Friday, February 27, 2009

ရွှေရက်...

ရောင်းရင်းရေ..
ရွှေရက်ရယ် ရောက်ရှိရေး
ရွက်ရင့်ရော် ရဲရဲရှင်း
ရိုင်းရင်ရိုင်း ရင့်ရင်ရင့်
ရှေ့ရောက်ရင် ရဲရဲရပ်
ရိုက်ရက်ရင် ရဲရဲရှောင်
ရွံ့ရင်ရှုံး ရဲရင်ရှင်
ရည်ရွယ်ရာ ရရှိရေး
ရဲရင့်ရင် ရ..။

ရောင်းရင်းရေ..
ရွှေရက်ရယ် ရောက်ရှိရေး
ရော်ရွက်ရိုင်း ရဲရဲရှို့
ရုန်းရင်ရုန်း ရပ်ရင်ရပ်
ရန်ရှာရင် ရိုးရိုးရှောင်
ရစ်ရင်ရစ် ရမ်းရင်ရမ်း
ရွာရင်ရွာ ရွှဲရင်ရွှဲ
ရှေးရှုရာ ရောက်ရှိရေး
ရည်ရွယ်ရင် ရ..။

ရောင်းရင်းရေ..
ရွှေရက်ရယ် ရောက်ရှိရင်
ရွာရိုးရှေ့ ရွှေရည်ရေး
ရွှေရုပ်ရည် ရွှေရည်ရွှမ်း
ရွှေရိုးရာ ရွှေရောင်ရော
ရွှေရရီ ရွှေရှေ့ရေး
ရွှေရက်ရှည် ရွှေရှာရင်း
ရွှေရောင်းရင်းရေ...
ရွှေရက်ရောက်ရင် ရူးရင်ရူး ရ..။

(ကိုရင်နော်)


Thursday, February 26, 2009

ဧရာဝတီရဲ့ အမှတ်တရအချို့

( Day - 1 )

လွန်ခဲ့တဲ့နှစ်နှစ်က မြန်မာပြည်ကို အလည်ပြန်ခဲ့တဲ့ နေ့လေးတွေကို တမ်းတလွမ်းဆွတ်နေမိတယ်....!! အဲ့ဒီနေ့က ဧရာဝတီရဲ့ကောင်းကင်မှာ တစ်နေကုန် တိမ်တိုက်တွေဖုံးပြီး မိုးတွေကမပြိုပါပဲ အုံ့နေခဲ့တာလေ.. နေလုံးကြီးကို မမြင်လိုက်ရဘဲ အမှောင်တွေ ကြီးစိုးသွားမှာကို ရင်တထိတ်ထိတ်နဲ့ ကင်မရာကိုဆုပ်ကိုင်ထားရင်း ဆုတွေတောင်းလိုက်ရတာ.. ကျွန်မဆုတောင်းလေး ပြည့်ခဲ့ပါတယ်... နေဝင်ချိန်အရောက် တိမ်တွေခပ်ကျဲကျဲ ဖြစ်သွားချိန်မှာ ရိုက်ယူခဲ့တဲ့ ပုံလေးကို ခံစားကြည့်ပေးပါ...။


( Day - 2 )
အပေါ်က ပုံလေးကလည်း ကျွန်မအင်မတန်ချစ်တဲ့ ကျွန်မတို့ရဲ့ ဧရာဝတီပါပဲ... သူ့ရင်ခွင်စီးကြောင်း နံရံမှာ မေးတင်ရင်း အိပ်တန်းတက်ဖို့ နေဝင်ချိန်လေးကို စောင့်နေတဲ့ လှေငယ်လေးတွေပေါ့....။ ကင်မရာက အလင်းရောင်ကြောင့် သူတို့လေးတွေ အနှောက်အယှက်ဖြစ်သွားမှာကို စိုးရိမ်စွာနဲ့ တိုးတိုးလေးရင်ခုန်ရင်း ကျွန်မလက်ဖျားတွေ အေးစက်နေခဲ့တယ်...။ မင်းတို့လေးတွေ လန့်သွားခဲ့တယ်ဆိုရင် ကျွန်မကို ခွင့်လွှတ်ပေးပါနော်..။


( Day - 3 )
အဲ့ဒီညနေရဲ့ နေဝင်ချိန်မှာတော့ ဧရာဝတီကို မိုးထားတဲ့ တိမ်လေးတွေက ရဲရဲဝံ့ဝံ့နဲ့ တောက်ပလို့နေခဲ့တယ်... နေမင်းကြီးရဲ့အလင်းရောင်ကြောင့် တိမ်လေးတွေ လှခဲ့တာလား.. ဒါမှမဟုတ်... တိမ်လေးတွေကြောင့် နေမင်းကြီးရဲ့ အဖိုးတန်မှုကို လောကကြီးက ပိုပြီးတန်ဖိုးထားတတ် သွားတာများလား...!! ဘယ်လိုပဲ ဖြစ်ဖြစ်ပါလေ.. နေမင်းကြီးရယ် တိမ်လေးတွေရယ်ကို ကျေးဇူးတင်ရင်း သူတို့ရဲ့ တောက်ပမှုတွေအတွက် ကျွန်မ လှိုက်လှိုက်လှဲလှဲ ဦးညွှတ်ခဲ့ပါတယ်..:)

(ခင်လေးငယ်)

မှတ်ချက်။ ။ အလှကြီးမဟုတ်ပေမဲ့ ကျွန်မရဲ့ ကြိုးစားပမ်းစား ရိုက်ချက်လေးတွေကို ခံစားပေးတဲ့အတွက် အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်ရှင်...။

Wednesday, February 25, 2009

ခေတ်ပျက်..

ဘယ်အရာမှ အထာမကျတဲ့
ခေတ်ကြီးထဲမှာ...
အထာမကျခြင်းကို
အထာမကျခြင်းက
နားလှည့်ပါးရိုက်နဲ့
အထာတွေကျနေလိုက်ပုံများ....။

လက်ဖျားမှာငွေသီးဖို့
အထာမကျ ဈေးကွက်ပျက်ကို
ဈေးဖျက်ရင်းကြီးစိုး
ပျောက်စေဆရာလိုလို ဖန်ဆင်းရှင်လိုလို
ဘိုးတော်လိုလို နတ်မိမယ်လိုလို
သူဌေးလိုလို ခွေးလိုလို
အထာမကျခြင်းကို
အထာမကျခြင်းက
နားလှည့်ပါးရိုက်နဲ့
အထာတွေကျနေလိုက်ပုံများ.....။

ကိုယ်တိုင်အထာကျမလား..!!
... .... .... .... .... .... ....
အထာကျ တက်ကျမ်းကို
အာသာငမ်းငမ်း ဖတ်ဖို့ရှာရင်း
အထာမကျခြင်းတွေနဲ့
အထာမကျစွာနပမ်းလုံး
သြော်....
ငါသည်လည်းပဲ ငါ့ကိုယ်ငါ
နားလှည့်ပါးရိုက်နဲ့
အထာတွေကျနေလိုက်ပုံများ
အထာမကျလိုက်တာနော်.......။

(ခင်လေးငယ်)

Tuesday, February 24, 2009

ချစ်စဖွယ်..တစ်ယောက်တစ်ပေါက်

ဘလော့ရေးသူ တစ်ယောက်အနေနှင့် တွင်ကျယ်စွာ အခေါ်ခံရသော အမည်နာမများအား အနီးစပ်ဆုံး ကောက်ချက်ဆွဲချကြည့်ရာ.... ယ္ခုကဲ့သို့ အောက်ပါအတိုင်း..................!!

“မခင်ပေါ့” တဲ့.. ဒါကတော့ အရမ်းချစ်ဖို့ကောင်းတဲ့ ကဗျာဆရာမလေး ခေးကြီး ခေါ်တာပေါ့..!!

မယ်မယ် တဲ့.. သိကြတဲ့အတိုင်းလေ အငြိမ့်မင်းသမီးလေး ဖြစ်ခဲ့ဖူးတဲ့ စီစီမက် ကခေါ်တာ။

နယ်နယ်ရေး ဆိုပဲ ခေါ်ပုံက.. ပေါက်တိပေါက်ရှာ ရယ်စရာတွေနဲ့ သီချင်းလေးတွေ သတင်းလေးတွေ ပို့ပို့ပေးတတ်တဲ့ နက်နက် နှင်းဆီနက် ပါ..။

မငယ်ကြီး တဲ့လေ.. ကဲ.. လုပ်ပေါက် လုပ်ပေါက်..!! ဘူလည်းသိလား..!! ဒီလူကြီးပေါ့ ကိုမိုးကြီး (Happy Cloud)

မခင် တဲ့.. ဟီးး သူတို့က ညီအစ်ကိုလို့ မပြောရဖူး အပေါ်ကလူကြီးရဲ့ အစ်ကိုလေ.. ကိုဖိုးကြီး (Happy Cloud)

အစ်မမခင်လေး တဲ့.. ခေါ်ရတာ တိုက်(ပ်)ရတာ တော်တော်မောရှာမှာပါ.. ခုတလော နေသိပ်မကောင်းဘူးဆိုတဲ့ ကိုအိပ်မက်ရှင်ကြီး ပေါ့...။

မလေး တဲ့... အဟက်..!! နည်းနည်လေးနုသွားသလိုပဲ.. အမြင့် (ကိုမိုးမြင့်မြင့်တိမ်) က အဲ့လိုခေါ်တတ်တယ် :P

မလေးငယ် တဲ့.. လားရှိုးသူ ကတော့လေ.. တစ်မျိုးလေးပဲ ရင်ထဲမှာ.. ခွိ ခွိ..!!

လေးငယ် တဲ့.. ဟဲ ဟဲ..!! ဟင်းတွေ ထမင်းတွေသွားပြီး လုလု စားနေကြ အိမ်လေးက လုလု ခေါ်တာလေးပေါ့.. ချစ်ခြာရေးနော်.. :P

ဂျယ်ဒေါ်ငီး တဲ့လေ... သူ့ကို စင်စင်တို့ ဒန်ဒန်တို့ လာလာတို့ ခေါ်မယ်များမထင်နဲ့.. ဘယ်ရမလဲ ဟွန်း..!! ကျွန်မကလည်း ဒီလိုပြန်ခေါ်တာပေါ့.. ဒါကြီး လို့.. ဘလော့ဂါတိုင်းက သူ့ကိုသိကြပါတယ်လေ... sin dan lar ပါတဲ့ရှင်..

မစမောခင် တဲ့.. စစခြင်း ဖတ်တော့ အယ်.. ဘာပါလိမ့်ပေါ့..!! ရယ်စရာတွေလည်း ရေးတယ်လေ... ဂိုဏ်းတစ်ဂိုဏ်းက ဝင်ကြီး အဲ့.. ဘာ(ဝန်ကြီး) ဆိုလားသိပါဖူး.. သူလေ.. ချဲရမ်း ပေါ့.. ချဲတွေ ရမ်းရမ်းထိုးနေတာတော့ ဟုတ်ဖူးထင်တယ်... :P

အန်တီခင်လေးငယ် တဲ့.. ကဲ အေးရော..!! တူမလေး စန္ဒီမိုးမြင့် ကတော့လေ.. ခုတလော ပျောက်နေတယ် တွေ့ဖူးကော..!!

မမခင်လေး..၊ မမ တဲ့... သူတို့လေးတွေကပေါ့... ညီမငယ် အပျိုကြီးလေးတွေလေ.. ဝေလေး၊ စိမ်းစိမ်း၊ တန့်တန့် (ကြော်ငြာပေးခြင်းမဟုတ်ရ.. အဟက်..!!)


တီငယ် လို့ တရင်းတနှီးခေါ်ရင်း အိမ်ကို လာလာဖွတတ်ကြတာကတော့.. ဒီတူငယ်လေးတွေပေါ့ရှင်.. သူတို့ကိုတော့ သိကြတယ်ဟုတ်..!!
လူလေးငယ်သလောက် စာအရေးကောင်းတဲ့.. တားငယ်လေး
ယဉ်ယဉ်ကျေးကျေးလေးနဲ့ ခင်ဖို့ကောင်းတဲ့.. အဲ့..ရှပ်ကာလေး လားတော့ သိဖူး..!! ဟီးး တယ်ပေါ်သောင်
သူမ..သူမ..လို့ခဏခဏအော်ပြီး သူမနေရာက စာတွေရေးတတ်တဲ့.. မိဂျယ်
ခုတလော အိမ်လေးကိုအရမ်း အလှဆင်ထားတဲ့.. သံလွင်ဟီးရိုး :P
သူတို့ကြားထဲမှာ ကောင်မလေးတစ်ယောက် ပါနေတယ်သိလား.. အရမ်းချစ်ဖို့ကောင်းတာ..!! စူပုတ်ပုတ်လေးနဲ့.. :P ကျွန်မချစ်တဲ့.. ညီလေး ပေါ့..။

မခင်လေး တဲ့.. သူတို့လေးတွေ သူတို့ကြီးတွေပါ.. ဖတ်ကြည့်ဦးနော်..!!
မောလိဝုဒ် တည်ထောင်ချင်တဲ့.. မင်းသားကြီးတစ်ဖြစ်လဲ.. ဒါရိုက်တာရန်
ဘာတွေမှန်းတော့မသိ.. တ"မ" "မ " နဲ့လည်း "မ" လို "မ".. တစ်ခါတစ်လေ ကျွန်မနံမည်ကို သက်သက် မှားမှားခေါ်သေးတာ သိလား..!!
သူလုပ်လို့ ကျွန်မမှာ ဆံပင်ဖြူတွေတောင် ပေါက်ပေါက်လာလို့လေ.. အဲ့ဒါ.. အဲ့ဒါ.. ကိုလစ် ပေါ့..
တီးကို နို့ဆီတွေ အများကြီးနဲ့ ဖျော်ပေးတတ်တဲ့ ချစ်စရာ ညီမလေးတွေအုပ်စု.. ပေကြီး၊ သူသူ၊ အိတာ
ကြွားကိုရမယ်နော်ဆိုတဲ့ အကြွေးရှင်.. မဝါ
ကျောင်းပိတ်လို့ဆိုပြီး ပျောက်သွား... ပြန်ပေါ်မလာသေးတဲ့.. မဗေဒါရီ
ဂုဂုတစ်ဖြစ်လဲ ညီမငယ်.. မေဂုမိ
ကျွန်မက သူ့ကို ယာယာလို့လည်း ခေါ်တတ်တဲ့.. မီယာ
တစ်ပူးပူးနဲ့ပေါ့... ရှိုးရိုက်၍ တစ်ပူးခြင်းမဟုတ်ပါ... ဟီးး ပူးအရုပ်ကြိုက်မလေး.. မီးငယ် .....
ခင်လေး တဲ့.. တရင်းတနှီး ကြီးတွေပါဘဲ... ဘူလေးတွေ ဘူကြီးတွေပါလိမ့်...!!
ကျွန်မကို ချစ်ပြီး စိတ်တွေပူပူ ပေးတတ်တဲ့.. ကျွန်မကလည်းချစ်တဲ့... မကြီး
အရက်ဆယ်ပက်ကို တစ်ဘရိတ်ထဲ ဂွပ်တဲ့.. ဦးရှင်ကြီး
ကျွန်မတွက် ချိုဆိမ့်လေး အမြဲဖျော်ပေးတတ်တဲ့.. ကိုတီးကြီး
ကြောင်..အမ်..!! ကြောင်..ဟုတ်တယ်..!! ကြောင်နဲ့တူတဲ့.. ရွှေမျိုးမျိုး
အရမ်းခင်မင်ပြီးမှ ဘယ်ပျောက်သွားမှန်းမသိတော့လို့ အားလုံးကလွမ်းနေမိကြတဲ့.. ပါပါကြီး
ကွန်မန့်တွေ အများကြီးထဲမှာ မှတ်မှတ်ရရ နံမည်ခေါ်သွားတတ်တာ .. ကိုကောင်းကင်ကို ပေါ့..။
တဟေးဟေးးနဲ့.. အသက်ရှည်ဆေးတွေ အလကား ဝေဝေပေးတဲ့.. ကိုရင်ကြီးညိန်း သာဓုပါနော်..! သာဓုပါ..!! ဟီးးးး ကိုရင်ကြီးကို သာဓုပြန်ခေါ်နေရတဲ့ အဖြစ်..!! သြော်... :P
လာလာစတတ် နောက်တတ်တဲ့ ခင်မင်ဖွယ်.. E-Journal မှ အစ်ကိုများ၊ .....& so many)

ဘာနံမည်မှမခေါ်ဘဲ... နောက်ကြ ပြောင်ကြနဲ့ အပြန်အလှန် လည်လည်သွား လည်လည်လာတဲ့ မောင်နှမတွေလည်း အများးးကြီးကျန်သေးတာပေါ့....!!

မေ့ တဲ့... အချစ်ဆုံးသမီးလေး၊ ငချွဲမလေး ကခေါ်တာ.. သူက မေ့ ဆိုတာနဲ့.. ကျွန်မမှာလေ ဘာများ အဂျီခံရမလဲ ဆိုပြီး ရင်တမမနဲ့ရယ်ပါ.. သနားကြဘူးလား ကျွန်မကို....!! သနားပါနော်..!!

ဟေ့ယောင်၊ ခင်လေးစုတ်၊ အစုတ်ပလုတ်၊ အစုတ်ပလုတ်တုတ်၊ အပေအတူး၊ အရူးမ၊ စိတ်ပုတ်မ၊ နောက်ရှိသေးတယ်.. ပြောကို မပြောချင်တော့ဘူး... စိတ်ကုန်လွန်းလို့ပါ..!! ဒီကောင်.. ဒီကောင်ကြီး ဒင်းးးး၊ ငမူး၊ ကောင်စုတ်၊ သေနာ၊ လဒ၊ ကိုရင်နော် :P ပေါ့...

ချစ်တုံးလေး၊ အသဲကြီး၊ ပိစိလေး၊ မိဆိုး၊ ချစ်လေး၊ ချစ်ဆုံးကြီး၊ ပူတူတူလေး၊ ချစ်သူလေး၊ ......လေး၊ ...တဲ့လေ.. အမလေးလေးနော်..!! ကိုယ့်ဖာသာ ရေးနေရင်းတောင် ရင်တွေခုန်လာပေါ့..!! ဘူဒူခေါ်တာလည်း သိလား.. လို့ဆို..!! ချစ်ချစ့်စ်၏ ချစ်စနိုးစ် အခေါ်များစ်.. အဟိ.. :P နောက်ရဝူးနော်..

ဤအဖြစ်အပျက်ကို သုံးသပ်ခြင်းအားဖြင့် လွန်စွာမှ သိသာလွန်းပါကြောင်း.... မိမိထက်ငယ်သူများ အင်မတိအင်မတန်မှ များလှ.. ပြားလှ အဲ.. များပြားလှပါကြောင်း ရင်နာနာနှင့်ပင်..... ဟီးးးးး :P

ပုံ/
(ဒေါ်ခင်လေးငယ်)


Sunday, February 22, 2009

“လလိုက်လှေ”


“လှေ”လေးလှော် လှိုင်းလေးလှုပ်
လေလေးလာ “လ”လေးလှိမ့်
“လှေ”လေးလည်း လွမ်းလွန်းလို့
လက်လေးလှမ်း “လ”လေးလာ
လမ်းလေးလည်း လင်းလို့လက်
“လ”လေးလည်း လိုက်လို့လာ
လှုပ်လီလဲ့ လလိုက်လှေ..။

လျှပ်လည်းလက် လေလည်းလာ
လှိုင်းလုံးလိမ့် လူးလွန့်လှေ
လျှပ်လက်လို့ “လ”လေးလန့်
“လှေ”လေးလည်း လုံးလည်လိုက်
လေလုပ်လို့ “လ”လေးလွင့်
လူးလိုလူး လွင့်လိုလွင့်
လုံ့လလျှော့ လလိုက်လှေ..။

လေလှိုင်းလွန် “လ”လေးလာ
လက်လေးလှုပ် လမ်းလေးလင်း
“လှေ”လေးလည်း လန်းလို့လာ
“လ”လေးလည်း လှလွန်လွန်း
“လှေ”လည်း“လှေ” “လ”လည်း“လ
လေလွှင့်“လှေ” “လ”လေးလှော်
လွတ်လပ်လမ်း လလိုက်လှေ..။

(ကိုရင်နော်)



Photobucket က ပုံလေးကို ယူသုံးထားပါသည်။

Wednesday, February 18, 2009

ဆိုး၍ စိုးရိမ်စွာ ချစ်ရသော...

မိဆိုးရေ..!! မင်းပေးတဲ့ ရသတွေဟာ စုံလွန်းတယ်.. ဘယ်တော့မှလည်း ရိုးနိုင်မယ်မထင်ဘူး.. အများဆုံးရတတ်တဲ့ ရသကတော့ ကိုယ့်ကို စိုးရိမ်စေတတ်တာပဲ...!! မင်းကပဲဆိုးတာလား ကိုယ်ကပဲ စိုးရိမ်လွန်နေတာလား.. တစ်ကယ်တော့ ကိုယ်ဟာ မင်းအတွက်နဲ့ သက်သက် အသက်ရှင်နေတဲ့ လူသားတစ်ယောက်ရယ်ပါ...။

မိဆိုးရေ... မှတ်မိလား..!!
အဲ့ဒီနေ့က မိုးတွေရွာနေခဲ့တယ်လေ... မိုးရေတွေထဲမှာ ထီးမပါပဲ ခေါင်းတစ်ခါခါနဲ့ လမ်းလျှောက်နေတဲ့မင်းကို ခပ်ဝေးဝေးက လှမ်းအတွေ့မှာ အမြန်ဆုံးနှုန်းနဲ့ မင်းနားကို ကိုယ်ရောက်ခဲ့တယ်.. ကိုယ့်အပြောမှာ ပေတေတေ အကြည့်နဲ့ မင်းပြောခဲ့တဲ့စကားက...

“အိုး...!! ပူစရာမလိုပါဘူး.. ငါက လူမမာကြီးမို့လား.. ဒီမိုးလေးလောက်များ....”
ကားပေါ်ကနေ ခဏလေးဆင်းမိတဲ့ ကိုယ့်ကို မိုးစက်တွေ လာထိရုံနဲ့တင် ကိုယ့်မှာတော့ ခိုက်ခိုက်ကို တုန်လို့.. အေးလွန်းသလို ဆိုးဝါးလွန်းတဲ့ ရာသီဥတုမှာ ပေတေလွန်းတဲ့ မင်းကိုကြည့်ရင်း ငုတ်တုတ်မေ့ခဲ့ရတဲ့ နေ့တွေထဲက တစ်နေ့ပေါ့...။


မိဆိုးရေ... မှတ်မိလား..!!
စိတ်ကူးပေါက်ပေါက်နဲ့ ရုပ်ရှင်သွားကြည့်ခဲ့ကြတဲ့ နေ့လေးအပြန်ကိုလေ... ကောက်ခါငင်ကာနဲ့ မင်းပြောခဲ့တဲ့စကားက...

“ငါမနက်ဖြန်လည်း ကျောင်းမသွားဘူး ဒီကား ထပ်လာကြည့်ဦးမှာ..”
ကိုယ့်အကြည့် ကြောင်အမ်းအမ်းမှာ မင်းပြုံးတယ်..

“ဟ.. ကျောင်းပျက်လို့ စာမရတဲ့ အစားထဲမှာ ငါမပါဘူး....”
ကိုယ်တိုင် ယုံကြည်မှုအပြည့်နဲ့ ပြောနေတဲ့ မင်းစကားမှာပဲ ကိုယ်ဟာ ပါးစပ်အဟောင်းသား...။

မိဆိုးရေ... မှတ်မိလား..!!
ဖုန်းဆက်ပြီး ကိုယ့်ကိုခေါ်ခဲ့တဲ့ ပူပြင်းလွန်းတဲ့ နေ့တစ်နေ့ကိုပေါ့...။ နေပူကျဲကျဲမှာ တိုက်နေတဲ့ လေရဲ့ အပူချိန်နဲ့တင်.. အသားတွေဟာ ကျွမ်းမတတ်.. ကိုယ်ရှိနေတဲ့ နေရာကို မင်းမေးတယ်.. ပြီးတော့....

“မိနစ်သုံးဆယ်အတွင်း လာခေါ်ပေးပါ... ငါ ..x..x..x. ပန်းခြံထဲမှာရှိနေတယ်...”
ကိုယ်ရောက်တော့ သိပ်ကြာကြာမရှာရဘူး ပူလွန်းလို့ ဘယ်သူမှ မထိုင်နိုင်တဲ့နေရာမှာ မင်းကိုအထင်းသားတွေ့ လိုက်ရတယ်..

“ထ မယ်လုပ်မှ မိုက်ကနဲဖြစ်သွားလို့...”
ပြူးထွက်နေတဲ့ ကိုယ့်မျက်လုံးတွေကို ခပ်ငဲ့ငဲ့ကြည့်ရင်း...

“မည်းချင်လို့ နေကင်တယ်.. ဘယ်သူ့ကိုမှ မထိခိုက်ဖူး ငါ့အသားနဲ့ငါ... နင်လာခေါ်ပေးတာ ကျေးဇူး..”
ထ အရပ်မှာ ယိုင်သွားတဲ့ မင်းလက်မောင်းကို ခပ်ကြမ်းကြမ်း ဖမ်းအထိန်း.. မဖြူတဲ့ ကိုယ့်လက်ဖမိုးက နေလောင်ခံထားတဲ့ မင်းလက်မောင်းပေါ်မှာ ဖွေးဖွေးကိုဆွတ်လို့...။ ကိုယ့်မျက်နှာဟာ မင်းကြောင့် မျက်မှောင်တွေ ကြုတ်ထားမိတာ အတော်ရုပ်ဆိုးနေခဲ့မှာ.. ။


မိဆိုးရေ... မှတ်မိလား..!!
တစ်ရက် မထင်မှတ်ပဲ ကိုယ်မင်းအိမ်ကို ရုတ်တရက်ရောက်ခဲ့တဲ့နေ့လေ... လေးချက်လောက် ဆင့်ပြီးတီးမိတဲ့ ဘဲလ်သံအဆုံးမှာ မင်းတံခါးလာဖွင့်ခဲ့တယ်.. မင်းမျက်နှာကို မြင်လိုက်ရချိန် အံ့အားသင့်မှုတွေနဲ့ ကိုယ့်မှာ ဆွံ့...အ...လို့...!! မင်းကတော့ ရှက်ရွံ့ သွားခြင်းမရှိ... ပကတိ အေးစက်စက် ခပ်တည်တည်ပေါ့...

“အိမ်ထဲမှာနေလို့ အလှမပြင်ရဖူးလို့ ဘယ်ဘုရားမှ ဟောမထားဘူး.. ရဲနေအောင် နှုတ်ခမ်းနီဆိုးတော့ကော ဘာဖြစ်လဲ...”
“ငါ့အာရုံနဲ့ငါ.. နင်လန့်စရာမလိုဘူး.... အလှပြင်တာ မြင်ဖူးအောင်ကြည့်ထား ဟွန်း..”
အံ့သြမှုတွေနဲ့ တဟား ဟား ကိုယ် အော်ရယ်တော့လည်း မင်းက မင်းနဲ့ မဆိုင်သလို အေးဆေးနဲ့ပါပဲ...။


မိဆိုးရေ... မှတ်မိလား..!!
မင်းနဲ့ ကိုယ် ဗုံတီးသံတွေ ဆူညံနေတတ်တဲ့ လမ်းဆုံအကျယ်ကြီးမှာ လမ်းကူးတုန်းကလေ... လက်ရဲဇက်ရဲနဲ့ ကိုယ့်လက်ကို ဆောင့်ဆွဲပြီး...

“လာဟာ.. ဟိုဖက်ရောက်တဲ့အထိ ပြေးမယ်..”
အလန့်တကြား ပြေးပြီးလိုက်မိတဲ့ ကိုယ့်ခြေထောက်တွေကပဲ တွန့်ဆုတ်ဆုတ် နိုင်နေလို့လားမသိ.. ကိုယ့်လက်ကို ဖြုတ်ချရင်း...

“ဘာလဲ.. လူတွေကြည့်လို့ ရှက်တာလား.. သူများပစ္စည်းခိုးတာ မဟုတ်ဖူး.. ပြေးချင်စိတ်ရှိလာလို့ ပြေးမိတယ်.. မှားလား..! လူတွေရဲ့အကြည့်နဲ့ ကိုယ့်ကိုယ်ကို ဘောင်မခတ်စမ်းပါနဲ့...”


သက်ပြင်းချမိတဲ့ ကိုယ်ဟာ.. မင်းမျက်စောင်းမှာ တမေ့တမော မှင်တက်လို့.....။

 မိဆိုးရေ... မှတ်မိလား..!!
“နင်နော်.. နှာစေးနေတာနော် တစက်လေးတောင် ငါ့ကိုရေပက်ဖို့ မကြိုးစားနဲ့ ဟွန်း..!!”
အဲ့လိုပြောရင်းဆိုရင်းပဲ သူ့လက်ထဲက ပလပ်စတစ်ကော်ပုံး အစိမ်းရောင်ထဲက ရေခဲရေနဲ့ ကျွန်တော့် တစ်ကိုယ်လုံးကို လောင်းချပြီး ပြုံးဖြီးဖြီး မျက်နှာပေးနဲ့ ကျွန်တော့်ကို လက်ပိုက်ကြည့်နေခဲ့ရင်း ထပ်ပြောတာက..

သင်္ကြန်ပဲဟယ်.. မကျေမနပ် ကြည့်ဖို့မကြိုးစားနဲ့.. အမယ်.. ငါနင်ကလွဲရင် ဘယ်သူ့မှ လောင်းတာမဟုတ်ဖူးနော် အရင်းကြီးမို့...”
ကျွန်တော့်မှာ ရေအေးအေးတွေ ရွှဲရွှဲစိုချမ်းတုန်နေတဲ့ကြားက ယောင်ရမ်းပြီး ကျေးဇူးတင်လိုက် မိတော့မလို...။

မိဆိုးရေ... မှတ်မိလား..!!
မင်းသူငယ်ချင်း သုံးယောက်နဲ့ ကိုယ်တို့ လည်ဖြစ်ကြတုန်းက.... ကိုယ့်မိတ်ဆွေတစ်ဦးက ဟန်လုပ်ပြီး မုန့်လေးဝင်စားသွာပါဦး ဆိုတဲ့ အပြောကို... အိနြေ္ဒလေးထိန်းဖို့ ကိုယ်လက်အကုတ်မှာ မင်းပြန်ပြောတဲ့စကားက...

“ကျွေးတဲ့လူက ကျွေးချင်တယ်.. ငါက စားလို့ စားချင်တယ်ပြောတာ ဘာဖြစ်လဲ.. ဒါ.. ဟန်ဆောင်စရာလား.. သွားစမ်းပါ...”
ကိုယ့်မိတ်ဆွေ ဆွဲထုတ်ပေးတဲ့ ခုံမှာ မင်းက.. ကျကျနန ဝင်ထိုင်ရင်း ကိုယ့်ကို လှမ်းပြုံးပြခဲ့တာနော်.. ကိုယ့်မှာသာ မအီမလည်ကြီးနဲ့ မင်းဘေးမှာ ဝင်ထိုင်လိုက်ရရော...။

မိဆိုးရေ... မှတ်မိလား..!!
မင်းဖေဖေဆိုခဲ့ဖူးတဲ့ Cliff Richard သီချင်းတစ်ပုဒ်အကြား ရှိုက်ကြီးတငင်နဲ့ မင်းငိုခဲ့တဲ့နေ့လေ... လမ်းပေါ်မှာ လူတွေကအများကြီး ခေါင်းလည်းမငုံ့ဘဲ တအိအိနဲ့ ငိုရင်းလျှောက်နေတဲ့ မင်းပုံစံကို ပြန်မြင်လာတယ်.. သတိထားဦး.. ဆိုတဲ့ ကိုယ့်အပြောကို...

“ဟင်.. လမ်းပေါ်မှာငိုတာ အခွန်ဆောင်ရလို့လား... မလိုအပ်တဲ့ နားချမှုတွေ လာမလုပ်နဲ့ ဒါ.. ငါ့လွတ်လပ်ခွင့်..”


မိဆိုးရေ... မှတ်မိလား..!!
ကော်ဖီတစ်ခွက်ကို ကိုင်ထားပြီး ကော်ဖီဆိုင် တစ်ဆိုင်မှာ တစ်ယောက်ထဲ ထိုင်နေတာကို မထင်မှတ်ဘဲ တွေ့ခဲ့တဲ့ နေ့လေးကိုရော...!! မင်းဟာ ဘယ်အရာကိုမှ လွန်လွန်ကျူးကျူး မလုပ်တတ်တာ ကိုယ်ယုံကြည်နေတယ်... ဒါပေမဲ့ မင်းနဲ့ ကော်ဖီကမတည့်ဖူးလေ.. မင်းတစ်နေကုန်ထိုင်နေခဲ့တာ ကိုယ်သိနေတယ်.. ပူတတ်လွန်းတဲ့ ကိုယ့်စိတ်တွေကတော့ ငယ်ထိတ်တောင်ရောက်နေပြီ.. ပြန်ဖို့ပြောတဲ့ ကိုယ့်စကားကို...

“အများကြီး မသောက်သင့်တာ ငါသိတယ်.. ဒါ.. အခွင့်အရေးကို ချိုးဖောက်တဲ့ စကားတွေ...”
“နှစ်ခွက်ပဲသောက်တာ...”

ကိုယ့်ကို မင်းက ခေါင်းမော့ပြီး ပြောတာမျိုး မဟုတ်ဖူး မျက်လုံးတွေကို လှန်ပြီး ဂျစ်တူးတူး မျက်နှာပေးနဲ့ ပြောပြောဆိုဆို ထ ရပ်ခဲ့တယ်... မင်းလွယ်နေကျ အိတ်လေးကို ဖြတ်ကနဲ လွယ်ရင်း ခပ်ကျော့ကျော့ ခြေလှမ်းတွေနဲ့ မင်းကတော့ ကိုယ့်ကိုကျောခိုင်း... ကားသော့လေးကို လက်ညှိုးနဲ့ ကစားရင်း.. တစ်လှမ်းချင်း.. ထွက်သွားလေရဲ့....!! ကိုယ့်မှာသာ သက်ပြင်းတွေ တစ်သီကြီးနဲ့... ငေါင်ပြီးကျန်ခဲ့ရရော... မိဆိုးရယ်..!!

မိဆိုးရေ... မှတ်မိလား..!!
“..... ..... ..... ..... ..... .... .ဟွန်း..... ..... ..... ..... ..... .....”

တဲ့....။


မိဆိုးရေ... မှတ်မိလား..!!
“..... ..... ..... ..... ..... .....ငစိုးရယ်.... ..... ..... ..... ..... .....”

တဲ့....။


မိဆိုးရေ... မှတ်မိလား..!!
“..... ..... ..... ..... ..... ...နင် ဟာလေ... ..... ..... ..... ..... ....”

တဲ့....။


မိဆိုးရေ... မှတ်မိလား..!!
“..... ..... ..... ..... ..... ...တော်စမ်းပါ... ..... ..... ..... ..... ....”
တဲ့....။


မိဆိုးရေ... မှတ်မိလား..!!
“..... ..... ..... ..... ...ရော့.. ဒါ.. နင့်အတွက်... ..... ..... ..... ....”

တဲ့....။


မိဆိုးရေ......!!
တစ်ကယ်တော့ ကိုယ့်နာမည် တစ်လုံးကိုယူပြီး မင်းကိုယ့်ကို “ငစိုး..” လို့ မခေါ်သင့်ဘူးသိလား..!! ကိုယ့်ရင်ထဲက တိတ်တိတ်လေး ခေါ်နေမိတဲ့... မင်းနာမည်မဟုတ်တဲ့.. “မိဆိုး..” ဆိုတာသာ မင်းနာမည် အရင်းဖြစ်သင့်တာပါ...။ ဘာတွေ ဘယ်လိုပဲ ဖြစ်ဖြစ်ပါလေ... ကိုယ့်ရင်ထဲက မိဆိုးလေးကို ဆိုးလို့ကို စိုးရိမ်ကြီးစွာနဲ့ ချစ်တယ်...။
ဟုတ်တယ်.. မိဆိုး..! ဘယ်တော့မှ မပြောင်းဘူး... တစ်သက်လုံး သိမ်းထားမယ်.. နောက်ပြီး မင်းသိအောင်လည်း ကိုယ်ဘယ်တော့မှ ပြောဖြစ်မှာမဟုတ်ဘူး......


"တကယ်ပါ.... မိဆိုးရယ်..."
"ကိုယ်....
မင်းကို.... အရမ်း.... ချစ်တယ်..."


(ခင်လေးငယ်)

ဖွင့်ဟချက်။ ။ ယောက်ျားလေးတစ်ယောက် နေရာက ခံစားပြီးဝင်ရေးမိတော့ ကိုယ့်ကိုကိုယ် ပြန်မြင်ရတာ ရယ်ရတယ်.. တော်တော်ဆိုးတဲ့ ပေတူတူးလေးကို ဖြစ်သွားရော... အဟက်..!! :

Tuesday, February 10, 2009

သြော်.. ကောင်းလေစွ...

စကားလုံးမရှိတဲ့ နေ့မှာ ကမ်းတွေကပျိုကျလို့ လေတွေက ခပ်ကြမ်းကြမ်း.. တဝုန်းဝုန်းနဲ့..! အသံမဲ့တဲ့ ညမှာတော့ စကားလုံးတွေကို ဖြိုချမိတယ်.. စာတွေအဖြစ်ပေါ့..!! အကောင်းအဆိုးတွေကို တိုင်ပင်ဖော်မဲ့တဲ့ နေ့ညတွေမှာ အရာရာဟာ မှုန်ဝါးမသွားပဲ ပိုပိုထင်းလို့လာနေပြန်တာ မမိုက်ဖူး..!!

“ခဲလေသမျှ သဲရေကျ ပုလဲမြေခ သြော်..ကောင်းလေစွ...” တဲ့ မောင်မောင်ဇော်လတ်က ဆိုထားတယ်.. ကျွန်မ အဲ့ဒီ သီချင်းကို အရမ်းကြိုက်တယ် ဆိုတာ ရှင်လည်းအသိ.. ရှင်ကရော အခုလိုအချိန် ဘယ်လို သီချင်းမျိုးနဲ့ မွေ့ပျော်လို့ နေပါလိမ့်..!! သိချင်တယ် ဒါပေမဲ့.. မသိချင်ပြန်ဘူး..!!

အပိုင်းပိုင်းအစစ အတွေးတွေက ရောင်စုံ ဖန်ဂေါ်လီလုံးတွေလို ဟိုလိမ့် ဒီကပ်.. အတွေးတွေ အရောင်စုံ.. စိတ်တွေလည်း ရောင်စုံ.. လွင့်ပျံ့မှုတွေကလည်း ရောင်စုံ.. တိမ်တွေပေါ် ခုန်တက်လိုက်.. မြေကိုလျှိုးလိုက်.. ရေပြာပြာမှာ ငုတ်လျှိုးကူးခတ်လိုက်.. အမှောင်အတိပြီးတဲ့ စကြဝဠာရဲ့ အမည်းရောင် ကော်ဇောထက်မှာ နားခို အိပ်စက်လိုက် နဲ့.. ကဲ.. ဘာကျန်သေးလဲ...!! ဖြစ်ချင်တိုင်းဖြစ်နေတဲ့ "စိတ်.." ဟူးးးးး.......!!

ယဉ်တယ် ယဉ်တယ် နဲ့ ပြောပြောနေကြတဲ့ ဘန်းစကားက အတွေးမှာလာကပ်တော့ မချိပြုံးတစ်စက လှစ်ကနဲ.. ကလိသလိုလို သရော်သလိုလို ကိုယ့်အပြုံးနဲ့ကိုယ် အဘိဇ္ဇာတွေပွားလို့.. အပြုံးက အသံအဖြစ်ပြောင်းလို့ ခပ်အက်အက်ရယ်မိပြန်ရော.. သြော်.. အရေးထဲ မောင်မောင်ဇော်လတ်က ပြန်ကျော့နေပြန်ပါပြီ.. "အကုန်ပြည်ဖုံးကားချ... သြော်... ကောင်းလေစွ..." တဲ့... အဟက်..!!

ဖန်တီးမှုတစ်ခုဟာ ချိန်းကြိုးတစ်ခုသာ ဖြစ်ခဲ့မယ်ဆိုရင်.. ဆက်ထုံးမရှိဘဲ ကွင်းဆက်တွေနဲ့တင် ကြိုးဖြစ်မလာဘူး... ပုံပေါ်လာမဲ့ အရာတစ်ခုဟာ ရင်တွင်းဖြစ် ဟဲန်းမိတ် (လက်ဖြစ်) စစ်စစ် ဆက်ထုံးစစ်စစ်တွေနဲ့ ဆက်ထားတာ.. ဘာမှမဆိုင်ဘဲ တဒိန်းဒိန်း ခုန်လာတတ်တဲ့ ရင်ကိုလည်း ခပ်လန့်လန့်.. ကိုယ့်ကိုယ်ကို မှန်ထဲငဲ့ကြည့်ဖို့လေးကို ရင်တွေခုန်နေ ပြန်ပါပကော.. အာ.. မဟုတ်သေးပါဘူး.. ငါ့နှယ်နော်..!!

စိတ်အစဉ်က အရှေ့ကိုယွန်း..၊ အနောက်ကိုပြန်..၊ တောင်ကိုကပ်..၊ မြောက်ကိုနှင်..၊ အနောက်တောင်မှာ ခဏတန့်ရင်း သက်ပျင်းချ..၊ အရှေ့မြောက်မှာ ရှေ့တစ်လှမ်းတိုး နောက်တစ်လှမ်းပြန်ဆုတ်..၊ အနောက်မြောက်မှာ ခပ်ပြေပြေ ခြေဆင်းထိုင်လိုထိုင်..၊ အရှေ့တောင်မှာ အားတွေထပ်ယူ..၊ ဘုရား..ဘုရား..!! အရပ်ရှစ်မျက်နှာမှာ လုပ်ချင်တိုင်းကို လုပ်နေတော့တာပါလား... ရှုပ်ကုန်ပြီ... ဟေးးး.. ပြန်လာခဲ့ ငါ့ခန္ဓာဆီ..!!

စိတ်နဲ့ ကိုယ်အကပ်မှာ လူက ယိုင်နဲ့နဲ့... အတွေးက ခပ်ထုံထုံ.. နားက ထိုင်းလာသလိုလို.. အမြင်အာရုံတွေက မှုန်ဝါးနေပြန်ပါရောလား..!! အသံတစ်ခု ထွက်ဖို့ကိုတောင် ဖန်တီးယူနေရပြန်သလိုလို.. သက်ပျင်းကို မှုတ်ထုတ်ဖို့တောင် ဇောချွေးတွေ ပြန်လို့.. မောင်မောင်ဇော်လတ်သီချင်း ပြန်ကျော့မလာမှီ မသယ်နိုင်တဲ့ လက်နဲ့ ကဗျာကောက်စပ်... အို.. မပီပြင်လိုက်တာလေ..!!

သောကစေရာ
မနေသာ၍

ပူးတုံခွာတုံ

စိတ်ထင်ပုံပြောင်း

အာရုံကောင်းလို့

ဖြစ်ကြောင်းစုံသည်
မည်သူမပြု

မိမိမှုတည်း..။

ဘာမှမဟုတ်တဲ့ စာတွေကို အဆက်စပ်မဲ့ ရေးရင်းစာပိုဒ်တွေဖြစ်.. လုပ်ဟ..!! ဒါသည်လည်း စိတ်အလိုပဲ မဟုတ်လေလား..!! ဒီလိုနဲ့ ဒန် (မော်ဒန်) မကျ.. ဟန်မကျနဲ့ ချဉ်ခြင်းက တက်လာပြန်တော့.. ခပ်ရေးရေး အာရုံခံလို့ နောက်တစ်ပုဒ်ကို ထပ်ရေး.. ဟားးးး... တကယ် မနိုင်ဘူး ဒီစိတ်ရယ်.....!!

ထူးမထူးတော့မသိ
ချဉ်တူးတူးကိုမှ ကြိုက်မိတဲ့ငါ...
ငါ့စိုက်ခင်းမှာ သံပုရာတွေသာပျိုးလို့

အချဉ်ပေါက်နေတဲ့ စိတ်နဲ့

ခပ်ချဉ်ချဉ်စာတွေရေးမိ

အချိုဖက်ဖို့ ကြံ မခင်းနိုင်တဲ့

ငါ့စိုက်ခင်းမှာ...

ကိုယ်တိုင်အချဉ်သိပ်

ကိုယ်တိုင်ပဲ ပွဲတည်လို့

ကဲ... ကောင်းလေစွ
ငါ့အချဉ်ပွဲ....
ဖတ်သူချဉ်မည် မုချတည်း..။



(ခင်လေးငယ်)


မှတ်ချက်..။ ။ ကျွန်မ အင်မတန်မှ နှစ်သက်သော ကိုမောင်မောင်ဇော်လတ် ၏ သီချင်းခေါင်းစဉ်လေးအား လေးစားခြင်းအားဖြင့် ယူသုံးထားပါသည်..။


သီချင်းလေးကို ခံစားနားဆင်ကြည့်မယ်ဆိုရင်..

Saturday, February 7, 2009

..?? ...?? ....??



လောကကြီးမှာ လူအတော်များများ လက်မခံနိုင်တဲ့ အမှန်တရားတွေ ရှိနေတတ်တယ်...။


လူတွေ...........!!

လက်မခံနိုင်..........!!

အမှန်တရား.................!!


အို...........!!

ဒါဆို........!!

...............!!



မှားနေသလိုလိုကြီး.. ဒါပေမဲ့... လူတွေကခေါင်းတွေ တညိတ်ညိတ်နဲ့ ထောက်ခံနေလိုက်ကြတာ..။



လူတွေ..........!!

ခေါင်းတွေတညိတ်ညိတ်....!!

မှားနေသလိုလို.. သလိုလိုကြီး......!!



အမ်..........!!

ဒါဆို.........!!

................!!



တိန်............!!
မှတ်ကရော...!!


(ခင်လေးငယ်)

Monday, February 2, 2009

ဤသို့ခရီးထွက်ခဲ့ရာဝယ်.. (နောက်ဆုံးအပိုင်း)

ကုန်သွယ်ရေးဌာနရဲ့ နောက်ဖေးပေါက်ကြီးဆိုတာက တခြားမဟုတ်ပါဘူး.. ဝင်လို့ထွက်လို့ တော်တော် အဆင်ပြေတဲ့ ဝင်ပေါက်ကြီး တစ်ခုပါ..။ ဆိုက်ကယ်ရပ်ဖို့ ကားရပ်ဖို့ အကုန်အဆင်ပြေတယ်.. စားသောက်ဆိုင် အကြီးကြီးတစ်ခုကလည်း ရှိသေးတယ်.. မိတ္တူဆိုင်တွေ.. ဖုန်းဆက်လို့ရတဲ့နေရာတွေနဲ့ တော်တော် စည်ကားနေတယ်.. သွင်းကုန်ထုတ်ကုန် ကိစ္စဆိုရင် နေပြည်တော်အထိ လာလုပ်ရတာ ဆိုတော့ အေ့ဂျင့်တွေရော.. ကုမ္ပဏီဝန်ထမ်းတွေရော များမှများ.. ရောက်ဖူးတယ်လို့ ရှိအောင်သာ လိုက်လာခဲ့တာ.. ကိုယ့်ကိစ္စက မရှိလေတော့ ကြောင်တောင်တောင်.. ဟိုကြည့် ဒီကြည့်နဲ့ပေါ့..။

“အန်ကယ်ရေ.. ခွင့်ပြုပါဦးနော်.. ကျနော်လည်း သွားစရာရှိတာလေးတွေ ဆက်သွားလိုက်ဦးမယ်.. အခုလို ကူညီတဲ့အတွက်လည်း အများကြီး ကျေးဇူးတင်ပါတယ်ဗျာ..”
“ကောင်းပြီ ငါ့တူရေ.. အန်ကယ်ကလည်း ကျေးဇူးတင်ပါတယ်.. လမ်းမှတ်မိတယ်မလား.. ဖြေးဖြေးသာ မောင်းသွားတော့ဟေ့.. ကြုံရင်တော့ ပြန်ဆုံကြသေးတာပေါ့ကွာ..”
“ဟုတ်ကဲ့..း) ”

အန်ကယ်ကြီးကို အဲ့ဒီလိုလေး ပြုံးပြနှုတ်ဆက်ပြီး ကုန်သွယ်ရေးကနေ ပြန်ထွက်လာခဲ့ပါတယ်..

တစ်ညနဲ့ တစ်မနက်လေးသာ ဆုံတွေ့ခဲ့ရတယ် ဆိုပေမယ့် အန်ကယ်ကြီးရဲ့ ရင်းနှီးဖော်ရွေမှု.. ရိုင်းပင်းကူညီမှုတွေက လေးစားခင်မင်ဖွယ်.. ဒီလိုပါပဲလေ.. ခရီးသွားရင်း တွေ့ဆုံရင်းနှီး အပြန်အလှန် အကူအညီ ပေးတတ်ကြတာ ဒို့မြန်မာတွေရဲ့ ချစ်စရာအမူအကျင့်လေးတွေပဲ မဟုတ်လား..။

ဆိုက်ကယ်ကို ဖြေးဖြေးမှန်မှန်လေးသာ မောင်းလာခဲ့တာဆိုတော့ စွမ်းအင်ဌာနကို တော်တော်နဲ့ မရောက်နိုင်ဘူး.. ဟိုးခပ်ဝေးဝေးမှာ တည်လက်စ စေတီတော်ကြီးကိုလည်း ဖူးမြင်ခဲ့ရပါတယ်.. ဆောက်လက်စ တံတားတွေ.. အဆောက်အဦးတွေ.. ဖောက်လက်စ လမ်းတွေ မနည်းပါလားနော်.. တွေ့တာမြင်တာတွေ အားလုံးကတော့ ထူးဆန်းရမလိုလို အံသြရမလိုလို..။ ပါလာတဲ့ ကင်မရာလေးကို ထုတ်ပြီး မြင်မြင်သမျှ အမှတ်တရ အကုန်ရိုက်ယူတော့တာပေါ့.. ဓါတ်ပုံက ရိုက်သာ ရိုက်နေရတယ် ခပ်ကြောက်ကြောက်.. တော်ကြာ သတင်းထောက်မှတ်ပြီး လိုက်လာမှ ရှင်းရခက်ဦးမယ်..။ နေကလည်းပူ လေကလည်းပူ.. ပင်ကလည်း ပင်ပန်းနဲ့ လူလည်း ပူတူတူ ပန်းတန်းတန်း ကြီးကိုဖြစ်နေပြီ...။

စွမ်းအင်ဌာနက အတွင်းထဲကို နည်းနည်း ဝင်ရတယ်.. ရုံးထဲကိုတော့ ပင်မဝင်ပေါက်ကနေပဲ ဝင်လိုက်တယ်.. ဒီမှာတော့ နောက်ဖေးပေါက် မရှိလောက်ဖူး ထင်ပါတယ်..း).. ရုံးထဲရောက်သွားတော့ ကိုယ်သွားချင်တဲ့ နေရာကို လိုက်ရှာ.. တွေ့စရာရှိတဲ့သူနဲ့တွေ့.. လုပ်စရာရှိတာတွေလုပ်.. စောင့်စရာရှိတာ ထိုင်စောင့်... ပေးစရာရှိတာပေး.. ဒီလိုနဲ့ ကိစ္စအားလုံးပြီးလို့ နာရီကြည့်မိတော့ နှစ်နာရီကျော်နေပြီ.. ဗိုက်ကလည်း တော်တော် ဆာနေပြီ..။

ဒီတစ်ခါတော့ ဆိုက်ကယ်ကို ခပ်မြန်မြန်လေးစီးရင်း နိုင်ငံခြားရေးဌာနကိုသွားတာ တော်တော်နဲ့ မရောက်ဘူး.. လမ်းတွေကလည်း ဘယ်လိုတွေမှန်းမသိ.. သွားရင်း.. သွားရင်းနဲ့ ဧရာမအဝိုင်းကြီး ရောက်တော့မှ လမ်းကို ပြန်မှတ်မိတော့တယ်.. အင်း ဝေးလေစွ ဝေးလေစွပေါ့..။

နိုင်ငံခြားရေးဌာနမှာ အလုပ်လုပ်တဲ့ သူငယ်ချင်းနဲ့ လ္ဘက်ရည်ဆိုင်မှာ ခဏထိုင်ရင်း သူညည်းတာတွေ နားထောင် လိုက်ရတယ်.. “နေလို့ကောင်းလား” ဆိုတော့ “ကောင်းဘူး” တဲ့.. “ပျော်လား” ဆိုတော့ “ပျော်ဘူး” တဲ့.. အင်း.. ဒီလိုပါပဲလေ ပျော်ရာမှာမနေရ တော်ရမှာနေရဆိုတာ..” ဘာညာ နည်းနည်းပါးပါး သူ့ကို အားပေးရတာပေါ့..။

ဒီမှာလည်း လူတွေ စည်ကားနေတာပါပဲ.. ဘာလို့ပါလိမ့်လို့.. စပ်စုကြည့်တော့ နိုတြီမှာ တံဆိပ်တုံး လာထု.. လက်မှတ် လာထိုး ကြတာတဲ့.. အင်း.. မလွယ်ပါလားနော်.. ဒါကလည်း အလုပ်တစ်ခု..။

နိုင်ငံခြားရေးဌာနက ထွက်တော့ ဆိုက်ကယ်သမား တစ်ယောက်က သတိပေးသွားတယ်.. ညာမကွေ့ရဘူးနော်တဲ့.. တစ်လမ်းမောင်းတဲ့.. လမ်းထိပ်မှာ ဖမ်းနေတယ်တဲ့.. အဲ့ဒါမှ ခက်တော့တာပဲ ကိုယ်သွားချင်တဲ့လမ်းက ညာဘက်မှာ.. လှမ်းမြင်နေရတယ်.. နီးနီးလေးရယ်. လမ်းပြောင်းပြန် ဖြစ်နေတော့ သွားမရဘူးပေါ့.. အဲ့ဒါနဲ့ ဘယ်ဘက်ကို ကွေ့ပြီး လမ်းမကြီးအတိုင်း ပတ်ပြီး မောင်းသွားလိုက်တာ ကျနော်ထင်တယ် အဲ့ဒီကို ရောက်ဖို့ နှစ်မိုင်ကျော်လောက် မောင်းလိုက်ရရော.. အင်းး.. တစ်မျိုးပါလားနော်.. ပေါ့..။

စည်ပင်ရိပ်သာကို ပြန်ရောက်.. ဆိုက်ကယ် ပြန်အပ်.. အချိန်ကလည်း မနည်းတော့ဘူးဆိုတော့ “တုတ်တုတ်လေး” ကို စီးပြီး နေပြည်တော် မြို့မဈေးကြီးဘက်ကို ဆက်ထွက်လာခဲ့တယ်..။ တုတ်တုတ်ဆိုတာက လူစီးတွဲကို ဆိုက်ကယ်နဲ့ဆွဲတဲ့ ယာဉ်တစ်မျိုးပါ.. လူ (၁၅) ယောက် လောက်တော့ အေးဆေး စီးလို့ရတယ်.. တစ်ခါမှ မစီးဖူးတော့ ပျော်စရာလေးပါ.. အသံလေးကိုက ချစ်စရာ “ပလုတ်တုတ်တုတ်! ပလုတ်တုတ်တုတ်!” နဲ့..။

မြို့မဈေးရဲ့ ညနေခင်းက တော်တော်လေးကို စည်ကားနေပါတယ်.. ကားဂိတ်တွေကလည်း ဒီနေရာမှာပဲဆိုတော့ နေပြည်တော်ရဲ့ လူအစည်ဆုံးနေရာပေါ့.. အပြန်ကားကိုတော့ Air Con: ပါတဲ့ကား.. ကားကောင်း ကားသန့် သေချာရှာစီးမှ.. လာတုန်းကလို တစ်လမ်းလုံး စက်သေနပ်ပစ်လာတဲ့ ကားမျိုးနဲ့ဆိုရင်တော့ဖြင့် မဖြစ်ဘူး.. ဂိတ်ထိုး ရပ်ထားသမျှကားတွေကို အကုန်လိုက်ကြည့်တော့ ရွှေမန်းသူ ကားသစ်ကြီး တစ်စီးတော့ တွေ့တယ်.. ဒါနဲ့ ရွှေမန်းသူ ဂိတ်မှာ လက်မှတ်သွားစုံစမ်းတော့ ကံကောင်းပေလို့.. တစ်စောင်ပဲ ကျန်တော့တာတဲ့.. ခြောက်ထောင့်တစ်ရာတဲ့.. Air Con; လည်းပါတယ်တဲ့.. ပါရမီကားကွင်း အထိ ရောက်တယ်တဲ့.. အိုကေပေါ့.. လက်မှတ် ဖြတ်လိုက်တယ်.. သေချာထပ်မေးရသေးတယ်.. တော်ကြာ ပြောတာတစ်မျိုး လုပ်တာတစ်မျိုးဖြစ်နေရင် ဒုက္ခ..။

စိတ်တော့အေးရပြီ.. ကားလက်မှတ်လည်း ရပြီ.. ကိစ္စတွေလည်း ပြီးပြီ.. မပြီးသေးတာက ဗိုက်ကိစ္စ.. တစ်နေ့လုံး ဘာမှမစားရသေးဘူးလေ.. ညနေပိုင်းဆိုတော့ ထုံးစံအတိုင်း နည်းနည်းပါးပါးလည်း သောက်ချင်သေးတာလေ.. လူကလည်း ပင်ပန်းနေပြီ.. ဒီတော့ ဘယ်နား သောက်လို့ရတဲ့ ဆိုင်ရှိလည်း မေးရမြန်းရတော့တာပေါ့..။

အပါးပါး.. များလိုက်တဲ့ စားသောက်ဆိုင်တွေ.. လေဟာပြင်ထဲမှာ စားပွဲတွေချပြီး ခင်းထာတာဆိုတော့ ထိုင်ချင်စဖွယ်.. ရူခင်းကလည်း ကောင်းမှကောင်း.. လေလေးကလည်း တဖြူးဖြူးနဲ့.. မြို့မဈေးကွင်းကြီးနဲ့ ဟိုးခပ်ဝေးဝေးကိုပါ မြင်ရတဲ့ တောင်ကုန်းမြင့်ကြီးပေါ်မှာ..။ ကျနော့်အထင် နေရာအကျယ်က ဘော်လုံးကွင်း တစ်ကွင်းစာ လောက်တောင် ရှိမလားပဲ..။ အင်း.. ဘယ်ဆိုင်ထိုင်ရင်ကောင်းမလဲ..! စားပွဲခင်း အနီတွေ ခင်းထားတာက ဗီအိုင်ပီ ဝိုင်းတွေလားမသိဘူး.. အရမ်းတော့လည်း မဝင်ရဲဘူး.. တော်ကြာ လူကြီးဝိုင်းဆိုရင် ခက်ဦးမယ်.. နောက်ဆုံးတော့ လူတစ်ယောက်မှ မရှိတဲ့ ဆိုင်ကြီးတစ်ဆိုင်ထဲကို အတည်ပေါက်နဲ့ ဝင်ထိုင်လိုက်တယ်..။

ဗိုင်ဆာဆာနဲ့ မှာလိုက်တာ ငါးခေါင်းချဉ်စပ်ဟင်းချို တစ်ပွဲ၊ ဝက်နံရိုးကြော် တစ်ပွဲ၊ အစိမ်းကြော် တစ်ပွဲ.. နောက် ဘီယာ တစ်ဂျား..။ ဘီယာက မှာသာမှာရတာ သိတ်ကြိုက်လှတယ်တော့ မဟုတ်ဘူး.. အပြင်းကို ပိုကြိုက်တာ.. အပြင်းက မှာစရာမလိုဘူးလေ.. အိတ်ထဲမှာ ပါပြီးသား.. ဟီးးး)

ဟင်းပွဲတွေ လာချတော့ ကုန်ပါ့မလားတောင် မသိဘူး နည်းတဲ့ ပွဲကြီးတွေ မဟုတ်ဘူး.. ကယ်.. မထူးတော့ဘူး ဗိုက်ကလည်း ဆန္ဒပြနေပြီဆိုတော့ ဆွဲလိုက်တာ အားရပါးရ..။ ဘီယာလေးကမိုက် လေလေးကတိုက်နဲ့ ကောင်းမှကောင်း.. ဟိုဒီခိုးကြည့်ပြီ ပါလာတဲ့ ကိုယ့်ပုလင်းလေး အသာထုတ်ပြီး ခပ်များများလေး ဂွတ်လိုက်တာ ရင်ထဲကို ပူဆင်းသွားတာပဲ..။ ဗိုက်ကလည်း ဆာ.. အမြည်းကလည်း ကောင်း.. ရာသီဥတုကလည်း ကိုယ့်ဘက်ပါ ဆိုတော့ ပြီးပြီပေါ့.. ဒီလိုအချိန်မျိုး သောက်ဖော် သောက်ဖက် ဘော်ဘော်ကြီးတွေကို တော်တော် သတိရမိတယ်..။

ကားထွက်ဖို့က နာရီဝက်လောက်ပဲ လိုတော့တယ်လေ.. ကိုယ်စားထားတာ ကိုယ်ပြန်ကြည့်လိုက်တော့ ဟုတ်ရော ဟုတ်ရဲ့လားလို့.. ချဉ်စပ်တစ်ပွဲလုံးလည်း ကုန်ပြီ.. ဝက်နံရိုးလည်း အရိုးတွေတောင် ကြေလို့.. ထမင်းနည်းနည်းတောင် စားထားလိုက်သေးတယ်.. ဘီယာ တစ်ဂျားလည်းကုန်.. ပုလင်းပြားလေး လက်ကျန်လည်းကုန်.. အင်း.. အခုမှ လောကကြီး သာယာသွားတော့တယ်.. အေ့..။

နေပြည်တော်ကနေ ကားစထွက်တော့ ည (၇း၃၀) တိတိ.. နှုတ်ဆက်ပါသည် နော်ပြေတီ (နေပြည်တော်) ပေါ့..း) သိတ်တောင် မမှောင်သေးဘူး လမ်းမီးတိုင်တွေကတော့ လင်းနေကြပြီ.. ကားကတော့ ပြောထားသလိုပဲ တကယ်လည်း ကောင်းပါတယ်.. Air Con; က အေးစက်လို့.. လာတုန်းကနဲ့ တခြားစီ.. သီချင်းလေးက တိုးတိုးအေးအေး လူကလည်း မူးတူးတူး ငြိမ့်တိမ့်တိမ့်..။

သိတ်တော့ မငြိမ့်လိုက်ရပါဘူးဗျား( .. နာရီဝက်လောက်လည်းနေရော.. ဗိုက်ပြဿနာက စပါလေရော.. ချဉ်စပ်ကလည်း ဗိုက်ထဲမှာ သောင်းကျန်းနေပြီ.. ဘီယာတစ်ဂျားကလည်း ပေါက်ကွဲလုနေပြီ.. ဘုရားဘုရား ဒီဒုက္ခက ဆိုးဝါးလှပါလားနော်.. ဝမ်းနုတ်ဆေး စားထားသလိုကို ခံစားနေရပါလား.. အီးးးဟီးးးး..း(( ။

အော်.. နေပြည်တော်ရယ်.. လာတုန်းကလည်း အီလည်လည် ပြန်တော့လည်း အီလည်လည်ကြီးပါလား..!

လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်.. အံကိုတင်းနေအောင် ကြိတ်.. ဆန္ဒတွေကို မျိုသိပ်ထားရတယ်.. အိ.!

မဖြစ်တော့ဘူး.. မအောင့်နိုင်တော့ဘူး.. သွားချင်လှပြီ.. အမြန်ဆုံးရောက်ချင်လှပြီ.. ဗီဒီယိုခွေရစ်သလို အမြန်ဆုံး ရစ်ပြီး ရေးလိုက်မှ ဖြစ်တော့မယ်..

လမ်းတွေကောင်း..> မီးတွေလင်း..> မခံစားနိုင်..> ဗိုက်နာ..> အတွေးထဲမှာ..> အိမ်သာ..!..> အိမ်သာ..!!..> ချွေးတွေပြန်..> ဒူးတွေတုန်..> ကြက်သီးတွေထ..> အမြန်မောင်းပါ..> ကားခဏရပ်..> အပြေးအလွှား..> ရှာ..> အိမ်သာ..> ဝမ်းသာအားရ..> အားရပါးရ..> နေသာထိုင်သာ..> သက်ပြင်းချ..> ကားပြန်ထွက်..> နာရီဝက်..> ဗိုက်ပြန်နာ..> ရောက်ချင်နေတာ..> အိမ်သာ..!!..> ဆွာ..> တောင်ငူ..> ဖြူး..> ပဲနွယ်ကုန်း..> ညောင်လေးပင်..> ဒိုက်ဦး..> ပဲခူး..> ဗဂိုး..> နံနက်စာ..> ကားရပ်..> အိမ်သာ..> အားပါးတရ..> နေသာထိုင်သာ..> ကားပြန်ထွက်..> အိပ်ငိုက်..> ငိုက်..> လန့်နိုး..> ပြန်ငိုက်..> ဝေလီဝေလင်း..> လေးနာရီခွဲ..> လည်းကူး..> ကူး..> ကူးးးးးး..> ကူးးးးးးးးးးးးးး.....> လမ်းဖြတ်ကူး..> ရန်ကုန်..!..> ရန်ကုန်...!!..> ကုန်..> ကုန်..> လမ်းမီးတိုင်..> မီးမလာ..> ကားတွေကျပ်..> လမ်းတွေဆိုး..> လူတွေများ..> လမ်းတွေကျဉ်း..> ဖုန်တွေတက်..> ပန်းချီကား..> ပန်ချီကား..!!..> ကဗျာ..> သံစဉ်.....>>>>>>>>>>>>>>>>>>>>>

ရန်ကုန်ဟာ ကျနော်တို့ရဲ့ နှလုံးသား..၊
သာသနာ့အရောင်တွေ ထွန်းတောက်လို့ ကမ္ဘာမှာပေါက် ခဲ့တဲ့နေရာ..၊
သမိုင်းဝင်နေ့စွဲတွေ ထင်ကျန်ခဲ့တဲ့နေရာ..၊
လေးစားကြည်ညိုဖွယ် သူရဲကောင်းတွေရဲ့ ဝိညာဉ်တွေ ရှင်သန်ရာနေရာ..၊
အမေနဲ့ အမေ့အိမ် ယိုင်နဲ့နဲ့လေး ရှိတဲ့နေရာ..၊
တစ်ခါတလေ ရန်ကုန်ဟာ ကဗျာတစ်ပုဒ်နဲ့တူတယ်..!!
ပန်းချီလိုလည်း လှပြန်တယ်...!!
သီချင်းတစ်ပုဒ် ဆိုရင်လည်း ဟုတ်တယ်..!!
သေချာတယ် ဟောင်းနွမ်းနေတဲ့ ရန်ကုန်ဆိုတာ ဖုန်တွေတက်နေတဲ့ အဖိုးတန် ပန်းချီကားတစ်ချပ်..!!
ပန်းချီကားထဲက ဆေးစက်တွေ၊ သွေးစက်တွေဟာ အနာဂတ်အတွက် ခွန်အားတွေ...!!
အခုတော့.. အဲ့ဒီ လှပတဲ့ ပန်းချီကားအဟောင်းကိုပဲ ရင်မှာပွေ့ပိုက် ကဗျာတစ်ပုဒ်လို မြတ်မြတ်နိုးနိုး ဖတ်ရင်း ခပ်တိုးတိုး သံစဉ်ရှာနေမိတော့တယ်........။


ပြီးဆုံးပါပြီ..။

အားလုံးကို လေးစားချစ်ခင်စွာဖြင့်.. Bye


(ကိုရင်နော်)



မှတ်ချက်။ ။ သွားရင်းလာရင်း တွေ့မြင် ခံစားခဲ့ရသည်များကို အမှတ်တရဖြစ်စေရန် ခရီးသွားဟန်လွဲ ရေးသားထားခြင်း သက်သက်သာ..။ မှတ်တမ်းဓါတ်ပုံများစွာကို သေသေချာချာ ရိုက်လာပါသော်လည်း Memory Card လေး ပျက်စီးသွားသောကြောင့် တင်ပြနိုင်ခြင်းမရှိတာကို “ညံ့ဖျင်းလိုက်လေခြင်း” လို့သာ ဝိုင်း၍ အပြစ်တင်ကြပါခင်ဗျာ..။ နေပြည်တော် ဓါတ်ပုံတွေကို ကြည့်လိုတယ်ဆိုရင်ဖြင့် “နေပြည်တော်” ဆိုသော ပိုစ့်လေးကို ဖတ်ရင်း ကြည်ရှုနိုင်ပါတယ်လို့ ညွှန်းလိုက်ပါရစေ..။


Sunday, February 1, 2009

ဤသို့ခရီးထွက်ခဲ့ရာဝယ်... (တတိယပိုင်း)

စည်ပင်ရိပ်သာ ဆိုတာ မည်သူမဆို တည်းခိုလို့ရတဲ့ တည်းခိုရိပ်သာ အကြီးစားကြီးပေါ့..။ ရိပ်သာဝင်းကြီးကတော့ တော်တော်လေးကို ကျယ်ပါတယ်.. အဆောင်တွေကလည်း တော်တော်လေးကို များတယ် အားလုံး တစ်ထပ်ဆောင်တွေပါပဲ.. ကျနော့်အထင် အခန်းပေါင်း ရာကျော်လောက်တော့ ရှိလိမ့်မယ်.. ရိပ်သာရဲ့ ဧည့်ကြိုဆောင်မှာတော့ လူတွေ တော်တော်များများ ငုတ်တုတ် ငိုက်နေကြတယ်.. ထိုင်တဲ့သူထိုင်.. ထတဲ့သူထနဲ့ အခန်းရရေး စောင့်ဆိုင်းနေကြလေရဲ့.. ကျနော်တို့လည်း အခန်းရဖို့ စာရင်းပေးပြီး စောင့်နေရတော့တာပေါ့ဗျာ..။

စည်ပင်ရိပ်သာ လူစည်ကား ဧည့်ကျလိုက်ပုံများ ကျနော်တို့ အခန်းမရဘူးတဲ့ဗျာ.. တနင်္လာနေ့ဆိုတော့ လူကလည်းများပါ့.. တစ်ညလုံးလည်း ခရီးက ပန်းလာတယ်.. ညောင်းကညောင်း.. အိပ်ကလည်း တော်တော့်ကို အိပ်ချင်နဲ့ စိတ်ညစ်လိုက်တာဗျာ..။

စည်ပင်ရိပ်သာ ဝင်းအတွင်းက လ္ဘက်ရည်ဆိုင်တွေကတော့ ဖွင့်ခါစပေါ့.. တော်သေးတာပေါ့ ဒီနားမှာ ထိုင်စရာ ဆိုင်လေးတွေရှိလို့.. မဟုတ်လို့ကတော့ ဘယ်နားသွားလို့ ဘာလုပ်နေရမှန်းတောင် သိမှာ မဟုတ်တော့ဘူး..။

“အန်ကယ်ရေ.. ဒီအတိုင်းဆို ကျနော်တို့ ဒီဆိုင်မှာ သုံးနာရီလောက်တော့ ထိုင်နေရမယ် ထင်တယ်..”
“ဟုတ်ပါ့ ငါ့တူရာ.. အခန်းမရတော့လည်း ဒီတိုင်း ထိုင်နေရုံသာ ရှိတော့တာပေါ့”

“ကားကလည်း ဒီကိုရောက်တာ စောလွန်းပါတယ်နော် ရှစ်နာရီလောက်မှ ရောက်ရင် ရုံးဖွင့်ချိန်နဲ့ ကွက်တိလောက်ပဲ..”

“အေး.. ဟုတ်တယ်ကွ.. တကယ်ဆို ရန်ကုန်ကနေ ည ကိုးနာရီ လောက်မှ ထွက်ရင် အနေတော်လောက်ပဲကွ.. စောရောက်တော့ ဒုက္ခများတာပေါ့ကွာ..”

“ဒီလိုသာဆို ရုံးကိစ္စ ခဏခဏ လာရတဲ့သူတွေ ဒုက္ခပဲနော်..”

“ဒါပေါ့.. အန်ကယ်ဆို တစ်လကို အနည်းဆုံး သုံးခေါက် လောက်တော့ လာရတယ်ကွ.. အန်ကယ်တို့ ကုမ္ပဏီက သွင်းကုန်၊ ထုတ်ကုန် လုပ်တာဆိုတော့ ဒီက ကုန်သွယ်ရေးကို ခဏခဏ လာနေရရောပေါ့ကွာ”

ဒီလိုနဲ့ လေကန်ရင်း.. ဝေဖန်ရင်း.. ဟိုအကြောင်းရောက် ဒီအကြောင်းရောက်နဲ့ အချိန်ကို မကုန်ကုန်အောင် ဖြုန်းနေရတော့တာပေါ့. (ဝေဖန်တာတွေကတော့ ပိုစ့် ရှည်သွား မှာစိုးလို့ ထည့်မရေးတော့ပါဘူးဗျာ.. နော်. ဟီးးး)

ခြေဆန့်လက်ဆန့် လမ်းထလျှောက်လိုက်.. ပြန်လာထိုင်လိုက်.. စကားပြောလိုက်နဲ့ နေပြည်တော် နံနက်ခင်းက စိတ်ညစ်စရာ ပျင်းရိဖွယ်ကိုဖြစ်လို့.. ဒီလိုနဲ့ ကိုးနာရီလည်း ထိုးခါနီးရော.. မှတ်ပုံတင်လေး အပေါင်ထားပြီး တစ်နာရီ တစ်ထောင့်ငါးရာနဲ့ ဆိုက်ကယ်တစ်စီး ငှားလိုက်တယ်.. စည်ပင်ရိပ်သာက စထွက်တော့ ကိုးနာရီထိုးနေပြီ.. ကျနော့်ပုံစံကလည်း ဆိုက်ကယ် ပြိုင်ပွဲ ဝင်တော့ မလိုလို.. အန်ကယ်ကြီးပုံစံကလည်း ကျနော့်ကို ယုံကြည်မှု မရှိသလိုသလို..။

မြို့ပြရဲ့မနက်ခင်းကတော့ တော်တော်လေးကို စည်ကားနေပါတယ်.. ရုံးချိန်.. ကျောင်းချိန် မို့လို့လားတော့ မသိဘူး ရုံးကားတွေ.. လိုင်းကားတွေ.. တိုက်စီတွေနဲ့..။ လူတွေရော.. ကားတွေရော.. ပြည့်ကျပ်နေပါတယ်..။ ကားမှတ်တိုင်တွေမှာလည်း လူတွေပြည့်ကျပ်လို့.. ကားလမ်းတွေမှာလည်း များလွန်းလှတဲ့ ကားတွေနဲ့ သွားမရအောင် ပိတ်နေပါတယ်.. မီးပွိုင့်တွေလည်း ကားတန်းရှည်ကြီးတွေနဲ့..။ အိုးဟိုးဟိုး.. အဲ့ဒါကတော့ ကျနော်တို့ရဲ့ ရန်ကုန် မနက်ခင်းလေးပေါ့.. (အော်ဟော.. မှားကုန်ပြီ..!!! နေပြည်တော်အကြောင်းရေးနေတာ.. ဘယ့်နယ် ရန်ကုန်က ပါလာတာတုန်း... ဟီးးး ဆောရီးးး)..။

နေပြည်တော် မနက်ခင်းကတော့ တော်တော့်ကို ရှင်းရှင်းလင်းလင်း.. ကားဆိုတာလည်း သိတ်မတွေ့ရ.. လူသွားလူလာ ကလည်း ခပ်ပါးပါးသာ.. ကားမှတ်တိုင်တွေကတော့ လူမရှိသူမရှိ.. ယာဉ်သွားယာဉ်လာ ကလည်း နည်းလွန်းလို့လားတော့ မသိဘူး.. လမ်းဆုံတွေမှာ မီးပွိုင့်တောင် တစ်ခုမှ မတွေ့မိပါဘူး..။ ဧရာမလမ်းကျယ်ကြီးတွေ ကတော့ အားရစရာ.. ဖော်မြူလာဝမ်း ကားမောင်းပြိုင်ပွဲများ လုပ်လိုက်ရလို့ကတော့.. နေပြည်တော်ကြီး ကမ္ဘာကျော်သွားနိုင်တယ်.. အခုတော့ ကားဆိုတာ တော်တော်ကြာမှ တစ်စီးစ နှစ်စီးစ..။

အဝိုင်းကြီးနားရောက်တော့ ရုံးဌာနများသို့ ဆိုပြီး လမ်းညွှန်ပြထားတဲ့ လမ်းအတိုင်း ဆက်မောင်းသွားတာ.. တော်တော့်ကိုဝေးတယ်.. အန်ကယ်ကြီးကတော့ အနောက်ကနေထိုင်ရင်း လမ်းတွေ ညွှန်ပြ.. ရှင်းပြနှင့်..။ ကုန်သွယ်ရေးကို အရင်သွား.. အန်ကယ်ကြီးကို ချပြီးမှ.. ကိုယ့်ကိစ္စ ဆက်သွားမှာဆိုတော့.. လမ်းတွေကို သေချာမှတ်နေရတယ်..။ နိုင်ငံခြားရေးဝန်ကြီးဌာနကိုလည်း တွေ့ခဲ့ပြီ.. စွမ်းအင်ကိုလည်း တွေ့ခဲ့ပြီ.. တစ်နေရာနဲ့ တစ်နေရာ တော်တော့်ကို လှမ်းတယ်.. တောင်တစ်နေရာ မြောက်တစ်နေရာ..။

ဆိုက်ကယ် မိုင်ကုန်ဖွင့် မောင်းနေတာကို တော်တော်သွားနေရတယ်.. ဒါကြောင့် ကယ်ရီဆရာတွေ ဈေးတောင်းတာဖြစ်မယ်.. အခုမှ သူတို့ကိုလည်း ကိုယ်ချင်းစာတတ်ပါပြီ.. အဲ့လိုနဲ့ ကုန်းတက်လိုက်.. ကုန်းဆင်းလိုက်.. အဝိုင်းပတ်လိုက်နဲ့ မောင်း.. မောင်း... မောင်းလာလိုက်တာ..

“ငါတူ အရှေ့မှာ ကွေ့မယ်.. ကွေ့မယ်.. ညာဘက်ကွေ့ဝင်.. ကုန်သွယ်ရေး ရောက်ပြီ..”
“ရောက်ပြီလား အန်ကယ်.. ဆိုင်းဘုတ် မတွေ့ပါလား.. ခုဏ ဌာနတွေတော့ ဆိုင်းဘုတ် အကြီးကြီးတွေနဲ့..”

“အေးကွ.. ဒါက နောက်ဖေး ပေါက်လေ..”
“ဗျာ.. ကုန်သွယ်ရေးက နောက်ဖေးပေါက် ရှိတာလား..”

“အဟေး.. ဟုတ်တယ်ကွ ကုန်သွယ်ရေးဆိုတော့ သိတဲ့အတိုင်း နောက်ဖေးပေါက်လေး နဲ့မှအဆင်ပြေမှာကွ..”
“အောဟော.. ဟားဟား..”

“ဟိုးရှေ့နား နည်းနည်းထပ်သွားလိုက်ရင်တော့ ပင်မဝင်ပေါက်ကြီး ရှိတယ်ကွ.. သိတ်တော့ မသုံးကြဘူးကွ.. ကုမ္ပဏီကိစ္စ လာတဲ့လူတွေအားလုံး နောက်ဖေးပေါက်ကပဲ ဝင်ကြတာလေ.. ဒို့လည်း ဒီကသာ ဝင်ကြစို့..”
“အော်.. ဒီလိုလား.. ဟဟား.. ဒီနားရပ်လိုက်မယ်နော် အန်ကယ်..”
“အိုကေ..”

တကယ်တော့ ကုန်သွယ်ရေးဌာနရဲ့ နောက်ဖေးပေါက်ကြီး ဆိုတာက...


ဆက်ရန်.....


(ကိုရင်နော်)