မနေ့ညက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခဲ့လို့ မနက်အစောကြီးထဲက နိုးနေခဲ့တာ... မျက်လုံးလေးတွေတောင် မို့အစ်လို့...။ ပုဂံရဲ့ နိုဝင်ဘာမနက်ခင်းက နည်းနည်းတော့ ချမ်းစိမ့်စိမ့်လေးပါ။ မျက်နှာသစ်၊ ဘုရားကိုဦးချ၊ အနွေးထည်လေးကို ကောက်ဝတ်ပြီး ဝရမ်တာကို ထွက်ခဲ့တယ်...။ မြင်ကွင်းထဲက ဧရာဝတီက ဖြူလွှလွှပုဝါပါးလေးကို ခြုံထားသလိုပါဘဲ.. ရင့်ကျက်တဲ့ အမျိုးသမီး တစ်ယောက်ကို ငေးကြည့်နေရသလိုမျိုး တည်ငြိမ်မှုတွေနဲ့ ဣနြေ္ဒရှိရှိလှနေပါတယ်။
လှေလေးတစ်စင်းက သူ့ပုဝါပါးလေးပေါ်မှာ တွယ်တက်နေတဲ့ ပိုးတီကောင်လေး တစ်ကောင်လို လူးလူးလွန့်လွန့်လေး..။ အခန်းရှေ့က လမ်းလေးပေါ်မှာ လေယာဉ်ကွင်းကိုသွားမည့် ဧည့်သည်တစ်ချို့ ထွက်သွားကြတယ်..။ ဆက်ပြီးငေးနေဆဲမှာဘဲ ခပ်မှန်မှန် လမ်းလျှောက်လာတဲ့ အမျိုးသားတစ်ယောက်ကို လှမ်းတွေ့ရပါတယ်.. သူပါဘဲ...။ ဒါဆိုသူလည်း ဒီ..ဟိုတယ်မှာပဲ တည်းတာပေါ့။ ကျမကိုတွေ့တော့ သူ့ခြေလှမ်းတွေရပ်သွားတယ်..။
“မောနင်းပါ”“မင်္ဂလာပါရှင်”“အစောကြီး နိုးနေတာလား”“ဟုတ်ကဲ့”“မင်းတော့ အညို့ခံထားရပြီထင်တယ်”“ရှင်......”ကြောင်အမ်းအမ်းနိုင်သွားတဲ့ ကျမကိုပြုံးကြည့်ရင်း..
“ဒီ..ဧရာဝတီကလေ...”“.............”ကျမပုံစံက လူမိသွားတဲ့ ကလေးတစ်ယောက်လို နည်းနည်းလေး ရှက်ကိုးရှက်ကန်း ဖြစ်သွားလားမသိ။ ခပ်သော့သော့နဲ့ ရယ်နေတဲ့ သူ့မျက်နှာကို ကျမခဏ ကြည့်ဖြစ်သွားတယ်..။ ဂုတ်ပေါ်မှာ ထောက်နေတဲ့ ဆံပင်လေးတွေက ဖြောင့်မနေဘူး.. သူ့မျက်နှာကျက နည်းနည်းတော့ အနောက်တိုင်း ဆန်နေသလိုဘဲ..။ သူလည်း ကျမကို ကြည့်နေခဲ့လားမသိ..။ သူကျမကို ပြောတဲ့ စကားက...
“ဆံပင်တွေတောင် မဖြီးနိုင်ခင် ဧရာဝတီရဲ့ ဖမ်းစားတာခံနေရပြီထင်တယ်”“ဟုတ်....”
“ကိုယ်လည်းမင်းလိုပါဘဲ.. သူနဲ့ နီးသထက်နီးမဲ့ နေရာအထိ လမ်းတွေလျှောက်မလို့”“ရှင်လည်း ကျမလို အညို့ခံရသူ တစ်ယောက်ဘဲ မဟုတ်လား”သူက ကျမမျက်နှာကို ဝန်ခံတဲ့ အကြည့်တွေနဲ့ လှမ်းကြည့်ပြီး...
“ပျော်စရာ နေ့လေးဖြစ်ပါစေ”“.............”သူနှုတ်ဆက်ပြီး ထွက်အသွားမှာဘဲ ကျမလည်း အခန်းထဲကို ပြန်ဝင်ခဲ့ပါတယ်..။ ဒီနေ့ ပုပ္ပါးတောင်ကိုသွားဖို့ စီစဉ်ထားပြီးသား..။ “စုစု”တို့ နိုးတာနဲ့ ဟိုတယ် ကကျွေးတဲ့ မနက်စာစားပြီး သွားကြမှာပါ။ ကားစထွက်တော့ ရှစ်နာရီလေးဆယ်။ ကုန်ကားလို ကားကြီးတွေရဲ့ အမိုးတွေပေါ်မှာ လူတွေအများကြီး ထိုင်ပြီးစီးသွားတာကို မြင်ရတိုင်း “စုစု”တို့က သဘောတွေကျလို့...။ လူတွေပြည့်ကျပ်နေအောင် တင်လာတဲ့ ထော်လာဂျီ တစ်စင်း ဖြတ်အသွားမှာတော့ “မိစုနဲ့မိပိုး” ပါးစပ်အဟောင်းသားလေးတွေနဲ့ပေါ့... အဲဒါ... ဘာကြီးလဲဆိုတဲ့ မျက်လုံးပြူးကြီးတွေနဲ့ ကျမကိုလှမ်းကြည်ြ့ကပါလေရော...။ သူတို့ဖြစ်သွားတဲ့ တအံ့တသြ မျက်နှာလေးတွေကို ကျမ အမိအရ ဓါတ်ပုံရိုက်ယူရင်း မောနေအောင် ရှင်းပြရပြန်ပြီ..။
တစ်နာရီကျော်ကျော်လောက် မောင်းအပြီးမှာ ဦးလေးမြင့်က ထန်းတောထိပ်က “ဝိုင်း” ဆိုတဲ့ ထမ်းလျှက်ချက်တဲ့ ဆိုင်လေးမှာ ရပ်ပေးတယ်။ ကားလေးအရပ်မှာ ကားအရှိန်နဲ့ နောက်ကလွင့်ပါလာတဲ့ ဖုန်တွေငြိမ်သွားမှ တံခါးဖွင့်ဆင်းဖို့ မှာထားပေမဲ့ ကျမတို့ မလိုက်နာခဲ့ကြပါဘူး..။ ဆိုင်လေးရဲ့ရှေ့မှာ နွားကြီးတစ်ကောင်နဲ့ နှမ်းဆီကြိတ်တဲ့ ဆုံလည်အကြီးကြီးရှိပါတယ်။ ဆိုင်လေးကို ထန်းလက်တွေနဲ့မိုး ထန်းလက်တွေနဲ့ကာပြီး ဆောက်ထားတာ အရမ်းချစ်ဖို့ကောင်းပါတယ်..။ ဆိုင်ဆိုတာထက် တဲပြန့်ပြန့်အကြီးကြီးလိုပါ..။
ဆိုင်လေးရဲ့ အဝင်ဝမှာ သစ်လုံးကြီးတစ်ခုကို အဝိုင်းလိုက်ဖြတ်ပြီး စားပွဲလေးလို ခင်းထားတယ်..။ အဲဒီ သစ်လုံးစားပွဲဝိုင်းကြီးပေါ်မှာ သနပ်ခါးကျောက်ပြင်ကြီးတစ်ခု.. ထန်းလက်ဖာလေးတွေထဲမှာ သနပ်ခါးတုံးတွေကို စီစီရီရီ ထောင်ပြီးထည့်ထားတယ်.. သစ်သားဘောင်လေးကွပ်ထားပြီး သနပ်ခါးစက်တွေ ပေနေတဲ့ ခပ်မှုန်မှုန် မှန်ဟောင်းလေးတစ်ချပ် လည်းရှိနေတယ်.. လာတဲ့ဧည့်သည်တွေ သနပ်ခါးသွေးပြီး လိမ်းနိုင်အောင်လို့ ရေခွက်လေးတစ်ခုပါ အဆင်သင့် တင်ထားပေးတာပါ..။
“စုစု” နဲ့ “ပိုးပိုး” က သနပ်ခါးကို သိနေခဲ့ပြီးသား.. မေမေ့အိမ်မှာ သူတို့လိမ်းခဲ့ဖူးတယ်လေ။ ကျမလိုဘဲ သနပ်ခါးနံ့သင်းသင်းလေးကို အရမ်းနှစ်သက်ကြသူတွေပါ...။ ဘယ်လိုသွေးရတယ်.. ဘယ်လိုလိမ်းရတယ်.. ညှိရတယ် ဆိုတာကအစ ထွေထွေထူးထူး သင်ပေးစရာ မလိုတော့..။ ကျောက်ပြင်ကြီးရှေ့မှာ အကျအနထိုင်ပြီး သနပ်ခါးသွေးနေတဲ့ “စုစု” ပုံစံက ပိုင်ပိုင်နိုင်နိုင်နဲ့ သူ့အိမ်ကျနေတာပါဘဲ။ သူပြီးမှ ကျမအလှည့်ရောက်မှာမို့ စောင့်နေလိုက်တယ်..။ “မိပိုး” ကတော့ နှမ်းကြိတ်တဲ့ ဆုံလည်ကြီးကို လှည့်နေတဲ့ နွားကြီးနောက်က လှည်းလေးပေါ်မှာ အခန့်သားထိုင်ပြီး ပြုံးဖြီးဖြီးကြီးလိုက်စီးလို့ပေါ့...။ ပျော်နေတဲ့ သူတို့မျက်နှာလေးတွေကို ကြည့်ရင်း ကျမအရမ်းကြည်နူးမိရပါတယ်..။
“ရပြီ..လိမ်းတော့” ဆိုပြီး “မိစု”က နေရာကထပြီး ကျမကိုအလှည့်ပေးတယ်..။ သူ့မျက်နှာကို လှမ်းကြည့်တော့ မစိုမခြောက် သနပ်ခါးဘဲကြားနဲ့..။ “အဟိ”... ကျမအသံထွက် ရယ်မိသွားပါတယ်..။ မယ်မင်းကြီးမကတော့ ခပ်တည်တည်ပါပဲ..။ ကျမကိုတောင် ချစ်စဖွယ် မျက်စောင်းလေးတစ်ချက် လှမ်းထိုးပြီး ထွက်သွားလေရဲ့..။ ကျမစိတ်ရှည်လက်ရှည်နဲ့ သနပ်ခါးကို ညက်နေအောင် သွေးလိုက်တယ် ပါးနှစ်ဖက်ပေါ်မှာ ပါးကွက်လေးကို ဘဲဥပုံလေးကွက်မယ်ပေါ့....
သင်းပျံ့တက်လာတဲ့ သနပ်ခါးနံ့လေးတွေကို ကြည်နူးစွာရှူရှိုက်ရင်း ကျေနပ်တဲ့စိတ်တွေနဲ့ မျောသွားပြန်တယ်..။ ပါးကွက်ကွက်အပြီး ပါးနှစ်ဖက်ပေါ်မှာ ညီမညီ ဘယ်ညာ ခေါင်းလေးကိုယိမ်းလို့ မှန်ထဲကိုကြည့်.. ဆံပင်စုတ်ဖွားလေးကို လက်နဲ့သပ်တင် မှန်ထဲကို ပြုံးပြီးပြန်ကြည့်နဲ့ တစ်ယောက်ထဲ အလုပ်တွေတော်တော် ရှုပ်နေမိတယ်။ ကျေနပ်သွားပြီး ထတော့မယ်လုပ်မှ စိတ်ထဲမှာ တစ်မျိုးလေးဖြစ်လာတယ် တစ်ယောက်ယောက်က ကျမကိုကြည့်နေသလိုလို စိတ်ထဲမှာမလုံမလဲနဲ့..။
နည်းနည်းရှက်သလိုလို အသိနဲ့ ဘေးဘီကို ဝြေ့ကည့်မိတယ်ဆိုရင်ဘဲ... ကျမကိုစိုက်ကြည့်ုနေတဲ့ မျက်ဝန်းတစ်စုံ..။ ရင်ထဲမှာ လှပ်ကနဲဖြစ်သွားတယ်...။ ဘယ်အချိန်ကတည်းက သူတို့ကားက ရောက်နေခဲ့တာလဲ..!! ဘာကိုမှ သတိမထားမိလောက်အောင် ကျမသနပ်ခါးတွေလိမ်း အလှတွေ ပြင်နေခဲ့တာပေါ့..။ ကျမလှုပ်ရှားမှုတွေအားလုံးကို ရှင်.. အစအဆုံးများ ကြည့်နေခဲ့တာလား..!! ကျမကို ကြည့်နေတဲ့ မျက်ဝန်းတွေက နူးညံ့သိမ်မွေ့နေလိုက်တာ..။ ရှင့်မျက်ဝန်းတွေထဲမှာ စကားလုံးတွေ ရှိနေတာအသေချာပဲ..။
ပတ်ဝန်းကျင်ကိုမေ့ပြီး ပျော်နေတဲ့ ကလေးလေးတစ်ယောက်ကို ငေးကြည့်နေခဲ့တဲ့ လူတစ်ယောက်လိုမျိုး... နူးညံ့မှုတွေအပြည့်နဲ့.. ရှင့်မျက်နှာပေါ်က ပြုံးနေတဲ့ နှုတ်ခမ်းတွေပေါ်မှာရော.. လှောင်ရယ်လိုမှု ဆိုတာတွေ ဘာမှရှိမနေပါဘူး...။ ကျမရှက်ပြုံး ပြုံးရင်း မျက်လွှာချလိုက်မိတယ်။ ပါးလေးတွေနွေးလာတယ်.. မကြည့်ရဲတော့ဘူး ကျမရှက်နေခဲ့တာလား.. ပါးလေးနှစ်ဖက်ပေါ်က စိုနေသေးတဲ့ ပါးကွက်လေးတွေတောင် ခြောက်သွားတာ မြန်လွန်းနေသလိုလို... ရင်ခုန်သံတွေ မြန်လာတာကို သတိထားမိနေတယ်.. လွင့်ပျံ့တက်လာတဲ့ သနပ်ခါး ရနံ့တွေကြောင့်လား...!! ဒီတစ်ခုတည်းကြောင့်တော့ မဟုတ်နိုင်ဘူးထင်ပါတယ်..။ ဟင့်အင်း.... ဒါဆိုရင်......!!
ဆက်ရန်...
(ခင်လေးငယ်)