Monday, October 27, 2008

ချစ်သူသို့....


ခွဲခွါရခြင်းတစ်ခုမှာ အပြစ်ဆိုတာ ရှိခဲ့မယ်ဆိုရင် ကျွန်မတစ်ယောက်ထဲသာ ခံယူချင်သူရယ်... လက်ဆုပ်လက်ကိုင် ကိုင်တွယ်ခွင့် မရတဲ့အရာတွေဟာ ကျွန်မတို့ဘေးနားမှာ မြူခိုးတွေလိုဘဲ တဝေ့ဝေ့နဲ့ရစ်ဝိုင်းလို့... တစ်ခါတစ်ခါ မိုးတွေအဖြစ်.. တစ်ခါတစ်လေတော့ ရွက်ဝါတွေခြွေ “လေ” တွေအဖြစ်... ဒီလိုနဲ့ ကျွန်မတို့တွေ ဖြတ်ကျော်လာကြတာ ရာသီတွေ ဘယ်နှစ်ကြိမ်“ပြောင်း”... ရွက်ဟောင်းတွေ ဘယ်လို“ကြွေ”လို့ ရွက်သစ်တွေ ဘယ်နှစ်ရွက်“ဝေ”ခဲ့ပြီလဲ..!! သူ့ဟာသူ“ပြောင်း”နေ... “ကြွေ”နေ... “ဝေ”နေကြတာပါ.. ကျွန်မတို့တွေကတော့ မပြောင်းလဲတဲ့ ဒီစိတ်တွေနဲ့ဘဲ ခွဲခွါခြင်းကို ရင်ဆိုင်ဖို့ အချိန်တန်ခဲ့ပြီပေါ့...!!


ဘဝဆိုတာကြီးနဲ့ ယှဉ်ပြီးကျွန်မ မပြောလိုဘူး... ဒါပေမဲ့... ပြောဖို့ လိုအပ်နေမလားဘဲ... ရစ်နှောင်မှုတစ်ခုကို ပျိုးခဲ့တဲ့လက်လေးတွေ ဘယ်နှစ်စုံရှိနေလဲ..!! နွေးထွေးတဲ့ ရှင့်လက်လေးတစ်စုံရယ်... လက်သည်းရှည် ဆူးဆူးလေးတွေနဲ့ ကျွန်မလက်ဖဝါးတစ်စုံရယ်လေ... နော်...!! မြတ်နိုးစွာ ကျေနပ်ခဲ့ကြတဲ့ ရာသီတွေမှာ ပွင့်ဖူးတဲ့ ပန်းတွေကိုရည်တွက်ဖူးလား... တိတ်တခိုးနဲ့ လျှောက်ဖူးတဲ့ လမ်းတွေပေါ်မှာ ရွာချတဲ့ မိုးစက်တွေရော ဘယ်နှစ်စက်လည်းဆိုတာ ရည်တွက်ဖူးကြလို့လားကွယ်... ကျွန်မတွေ့ထိဖူးတဲ့ နှင်းပွင့်လေးတွေအကြာင်း ပြောမိတိုင်း ရှင်. အမြဲပြောတတ်တယ်နော်... ကျွန်မနဲ့အတူတူ ကိုင်ကြည့်ချင်လိုက်တာလို့လေ.... ကျွန်မကပဲ စီကာပတ်ကုံး အပြောကောင်းလို့လား.. ရှင် ကပဲ ရှင့်အတွေးနဲ့ရှင် ကျွန်မစကားတွေမှာ ပျော်ဝင်လွန်ခဲ့တာလားမသိ... ကုန်သွားတဲ့ စက္ကန့်တွေအများကြီးကို မေ့ထားခဲ့ကြတာ.... ဟုတ်တယ်နော်...!!


အိပ်မက်မဟုတ်ခဲ့ပါဘူး.. အိပ်မက် ဆိုစေဦး လက်တွေ့ ဘဝတွေထဲမှာပါကွယ်...။ ကလေးတွေမဟုတ်သလို ချစ်ခြင်းတွေနဲ့ ကခုန်နေတဲ့ ရင်ခုန်သံတွေမှာ လူကြီးလည်း မဆန်ခဲ့ကြဖူးဘူး... တမ်းတစိတ်နဲ့ ကောင်းကင်ကို မော့ကြည့်ဖြစ်ခဲ့ချိန်မှာ ရှင် ကျွန်မ ကြည့်နေရာကိုပဲ ငေးကြည့်နေခဲ့ တာပဲမဟုတ်လား.. နှုတ်ခမ်းတွေကို ပိတ်လို့ စကားသံတွေ ဆိတ်နေကြမယ်... ကျွန်မတို့အနား ဝေ့ကာဝိုက်နေတဲ့ လေပြေတွေက သယ်ယူလာတာ ထုံအီလှပနေတဲ့ ချစ်ခြင်းရနံ့တွေပဲ...။ တင်းသထက်တင်းအောင် စေ့မိတဲ့ နှုတ်ခမ်းနှစ်လွှာရဲ့ အသိဟာ သက်ပြင်းနဲ့ နိဂုံးချုပ်သွားတယ်... ချစ်ခြင်းတစ်စရဲ့ အဆုံးမှာ ချုပ်မဲ့ “နိဂုံး” အကြောင်းကိုတော့ ကျွန်မတို့ ဘယ်တော့မှ မဆွေးနွေးကြဘူးပဲကွယ်... ဟန်ဆောင်မှုကင်းစွာ လွတ်လပ်ပေါ့ပါးစွာ အေးဆေးဟန်ဆောင်လို့  ရယ်မောချလိုက် တြတာလေ... ချစ်ခြင်းကိုအခြေခံတဲ့ အမူအယာတွေနဲ့ တီတီတာတာချွဲနွဲ့လို့ အမူပိုပို စိတ်တွေကောက်လို့...  ဝန်တိုမှုတွေနဲ့ မျက်မှောင်တွေကုတ် စိတ်တွေရှုပ်လိုရှုပ်နဲ့ပေါ့...!!

ဝေးလွင့်ခြင်းရဲ့နောက်ကွယ်မှာ တမ်းတခြင်းတွေနဲ့ မွတ်သိပ်နေသလို... သတိရခြင်းတွေလည်း ရင်မှာဖိနေမှာဘဲနော်... သေချာပါတယ် ကျွန်မတို့ကြားမှာ လုံးဝရှိဖို့ မဖြစ်နိုင်တော့တဲ့အရာဟာ... “မျှော်လင့်ခြင်း” ဆိုတာလေးပဲ...။ အကြိမ်ကြိမ် ရယ်မောခိုနားဖူးတဲ့ ရင်ခွင်ရဲ့အဝေးမှာ လူးလှိမ့်ငိုကျွေးနေမှာက ကျွန်မတို့ရဲ့ အပြစ်မဲ့တဲ့ နှလုံးသားတွေပဲ.. ဟုတ်တယ်..!! “တဖျစ်ဖျစ်” နဲ့ ခြောက်ကပ်အက်ကွဲလာချိန်မှာ “တစိမ့်စိမ့်” နဲ့ စို့တက်လာမဲ့ သွေးစလေးတွေကြောင့် သူတို့နာကျဉ်နေမှာ တပ်အပ်သိနေတယ်... ဒီအဖြစ်ဟာ ထုံဆေးမရှိဘူး...!! ဒါဟာ.. အစိမ်းသက်သက်...!! တစ်စဆီ... တစ်မျှင်ခြင်း... တစ်လွှာခြင်း... တစ်ထပ်ခြင်း... ပါးသထက်အပါးခံရမှာ...။ ခွဲခွါခြင်းဟာ ကျွန်မတို့ဆီအလာမှာ ဘယ်လောက်ပဲ နူးညံ့သိမ်မွေ့ပါစေဦး..... ကျွန်မတို့ကတော့..... “တစ်စစီ စုတ်ပြတ်ပြီး ဝုန်းဒိုင်းကြဲလို့ မိုးမည်းတွေရွာချ”... ကျွန်မထပ်ပြောပါရစေ.....။

“ခုံရုံးတင်ပါ...... တရားခံဖြစ် ချင်သေးတယ်”
“ဆွဲချက်ပြင်းပါစေ.... ညင်သာစွာခေါင်းငြိမ့်ချင်သေးတယ်”
“ပြစ်ဒဏ်ချလိုက်ပါ.... တစ်သက်တစ်ကျွန်းမှာ နေနေချင်သေးတယ်”
“ခေါင်းမာခွင့်ပြုပါ.... တိတ်တဆိတ် ကြေကွဲနေချင်ပါသေးတယ်


ဒီလိုနဲ့ ဝေးသွားတဲ့အခါ... ခွဲခွါခြင်းတစ်ခုကို ဖန်တီးသူ တရားခံစစ်စစ် ကျွန်မ သာလျှင်ဖြစ်ပါရစေ... ...။
တချိန်ချိန်မှာတော့ ရှင်နားလည်နိုင်မှာပါ... ... ... ... ... ... ...။




(ခင်လေးငယ်)

Friday, October 17, 2008

အတိတ် + ပစ္စုပ္ပန် + အနာဂတ် = အတိတ်

နားလည်တယ်ဆိုတဲ့ မင်းစကားတစ်ခွန်း နားမှာကြားနိုင်ဖို့ တစ်ခုတည်း အတွက်နဲ့ နားလည်ပေးပါလို့ ငါတောင်းပန်ခဲ့တာမှ မဟုတ်တာ...။ အတိတ်ဆိုတာ အတိတ်မှာဘဲ သူ့ဟာသူ နေနေတာပါ... အခုငါတို့တွေရဲ့ ပစ္စုပ္ပန်ဟာ တချိန်မှာ အတိတ်ဖြစ်သွားမှာလေ.. လာမယ့်အနာဂတ်ဆိုတဲ့ အရာဟာလည်း ငါတို့ရဲ့ ပစ္စုပ္ပန်ဖြစ်လာဦးမှာ... အချိန်တွေရွေ့လာတာနဲ့အမျှ အတိတ်တွေသာ ထပ်လာဦးမှာ....။ အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂတ်ဆိုတာ တစ်ကယ်တမ်းတော့ အချိန်ရဲ့ လှည့်စားမှု တစ်ခုလား....!! ငါမဲ့ပြုံးမပြုံးတတ်ဖူး လွတ်လပ်စွာကြေကွဲတတ်သူ....။

“ငါ့ ကောင်းကင်မှာ ကြယ်တွေတောက်ဖူး သလို
ငါ့ မျက်နှာကျက်ဟာ ကြပ်ခိုးတွေနဲ့ မွန်းကြပ်ခဲ့ဖူးတာလေ..”

“ငါ့ နံရံမှာ ပန်းတစ်ခင်းချယ်သဖူး သလို
ငါ့ အသက်ရှူသံတွေလည်း ဘီလူးစီးခဲ့တာပဲ မဟုတ်လား..!!”

“မင်းရယ်သံတွေဟာ သီချင်းတစ်ပုဒ်ဖြစ်ခဲ့ သလို
ငါ့ အလွမ်းတွေနဲ့ ငါ့ ဝိညာဉ်ဟာ ထွက်ပေါက်မဲ့ခဲ့ဖူးတယ်..”

မှော်အတတ်ကို ငါမတတ်ပေမယ့် ငါဟာ တကယ်တော့ ၁၂ ကြိုးအောင်တဲ့ ကဝေမ ဖြစ်ခဲ့ဖူးတယ်ထင်ရဲ့.. အနာဂတ်ကို မြင်နိုင်တဲ့ ပညာရှင်တွေကို မေးစရာမလိုပဲ ငါသိနေတယ်... အကောင်းနဲ့ အဆိုးတွေကြားမှာ ဒွန်တွဲနေတဲ့ ကြိုးတွေအကြောင်း မင်းတို့ တကယ်နားလည်နိုင်လို့လား..!! ငါ့ကိုယ်ငါ ရယ်ချင်တယ်.. ရင်ခုန်နေတယ်.. ကြေမွနေတယ်.. မျက်ရည်ဝိုင်းနေတယ်.. ငါပြုံးနေတယ်.. ကြေကွဲနေတယ်.. မကြာခင် ငါဟားတိုက်ရယ်ဖြစ်မလား..!

Self Control တဲ့..!! ဘာကိုပြောချင်တာလဲ.. ငါမသိ ငါ့မှာမရှိ... ချစ်ခြင်းမှာ ငါ့လိပ်ပြာငါ လုံခဲ့တယ်... တပ်မက်မှုတွေကင်းခဲ့တယ်.. လောဘကင်းစွာ ရူးသွပ်ဖူးတယ်... အတွေးတွေကို ထင်ရာစိုင်းနေတတ်တဲ့ မိန်းမဟာ ငါမဟုတ်ဖူး..။ သေချာတယ် ငါဟာတစ်စုံတစ်ရာကို ကျေနပ်စွာ အလိုက်သင့် စီးမျောတတ်သူလည်း မဟုတ်ပြန်ဘူး..။ ထပ်တူပြုမှုတွေမှာ တစ်သားတည်းကျရင်း ကပ်ပါးကောင်လေး တစ်ကောင်လို တွယ်ကပ်ဖူးသူ....။

ငါဘာကို ကုစားဖို့ ဒါတွေရေးနေတာလဲ...!! လိုလို့လား..!! ငါ့မှာ ဒဏ်ရာရှိနေတာလား..!! ငါဘယ်သူ့ကို မေးနေတာလည်း..!! ငါ့ကိုယ်ငါလား..!! ဒါမှမဟုတ် ငါ့လက်ထဲက ဖန်ခွက်မှာ ပုံရိပ်ပေါ်နေတဲ့ ငါ့မျက်နှာနဲ့ မိန်းမကိုလား..!! သွားစမ်းပါ.. အသက်မဲ့လိုက်တာ... အော်ဂလီဆန်လိုက်တာ... ပေါက်ကွဲလိုက်စမ်းပါ.. ဘာကိုထိန်းချုပ်နေတာလဲ.. ဘာကိုလဲ..!! အဲဒီမိန်းမပေါ့.. ငါ့ကိုပြန်ထောက်ပြနေတာ.. “မင်းဟာ ခမ်းနားတဲ့ စာလုံးတွေကိုသုံးပြီး ရူးသွပ်နေသူ” ဟုတ်လားးးးး...!! ဟာ...ဟ... မင်းငါ့ကို ခပ်ထွေထွေ မျက်လုံးတွေနဲ့ နားစွင့်နေတာ ငါသိတယ်.. အေး ငါပြောမယ် နားထောင်လိုက်....။

“အခုအချိန်မှာ ငါဟာရူးသွပ်နေတယ် ဆိုဦးတော့ ဒီပစ္စုပ္ပန်ဟာ တစ်ချိန်ချိန်မှာ အတိတ် ဖြစ်သွားဦးမယ် ဒီစာသားတွေ ကင်းသွားမဲ့ အနာဂတ်ဟာလည်း ငါ့ပစ္စုပ္ပန် ဖြစ်လာဦးမှာ ဆိုတာ...”

အတိတ်ဖြစ်လာတော့မယ့် အရာရာဟာ နှင်းမှုံတွေလို တဖွဲဖွဲနဲ့....
၁ ~~~~~~ ထပ်ကျ
၂ ~~~~~~~~ ထူထပ်
၃ ~~~~~~~~~~ သိပ်သည်း
၎ ~~~~~~~~~~~~~ ကျစ်လစ်
၅ ~~~~~~~~~~~~~~~~ ပုံသထက်ပုံလာဦးမှာပေါ့.....။
~~~~~~ အဲဒီနောက်မှာတော့ ~~~~~~
၆ ~~~~~~
၇ ~~~~~~~~~~
၈ ~~~~~~~~~~~~~~
၉ ~~~~~~~~~~~~~~~~~~~
####~~ ကိန်းဂဏန်းတွေ ဘယ်လောက်ပဲဖြစ်ဖြစ်~~ ငါမငိုဘူး~~ သိလား~! မျက်ရည်ဝဲရုံလေးပါ...။

(ခင်လေးငယ်)

Wednesday, October 15, 2008

မေတ္တာများနှင့် ဟန်ဆောင်ခြင်း...


ညသန်းခေါင်ကျော် အချိန် ၁၂ နာရီ ၀၅ မိနစ်......။
ဟော မေမေ့ဆီ ဖုန်းလိုင်းဝင်သွားပြီ.....။ “တူ.တူ.... တူ.တူ....” ဆိုတဲ့ခေါ်နေသံကို ကျွန်မကြားနေရပြီ... ဒုတိယမြောက်ခေါ်သံလေး မဆုံးသေးခင်....

“မေမေ....”
“ဟယ်လို... သမီးလေး Happy Birthday ပါ ”
ကျွန်မ အတောင့်တရဆုံး မေမေ့ အသံလေး....။

“မေမေနာရီကြည့်ပြီး မျှော်နေခဲ့တာ”
“မေမေရယ်....”
ကျွန်မအသံတွေ တုန်ရီနေတာ... မေမေ မသိစေချင်ဘူး...။

“သမီးလေး မွေးနေ့မှာ ပျော်အောင်နေနော်”

“မေ.... ... .. .”
တုန်ရီနေတဲ့ ကျွန်မအသံလေး တိမ်ဝင်သွားပြန်ပြီ...။

“သမီး ဘဝမှာ သမီးလိုချင်တဲ့ အောင်မြင်မှုပန်းတိုင်ဆီ မေမေ့ မေတ္တာအားတွေနဲ့......”
“မေ..မေ”
ကတုန်ကယင် ကွှန်မအသံတွေကို ပညာသားပါပါနဲ့ မေမေ မသိချင်ယောင် ဆောင်ပေးနေတယ် ဆိုတာ ကျွန်မသိနေပါတယ် မေမေ..ရယ်။ အသက် (၆၀) အမျိုးသမီးကြီးတစ်ယောက်က အသက် (၃၀) အရွယ် မိန်းမငယ်တစ်ယောက်ကို အားပေးနေတာပါလား..!! မဟုတ်သေးဘူးမေမေ.. ကျွန်မတို့ လွဲနေပြီ... သမီးကသာ မေမေ့ကို အားပေးရမှာလေ...!! ကျွန်မအားတင်းလိုက်တယ် နောက်တစ်ကြိမ်ခေါ်မိပြန်ပြီ....
“မေ..မေ”
“သမီးလေးကို မေမေသာဓုခေါ်ပါတယ်ကွယ်..”

“မေမေ” 
ကျွန်မ အားရပါးရ ခေါ်မိလိုက်သံပါ... ရှိုက်သံတွေနဲ့ရောပြီး အကျယ်ကြီးထွက်လာတယ်.. ဒါပေမဲ့ ရင်ထဲမှာပါ..။ သမီး နှုတ်က မေမေ့ကို ကန်တော့ပါတယ်လို့ မထွက်ရသေးဖူးမေမေ.. မေမေရယ်... သမီးကို ဘာလို့... ဒီလောက်အထိ....!!!!

“လွန်ခဲ့တဲ့ အနှစ်(၃၀)တုန်းက ခုလိုအချိန်မှာ သမီးက မေ့ဗိုက်ထဲက ထွက်ချင်လွန်းလို့ ဆိုးနေခဲ့ပြီလေ... မေမေက သမီးဖေဖေကို ဂျီတွေတိုက်နေခဲ့ချိန်ပေါ့...”
ရယ်သံလေးစွက်ပြီး တက်ကြွသလို ပြောနေတဲ့ မေမေ့ စကားသံလေးတွေက နုငယ်နေပေမဲ့ ဆွေးမြေ့နေပြန်တယ်..။ မေမေလည်း ဟန်ဆောင်ပြီး အားတင်းနေတာ သမီးသိတယ်။ ကျွန်မထပ်ပြီး ကြိုးစားလိုက်တယ် ချစ်ခြင်းတွေ မေမေ့ကိုပြဖို့ တိုးတိုးလေး ခေါ်လိုက်မိတယ်..။ ကျွန်မမျက်လုံးတွေကို မှိတ်ပစ်လိုက်တယ်... မေမေ့ ပါးလေးနားကိုကပ်ပြီး.....
“မေမေ...”

~~~~~~~~~~~~~~~~~~~

နာရီကို ကျွန်မ ခဏခဏ ကြည့်နေဖြစ်တယ်...။
ည ၁၀ နာရီ.. ၁၁ နာရီ.. ၁၁နာရီ ၅၈ မိနစ်.. ဟော ၁၂ နာရီ ထိုးသွားပြီ... နေ့ကူးလာပြီဘဲ....!! ၁၂ နာရီ ၀၅ မိနစ်... “တူ.တူ... တူ........” ဟော.. ဖုန်းဝင်လာပြီ.. ကျွန်မ ချက်ချင်းပဲ ဖုန်းကောက်ကိုင်လိုက်တယ်..။
လွမ်းဆွတ်စွာ ထွေးပွေ့ထားချင်တဲ့ အဝေးကြီးက သမီး... သမီး အသံလေးတွေ တုန်နေပါလား..!! ကျွန်မစိတ်တွေကို တင်းနိုင်သမျှ တင်းလိုက်တယ်... သမီးမွေးနေ့လေးမှာ သမီးလေး ပျော်ရွှင်နေစေချင်တယ်..
“မေ.... ... .. . ”
သမီးအသံလေး အဖျားဆွတ်မှာ တိမ်ဝင်သွားပါလား...။ သမီးပါးလေးကို မေမေ အဝေးကြီးကနေ လေတွေထဲက နမ်းနေမိတယ်.. သမီးရယ်... မေမေ သမီးလေးစိတ်ပျော်အောင် စကားတွေ လွှဲပြောမယ်... ကျွန်မ မျက်ရည်တွေ ဝဲနေတာ သမီးလေး မမြင်နိုင်ပါဘူးလေ....။

“လွန်ခဲ့တဲ့ အနှစ်(၃၀)တုန်းက ခုလိုအချိန်မှာ သမီးက မေ့ဗိုက်ထဲက ထွက်ချင်လွန်းလို့ ဆိုးနေခဲ့ပြီလေ... မေမေက သမီးဖေဖေကို ဂျီတွေတိုက်နေခဲ့ချိန်ပေါ့...”
မေမေ ဟန်ဆောင်နေတာ သမီးလေးများ ရိပ်မိသွားပြီလား...!!

“သမီး....”
ကျွန်မ အကျယ်လောင်ဆုံး ခေါ်လိုက်မိတယ်.. လွမ်းဆွတ်စွာ ငိုငြီးသံတွေနဲ့ ရောပြီးထွက်လာတယ်... ဒါပေမဲ့ ရင်ထဲမှာပါ...။ သမီးနဲ့ နှစ်တွေအများကြီး ခွဲခွါနေရခြင်းမှာ ကျွန်မဟာ တရားမရသေးသလို အသားလည်း မကျသေးပါလား..!! ကျွန်မထပ်ပြီး အားယူရင်း.. အတည်ငြိမ်ဆုံး အမေတစ်ယောက်ရဲ့ အသံနဲ့.. ဖွဖွလေး... နုနုညံ့ညံ့လေး... နွေးနွေးလေးနဲ့... ညင်ညင်သာသာလေး...!! ကျွန်မမျက်လုံးတစ်စုံကိုမှိတ်လို့ သမီးဘယ်ဖက် နားလေးနားကပ်ပြီး.......
“သမီး.......လေး”

မှတ်ချက်။ ။ လွန်ခဲ့တဲ့ ရက်ပိုင်းလေးအတွင်း... ကျရောက်ခဲ့သော ကျွန်မမွေးနေ့လေးထဲမှ ပိုင်ဆိုင်ခွင့်ရခဲ့သော “ခဏလေး” တစ်ခုကို ခံစားရေးဖွဲ့ပါသည်။ အဖြူရောင် ဟန်ဆောင်ခြင်းသည် အနုပညာတစ်ရပ်ဟု ဆိုခဲ့သော် ထို အနုပညာအတတ်ကို မေမေရော ကျွန်မပါ ကျွမ်းကျင်စွာ မတတ်မြောက်သေးပါ။

(ခင်လေးငယ်)

Tuesday, October 14, 2008

အဖြေရှာမရတဲ့ပုစ္ဆာ အချစ်ဆိုသည်မှာ...


“အင်း.. ပြဿနာ.. ပြဿနာ.. ဒါဟာ တကယ်တော့ ပြဿနာပါလား...”


“ဟဲ့.. ကိုရင်.. ဘာပြဿနာတွေ တက်ပြန်တာတုန်း.. နင်ဟာလေ.. မူးပြီးရမ်းလာပြန်ပြီထင်တယ်.. ဂတ်တိုင်ခံရပြန်ပြီလား..!”

“ဘယ်ကလာ ဂတ်တိုင်ခံရမှာလဲ ငါ့ဟာငါ အဖြေရှာမရလို့ ပြဿနာတက်နေတာ..”

“ဘာလဲ.. အရက်ဖိုး ဘယ်က ချေးရမလဲ အဖြေရှာမရတဲ့ ပြဿနာလား..! ငါ့ လာချေးလို့တော့ ဆောရီးပဲနော် ဟွန်း”


“တော်တော် မိခင်လေးငယ် နင့်ဟာနင်အေးဆေးနေ.. ငါ့ပုစ္ဆာ ငါ အဖြေရှာမရလို့ အာရုံနောက်ရတဲ့ကြားထဲ..”


“အမယ် အမယ်.. ပုစ္ဆာ..! ဘာပုစ္ဆာတုန်း ငါ့ကို ပြောအုန်း..”


“နင်ဟာလေ တော်တော် စပ်စု.. လျှာရှည်တဲ့အမျိုး.. ဟဲ့.. အချစ်..! အချစ်..!! အချစ်ဆိုတဲ့ ပုစ္ဆာကို အဖြေရှာနေတာဟေ့ သိပြီလား...”


“ဟားဟားဟား.. အချစ်.. ဟုတ်စ..! ကြံကြီးစီရာ မတန်မရာဟယ်.. နင့်လို အော့ကျောလန် ဂေါ်မစွံကများ.. ကယ်.. လုပ်ပါအုန်း နင့် အဖြေက ရပြီလား..!”


“အော်ဟော်... မရသေးလို့ပေါ့ဟ.. တွက်တုန်း..”


“ဘာ... တွက်တုန်း..!! မြတ်စွာဘုရား.... အချစ်ဆိုတာ အဲ့လို တွက်လို့ ရလို့လား...!”


“ဟဲ့.. ရလို့ပေါ့ဟ.. နင်.. ဟို.. ဟန်သစ်ငြိမ် ဆိုတဲ့လူကို သိတယ်မလား..”


“အေ့.. သိသား.. ဟို.. မျက်မှန်ထူထူ ကာတွန်းရုပ်နဲ့လူလေ.. ဘာဖြစ်တုန်း.. အဲ့ဒါ”


“ဟဲ့.. သူများကို ကာတွန်းရုပ်လေးဘာလေးနဲ့..”


“အန်.. မဟုတ်လို့လား.. သူ့ဘလော့မှာ သူ့ပုံက ကာတွန်းပုံကြီးပဲဟာ..”


“ကယ်.. ထားပါ.. အဲ့ဒီ ကာတွန်း.. အဲ့ .. အဲ့ဒီပုဂ္ဂိုလ်က တွက်ထားတာ အ + ခ +ျ + စ +် = အချစ် တဲ့”


“အော်.. ဒါနဲ့နင်လည်း အားကျပြီး လိုက်တွက်မယ်ပေါ့.. အံ့ပါ့.”


“ဟဲ့.. မတွက်လို့မရဘူးဟ သူက ငါ့ကို တက် ထားတာ..”


“ဟမ်...!!!!!. နင့်ကို သူက တက် တယ်..!”


“အေ.. ဟုတ်တယ်ဟ..”

“.............”

“ဟဲ့.. အစုတ်ပလုတ် လဒူမ ငါ့ကို ပြူးကြည့်မနေနဲ့ တက်တယ် ဆို တာ Tag တယ်ကို ပြောတာ.. ဒူချက်.. ဟွန်းးး..!”


“အော်.. ဟားဟား.. မသိပါဘူး.. နင့်ဟာက..”


“@#$%^&+~... သေနာမ”


“ဟီးးး....”

“ဦးနော်.. ဦးနော်.. အချစ်ချိုတာ ကရေးရေး တိဒယ်..”

“အန်.. သမီးက ကလေးပဲရှိသေးတာ ဘယ်လိုသိတာတုန်း..”


“ဟဲ့.. ဟုတ်ပါရဲ့ သမီးက ဘယ်လိုလုပ်သိတာလဲ..”


“အာ... ဦးနော်နဲ့ မေမေခင် ကရဲ
ဒါရေးတောင်မတိဖူးရာ... ဒီမှာ.. ပလေးနိပ်ပီး နားထောင်လိုက်.... ဦးနော် တိချင်တာ အဒါဖစ်မယ် ဟုတ်လား....”

“ဟုတ်ပ... တွေ့လား ငမူးကောင် ငါ့သမီး ပြောတာဟုတ်သား..”

“အေးဟေးဟေး... ဟုတ်တယ်ဟ.. ဦးနော် တူမလေးက တော်တယ်..း) ”


“အဒါ ပေါတာပေါ့ ဦးနော်ရီးက ဒိတ်အောက်နေပါပီလို့..”


“မှတ်ပြီလား ကလေးတောင်ပြောပြီ... ခံ..  ခံလိုက်”


“ဟုတ်ပါပြီ.. ဘာပဲဖြစ်ဖြစ် အချစ်ဆိုသည်မှာ ပုစ္ဆာကိုတော့ အဖြေရပြီကွ.....”


တကယ်တော့ အချစ်ဆိုတာ လှပတဲ့သံစဉ်တစ်ခု..

ရင်ခုန်သံတွေနဲ့ ဖြေးဖြေးညင်သာ တီးခတ်နေသော်လည်း

အချိန်မရွေး ကြိုးပြတ်သွားနိုင်တယ် ဆိုတာကတော့...


ချစ်မိတ်ဆွေများ.. သံစဉ်လေးတွေ လှပနိုင်ကြပါစေ..

အားလုံးကိုခင်မင်လေးစားလျှက်..

(ကိုရင်နော်)

ကိုဟန်သစ်ငြိမ် တက် (Tag) လိုက်သော အချစ်ဆိုသည်မှာ အား ချစ်စွာသော ကိုထူးအိမ်သင် ၏ အကူအညီဖြင့် ရေးသားလိုက်ရပါကြောင်း.. :P

Thursday, October 9, 2008

“က” ကလေးလေး မှိုင်တွေငေး...

ကလေးလေးရဲ့ တကယ်အဖစ်လေးတခုကို ရေးလိုက်တာ...
အပြင်ကို ကြည့်မိလိုက်တာ မှောင်မဲနေတာဖဲ.. မိုးတွေကလဲ အရမ်းရွာနေတာ.. ဆောင်းတွင်းကလည်း ဖစ်ဆိုတော့ ချမ်းလိုက်တာ.. ဖွင့်ထားတဲ့ အပူပေးစက်ကလဲ မနွေးပါဖူး မေမေ့ကို လွမ်းလိုက်တာ.... မေမေကဟိုးး အဝေးကြီးတနေရာမှာ... ခွဲနေရတာကြာလှပီ.. ဒီလိုအချိန်တာ မေမေအနားမှာ ရှိပေးရင် သူ့ရင်ခွင်ထဲတိုးပီး ချွဲနွဲ့နေမိမှာပါ.. ခုတော့တယောက်ထဲ.. အဖော်ဆိုလို့ဘေးက အရုပ်လေးတွေဖဲရှိတာ.. ဟင်း လွမ်းလိုက်တာမေမေရယ်... ကလေးလေး ပင်းလည်းပင်းတယ်... အွန်လိုင်းတက်မယ်.. စိတ်လေးပြောင်းသွားအောင် ကာတွန်းဖတ်မယ်လို့ စိတ်ကူးမိတယ်... ဘေးကကွန်ပူတာကို စိတ်ကူးထဲအတိုင်း တွတ်ပီဖတ်ဖို့ ဖွင့်လိုက်တယ်.. ဂျီမေးအရင်ဖွင့်ပီး စစ်လိုက်ပါဦးမယ်လေ.. ဟယ်.. သယ်ရင်းတွေရှိနေဒယ်.. ကလေးလေးရဲ့အကျင့်အတိုင်း တူဒို့မခေါ်ရင် အနှောက်အရှက်ဖစ်မှာဆိုးလို့ စမခေါ်တတ်ပါဖူး...။ သိပ်ကြာပါဖူးလေ တူဒို့ခေါ်လာပါတယ်.. သယ်ရင်းတွေနဲ့ စကားနည်းနည်း ပြောဖစ်ကြတယ်...။

“၀ိုင်းကြီးပတ်ပတ် ဆော့တတ်လား”
ဟုတ်.. တိတယ်”
“စုံ ဆန် စီ ရော”
ဟင့်အင်း”

စီ စီ မီ မီ ရော်”
တိဖူး”
ဒါဆို.. ၁၆ အလီ ရော”
နဲနဲဖဲရ၏”
“ဆော့တာသိလို့ လား”
တိဖူး”

မတိတာတွေ ဖြေရတာထပ်ထပ်လာတော့ ကလေးလေး ရင်ထဲမှာ အလိုလို အားငယ်လာမိတယ်..။ အားငယ်လွယ်လွန်းတဲ့ ကိုယ့်ဖာသာလည်း အားမရဖူး..။
ဟင်.. ပြောတော့ ကလေးလေးဆို
ဘာမှလည်း သိဘူး.. ကလေးတွေဂုဏ်ငယ်လိုက်တာ” တဲ့.........။

သယ်ရင်းတို့ရယ်.. ဘာလို့လဲမတိ ဝမ်းနည်းလိုက်တာ.. တွေးရင်း ရင်ထဲမှာ မကောင်းဖြစ်နေချိန်မှာဖဲ နောက်တစ်ယောက်က နှုတ်ဆက်လာပါတယ်...။

ကလေးလေးက မခင်တော့ဘူးထင်တယ်”
ခင်ပါတယ်”

၁၆ အလီရလား”
အမ့်”

ခင်ရင် ၁၆အလီဆိုပြ”
နိး ဆိုပြဖူး ရဖူး”
ကလေးလေးလုပ်ပီး၁၆အလီ မရဘူး”
“.........”

ဆော့တာလေ... ဟ..”
“.........”


ပြောကျပါ ကလေးလေးမှ ကျောင်းမနေရတာ အဲ့.. ၁၆လီမရတာအပစ်လားဟင်..!! ကျောင်းဆိုတာ ဘာမှန်းတောင်မတိပါဖူး.. ငယ်ငယ်လေးထဲက ကျောင်းတက်မယ်လုပ်လိုက် နေမကောင်းတွေဖြစ်လိုက်နဲ့ အကြိမ်တွေများကြီးဖဲမို့ပါ..။ ကလေးလေးက ဆေးရုံတက်လိုက်.. ဆေးသောက်လိုက်နဲ့ နေနေရတာ.. ကံကအဲလိုဖဲ နေခွင့်ပေးခဲ့တာ.. ကလေးလေးလေ.. တူများတွေ ဆော့တလို မဆော့ခဲ့ရပါဖူး... တကယ်ပါ.. ဆော့နည်းတွေလည်း ကလေးလေးမတိဖူး.. အဲဒါ... အဲဒါတွေက.. တူငယ်ချင်းတွေရဲ့ပျက်လုံးတခုများ ဖစ်နေပီလားဟင်..!!

ကလေးလေးဘ၀ထဲမှာ အားနည်းချက်တွေရှိခဲ့တာ မပြည့်စုံခဲ့တာ သူတိုရဲ့အမြင်မှာ ကလေးလေးကို ဘယ်လိုတွေးကျလဲတော့ မတိပါဖူး စိတ်ထဲပိုပိုပီး ၀မ်းနည်းလာတယ်.. ငိုချင်တယ်.. ကံကြမ္မာကိုဖဲ စွတ်စွဲလိုက်ချင်တယ်.. ခုလိုပြောကျတာလည်း ဘယ်သူ့အပစ်မှ မဟုတ်ပါဖူး.. ကလေးလေးဘဝအမှန်ကို တူဒို့တွေမှ မတိကြတာလေ.. လောကကြီးမှာ ဘယ်တူမှ မပြည့်စုံဖူးဆိုတာ ကလေးလေးတိပါတယ်... ကလေးလေးရဲ့ အားနည်းချက်ကရင်ထဲမှာ တတိပေးသလို ဝင်လာတိုင်း ဝမ်းနည်းစွာလဲပြိုမိလို့ပါ.. ဒါဟာ.. ကလေးလေးရဲ့ မူပိုင်ခံစားချက်လေးပါ.. အပြင်မှာရွာနေတဲ့မိုးထက် ပိုသဲအောင်ရွာနေတာကတော့ ရင်ထဲကငိုရှိုက်သံမိုးပါဖဲ... ကလေးလေး ခေါင်းအုံးလေးပေါ်မှောက်ပီး အသံထွက်အောင် ရှိုက်ကြီးတငင် ငိုချလိုက်မိတယ် သယ်ရင်းတို့ရယ်.... ကလေးလေးဘဝကို ကလေးလေးသာ........။

(ကလေးလေး)