Saturday, December 27, 2008

စေရာ...

“လ” လေးက ခပ်ကွေးကွေး... တိမ်တွေက တစ်ချို့တစ်ဝက်ပြေးဆော့လို့... ဒီညကောင်းကင်က ပြာမနေပါဘူး။ ခပ်မှိုင်းမှိုင်းနဲ့... ကြယ်လေးတွေ တစ်လုံး.. နှစ်လုံး.. သုံးလုံး.... မြင်နေရတဲ့ မြင်ကွင်းထဲမှာ ရှိနေတာ သေချာ ရေကြည့်မယ်ဆိုရင် အားလုံး တစ်ဆယ့်သုံးလုံးတိတိ..။ လင်းတစ်ခါ မှိန်တစ်လှည့်နဲ့ မှိတ်တုတ်တုတ်... ဆောင်းရဲ့လေက အေးစက်စက်.. လေအသော့မှာ ညိုထွေးထွေး ဆံနွယ်တွေကဝေ့ဝဲ... ပါးပြင်တွေက တင်းခနဲ... စိတ်တွေက လေးလံလွန်းနေဆဲ...။

တစုံတရာပေါ်မှာ စီးမျောနေတဲ့ တစုံတရာဟာ နဂါးငွေ့တန်းတွေလို ရစ်သိုင်းလို့... မှုတ်ထုတ်မိတဲ့ သက်ပြင်းဟာ ဘာအရောင်ရှိနေလဲ ကျွန်မ မသိ...။ နားလည်ရခက်တဲ့ အရောင်တွေကို နံမည်တတ်ရလောက်အောင်အထိ ကျွန်မဟာ စိတ်ရှည်သူမဟုတ်...။ လနဲ့ အနီးဆုံးနေရာမှာ ရှိနေတဲ့ ကြယ်တစ်ပွင့်ကို ငေးမောနေဖို့တော့ ကမ္ဘာမှာ စိတ်အရှည်ဆုံး မိန်းမ ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်...။

ကျွန်မဘေးမှာ သီချင်းတစ်ပိုဒ်ရှိချင်ရှိမယ်... တစ်ပိုင်းတစ်စ ကဗျာနှစ်ကြောင်းလောက်လည်း ရှိနေနိုင်တယ်.... ဒါမှမဟုတ်.... ရနံ့လေးတစ်ခု...!! ချိုအီအီအနံ့ မဟုတ်တာသေချာတယ်... ခါးသက်သက် အနံ့ဟုတ်မဟုတ်တော့ မဝေခွဲနိုင်ဘူး... ဒါပေမဲ့ ကျွန်မအတွေးတွေ ခါးသက်သက် ဖြစ်လို့နေတာတော့ အမှန်ဘဲ...။ အာခေါင်တွေက ခြောက်ကပ်ကပ်.. မျက်ဝန်းတစ်ဝိုက်မှာတော့ စိုစွတ်စွတ်...။ လေနဲ့အတူ ယိမ်းနေတဲ့ ဆံပင်တွေက အရိုင်းဆန်လာသလို... ငေးကြည့်နေမိတဲ့ ကြယ်တစ်ပွင့်ရဲ့ အလင်းက စူးစူးလို့လာနေပေါ့...။

စိတ်တွေကို စိတ်နဲ့ကုစားဖို့ စိတ်တွေဟာ အဆိပ်သင့်နေခဲ့ပြီးသား..!! အမှတ်တရ ဆိုတာတွေကို အမှတ်ရနေဖို့ လုံလောက်တဲ့ ဦးနှောက်တစ်ခုနဲ့ သိပ်ကိုအမှတ်တရ ရှိနေပြန်ရော... တမ်းတလွမ်းဆွတ်ခြင်းကို ခူးဆွတ်ဖို့ ရူးနေတဲ့အရာဟာ အထစ်ထစ်အငေါ့ငေါ့ပဲ မဟုတ်လား..!! သေချာတယ်... တိတ်ဆိတ်တဲ့ ညနဲ့ လကွေးကွေးဟာ ကျွန်မကိုကယ်ဖို့ သူရဲကောင်းမဟုတ်... ကြယ်ကိုတလို့ ရသတစ်ပိုဒ် ဖြစ်နိုင်ချေမရှိတာလည်း အမှန်တရားပေါ့။ ဒါဟာ... အသက်မဲ့တဲ့ တမ်းချင်းသေတစ်ပိုဒ်...။ အဓိပ္ပါယ်ရှိဖို့ အဓိပ္ပါယ်မဲ့တဲ့ ဥာဏ်နဲ့စဉ်းစားမှတော့ အချီးအနှီးတွေသာ လက်ထဲပြုတ်ကျလို့ ကခုန်နေကြ...။

အဲ့ဒီကြယ်ပေါ့.... ကျွန်မကိုငေးစေခဲ့တာ... မှင်တက်အောင်ပြုစားလို့... ဟော... ကြည့်..!! ခုတော့ စူးရှရှ အလင်းတွေနဲ့ ရသတစ်မျိုးဖြစ်အောင် သိမ်းသွင်းဖန်တီးလို့ နေပြန်တာ...။ ဘယ်လိုဘဲဖြစ်ဖြစ်... ကျွန်မ ဆက်ငေးနေမိဆဲ... တွေးနေမိဆဲ... မျောလွင့်နေမြဲ...။ အမုန်းတရားတွေနဲ့ နာကြည်းပိုင်နိုင်စွာ မျက်လုံးတွေပိတ်ပစ်ဖို့ ကြိုးစားရင်း ဒါဟာ.. အလကား....!! သွေးတောင့်လာတဲ့ နာရီတွေတောင် လေးပင်လို့ ပျင်းရိငြီးတွားရင်း ရပ်တန့်ကုန်ကြပေါ့....!!

ကောင်းကင်ရယ်.. လကွေးကွေးရယ်.. ကြယ်တစ်ပွင့်ရယ်.. မိန်းမတစ်ယောက်ရယ်..။ ငေးနေတုန်း “ဝုန်း”ကနဲ ကြယ်ကကြွေကျ... မိန်းမတစ်ယောက်လည်း နွမ်းလျစွာ ဒူးထောက်မြေခ...။ ခပ်ကြမ်းကြမ်း ခါမိတဲ့ခေါင်းနဲ့ ယောင်ယမ်းလို့ မျက်ဝန်းအမှိတ်မှာ စီးကြောင်းတစ်ခုက ပါးပြင်ပေါ်မှာနွေးခနဲ...!! လက်သွားတဲ့ ပုလဲပွင့်တွေက လအရောင်မှာ ဝင်းကနဲ..........................။



(ခင်လေးငယ်)

Wednesday, December 24, 2008

Merry Christmas..

“အားလုံး ပျော်ရွှင်စရာ ခရစ်စမတ်လေး ဖြစ်ပါစေ”


(ကိုရင်နော်.. ခင်လေးငယ်.. ကလေးလေး..)


Tuesday, December 23, 2008

ဖြစ်စဉ်တစ်ခု..

ရှင်ရင်ရွှေထီး သေရင်မြေကြီးတဲ့
လူတွေထား“စကား”

ဘာမှန်းမသိတဲ့ ဦးနှောက်တွေ“စား”

အတွေးတွေ“ပွား”လို့“စဉ်းစား”

ငါ့....“အမှား”။

ရွှေထီးကိုမမက် မြေကြီးရောက်ဖို့လည်းခက်

ဆာတဲ့ဗိုက်က“ဟောက်ပက်”

အဆာရှာဖို့ထွက် အသေချာ“ငဲ့ကွက်

ရင်မှာပိုက်တာက“အရှက်”

ငါ့စိတ်....“ပျက်”။

လမိုက်ညမှာ....

အိတ်ပေါက်နဲ့ ဖားကောက်ထွက်တဲ့အခါ

ဗိုက်ဝဖို့ဖား“မရ” မာနတွေ“ခဝါချ”

နောင်တတွေသာ“မျိုမျိုချ”

သြော်..

ငါ့.... “ဘဝ”

(ခင်လေးငယ်)


ဘာရယ်မဟုတ် ရွှေနိုင်ငံ အလွမ်းပြေဆိုပြီး ဓါတ်ပုံတွေ လျှောက်ရှာကြည့်မိတာ... ကလေးလေးတစ်ယောက် ထိုင်နေတဲ့ ပုံလေးတစ်ပုံကို ကြည့်လိုက်ရတယ်... သူက ထိုင်နေရင်း ထောင်ထားတဲ့ ဒူးနှစ်ဖက်ပေါ်မှာ လက်ကိုယှက်လို့ မေးလေးကိုထောက်ပြီး တွေဝေငေးမှိုင်နေတယ်... ထိုင်နေတဲ့သူ့ဘေးမှာ ပလတ်စတစ် အထုပ်ကြီးတစ်ထုပ်နဲ့ တုတ်လေးတစ်ချောင်း...!! ကြည့်ရင်း.. ကျွန်မရင်မှာ ဆို့နင့်နေခဲ့တယ်.. သူလေး ဘာတွေများ တွေးနေတာလဲ..!! စဉ်းစားရင်း... စဉ်းစားရင်း... ရေးမိလိုက်တာကို ဝန်ခံပါရစေ..။

Friday, December 19, 2008

ကလေးလေးအကြိုက်

တော်တော်ကြာနေပါပီ... ဦးဦးဟန်သစ်ငြိမ်က ကလေးလေးကို ကာတွန်းအကြောင်း တက်(ဂ်)တယ်တဲ့... ကလေးလေးရေးပေးတဲ့လေ... ဦးဦးကတောင် မေ့နေလောက်ပါပီ... အဲ့ဒါ ခုရေးပါပြီနော်...!!

ကလေးလေးပါဆိုမှ ကာတွန်းဆို အရမ်းကြိုက်တာပေါ့.. ကာတွန်းမှန်သမျှအကုန်ကြည့်ဖဲ.. ဒါပေမဲ့ အကြိုက်ဆုံးကိုမတွေ့ပါဖူး... အသစ်ပေါ်လာတိုင်းလဲ ကြိုက်လိုက်တာပါဖဲ... ဟိုတလောက ထူးထူးခြားခြားလေး ပြည်တွင်းဖြစ် ကာတွန်းကားလေး ကြည့်ဖစ်တယ်...

ကလေးလေး အရမ်းကြိုက်တဲ့ ကာတွန်းလေးတစ်ခုပါ... အမြဲလဲရှာဖတ်ဖစ်ပါတယ်.. အခုက.. သရုပ်ဆောင် မင်းသားမင်းသမီးတွေမပါဖူး... ကာတွန်းပုံလေးတွေနဲ့ ရိုက်ထားတဲ့ဗွီဒီယိုကား... ကလေးလေးကြိုက်တဲ့ တွတ်ပီကားလေးပေါ.့. ကားနာမည်ကလေ...“မြိုင်ရာဇာတွတ်ပီဧ။် စွန့်စားခန်းများ...” တဲ့...။

ဇာတ်လမ်းအစလေးကိုက ကြုံထိုင်းရွာလေးကို သရုပ်ဖော်တာ အရမ်းပီပြင်တာ.. ဟင့်..ဟင့်... ကလေးလေးတော့ ကြည့်ရင်းနဲ့ ဦးနော်နဲ့ရွာကို လွမ်းတဲ့စိတ်ပါပေါ်လာမိတာ... တိရစ္ဆာန်ပေါင်းစုံရဲ့ စရိုက်လေးတွေကို ရီစရာဖစ်အောင် ရိုက်ထားတယ်..

သရုပ်ဆောင်တွေကတော့... မိန်းမအရမ်းကြောက်တဲ့ မုဆိုးကြီး မြိုင်ရာဇာတွတ်ပီ ((ဦးနော်ကတော့ ဒူ့ကိုကြောက်လည်းတိဖူး..)) ယောကျာ်းကိုအလွန်နိုင်တဲ့ အပေါ်အောက်ခံ အင်္ကျီမပါတဲ့ မသေးမျှင်... မသေးမျှင်ရဲ့မောင် တွတ်ပီရဲ့ယောက်ဖတပည့် မုဆိုးလေး ဗိုက်ကလေး ကြုံတိုင်းရွာသူကြီး ဦးဘစီ... ဂေါ်မစွံလူပျိုကြီး စောမောင်တင်မောင် ((ဦးနော်ကို စောင်းပြောတာဟုတ်ဖူးနော်..!!)) နှင့် တခြားကာတွန်းပုံလေးပါတဲ့ ဗွီဒီယိုကားလေးပါပဲ...

အဲ့ထဲက ကလေးလေးကြိုက်တဲ့ စကားလုံးလေးတွေက.. “ဒီနေ့တွတ်ပီကံမကောင်းပါလား...” “လောကကြီးက တလှည့်စီပါလား..” (မိန်းမခိုင်းတိုင်းလုပ်ရင်) “မုဆိုးလည်းသားကောင် သားကောင်လည်းမုဆိုး” တဲ့ ပြောပြပီးပီနော်.. ရှာကြည့်ကြတော့နော်... ကလေးလေးကူရှာပေးမယ် တိလား..!! ကလေးလေးက ထွေထွေထူးထူး မညွှန်းတတ် မရေးတတ်လို့ ဒီလိုလေးဖဲ ပြောပြရတာပါနော်..။

ကလေးလေးကတော့ကြိုက်လွန်းလို့ ခဏခဏကြည့်ဖစ်တယ် အခု.... ပိုစ့်ရေးရင်းလဲ ကြည့်နေသေးတယ်.. အရမ်းရီရပီး အရမ်းကောင်းတဲ့ ကာတွန်းကားလေးမို့ ကြည့်ဖစ်အောင် ဒီနေရာလေးမှာ ကြည်ြ့ကပါနော်.. အဟိ.. ကြည့်ဖို့ ပိုက်ပိုက်လေးတော့ လိုရယ်နော်... ခုတော့ တိဖူးတိဖူး..ဗိုက်ချာဒယ်.....!!

(ကလေးလေး)

ဦးဦးဟန်သစ်ငြိမ်ရေ.... ကလေးလေးတော့ မရေးတတ် ရေးတတ်လေးနဲ့ ကြိုးစားပီးရေးလိုက်ပါပီ.. မုန့်လာဝယ်ကျွေးတော့နော်

Sunday, December 14, 2008

လှတဲ့.. ဇာတ်သိမ်း

ဆောင်းလေအဝှေ့မှာ ချမ်းစိမ့်တက်လာတဲ့ အသိနဲ့ ကိုယ်မှာ ကပ်နေတဲ့ သားရေဂျာကင်ဇစ်ကို လည်ပင်းအထိ ဆွဲတင်မိလိုက်တယ်။ သြော်.. နှင်းတွေတောင် ခပ်စိပ်စိပ်ပိုသည်းလာပြီပဲ။ ခေါင်းမှာဆောင်းထားတဲ့ ဦးထုပ်လေးကို နားနှစ်ဖက်ဖုံးတဲ့အထိ ခပ်ဖိဖိပြင်ဆောင်း မိပြန်တယ်။ လက်အိတ်တွေအောက်မှာ မြှုပ်နေတဲ့ နာရီကို ကြည့်မိတော့ ၃ မိနစ်လိုနေသေးတယ်။ အချိန်ကို ဂရုစိုက်တိကျ လွန်းတဲ့ သူရောက်လာတော့မှာပါ...။

ရပ်နေတဲ့နေရာဘေး ခုံတန်းရှည်ပေါ်မှာတော့ သစ်ပင်ကြီးတွေဆီက ဖြာကျလာတဲ့ မီးရောင်စုံလေးတွေက မှိတ်တုတ်မှိတ်တုတ်နဲ့ ကခုန်လို့။ သီချင်းသံမဟုတ်တဲ့ တေးသွားနဲ့ တီးလုံးသံလေးတွေက နားထဲကို တိုးဝင်လာလိုက် ထွက်ပြေးသွားလိုက်။ ခေါင်းကိုမော့ပြီး ကောင်းကင်ကို ကြည့်မိတော့ နှင်းမှုန်တွေက မျက်နှာပေါ်ကို အပြေးအလွှား တွယ်ကပ်ရောက်လာကြတယ်။ ခပ်ပြားပြား ကားအမည်းလေးတစ်စီး တုန့်ကနဲ အရပ်မှာ မော့ထားတဲ့ခေါင်းကို ပြန်ချမိတယ်..။
နေမင်းဟန်...!! သူက ကားထဲကနေပဲ သူ့ကိုယ်ကိုငဲ့ပြီး ကျွန်မဖက်အခြမ်း ကားတံခါးကို ဖွင့်ပေးရင်း...

“မင်္ဂလာပါ... မငယ်.. ကိုယ်နောက်မကျပါဘူးနော်...”
“ဟင့်အင်း.. ကျမ ၃ မိနစ်ပဲ စောရောက်နေတာပါ ကိုနေမင်း...”

ကားထဲက အပူပေးစက် အနွေးကြောင့် အတော်လေး နေသာထိုင်သာရှိသွားတယ်..။

“ကိုယ်တို့ တစ်ခုခု သွားစားသင့်တယ်နော်”
“ကောင်းပါတယ် ကိုနေမင်း”

ထုံးစံအတိုင်း နေမင်းဟန် အသံက ရိုးသားမှုတွေနဲ့ တည်ငြိမ်လို့။ များသောအားဖြင့် ကျွန်မကို အလုပ်မှာရော အပြင်မှာပါ “မေ” လို့ခေါ်တတ်ကြတယ်။ အင်္ဂလိပ်စာလုံး May ဆိုတာ ကျမတို့ မြန်မာအသံထွက်တွေထဲမှာ ခေါ်ရမှတ်ရလွယ်တာလည်း ပါပါလိမ့်မယ်။ စသိချိန်ကစလို့ မိတ်ဆွေသက်တမ်း တစ်လျှောက်လုံးမှာ နေမင်းဟန်ကို ကျွန်မ “ကိုနေမင်း” လို့ခေါ်ခဲ့သလို ကျွန်မကို “မေ” လို့ မခေါ်ပဲ ကျွန်မနာမည်ကို “မ” ထည့်ပြီး “မငယ်” လို့ခေါ်တတ်သူပါ။ စကားပြောတိုင်းလည်း ကိုယ်နဲ့မင်းလို့ သုံးနှုန်းတတ်သလို ပိုမိုရင်းနှီးတဲ့ မိတ်ဆွေတွေဖြစ်လာတဲ့ ခုချိန်အထိ ကျွန်မကိုယ်တိုင်ကလည်း “ကျွန်မ”လို့ပဲ သုံးစွဲခဲ့ပါတယ်..။

သူ့က ကားထဲက MD Player ခလုပ်လေးကိုနှိပ်လိုက်တော့ ကျွန်မနှစ်သက်တဲ့ Rock သီချင်းတစ်ပုဒ် ခုန်ထွက်လာတယ်။ အံ့သြမှုတွေနဲ့ သူ့ကိုငဲ့အကြည့် သူ့အပြုံးတစ်ခုက လှစ်ကနဲ။ “နေမင်းဟန်” ဆိုတဲ့ သူဟာ ဘယ်တော့မှ ဆူညံညံ ပေါက်ကွဲသံစဉ်မျိုး နှစ်သက်တတ်သူမှ မဟုတ်တာ။ ကျွန်မတို့ မိတ်ဆွေသက်တမ်း သုံးနှစ် ကျော်လာတဲ့အထိ သူ့ကားထဲမှာ ဒီလိုသီချင်းသံမျိုး ကြားရလေ့မရှိ။ ဒါဟာ ပထမဦးဆုံးအကြိမ်ပါပဲ...။

ကျွန်မတို့ တွေ့ဆုံချိန်တွေတိုင်း ပြောတတ်တဲ့ စကားတွေကတော့... တစ်ခါတလေ အလုပ်ထဲက ဖိစီးမှုတွေပါမယ်။ စာအုပ်တွေအကြောင်းပါမယ်။ ရုပ်ရှင်တွေအကြောင်းပါမယ်။ သီချင်းအကြောင်းတွေပါမယ်။ ကိုယ်ရေးကိုယ်တာ တချို့တစ်ဝက်ပါမယ်။ ကိုနန္ဒ မေမေ့အကြောင်းပါမယ်။ ဝတ်ရည်ရဲ့ ခပ်ဆိုဆိုး မောင်လေး အကြောင်းသူပြောမယ်။ ဒါတွေပါပဲ...။

“ကိုနန္ဒ နေကောင်းလား ကိုယ် သုံး လေး ရက်လောက်တော့ရှိပြီ ဘူတာထဲမှာ သူ့ကို လှမ်းတွေ့လိုက်သေးတယ်”
“ဟုတ်... ခုတလော ပုံမှန်ထက် သူအလုပ်များနေပါတယ်”

“ကိုယ်တို့ ကိုရီးယားစာ စားရအောင်လေ”
“ကောင်းတယ် ကိုနေမင်း ကျွန်မလည်း အဲ့လိုတွေးနေမိတာ”

“ဝတ်ရည်ကတော့ အစပ်မစားလို့ ဘယ်တော့မှ ညှိလို့မရခဲ့ဖူးဘူး..”
“ကျွန်မကတော့ ငပိနဲ့ အစပ်ကိုကြိုက်တယ်”

“ကိုယ် မင်းကို ခုမှသိတာ မဟုတ်ဖူးလေ...”
ကျွန်မ နှစ်နှစ်ခြိုက်ခြိုက် ရယ်လိုက်မိတယ်..။

“မင်း ကလေးလေးတစ်ယောက်လို ရယ်တဲ့အသံ ကိုယ်မကြားရတာ ကြာပြီနော်”
“ဟုတ်တယ် ကိုနေမင်း ကျွန်မ ဒီလို မရယ်နိုင်အောင် အလုပ်တွေနဲ့ မွန်းနေတာ”
“ဟန်ဆောင်ပြီး အလုပ်တွေထဲမှာ နှစ်ထားတာ တစ်ကယ့်မင်းမှ မဟုတ်တာ”
ကျွန်မခေါင်းကို ဆတ်ကနဲ ညိတ်ရင်း...

“ဝတ်ရည် ခရီးထွက်မယ်ဆိုတာ သွားဖြစ်လား”
“အင်း.. ဒီနေ့ ကိုယ်သူ့ အတွက် လေယာဉ်လက်မှတ် ရက်အတိအကျယူပေးခဲ့တယ်”

“ကိုနေမင်း မလိုက်ဖူးလားဟင်”
“အို့.. အို ကိုနန္ဒခရီးတွေရော မင်းလိုက်ဖြစ်လို့လား မငယ်”

“အင်း.. ဒါလဲဟုတ်ပါတယ်လေ”
“နောက်ဆိုရင်တော့ ကိုယ်လိုက်ရတော့မှာ ဒီခရီးက ဝတ်ရည် တစ်ယောက်ထဲသွားမယ့် နောက်ဆုံးအကြိမ် ခရီးဖြစ်လိမ့်မယ်”

ကျွန်မ ပေါင်ပေါ်တင်ထားတဲ့ စလင်းဘက်အိတ် အပြားလေးကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်တယ်။ အိတ်ထဲမှာ ဖုန်းလေးတစ်လုံး၊ ပိုက်ဆံအိတ်ပါးပါးလေး တစ်အိတ်၊ ခေါင်းဘီးလေးတစ်ချောင်း နဲ့ ပန်းနုရောင် ကဒ်လေးတစ်ခု ရှိနေပါတယ်။ အဖုံးပေါ်မှာ “နေမင်းဟန်” ဆိုတဲ့ နာမည် ခပ်ဖိဖိရေးထားတဲ့ ကဒ်လေးက ဆွဲထုတ် ယူသူမဲ့ ငြိမ်သက်နေဆဲပါပဲ...။

“မငယ်”
ကျွန်မအကြည့်တွေက နေမင်းဟန် မျက်နှာပေါ်ရောက်သွားတယ်...။
“မငယ်”
“ရှင်ကျွန်မကို ခေါ်တာနှစ်ခါရှိနေပြီ ကိုနေမင်း”

“ဟား ဟားး အဲဒီခပ်ပြတ်ပြတ် အသံနဲ့ ရှုတည်တည် အကြည့်တွေက မင်းမှမင်းပဲ”
“တော်ပါရှင်.. ကိုနေမင်း ဒီနေ့ စကားတွေတော်တော် ပြောနေတယ်နော်”

“ဟုတ်တယ်.. ကိုယ်ဒီနေ့ ကလေးတစ်ယောက်လို ရယ်တာတွေကို ကြားချင်လို့ မင်းကို စချင်နေတာ”
ကျွန်မ သူ့ စကားဆန်းတွေကြောင့် ရယ်ဖြစ်ပြန်ပြီ...။

“ကိုနေမင်း ဘာလို့ ဒီသီချင်းတွေ ဖွင့်ရတာလဲ ကျွန်မစဉ်းစားနေတာ”
“သြော်... ဒါလား.. ဒါက... ဒီလိုလေ...”

ရယ်နောက်နောက် သူ့စကားက တစ်ဝက်တစ်ပျက်မှာ ဆုံးသွားတယ်။ တိကနဲ ကားဘရိတ်ကို တစ်ချက်တော့ပြီး သူရပ်လိုက်တယ်။ စောစောက နေမင်းဟန် မဟုတ်တော့ သလိုပဲ တိတ်ဆိတ်လို့ပေါ့။ ကျွန်မ ခပ်ပေပေမျက်လုံးနဲ့ သူ့ မျက်နှာကို လှမ်းကြည့်မိပါတယ်။ စတီယာတိုင်ကို ညာဘက်လက် တစ်ခုတည်းနဲ့ ဆုပ်ထားရင်း နှင်းတွေကျနေတာကို သူငေးနေတယ်။ ပြီးတော့ ခပ်တိုးတိုးအသံနဲ့ ပြောတယ်...

“ဘယ်သူမှ မသိသင့်တဲ့အရာပါ.. တစ်ခါတစ်လေ ကိုယ်ဟာ မင်း... ဖြစ်ဖြစ်ကြည့်ဖူးတယ် မင်းလည်း သိမှာမဟုတ်ဖူး သိစရာလည်းမလိုဘူး... ဒါပါပဲ”

နေမင်းဟန် စကားတွေက ကျွန်မကို တိတ်ဆိတ်သွားစေတယ်။ ချက်ချင်း အားယူပြီး ကျွန်မ ခပ်သော့သော့ ရယ်လိုက်တယ်...။

“ကိုနေမင်း ရှင်ဟာလေ......”
“ဝတ်ရည်ခရီးက ပြန်လာပြီးရင် ကိုယ်တို့ လက်ထပ်တော့မယ်.. မငယ်”

သူ့စကားသံ တိုးတိုးလေး အဆုံးမှာ ကျွန်မ ရယ်မောလိုက်မိပြန်တယ်။ နေမင်းဟန် ရှင်ပြောတယ်လေ.. ဒီနေ့ ကျွန်မရယ်သံတွေကို ကြားချင်တယ်ဆို....

“ဘာလဲ ကျွန်မကို သတို့သမီး အရန် ကမ်းလှမ်းချင်တာလား”
သူခေါင်းကိုခါတယ်... ပြီးတော့ ကျွန်မမျက်နှာကို စေ့စေ့ကြည့်နေတယ်...

“မင်းကို ကိုယ်ကျေးဇူးတင်တယ် မငယ်”
“ရှင်”
“မင်း ရယ်သံတွေ အတွက်ပါ ပြီးတော့....”

သူ ခဏရပ်ရင်း အသက်ကို ပြင်းပြင်းရှူပြီး စကားဆက်ပြောတယ်...။

“ကိုယ်ဟာ မင်းနဲ့ မိတ်ဆွေဖြစ်ခွင့်ရပြီး နောက်ပိုင်းမှာ ပတ်ဝန်းကျင်ကို လစ်လျူရှု သင့်တာတွေကို ရှုတတ်တဲ့ အလေ့အကျင့်ရခဲ့တယ်... ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက်ရဲ့ စိတ်တွေ သန့်စင်စွာ ထပ်တူကျမှုတွေကို ကိုယ်နားလည်တတ်ခဲ့တယ်... ပေတေသလို တည်ငြိမ်တတ်တဲ့ မင်းအမူအယာတွေနဲ့ ခင်မင်စရာကောင်းတာတွေ... ကိုယ့်ကို မိတ်ဆွေကောင်း တစ်ယောက်ရဲ့ ပေးနိုင်တဲ့ ဖေးမပေးမှုတွေနဲ့ အားပေးခဲ့တာတွေ... ကိုယ့်ဖိစီးမှုတွေကို မင်းလမ်းပြမှုတွေနဲ့ တည်ငြိမ်စွာ ကျော်ဖြတ်စေခဲ့တာတွေ... အိုကွာ.. အများကြီးပါ... ကိုယ်စံထားရတဲ့ မင်းကို အရာအားလုံးအတွက် ကိုယ်ကျေးဇူးတင်တာပါ.. မငယ်”

“အို... ကိုနေမင်းရယ် အထူးအဆန်းတွေရှင်..”

ဒီတစ်ခါတော့ ဟက်ဟက်ပက်ပက် အော်ရယ်လိုက်တာ နေမင်းဟန်ပါ။ ရှင့်ရင်ထဲကအသံတွေ ဟုတ်မဟုတ် ကျွန်မ အဖြေရှာသင့်သူ မဟုတ်ဘူး ဆိုတဲ့ အသိနဲ့... အတွေးတွေကို ကျမမောင်းတုတ်နိုင်ခဲ့တယ်..။

“ကိုနန္ဒ အတွက် ဂုဏ်ယူတယ်ဆိုတာ ကိုယ့်ကိုယ်စား ပြောပေးပါ...”
“................”

ကျွန်မ ခေါင်းငုံ့ပြီး စလင်းဘက်လေးကို ဖွင့်လိုက်တယ်။ ညာဘက်လက်ချောင်း ထိပ်လေးတွေနဲ့ ပန်းနုရောင် ဖိတ်စာကဒ်လေးအတွေ့မှာ ကျွန်မလက်ကို ပြန်ရုတ်လိုက်မိတယ်။ နေပါစေတော့လေ...!! တိုက်ဆိုင်လွန်းစွာ ကျွန်မပြောမယ့် စကားတွေကို ဒီဆောင်းညဥ့်ဦးပိုင်းမှာပဲ သူကအရင် ပြောသွားခဲ့ပါတယ်။ ကျွန်မ လက်လေးတွေ အနည်းငယ် တုန်ရီနေခဲ့တယ်။ ကျွန်မခေါင်းမော့ပြီး သူ့ကိုပြုံးကြည့်လိုက်တယ်..။

“ကျွန်မလည်း ဝတ်ရည်ကို ပြောချင်တယ်... ရင့်ကျက်တည်ငြိမ်တဲ့ ခင်ပွန်းလောင်း တစ်ယောက်အတွက် ကျွန်မ အင်မတန် ဂုဏ်ယူမိတယ်လို့.... Congratulation ပါ..”

ကမ်းပေးလိုက်တဲ့ ကျွန်မ ညာလက်ဖဝါးကို သူ့လက်ဖဝါးနဲ့ ဖျစ်ညှစ်လိုက်တယ်။ နေမင်းဟန်.. ရှင့်အပြုံးတွေ လဲ့ နေသလို ကျွန်မ မျက်လုံးတွေလည်း အရောင်လဲ့နေခဲ့ပါတယ်။ ကျွန်မတွေးမိတယ်.. ကျွန်မတို့တတွေ တစ်ဦးနဲ့တစ်ဦး ရင့်ကျက်စွာ ချီးမွမ်းခန်းတွေ ဖွင့်နေကြတာ ဘာအတွက်များလဲ..!! နှလုံးသားထဲကို ဝင်လာမယ့် တစ်စုံတစ်ရာကို အသိစိတ်တွေနဲ့ ထိန်းယူခဲ့ကြတာကရော ဘယ်လောက်များ သေသပ်လှပခဲ့ကြလဲ...!!

ကျွန်မ ဆုံးဖြတ်လိုက်တယ်။ သူ့အတွက် ယူလာတဲ့ ပန်းနုရောင် ဖိတ်စာလေးတစ်စောင်ကို ဘယ်တော့မှ သူ့ကို ပေးဖြစ်တော့မှာ မဟုတ်ပါဘူး.!! ကျွန်မတို့တွေ ဖြစ်သင့်ဖြစ်ထိုက်တာတွေကို လူသားဆန်စွာ တွေးခေါ်ဆုံးဖြတ်ခဲ့ကြတယ်။ အကောင်အထည် ဖော်နိုင်ခဲ့ကြတယ်။ ကျွန်မနဲ့ နေမင်းဟန် ဆိုတဲ့ ရှင့်ရဲ့ ဆုံစည်းရခြင်းဟာ သုံးနှစ်ထက်သာ ပိုစောခဲ့ကြမယ်ဆိုရင်.....!!

ကျွန်မတို့ နှစ်ယောက်ရဲ့ အပြန်လမ်းမှာ နှင်းတွေထူထပ်အောင် ကျနေခဲ့တယ်...။ ကျွန်မအိမ်ရှေ့လမ်းပေါ်အရောက် သူရပ်ပေးတဲ့ ကားပေါ်ကဆင်းရင်း ကောင်းကင်ကို မော့အကြည့်မှာ သည်းနေတဲ့ နှင်းမှုန်တွေကြောင့် “လ” ကိုမြင်ခွင့် မရခဲ့ပါဘူး...။ တကယ်လို့များ အဲ့ဒီညရဲ့ ကောင်းကင်မှာ “လ” တစ်စင်းဟာ ကြည်လင်အေးချမ်းစွာ သာနေခဲ့မယ် ဆိုရင်တောင် ကျွန်မ မျက်လုံးတွေက မြင်ချင်မှ မြင်နိုင်ခဲ့လိမ့်မယ် ဆိုတာကိုတော့.....!!

(ခင်လေးငယ်)

ဝန်ခံချက်။ ။ ၂နှစ်လောက်တော့ရှိပြီထင်ပါတယ်... သူငယ်ချင်းတစ်ယောက်အိမ်ကို အလည်သွားတုန်းက သူငယ်ချင်းက ရုပ်ရှင်တစ်ကား ကြည့်နေခဲ့တယ်.. ကိုယ်တိုင်အစအဆုံး ကြည့်ခဲ့တာမျိုးတော့မဟုတ်ဘူး.. ရောက်တဲ့နေရာက တစ်ဝက်တစ်ပျက် ဝင်ကြည့်ရင်း ဘေးမှာရှိနေတဲ့ သူငယ်ချင်းက ဇာတ်လမ်းကို အကြမ်းဖျင်း ပြန်ပြောပြတယ်... ရောက်တဲ့အချိန်မှာ ကြည့်ခဲ့ရတဲ့ မြင်ကွင်းလေးတစ်ခုပါ..။ ဘာရေးရမလဲ စဉ်းစားရင်း ခေါင်းထဲကို ဝင်လာလို့ ခံစားရေးဖွဲ့လိုက်တာပါ...။ ဟက်.. ဟက်..!! အမှန်ကတော့ ဆားချက်တာဆိုပါတော့....။


Sunday, December 7, 2008

“အဖြည့်ခံရဲ့.. ဒီဇင်ဘာ”


နှစ်တစ်နှစ်ကို နှုတ်ဆက်ဖို့

နောင်တော်လ ဆယ့်တစ်ပါးက စေလွှတ်လိုက်တဲ့ အထွေးဆုံးလ...။

မျက်တောင်တွေပေါ်မှာ နှင်းဖွေးလေးတွေ
တွဲခိုနေရာယူ လေအေးအေးတွေဝေ့ဖို့ ရာသီရွေးလို့ ပေးတတ်တဲ့လ...။

သစ်ပင်တွေပေါ်မှာ ကြယ်လေးတွေ ရောင်စုံချိတ်
မှိတ်တုတ်မှိတ်တုတ်နဲ့ သံစဉ်တူညီ မြူးထူးကခုန် တေးဆိုခိုင်းတတ်တဲ့လ...။

ခိုးခိုးခစ်ခစ်နဲ့ ချစ်သူတွေ လက်ချင်းတွဲလို့
ဘုရားကျောင်းဝင်းထဲပြေးဝင် ရင်ခုန်သံတွေ လှစေဖို့ တန်ခိုးတော်ပြတတ်တဲ့လ...။

ခေါင်းလောင်းသံလေးတွေ တိုးတိုးနွဲ့နွဲ့
ကလူသလို မြှုသလိုနဲ့ ချွဲချင်တိုင်း အချွဲပိုအောင် သင်ပေးတတ်တဲ့လ...။

ဦးထုပ်လေးတွေ အပြိုင်အဆိုင်စောင်းလို့
လက်အစုံမှာ လက်အိပ်ဖြူလေးတွေ နေရာယူဖို့ အမိန့်တော်ပေးတတ်တဲ့လ...။

လေပြေအေးလေးအဝေ့မှာ လွင့်လွင့်လာတဲ့
သင်းပျံ့သန့်စင် ချစ်သူ့ကိုယ်နံ့လေး ချိုအီထုံသင်းအောင် ဖန်ဆင်းတော်မူတတ်တဲ့လ...။

ကဗျာဆန်နိုင်သူတွေအတွက် ကာရံတွေထပ်လို့
ကလောင်ထက်မှာ ကဗျာလေးတွေအံထုတ်ဖို့ မှော်သွင်းပေးတတ်တဲ့လ...။


ချစ်သူပေးတဲ့ လက်ဆောင်ထုပ်လေးတွေကို
ကိုယ်စီဖြည်ရင်း အနမ်းပါးပါးလေးတွေ ဖလှယ်ဖို့ င်ခုန်သံတွေဝေအောင် ညှို့စေတတ်တဲ့လ...။

ပီတိတွေကိုစား ပျော်ရွှင်ခြင်းကို ဆုပ်ကိုင်လို့
မိသားစုတွေ ပြန်လည်တွေ့ဆုံဖို့ ဆုံမှတ်လေးဖြစ်ပေးတတ်တဲ့လ...။

ပျော်နိုင်သူတွေပျော်ကြဖို့ နားလည်မှုကို ဖဲ့ခြွေခင်းလို့
တိတ်တိတ်လေး မျက်လွှာကိုပိတ် အဖြည့်ခံပေးသူ တစ်ဦးအတွက် ဘာမှမပေးတတ်တဲ့လ...။


မင်းပို့လိုက်တဲ့ လက်ဆောင်လေးကိုအဖွင့် အဖန်တစ်ရာမက်နေကြ ကြေမွမွ
အိပ်မက်ဟောင်းလေးသာ.. အထုပ်လေးထဲက ခုန်ပေါက်ပြေးထွက်လာဖို့ တစ်ခုကလွဲလို့
ို့...
(အဖြည့်ခံသူ ငါ့အတွက်တော့) တစ်ကယ်... တစ်ကယ်ပ
ါ....
ဘာဆိုဘာမှ ပေးစွမ်းနိုင်စွမ်းမရှိလွန်းတဲ့ အစွမ်းအစမဲ့လ...။

(ခင်လေးငယ်)

Thursday, December 4, 2008

သူမ.. သို့မဟုတ်..

ဘိန်းစားချင်းအတူတူ တစ်မူးပိုရှူ ချင်သူလိုမျိုးလူဟာ သူမများလား....!! အရူးလို့လူတွေ သတ်မှတ်နေကြတာကို ကျေနပ်စွာ ခံယူရင်း ပိုမိုရူးသွပ်ချင်နေသူ...။ နူးညံ့ညင်သာစွာ ချစ်တတ်လွန်းရက်နဲ့ ကြမ်းရှရှ ခပ်ရိုင်းရိုင်း ပေါက်ကွဲတတ်သူ...။ တိတ်ဆိတ်နေတဲ့ အခန်းလေးကို အမှောင်ချလို့ ထောင့်လေးတစ်ထောင့်မှာ ပြေပြေလေးမှေးရင်း ဘယ်သူမှ မမြင်နိုင်မှန်းသိရက်နဲ့ ပြုံးနေတတ်သူ...။ ဖွာလန်ကြဲ ဆံပင်တွေကို ဖြန့်ချထားရင်း ဘေးမှာဘယ်သူမှ မရှိဘဲ မျက်ရည်တွေကို တစ်စုံတစ်ဦးမြင်မှာ စိုးရိမ်စိတ်တွေနဲ့ ငိုရှိုက်နေတတ်သူ...။

ခပ်သော့သော့ လက်ရေးနဲ့ “ဖေဖေရေ...” လို့ ကောက်ခြစ်နေတတ်သလို... “မေမေရယ်... အနားနားလေးကို လာပြီးထွေးပွေ့ထားပေးပါ” လို့ ရေးနေတတ်သူ..။ လက်ဖဝါးအောက်ခြေ လက်ကောက်ဝတ်က သွေးကြောလေးတွေ ဆုံနေတဲ့ နေရာမှာ အနှစ်သက်ဆုံး ရေမွှေးတစ်စက် ခပ်ဖွဖွစွတ်လို့ တစ်စုံတစ်ရာကို လွမ်းမောနေရင်း... ခပ်ကြောင်ကြောင် ခံစားချက်နဲ့ ရေမွှေးပုလင်းကို နံရံမှာ ပစ်ပေါက်ခွဲပစ်တတ်သူ...။ လွတ်လပ်စွာ ဖန်တီးတွေးမျှော်ခွင့်ကို အာသာငမ်းငမ်း မက်မောရင်း.... အထာမကျတဲ့ စည်းတွေဘောင်တွေကြားမှာ အကျဉ်းချခံ ထားရသူ....။

Round ထားတဲ့ “နွေဦးကံ့ကော်” လို သီချင်းတစ်ပုဒ်ထဲနဲ့ တစ်ညလုံး ကုန်ဆုံးတတ်သလို... Linkin Park ရဲ့ “Breaking The Habit” လို သီချင်းမျိုးနဲ့ ဟက်ဟက်ပက်ပက် မချိပြုံး ပြုံးတတ်သူ...။ ဇမ်နူးရဲ့“အချစ်ရှိသောနေ့စွဲများ” သီချင်းကို ငြိမ့်ငြိမ့်လေးနဲ့ ညင်ညင်သာသာ နားထောင်တတ်သလို Evanescence ရဲ့ “Going Under” ကို အကျယ်ကြီး Woofer ငိုမတတ်ဖွင့်တတ်သူ...။ အိပ်ခန်းလေးအတွင်းမှာ နှင်းဆီနံ့တွေနဲ့ ထုံသင်းအောင် ဝေဝေဆာဆာ ပြင်ဆင်တတ်သလို... အာရုံမလာရင် ရေထသောက်ဖို့ကိုတောင် အင်မတန် ဝန်လေးတတ်သူ...။

မိန်းမဆန်ဆန် စကပ်ပျော့တွဲတွဲလေးတွေ နှစ်ခြိုက်စွာဝတ်တတ်သလို... ဂျင်းဘောင်းဘီစုတ် တစ်ထည်ကို ပေပေတေတေ တစ်ပတ်ခန့်ဝတ်တတ်သူ...။ အတွဲလိုက် အုပ်စုလိုက် လူအများသွားတတ်တဲ့ နေရာမျိုးမှာ ဂျစ်ကန်ကန် မျက်နှာပေးနဲ့ ခပ်တည်တည် တစ်ယောက်ထဲ သွားထိုင်နေတတ်သူ...။ ပိုက်ဆံချမ်းသာဖို့ လုံးဝ မမက်မောပေမဲ့ အတွေးတွေနဲ့ လွင့်မျောနေခွင့်ကို ချမ်းသာချင်သူ...။ အမိန့်တွေအပေးခံရတိုင်း ခေါင်းခါတတ်သလို.. အမှားတွေ ထောက်ပြခံရတိုင်းလည်း “ဟုတ်ပါတယ် ကျမကိုယ်တိုင်က လွဲနေသူပါ” လို့ ပြုံးပြီး မျက်းလုံးချင်းဆိုင် ကြည့်တတ်သူ...။

သူမမျက်လုံးတွေ လဲ့နေတတ်တာကို လူတွေက “ကြည့်လို့ကောင်းလိုက်တာ...” လို့ ချီးမွမ်းခံရတဲ့နေ့တွေတိုင်း အခန်းထဲပြန်ရောက်ချိန် မှန်ထဲကိုငဲ့ကြည့်ရင်း “........လွဲနေကြတာပါ မျက်ဝန်းလဲ့တာ မျက်ရည်ဝဲနေလို့ဆိုတာ ရှင်တို့မှ မသိတာကိုး” လို့ တဟားဟားး သနားစရာ အော်ရီ/ရယ် တတ်သူ...။ လက်ချိုးရည်လို့ရတဲ့ သူငယ်ချင်းတွေကို စိတ်ရှည်လက်ရှည် ဟင်းတွေချက်ကျွေး တတ်သလို... အတော်များများကတော့ အစားမမှန်တဲ့ သူမအတွက် သူတို့ယူလာပေးတတ်တဲ့ ပေါင်မုန့်တစ်ချပ်နဲ့ တစ်နေကုန် ပေကပ်နေတတ်သူ....။ ငပိရည်နဲ့ ထမင်းကြမ်းကို စိတ်လိုလက်ရ အားပါးတရ နယ်စားတတ်သလို... ချိ(စ်)စတစ်(ခ်)တွေကို စိတ်မပါ့တပါနဲ့ ကိုက် ကိုက်နေတတ်သူ...။

နားလည်ရခက်သူတွေကို နားလည်ပေးတတ်သလို လူအများက လူလိမ္မာလို့ တဖွဖွပြောနေသူမျိုးကို ခေါင်းရမ်းကြည့်တတ်သူ...။ အရိပ်ပြစရာမလိုဘဲ အကောင်လိုက် တန်းကနဲ မြင်တတ်သလို... ထင်ထင်ရှားရှား အရိပ်တစ်ခုဘေးနားမှာ ထင်းနေခဲ့ရင်တောင် ခပ်ထုံထုံနဲ့ ဘာမှန်းမသိသူ....။ မိန်းမတစ်ယောက်နဲ့ ယောက်ျား တစ်ယောက်ရဲ့ အခွင့်အရေးဟာ တမ်းတူဖြစ်ကိုဖြစ်ရမယ်ဟု တရားသေ သတ်မှတ်သူ....။ မျှော်လင့်ခြင်းဆိုတာတွေကို မုန်းသလို မျှော်လင့်ရမှာကို ကြောက်လန့်ရင်း စက္ကန့်၊ မိနစ်၊ နာရီ၊ နေ့ရက်တွေကို ဘာအတွက်မှန်းမသိ လက်ချိုး ရေတွက်နေပြန်သူ...။ သူမအချစ်ကိုပေးဖို့ တွန့်တိုဝန်လေးရင်း... ချစ်ခြင်းတွေကို ရူးသွပ်စွာငတ်မွတ်လို့ တစ်ကိုယ်ကောင်းစိတ်နဲ့ အပြည့်အဝ ရယူစားသုံးချင်သူ...။ အလွဲတွေကို နမူနာယူဖို့ထက်... ခေါင်းမာမာနဲ့ တစ်လွဲတွေ ထပ်ထပ်ကျူးလွန်နေသူ...။

ဆန့်ကျင်ဖက်ပေါင်းများစွာ လွန်ဆွဲပြီး ဖွဲ့တည်ထားတဲ့ သူမစိတ်အစဉ်ကို အထိတ်တလန့် နဲ့ အိပ်မက်မှာ ပြန်တွေ့ရချိန်... သူမကိုယ် သူမ အော့အံချင်အောင် မုန်းတီးစက်ဆုပ်လို့.... သတ်ပစ်ချင်လောက်အောင် နာကြည်းရွံရှာလို့.... စုတ်ပြတ်သတ်သွားအောင် ကုတ်ဖဲ့ချင်တဲ့ စိတ်တွေနဲ့ နောက်ကျိမူးဝေလို့.... နောက်ဆုံး မောဟတွေထန်နေတဲ့ အတွေးတွေနဲ့ အာခေါင်ကိုခြစ်ပြီး အော်ဟစ်မိလို့....!! အဆုံးသတ်မှာတော့.... သွက်..... သွက်..... ချာ..... အ..... ရူး..... မ..... တစ်..... ယောက်..... ရဲ့ ပေါက်ကွဲခြင်းမျိုးတွေက သူမကို အနိုင်ယူ အပိုင်သိမ်းလိုက်တော့တာပါဘဲ.....။

(ခင်လေးငယ်)

Wednesday, December 3, 2008

“ဝ”.. တဲ့လား..!!

မူကြိုစတက်တဲ့ ကလေးလေးအရွယ်..... “ဝ”= ဝလုံး
ဂဏန်းတွေ စသင်ကာစအရွယ်...... “၀” = သုည
အင်္ဂလိပ်စာ စသင်တဲ့ အရွယ်.... “၀” = ဇီးရိုး

ဒီလိုနဲ့..........
ပညာလေး မတောက်တခေါက်နဲ့ ရည်းစားလေး ဘာလေးထားတတ်လို့ လူလားမြောက်ခဲ့ပေါ့.... လက်ညှိုးလေးကိုကွေး လက်မလေးကိုဝိုက်ပြီး “၀” ပုံလေးလုပ်ပြတော့
“ဝ” = အိုကေ (အဆင်ပြေပါတယ်ဆိုဘဲ)

လူရည်လည်လို့ လူပါးလေးဝတတ်လာပြန်တော့ လက်ညှိုးအကွေးနဲ့ လက်မလေးကိုဝိုက်အပြ
“၀” = ပိုက်ဆံ(မန်းနီး).... တဲ့

အဲ့ဒီအရွယ် လူရည်လည်ကာစကတည်းက စလိုက်တာပေါ့..... ဝလုံးကိုမေ့... သုညကိုအာခံ... ဇီးရိုးဖြစ်ရမှာကိုကြောက်.... လက်ညှိုးအကွေးနဲ့ လက်မအဝိုက် “ဝ” တွေအားလုံးရဲ့ အဓိပ္ပါယ်က တစ်ခုတည်း....

မန်းနီး = “ဝ” = ပိုက်ဆံ “ဝ” = မန်နီး “ဝ” = ပိုက်ဆံ
“ဝ” = မန်နီး “ဝ” = ပိုက်ဆံ
“ဝ” = မန်နီး “ဝ” = ပိုက်ဆံ “ဝ” = မန်နီး

လုံးချာတွေလိုက်.... ပတ်ချာတွေလည်.... သပွတ်အူတွေရှုပ်.... စာရိတ္တတွေပျက်.... မိုးခါးရည်တွေသောက်.... ဘဝတွေစတေး.... မျက်ရည်တွေပြာချ.... သဲ့သဲ့လေးငြီးတွား.... ရှိုက်သံတွေနဲ့အမူပို.... ကျီးကန်းပါးစပ်ကို နှုတ်ခမ်းနီနဲ့ဖို့.... မျက်ချေးကို ကာချယ်ဆိုး.... ချွေးနံ့ကို ရေမွှေးအုပ်.... မျက်တွင်းဟောက်ပက် ဈေးတွေဖျက်.... သံတိုင်တွေနဲ့ ရင်းနှီး.... ငရဲကိုမကြောက်.... ဝါးရင်းတုတ်ဆွဲ.... ဝရုန်းသုန်းကားနဲ့... ပြောသမျှခေါင်းတွေညိမ့်....
နောက်ဆုံးတော့.......


မန်းနီး = “ဝ” = ပိုက်ဆံ “ဝ” = မန်နီး “ဝ” = ပိုက်ဆံ
“ဝ” = မန်နီး “ဝ” = ပိုက်ဆံ
“ဝ” = မန်နီး “ဝ” = ပိုက်ဆံ “ဝ” = မန်နီး
“ဝ” = ပိုက်ဆံ
မန်းနီး
“ဝ”
!!!!!
!!!
!
.
“ဝ”

(ခင်လေးငယ်)