Sunday, April 26, 2009

ကျနော်လူဆိုး (၁)


“သားရယ် ပုဆိုးကို သေချာဝတ်ပါ ပိုသီပတ်သီနဲ့..”
“ဟုတ်.. မေ့..”
“ပြောလိုက်ရင် ဟုတ်.. မေ့.... ဟုတ်.. မေ့နဲ့.. ဘယ်တော့ မှ မပြင်ဘူး..”

ကျောင်းသွားခါနီးတိုင်း ကြားနေကျ မေမေ့အသံက ရိုးသလိုတောင် ရှိနေပါပြီ..။ ဘယ်တော့မှ နားမထောင်ဖြစ်ခဲ့..။

ကျောင်းစိမ်း ဝက်ဝံပုဆိုး အစိမ်းပုပ်ရောင်က ကျနော့် အတွက်တော့ နည်းနည်း ကြီးနေပါသေးတယ်.. ဒါပေမယ့် ဝတ်မှာပဲ.. ဒါ ကျော်သူ စတိုင်လေ..။ ပုဆိုးကခပ်တိုတို.. ခါးပုံစက ရှည်ရှည်.. ရှပ်အင်္ကျီ အဖြူပွပွနဲ့ ကျနော့် ပုံက ရှစ်တန်း ကျောင်းသားပုံတော့ မပေါက်ပါဘူး..။ လွယ်ကြိုးကို အထုံးကြီးကြီး ထုံးထားတဲ့ ကျော်သူ လွယ်အိတ် အဖြူပွပွကြီး လွယ်ပြီး ဦးထုပ်ကို ပြောင်းပြန် စောင်းလိုက်တော့ ခပ်ဆိုးဆိုး ဂျစ်ကန်ကန် ကလေးတစ်ယောက်ဆိုတာ ပြောနေစရာမလိုပါဘူး..။ ဒါ ကျနော့် စတိုင်..။

“ဟဲ့.. သား.. စက်ဘီးကို ဖြေးဖြေးစီးနော် ခင်လေး ကိုလည်း စစ မနေနဲ့..”

“ဟုတ်))))))))))).... မေ့ ......”

မေမေ့ စကားသံတောင် မဆုံးသေးဘူး အိမ်ရှေ့မှာ ထောင်ထားတဲ့ စက်ဘီးကို ဒေါက်ဖြုတ်.. အရှိန်နဲ့ ပြေးတွန်း တွန်းရင်း လွှား ကနဲ ခုန်တက်လိုက်တယ်..။ ဒါက ကျနော် စက်ဘီးပေါ်တက်တဲ့ စတိုင်..။ မေမေ့ စကားကိုလည်း တော်တော် နားထောင်တာပါ..။ စက်ဘီးကို မြွေလိမ် မြွေကောက် စီးမယ်..။ ရှေ့ဘီး ထောင်မယ်.. နောက်ဘီးထောင်မယ်..။ အဲ့ဒီလောက်ကို လိမ္မာတာ..။

ကျနော်တို့မြို့လေးရဲ့ ကျောင်းတက်ချိန် မနက်ခင်းလေးက စက်ဘီးလေးတွေ ကိုယ်စီနဲ့ ဖြူဖြူ စိမ်းစိမ်းကြီးကို လှနေတာပါ..။ တောင်ပေါ်မြို့လေးဆိုတော့ ကုန်းတက်လေးတွေ.. ကုန်းဆင်းလေးတွေနဲ့..။ ကုန်းတက် ရောက်ရင် စက်ဘီးကို မတ်တတ်ရပ်ပြီး နင်းပါတယ်.. စက်ဘီးကို ဘယ်ယိမ်း.. ညာယိမ်းနဲ့ ကိုယ်ကို ဟန်ချက်ညီညီ စောင်းရင်း.. ယိမ်းရင်း.. နင်းတက်လိုက်တာ ကုန်းတက်လေးတွေ တစ်ခုပြီးတစ်ခု..။ ကုန်းဆင်းရောက်ရင်တော့ လက်နှစ်ဖက်ကို လွှတ်ပြီး စတန့်ထွင်စီးလိုက်ပါသေးတယ်..။

“(((ကလင်းးးး လင်းး ကလင်းး ကလင်းး..))) ခင်လေး.. ဟေ့ ခင်လေး..”
ခင်လေးတို့ အိမ်ရှေ့အရောက် စက်ဘီး ဘဲလ် ကို ခပ်ကြမ်းကြမ်း တီးရင်း အော်ခေါ်လိုက်တော့..

“ခင်လေး ခုလေးပဲ သွားပြီ သားရဲ့..”

ခြံထဲတွင် နှင်းဆီပန်း ခူးနေတဲ့ ခင်လေး မေမေက လှမ်းပြောတယ်..

“အော်.. ဟုတ်.. အန်တီ.. ဒါဆို သားလည်း သွားတော့မယ်..”

“အေးအေး.. သား.. မောင်နှမ နှစ်ယောက် ရန်မဖြစ်နဲ့နော်..”
“ဟုတ်)))))))))))))).. အန်တီ..”
ခင်လေးမေမေကလည်း ကျနော့်ကို ချစ်ပါတယ်..။ ခင်လေးနဲ့ မတည့်မှန်းလည်း သိတယ်.. ကျနော် ဆိုးမှန်းလည်း သိတယ်.. ဒါပေမယ့် ကျနော်ကပဲ ချစ်မွှေးပါသလားမသိ ကျနော့်ကို ချစ်ကို ချစ်ကြတာ..။

လမ်းမှာတွေ့တဲ့ လူတွေကို စရင်း နောက်ရင်း နှုတ်ဆက်ရင်း ကျောင်းဖက်ကို ဆက်နင်းလာခဲ့တယ်..။ ခင်လေး ကတော့ ကျနော့် ရန်ကို ကြောက်လို့ စောစောထွက်သွားတာနေမှာ.. ကျောင်းသွားရင် သူ့စက်ဘီးရှေ့က ကိုးရိုးကားရား ပတ်စီး..။ ကုန်းတက်ရောက်ရင် သူ့စက်ဘီး ကယ်ရီယာကို အနောက်ကနေလိုက်ဆွဲနဲ့ အမျိုးမျိုး စတတ်တဲ့ ကျနော့်ကို ကြောက်မယ်ဆိုလည်း ကြောက်စရာပါ..။ သူ အိမ်မှာ သွားသွား တိုင်လို့ မေမေ ရိုက်ပေါင်းလည်း များပြီ.. အဲ့ဒါလည်း မမှတ်..။ ခင်လေးနဲ့က မွေးကတည်းက ကုတင်ဘေးချင်း ဖွားဖက်တော်တွေ..။ မေမေကလည်း ခင်လေးကို တော်တော်ချစ်တယ်.. ချစ်မှာပေါ့.. ခင်လေး မေမေ နို့မထွက်လို့ ကျနော့် မေမေက ခင်လေးကို နို့တိုက်ခဲ့ရသေးတာကိုး..။ နို့စို့ဖက် တွေ ဆိုပါတော့..။

“(((((ဒေါင်း.. ဒေါင်း.. ဒေါင်းဒေါင်း ဒေါင်းဒေါင်းဒေါင်းဒေါင်းဒေါင်းးးးးးး)))))”

ကျောင်းတက် သံချောင်းလည်း အခေါက် ကျောင်းရှေ့လည်း အရောက် ကွက်တိပါပဲ..။

ဗြုံးကျောက်ခဲလေးတွေ ခင်းထားတဲ့ စက်ဘီးရပ်တဲ့နေရာရောက်တော့ ရှေ့ဘရိတ်ကို အုပ်.. ခြေတစ်ဖက်ကို ထောက်ပြီး နောက်ဘီးကို ဒရွတ်တိုက် “ရှော” ကနဲ စက်ဝိုင်းပုံ တစ်ပတ်လည့်ပြီးမှ ပါကင်ထိုးလိုက်တယ်.. စိတ်ထဲမှာတော့ ဒီတီ စီးလာတဲ့ ဆိုက်ကယ် စတန့် မင်းသားလိုလို..။ အဲ့ဒါ ကျနော့် စက်ဘီး ရပ်တဲ့ စတိုင်..။

ကျနော်တို့ ကျောင်းက အလယ်တန်းကျောင်းလေ.. ဖုန်တွေ တက်နေတဲ့ ပျဉ်ဆောင်ကြီး..။ ခင်လေးနဲ့က အခန်း မတူဘူး.. သူက ရှစ်တန်း အေ.. ကျနော်က ဘီ..။ အခန်း မတူတာကိုပဲ သူကပျော်နေတာ မဟုတ်ရင် ကျနော် နှိပ်စက်တာ ပိုခံရမှာလေ..။ သူတို့ အခန်းက ဒေါင့်ခန်း.. ခင်းလေးထိုင်တာက ပြူတင်းပေါက် ဘေးမှာ..။

အခန်းထဲ အားလုံး ဝင်ကုန်ကြပြီ..။ ဟော... တွေ့ပါပြီ.. ဒင်းက အတန်းထဲတောင် ရောက်နေပြီ.. ဒီနေ့တော့ ထူးထူးဆန်းဆန်း သူ့ဆံပင် နီကြောင်ကြောင်ကို နှစ်ဖက်ခွဲပြီး စည်းထားပါလား.. ပါးမှာလည်း ပါးကွက်ကြားနဲ့..။

ပြူတင်းပေါက် ဘောင်ကို လက်ထောက်ပြီး..
“ဟိတ်..!!!..”
ခေါ်လည်း ခေါ်.. လက်ကလည်း ခေါင်းကို ပုတ်ပြီးသား..

“ကောင်စုတ်.. စောစောစီးစီးနော် ရန်လာမစနဲ့..”
ခေါင်းကို ပုရင်း မျက်လုံး ပြူးပြူးကို စောင်းနေအောင် ထိုးလိုက်တဲ့ မျက်စောင်းက ကျနော့်အတွက်တော့ ဘာဟုတ်တာမှတ်လို့..

“ဟဲဟဲ.. နင် ငါ့ ကြောက်လို့ သွားနှင့်တာမလား..”

“အမယ်.. နင့်များ သေတောင် မကြောက်ဘူး.. ငါ သန့်ရှင်းရေးရှိလို့ စောလာတာ..”
“ဟဲဟဲ.. ကြောက်ရင် ကြောက်တယ်ပြော.. ငါတို့ အခန်းရော တံမြက်စည်း လှဲပြီးပြီလာ..”
“သေနာ.. ငါ ကွန်ပါဘူးနဲ့ ပေါက်လိုက်မယ်နော်.. သွားသွား ဆရာမလာပြီ..”
“ဟီးးဟီးးး”
ကျနော်လည်း ကျနော့် အခန်းထဲကို ခုန်ပေါက်ပြီး ဝင်လိုက်တော့တယ်..။

......................................... (၂) .........................................

အတန်းထဲမှာတော့ ကျနော်က လူပြောင်တစ်ယောက်ပါ.. ဟိုလူ့စ ဒီလူ့စနဲ့ ဗရုတ်ကျကျပေါ့..။ အိမ်စာဆိုလည်း ဘယ်တော့ မှ မပြီးဘူး..။ စာမေးရင်လည်း ဟိုလိုလို ဒီလိုလို..။ ဆရာမကို ဝေ့လည်း ကြောင်ပတ်နဲ့ ဟိုဟာ ပြန်မေး ဒီဟာပြန်မေး..။ အတန်းပိုင် ဆရာမက ခဏခဏပြောတယ်..
“ရင်နော် နင်တော့နော်.. ရိုက်ရင်လည်း နာရုံပဲရှိမယ်.. ဉာဏ်ကောင်းရဲ့သားနဲ့ စာမကြိုးစားဘူး.. မျောက်ရှုံးအောင် ဆော့ဖို့ပဲသိတယ်” တဲ့..
ကျနော်ကတော့ ဆရာမ ဆူရင်လည်း ပြုံးပြုံးကြီး တဟီးဟီးနဲ့ စပ်ဖြီးဖြီး ပြန်ကြည့်နေလိုက်တာပဲ..။

ကျနော်ကလည်း ကျနော်ပါ.. စာကျက်လိုက်ရင် ခဏလေးနဲ့ ရရဲ့သားနဲ့ မကျက်ဘူး..။ မေမေရိုက်လည်း ရိုက်ရိုက်ပဲ.. ဆရာမရိုက်လည်း ရိုက်ရိုက်ပဲ..။ ဆော့မယ်.. သူများကို စ မယ်.. ဒါပဲ ကျနော့် ဝါသနာ..။ အတန်းထဲမှာဆို အမြဲ ကပ်အောင်ပဲ..။ ဘယ်တော့မှ အဆင့်တွေ ဘာတွေ ချိတ်တယ်ဆိုတာ မရှိဘူး..။ ခင်လေးကတော့ သူတို့ အတန်းမှာ အမြဲ ပထမရတယ်.. လက်ရေးဆိုလည်း ဝိုင်းနေတာပဲ..။ ကျနော့် လက်ရေးကသာ ပဲပင်ပေါက် အထုတ်လိုက် ကားတက်ကြိတ်ထားတဲ့ လက်ရေး..။ မေမေ ဆို ခင်လေးနဲ့ နှိုင်းနှိုင်းပြီး ကျနော့်ကို အမြဲ ဆူတယ်.. အသုံးကို မကျဘူး.. ဘာညာကွိကွပေါ့..။ မေမေဆူလေ ခင်လေးကို ပိုတင်းလေပဲ.. ဒင်းကြောင့် ဆူခံရတာ.. ဒင်းသာ စာညံ့နေရင် ကျနော် ဆူခံရမှာ မဟုတ်ဘူး..။

“(((ဒေါင်း ဒေါင်း ဒေါင်းဒေါင်း ဒေါင်းးးး..)))”
မုန့်စားကျောင်းဆင်းပြီ... မေမေထည့်ပေးလိုက်တဲ့ မုန့်တွေက ဆရာမ စာသင်နေတုန်းမှာ ခိုးခိုးစားလိုက်လို့ ကုန်ပြီ..။ အခု စားစရာက မရှိတော့ဘူး..။ ဟွန်း ဟွန်း.. ဘယ်ရမလဲ.. ဒင်းတစ်ယောက်လုံးရှိတာပဲ..။ ညာတာပါတေးနဲ့ သွားတောင်းစားမှ..။

ခင်လေးတို့ အတန်းထဲ ဝင်သွားလိုက်တော့ ဒင်းက စားပွဲပေါ်မှာ မှောက်ပြီး အိပ်နေလေရဲ့...
“ဟဲ့.. ဘာဖြစ်နေတာတုန်း..”

ခင်လေးနဲ့ တူတူထိုင်တဲ့ ထက်သူဇာလှဝင့်ရွှေရည် က
“ဟဲ့ ရင်နော် နင်သွား မစနဲ့နော် ခင်လေး ဗိုက်နာနေလို့တဲ့..”

“ဟမ်.. ဟုတ်လား.. ဘာစားလို့လဲ..”

“ဘာမှ မစားဘူး သူ့မုန့်ဗူးတောင် ဒီတိုင်းရှိသေးတာ..”
ကျနော့် မျက်လုံးက ခင်လေး မုန့်ဗူးဆီကို “ဂွီ” ကနဲ ရောက်သွားတယ်..

“ဟဲ့ ခုနှစ်လုံး နင်တို့က လျက်ဆားတွေဘာတွေ မကျွေးထားဘူးလား..”
“ထက်သူဇာလှဝင့်ရွှေရည်” က သူ့ကို “ခုနှစ်လုံး” လို့ ခေါ်တာ သိပ်တော့ မကြိုက်.. လေသံခပ်မာမာနဲ့.. ပြန်အော်တယ်..
“ဘာ ခုနှစ်လုံးလဲ သေဦးမယ်.. ဘာ လျက်ဆားမှ မရှိဘူး..”

“ဒါဆို နေဦး ငါ လျက်ဆား သွားရှာဦးမယ်.. ခင်လေး.. ဟေ့.. ခင်လေး.. နင် လျက်ဆား စားလိုက်နော်.. ငါသွားယူလာခဲ့မယ်..”
ခင်လေးက တော်တော် နာနေတယ် ထင်ပါတယ်.. ခေါင်းတောင် မထောင်နိုင်ဘူး..

“ဟဲ့ နင့်မုန့်ဗူးကရော.. မုန့်စားလို့ ဖြစ်တာထင်တယ်..”
ခင်လေးက ကြိုးစားပြီး ခေါင်းထောင်လာတယ်.. မျက်နှာက ရှုံ့မဲ့လို့.. လက်တဖက်ကလည်း ဗိုက်ကို ဖိထားသေးတယ်.. အသံခပ်တိုးတိုးနဲ့..
“နင်ယူသွားလိုက်တော့” တဲ့

“အေအေ.. နင်ဗိုက်နာနေရင် ဘာမှ စားလို့ မရဘူး.. ပိုဆိုးသွားလိမ့်မယ်.. ငါလျက်ဆားသွားရှာခဲ့မယ်နော်..”
ကျနော်လည်း ခင်လေးရဲ့ မုန့်ဗူးကို “ဂလု” ကနဲ့ နေအောင် ဆွဲပြီး လစ်တော့တာပဲ..။

စိန်ပန်းပင်ကြီး အောက်မှာ အကျအနထိုင်ပြီး မုန့်ဗူးကို ဖွင့်လိုက်တော့.. အားပါးပါး.. ပေါင်မုန့်ယိုသုတ်က မွှေးနေတာပဲ.. ချိုချဉ် သုံးလုံးလည်းပါတယ်.. လိမ္မော်သီး အခွံနွှာပြီးသားလေးတွေလည်း ပါတယ်..။ ဟီးးဟီးးဟီးးး ခင်လေးမေမေက သေချာ လုပ်ပေးလိုက်တာ.. ဟဲဟဲ.. ခုတော့ တားတားအတွက်.. တားတားပဲ ချားလိုက်တော့မယ်.. ဟဲဟဲ.. “ဇိ” ကနဲ “ဇိ” ကနဲ အားရပါးရ ကိုက်စားလိုက်တာ ဗိုက်ကို တင်းရော..။

လျက်ဆား..!!!
လျက်ဆား ဘယ်က ရမလဲ..!!
ဘယ်လို ရှာရမလဲ..!!
ဟုတ်ပြီ..!!
ခေါင်းထဲမှာ “တိန်” ကနဲ မီးလင်းသွားတယ်..
ရွှေဉာဏ်တော်က အကျင့်တော် ပုပ်ဖို့ဆို စူးရှလှပါပေ့..။

ပျဉ်ဆောင်ကြီး နံရံမှာ ဖုန့်မှုန့်တွေ တော်တော်ထူထူကပ်နေတာ.. လမ်းဘေးလည်းဖြစ် ဖြတ်သွားဖြတ်လာ ကားကလည်း များဆိုတော့ ဖုန်တွေ အလိပ်လိပ် တက်နေတာပေါ့..။ ငတက်ပြား ခြေလှမ်းမျိုးနဲ့ အခန်းပြင်ကိုထွက်..။ ပျဉ်နံရံက ဖုန်မှုန့်တွေကို လက်ညိုးလေးနဲ့ အသာသပ်.. လက်ဖုဝါးပေါ်သေချာထည့်.. ပြီးတော့.. ဒန် တန့် တန်..။

“ဟူးးး.. ခင်လေးရေ... ဒီမှာ ရပြီ လျက်ဆား.. ရုံးခန်းမှာ သွားတောင်းလာခဲ့တာ.. ကောင်းတယ်ဟ.. ခင်လေး ကြည့်စမ်း..”
လက်ဖဝါးပေါ်က ဖုန်လျက်ဆားကို လက်ညိုးနဲ့ တို့.. ပြီးတော့ လက်ခလယ်ကို ပါးစပ်ထဲထည့်.. တကယ် စားနေသလိုလို ဟန်ဆောင်ပန်ဆောင် “ပလပ်ပလပ်” လုပ်ပြလိုက်တော့ ခင်လေးလည်း စားချင်လာတယ် ထင်ပါတယ်..

“ပေး..” တဲ့
ထက်သူဇာလှဝင့်ရွှေရည် ကလည်း စားလိုက် ဆိုတဲ့ ပုံစံနဲ့ သူ့ကို ခေါင်းညိတ်ပြနေတယ်..

ကျနော်က လက်ဖဝါးကို လှမ်းပေးလိုက်တာက သူ့လက်နဲ့ တို့စားဖို့ပါ.. ဒင်းက ကျနော့်လက်ဝါးကို မှောက်ပြီး ဖုန်လျက်ဆားကို ဒင်းလက်ဝါးထဲ ပြောင်းထည့်လိုက်လေရဲ့.. ပြီးတော့ ဘာမပြော ညာမပြောနဲ့.. ခေါင်းကို မော့ပြီး.. “ဗတ်” ကနဲ့ ပါးစပ်ထဲ ပစ်သွင်းလိုက်တာ အကုန်လုံးပါပဲ..

“ဟိုက်...!!!!”
ကျနော် မျက်လုံး ပြူးသွားတယ်.. သွားပြီ.... အီးးးးးး

ပလပ်ပလပ်နဲ့ စားကြည့်နေတယ်.. မျက်မှောင်ကြုတ်လာတယ်.. အရသာတွေ့သွားပြီ...
“ဖလူးးးးးးးးးးးးး ဖူးးးးး... ထွီးးးးးးးးးးးးးးးးးး ဝလူးးး ဝလူးးးးးး အားးးးးးးးး”

ကျနော် မျက်လုံးမှိတ်ထားလိုက်တယ်.. သွားရှာပြီ...

“ဝါးးးး.. ဝါရီးဝေရဲ.. ဖွီးးးးးးးး ဝေါ့...”
(“အားးး.. ဘာကြီးတွေလဲ” ဆိုတာကို ဗလုံးဗထွေးနဲ့ ပြောတဲ့ အသံ)
“ဟာ... ငါ.. ငါ..”
ကျနော် ခြေမကိုင်မိ လက်မကိုင်မိ

“ခွေကောင်စုတ်.. နင် နင်.. အီးးး ဟီးးးး ဖလူးးးးး ထွီးးးးးး အီးးးးဟီးးရီးးရီးးး တိုင်ပြောမယ်.. အဟွတ် အဟွတ်... သွာာားးးးးး
ငိုလည်း ငို အော်လည်း အော် စားပွဲပေါ်က စာအုပ်တွေနဲ့ ကောက်ပေါက်.. ကျနော်လည်း ပြေးရုံမှ တပါး အခြားမရှိတော့ပြီ..။

ဘယ်လို ကျန်ခဲ့လည်း တော့ မသိ.. ကျနော်လည်း လစ်တာ တန်းနေတာပဲ..။
သေချာတာက သူ ကျနော့် မေမေ့ကိုပဲ တိုင်မှာ ဘယ်လောက် စစ ကျောင်းမှာ ဆရာမတွေကို မတိုင်တတ်တာ ဒင်းရဲ့ အကျင့်..။

......................................... (၃) .........................................

ကျောင်းဆင်းတော့ ခင်လေးတစ်ယောက် စက်ဘီးကို မြန်မြန်ထုတ်ပြီး ထွက်သွားလေရဲ့.. မျက်နှာကလည်း ငိုထားတာ နီရဲလို့..။ သေချာပြီ မေမေ့ဆီသွားပြီ..။ မတတ်နိုင်ဘူး ရင်ဆိုင်ရုံသာရှိတော့တာပေါ့.. ကိုယ်က လွန်သွားပြီပဲ..။ အိမ်ရှေ့ရောက်တော့ ထင်တဲ့ အတိုင်းပဲ ဒင်းစက်ဘီးက ခြံထဲမှာ ရပ်ထားလေရဲ့..။

“အီး ဟီးးး ရှိရှိ.. ဟင့် ဟင့် ဟီးးးး ရှိရှိ.. ဟီးး ရီးး ရီးး ရီးးးးးး ရှိရှိ”
အခြေအနေ မကောင်းဘူး.. ဒင်းငိုသံက တော်တော် အရှိန်ရနေပြီ.. “တရှိရှိ” နဲ့ ရှိုက်ရှိုက်ပြီးကို ငိုနေတာ..

ဖနောင့်က ခြေမှုန်လေးကို လက်ညိုးလေးနဲ့တို့.. အသက် အောင့်ပြီး နဖူးကို သုတ်လိုက်တယ်..။ အကျင့်ပါနေလို့သာ အန္တရာယ် ကင်းလို ကင်းငြား သုတ်လိုက်တာ.. ဒီလို လုပ်တိုင်းလည်း ရိုက်ခံရတာပါပဲ..။ အခုတော့ ရင်တွေလည်း “တဒိန်းဒိန်း..” ကြက်သီးတွေလည်း “တဖြန်းဖြန်း..” ကြောက် အီးအီးတွေလည်း ပန်း ချင်သလိုလို..။

“လာစမ်း..!! လာစမ်း..!! နင်ဟာလေ.. ငါ သတ်မိတော့မယ်..”
မေမေ တော်တော် စိတ်ဆိုးနေပြီ.. လက်ထဲမှာလည်း ဖုန်သုတ်တဲ့ ကြက်မွှေးနဲ့..
“မဟုတ်ဘူး.. မေ့..”

“လာစမ်း.. ကဲ ဟယ်.. ကဲ ဟယ်.. ((((ဖုန်း)))) ((((ဖုန်း)))) (((ရွှမ်း..))) ကယ် ဟယ်.. ((ရွှမ်း)) ဖုန်မှုန့်ကိုများ ဘာမှတ်နေလဲ.. ဟင်းး.. ရောဂါတွေ ဘာတွေ ရနိုင်တယ် သိရဲ့လား.. ((((ဖုန်း)))) ((((ဖုန်း)))) ((((ရွှမ်း)))) ((((ရွှမ်း)))) ကယ် ဟယ်.. ကယ်ဟယ်... (((ဖုန်း..)))...”
မေမေ တကယ်ရိုက်ပါပြီ.. ပြောလည်း ပြော ရိုက်လည်း ရိုက်..

“အား... မေ့ .. မေ့.. မဟုတ်... အာ့.. မေ့.. ဟင့်.. အာ့ နာတယ်..”
ကျနော် ခုန်ရှောင်ရင်း.. ခုန်ဆွဆွနဲ့ မျက်ရည်တွေ ဝဲလာပြီ.. ဝက်ဝံပုဆိုးကြီးက ထူနေလို့သာ ခံသာတာ.. မေမေ့ ဒေါသက တော်တော် ပြင်းနေပြီ.. ခြေသလုံးကိုများ ထိလိုက်ရင် “ရွှမ်း” ကနဲ “ရွှမ်း” ကနဲ နေတာပဲ..။

“အီးးးးဟီးးး နောက် မစတော့ ပါဘူး.. ဟီးးး အာ့ဟဟ နာတယ် မေ့.. ဟီးးး ရှိရှိ.. ရှီး ရှလွတ်..”
ကျနော်လည်း နာလွန်းလို ငိုမိပါပြီ.. ဘူးသီးလောက်ရှိတဲ့ မျက်ရည်လုံးကြီးတွေလည်း “ဝုန်း” ကနဲ.. “ဝုန်း” ကနဲ..။ နှပ်တွေလည်း ထွက်ကုန်ပြီ.. ပုဆိုးလည်း ကျွတ်လုမတတ် အာကာထွန်း အောက်ခံ ဘောင်းဘီတိုတောင် ပေါ်နေပြီ.. ဒင်းမျက်နှာကိုကြည့်တော့ ကျေနပ်ပုံလည်း မပြ.. ဒင်းလည်း တရှုံ့ရှုံ့နဲ့ ငိုနေတုန်း..

“ကယ် သမီးလည်း ကျေနပ်တော့နော်.. မေမေ ရိုက်ပြီးပြီ နော်..”
မေမေက သူ့ခေါင်းလေးကိုသပ်ရင်း စိတ်ကျေနပ်အောင် ချော့တာပေါ့..
“သမီး မကျေနပ်သေးဘူး မေမေ”
“ဟင်..”
မေမေ နည်းနည်း အံ့သြသွားတယ် ထင်တယ်.. ကျနော်လည်း လန့် သွားတယ်.. မကျေနပ်သေးဘူး ဆိုပါလား..

“ကယ် ပြော.. သမီး ကျေနပ်အောင် မေမေ သူ့ကို ဘာဒဏ်ပေးရမလဲ ပြော.. ဒီည ထမင်း မကျွေးပဲ ထားမယ်လေ နော်.. တိတ် တိတ် သမီး မငိုနဲ့တော့..”
မေမေက သူ့ပုခုံးလေးကို ဖက်ရင်း မျက်ရည်လေးတွေကို သုတ်ပေးရင်း ချော့နေတာပေါ့..
“မရဘူး.. မရဘူး.. အီးးဟီးးးဟီးးဟီးး”
“ကယ်.. ဒါဆို မေမေ သူ့ကို ဘာလုပ်ခိုင်းရမလဲ..”

မျက်ရည်တွေကို လက်ဝါးနဲ့သုတ်.. နှာဖျားက နှပ်တွေကို လက်ညိုးနဲ့ ဖြတ်သုတ်.. မျက်နှာကို ကောက်ချိတ်ပြီး...
“သူ့ကို အဲ့ဒီ ဖုန်မှုန့်တွေ ပြန်စားခိုင်းမယ်..”
“ဟင်း”
“ဟမ်းး”
မေမေရော ကျနော်ပါ မျက်လုံးပြူးသွားတယ်..
ကျနော်လည်း ယောင်ယမ်းပြီး ပါးစပ်ကို ပိတ်ထားလိုက်တယ်..

“သမီးရယ်... အဲ့ဒါတော့.. သမီးလေးရယ်..”
မေမေက ကျနော့်အတွက်နဲ့ သူ့ကို ချော့နေရပြီ..

“ဟေ့ ခင်လေးစုတ် နင် မညစ်ပတ်နဲ့ နင့်ကို ငါကျွေးတာ တတို့ပဲ.. နင့်ဟာနင် ငတ်ကြီးကျပြီး အကုန်ယူစားတာ..”
“ကောင်စုတ် နင် နင်.. အီးးးဟီးးး တွေ့လား မေမေ.. သမီးကို.. အီးးဟီးးး”
“သမီးရယ်.. မငိုနဲ့နော်.. မငိုနဲ့တော့နော်.. .. ဟဲ့.. ရင်နော် နင်လည်း သွားစမ်း ငါ့မျက်စိရှေ့က ထွက်သွား.. သွား ငါ ထပ်ရိုက်မိတော့မယ်.. သွားး.. ရေသွားချိုး..”
မေမေ ထပ်ငေါက် တော့ ကျနော်လည်း ထပ်ရိုက်ခံရမှာ စိုးတာနဲ့ အိမ်ထဲ ပြေးဝင်လိုက်တာပေါ့..။ တကယ်တော့ မေမေက ကျနော့်ကို တပတ်လည့်နဲ့ လစ်ခိုင်းလိုက်တာ သိသားပဲ..။
ဘယ်ရမလဲ ဒင်းကိုတော့ ဘုကြည့် ကြည့်ခဲ့လိုက်သေးတယ်..။
ရုပ်ကိုက “အပေအတူးမ”..။

မေမေ ဘယ်လိုချော့ လိုက်တယ်မသိဘူး.. ကျနော် ချောင်းကြည့်လိုက်တော့ ခြံတံခါးနား ရောက်နေကြပြီ..။
မေမေ့ အတွက်ကတော့ ခင်လေး လာလာတိုင်တာ ရိုးနေပါပြီလေ..
ကျနော့် အတွက်လည်း မေမေရိုက်တာ ရိုးနေပြီပဲ..
ခင်လေးသာ ကျနော် စ တာ မရိုးသေးတာ..
စိတ်ထဲကနေ လက်သီး ထောင်ပြလိုက်တယ်..
တွေ့ကြသေးတာပေါ့ ခင်လေးငယ် ဆိုတဲ့ သေနာမ ရယ်...။

(ကိုရင်နော်)


marahmarahjelirhah

Thursday, April 23, 2009

ကဝေ တမ်းချင်း

တောနက်မျက်မည်းမှာ
အာရုံတလွဲနဲ့

စိတ်တွေဖြန့်ကျက်နေလိုက်တာ..။


အမောတကြီးပြေးကပ်လာတဲ့လေတစ်စ
ကိုယ့်ဆံနွယ်တွေကို အဖွမှာ

ယောင်ပြီး တ မိတယ် “ကဝေ”..။


လက်သွားတဲ့ အပြုံးက

ရင်ဘတ်ကနေ အန်ထွက်ကျလာလို့

ပြန်သိမ်းချိန်တောင် မရခဲ့ပါဘူး..။

ကိုယ်မမြင်နိုင်တဲ့ ကိုယ့်အနားမှာ

ရှိနေခဲ့တာလား..!
ရှိနေပေးတာလား..!

ရှိနေပေးဦးမှာလား..!!

ဆန္ဒကို ကိုယ်ချမပြပါဘူး

သိမ်းထားတဲ့ လေးနက်မှုတွေနဲ့

တွေဝေရတာလောက် လှတဲ့အရာ

ဒီကမ္ဘာမှာ မရှိမှတော့

အလှကို ငြင်းပယ်ဖို့အထိ

မရူးသွပ်ချင်တာ အမှန်ပါပဲ..။


ဒီအတိုင်းလေးပဲကောင်းပါတယ်
ရနံ့မပျယ်မယ့် ပန်းတစ်ပွင့်

ရင်မှာဝင့်နေတာ ကျက်သရေရှိလို့ပါ

နွမ်းမှာစိုးတယ် “ကဝေ”..။


အမှတ်တရ သံစဉ်တစ်ပုဒ်ကို

သိမ်းထားမှာပေါ့

သတိရတဲ့အခါ ထုတ်ကြည့်ဖို့လေ..။


ဒီလိုနဲ့... ထပ်ပြီး

တောနက်မျက်မည်းမှာ

အာရုံတလွဲနဲ့

စိတ်တွေဖြန့်ကျက်မိဦးမယ်..။


(ခင်လေးငယ်)

Tuesday, April 21, 2009

ကဝေကိုက်တဲ့ ဆောင်းတစ်ည

ဒီည အတော်လေး အေးတယ်.. ဒီဂရီကိုကြည့်လိုက်တော့ ဇီးရိုး..!! အချိန်က ညသန်းခေါင်ကျော်ကာစ ၁၂း၃၅ လောက်ရှိမယ်..။ အပြင်မှာ ဘယ်သူမှ မရှိတော့ဘူး.. ကျွန်တော် တစ်ယောက်တည်း..။ လွတ်လပ်မှုတွေနဲ့ အားပါးတရ ပျံသန်းနေဆဲမှာ “ဝုန်း..” ဆိုပြီး အရမ်းလှတဲ့ မိန်းကလေး တစ်ယောက် မျက်လုံးရှေ့မှာ ပေါ်လာတယ်.. ဒါရိုးရိုးတော့ မဖြစ်နိုင်ဘူး... ဘယ်လိုပါလိမ့်..!!

သူ့ကို မြင်တာနဲ့ ကျွန်တော် အလန့်တကြား သိလိုက်ပြီ.. “ကဝေမ” တစ်ယောက်ဆိုတာ... သူကျွန်တော့်ကို ပညာတွေစပြတယ်.. ၁၂ကြိုး.. ၁၃ကြိုး.. ၆ကြိုး.. ၅ကြိုး... အိုး.. ဟို့..!! အကုန်စုံသွားတာပဲ.. ကျွန်တော် စောင့်ကြည့်ရင်းနဲ့ ကြက်သီးတွေ ထနေတယ်.. သူကြိုးလွဲသွားမှာကိုလေ..။ ဘယ်ရမလဲ ကျွန်တော်လည်း ဒါမျိုး မကြောက်လို့ ဒီလိုအချိန်မှာ ရွာရိုး ထွက်လျှောက်လာတာပဲ မဟုတ်လား..!! ကျွန်တော်လည်း ဒီလောကသား ဆိုတာကို သူသိပုံမရဘူး.. ဒါပေမယ့် သူနဲ့ ကျွန်တော်က လိုင်းတော့မတူဘူး..။ အထီးကျန်ကျန်နဲ့ ထွက်လာတာတော့ တူပုံရတယ်..။

ကျွန်တော်က ၁၇ ကို ဘောင်တက်ထားတဲ့ သေသူဖြစ်နေပြီးသား.. ဒါပေမယ့် သူ့ကို ကျွန်တော် အလစ်မပေးရဲဘူး..။ သူက မျက်လုံးတောက်တောက်တွေနဲ့.. ကျွန်တော့်ဝှက်ဖဲကို စိတ်ဝင်စားနေတယ်.. ကျွန်တော်ကတော့ သူ့ရဲ့မှောက်ထားတဲ့ တစ်ချပ်ကို မှန်းထားပြီးသား..။ မရည်ရွယ်ပါဘူး.. စိန်ခေါ်သလို အကြည့်တွေနဲ့ စလာလို့ ကျွန်တော့်ဝှက်ဖဲကို လှန်ပြလိုက်တယ်ဗျာ..။
သူ စက္ကန့်ဝက်လောက် အသက်ရှူ ရပ်သွားတယ်.. ဘာများဖြစ်နိုင်လဲဆိုပြီးပေါ့..!!

ကျွန်တော် ဝှက်ထားတဲ့ ကျွန်တော့်ရဲ့ Queen ကို ကြည့်ပြီး.. ပထမ သူပြုံးတယ်.. နောက်.. ဟက်ဟက်ပက်ပက် အော်ရယ်ရင်း သူ့ King တစ်ပါးကို ခပ်ကြွားကြွားလေး လှမ်းပြတယ်..။ သေနေသူချင်း အတူတူ နောက်ဆုံး သူကိုယ်တိုင် ဝန်ခံသွားခဲ့တယ်.. Queen ဖြစ်မယ်လို့ သူ.. ထင်မထားခဲ့ပါဘူး တဲ့..!! သူ့ပညာ မြင့်မမြင့် မသေချာပေမယ့် လုံးဝမနိမ့်ဘူးဆိုတာ ကြောက်ခမန်းလိလိ ကျွန်တော်သိနေပြန်တယ်..။

ကျွန်တော့်ကိုလည်း သူ့သားကောင်ဖြစ်အောင် တခြားနည်းတွေပြောင်းပြီး အမျိုးမျိုး ပညာစမ်း ဖမ်းစားနေသေးတာ.!! သူ့ရဲ့ ရာဇဝင်ကို ကျွန်တော့်အာရုံနဲ့ မသိမသာ ခိုးကြည့်တော့.. ဟိုက်ရှားဘားးး.. မနည်းပါလား..!! သူ့စက်ကွင်းမှာ မိလို့ ခစားနေကြတဲ့ သူတွေ.. ကျွန်တော်လည်း ပါမသွားအောင် သတိနဲ့ အသက်တွေရှူပြီး ရင်တလှပ်လှပ် စောင့်ကြည့်နေခဲ့ရတယ်..။ တစ်ချက်မှ အလစ်ပေးလို့မရသလို ခြေချမှားလို့ မဖြစ်ဖူးလေ..။

ဒီလိုနဲ့ ညသန်းခေါင် အချိန်ဟာလည်း နက်သထက် နက်လို့လာပြီ ကျွန်တော်ပြန်ရတော့မယ်.. စကားစကိုဖြတ်.. လက်ပြ နှုတ်ဆက် ပြန်ခဲ့တယ်..။ ဘာလို့ မှန်းမသိဘူး လေတစ်ချက်ချွန်လို့ ကျွန်တော်ပျော်ပြီး ပြန်ခဲ့တယ်..။ အပြန်လမ်းမှာ လွတ်အောင် ရုန်းခဲ့နိုင်တာလား..!! ငြိတွယ်ကျန်ခဲ့တာလား..!! ဝေဝေဝါးဝါးတွေးရင်း ကျွန်တော့်အာရုံမှာ ကဝေမ ကပ်ပါလာတယ်...။ ဘယ်လိုပဲဖြစ်ဖြစ် လွတ်တော့ လွတ်မြောက်လာပြီ ဆိုတဲ့ အသိနဲ့ အသက်ကို တစ်ဝကြီး ရှူရင်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ချလိုက်တယ်...။

“ဖြတ်” ကနဲ မျက်လုံးကို ဖွင့်လိုက်တော့ ကျွန်တော့် တစ်ကိုယ်လုံး တဆစ်ဆစ်နဲ့ နာကျဉ်ကိုက်ခဲလို့..။ နာရီကို ကြည့်လိုက်တော့ မနက် ၉း၃၀..။ “ဟိုက်..!! သွားပြီ... အလုပ်သွားဖို့ နောက်ကျနေပြီ..” ကျွန်တော် အလန့်တကြား ရေရွတ်ရင်း ပြုံးလိုက်တယ်.. ကျွန်တော် မနေ့ညက ကဝေမ တစ်ယောက် အကိုက်ခံခဲ့ရတာပါလား..!!
သေချာတယ် ကျွန်တော့်စိတ်တွေ တစ်ချက် ပါသွားခဲ့ပြီ...
အဲ့ဒီ က.. ဝေ.. မ.. ဆီ.. ကို....။

(ခင်လေးငယ်)

Sunday, April 19, 2009

ကဝေ တစ်ကောင်သို့..

ကဝေမတဲ့.!! စွတ်စွဲတာလား..! တင်စားတာလား..! သရော်တာလား..! မြှင့်ပေးတာလား..! သတ်မှတ်လိုက်တာလား..! မင်းချပြလိုက်တာလား..! ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်နားဝမှာတော့ ချိုခဲ့ပါတယ်..။ မင်းကိုယ်တိုင်ကကော ကဝေ တစ်ကောင်ပဲ မဟုတ်လားကွယ်..!! ကဝေဟာ ကဝေညှို့တာ ပြန်ခံရတော့ စုန်းတွေ ထတောက်လိုက်တာ အဲ့ဒီည ကောင်းကင်တစ်ခုလုံး အရောင်တွေစုံပြီး လက်လက်ကိုထလို့..။ အနီရောင်တောက်တောက်တွေနဲ့ အပြာရောင်တွေ လွှမ်းအသွား စိတ်နှစ်ခုရဲ့ ရင်ဘတ်တွေမှာ ခရမ်းပုပ်ရောင် ရင့်ရင့်တွေက နေရာယူလို့ ပြုံးကြတယ်..။

ပညာခြင်းပြိုင်တာ မဟုတ်နိုင်ဘူး..။ ဒါဟာ ကြိုးနံပါတ် အသစ်တစ်ခုကို အတူတကွ သင်ယူကြတာမျိုးလေကွာ..။ အဲ့လို မင်းမထင်ဖူးလား..!! အို... မင်းဘယ်လိုထင်ထင်ပါ ဒါကို ကိုယ်စိတ်မဝင်စားဘူး သိလား..! ကြိုးလွဲသွားမှာကို စိုးရိမ်စိတ်တွေနဲ့ မင်းရှိနေခဲ့တယ်ဆိုတာ..။ မင်းလိုပါပဲ ကိုယ်ကိုယ်တိုင်လည်း အသက်တောင်ဝဝ မရှုခဲ့မိပါဘူး..။ သင်ယူနေတဲ့ ကြိုးကွက်တွေ လွတ်သွားမှာစိုးလို့ပေါ့..။ ခနဲ့တဲ့တဲ့ ကဝေပြုံးတော့ မပြုံးနဲ့ ကိုယ့်ဆရာရေ.. ကဝေချင်း ခြေမြင်အောင် ပညာတော့ မစမ်းဘူး..။ အနုမြူရောင်ထက် တောက်တဲ့ အရောင်တွေ ကွန့်မြူးတဲ့ ညမှာတော့ မင်းနဲ့ ကိုယ်ဟာ ရဲဘော်ရဲဘက် သွေးသောက်တွေ ဖြစ်ခဲ့တာပဲ ဟုတ်..!!

ငြင်းဖို့ မင်းကြိုးစားမယ် ကိုယ်မထင်ဘူး ကဝေရေ..။ နှုတ်ခမ်းနှစ်လွှာကို တင်းနေအောင် မင်းစေ့ထားနေမှာ ကိုယ်သိနေတယ်..။ လွှတ်ချလိုက်ပါ.. ဆုပ်ကိုင်ထားတဲ့ အရာတွေကိုပေါ့..။ မင်းတွေးမတွေးတော့ ကိုယ်မသိဘူး.. ကိုယ်တော့ အသစ်တက်လိုက်တဲ့ ကြိုးအကြောင်းနဲ့ အတွေးတွေက ချာချာလည် မူးနောက်လို့..။ ကဲ.. မင်းဘယ်လိုထင်လဲ ကဝေ..!! ကိုယ်တို့ နောက်တစ်ကြိုး အတတ်ကို အောင်မြင်စွာ ရခဲ့တာလား..!! လေ့လာဆဲ အဆင့်လား..!! ဒါမှမဟုတ် မင်းရော ကိုယ်ပါ ပြိုင်တူ ဂုဏ်ထူးထွက်ခဲ့ကြတာလား...!!

ကဝေတွေတော့ ကြိုးတွေရှုပ်လို့ ရုပ်သေးတွေဖြစ်လိုဖြစ်..။ ဟား..ဟား.. ဘယ်လိုပဲဖြစ်ဖြစ် ကဝေမ တစ်ယောက်ကတော့ ကဝေတစ်ကောင်ကို သတိထားလိုက်မိပြီ ဆိုတာလေးပါပဲ..။ ကိုယ်ကတော့ လုံးဝ ပညာစမ်းမှာမဟုတ်ဖူး..။ ကစားဖို့ကိုလည်း ကိုယ်စိတ်မဝင်စားဘူး ဒါ.. အသေအချာပဲ..။ ကဝေတွေ မှာလည်း ရင်ဘတ်တွေ ကိုယ်စီနဲ့ ဆိုတာ မင်းမေ့ဖို့မကြိုးစားနဲ့..။ ဒါဟာ ပေါ့ပေါ့လေး မဟုတ်ဖူး ကိုယ့်ကဝေရေ.. နားလည်မှုတွေနဲ့ ရင်းထားတဲ့ အရာတွေ အများကြီးဆိုတာ မင်းလည်းအသိ ကိုယ်လည်းအသိနဲ့ မို့ပါပဲ.......။

(ခင်လေးငယ်)

Friday, April 17, 2009

Tropical Storm BIJLI (မုန်တိုင်းသတိပေးချက်)


၁၉-၄-၂၀၀၉ နေ့မှာတော့ ဘီဂျလီ မုန်တိုင်းက ပျက်ပြယ် သွားပါပြီ။

ဒီပုံကတော့ ၁၈-၄-၂၀၀၉ ရက်နေ့၊ က ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းနှင့် ကော့ဘဇား မှာ ဝင်ရောက်ခဲ့ပုံ ဖြစ်ပါတယ်။

၁၇-၄၂၀၀၉ နေ့..
ဘင်္ဂလား ပင်လယ်အော်အတွင်း ဖြစ်တည်လျက်ရှိသော Tropical Storm BIJLI သည် ရခိုင်ပြည်နယ် အထက်ပိုင်းနှင့် ချင်းပြည်နယ် အောက်ပိုင်းသို့ ဦးတည်ရွေ့လျားနေသည်ဟု သိရှိရပါသည်။

ဘီဂျလီမုန်တိုင်းနှင့် ပတ်သက်သော အသေးစိတ်အချက်အလက်များအား Tropical Storm Risk (TSR) တွင် အချိန်နှင့် တပြေးညီ စောင့်ကြည့် လေ့လာနိုင်ပါသည်။

Tropical Storm Risk (TSR) ဆိုဒ်တွင် ပုံကြည့်ရန်အညွန်း

၁) မြန်မာနိုင်ငံအတွင်းသို့ ဦးတည်နေကြောင်း ပြသထားသည့် မျှားအား နှိပ်၍ကြည့်ရန်

၂) ပုံအတွင်းရှိ BIJLI ဆိုသော စာသားအား နှိပ်၍ ကြည့်ရန်

၃) Side Bar တွင် ဖေါ်ပြထားသော Probabilities များကို နှိပ်၍ကြည့်ရန်

ပြီးခဲ့တဲ့ နှစ်က ရန်ကုန်မြို့သို့ နာဂစ်(စ်) မုန်တိုင်း ဝင်ရောက်ခဲ့ပုံအား ပုံ (၁) နှင့် ပုံ (၂) တွင် ပြန်ကြည့်နိုင်ပါသည်။

သို့ပါ၍ မုန်တိုင်းအခြေအနေအား စောင့်ကြည့်နိုင်ရန်နှင့် လိုအပ်သော အရေးပေါ် ကယ်ဆယ်ရေးများ ကြိုတင် စီစဉ်ထားနိုင်ရန် နိုးဆော်လိုက်ပါသည်။

ပြိုင်တူလင်းတဲ့ကောင်းကင်


သင်္ကြန်အမှတ်တရ ကဗျာလေးတွေ စုစည်းထားတဲ့ ကဗျာစာစုလေးပါ..

ကဗျာတွေ တစုတဝေးတည်း ဖတ်ခွင့်ရတဲ့ အတွက် စီစဉ်သူ အားလုံးကိုလည်း ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိပါတယ်..
ခင်လေးလည်း “သင်္ကြန်ရေ...” ဆိုတဲ့ကဗျာလေး တစ်ပုဒ် ပါဝင်ထားပါတယ်ရှင်...

သင်္ကြန်ကဗျာစာစု



PDF Format လေးကို MediaFire နဲ့ eSnips တို့မှာ Download လုပ်နိုင်ပါတယ်..။

မင်္ဂလာအပေါင်းခညောင်းတဲ့ နှစ်သစ်မှာ အားလုံးပဲ ကျန်းမာချမ်းသာ၍ ရွှင်လန်းချမ်းမြေ့ကြပါစေရှင်..

(ခင်လေးငယ်)


Monday, April 13, 2009

♫ ပါးစပ်လက်သံ ♪


တူးပို့ပို့ တူးပို့ တူးပို့..

တူးပို့ပို့ တူးပို့ တူးပို့

တူးပိုပို့ ဗေပို့ဗေ

တူးပိုပို တူးပေပတ်ပတ်

ဗေပတ်ပတ် တူးပို့ဗေ

တူးပိုပို့ တူးပို တူးပို့

တူးပတ်ပတ် ဗေဗေဗေ

တူးဗေဗေ ပို့ဗေတူးတူး

တူးတူးဗေ တူးတူးပို့ပို့

ဗေဗေပတ် ပို့တူးဗေ

တူးဗေဗေ တူးပို့ တူးပို့

တူးပို့ပို့ တူးပို့ တူးပို့..

တူးပို့ပို့ တူးပို့ တူးပို့..

ပလို့တူးပို့ ပလို့တူးပို့

တူးပေပတ်ပတ် ပတ်ဗေ (((ဂျိ))) (((ဂျိ))) ..။


သင်စိတ်ထဲက ဖတ်ကြည့်ပါ ပြုံးမလိုလို ဖြစ်လာမည်..
အသံထွက်၍ဖတ်ကြည့်ပါ ပျော်သလိုလို ဖြစ်လာမည်..
ခုံကိုခေါက်၍သော်လည်းကောင်း လက်ခုပ်တီး၍သော်လည်းကောင်း ကျယ်ကျယ်ကြီး ထပ်ဆိုကြည့်ပါ..
ထ၍ပါ “က” ချင် လာပါလိမ့်မည်.... “က” သာ “က” လိုက်ပါ.. sengihnampakgigi

အမိမြေနဲ့ခွဲပြီး အဝေးရောက်နေသူတွေ အတွက်တော့ အတာသင်္ကြန်ဆိုတာ သီချင်းနားထောင်ရုံမှတပါး ပျော်ရွှင်စရာဆိုတာ တကယ်ကို ရှားပါးပါတယ်လေ.. ဒီတော့ ကြံကြံဖန်ဖန် ပျော်စရာ ဖြစ်ရအောင်လို့ ပါးစပ်လက်သံလေး တီးပြီး.. အဲ့လေ.. ဆိုပြီး.. “က” လိုက်ကြရအောင်..။

အတာသင်္ကြန်မှာ အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့ကြပါစေ..

အားလုံးကို ပျော်ရွှင်စေချင်တဲ့

(ကိုရင်နော်) Bye

Friday, April 10, 2009

ဆူးဖြစ်လိုက်.. ဖက်ဖြစ်လိုက်..

ဆံပင်ကို ဘယ်ခွဲလိုက်.. ညာခွဲလိုက်နဲ့ မှန်ရှေ့မှာ အမျိုးမျိုး စတိုင်ထုတ် ဂိုက်ပေးကြမ်းနေတာ အချိန်တောင် တော်တော် လင့်နေပြီ..။ ဘယ်လိုပဲ ပြင်ပြင်ပါလေ ဒီရုပ်ဒီရည်ကတော့ ပိုပြီး ကြည့်ကောင်းလာနိုင်စရာ အကြောင်းကတော့ မရှိတော့ဘူး.. ဒါကအကုန်ပဲလေ..။ ဝတ်ထားတဲ့ ရှပ်အင်္ကျီအဖြူကတော့ ကျုပ်အသား ခပ်ညိုညိုပေါ်မှာ ပိုပြီးဖြူနေသလိုလို..။ ချည်ပုဆိုး နီညိုရောင် ကွက်စိပ်လေးနဲ့ တွဲဝတ်ထားလိုက်တော့ ကျုပ်ပုံစံက သန့်သလိုလိုတော့ ရှိသား..။ သန့်တာ မသန့်တာ အသာထား.. လွယ်အိတ်ထဲက စာရွက်စာတမ်းတွေ စုံမစုံ သေချာစစ်ဦးမှ.. တစ်ခုခုကျန်ခဲ့ရင် ခက်မယ်..။ မှန်ကိုလည်း ကြည့်ရသေးတယ် ကျုပ်ကိုယ်ကျုပ် ကြည့်ရတာတော့ ဝါးတားတား..။ အင်းး ဝါးမပေါ့.. မျက်မှန်မှ မတပ်ရသေးတာ..။ စားပွဲပေါ်က မျက်မှန်ထူကြီးကို ကောက်တတ်လိုက်တော့မှ ကျုပ်ရဲ့ အူကြောင်ကြောင်ရုပ်က ပိုပြီး ပီပြင် ထင်ရှားသွားတော့တယ်..။

ဒီနေ့က ကျုပ်အတွက်တော့ တော်တော်ကို အရေးကြီးတယ်ဗျ..။ အင်တာဗျူးတစ်ခု သွားရမယ်လေ.. ဒီအင်တာဗျူးလေး အောင်မှ ကျုပ်ရန်ကုန်လာရကျိုးလည်း နပ်လိမ့်မယ်..။ ဘုရားတွေ ဘာတွေလည်း ရှိခိုးထားပြီးပြီ.. အစစအရာရာ အဆင်ပြေအောင်လို့ပေါ့..။ ကျုပ်ကိုယ်ကျုပ် စိတ်ထဲကနေ ပြန် ဗျူးကြည့်တာတော့ အထစ်ထစ် အငေါ့ငေါ့.. ကတုန်ကယင်နဲ့..။ ကယ်.. မတတ်နိုင်ဘူး.. မီးစင်ကြည့်ကရုံပေါ့..။ နာရီကိုကြည့်လိုက်တော့ ရှစ်နာရီ ခွဲနေပြီ.. အိမ်ကနေ ထွက်မှ ဖြစ်တော့မယ်.. ကားစီးမှာနဲ့ဘာနဲ့ တော်ကြာ နောက်ကျနေမှဖြင့် ဟုတ်ပေ့ ဖြစ်နေလိမ့်မယ်..။

ဈေးဘေးနားက လမ်းကျဉ်းလေးထဲမှာတော့ ဆိုက်ကား ရှောင်ရ.. စက်ဘီးရှောင်ရ.. ဗွက်အိုင်ရှောင်ရနဲ့ တော်တော် ရှုပ်တဲ့ ရပ်ကွက်..။ ရန်ကုန်မြို့တော်ကြီးရဲ့ နေမင်းကြီးကလည်း သိတဲ့အတိုင်း လင်းတာနဲ့ လွှတ်ပူတာလေ..။ နေပူကျဲကျဲအောက်မှာ ခပ်သုတ်သုတ် လျှောက်လာရတော့ ချွေးတွေလည်း ထွက်လာပြီပေါ့..။ ကားမှတ်တိုင်ကလည်း တော်တော်နဲ့ မရောက်နိုင်ဘူး.. တည်းတဲ့ အိမ်ကပြောတော့ သိပ်မဝေးပါဘူးတဲ့.. ဘယ်ဟုတ်မလဲ.. တော်တော်ကို လှမ်းတာပဲ.. ထီးဖြစ်ဖြစ် ခမောက်ဖြစ်ဖြစ် ပါလာရင် ကောင်းသား.. ခုတော့.. ချွေးတွေထွက်လို့ ရှိုးတွေပဲ့ကုန်ပေါ့..။

အလိုလေ..!!! များလိုက်တဲ့ ပရိတ်သတ်ကြီး.. ကားမှတ်တိုင် တစ်ခုလုံးလည်း ပြည့်ကျပ်လို့.. ဒီလူအုပ်နဲ့ ဘယ်လိုခရီးဆက်ရပါ့..။ ကားတစီး ဆိုက်လာလိုက် တိုးတက်သွားလိုက်ကြ.. နောက်တစ်စီး ထပ်ဆိုက်လာလိုက် တက်သွားလိုက်ကြနဲ့..။ အော်.. လူတွေ.. လူတွေ.. နေပူထဲမှာ တိုးတက်ဖို့ စောင့်နေကြတာပါလားနော်..။ ရုံးချိန်ဆိုတော့လည်း ဒီလောက်တော့ ရှိမပေါ့လေ..။ ကယ် မတတ်နိုင်ဘူး..ကျုပ်လည်း တွယ်ပဲ တက်ရ တက်ရ.. တိုးပဲ တက်ရ တက်ရ.. ကားလာရင်တော့ လိုက်မှ ဖြစ်တော့မယ်.. အချိန်က မနည်းတော့ဘူး..။

ဟော.. လာပါပြီဗျာ.. ကျုပ်စီးရမယ် ဘစ်(စ်) ကားကြီး.. လိမ့်ကာ လိမ့်ကာနဲ့..။ ဒီကားကတော့ ရှားရှားပါးပါး စစ်ကျန် ဗိုက်ပူ ဘစ်(စ်) ကားကြီး ပါလားနော်..။ ကားက ဘရိတ်ပဲ မမိလို့လားတော့ မသိဘူး မှတ်တိုင်နဲ့ တော်တော်လှမ်းလှမ်းအထိ လိမ့်နေတုန်း..။ လူအုပ်ကြီးကလည်း ဗိုက်ပူကြီးနောက်ကို ပြေးလိုက်ရတာပေါ့..။ ကျုပ်လည်း ပုဆိုးကို တင်းနေအောင် ပြင်ဝတ်ပြီး ပြေးပြေးလွှားလွှား ကားအနောက်ပေါက်ကနေ တိုးတက်လိုက်တာပေါ့..။ တော်ပါသေးရဲ့ ကားက ဂိတ်စနဲ့ နီးလို့.. လူက သိပ်တော့မများဘူး..။ ကားပေါ်လည်း ရောက်ရော ဒုက္ခက တွေ့တော့တာပဲဗျို့.. ကျုပ်အရပ်က ဂလန်ဂလားကြီးကိုး.. ဘစ်(စ်)ကားခေါင်မိုးက တော်တော် နိမ့်တာဆိုတော့.. ကျုပ်အရပ်နဲ့က မလွတ်ဘူးလေ.. ခေါင်းက မျက်နှာကျက်နဲ့ ထိနေလို့ ခါးကို ကိုင်းထားရတယ်..။ ကယ်.. ဘယ်လိုပဲ စီးရ စီးရ အရေးမကြီးဘူး.. ခရီးရောက်ဖို့က အရေးကြီးတယ်မလား.. စီးရုံပေါ့..။

ကားကတော့ အိပဲ့ အိပဲ့နဲ့ သွားနေတာပဲ.. အပြင်ကပူ.. အတွင်းကပူနဲ့ လူလည်း ပူတူတူ နွေးတွေးတွေးကြီး ဖြစ်နေပြီ..။ မှတ်တိုင် တစ်ခုရောက်လိုက် လူက ထပ်တက်လာလိုက်.. ကားကလည်း ကျပ်ပြီးရင်း ကျပ်ကျပ်လာတော့တယ်..။ ကျုပ်လည်း လူတွေ တိုးရင်း ခွေ့ရင်း.. ဖိရင်း.. တွန်းရင်းနဲ့ ခါးလည်း မကိုင်းထားနိုင်တော့ဘူး..။ လက်တစ်ဖက်က ခေါင်မိုးက သစ်သားလက်ကိုင်တန်းကို သေချာ ကိုင်.. နောက်တဖက်က မျက်နှာကျက်ကို ဖိတွန်း.. ခေါင်းကိုလည်း စောင်းပြီး မျက်နှာကျက်နဲ့ ဖိကပ်.. ခြေနှစ်ဖက်ကိုလည်း ရှိသမျှအားတွေ အကုန်ထုတ်ပြီး ငြိမ်နေအောင် ရပ်ထားရတယ်..။ လည်ပင်းတွေလည်း အုန်းလွဲချင်သလိုလို နာနေပြီ.. ချွေးတွေလည်း တော်တော်ထွက်နေပြီ..။ နားသယ်စပ်က စီးကျလာတဲ့ အုန်းဆီတွေကလည်း ချွေးတွေနဲ့ ရောကုန်ပြီ..။ အင်းး အုန်းဆီလိမ်းတာ နည်းနည်းတော့ များသွားပြီ.. မတတ်နိုင်ဘူး.. အင်တာဗျူးဆိုတော့လည်း အသန့်ဆုံး ကြည့်အကောင်းဆုံးဖြစ်အောင် လုပ်လာတာလေ..။ လူတစ်ယောက်က ဆံပင်က အရေးကြီးတယ်မလား.. ရန်ကုန်သားတွေ ကြည့်လိုက်ရင် သူတို့ ဆံပင်တွေက ပြောင်လက်ပြီး ကော့ထောင် နေတာပဲလေ.. ကျုပ်ကတော့ ရန်ကုန်သားကို အတုခိုးလိုက်တာ အုန်းဆီတွေ စီးကျလာပါရောလား..။

လူတွေက တက်ရင်း တက်ရင်း.. တိုးရင်း တိုးရင်း.. အနံ့တွေလည်း စုံလာပြီ.. အမွှေးနံ့တွေ ချွေးနံ့တွေ..။ အဲ့ဒီအချိန်မှာပဲ.. ကျုပ်အရှေ့ကို အမျိုးသမီးငယ် တစ်ယောက် အတင်းတိုးဝင်လာပါလေရော..။ ကျုပ်ကို ကျောပေးပြီး ကားနံရံကို လက်တစ်ဖက်နဲ့ လှမ်းထောက်ထားလေရဲ့..။ သူ့ခေါင်းက ကျုပ် မေးစေ့အောက်လောက်မှာ ရှိနေတယ်.. အနံ့ပေါင်းစုံကြားမှာ သူ့မခေါင်းက ခေါင်းလျှော်ရည်နံ့ကတော့ မွှေးသလိုလိုတော့ရှိသား..။ သတိတော့ ထားနေရတယ်.. ကားကကြပ်တော့ လူချင်းက ထိလုမတတ် နီးနေတယ်လေ..။ ထိလုမတတ်ဆိုတာထက် ကျုပ်ရင်ဘတ်နဲ့ ချာတိတ်မရဲ့ကျောနဲ့ ထိတော့လည်း ထိနေပါပြီ.. သိပ်အထိကြီးတော့ မဟုတ်ဘူးပေါ့.. မထိတထိဆိုပါတော့..။ ကားက ဘရိတ်ကလေးများ အုပ်လိုက်ရင် လူက ရှိသမျှအား အကုန်သုံးပြီး တောင့်ထားရတယ်.. မတော် အရှိန်လွန်ပြီး ချာတိတ်မကို ဆိုးဆိုးဝါးဝါး သွားထိမှဖြင့် အားနာစရာ.. အားနာစရာဆိုတာထက် တမျိုးထင်ခံရမှဖြင့် ဒုက္ခ..။ ခက်တယ်.. ခက်တယ်.. ဒီဘစ်(စ်)ကားတွေနဲ့ ဒီလူဦးရေနဲ့..။

အဲ့ဒီ အချိန်မှာပဲ ကျုပ်နှာခေါင်းထဲ ကုလားမာဆလာနံ့ ခပ်ဆိုးဆိုးက တိုးဝင်လာတယ်..။ ဒီအနံ့က တော်တော်ဆိုးပါလား.. ချွေးနဲ့ မဆလာနဲ့ ရောထားတဲ့ အနံ့မျိုး..။ ကျုပ်ကျောကုန်းကိုလည်း တစ်စုံတစ်ယောက်က အတင်းဖိတွန်းထားသလို ခံစားလာရတယ်..။ ကျုပ်လည်း အားရှိသလောက် တင်းခံထားရတာပေါ့..။ ဒီအထိအတွေ့ကြီးကတော့ တော်တော့်ကို ဆိုးနေပြီ.. တောင့်ပြီး ပြန်တွန်းထားလိုက်တာ ခံရခက်ကြီး ဖြစ်နေပါပြီ..။ မျက်နှာကျက်နဲ့ ကပ်ပြီး စောင်းနေတဲ့ ခေါင်းကို ပိုစောင်းအောင် လည့်.. ရွဲ့နေတဲ့ မျက်မှန်ကို လက်တစ်ဖက်နဲ့ ကြိုးစားတည့်ပြီး လည့်ကြည့်လိုက်တော့..။ ကုလားကြီး..!! ကုလားကြီး..!! ကျုပ်ကျောကို ကပ်နေတာ နှုတ်ခမ်းမွှေး ကားကားကြီးနဲ့ ကုလားကြီးပါလား... ကြက်သီးတွေလည်း “ဖြန်း” ကနဲ “ဖြန်း” ကနဲ့ ထသွားတယ်.. လူကလည်း ရှိန်းတိန်း ဖိန်းတိန်းကြီး ဖြစ်သွားတယ်..။

ဒင်းကြီးကလည်း ကျုပ်လို့ပဲ ဂလန်ဂလားကြီးဆိုတော့ ပါးကို မျက်နှာကျက်နဲ့ ကပ်ပြီး ခေါင်းကြီး ခေါက်ထားရလေရဲ့..။ ခက်တာက ဒင်းကိုယ်လုံးကြီးက ကျုပ်ကို တွန်းဖိထားတာ..။ ကျုပ်ကတော့ အရှေ့က ချာတိတ်မကို ထိမှာစိုးလို့ တောင့်ထားရပါတယ်ဆိုမှ အခုတော့ ဒင်းက တွန်းတွန်းပြီး အတင်းထိခိုင်းသလို ဖြစ်နေပြီ..။ ကျုပ်တို့ သုံးယောက်ကလည်း သမဆိုင်မှာ ဆန် တန်းစီနေသလို ရှေ့ဆင့်နောက်ဆင့်..။ ခက်တာက ကျုပ်က ကြားက.. ရှေ့ပိတ် နောက်ပိတ်.. မလှုပ်နိုင် မရှားနိုင် ဖြစ်နေတော့ မရှူနိုင် မကယ်နိုင်နဲ့ ခက်ပြီပေါ့..။ ကား ဘရိတ်အုပ်လို့ တစ်ချက်ဆောင့်လိုက်တိုင်း ကျုပ် ကျောကုန်းကို လှိုင်းလုံးကြီး ဝင်ဝင်ဆောင့်သလို “ဝုန်း” ကနဲ “ဝုန်း” ကနဲ..။ ကျုပ်မှာတော့ လှိုင်းလုံးကြီးနဲ့ ရောပြီး အရှေ့ကို လဲပြိုမသွားရအောင် တာတမံကြီးအလား တောင့်ထား တင်းထားရပြီပေါ့.. တင်းခံထားလေ လှိုင်းလုံးကြီးက ပိုပိုဖိလေ..။

ချာတိတ်မ ကတော့ တာတမံကြီးရဲ့ အဖြစ်ကို မသိရှာပါဘူး.. ကျုပ်မှာသာ ညှပ်ပူး ညှပ်ပိတ်.. ဒင်းကုလားကြီးကလည်း မညှာမတာ ဖိဖိတွန်းနေတာ အသက်ရှူရပ်လောက်တယ်.. ကျုပ်ကျောပြင် တစ်ခုလုံးလည်း ဒင်းရင်ဘတ် ပူနွေးနွေးကြီးကို ကပ်ပြီး နံပြားဖုတ်နေသလား မှတ်ရတယ်.. တစ်ကိုယ်လုံးလည်း ကြွပ်ရွရွကြီးကို ဖြစ်လို့..။ ဘေးဘီကို မသိမသာ အကဲခတ်ကြည့်တော့ သူလို ကိုယ်လို ချွေးတလုံးလုံးနဲ့ နံပြားဖုတ်နေကြသူတွေ ပါပဲလေ..။ ကားကိုက ကျပ်တာကိုး.. ဘယ်သူ့ အပြစ်တင်ရမလဲနော်..။ အင်း.. ကျုပ်နေရာမှာသာ ဒီချာတိတ်မ ဆိုရင် မတွေးရဲစရာပဲ.. ဒင်းကုလားရဲ့ လှိုင်းလုံးကြီးအောက်မှာ စိစိညက်ညက် ကြေလောက်တယ်..။ တော်ပါသေးရဲ့ ကျုပ်လို တာတမံကြီးကယ်လို့.. ချာတိတ်မ သက်သာရာ ရနေတယ်.. မဟုတ်လို့ကတော့...။

ကားစပယ်ယာရဲ့ မှတ်တိုင်အော်သံကိုလည်း နားစွင့်ရသေးတယ်.. လိုတော့ လိုပါသေးတယ်..။ လူတွေကတော့ တက်ပြီးရင် တက်ရင်းပဲဟေ့.. အဆင်းပေါက်မပါတဲ့ ကားလားမသိ..။ ကားကတော့ ငါးပိသိပ်.. ငါးချဉ်သိပ်..။ သိပ်ထားတဲ့ ငါးပိကောင်တောင် အမြီးပြန်ထောင်လောက်တယ်.. ကျပ်ချက်.. ညပ်ချက်..။ စပယ်ယာရဲ့ မြည်တွန်တောက်တီးသံ.. ခရီးသည်တွေရဲ့ ငြီးငြူသံ.. ဘစ်(စ်)ကားကြီးရဲ့ တဖုန်းဖုန်း.. တဒုန်းဒုန်း အသံ.. ဒင်းကုလားကြီးရဲ့ တဝုန်းဝုန်း လှိုင်းပုတ်သံ.. အော်.. အသံတွေ .. အသံတွေ.. ငရဲအသေးစားလေးပါလားနော်.. ဝဋ်ရှိရင်လည်း ကြေပါတော့ လို့သာ အော်လိုက်ချင်တော့တယ်..။

ဟင်း... ရှေ့မှတ်တိုင်ဆို ကျုပ်ဆင်းရတော့မယ်.. ကျုပ်ဘယ်လို လုပ်ရမလဲ..!! ချာတိတ်မ..! ကုလားကြီး..! နံပြားဖို..! လှိုင်းလုံးကြီး..! ဟား.. မဖြစ်ဖူး.. မဖြစ်ဖူး.. ကျုပ်ခံစားနေရတာ ကျုပ် အသိဆုံး..။ မဖြစ်ဖူး.. ကျုပ်ဆင်းလို့ မဖြစ်ဖူး.. ကျုပ်သာဆင်းလိုက်ရင် ချာတိတ်မအတွက် မတွေးဝံ့စရာ..။ ကုလားကြီးရဲ့ လှိုင်းလုံးကြီးက ကျုပ်ကိုတောင် ဒီလောက် ဖိထားတာ ချာတိတ်မလေးကို ဆိုရင်တော့.. ပိုပြီးအင်အားကြီးလာမယ့် သဘောမှာရှိတယ်..။ ကယ် မထူးတော့ဘူး.. အင်းတာဗျူး နောက်ကျရင်လည်း နောက်ကျတော့.. မတတ်နိုင်ဘူး.. ချာတိတ်မ ဆင်းပြီးမှာသာ ကျုပ်လည်း ဆင်းတော့မယ်လို့ ဆုံးဖြတ်လိုက်တော့တယ်..။ ကျုပ်လည်း တာတမံကြီး မပြိုလဲအောင် တောင့်နိုင်သမျှ တောင့်.. တင်းနိုင်သမျှ တင်းထားရင်းပေါ့.. လှိုင်းလုံးကြီးကတော့ ဝုန်းဆဲ ဝုန်းမြဲ..။

ဒီလိုနဲ့ ကျုပ်လည်း ပင်ပန်း နွမ်းချိလာပြီ.. ကျုပ်တကိုယ်လုံးလည်း ကြေမွနေပြီ..။ ခါးကပုဆိုးကလည်း ကျွတ်လုနီးနီး ဖြစ်နေပြီ..။ ချာတိတ်မကတော့ ဘယ်အထိသွားမယ်မသိ.. ကျုပ်အဖြစ်ကိုလည်း သိမယ်မထင်..။ ခရီးလည်း တော်တော် ဝေးလာပြီ..။ အခုထိ မဆင်းနိုင်သေးဘူး..။ ကုလားကြီးကလည်း မဆင်းသေးဘူး..။ ကျုပ်ဆင်းတဲ့ အထိများ စောင့်နေလေသလား မသိ..။ လူတွေကလည်း တက်ပြီးရင်းတက်ရင်း ကျပ်မြဲ.. ကျပ်ဆဲ..။ အဲ့ဒီလို တွေးတုန်းမှာပဲ.. ဗြုန်း.. ဆို ချာတိတ်မက ကျုပ်ဖက် လည့်လာပါရော..။ ဟင်း..! အဲ့ဒါမှ ဒုက္ခ.. ကျုပ်နဲ့ မျက်နှာချင်းဆိုင်ကြီး ဖြစ်နေပြီ..။ ဘယ်လောက်တောင် နီးကပ်နေသလဲဆိုရင် တိုက်တန်းနစ် ဇာတ်ကားထဲက မင်းသားနဲ့ မင်းသမီး ရင်ချင်း အပ်ထားသလိုကြီး..။ ကျုပ်ဘာလုပ်ရမလဲ.. ဘာလုပ်သင့်သလဲ...။ ချာတိတ်မ မျက်နှာက ကျုပ်ရင်ဘတ်နဲ့ ကပ်နေပြီ..။ အသက်ကို အောင့်ပြီး အနောက်ကို ပိုတွန်းဖိထားလိုက်တာ လှိုင်းလုံးကြီးက ဘယ်လို သဘောပေါက်တယ်မသိ.. ပြုံးပြုံးကြီး ဝုန်းရောပေါ့..။

ကျုပ်ကြာကြာ မတွေဝေအားပါဘူး ကျုပ်ကို တစ်ချက် မော့ကြည့်လိုက်တဲ့ ချာတိတ်မလေးရဲ့အကြည့်စိမ်းစိမ်း တစ်ချက်က စကားတွေ အများကြီးပြောလိုက်သလိုပါ..။ သူ့အကြည့်ကို အတွေးထဲကနေ ဘာသာပြန်ကြည့် လိုက်တော့.. “သေနာကြီး ဟိုဖက်ကို လည့်ပါလား.. ကားကြပ်တာကို အခွင့်ကောင်းယူတာလား.. လူကို ဘာမှတ်နေလဲ..” တဲ့..။ ကျုပ်လည်း လန့်သွားတာရော ရှက်သွားတာရောပေါင်းပြီး ရုတ်တရက် အားကုန်ရုန်းပြီး အနောက်ကိုလည့်လိုက်တယ်..။ အဲ့ဒီမှာတင် “ဝုန်းးး” ဆို တိုးဝင်လာတဲ့ လှိုင်းလုံးကြီးနဲ့ ပက်ပင်းကြီး ရင်ဆိုင်လိုက်ရတာပါပဲ..။ ကျုပ်လည်း “အု” ကနဲနေအောင် ခံလိုက်ရတယ်..။ ကုလားကြီးလည်း ကျုပ်မျက်နှာကြီး ရုတ်တရက် မြင်လိုက်ရတော့ နည်းနည်းတော့ လန့်သွားမယ် ထင်ပါတယ်..။ ဒင်းနဲ့ ကျုပ်က ဆူမိုနပန်းသမား နှစ်ယောက် ဖက်သတ်တော့မလို ရင်ချင်းကပ်ကြီး..။ ဒီတစ်ခါ ရင်ဆိုင်လိုက်ရတာက တာတမံကြီး မဟုတ်ပဲ အလွန်မာကြောတဲ့ ကျောက်ဆောင်နံရံကြီးဖြစ်နေတော့.. ကုလားလှိုင်းလုံးကြီးလည်း လန့်တော့.. လန့်သွားမှာပေါ့..။

ကုလားကြီးကို ခပ်တည်တည်နဲ့ ဘုကြည့် ကြည့်လိုက်တော့ နည်းနည်းတော့ ရှိန်သွားမယ် ထင်တယ်..။ ကျုပ်ကလည်း အညာသား.. ငယ်ငယ်ထဲက အုန်းပင်တက်လိုက် ထန်းပင်တက်လိုက် အကြမ်းပတမ်း ဆိုတော့ ထောင်ထောင်မောင်းမောင်း ဗလကလည်း ခပ်ကောင်းကောင်းလေ..။ ဒင်း လန့်မယ်ဆိုလည်း လန့်စရာ.. တကယ်လုပ်မယ့် ရုပ်ကိုး..။ ကျုပ်မျက်နှာ မြင်မှ ကနွဲ့ကလျ မဟုတ်ပဲ တကယ်ကိုက်မယ့် ကျားမှန်းလည်း သိရော လှိုင်းလုံးကြီးလည်း မဝုန်း နိုင်တော့ပဲ “ဗြုန်း” ဆို အနောက် လည့်သွားလေရဲ့..။ အဲ့ဒီတော့ ကျုပ်တို့ သုံးယောက်လည်း ရထားလက်မှတ် တန်းစီရင်း ကိုယ့်အလည့် ရောက်ခါမှ လက်မှတ်ကုန်သွားလို့ နောက်ကြောင်း ပြန်လည့်လိုက်ရသလို ပြောင်းပြန် ပြန်ဖြစ်သွားရောပေါ့..။ ကျုပ်ကတော့ ညှပ်မြဲ.. ညှပ်ဆဲ..။ ဒါပေသည့် ဒီတစ်ခါတော့ ကျုပ်က လှိုင်း ပြန်ဖြစ်ပြီ..။

ကယ်.. ကုလားရေ.. ဘာတတ်နိုင်သေးလဲ နင် တူ ဖြစ်တုန်းက နှံခဲ့ပြီးပြီမလား.. နင် အခု ပေ ဖြစ်ပြီ.. ခံပေလရော့.. လို့ တွေးနေတုန်းမှာပဲ.. ချာတိတ်မလေးက ကျုပ်ကို တွန်းတိုက် တိုးခွေ့ ဖြတ်ကျော်ပြီး မှတ်တိုင်မှာ ဆင်းသွားပါလေရော..။ ကျုပ် လိုက်ဆင်းလိုက်ရင် ကောင်းမလား..။ မဖြစ်ပါဘူးလေ.. မထူးတော့ပါဘူး.. နောက်မှတ်တိုင် ရောက်မှ ဆင်းတော့မယ် ဆိုပြီး ဆက်စီးလာလိုက်တယ်..။ တစ်လမ်းလုံး သူ့ကို ကာကွယ်ပေးလာတာကိုတော့ ချာတိတ်မက သိတောင် သိသွားပုံမပေါ်ဘူး.. ကျုပ်ကိုတောင် ဘုကြည့် ကြည့်သွားသေးတယ်..။

လူနည်းနည်းချောင်သွားလို့ ကုလားကြီးလည်း သက်သာသွားတယ်.. အိမ်ကွင်းတုန်းက ဂိုးပြတ်နဲ့ ရှူံးထားတော့ အဝေးကွင်းမှာ ပညာပြလိုက်ဦးမလို့.. မကောင်းတတ်လို့..။ မှတ်တိုင်လည်းရောက်ရော ကျုပ်ဆင်းမလို့ လုပ်တုန်း ကုလားကြီးက ဦးအောင် ဆင်းသွားလေရဲ့..။ ခက်ပြီ.. လိုက်ဆင်းလို့လည်း မဖြစ်လေတော့ မထူးတော့ပါဘူး.. နောက် တစ်မှတ်တိုင် ထပ်စီးရုံသာပေါ့..။ နောက်မှတ်တိုင်လည်း ရောက်ရော.. တုန်ရီနေတဲ့ ဒူးတွေကို အနိုင်နိုင် ထိန်းရင်း ပုဆိုးကို အသာမလို့ ကားပေါ်ကနေ ဆင်းချလိုက်တော့တယ်..။ လူလည်း မလှုပ်နိုင်တော့ဘူး.. ပလက်ဖောင်းပေါ် ငုတ်တုတ်ထိုင်ချရင်း.. ဗိုက်ပူဘစ်(စ်)ကားကြီကို စိတ်ပျက်လက်ပျက် ကြည့်လိုက်တာ သူကတော့ သူမဟုတ်သလိုပါပဲ.. တိုးတက်သူတွေကို တင်ဖို့ ခရီးဆက်သွားလေရဲ့..။

နာရီကိုကြည့်မိတော့ ဆယ်နာရီ ခွဲနေပြီ.. ကျုပ်သွားရမယ့် အင်တာဗျူးက ကိုးနာရီခွဲ..။ အချိန်လည်း တစ်နာရီလောက် နောက်ကျသွားပြီ..။ ကျုပ်ကိုယ်မှာလည်း ချွေးတစ်လုံးလုံးနဲ့ မာဆလာနံ့ သင်းနေပြီ..။ အင်္ကျီအဖြူဖွေးဖွေးလည်း တွန့်ကြေ ညစ်ထေးနေပြီ..။ ဒီပုံစံနဲ့ အင်တာဗျူး သွားလို့ကတော့ အလုပ်ရဖို့ မပြောနဲ့ ရုံးထဲတောင် ဝင်ခွင့်ပေးမယ်မထင်..။ ကျုပ်ဘာလုပ်ရမလဲ..! ဘစ်(စ်) ကား ပြန်စီးပြီး အိမ်ပြန်ရုံမှ တပါး အခြားမရှိတော့ပြီ..။
အော်.. ဘဝ.. ဘဝ.. ကားတိုးစီးရတဲ့ ဘဝ..။

ဟော.. ဗိုက်ပူကားကြီး အိပဲ့အိပဲ့နဲ့ လိမ့်ဝင်လာပြီ..
တိုးတက်သူတွေကြားမှာ ကျုပ်လည်း တိုးတက်ဖို့ ကြိုးစားရပေဦးမည်..
ခေတ်ဟောင်း ဘစ်(စ်) ကားကြီးနောက်ကို အပြေးအလွှား လိုက်ရင်း စိတ်လက် မအီမသာ တိုးတက်လိုက်ရပြန်ပါတော့သည်..။

အားလုံးကိုပျော်ရွှင်စေချင်တဲ့

(ကိုရင်နော်)Bye

Monday, April 6, 2009

“ကြယ်နှင့်မျောက်ပေးစားလိုက်ခြင်း”

ခေါင်းစဉ်ကြည့်လိုက်ရင်တော့ ကိုရင်နော် တစ်ယောက် ပေါက်ကရ ရေးပြန်ပြီလို့ ထင်ကြမပေါ့...။ အင်း.. ရေးတော့ ရေးချင်သား.. အခုတော့ ပေါက်ကရ ရေးဖို့ အသာထားလို့ ပေါက်ကရ အလုပ်ခံရတာလေး အရင်ရေးဦးမှ.. ထူးတော့ မထူးပါဘူးလေ ဒါသည်လည်း ပေါက်ကရ ရေးခြင်းပါပဲ....။

ဒီလိုပါ ကျုပ်ရဲ့ ပေါက်တီးပေါက်ရှာ ခပ်ညံ့ညံ့ တစ်လုံးကဗျာ လေးတွေ မှတ်မိမယ်ထင်ပါတယ်.. စိတ်ကူးပေါက်ရာ ရေးရင်း ကဗျာဖြစ်သွားရတဲ့ ကဗျာလေးတွေပေါ့.. အဲ့ဒီကဗျာလေးတွေထဲကမှ “က” နဲ့ “မ” အက္ခရာကို “ကြယ်ကြွေကကြိုး” နဲ့ “မျောက်မင်းမိုက်” ဆိုပြီး ရေးလိုက်တယ်.. ဟိုတလောလေးက ရေးဖြစ်ခဲ့တာပေါ့..။ မျောက် ကတော့ မျောက် အကြောင်း.. ကြယ်ကတော့ ကြယ် အကြောင်းပါ.. (ရှင်းသွားတာပဲ) အကြောင်းအရာလည်း မတူပါဘူး.. အဓိပ္ပါယ်လည်း မတူပါဘူး.. ကဗျာ ကလည်း နှစ်ပုဒ်ပါ..။

အဲ့ဗျာ မထင်မှတ်ပဲ အဲ့ဒီ ကြယ်နဲ့မျောက်က အနေနီးလို့ ပဲလား... မေတ္တာသက်ဝင် သွားကြလို့ပဲလားတော့ မသိပါဘူး.. ကျုပ်မသိပဲ ခိုးရာ လိုက်ပြေးရောဗျို့.. ကျုပ်လည်း မသိဘူးဗျ.. ကြယ်နဲ့မျောက် အမျိုးလည်း မတူ.. အဓိပ္ပါယ်လည်း မတူ.. ဘယ့်နယ် ပါလိမ့်လို့.. ဟုတ်တယ်ဗျို့ တကယ် တကယ်.. အမယ်.. ကြယ်နဲ့မျောက် ပေါင်းထားတဲ့ နာမည်လေးတောင် ပေးထားသေးတယ် ကျုပ်လည်း အံ့တော့ အံ့သြသွားတာပေါ့...။

ကျုပ်မျောက်ကတော့ ကျုပ်ကို ချစ်ရှာပါသေးတယ် ပေါင်ကြားထဲမှာ ကျုပ်နာမည် သေးသေးလေး ညှပ်ထားတုန်း... ကျုပ်ကြယ်ကတော့ ကြယ်မ ပဲ ဖြစ်ရမယ်.. သစ္စာ မရှိဘူး.. ကျုပ်ကို မချစ်ဘူးဗျို့ ကျုပ်နာမည် ဖြုတ်လို့ နာမည်တစ်ခု တတ်ထားတယ်ဗျ.. ကျုပ်လည်း စိတ်တော့ မကောင်းဘူးပေါ့ဗျာ ကျုပ်အိမ်က သူတို့ နေချင်စဖွယ် မဖြစ်လို့.. ထွက်ပြေးကြတာ.. ခိုးရာ လိုက်ပြေးကြတာဆိုတော့.. အင်း ခက်တော့ ခက်သား..။

တကယ်ဆိုဗျာ ပြောပေါ့ မေတ္တာမျှနေကြပါပြီ ဘာညာပေါ့ ပေးစားချင်ရင် ပေးစားမပေါ့.. အသိလေးတော့ပေးပေါ့.. မဟုတ်ဘူးလား.. အဲ့ တစ်ခုတော့ ရှိတယ်.. ကျုပ်လည်း သေချာတော့ မသိဘူး.. ကြယ်နဲ့မျောက်ကို အလို မတူပဲ အတင်းအဓမ္မများ ပေးစားလိုက်လေသလားမသိဘူး.. မျိုးစပ်တာလည်း ဖြစ်တော့ ဖြစ်နိုင်သား...။

အင်းးး.. ခက်တော့ ခက်တယ် ကြယ်နဲ့မျောက်ကြားမှာ ကျုပ်နာမည်က ညှပ်နေတာ.. အဲ့ဒါ မညှပ်ရင်လည်း အရှင်းပေါ့ဗျာ.. အဓိပ္ပါယ် တစ်မျိုးပေါ့.. ဟော နောက် နာမည်အကြီးကြီးတစ်ခုပါ ထပ်ပါလာတော့ စဉ်းစားရ ခက်ရော.. ဘယ်သူ အဖေမှန်း မသိတော့ဘူးပေါ့ဗျာ.. ရှုပ်ကုန်ရောပေါ့...။

ထားပါလေ ပြီးတာပြီးပြီ ဘာပဲဖြစ်ဖြစ် ကျုပ် စိတ်ထဲမှာတော့ ကျုပ်မွေးထားတဲ့ ကြယ်နဲ့ မျောက် ကို သတ်သတ်ဆီပဲ မြင်ချင်တာဗျ.. မပေါင်းစေချင်ဘူး.. အခုတော့ ပေးစားခံလိုက်ရတယ်.. နာမည် အသစ်လေးပါ ပေးထားခံရသေးတယ် Click နှိပ်ပြီးသာ ကြည့်ကြပါဗျာ.. ဘာတဲ့ နာမည်လေးက “များလိုက်တဲ့မျောက်ကြွေရက်တဲ့ကြယ်” တဲ့ ...။

တစ်ခုခုတော့ ပြောခဲ့ကြဦးဗျ ကျုပ် ငိုသင့်သလား.. ရယ် (ရီ) သင့်သလားဆိုတာ..။


(ကိုရင်နော်)


Thursday, April 2, 2009

ဒုတိယအကြိမ်ထုတ်ဝေခြင်း (သို့) ဆားချက်ခြင်း

ကြံကြံဖန်ဖန် Tag တယ်လို့ ပြောချင်ပြော.. ဆားချက်ခိုင်းတယ်လို့ ဆိုချင်ဆို.. Tag ပိုစ့်တွေ ခေတ်စားနေတော့ ဒို့များလည်း ခေတ်နောက် မကျရလေအောင် Tag ပိုစ့်လေး တစ်ခုလုပ်ပြီး အားလုံးကို ဆားချက်ကြဖို့ နိုးဆော်လိုက်ဦးမှ ဆိုပြီး ဒီပိုစ့်လေးကို ရေးလိုက်ပါတယ်နော်..

Tag ပိုစ့်ဆိုရင် တချို့တွေ စိတ်ညစ်တတ်ကြပါတယ်.. မရေးမကောင်း ရေးမကောင်းလေ.. ချစ်လို့ ခင်လို့ Tag လာတာဆိုတော့ ရေးရတော့တာပေါ့နော်.. မရေးရင် အားနာစရာကြီးလေ မဟုတ်ဘူးလား.. (ဟဲဟဲ အခုထဲက ကြို ချုပ် ထားတာ မရေးမှာစိုးလို့) ဒို့များလည်း ကြုံဖူးပါတယ်.. Tag ခံရပြီးဆိုရင် “နင်ရေး.. ငါမရေးတတ်ဘူး.. နင်ရေး” နဲ့ သူရေးနိုး ကိုယ်ရေးနိုး တစ်ယောက်ပေါ်တစ်ယောက် လွဲချတတ်ကြပါတယ်.. အခုထိလည်း Tag ကြွေး ရေးဖို့ ကျန်နေတာလေးတွေ ရှိနေသေးတယ်.. ရေးတော့ ရေးရမှာပေါ့လေ ရင်းနှီးချစ်ခင်လို့ Tag လာတာ မရေးရင် ဘယ်ကောင်းမလဲနော်... (ချုပ်ပြန်ပြီ)

စိတ်တော့ မပူကြပါနဲ့လေ.. ဒို့များ Tag တဲ့ Tag Post က လွယ်လွယ်လေးရယ်ပါ.. (၅) မိနစ် အတွင်း ချက်ချင်းကို တင်လိုက်လို့ ရတဲ့ ပိုစ့်မျိုးပါ.. ဒါကြောင့်လည်း ဆားချက်ကြဖို့ ကြံဖန် နိုးဆော်တာပါလို့.. ဒီ Tag ပိုစ့်လေးက ရည်ရွယ်ချက်လည်း ပါပါတယ်.. အားလုံးလည်း ကျေနပ်စွာ ရေးပေးကြလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်နော်..

ဒီလိုပါ.. ဒို့များ ဘလော့ ရေးသူတွေက ပိုစ့်လေးတွေ ရေးပြီးသွားရင် ရက်ပိုင်းလေးပဲ ဘလော့ပေါ်မှာ တင်ထားတာလေ ဖတ်လိုက်ရသူရှိမယ်.. မဖတ်လိုက်ရသူတွေလည်း ရှိမယ်.. အချိန်ကြာသွားတော့ ဒီပိုစ့်လေးက အောက်ရောက်ပြီး ဟောင်းနွမ်းသွားရော.. ဖတ်သူတွေလည်း မရှိတော့ဘူးပေါ့.. အဟောင်းတွေ ရှာဖတ်တတ်တဲ့သူတွေ ရှိတော့ရှိပါတယ်.. လူနည်းစုပေါ့.. ကိုယ့်စိတ်ထဲမှာတော့ အဲ့ဒီ ပိုစ့် အဟောင်းလေး စာဖတ်သူတွေကို ပြန်ဖတ်စေချင် နေမိတယ်.. ဒီလိုစိတ်လေးတွေ အားလုံးလည်း ခံစားဖူးကြမယ်ထင်ပါတယ်.. အခု ဒို့များ Tag တဲ့ ကိစ္စက အဲ့ဒီကိစ္စ..။

ချစ်တဲ့သူငယ်ချင်းတို့ရေ..

ကိုယ့် စိတ်ထဲမှာ စာဖတ်သူတွေကို ဒုတိယအကြိမ် ပြန်ဖတ်စေချင်တဲ့ ပိုစ့်လေးများရှိရင် ပြန်တင်ပေးကြပါလို့ နိုးဆော်ရင်း Tag လိုက်ပါတယ်.. ပိုစ့်အဟောင်းလေးက နှစ်.. လ.. တွေ ကြာလို့ ဖုန်တွေတက်နေရင် ဖုန်လေးတွေ သုတ်.. Modify လေးလုပ်.. ဒါမှမဟုတ် New Version လေးပြောင်းပြီး ပြန်တင်ပေးကြပါလို့နော်.. ဒါမှ မဟုတ် “ပိုစ့်လေးက မူရင်းအတိုင်း လေးပဲ ကောင်းပါတယ်လေ” ဆိုရင်လည်း Copy/Paste သာ လုပ်ချလိုက်ပေါ့ (ဟီးးး ဒီလောက်လွယ်တဲ့ Tag ပိုစ့် ရှိမယ် မထင်) ရည်ရွယ်ချက်ကတော့ ဟောင်းနေပေမယ့် ကောင်းနေတဲ့ ပိုစ့်လေးတွေ စာဖတ်သူတွေကို ပြန်ဖတ်စေချင်တာပါ.. သူငယ်ချင်းတို့ ပြန်တင်ပေးမယ့် ပိုစ့်လေးတွေကို Tag ပိုစ့်များ ဆိုတဲ့ နေရာလေးမှာ စုထားချင်တာလည်း ပါ ပါတယ်.. ဒို့များလည်း သူငယ်ချင်းတို့ ဘလော့လေးတွေထဲက မဖတ်ဖြစ်ခဲ့တဲ့ ပိုစ့်ကောင်းလေးတွေကို ပြန်ဖတ်ချင်လို့ပါ..

ခင်မင်လေးစားချစ်ခြင်းအားဖြင့်
ကိုရင်နော်ခင်လေးငယ်

ဒို့များ Tag လိုက်သူတွေကတော့...

ကောင်းကင်ကို (ရေးပြီး) ရန်အောင် (ရေးပြီး) ကလိုစေထူး (ရေးပြီး) ပီကေ၊ ဟန်သစ်ငြိမ် (ရေးပြီး)၊ ဖိုးမောင်၊ မိုးမောင် (Happy Cloud) (ရေးပြီး) မိုးမြင့်တိမ် (ရေးပြီး) အိပ်မက်ရှင် (ရေးပြီး) ကိုရင်ညိန်း (ရေးပြီး)၊ စပ်မိစပ်ရာ၊ ဆောင်းယွန်းလ (ရေးပြီး) အောင်သာငယ် (ရေးပြီး)၊ မောင်မျိုး (ရေးပြီး) တောင်ပေါ်သား (ရေးပြီး) ဖိုးစိန် (ရေးပြီး) ဖိုးဂျယ် (ရေးပြီး) Heart Museum (ရေးပြီး) Republic (ရေးပြီး) E-journal (ရေးပြီး) Craton(ရေးပြီး) မနော်ဟရီ (ရေးပြီး) မသက်ဇင်၊ အိန္ဒြာ (ရေးပြီး)၊ မမသီရိ (ရေးပြီး) လေးမ၊ ပန်ဒိုရာ (ရေးပြီး)၊ Green Girl (ရေးပြီး)၊ မီယာ (ရေးပြီး)၊ Dream (ရေးပြီး) နန်းညီ (ရေးပြီး)
Tag ထားတယ်ဗျို့မှ (အဖွဲဝင်များအားလုံး)
Myanmar Blog Directory (အမည်ပါသူများအားလုံး)

မှတ်ချက်။ ။ ရေးပြီးရင် ဆက်ပြီး Tag ဆင့် ကမ်းပေးကြပါနော်..

ဘယ်ရမလဲ ကျုပ်လည်း ခင်လေးကို ဒီလိုပြောတာပေါ့...
“ဟဲ့ ခင်လေးစုတ်.. သူများတွေကို Tag ရုံနဲ့ မပြီးဘူး.. နင်လည်း ရေးရမယ်.. နင့်ကို ငါ Tag တယ်..” လို့

ဒင်းရဲ့ပြန်ပြောပုံကတော့..
“ကောင်စုတ်.. ငါရေးရုံနဲ့ မပြီးဘူး.. ဒီဘလော့ က နှစ်ယောက်နာမည် အဲ့ဒီတော့ နင်ပါရေးရမယ်.. ခေါင်းရှောင်ဖို့ မကြိုးစားနဲ့.. နင့်ကို ငါ ပြန် Tag တယ်..” တဲ့

ချစ်ခင်လေးစာရတဲ့ စာဖတ်သူတို့ရေ..

ဒို့များ ရေးခဲ့သမျှထဲက “ဆန့်ကျင်ဖက် အဖြစ်ဆုံး ပိုစ့်လေး နှစ်ပုဒ်ကို ရွေးချယ် တင်ပြလိုက်ပါတယ်နော်..


Photobucket


ကျွန်မနှင့်ချစ်စရာကြောင်ဖြူလေး (ခင်လေးငယ်)

ကြောင်ကလေးနဲ့ ကျွန်မ ပထမဦးဆုံး တွေ့ဆုံတဲ့နေ့က မိုးလေးတွေ ဖွဲဖွဲလေး ရွာနေတဲ့ ကျောင်းပိတ်ရက်လေး တစ်ရက်....!! အလုပ်တွေလည်း ထွေထွေထူးထူး မရှိတော့ အခန်းလေးထဲမှာ တစ်နေကုန် ရှိနေခဲ့တဲ့ နေ့လေး တစ်နေ့ပေါ့..။ အိပ်ခန်းထဲက မှန်ပြူတင်းပေါက် အကြီးကြီးရှေ့မှာ ကွန်ပျူတာ စားပွဲလေးရှိတယ်.. ပန်းနုရောင် လိုက်ကာကြီးကို ကြိုးလေးနဲ့ ဆွဲဖယ်ပြီး တံခါးကို ဖွင့်လိုက်တာနဲ့ နှင်းဆီပန်းအိုးလေးတွေ စီစီရီရီ ထားထားတဲ့ ဝရမ်တာလေကို လှမ်းမြင်နေရပါတယ်....။

ကွန်ပျူတာလေးရှေ့မှာ ထိုင်နေရင်း မိုးဖွဲလေးတွေ ရွာနေတယ်ဆိုတဲ့ အသိရယ် မိုးနံ့လေးတွေကို ရူရှိုက်ချင်တဲ့ စိတ်ရယ်နဲ့ ကျွန်မအိပ်ခန်း ပြတင်းပေါက်လေးကို ဖွင့်ထားလိုက်ပါတယ်...။ ကွန်ပျူတာကို ဖွင့်ထားရင်း မိုးဖွဲသေးသေးလေးတွေက နှင်းဆီပန်းလေးတွေကို နှုတ်ဆက် ဆော့ကစားနေတာလေးကို ကျွန်မငေးနေမိတယ်..။ သူတို့မျက်နှာပ်ါမှာ မထိတထိနဲ့ လာရောက် ကြည်စယ်နေတဲ့ မိုးစက်မှုန်လေးတွေကို နှင်းဆီပန်းလေးတွေက ပြုံးပြီးကြိုနေသလိုလို...။ ပန်းလေးတွေ ပြုံးနေတာကို မြင်နေရတာ သိပ်ချစ်ဖို့ကောင်းတာပဲ.. ကြည့်ရတာ ရင်ခုန်ဖို့ ကောင်းလိုက်တာ...။

အဲဒီအချိန်လေးအတွင်းမှာ.. ဗြုန်းဆိုပြီး ပြတင်းပေါက် ဘောင်လေးပေါ် သူ တက်လာခဲ့တာပေါ့..။ ရုတ်တရက်တော့ ကျွန်မလန့်သွားခဲ့တယ်.. ချစ်စရာကောင်းတဲ့ ကြောင်ဖြူဖြူလေးက လန့်သွားတဲ့ကျွန်မကို ခေါင်းလေးစောင်းငဲ့ရင်း မျက်လုံးလေး အဝိုင်းသားနဲ့ လှမ်းကြည့်နေတယ်.. သူ့ကိုကြည့်ရတာ ကျွန်မကိုရင်းနှီး နေပြီးသားလိုပါပဲ သူ့အကြည့်တွေမှာ စိမ်းနေတဲ့ အရိပ်အယောင်တွေ မမြင်ရပါဘူး..။ ဘေးအခန်း တစ်ခန်းခန်းက ကြောင်ကလေး တစ်ကောင် ဖြစ်နိုင်ပါတယ်..။

ကျွန်မသူ့ကို ပြုံးကြည့်ရင်း လက်လေးကမ်းလို့ ကြိုလိုက်တာနဲ့ ညင်ညင်သာသာ ချေလှမ်းဖွဖွလေးတွေနဲ့ ကွန်ပျူတာလေး ဘေးနားအထိ သူရောက်လာခဲ့တာ....။ သူ့ကို ထွေးပိုက် ပွတ်သတ်မိလိုက်တာနဲ့ ခေါင်းလေးဝှေ့ပြီး မျက်လုံးလေးတွေ မှေးစဉ်းနေအောင် သူကျေနပ်နေခဲ့ပါတယ်....။ ပထမဦးဆုံး တွေ့ဆုံတဲ့နေ့မှာပဲ ကြောင်ဖြူဖြူလေး တစ်ကောင်ဟာ ကျွန်မရင်ထဲအထိ နက်နက်ရှိုင်းရှိုင်း နေရာယူသွားခဲ့တာပါ...။ ဒီလိုနဲ့ ကျွန်မနဲ့သူ ရင်းနှီးမှုတွေစလို့ သံယောဇဉ်တွေ ပျိုးခဲ့ကြတာပေါ့...။

အဲဒီနေ့လေးကစလို့ ကျွန်မအိမ်မှာရှိနေတဲ့ နေ့တိုင်း၊ အချိန်တိုင်း အိပ်ခန်းပြတင်းပေါက်လေးကို ဖွင့်ထားတတ်သလို.. ပြတင်းပေါက်လေးဖွင့်တာနဲ့ ချက်ချင်းဘဲ သူလည်း ခုန်ပေါက်ကာ ရောက်လာတတ်နေပြီ..။ သူဟာ ကျွန်မပြူတင်းပေါက်လေး ဖွင့်မယ့်အချိန်ကို စောင့်နေတတ်တဲ့ ကြောင်ဖြူဖြူလေးပါဘဲ..။ ကွန်ပျူတာ စားပွဲလေးပေါ်ကနေ ကျွန်မအိပ်ခန်းလေးအတွင်းမှာ ခုန်လိုက်.. ပေါက်လိုက်နဲ့ ခြေဆန့်လည်ပတ် စပ်စုတတ်တဲ့အထိ ကြောင်လေးဟာ ကျွန်မကို ရင်းနှီးနေပြီ....။

ကျွန်မ စာတွေ ကျက်နေတတ်တဲ့ အခါမျိုး ဒါမှမဟုတ်.. ကွန်ပျူတာရှေ့မှာ ထိုင်ရင်း ဇယားတစ်ခုခုကို ဆွဲနေမိချိန်မျိုးတွေဆိုရင် သူကကျွန်မဘေးမှာ ခေါင်းလေးပုပြီး ငြိမ်ငြိမ်လေး နေပေးတတ်တယ်..။ အလိုက်သိတတ်လွန်းတဲ့ ကြောင်လေးတစ်ကောင်ပါဘဲ.. တစ်ခါတလေ On line မှာ ဖြစ်ဖြစ် ဖုန်းတစ်လုံးနဲ့ဖြစ်ဖြစ် သူငယ်ချင်းတွေနဲ့ စကားပြောတာ ကြာသွားပြီဆိုရင် တော့ သူသိသိသာသာ ကျွန်မကိုနှောက်ယှက်ပြီ.. သူရှိနေတယ်ဆိုတာကို အသိပေးသလိုနဲ့ ကျွန်မမျက်စေ့ရှေ့မှာ လမ်းသလားပြတယ်.. ကျွန်မက မသိချင်ယောင် ဆောင်နေပြန်ရင် ကျွန်မခြေထောက်လေးတွေကို ပွတ်သီးပွတ်သတ်နဲ့ သူကစားပြရင်း သတိပေးမယ်...။

ကျွန်မကလည်း တစ်ခါတလေ သူ့ကိုအရမ်းနောက်ချင် စချင်လာလို့ လုံးဝ သတိမထားမိဟန် ဆောင်နေပြီ ဆိုရင်တော့ သူ သီးမခံနိုင်တော့ဘူး.. ကျွန်မကို
အကြီးအကျယ် ဆန္ဒပြသောင်းကျန်းပြီ..။ ကျွန်မစိတ်ကို တင်းထားပြီး ဆက်နေနေမယ် ဆိုရင်တော့ “ဝုန်း” ဆို ပြတင်းပေါက် ဘောင်ပေါ်ကို ခုန်တက်ပြီး သူပြန်တော့မယ်ပေါ့...။ ချက်ခြင်း ပြန်သွားတာလည်း မဟုတ်.. အမြီးလေးကို ပုတ်ပုတ်ပြီး ကောက်ပြနေတာ.. တကယ့် လူသားလေး တစ်ယောက်လိုပါဘဲ.. အဲ့ဒီလောက်ထိ သူစိတ်ကောက်ပြရင်တော့ မနေနိုင်တော့သူဟာ ကျွန်မဖြစ်ခဲ့ပြီ.. လက်ထဲကဖုန်းကို ချက်ချင်းချပြီး ကျွန်မသူ့ကို ချော့ရပါတယ်...။

သူ ပြတင်းပေါက်လေး ပေါ်ကနေ ခုန်ဆင်းပြီး ပြန်သွားမှာကို ကျွန်မ.. အရမ်း ကြောက်တယ်ဆိုတာ သိနေတဲ့ ချစ်စရာ ကြောင်ဆိုးလေးပါဘဲ...။ တစ်ခါတစ်လေ ကျွန်မသူ့ကို စကားတွေ လှမ်းလှမ်း ပြောဖြစ်သေးတယ်.. သူက ကျွန်မ စကားကို နားလည်နေသလို သူ့အမြီး ဖွားဖွားလေးကို တစ်ဘုတ်ဘုတ်နဲ့ ထောက်ခံနေတဲ့ ပုံစံလေးနဲ့... အရမ်းချစ်ဖို့ ကောင်းတယ်..။ စိတ်ညစ်စရာတွေ ကြုံလို့ မျက်ရည်ကျပြန်တော့ သူစိတ်မကောင်း.. ကျွန်မနည်းနည်းလေး အငိုတိတ်ပြီဆိုတာနဲ့ ကျွန်မပေါ် ခုန်တက်လာပြီး သူ့မေးလေးနဲ့ ပွတ်သတ် ဖြေသိမ့် တတ်သေးတယ်..။

ကျွန်မအခန်းထဲက ရေခဲသေတ္တာထဲမှာ သစ်သီးတွေသာများတာ.. Pet Food နဲ့ တူတာဆိုလို့ ထမင်းခြောက်ခဲလေးတောင် ရှိမနေတတ်ပါဘူး.. ခုတော့ ရေခဲသေတ္တာဘေးက စတီး(လ်)စင်လေးပေါ်မှာ Pet Food ဗူးလေးတွေ အစီအရီနဲ့ ဖြစ်လို့နေပေါ့..။ လူသားတစ်ယောက်နဲ့ ကြောင်လေးတစ်ကောင်ရဲ့ ချစ်ခင်တွယ်တာမှုဟာ တကယ်တော့ တော်တော်လေး ထူးဆန်းပါတယ်..။ ကျွန်မသူ့ကို ဘေးမှာထားရင်း သစ်သီးတစ်ခုခု စားဖြစ်တိုင်း သူလည်း သစ်သီးလေးတွေကို လျှာလေးနဲ့ လိုက်တို့တတ်တာပါဘဲ.. တကယ်ဆိုရင် ကြောင်နဲ့ အေးစက်စက် သစ်သီးတွေနဲ့ ဘာဆိုင်လို့လည်းနော်... ဒါပေမဲ့ သူလည်း စားတယ်ဆိုတာ ကျွန်မကို သိစေချင်တာနေမှာပါ..။

ကျွန်မအိမ်မှာ မရှိတဲ့ နေ့လည်တွေတိုင်း သူဟာကျွန်မရဲ့ ဝရမ်တာလေးမှာ ဆော့ကစား နေတတ်တယ်..။ ညရောက်လာရင်တော့ သူ့အိမ်ရှင်တွေရဲ့ အခန်းရှိရာကို သူ ပြန်သွားတာပါပဲ..။ ဒီလိုနဲ့ ကျွန်မ မြန်မာပြည်ကို ခဏပြန်ဖို့ ကိစ္စပေါ်လာတယ်.. ဒီဇင်ဘာ တစ်လလုံး ကျွန်မမိသားစုတွေနဲ့ အတူတူရှိနေပြီး ဇနဝါရီလလယ် ရောက်မှ ပြန်လာဖြစ်မှာပါ... Christmas မှာ ကျွန်မကြောင်လေးနဲ့ အတူတူရှိမနေ ပေးနိုင်ပါဘူး...။

ကျွန်မသူ့ကို ကြိုပြီးလက်ဆောင်လေး တစ်ခုခု ပေးချင်နေမိတယ်.. အမှတ်တရလေးပေါ့..။ တစ်ချောင်းထိုးအပ် Set လေးတစ်စုံရယ်.. သိုးမွှေးအနီရဲရဲလေး နှစ်လုံးဝယ်ပြီး ကြောင်လေးအတွက် ဦးထုပ်လေး စထိုးတယ်..။ သုံးရက်နဲ့ပဲ ချစ်စရာဦးထုပ် အနီရဲရဲလေး ထိုးပြီးသွားပါတယ်..။ ထုံးစံအတိုင်း ပြတင်းပေါက်လေးကို ဖွင့်လို့ ကြောင်လေး အလာကို ကျွန်မကြာကြာ မမျှော်လိုက်ရပါဘူး သူရောက်လာခဲ့တယ်..။ ကျွန်မသူ့ကိုပွေ့ထားရင်း လက်ဆောင် ဦးထုပ်လေးကို သူ့ခေါင်းလေးမှာ တယုတယ စောင်းပေးပြီး သူ့မေးစေ့အောက်မှာ ကြိုးလေးနဲ့ ဖွဖွလေး ချည်ပေးလိုက်တယ်..။

ကျွန်မပါးစပ်ဖျားလေးကလည်း ဒါကြောင်လေးအတွက် ကျွန်မကိုယ်တိုင် ထိုးထားတဲ့ လက်ဆောင်လေးဆိုတာ တစ်ဖွဖွ ပြောနေမိရင်းပေါ့...။ သူလည်း အရမ်းကိုပျော်နေတာပါ.. အမွှေးဖွား ဖြူဖြူစွတ်စွတ်နဲ့ သူ့ခေါင်းပေါ်က အနီရဲရဲဦးထုပ်လေးက အရမ်းကို လိုက်ဖက်လွန်းနေတာပေါ့..။ ချစ်စရာလေးပါ..။ ကျွန်မသူ့ကိုပွေ့ထားရင်း ဓါတ်ပုံလေးရိုက်လိုက်တယ်..။ ချက်ခြင်းဘဲ အဲဒီပုံလေးကို Computer Background လေးတင်လိုက်ပါတယ်...။

ကျွန်မရဲ့ကြောင်လေးက မော်နီတာနားလေးကို ကပ်ကပ်သွားလိုက် ခေါင်းလေးကို စောင်းရင်း နှုတ်ခမ်းလေးနဲ့ နမ်းလိုက် ကျွန်မဆီကို ပြန်ပြေးလာလိုက်နဲ့ သူအရမ်းကို ပျော်နေတာ သိသိသာသာပါဘဲ... ပုံလေးထဲမှာ ကျွန်မကသူ့ကိုပွေ့ထားရင်း နှစ်နှစ်ခြိုက်ခြိုက် ပြုံးနေသလို ဦးထုပ်အနီလေးနဲ့ ကြောင်လေးကလည်း မျက်လုံးလေး အဝိုင်းသားနဲ့ Camera ကို စိုက်ကြည့်နေတာလေ...။ သူ... ပေါင်ပေါ်ကို ပြန်တက်လာတော့ ကျွန်မသူ့ကို စကားတွေ စပြောမိတယ်... ကျွန်မ မရှိတဲ့ အချိန်တွေမှာ လိမ်လိမ်မာမာ နေခဲ့ဖို့ရယ်... ခွဲခွါနေရတာ ကြာနေတဲ့ မိသားစုနဲ့ ပြန်တွေ့ချိန် အိမ်မှာ ပျော်နေရင်းနဲ့တောင် ကျွန်မကြောင်လေးကို သတိရနေမိမှာ ဆိုတာတွေရော အစုံပါပဲ...။

ပထမတော့ သူက ကျွန်မမျက်နှာကို မော့ကြည့်ရင်း ငြိမ်ပြီး နားထောင်နေတာပေါ့... ခဏနေတော့ ကျွန်မပွေ့ထားတဲ့ လက်တွေထဲက ရုန်းထွက်ပြီး ခေါင်းကို ခပ်ကြမ်းကြမ်း ရမ်းရင်း ဦးထုပ်အနီလေးကို သူခါချလိုက်တယ်... ရုတ်တစ်ရက် သူ့ အမူအယာတွေကို ကျွန်မနားမလည်နိုင်ဘဲ ခပ်ကြောင်ကြောင် ဖြစ်နေတုန်းမှာ ကျွန်မရှေ့က ကွန်ပျူတာ စားပွဲပေါ်ကို ခုန်တက်ရင်း ကျွန်မနဲ့ မျက်နှာချင်းဆိုင်မှာ သူထိုင်တယ်... ကျွန်မမျက်နှာကို ခပ်တည်တည်နဲ့ အကြာကြီး စိုက်ကြည့်နေတယ်... ကျွန်မသိလိုက်ပြီ... သူအရမ်း ကြေကွဲ နေပြီဆိုတာကို...

“ဟင့်အင်း ကျွန်မလည်း ကြောင်လေးလိုပါဘဲ.....” စိုးထိတ်တုန်ရီစွာနဲ့ ထွက်လာတဲ့ ကျွန်မရင်ထဲက စကားလေး မဆုံးခင်မှာ သူ.. အခန်းအပြင်ကို ရောက်သွားခဲ့ပြီ.. ကျွန်မကို ခေါင်းငဲ့ကာ တစ်ချက်ပြန်ကြည့်ရင်း ပြတင်းပေါက်လေးပေါ်က ခုန်ဆင်းသွားခဲ့တယ်...။ ကြောင်လေးကျွန်မကို တကယ် ထားသွားခဲ့ပြီလား.. ကျွန်မမျက်ရည်တွေ အလိုလို ကျလာတယ်.. သူ စိတ်ကောက်သွားတာပါ.. စိတ်ပြေတာနဲ့ ကျွန်မဆီ ပြန်လာမယ်လို့ မျှော်လင့်ချင်သေးတယ်...

ဒါပေမဲ့ အဲဒီနေ့ကစလို့ ချစ်စရာ ကြောင်ဖြူဖြူလေးဟာ ရက်စက်စွာနဲ ကျွန်မကို ခွဲသွားခဲ့ပါပြီ..။ ကြောင်လေးတစ်ကောင်ကြောင့် မစားနိုင်မသောက်နိုင်.. မအိပ်နိုင်.. လွမ်းဖျား ဖျားပြီး ဆေးခန်းပြလိုက်ရတဲ့အထိ ဖြစ်ဖူးတယ်ဆိုရင် ဘယ်သူယုံနိုင်မှာလဲ.!! လိုက်ရှာပါသေးတယ်.. ကျွန်မ ဘေးအခန်းလေးတွေအထိ သွားပြီး တစ်ခန်းဝင် တစ်ခန်းထွက် ကြောင်လေးကို လိုက်ရှာမိတယ်... ဒါပေမဲ့..........။

သံယောဇဉ်ဆိုတာ တကယ်တော့ အရမ်းကြောက်ဖို့ ကောင်းတဲ့အရာပါ.. အပူတွေ... အပူမီးတွေ.. ကြောင်လေးတစ်ကောင်ကို လွမ်းတဲ့စိတ်တွေနဲ့ ကျွန်မမှာ လောင်ကျွမ်းလို့.... ဒီနေ့ထက်ထိ ကြောင်လေးပြန်လာဖို့ကို ရူးသွပ်စွာ မျှော်နေမိဆဲ... အခန်းလေးမှာ ရှိနေချိန်တိုင်းလည်း နွေ၊ မိုး၊ ဆောင်း ရာသီမရွေး ပြတင်းပေါက်လေးကို ဖွင့်ထားမိနေဆဲ.... ရေခဲသေတ္တာလေး ဘေးက စတီးစင်လေးပေါ်မှာလည်း ဖုံတက်နေတဲ့ Pet Food ဗူးလေးတွေက အစီအရီရှိနေဆဲ... သူ.. ခဏလေးသာ စောင်းသွားခဲ့တဲ့ ဦးထုပ်နီနီလေးကိုလည်း တယုတယနဲ့ မြတ်နိုးစွာ ကျွန်မသိမ်းထားမိနေဆဲပါ။

ကျွန်မရဲ့ ကွန်ပျူတာ မော်နီတာလေးပေါ်က သူ့ပုံရိပ်လေးဟာလည်း လတွေ နှစ်တွေ ပြောင်းသွားသည့်တိုင် ခုထက်ထိ ဒီအတိုင်းလေးပါပဲ......

ဟော.... မိုးဖွဲလေးတွေ ကျလာပြန်ပြီ... ကျွန်မလေ...............

(ခင်လေးငယ်)




ကျွန်ုပ်နှင့်မုန်းစရာကြောင်နက်ကြီး
(ကိုရင်နော်)

ကျနော့်ကို အကြင်နာကင်းမဲ့တယ်လို့ ပြောချင်ပြော မေတ္တာတရားခေါင်းပါးတယ်လို့ ဆိုချင်ဆို အိမ်မွေး တိရိစ္ဆာန်တွေဆိုရင် ချစ်လို့ကို မရဘူး.. အိမ်မွေး တိရိစ္ဆာန်ဆိုတာ အိမ်အတွက် အကျိုးပြုတာတွေ ရှိသလို အကျိုးမပြုတာတွေလည်း ရှိပါတယ်..။ ခွေးဆိုရင် အိမ်စောင့်ပေးတယ် လုံခြုံရေးအတွက် အကျိုးပြုတယ်ပေါ့.. ယုန်တို့ ရွှေငါးတို့ ကြက်တူရွေးတို့ကတော့ အကျိုးမပြုဘူး ထင်တာပဲ.. အပျော်သက်သက် ဒါမှမဟုတ် အလှပြကြဘို့ မွေးကြတယ်ထင်ပါတယ်.. တချို့ဆို မျောက်တို့.. မြွေတို့.. ဝက်ဝံတို့.. နိုင်ငံခြားမှဆို ကျားတွေ ခြင်္သေ့တွေတောင် မွေးတဲ့လူ ရှိသေးတယ်..။

သံယောဇဉ် ဆိုတာကလည်း တကယ်တော့ ဖြစ်လွယ်တယ်လေ.. သက်မဲ့အရာဝထ္ထု တွေကိုတောင် သံယောဇဉ် ဖြစ်သေးတာ သက်ရှိတိရိစ္ဆာန်တွေကို သံယောဇဉ်ဖြစ်တာ ဆန်းတော့ မဆန်းပါဘူး..။ အလွန်အကျူးကြီး ဆိုရင်တော့ မကောင်းဘူးပေါ့.. တစ်ချို့ဆို ခွေးလေးတွေ ကြောင်လေးတွေကို လူတွေနဲ့ တစ်တန်းတည်းထားကြတယ် ပွတ်သပ်ပွေ့ပိုက် ရင်သွေးလေးကျနေတာ.. သူတို့စားဖို့ သတ်သတ်လုပ်ပေးရတယ် နေမကောင်းရင် ဆေးခန်းပြရသေးတယ်.. နောက်ဆုံး အီအီး.. ရှူရှူးကအစ လိုက်တယ် ပေးရတယ်.. တချို့များဆို ကိုယ့်ခွေးလေး.. ကြောင်လေး ပျောက်လို့ ငိုလို့ငို.. ဖျားလို့ဖျား..
စိတ်ညစ်စရာပါ..။

အဲ့ဒီလို အိမ်မွေး တိရိစ္ဆာန်တွေထဲမှာ ကြောင်ကိုတော့ အမုန်းဆုံးပဲ.. ဘာကြောင့်မှန်းတော့ မသိဘူး ငယ်ငယ်ထဲက မုန်းကို မုန်းနေတာ.. Tom & Jerry ထဲက ကြွက်လေးကို နိုင်စားလို့ မုန်းသွားတာလားတော့ မသိဘူး.. ရွံလည်းရွံတယ် ကြောင်တွေ့ရင် တစ်ခုခုနဲ့ ပေါက်ချင်တယ် ဒါမှမဟုတ် ကန်ပလိုက်ချင်တယ်.. တကယ်တကယ် အလွတ်ကြီးကို မုန်းနေတာ..။

တစ်ရက်တော့ ကျောင်းပိတ်ရက် ရှမ်းပြည်ဘက် ခရီးထွက်ဖြစ်တယ်.. မန္တလေးရောက်တော့ သူငယ်ချင်း တစ်ယောက်ရဲ့ အိမ်မှာ တစ်ည ဝင်တည်းရတာပေါ့.. ဖြစ်ချင်တော့ သူငယ်ချင်းတို့ အိမ်မှာ ကြောင်နက်ကြီး တစ်ကောင်ရှိတယ်.. သူတို့ မိသားစုကလည်း ကြောင်နက်ကြီးကို သွေးသားရင်း တစ်ယောက်လိုကို ချစ်ကြတာ.. လွန်လွန်းပါတယ် ပွေလိုက် ဖက်လိုက် ပွတ်လိုက် သပ်လိုက် နမ်းတောင် နမ်းလိုက်သေးတယ်.. ကျနော်လေ စိတ်တွေ ညစ်လိုက်တာ တကယ်တကယ်..။ နဂိုကမှ ကြောင်မုန်းသူပါဆိုမှ အဲ့ဒီလို ပွတ်သီးပွတ်သပ်တွေ မြင်တော့ အသည်း ယားလိုက်တာ မပြောပါနဲ့..။

ညရောက်တော့ သူတို့မိသားစုနဲ့အတူ ထမင်းစားတာပေါ့.. အဲ့ဗျာ.. “ညှောင်..” ဆိုပြီး ထမင်းစားပွဲပေါ် ခုန်တက်လာရောဗျာ.. လန့်လည်းလန့် အံ့လည်း အံ့သြသွားတာပေါ့.. သူတို့ကတော့ “သားလေး...လာ..” ဆိုပြီး စားပွဲပေါ် ငါးကြော်တစ်တုံး ချပေးလိုက်တယ်ဗျာ.. ပြီးတော့ ဟိုဟင်းခွက်လိုက်နမ်း ဒီဟင်းခွက်လိုက်နမ်းနဲ့.. အငယ်မလေးက “သားငယ်နော် နင့်ဟာနင်စား” ဆိုပြီး နောက်တစ်တုံး ချပေးလိုက်ပြန်ရော.. ကြည့်လေဗျာ မသတီစရာ ကြောင်ကိုများ အဲ့လိုကျွေးစရာလားဗျာ.. ကျနော်လေ ဆက်စားရ အခက် မစားရ အခက်.. ဟင်းခွက်တွေကို ကျော်ခွပြီး ကျနော့်ထမင်းပန်းကန်နား လာနမ်းသေးတယ်.. တော်သေးရဲ့ သူငယ်ချင်းက အလိုက်တသိ ဂုတ်ကနေ ကိုင်ပြီး ဆွဲယူသွားပေလို့.. စိတ်ညစ်လိုက်တာဗျာ.. သူတို့မို့ မရွံမရှာ..။

ဒီလိုနဲ့ ထမင်းစားပြီးတော့ ဧည့်ခန်းမှာ ထိုင်ရင်း စကားပြောကြတာပေါ့.. အဲ့ဒီအချိန်မှာ ကြောင်စုတ်ကြောင်ပြတ်က “ညှောင်..” ဆိုပြီး ကျနော့်ပေါင်ပေါ် ခုန်တက်လာပါရော.. ရုတ်တရက်ဆိုတော့ လန့်သွားတာပေါ့.. သူ့လက်သည်းတွေက ကျနော့်အသားကို အပ်တွေနဲ့ ထိုးလိုက်သလိုပဲ.. ကျနော်လည်း စတွန့်သွားတယ်.. အိမ်ရှင်တွေ ရှေ့မှာဆိုတော့ မောင်းထုတ်ရမှာ အားနာတာပေါ့.. သူတို့အချစ်တော် အသည်းတုံးကြီးကိုး.. ဒေါသကို အောင့်အီးရင်း ဟန်ဆောင်ပန်ဆောင် ကြင်နာသယောင် ခေါင်းလေးကို ပွတ်ပေးနေ ရတော့တာပေါ့.. သကောင့်သားကလည်း သူ့အိပ်ယာများ မှတ်နေလားမသိ ဟိုလူးဒီလိမ့်.. ကျနော်လေ ကြက်သီးတွေထ.. ဆူးကဆူး.. ယားကယားနဲ့ ဟန်ဆောင်ပြုံးသာ ပြုံးနေရတယ် စိတ်ထဲမှာတော့ စိတ်ရှိလက်ရှိ ကိုင်ပေါက် လိုက်ချင်နေတာ.. မသိမသာ ကြမ်းပေါ် ပြန်ချလိုက် ဒင်းက ပြန်ခုန်တက်လာလိုက်.. လက်သည်းကြီးက ထိုးလိုက်.. ကျနော်က စတွန့်သွားလိုက်နဲ့ သေသာ သေလိုက်ချင်တော့တယ်..။

သေချင်းဆိုးက ဘယ်မှကိုမသွားတော့ဘူး.. ကျနော့်ပေါင်ပေါ်မှာ မှိန်းနေလေရဲ့.. ကျနော်လေ စိတ်တွေတိုလိုက်တာ.. အိမ်သားတွေမသိအောင် သူ့ဂုတ်သားက အရည်ပြားကို ပွတ်သလိုလိုနဲ့ တအားဆွဲလိမ်လိုက်တော့ “ညှောင်.. ညှောင်” ဆိုပြီး အော်ပါလေရော.. အိမ်သားတွေကလည်း ကြောင်စကားများ နားလည်လေသလားမသိ အားလုံးကျနော်ကို ဝိုင်းကြည့်ကြတယ်.. ကျနော်လည်း စပ်ဖီးဖီးနဲ့ သူ့ခေါင်းကို ကျနော့်ပါးနဲ့ ကပ်ရင်း “အရမ်းချစ်စရာကောင်းတယ်နော် စလို့ကောင်းတယ်” လို့ပြောလိုက်ရတယ်.. အိမ်သားတွေကလည်း ကျေနပ်သွားဟန်နဲ့ ပြုံးကြည့်နေကြတယ်.. ကျနော့် စိတ်ထဲကတော့ ကလိကလိနဲ့.. လုပ်ချင်နေတာ..။ ကြောင်စုတ်က ကျနော့်ပါးကို လျှာနဲ့လှမ်းလျက်မလို့ တော်သေးတယ် အရှောင်မြန်ပေလို့..။

ညအိပ်ယာဝင်တော့ တော်တော်နဲ့ အိပ်မရဘူး ဘယ်အချိန် အိပ်ယာပေါ် တက်လာမလဲလို့ တွေးပြီး လန့်နေရတာ.. သန်းခေါင်ကျော်တော့ အပေါ့က သွားချင်လာရော အိပ်ယာက မထချင်ထချင် ထရတော့တာပေါ့.. အခန်းပြင် ထွက်လိုက်တော့ တစ်အိမ်လုံး အိပ်နေကြတာ မှောင်မဲတိတ်ဆိတ်လို့.. မီးခလုတ်ကလည်း ဘယ်နားရှိတယ်မသိ အကန်းတစ်ယောက်လို ဟိုစမ်းဒီစမ်း ဝါးတားတားနဲ့..။

အဲ့ဒီအချိန်မှာ “ဒိတ်” ကနဲ့ ရင်တုန်သွားတယ်.. ကျောထဲကလည်း အေးခနဲ စိမ့်သွားတယ်.. ကြက်သီးတွေလည်း “ဖြန်း” ကနဲ့ ထသွားတယ်.. ကျနော်ကို စိုက်ကြည့်နေတဲ့ အစိမ်းရောင်မျက်လုံးတစ်စုံ.. ကျနော်နဲ့ မျက်နှာချင်းဆိုင် တည့်တည့်လောက်ဆီက.. သရဲဆိုတာများလား..!! ကြောက်လန့်စိတ်တွေနဲ့ ရင်တွေ တုန်လာတယ်..။

တွေးနေတုန်းမှပဲ “ညှောင်...” ဆိုပြီး ရေခဲသေတ္တာပေါ်က ခုန်ချလာတဲ့ “မျက်လုံးစိမ်းစိမ်း ကြောင်စုတ်”.. ကျနော့်ခြေထောက်နား ရောက်လာတယ်.. သူ့ကိုယ်လုံးနဲ့ ကျနော့်ခြေထောက်ကို ပွတ်သပ်ရင်း ကစားနေတယ်.. ကျနော့်ခြေဖမိုးပေါ် သူ့လက်သည်းဆူးဆူးတွေ လာထောက်မိတော့.. ကျနော်လေ ကြောက်တာရော.. လန့်သွားတာရော.. စိတ်တိုတာရော.. နာတာရော.. မုန်းတာရော.. အားလုံးရောပြီး ရုတ်တရက် မမျှော်လင့်ပဲ ကြုံးကန်လိုက်မိတယ်.. “ညှောင်...))))..” “ ဒုန်း..)))..” ဆိုပြီး ခပ်ဝေးဝေးကို လွှင့်ထွက်သွားတယ်...။

သူငယ်ချင်းလာနိုးတော့ မနက်(၈)နာရီထိုးနေပြီ.. (၉)နာရီကျော်ကျော်ဆိုရင် ရှမ်းပြည်တက်ဖို့ ကားလာကြိုတော့မယ်.. ပျာယီးပျာယာထရင်း ရေချိုးခန်းသို့အသွား စားပွဲအောက်က ဒေါင့်လေးမှာ ခွေနေတဲ့ “ကြောင်နက်”..။

ကျနော့်ကိုတွေ့တော့ အမြီးလေးကုတ်သွားတယ်.. တစ်ချိန်လုံး ပြေးလွားခုန်ပေါက် ဆော့ကစားနေတတ်တာ ခုတော့ ငြိမ်လွန်းနေတယ်.. သူ့မျက်လုံးတွေက ငိုထားသလို မို့မို့အစ်အစ် ရီဝေနေတယ်.. ကျနော့်ကို ကြည့်နေတဲ့ သူ့အကြည့်တွေက တစ်ခုခု ပြောနေသလိုလို..။ ရန်လိုမှု မုန်းတီးမှုတွေ မပါတာတော့သေချာတယ်.. ကျနော်စိတ်ထဲမှာ “ထိတ်” ကနဲ ဖြစ်သွားတယ်.. ညက ကျနော် ကန်လိုက်လို့များ သူတစ်ခုခုဖြစ်သွားသလား..! ခြေလက်တွေများ ကျိုးပဲ့ကုန်ပြီလား.. သေချာပါပြီ.. ကျနော်လွန်သွားပြီဆိုတာ ချက်ချင်း သိလိုက်ပြီ..။

ကျနော်သူ့အနား မသိမသာ ကပ်သွားတော့ သူ့ရဲ့ ချွန်ချွန်ထက်ထက် လက်သည်းလေးတွေကို ဖွက်ရင်း မျက်လုံးလေး မှိတ်သွားတယ်.. နာကျင်ညည်းညူသံ ခပ်တိုးတိုးလေး ကြားနေရတယ်.. ဟုတ်ပါတယ်.. ကျနော့်ကြောင့် သူဒဏ်ရာရသွားခဲ့ပြီ.. ကျနော်တကယ်ကို စိတ်မကောင်း ဖြစ်မိသွားတယ်.. သူ့ခေါင်းလေးနဲ့ ကျောလေးကို ကျနော် သပ်ပေးနေမိတယ်.. ရင်ထဲကတကယ်ဖြစ်ပေါ်လာတဲ့ သနားကြင်နာမှုနဲ့ပါ..။ ကျနော်... ကျနော်လေ...။

ရှမ်းတောင်တန်းကြီးတွေကို တစ်လုံးပြီးတစ်လုံး ကျော်ဖြတ်နေသလို ကျနော့်အတွေးတွေလည်း လှိုင်းလုံးကြီးတွေလို ရင်ထဲမှာ တစ်လုံးပြီးတစ်လုံး.. သူဟာ ရန်သူလည်း မဟုတ်၊ အင်အားချင်းလည်း မမျှ၊ အပြစ်လည်း မရှိ.. မေတ္တာခံယူရန်သက်သက် ကိုယ့်အနား ကပ်လာသော တိရိစ္ဆာန်တစ်ကောင်ကို မေတ္တာတရား မရှိသော.. အကြင်နာ ကင်းမဲ့သော.. ရက်စက်တတ်သော.. အသိဉာဏ် မရှိသော ကျနော်.. သူ့ကိုနာကျင်စေခဲ့ပြီ.. ကျနော်မျက်လုံးတွေကို မှိတ်ထားလိုက်တယ်.. သံယောဇဉ်နဲ့ ချစ်ခြင်းမေတ္တာဆိုတာရဲ့ လေးနက်တဲ့ အဓိပ္ပါယ်ကိုလည်း ကျနော်လက်တွေ့ နားလည်သွားပါပြီ.. ကြောင်နက်လေးရဲ့ပုံရိပ်နဲ့ “ညောင်..” ဆိုတဲ့အသံလေး မြင်ယောင်ကြားယောင်လာတယ်.. “နောင်တ” ဆိုတာထက်ပိုတဲ့ အသိတရားတစ်ခုကို တကယ်ရရှိလိုက်ပါပြီ...။

(ကိုရင်နော်)



လက်သုံးစကား (ကလေးလေး)


က
လေး
လေး
က
တော့

ဘာ
မှ
ရေး
တော့
ဖူး

က
လေး
လေး
ရဲ့

လက်
တုံး

ကား
လေး
ဖဲ

ပြော
တော့
မယ်


တိ
ဖူး

တိ
ဖူး
ဗိုက်
ဆာ
တယ်

celebrate

က
လေး
လေး


အားလုံးကိုကျေးဇူးတင်ပါတယ် ရှင်ဗျာ..

ကိုရင်နော် nerd ခင်လေးငယ် senyumkenyit ကလေးလေး celebrate

Wednesday, April 1, 2009

“လေဒီရူး၏ဧပြီဖူး”

အလို..အလို..!! ဘယ်လိုဖြစ်တာပါလိမ့် blur အခု မနက် အိပ်ယာ နိုးနိုးခြင်း ဘလော့ထဲ ဝင်ကြည့်လိုက်တာ ဘလော့တချို့ရဲ့ Update Post တွေမှာ “ကိုရင်နော်၏မင်္ဂလာဧည့်ခံပွဲ” ဆိုပြီး တက်နေပါလား.. hah ဟေး... ငါမသိတဲ့ ငါ့မင်္ဂလာပွဲ ဘယ်ချိန် ဆင်နွဲ လိုက်ပါလိမ့်.. penat စဉ်းစားလို့ကို မရဘူး.. soal ဘလော့ထဲမှာလည်း ပိုစ့်က မရှိဘူး.. tension သေချာပြီ ဒင်းးးလက်ချက်..!! ketukmeje ဒီပိုစ့် ခေါင်းစဉ် Update ထဲ ရောက်နေတာ ဒင်းးးလက်ချက်...!!! ဘယ်လို ရှင်းရမလဲ..!! garupale

marisini ခင်လေး အပေအတူးမ ဧပရယ်ဖူး လုပ်ချသွားတာကိုး.. ငါ့များ မဦးမချွတ် မင်္ဂလာဧည့်ခံပွဲလေးဘာလေးနဲ့.. ဘုရား..ဘုရား..!! တော်ပါသေးရဲ့ ရေတိမ်နစ်တော့မလို့.. doa

စာဖတ်သူတို့ရေ..!! တောင်းပန်ပါတယ်ဗျာ sembah ဒါ ခင်လေးငယ် လုပ်ကြံသွားတဲ့ gile “တန်ခူးလဆန်းရဲ့ အရူးထခန်း” ပါပဲ.. sengihnampakgigi

စိတ်ချပါဗျာ မစိုးရိမ်ကြပါနဲ့ senyum အနော် မယူသေးပါဘူး.. ယူရင်လည်း peace နှစ်ယောက်လောက် ယူမှာ ဟီးးး.. sengihnampakgigi လာရောက် ကမ်းလှမ်းသူများကို ဟိုအရင်က အတိုင်း ခေါင်းခါပြီး ငြင်းပယ်နေဆဲပါပဲ.. bising ဟဲဟဲ နောက်တာပါ.. jelir စိတ်ဝင်စားတယ်ဆိုရင်တော့ အနော့် ပုံစံလေးကို ပြောပြထားမယ်.. fikir လမ်းတွေ့ရင် ရှောင် အဲ့လေ.. လမ်းတွေ့ရင် မိတ်ဆက်ပေါ့.. peluk

တကယ်တော့ အနော်က မြန်မာပြည်က နာမည်ကျော် မင်းသားကြီးတွေ ဖြစ်တဲ့.. ကိုကင်းကောင်လို အရပ်.. around ကိုအရိုင်းလို မျက်နှာပေါက်.. nerd ကိုငှက်ပျောကြော်လို အသားအရည်.. duit ဟဲဟဲ.. လမ်းတွေ့ရင်ခေါ်ပေါ့နော့်.. gatai


အားလုံးကိုပျော်ရွှင်စေချင်တဲ့..

(ကိုရင်နော်)Bye