
ကြောင်ကလေးနဲ့ ကျမ ပထမဦးဆုံး တွေ့ဆုံတဲ့နေ့က မိုးလေးတွေ ဖွဲဖွဲလေးရွာနေတဲ့ ကျောင်းပိတ်ရက်လေး တစ်ရက်ဖြစ်ပါတယ်..။ အလုပ်တွေလည်း ထွေထွေထူးထူး မရှိတော့ အခန်းလေးထဲမှာ တစ်နေကုန် ရှိနေခဲ့တဲ့ နေ့လေးတစ်နေ့ပေါ့..။ အိပ်ခန်းထဲက မှန်ပြူတင်းပေါက် အကြီးကြီးရှေ့မှာ ကွန်ပျူတာစားပွဲလေးရှိတယ်.. ပန်းရောင်လိုက်ကာကြီးကို ကြိုးလေးနဲ့ဆွဲဖယ်ပြီး တံခါးကိုဖွင့်လိုက်တာနဲ့ နှင်းဆီပန်းအိုးလေးတွေ စီစီရီရီထားထားတဲ့ ဝရမ်တာလေးရှိနေတယ်.. ကွန်ပျူတာလေးရှေ့မှာ ထိုင်နေရင်း မိုးဖွဲလေးတွေ ရွာနေတယ်ဆိုတဲ့ အသိရယ် မိုးနံ့လေးတွေကို ရူရှိုက်ချင်တဲ့စိတ်ရယ်နဲ့ ကျမအခန်း ပြတင်းပေါက်ကို ဖွင့်ထားလိုက်တယ်...။
ကွန်ပျူတာကို ဖွင့်ထားရင်း မိုးဖွဲသေးသေးလေးတွေက နှင်းဆီပန်းလေးတွေကို နှုတ်ဆက် ဆော့ကစားနေတာ ငေးနေမိတယ်..။ သူတို့မျက်နှာပ်ါမှာ မထိတထိနဲ့ လာရောက်ကြည်စယ်နေတဲ့ မိုးမှုန်လေးတွေကို နှင်းဆီပန်းလေးတွေက ပြုံးပြီးကြိုနေသလို...။ ပန်းလေးတွေ ပြုံးနေတာကို မြင်နေရတာ သိပ်ချစ်ဖို့.. ကြည်နူးဖို့ကောင်းတယ်...။ အဲဒီအချိန်လေးအတွင်းမှာ.. ဗြုန်းဆိုပြီး ပြတင်းပေါက်ဘောင်လေးပေါ် သူတက်လာခဲ့တာပေါ့..။ ရုတ်တရက်တော့ ကျမလန့်သွားခဲ့တယ်.. ချစ်စရာကောင်းတဲ့ ကြောင်ဖြူဖြူလေးက လန့်သွားတဲ့ကျမကို မျက်လုံးလေး အဝိုင်းသားနဲ့ ကြည့်နေတယ်.. သူ့ကိုကြည့်ရတာ ကျမကို ရင်းနှီးပြီးသားလိုပါဘဲ.. လုံးဝစိမ်းမနေပါဘူး..။ ဘေးအခန်း တစ်ခန်းခန်းက ကြောင်ကလေးတစ်ကောင် ဖြစ်နိုင်ပါတယ်.. ကျမသူ့ကို ပြုံးကြည့်ပြီး လက်လေးကမ်းလို့ ကြိုလိုက်တာနဲ့ ညင်ညင်သာသာ ခြေလှမ်းဖွဖွလေးတွေနဲ့ ကွန်ပျူတာလေး ဘေးနားအထိ သူရောက်လာခဲ့တာ....။
သူ့ကို ထွေးပိုက်ပွတ်သတ်မိလိုက်တာနဲ့ ခေါင်းလေးဝှေ့ပြီး မျက်လုံးလေးတွေ မှေးစဉ်းနေအောင် သူကျေနပ်နေခဲ့ပါတယ်....။ ပထမဦးဆုံး တွေ့ဆုံတဲ့နေ့မှာပဲ ကြောင်ဖြူဖြူလေး တစ်ကောင်ဟာ ကျမရင်ထဲအထိ နက်နက်ရှိုင်းရှိုင်း နေရာယူသွားခဲ့တာ ဆိုရမယ်ပေါ့...။ ဒီလိုနဲ့ ကျမနဲ့သူ ရင်းနှီးမှုတွေစလို့ သံယောဇဉ်တွေ ပျိုးခဲ့ကြတော့တာပဲရယ်...။ အဲဒီနေ့လေးကစလို့ အိမ်မှာ ကျမရှိနေတဲ့ နေ့တိုင်း၊ အချိန်တိုင်း အိပ်ခန်းပြတင်းပေါက်လေးကို ဖွင့်ထားတတ်သလို.. ပြတင်းပေါက်လေးဖွင့်တာနဲ့ ချက်ချင်းဘဲ သူလေးကလည်း ခုန်ပေါက်ကာ ရောက်လာတတ်နေပြီ...။ သူဟာ ကျမပြူတင်းပေါက်လေး ဖွင့်မယ့်အချိန်ကို စောင့်နေတတ်တဲ့ ကြောင်ဖြူဖြူလေးပါဘဲ...။ ကွန်ပျူတာ စားပွဲလေးပေါ်ကနေ ကျမအိပ်ခန်းလေးအတွင်းမှာ ခုန်လိုက်.. ပေါက်လိုက်နဲ့ ခြေဆန့်လည်ပတ် စပ်စုတတ်တဲ့ အထိ ကြောင်လေးဟာ ကျမကို ရင်းနှီးနေပြီ....။
ကျမ စာတွေကျက်နေတတ်တဲ့အခါမျိုး ဒါမှမဟုတ်.. ကွန်ပျူတာရှေ့မှာ ထိုင်ရင်း ဇယားတစ်ခုခုကို ဆွဲနေမိချိန်မျိုးတွေဆိုရင် ကျမဘေးမှာ ခေါင်းလေးပုပြီး သူ ငြိမ်ငြိမ်လေး နေပေးတတ်တယ်..။ ဘယ်လောက်များ အလိုက်သိတတ်လွန်းတဲ့ ကြောင်လေးတစ်ကောင်ပါလဲ..။ တစ်ခါတစ်လေ On line မှာ ဖြစ်ဖြစ် ဖုန်းတစ်လုံးနဲ့ဖြစ်ဖြစ် သူငယ်ချင်းတွေနဲ့ စကားပြောတာ ကြာသွားပြီဆိုရင် သိသိသာသာ ကျမကိုနှောက်ယှက်ပြီ.. သူရှိနေတယ်ဆိုတာကို အသိပေးသလိုနဲ့ ကျမမျက်စေ့ရှေ့မှာ လမ်းသလားပြတယ်.. ကျမက တမင် မသိချင်ယောင် ဆောင်ပြပြန်တော့ ကျမခြေထောက်လေးတွေကို ပွတ်သီးပွတ်သတ်နဲ့ သူကစားပြမယ်...။
တစ်ခါတစ်လေ ကျမသူ့ကို အရမ်းနောက်ချင်၊ စချင်လာလို့ လုံးဝသတိမထားမိဟန်ဆောင် နေပြီဆိုရင်တော့ သူသီးမခံနိုင်တော့ဘူး.. အကြီးအကျယ် ကျမကို ဆန္ဒပြသောင်းကျန်းပြီ..။ ကျမစိတ်ကိုတင်းထားပြီး ဆက်နေနေမယ်ဆိုရင်တော့ “ဝုန်း” ဆို ပြတင်းပေါက်ဘောင်ပေါ်ကို ခုန်တက်ပြီး သူပြန်တော့မယ်ပေါ့...။ ချက်ခြင်းပြန်သွားတာမျိုးလည်း မဟုတ်.. အမြီးလေးကို ပုတ်ပုတ်ပြီး ကောက်ပြနေတာ.. တစ်ကယ့်လူသားလေး တစ်ယောက်လိုပါဘဲ.. သူအဲ့ဒီလောက်ထိ စိတ်ကောက်ပြရင်တော့ ကျမမနေနိုင်တော့.. လက်ထဲကဖုန်းကို ချက်ချင်းချပြီး ကျမသူ့ကို ချော့ရပါတယ်...။ သူပြတင်းပေါက်လေးပေါ်ကနေ ခုန်ဆင်းပြီး ပြန်သွားမှာကို ကျမ.. အရမ်းကြောက်တယ်ဆိုတာ သိနေတဲ့ ချစ်စရာကြောင်ဆိုးလေးပါဘဲ...။
တစ်ခါတစ်လေ ကျမသူ့ကို စကားတွေလှမ်းလှမ်း ပြောဖြစ်သေးတယ်.. သူကျမ စကားကို နားလည်နေသလို သူ့အမြီး ဖွားဖွားလေးကို တစ်ဘုတ်ဘုတ်နဲ့ ထောက်ခံနေတဲ့ ပုံစံလေးနဲ့... သိပ်ချစ်ဖို့ကောင်းတယ်..။ စိတ်ညစ်စရာတွေ ကြုံလို့ မျက်ရည်ကျပြန်တော့ သူစိတ်မကောင်း.. ကျမနည်းနည်းလေး အငိုတိတ်ပြီဆိုတာနဲ့ ကျမပေါ်ခုန်တက်လာပြီး သူ့မေးလေးနဲ့ ပွတ်သတ် ဖြေသိမ့်တတ်သေးတာရယ်..။ ကျမအခန်းထဲက ရေခဲသေတ္တာထဲမှာ သစ်သီးတွေသာ နေရာယူ များတတ်တာပါ.. Pet Food နဲ့တူတာဆိုလို့ ထမင်းခြောက်ခဲလေးတောင် ရှိမနေတတ်ဘူး.. ခုတော့ ရေခဲသေတ္တာဘေးက စတီး(လ်)စင်လေးပေါ်မှာ Pet Food ဗူးလေးတွေ အစီအရီနဲ့ ဖြစ်လို့နေပေါ့..။ လူသားတစ်ယောက်နဲ့ ကြောင်လေးတစ်ကောင်ရဲ့ ရင်းနှီးခင်တွယ်မှု မေတ္တာဟာ တကယ်တော့ တော်တော်လေး ထူးဆန်းပါတယ်..။
ကျမသူ့ကို ဘေးမှာထားရင်း သစ်သီးတစ်ခုခုစားဖြစ်တိုင်း သူလည်း သစ်သီးလေးတွေကို လျှာလေးနဲ့ လိုက်တို့တတ်တာပါဘဲ.. တစ်ကယ်ဆိုရင်ကြောင်နဲ့ အေးစက်စက် သစ်သီးတွေနဲ့ ဘာဆိုင်လို့လည်းနော်... ဒါပေမဲ့ သူလည်း စားတယ်ဆိုတာမျိုး ကျမကို သိစေချင်တာနေမှာရယ်..။ ကျမအိမ်မှာ မရှိတဲ့နေ့လည်တွေတိုင်း သူဟာကျမ ဝရမ်တာလေးမှာ ဆော့ကစားနေတတ်တယ်..။ ညရောက်လာရင်တော့ သူ့အိမ်ရှင်တွေရဲ့ အခန်းကို သူ ပြန်သွားတာပါဘဲ..။ ဒီလိုနဲ့ ကျမ မြန်မာပြည်ကို ခဏပြန်ဖို့ ကိစ္စပေါ်လာတယ်.. ဒီဇင်ဘာတစ်လလုံး ကျမမိသားစုတွေနဲ့ အတူတူရှိနေပြီး ဇန္နဝါရီလလယ်ရောက်မှ ပြန်လာဖြစ်မှာပါ... Christmas မှာ ကျမကြောင်လေးနဲ့ အတူတူရှိမနေနိုင်ဘူး...။
ကျမသူ့ကို ကြိုပြီးလက်ဆောင်လေး တစ်ခုခုပေးချင်တယ်.. အမှတ်တရပေါ့..။ တစ်ချောင်းထိုးအပ် Set လေးတစ်စုံရယ်.. သိုးမွှေးအနီရဲရဲလေး နှစ်လုံးဝယ်ပြီး ကြောင်လေးအတွက် ဦးထုပ်လေး စထိုးတယ်..။ သုံးရက်နဲ့ဘဲ အဲဒီဦးထုပ် အနီရဲရဲလေး ထိုးပြီးသွားပါတယ်..။ ထုံးစံအတိုင်း ပြတင်းပေါက်လေးကို ဖွင့်လို့ ကြောင်လေးအလာကို ကျမကြာကြာ မမျှော်လိုက်ရပါဘူး သူရောက်လာခဲ့တယ်..။ ကျမသူ့ကိုပွေ့ထားရင်း လက်ဆောင်ဦးထုပ်လေးကို သူ့ခေါင်းလေးမှာ တယုတယ စောင်းပေးပြီး သူ့မေးစေ့အောက်မှာ ကြိုးလေးနဲ့ ဖွဖွလေးချည်ပေးလိုက်တယ်..။ ပါးစပ်ကလည်း ဒါကြောင်လေးအတွက် ကျမကိုယ်တိုင်ထိုးထားတဲ့ လက်ဆောင်လေးဆိုတာ တစ်ဖွဖွပြောနေမိရင်းပေါ့...။ သူလည်း အရမ်းကိုပျော်နေလေရဲ့..။ အမွှေးဖွား ဖြူဖြူစွတ်စွတ်လေးနဲ့ ကြောင်ကလေးဟာ သူ့ခေါင်းပေါ်က အနီရဲရဲဦးထုပ်လေးနဲ့ အရမ်းကို လိုက်ဖက်လွန်းနေတော့တာ..။ ချစ်စရာလေးပါ..။ ကျမသူ့ကိုပွေ့ထားရင်း ဓါတ်ပုံလေးရိုက်လိုက်တယ်..။ ချက်ခြင်းဆိုသလိုဘဲ အဲဒီပုံလေးကို Computer Background လေးတင်လိုက်ပါတယ်...။
ကျမရဲ့ကြောင်လေးက မော်နီတာနားလေးကို ကပ်ကပ်သွားလိုက် ခေါင်းလေးကို စောင်းရင်း နှုတ်ခမ်းလေးနဲ့ နမ်းလိုက် ကျမဆီကို ပြန်ပြေးလာလိုက်နဲ့ သူအရမ်းကို ပျော်နေတာ သိသိသာသာပါဘဲ... ပုံလေးထဲမှာ ကျမကသူ့ကိုပွေ့ထားရင်း နှစ်နှစ်ခြိုက်ခြိုက်ပြုံးနေသလို ဦးထုပ်အနီလေးနဲ့ ကြောင်လေးကလည်း မျက်လုံးလေးအဝိုင်းသားနဲ့ Camera ကို စိုက်ကြည့်နေခဲ့တာရယ်...။ ကျမပေါင်ပေါ်ကို ပြန်တက်လာတော့ ကျမသူ့ကို စကားတွေ စပြောမိတယ်... ကျမမရှိတဲ့ အချိန်တွေမှာ လိမ်လိမ်မာမာနေခဲ့ဖို့ရယ်... ခွဲခွါနေရတာကြာနေတဲ့ မိသားစုနဲ့ ပြန်တွေ့ချိန် အိမ်မှာပျော်နေရင်းနဲ့တောင် ကျမကြောင်လေးကို သတိရနေမိမှာ ဆိုတာတွေရော အစုံပါဘဲ...။
ပထမတော့ သူက ကျမမျက်နှာကိုမော့ကြည့်ရင်း ငြိမ်ပြီးနားထောင်နေတာ... ခဏနေတော့ ကျမပွေ့ထားတဲ့ လက်တွေထဲက ရုန်းထွက်ပြီး ခေါင်းကို ခပ်ကြမ်းကြမ်းရမ်းရင်း ဦးထုပ်လေးကို သူခါချလိုက်တယ်... ရုတ်တစ်ရက် သူ့အမူအယာတွေကို ကျမနားမလည်နိုင်ဘဲ ခပ်ကြောင်ကြောင် ဖြစ်နေတုန်းမှာ ကျမရှေ့က ကွန်ပျူတာ စားပွဲပေါ်ကိုခုန်တက်ရင်း ကျမနဲ့မျက်နှာချင်းဆိုင် သူထိုင်တယ်... ကျမမျက်နှာကို ခပ်တည်တည်နဲ့ သူအကြာကြီး စိုက်ကြည့်နေတယ်... ကျမသိလိုက်ပြီ... သူအရမ်းကြေကွဲနေပြီ... “ဟင့်အင်း ကျမလည်း ကြောင်လေးလိုပါဘဲ.....” စိုးထိတ်တုန်ရီစွာနဲ့ ထွက်လာတဲ့ ကျမရင်ထဲက စကားလေး မဆုံးခင်မှာ သူ.. အခန်းအပြင်ကို ရောက်သွားခဲ့ပြီ.. ကျမကို ခေါင်းငဲ့ကာ တစ်ချက်ပြန်ကြည့်ရင်း ပြတင်းပေါက်လေးပေါ်က ခုန်ဆင်းသွားတယ်...။
ကြောင်လေးကျမကို တကယ် ထားသွားခဲ့ပြီ.. မျက်ရည်တွေ အလိုလို ကျလာတော့တယ်.. သူစိတ်ကောက်သွားတာပါ.. စိတ်ပြေတာနဲ့ ကျမဆီပြန်လာမယ်လို့ မျှော်လင့်ချင်သေးတယ်... ဒါပေမဲ့ အဲဒီနေ့ကစလို့ ချစ်စရာကြောင်ဖြူဖြူလေးဟာ ကျမကို ထားသွားခဲ့ပါပြီ..။ ကြောင်လေးတစ်ကောင်ကြောင့် မစားနိုင်မသောက်နိုင်.. မအိပ်နိုင်.. လွမ်းဖျား ဖျားပြီး ဆေးခန်းပြလိုက် ရတဲ့အထိ ဖြစ်ဖူးတယ်ဆိုရင် ဘယ်သူယုံနိုင်မှာလဲ...!! လိုက်ရှာပါသေးတယ်.. ကျမဘေး အခန်းလေးတွေအထိ သွားပြီး ကြောင်လေးကို ရှာမိတယ်... ဒါပေမဲ့..........။
သံယောဇဉ်ဆိုတာ တကယ့်ကို ကြောက်ဖို့ ကောင်းတဲ့အရာပါ... ပူလောင်လိုက်တာလေ... အပူမီးတွေပါပဲ.. ကြောင်လေးတစ်ကောင်ကို လွမ်းစွတ် တမ်းတစိတ်တွေနဲ့ ကျမ လောင်ကျွမ်းလို့ပေါ့.. ဒီနေ့ထက်ထိ ကြောင်လေးပြန်လာဖို့ကို ရူးသွပ်စွာစောင့်မျှော်နေမိဆဲပါပဲ... အခန်းလေးမှာ ရှိနေချိန်တိုင်းလည်း ပြတင်းပေါက်လေးကို ဖွင့်ထားမိနေဆဲ.... ရေခဲသေတ္တာလေးဘေးက စတီးစင်လေးပေါ်မှာလည်း ဖုံတက်နေတဲ့ Pet Food ဗူးလေးတွေ အစီအရီ တင်ထားနေမြဲ... သူခဏတာလေးသာ စောင်းသွားခဲ့တဲ့ ဦးထုပ်နီနီလေးကို တယုတယနဲ့ သိမ်းထားမိနေဆဲ... ကျမရဲ့ ကွန်ပျူတာမော်နီတာလေးပေါ်က သူ့ပုံရိပ်လေးဟာလည်း ခုထက်ထိ ဒီအတိုင်းလေးဘဲဆိုတာ......။
ဟော.... မိုးဖွဲလေးတွေ ကျလာပြန်ပြီကွယ်.....ကျမလေ.....။
(ခင်လေးငယ်)




