Friday, November 28, 2008

နို့စို့ဖက် (သို့) ကျနော်လူဆိုး နိဒါန်း

“အဲ့... အဲ့... ဝဲ... အဝဲ... အဝဲ... အူဝဲ... အဲ့... အဲ့... အူဝဲ... အူဝဲ...”
အဲ့ဒီလို နှုတ်ဆက်သံနဲ့ ကျနော် လောကကြီးထဲကို စရောက်လာခဲ့တာပါ..။ ကျနော်ကတော့ လူဖြစ်လာပြီဟေ့ လို့ ဟစ်ကြွေးရင်း ဝမ်းသာမြူးထူး ပျော်ရွှင်စွာပေါ့...။ လောကကြီးရဲ့ ကြိုဆိုပုံတွေက ရက်စက်တယ်.. မသင်းဘူး...။ ပထမဦးဆုံး မြင်လိုက်ရတာက ကျနော့်ကို ဖမ်းညှပ်ထားတဲ့ စတီးညှပ်ကြီး..။ နောက် သွေးသံရဲရဲနဲ့ ကတ်ကြေးတွေ.. ဇလုံတွေ...။ ကျနော် စမြင်ဖူးတဲ့ လူသားတွေကလည်း ဇောက်ထိုးတွေ..။ ဇောက်ထိုး ဖြစ်မှာပေါ့ ကျနော့်ကို ခြေထောက်ကနေ ကိုင်ပြီး ဇောက်ထိုး လုပ်ထားကြတာကိုး..။

ကျနော့် ခြေအစုံကိုမပြီး “ဖြန်း” ကနဲ တင်ပါးကို ရိုက်လိုက်တဲ့ ရိုက်ချက်တွေက “မင်းဟာ လောကဓံရဲ့ အထုအထောင်းတွေကို ခံရတော့မယ်လို့” ပြောနေတာများလား..!! အေးသလို နွေးသလို ရေဇလုံထဲကို အထည့်ခံရပြန်တော့ ပထမဦးဆုံး လောကကြီးထဲကို ယူလာတဲ့ အညစ်အကြေးတွေကို ဆေးကြောလိုက်သလို ခံစားရပြန်တယ်။ အနှီးပိတ်ဖြူဖြူလေးကတော့ အမည်းတစ်စက်မှမရှိ ပကတိ ဖြူစင်မှုတွေနဲ့..။ နီတာရဲလေး ကျနော်ကလည်း သန့်ရှင်းဖြူစင် အပြစ်ကင်းလျှက်...။

“အဲ့... အဲ့... ဝဲ... အဝဲ... အဝဲ... အူဝဲ... အဲ့... အဲ့... အူဝဲ... အူဝဲ...” (( မေမေ.... မေမေရေ ))
နွေးထွေးလွန်းတဲ့ ရင်ခွင်တစ်ခု..။ ဒါဟာမေမေ့ရင်ခွင်ပါပဲ...။ မေမေ့ရင်ခွင်ထဲကနေ ကျနော်မော့အကြည့်.. ကျနော့်ကို ငုံ့ကြည့်နေတဲ့ မေမေ့မျက်နှာလေးက မောပန်းနွမ်းနယ်လွန်းနေပေမယ့် မျက်လုံးတွေက အကြင်နာမေတ္တာတွေ အရောင်လဲ့လို့..။ ဝမ်းသာကြည်နူးမှုတွေနဲ့ မေမေ့နှုတ်ခမ်းတွေ ပြုံးနေတယ်..။ မေမေက မျက်လုံးတွေနဲ့ ကျနော့်ကို စကားစပြောခဲ့တယ်... ။

“သားရေ... လောကကြီးထဲမှာ တွေ့ကြုံရမယ့် လောကဓံ တရားတွေအတွက် မေ့သားလေး.. ဘာမှ မကြောက်ရဖူးနော်.. သားရှေ့မှာ မေမေအမြဲရှိမယ်” လို့ အားပေးခဲ့တာ မဟုတ်လား မေမေ...!! ဒါဟာ မေမေကျနော့်ကိုပေးတဲ့ ပထမဦးဆုံးသော စိတ်ဓါတ်အင်အား...။ နူးညံ့ညင်သာတဲ့ အထိအတွေ့နဲ့ ချိုစိမ့်နေတဲ့ မေမေ့နို့ရည် နွေးနွေးတွေက ကျနော့်ကိုပေးတဲ့ ပထမဆုံး အဟာရခွန်အား...။ နို့စို့ရင်း မေမေ့မျက်နှာကို မော့ကြည့်နေရတာ အေးချမ်းလိုက်တာ..။ ကျနော် နို့သောက်ရင်း အိပ်ပျော်သွားခဲ့တယ်...။

“အဲ့... အဲ့... ဝဲ... အဝဲ... အဝဲ... အူဝဲ... အဲ့... အဲ့... အူဝဲ... အူဝဲ...”
ခပ်စွာစွာ ခပ်ကျယ်ကျယ် ငိုသံတစ်ခုကြောင့် လန့်ပြီး နိုးလာချိန်မှာ မေမေ့နို့ကို စို့နေတဲ့ ကျနော့်လို နီတာရဲလေး တစ်ယောက်..။ ကျနော် အရမ်းကို အံ့သြသွားတယ်.. သူလည်း ကျနော့်ကို မျက်လုံးလေး အဝိုင်းသားနဲ့ လှမ်းကြည့်ပြီး...

“အဲ့... အဲ့... အဲ့...” ((ဟယ်လို... နင်ကဘယ်သူလဲ...))
“အဲ့... အဲ့... အဲ့...” ((အောင်မာ... မင်းကများ ငါ့ကိုမေးရသေးတယ်.. မင်းကဘာလို့ ငါ့အမေနို့ကိုစို့နေရတာလဲ...))

“အဲ့... အဲ့... အဲ့....” ((ဒါနင့်မေမေလား.. ငါမသိဘူး.. ငါ့မေမေကနို့မထွက်လို့ ဒီကိုခေါ်လာပြီးတိုက်တာ...))
“အဲ့... အဲ့... အဲ့....” ((မသောက်နဲ့......))ဲ့

အဲဒီကတည်းက ကျနော်ဟာ မနာလိုခြင်း မကျေနပ်ခြင်းတွေကို စရင်းနှီးခဲ့တော့တာ ယခုထက်တိုင်...။

“အဲ့... အဲ့... အဲ့......” ((ငါအရမ်း ဗိုက်ဆာနေလို့ပါဟယ်...))
“အူဝဲ... အူဝဲ... အူဝဲ.... အူဝဲ..... အူဝဲ... အူဝဲ့ဲ့ဲ့ဲ့ဲ့ဲ”

ကျနော် ဒေါသတကြီးနဲ့ ကျယ်ကျယ်လောင်လောင် ငိုချလိုက်မိတယ်..။ ဖြစ်နိုင်ရင် ကျနော်သူ့ကို လှမ်းပြီး ကန်ထည့်လိုက်ချင်တာလေ ခြေထောက်တွေကို ယားနေတာ..။ ကျနော့်ခြေထောက်တွေကို ကောက်ညှင်းထုပ်လို အနှီးတွေနဲ့ တင်းနေအောင် ထုပ်ထားလို့သာပေါ့..။ မေမေက ကျနော့်ကျောကုန်းလေးကို ပုတ်ပြီး ဖြေသိမ့်ရင်း ချော့သိပ်ပြန်တယ်..။ “သားရယ်.. သူလည်းဆာရှာမှာပေါ့ တိုက်လိုက်ပါနော်.. သားအတွက် မေမေ့မှာ နို့ချိုချိုတွေ အများကြီး ရှိတယ်နော်” လို့ ပြောနေသလို ကျနော်ခံစားလိုက်ရတယ်..။

မေမေ့ဆန္ဒတွေ နှစ်သိမ့်မှုတွေရယ်ကြောင့် လိုက်ရောလိုက်ရပေမယ့် သူ့ကို မကျေနပ်ခဲ့တာ အဲ့ဒီအချိန်ကစလိုက်တာ ခုအချိန်အထိပါပဲ...။ သူနဲ့ကျနော်က လူ့ဘဝထဲကို မတိမ်းမယိမ်း အချိန်လေးအတွင်းမှာ စရောက်ခဲ့ကြတာဆိုရင် အံ့သြကြမယ် ထင်တယ်..။ ကျနော်ကစပြီး သူ့ကို အလျှော့ပေးလိုက်ရသလို ဖြစ်ခဲ့တဲ့ ခံစားမှုနဲ့ ကျနော့်ဟာကျနော် မကျေနပ်ဘူ...။ ဆော့တတ် ကစားတတ်တဲ့ အရွယ်ရောက်တော့လည်း “သူက မိန်းကလေး” ဆိုပြီး မေမေက အလျှော့ပေးခိုင်းပြန်ရော..။ ကျနော်ကလည်း မရပါဘူး နိုင်စားတာပဲ..။ အဲ့ဒီလို ကျနော်က နိုင်စားလိုက်.. သူက တိုင်လိုက်.. မေမေက ရိုက်လိုက်နဲ့ ကျနော် အရိုက်ကြီးကို ခံနေရတာ..။

ကျနော့်မှာသာ မကျေနပ်စိတ်တွေ ထပ်ထပ်လာတာ... ခုလူကြီးတွေ ဖြစ်လာတဲ့အထိပဲ ဆိုပါတော့..။ သူနဲ့ မြန်မြန်ဝေးပါရစေလို့ ဆုတောင်းခဲ့တဲ့ ကျနော့်ဆုတောင်းက မူကြိုရောက်တဲ့နှစ်မှာ ပြည့်ခဲ့တယ်...။ သူ့ ဖေဖေက တာဝန်နဲ့ နယ်ပြောင်းရတော့ သူလည်းလိုက်ရပြီပေါ့...။ ကျနော်လေ အတော်လေးကို ပျော်ခဲ့တာဗျ..။ သူကတော့ နိုင်စားမယ့် ကျနော်နဲ့ဝေးရလို့ အတော်ငိုခဲ့သလားပဲ..။ ဘယ်သူက သူ့ကိုသည်းခံမှာတုန်း...!! သူ့လို စွာတေးတေး ဂျစ်ကန်မကိုများ လူတိုင်းက အော့ကြောလန်..။ အဲ... ကျနော်ခြောက်တန်းအောင်လို့ ခုနှစ်တန်းတက်တဲ့နှစ်မှာ ကံဆိုးမိုးမှောင်ကျစွာ သူနဲ့ပြန်ဆုံရတော့တာ..။ ကံတရားက ကျနော့်ကို မျက်နှာသာ မပေးလိုက်ပုံများနော်....!! “သေချင်တယ်.. သေသာသေချင်တယ်..” နဲ့ လူတွေပြောကြတာ အသက်တွေ တော်တော်ကြီးမှပါ... ကျနော်က အဲဒီ အရွယ်ကတည်းက တစ်ဖွဖွ ငြီးတွားခဲ့မိတာဗျ...။

အချိန်ရရင်တော့ သူနဲ့ကျနော့် အကြောင်း စာတွေ ထပ်ရေးမိဦးမလားမသိ...!! ကျနော့်မှာ အချိန်တိုင်း သူ့ကို လက်စားချေလိုစိတ်က တာဝန်တစ်ခုလို အမြဲတွေးနေမိတာ... မေမေ့ နို့ကိုသောက်ခဲ့တဲ့ သူ့ကို ဘယ်လိုနည်းနဲ့ လက်စားချေရမလဲ အကြိမ်ကြိမ် ကြိုးစားနေမိတာ ခုထက်ထိ...။ နေနှင့်ဦးပေါ့ကွာ.... ကျနော်တေးထားတယ်...!! ကျနော်များ မိန်းမရလို့ကတော့ ကျနော့်မိန်းမကို အမွှာပူးကိုမွေးခိုင်းဦးမှာ... ဟီးးး... ပြီးရင် သူ့ဆီ မရောက်ရောက်အောင်ပို့.... သူ့သား ဒါမှမဟုတ် သူ့သမီးကို ကျနော် နီတာရဲဘဝက ခံစားခဲ့ရတဲ့ မနာလိုမှုမျိုး ထပ်တူခံစားခိုင်းဦးမှာ...။ ကျနော့်မေမေ့ အကြွေးကို ပြန်ဆပ်ဖို့..တောင်းရမယ်..။ ကျနော်လက်စားချေတာခံရဖို့ ဒင်းရော ဒင်းမွေးထုတ်မယ့် နီတာရဲရော အသင့်သာ စောင့်နေကြပေရော့....!!
တွေ့ကြသေးတာပေါ့ ခင်လေးငယ် ဆိုတဲ့ အပေအတူးမရေ..။

(ကိုရင်နော်)

လက်စားချေတာကနောက်... ခုတော့... ကြောက်လို့ပြေးပြီဗျိုးးးး... အမလေး...!!


Wednesday, November 26, 2008

“စေတနာ” ဟု..ခေါ်ပါသည်။

အင်း.... ခင်လေးကလည်းခင်လေးပါ... အခုတလော ဒင်းကို ဘလော့ထဲမှာ လွှတ်ထားမိတာကိုက မဟာအမှား...!! ကိုယ်တိုင်ကတာဝန်တွေပိ၊ အလုပ်ကမအား၊ လက်ကမယားနိုင်တော့ ခုတလော... စာရေးဖို့ဝေး တွေးတောင် မတွေးအားလို့ စာဖတ်သူပြန်လုပ်မိပါရဲ့.....။ ဗုဒ္ဓေါ..တရတဲ့ဘဝကို လုံးလုံးရောက်တော့တာပါဘဲ....!! ကိုရင်နော်တစ်ယောက် သူ့ Post တွေမှာ မြင်မကောင်း ရှု့မကောင်းအောင် ကိုယ့်ဖာသာကိုယ် မွှန်းနေပြန်တော့... စာဖတ်သူတွေအတွက် ရင်လေးလို့ အမှန်တရား ပန်းကန်ပြားကို ဝင်ဆေး..... အဲ့... ဖော်ထုတ်ဖို့ ဝင်ကယ်ရကြောင်းပါ။ စေတနာတွေကို နားလည်ပေးတော်မူကြပါကုန်..။

ကျိန်ဆို ကျိန်ရဲပါတယ်.....
ရုပ်ချောသလောက် ဆိုစကား
ရွှေနားဝမှာ ခါးလှသမို့....
မနေသာ ဝင်ပါရ၊ နားလည်ကြစေချင်စမ်းရဲ့။

ဖြူလွန်းတဲ့ အသား၊ အိုးမဲဖင်နဲ့မှားရပါလို့
ပုကွကွ ဂျပိန်က၊ စတိုင်မရှိ ဆော်မရှိ
ဗလရှိသတဲ့ ဒင်းညာပြန်...။

တာယာဖိနပ်ရယ်ကယ်ပေမဲ့...
အသက်လည်းမငယ်၊ ခေတ်ဆန်ဖို့လည်းမလွယ်ပြန်တော့
ရိုးသားဖို့ရယ်၊ ဒင်းနဲ့မတန်...။

အရက်ကို ခပ်ငယ်ငယ်က၊ အမြစ်တွယ်သူမို့
အလစ်ကြံဖို့သာ၊ သူဖန်လေတော့
ခိုးစားတတ်တာ ဒင်းအကြံ...။

နှာခေါင်းကပြား၊ နားကကားလို့
သွားလေးကခေါ၊ ပြောသူမောတယ်
အမှန်တရားဒဏ် ဒင်းခံပေရော့..။

ညှာညှာတာတာပြောပါ့မယ်...
ချစ်တတ်ဖို့ဝေး၊ ညစ်ပတ်တတ်သူလေးမို့
ဒင်းးးးး လက်ကဝေးစေဖို့....
ဝေးဝေးကသာပြေးစေကွယ်.....။

(ခင်လေးငယ်)

အလိုလေ....!!!
ကျုပ်အတင်းကို ဒင်းကတုတ်
စာဖတ်သူ ခေါင်းတွေကုတ်
ထင်နေကြတာ မင်းသားရုပ်
ဒင်းးပြောပြတာ ဘင်္ဂလားရုပ်
မဟုတ်.! မဟုတ်..!! ကျုပ်ငြင်းတယ် အဟုတ်
ကျုပ်ကတော့ ကျုပ်ကိုကျုပ်
ကြွားတာတော့ မဟုတ်
လာကြည့်ပါ ရင်နော့ရုပ်
ချောတာတော့ အဟုတ်
ခေါနေတာ မဟုတ်
မယုံရင် ဒီလိုလုပ်
တင်လိုက်မယ် ကျုပ်ရဲ့ရုပ်
ကြည့်ပြီးရင် Vote
ဟုတ်သော်ရှိ ဟုတ်
မဟုတ်သော်ရှိ မဟုတ်
အဲ့ဒါကို ခင်လေးစုတ်
ရေးရက်တယ် မဟုတ်တရုတ်
စိတ်ကိုက ပုပ်
တစ်ချိန်က ရေးဘူးတယ် “ဝက်ခေါင်းသုပ်”
မမှတ်လို့ ထပ်ရေးတယ် အရှုပ်ထုပ်
ကျုပ်နဲ့တော့ တွေ့ပြီ အဟုတ်
အဟုတ်.! အဟုတ်..!!
ခင်လေးငယ် အစုတ်ပလုတ်တုတ်
တကယ့်ကို အကျင့်ပုပ်..။

(ကိုရင်နော်)


Tuesday, November 25, 2008

Ten Things I Hate About Myself

တကယ်တော့ ကိုယ့်ကိုကိုယ် တော်တော်ချစ်တာ.. ကိုယ့်ရုပ်ကြီး ဘယ်လောက် ဆိုးဆိုး မှန်ထဲမှာ ကြည့်မိရင် ရင်တောင်ခုန်မိသေး အရမ်းချစ်.. မယုံရင် မှန်ရှေ့မှာ ကိုယ့်မျက်နှာကိုယ် သေချာကြည့်.. မျက်လုံးချင်းဆုံပြီး စကားတွေပြောကြည့် တစ်မျိုးလေး ခံစားရတယ်.. အဲ့.. ရယ်ချင်လာရင်တော့ မအောင့်နဲ့ ရယ်သာ ရယ်လိုက်.. အဟီးး.. ဘယ်သူ့ကို ဘယ်လောက်ချစ်တယ် ပြောပြော အဲ့ဒါ လျှောက်ပြောတာ.. လူတိုင်းက ကိုယ့်ကိုကိုယ် အချစ်ဆုံး.. အဟုတ်..!

ကိုယ့်ကိုကိုယ် မုန်းတာတွေလည်း ရှိတော့ ရှိတာပေါ့လေ.. အဲ့ဒီလို ကိုယ့်ကိုကိုယ် တကယ်.. အရမ်း.. တားမရစီးမရ မုန်းပြီးဟေ့ ဆိုရင်တော့ ကိုယ့်ကိုကိုယ် သတ်သေတော့တာပဲ.. ကိုယ့်ကိုကိုယ်တော့ မမုန်းကြပါနဲ့ သတ်လည်းမသေသင့်ပါဘူး.. ချစ်သထက်သာ ပိုပိုချစ်ကြပါ..။

ကျနော်လည်း ကိုယ့်ကိုကိုယ် အရမ်းချစ်.. ဖြစ်နိုင်ရင် ကိုယ့်ကိုကိုယ် ဖက်ဖက်ပြီးကို နမ်းနေချင်တာ.. အဟေးး.. အဲ့.. အခုတော့ မဖြစ်မနေ မုန်းရတော့မယ်.. ဒီပုဂ္ဂိုလ်ကြီး က Tag ချလိုက်ပြန်ပြီလေ.. ကိုယ့်ကိုကိုယ် မုန်းနေတာတွေ ပြောရမယ်တဲ့ . . ခက်ပြီ.. ကျနော်က ကျနော့်ကို အရမ်းချစ်ပါတယ်ဆိုမှ ကျနော်ကိုယ် ကျနော် ပြန်မုန်းနေတာတွေ ပြောလိုက်ရင်.. ကျနော်က ကျနော့်ကို ပြန်မုန်းသွားမှာပေါ့.. ဘယ်လိုလုပ်မလဲနော်.. အင်း.. Tag တို့ရဲ့ ထုံးစံအတိုင်း ပြောတော့ ပြောပြရတော့မှာပေါ့.. ဆယ်ခုတဲ့.. ရင်နာစွာနဲ့ မုန်းပြလိုက်တော့မယ်..။

အဲ့ဒီလို အာရွှီးပေးနေတုန်း ရုတ်တရက်...............

“ရွှီးးးးးးးးးးးးးးးးးးးးးးးးး............. ဝုန်းးး.. ဟေ့ကောင်.. ရင်နော်..”
“ဟားး.. ဘာသံကြီးလဲ..!!! လန့်လိုက်တာ..! ဗျာ..ဟုတ်..! ဘယ်သူလဲ.. ကျနော့ကို ခေါ်နေတာ ဘယ်သူလဲ..?..”

“ဟားဟား.. ဟားဟား.. မင်းတောင့်တလွန်းလို့ ငါ ကိုယ်ထင်ပြရတာကွ.. အဲ့လေ.. ငါဒီမှာကွ.. မင်း အူကြောင်ကြောင် မလုပ်နဲ့ မင်းကို မကျေနပ်လို့ ငါရောက်လာတာဟေ့...”
“ဟင်းးးးး ခင်ဗျာက ကျနော့် မျက်နှာကြီးနဲ့..!! ခင်ဗျားးး ခင်ဗျားးး..??????.. ”

“အေးးး.. ဟုတ်တယ်.. ငါက မင်းပဲ..”
“ဗျာာာာာာာာာာာာာာာ..”

“ဗျာ မလုပ်နဲ့ မင်းကို ငါ သတိပေးချင်လို့ ထွက်လာတာ.. မင်းဟာ ရုပ်ကြည့်တော့ သနားကမားနဲ့ မင်းမှာ အကျင့်ဆိုးတွေရှိတယ်.. အဲ့ဒါ သိလား.. အေ.. မင်းရဲ့ အဲ့ဒီ အကျင့်ဆိုးတွေကြောင့် မင်းဟာ တော်တော် မုန်းစရာကောင်းတဲ့လူ ဖြစ်နေတယ်.. မင်းမုန်းစရာကောင်းတာ အရေးမကြီးဘူး ငါပါ ရောပြီး မုန်းခံနေရတယ် ငါ မခံနိုင်ဘူးကွ.. မင်းကိုလည်း ငါ.. တစ်ဖြေးဖြေးနဲ့ မုန်းချင်လာပြီ.. ဒီနေ့တော့ စာရင်းရှင်းမှဖြစ်မယ်..”
“ကျနော်.. ကျနော်.. ခင်ဗျာဟာကျနော်.. ကျနော်ဟာ ခင်ဗျားး.. ကျနော် ခင်ဗျားကို အရမ်းချစ်တာပါ.. ကျနော့်ကို မမုန်းပါနဲ့ဗျာာ..”

“အေး.. ငါမင်းကို မမုန်းစေချင်ရင် မင်း ငါပြောတာတွေကို ပြင်မှရမယ်.. ဒါဘဲ..”
“ဟုတ်..! ဟုတ်...!! ဟုတ်ကဲ့..!!! ပြောပါ ကျနော် ပြင်ပါ့မယ်.. မုန်းတော့ မမုန်းပါနဲ့..း( ”

“အေး.. ဒီမှာ ငါ စာရွက်နဲ့ ရေးထားတယ် မင်းရဲ့ မုန်းစရာကောင်းတဲ့ ........က် ကျင့်တွေ.. ဖတ်..!!! ကိုယ့်ဟာကိုယ်..”
“.....................”

ဒီမှာ.. ရင်နော်..!! မင်းဆိုတဲ့ကောင်ဟာ..
  • ရုပ်ချောသလောက် လုပ်ပြောတတ် တဲ့ကောင်
  • အသားဖြူသလောက် အသားယူတတ် တဲ့ကောင်
  • အရပ်ရှည်သလောက် ဖိနပ်ပေစီးတတ် တဲ့ကောင်
  • ဗလကောင်းသလောက် နှစ်ဆတောင်းတတ် တဲ့ကောင်
  • စတိုင်မိုက်သလောက် အပိုင်ရိုက်တတ် တဲ့ကောင်
  • ဆော်ကြည်သလောက် အော်ရီ(ရယ်)တတ် တဲ့ကောင်
  • အသက်ငယ်သလောက် အရက်တွယ်တတ် တဲ့ကောင်
  • ခေတ်ဆန်သလောက် အလစ်ကြံတတ် တဲ့ကောင်
  • ရိုးသားသလောက် ခိုးစားတတ် တဲ့ကောင်
  • ချစ်တတ်သလောက် ညစ်ပတ်တတ် တဲ့ကောင်
  • ၁၀ ခုပဲ ပြောခိုင်းလို့ နောက်ထပ် မုန်းစရာတွေ ရှိသေးတယ်... ဒါဘဲ..။
ပုံ/
ကိုရင်နော်

“ကျ..ကျ..ကျနော်.. ကျနော်..”
“အေးးးး... မင်းဘာ ပြောချင်သေးလည်း အေး.. မင်းဒါတွေကို မြန်မြန်ပြင်.. မပြင်လို့ကတော့ မင်းကို လိုက်ကြိုက်တဲ့ ကောင်မလေးတွေကို ငါပြန်မကြိုက်ဘူးးးး.. ဒါဘဲ.. ရွှီးးးးးးးးးးးးးးးးးးးးးးးးး......... ဝုန်းးး..”
“ဟင်းးးးး.... ဘယ်ရောက်သွားပြီလဲ...!!! သေနာကြီးးးး ငါ့ကို အကောင်းမပြောသွားဘူးးး...”

ကယ်... အဲ့ဒီ ကိုရင်နော် ဆိုတဲ့ မကောင်းဆိုးဝါးကြီး... အဲ့ မဟုတ်ဘူး.. သူတော်ကောင်းကြီး လာပြောသွားလို့ ကျနော်ရဲ့ မုန်းစရာကောင်းတဲ့ အကျင့်တွေကို သိလိုက်ရပါပြီ.. ကျနော်မျိုး ကြိုးစားပြီး ပြင်ပါတော့မယ်ခင်ဗျာ...။


အားလုံးကို ပျော်ရွှင်စေချင်တဲ့ Bye
(ကိုရင်နော်)


အော်.. Tag ထားတာက သုံးယောက်လုံးကိုဗျ.. ကလေးလေး ကတော့ မုန်းစရာကောင်းတာ တစ်ခုမှ မရှိလို့ မရေးတော့ဘူးတဲ့.. ဒေါ်ခင်လေးငယ် ကတော့ မုန်းစရာကောင်းတာတွေကြီးမို့ ရေးရင် အခု (၁၀၀) ကျော် သွားမှာမို့ မရေးတော့ပါဘူးတဲ့.. အဟေးး.. :)

Friday, November 21, 2008

တောသားမြို့ကြောက်...

.

((((((ဘော်ဘူးးးးးးး.... ဘော်ဘူးဘော်... ဘော်ဘူးးးးး... ဘော်....))))))
((((( ဂလုံး ဂလုံးးး.. ဂလုတ်ဂလုတ်.. ဂလုံးးးး... ဂလုတ်.... ဂ.....လုတ်.. )))))
တစ်ညလုံး အရှိန်နှေးနှေး ခုတ်မောင်းလာသော အမြန်ရထားကြီးက မောပန်းနွမ်းနယ်စွာ တစ်လှိမ့်ခြင်း တစ်လှမ်းခြင်း..။ ခပ်ဆိုးဆိုး အနံ့တစ်မျိုး နှာခေါင်းထဲ အတင်းတိုးဝင်လာမှ အိပ်နေရာက လူးလဲထ ပြူတင်းပေါက်ကိုမ... အိုးဟိုးဟိုး.. နံလိုက်တဲ့ မြောင်းပုပ်နံ့..။

အလို.. ခရီးသည်တွေ ဆင်းဖို့ပြင်နေကြပြီ.. ဟေ... ဒါဆိုရောက်ပြီပေါ့..။

ပုဆိုးကို တိုတိုပြင်ဝတ်၊ လွယ်အိတ်ကို စလွယ်သိုင်းပြီး ပါလာတဲ့ ကြိမ်ခြင်းတောင်နဲ့ ငှက်ပျောခိုင်ကြီးကို ထမ်းကာ စတင်ခြေချလိုက်တာကတော့ ရန်ကုန်ရွှေမြို့တော်ကြီးဆိုတာကိုပါ..။ ကျုပ်အတွက်တော့ ရန်ကုန်ဆိုတာ ပထမဦးဆုံး ရောက်ဖူးခြင်းပေါ့.. ရန်ကုန်ကို ရောက်ဖူးချင်လွန်းလို့သာ အဘကို ဂျီကျပြီးထွက်လာရတာ ခပ်ကြောက်ကြောက်.. ဒင်းတို့သားအမိသာ လာမကြိုရင် ကျုပ်တော့ ဒုက္ခ..။

လူတွေကလည်းများ ဆူညံအော်ဟစ်သံတွေနဲ့ အူယားဖားယား စည်ကားနေလိုက်တာ..။ ဘယ်အပေါက်က ထွက်လို့ ဘယ်လိုသွားရမယ်မသိ..။ တစ်လမ်းလုံး မျက်စောင်းထိုးခံခဲ့ရတဲ့ ကျုပ်ရဲ့ ငှက်ပျောခိုင်ကြီးကလည်း ခုထိ အဆဲကမလွတ်.. ဟိုချိတ်ဒီချိတ်နဲ့..။ သူများသွားတဲ့နောက်လိုက် သူများထွက်တဲ့အပေါက် လိုက်ထွက်.. ဟိုဘက်ပါသွားလိုက်.. ဒီဘက်ပြန်ပါလာလိုက်နဲ့.. အပြင်ကို တော်တော်နဲ့ မရောက်..။ တံခါးပေါက် သေးသေးလေးကို တိုးခွေ့ဝင်နေလိုက်ကြတာများ မြင်မကောင်း..။ လူအုပ်ကြီးက များလွန်လွန်းလို့ ကျုပ်တောင် ကျုပ်ငှက်ပျော်သီးတွေ ပြုတ်ထွက်ကုန်မှာ စိုးရိမ်မိသေး..။

“ဦးနော်... ဦးနော်ကြီး... သမီးတို့ ဒီမှာ..”
“ဟေးး... အေး ကလေးလေး.. လာပြီဟေ့.. ငါ့တူမကြီး တယ်ထွားလာပါလားဟေ့.. ဟဲ့ ခင်လေး အမယ်.. နင်လည်း ဝ လာသား.. ငါက နင်တို့ လာမှ ကြိုပါ့မလားလို့..”
“ဦးနော်.. ရာ.. ဒီဖက်ကနေ..ရာ..”

တော်သေးတာပေါ့ ခင်လေးနဲ့ သူ့သမီးလာကြိုပေလို့.. မဟုတ်ရင် ကျုပ်တော့ ဒီ.. လူစီးကြောင်းထဲ ဘယ်အထိ မျှောနေမယ်မသိ..။

“ဟဲ့ ကိုရင်ရယ် နင်ဟာလေ စိတ်ညစ်ပါတယ် ဘာလို့ ငှက်ပျောခိုင်ကြီးသယ်လာတာတုန်း.. ငါရှက်လိုက်တာနော်..”
“အဟေးးး ဘာလို့တုန်းဟ နင်တို့စားရအောင် ယူလာတာလေ..”
“ကယ်ကယ်... လာ.. စိတ်ညစ်တယ် နင်နဲ့တော့.. ပေး အဲ့ဒီခြင်းတောင်း ငါ့ကို.. သမီး လာ ဒီဘက်.. ဟိုရှေ့နားကနေ ကားငှားမယ်..”

အင်း.. ငါ့ငှက်ပျောခိုင်က အခုထိ အပြောမလွတ်ပါလားနော်.. ငါကတော့ ခြံထွက်မို့ သေချာယူလာတာကို...။

“ဟဲ့ ကိုရင် ဒီနောက်ခန်းမှာထည့် နင့်ခြင်းတောင်းကလည်း လေးလိုက်တာဟယ်..”
“အေးဟ.. အရီးလေး ထည့်ပေးလိုက်တာတွေ နင်တို့ဖို့တဲ့.. ဟဲ့.. နင့် တိုက်စီကလည်း ဈေးကြီးလှပါလား..”
“အမလေး.. ဒါတောင်မနည်းဈေးဆစ်ထားရတာ..”
“မေမေခင်.. ကားကမတွားတေဖူးရား.. ကားချရာကြီရော ဘယ်ရောက်တွားပီရဲ..”
“လူတစ်ယောက် ထပ်တင်မှာတဲ့ သမီးရေ.. ဟော.. ဟိုမှာ လာပါပြီ..”

ကားဆရာကတော့ ပျစ်..ကနဲ လမ်းမပေါ် ကွမ်းတံတွေးထွေးရင်း အေးရာအေးကြောင်း လှမ်းလာနေလေရဲ့.. အော်.. သူလည်း နေ့တွက်ကိုက်အောင် လုပ်ရမှာပေါ့လေ...။

“ဟဲ့.. ခင်လေး.. နင်တို့ ရန်ကုန်က တယ်ရှုပ်ပါလား.. မျက်စိကို နှောက်နေတာပဲ.. လမ်းတွေကလည်း ဆိုးလှပါလား.. ချိုင့်တွေ ခွက်တွေနဲ့.. ရွာက နွားလည်းလမ်းလို..”
“တိတ်တိတ်နေပါ ကိုရင်ရယ် နင်ဟာလေ ခုထိ အာကျယ်အာကျယ်နဲ့ စကားကိုတိုးတိုးပြောပါ.. ဒါရန်ကုန်ဟဲ့..”
“အဟီးး နင်ကလည်း တွေ့တာနဲ့ ငါ့ကို ဟောက်နေတော့တာပါလား.. ငါဒီလိုပဲ ပြောတတ်တာကို..”
“မေမေခင်ကရဲ ဦးနော် တနားပါဒယ်..”

ဒီလိုနဲ့ တဒုံးဒုံး တဒိုင်းဒိုင်း ချိုင့်တွေခွက်တွေကို ကျော်ဖြတ်မောင်းရင်း ရောက်လာတာကတော့ ဒေါ်ခင်လေးငယ်တို့ နေထိုင်ရာ ရန်ကုန်မြို့ရဲ့ ရပ်ကွက်တစ်ခု..။

“ဟဲ့ ခင်လေး.. တယ်ဟုတ်ပါလား နင့်တိုက်ကြီးက အမြင့်ကြီး အကြီးကြီးပါလား..”
“ကယ်.. ကိုရင်ရယ် စကားများတယ်.. သွားသွားတက်.. ကလေးလေးရဲ့ နောက်ကလိုက်သွား..”
“သမီး... မရောက်သေးဘူးလား.. ဘယ်ထိတက်ရမှာတုန်း.. လှေခါးက တော်တော် မှောင်ပါလား.. ဟူးးးးး”
“ခစ်ခစ်.. ဦးနော်ကြီးကရဲ ရောက်ပါပီ နောက်နှစ်ထပ်ဖဲကျန်ဒါ..”

“အလို.. ခင်လေး.. နင့်တိုက်ကြီးက အပြင်ကကြည့်တော့ အကြီးကြီး အထဲမှာတော့ ကျဉ်းကျဉ်းလေးပါလား..”

“ဟဲ့ နင်ဟာလေ.. ဒါတိုက်ခန်းလို့ခေါ်တယ် ငါတို့က အပေါ်ဆုံးထပ် (၈-လွှာ) ကယ် သိပြီလား..”

“ဟေ.. အဲ့လိုလား.. သိပါဘူ.. နင်ကဘယ့်နယ် ဒလောက်မြင့်တာကြီး ဝယ်ထားတာတုန်း..”
“အောင်မလေး ကိုရင်ရယ် ငါ့များ အထင်ကြီးနေ ငှားနေတာဟဲ့.. ငှားနေရတာ..”

“ဘယ်လို.. ငှားနေရတာ.. ဟလား..!! ဒါဆိုလည်း အောက်နားနေပါလားဟာ.. ဘယ့်နယ် မြင့်လွန်းပါတယ်.. ထန်းပင်တောင် ကျော်ရော့မယ်..”
“မတတ်နိုင်ဘူးဟေ့.. ဒါတောင် တစ်လ ခြောက်သောင်းပေးရတယ်ဟဲ့.. အောက်ထပ်တွေဆို မပြောနဲ့တော့..”

“ဟေ.... ခြောက်သောင်းးးးးး... များလိုက်တာ.. ဒါများ နင့်နယ် ရွာပြန်လာပါရောလား.. အရီးလေးကလည်း နင်နဲ့ ကလေးလေးကို သတိရနေရှာတာ..”
“အော်.. အဲ့လိုတော့လည်း မဖြစ်သေးဘူးလေ.. ကလေးလေးကျောင်းက ရှိသေးတယ်လေ.. ကယ်ပါ.. နင်ရေချိုးရင်ချိုး ငါဈေးသွားဦးမယ်.. ဟဲ့.. ရေတွေအများကြီး မချိုးနဲ့နော်.. ရေက ဝယ်သုံးရတာ..”
“ဟေ..!!! ရေကဝယ်သုံးရတယ်... ဘယ်လိုပါလိမ့်..”

ခင်လေးကတော့ ပြောပြောဆိုဆိုနဲ့ ဈေးထွက်သွားလေရဲ့..။

“ဦးနော်.. ဒီခြင်းဒေါင်းထဲက ပရင်းကြီးက ဘာပရင်းကြီးရဲ..”
“ဟဲ့..ဟဲ့.. သမီးရဲ့ ထားထား.. အဲ့ဒါ ဦးနော် သောက်တဲ့ ဆေးပုလင်း.. ပေးပေး ဦးနော်ကိုပေး.. သမီးဖို့ ဇီးထန်းလျှက်တွေ ပါတယ်လေ.. ညည်းဖွားအေ ထည့်ပေးလိုက်တာ..”

အောက်မလေး.. တော်သေးလို့ ကျကွဲသွားမှဖြင့်... ရှာရှာပါးပါး ဖွက်ယူလာရတာ.. ရန်ကုန်မြို့ကြီးမှာ ဘယ်နားဆိုင်ရှိမှန်းမသိ ငတ်တော့မလို့.. ဒီကလေးလေး တယ်လက်ဆော့.. မဖြစ်ဘူး.. သေချာဖွက်ထားမှ....။

“သမီး ရွာက ဖွားဖွားကို မှတ်မိသေးလား သမီး ဖွားက သမီးကို သတိရနေတာ.. ဦးနော်ကို မှာလိုက်တယ်”
“မှတ်မိဒယ်.. ပူချူးမကိုလဲ မှတ်မိဒယ်.. တမီးနဲ့ အိုးဘုတ်တူတူချော့ဒါ..”

“အဟေးး သမီးက မှတ်မိသားပဲ.. ဦးနော်ကိုလည်း မှတ်မိတယ်နော်.. သမီးက ရန်ကုန်သူကြီးဖြစ်သွားလို့ ဦးနော်ကို မေ့များသွားပြီလားလို့.. ဟေးးး..”
“ဟုတ်.. မှတ်မိဒယ် မေမေခင်ကပေါဒယ် ဦးနော်ကြီး ရန်ကုန်ရာမှာဒဲ့ ငါရော့ ချိတ်ညစ်ပါရယ်ဒဲ့..”

“ဟေ..!! ညည်း မေမေခင်က အဲ့လိုပဲပြောလား.. ငါ့မှာတော့ ဒီသူငယ်ချင်း တစ်ယောက်ရှိပါတယ် အားကိုးရမလားလို့ ဟင်းးး.. တွေ့ဦးမယ်.. နေပါဦး.. သမီးက ကျောင်းမသွားရဘူးလား..”
“အာာာာ.. ဦးနော်ကြီးကရဲ.. ကျောင်း ချယ်ရက် ပိတ်ဒယ်ရေ..”

“အဟေးး ဟုတ်လား.. ဦးနော်က တိဖူး.. အော်.. မှားကုန်ပြီ.. ဦးနော်က မသိဘူး..”
“ခစ်ခစ်...”

အော်.. ကလေးလေးတောင် ရွာက ပြောင်းသွားတာ နှစ် နှစ်မပြည့်သေးဘူး တော်တော်သွက်နေပါ့.. ရွာက ပူစူးမတို့နဲ့များ ကွာချက်.. ပူစူးမများ ဟိုဟာမေးမသိ.. ဒီဟာမေးမသိ.. အူတူတူနဲ့.. (အဟေးးး ကျုပ်အမျိုး ကျုပ်နဲ့တူလို့ အူတူတူဖြစ်တာနေမယ်) အင်းးး... ဒါကြောင့် မြို့ကြီးသူတွေ လည်တယ်လို့ ပြောကြတာဖြစ်မယ်.. ခင်လေးတောင် ကြည့်ရတာ တော်တော်လည်နေပုံပဲ...။

“စိတ်ညစ်ပါတယ် ကိုရင်ရယ် မြို့ကြီးမှာနေရတာ.. ကုန်ဈေးနှုန်းတွေကလည်း ကြီးချက်.. ဘားမှကို မဝယ်ရဲအောင်ဖြစ်နေပြီ..”
“အောင်မလေး မိခင်လေးရယ် ငြီးလိုက်တာလည်း လွန်ရော.. ငါ နှစ်ရက် သုံးရက်ပဲနေမှာပါ..”

“အော် ကိုရင်ရယ် အဲ့လိုပြောတာ မဟုတ်ပါဘူး နင့်တစ်ယောက်စာများ ဘာအပန်းကြီးတာမှတ်လို့.. ပြောပြတာပါ.. ကုန်ဈေးနှုန်းတွေက မတရားကို ကြီးတာဟ..”
“အေးလေ ဟုတ်ပါတယ် ဘာပဲဖြစ်ဖြစ် နင်တို့ ရန်ကုန်က ဒို့နယ်ဘက်တွေထက် ပိုတိုးတက်တော့ ကုန်ဈေးနှုန်းလည်း ပိုကြီးတယ်နေမှာပေါ့.. ”

“တိုးတက်လား မတိုးတက်လားတော့ မသိဘူး ဒီကုန်ဈေးနှုန်းကြီး တိုးတက်နေတာတော့ စိတ်ကို ညစ်ရော.. နောက်ဆို ဟင်းသီးဟင်ရွက်တောင် ဝယ်စားနိုင်ပါတော့မလား မသိဘူး..”
“အဟေးး.. ဒါများ ငါ့ငှက်ပျော်ခိုင်ကြီးကို အပြစ်ပြောသေးတယ် နင်တို့ ရန်ကုန်မှာ ဝယ်ကြည့်စမ်း ရမလားလို့.. ရွာနဲ့များ ကွာပါ့.. ရွာမှာဆို ခြံထွက်သီးနှံလေးတွေစား အကုန်အကျ မရှိသလောက်ပဲ.. နင်တို့ရန်ကုန်က ရွာလောက်ကို မဟန်ပါဘူးကွာ... ဒီပုံစံဆို နင်တို့ အသုံးစရိတ်က တစ်လတစ်လ မနည်းကုန်မှာပေါ့..”

“ကုန်ပြီလား ကိုရင်ရယ်.. အိမ်လခ... စားစရိတ်.. သွားစရိတ်လာစရိတ်.. ကလေးလေးကျူရှင်ခ.. ကျောင်းကလည်း ကုန်သလားမမေးနဲ့ တော်ကြာ ဟိုကြေးဒီကြေး.. တော်ကြာ ဆရာမကန်တော့ဖို့.. တော်ကြာ ဆရာမကို လက်ဆောင်ဝယ်ပေးဖို့.. အို... ကုန်ပေါက်ကြီးပဲ.. အတန်းပိုင်ဆီမှာလည်း ကျူရှင်က ပို့ပေးရသေးတယ် မပို့ရင်လည်း ကိုယ့်ကလေး မျက်နှာငယ်မယ် စိတ်ညစ်ပါတယ်အေ...”
“မေမေခင် ချာမက တွားချရာချိရို့တဲ့ ကျူချင် နှစ်ရက် ပိတ်တယ်ရဲ့..”

“ကယ် တွေ့လား အဒါပဲ ကျူရှင်ကလည်း ပိတ်မယ်ဆိုတာကြီးပဲ.. စာကို သင်ရတယ်ဆိုတာကို မရှိဘူး.. ကယ်ကယ်... ကိုရင်ရေ.. ပြောနေရင် ကုန်မှာမဟုတ်ဘူး.. နင်လည်း ဆာရောပေါ့ ထမင်းစားကြမယ်.. ကိုးရီးယားကားက လာတော့မှာဟ..”
“ဟေ... ဘာတုန်းဟ ကိုးရီးယားကားဆိုတာ..”
“အာာာာ ဦးနော်ကရဲ ကိုးရီးရားကားချိုဒါ ကိုးရီးရားကားပေါ့..
ခစ်ခစ်.. တိဖူးတိဖူး ဗိုက်ချာဒယ်..”

ခင်လေးကလည်း စကားကများပါ့ နဂိုများလှပြီမှတ်တယ် ရန်ကုန်ရောက်မှပိုဆိုး.. ကယ်.. လစ်တုန်း နည်းနည်းတော့ ခိုးမော့ဦးမှ.. ဒင်းစကားနားထောင်နေတာနဲ့ သောက်ဖို့တောင်မေ့နေပြီ... .... ဟင်းးးး..!!! ငါ့ပုလင်းးး.. မရှိတော့ပါလားးး..!! ဘယ်ရောက်သွားပါလိမ့်..!!! ဒီတံခါးကြားမှာ သေချာဖွက်လိုက်တာပါ.. ဒါ ကလေးလေး လက်ချက်နေမှာ ဒင်းလေးကလည်း မလွယ်ပါ့လား.. ဆေးလို့ပြောထားတာကို.. အင်းးး... အလည်မလေး... ဒင်းအမေနဲ့တူတာဖြစ်မယ်...။

“ကယ်... ကိုရင်ရေ.. ကိုရီးယားကားလာပြီ စကားလာမပြောနဲ့ ဇတ်သိမ်းတော့မှာဟ ဇတ်လမ်းက အရမ်းကောင်းနေတာ. နောက်မှ နင့်ကို ဇတ်လမ်းပြောပြမယ်.. သမီးအသံနည်းနည်း ကျယ်လိုက်..”
“ဟုတ်..!!! မေမေခင်..”

အင်း... ခက်ပြီ.. သောက်ချင်တာလည်း မသောက်ရ.. ဒီနားမလည်တဲ့ ဇတ်ကားက ကြည့်ရဦးမယ်.. အပြင်ခဏ ထွက်လမ်းလျှောက်ရင်ကောင်းမလား..!! မဖြစ်သေးပါဘူး.. လမ်းမီးတွေက မလာ.. သူ့လှေခါးကြီးက မြင့်ကမြင့် မှောင်ကမှောင်နဲ့ တက်ရဆင်းရမလွယ်....။

“ဟာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာ...... ))))))))..!!!!!!.”
“ဟဲ့... သောက်ခွေးးးးးးးးး.... ဘာဖြစ်တာတုန်းးးး”
“အီးဟီးးးးး... မီးပတ်ပီ..”

“ဟားကွာ တကယ်.. ငါမပြောလိုက်ချင်ဘူး.. ဇတ်လမ်းလာပြီဆို မီးကပြတ်ပြီ.. သေချင်တာပဲ.. ဒီနေ့ သူ့ချစ်သူကို အဖြေပေးမှာပါဆိုမှ.. မကြည့်ရတော့ဘူး..”
“ဟဲ့... ဘာတုန်းဟ.. ဘယ်က ချစ်သူကို အဖြေပေးမတုန်း.. မီးကရော ဘာလို့ ပြတ်သွားတာတုန်းးး..”

“နင်က တစ်မျိုး.. ဇတ်လမ်းကိုပြောတာ.. ဟွန်းးးဟွန်းးးဟွန်းးးးး.. ငါတကယ်ဒေါသထွက်တယ်.. ကြည့်ချင်ပါတယ်ဆိုမှ..”
“မေမေခင်.. ဒီနေ့ မီးပတ်ရက်လဲ ဟုတ်ဖဲနဲ့.. ဘာရို့ မီးပတ်တာရဲ..”

“မသိပါဘူးအေ.... ဘာမှန်းကို မသိဘူး.. လာချင်တဲ့အချိန်လာ ပြတ်ချင်တဲ့အချိန်ပြတ်နဲ့ စိတ်ညစ်ပါတယ်.. ကယ်.. ကိုရင်ရေ.. မီးကတော့ အဲ့လိုပဲ လာတော့မှာ မဟုတ်ဘူး.. နင်လည်း အိပ်ချင်ရင်အိပ်တော့ ဘုရားစင်အောက်မှာ နင့်ဖို့ အိပ်ယာပြင်ထားတယ်.. ငါနဲ့ သမီးလည်း အိပ်တော့မယ်.. အော်.... မနက်ကျ စောစောထ ရွှေတိဂုံဘုရား သွားကြမယ်..”
“အေး..ဟေ.. ဒီလိုကြီးလား.. ဒါဆိုလည်း အိပ်ရတော့မပေါ့.. နင်တို့ရန်ကုန်က မှောင်ကမှောင် ခြင်ကကိုက်နဲ့.. စိတ်ညစ်ပါတယ်..”

သြော်.. မြို့ကြီးပြကြီးတဲ့.. မြို့တော်ကြီးတဲ့.. အခုတော့ အထင်နဲ့ အမြင် လွဲနေပါရောလား.. မဖြစ်ဖူး ဒီတိုင်းဆိုရင်တော့ မြန်မြန်ပြန်ပြေးမှဖြစ်မယ်.. သောက်ချင်တာလည်း မသောက်ရ.. လင်းလင်းထင်းထင်းလည်း မနေရ.. ရွာမှာကမှ ရေနံဆီရှိ မီးလင်းသေးတယ်.. အင်းးးး ရန်ကုန်.. ရန်ကုန်...။

“ဟဲ့.. ပလုတ်တုတ်..!!!!!.. ဟော.. မီးပြန်လာပြီဟ.. ဟေ့.. ခင်လေးရေ.. မီးပြန်လာပြီဟ.. အဟေးးးး.”
“နင့်ဟာ နင်သာ TV ကြည့်ချင် ဖွင့်ကြည့်တော့ဟေ့.... ငါတို့တော့ မကြည့်တော့ဘူး အိပ်ပြီ..”
“ဟဲ့.. ဘယ်လိုဖြစ်တာတုန်း နင်တို့ပဲ ကိုရီးယားဆို..!!!.. အဖြေပေးမှာဆို..!! မကြည့်တော့ဘူးလားး..”
“မကြည့်ဘူးဟေ့.. နင့်ဟာနင်သာဖွင့်ကြည့်..”
“ဟေ.... တစ်မျိုးပါလား... မှန်းစမ်း..”

((((မြန်မာစံတော်ချိန် ည (၈) နာရီတိတိရှိပါပြီ.. ..... နေ့ သတင်းများကို စတင် ကြေညာပါတော့မယ်ရှင်..))))

“အဟေးးးး... ခင်လေး ဟဲ့.. သတင်းလာပြီဟ မကြည့်ဘူးလား..”

“တော်စမ်းပါကိုရင်ရယ်... နင့်ဟာနင်ကြည့်ချင်ကြည့်.. ဒါ..ဒါပဲ.. ငါတို့တော့ အိပ်ပြီ.. အသံတိုးလိုက်ဦး..”
“ဟေ..!!!!!! ဘယ်လိုကြီးတုန်းဟ.. ဘယ့်နယ်...”

သတင်းကတော့ ပျင်းစရာ.. ကျုပ်လည်း နားမလည်လေတော့ မကြည့်တော့ပါဘူး.. အိပ်တာကမှ အိပ်ရေးဝဦးမယ်လေ ကယ်.. မအိပ်ချင်လည်း အိပ်လိုက်တော့မယ်.. နားအေးရော..။

ကယ်.. ချစ်မိတ်ဆွေတို့ရေ.. ကျန်တဲ့နှစ်ရက်ကို ဗီဒီယိုခွေရစ်သလို အမြန်ပြကွက်နဲ့ အမြန်ကြီးကို ကျော်လိုက်တော့မယ်.. မဟုတ်ရင် စာကရှည်တော့မယ်.. (အဟီးးးး ဤကား စကားချပ်)

မနက်စောစောထ.. ဒင်းတို့သားအမိနဲ့.. ရွှေတိဂုံစေတီတော်.. ဦးချကြည်ညို.. ဘုရားပေါ်ကဆင်း.. တိရိစ္ဆာန်ရုံ.. တိရိစ္ဆာန်မရှိ.. ကန်တော်ကြီးပန်းခြံ.. ပန်းမရှိ.. သစ်ပင်မရှိ.. အိမ်ပြန်လာ.. လှေခါးတက်.. ရေချိုး.. ထမင်းစား.. ခင်လေး၏ကုန်ဈေးနှုန်း.. ပုလင်းရှာ.. ကလေးလေးကိုချော့တောင်း.. မရ.. မီးလာ.. ထမင်းစား.. ကိုးရီးယားကား.. မီးပြတ်.. အိပ်ယာဝင်.. မီးပြန်လာ.. ပြန်ထ.. သတင်း.. ပြန်ပိတ်.. ပြန်အိပ်.. နောက်တစ်ရက်.. မနက်အိပ်ယာထ.. လ္ဘက်ရည်ဆိုင်ထိုင်.. ခွက်တော်တော်သေး.. ဘူတာသွား.. တန်းစီ.. မှောင်ခိုဈေး.. မဝယ်.. လ္ဘက်ရည်ဖိုးပေး.. OK.. လက်မှတ်ရ.. အိမ်ပြန်လာ.. လှေခါးတက်.. ရေမချိုး.. ရေမရှိ.. ပစ္စည်းသိမ်း.. ဘူတာဆင်း.. ခင်လေးတို့သားအမိလိုက်ပို့.. လက်ပြ.. တာ့တာ.. ရထားပေါ်တက်.. ဘော်ဘူးးးး.. ဂလုံး.. ဂလုတ်.. မြောင်းပုပ်နံ့.. ဂွတ်ဘိုင်းရန်ကုန်.... ပြီးပါပြီ...။ Bye


(ကိုရင်နော်)

Wednesday, November 19, 2008

ဆူညံနေသောတီးတိုးစကားသံများ (၁)

.




“သတင်းတွေ ကြားပြီးပြီလား xxx..xxx....xxxx..xxxx...xx”


“ရှူး..!! တိုးတိုး.. ... xxx... ... xxx”
“ဟယ်.. ဟုတ်ရဲ့လား... xx ...xxx ..”
“ဟာ.. ဒါတော့ လွန်တာပေါ့.. xxx.. xx.. xxx.. xxx ....”
“မဖြစ်သင့်ဘူးကွာ.. ..xx ..xx”
“ဟေ့လူ.. တိုးတိုး ပြောပါဆို.. .. xxx .. xxx xxxx ....”
“အမှန်တကယ်ဆိုဗျာ.. xxx.. xxx...”
“ရက်စက်လိုက်ကြတာကွာ... xx..xxxx...xxx..xxxx”
“..xxx...xxx.....xxx.. ဒါဆို သေရောပေါ့..”
“...xxx ..xx..xxx မဟုတ်ဘူးလား ကျုပ်ပြောတာ..”
“ငါကွာ.. စိတ်ရှိလက်ရှိ..xxx..xxx...xxx”
“ခင်ဗျား စဉ်းစားကြည့်လေ.. xxx...xxx...xx....xxxx..”
“...xxx..xxx.... ဟုတ်တာပေါ့..”
“ဟုတ်တယ် ကျုပ်လည်း ..xxx...xxxx..xx”
“နားထောင်တာပေါ့.. လိုင်းက မကောင်းဘူးဗျ..xxx...xxx..xx..”
“တိုးတိုးပြောပါဆို..xx..xxx..xxxx..”
“...xx..xxx.. အမှန်တရားဆိုတာ.. xxx.. xx..xx...”
“အင်း.. အဲ့ဒါပြောတာပေါ့.. xx..xxx...xx”
“သနားပါတယ်နော်.. xx..xxx..xx”
“ကျွန်တော်ပြောတာဗျာ... xx... xxx.. xxx.. ”
“ဒါပေါ့..xx..”
“ဟုတ်ပဗျာ.. အဲ့ဒီတုန်းက.xx...xxx..xx..xxxx”
“...xxx..xx..xxx..xxx.. အင်းပေါ့.. မိသားစုတွေ.. xxx...xxxx.. xx..xxx”
“စိတ်ညစ်ပါတယ်..xx..xxx..”
“...xx.. သတိထားပြောဦး...xx..xxxx..xx”
“..xx...xxx..xx...xxxx..xx”
“ဟုတ်တယ်..”
“@#$%^&*+~!..xxxx..”
“တောက်..!!!! ...xxx.. xxx ”


(ကိုရင်နော်)

Monday, November 10, 2008

အလိုက်မသိတတ်သူများ...

ကိုရင်နော်တစ်ယောက် ဘယ်တွေပျောက်နေလဲလို့ မေးတဲ့သူတွေလည်း လာလာမေးကြတယ် ဟုတ်တော့လည်း ဟုတ်ပါတယ်လေ တစ်ခါတလေ ကိုယ့်ကိုကိုယ်တောင် ပြန်လိုက်ရှာရတယ် ဘယ်ရောက်ရောက်သွားမှန်းမသိဘူး အဲ့လို အလုပ်တွေရှုပ် အရှုပ်တွေလုပ်နေတာ.. အဟီးးးး.. ဒီနေ့တော့ အချိန်လေးရတုန်း ဘာလေးညာလေး နည်းနည်းပါးပါးတော့ ရေးဦးမှဆိုပြီး ရေးဖို့ပြင်ရတော့တာ.. ရေးမယ်ဆိုတာထက် ပြောပြချင်တာတွေ ပြောပြမယ်ဆိုရင်ပိုမှန်မယ်.. ကျနော်ကြုံတွေ့ရတဲ့ စိတ်ညစ်စရာ၊ စိတ်ပျက်စရာလေးတွေကို ဖောက်သည်ချချင်တာပါ...။

“(၁၀) တန်းအောင်ဖို့မလိုဘူး အလိုက်သိတတ်ဖို့လို့တယ်” ဆိုတဲ့စကားဟာ ဆိုရိုးစကား တစ်ခုလို ဖြစ်နေပါတယ်.. မကြာမကြာလည်း ကြားရတတ်တယ်.. တကယ်တော့ လူတစ်ယောက်ဟာ “အလိုက်သိတတ်ဖို့” အရမ်းအရေးကြီးပါတယ်.. “အလိုက်သိတတ်ခြင်း” ဆိုတာက တတ်သိထားအပ်တဲ့ ပညာရပ်တစ်ခုလိုပါ.. ပညာတွေ ဘယ်လောက်ပဲ တတ်နေပါစေ အလိုက်မသိတတ်ဘူး အရိပ်အကဲ နားမလည်ဘူးဆိုရင် အဲ့ဒီလူဟာ လူမှုဆက်ဆံရေး နယ်ပယ်မှာ အခက်အခဲတွေနဲ့ ကြုံတွေ့နေရမှာပါ...။

ကျနော်လည်း အလိုက်မသိတတ်သူတွေနဲ့ တော်တော်ဆုံတွေ့ခဲ့ရပါတယ် ကိုယ်က သည်းခံတတ်သူ၊ အားနာတတ်သူဖြစ်နေတော့ ပိုခံရတာပေါ့.. ဒီလိုပါပြောပြချင်တာက ကျနော့်သူငယ်ချင်းတွေထဲမှာ တစ်ယောက်ရှိတယ်ဗျ သူက သူပြောချင်တာကို အတင်းကို လိုက်ပြောနေတတ်တာ.. သူများ စိတ်ဝင်စားရဲ့လား.. အားလား.. မအားလားမသိ အတင်းကို သူပြောချင်တာ ပြောနေတော့တာ.. “ဒမှာကြည့်ရမ်း (ဒီမှာကြည့်စမ်း)” ဆိုပြီး သူ့စကားကို ဂရုစိုက်နားထောင်အောင် ခံပြောတတ်သေးတယ်.. ဒီထက်ဆိုးတာက သူ့ကို မကြည့်ရင် ပုခုံးကို တို့ပြီး မကြည့်ကြည့်အောင် လုပ်နေတော့တာ.. ပြောရင်လည်း “သလား (သိလား)” ဆိုပြီး သူ့စကားကို ထောက်ခံခိုင်းသေးတယ်.. ကိုယ်က အားနေရင်တော့ အကြာင်းမဟုတ်ပါဘူး နားထောင်ပေးတာပေါ့.. အလုပ်မအားတော့ ဘယ်လို လုပ်မလဲနော်.. တကယ်ဆို အလိုက်သိပေါ့.. သူစိတ်မဝင်စားပါလား ဆိုပြီး ဆက်မပြောနဲ့တော့ပေါ့.. ဟုတ်ဘူးလား..။

နောက်တစ်ယောက် ရှိသေးတယ် သူကတော့ စကားတော့ အတင်းလိုက်မပြောဘူး ကိုယ့်စားပွဲဘေးမှာ လာရပ်နေတတ်တာ.. ခုံတစ်လုံးပါဆွဲပြီး ဘေးမှာ လာထိုင်နေရော.. ကိုယ်ကလည်း အလုပ်က လုပ်နေရတော့ သူ့ကို ဧည့်ခံစကားပြောဖို့ အချိန်က မရှိဘူးလေ.. သူက နားလည်မှုတော့ ရှိပါတယ်.. နှောက်တော့ မနှာက်ယှက်ဘူး.. ခက်တာက ဘေးမှာထိုင်ပြီး ကိုယ်လုပ်နေတာတွေကို ကြည့်နေတာ.. PC ကို ကြည့်နေမယ်.. စာရွက်စာတမ်းတွေကို ကြည့်နေမယ်.. ကိုယ်ကလည်း ကိုယ်လုပ်နေတာတွေကို ဘယ်ကြည့်နေစေချင်မလဲနော်.. (မဟုတ်တာတွေ လုပ်နေတာကိုး.. ဟီးး) အဲ့လိုဗျ မခက်ဘူးလား တကယ်ဆို သူမအားပါလား.. မကြည့်စေချင်ပါလား.. ဆိုပြီး ပြန်သွားလိုက်တော့ပေါ့ဗျာ.. အလိုက်သိပေါ့.. ဆိုးတယ်ဗျ အလိုက်မသိတတ်တာ..။

တော်တော်ကြီး ဆိုးဆိုးဝါးဝါး အလိုက်မသိတတ်သူနဲ့လည်း ကြုံနေရသေးတယ်ဗျ.. မကြာမကြာလည်း ဆုံနေရတယ် နောက်လည်း ဒီလူနဲ့ တွေ့နေရဦးမှာပဲ.. သူငယ်ချင်းလည်းဖြစ်နေတာကိုး.. သူကတော့ အိမ်မှာ ဧည့်သည်လာလုပ်တာဗျ.. ခဏဆိုရင်တော့ အကြောင်းမဟုတ်ပါဘူး ရက်ရှည်ဧည့်လာလုပ်တော့ ခက်ပြီပေါ့ဗျာ.. ကိုယ်ကလည်း တစ်ယောက်တည်း လွတ်လွတ်လပ်လပ် နေချင်တာလေ.. ဧည့်သည်ရှိနေတော့ မလွတ်လပ်ဘူးပေါ့.. သူ့ကို ဧည့်ဝတ်ကျေပေးရတော့တာပေါ့ဗျာ.. စားချိန်ဆို သူ့အတွက် စီစဉ်ပေးရရော ကိုယ်တောင် ကိုယ့်ဟာကိုယ်ဆို တစ်ခါတလေ ဘားမှစားတာ မဟုတ်ဘူး (ချွေတာရေးလေ.. ဟီးး) ဧည့်သည်ကိုတော့ ကောင်းကောင်းကျွေးရတော့တာပေါ့.. နောက် ကိုယ့် အသုံးအဆောင်တွေလည်း ပေးသုံးရသေးတယ်.. အိပ်ရင်လည်း ကိုယ့်ကုတင်မှာ ပေးအိပ်ရတာပေါ့.. ကိုယ်ကတော့ ဧည့်ခန်းမှာ ဖြစ်သလို အိပ်ရရော.. PC ကိုလည်း Email လေး ခဏ ဖတ်ဦးမယ်ဆိုပြီး မထတော့ဘူး.. ခက်ပြီပေါ့.. ကိုယ်က အလုပ်တွေက ရှိသေးတယ်လေ.. ဖတ်ချင်တာလေးတွေ.. ရေးချင်တာလေးတွေကလည်း ရှိဆိုတော့.. (ချစ်ချစ်နဲ့လည်း Talk ရဦးမှာ.. ဟီးး)
အဲ့လို.. အဲ့လို.. မခက်ပေဘူးလား အလိုက်မသိတာ.. ဆိုးတယ်ဗျ...။

နောက်တစ်မျိုးရှိသေးတယ် ဒါကတော့ အားလုံးလည်း ကြုံနေရမှာပါ.. Gtalk ကို အချိန်တိုင်း ဖွင့်ထားတယ်ဆိုတာ အမြဲ Chat နေတာမှ မဟုတ်တာနော်.. အလုပ်မှာ၊ ကျောင်းမှာ၊ အိမ်မှာ ဒီလိုပဲ ဖွင့်ထားတတ်တာပဲလေ.. Busy ပြထားတယ်ဆိုရင် ဒါသိသင့်တာပေါ့ မအားလို့နေမှာ ဆိုပြီး.. တချို့ကတော့ ဟုတ်ဘူးဗျ အတင်းကို Reply မလုပ်မချင်းကို ရိုက်နေတော့တာ.. ဒါလည်း အလိုက်မသိတာပဲဗျ.. ဒါကြောင့်လည်း Always Idle တွေ Invisible တွေ သုံးလာကြတာနေမှာ.. ဒါတွေက အလိုက်မသိတတ်သူတွေအတွက် ရှောင်ဖို့၊ ပုန်းဖို့ ထပ်ပေါ်လာတာဖြစ်မယ်.. တကယ်ဆို Busy ပါနေတာ လုံလောက်ပြီပဲလေ.. ကျနော်ကတော့ အဲ့ဒါတွေကို မသုံးဘူးဗျ.. ကိုယ်ခင်လို့ Add ထားတဲ့ သူငယ်ချင်းတွေကို လိမ်သလိုကြီးဖြစ်မနေဘူးလား.. (ဘယ်သူ့ကိုမှ မရည်ရွယ်ပါဘူးနော်.. ခင်လေးငယ်ကို ပြောတာလည်း မဟုတ်ပါဘူး... ဟီးးး ဒင်းက အဲ့လို သုံးတတ်လို့ :P)

တကယ်တော့ အလိုက်မသိတတ်တာ ဆိုးတယ်ဆိုပေမယ့် သူ့နေရာနဲ့သူ ကောင်းတဲ့နေရာလေးတွေလည်း ရှိတော့ရှိပါတယ်.. ကျနော်လည်း တစ်ခါတလေတော့ ရူးချင်ယောင်ဆောင်ပြီး အလိုက်မသိသလို နေဘူးပါတယ်.. ဥပမာ အကြွေးသွားတောင်းတာတို့ ဘာတို့ပေါ့.. မပြန်ဘူး မပေးမချင်း ပေကပ်နေတာ.:P နောက် ဖေဖေ့ ရုံးကိုလိုက်သွားပြီး တော်တော်နဲ့ မပြန်ဘူး သူ့ကို စိတ်ရှုပ်အောင် လုပ်မယ်.. မျက်စိနှောက်အောင်လုပ်မယ်.. သူ့ဧည့်သည်လာရင်လည်း စကားကောင်းကောင်း ပြောလို့မရအောင် နှောက်ယှက်မယ်.. အလိုက်မသိဟန်ဆောင်တာပေါ့.. ဒါမှ မုန်ဖိုးမြန်မြန်ပေးပြီး ပြန်ခိုင်းမှာလေ.. အဟီးး အဲ့လို ရူးချင်ယောင်ဆောင်တာ..။ နောက်ရှိသေးတယ် ကျနော်တို့ မွေးရပ်မြေက ရုံးဌာနတွေမှာ လ္ဘက်ရည်ဖိုး ပေးရမယ်ဆိုရင် အလိုက်မသိတတ်သလို ရူးချင်ယောင်ဆောင်နေလိုက်ရော.. အဲ့လို.. .အဲ့လို.. ဝန်ထမ်းတွေကို မဖျက်စီးချင်ဘူးလေ.. လ္ဘက်ရည်ဖိုးဆိုတာကလည်း ငါးဆယ်၊ တစ်ရာမှ မဟုတ်တာနော်.. ဈေးတော်တော်ကြီးတာကိုး... (ဟီးးး)

“အလိုက်မသိတတ်ဘူး” ဆိုတာ သူတစ်ဖက်သားကို စိတ်ညစ်အောင်လုပ်တာပဲ.. ဒုက္ခပေးခြင်းတစ်မျိုးပဲဗျ.. တကယ်ဆို ကိုယ့်ကို အလိုမရှိတော့ဘူး၊ မကြည်ဖြူတော့ဘူးဆိုတာ သိသင့်တာပေါ့.. သိရင်လည်း အလိုက်တသိ ထွက်သွားလိုက်တော့ပေါ့.. ဆက်ရှိနေလို့လည်း ဘားမှဖြစ်လာတော့မှာမှ မဟုတ်တာ.. မျက်နှာရိပ်၊ မျက်နှာကဲ ပြလည်း မသိ.. ပေကပ်ပြီးကိုနေ နေတာကတော့ ဆိုးတာပေါ့ဗျာ.. အဲဒီထိုင်ခုံကြီးတွေကို ဖက်တွယ်ပြီး ဆက်ထိုင်ထိုင်နေတာတော့ မမိုက်ဘူးပေါ့...!! တကယ်ဆိုရင်လည်း အလိုက်တသိ ဆင်းသွားလိုက်တော့ပေါ့ဗျာ... အဲ့.. ပြန်သွားလိုက်တော့ပေါ့ဗျာ... (အ ဟီးးး) ခက်တယ်.. ခက်တယ်..!! အလိုက်မသိတတ် သူတွေကြောင့် ခက်တယ်.. အားလုံးပဲဗျာ.. ကျနော်ကြုံတွေ့ရသလို အလိုက်မသိသူများရဲ့ရန်က ကင်းဝေးနိုင်ကြပါစေလို့...။

(ကိုရင်နော်)

Wednesday, November 5, 2008

ရယူခြင်း.!! ပေးဆပ်ခြင်း..!!

သူမရဲ့စိတ်တွေ စုစည်းလို့မရအောင် အတွေးတွေထဲမှာ ပျံ့လွင့်နေခဲ့ပီ... သူမ.. သူ့ကိုအရမ်းချစ်တာ.. သူမအတ္တကြီးကြီးနဲ့ သူ့ကိုချုပ်ကိုင်ခဲ့မိတာများလား...!! သူမ... သူ့အတွက် “အချစ်”ကလွဲရင် ဘာမှပေးနိင်ခဲ့ပါဖူး.. အဲ့...“အချစ်”ကကော သူ့ကိုဘယ်လောက်ထိ စိုးမိုးထားနိင်မှာတဲ့လဲ...!! သူမဆိုတဲ့သူမကလဲ တစ်ခါတစ်လေ ကလေးလေးတစ်ယောက်လို နူးညံသိမ်မွေ့နေတတ်ပီး.. တစ်ခါတစ်လေလဲ ကြံဖန်ကောက်နေတတ်တဲ့သူ... အရာရာနက်နဲစွာ တွေးခေါ်တတ်သလို အရာရာကိုလဲ “တိဖူး..” ဆိုတဲ့တစ်လုံးထဲနဲ့ မတိသလို နေပစ်တတ်သူလဲဖစ်တယ်....။

ကလေးတစ်ယောက်လို လွတ်လွတ်လပ်လပ် ရယ်မောနေတတ်ပီး.. သစ်ရွက်လေးတွေ ကြွေတာကိုကြည့်ရင်း ခံစားဝမ်းနည်းနေတတ်သူ လဲဖစ်ပါတယ်.. သူမရဲ့စိတ်တွေကိုကော သူ... ဘယ်လောက်ထိ နားလည်ပေးနိင်မှာလဲ..!! ခုချိန်ထိသူနဲသူမ ကမ္ဘာဦးကထဲက ရှိခဲ့တဲ့ “အချစ်” ဆိုတာကို စာလုံးပေါင်းမှန်အောင် ပေါင်းနေကြတုန်းပါဖဲ.. အစဉ်အလာအတိုင်းလဲ ရန်ဖစ်လိုက်ပြန်ချစ်လိုက်နဲပေါ့... စိတ်ကူးယဉ်မူတွေ... မျော်လင့်ချက်တွေ... ရည်ရွယ်ချက်တွေ ကိုယ်စီနဲ့ အချစ်ကို တည်ဆောက်ခဲ့ကြသူတွေ ဆိုလဲမမှားပါဖူး....။

သူဆိုတဲ့သူကကော အရမ်းကိုချစ်တတ်သူပါ.. သူမကိုအနိုင်းမဲ့လို့ ထင်နေတဲ့သူပေါ့... သူမကို လူကြီးဆန်ဆန် ပြောဆိုတတ်သလို.. ကလေးတစ်ယောက်လို ကြည်စယ် နောက်ပြောင်နေတတ်သူပါ... သူ့ဘ၀သူ အားငယ်နေတတ်သူလဲ ဖစ်ပါတယ်.. သူမကြောင့် အရာရာပြည့်စုံနေသလို... သူ့ရဲ့မျော်လင့်ချက်တွေလဲ ရှင်သန်နေတယ်လို့ ထင်နေတတ်သူပေါ့.. တစ်ခါတစ်လေ အရမ်းကြင်နာတတ်သလို တစ်ခါတစ်လေ ကြောက်စရာကောင်းအောင် ဒေါသကြီးပီး သ၀န်တိုတတ်သူလဲ ဖစ်ပါတယ်... သူနဲ့ သူမ တူညီတဲ့ အချက်လေးတစ်ခုကတော့ အရမ်းချစ်တတ်တာပါဖဲ...။

သူမကတော့ “အချစ်”ကို ပေးဆပ်ခြင်းနဲ့ တည်ဆောက်နေတတ်သူပါ... သူကတော့ရယူခြင်းနဲ့ သရုပ်ဖော်ချင်သူပါ... သူမရဲ့အတွေးတွေထဲမှာတော့ သူ့ကို သူမထက်ပိုပီး အစစအရာရာသာတဲ့သူ... သူမထက် အချစ်ကိုပိုပီး ပြည်စုံအောင် ဖန်တီးပေးနိင်တဲ့သူ.. သူမဆီကမရနိင်တာတွေကို ပေးနိုင်တဲ့သူ တစ်စုံတစ်ယာက်နဲ့ဖြစ်ဖြစ်.... အမှန်တစ်ကယ် ပျော်ရွှင်မှုတွေနဲ့ သာယာချမ်းမြေ့တဲ့ ဘ၀လေးကို သူ့ကိုပိုင်ဆိုင်စေချင်တာ... ဒါတွေအားလုံးဟာ သူမ... သူ့အပေါ်ထားရှိခဲ့တဲ့ “အချစ်”တွေပေါ့....

သူကတော့သူမကို ဘယ်သူ့လက်ထဲမှာမှ စိတ်မချသလို... သူမရဲ့အချစ်တွေကိုလဲ တစ်ယောက်တည်း ပိုင်ဆိုင်ချင်သူမျိုးပါ...။ ဘယ်လိုဖဲဖစ်ဖစ် သူမနဲ့နီးစပ်ခွင့်ရအောင် ကြိုးစားနေတဲ့သူ... သူမနဲ့နှစ်ယောက်ထဲ ရှိနေချင်သလို... ရင်ခုန်သံတွေ ကြည်နူးမူတွေနဲ့ ပေါင်းစပ်ထားတဲ့ အိမ်ရဲ့ဆွဲလွဲသံလေးတွေ ကြားမှာလည်းနေချင်ပြန်သူ....။ ဒါတွေဟာ သူ့ရဲ့သူမအပေါ်ထားတဲ့ အချစ်တွေ... မျှော်လင့်ချက်တွေဖဲပေါ့.. သူနဲ့သူမ“အချစ်”ကို ဘယ်လိုမြင်ကြပါလဲဟင်...!! ပေးဆပ်ခြင်းနဲ့ ပီးဆုံးမှာလား...!! ပိုင်ဆိုင်ခြင်းတွေနဲ့ဖဲ ပြည့်စုံစေရမှာလားဟင်....!!

လာဖတ်ပေးတဲ့သူတွေတိုင်း မိမိသဘောကျ ဆုံးဖြတ်ခဲ့ပေးခဲ့ကြပါနော်... စိတ်တိုင်းကျ အဆုံးသတ်ခွင့်ရှိပါတယ်... ကလေးလေးရဲ့ပို့စ်လေးကို ဖတ်ပီးပျော်ရွင်နိင်ကြပါစေ....... အရှိကိုအရှိတိုင်းလဲ ဝေဖန်ပေးခဲ့ပါလို့ တောင်းဆိုပါရစေ... မရေးတတ်တာကို လာဖတ်ပေးတဲ့အတွက်လဲ ကလေးလေးက ကျေးဇူးထူးရှယ်တင်ပါတယ်ရှင်..... အဲ့...!! မေ့လို့... “တိဖူး တိဖူး ဗိုက်ဆာဒယ်...” (((လက်သုံးစကားလေး မေ့ကျန်ခဲ့လို့လေ))) :P

P.S အခုတလော “အချစ်”အကြောင်းတွေဘဲ ဘလော့ရွာထဲမြင်မြင်နေတာမို့ ကလေးလေးလဲ တိသလောက် ဂျစ်ပြလိုက်တာပါရှင့်....။

(ကလေးလေး)