Saturday, June 28, 2008

ညီမျှခြင်း =

ကျောက်သားနဲ့လား
ဖယောင်းနဲ့လား
မသိပေမဲ့...
ပန်းပုသစ်ကို ထုဆစ်မိတယ်။

ပြေပြေလေးလား
မတ်စောက်နေလား
မသိပေမဲ့...
လှေကားမလို ခြေသံချိုတယ်။

လေပြေလာမလား
မိုးသည်းမှာလား
မသိပေမဲ့...
လက်ချင်းယှက်နွှယ် အပြုံးဖလှယ်တယ်။

ပန်းသီတာလား
ပုလဲစီတာလား
မသိပေမဲ့...
လည်မှာဝံ့ထည် ပွဲလည်တင့်တယ်။

ကာရံနဲ့လား
ကာရံမဲ့လား
မသိပေမဲ့...
ချစ်ခြင်းဖွဲ့သီ ကဗျာပီတယ်။။


(ခင်လေးငယ်)


ညီမျှခြင်းကဗျာအား စကားပြေပြန်ခြင်း (ကိုရင်နော်)

ကျောက်တုံးကြီးလား၊ ဖယောင်းလုံးကြီးလား၊ ဘာသားမှန်းမသိ အသားတစ်မျိုးဖြင့် ထုထားသော ပန်းပုရုပ်အသစ်အား ထုဆစ်ခဲ့သူမှာ နာမည်ကျော် ပန်းပုဆရာမကြီး ဖြစ်လေသည်။

ဆရာမကြီးသည် ပုလဲလား၊ ပန်းလား၊ ပန်းသီးလောက်ရှိသော ပုလဲလုံးကြီးလား မသိသော လည်ဆွဲကြီးဖြင့် ပွဲလည်တင့်၍နေလေသည်။


လက်ချင်းယှက်နွယ် အပြုံးဖလှယ်နေသော ဆရာမကြီးသည် မိုးမမြင်လေမမြင်ဖြစ်နေခိုက် လေပြေလာမလား၊ မိုးသည်းမှာလား မသိခင်မှာပင် နာဂစ်(စ်)မုန်တိုင်း ဝင်လာခြင်းဖြစ်လေသည်။


ပြေပြေလေးလား၊ မတ်စောက်နေလား မသိလောက်အောင် မှုန်ဝါးဝါးပြေးလွှားနေသော ဆရာမကြီးသည် ပျားအုံကိုတက်နင်းမိရာ ပုရွက်ဆိတ်များ လှေကားမလိုဘဲ ခြေထောက်ပေါ် တက်ကုန်သည်။ ခြေသံများ လည်း ပျားရည်များဖြင့် ချိုသွားလေသည်။ 


နာဂစ်(စ်)ကတိုက်၊ ပုရွက်ဆိတ်ကိုက်၊ ပျားကလိုက်နှင့် ပြေးသံများလည်း ချိုကုန်လေ့သည်။

ကာရံနဲ့လား၊ ကာရံမဲ့လား မသိပေမဲ့ အကာအရံ မရှိသော ဟင်းလင်းပြင်မှာ ငုတ်တုတ်ကြီးထိုင်ကာ တကိုယ်တည်း ချစ်ခြင်းဖွဲ့သီ ကဗျာပီ နေလေတော့သည်..။

(ကိုရင်နော်)
ဟီးးး.. Bye

Tuesday, June 24, 2008

“ကောက်.. ကောက်.. သေအောင်ကောက်...”

စာရေးမယ် ရေးမယ်နဲ့ စဉ်းစားလိုက်တိုင်း အလွမ်းတွေသာ ခေါင်းထဲရောက်ရောက် လာတတ်တယ်... ခင်လေးငယ်တစ်ယောက် လွမ်းလို့ဘဲ ကုန်ကိုမကုန်နိုင်ဘူးဆိုပြီး ကြာရင်လည်း အပြောခံရတော့မှာ.. အဲဒီတော့ ဘာရေးရင်ကောင်းမလဲ....!! အင်း.... ဟုတ်ပြီ...!!

စိတ်ခဏခဏ ကောက်တတ်တဲ့ အမျိုးသား တစ်ယောက်ကို ရည်းစားတော်ဖူးကြလားဟင်...!! အမ်...!! စိတ်ကောက်တယ် ဆိုတာ မိန်းမတွေ အလုပ်ဘဲဟာ လို့တော့ မပြောနဲ့သိလား.. ရှိတယ်ရှင့်ရှိတယ် တစ်ကယ် ... တစ်ကယ်... ရှိပါတယ်ဆို..။ တော်တော်စိတ်ကုန်စရာပါရှင်..။ အစပိုင်းကတော့ အဲလိုမထင်မိသေးဘူးပေါ့နော်.... အမယ် သူငါ့ကို ချစ်လို့ကောက်တာပါပေါ့ ကြည်နူးသလိုလိုတောင် ဖြစ်ခဲ့မိသေးထင်ရဲ့။ နည်းနည်းလေးလည်း ကြာလာရော အာ...... ဒါဟာသာမန်တော့ ဟုတ်တော့ဘူးထင်တယ်လို့ တွေးမိလာတယ်။

ဖုန်းလေးမဆက်မိလည်း ကောက်... ရှိုးလေးဘာလေးထုတ်ပြီး အင်္ကျီလက်ပြတ်လေး ဝတ်မိရင်လည်း ကောက်.. စိတ်ကူးပေါက်လို့ စကပ်တိုလေး ဝတ်ပြန်တော့လည်း ပဲပေးတယ် ဆိုပြီး ကောက်.... စဉ်းစားကြည့်လေ... ဒီလောက်ချွေးဒီးဒီးကျပြီး ပူအိုက်နေတဲ့ ရာသီကြီးမှာ ဂျင်းဘောင်းဘီရှည်ကြီး၊ လုံချည်ကြီး ဝတ်စရာလားနော်...!!

ခေါင်းလေးလှုပ် လိုက်ရင် တလှုပ်လှုပ်ဖြစ်နေတတ်တဲ့ Ear Ring လေးတွေကို ကျမက ကြိုက်တယ်သူမျိုး... နားမှာ အမျိုးမျိုးပြောင်း ဝတ်မိပြန်တော့လည်း ကလက်တက်တက်နဲ့ ဆိုပြီး ကောက် ပြန်ရော.... Shopping ထွက်လို့ ဆိုင်တွေထဲမှာ နည်းနည်းကြာမိရင်လည်း စူပုတ်ပုတ် မျက်နှာပေးနဲ့ ကောက် နေပြန်ရော.... ကောက်.. ကောက်.. သေအောင်သာကောက်...။ သြော်... တော်တော့ကို မသေးတဲ့ ကောက်ခံရတဲ့ ဒုက္ခပါလားနော် ဆိုပြီး ကိုယ့်ကိုယ်ကို သနားမိရတာလည်း အကြိမ်ကြိမ်...။

နောက်ပြီးရှိသေးတယ် ခပ်မိုက်မိုက်ဒီဇိုင်းလေး ဝတ်ထားတဲ့ ကောင်လေးတစ်ယောက်ကို စက္ကန့်ပိုင်းလေးလောက် လိုက်ကြည့်မိတုန်းကဆို ကောက်တာပြောမနေနဲ့တော့.... ရုပ်လေးကလည်း သန့်ပြန့်နေမယ်... သူ့အဝတ်စား အပြင်အဆင်လေးကလည်း သူနဲ့အရမ်းကို လိုက်ဖက်နေမယ် ဆိုရင် ဘယ်သူဘဲဖြစ်ဖြစ် ခဏတော့ငေးမိမှာ အမှန်ဘဲ ဟုတ်..! ကြည့်ရတဲ့ သူတောင်လန်း သွားတယ်လေ..။ ဒါအပြစ်လား... မိုက်လို့ မိုက်တယ် လို့အားပေးတာလေနော်....။

မှတ်မှတ်ရရ..... Johnny Depp ရဲ့ MTV Awards 2007 ကိုကြည့်ပြီး အရမ်းဆွဲဆောင်မှု့ ရှိတာဘဲ မိုက်တယ်ကွာ လို့ ပြောမိတုန်းက ဆို မျက်နှာကြီး စူပုတ်ပြီး ကောက် တာပြောမနေနဲ့တော့.... “ဆွဲဆောင်မှု့ရှိတယ် ဆိုတဲ့ စကားရဲ့ အဓိပ္ပါယ်က ဘယ်လောက် ကျယ်ပြန့်တယ်ဆိုတာ မင်းမသိဘူးလား...” တဲ့လေ.... သူပြောမှ ပိုတွေးမိသွားတဲ့ ကျမအဖြစ်ကလည်း တော်တော်ပြုံးချင်စရာ....။

ဒီလို..... ဒီလို......... နဲ့ပါဘဲ အဲဒီကောက်တာတွေကို သီးမခံ နိုင်တဲ့အဆုံး “တာ့.... တာ” ဆိုပြီး ပစ်ချခဲ့မိပါရဲ့ရှင်။ ဘယ်လိုကျန်ခဲ့မယ် ဆိုတာလည်း တွေးမပေးနိုင်တော့ဘူး..... ပြေးသည်သာရှိ၏ ဆိုသလိုပေါ့...။ ကဲ... ကျမတော့ မလွန်ဘူးထင်တာဘဲနော်။ Johnny Depp ကိုတော့ ကမ္ဘာမကျေ ဖြစ်နေမလားပါဘဲ....... သြော် ကို Johnny Depp ကြီး ရယ်... ရှင်ကဟိုးအဝေးကြီးမှာ ရှိနေပေလို့ပေါ့..... ရွာမှာသာရှိနေရင် ဓါးနဲ့ လိုက်ခုတ်ခံ နေရမလားဘဲနော်........။


(ခင်လေးငယ်)

Sunday, June 22, 2008

ငရုတ်ဆုံထဲကစပ်ဖျဉ်းဖျဉ်းနှလုံးသား...

ကျနော် အိပ်ရာကနိုးတော့ စပ်ဖျဉ်းဖျဉ်းနဲ့ ကျနော့်တစ်ကိုယ်လုံးလည်း နံစော်နေတယ် ကျနော်ပထမဆုံး စသိလိုက်တာက ငရုတ်သီး.. နောက်.. ကျနော့်ဘေးမှာ ကြက်သွန်ဖြူ..နီ.. နောက်.. ဂျင်း။ ကျနော် ကြောက်လန့်တကြား အပေါ်ကို မော့ကြည့်လိုက်တော့ ကျနော့်ကို ရွယ်ထားတဲ့ ငရုတ်ကျဉ်ပွေ့ကြီး.. နောက်.. သူ။

ကျနော့်ကိုယ်ကျနော် ပြန်ကြည့်လိုက်တော့ တဆတ်ဆတ်တုန်နေတဲ့ ကျနော့်နှလုံးသား။ ဟုတ်ပါပြီ.. သေချာပါပြီ.. ကျနော့်နှလုံးသား ငရုတ်ဆုံထဲရောက်နေပါပြီ။ အဲဒီ့အချိန်မှာဘဲ ငရုတ်ကျဉ်ပွေ့ကြီး “ဝှီး”ခနဲ လေထဲဝဲသံ ကြားလိုက်ရတယ်။ ကျနော် အရဲစွန့် မော့ကြည့်လိုက်တော့.. ရက်စက်တဲ့အကြည့်တွေနဲ့ စိမ်းစိမ်းကားကား ကြည့်နေတဲ့..သူ.. ကျနော် အရမ်းချစ်တဲ့သူ.. ကျနော်ကို အရမ်းချစ်တယ်ဆိုတဲ့သူ.. ကျနော့်ချစ်သူ။

ကျနော် လက်နှစ်ဖက်ကာပြီး တားလိုက်သော်လည်း မမီတော့ဘူး.. အရှိန်ပြင်းပြင်ကျလာတာ “ဒုန်း” ခနဲ ကျနော့် နှလုံးသားတည့်တည့်ကို။ ကျနော် ကြိတ်မှိတ်ခံလိုက်တယ်.. ကွဲအက်သွားပြီ.. သွေးတွေ့စို့နေပြီ.. ငရုတ်သီးတွေနဲ့ စပ်ကုန်ပြီ.. ကြက်သွန်တွေနဲ့ ရောနေပြီ။ တရစပ်.. တရကြမ်း.. အချက်ပေါင်းများစွာ ဆက်တိုက်ကျလာပြီ.. “ဒုန်း..ဒုန်း..ဒုန်း....ဒုန်း” နဲ့ ကျနော် နာကျင်ကြေကွဲစွာ အလူးလူးအလှိမ့်လှိမ့်။ စိစိညက်ညက်ကြေနေပြီ သွေးစိမ်းရှင်ရှင်ကြားမှာ စပ်ဖျဉ်းဖျဉ်းနှလုံးသား တစ်ချက်တစ်ချက် ခုန်သံကြားနေရသေးတယ်။

ကျနော် ပူစပ်ပူလောင်မျက်လုံးကို အားယူဖွင့်ကြည့်လိုက်တော့ ဝေဝေဝါးဝါးတွေ့လိုက်ရတယ် သူ့မျက်ရည်တွေ။ ငိုနေတယ်.. သူငိုနေတယ်.. မျက်ရည်တွေကြားက သူ.. ကျနော့်နှလုံးသားကို ကြေကွဲစွာကြည့်နေတယ်။ ကျနော် အသက်ရှုသံမမှန်တော့.. တစ်ချက်တစ်ချက်သာ ခုန်တော့တဲ့ ကျနော့်နှလုံးခုန်သံတွေ ရပ်လုမတတ်ဖြစ်နေပြီ.. တုန်ရီနေပြီ.. ငိုရှိုက်နေပြီ။ ဒီတစ်ချက်ဟာ နောက်ဆုံးတစ်ချက်များ ဖြစ်နေမလား.. ဒီနောက်ဆုံးတစ်ချက်ကို ခံနိုင်ဦးပါ့မလား.. ကျနော် ကျနော်လေ.. မျက်လုံးကို မှိတ်ထားလိုက်တယ်။

မသိစိတ်က အသိတစ်ခုဝင်လာတယ်.. ဟုတ်တယ်.. ကျနော် သူ့ကို ချစ်နေသေးတယ်.. ချစ်တယ်.. သေချာတယ် ကျနော်နောက်ဆုံးအချိန်ထိ သူ့ကိုချစ်နေမယ်။ အဲဒီအချိန်မှာ ကျနော့်နှလုံးသား ဒေါင့်တစ်နေရာကို “ဖေါက်”ခနဲ မျက်ရည်တစ်စက်လာကျတယ်.. ကျနော်နောက်ဆုံးအကြိမ် သူ့မျက်နှာလေးကို မော့ကြည့်လိုက်တယ်.. အကြင်နာမဲ့ နှုတ်ခမ်းလေးတွေ တုန်နေတယ်.. နောက်ဆုံးတစ်ချက်က ကျနော့်ကို အဆုံးသတ်တော့မှာလား.. တကယ်အဆုံးသတ်သွားပြီလား.... ကျနော်လေ...။

(ကိုရင်နော်)

Wednesday, June 18, 2008

ဖြုတ်ကိုက်ခံရသောအစိမ်းရောင်အလွမ်းည

ခင်လေးငယ်၏ “လွမ်းတဲ့ည” Post လေးအားအရင်ဖတ်ပြီးမှ ကျွန်ုပ်၏ Post အားဖတ်ပါရန် မေတ္တာရပ်ပါသည်။

လွမ်းလွမ်းဆွေးဆွေး အူသံ တစ်ချက်တစ်ချက်သာ ကြားရသော အလွန်တိတ်ဆိတ်နေသော သန်းခေါင်ယံညအချိန်...
ခြင်တစ်သိုက် ဝိုင်းကိုက်သောကြောင့် မက်နေသော အိပ်မက်ကို ဆက်ရန်ထား၍ ငုတ်တုတ် ထထိုင်လိုက်သည်။ ခေါင်းအုံးအောက်တွင် သိမ်းထားသော အလွမ်းအစအနများကို ဘယ်ဘက်ရင်အုံတွင် ယုယုယယ ထိုးထည့်ကာ ဖျာကြမ်းကြားမှ ပြုံးကြည့်နေသော ဂျပိုးကြီးကို ဖနောက်နှင့်ပေါက် နှုတ်ဆက်ရင်း ဆတ်ခနဲ ထရပ်လိုက်သည်။ လက်ဖဝါးကြမ်းကြမ်းနှစ်ဖက်ကို မျက်နှာပေါ်အုပ်ရင်း အာရုံထဲပေါ်လာသော ချစ်သူ့မျက်နှာ ညိုညက်ညက်လေးကို ကြင်နာစွာ ပြုံးပြရင်း ထိုနေရာလေးသို့ သွားမည်ဟုဆုံးဖြတ်လိုက်သည်။

နံရံတွင် ကပ်ထားသော ပြက္ခဒိန် ဟောင်းလေးတောင် ပိုးကိုက်နေရှာပြီ။ သူဘယ်ရောက်နေလဲ.. သူလည်းလွမ်းများနေလား.. ဒါမှမဟုတ် ဥသြငှက်လေးတစ်ကောင်လို အော်ဟစ် ရယ်မောပျော်ပါးနေလား.. အတွေးစကိုဖြတ်ရင်း ညစ်နွမ်းနွမ်း စွပ်ကျယ်ရှည်ကြီးကို ကောက်ဝတ်လိုက်ကာ နောက်မြီးပြတ် တာယာဖိနပ်လေးကို ကျကျနနစီးလိုက်သည်။ တဲတံခါးကို ဝါးကပ်နှင့်ကာပြီး အပြင်ထွက်လိုက်တော့ နွေခေါင်ခေါင် ညအလှက ခြောက်ခြောက်သွေ့သွေ့ လှပနေသည်။

တဲအပြင်ရောက်တော့ ပါးပေါ်ဖွဖွလေး လာရောက် နှုတ်ဆက်သော ဖုန်မှုန့်လေးများအား သပ်ချရင်း သူနဲ့အတူ လျှောက်ခဲ့ဖူးသော မြေနီလမ်းလေးကို လွမ်းဆွေးစွာကြည့်မိသည်။ ပုံမှန်အတိုင်းဆို ခြောက်မိနစ်ခန့်သာ လျှောက်ရမည့်လမ်းသည် ခုလိုဖုန်တွေအလွန် ထူထပ်နေသောကြောင့် ဆယ့်နှစ်မိနစ်ခန့် လျှောက်ရတော့မည်။ လမ်းမီးတိုင်များ မရှိသော်လည်း လရောင်အောက်တွင် မှုန်ကုပ်ကုပ် ငိုက်မျဉ်းနေသော ဆိုင်လေးအား စမ်းတဝါးဝါး လှမ်းမြင်နေရသည်။

ဆိုင်ထဲလှမ်းဝင်လိုက်တော့ အလွန်မွှေးကြိုင်သော ရနံ့တစ်ခုက ဝမ်းထဲထိတိုးဝင်လာသည်။ ဆိုင်၏အလယ် ထင်းမီးဖိုကြီးပေါ်တွင် ကင်ထားသော လယ်ကြွက်ကြီးက အဆီတဝင်းဝင်း၊ ဘေးတွင်တော့ ချွေးအပြိုင်းပြိုင်းနှင့် မယ်ဒလင်အိုတစ်လက် ပိုက်ထားသော အဖိုးအိုကြီးက ဖျော်ဖြေရန်အဆင်သင့်၊ ဆိုင်ထဲဝေ့ဝဲကြည့်မိတော့ ကိုယ့်လိုလူ သုံးလေးယောက်ရှိနေသည်။ ခွေးခြေပုစားပွဲလေးတွေကို ရေတွက်ကြည့်တော့ အားလုံး ၁၃ လုံးရှိသည်။ စားပွဲအားလုံးတွင် အပြာရောင်နို့ဆီခွက်ပေါ် တင်၍ထွန်းထားသော ဖယောင်းတိုင်မီးလေးများ လှုပ်လှုပ် လှုပ်လှုပ်နှင့် ကဗျာဆန်နေသည်။

စားပွဲပေါ်တွင် မီးသွေးခဲဖြင့် Table No. 4 ဟုရေးထားသော စားပွဲက ရှုခင်းအားလုံးကို ရှင်းလင်းစွာမြင်နေရသည်။ ဘယ်ဘက်ရင်အုံကြားမှ အလွမ်းစတွေကို စားပွဲပေါ်တင်ရင်း ခပ်လျော့လျော့လေးထိုင်ချလိုက်လေရာ ချည့်နဲ့နေသော ခွေးခြေလေး ကျိုးကျသွားတော့သည်။ မမျှော်လင့်ဘဲ လန့်ဖြန့်လက်ထောက်လိုက်ရာ ဖြတ်ပြေးသွားသော ပေစုတ်စုတ် ကြွက်တစ်ကောင်၏ အမြီးအား ထောက်မိလေသည်။ တကျွိကျွိနှင့် ဆဲဆိုသွားသော ကြွက်စုတ်ကို တောင်းပန်ရင်း အပြင်ဘက်သို့ ငေးကြည့်လိုက်ရာ ပိုးစုန်းကြူးများ မိတ်တုတ်မိတ်တုတ်နှင့် ထန်းတောတစ်ခုလုံး အစိမ်းရောင် တောက်နေတော့သည်။ ချစ်သူနှင့်ကြည်နူးခဲ့ပုံများကို မြင်ယောင်ရင်း အလွမ်းတွေလည်း အစိမ်းရောင်သန်းလာသည်။

တိုးတိုးညင်သာစွာ ထွက်ပေါ်လာသော မယ်ဒလင်သံနှင့်အတူ မြန်မာသံစစ်စစ် သြရှရှအသံပြဲကြီးနှင့် သီကျူးလိုက်သောသီချင်းက တစ်ခါမှမကြားဖူးသော “If We Hold On Together” ဆိုသောသီချင်းကြီးဖြစ်နေသည်။ မသိစိတ်က နားနှစ်ဖက်ကိုပိတ်ရင်း ဒူးနန့်လိုက်တော့မှ ခြေထောက်နား ဝဲပျံကိုက်ခဲနေသာ ဖြုတ်ကိုက်သက်သာသွားတော့သည်။ ဖြုတ်တစ်ကောင် မေးငေါ့ပြရာသို့ အမှတ်မထင်မော့ကြည့်မိရာ ခေါင်းခါပြနေသော Spider Man ဇောက်ထိုးကြီးအား အံ့ဖွယ်တွေ့လိုက်ရသည်။ အိခနဲ အသံတစ်ချက်ကြားလို့ ဘေးသို့ကြည့်မိရာ အပျင်းကြောဆွဲရင်း သွားဖြဲပြနေသော ခွေးဝဲစားကြီးရှက်ပြုံး ပြုံးနေသည်။ ရုတ်တရက် သီချင်းသံတိတ်သွားတော့ မယ်ဒလင်တီးသော အဖိုးအို၏ သွယ်လျလျလက်ပေါ် လယ်ကြွက်ကြီး တက်နေလေပြီ။

စားပွဲပေါ် တင်ထားသော အလွမ်းစများကို ပိုးစုန်းကြူးများရှိရာ ထန်းတောထဲသို့ ဖြန့်ကျဲလိုက်လေရာ ပိုစုန်းကြူးများဝမ်းသာအားရ မြူးတူးကခုန်ကြလေသည်။ ထိုအချိန် စားပွဲပေါ်သို့ မထင်မှတ်ဘဲ “ဒေါက်” ခနဲ လာချသော အရက်ဖြူနှစ်ပက်နှင့်ရေတစ်ခွက်၊ တွေဝေမနေတော့ဘဲ “ဂလု” ခနဲမြည်အောင် အာမထိလျှာမထိမျိုချရင်း တစ်ရာတန် ညစ်နွမ်းနွမ်းတစ်ရွက်ကို စားပွဲပေါ်ချကာ အစိမ်းရောင်အလွမ်းများ လွှင့်ပျံရာ ထန်းပင်ထက်သို့ ပြေးတက်ခဲ့မိပါတော့သည်...။

(ကိုရင်နော်)

ခင်လေးငယ်၏ ရေခဲသေတ္တာထဲတွင်ထိုင်ရေးထားသော “လွမ်းတဲ့ည” အား ဖတ်ပြီးသကာလ ကျွန်ုပ်၏ ဖြစ်ရပ်မှန်အလွမ်းခန်းအား အားကျမခံ တင်ပြလိုက်ရခြင်းဖြစ်သည်။ သူ့ရဲ့လွမ်းပုံလေးကိုလည်း ဖတ်လိုက်ပါဦးနော် ဟီးးးးးးးး... အော်.. “If We Hold On Together” နားထောင်ရအောင် တင်ပေးလိုက်တယ်နော်.. :P



Monday, June 16, 2008

“လွမ်းတဲ့ည..”

ကျမ သူ့ကို တမ်းတနေမိပါတယ်.... သူကရော ဒီလို အချိန်လေးမျိုးမှာ..!! သက်ပြင်းတွေ နဲ့ ကျမ ရင်းနှီးနေခဲ့တာ အတော် ကြာခဲ့ပြီ။ နံရံမှာ ကပ်ထားတဲ့ ပြက္ခဒိန် ဟောင်းလေးလည်း နှစ်တွေချို့လို့ရယ်။ အပြင်မှာ နှင်းတွေ အရမ်းကျနေတယ်.. သူရှိနေတဲ့ နေရာလေးမှာရော... နှင်းတွေကျနေမှာလား...!! မိုးတွေများ ရွာနေမလား...!! သစ်ရွက်တွေများ ကြွေနေမှာလား...!! ဒါမှမဟုတ် သစ်ကိုင်း ခြောက်လေးပေါ်မှာ နားနေတဲ့ ဥသြငှက်လေး တစ်ကောင်ကောင်များ ရှိုက်ငိုလို့ နေနေမှာလား..။

ယုံကြည်နေချင်ပါတယ်....... ကျမ လိုဘဲ သူလည်း တမ်းတ နေတယ်ဆိုတာကို....!! ဆုံမှတ်မရှိ မျဉ်းပြိုင်လေး နှစ်ကြောင်းပေါ်မှာ ကိုယ်ဆီ ရှိနေကြတဲ့ ဘဝ.... တိတ်တိတ်လေး တမ်းတနေဖို့ တစ်ခုကိုသာ ပိုင်ဆိုင်နိုင်တာ။ နာရီကို မော့ကြည့်မိတော့ သန်းခေါင်ကျော်လို့နေပြီ။ ဒီလိုဆို ကျမစိတ်တွေ ဟိုးအဝေးဆီကို မျောလွင့်နေခဲ့တာ ကြာနေပြီပေါ့...။ အခု.. သတိထားမိပေမဲ့ ထိမ်းချုပ်လို့ လည်း မရပြန်ဘူး... ထပ်မျောနေချင်မိ သေးတယ်။ ငေါင်တောင်တောင်နဲ့ ထရပ်ပြီး Long Coat ရှည်ကြီး ကိုဝတ်.. လက်အိပ်လေးကိုစွပ်.. ဖိနပ်အရှည်ကြီးကို စီး.. ဖိနပ်စင်လေး ဘေးမှာချိပ်ထားတဲ့ ထီးတွေထဲက အကြီးဆုံး ထီး တစ်ချောင်း ကိုယူခဲ့တယ်။

အိမ်အပြင်ကို ရောက်တော့ ထီးမဖွင့်သေးတဲ့... ကျမ ပါးပေါ်ကို ဖွဖွလေး လာရောက်နှုတ်ဆက်တဲ့ နှင်းမှုံလေးတွေကို လက်လေးနဲ့ စမ်းမိရင်း သူပြောဖူးတဲ့ စကားလေး တစ်ခွန်းကို သတိရလိုက် မိသေးရဲ့.... “နှင်းတွေထဲမှာ မင်း လက်လေးကို ဆွဲပြီး လမ်းလျှောက်ခွင့်ကို ဘဝမှာ တစ်ခါလောက်တော့ ရချင် မိတယ်..” တဲ့။ ကျမဘေးနားမှာ ရှင်သာ ရှိနေခဲ့မယ် ဆိုရင် ဘယ်လောက် ကောင်းမလဲ..!! ဒီ လက်အိပ်တွေတောင် လိုအပ်မယ် ကျမ မထင်ဘူး.. ရယ် လို့ တစ်ယောက်ထဲ တီးတိုး ညဉ်းတွားမိတာ သူကြားနိုင် မှာလားကွယ်..။

ခြံဝင်းတံခါး ကိုပြန်ပိတ်လို့ ညာဖက်ကို ချိုးရင်း ခြေစ လှမ်းတယ်။ ကျမရဲ့ ဦးတည်ရာ နေရာလေး တစ်ခုဆီကိုပါ။ နှင်းတွေကပို သည်းလာသလိုဘဲ။ ကျမနေထိုင်တဲ့ နေရာလေးက ညအချိန် မိန်းကလေး တစ်ယောက်ထဲ ထွက်ရင်တောင် အန္တရာယ် မရှိနိုင်တဲ့ ရပ်ကွက်လေး ဆိုပါတော့။ ပုံမှန်ဆိုရင် ခြောက်မိနစ်ခန့်သာ လမ်းလျှောက်ဖို့ လိုအပ်ပေမဲ့ ခုလိုနှင်းတွေ ထဲမှာတော့ ဆယ့်ငါးမိနစ်စာ လောက် လမ်းလျှောက် ရလိမ့်မယ်။ ည အချိန်မတော်ကြီးမှာ Coffee ဆိုင်လေးတစ်ခု ဆီကို ဦးတည်နေတဲ့ ကျမလို မိန်းမ နောက် တစ်ယောက်ယောက်လည်း ရှိနေနိုင်ပါသေးတယ်။ လမ်းဘေးက မီးတိုင်လေးတွေမှာ နှင်းတွေ ဖုံးနေပေမဲ့ လိုအပ်တဲ့ အလင်းရောင်တွေ ရှိနေတယ်..။ ဆိုင်လေးကို ခပ်လှမ်းလှမ်းမှာ မြင်နေရပြီဘဲ..။

ကျမနားမလည်တဲ့ ဘာသာစကား တစ်ခုနဲ့ မှည့်ထားတဲ့ ဆိုင်လေးက နှင်းတွေထဲမှာ ငြိမ်သက်လို့ပေါ့။ ဆိုင်လေးရှေ့ တံခါးလေးကို တွန်းဝင်လိုက်တာနဲ့ ညက်ညောလှတဲ့ စန္ဒရားတီးသံ တိုးတိုးလေးကို စကြားရတယ်.....။ ဆိုင်ထဲကို ဝေ့ဝဲကြည့်မိတော့ ကျမလိုလူ သုံးလေးယောက် ရှိနေပါတယ်..။ စားပွဲတစ်လုံး မှာနေရာယူ မိတော့ Table No.4 တဲ့.. ကျမပြုံးမိသေးတယ် ထင်ပါတယ်။ ဒီဆိုင်လေးက ထူးထူးဆန်းဆန်း စားပွဲဆယ့်သုံးလုံး ရှိတယ်....။ တစ်ဆိုင်လုံး မီးရောင် မှိန်မှိန်လေး ထွန်းထားတယ်။ စားပွဲလေး တစ်လုံးဆီပေါ် မှာတော့ ပြာလဲ့လဲ့ ဖယောင်းတိုင် ပုပုလေးတစ်တိုင်ဆီ တင်ထားတယ်..။ ဆိုင်ရဲ့ အလည်ခေါင်တည့်တည့်မှာ စန္ဒရားအကြီးကြီး တစ်လုံး ရှိနေတယ်... ပြီးတော့ မီးလင်းဖိုကြီး တစ်ခုလည်း ရှိတယ်။

အပြင်ကို လှမ်းမြင်နိုင်တဲ့.. မှန်ပြတင်းပေါက် အကြီးကြီးတွေ သာရှိတဲ့ နေရာတွေမှာ စားပွဲလေး ဆယ့်သုံးလုံးကို နေရာချထားတယ်။ လိုက်ကာတွေ အားလုံးကို ဖွင့်ပေးထားတယ်..။ ဆိုင်ရဲ့ အပြင် ပတ်ပတ်လည်မှာ ထင်းရှုးပင်တွေ စိုက်ထားတယ်။ အဲဒီ အပင်တွေကို အောက်ခြေ ကနေ အစိမ်းရောင် မီးလုံးကြီးတွေနဲ့ ပင့်ပြီး Light Up လုပ်ပေးထားတယ်..။ ဆိုင်က ဆိုဖာလေးပေါ်မှာ ကျောလေးမှီပြီး ခပ်လျော့လျော့လေး ထိုင်နေမိတဲ့ မိန်ကလေး တစ်ယောက်..။ ဘယ်လိုနေရာမှာ ရှိနေမယ် မရှိဘူး ဆိုတာတောင် ကိုယ်တိုင် မမြင်သိနိုင်တဲ့ ချစ်သူတစ်ယောက်ကို တမ်းတရင်း မေတ္တာငတ်မွတ်နေခြင်းဟာ အပြစ်ကင်း ပါတယ်..။

“နှင်းတွေကျနေတာ လှလိုက်တာ..” လို့ ခံစားဖို့... အားအင်တွေ ပျောက်နေတယ်.. ဟော... စန္ဒရား တီးသံ နည်းနည်း ကျယ်လာ သလိုဘဲ...။ တေးသွားကို အာရုံစိုက်မိတော့.. ကျမ သိပ်ကြိုက်တဲ့ “If We Hold On Together” ဆိုတဲ့ သီချင်းလေး။ ကျမ အသက်ရှုဖို့ ခဏ မေ့သွားတယ် ထင်ပါတယ်.....။ လောကကြီးကိုပါ  ကျမဟာ ခဏ မေ့ထားချင် သူပါ။ အခု ခဏရဲ့ အတွေး ကမ္ဘာလေးထဲ မှာ သူနဲ့ အတူ ရှိနေခွင့်လေး တစ်ခုတော့ ကျမ ပိုင်ဆိုင်ထားနိုင်သေးတယ် မဟုတ်လား...။

(ခင်လေးငယ်)

Saturday, June 14, 2008

ဇောက်ထိုးမိုးမျှော် Blog နှင့် ဆင်ဆာဖြတ်ခြင်း..

“ဟိုက်”
ကျုပ်လည်း မနက်အိပ်ရာနိုးလို့ Blog ထဲဝင်လိုက်တာနဲ့ “ဟိုက်” ခနဲဆို မျက်လုံးပြူး သွားပါလေရော.. ဇောက်ထိုးမိုးမျှော်ဖြစ်နေပါပြီဗျာ.. ကျုပ်တို့ Blog ကြီး ဇောက်ထိုးရယ်တဲ့ မိုးမျှော်လို့နေပါပြီ.. Side Bar လည်းရွဲ့ရွဲ့စောင်း စာတွေလည်း တိုးလိုးတွဲလောင်း စောင်းတဲ့ဟာကစောင်း ပြောင်းတဲ့ဟာကပြောင်း.. ကဗြောင်းတိ ကဗြောင်းဆန် ညက ကျုပ်တို့ Blog မုန်တိုင်းများမိသွားလေသလားမသိ...

ဒင်းလက်ချက်..!! ဒင်း..ကလိသွားတာနေမှာ ခေါင်းကိုတဗြင်းဗြင်းကုတ်ရင်း မျက်နာတောင် မသစ်အားတော့ဘူး Template ကို ပြန်လည်ပြင်ဆင်ရေးတွေ လုပ်ရတော့တာပေါ့.. နဂိုကမှ အလွဲလွဲအမှားမှား စမ်းတဝါးဝါး ကြိုးစားလုပ်ထား ရပါတယ်ဆိုမှ.. ခုတော့ ကိုးရိုးကားရားနဲ့ ပြင်ရခက်ပြီ.. အရေးပေါ် ကယ်ဆယ်ရေးလုပ်ဘို့ Template လေးကိုမှ Download လေး မချထားမိတာ ကျုပ်အပြစ်..

ဒင်းနဲ့တော့ခက်ပြီ.. ကျုပ်က ကျုပ်စိတ်ကြိုက်လေး ပြင်ထားရင် ဒင်းက ဒင်းစိတ်ကြိုက် ပြင်သွားပြန်ရော.. ကျုပ်ကတော့ ဒါလေးလှမယ်ထင်လို့ ဒီလိုလေးလုပ်ထားရင် ဒင်းက ဒါတော့မကောင်း ဒီလိုပြောင်းမယ်ဆိုပြီး ပြင်သွားပြန်ရော.. ဟုတ်မှာပေါ့ ဒင်းက အလုပ်မရှိ အကိုင်မရှိ အားအားရှိ ဒါဘဲကလိနေတာနေမှာ..ဒင်းတစ်မျိုးလုပ် ကျုပ်တစ်မျိုးလုပ်နဲ့ ကျုပ်တို့ Blog လည်း ခုတစ်မျိုး တော်ကြာတစ်မျိုးနဲ့ ဇောက်တိဇောက်ထိုး ဖြစ်လို့နေပါပြီဗျာ..

Post တင်ပြန်တော့လည်း ကျုပ်ကို အမျိုးမျိုးနှိပ်ကွပ် တိုက်ခိုက်သေးတယ် ကျုပ်ကသူ့ကို ပြန်ဆော်တော့လည်း မကျေမနပ်ဖြစ်ပြန်ရော.. ကျုပ်တင်မယ့် Post ကို သူ့ကို ဆင်ဆာအရင်တင်ရမတဲ့.. သူဖတ်ပြီး ကျေနပ်မှ Blog ပေါ်တင်မတဲ့.. ကယ်.. စဉ်းစားကြည့် ဖြစ်သင့်သလား.. လုပ်ပုံ. လုပ်ပုံ.. ကောင်းရော.. အမယ်.. သူပြောသလိုမလုပ်ရင် Blog ကို ပိတ်ပလိုက်မယ်လို့ ခြိမ်းခြောက်သေးသဗျ.. ဒါကြောင့် ကျုပ်ချစ်ချစ်ကပြောတာ ကိုကိုနော်တဲ့ သတိထားနော်တဲ့ ခင်လေးငယ် အရမ်းစိတ်ပုတ်တယ်တဲ့.. ဟုတ်ပ..

ဒင်းနဲ့ကျုပ် ဒီ Blog ရေးကြမယ်ဆိုပြီး စလုပ်ထဲက ဒင်းရေးချင်တာရေး ကျုပ်လည်း ရေးချင်တာ လွတ်လွတ်လပ်လပ် ရေးမှာဘဲလို့ သဘောတူထားတာကို.. ဘယ့်နယ်ဗျာ ခုမှ ဆင်ဆာတင်ရမတဲ့ ဒင်းကိုသာ ဆင်ဆာတင်ရရင်တော့ ဟို.. ဟိုလေ.. ဟို.. သတင်းစာလို သူရေးချင်တာတော့ ရေးပြီး ကျုပ်တို့ရေးချင်တာတော့ ရေးခွင့်မရတဲ့ဘဝ ဖြစ်သွားတော့မပေါ့.... မှားပါတယ်...။

(ကိုရင်နော်)

Friday, June 13, 2008

မုဆိုးမတစ်ယောက်ရဲ့..အခန်း


ကြိုးအားလုံးပြတ်နေတဲ့ ဂစ်တာမှာ အသံရှိတယ်
ကြေမွနေတဲ့ မှန်စတွေပေါ်မှာ အသံရှိတယ်
သဲကြိုးပြတ် ဖိနပ်တစ်ရံမှာ အသံရှိတယ်
သွေးစွန်းတဲ့ အင်္ကျီတစ်စမှာ အသံရှိတယ် ။



ခိုင်မာတဲ့ ယုံကြည်မှု့မှာ အသံရှိတယ်
သံတိုင်တွေကြားမှာ အသံရှိတယ်
ထော့နေတဲ့ ခြေတစ်ဖက်မှာ အသံရှိတယ်
သွေဖီစည်းမျဉ်းတွေအောက်မှာ အသံရှိတယ် ။


မဲမှောင်တိုက်ခန်းငယ်မှာ အသံရှိတယ်
ဝါကျင်ကျင် မီးလုံးလေးမှာ အသံရှိတယ်
မျက်မှန်ဟောင်းကို စမ်းတဲ့လက်မှာ အသံရှိတယ်
ပင့်ကူမျှင်တွေနဲ့ မျက်နှာကျက်မှာ အသံရှိတယ် ။


ပုရွက်ဆိတ်တက် ထမင်းကြမ်းခဲမှာ အသံရှိတယ်
လွင့်တက်လာတဲ့ မြောင်းပုတ်နံ့မှာ အသံရှိတယ်
စိုနေတဲ့ ပါးနှစ်ဖက်မှာ အသံရှိတယ်
အသံမှာ အသံရှိတယ် ။


ဒါပေမဲ့.........
လင်သေ သားပျောက် မုဆိုးမတစ်ယောက်ရဲ့
မျှော်လင့်ချက်မှာ .. .. .. .. .. .. .. အသံမဲ့တယ် ။




ရင်ဘတ်ရှိသူတိုင်း အဲဒီ အသံတွေကို
ကြားနိုင်မယ်လို့ ယုံကြည်နေပါရစေ..........။
လေးစားထိုက်သူများကို လေးစားစွာဖြင့်..................

(ခင်လေးငယ်)

Wednesday, June 11, 2008

ကိုရင်နော်ခင်လေးငယ် ဆိုတာ...

ကိုရင်နော်ခင်လေးငယ် ဆိုပြီး နာမည်ပေးဖြစ်သွားပုံလေး ပြောပြဦးမယ်ဗျ..။ မေးတဲ့သူတွေလည်း လာလာမေးတယ် ဘယ်လိုနာမည်ကြီးလဲပေါ့..။ ဟုတ်ပ..။ တကယ်တော့ ဒီနာမည်ကို ကျနော်မကြိုက်ပဲ ပေးလိုက်ရတာဗျ..။ ဒီလိုလေ.. ကျနော်နဲ့ခင်လေးက ငယ်သူငယ်ချင်း..၊ ပြောမနာဆိုမနာ.. ရန်ဖြစ်ဖက်တွေဆိုတာ အထူးပြောမနေတာ့ဘူး ငယ်ငယ်ထဲက စာတိုပေစလေးတွေ ရေးတတ်တဲ့ ဝါသနာလေးကတော့ တူတယ်လေ..။

အခုဗျာ ဒီ Blog လေးကိုစလုပ်ကြတော့ ကျနော်က ကိုရင်နော် ဆိုပြီး ကျနော့် နာမည်ပေးမယ်ပေါ့.. သူလည်းရေးချင်တာရေး ပြီးရင်တင်ပေါ့ Post အောက်မှာ သူ့နာမည်ထိုးပေါ့.. အဲဒါကို မဟုတ်ဘူးတဲ့ ခင်လေးငယ် ဆိုတဲ့ သူ့နာမည်နဲ့ လုပ်မယ်တဲ့ ပြီးရင် သူ့ Blog မှာ ကျနော်က စားရေးပေါ့..။ အဲ့လိုတော့ ကျနော်လည်း ဘယ်လုပ်ချင်မလဲနော်.. ဒါနဲ့ ဒါဆို တခြားနာမည်တစ်ခု ပေးမယ်ပေါ့ ဥပမာဗျာ “ငယ်သူငယ်ချင်း..” “ဆိုးဖော်ဆိုးဖက်..” “ရန်ဖြစ်ဖက်..” ဘာညာပေါ့ တစ်ခုခုပေါ့.. အဲဒါဆိုတော့လည်း သူ့နာမည်မပါလို့တဲ့.. ကြည့်... မခက်ပေဘူးလား..။

ကျနော်ကလည်း နာမည်တော့ ပါချင်သေးတာလေ.. ကယ်.. ဒါဆိုလည်းပြီးရော ကိုရင်နော်နှင့်ခင်လေးငယ် ဆိုပြီး ရိုးရိုးပဲပေးလိုက်မယ် ဆိုပြန်တော့လည်း နှင့် ပါတာကြီးက သူကပိုင်ရှင်မဟုတ်သလိုဘဲတဲ့.. ကယ်.. ဘယ်လိုလုပ်မလဲ ကိုရင်နော်နှင့် မချောလေးယောက်.. ဆားပုလင်းနှင်းမောင်နှင့် ခင်လေးငယ် အဲ့လိုများ ထင်နေလား မသိဘူး..။ ဒါနဲ့ ကျနော်လည်း စိတ်တိုလာတာနဲ့ ကယ်.. ဒါဆိုလည်းပြီးရော နှင့် ကိုဖြုတ် ကိုရင်နော်ခင်လေးငယ် ကယ်.. သဘောတူလား ဆိုတော့မှ အိုကေ တဲ့..။ ဒါတောင်လုပ်သေးတယ် သူ့နာမည် အရှေ့ကထားမယ်တဲ့ ခင်လေးငယ်ကိုရင်နော် ပေါ့.. ကြည့်လုပ်ပုံကိုက..။ ကျနော်လည်း ဒေါကန်ကန်နဲ့ ရှုးရှုးရှဲရှဲ ဗြူးဗြူးဗြဲဗြဲ လုပ်လိုက်မှ ငြိမ်သွားတယ်.. ဒါတောင် မျက်စောင်းက လှမ်းထိုးလိုက်သေးတယ်.. တကယ်တကယ် မပြောလိုက်ချင်ဘူး.. ကယ်.. ထားပါ.. ဒီလိုနဲ့ ကိုရင်နော်ခင်လေးငယ် ဆိုပြီး အမည်ပေးဖြစ်သွားတယ်ဗျို့...။

ဒီလိုနဲ့ တစ်နေ့က ကိုတီး က သူ့အိမ်မှာ ကျနော်တို့ Blog လေးကို Link မယ်တဲ့. အိုကေပေါ့.. ကျနော်ကလည်း တောသားမလား တီးချိုချိုလေးဆို ကြိုက်မှကြိုက်.. ပျင်းပျင်းရှိ ကိုတီးအိမ်ဘက်ပဲ ရောက်ရောက်နေတာ ဒေါင့်တစ်နေရာမှာထိုင် စာစာင်လေးဖတ်.. သီချင်းလေးနားထောင်.. အဖွာလေးခဲပြီး ဇိမ်ကျနေတာပေါ့.. ကိုတီးအိမ်မှာ တောင်ကြည့်မြောက်ကြည့်နဲ့ သတိရပြီး သူ့ ဘော်ဘော် Link List ထဲက ကျနော်တို့နာမည်လေးကို လိုက်ရှာမယ်ပေါ့.. မတွေ့ဘူးဗျ.. ခေါင်းတောင်မူးတယ်.. သူ့ ဘော်ဘော် List ကလည်း သိတဲ့အတိုင်း အများသားလေ.. Friend Search တဲ့ Engine လေး လုပ်ထားပေးရင် ကောင်းမှာလို့တောင် တွေးမိသေးတယ်..။

အဲဗျာ.. တွေ့ပါပြီဗျာ ကျနော်လေ ဝမ်းသာလွန်းလို့ ထတောင်ခုန်မိတော့မလို့ ကိုတီးက ကိုရင်နော် ဆိုပြီး ကျနော့်နာမည် တစ်ခုထဲ Link လုပ်ထားတာကိုး ကျနော်လည်းဝမ်းသာပြီး ကိုတီးကို ကြိတ်ပြီး ကျေးဇူးတင်နေတာ.. ကိုယ်လိုချင်တဲ့ နာမည်လေ.. စိတ်ထဲမှာက ဟို.. စပ်စလူးမ နာမည်ကို ထည့်ချင်တာမဟုတ်ဘူး.. ခုတော့ ကျနော့်နာမည်တစ်ခုတည်း တွေ့ရပြီ..။ ဒီကိစ္စ ဟို.. ခင်စလူးစိန်ကို ဘယ်ပြောမလဲ ငြိမ်နေတာပေါ့..။

မကြာပါဘူးဗျာ.. ကျနော့်ကို ရန်လာတွေ့ပါလေရော.. ကိုတီးကို ကျနော့်နာမည်ပဲ Link ခိုင်းတာမလား ဘာညာပေါ့.. ကျနော်လည်း ရှင်းမနေတော့ဘူး.. သိတယ်မလား အရူးနဲ့အကောင်းဆို ရှောင်တာကောင်းတယ်လေ.. ဒီစပ်စလူးမက ငယ်ထဲက ဒီလိုဘဲ အိမ်တကာသွား ဟိုနေရာစပ်စပ် ဒီနေရာစပ်စပ်နဲ့ ခုလည်းကိုတီးအိမ်ကို သွားစပ်စုရင်း တွေ့သွားတာနေမှာပေါ့.. ကိုတီးကို ရန်သွားတွေ့သေးတယ် သူ့နာမည်မပါလို့တဲ့ ကိုတီးလည်း မပြောင်းချင်ပြောင်းချင်နဲ့ Link List ကို ပြောင်းပေးလိုက်ရတယ် ထင်ပါတယ် ကြည့် ဖြစ်ပုံ.. လုပ်ပုံ..။

ကျနော်နဲ့ ဒီခင်စလူး ကတော့ ဘယ်လိုရေစက်မှန်း မသိဘူး တွေ့တာနဲ့တဂျက်ဂျက်.. ရှိသေးတယ် ပြောရင် ကုန်မှာမဟုတ်ဘူး.. တွေ့တယ်မလား သူတင်ထားတဲ့ Post မှာ သူရွာရိုးကိုးပေါက် အိမ်တကာသွား စပ်စပ်စုစု လုပ်မယ့်ကိစ္စမှာ ကျနော့်ကိုများ သူ့ Driver လုပ်ခိုင်းထားတတ်သေးတယ်...။ ကျနော့်ကိုဆို နှက်မယ်ဆိုတာကြီးပဲ..။

အင်း.. ဘာဘဲဖြစ်ဖြစ်ပေါ့လေ... ကျနော်နဲ့ခင်လေး.. (၃ နဲ့ ၄) လို ကျောကပ်ပြီး သူလည်း လက်သီးဆုပ်ရင်း.. ကျနော်လည်း လက်သီးဆုပ်ထားရင်း ကိုယ့်ဦးတည်ရာကိုယ် ကြည့်နေကြပေမယ့် ထူးထူးခြားခြား သူနဲ့ကျနော် အမြင် သွားတူနေတာလေး တစ်ခုတော့ရှိတယ်ဗျ.. အတွေးတွေလည်း တူနေကြတယ်.. ယုံကြည်ချက်တွေလည်း ထပ်တူညီနေကြတယ် .. သူလည်း ကျနော့်လိုပဲ လွတ်လပ်မှု.. တရားမျှတမှုနဲ့ လူသာချင်းစာနာထောက်ထားမှု တွေကို လိုလားတယ် မြတ်နိုးတယ်..။ ဘာဘဲဖြစ်ဖြစ်ပေါ့လေ ဒီစိတ်ဓါတ်လေး တူတာတစ်ခုနဲ့တင် သူနဲ့ကျနော် ဘော်ဒါရင်းတွေအဖြစ် လက်တွဲဖြစ်နေတယ် ဆိုပါတော့...။

(ကိုရင်နော်)

Monday, June 9, 2008

အတွေးများ..

ကျမမောနေတယ်... အတွေးတွေထဲမှာ ကျမကို ထာဝရ ခွဲသွားပြီဖြစ်တဲ့ “ဖေဖေ”ရှိနေတယ်...။ ပြီးတော့.... ဟိုး... အဝေးကြီးကနေ သမီးနဲ့ ပြန်တွေ့ရမဲ့ ရက်လေးအတွက် ဘုရားမှာ ဆုတောင်းရင်း မျှော်နေမယ့် “မေမေ”...။

ဖခင်တစ်ယောက်ရဲ့ နောက်ဆုံးအချိန်မှာ နောက်ဆုံးအကြိမ်အဖြစ် ဦးတိုက်ရှိခိုးခွင့် မရတဲ့ ကျမလိုလူ ဘယ်နှစ်ယောက်များ ရှိနေပါသလဲ..!!

ပျော်ရာမှာမနေ တော်ရာမှာနေလို့ လူသားဆန်စွာ ကျဉ်လည်ဖွေရှာရင်း ကောက်ရိုးနံ့ သင်းသင်းကို အတွေးတွေနဲ့ ရူရှိုက်နေကြသူတွေကော.... ဘယ်နှစ်ယောက်များ...!!

ရင်နင့်စရာ ဘဝအပိုင်းအစ အကျိုးအပျက်တွေကို ထွေးပိုက်ရင်း ပင်လယ်တွေခြားပြီး ဟိုးးးး အဝေးကြီးမှာ ကျန်နေခဲ့တဲ့ “အမေ့အိမ်”ကို စိတ်ကူးတွေနဲ့ အခေါက်ခေါက် အခါခါ ပြန်နေကြသူတွေကော........ ဘယ်နှစ်ယောက်များ..!!

အမေချက်တဲ့ ဟင်းတစ်ခွက်ကို “အိပ်မက်”တွေထဲမှာ ခေါင်းမဖော်တမ်း အငမ်းမရ စားနေကြသူတွေကော.... ဘယ်နှစ်ယောက်များ ရှိလို့နေလည်း..!!

အဲလိုဘဲ......... အမေတွေကကော ဘယ်အချိန် ပြန်လာမယ်ဆိုတာ မသိတဲ့ သားတွေ သမီးတွေကို မျှော်ရင်းဆံပင်တွေ တစ်ခေါင်းလုံး ဖြူနေခဲ့ပြီမဟုတ်လား...!!

ပါးရည်တွေ တွန့်သထက် တွန့်လာတာဟာ သားသမီးတွေနဲ့ ပြန်တွေ့ဖို့ တစ်ရက် နီးလာတာလို့ ဖြေသိမ့်နေတဲ့ အမေတွေ ဘယ်နှစ်ယောက်လည်း.....!!

ခြောက်ကပ် ရော့ရွဲပြီး အရိုးတွေငေါထွက်လာတဲ့ ပါးနှစ်ဖက်ပေါ်က မညီမညာနဲ့ လိမ်းထားတဲ့ သနပ်ခါး ကျို့တို့ကျဲတဲတွေက သားတွေ သမီးတွေ ပြန်လာချိန်မှာ နမ်းဖို့တဲ့လား......!!

ခင်ပွန်းသည်ရဲ့ ဓါတ်ပုံကို ကြည့်လို့ “အမျှ”ဝေချိန်မှာ..... အဝေးကြီးကသမီး “သာဓု” ခေါ်နိုင်ဖို့ ကြားအောင်ထုတဲ့ ကျေးစည်သံ တုံတုံလေးတွေ ကျမတို့ မွေးရပ်မြေမှာ ညံနေပြီလား......!!

တစ်ချို့တစ်ချို့သောလူအချို့ကရော......!!
စည်းစိမ်တွေ.... အာဏာတွေ တည်မြဲဖို့........ ဘယ်အရာတွေနဲ့များ....!!!

ကျမလေ... ဆုတွေတောင်းနေမိတယ်... သိလား...!! ကျမတို့တတွေချစ်တဲ့ “မြန်မာပြည်ကြီး” သာယာလှပပါစေ... “အမေ”တွေ ကျန်းမာပါစေ.... လို့လေ....။

(ခင်လေးငယ်)

Sunday, June 8, 2008

မိုးမိသွားခြင်း..

rain
ငါ ဘာလုပ်မလို့ပါလိမ့်..!!
အိပ်ပျော်သွားတာလား !
ငုတ်တုတ်ကြီးငိုက်နေတာလား !
အလင်းမဲ့အခန်းငယ်ထဲမှာ ငါ့ကိုယ်ငါကြည့်ရင်း အဖြေရှာမရ..
ကြာနေပြီ ဒီအလင်းကို စိုက်ကြည့်နေခဲ့တာ..
စိတ်နဲ့ကိုယ် မကပ်တာလား !
အဝေးတစ်နေရာကို ရောက်နေတာလား !
ဗိုက်ထဲကအော်သံတစ်ခုကြားမှ အပြေးအလွှား အသိနဲ့သတိဝင်လာတယ်..
 ငါ ပြူတင်းပေါက်ပိတ်မလို့ပါလား...! ဟား....!!
မထူးတော့ပါဘူး ဆက်သာထိုင်နေလိုက်ပါ
အိပ်ရာလေးမိုးမိနေပြီပဲ..။ :(

(ကိုရင်နော်)

Thursday, June 5, 2008

“ည..”

“ည”ဟာကျမကို ဖြေသိမ့်ဖို့ရောက်လာတယ်..။ ကျမက ဖြေသိမ့်ခံဖို့ “ည”ထဲကို တိုးဝင်ခဲ့ပြီ။ မီးတွေပိတ်လို့ အမှောင်ချထားတဲ့ အခန်းလေးက “ည”ရဲ့ဝိညာဉ်ကို ခံစား ထိတွေ့ဖို့ အဖြည့်ခံ တစ်ခုထင်ရဲ့။ သီချင်းတစ်ပုဒ်ကို ဖွင့်ပြီးကြိုတယ်။ သံစဉ်နဲ့အညီ ပြေးနေတဲ့ အသံဝေ့(ဖ်)ရဲ့ အပြာရောင် မီးတန်းလေးရယ်၊ သီချင်းသံ သဲ့သဲ့ရယ်... အသက်ရှူသံ တိုးတိုးလေးနဲ့ မိန်းမတစ်ယောက်ရယ်... ဒါအကုန်ပါဘဲ.....။

“စကားလေးပြောသလိုဘဲ... သူကိုယ့်နားရောက်လာပြီးတော့.......
ကပ်ထိုင်သွားသလိုဘဲ...”
“ကိုယ့်လက်လေးတွေ နွေးထွေးလာတယ် ချစ်သူလေးရယ် ထွေးလှည့်ပါကွယ်
............ဒါလည်း အတွေးပါဘဲ..........”

ရင်ခုန်သံတွေ မြန်လာတယ်။ မျက်လုံးတွေ ကိုတင်းနေအောင် ပိတ်လိုက်ပြီ။ အိမ်အပြင်မှာ လေတွေတိုက်နေလား....!! မိုးတွေရွာနေတာလား....!! နှင်းတွေများကျလို့နေလား....!! ဘာဆိုဘာမှ မသိတော့။ ကိုယ်ထဲမှာ လှည့်လည်နေတဲ့ သွေးတွေရဲ့ စီးဆင်းမှု့ကလိုအပ်တာထက် ပိုနှေးနေသလိုဘဲ.... တကိုယ်လုံး ထုံထိုင်း လေးလံနေတယ်။ “ည”ဟာ စိတ္တဇ ဆန်လာတယ်... “ည”ဟာ မည်းသထက်မည်းမှောင်လာတယ်။

“ည”ဟာဖြေသိမ့် တတ်သလို.... “ည”ဟာ မှော်တွေနဲ့ စီရင်ထားတဲ့ စပါးကြီးမြွေတစ်ကောင်ထက် ညှို့အားပြင်းလို့နေပြန်တယ်။ အဲဒီလို... အညှို့ခံထားရတဲ့ မိန်းမတစ်ယောက်ကရော ခြောက်ခြားနေမယ်လို့များ ထင်နေလား....!! နှုတ်ခမ်းလေးတွေ ကော့ညွတ်နေအောင် ပြုံးနေခဲ့တယ်ဆိုတာ.... ဘယ်သူကများ သိမှာတဲ့လည်းကွယ်...............!!

(ခင်လေးငယ်)

Wednesday, June 4, 2008

ဘာမှမဟုတ်တဲ့အိပ်မက်ကဗျာ..


ဘယ်ကစလို့
ဘယ်မှာ အဆုံးသတ်ရမ ယ်မသိတဲ့ ကဗျာဟာ
အေးစက်စက် ညထဲမှာရှိရဲ့။

ကဗျာဟာ အိပ်မက် မဟုတ်ပေမဲ့
အိပ်မက်ကတော့ ကဗျာဖြစ်ခဲ့တယ်…

မှောင်နေတဲ့ ဆောင်းညဟာ ချမ်းချမ်းတုန်လို့
မတီးတတ်တီးတတ်နဲ့ ကျမရဲ့
ဂစ်တာသံက အမှောင်တွေကိုဖြတ်...
လမင်းလေးဆီကို
တိမ်တိုက်တွေကို ဖြတ်
မှိတ်တုတ်တုတ် ကြယ်တွေဆီကို အရှိန်နဲ့ပြေး…

ဖေဖေရေ…
မောနေတဲ့ မညီမညာ ဂစ်တာသံက
ဝိုင်းစက်နေတဲ့ လမင်း ရင်ခွင်ထဲမှာ ရပ်မလား..!!

ကဗျာမဟုတ်တဲ့ အိပ်မက်ကိုမက်ရင်း
မက်လို့ မဝနိုင်တဲ့ အိပ်မက်
အိပ်မက်ဟာ အိပ်မက်လေး တစ်ခုပါဘဲ...

အိပ်မက်မှာ နစ်သထက်နစ်
ဖေဖေရေ…
သံစဉ်ညီညီ တီးခတ်တတ်ဖို့ အထိ
ဘာလို့..
သမီးကို.... ?

ဒီလိုနဲ့ပဲ
အစက်အစပ်မဲ့ ကဗျာတွေနဲ့
အိပ်မက်ထဲမှာဘဲ နေနေမိဆဲ..

ကဗျာရဲ့အဓိပ္ပါယ်နဲ့
အိပ်မက်ရဲ့ အဓိပ္ပါယ်ရယ် ဘယ်မှာ!!!

သံစဉ်ညီဘို့ တိတ်တိတ်လေး ကြိုးညှိရင်း
အိပ်မက် သံသရာထဲမှာ တဝဲဝဲသာ လည်..

(ခင်လေးငယ်)

Tuesday, June 3, 2008

ခင်လေးငယ်ရဲ့ ....အမှတ်တရ ။

သိတယ် ဟုတ်..?
(About Me) မှာ ကိုရင် ရေးထားတာ..??
တစ်ခါ တစ်လေ လူတချို့က ပြောင်းပြန် ပြောတတ်ကြတယ်ရှင့် ။
ဘယ်လိုဘဲ ဖြစ်ဖြစ်ပေါ့.....
ကျွန်မတို့ သူငယ်ချင်းနှစ်ယောက် (ရန်ပွဲလေးတစ်ခု အပြီး)
အမှတ်တရ ဒီဘလော့လေးကို စ ရေးဖြစ်ကြတာပါ ။
တိုက်ပွဲတွေရဲ့ ဆက်ရန်လေးတွေကတော့....
ထုံးစံအတိုင်း...
To Be Continue ...... ပေါ့နော် ။

(;P)

(ခင်လေးငယ်)

Monday, June 2, 2008

ရှေ့သို့တိုးရန်..

ခင်လေးရေ အမှတ်တရနေ့လေးပေါ့နော်..

နင်ရေးချင်တာရေး ငါလည်းရေးချင်တာရေးမယ်..

နင်တွေးချင်ရာတွေး ငါလည်းငေးချင်ရာငေးမယ်..

(ကိုရင်နော်)