ ဘုရားစင်ပေါ်က ပန်းလေးတွေတောင် နွမ်းခြောက်နေပြီ..။ ဒီနေ့တော့ ပန်းလေးတွေ ဝယ်လာပြီး ကပ်မယ်လို့ စိတ်ကူထားလိုက်တယ်..။ လက်အုပ်ချီလိုက်မိတဲ့ ကျနော့် လက်ဖဝါးနှစ်ဖက်က အေးစက်လွန်းနေတယ်..။

အိပ်ယာနိုးတိုင်း ပုံမှန် လုပ်နေကျအလုပ်တစ်ခုဖြစ်တဲ့ ဂျီတော့နဲ့ဘလော့လေးကို ဝင်ကြည့်မယ်လုပ်တော့ ကွန်နက်ရှင်က လုံးဝကိုပြတ်နေတယ်..။ အချိန်က မရတော့ဘူး.. အလုပ်ကလည်း သွားရဦးမှာဆိုတော့.. ရုံးရောက်မှ ဖွင့်ကြည့်တော့မယ်လို့ စိတ်ကူးပြီး ရေအရင်ချိုးလိုက်တယ်.. ရေမိုးချိုးပြီး ဖုန်းလေးကို ကြည့်လိုက်မိတော့ “သူ့”ဆီက မစ်ကော တစ်ခု ဝင်ထားတယ်.. ချက်ခြင်းပြန်ခေါ်လိုက်ပေမယ့် လုံးဝ ခေါ်လို့မရဘူးဖြစ်နေတယ်..။ ကျနော့်စိတ်တွေ ခါတိုင်းထက် လေးလံနေတယ်.. ဘယ်မှမသွားချင်ဘူး.. ဘားမှမလုပ်ချင်ဘူး..။

ကားကို ခပ်မှန်မှန်လေးပဲ မောင်းလာခဲ့တာပါ......
တကယ့်ကို ဖြေးဖြေးမှန်မှန်လေးရယ်ပါ.....
ကျနော့်စိတ်တွေ ကျနော်နဲ့အတူရှိနေသလား.. ဟိုး.. အဝေးတစ်နေရာမှာလား.. ဆိုတာကတော့.......

ကျနော် မှားသလား.. မှန်သလား.. ကျနော် ဘာဖြစ်သွားတာလဲ.. ဘာကိုမှမသိလိုက်ခင် ကျနော် ဘေးမှာ.. ကျနော်မသိတဲ့သူတွေ ကျနော့်ကို ဝိုင်းအုံကြည့်နေကြတယ်.. ကျနော့်ကိုယ်ကျနော် ပြန်ကြည့်မိတော့.. အမြင်တွေအားလုံး ပျောက်ကွယ်နေတယ်.. အသံတွေအားလုံး တိတ်ဆိတ်နေတယ်..။ လူနာတင်ယာဉ်ရဲ့ ဥသြသံက ကျနော့်ကို ဟိုး..အဝေးဆုံးသို့ ခေါ်ဆောင်သွားခဲ့ပါပြီ..။

ကျနော်.. ပထမဆုံးရောက်သွားတာ အေးစက်စက် အခန်းငယ်တစ်ခုထဲကို..။ ငြိမ်သက်နေတဲ့ အခန်းထဲမှာ ကျနော် အထီးကျန်စွာ တစ်ယောက်တည်း..။ ဟိုးအဝေးက သီချင်းသံခပ်တိုးတိုးလေး ကြားနေရတယ်.. ရယ်မောသံတွေ.. ဓါးသွေးသံတွေ.. သက်ပြင်းချသံတွေ.. ငိုရှိုက်သံတွေ..။

ကျနော်.. ရောက်နေတာ လွင်ပြင်ကျယ်ကြီး တစ်ခုထဲကို..။ ငြိမ်သက်နေတဲ့ လွင်ပြင်ကျယ်ကြီးထဲမှာ ကျနော်တစ်ယောက်တည်း အထီးကျန်စွာ..။ လေပြင်းတွေ တိုက်နေတယ်.. ခေါင်းလောင်းထိုးသံတွေ ကြားနေရတယ်.. နေမင်းကြီးမရှိတဲ့ ကွင်းပြင်ကြီးက ပူပြင်းလွန်းနေတယ်..။

ကျနော်.. ရောက်နေတာ ခြံဝင်းကျယ်ကျယ် အိမ်အိုကြီးတစ်လုံးထဲကို..။ တိတ်ဆိတ်နေတဲ့ အိမ်အိုကြီးထဲမှာ ကျနော် တစ်ယောက်တည်း..။ ဖေဖေနဲ့မေမေ့ရဲ့ ဘုရားဝတ်ပြုသံတွေ ကြားနေရတယ်.. မီးဖိုချောင်က ဟင်းနံ့တွေ မွှေးလွန်းနေတယ်.. ကျနော့်အိပ်ခန်းထဲက စန္ဒယားသံ တစ်ချက်တစ်ချက် ကြားနေရတယ်.. နရံမှာချိတ်ထားတဲ့ ကျနော့်ဓါတ်ပုံက ကျနော့်ကို ပြုံးပြနေတယ်..။

ကျနော်.. ရောက်နေတာ နိုင်ငံကြီးတစ်ခု.. လမ်းဆုံကြီးတစ်ခုရဲ့ ဓါတ်တိုင်အောက်မှာ..။ မိုးရေတွေထဲမှာ ကြေကွဲဝမ်းနည်းစွာ ငိုကြွေးနေတာ ကျနော် တစ်ယောက်တည်း...။ မိုးချုန်းသံတွေ ကြားနေရတယ်.. ဖုန်းမြည်သံတွေ.. ဆူဆူညံညံ စကားသံတွေ.. ဗုံတီးသံတွေ.. ကားသံတွေ.. ရထားခုတ်သံတွေ.. နောက်.. “သူ့” ရဲ့ ရင်ခုန်သံတွေ.. ခြေသံတွေ..။

ကျနော်.. ရောက်နေတာ ဆီပူပူ ဒယ်အိုးထဲက အောက်ဆုံးတစ်နေရာမှာ..။ ကျနော် တစ်ယောက်တည်း ဆိုတာထက် များစွာသော အပြစ်သားများ..။ ပူလောင်နေတယ်.. နာကျင်နေတယ်.. သွေးညှီနံ့တွေ.. ညှော်နံ့တွေ.. အပုပ်နံ့တွေ.. ခရင်းသံတွေ.. ဓါးသံတွေ.. အော်ဟစ်ငိုယိုသံတွေ.. ခွေးအူသံတွေ..။

ကျနော်.. ရောက်နေတာ တိမ်တိုက်တွေထက်မြင့်တဲ့ ဟိုးအမြင့်ဆုံးက ငြိမ်းချမ်းသောနေရာ တစ်နေရာ..။ ကျနော် တစ်ယောက်တည်း ဆိုတာထက် များစွာသော ဖြူစင်သန့်ရှင်းသူများ..။ သာယာလှပနေတယ်.. လွတ်လပ်နေတယ်.. ပေါ့ပါးလန်းဆန်းနေတယ်.. ငြိမ်းချမ်းနေတယ်.. ဓမ္မတေးသံတွေ ကြားနေရတယ်.. ငှက်ကလေးတွေ ပျော်ရွှင်စွာတေးသီနေကြတယ်..။

ကျနော်.. ရောက်နေတာ ခရီးလမ်းဆုံး တွင်းနက်နက်ထဲက ခေါင်းတလားတစ်လုံးအတွင်းမှာ..။ ကျနော်.. တစ်ယောက်တည်း အထီးကျန်စွာ အိပ်စက်နေတယ်..။ ငြိမ်သက်နေတယ်... တိတ်ဆိတ်နေတယ်... ငြိမ်းချမ်းနေတယ်.. ဝိညာဉ်မဲ့နေတယ်... အသားတွေရိရွဲ ကွဲအက်နေတယ်.. ရွံရှာဖွယ် ပုပ်ပွနေတယ်..။

တစ်ရက်တော့ ကျနော့်ကို အားလုံး မေ့သွားကြမှာပါ.. သေချာပါတယ် ဒါဟာသဘာဝ.. ကျနော်ကတော့ တစ်ယောက်တည်း အရိုးဆွေးနေတယ်....။

(ကိုရင်နော်)

မှတ်ချက်။ ။ မသေခင် (၁၀) ရက်အလို ဘာတွေလုပ်မလဲတဲ့ ညီမလေးDream က Tag ထားတာ လွန်ခဲ့တဲ့ (၁၀) ရက်ကပေါ့..။ ရေးမယ်ရေးမယ်နဲ့ (၉) ရက်လုံးလုံး စဉ်းစားလာတာ ဘာတွေလုပ်ရင်ကောင်းမလဲ.. အကောင်းဆုံးဖြစ်အောင် ဘယ်လိုနေမလဲလို့..။ ဒီတော့ ကွေးသောလက်နဲ့ ဆန့်သောလက်ကြားမှာ သန့်ရှင်းဖြူစင်သူ တစ်ယောက်အဖြစ်နဲ့ ပျော်ပျော်ကြီး သေနိုင်အောင် ကြိုးစားနေမယ်လို့ပဲ ပြောပါရစေ..။ (၁၀) ရက်မြောက် နောက်ဆုံးနေ့နဲ့ နောက်ပိုင်းကာလလေးကိုတော့ စိတ်ကူးရေးသားထားတာပါ..။ :) ဒီပိုစ့် တင်အပြီး ကိုရင်နော် တစ်ယောက် ဘလော့လောကထဲက တကယ်ပျောက်သွားခဲ့ရင် သွားရှာပြီလို့သာ မှတ်လိုက်ပေတော့.. :P

Sunday, September 14, 2008

နံနက်ခင်းသံ ဆူဆူညံ...

“ကလေးလေးရေ...!! ကျောင်းသွားရတော့မှာ အချိန်နီးနေပြီနော်.. မြန်မြန်လုပ်..သမီး ဦးနော်ကို သွားနိုးလိုက်တော့လေ..”
“ဟုတ်.. မေမေခင် ကရေးရေးက ကျောင်းဝတ်ခြုံရေးတောင် ရဲထားပီးပီ အချင်တင့်ဖဲ”
ကိုရင်နော့် “တဟွတ်ဟွတ်” ချောင်းဟန့်သံ ကြားတာနဲ့ ခင်လေးလည်း အသံကိုမြှင့်ပြီး ဒင်းကိုလှမ်းပြောရပြန်တယ်..။

“ဟဲ့.. ကိုရင်..! နင်ဟာလေ တော်တော်အိပ်ပုတ် နင့်တူမကို ကျောင်းလိုက်ပို့ရဦးမှာ  ကလေးကျောင်းနောက်ကျတော့မယ်.. မြန်မြန်လုပ်.. ဂိုတောင်ထဲက ကားကိုထုတ်ထား ဒီနေ့ ငါ့သမီးကို BMW လေးနဲ့ ပို့မယ်နော်”
ကိုရင်ကအိပ်ချင်မူးတူးနဲ့ ဘာကြားတယ်မသိ သူ့အိပ်ယာဘေးက BE ပုလင်းဆွဲပြီး ထလာလေရဲ့..။

“ဗုဒ္ဓေါ... အာ.. ငါပြောတာ BE မဟုတ်ဘူး BMW ကားကိုပြောတာ.. နင်ဟာလေ... B ဆိုတာ ကြားတိုင်း နင့်ပုလင်းဘဲ ထင်နေတော့တာ.. ငါတကယ် စိတ်ညစ်တယ်.. သွားသွားမြန်မြန်လုပ်.. ကားကို ဖုန်တွေဘာတွေ သေချာသုတ်”
(((အမယ်... ခင်လေးစုတ်!! ဒင်းကများ ကြီးကြီးကျယ်ကျယ် BMW လေး ဘာလေးနဲ့ အိမ်မှာက ကားဆိုလို့ ဆိုက်ကားစုတ်ပဲ ရှိတာကို... ဟွန်းးး ဂိုထောင်..!! ဟုတ်စ.. ဘာကားဂိုထောင်လည်း အိမ်ဘေးက ညောင်ပင်အောက်မှာ ရပ်ထားရတာများ..!! နင်တော့နော်.. သေအုန်းမယ် ငါ့ကိုများ ကားဖုန်သုတ်တဲ့...)))

“သမီးရေ.. သမီးလေး သက်တောင့်သက်သာဖြစ်အောင် ကားပေါ်တင်မဲ့ ကူရှင်လေးကို ဒီနေ့ Louis Vuitton Monogram ကားကူရှင်လေး တင်ခဲ့မယ်နော်..”
“ဟေးး ဒါမှ ကရေးရေး မေမေခင်တွ... ဦးနော် မန်မန်လုပ် တမီး ကျောင်းနောက်ကျရော့မယ်”
(((ဒင်းး ကတော့ လုပ်ချလိုက်ပြန်ဘီ ဘာ Louis Vuitton ကမှာလဲ ဆိုက်ကားပေါ်တင်နေကြ အနားစုတ်နေတဲ့ နှီးဖျာ အဝိုင်းကိုများ..!! ဖွီ..)))

အင်းးးး..ဒီနေ့ ဘာရေမွှေးလေး ဆွတ်ရင်ကောင်းမလဲ...!! ကဲပါလေ.. Dior Jadore' လေးပဲ ဆွတ်လိုက်ပါတော့မယ်... ကျမ ပါးစပ်ကများ ထွက်ပြီး တွေးမိလေသလားမသိ ဒင်းးးက ကြားသွားဟန်နဲ့ ကျမတို့ သားအမိကို ပေစောင်းစောင်းနဲ့ မျက်မှောင်ကျုံ့ ကြည့်နေတယ်...
(((ဟွင်းး.. ဒီအရူးမကတော့လေ.. ရာရာစစ ဘာ Christian Dior လဲ.. ဟွန်းး! ပြောမပြောချင်ဘူး မြန်မာပြည်မှာထုတ်တဲ့ မဉ္ဓူရေမွှေး အစစ်လေးတောင် ဒင်းမှာ အပတ်လည်အောင် ဝယ်မသုံးနိုင်ဘဲ...!!)))

“ဟဲ့.. ကိုရင်..! နင်မနေ့ညက ဟိုဘက်အိမ်က ကိုလစ် တို့နဲ့သောက်တာ အရမ်းများတယ်ထင်တယ် နင့်မျက်လုံးတွေက ရဲပဒေါင်းခတ်နေပါလား..! နင့်ကားမောင်းခိုင်းရမှာ စိတ်လေထှာဟယ်..”
“ဟုတ်ရယ် ဟုတ်ရယ်.. ဦးနော်နားက တမီး အရက်နံ့ရရယ်”
(((စပ်စလူးမ သားအမိနဲ့ အမျိုးတော်ရတဲ့ ဒုက္ခတော့နော်... ဘာသောက်တာများရမှာလဲ... မဟုတ်က ဟုတ်ကတွေ ပြောနေတဲ့ နင့်ကိုသတ်ချင်လို့ ဒေါသနဲ့ရဲနေတာကွ.. ဟွန်းဟွန်းးး!!! ညက ကိုလစ်သာ မူးပြီးကွဲသွားလို့ သူ့အိမ်ကို ထမ်းပြီးပို့လိုက်ရသေးတာ.. ငါလားသောက်ရမှာ ဒီလူအကုန်မော့သွားလို့ ငါက နည်းနည်းလေး ကစ်လိုက်ရတာ....!! )

“ကဲပါ... နင့်ဘာသာ အန်ဖတ်စို့ခဲ့ခဲ့ အမူးလွန်ခဲ့ခဲ့ အဲ့တာတွေ အသာထား နင့်တူမ ကျောင်းနောက်ကျနေမယ်.. နင်.. နင်းနိုင် အဲ့.. မောင်းနိုင်တယ်မလား.. မြန်မြန်လုပ်.. သွားမယ်.. သွားမယ်.. လာ..”
(((ချစ်စရာကောင်းတဲ့ တူမလေးမျက်နှာကြောင့်သာ စိတ်ထဲက ကြိတ်ပြီး ဆဲနေရတာကို... ဒင်းက အဟုတ်တွေမှတ်လို့ ဟွန်းးး!! သူ့ကြောက်တယ်များ ထင်နေလားမသိ.. စွာကျယ်စွာကျယ်နဲ့.. နေနှင့်ဦး ကလေးကျောင်းပို့ပြီး အပြန် ဒင်းကို ဈေးဝင်ပို့မှ ဆိုက်ကားကို ချိုင့်ခွက်တွေထဲ များများနင်းရင်း ဒင်းးကို.. ပညာပေးရမယ်..!! ဟားး ဟားးး ငါကွ..)))

“ဟဲ့... ဟုတ်သေးဘူးထင်တယ် ကျောင်းနားတောင် ရောက်တော့မယ် ဘယ်သူ့မှ မတွေ့ပါလား”
“ဟုတ်ရယ် မေမေခင် တမီး တူနယ်ချင်းတွေလဲ ဒူးမှတွေ့ဖူး”
(((ဟိုက်..!! ဟုတ်ပ..! နင်.. နင်.. ရွစိမ ခင်လေးစုတ်.. ဟာကွာ..! ငါတော့သေသာ သေလိုက်ချင်တော့တယ် ဟိုမှာမတွေ့ဘူးလား သူများတွေ ဆီပုံးထဲကနေ လှမ်းအော်နေတာ ဒီနေ့ကျောင်းပိတ်တယ်တဲ့.. နင်တို့သားအမိ အတူတူပဲ ကြောင်တောင်တောင် ဂေါက်တောက်တောက်နဲ့.. ငါ့မှာသာ သေမလောက် ချွေးတစ်လုံးလုံးနဲ့ နင်းလိုက်ရတာ..)))
“ဟယ်... ဟုတ်ပါရဲ့ သမီးရေ ဒီနေ့ တနင်္ဂနွေနေ့ကြီးတော့်..”
“အာ.. တိဖူးရေ ကျောင်းတွားရမယ်ချို.. ဟင့်ဟင့်.. ဦးနော် တနားပါရယ် ဘီအန်ဒဘာယူကြီး နင်းလာရတာ..”

ဒင်းကတော့ လျှာကြီးထွက်လို့.. ဒေါသတွေ အလိပ်လိုက်နဲ့ အခိုးထွက်မတတ် မျက်လုံးကြီးပြူးပြီး ကြည့်နေလေရဲ့.. ကျမလည်း မထူးတော့ပြီမို့... အတည်ပေါက်နဲ့ပဲ
“ဟဲ့ယောင် ကိုရင်.. ဘာကြည့်နေတာလဲ ဒီနေ့ကျောင်းပိတ်တယ်တဲ့.. အိမ်ပြန်မောင်း ဒီမှာ ငါ့သမီး နေပူမိနေပြီ.. နင်ဟာလေ.. ငါ မပြောရင် မပြောသလို.. ရုပ်ကိုက အူကြောင်ကြောင်ရုပ်နဲ့.”
(((သေနာမ.. အစုတ်ပလုတ်မ.. စပ်စလူးမ.. ရွစိတက်မ.. အရူးအီးပမ်းမ.. အူကြောင်ကြားမ.. ငါ့ကို သက်သက်ဒုက္ခပေးတယ်.. တွေ့မယ် တွေ့အုန်းမယ်.. ငါ့အလှည့် လာဦးမယ်)))

(ခင်လေးငယ်)

မှတ်ချက်။ ။ ဘာရယ်ညာရယ်မဟုတ် အပျော်သက်သက် အတွေးလေးနဲ့ ရေးထားတာလေးပါ။ ကျမ တွေးတာတွေကို အမြဲတမ်း ဖျက်ဖျက်တွေးတတ်တဲ့ ဒင်းးးး နေရာကပါ ရေးကြည့်ထားတာ..။  ကျမ နှစ်သက်တဲ့ အသုံးအဆောင်လေးတွေ (နှစ်သက်တာနော် ဝယ်နိုင်သေးပေါင် :P) နဲ့တွဲပြီး အာကျယ်ကျယ် ကာရိုက်တာလေးကို ကိုယ်တိုင်ယူထားပါတယ်... ကလေးလေးကတော့ သူ့ပုံစံလေးအတိုင်း ချစ်စရာလေးပေါ့.. ဒင်းကိုတော့ ဒင်းစရိုက်အတိုင်း အပေအတူး အမူးသမား အူကြောင်ကြားကောင်  လုပ်ပေးလိုက်တယ်.... (အဟက်ဟက်..!) မှတ်ပလား..။

ပြုံးပျော် ချမ်းမြေ့ကြပါစေ..။

Monday, September 8, 2008

“က” ကလေးလေး စာတွေရေး...

“ကလေးလေး..” ကို အားလုံးတိပီးတားပါနော်.. ဘလော့ရွာထဲ ဟိုဟိုဒီဒီ လျှောက်သွားနေတတ်တဲ့ ကလေးလေးဆိုတာကိုလေ... ဖတ်ဖစ်တဲ့ဘလော့တွေရဲ့ စီဘောက်တွေမှာ ရေးချင်တာလေးတွေ ရေးသွားတတ်တဲ့ ဘလော့ဖတ်သူ ကလေးလေးပါ.. ကလေးလေးဆိုတဲ့နာမည်ကို အိမ်ကခေါ်တာ စတိတတ်ကထဲက.. ခုလဲခေါ်နေဆဲ.. ကလေးလေးကို တိတဲ့သူတချို့ကလဲ ကလေးတဲ့.. တနေ့တော့.. အဲတနေ့ကိုမှတ်မိဖူး ဘယ်နေ့လဲလိုမေးနဲ့ တိဖူးဖဲ ဟိ.. လူကြီးတယောက်က ထူးထူးဆန်းဆန်း ဒူများတွေထက် “လေး” ဆိုတာလေးတလုံး ပိုတည့်ပီးခေါ်တာ.. ကလေးလေးဆိုပီးတော့... စိတ်ထဲတမျိုးကြီးဖစ်ပီး (ထူးဆန်းသွားတာ) အဲတာနဲကလေးလေး ဆိုပီး စီဘောက်ထဲရေးဖစ်သွားတာ..

ကလေးလေးဆိုတဲ့နာမည်ကို အရမ်းကြိုက်သွားလို့လေ.. မှားမဖတ်နဲ့နော် ကလေးငယ်လေးက သူ့နစ်ဆိုပီးပြောလို့.. ကလေးငယ်လေးနဲ့ ကလေးလေးက.. တူဖူးနော်.. စာလုံးပေါင်းတေချာဖတ် မြင်ရဖူးထင်ရင် မျက်မှန်လေးနဲဖတ်.. ဟိဟိ :P.. ကလေးလေးဆိုလို့ ပိစီကွေးလို့မထင်နဲနော်.. ပွင့်ကိုတိလား..!! တိတဲ့သူ လက်ညှိုးထောင် အဲ.... အညားကြီးဖဲနော် (ဦးနော်တူမဆိုတော့ အဲလိုဖဲ နဲနဲပေါကြည့်တာ..) ကလေးလေးက ပွင့်လေးနဲ့ ချွတ်စွတ်တူတာ ၀၀တုတ်တုတ် ချစ်စရားယေး.. ယုန်ဖူးဆိုရင် ပွင့်ကိုမေးကြည့်.. သူတောင်အံသြနေတာ..“ဟယ်..အဲလောက်တူရလားတဲ့...” အဲတာက.. ကလေးလေးဆိုတဲ့ နာမည် ဖစ်ပေါ်လာရခြင်းကို ဦးနော်စတိုင်ဖမ်းပီးရေးထားတာ... ဦးနော်တူမဆိုတဲ့ မျိုးရိုးဂုဏ်ကိုထိန်းလိုက်တာ..

အခုကမေမေခင်စတိုင် ဖမ်းပီးရေးကြည့်မယ်.. သီချင်းတပုဒ်နဲ့ ဆက်ဆိုင်နေတာကို သတိရမိလို့.. ဒူဆိုတာလဲတိဖူး သီချင်းနာမည်လဲတိဖူး.. ဘလော့ရွာထဲကကြားဖူးတာ.. စနားထောင်ကာစက... ကလေးလေးတယောက်ရဲ့ အသံကိုကြားလို့ နားထောင်လိုက်တာ.. ခုမှအဓိပ္ပါယ်ပိုရှိနေတာကို တိရတော့တာ... ကလေးလေးဘလော့တွေလည်ရင်း ကိုတီးအိမ်မှာ အန်တီစုမွေးနေ့ပွဲကို အမှတ်မထင်ရောက်သွားတာ.. အဲမှာတွေ့ပီ.. မေမေခင်နဲ့ဦးနော်ကို.. တွေ့တွေ့ချင်းခင်မိတာ.. သူတို့ဘလော့ထဲ လာဖတ်တော့လဲ စိတ်ကိုကြည်နူးစေတယ် ပျော်လဲပျော်မိတယ်... တဖြေးဖြေးနဲ့ မေမေခင်ရေးတဲ့ သံယောဇဉ်ပို့လေးလိုဖဲ ပိုပိုပီးချစ်ခင်လာကြတယ်... မေမေခင်မွေးစားလိုက်တဲ့ သမီးလေးအဖစ် ရောက်တဲ့အထိ ချစ်ခြင်းတွေ တိုးပွားစေခဲ့ကျတာပါ..

အခုဆို မေမေခင်နဲဦးနော်တို့ရဲ့ ဂရုစိုက်မှုတွေနဲ့ အမြဲနေမကောင်းဖစ်ဖစ် နေတတ်တဲ့ ကလေးလေးရဲ့နှလုံးသားကို နွေးထွေးစေခဲ့ပါပီ.. အဲဒီ အိမ်ဆိုတဲ့ သီချင်းလေးအတိုင်း “နှလုံးသားကို နွေးထွေးစေတဲ့ အိမ်လေးပေါ့....” ဒီဘလော့အိမ်လေးမှာ ကလေးလေးတယောက် ပျော်ရွှင်စွာ ကစားတတ်နေပါပီ.. အရင်ကလိုမဟုတ်တော့ဖဲ ဘလော့အိမ်လေးတခုကို ပိုင်ဆိုင်လိုက်ရပါပီ.. ဖြူစင်တဲ့အချစ်တွေနဲ့ နွေးထွေးစေတဲ့ ဦးနော်မေမေခင်နဲ့ ကလေးလေးရဲ့ ဘလော့အိမ်လေးပေါ့.. မမြင်ဖူးမတွေ့ဖူး ဘယ်ကလာပီး ဘယ်ကရလိုက်တာလဲ မတိပေမဲ့... ရင်ထဲမှာခံစားထိတွေ့လိုက်ရတဲ့ ဖြူဖြူစင်စင်စင် အချစ်တွေကို ပြောပြမတတ်အောင်ရလိုက်၊ တိလိုက်ရတာ ကလေးလေးပါဖဲ... ကလေးလေးတယောက်ခုဆို သီချင်းထဲကလို နှလုံးသားတွေ နွေးထွေးတဲ့အိမ်လေးမှာ ရောက်ရှိနေပါပီ... အလွမ်းတွေရေးတတ်တဲ့ မေမေခင့်သမီးပီသအောင် လိုက်ရေးထားတာ... “တိဖူးတိဖူး ဘိုက်ဆာပီ....”
နောက်မှဆက်ရန်.. (အဲတာလဲမေမေခင်နဲ့တူတာ.. စာရေးရပျင်းလိုဆက်ရန်လိုပြောလိုက်တာ)

မရေးတတ်ရေးတတ်နဲ့ ဒီလိုရေးဖစ်အောင် အိမ်ရဲ့အောက်ခြေက စီဘောက်ထဲမှာ နစ်တူတယ်ဆိုပီး လာပြောသွားတဲ့ ကလေးငယ်လေးကို အထူးကျေးဇူးတင်ပါတယ်.. ကလေးလေးလို့ ချစ်စနိးခေါ်တတ်တဲ့ ကိုလင်းလက်ကိုလဲ......... ( အဟိ.. မြင်အောင်ဖတ်)... ဖြူစင်တဲ့အချစ်တွေနဲ နွေးထွေးတဲ့ ဘလော့အိမ်လေးထဲက ဦးနော်နဲ့မေမေခင်ကိုလဲ ချစ်ခင်ကျေးဇူးတင်ပါကြောင်း... မရေးတတ်ဖဲရေးတာကို လာဖတ်ပေးတဲ့.... ကလေးလေးရဲ့ တီတီနဲ့ဦးဦးတွေ.. မမကိုကိုနဲ့ ညလေးများ.. တယ်ရင်းလေးတွေပါမကျန် ကျေးဇူးထူးရှယ် တင်ပါကြောင်း.. မှားနေရင်လဲ ပြင်ဖတ်ပေးကျပါလို့.....။

ကလေးလေး
(မေမေခင့်သမီး... ဦးနော်၏တူမ)

Friday, September 5, 2008

ရောင်စုံလျှို့ဝှက်ချက်များ...

MBS နှစ်ပတ်လည် ပျော်စရာ ဘလော့ဂါအငြိမ့် မှ မင်းသမီးချောလေး ညီမလေးမီးငယ် က ကိုရင်နော်နဲ့မခင်လေးငယ် ကို Tag လိုက်ပါတယ်တဲ့ ရေးပေးပါတဲ့..။ တစ်ခါ မီးငယ်လေး Tag ထားတာကို နောက်ထပ် မင်းသမီးချောလေး ညီမလေးDream (Dreamစိန်) လေးကလည်း ထပ်ဆင့် ထပ် Tag လိုက်ပြန်တယ်..။ ညီမလေးအိတာ ကလည်း ထပ်ဆင့်ထပ်ဆင့် Tag လိုက်ပြန်ရော..။ ကယ် မဖြစ်ချေတော့ဘူး ကျန်တာတွေ အသာထား Tag ထားတာတော့ အလေးထား ရေးလိုက်ဦးမှ ဆိုပြီး ရေးချလိုက်ပြီ.. မြင်တဲ့အတိုင်း “ရောင်စုံလျှို့ဝှက်ချက်များ” ပေါ့..။ တို့များအိမ်က တစ်ချိန်လုံး ရန်ဖြစ်နေကြတဲ့ သူငယ်ချင်းနှစ်ယောက် ဘလော့လေး ဆိုတာ အားလုံးသိပြီးသာနော်.. :P .. တစ်နေ့က “ကလေးလေး” တစ်ယောက်ကို သမီးလေးအဖြစ် မွေးစားလိုက်တာလည်း အားလုံးသိကြမယ်ထင်တယ်း).. အခုဆို သုံးယောက် ဖြစ်သွားပြီလေ.. ဒီတော့ Tag ထားတာကိုလည်း သုံးယောက်လုံးစာ ရေးမှဖြစ်တော့မှာပေါ့..။ မေးခွန်းလေးတွေရဲ့ အဖြေလေးတွေကို အရောင်လေးတွေခွဲပြီး ပြန်ဖြေလိုက်ပါတယ်..။ ပြုံးတော်မူကြပါကုန်...

ကိုယ့်ရဲ့နာမည် ...
ကိုရင်နော်
ခင်လေးငယ်
ကလေးလေး
ကိုယ့်ကို သူငယ်ချင်းတွေကဒီလိုခေါ်တယ် …
ကိုရင်၊ ကိုနော်၊ ဦးနော်၊ ရော်နင် (ရော်နင်ဒို မဟုတ်ပါ)၊ မိနော်၊ နော်နော် (အဆိုတော်မဟုတ်ပါ).. နောက်..
ခင်လေး၊ ငယ်၊ ခလေးငယ်၊ မမခင်လေး၊ တီတီငယ်၊ တီတီခင်၊ မေမေခင်၊ နောက်ရှိသေးတယ်.. အစုတ်ပလုတ် ဆိုတာက (ဒင်း ခေါ်တာပေါ့ ဟွန်း)
ကလေးလေးဂိုရော့ ခယေးယေး၊ တယေးရေး၊ က၄၄၊ မေမေခင်ကမိချွဲလေးလို့ဖဲခေါ်ရယ်
ကိုယ်ဒီမှာနေတယ် …
အပူပိုင်းဇုံ
အအေးပိုင်းဇုံ
“ဦးနော်ကတမိုး မေမေခင်ကတမိုး.. ကလေးလေးက ဘယ်မာနေရမှာလဲ..” ဒီဘလောလေး မှာဖဲနေရော့မယ်
ကိုယ့်ဆီဖုန်းဆက်ချင်ရင် …
ရွာထိပ်က တာဝါတိုင် အိပ်ချိန်းမှာ သွားပြောရတာ.. လိုင်လည်းမကောင်းဘူး.. အော်ပြောရတာ.. ဆက်ပါနဲ့နော်..
ခင်လေးဖုန်းက ဆက်သွယ်ရေးဧရိယာပြင်ပကို အမြဲရောက်နေတာ
“ဦးနော်ပေါတာ.. ဘာမှ ကျားရဖူး..” ကလေးလေးဖုန်းက ဘက်ထလီ အားကုန်နေရယ်
... ကိုယ့်ရဲ့အကြိုက်ဆုံးတွေက …
အကြိုက်ဆုံးဆိုရင် ...
ဟိုဟာ.. (ဟီးး.. ဟိုဟာဆိုတာ လက်ညိုးထိုးပြတာပါဗျ) စားပွဲပေါ်က အရက်ပုလင်း
ဒီဟာ... အဟက်ဟက်.. ရေမွှေးပုလင်း
“ဦးနော်နဲ့မေမေခင် ကလဲ ဟိုဟာဒီဟာနဲ့ ဘာမန်းတိဖူး..” ကလေးလေးကရော့ နှင်းဆီ..ကာဖီ..အရုပ်..ဖန်စီပစ္စည်းမိုးစုံ
အရောင်ဆိုရင် …
အနက်ရောင်
အဖြူရောင်
“ဟွင်း ဦးနော်နဲ့မေမေခင်ကလဲ ပြောင်းပြန်ရီး အဖူနဲ့အမဲတဲ့..” ကလေးလေးကရော့ တက်တန့်ယောင် ကြိုက်ရယ်
အ၀တ်အစားဆိုရင် …
ကချင်လုံချည်နဲ့ ပင်နီတိုက်ပုံ (ငါကွ...)
မီနီစကပ်
“ဦးနော်..နော်.. ကလေးလေး ကြောက်ရယ်.. မေမေခင် ဟော့ရဖူး..” ကလေးလေးက လှတာအကုန်ကြိုက်
အစားအစာဆိုရင် …
ငပိ
ချိစ်(စ်)
“ဦးနော်ကလဲ ငပိက နံရယ်လေ၊ မေမေခင်ကလဲ အောအော့တွေကြိုက်ရဖူး..” ကလေးလေးက ချက်ကျွေးတာစား၏
ပစ္စည်းဆိုရင် …
သန့်မှ (ဘာပစ္စည်းဖြစ်ဖြစ် အသစ်မှ.. အဟောင်းဆိုမကြိုက်)
အလှကုန်ပစ္စည်း
“မေမေခင် ကလေးလေးကို အလှပင်ပေးရမယ်နော်..” ကလေးလေးက အရုပ်မိုးစုံ..ဖန်စီမိုးစုံ
သီချင်းဆိုရင် …
အညာသံရွာသံ.. တွံတေးသိန်းတန်

Yo..!!! တိမ်တိန်းတိန်းတိန် ဆို ငါလုံးဝမကြိုက်.. HipHop က မိုက်.. ခိုက်.. ငါအရမ်းကြိုက်.. ဟိုက်.. ဟိုက်.. ရေ... ရေ.. အဲ့တာ ခင်လေးငယ် မှာတမ်း.. (ဟက်ဟက်)
ကလေးလေးက မမဂျိုးဂျာ ကြိုက်ရယ်.. အလွမ်းတချင်းကြိုက်ဖူး..အငိုလွယ်လို့
စာရေးစာဆရာ …
များမှများ.. (ဖားပြီးရေးရင်တော့ ရိုက်ချင်တယ်.. ဟီးးး.. ဖားကိုနော်)
ဂျူး
“အာာား မေမေခင်ကလဲ ချာရေးချရာပါချို ဂျူးက ချရာဟုတ်ဖူးရေ ချရာမကြီးကို..” ကလေးလေးကရော့ တိဖူး ပြောတတ်ဖူး..
စာအုပ် …
စာအုပ်စာပေ လူ့မိတ်ဆွေတဲ့ ဘယ်စာအုပ်ဖြစ်ဖြစ် အကုန်ကြိုက်
ဗလာစာအုပ် (ရေးချင်တာရေးမယ်.. ချစ်ချင်တာချစ်မယ်.. ဖျက်ချင်တာဖျက်မယ် ဒါဟာ ကိုယ့်သမိုင်းလေ.. ဟက်ဟက်)
တွတ်ပီကာတွန်းချာအုပ်
Life style …
ပေါ့ပေါ့ပါးပါး ရယ်ရယ်မောမော ပျော်ပျော်ရွှင်ရွှင် သာသာယာယာ အေးအေးဆေးဆေး
ခြောက်ကပ်ကပ် အထီးကျန်ဆန်စွာ
“အာာာ မေမေခင်ကလဲ ထီးကျန်ရဖူး မိုးရွာရင် ချိုတုန်မာပေါ့..” ကလေးလေးက ခုံပေါက်ပေးလွားမယ် ချော့ကဂျားမယ်
ကိုယ့်ရဲ့ဝါသနာ …
ရှူးတိုးတိုး.. လူလစ်ရင်ပြောပြမယ်.. အဲ့ဒါအဲ့ဒါ
အိမ်လည်တယ်.. အတင်းတုတ်တယ်..
“ဦးနော် ကလေးလေးကို ပေါပ.. မေမေခင် တုတ်ရဖူးနော်..” ကလေးလေးက အရုပ်နဲဖန်စီပစ္စည်းဝယ်တာ
အလိုချင်ဆုံးလက်ဆောင် …
ငြိမ်းချမ်းခြင်းလက်ဆောင်
“ဟဲ့.. ကိုရင် ငြိမ်းချမ်းခြင်းလက်ဆောင်တော့ ငါ့လည်းတစ်ခုပေး ငါလည်းလိုချင်တယ်..
“ဝေး..ဟေး.. ကလေးလေးလဲယူမယ်.. ဘယ်တော့ရမှာလဲ??”
ကိုယ့်ရဲ့ အချစ်ဆုံးသူက …
အဘ၊ အမ
ဒက်ဒီရယ် မာမီရယ်
ဦးနော်နဲ့မေမေခင်တိတယ်
ကိုယ့်ရဲ့ အလေးစားဆုံးသူက …
အားငယ်နေသူကို အားပေးတတ်သောသူ.. ဒုက္ခရောက်နေသူကို ကူညီတတ်သောသူ.. စိတ်သဘောဖြူစင်သန့်ရှင်းသောသူ
လေးစားထိုက်သူအားလုံး
ဦးနော်ပေါတာရော မေမေခင်ပေါတာရော.. နောက်.. ဘုရားသခင်(အားလုံးဖန်ချင်းတယ်ချိုလို့)
ကိုယ့်ရဲ့ အခင်ဆုံးသူငယ်ချင်းက …
မူးရင်ထမ်းပြီးအိမ်လိုက်ပို့တတ်တဲ့သူ ဟီးး.. သောက်ဖော်သောက်ဖက်တွေပေါ့.. “အော်..တစ်ယောက်ပဲပြောရမှာလား..” ဒါဆို.. ဒင်းပေါ့
အများကြီးပေါ့ များလွန်းလို့ ဇကာချလိုက်တာ အကောင်ကြီးကြီး အမြီးရှည်ရှည် ကိုရင်နော်စုတ် တစ်ကောင် တင်ကျန်နေတယ်
“အာာ မေမေခင်.. ဦးနော်က အမီးချေတာလာ ဟုတ်လာ..” ကလေးလေးကရော့ အခင်ဆုံးများလို့ ဒူမှန်းတိဖူး
“ဟွန်း.!! အစုတ်ပလုတ်မ ငါ့ကိုများ အကောင်တဲ့ သေအုံးမယ် @#$%^&*+!~”
ကိုယ့်ကို အများဆုံးနားလည်မှုပေးနိုင်သူက …
ရှိလောက်ဘူးထင်တယ်.. တစ်ခါတစ်လေ ကိုယ့်ကိုကိုယ်တောင် နားမလည်ဘူး
ခုထိတော့ မတွေ့သေးပေါင်
ဒူမှန်းတိဖူး
ကိုယ့်ရဲ့ အမုန်းဆုံးသူက …
ဘယ်သူ့ကိုမှ မမုန်းပါ... တစ်ခါတစ်လေ ကိုယ့်ကိုကိုယ်တော့ မုန်းလိုက်ချင်တယ် (တောက်တုန်းအကျလို့)
ပြောရခက်တယ်.. တစ်ခါတစ်လေပြောချင်တယ်.. မပြောတော့ပါဘူလေ..
ကလေးလေးက ဒူကိုမှမုန်းရတေးဖူးလေ
ရင်အခုန်ဆုံးအချိန် …
မပြောပါရစေနဲ့ဗျာ.. ကျနော့်နှလုံးသား သူ့ကိုအပိုင်ပေးလိုက်ချိန်ထဲက “နှလုံးမဲ့လူ” ဖြစ်ခဲ့တာပါ ရင်မခုန်တော့ပါ.. (ဟီးးးး.. နှလုံးမဲ့ဆိုတာ အသည်းနှလုံးကို ပြောတာနော်)
တိုက်တဲနစ် သဘောင်္ကြီးနစ်တုန်းက
ကလေးလေးကရော့ ဘယ်အချိန်လဲတိပါဖူး
အကြောက်ဆုံးအချိန် …
မိန်းခလေး ၁၀ ယောက်ကျော်ပါသော (ကျားလုံးဝမပါ) ဓါတ်လှေခါးထဲ ဝင်လိုက်မိချိန် (ရေတိမ်နစ်မှာကြောက်လို့) “အီးးဟီးး အော်ငိုမှာနော်”
“အမယ်အမယ် နင်ကများ ကြောက်ရသေးတယ် သေနာ.. ဟွန်းး..” ခင်လေးကတော့ သဘာဝဘေးအန္တရယ်တွေကျရောက်တဲ့အချိန်
ခွဲစိတ်ခန်းထဲဝင်ရမဲ့နေ့က ဝင်ခါနီးအချိန်
အပျော်ဆုံးအချိန် …
အပျော်ဆုံးအချိန်က တစ်ရက်တော့ ရောက်လာမှာပါ အခုပျော်တယ်ဆိုတာတွေက ဘာဟုတ်တာမှတ်လို့.. :P
အားရက် နားရက် ကိုကိုနဲ့လျှောက်လည်တဲ့အချိန်ပေါ့
“မေမေခင်လယ်ရဖူး လယ်ရဖူး..” ကလေးလေးက ပေါ်ရပါဖူး.. အပေါ်ဆုံးချိန်ချိုတာ မနေ့ကဖစ်မယ် မေမေခင် မွေးချားလိုက်လို့
အမှတ်တရနေ့ …
အဲ့ဒီနေ့ကပေါ့ဗျာ.. ကျနော်လေ.. ရင်တွေအရမ်းခုန်နေခဲ့တာပေါ့.. သူ့လက်လေးကိုကိုင်းပြီး.. (အီးးးဟီးးး နောက်မှ ပိုစ့်တစ်ခုရေးမယ် :D)
များလွန်းလို့ နေ့တိုင်းနေ့တိုင်းလို့သာ ပြောလိုက်တော့မယ်
မေမေခင်နဲ့ တူတူဖဲ များလိုမှတ်နိင်တော့ဖူး
ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင်တောင်းမဲ့ဆု …
ကမ္ဘာမြေငြိမ်းချမ်းပါစေ.. မြန်မာပြည်ငြိမ်းချမ်းပါစေ.. လူသားအားလုံးငြိမ်းချမ်းပါစေ.. ဘေးဒုက္ခများကင်းဝေးကြပါစေ..
“ဟဲ့ ကိုရင်.. အဲ့တာ နင်မှမဟုတ်ဘူး အားလုံးတောင်းနေတာ မရလို့ပေါ့ ဟဲ့” ခင်လေးကတော့ အတောင်ပေါက်ချင်တယ် ပျံသွားလိုက်ချင်လို့
ကလေးလေးက မပေ့မှန်းတိလိုတောင်းတော့ဖူး.. မေမေခင် အတောင်ပေါက်ရင် ကလေးလေး လိုက်ချီးမယ်
“ဟဲ့.. လုပ်ကြပါအုံး ခင်လေးငယ်တစ်ယောက် အတောင်ပေါက်ပြီး ယင်စိမ်းကောင်ကြီးဖြစ်သွာလို့.. ကလေးလေးပါတဲ့ အီးအီးပုံပေါ်မှာနားနေပြီ.. (ဟီးးးး.. :D)”
“သေနာ”
အချစ်ဆိုတာ …
အချစ်ဆိုတာ..! နားမလည်ပါဘူး.. အနော်ကတော့ ကောင်မလေးတွေ ချစ်တယ်လို့လာပြောရင် စိတ်ကိုမဝင်စားဘူး ခါးခါးသီးသီး ငြင်းပစ်လိုက်တာ.. ဟီးးးး..
အချစ်ဆိုတာ “အ” လို့ “ချစ်” တာ.. “ချစ်” တော့လည်း “အ” ရတော့တာပေါ့
ကလေးလေး ပေါပတတ်ဖူး.. အချစ်=အချစ် (သီချင်းကအဲလိုပေါတာဖဲ)
အမုန်းဆိုတာ …
ဘယ်သူ့ကိုမှ မမုန်းဖူးဘူးဗျ.. တစ်ရက်တော့ မုန်းကြည့်ဦးမှ ဘယ်လိုလဲလို့.. ဟီးး
“သူအရမ်းရက်စက်တယ် မုန်းတယ် မုန်းတယ် ရှင့်ကိုမုန်းတယ်... ဟင့်..အီးးဟီးးးးး.. (ငိုသံ)” အဲ့ဒါအဲ့ဒါ အမုန်းဆိုတာ..
“မေမေခင် နိုရဖူး..” တိချင်ရင်မုန်းကြည့်ပေါ့
အလွမ်းဆိုတာ …
ကဖေးလေဗျာ ဂျေညီညီဆိုထားတာလေ “ခုတော့ တစ်ယောက်ထဲကွယ် အလွမ်းကဖီးရဲ့ ဒေါင့်လေးမှာ..”
အလွမ်းအကြောင်းတော့ ပြောတော့ဘူး မောလို့ ပိုစ့်တွေမှာ အများကြီးရေး ပြီးပြီ.. :)
လူနာမည်လား တိဖူး ကလေးလေး တိဖူး
သံယောဇဉ်ဆိုတာ …
ခက်တယ် ဒီအကြောင်းပြောရင် ပြီးမှာမဟုတ်ဘူး
သံယောဇဉ်ဆိုတာ အင်း.. ခင်လေး ဒါလည်း ပြောပြီးသားလေ..
မေမေခင်ရေးတဲ့ပိုစ်မှာဖတ်ကြည့်
ဘ၀ဆိုတာ …
ဘကုန်းနဲ့ ဝလုံး.. ကုန်းမကုန်းတော့ မသိဘူး လုံးတာတော့လုံးတယ် (လုံးလည်ချာလည်လိုက်နေလို့)
ဘဝ ဆိုတာ ဆေးရုံကို ပြောတာပါ မွေးတဲ့အချိန်နဲ့ သေတဲ့အချိန် ကြားကာလပေါ့
ဦးနော် ပေါတလို ဘနဲ့ဝ
သူငယ်ချင်းဆိုတာ …
မရှိမဖြစ်
ကောင်းသောသူ (သူငယ်ချင်းကောင်းကို ပိုလိုချင်လို့)
ကလေးလေးအတွက်က ဂဂျားဖို့
ချစ်သူဆိုတာ …
ချော့ဖို့အတွက်သက်သက်
စာမေးပွဲခန်းထဲက ကျောင်းသားတစ်ယောက်လိုဘဲ (မအောင်လို့ကတော့ မုန်းလိုက်မှာ)
ကလေးလေးတွေနဲဆိုင်ဖူးဒီမေးခွန်းက
ကိုယ့်ကိုကိုယ်ဒီလိုထင်တယ် …
တောက်တုန်းအကျတဲ့ကောင်
ကြိုးမိန့်ပေးခံထားရသူ
ခလေးလေး
ကိုယ့်ရဲ့လက်ဆွဲဆောင်ပုဒ်က …
ပျော်ပျော်နေသေခဲ၊ နေတတ်အောင်နေမယ်.. သေတတ်အောင်သေမယ်
နေရာလွတ်ရှိသေးလို့လား ဆောင်ပုဒ်တွေရေးဖို့
တိဖူး..ရှိဖူး..ခေါ်ဖူး
အပြောချင်ဆုံးစကားတစ်ခွန်း …
မွေးဖွားလာကြတယ်.. သေဆုံးလိမ့်မယ်.. ရန်လိုမုန်းတီးမှုတွေဖယ်လို့ ချစ်ချစ်ခင်ခင်နေကြမယ်.. အားလုံးကို ပျော်စေချင်တယ်..
လူသားအားလုံးကိုလေးစားပါတယ် (ဦးကျော်စကား ခဏငှားပြောတာ)
တိဖူးတိဖူး ဘိုက်အရမ်းချာနေဘီ

အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ ပျော်ရွှင်ခင်မင်တတ်တဲ့

(ကိုရင်နော်၊ ခင်လေးငယ်၊ ကလေးလေး)

Tuesday, September 2, 2008

ကလေးလေးတစ်ယောက် မွေးဖွားခြင်း...

ခင်လေးငယ်တစ်ယောက် ဘယ်အချိန်က အိမ်ထောင်ကျလိုက်ပါလိမ့်..!!! လို့ စဉ်းစားစရာတော့ ဖြစ်သွားမယ်ထင်တယ်း).. သံယောဇဉ်ဆိုတဲ့ ပိုစ့်လေးကို ဟိုတစ်လောက ကျမရေးခဲ့ဘူးပါတယ်.. အဲ့ဒီသံယောဇဉ်ဆိုတဲ့ကြိုးဟာ ခိုင်မာသထက် ခိုင်မာအောင် ကျမကို ရစ်ပတ်တွယ်နှောင်နေပါပြီ..။ ကျမတို့ဘလော့လေး စရေးဖြစ်ချိန်ထဲက နေ့စဉ်နေ့တိုင်း စာလေးတွေလာဖတ်ပြီး ချစ်စရာ စကားလေးတွေ ပြောသွားတတ်တဲ့ “ကလေးလေး” ဆိုတဲ့ စာဖတ်သူလေးတစ်ယောက်ရှိပါတယ်..။ ကျမကိုလည်း “မေမေခင်” လို့ ချစ်စနိုးခေါ်တတ်လို့ ကျမတောင် အမေအရွယ် ရောက်မှန်းမသိ ရောက်နေတော့တယ်း).. အခုတော့ ကျမအရမ်းချစ်တဲ့ “ကလေးလေး” ကို အပြီးအပိုင် မွေးစားလိုက်ပါပြီ.. သမီးလေးတစ်ယောက် အဖြစ်နဲ့ပေါ့..း) အခုချိန်ကစပြီး “ကလေးလေး” ဟာ ကိုရင်နော်ခင်လေးငယ် ဘလော့လေးရဲ့ အိမ်သားတစ်ယောက် ဖြစ်သွားပါပြီ.. ကျမတို့ ဘလော့လေးထဲမှာ ပြေးလွှားဆော့ကစားနေတဲ့ ကလေးလေးတစ်ယောက်အဖြစ် အားလုံးအားလုံး ဝိုင်းချစ်ပေးကြပါလို့..။
(ခင်လေးငယ်)


ကယ်.. ကြွရောက်လာတဲ့ ပရိသတ်အပေါင်းတို့ရေ.. ခင်လေးငယ်တစ်ယောက် “ကလေးလေး” ကို မွေးစားလိုက်တယ်ဆိုတော့ ကျုပ်ကလည်း အလိုလိုနေရင်း တူမလေးတစ်ယောက် ရတာပေါ့ဗျာ.. ကျုပ်ကလည်း ကျုပ်တူမလေးကို ချစ်ပါတယ်ဗျ.. ကျုပ်ကိုလည်း “ဦးနော်” လို့ ရင်းရင်းနှီးနှီး ခေါ်တတ်သေးတယ်..။ သူ့ရဲ့ချစ်စရာ မပီကလာ စကားသံလေးနဲ့ CBox တွေမှာ ရေးထားတဲ့ နှုတ်ဆက်သံလေးတွေကလည်း ဘလော့ဖွင့်လိုက်တာနဲ့ အရင်ဆုံးမြင်နေကျ..။ ဟိုအရင်ထဲက ကျုပ်တို့ ဘလော့ထဲလာပြီး ငါးကန်လေးနားမှာ ဆော့ဆော့နေတတ်တာ.. ကျုပ်က တစ်ချိန်လုံး ဆူနေရတာပေါ့ မတော်ငါးကန်ထဲကျသွားရင် ဘယ်လိုလုပ်မလဲနော်း).. “ကလေးလေး” ကိုလည်း ဘလော့ဂါတော်တော်များများ ရင်းနှီးပြီးသားပါ.. အခုတော့ “ကလေးလေး” ဟာ ကျုပ်တို့ ဘလော့လေးရဲ့ အိမ်သားတစ်ယောက်ဖြစ်သွားပါပြီ.. နောက်ဆိုရင် သူ့ကိုလည်း စာလေးတွေ ရေးခိုင်မယ်.. သူ့ မေမေခင် လိုတော့ အလွမ်းစာတွေ မရေးခိုင်းပါဘူး.. ကျုပ်လို ပေါက်တတ်ကရတွေ ရေးခိုင်းမယ်း).. တူဝရီးနှစ်ယောက်ပေါင်းပြီး ဒင်း(ခင်လေးငယ်) ကို ရန်စမယ်..(ဟဲဟဲ ခုထဲက ကိုယ့်ဘက်ပါအောင် စည်းရုံးထားရတာ)း).. ကယ်ဗျာ.. အားလုံးအားလုံးနော် “ကလေးလေး” ကို ကျနော်တို့ ဘလော့ရဲ့ ပုံရိပ်လေးတစ်ခုအဖြစ် သတ်မှတ်ပေးကြပါလို့..။
(ကိုရင်နော်)


အားလုံးဖဲ မင်ကလာဘာရှင်.. ကလေးလေးကို မေမေခင်တိုမေတ္တာတွေထားတာ အရမ်းပျော်တာ ပျော်လိုငိုတယ်.. ၀မ်းနဲလိုငိုတယ် အငိုထူမလေးလေ.. အဲတာကြောင့်လဲ ရောဂါဖစ်တာနေမှာ.. မေမေခင်နဲဦးနော် ကလေးလေးကိုချစ်ရင် ရန်ဖစ်ရဖူးလေနော် ကလေးလေးနေတတ်ဖူး.. ဦးနော်... အရင်ကလိုဆိုးနဲတော့ ဦးနော်မှာတူမလေး တယောက်ရှိနေပီ.. စာရေးဖစ်မယ်ထင်တာဖဲ ဘယ်ကစရေးရမလဲမတိလို့.. ဦးနော်နဲမေမေခင် သင်ပေး.. ခုကလေးလေးအိမ် ဖစ်ပီနော် တူငယ်ချင်းတွေ ခေါ်ပီး တောင်းကျန်းတောမယ် :P
(ကလေးလေး)