Monday, March 30, 2009

BLOGGER ကြီး...


Blogger ကြီး ပါဗျ..

PC ကို အသာ ဖွင့်ပါလို့
Keyboard ပေါ် လက်လေး တင်
Mouse လေးကို ပြင်
Password ကို ရိုက်လို့ပေး
Mozilla နှစ်ခါ click ပါလို့
Browsing မယ် လေး...။

Blogger ကြီး ပါဗျ..
Blogger မှာ ဒေါ့ com ထည့်ပါလို့
Blogspot သို့ အသာဝင်
Sign လေးကို in
Enter ကို ခေါက်လို့ပေး
Blog ထဲမှာ စာတွေ လေးနေလို့
Waiting တဲ့ လေး...။

Blogger ကြီး ပါဗျ..
Cbox ကို မြန်မြန် ဖတ်ပါလို့
Comments ထဲ အရင်ဝင်
Reader တွေ အမြင်
Reply ကို ပြန်ကာပေး
Update မှာ သေချာ ကြည့်ပါလို့
Visit မယ် လေး...။

Blogger ကြီး ပါဗျ..
Online ကို နေကုန် သုံးပါလို့
Template ကို သေချာ ထွင်
Sidebar ပြန် ပြင်
Setting တွေ ချိန်ညှိပေး
Post များကို ကြံဖန် ရေးပါလို့
Blogging မယ် လေး...။

Blogger ကြီး ပါဗျ..
Lunch, Dinner မစားအားပါလို့
Sleep ဖို့ရန် မေ့ချင်ချင်
Toilet မဝင်
Body ကို rest မပေး
Health အရေး မတွေးမိပါလို့
Die တော့ မယ် လေး...။


(ကိုရင်နော်)Bye

Thursday, March 26, 2009

အမေးအဖြေ ဝါသနာတွေ...

ကျွန်ုပ်၏ ဝါသနာပါသည်များကို ပြောပြ.. ရေးပြ.. ဖြေကြားရလျှင် ကျွန်ုပ်အား ဝိုင်းဝန်း အထင်ကြီး လေးစားကြမည် စိုးသောကြောင့် ကျွန်ုပ် ဝါသနာမပါသည်များ ကိုသာ ပွင့်ပွင့်လင်းလင်း ဖြေကြားပါရစေ..။ (ဟဲဟဲဟဲ.. အတည်ပေါက်နဲ့ကို ပြောမှာ..)

ကျုပ်ရဲ့ မဟာ့ မဟာ ရန်ဖက်ကြီး ဒေါ်ခင်လေးငယ် ကတော့ အမိုက်စားဝါသနာလေး ဘာလေးနဲ့ ရေးသွားလေရဲ့.. မိုက်မမိုက်တော့ မသိဘူး.. ကျုပ်ကတော့ ကော်မန့်မှာ အဖြစ်မှန်လေး ထောက်ပြလိုက်တယ်.. မကျေနပ်လည်း နေပေါ့ မဟုတ်ဘူးလား.. အဖြစ်မှန်ပြောတာကို.. ကဲ အခုတော့ ကျုပ်ရေးရဦးမယ်.. ကျုပ် ဝါသနာပါတာတွေတော့ မပြောတော့ပါဘူး ဝါသနာ မပါတာတွေတော့ ပြောပြမယ်လေ.. ဒါလေးတွေ ဖတ်ကြည့်ရင် ကျုပ် ဘာတွေ ဝါသနာ ပါနိုင်တယ် ဆိုတာ မှန်းလို့ရတာပေါ့.. ဟုတ်ဘူးလား...း) ။

စာတွေဘာတွေဖတ်တာ ဝါသနာပါလား.... လုံးဝကို ဝါသနာမပါတာ.. ကျောင်းစာလည်း မဖြစ်မနေမို့သာ ဖတ်ရတာ လုံးဝ ဖတ်ချင်စိတ် ရှိတာမဟုတ်ဘူး.. ဝတ္ထုတို့.. မဂ္ဂဇင်းတို့.. ကဗျာတို့.. ဆောင်းပါးတို့ ဆိုတာတော့ ဝေးရော ဖတ်ကိုမဖတ်တာ.. အဲ့ ကာတွန်းပုံလေးတွေတော့ ကြိုက်သား.. ကာတွန်းတောင် စာဖတ်ရမှာ ပျင်းသေးတယ်.. စာမဲ့ ကာတွန်းတွေဆို ပိုကြိုက်..

ဟင်းးး ဒါဆို သူများဘလော့တွေရော မဖတ်ဘူးလား.... အဲ့.. အိ.. အဲ့.. ဟို.. ဟိုလေ.. ဘီလိုပြောရပါ့... ဟီးးး ဖတ်တယ်ပြောရင်လည်း လိမ်ရာကျမယ်.. မဖတ်ဘူးပြောရင်လည်း ဝိုင်းသမကြလိမ့်မယ်.. ဟဲဟဲ.. ဟိုလေ.. ဟို.. ဘလော့တွေ ကတော့ ရောက်တာပေါ့.. တော်တော်များများကို ပတ်တယ် ကောမန့်တွေလည်း အမြဲ ပေးဖြစ်ပါတယ်.. အဲ့တော့ ဘလော့တွေကို အမြဲ လိုက်လည်ပါတယ်လို့.. ကော်မန့်တွေကိုလည်း သေသေချာချာ ဖတ်ပါတယ်လို့... ဟီးးးးး (နောက်တာပါဗျာ ကောမန့်ပဲ ဖတ်တာမဟုတ်ပါနော် ဖတ်ဖြစ်တဲ့ ဘလော့တိုင်း၊ စာတိုင်း၊ ပိုစ့်တိုင်းကို ရင်ဘတ်ကြီးနဲ့ သေချာဖတ်သူပါ အတည်ပြောတာ)

သီချင်းတွေ ဘာတွေရော ဆိုတာ တီးတာ ဝါသနာပါလား.... သီချင်းလည်း လုံးဝကို နားမထောင်တာပါ.. ခံစားလို့ကို မရတာ.. သီချင်းသံကြားရင်ကို နားငြီးလွန်းလို့.. အနုပညာဓါတ်ခံ ဆင်းရဲတယ်ပဲ ပြောမလား.. ဘယ်လိုမှန်းကို မသိဘူး.. သီချင်းဆို ရေချိုးရင်းတောင် မငြီးဖူးဘူး.. တီးဖို့ မှုတ်ဖို့ဆိုရင်တော့ ဝေးရော.. သီချင်း မကြိုက်ပုံများ ကျုပ် ကွန်ပျူတာထဲမှာ ဆို window media player မပြောနဲ့ ဘာ player မှ ကို တင်မထားတာ.. အေးရော.. Hip Hop ဆိုလားဘာလား အဲ့ဒီ အသံတွေများ ကြားလို့ကတော့ မူးသလိုလို မော်သလိုလို..

ဒါဆို ရုပ်ရှင်ရော ကြည့်လား.... ရုပ်ရှင်လား.! ဝေးရော.. သီချင်းတောင် နားမထောင်ပါဘူးဆို ရုပ်ရှင် ဆိုရင်တော့ ဝေးပြီပေါ့.. ဒွေး ဆိုတာ သေသာ သေသွားရှာတယ်.. တခါမှကို မတွေ့ဖူးလိုက်တာ အဟုတ်.. ဟီးးး မြန်မာဇတ်ကားကို တခါတော့ ကြည့်ဖူးပါတယ်.. သူငယ်ချင်းကပြောတယ်.. လာကြည့်ကြည့်တဲ့ အရမ်းကောင်းတယ်တဲ့ သနားစရာလေးတဲ့.. သူကတော့ ဇတ်ထဲမှာ မျှောပြီး မျက်ရည်တွေဘာတွေ ဝဲလို့.. ကျုပ်က ဘေးကနေ ထိုင် (ရီ) ရယ် .. အဓိပ္ပါယ် မရှိတာတွေ့ရင် ဝေဖန်.. မင်းသား မင်းသမီးတွေကိုလည်း ကျုပ်က မသိလေတော့ “အဲ့ရာဘူရေးရဲ.. အဲ့ရာ ဘူရဲ.. အဲ့ရာ ဘူရဲ” လို့ တချိန်လုံး မေးနေရတော့တာလေ သူငယ်ချင်းလည်း စိတ်ညစ်ပြီး ကျုပ်ကို မောင်းထုတ်ပါလေရောလား..

ပန်းချီတွေဘာတွေဆွဲတာလား.... ဘယ်ကလာ ပန်းချီဝါသနာ ပါရမှာလဲ.. ပေါက်ပေါက်ရှာရှာ.. ပန်ချီဆွဲတတ်ဖို့ မပြောနဲ့ သူများဆွဲထားတဲ့ ပုံတောင် တစ်ခါတလေ ဇောက်ထိုးကြည့်ရင် ကြည့်နေတတ်တာ.. အဲ့လောက် ဝေးတာ.. ဟီးး

အားကစာရော.... အားကစား.. ဟုတ်လား.. အားရင်တော့ ကစား.. အဲ့.. မဟုတ်ဘူး.. မကစားပါဘူး.. အား အား မအား အား.. မကစားပါဘူး.. ကိုယ်လက် လှုပ်ရှားဖို့ မပြောနဲ့ လမ်းတောင် သိပ်လျှောက်ချင်လှတာ မဟုတ်ဘူး.. အဲ့ဒီလောက် ပျင်း.. အဲလေ.. အဲ့ဒီလောက် စိတ်မဝင်စားတာ..

ဒါဆို ဘောပွဲတွေ မကြည့်ဘူးပေါ့.... ဘယ်ကလာ ကြည့်ရမှာ.. နည်းနည်းလေးမှကို ဝါသနာမပါတာ.. ဘောပွဲမပြောနဲ့ ဘော ဆိုရင်.. အဲ့.. ဘော.. ဘော.. ဘော ဆိုရင်.. လုံးမှန်း ပြားမှန်းတောင် မသိဘူး.. ဟီးးး.. (ဘော်လုံး)

လောင်းကစားရော် ဖဲတွေဘာတွေရော ရိုက်လား.... အိုးဟိုးဟိုး လောင်းကစားဆိုလို့ ခေါင်းပန်းတောင် မလှန်ဖူးဘူး... ဖဲရိုက်ဖို့ဆို ဝေးရော.. တကယ် တကယ်.. လောင်းကစားနဲ့ ပတ်သက်ရင် ကုန်ကုန်ပြောမယ်.. ထီတောင်မထိုးဘူး..

ဒါဆို သောက်စားပျော်ပါးတာရော ဝါသနာပါလား.... အသောက် အစား.. ဟုတ်လား..!! အရက်ဆို အနံ့တောင်မခံနိုင်ဘူး.. အဲ့ဒါကတော့ ကျိန်ဆို ကျိန်လို့ရတယ်.. လုံးဝ မသောက်..။ မနာလိုသူတွေ နာမည်ဖျက်လို့ ကျုပ်မှာ အရက်သမားကြီးလိုလို ခွက်ပုံးသမားကြီးလိုလို နာမည်ထွက်နေရသေးတယ်.. အရက်များဗျာ သောက်တဲ့သူတွေ ဘယ်လို သောက်ကြပါလိမ့် ဒီလောက် ခါးခါးတူးတူး အရသာဆိုးကြီးကို သူတို့မို့ သောက်..။ မူး.. မူးပြီးရင် ဘူး.. အဲ့ မူးပြီးရင် ရူး ကြကုန်ရောလေ... တော် တော်.. အရက်တော့ လုံးဝ (လုံးဝ) ပဲ..။

ဒါဆို မိန်းမကိစ္စတွေဘာတွေများ... မိန်းမကိစ္စ ဟုတ်လား..!!! မိန်းမကိစ္စဆို ဝေးဝေးရှောင် ဝေါင်ဝေါင်ရှေး ပဲ..။ ဘယ်လိုကြောင့်မှန်းကို မသိဘူး မိန်းမဆိုရင် ဖြတ်သွားဖြတ်လာ တောင်မကြည့်မိဘူး..။ ဘယ်လောက် ချောတယ်ပြောပြော နောက်ဆုံးတော့ ပုပ်ကြမှာပဲမလား.. ဒါ ဒါပဲကို..။ ကျုပ်ကတော့ မိန်းမဆို “ခြင်မ” တောင် အကိုက်မခံဖူးဘူး.. ရှောင်တယ် ရှောင်တယ် တကယ်.. ကြောက်လွန်လွန်းလို့.. ဟီးးး အဟွတ်.. အဟွတ်.. ဟီးးးးး..။

ဟမ်.. ဒါဆို ယောက်ျားတွေကိုများ စိတ်ဝင်စားတာလား.... ဟ.. ယောက်ျား စိတ်ဝင်စားစရာလားကွ.. ကျုပ်က ကျားဗျ.. ကျားမှ ရိုးရိုးကျား မဟုတ်ဘူး ကိုးတောင်ကျား.. ကိုးတောင်ဗျ ကိုးတောင်.. ဘယ့်နယ်.. ယောက်ျား စိတ်ဝင်စားစရာလားဗျာ.. မှားပါတယ်..
(ဟဲဟဲ ဒေါ်ခင်လေးငယ်၊ အမြင့် (မိုးမြင့်တိမ်)၊ မိုးမိုး (မိုးမောင်)၊ မိမျိုး (မောင်မျိုး) တို့ ထောက်မယ့် အကွက်ကို ကြိုကာထားတာ ဟီးးး.. မဟုတ်ရင် ဒင်းတို့အားလုံး ပေါင်းကြံပြီး ဒီတကွက် ကျုပ်ကို အပီနှိပ်တော့မှာ ဒီမေးခွန်း မေးမှာ သေချာတယ်.. ဒင်းတို့ မမေးခင် ကြိုဖြေထားမှ.. “ကျားဗျနော် ကျား.. ဘာမှတ်တုန်းးးးး” ဟီးးး)

မဟုတ်မှလွဲရော သူများကို အလှတွေဘာတွေ ပြင်ပေးရတာ ဝါသနာပါတယ်မလား.... ဟေ.... ဘီလို ဘီလို.. သူများကို အလှပြင်ပေးရအောင် ကျုပ်က အခြောက်မှ မဟုတ်တာ.. ဘယ့်နယ် လူကိုများ အခြောက်မှတ်နေလား... ကျားစစ်စစ် ကိုးတောင်ကျားပါလို့ ပြောထားတာကို.. (ဆောရီး.. နည်းနည်း စိတ်တိုသွားတာ..) ထားပါ.. အဲ့လို အလှပြင်ထားတဲ့သူတွေ တွေ့ရင် စိတ်ညစ်လွန်းလို့ သူတို့မို့ မပူ မအိုက်.. ဆေးဆိုးပန်းရိုက်ကြတယ်.. သူများကိုလည်း မပြင်ဘူး.. ကိုယ့်ဟာကိုယ်လည်း မပြင်ဘူး.. အိပ်ယာနိုးရင် မျက်နှာတောင် သစ်ချင်မှသစ်တာ..

ထားပါလေ ဒါဆို ဘာသာရေးတို့ ဘုရား၊ တရားတို့ရော.... အော်.. ဘာသာရေးကိုတော့ ဝါသနာ မပါဘူး ပြောလို့ ဘယ်ဖြစ်မတုန်းဗျ.. ဝါသနာပါတယ် ပြောရအောင်လည်း အခက်သားလား.. ပုတီးစိပ်တာ၊ တရားထိုင်တာ၊ တရားစာအုပ်တွေဖတ်တာ၊ တရားတွေ နာတာ.. ဘာညာ အဲ့လိုတွေတော့ လုပ်ဖြစ်တယ် ထင်လို့လား.. မလုပ်ဖြစ်ပါဘူး.. လုပ်လည်း မလုပ်ဖူးဘူးဆိုပါတော့.. အဲ့ဒီတော့ မလေ့လာ မလိုက်စားဖြစ်ဘူးလို့ ခပ်ရှင်းရှင်း ဝန်ခံရမှာပဲ.. ညအိပ်ယာ ဝင်ရင်တော့ ဦးသုံးကြိမ် ချလိုက်တာပါပဲ.. နောင် အသက်ကြီးရင်တော့ ဘာသာရေး လုပ်ရင် လုပ်ဖြစ်မှာပေါ့.. အခုတော့ မပြောတတ်သေးဘူး.. ခုလို နုနုထွတ်ထွတ် အရွယ်ငယ်ငယ် မှာတော့ ဘာသာရေး မလုပ်အားသေးပါဘူးပေါ့... ဟဲဟဲ..

ဒါဆို ကွန်ပျူတာတို့ အိုင်တီတို့ ဘလော့ဂင်း တို့ကြရော.. အင်းး ဒါတွေကတော့ ဝါသနာ ဆိုတာထက် မလုပ်မဖြစ် ဖြုတ်လိုက် တတ်လိုက်.. သွင်းလိုက် ထုတ်လိုက်.. ချာလည်ရိုက် လုပ်နေရတာပဲလေ.. ဘလော့ဂင်း ကတော့ ဂင်းရင်း ဂင်းရင်း ဂေါက်ဂေါက်လာပြီ.. ဂေါက်ပြီးရင်တော့ ဂိ ဖို့ပဲ ကျန်တော့တယ်.. ဂိ ပြီးရင်တော့ ဂန့် ဖို့ မှတပါး အခြား မရှိတော့ပြီ...။

နိုင်ငံရေးရော.... ဟေ့ဟေ့ ဒါတော့ ဒီမှာ မမေးနဲ့လေ.. ကျွန်ုပ် မဖြေပါရစေနဲ့ ကျွန်ုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖြေပါလိမ့်မယ်.. ဟီးးး

နေပါဦး ဒါဆို ဘာကို ဝါသနာပါတာတုန်း ဘာမေးမေး ဝေ့လည်ကြောင်ပတ်နဲ့.... ဟဲဟဲ မပြောရင် ပြီးမှာ မဟုတ်တော့ဘူး.. ဒါပေမယ့် မပြောဘူးဗျာ.. သတ်ချင်သတ်.. ကျုပ်ဝါသနာက ထူးလည်း မထူးဆန်းပါဘူး.. ပေါက်တတ်ကရလည်း မဟုတ်ပါဘူး.. ကျုပ်မှာ သေသေချာချာပါနေတဲ့ ဝါသနာတစ်ခုတော့ ရှိတာပေါ့ဗျ.. ကျုပ်ရဲ့ ဝါသနာကို ခင်ဗျာတို့ သိနေပါတယ်.. သေချာတွေးကြည့်ရင် သိနိုင်ပါတယ်.. အထင်တော့ မလွဲကြပါနဲ့ဗျ ကျုပ်ဝါသနာက.... ဟုတ်ပါတယ်.... ကျုပ်ရဲ့ ဝါသနာက အဲ့ဒါပါပဲ.....။


အားလုံးကို ပျော်ရွှင်စေချင်တဲ့..
(ကိုရင်နော်)Bye

မိမျိုးရေ .. ညည်း တက်ထားတဲ့ Tag ပိုစ့်လေးကို ကျုပ်တော့ ရေးချင်သလို ရေးလိုက်ပြီဟေ့..း))

Tuesday, March 24, 2009

အမိုက်စား ဝါသနာလေးများ


ငယ်ငယ်က ဝါသနာ... အင်း.... ဘာများပါလိမ့်...!!
တိမ်တွေအုံ့ပြီး ညို့လာရင် ရင်မှာ တမျိုးကြီးပဲ.. အဲ့ဒါ ဟိုးငယ်ငယ် ကလေးလေး ဘဝကတည်းကပါ... စာမဖတ်တတ်ခင် အရွယ်တုန်းကတော့ စားပွဲတွေ ခုံတွေအောက်ကိုတိုးဝင်.. ဒါမှမဟုတ် အခန်းထောင့်လေး တနေရာရာမှာ ငြိမ်ငြိမ်လေး ထိုင်နေတတ်တယ် လို့ မေမေက ပြောဖူးပါတယ်... စာလေးတစ်လုံး နှစ်လုံး ဖတ်တတ်ချိန်ရောက်တော့ တွေ့ရာစာအုပ်လေး တစ်အုပ်ကို ဆွဲယူသွားပြီး ကုတင်ပေါ်မှာ ကွေးကွေးလေး ငြိမ်နေတတ်ပြန်ရော.. လက်ထဲက စာအုပ်ကိုလည်း မလှန်ဘဲ မှန်ပြတင်း အပြင်က တိမ်တွေကို ငေးငေးနေတတ်တဲ့ ဝါသနာလေး ရှိခဲ့ဖူးပါတယ်...။

ကလေးမက လူကြီးလည်းမကျ အရွယ်လေးရောက်လာပြန်ပြီ..!!
ဝါသနာအရ ပြောရမယ် ဆိုရင်လည်း ကလေးလေး တုန်းကနဲ့ ထူးမခြားနားပါပဲ... သိပ်မလည် တတ်ခဲ့ဖူးပါဘူး.. သူငယ်ချင်းတွေက လာခေါ်တိုင်းလည်း သူတို့တွေ စိတ်ညစ် လက်လျှော့ပြီး ပြန်သွားရတတ်တာက ခပ်များများရယ်ပါ။ သီချင်းတွေ နားထောင်တတ်လာတယ် ဂစ်တာလေးစ တီးတတ်လာခဲ့ပြီ... နောက် ကဗျာစာအုပ်တွေ ဝတ္တုတွေ ရည်းစားစာတွေ..(ဟီးး) ဖတ်တတ်လာတာပေါ့... ပြီးတော့ ရာသီဥတုတွေကို ရင်မှာ ပိုခံစားတတ်လာတယ်..။ မိုးရွာတာကို ကျွန်မ မုန်းတယ်.. မိုးတွေမရွာခင် ပြိုအိဆင်းလာတဲ့ တိမ်တိုက်တွေကို ငေးကြည့်ရင်း ဂစ်တာလေး တီးနေရတဲ့ ဝါသနာကို ကိုယ် ကိုယ်တိုင် အရမ်းသဘောကျမိတာပါ...။

တစ်ယောက်တည်း သွားရလာရတာမျိုး ကြိုက်တဲ့ ဝါသနာ ကျွန်မမှာရှိတယ်.. တော်ရုံတန်ရုံ အဖော်တွေနဲ့ မသွားတတ် မနေတတ်ပါဘူး.. ရှော့ပင်းသွားရင်လည်း တစ်ကိုယ်တည်း သွားချင်တာ.. ဘေးမှာ သူငယ်ချင်း တစ်ယောက်ယောက် ပါလို့ သူ့ကို အားနာပေးရတာမျိုး သဘောမကျပါဘူး..။ ငေးချင်ရာကို ငေးမယ်.. လိုချင်ရာကို ဝယ်မယ်.. တစ်နေရာရာမှာ တစ်ယောက်တည်း ထိုင်ချင်ထိုင်နေမယ်.. အချိန်တွေကို မေ့ထားတတ်တဲ့ အကျင့်ကြောင့် နာရီကို ခဏခဏ ငုံ့ကြည့်တတ်တဲ့ သူငယ်ချင်းမျိုးနဲ့ ခပ်ဝေးဝေးမှာ နေတတ်တယ်..။ ဆူဆူညံညံ နေရာတွေမှာ သွားထိုင်ဖြစ်ရင်လည်း တစ်ယောက်တည်းပါပဲ.. ခပ်မိုက်မိုက်ပေါ့ ဘာဖြစ်လဲနော့...!! အသေချာဆုံး ဝါသနာကတော့ တစ်ယောက်တည်း ထင်ရာကျဲခြင်းပါပဲ...။

နောက်တစ်ခုကတော့... အင်မတန် အအိပ်မက်ပါတယ်..။ အပျင်းထူ အအိပ်ပုတ်တဲ့ ဝါသနာ အကြီးကြီး ရှိပါတယ်... ကျွန်မ အအိပ်မက်ရခြင်းမှာ ခိုင်လုံတဲ့ အကြောင်းပြချက်တွေ ရှိနေတယ်..။ ကျွန်မလား...!! ဟုတ်..!! စိတ်အရမ်းညစ်လာရင် အိပ်ပါတယ်.. တစ်စုံတစ်ရာကို သေမလောက် လွမ်းဆွတ် တမ်းတလာရင်လည်း အိပ်ပါတယ်.. အတိတ်ဆိုတာတွေ ခေါင်းထဲရောက်လာရင်းလည်း အိပ်လိုက်ပါတယ်.. မနက်ဖြန်ဆိုတာကို ကြိုမတွေးချင်ရင်လည်း အိပ်ပစ်လိုက်ပါတယ်..။ ခံယူချက်ကတော့ အိပ်ပျော်သွားရင် အရာအားလုံးကို တစ်ခဏတော့ မေ့သွားနိုင်လို့ပါ။ ဒါပေမယ့်.. မထင်မှတ်ပဲနဲ့ မအိပ်ခင် အတွေးတွေကိုစွဲလို့ အိပ်မက် မက်တတ်တာကတော့ ချွင်းချက်ပေါ့လေ.. အိပ်မက်တွေ နှိပ်စက်ရင်တော့ သိပ်သိပ်ကို ကြောက်ဖို့ကောင်းပါတယ်...။

လောလောဆယ် ဝါသနာကို ထပ်ပြောပြဦးမယ်... အားလုံးသိကြတဲ့အတိုင်း ဘလော့ဂ် ကိုက်နေပါတယ်။ မယ်မယ်ရရ မဟုတ်တဲ့ စာတိုပေစ ကဗျာမကျ ဘာမကျ အထာမကျတွေ လျှောက်ရေးနေမိတာပါပဲ... ရင်ဘတ်ထဲက အမှန်အကန်တွေ ဘလော့ဂ်လေးပေါ်မှာ အန်တယ်.. တစ်ခါတလေတော့ ဘလော့ဂ်လေးဟာ ကျွန်မအတွက် အန်ဖတ်ပုံးလေး... အိပ်မရတဲ့ညတွေမှာ စာမူး မူးပြီး ခေါင်းမဖော်နိုင်အောင် အန်ချင်လာတိုင်းလည်း ဘလော့ဂ်စာမျက်နှာလေးက အဖုံးလေးကို ကြည်ဖြူစွာ အဆင်သင့် ဖွင့်ပေးထားတတ်သေးတာ..။ ဒီလိုနဲ့ပဲ နေ့စဉ်ညတိုင်း အန်ဖတ်ဆို့မတတ် အန်အန် နေတယ် ဆိုပါတော့..။ တစ်ခါတလေတော့ သူက သိပ်သဘောထားကြီးပြီး သိပ်ချစ်ဖို့ကောင်းတဲ့ ရင့်ကျက်နေတဲ့ အမျိုးသား တစ်ယောက်လိုပဲ.. ကျွန်မအနွံတာတွေကို ခံပေးနေတတ်တယ်.. ဘလော့ဂ်လေးအပေါ်မှာ အတ္တကြီးကြီးနဲ့ ဆိုးချင်တဲ့ ဝါသနာကြီး တွယ်ကပ်နေတာ တော်တော်လေး ဆိုးပါတယ်.. ။

ကျွန်မ တကယ် မကောင်းပါဘူး..။ အခု.. လောလောဆယ်တော့ သူ့အပေါ် အနိုင်ယူပြီး ဆိုးတတ်တဲ့ ဝါသနာကြီးကို ခဏရပ်လိုက်ပြီး သူ့ကို စိတ်ပြေလက်ပျောက် အနားလေး ပေးလိုက်ပါဦးမယ်...။

ကယ်.... ဝါသနာအရ ကျွန်မ တစ်ရေးတမော အိပ်လိုက်ပါဦးမယ်.... :P

ပေစောင်းစောင်း ရိုက်ချက်ဆရာ မယ်မျိုးမျိုး (မောင်မျိုး) က Tag ထားတဲ့ ဝါသနာလေးများ ဆိုတဲ့ Tag Post လေးပါ..။ ကိုမျိုးရေ... ရေးလိုက်ပြီ ကျေနပ်တော့နော့... ဟဲ.. ဟဲ..!! ခုတော့ ခင်လေး အိပ်လိုက်ဦးမယ်.. နေ့သမား မောင်နှမ ဆရာသမားများ ဂွတ်နေ့(စ်).. ညသမား မောင်နှမ ဆရာသမားများလည်း ဂွတ်ည(စ်)လို့ နှုတ်ဆက်လိုက်ပါတယ်... အားလုံးဘဲ တာ့(စ်) တာ ပါနော်....!!

(ခင်လေးငယ်)

Monday, March 23, 2009

ကွန်ပျူတာဟာ အထီးလား? အမလား?

အမဖြစ်နိုင်တဲ့ အကြောင်းရင်း...

အတွင်းပိုင်း စိတ်သဘောထားကို နားလည်တဲ့လူ တစ်ယောက်မှ မရှိဘူး။ ဖန်တီးသူတွေ ကိုယ်တိုင်တောင် နားမလည်ဘူး။

လူတွေသဘော မပေါက်နိုင်တဲ့ ဘာသာစကားတွေ သုံးစွဲပြီး တခြားကွန်ပျူတာတွေနဲ့ ဆက်သွယ် တတ်လေ့ရှိတယ်။

အမိန့် မှားယွင်းပေးမိရင် “မင်းလုပ်တာ ငါရူးသွားပြီ၊ ဒါပေမယ့် အဲ့ဒါကို ငါ... ဘယ်တော့မှ ပြောမှာ မဟုတ်ဘူး” ဆိုတဲ့ အဓိပ္ပါယ် နှစ်ခွ စကားတွေကို ပြောတတ်ကြတယ်။

တကယ်သေးဖွဲတဲ့ အမှားအယွင်းကလေး တစ်ခုပဲရှိတာတောင် နှစ်ရှည်လများ သိမ်းဆည်းထားတတ်တယ်။

သူတို့ကို တာဝန်စယူလိုက်ပြီ ဆိုတာနဲ့ ယုယမှု ပေးရတော့မယ်။ အချိန်ပေးရတော့မယ်။ ငွေကုန်ရတော့မယ်။ ပစ္စည်းတွေ ဝယ်ပေးရတော့မယ်။


အထီးဖြစ်နိုင်တဲ့ အကြောင်းရင်း...

သံသယ ဖြစ်လောက်စရာ အချက်အလက်တွေ အများအပြားရှိနေတယ်။ ဒါပေမယ့် သဲလွန်စ ရှာမတွေ့ဘူး။

ပြဿနာတွေကို ကူညီဖြေရှင်းပေးတယ်။ ဒါပေမယ့် အဲ့ဒီ အကူအညီတွေက ပြဿနာတွေ ဖြစ်နေပြန်တယ်။

ပစ္စည်းအသစ် ကောင်းကောင်းလေး တပ်ခါစမှာ အမိန့်ကို ကျိုးနွံ နာခံတတ်တယ်။ အဲ.... ပြီးရင်တော့ ပစ္စည်းအသစ် ကောင်းကောင်းလေးကို ပြန်လည် တောင်းဆိုပြန်လေရော..။

သူတို့ရဲ့ အာရုံစူးစိုက်မှု ရရှိဖို့ ဇက်ကြိုးနာနာ တင်းပေးဖို့ လိုတယ်။ သူတို့ဟာ အာရုံတွေ ထွေပြားနေကြတယ်။

ညတွေမှာ သိမ်မွေ့စွာ အားကြီးနေတတ်တယ်။ မီးပလပ်ကြိုးကို ဖြုတ်ပြီး အနားပေး ထားတာတောင် ပင်လယ်လှိုင်းလုံး တွေလို တအိအိနဲ့ စွမ်းအားပြည့်နေတယ်။

မှတ်ချက်..။ ။ ကျနော်ရေးတာ မဟုတ်ပါဘူးဗျာ..။ ၂၀၀၈ ခုနှစ်၊ ဇူလိုင်လ ထုတ် ကွန်ပျူတာဂျာနယ်ထဲက ဖတ်မိတာလေးကို သဘောကျလို့ ပြန်လည် မျှဝေလိုက်ပါတယ်.. ပေါ့ပေါ့ပါးပါး ပြုံးရတာပေါ့..း) ပုံလေးတွေကတော့ Google Image ကနေ Search လိုက်တာပါ..။

(ကိုရင်နော်)

Sunday, March 22, 2009

လမ်းခွဲ

ဘာမှမရှိတော့တဲ့ ငါ့ဆီမှာနောက်ထပ်မင်း
တောင်းဆိုချင်သေးလား... ပေးမယ်....
မင်းဓါတ်ပုံအပိုင်းအစလေး...

သိမ်းထားမနေနဲ့ ငါ့ဓါတ်ပုံလည်း မင်းငါ့လိုသာ
ပြစ်လိုက်ပါတော့... ဝေးပြီ....
ငါ့အသည်းလည်း တစ်စဆီကွဲ....

((..အချိန်တွေအကြာကြီး မင်းနဲ့ငါ ချစ်ခဲ့ကြတယ်
လမ်းခွဲရတယ် ဘယ်သူ့အချစ်မျိုး ဘယ်လိုထူးလဲ
နောက်တစ်ယောက် အသစ်ရှာ ချစ်သွားလား

ငါခံစားခဲ့ရတဲ့ နေ့တွေဟာ တဖြည်းဖြည်း မင်းအနား
ရောက်လို့လာလား ငါမြင်နေကြ အရင်လို အပြုံးတွေ
ပြုံးပြဖို့တော့ မင်းအားတင်းထား....))

ထားခဲ့ရက်သူအတွက် မေ့ဖို့လည်း ကြိုးစားလို့
ငါနေရတုန်းပဲ... မင်းမသိတော့တဲ့ အဖြစ်များ

ဒီစိတ်ကူးတွေနဲ့ အိပ်မက်တွေလည်း စက္ကန့်တွေနဲ့
နေ့ရက် အချိန်တိုင်းလဲ မင်းပဲ ငါအဆုံးသတ်လိုက်ချင်ပြီ

((.............))

ဆံခြည်တစ်မျှင်တောင် မင်းကိုငါလေ မမေ့နိုင်ပါ
ရင်မှာထင်ကျန် ပုံရိပ်တွေပြန်ယူသွား ဟိုး.....

((.............))

ငါမြင်နေကြ အရင်လို အပြုံးတွေ
ပြုံးပြဖို့တော့ မင်း... အားတင်းထား

(ဖိုးကာ)

ဖိုးကာ ရဲ့ တိုးတိုးလေးပြောပါ Album ထဲက သီချင်းလေးပါ...
ဒီနေ့ ခင်လေး ရင်ထဲကခံစားချက်နဲ့ တိုက်ဆိုင်လို့
ကြိုက်သွားမိတာပါ......။

(ခင်လေးငယ်)



Friday, March 20, 2009

မဖွဲ့လိုက်ရတဲ့စာတစ်ပုဒ်

ရွက်ဝါတွေ ကြွေကျနေတဲ့ လမ်းဆုံပေါ်မှာ ခြေအစုံကိုရပ်မိတော့ သတိရလွမ်းဆွတ်စိတ်တို့က ရင်ဝဆီတိုးဝှေ့ ဝင်ရောက်လာကြတယ်.. လမ်းမကြီးတစ်ခုလုံး ရွက်ဝါတွေ ခင်းထားလိုက်တာများ ညိုဝါဝါပျိုးခင်းကြီး တစ်ခုလိုပါပဲလေ..။ ခပ်လှမ်းလှမ်းမှာတော့ သစ်ရွက်ခြောက်တွေနဲ့ ဖုံးအုပ်နေတဲ့ ခုံတန်းလျားလေးတစ်ခု... လွမ်းဆွတ်ဖွယ် ပန်းချီကားလေး တစ်ချပ်အတိုင်း အထီးကျန်စွာ လှပလို့ပေါ့..။ ကားတွေ ဖြတ်သွားဖြတ်လာ မရှိတတ်တဲ့ ဒီလမ်းဆုံလေးကတော့ ဟိုး... အရင်တစ်ချိန်တုန်းကလို မပြောင်းလဲပဲ ခြောက်သွေ့တိတ်ဆိတ် ငြိမ်သက်လို့...။ နွေဦးရဲ့လေရူးတွေက ဝတ်ထားတဲ့ အင်္ကျီအဖြူလွလွလေးကို ဆော့ကစား ကြည်စယ်နေတာကရော ရာသီအပြောင်းရဲ့ ပုံသေကားချပ်တစ်ခုကို အဓိပ္ပါယ် လှစ်ဟပြနေတာများလား...။

တဖြူးဖြူး လေသံတွေကို ကဗျာတစ်ပုဒ်လို ဖတ်ချင်လာမိပြန်ပြီ... လက်ထဲမှာရှိနေတဲ့ လက်ကိုင်ဖုန်းရဲ့ ပါဝါကို ပိတ်လိုက်တယ်.. လေတိုးသံတွေကလွဲလို့ တခြားအသံတစ်ခုခုရဲ့ နှောက်ယှက်မှုမျိုးကို မလိုလားမိတာအမှန်ပါ..။ ဒီလမ်းဆုံမှာ အထပ်ထပ်ချဖူးတဲ့ ခြေရာတွေအကြောင်း ခေါင်းထဲရောက်လာပြန်တယ်.. လမ်းဆုံမှာ ဘဝမဆုံခဲ့တဲ့ လူနှစ်ယောက်ကရော... ဘဝကိုယ်ဆီကို ဘယ်လိုအနေအထားတွေနဲ့ ဘယ်လိုလမ်းတွေ ပေါ်မှာများ လျှောက်လို့နေကြပြီလဲ..!!

သေချာတာကတော့ အဲ့ဒီလူသားနှစ်ယောက်ထဲက တစ်ယောက်က ဒီလမ်းဆုံပေါ်မှာ ခု... လက်ရှိရပ်နေမိခြင်းပဲ မဟုတ်လား..။ ရင့်ကျက်လာသလိုနဲ့ မရင့်ကျက်သေးတဲ့ စိတ်ကို သတိပြုမိချိန်မှာတော့ ကလေးမငယ်ငယ်လေး တစ်ယောက်လို ကိုယ်တိုင် ဟက်ဟက်ပက်ပက် ရယ်ချင်လာပြန်ရောလေ....။ ဆည်းဆာရဲ့ တောက်ပနေတဲ့ နေခြည်က ညိုဝါဝါရွက်ဟောင်းခင်းကို အရောင်တင်ပေးလိုက်သလို ဝင်းဝါလို့ လှပလိုက်တာ..။

အခုလိုရာသီရောက်တိုင်း ရာသီစာကဗျာတစ်ပုဒ်ကို ဖတ်ဖို့လာခဲ့ဖူးတဲ့ နှစ်တွေတောင် ထပ်တိုးလို့လာခဲ့ပေါ့... ဒီနှစ်တော့ ဒီနေရာကိုအရောက် ကျွန်မစိတ်တွေ ပိုပြီးထူးခြားလို့ နေခဲ့တာ.. ကဗျာဖတ်ရင်း စာရေးချင်လာတဲ့ စိတ်တွေနဲ့ မွတ်သိပ်နေလိုက်တာများလေ...။ အတွေးတွေထဲမှာပဲ နိဒါန်းကို အစပျိုးလိုက်တော့ ကျွန်မဆံနွယ်တွေလိုပဲ စကားလုံးတွေက ဖရိုဖရဲ.. လှပသေသပ်တဲ့ စာတစ်ပုဒ် ဖြစ်လာဖို့ထိတော့ ကျွန်မ ပိပိရိရိ ရေးနိုင်လိမ့်မယ်မထင်..။

ဒီလိုနဲ့ပါပဲ တွေးရင်း.. ငေးရင်း.. လွမ်းဆွတ်ရင်း.. မျက်လုံးတွေက ဘာမှထင်ကျန်မနေတဲ့ ခြေရာတွေ နောက်ကို လိုက်ရင်း... လေရူးတွေ ဆော့မြူးနေတာကို ကြည်နူးရင်း... သူတို့ပေးတဲ့ ကဗျာတွေကို တစ်ရွက်ပြီးတစ်ရွက် လှန်ရင်း.. အတွေးထဲမှာ စရေးထားတဲ့ နိဒါန်းတွေက ရုတ်တရက်နဲ့ အငွေ့ပျံ ထွက်ပြေးသွားကြတယ်..။ သူတို့တွေ ငွေ့ရည်ဖွဲ့ပြီး ပြန်ရောက်လာတာကတော့ ကျွန်မရဲ့ မျက်ဝန်းတွေဆီကိုပါပဲ..။ နေဝင်ဆည်းဆာရဲ့ ပုံရိပ်က မျက်ရည်ကြည်တွေနဲ့ လဲ့ပြီး ပိုလို့တောင် လှပပြည့်စုံလာသလို...။

သစ်ရွက်ခြောက်တွေပေါ်ကို ညင်ညင်သာသာ နင်းလျှောက်ရင်း ခုံတန်းလေးဆီကို တရွေ့ရွေ့... ခုံတန်းထောင့်လေး ပေါ်က သစ်ကိုင်းခြောက်လေးကို ကျွန်မလက်လေးတစ်ဖက်နဲ့ ဖယ်ထုတ်ရင်း ခပ်လျော့လျော့ ထိုင်ချလိုက်မိတယ်.. ဝန်းကျင်တစ်ခုလုံး လေတိုးသံတွေကလွဲလို့ ပကတိ တိတ်ဆိတ်ငြိမ်သက်စွာ လဲလျောင်းလို့ပေါ့.. အငွေ့ပျံသွားတဲ့ နိဒါန်းကို စာပြန်စီရင်း နောက်တစ်ကြောင်းကို ထပ်စတော့... ခပ်နွဲ့နွဲ့ ရယ်သံလေး တစ်ချို့က လေနဲ့အတူ ကျွန်မနားဝဆီ တိုးဝင်ရောက်ရှိ လာခဲ့ပါတယ်.. ကျွန်မ လှမ်းကြည့်မိလိုက်တော့...။

ကောင်မလေး တစ်ယောက်က ခိုးခိုးခစ်ခစ်ရယ်လို့.. ကောင်ကလေး တစ်ယောက်ကလည်း ကောင်မလေးရဲ့ လက်ကလေးကို ကြင်ကြင်နာနာ ဆုပ်ကိုင်ထားလို့... ကောင်လေးရဲ့ နဖူးပေါ်မှာ ဆံနွယ် ခပ်ပျော့ပျော့တွေက ဝေ့ဝေ့ဝဲဝဲလေး...။ ကောင်မလေးမျက်နှာ တစ်ခြမ်းကိုတော့ ဆံနွယ်ရှည်တွေက ဖုံးအုပ်လို့ထားတယ်.. ကောင်မလေးမျက်နှာပေါ်မှာ ဖုံးအုပ်နေတဲ့ ဆံပင်ရှည်တွေကို ကောင်လေးက သပ်တင်ပေးတော့ ကောင်မလေးက ခေါင်းကိုရမ်းခါလို့ ဆံနွယ်တွေကို ပိုရှုပ်သွားအောင်လုပ်ရင်း စနောက်လို့နေတယ်... သူတို့မျက်ဝန်းတွေထဲမှာ ဖြူစင်ရှင်းသန့်ခြင်းတွေက အတိုင်းသား... သူတို့ကို လှမ်းကြည့်ရင်း ကျွန်မ ရင်ခုန် ကြည်နူးလာခဲ့ပါတယ်...။

ကောင်မလေး ပုခုံးပေါ်က လျှောကျလု လွယ်အိပ်လေးကို ကောင်လေးက ပြန်တင်ပေးရင်း.. နဖူးလေးကို ငုံ့အနမ်း.. ခေါင်းငုံ့တိမ်းရှောင်လိုက်တဲ့ ကောင်မလေးရဲ့ မျက်နှာလေးကို ကောင်လေးက စိုက်ကြည့်ရယ်မောလို့..။ အနမ်းလေးအစား နဖူးကို လက်သီးဆုပ်လေးနဲ့ ဖွဖွလေးတို့ရင်း ကြည်စယ်နေပြန်သေးရဲ့...။ ကောင်မလေးက ခြေဖျားလေးကိုထောက်လို့ ခေါင်းလေးကိုမော့ရင်း ကောင်လေးရဲ့ နားနားကိုကပ်ပြီး တစုံတရာအပြောမှာ... ကောင်လေးက ရယ်သံကိုဖြတ်လို့... ကဗျာလေးတစ်ပုဒ်ကို တိုးတိုးလေးရွတ်ပြနေတာ နုနယ်သွက်လက် ဖြူစင်မှုတွေနဲ့ ငြိမ်းချမ်းလိုက်တာလေ..။

ကောင်လေးရဲ့ ကဗျာရွတ်သံကို နားထောင်နေတဲ့ ကောင်မလေးက မျက်လုံးလေးတွေကို ဖွဖွလေး မှိတ်ထားတယ်..။ ကဗျာလေး ရွတ်အပြီး ကောင်လေးက ကောင်မလေးရဲ့ လက်ဖဝါးလေးကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်တော့ ကောင်မလေးက လက်ကလေးကိုရုန်းရင်း.....
"နောက်တစ်ခေါက် ထပ်ရွတ်ပြ.."
ကောင်လေးက ချစ်စနိုး မျက်မှောင်ကျုံ့ရင်း ကောင်မလေးမျက်နှာနားကို ဝေ့ကျလာတဲ့ ရွက်ဝါလေးတစ်ရွက်ကို လှမ်းဖမ်းလိုက်တယ်..။ ဆုပ်ကိုင်ထားတဲ့ လက်ကလေးကို တယုတယဖြည်ချရင်း သစ်ရွက်လေးကို ကောင်မလေးလက်ထဲ ထည့်ပေးလိုက်တော့ ကောင်မလေးရဲ့ အသံတိုးတိုးညှင်းညှင်းလေး ထွက်ကျလာတယ်..
"သိပ်ချစ်တာပဲ..."


အိုး... ဒီအသံတွေနဲ့ ဒီပုံရိပ်လေးတွေကို ကျွန်မရင်းနှီး နေလိုက်တာနော်..။ အာရုံကိုထပ်စိုက်ရင်း သေချာနားထောင်မိတော့...

ကျွန်မ.. ဟုတ်တယ်.. ဒါကျွန်မရဲ့ ရယ်သံတွေ.. သေချာပါတယ် ဒါဟာ ကျွန်မကိုယ်တိုင်ရဲ့ ရယ်သံတွေနဲ့ ကျွန်မပါပဲ.. လွယ်အိပ်လေးကရော ကျွန်မရဲ့လွယ်အိပ်ကလေး... ကောင်မလေးရဲ့ ဆံနွှယ်တွေ ဒါဟာ ကျွန်မဆံနွယ်တွေပဲ မဟုတ်လား...!!

"ကိုယ်ကမင်းထက် အများကြီးပိုပါတယ်..."
ဟင်..!! ဒါ... ဒါဟာလည်း... သူ... သူ့အသံ..!! သူ့အသံလေး..!! နွေးထွေးနူးညံ့ ချိုသာလိုက်တာ... သူ့လက်ချောင်း ရှည်သွယ်သွယ်လေးတွေ... သူ့ဆံပင် ပျော့ခွေခွေလေးတွေ....!!

"ကိုယ်တို့တွေ ဘယ်တော့မှ မခွဲကြဘူးနော်.."
နားတွေကို လက်ဖဝါးနှစ်ဖက်နဲ့ အုပ်ပြီးခေါင်းကို ခပ်ကြမ်းကြမ်း ရမ်းခါလိုက်မိပေမဲ့.. အသံတွေကိုကြားနေရဆဲ...
"ဒီလမ်းဆုံလေးပေါ်မှာ ဖိုးဖိုးဖွားဖွားတွေ ဖြစ်တဲ့အထိ မောင့်... လက်ကိုတွဲရင်း နေ့တိုင်းလျှောက်မှာပေါ့..."


ကျွန်မ မျက်ဝန်းတွေကို တင်းနေအောင်ပိတ်ရင်း.. ခေါင်းငုံ့ပြီး ရှိုက်ကြီးတငင် ငိုအချမှာ ဆည်းဆာကို အမှောင်တွေက ဝါးမျိုလို့...။ ခပ်ရင့်ရင့် နွေလေရူးက ရှိုက်သံတွေကို လေနဲ့အတူ ဆွဲခေါ်သွားလိုက်တာ ရော်ရွက်ဝါတွေက လွမ်းချင်းတစ်ပုဒ်ကို ဟစ်အော်သီကျူးရင်း ကခုန်ကြတယ်...။ ရွက်ဝါကြွေတွေနဲ့ အလှဆင် ခင်းကျင်းဖွဲ့သီထားတဲ့ ဒီလမ်းဆုံမှာ ရစ်ဝဲနေတတ်တဲ့ ဝိညာဉ်တွေအကြောင်းကို ဆည်းဆာကတောင် ရိပ်မိနိုင်မယ်မထင်ပါဘူး...။ ပိန်းပိတ်အောင် မှောင်သွားတဲ့ လမ်းပေါ်မှာတော့ ရွက်ဝါကြွေလေးတွေ တစ်ဖတ်ပြီးတစ်ဖတ် တစ်ထပ်ပြီးတစ်ထပ်ပေါ့..။

ထိုင်သူမဲ့တဲ့ ခုံတန်းရှည်ပေါ်က ရွက်ဝါလေးတွေက ဟောင်းနွမ်း ဆွေးမြည့်.........။

ကျွန်မရင်ထဲက မဖွဲ့လိုက်ရတဲ့ စာလေးတစ်ပုဒ်ကလည်း လတ်ဆတ်ခြင်းတွေနဲ့ ခြောက်သွေ့ ဆွေးမြည့်...။။

(ခင်လေးငယ်)

Thursday, March 19, 2009

ရုပ်သေးရုပ်..


မမြဲခြင်းဟာ မြဲလွန်းတဲ့လောက
ညဟာ ညတာရှည်ရပြန်တယ်
အချစ်နဲ့စ အလွမ်းနဲ့ ဆုံးရမယ့်ဇာတ်
မ က ချင်လည်း ငါ... က... ရ... ပေါ့...။

ကြိုးရှုပ်အောင် ဆွဲတတ်တဲ့
ငါ့ဘဝ ကြိုးဆွဲဆရာရဲ့
မင်းအလိုကျ ငါ က နေမိမှတော့
ငါ့ က ကွက်ဟာ လှပါဦးမလား..!!

ငါ့ က ကွက်ကို ငါနိုင်ဖို့
ကြိုးစား က ရင်း က ကွက် တွေပျောက်
ငေါက် ကနဲလည်း ရပ်မရ
ငါ့ကို နှောင်တွယ်ထားတဲ့ ကြိုး
ရှည်လွန်းမက ရှည်ဖို့ မင်းပျိုးနေမှတော့
အထပ်ထပ်ငြိတာ ဆန်းတယ်လို့ မဆိုသာ...။

အသက်ကို ဖွဖွရှူရင်း
ဒုတိယ က ကွက်ကို က ဖို့စနင်း
ခြေအချမှာ လမ်းပျောက်ကာ
ကူပါကယ်ပါ တစာစာလည်း မအော်သာပေါ့..။

ငါ့ ကြိုးဆွဲဆရာရယ်
မင်းက....
ငါ့လက်ကို မ ငါ့ခေါင်းက ထ
ငါ့ခေါင်းကို မ ငါ့ခြေက ကြွ
နောက်ဆုံးတော့...
ငါဟာ အပုံ့လိုက် လဲ.. ပြို.. ကျ...။


ငါ့ ကြိုးဆွဲဆရာရေ...
ငါ့မျက်ရည်ကျ
မင်းလိုတာလည်း မရမှတော့
အနိစ္စသဘောကို နမ်းရှိုက်
ငါ့ကြိုးတွေကို ဖြတ်ကိုက်
ကဲ........... မင်း
မမြဲခြင်းတရားကို သက်သေပြလိုက်...။

(ခင်လေးငယ်)

Wednesday, March 18, 2009

သေသွားသူ သေသင့်သူ


သုံးသပ်သော်..

သူသာ သွေးသောက်၊ သူ သွေးသောက်သူ
သူသာ သွတ်သွင်း၊ သူ သွတ်သွင်းသူ
သူသာ သွန်သင်၊ သူ သွန်သင်သူ
သူသာ သုံးသပ်၊ သူ သုံးသပ်သူ
သူသာ သီးသန့်၊ သူသီးသန့်
သူသာ သိုသိပ်၊ သူသိုသိပ်
သူသာ သေသပ်၊ သူသေသပ်
သူသာ သက်သေ၊ သူသက်သေ..။

သို့သော်..
သူသည် သေးသိမ်၊ သူ သေးသိမ်သူ
သူသည် သော့သွမ်း၊ သူ သော့သွမ်းသူ
သူသည် သေသောက်၊ သူ သေသောက်သူ
သူသည် သုတ်သင်၊ သူသုတ်သင်
သူသာ သတ်သူ၊ သူသတ်သူ..။

သူသည်..
သူသည် သေသူ၊ သေသွားသူ..။

သူသို့..
သူသို့ သင့်သူ၊ သေသင့်သူ..။

သေသွားသောသူ၊ သေသွားသူ..။
သေသင့်သောသူ၊ သေသင့်သူ..။

(ကိုရင်နော်)

Sunday, March 15, 2009

စိတ်များနှင့်ကျင်းပသောမွေးနေ့...

၁၅-၃-၂၀၀၉
“ကလေးလေး၏ (၂၃) နှစ်မြောက် မွေးနေ့..”



ကဗျာလက်ဆောင်.. စာလက်ဆောင်..
Photobucket
သမီးသို့.. (အိန္ဒြာ)

လေလှိုင်းကပဲလာလာ
လျှပ်စစ်ဓါတ်နဲ့ပဲလွှတ်လွှတ်
မေတ္တာဟာ. မေတ္တာပီသစွာ
နွေးလို့မွှေးလို့ပေါ့..သမီး..။

စိတ်ကို စိတ်နဲ့ချစ်ခင်တာ
စိတ်ကိုစိတ်နဲ့ကြင်နာတာ
စိတ်ကိုစိတ်နဲ့ကြောင့်ကျတာ..
ဘယ်လောက်လှပလိုက်သလဲကွယ်..
အခုဆို သမီးဆီမှာ
သမီးအပိုင်သိမ်းထားနိုင်တဲ့
မေတ္တာစိတ်တွေကအများကြီးပေါ့..။

ကိုယ့်စိတ်ဓါတ်က
ကိုယ့်ခံတပ်ပဲ..သမီးရေ...

ဘ၀ဆိုတာ တောင်တက်ခရီးလဲဖြစ်သေးတော့
အခုသမီးရောက်လာပြန်တဲ့ တောင်ထွဋ်တောင်ထိပ်မှာ
တဖျတ်ဖျတ်...ခါ....နေမယ့်
သမီး..ဆံနွယ်လေးကအစ
နာကျဉ်ကျိမ်းစပ်နေရှာမယ့်
သမီးခြေဖ၀ါးအစုံအဆုံး...

အားလုံးဟာ..

အဖိုးအနဂ္ဂ...
သမီးရထားတဲ့ ဆုလာဘ်တွေပေါ့...ကွယ်...။ ။


အိန္ဒြာ (၇.၃.၂၀၀၉)

Photobucket
ရွှေရောင်လွှမ်းစေ (မိုးမြင့်တိမ်)


ဆည်းဆာကို မွေးဖွားတဲ့နေ
ကုမုဒြာကို အသက်ဝင်စေတဲ့လ
ညကို တောက်ပစေတဲ့ကြယ်နဲ့
မေတ္တာမျက်နှာကြက်တို့ မိုးတဲ့ကမ္ဘာအောက်
မဉ္ဇူသကတစ်ပွင့် လှပစွာပွင့်ခဲ့ ။

ဂယက်လှိုင်းထန် ဘ၀မြေပြင်
ရဲရင့်စွာ ထိုးဖောက်ထွက်တဲ့နွယ်
မြဲမြံခိုင်ကျည်လွန်းတဲ့ ၀ါးရုံတို့ရဲ့စိတ်နဲ့
ကျကျနန မွေးမြူတတ်ခဲ့ရင်း
လောကဓံအလယ်မှာ မားမားရပ်
အပြုံးကို ချယ်သတတ်ခဲ့ရင်
ကလေးလေးရေ......
ဒီမွေးနေ့မှစ မင်းဘဝ
ရွှေ..ရောင်..လွှမ်း..စေ ။

စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

Photobucket
ကလေးလေးအတွက် မွေးနေ့ဆုတောင်း (ကောင်းကင်ကို)


ဒီမွေးနေ့ ကစပြီး
ကလေးလေးမျက်နှာဟာ
ပန်းတွေပိုပွင့်မယ့် ဥယျာဉ်လေး တစ်ခုဖြစ်ပါစေ။

ဒီမွေးနေ့ လေးမှာ
မိုင်ပေါင်းများစွာ အဝေးက
ကလေးလေးကို ချစ်တဲ့သူတွေ
နှလုံးသားတွေကိုသွေး
အစွမ်းထက်ဆုံး အားဆေးတွေ ကလေးလေးကို ကျွေးဖို့ 
အသည်းတွေဖြည်ပြီး
ပုလဲတွေသီ နေကြပြီ ကလေးလေး။

ဒီမွေးနေ့ ကစပြီး
ကလေးလေးရဲ့ ဒုက္ခတွေကို အဝေးမျှောပစ်ဖို့ 
ကမ္ဘာအရပ်ရပ်က ပို့ သတဲ့ မေတ္တာတွေစုပေါင်း
ချောင်းလေးတစ်ခုဖြစ်ပါစေ။

ကောင်းကင်ကို

Photobucket
အိမ်အပြန် (ဖိုးမောင် - Happy Cloud)

မိုးရွာချိန်မှာ လိုအပ်တာက ခိုလှုံရာတစ်ခု....

နှင်းသည်းချိန်မှာရော နွေးနွေးထွေးထွေးခိုလှုံရာပဲပေါ့...

အလွမ်းတွေ သည်းနေချိန်မှာရော...?

အနွမ်းတွေ ဝေနေချိန်မှရော...?

ဘ၀ဆိုတာ...

ကြည်နူးချိန်ထက်

လွမ်းဆွတ်ချိန်က ပိုများနေသလိုပဲ...

ရွှင်လန်းချိန်ထက်

နွမ်းလျချိန်တွေ ကဲနေသလိုပဲ...

ဘာဖြစ်ဖြစ် စိတ်ဓါတ်တင်းပြီး...

ခြေလှမ်းတွေ ခပ်စိတ်စိတ်နဲ့

ဘ၀ဆိုတာကို...

တိုးတိုးတိတ်တိတ်လေး ဖြတ်သန်းနေကြတာလေ...

အဲဒီတော့ ပျော်စရာဆိုတာထက်...

စိတ်ပြေရာ...

စိတ်ဖြေရာတွေသာ...

နှလုံးသားမှာ လွယ်ပိုးရင်း....

ခရီးရှည်ကိုဆက်နေဦးမယ်...

ငါ အသက်ရှင်နေသမျှပေါ့...

အဲဒါကိုသာ...

မကျေနပ်ခဲ့ရင်

ဘ၀မှာ ငါနေခဲ့တယ်ဆိုတာ

ပြစရာရှိတော့မှာ မဟုတ်ဘူး...

ခြေရာတွေပြန်ကြည့်ပြီး

ရွှင်လန်းချိန်တွေ...

ပင်ပန်းချိန်တွေ...

နွမ်းသမျှအချိန်တွေ...

တမ်းတတဲ့ အချိန်တွေ...

လိုချင်တဲ့ဆန္ဒတွေ...

လိုအပ်တဲ့ဆန္ဒတွေ...

ရှိခဲ့တဲ့အရာတွေ...

မရှိခဲ့တဲ့အရာတွေ....

အားလုံး... အားလုံးသော

အရာတွေအရာတွေ အတွက်

ငါကျေနပ်နေတယ်...

အဲဒါကိုပဲ...

အသက်ရှုသံ

ငါ့အသက်ရှုသံမရပ်သမျှ

ရင်ခုံကြည်နူးနေရတယ်...

တကယ်ပါ....

မျှော်လင့်ချက်ဆိုတာ..

မီးတောင်ပေါက်ကွဲသလို...

ဝုန်းကနဲ ပေါက်ကွဲမှ ရမယ်ဆိုရင်...

ငါ့ဘ၀ကို

မီးငြိမ်းတောင် အဖြစ်သာ

ထာဝရနေထိုင်ခွင့်ပေးပါ...

ငါ့ရဲ့ ရင်ထဲမှာ...

ငြိမ်းချမ်းခြင်း..

ငြိမ်သက်ခြင်း...

အေးဆေးခြင်း...

ပျော့ပျောင်းခြင်း တွေသာ

အစဉ် ကိန်းအောင်းနေထိုင်ခွင့်ပေးပါ...

အဲလိုနေထိုင်ခွင့်ရခြင်းကပဲ....

အရာအားလုံးကိုပိုင်ဆိုင်ရခြင်းထက်

ငါ အမြတ်နိုးဆုံးဆန္ဒမွန်တစ်ခုပါ...

နေခြင်းနှင့်သေခြင်းကိုလည်း

မေ့လျော့နိုင်ပါပြီ...

ဝမ်းသာခြင်းတွေ ၀မ်းနည်းခြင်းတွေကိုလည်း

တည်ငြိမ်စွာခံယူနိုင်ပါပြီ....

အဲဒါကိုရရှိတဲ့နေ့မှာပေါ့...

တကယ်ပါ...

အဲဒီ ခံယူချက်ကလေးနှင့်သာ....

ခုချိန်လေးကို နေထိုင်ခွင့်ပေးပါတော့...

အဲဒါပဲ...

ငါလိုအပ်တာပါ...

ဖိုးမောင် (Happy Cloud)

Photobucket
ပွင့်ဖတ် နံပါတ် ၂၃ (အိပ်မက်ရှင်)

ကြည့်စမ်း ...
အာရုဏ်ဦးသမ်းတဲ့ မိုးသောက်မှာ
နေခြည်တွေ ဖြာလို့ ... လင်းလို့
လေပြေ အသွေးမှာ နွဲ့ရမ်း ...
ပွင့်လန်းဝေဖြာ ...
အလှများစွာနဲ့ တင့်ဆန်းဝေဆာခဲ့
အို ...
မာလာပန်းဥယျာဉ် ... ။

အဖြူ အနီ ...
အညို အ၀ါနဲ့ အပြာစွက်
ရောင်စုံတွေ ပုံလို့ ထပ်ခဲ့ ...
အပွင့် အခက် ...
အဖူး အငုံ
အကိုင်း အဖျား
နှိုင်းထားသလား မှတ်ရအောင်
အလှချင်း ပြိုင်နေပုံများ ... ။

ကဲ ...
ဒီဥယျာဉ်ကြီးထဲ
အလှချင်း သူတင်ကိုယ်တင်ကြဲဖို့
မာန်ဝင့် ဟန်စွင့်
မွှေးရနံ့တင့်နေဆဲ
ဟော ဟိုက
ပန်းတစ်ပွင့်လည်း ရှိနေတယ် ... ။

အဲ့ပန်းတစ်ပွင့်မှာ
ပွင့်ချပ်လေးတွေ မာန်ချီဦးကြွဖို့
ငုံဖူးရတဲ့ ဘ၀ရှိတယ် ...
အဲ့ပန်းတစ်ပွင့်မှာ
ခက်ရွက်လေးတွေ စိမ်းလန်းတောက်ပဖို့
ရေစင်ဆမ်းတဲ့ ဘ၀ရှိတယ် ...
အဲ့ပန်းတစ်ပွင့်မှာ
ပိုးမွှားပေါင်းမြက်တွေ ကင်းပြတ်လှပဖို့
ရှင်းသက်သုတ်သင်ရတဲ့ ဘ၀ရှိတယ် ...
နောက်ဆုံး သူက
လိုအပ်ချက် ရှာမရအောင် လှဖို့
ပွင့်ချပ်တွေ တစ်ဖတ်ပြီး တစ်ဖတ်
တစ်လွှာပေါ် တစ်လွှာအပ်လို့
အသာအယာပဲ လှစ်ဟကာ ကြွခဲ့ ...
သိမ်မွေ့နုညံ့စွာလည်း လှခဲ့ ... ။

ပန်းပွင့်လေးရဲ့ အဆင်းက ...
ပသာာဒကြွဖို့ထက်
မြင်သူ ကြည်နူးစေဖို့ ...
ပန်းပွင့်လေးရဲ့ ရနံ့က
ချိုအီသင်းပျံ့ဖို့ထက်
မြင်သူ လန်းဆန်းစေဖို့ ...
ပန်းပွင့်လေးရဲ့ အခက်အလက်က
စိမ်းလန်း...
နုနယ် ...
မြင်မိသူရဲ့ နှလုံးသား
နုညံ့သွားအောင် ဖမ်းစားလို့ ... ။

ဒီလိုနဲ့
ပန်းပွင့်ငယ်
တစ်လွှာပေါ် တစ်လွှာအပ်လို့
အဆင့်ဆင့်တက်လာ ...
တစ်ချပ်ပြီး တစ်ချပ်
တစ်ထပ်ပြီး တစ်ထပ်ပွင့်အာ
ဟော ...
နုညံ့ပြီး ရင့်ကျက်လာလိုက်တာ
နံပါတ် ၂၃ ပွင့်ချပ်အကြွ
အစွမ်းကုန် ပြည့်ဝ
မာန်တင့်ကာ လှနေဖို့ အသင့် ... ။ ။

အိပ်မက်ရှင်

(သုတ၊ ရသနဲ့ အနုပညာပန်းပွင့်တွေ စုံညီပွင့်ဖူးဝေဖြာနေတဲ့ ဘလောက်ဂါ ရပ်ဝှမ်း ပန်းဥယျာဉ်ကြီးထဲက သိပ်ကို လှပတင့်ဆန်း နေတဲ့ ပန်းပွင့်ကလေးဖြစ်တဲ့ တူမငယ် ကလေးလေးရဲ့ ပွင့်ချပ်လေး ၂၃ ချပ်မြောက်၊ ၂၃ နှစ်မြောက် မွေးနေ့အတွက် ဦးငယ်အိပ်မက်ရှင်မှ မွေးနေ့လက်ဆောင် အဖြစ် အမှတ်တရပါ ..)


Photobucket
ချီတက်ပါယုန်ငယ် (Craton)

လောဘဒေါသမရှိ ယုန်ငယ်တစ်ကောင်

အဆောင်အယောင် မခင်တွယ်တဲ့

ပကတိအဖြူရောင်

အသက်ပြင်းပြင်းငိုကြွေးမှုတစ်ခုပွေ့ပိုက်

သိမ်ငယ်ခြင်းရနံ့တွေ ရှူရှိုက်နေရတယ်

မဆိုသာ ဒီဝဋ်ကြွေးနယ်ကို လွန်မြောက်ရင်

အမှောင်ခွင်းဖောက် အလင်းရောက်မှာမို့

မလျှော့တမ်းမေတ္တာဇွဲတွေနဲ့

ခပ်ရဲရဲလှမ်းလိုက်ပါယုန်ငယ်...။

Craton

ငိုဖော်ငိုဖက်၊ အားပေးဖော် အားပေးဖက်ဖြစ်သည့် ချစ်သောမမ ကလေးလေး၏ မွေးနေ့မှသည် နောင်နှစ်ပေါင်း များစွာတိုင် ကျန်းမာပျော်ရွှင်သော နှလုံးသားတစ်စုံကို ဆက်လက် ပိုင်ဆိုင်နိုင်ပါစေ.. ဘဝအဆက်ဆက် မမနဲ့ကျန်ရှိတဲ့ ရေစက်တွေ မကုန်ဆုံးပါရစေနဲ့လို့ ဆုတောင်းလိုက်ပါတယ်ဗျာ...

မှ..
သားငယ်လေး


Photobucket
ခွန်အားဖြည့် ကလေးလေး.. (ဆောင်းယွန်းလ)

ဘဝခရီးကို လျှောက်လှမ်းတဲ့နေရာမှာ

၂၃ဆိုတာ ဘာကြာသေးတာမှတ်လို့လဲ ကလေးရေ...

စိတ်တို့ရဲ့ ခွန်အားကို စားသုံး

အပြုံးချိုချိုလေးတွေနဲ့ ဆက်လျှောက်

ပန်းတိုင်မပျောက်စေဖို့အတွက်

ရဲရင့် ရင်ဘတ်ထဲက နှလုံးကိုဓားလိုသွေး

တရားဆိုတဲ့ အသိကို အားတခုအဖြစ် မွေးနိုင်စေပြီး

ဆက်လျှောက်ရမယ့် ခရီးနဲ့

ဘဝရဲ့ တိုက်ပွဲတိုင်းမှာ

အောင်မြင်ခြင်းရဲ့ မြှားတွေ ပစ်ခွင်းနိုင်ပါစေ ကလေးရေ...

ဆောင်းယွန်းလ


Photobucket
ကောင်းကင်ပြာအောက်က ကလေးလေး.. (မိုးကြယ်)

သူလေးရောက်လာတယ်
ကောင်းကင်ပြာအောက်
ပျော်ရွှင်ခြင်းတွေဖိတ်စင်ကျလို့
ထပ်တိုးပြီးပျော်ကြစို့..

ဘ၀လမ်းတိုင်း
လေခါးထစ်တွေရှေ့ရောက်
ထပ်တိုးပြီးသာလျှောက်နိုင်စေ..

ကောင်းကင်ပြာအောက်က
နေ့စွဲတွေအကြောင်း
ထပ်လောင်းပြောလို့
ပျော်ကြရအောင်ပေါ့...

ပျော်ရွှင်စရာမွေးနေ့မှသည်နှစ်ပေါင်းများစွာတိုင်...


မိုးကြယ်


Photobucket
ခလေးအရုပ်မလေး (မောင်မျိုး)


ပန်းကလေးတစ်ပွင်
ဖြူနီပြာဝါ ရောင်စုံပန်းတွေကြား
ခလေးလေးက အဖြူရောင်စံပယ်ပန်းလေးပေါ့ ။
မွှေးရနံ့သင်းထုံထုံလေးတွေနဲ့ ၀န်းကျင်ကို အပျော်တွေကူးစက်စေတယ်
ညီမလေးရေ့
မင်းက ကောင်းကင်က ကြယ်ကလေးတစ်လုံးဆိုရင်
တို့တွေက ကြယ်တာရာအစုလေးပါ
အတူတူ လင်းလက်ခဲ့တယ်
မင်းက ပျံသန်းတဲ့ငှက်ငယ်လေးဆို
အဖြူရောင် မေတ္တာ အကိုင်းခက်တွေနဲ့ လေလှိုင်းဘလော့သစ်ပင်လေးမှာခိုးနားပါ
အကြင်နာတရားတွေရှိတယ် ဖေးမမယ့် လက်တွေရှိတယ်
ခလေးလေး ချစ်တဲ့ ဦးနော် နဲ့ မေမေခင် ရှိတယ်
ဘာမှမတော်တဲ့ အစ်ကိုတွေ အစ်မတွေရှိတယ်
အားငယ်တဲ့ အခါ စကားတွေအများကြီးပြောပစ်လိုက်ပါ
ပျော်နေတဲ့ အခါ ဝေမျှလိုက်
လောကမှ ငါတစ်ယောက်တည်းဆိုတဲ့ အတွေးမ၀င်မိစေလိုက်နဲ့နော့်
ဒီလိုနေ့မျိုးမှာ ပျော်စရာတွေနဲ့ အပြည့်ဖြစ်ပါစေ ညီမလေးရေ့
မွေးနေ့အမှတ်တရမှာ ကဗျာလည်းမဟုတ်
စာလည်းမဟုတ်တဲ့ စကားလက်ဆောင်လေးပါ။
မွေးနေ့မှစ ရှေ့ဆက်နေရက်တွေ ကျန်းမာရွှင်လန်းပါစေ ညီမလေးရေ့
Happy Birthday ဗျ ။

မောင်မျိုး

Photobucket
ချစ်စရာကလေးလေး (ခေးရော့စ်)


က ကလေးလေး
ဝလုံး ၀ိုင်းဝိုင်းရေး။

ဘ၀ အမော အတွေးတွေနဲ့
မှိုင်တွေ မငေးနဲ့ က-ကလေးလေး။

ပျော်ရွှင်မှု၊ အားမာန် နဲ့ ဘ၀ပင်လယ်ကို
ကူးခတ်လို့ပြေး က-ကလေးလေး။

ချစ်စရာ စကား မပီကလာနဲ့
အမြဲ ကျန်းမာပျော်ရွှင်စွာ ဆော့ ကစားနေနိုင်ပါစေ က-ကလေးလေး။

မွေးနေ့မှ စလို့ နောက်နှစ်ပေါင်းများစွာ
မေမေခင် ဦးနော်နဲ့ ပျော်ရွှင်စွာ အတူနေနိုင်ပါစေ က-ကလေးလေး။

ခေးရော့စ်

Photobucket
ညီမလေး သို့.... (မမသီရိ)


ညီမလေးရေ...
လမ်းဆိုတာ..
ပန်းခင်းထားတာလဲ ရှိမယ်
ဆူးနင်းရတာလဲ ရှိမယ်..
ပန်း ခင်း ချင် ခင်း..
ဆူးနင်း ချင်နင်း...
တလှမ်းချင်း ဆက်လျှောက် ရမှာ .. ဘ၀ ဆို တာပါ...

ညီမလေးရေ...
ဘ၀ စစ်မြေတလင်းမှာ..
သီချင်းလေးတွေ ဆို ခါဆို..
ငိုတဲ့ အခါ ငို လိုက်...
ရေစီးသာတဲ့ အခိုက် ..ပျော်..
ရေဆန်ကို လဲ ရဲ ရဲ ကူး..
ကျူးကျော်လာတဲ့ .. မွေးနေ့တွေ မှာ
ပျော်ရွှင်ခြင်း အဖြာဖြာ နဲ့
ချမ်းမြေ့ ခြင်း မင်္ဂလာများ...
ညီမလေး အနား...
ခ စားနိုင်ကြပါစေ...
ချစ်သော .. ညီမလေး ရေ......။

မမသီရိ


Photobucket
မေ့ချစ်သမီးလေး.. (ခင်လေးငယ်)

သမီးနှလုံးလေး တစ်ချက်ခုန်လိုက်တိုင်း နေ့သစ်အတွက် တောက်ပမယ့်
အလင်းလေးက ပြေးပြီး ပွေ့ဖက်ချင်လွန်းလို့ပေါ့....

သမီးဝင်သက်လေငွေ့ငွေ့လေး တစ်မျှင်ဟာ နေ့သစ်ကိုကြိုဖို့
ခွန်အားများစွာကို ပေးချင်လို့တဲ့လေ...

သမီးထွက်သက်လေးကို မှုတ်အထုတ်မှာ ခြေလှမ်းသစ်အတွက်
နေ့အဟောင်းလေးက လည်တွေတောင် စင်းပေးလို့နေပြီ...

သမီးမျက်ဝန်းက မျက်တောင်လေးအခတ်ဟာ ပန်းလေးတွေကို
ငေးလို့.. ငှက်လေးတွေကို မော့ကြည့်ဖို့လေ သမီးရယ်...

သမီးဆံနွယ်လေးတွေ သပ်အတင်မှာ သမီးဆီ သယ်ဆောင်
ယူလာမဲ့အရာဟာ လတ်ဆတ်ခြင်းတွေပေါ့...

သမီးလက်ကလေး အလွှဲမှာ ပန်းလေးတွေက အလုအယက်
ပြုံးပြကြဖို့ ကြိုပြီးမြူးနေကြပြီလေ...

သမီးခေါင်းလေး အဆတ်မှာ ငှက်ကလေးတွေက တေးဆိုချင်လွန်းလို့
စောင့်နေရင်း ငိုမဲ့မဲ့လေးတွေတောင် ဖြစ်နေကြပြီ...

သမီးခြေလှမ်းလေး ဖွဖွအချမှာ စမ်းချောင်းလေးက ရေအေးလေးတွေ
ပြေးစီးလာဖို့ အရှိန်တွေတောင်ယူလို့...

သမီးရယ်သံလေးတစ်စမှာ ကဗျာလှလှလေးတွေက ခုန်ပေါက်ပြီး
ကောင်းချီးသံတွေ ညံချင်လွန်းနေပြီ...

ကြိုလင့်နေတဲ့ နွေးထွေးတဲ့ လောကအိမ်ထဲမှာ သမီးကိုချစ်တဲ့
သူတွေအများကြီး စောင့်လို့နေကြရောပေါ့...

ဟော... ကြည့်စမ်း..!! နေ့သစ်ရဲ့ ရောင်ချည်လေးတွေတောင်
သမီးပါးလေးတွေပေါ်မှာ ဝဲဖြာကျလို့....

ကဲ... ချစ်စရာ မေ့ သမီး အိတ်ပုတ်မလေးရယ် မေ Birthday kiss လေး
ပေးမလို့ မြန်မြန် ထ... ပါတော့...!!

သမီးကိုချစ်တဲ့
မေမေခင်


Photobucket
မမကလေးလေးအတွက် မွေးနေ့လက်ဆောင်.. (ကလေးငယ်လေး)

မမကလေးလေးအတွက် မွေးနေ့လက်ဆောင်ပို့စ်လေး သမီးရဲ့ဘလော့ မှာ တင်ထားပါတယ်ရှင်..

Photobucket
“အဖြူရောင် အိပ်မက်” (မိုးမောင် - Happy Cloud)

ပတ်ဝန်းကျင် တစ်ခုလုံးသည် ဘယ်နေရာကြည့်ကြည့် အဖြူရောင်ချည်းသက်သက် ဖြစ်နေသည်။ ဒီနေရာမှာ ကောင်းကင်ကလဲ အဖြူ၊ မြေပြင်ကလဲ အဖြူ၊ သစ်ပင်ကြီးငယ်တွေကလဲ အဖြူတွေပဲ၊ ပန်းကလေးတွေဆိုရင် ဖြူအိပြီး လန်းဆန်းနေတာ။ ဒီနေရာမှာ အိုမင်းနေတဲ့ သစ်ပင်ကြီးတွေနဲ့ လမ်းမကြီးတွေဟာ သူတို့ရဲ့ဖြူစင်ခြင်းကမ္ဘာမှာ ရှင်သန်နေရတာ ပျော်မွေ့နေဟန် ရှိကြတယ်။ သာယာလိုက်တာ.. အေးချမ်းလိုက်တာ.. တိုက်ခတ်နေတဲ့ လေကိုက သန့်စင်ပြီး လတ်ဆတ်လို့ပေါ့။ အဖြုရောင် အတိပြီးတဲ့ နေမင်းကလည်း ပူလောင်မှုကို မပေးပဲ နွေးထွေးပြီး လန်းဆန်းစေတယ်။

ဒီနေရာမှာ ၀ါဒတွေမရှိဘူး..
ပုဂ္ဂိုလ်စွဲတွေ မရှိဘူး..
လိုချင်တပ်မက်စိတ်တွေ မဖြစ်ပေါ်ဘူး..
ကျွန်နဲ့ သခင်ဝါဒဆန်တဲ့ ယုံကြည်မှုတွေ မထွန်းကားဘူး..
ငါဆိုတဲ့ စိတ်တွေကတော့ရှိတယ် ဒါပေမယ့် သင့်တင့်မျှတရုံထက် မပိုကြဘူး..
.......................
......................

(((အလို)))
ဒီဒေသမှာရှိတဲ့ လူသားအားလုံးဟာ အဖြူရောင်ချည်ထည်တွေ ၀တ်ဆင်ထားကြတဲ့ ကလေးငယ်တွေပါ့လား...
သူတို့တတွေ ပျော်ပျော်ပါးပါး ကစားနေကြရင်း အော်ဟစ်နေကြပုံက ဘေးကလူ ကြည့်ရင်တောင် အပျော်တွေကူးစက်ပြီး အော်ဟစ်ချင်စိတ် ပေါက်လာစေတယ်။ ကလေးငယ်လေးတွေရဲ့ မျက်လုံးလေးတွေဟာဆိုရင် တကယ့်ကို ကြည်စင်ပြီး အရည်လဲ့နေတဲ့ စိန်တုံးလေးတွေလိုပဲ။ အသားကလေးတွေဟာဆိုရင်လည်း ၀င်းဖန့်ပြီး စိုလက်နေတဲ့ အသွင်နဲ့ နုနုနယ်နယ် ချစ်စဖွယ်လေးတွေ..။

သူတို့ကို ဘယ်သူစုစည်းပြီး ဒီနေရာကို ပို့ထားတာပါလိမ့်....
အားလုံးဟာ အရွယ်မတိမ်းမယိမ်းနဲ့ ခန္ဓာကိုယ် ပြည့်ပြည့်ဖြိုးဖြိုးလေးတွေ..။ ချစ်စရာကောင်းလိုက်တာ... ကြည့်ရတာ မျက်စိထဲရော နှလုံးသားထဲမှာပါ ငြိမ်းချမ်းလွန်းလို့.. သူတို့လေးတွေ ကစားနေတဲ့နေရာရဲ့ မလှမ်းမကမ်း ခုံတန်းလေးက ထိုင်ကြည့်နေမိတယ်။

ထိုအခိုက်... ကစားကွင်းရဲ့ ထောင့်တနေရာက စကားပြောသံ သဲ့သဲ့ ကြားရတယ်...

“ကျုပ်တို့ ဖြူစင်ခြင်းဂေဟာဆောက်ဖို့ လိုအပ်နေတဲ့ အခြေခံဆောက်လုပ်ရေး ပစ္စည်းတွေ အတော်လေးစုံလင်နေပြီဗျ”
“အင်း... ဒါဆို ကလေးတွေအတွက် ကျုပ်တို့ မနက်ဖြန်ပဲ စပြီးဆောက်လိုက်ကြရအောင်ဗျာ”...

အဖြူရောင် ၀တ်ရုံကိုယ်စီနဲ့ အဖိုးအိုနှစ်ယောက်..
သူတို့ဟာ အိုမင်းနေကြပေမယ့် မျက်လုံးမျက်ဖန်တွေဟာ ထက်မြက်ပြီး ငြိမ်းအေးတဲ့ အသွင် ဆောင်နေကြတယ်။ သူတို့ရဲ့ စကားကြောင့် နဂိုကမှ ကလေးတွေအပေါ် ကြည်နူးပီတိ ဖြစ်နေတဲ့ စိတ်အခံနဲ့ ဖြူစင်ခြင်းဂေဟာ ဆောက်လုပ်ရာမှာ ၀ိုင်းဝန်းကူညီချင်နေမိတယ်။ ဒါနဲ့...

“ဦးရီးတို့ခင်ဗျာ... ဖြူစင်ခြင်းဂေဟာ ဆောက်လုပ်ရာမှာ.. ကျနော်လည်း ပါဝင်ကူညီပါရစေလား ခင်ဗျာ” လို့ ခွင့်ပန်လိုက်တယ်။

ပထမအဖိုးအိုက..
“ဟေ.. မင်းက ကူညီချင်တာလား”
“ဟုတ်ပါတယ်..ခင်ဗျာ”
“ကျနော့် အနေနဲ့ ဉာဏ်အားမကူနိုင်တောင် လက်ရုံးအားနဲ့ဖြစ်ဖြစ် ကူညီပါရစေဗျာ”
“အေး..ရပါတယ်”
ဒါထက်.. တို့နှစ်ယောက်ရဲ့ ရည်ရွယ်ချက်တွေကို အရင်ပြောပြရအုံးမယ်”
“အဲဒါက...တကယ့်ကို ဖြူစင်လွန်းတဲ့ ကလေးငယ်တွေရဲ့ဘ၀တသက်တာအတွက်.. စစ်မှန်ပြီး ငြိမ်းချမ်းတဲ့ လောကဓမ္မတွေကို တို့တတွေ ချမှတ်လမ်းပြ ပေးဖို့ပါပဲ”
“ဒီတော့.. တို့နှစ်ယောက်က ဒီလိုစီစဉ်တယ်၊ သူတို့လေးတွေရဲ့ အိပ်စက်ချိန်မှာ အိပ်မက်တွေ အဖြစ်နဲ့ ညစဉ် လောကဓမ္မတွေကို ပို့ချသင်ကြားပေးမယ်.. အဲဒီအချိန်တွေမှာ သူတို့တွေရဲ့ ဦးနှောက်ဟာ လူကြီးတွေနဲ့တန်းတူ လေ့လာမှတ်သားနိုင်တဲ့ အသိဉာဏ်မျိုး ဖြစ်နေစေဖို့.. ဟောဒီက ငါ့သူငယ်ချင်းကြီး ကိုယ်တိုင် သူတတ်စွမ်းတဲ့ ပညာရပ်နဲ့ အကျိုးပြုစီစဉ်ထားတယ်”

ထိုအခါ ဒုတိယအဖိုးအိုက...
“အခုလည်း သူတို့တွေရဲ့ အိပ်စက်ချိန်လေ.. သူတို့ရဲ့အိပ်စက်ချိန်မှာ အိပ်မက်အဖြစ်နဲ့ ဒီနေရာကို ညစဉ်ညတိုင်း ခေါ်ထားတာပေါ့”
“ဖြူစစ်ခြင်းဂေဟာဆောက်ဖို့ တတ်ကျွမ်းရမယ့်ပညာထက်.. အဓိကရည်ရွယ်ချက်တွေကသာ အရေးကြီးတာပါ..”

ဒါတွေကတော့..
(၁) လောကရဲ့ရိုးသားခြင်းတွေ ဖော်ထုတ်ပြီး အကျင့်သီလကို ဖြူစင်ဖို့..
(၂) နုနယ်တဲ့ ကလေးတွေရဲ့စိတ်မှာ အကြောက်တရားကို ဖယ်ထုတ်နိုင်ပြီး လောကရဲ့မမြဲတဲ့ အနိစ္စသဘောကို ရဲရင့်စွာ လက်ခံရဲဖို့..
(၃) မိဘတို့အပေါ် ထာဝရရိုသေကိုင်းရှိုင်းပြီး သတ္တ၀ါတိုင်းအပေါ် မေတ္တာတရားနှင့် ယှဉ်သော ကိုယ်ချင်းစာတရား ပွားများတတ်စေဖို့..
(၄) အရွယ်ရောက်လာတဲ့အခါ စိတ်အလျဉ်တွေရဲ့ ဖြစ်ခြင်း၊ ပျက်ခြင်းသဘောကို တဖြည်းဖြည်း သတိကပ် ဆင်ခြင်လာနိုင်စေဖို့..
(၅) အကျင့်သီလပိုင်း အနေနဲ့က လောကမှာ ထွန်းကားနေတဲ့ ဘာသာတရားကြီး တွေထဲက တူညီတဲ့ အကျင့်သီလ စောင့်ထိန်းမှုတွေကို အရင်သင်ကြား ပေးရမှာပေါ့။

“အဲဒီအခါ သူတို့တွေဟာ ကိုယ်အမူအရာ နှုတ်အမူအရာ အားလုံးရဲ့ လှုပ်ရှားပြုမူမှုတွေကို အကျင့်သီလနဲ့ယှဉ်ကာ ဆင်ခြင်မိလာပြီး လောကကျင့်ဝတ်တွေကို စောင့်စည်းနိုင်တဲ့ လူသားတွေ ဖြစ်လာမယ်။ ရှင်းရှင်းပြောရရင် ဖြူစင်ခြင်းဂေဟာရဲ့ အခြေခံအုတ်မြစ်ဟာ သီလဆိုတဲ့ အခြေခံဆောက်လုပ်ရေး အတတ်ပေါ့။ သီလကို အခြေပြုထားတဲ့ ဆောက်လုပ်ရေးအတတ်နဲ့ ကလေးငယ်တွေရဲ့ ဖြူစင်မှုကို လူကြီးဖြစ်တဲ့အထိ ထိန်းသိမ်း သွားနိုင်ရမယ်။ ဒါမှ ကမ္ဘာလောကကြီးဟာ မကောင်းမှုတွေ လျော့ပါးလာမှာပေါ့”

အဖိုးအိုနှစ်ယောက်ရဲ့ ရည်ရွယ်ချက်တွေကို နားထောင်ရင်း ကလေးငယ်လေးတွေ အတွက် ကြည်နူးဝမ်းမြောက် မှုနဲ့အတူ ကြက်သီးမွှေးညင်းများပင် ထမိတယ်။ ကျနော်လည်း ဒီိလိုနေရာမျိုးမှာ ကလေးငယ်တစ်ဦးအဖြစ် ရှင်သန်ခွင့်ရခဲ့ ချင်လိုက်တာ။ အခုတော့ လောဘ၊ ဒေါသ၊ မောဟတွေ အတိပြီးတဲ့ စိတ်ကို မောင်းနှင်လို့ လူ့လောကကြီးမှာ အမှိုက်အဖြစ်နဲ့ ရပ်တည်ခဲ့တာ ဆယ်စုနှစ်တွေ အတော်ကျော်လာခဲ့ရပြီ။

ထိုသို့ တွေးမိနေစဉ် အခိုက်... ဒုတိယအဖိုးအိုက ပြုံးရွှင်သောမျက်နှာဖြင့်...

“ကုန်လွန်ခဲ့တဲ့ ကိစ္စတွေအတွက် တွေးတော ပူပန်မနေပါနဲ့ ကွာ”

“ဗျာ.. အဖိုးက ကျနော်တွေးနေတာကို သိတယ်ပေါ့”
“ဟား.ဟား. ဒါကထားပါကွာ.. အခု အနာဂတ်ရဲ့ မျိုးဆက်သစ်တွေအတွက် အကောင်းဆုံး လုပ်ပေးကြဖို့ပဲ စဉ်းစားပါတော့”
“အေး.. တခါတည်းလည်း မင်းကိုပြောရအုံးမယ်.. တို့အခု ဖြူစင်ခြင်းဂေဟာ ဆောက်လုပ်ဖို့ ပထမဆုံးလုပ်သား အဖြစ် မင်းကိုရွေးချယ်လို့ အိပ်မက်လူသား အဖြစ်နဲ့ ဒီနေရာကို ခေါ်လိုက်တာပါ”
“ဗျာ... ဟုတ်လား ၀မ်းသာလိုက်တာ”
“နောက်နေ့တွေကစပြီး တို့နဲ့အတူ လုပ်အားပေးပေါ့ကွာ..နော်”
“စိတ်ချပါ အဖိုးတို့ရယ် ကျနော့်ကိုသာ ခေါ်ဖို့မမေ့ပါနဲ့”

အဖိုးအိုနှစ်ယောက်က ကျနော့်ကို ကြည်လင်သောအပြုံးနဲ့ ကြည့်ပြီး..

“အေးအခုတော့ မင်းအိမ်ပြန်လိုက်ပါအုံး၊ နောက်ရက်တွေကစပြီး တစ်လှေတည်းစီးပြီး တစ်ခရီးတည်း သွားကြအုံးစို့ မောင်ရင်ရေ”

ပထမအဖိုးအိုက ကျနော်ပုခုံးကို အသာအယာ လှမ်းပုတ်လိုက်တယ် ဆိုရင်ပဲ.. အေးမြတဲ့ ဓာတ်လှိုင်းတစ်ခု ခန္ဓာကိုယ်ထဲကို စီးဝင်လာသလို ခံစားမိလိုက်တယ်။ နောက်တော့.. အဖိုးအိုတို့၏ နွေးထွေးတဲ့ နှုတ်ဆက်အပြုံး... ကလေးငယ်လေးတွေရဲ့ ပျော်ရွှင်စွာရယ်မော မြူးထူးနေတဲ့ အသံလေးတွေ.. အဖြူရောင်ငှက်ကလေးတွေရဲ့ တေးသီနေတဲ့ အသံတွေ.. အို... ပြောနေရင်း.. အဖြူရောင် ယုန်ကလေးတွေ ကျနော့်ရှေ့က ဖြတ်ပြေးသွားကြတယ်ဗျာ...
ကျနော်ကိုယ်တိုင်လဲ အားလုံးကို ပျော်ရွှင်စွာနဲ့ အားလုံးကိုနှုတ်ဆက်နေမိတယ်။

ဒီနေ့ကစပြီး ကျနော်ဟာ ကမ္ဘာလောကကြီးအတွက် အကျိုးပြုဖို့ ပြင်ဆင်နေပြီလေ... ကျနော့်ရဲ့ အိမ်အပြန်ခရီးက ပျော်ရွှင်မှုတွေအပြင် ၀မ်းမြောက်ပီတိ တွေ တပွေ့တပိုက်နဲ့ပေါ့ဗျာ။ ကျနော်ချစ်ခင်ရတဲ့ အပေါင်းအသင်းတွေနဲ့ ကျနော့်အရင်းနှီးဆုံးသူရဲ့ လက်တွေကို တပေါင်းတည်း ဆုပ်ကိုင်လို့ သာယာတဲ့ နေ့သစ်ပေါင်း မြောက်များစွာကို ဖန်ဆင်းခွင့် ရအုံးမယ်လေ....
........................
........................

((((((ကလင်..လင်...လင်...လင်))))))
(((ကလင်.....လင်...လင်..လင်)))
“ဟေ့ရောင်... နေဖင်ထိုးနေပြီ ထတော့ဟ”
“နှိုးစက်က ဒီလောက်အော်နေတာတောင် မထနိုင်ဘူးး.. ပြီးတော့ မျက်နှာကြီးကလည်း အိပ်ယာနိုးတာတောင် ပြုံးရွှင်လို့.. အရင်နေ့တွေကဆို စူပုတ်ပြီး အိပ်ယာထတဲ့ကောင်... ဘယ်ကောင်မလေးနဲ့ အိပ်မက်နေလဲ မသိဘူး”

အခန်းဖော် သူငယ်ချင်းရဲ့ အသံကို ကြားတော့မှ...
((ဟိုက်)) အလုပ်နောက်ကျပြန်ပြီ... “အေးဟေ့... ထပြီဟ.. ထပြီ”
အိပ်ယာကို အသည်းအသန် သိမ်းရင်း နောက်နေ့ညတွေတော့ အစောကြီးအိပ်တော့မည်ဟု တွေးလို့သာ ပျော်ရွှင်နေတော့လေသည်။

ပကတိဖြူစင်ခြင်းတွေ...
လောကရဲ့ အနားသတ်မျဉ်းတွေဖြစ်တဲ့ အကျင့်သီလတွေ..
ရိုးသားပြီး ပုဂ္ဂိုလ်ရေးကင်းတဲ့ လောကပါလတရားတွေ..
တနေ့တော့ လူ့ကမ္ဘာကြီးမှာ ထွန်းကားလာအုံးမယ်လို့ မျှော်လင့် စိတ်ကူးရင်း......

ရွှင်လန်းချမ်းမြေ့ပါစေ

မိုးမောင်


ကလေးလေး ကျန်းမာလန်းဆန်းလို့ ဘ၀ကိုအရှုံးမပေးပဲ ခင်ရာဆွေမျိုးရင်းကြီးတွေဖြစ်တဲ့ ဦးနော်၊ မငယ်ကြီးတို့နဲ့ ပျော်ရွှင်စွာ လက်တွဲ၍ ပြုံးပျော်ကြည်နူးနေနိုင်ပါစေဗျာ.....

Photobucket


စိတ်များနှင့်ကျင်းပသောမွေးနေ့.. (ကိုရင်နော်)
သမီးကလေးလေးရေ..!! Photobucket
ဦးနော်က သမီးအတွက် ဝမ်းသာခြင်းတွေ.. ကျန်းမာခြင်းတွေ.. ပျော်ရွှင်ခြင်းတွေ အများကြီး.. အများကြီး ယူလာတယ်နော်.. သမီးပျော်ရွှင်နေတာကို အမြဲမြင်နေချင်တယ်.. သမီးလေး ကျန်းမာနေတာကို တွေ့ချင်တယ်.. ဒါဟာ ဦးနော်ရဲ့ ရင်ထဲကစကား.. အခု သမီးကြည့်လိုက်စမ်း သမီးကို ချစ်တဲ့.. ခင်တဲ့ သူတွေ ဘယ်လောက်များတယ် ဆိုတာ.. ဒါဟာ တကယ်တော့ အံ့သြစရာ တစ်ခုပဲ.. သူတို့တွေ သမီးအနားမှာ မရှိကြဘူးနော်.. သမီးကိုလည်း မတွေ့ဖူးကြဘူး.. ဒါပေမယ့် သူတို့ရဲ့စိတ်တွေက သမီးကို သိနေ ခင်နေကြတယ်.. ချစ်နေကြတယ်.. သူတို့တွေ သမီးရဲ့ မွေးနေ့ပွဲလေးကို စိတ်တွေနဲ့ တက်ရောက်လာကြတယ်.. သမီးဧည့်ခံတာတွေကို စိတ်တွေနဲ့ သုံးဆောင်သွားကြတယ်.. သူတို့ရဲ့ ကြည်နူးမှုတွေ.. သမီးရဲ့ ပျော်ရွှင်မှုတွေ ဒီနေရာမှ ထပ်တူကျနေတယ်.. သမီးရေ.. ဒါဟာ လက်တွေ့ဘဝထက် ကြီးမားကျယ်ပြန့်တဲ့ စိတ်ပိုင်းဆိုင်ရာ ဆက်သွယ်မှုတစ်ခုပဲ.. စိတ်တွေနဲ့ ဖြစ်တည်တဲ့ သံယောဇဉ်တွေပဲ.. သေချာတယ် ဒါဟာ မေတ္တာစစ်စစ်တွေ. သမီးပျော်ရွှင်လိုက်တော့.. သူတို့တွေ ယူဆောင်လာတဲ့ ရင်ထဲက မေတ္တာတွေ.. ရင်ထဲက လက်ဆောင်တွေ.. ရင်ထဲက ဆုတောင်းသံတွေနဲ့ သမီးရဲ့ မွေးနေ့ပွဲလေးကို ရင်ခုန်ကြည်နူးစွာ ကျင်းပလိုက်တော့..
ဒါဟာ စိတ်များနှင့်ကျင်းပသောမွေးနေ့...
သမီးလေး ကျန်းမာပျော်ရွှင်ပါစေကွယ်..Photobucket

ဦးနော်
Photobucket




ဒီအရုပ်ကလေးက ဦးဦးညိုး (မောင်မျိုး) ရဲ့ လက်ဆောင်

အပေါ်ဆုံးက “ပြူးပြူးကြီး ကြိုဆိုနေမှာပါ” ဆိုတဲ့ ပုံလေးက ချစ်မိတ်ဆွေကြီး ကိုပါဂနာ ပို့ပေးတဲ့ လက်ဆောင်ပါ..း)


ကလေးလေး၏ မွေးနေ့ပွဲလေးကို ပါဝင်ကူညီပေးကြသော၊ တက်ရောက်လာကြသော၊ ချစ်မိတ်ဆွေများအားလုံးကို အထူးကျေးဇူးတင်ပါတယ်လို့ ရင်ထဲကနေ နှစ်နှစ်ကာကာကြီး ပြောလိုက်ပါတယ်..။

Photobucket


ကျေးဇူးအထူးတင်ပါတယ်နော်..

Thursday, March 12, 2009

ငှက်တစ်ကောင်


မချုပ်ကြပါနဲ့
အနှောင်အတွယ်တွေကို မုန်းလွန်းလို့ပါ ။

မတားကြပါနဲ့
အတွေးတွေကို လိုရာ လွှင့်နေချင်လို့ပါ ။

မပိတ်ပင်ကြပါနဲ့
စိတ်တွေနောက်ကို စိတ်တွေလိုက်နေချင်လို့ပါ ။

မလိုက်ခဲ့ကြပါနဲ့
တစ်ယောက်ထဲဘဝမှာ နေသားကျနေပြီးသားမို့ပါ ။

နားလည်မှု...
အချစ်...
ဝန်တိုစိတ်...
ပိုင်ဆိုင်လိုစိတ်...
ဂတိ...
စာချုပ်...
လက်မှတ်...
ငြိမ်းချမ်းရေး...
အတိတ်..
ပစ္စုပ္ပန်..
နောင်ရေး...
ဘာတွေလဲ.. ဘာတွေလဲ ကွယ်...!!

မလိုချင်ဘူး
ကိုယ့်အတ္တတွေနဲ့ ကိုယ်တိုင်မွေ့ပျော်နေလို့ပါ ။

မလိုအပ်ပါနဲ့
ကိုယ်တိုင်က အတ္တတွေနဲ့ ထုံချယ်ထားတဲ့ မိန်းမမို့ပါ ။

ဝမ်းနည်းပါတယ်
ကျွန်မတစ်ကိုယ်တည်း ကြေကွဲစွာနဲ့ အတောင်ပံခတ်နေချင်လို့ပါ ။

(ခင်လေးငယ်)

Monday, March 9, 2009

မျောက်မင်းမိုက်


မြင့်မိုရ်မည် မျောက်မြို့မှာ

မောက်မာ မာန်မဲ မျောက်မိုက် မင်းမူ
မျောက်မူးမတ်၊ မျောက်မောင်းမ၊
မျောက်မြေး၊ မျောက်မြစ်၊
မျောက်မျိုးများ မြောက်မြောက်များ..။

မျောက်မင်းမိုက် မြော်မြင်မှုမဲ့
မည်းမည်းမြင် မိုက်မာန်မဲ
မောက်မောက်မာ မိန့်မှတ်
မှားမှားမှန် မူးမူးမိုက်
မျောက်မွဲများ မုန်းမာန်မြင့်မား..။

မျောက်များမှာ မျှော်မှန်း
မျောက်မင်းမြတ် မင်းမူမှ
မျောက်များ မြန်မြန် မြင့်
မျောက်မျိုး မြန်မြန် မြတ်
မျောက်မိမြေ မိုးမျှော်မည်..။

မျောက်မွဲများ မုန်းမာန်
မျောက်မင်းမိုက် မူးမေ့
မီးမွှေး မျောက် မီးမွှေး
မီးမှုတ် မျောက် မီးမှုတ်
မီးမြှိုက် မျောက် မီးမြှိုက်
မျောက်များမာန် မာန်များမြောက်
မင်းမိုက် မီးမျို..။


(ကိုရင်နော်)

Sunday, March 8, 2009

ကြယ်ကြွေကကြိုး


ကုက္ကိုလ်ကိုင်း ကြိုးကြာ ကူး

ကောင်းကင် ကို ကြိုးကြာ ကြည့်
ကောင်းကင်ကျယ် ကြိုကြိုကြား
ကြယ်ကကြိုး ကျော်ကြား..။

ကောင်းကင်ကြား ကြယ် က က
ကြိုးကြာ ကြည့် ကြယ်ကကြိုး
ကံကုန်ကြယ် ကြွေကာကျ
ကြည့် ကြိုးကြာ ကြေကွဲ..။

ကြွေကျကြယ် ကျောက်ကြိုကြား
ကျိုးကျိုးကြေ ကျကာကွဲ
ကြယ်ကြွေကောက် ကူကြိုးကြာ
ကယ်ကြောင်းကြံ ကွဲကြေ..။

ကြွေကြိုးကြာ ကြယ်ကျိုးကောက်
ကောင်းကင် ကို ကြေကွဲကြည့်
ကောင်းကင်ကြီး ကကြိုးကင်း
ကြယ်ကြွေကကြိုး.. ကြိုးကြာကြေကွဲ..။

(ကိုရင်နော်)

Friday, March 6, 2009

အချစ်

ထို့ကြောင့်ဤအရာကို... အချစ်ဟုခေါ်သည်။
ဤအရာဟုဆိုအပ်သော ထိုအရာသည် ဘာများပါလိမ့်..!!

(၁) ငယ်ငယ်က အတွေးတွေထဲမှာတော့ အမျိုးမျိုးပေါ့လေ.. စက်ဝိုင်းလိုလား..! လေးထောင့်စက်စက် အရာလား..! တြိဂံလို အနားသုံးနားလား..! အပေါင်းသင်္ကေတနဲ့ ထပ်ပေါင်းလို့ရတဲ့အရာလား..! အစားလို ဂဏန်းတစ်ခုနဲ့ စားရင်း သုံညများကြွင်းတတ်လား..!

(၂) ပန်းသီးလို ခပ်ချိုချိုလား..! သံပုရာသီးလို ချဉ်ချဉ်ပြုံးပြုံးကြီးလား..! စတော်ဘယ်ရီသီးလို နီတာရဲလေးလား..! ဒူးရင်းသီးလို ချိုအီမွှေးကြီးလား..! ဒါမှမဟုတ်.. ဒညင်းသီးလိုများ... အဟက်..!!

(၃) တယောသံလို တအီအီလား..! နှဲသံလိုလို နေဝင်ရီသရောကို သတိရစေတာလား..! စောင်းသံလို ချိုနွဲ့နွဲ့လေလား..! ပီယာနိုလို ရင်သိမ့်မှော်ဝင် စေတတ်လား.! ဂစ်တာသံလေးလို ပေါ့ပေါ့ပါးပါး တဒင်ဒင် တဒေါင်ဒေါင်လား..! ဒါမှမဟုတ်.. ဒရမ်သံကြီးလို.. အမလေး.. တဒုန်းဒုန်းကြီးများလား..!

(၄) သီချင်းကြီးတစ်ပုဒ်လို လေးတွဲတွဲလား..! ဒစ္စကိုသီချင်းလို ကိုယ်ကလှုပ်ရှားချင်ချင် ဖြစ်လာရောလား..! ပေါ့ပ်တစ်ပုဒ်လိုလား..! ပန့်ခ်လို စာသားတူတွေကို ခဏခဏ ထပ်ကျော့တတ်တာလား..! ရော့ခ်လိုခပ်မြောက်မြောက်နဲ့ ခေါင်းတွေရမ်းချင်လာရောလား..! ဘလူးစ်လို မုဒ်တွေဝင်လာတတ်တာလား..! ဒါမှမဟုတ်.... အာရ်အမ်မ်ဘီလို ငြိမ့်တိမ့်တိမ့်လေးလား..! ရက်ပ်လိုလို အာလိပ် လျှာလိပ် တရကြမ်းကြီးလား..!

နားလည်တတ်ပြီအထင်နှင့် နားမလည်စွာ ဝေဝါးနေဆဲ...
ဟော.. တစ်ကွေ့ နောက်ထပ်... တစ်ကွေ့ ပြီးတော့... နောက်ထပ်..!! ပြီးတော့....

(ခင်လေးငယ်)


............................................< >............................................

အဲ့ဒါကြောင့်ပေါ့ အဲ့ဒါကို အချစ်လို့ခေါ်တာ..။
အဲ့ဒီ အဲ့ဒါကို အဲ့ဒါကြောင့် အော်.. အချစ်ဆိုတာ အဲ့ဒါ.. အဲ့ဒါ..!!

(၁) စက်ဝိုင်းလိုလည်း မဟုတ်ဘူး.. လေးဒေါင့်လိုလည်း မဟုတ်ဘူးဟ.. တြိဂံလိုလည်း မချွန်ပါဘူး.. ဘယ်လိုလေးမှန်းကို မသိတာ.. အဲ့.. စားစရာရှိရင် ပေါင်းသာပေါင်း အကြွင်းကတော့ ပေါင်းသလောက် ကြွင်းမှာ.. အဲ့.. အဲ့.. ဟုတ်တယ်.. ကြွင်းမှာ.. အဲ့ဒါ.. အဲ့ဒါ..။

(၂) စတော်ဘယ်ရီလို နီတာရဲလေးကို ပန်းသီးလေးလို ဂျွတ် ကနဲ ကိုက်.. ဒူးရင်းသီးကြီးကို အားရပါးရဖက်.. အဲ့ ဒူးရင်းသီးလေးလို ချိုအီမွှေး.. စားကြည့်ရင်တော့ ဒညင်းသီး အနံ့နဲ့ သံပုရာသီးလို ချဉ်ပြုံးကြီး ဂွိ.. ကနဲ ဂျွိ.. ကနဲ ဇွိ.. ကနဲ ဟုတ်တယ်.. အဲ့ဒါ.. အဲ့ဒါ..။

(၃) တယောသံလို အိညောင် အိညောင်လေးလား..! နှဲသံလို ချွဲချွဲပြစ်ပြစ် ကပ်စေးစေး ကြီးလား..! စောင်းသံလို စောင်း.. အဲ့ စောင်းသံလိုလား..! ဂစ်တာကြီးလို အားရပါးရဖက်ပြီး ပလက်ကင်လေးကုတ်.. နောက်ဆုံးတော့ မင်္ဂလာဆိုင်းဝိုင်း ကြီးထဲက ပတ်မကြီးလို “ပုံပုံ ပတ်ပတ် ပုံပတ်ပေပေ..” “ပလို့ဂျိ” ဂျိ ကနဲ ဂျိ ကနဲ.. ဟုတ်တယ် နားရင်းနှစ်ဖက်ကို တဗြောင်းဗြောင်းနဲ့ နာနာရိုက်.. “ပလို့ဂျိ..” အဲ့ဒါ.. အဲ့ဒါ..။

(၄) စိန်ချူးကြာညှောင် လရောင်က လင်းပါလို့ အို့ ဟို့ ဟို့... အဲ့လို သီချင်း အကြီးကြီးလား..! လှုပ်လှုပ်.. လှုပ် လက်နှစ်ချောင်းကို အပေါ်မှာပူး.. မြူးပြီဆို လှုပ်.. အဲ့လို ဒစ္စကို လှုပ်ခတ်ခတ်ကြီးလား..! ပေါ့ပ်တပုဒ်လို ပုပ်ချင်ပုပ် ပွချင်ပွ ပုပ်ပွ အဲ့ ပေါ့ပ်.. အဲ့လိုလား..! ပန့်ခ်တပုဒ်လို ထောင်ချင်တိုင်းထောင် (ဆံပင်) ပန်းရောင်ဆိုးပြီး ပန်းချင်တိုင်း ပန်း.. အဲ့.. ပန်းရောင်ဆိုးတဲ့ ပန့်ခ်.. ဘေ့စ်သံခပ်ပြင်းပြင်းနဲ့ မပြီမသအော်.. ကုန်းအော်.. ရောခ့်ခပ်ပြင်းပြင်းလို ခြစ်ပြီးအော်.. ညှစ်ပြီးအော်.. “ရေးးဟေးး ရေရေးး..”.. ဘီလူးစ်စီးပြီး အာရ်အမ်ဘီလေးလို ရစ်သမ်မှန်မှန်လေးနဲ့ နောက်ဆုံးမှာတော့ ဆရာရက်ပ်ပါ ပါပါးကြီးတွေလို.. ဂွကျကျကို မ.. မ.. အားရပါးရ မ.. ရေ့ ရေ့..!! ယိုး ယိုး...!! အာဟ.. အာဟား..!! အဲ့ဒါ အဲ့ဒါ..။

နားလည် သလိုလိုနဲ့ နားမလည် မဟားတရား ဝါးတားတာ ဟော.. တစ်ကွေ့ နောက်ထပ်... တစ်ကွေ့ ပြီးတော့..!!
အေးးဟေး.. ပြီးတော့.. ရှော့တွေဖြစ်.. လိုင်းတွေပူး.. ဓါတ်တွေလိုက်.. သပွတ်အူတွေရှုပ် ရှုပ်ပြီးရင်း ရှုပ် အဲ့ဒါ အဲ့ဒါ..။

(ကိုရင်နော်)

ညီငယ်လေး..! အဲ့... မောင်ငယ်လေး..!
(နှစ်ယောက်ပေါင်းခေါ်တော့) ညီမောင်ငယ်လေး သာပေါ်တောင်း (တောင်ပေါ်သား) ရေ..
ညီမောင် Tag (တက်) ထားတဲ့ “အချစ်တခုကို ဝင်ရောက်ခံစားကြည့်ခြင်း” ဆိုတာလေးကို
မြင်တဲ့ အတိုင်း ကိုးရိုးကားရား ရေးလိုက်ပါတယ်နော်..း)း)


(ကိုရင်နော်ခင်လေးငယ်)

ငါ

ငါ ငယ်ငယ်
ငါ့ ငွေ ငါ ငမ်း

ငါ့ ငန်း ငါ ငတ်
ငါ့ ငါး ငါ ငုပ်
ငါ့ ငှက် ငါ ငြိုး
ငါ့ ငုံး ငါ ငြီး
ငါ့ ငြိမ့် ငါ ငှား
ငါ့ ငြမ်း ငါ ငြင်း
ငါ ငေး ငါ ငိုက်
ငါ့ ငုတ် ငါ ငြိ
ငါ့ ငြောင့် ငါ ငင်
ငါ့ ငါ ငြိုငြင်
ငါ့ ငါ ငြီးငွေ့
ငါ့ ငါ ငေါက်ငမ်း
ငါ ငို ငါ ငို..။

(ကိုရင်နော်)

Thursday, March 5, 2009

ချစ်ချစ်ချိန်းခိုက်...

ချစ်ချစ် ချိန်းခိုက်
ချောချစ်ချစ် ချိုချိုချွဲ
ချွဲချွဲချစ် ချစ်ခွင့်ခြွေ
ခိုးချင် ခုချက်ချင်း ခိုး..။

ချင့်ချိန် ချစ်ချစ်..!
ချွဲချင်ချွဲ ခြောက်ချင်ခြောက်
ခေါင်း ခေါက်ချင် ခေါက်
ခုချက်ခြင်း ခွဲချင်ခွဲ
ချက်ချင်း ခေါင်းခါ
ချစ် ခိုးခိုင်း ခိုး
ခက်ခက်ခဲခဲ ခေတ်
ချစ်ချစ် ချို
ချစ်ချစ် ခါး
ခု ချက်ချင်း ခွဲခြား
ချစ်ခက် ခွာခက်
ခပ် ချဉ်ချဉ် ချောက်ချား..။

(ကိုရင်နော်)

Tuesday, March 3, 2009

အသိနဲ့ ဒွန်တွဲနေတဲ့အရာ..

အိမ်ရဲ့အပေါ်ထပ် လှေခါးပေါ်ကနေ တစ်လှမ်းချင်း ဆင်းလာရင်း ခံစားမူအမျိုးမျိုး ခံစားနေရတယ်.. တလှပ်လှပ်နဲ့.. ရင်ထဲမှာအရမ်း ထိုးပြီးအောင့်လိုက်တာ.. ဘယ်ဖက် ရင်ဘတ်ကိုလက်နဲ့ ဖိထားမိတယ်.. မသောက်ဖဲ မူးသလိုလိုကြီး မျက်စိကလဲ တဖြည်းဖြည်းနဲ့ ဝါးရာကနေ ဘာမှမမြင်ရသလို မှောင်မိုက်လာတယ်.. ဟုတ်တယ်.. အမှောင်ထဲကို လုံးဝကို ကလေးလေး ရောက်သွားတော့တာ...

နားထဲတော့ ကြားနေရတယ်.. အသံတွေက တိုးတိုးလေးမို့ ဘာသံတွေလဲသိဖူး.. တကိုယ်လုံးအေးစက်နေတယ်.. အသိစိတ်တွေဖဲ ရှိနေသလိုလို.. အသိစိတ်တွေ မဲ့နေသလိုလို.. ကြိုးစားပြီး မျက်စိဖွင့်ကြည့်တော့ တစ်ခါမှမရောက်ဖူးတဲ့ နေရာလေးတစ်ခု.. သစ်ပင်ကြီးတွေနဲမို့ တောအုပ်လို့ပြောရမလားမသိ.. နှာခေါင်းထဲ တိုးဝင်လာတဲ့ အနံ့လေးတစ်ခု.. အရမ်းကို နှစ်သက်တဲ့ အနံ့လေး.. လိုက်ရှာကြည့်တော့ နှင်းဆီပန်းပင်တွေ အများကြီး.. အသိရှိတဲ့ဘဝမှာ နှင်းဆီပန်းလေးတွေကို အရမ်းကြိုက်ခဲ့တာလေ..

ဒါပေမဲ့ အခုတွေ့နေရတာ ဘာမှမခံစားရသလိုဖဲ.. အရာရာအားလုံးက ကလေးလေးနဲ့ ဘာမှမပတ်သက်သလိုဖဲ.. ရင်ထဲမှာစိုးရိမ်နေတာ ကြောက်ရွံ့နေတာ.. အားငယ်နေတာ ခံစားမှုအားလုံးက သုညအောက်ကို ရောက်နေပြီ.. သုညကနေ အနှုတ်ကို တဖြည်းဖြည်းနဲ့ ထိုးဆင်းနေပြီ.. ကလေးလေးတစ်ယောက်ထဲ.. ဒူးမှလဲရှိဖူး.. သတိရတဲ့ဒူတွေကို အကုန်အော်ခေါ်ကြည့်တာ အသံတွေကအပြင်ကို ရောက်မလာဖူး.. လည်ချောင်းထဲမှာဖဲ တစ်နေတယ်.. မျက်ရည်တွေဖဲ အပြင်ကိုရောက်လာတယ်..

တုန်လှုပ်ခြောက်ြခားမူတွေရဲ့ အလယ်မှာ ရပ်နေတုန်း နောက်ဖက်နားက အသံတိုးတိုးလေးတစ်ခု နားနားကပ်ပြီး ခေါ်လိုက်သံကြားတယ်.. "ကလေးလေး.." တဲ့ ဒီအသံလေးက အားကိုးတစ်ခုကို ရလိုက်သလိုပါဖဲ.. နောက်ကို လှည့်ကြည့်လိုက်တော့ မျော်လင့်ခြင်းတွေ ပြည့်နှက်နေတဲ့ သူ့မျက်ဝန်းတွေ.. ယုံကြည်ခြင်းတွေနဲ့ သူကို မော့ကြည့်မိတယ်.. သူဆုပ်ကိုင်လိုက်တဲ့ ကလေးလေးလက် အေးအေးတွေလဲ တဖြည်းဖြည်းနဲ့ နွေးထွေးလာတယ်...

အနွေးဓါတ်လေးက လက်ဖျားကတဆင့် ရင်ထဲထိပျံ့နှံ့လာတယ်.. စကားတွေမပြောဖဲ အကြည့်တွေနဲ့ ဘယ်အချိန်ထိ ကြာသွားတယ် ဆိုတာကို မသိလိုက်ဖူး.. သူရဲ့ "သွားတော့မယ်နော်.." ဆိုတဲ့ အသံတိုးတိုးလေးက ပေါက်ကွဲသံ တစ်ခုလိုဖဲ အကျယ်ကြီး ကြားလိုက်ရတာ.. "မသွားပါနဲ့.." လို့ တားလိုက်တဲ့ အသံက အပြင်ကို ရောက်မလာပြန်ဖူး.. မျက်ရည်တွေဖဲ ကျလာတယ်.. သူ.. တဖြည်းဖြည်းနဲ့ ဝေးဝေးသွားသလို အရာရာအားလုံးလည်း အမှောင်ထဲကို ပြန်ရောက်သွားပြန်တယ်.. အဲ့ဒီနောက်မှာတော့...

"ကလေး..... ကလေး......"

အသံတွေကို ထပ်ကြားရပြန်ပီ.. အတွေ့တွေကို သိလာသလိုဖဲ.. ဟုတ်တယ်.. "ဒါ.. နဖူးကဆံပင်တွေကို သပ်တင်ပေးနေတာ..." "ဒါက....မျက်ရည်တွေ သုတ်ပေးနေတာ..." "ဒါက....လက်အစုံကို ဆုပ်ကိုင်ထားတာ..." အတင်းကြီးအားကုန်ယူပြီး မျက်စိကိုဖွင့်ကြည့်တော့ အကြင်နာတွေ နွေးထွေးမူတွေအပြည့်နဲ့ ကြည့်နေတဲ့ မျက်ဝန်းနှစ်စုံ.. ကိုကိုကြီးနဲ့ ကိုကိုငယ်.. စိုးရိမ်မူတွေနဲ့ ပြည့်နေတဲ့ သူတို့တွေနဲ့ အသိရှိတဲ့ လောကထဲမှာ တစ်ခါထပ် ပြန်ဆုံခွင့် ရပြန်ပြီပေါ့နော်...

ပြန်မလာတော့ဖူးများလားလို့ ထင်နေတဲ့သူတို့နဲ့ ကလေးလေးကို ပြန်တွေ့ခွင့်ပေးလိုက်တဲ့ ကံကြမ္မာကို ကျေးဇူးတင်ပါတယ် လောကထဲကနေ အချိန်တစ်ခုထိ ခဏခဏ ထွက်သွားခဲ့ရဖူးတယ်.. ထွက်သွားရတိုင်း လည်း လောကကြီးထဲ ပြန်အရောက်မှာ ဘာမှကိုမတိခဲ့ မမှတ်မိခဲ့ဖူးဘူး.. ဒီတစ်ခါတော့ မှတ်မိနေခဲ့တယ်.. ရင်ထဲကို စူးနင့်အောင် ခံစားခဲ့ရတဲ့ ခံစားမူတွေ အသိနဲ့အတူ ပြန်ပါလာတယ်.. ခံစားမူနှစ်ခုကို တပြိုင်နက်ထဲ ခံစားရလိုက်တာ...

မသိစိတ်က သူထားသွားခံလိုက်ရတဲ့ ခံစားမူတစ်ခု.. သိတဲ့စိတ်က အစ်ကိုတွေနဲ့ ပြန်ဆုံရတဲ့ ခံစားမူတစ်ခု.. ဘယ်လိုမှ ဆက်စပ်လိုမရတဲ့ ခံစားမူနှစ်ခုပါဖဲ.. ကလေးလေး နောက်ထပ်အားငယ်မူတွေ ကြောက်ရွံမူတွေပါ အပိုဆုအဖြစ် ခံစားတတ်လာပြီ.. သိဖူးဆိုတဲ့တစ်လုံးထဲနဲ့ ဘာကိုမှ မသိချင်ယောင် ဆောင်နေခဲ့တဲ့ ဘ၀လေးထဲမှာ အခုတော့ သိခြင်းများစွာကို ခံစားတတ်လာပြီ.. မသိစိတ်နဲ့ ရောက်ဖူးခဲ့တဲ့ သူနဲ့တူတူရှိခဲ့တဲ့ နေရာလေးကို ခုနေ ပြန်ရောက်မိချင်သလို... နောက်တစ်ခါလည်း မရောက်ချင်တော့ပြန်ဖူး.... ကလေးလေးကြောက်တယ်...။

တကယ်လိုများ ကလေးလေး လောကကြီးထဲက အပြီးထွက်သွားခဲ့ရရင်ရော... သူတို့........ သူတို့တွေရဲ့ ခံစားမူတွေကို ဘယ်နေရာ...! ဘယ်နားကနေ...! ဘယ်လိုပုံစံနဲ့...! မြင်နေရမှာလဲဟင်....!!!!!

(ကလေးလေး)

ကျွန်မကို နည်းနည်းဝင်ရေးခွင့်ပြုပါ......။
ကျွန်မအရမ်းချစ်ရတဲ့ သမီးလေး လွန်ခဲ့တဲ့ ရက်အနည်းငယ်က လောကကြီးကို တစ်ခဏတာ ခွဲသွားခဲ့ပါတယ်... သိသူတွေလည်း စိတ်တွေပူပေးခဲ့ကြသလို မသိသေးသူတွေလည်း ရှိပါတယ်... သူမူးပြီးလှေကားပေါ်က လိမ့်ကျမေ့မြောပြီး ဆေးရုံတက်ခဲ့ရပါတယ်... အပေါ်က စာလေးက သူအမှန်တကယ် တွေ့ကြုံခံစားခဲ့ရတဲ့ တကယ့်အဖြစ်ပျက်လေး ပါပဲ... သူပို့လိုက်တဲ့ ဒီစာလေးကို တင်ဖို့ ဖတ်ရင်း ကျွန်မ မျက်ရည်တွေကျမိခဲ့တယ်... သမီးလေးရဲ့ မွေးရာပါ နှလုံးရောဂါလေး အတွက် ကျွန်မ စိတ်ပူနေခဲ့ရတာ.. ဖြစ်နိုင်ရင် သမီးလေးနားမှာ သွားနေပြီး ပြုစုယုယမှုတွေ ပေးနေချင်တယ်...

သမီးရေ..... မေတို့ဘဝတွေဟာ မိုင်တွေထောင်ချီ ဝေးနေကြတာမှန်တယ်... မေ့ဟာ တကယ့်လက်တွေ့မှာ သမီးဘေးနားလေးမှာ နေပေးဖို့ မဖြစ်နိုင်ဘူး... ဒါပေမဲ့ မေ့ရင်ကလာတဲ့ အကြင်နာနဲ့ မေတ္တာတွေကို သမီးမျက်လုံးလေး မှိတ်လိုက်ချိန်တိုင်း ခံစားလို့ရနိုင်မယ် ဆိုတာ မေ..... ယုံကြည်ထားတယ် သိလား...!! မေ့ရဲ့မွေးစားသမီးလေး ဆိုပေမဲ့ မေ့ရင်နဲ့လွယ်ခဲ့ရသူလိုပဲ မေ ခံစားနေရတာပါ... အဝေးက မေ့... အချစ်တွေနဲ့ သမီးလေးရင်မှာ နွေးထွေးနေပါစေ.... သမီးအိပ်မက်လေးတွေ အမြဲတမ်းလှနေပါစေ... မေ့.... သမီးကို အရမ်းချစ်တယ်.......
(ခင်လေးငယ်)

သမီးကလေးလေးရေ..
ဦးနော်လည်း သမီး မေမေခင်နဲ့ ထပ်တူပါပဲနော်.. ဦးနော်က သမီးလေး ပျော်နေတာကိုပဲ မြင်နေချင်တာ.. သမီး ပျောက်နေရင် စိတ်ပူနေမိတယ်.. အဲ့ဒီနေ့က ဖုန်းခေါ်လို့ မရလို့ ဦးနော် စိတ်ပူလိုက်ရတာ.. တော်သေးတာပေါ့ သမီး ကိုကိုတွေ အနားမှာရှိလို့.. နောက်ဆို ဂရုစိုက်နော်..
ဦးနော်ချစ်တဲ့ တူမလေး ကျန်းမာပျော်ရွှင်ပါစေကွယ်..
(ဦးနော်)

Monday, March 2, 2009

(((((((... ဗွမ်း ...)))))))

မြေနီလမ်းကလေးအတိုင်း အပြေးတစ်ပိုင်း ခပ်သွက်သွက် လျှောက်လာခဲ့တဲ့ ကျနော့်ခြေလှမ်းတွေက တုန်ချည့်နေပါပြီ..။ လွင့်ပျံ့တက်လာတဲ့ ပုပ်အက်အက် အနံ့တွေက ကျနော့်ကို တကယ်ပဲ အော်ဂလီဆန်သွားစေပါတယ်..။ တံခါးကို ဂျိမ်း ကနဲ ဆောင့်ပိတ်ရင်း အသက်ကို တစ်ဝက်တစ်ပျက် အောင့်ထားလိုက်တယ်..။ အခန်းလေးက ကျနော့် တစ်ကိုယ်စာ ဆန့်ရုံလေးပါ..။ ဒါပေမယ့် ကျနော် ကျေကျေနပ်နပ်ကြီး စိတ်လွတ် ကိုယ်လွတ် ထိုင်ချလိုက်တယ်..။

ကျနော်ကို ငုံ့ကြည့်နေတဲ့ သူ့အကြည့်ခပ်စိမ်းစိမ်းတွေကို ရုတ်တရက် ရင်ဆိုင်လိုက်ရတော့ ကျနော် တော်တော်လေး လန့်သွားမိတယ်..။ ကျနော် သိထားတာ ဒီအခန်းထဲမှာ ကျနော် တစ်ယောက်တည်း.. အခုတော့..။ ကျနော့် လာရင်း ကိစ္စကို မေ့သွားလောက်အောင် ရင်တွေလည်း ခုန်လာပါတယ်.. သူ့မျက်ဝန်းတွေက ကျနော့် စိတ်တွေကို တုန်ရီ မောဟိုက်လာစေတယ်..။ ဒီနေရာမှာ သူရှိနေမယ်လို့ ကျနော် လုံးဝ ထင်မထားခဲ့တာပါ..။ ကျနော်ကတော့ တစ်ယောက်တည်းဆိုတဲ့ အသိနဲ့ အရာရာကို မေ့လျော့ လွတ်လပ်နေလိုက်တာ..။ မထင်မှတ်ပဲ သူ့ကိုတွေ့လိုက်ရတော့.. ကြောက်လည်းကြောက်.. ဒေါသလည်းထွက်.. ရှက်လည်းရှက်.. ကျနော် ဘယ်လိုရင်ဆိုင်ရမလဲ..!

တဖြေးဖြေးတိုးလာတဲ့ သူ့ခြေလှမ်းတွေ.. သူ့လက်က မွေးညင်းနုလေးတွေ.. သူ့နှုတ်ခမ်းက ခပ်တိုးတိုး အသံတွေ.. အို.. ကျနော့်လေ တုန်လှုပ်ခြောက်ခြားစွာ တစ်ကိုယ်လုံးကို တောင့်တင်းသွားခဲ့တာပါ.. အသက်လည်း မရှူရဲ လောက်အောင် ကျောက်ရုပ်တစ်ရုပ်လို ငုတ်တုတ် မင်တက်မိနေတယ်.. ခြေဖျားလက်ဖျားတွေလည်း ရေခဲတုံးတွေလို.. ကျနော့် ပါးတွေ နားတွေလည်း မီးမြိုက်ထားသလို ပူလောင် နီရဲလို့..။ အေးသလား.. နွေးသလား.. မသိတော့တဲ့ ချွေးစေးတွေလည်း စိမ့်ထွက်လာပါတယ်.. ကျနော် ဘာလုပ်ရင် ကောင်းမလဲ..! ရင်ဆိုင်လိုက်ဖို့ဆိုတာလည်း မတွေးရဲပါ..။

အခန်းတံခါးကိုဖွင့် ပြေးထွက်သွားရင် ကောင်းမလား..! ဒီလိုတော့လည်း ကျနော် မထွက်ရဲ.. ကျနော့်ရဲ့ အရှက်.. အရှက်တရားတွေ..။ အောက်ကို ငုံ့ကြည့်လိုက်တော့လည်း မ၀ံ့ရဲ.. ခုန်ချလိုက်လိုက်ဖို့ ဆိုတာမတွေးရဲစရာ.. ကျနော် မျက်လုံးတွေ မှိတ်ထားလိုက်ရင် ကောင်းမလား..! သူ့မျက်လုံးကို ရဲရဲ ပြန်ကြည့်လိုက်ရင်ရော..! ဖြစ်ပါ့မလား..! ကျနော်ထိတ်လန့်နေတယ်.. သူဘာလို့ ဒီအခန်းထဲ ရောက်နေတာလဲ..! ကျနော်.. ကျနော်လေ..!

ခံစားနေရတဲ့ ဝေဒနာတွေကလည်း အကြီးအကျယ် ဖိအားပေးနေပါတယ်.. ကြက်သီးတွေလည်း ကျောထဲက စိမ့်ပြီး ထလာပါတယ်.. ဒူးတွေ တဆတ်ဆတ်တုန်လာတယ်.. အာခေါင်တွေလည်း ခြောက်ကပ်လာတယ်.. အသက်ရှူရတာ မ၀တော့ သလိုလို.. ခေါင်းတွေမူးလာသလိုလို..။ ကြောက်စိတ်နဲ့ ဝေဒနာကြားမှာ ခံစားနေရတဲ့ ဒုက္ခက သေလုမြောပါး..။

ကျနော် အသက်အောင့်ထားလိုက်တယ်.. မျက်စိကိုစုံမှိတ်ပြီး အံကို ခပ်တင်းတင်း ကြိတ်လိုက်တယ်.. လက်သီးကိုလည်း ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်တယ်.. ရှိသမျှအားအင်တွေကို စုရင်း စိတ်ရှိလက်ရှိ... ညှစ်ချလိုက်တယ်...

(((((((((((... ဗွမ်း ...)))))))))))

ကျနော့် နားထဲက လေတွေထွက်သွားတာ “ဟူးးး..” ကနဲ ပါပဲ..။ ကျနော့် မျက်နှာကြီးလည်း ပူရှိန်းနီရဲသွားတယ်.. ။ ကျနော့်တစ်ကိုယ်လုံးလည်း ပူထူပြီး ပျော့ခွေသွားပါတယ်.. ကျနော် သူ့ကို မ၀ံ့မရဲ မော့ကြည့်လိုက်တော့.. သူ... ကျနော်နဲ့ ခပ်လှမ်းလှမ်း ဒေါင့်တစ်နေရာကို ရောက်နေပါပြီ.. ကျနော့်ကို နှာခေါင်းရှုံ့ပြီး ကြည့်နေတဲ့ သူ့မျက်ဝန်းတွေက အံ့သြမှုတွေ.. ထိတ်လန့်မှုတွေ.. ရွံရှာမှုတွေနဲ့..။

မျက်နှာကချွေးတွေကို ခိုးသုတ်ဖို့ လက်လှမ်းလိုက်ချိန်မှာပဲ သူကတော့ ကျနော့်ကို ကျောခိုင်းပြီး တလှုပ်လှုပ်နဲ့ အဝေးဆုံးကို ပြေးထွက်သွားပါပြီ..။ သူ.. ကျနော့်ကို လန့်များသွားတာလား..! ရှက်များသွားတာလား..! ဒါမှမဟုတ်..! ကျနော် ဘာဆက်လုပ်ရမလဲ..!

ကျနော် သက်ပြင်းချလိုက်ရင်ကောင်းမလား..! လေထဲမှာ လွင့်မြောနေသလို ခံစားနေရတယ်.. ပေါ့ပါးသွားပါပြီ.. ကျနော် ကျေနပ်သွားပါပြီ.. ရုတ်တရက် တံခါးကို တွန်းဖွင့်ပြီး လောကကြီးထဲ ပြေးဝင်လိုက်တာ တိုက်ခတ်နေတဲ့ လေအေးအေးတွေက ကျနော့်ကို ပွေ့ဖက် တစ်ကိုယ်လုံး အပူတွေ ထွက်တဲ့ အထိပါပဲ..။

ကျနော် ငိုရမလား..! ရယ်ရမလား..!
ကျောင်းအိမ်သာကြီးကတော့ ကျနော့်ကို ကြည့်ပြီး တဟားဟားနဲ့..
အိမ် သာ ထဲ က မြေ ကြွက် ကြီး က တော့.....။

(ကိုရင်နော်)Bye

ဖွင့်ဟချက်။ ။ ဟိုး.. လွန်ခဲ့တဲ့ နှစ် (၂၀) ကလေးအရွယ်.. ရွာကျောင်းက တွင်းအိမ်သာထဲမှာ ဆုံတွေ့ခဲ့ရတဲ့ မြေကြွက်ကြီးနဲ့ ကျနော့်ရဲ့ သည်းထိတ်ရင်ဖို ဖြစ်ရပ်မှန်လေးပါ.. မြေကြွက်ကြီးက အိမ်သာ ထုတ်တန်းပေါ့ကနေ ဆင်းလာတယ်.. ကျနော့်ရဲ့.. ဗွမ်း..))) ကနဲ ပြင်းထန်တဲ့ ပေါက်ကွဲသံကို ကြားတော့.. ထွက်ပြေးသွားတယ်.. ဒါပါပဲ.. အဲ့ဒီတုန်းကတော့ ဒုက္ခပေါ့.. အခုပြန်တွေးကြည့်တော့လည်း ရယ်စရာ ညစ်တီးညစ်ပတ် ဟာသလေးပါ.. ဟီးး
ညီလေးဂျဲဂျယ်
ရေ.. ညီ Tag ထားတဲ့ တက်(ဂ်) ကြွေးလေးကို ဗွမ်း.. ကနဲ စပ်လိုက်ပါတယ်နော်.. ဟီးးး :D

Sunday, March 1, 2009

အဲ့ဒီ....နှင်းဆီ

ကျွန်မ နှင်းဆီတွေကို သိပ်ကိုချစ်တာ ဝန်ခံပါတယ်... သူတို့ကိုထိတွေ့တိုင်း ဘယ်လိုဂရုစိုက်စိုက်ပါ.. ကျွန်မ ဆူးစူးတတ်တယ် ထိန်းလို့မရဘူး... တစ်ခါက အရမ်းအဆိပ်ပြင်းတဲ့ နှင်းဆီဖြူတစ်ပွင့်ရဲ့ ဆူးစူးဖူးတယ် ကျွန်မညာလက်ညှိုးလေး လေးရက်တိတိ ယောင်နေခဲ့ဖူးပါတယ်.. နာကျဉ်တဲ့ ခံစားမှုနဲ့အတူ အဲ့ဒီ....နှင်းဆီရဲ့ အဆိပ်ပြင်းခြင်းကို ဘဝမှာပထမဦးဆုံး အကြိမ်အဖြစ် မှတ်မှတ်ရရ မမေ့နိုင်စွာ...........................။

အံ့သြဖို့ကောင်းတာက အဲ့ဒီ....နှင်းဆီကို ကျွန်မအရူးအမူး တွယ်တာသွားခဲ့တယ်.. ခုထက်ထိ ပန်းတွေဝယ်ဖို့ ပန်းဆိုင်ရောက်တိုင်း အဲ့ဒီ....နှင်းဆီကို လက်ကလှမ်းနေမိဆဲ.... ဖွဖွလေး မထိတထိကိုင်ရင်း ပြန်ပြန်ချထားခဲ့မိတတ်တယ်... ပန်းဆိုင်တွေကို ရောက်သွားတိုင်း ဘာမှမဝယ်ခင် အဲ့ဒီ....နှင်းဆီဆီ ရောက်အောင်သွား...! ထိတွေ့...! ပြန်ချ...! တခြားပန်းကိုဝယ်..... ဒီနေ့ထိတိုင် သံသရာလည်နေဆဲ..။

ဝယ်လိုက်ရင် ပိုပြီးရင်းရင်းနှီးနှီး ကိုင်တွယ်ဖြစ်မယ်... ကိုင်တာနဲ့ခပ်နက်နက် ဆူးစူးခံရမှာ အသေအချာဘဲ... အစူးခံလိုက်ရမှာကို အရမ်းမက်မောနေမိသူလို ခပ်ကြောင်ကြောင် စိတ်ကူးတွေနဲ့ အမြဲ~~~~~~~~!! အဲ့ဒီ....နှင်းဆီက စူးလို့ထွက်လာမဲ့ အနီရောင်သွေးစတွေ စီးကပ်ခြောက်သွေ့သွားတဲ့အထိ ကျွန်မကျေကျေနပ်နပ်နဲ့ ကြည့်ချင်နေမိတာ... ကြောက်လန့်စိတ်ဆိုတာ တစ်စလေးမှ မရှိတာ အတိအကျ...။

ဒါပေမဲ့ ကျွန်မလုံးဝ မဝယ်ဖြစ်တော့ဖူး... အဲ့ဒီ....နှင်းဆီ... ကျွန်မကို ပေးခဲ့ဖူးတဲ့ အရသာကို ဘဝမှာ တစ်ခါပဲ ရင်ထဲမြတ်နိုးစွာနဲ့ တစ်သက်လုံး သိမ်းထားချင်မိလို့ပါဘဲ... ဒီလိုနဲ့ အဲ့ဒီ....နှင်းဆီဟာ ကျွန်မအတွေးတွေကို သေချာထည့်ထုပ်ထားတဲ့ အထုပ်တစ်ထုပ်ကို ဖဲကြိုးချည်တတ်လာတယ်... တစ်ခါတစ်ခါ ကျွန်မ မသိစိတ်ထဲအထိဝင်ပြီး ညှို့တတ်ပြန်သေးတယ်...

အညှို့ခံရတိုင်းလည်း ကျွန်မခြေလှမ်းတွေက ပန်းဆိုင်တစ်ဆိုင်ဆိုင်ကို အလိုလိုကို လှမ်းနေမိရော... ပန်းရနံ့ပေါင်းစုံတဲ့ ဆိုင်မှန်တံခါးကို တွန်းဖွင့်ဝင်ရင်း ခြေအစုံက အဲ့ဒီ....နှင်းဆီရှေ့မှာရပ်လို့ခစား...!! အဲ့ဒီ....နှင်းဆီပေါ့...!!! ခပ်တည်တည်နဲ့ သူကိုယ်တိုင်ချည်ထားတဲ့ ဖဲကြိုးကိုဖြည်ရင်း ကျွန်မအတွေးတွေကို ကဗျာတစ်ပုဒ်လို ဖတ်နေတာများ... ချစ်ဖို့ကောင်းစွာ ပိုင်စိုးပိုင်နင်းနိုင်လိုက်တာလေ...။

ကျွန်မကရော ဘာထူးလို့လည်း... ဖဲကြိုးဖြေလို့ ဖွင့်ထားတဲ့အထုပ်ထဲကို အတွေးတစ်စ ထပ်ထည့်ပေးခဲ့တတ်သေးတာပဲ မဟုတ်လား....!! ဒါဟာ... ကျွန်မချစ်တဲ့ အဲ့ဒီ....နှင်းဆီဖတ်ဖို့ ကဗျာတစ်ပုဒ်ရဲ့ စာမျက်နှာ ထပ်တိုးခြင်းပေါ့... ရှိပါစေလေ... ကျွန်မကိုယ်တိုင်က ကျေနပ်ခြင်းတွေနဲ့ ရင်ဘတ်ထဲမှာပြည့်လို့..............................................။

ဒီမှာ နှင်းဆီ
အတွေးတွေချုပ်ထားတဲ့ ကဗျာတစ်ပုဒ်ဟာ

ချိုမြိန်နိုင်မယ်ထင်လား..!!

မရယ်နဲ့ နှင်းဆီ

လှောင်အိမ်ဆိုတဲ့ ကြောက်မက်ဖွယ်ကို

မင်းမှမသိတာ..!!

လက်ထိပ်နဲ့အခတ်ခံရမှ ခြေတွေထူးခတ်ခံရမှ

သံတိုင်လေးဖက်ကာရံမှ

အချုပ်ကျခြင်း မဟုတ်ဖူးဆိုတာ...!!


အိပ်မက်မဟုတ်တဲ့ နှင်းဆီအိပ်မက်က နိုးထပြန်တော့... ကျွန်မဘေးမှာ ဖဲကြိုးချည်ထားတဲ့ အထုပ်တစ်ထုပ်...!! အထုပ်ထဲမှာ နှင်းဆီရနံ့တွေ ထုံအီနေတဲ့ ကျွန်မအတွေးတွေရှိနေတယ်...။ အဲ့ဒီ....နှင်းဆီ..!! မင်းတစ်ဝကြီးဖတ်ဖို့ လှောင်ပိတ်မွန်းကြပ်နေတဲ့ ငါ့ကဗျာတွေရှိနေတယ်..... ကျွန်မကဘယ်လိုပဲ ဖြစ်ဖြစ်ပါ... အသက်ရှုမဝခြင်းတွေကို အသားကျရင်း ဝအောင်ရှုတတ်ဖို့ကို မေ့နေခဲ့တာတောင်ကြာနေခဲ့ပြီ.....!! ဒီမှာ ကျွန်မချစ်တဲ့ အဲ့ဒီ...နှင်းဆီ...!! ငါ့အတွေး ကဗျာတွေနဲ့............ မင်း........... ပျော်........... နိုင်........... ပါ........... စေ..........။

(ခင်လေးငယ်)