Saturday, May 30, 2009

လရောင်ချိုးတဲ့... ည

လူသံတွေ ဆိတ်သွားပြီ.. အခန်းမီးလည်း ပိတ်လိုက်ပြီ.. ခပ်လှမ်းလှမ်းက လမ်းမကြီးပေါ်မှာ ပြေးနေတဲ့ ဆူဆူညံညံ ကားသံတွေလည်း စဲသွားပြီ.. အိပ်ခန်းလေးထဲက ပန်းနုရောင် လိုက်ကာရှည်တွေကို ဆွဲဖွင့်လိုက်တော့ တိုးဝင်လာတဲ့ လရောင်တွေက အိပ်ယာပေါ်မှာ ပြန့်ကျဲလာလိုက်တာ.. အိပ်ယာခင်းပေါ်က ပန်းလေးတွေတောင် အသက်ဝင်ပြီး ပန်းခင်းလေး တစ်ခင်းဖြစ်လို့.. မှန်တံခါးကျယ်ကို ဘေးတိုက် တွန်းဖွင့်လိုက်တော့ လေပြေနုလေးတွေက ပါးပြင်ဆီကို အပြေးလာကပ်တယ်.. ဖြတ်ကနဲ ခုန်သွားတဲ့ရင်နဲ့ လှမ်းမိတဲ့ ခြေအစုံက လရောင်တွေရဲ့ ဆွဲငင်ရာ ဝရမ်တာလေးဆီကို......။

ခြေဖျားလေးတွေကို ထောက်ပြီး ပထမဦးဆုံး မော့ကြည့်ဖြစ်တာက ကောင်းကင်...။ တိမ်လွှာတွေ ရှင်းလင်းကင်းစင်လို့ ကြည်စင်နေလွန်းတယ်..။ မျက်ဝန်းတွေရဲ့ ရွေ့လျားရာက ဝိုင်းစက်နေတဲ့ လ ဆီကို..!! အကြည့်ချင်းအဆုံမှာ လ ကလှမ်းပြုံးပြတယ်... သူ့အပြုံးမှာ မှင်တက်ရင်း ကိုယ့်အကြည့်တွေကလည်း သိပ်ကိုကျေနပ်နေမလား...!! ဒါမှမဟုတ် ကိုယ့်စိတ်တွေကို ကိုယ်တိုင် အားမလိုအားမရနဲ့.....!! ဘယ်လိုပဲဖြစ်ဖြစ် အားလုံးကို မိုးထားတဲ့ ကောင်းကင်ကို ကျေးဇူးတင်တယ်.. သူ့ရင်ခွင်မှာ သာခွင့်ပေးထားတဲ့ လလေး ကိုယ်စားပါ..။ ကိုယ့်မျက်နှာပေါ်က ဆံပင်တွေ တဝက်တပျက်ဖုံးနေတဲ့ ပါးပေါ်ကို လရောင်အေးအေးလေးက လာနမ်းတယ်.. နွေညဟာ သိပ်ကို သာယာ ချိုလဲ့နေတယ်ဆိုတာ ကိုယ့်ကို ပိုသိစေချင်တာများလား..!!

လရောင်....!! ဘာလို့များ အရာရာထက် အေးချမ်းနေတာလဲ..!! ဒါဟာ ရှေးစာဆိုတွေပါမကျန် တစ်ကမ္ဘာလုံးက လူသားတွေ တညီတညွတ်တည်း အသိအမှတ်ပြုခဲ့တဲ့ အေးချမ်းမှု.. ထွေပြားနေတဲ့ ကိုယ့်စိတ်အစဉ်ကို ကုစားပေးဖို့ သူဟာ အသင့်ရှိနေပေးပြန်သလို..။ ခပ်ထွေထွေ ကိုယ့် ရင်အပူတွေ လျော့ဆင်းသွားမလားဆိုတဲ့ မျှော်လင့်ခြင်းတစ်ခုကို ပွေ့ဖက်လို့ ကိုယ်.... လရောင်စချိုးလိုက်မိတယ်..။ ခေါင်းကိုမော့ထားရင်း လက်မောင်းတွေပေါ်မှာ အေးတဲ့ အထိအတွေ့နုနုလေးက ကြည်စယ်တော့ အသက်ကို ခပ်ဝဝရှုသွင်းရင်း လက်နှစ်ဖက်ကို ဆန့်တန်းလို့ မျက်လွှာကိုပိတ်တယ်...။ ဝတ်ထားမိတဲ့ အဖြူရောင် ညဝတ်အင်္ကျီပွပွ အိအိလေးက ကိုယ့်ကိုယ်ပေါ်မှာ တလူးလူး တလွင့်လွင့်နဲ့..။ အတွေးထဲမှာ ထင်ကျန်နေဆဲ ပုံရိပ်လေးတစ်ချို့က ကိုယ့်နှလုံးခုန်သံနဲ့အတူ စည်းချက်ကျကျနဲ့ လိုက်ပြောင်းလို့ပေါ့.....။

ဒီလိုညတွေမှာ မင်းကကော ဂစ်တာလေးတီးရင်း သီချင်းတစ်ပုဒ်ပုဒ်များ ဆိုညည်းနေမလား..!! နှုတ်ခမ်းတစ်စုံကို ခပ်တင်းတင်းစေ့ထားရင်း မျက်လုံးအစုံကို မှေးစင်းထားပြီး တစ်နေရာရာကိုများ စိုက်ကြည့်နေမလား..!! ဆံပင်ရှည်တွေ တဝက်တပျက်ကို စုချည်ထားရင်း လက်ထဲမှာ အဖြူရောင် အရည်တွေပြည့်နေတဲ့ ဖန်ခွက်တစ်ခွက်ကိုများ ဆုပ်ကိုင်ထားမလား..!! ဒါမှမဟုတ်... ကိုယ်မဟုတ်တဲ့ မင်းကောင်မလေးအကြောင်း တွေးနေလေမလား..!! လရောင်တွေနဲ့ အေးချမ်းတဲ့ ညတစ်ညရဲ့ သဘာဝကို ခံစားဖို့ မင်းသတိတရရော ရှိနိုင်ပါ့မလား..!! အတိတ်ထဲမှာ တစ်ကြိမ်သာ အကိုက်ခံခဲ့ရဖူးတဲ့ ကဝေတစ်ကောင်အကြောင်း အရင်ကလို စာရွက်တစ်ရွက်မှာ ကောက်ခြစ်နေမှာလား..!!

သဘာဝကို ငေးရင်း.. တွေးရင်း.. ခံစားဖွဲ့သီရင်း.. မင်းအကြောင်း တွေးတတ်တာလည်း ကိုယ့်သဘာဝ တစ်ခုဖြစ်နေခဲ့တာကြာပြီ..။ လရောင်ဟာ ကိုယ့်ကို ဖမ်းစားထားလိုက်တာ မှိတ်ထားတဲ့ မျက်လုံးတွေကို ပြန်မဖွင့်ချင်လောက်အောင်ပါပဲ..။ နှာခေါင်းဝမှာ ရနံ့တစ်ခုကို ပွေ့ဖက်မိတယ်.. စံပယ်ပန်းနံ့..!! မဖြစ်နိုင်ပါဘူး ဒီနေရာမှာ စံပယ်ရုံတွေမှ မရှိတာ.. မဟုတ်သေးဘူး ဒါဟာ မြတ်လေးပန်းနံ့..! ဟော.. ပြောင်းသွားပြန်ပြီ ပိတောက်နံ့တွေ ထုံအီလာပြီ..!! ကံ့ကော်နံ့တွေ..!! သနပ်ခါးပန်းနံ့..!! အိုး... ကိုယ်ရှိနေတဲ့နေရာဟာ ဒီပန်းတွေ ဒီရနံ့တွေ ရနိုင်တဲ့ နေရာမှ မဟုတ်တာပဲ..။ ကိုယ်ချိုးနေမိတဲ့ လရောင်တွေရယ်.. ကိုယ်သိပ်နှစ်သက်တဲ့ ပန်းနံ့တွေရယ်.. ထွေပြားနေတဲ့ ကိုယ့်ရင်ခုန်သံတွေရယ်နဲ့ ကိုယ်တိုင်ကျေနပ်လာသလိုလို..။

ထောက်ထားတဲ့ ခြေဖျားလေးတွေကို ပိုမြင့်အောင်ထောက်မိရင်း ဆန့်ထားတဲ့ လက်အစုံကို ပြန်ချမိတယ်..။ လက်ဖဝါးတစ်စုံမှာ အေးစက်သွားတဲ့ အထိအတွေ့တစ်ခု.. ကိုယ်သိလိုက်တယ်.. ဒါဟာ ဝရမ်တာ လက်ရမ်းဘောင်မှာ ကပ်ထားတဲ့ ကြွေပြားတွေ....။ မှိတ်ထားတဲ့ မျက်လုံးတွေကို တဖြည်းဖြည်းချင်းအဖွင့်မှာ ဝိုင်းစက်နေတဲ့ လက ကိုယ့်ကိုကြိုနေပြန်ပေါ့.. ဒီတစ်ခေါက်တော့ သူ့ကိုအရင်ဦးအောင် နှစ်နှစ်ခြိုက်ခြိုက် ပြုံးပြလိုက်မိသူဟာ ကိုယ်ဖြစ်သွားတယ်.. ဟက်..!!... ဆိုတဲ့ အသံခပ်အက်အက်က မရည်ရွယ်ပဲ ကိုယ့်နှုတ်ခမ်းဝက ထွက်သွားမိသေးလား..!! ဘာကြောင့်..! ဘာအတွက်..!! ခနဲ့တဲ့တဲ့အသံ..!!! ခြေချောင်းလေးတွေ ကော့တက်သွားအောင် ဖနောင့်တစ်စုံကို မြှောက်ချလိုက်တာလား..! အလိုလို မြောက်သွားခဲ့တာလား..!! ကိုယ့်မျက်လုံးတွေကို တင်းနေအောင် ပိတ်ချလိုက်မိပြီ..။

ကိုယ်ချိုးနေတဲ့ လရောင်တွေက ကျောပြင်နဲ့ ကိုယ့် လက်မောင်းတွေပေါ်မှာ ရေခဲရေတွေလို အေးစက်လို့.. နွေညရဲ့ အပူချိန်တွေက ရုတ်တရက် တရှိန်ထိုးနဲ့ကို ကျဆင်းလာတာပဲ..။ ကိုယ့်အင်္ကျီဖြူလေးက ဝရုန်းသုန်းကားနဲ့ ပိုလွင့်လွင့်လို့ လာနေပေါ့..။ လေတွေက ပြင်းလာလိုက်တာ..! နားထဲမှာ ဂစ်တာသံတွေက မြိုင်ပြီး ပိုပိုညက်ညောလာသလိုပဲ ကိုယ့်နားဝမှာ ချိုမြလိုက်တာ..။ မင်းပုံရိပ်တွေက ကိုယ်နဲ့ပိုပိုနီး လာနေပါလား..! ပန်းနံ့တွေက ရက်ရက်စက်စက် ထုံအီအောင် မွှေးလာပြန်ပြီ..! စံပယ်တွေ.. မြတ်လေးတွေ.. ပိတောက်တွေ.. ကံ့ကော်တွေ.. သနပ်ခါးပန်းတွေက လေအဟုန်နဲ့အတူ ကိုယ့်မျက်နှာနဲ့ အနီးဆုံးအထိ ပြေးပြေးလာကြတယ်..။ အစွမ်းကုန်ဖူးပွင့်လို့ လှနေလိုက်ကြတာများ ကိုယ့်မှာတော့ ဆွံ့အလို့..။ လရောင် အလင်းတန်းတွေနဲ့ တောက်ပလို့ ဘယ်လောက်များ ချစ်ဖို့ကောင်းတဲ့ နွေညပါလဲ..! လွတ်လပ်ခြင်းတွေကို ပွေ့ဖက်ရင်း ကိုယ့်စိတ်တွေပျော်ပြီး ငြိမ်းချမ်းလို့ပေါ့..။ ကိုယ့် ခန္ဓာကိုယ်လေးက ပေါ့သထက်ပေါ့ ပါးသထက်ပါးလွှာ အေးသထက်အေး လာလိုက်တာ နှင်းပွင့်လေးတစ်ပွင့်လို.. ဝါဂွမ်းလေးတစ်မျှင်လို.. ငှက်သေးသေးလေး တစ်ကောင်လို..!!

ပန်းလေးတွေက တဖြည်းဖြည်း ကိုယ်နဲ့ ဝေးသွားကြတာများလား..! မွှေးနေတာတွေ လျော့သွားတယ်.. ဟင့်အင်း.. မသွားကြပါနဲ့..!! ဘာလို့ ကိုယ့်ကို ထားသွားကြတာလဲ..! ဘယ်သူက ဂစ်တာကြိုးတွေကို ဘာအတွက် ဖြတ်ပြစ်လိုက်တာလဲ..! ကိုယ်ချိုးနေတဲ့ လရောင်ဟာ လရောင်မဟုတ်တော့ဘဲ အရောင်စုံတွေ ပြောင်းနေအောင် ဘယ်သူ ဖန်တီးလိုက်တာလဲ..! သဘာဝမကျလိုက်တာ.. ဘာအရောင်တွေလဲကွာ..!! အရောင်တွေအားလုံးက တစ်ရောင်တည်း ဖြစ်သွားကြပြီ..!! အနီရောင်နုနု.. နုရာကနေ ရင့်လာတယ်.. နီညိုရောင်ရင့်ရင့်တွေနဲ့ အဆုံးသတ်သွားတယ်..။ အဖြူရောင် ကိုယ့် ညဝတ်ဂါဝန်လေးတောင် အနီရောင်ဖြစ်သွားပြီး စိုလဲ့လို့လေ..။ ပန်းနံ့တွေလည်း တစ်စက်လေးမှ မကျန်တော့ဘူး..!! ပန်းနံ့တွေအစား ကိုယ့်နှာခေါင်းဝကို တိုးဝင်လာတဲ့ အနံ့တစ်ခုက ညှီစို့စို့နဲ့... ဒါ.. ဘာနံ့ပါလိမ့်..!! ကြည့်စမ်း.. ဒီအနံ့နဲ့ ကိုယ်ဟာ အကျွမ်းတဝင် ရှိနေလိုက်တာ။ လူ့ဘဝထဲကို ကိုယ်စရောက်လာတည်းက ရင်းနှီးခဲ့ရတဲ့ အနံ့တစ်ခုပဲ... အို..! ကိုယ့်ဘေးမှာ သွေး.. သွေးတွေ... သွေးညှီနံ့တွေ......။

ဘယ်မှာလဲ ကိုယ့်လမင်း..!!
ဘယ်မှာလဲ ကိုယ့်လရောင်..!!
ဘယ်မှာလဲ ကိုယ့်ကောင်းကင်..!!
ဘယ်မှာလဲ ကိုယ့်အိပ်ခန်းလေး..!!
ဘယ်မှာလဲ ကိုယ့်ပန်းပွင့်တွေ ပန်းနံ့တွေ ..!!
ဘယ်မှာလဲ ကိုယ်ချစ်တဲ့ ဂစ်တာသံတွေ..!!
ဘယ်မှာလဲ ကိုယ့်ရဲ့ မင်း..!!
ဘယ်မှာလဲ..!! ဘယ်မှာလဲကွယ်..!!!

(ခင်လေးငယ်)

Wednesday, May 27, 2009

ကျနော်လူဆိုး (၄)


“ကဲ ထိုးကြ.. ထိုးကြ.. ကိုယ်ထိုးမှ ကိုယ်ရမှာ..”


ဆယ်ပြားစေ့ကို ဒေါင်လိုက်ထောင်ပြီး လက်ညိုးနဲ့ လက်မကြား ညှပ်ကာ မွတ်နေအောင် လည်လိုက်တယ်..။ ပြီးတော့ မွတ်နေတဲ့ ဆယ်ပြားစေ့ကို ဘယ်ဘက်လက်ဝါးနဲ့ “ဖတ်” ကနဲ နေအောင် ဖုံးအုပ်လိုက်တယ်..။ နောက်တစ်ခါ နောက်တစ်စေ့ကို ညာလက်နဲ့ လည်ရင်း ညာလက်နဲ့ပဲ ဖုံးအုပ်လိုက်ပြန်တယ်.. “ဖတ်” ကနဲ ပါပဲ..။ အကြွေစေ့ နှစ်စေ့ကို လက်ဝါးနဲ့ အုပ်ပြီး ထိုးသားတွေကို ကြည့်လိုက်တဲ့ ကျနော့် မျက်နှာက တကယ့် ဝါရင့် လောင်းကစားသမားကြီးလိုလို..။ တင်ပျဉ်ခွေ ထိုင်နေတဲ့ ကျနော့် ပုဆိုးကွင်းထဲမှာတော့ သားရေကွင်းတွေ အတွဲလိုက်၊ အထွေးလိုက်..။

“ပန်းစုံ...))) ခေါင်းစုံ..))) ဘက်...)))..”

ပန်းစုံ ထိုးတဲ့လူက ထိုး..၊ ခေါင်းစုံ ထိုးတဲ့လူက ထိုး..၊ ဘက် (ပန်းတစ်ဖက်၊ ခေါင်းတစ်ဖက်) ထိုးတဲ့လူက ထိုး.. နဲ့ ကျနော် ဒိုင်ကိုင်နေတဲ့ ပိုက်ဆံလည့် ဝိုင်းကတော့ မုန့်စားဆင်းချိန်မှာ စည်ကားနေပါတယ်..။ ထိုးသမျှတွေကိုလည်း ကျနော်ကြီးသာ စားစားနေတော့ သူတို့တွေလည်း အရှုံးကြီးရှုံးကြရောပေါ့..။ ဝိုင်းလည်း သိမ်းလိုက်ရော ကျနော် နိုင်တဲ့ သားရေ ကွင်းတွေက ပုဆိုးနဲ့ အပြည့် အများကြီးပါပဲ..။

မုန့်စားဆင်းချိန်သာပြောတယ် ကစားချိန်လိုပါပဲ..။ အားလုံး ကိုယ်စီ ကစားနေကြတာ ချွေးတွေ တရွှဲရွှဲ..။ တချို့ စိန်ပြေးတမ်း၊ တချို့ ထုပ်စည်းတိုးတမ်း၊ တချို့ ဘောလုံးပေါက်တမ်း၊ ကစားနည်းတွေကလည်း အမျိုးမျိုး အဖုံဖုံ စုံလို့..။ ကျနော်ကတော့ ခေါင်းပန်းလှန်တမ်းကစားပြီး နိုင်လာတာ သားရေကွင်း သူဌေးကြီး ဖြစ်လို့ပေါ့..။ နိုင်လာတဲ့ သားရေကွင်းတွေကို စိန်ပန်းပင်ကြီးအောက်မှာ ထိုင်တွဲမယ်လို့ စိတ်ကူးပြီး ထွက်လာခဲ့လိုက်တယ်..။ စိန်ပန်းပင်ကြီးက ကွန်ကရစ်ခင်းထားတဲ့ ကျောင်းကွင်းပြင်ကြီးရဲ့ အနောက်ဘက်စွန်းစွန်းမှာ..။ စိန်ပန်းပင်ကြီးနားရောက်တော့..

“တော်ပြီဟာ ခင်လေး ငါတို့ နင်နဲ့ မဆော့ချင်တော့ဘူး နင်ကြီးပဲ နိုင်နေတယ်.. ငါတို့ကျတော့ မခုတ်ရတော့ဘူး..”
“ဟုတ်တယ်.. တစ်ခါတလေ အရှုံးပေးမယ် မရှိဘူး.. သူကြီးပဲ ခုတ်နေ.. အကျင့်ကို ပုပ်တယ်..”
တစ်ယောက် တစ်ပေါက် ဝိုင်းပြောနေကြတဲ့ မကျေနပ်သံတွေနဲ့ ခင်လေးတို့ သူငယ်ချင်း တစ်စု..

“ဟဲ့ ငါ့လို နိုင်ချင်ရင် ငါ့လို လေ့ကျင့်ထားပါလား.. ခစ်ခစ်..”
ခင်လေးကတော့ အောင်နိုင်သူဆိုတော့ လေသံက အပေါ်စီးက.. ပြောလည်းပြော ခုတ်လည်းခုတ်..

ကျနော် စိန်ပန်းပင် အကွယ်ကနေ ချောင်းကြည့်လိုက်တယ်..။
အော်... ခင်လေးနဲ့ သူ့ သူငယ်ချင်းတွေ ဇယ်ခုတ်တမ်း ကစားနေကြတာကိုး..

လက်ဖမိုးဖြူဖြူလေးနဲ့ လက်ချောင်းကော့ကော့လေးပေါ်မှာ တင်ထားတဲ့ ဇယ်သီးလေးတွေ လေထဲ ဝဲတက်သွားအောင် မြှောက်တင်လိုက်ပြီး “ဖတ်” ကနဲ နေအောင် ခုတ်ဖမ်းလိုက်တဲ့ ခင်လေးရဲ့ ဇယ်ခုတ်ချက်က အရမ်းကို မြန်ဆန်သွက်လက် လွန်းပါတယ်..။ ခေါင်းကလေး ခါခါ ခါခါ နဲ့ မြှောက်သွားတဲ့ ဇယ်သီးလေးတွေကို မော့ကြည့်လိုက်.. လက်ပေါ်တင်နေတဲ့ ဇယ်သီးတွေကို မာန်ပါပါ ခုတ်ချလိုက်နဲ့ သူဟာ သူတော့ ဟုတ်နေတာပါပဲ..။ သူကြီးပဲ နိုင်နေတော့ ကျန်တဲ့သူတွေ ခုတ်ဖို့ အလည့်က မရောက်တော့ဘူး..။

ကျနော် တစ်ချက် ပြုံးလိုက်တယ်..။ ပြီးတော့ ကျနော့် လက်ထဲမှာ ကိုင်ထားတဲ့ သရေကွင်းတွေထဲက ခပ်တင်းတင်း တစ်ကွင်းကို လက်ညိုးဖျားမှာချိတ်.. ကျန်လက်တစ်ဖက်နဲ့ တင်းနေအောင် အားကုန် ဆွဲလိုက်တယ်.. ရာမမင်းသား လေးတင်သလိုပေါ့..။ ပြီးတော့ ဇယ်သီးလေးတွေကို ဖမ်းဖို့ ကော့ထားတဲ့ သူ့လက်ဖမိုး တည့်တည့်ကို ပစ်ထည့်လိုက်တာ “ရွှီးးး..” ကနဲ..။

“အားးးးးးးးး..”
သားရေကွင်း မှန်သွားတဲ့ လက်ကို ခါပြီး “အား..” ကနဲ့ အော်လိုက်တဲ့ သူ့ပုံစံက မြားမှန်သွားတဲ့ ယုန်လေးလို့ ထိတ်လန့်တကြား..

ဇယ်သီးလေးတွေ “ကတောက် ကတောက်” နဲ့ ကျကုန်တယ်..
သူ့ သူငယ်ချင်းတွေက “ဝေးးးးး..” ဆိုပြီး ထအော်ကြတယ်.. ခင်လေး ဇယ်တွေကျသွားပြီ.. သူတို့ အလည့် ရောက်ပြီ.. သူတို့ ခုတ်ရတော့မယ်ပေါ့..

ခင်လေးတစ်ယောက် ငိုမဲ့မဲ့နဲ့ ဟိုကြည့်ဒီကြည့်..
စိန်ပန်းပင်ကြီး အကွယ်မှာ မုဆိုးကြီး သားကောင်ရသလို ပြုံးပြုံးကြီး ရပ်နေတဲ့ ကျနော့်ကိုလည်း တွေ့ရော.. ဒေါသူပုန် ထတော့ တာပါပဲ..

“သေနာ.. နင်.. နင်..”
ဇယ်သီးတွေကို ကောက်ပြီး ကျနော့်ကို လှမ်းပေါက်..။ ပြီးတော့ လက်သီးထောင်ပြီး ပြေးလာတာ ကျားထိုးပြီး ပြေးတက်လာသလိုပါပဲ..။ တကယ် တိုက်တော့ ခိုက်တော့မလို.. သတ်တော့ ဖြတ်တော့မလိုလို..။

ကျနော်လည်း ဘယ်ရမလဲ ဖနောက်နဲ့ တင်ပါး တစ်သားတည်းကျအောင် ပြေးတော့တာ တန်းနေတာပဲ.. “တဟားဟား” အော် ရယ်ရင်းပေါ့..

အတင်း ပြေးလိုက်လာတဲ့ ခင်လေးကတော့ အနောက်ကနေ တွေ့သမျှကောက်ပြီး ထုတော့တာပါပဲ..။ ပြေးသူပြေး လိုက်သူလိုက်နဲ့ ကျနော်တို့ အဖြစ်က ရယ် (ရီ) စရာ..။ ကျနော့်ပုံစံကလည်း ခွေးရူးလိုက်ဆွဲလို့ အသည်းအသန် ပြေးနေရသလို..။

တစ်နေရာ အရောက် ကျနော် ခြေချော်ပြီး ဟတ်ထိုး ဟတ်ထိုး လဲမလို ဖြစ်သွားတော့ ပြေးလိုက်လာတဲ့ ခင်လေး.. မီလာတယ်..။ လက်တစ်ကမ်းအလိုရောက်တော့ ကျနော့်ကို ကုတ်ဖဲ့တော့မယ့် လက်သည်းတွေက နေရောင်မှာ ထောင်လိုက်တဲ့ ဓါးသွားလို ဝင်းဝင်းလက်..။ သေချာတယ် ကုတ်ခံရတော့မယ်.. ဒါမှမဟုတ် ကိုက်ခံရတော့မယ်..။

ကျနော် ချောင်ပိတ်မိသွားပြီ..။ အဲ့ဒီတော့ လက်မှာ ပတ်ထားတဲ့ သားရေကွင်း တစ်ကွင်းကို “ဖြတ်” ကနဲ ချွတ်လိုက်တယ်.. ပြီးတော့ လက်ညိုးမှာ ချိတ်ပြီး ဒင်း မျက်နှာကို ထိုးချိန်ထားလိုက်တယ်..။ ဘာတတ်နိုင်သေးလဲ.. တကယ် ပစ်လိုက်မှာနော်ပေါ့..။ ဂျစ်ကပ်ကပ် ကျနော့်ရုပ်က တကယ် ပစ်မယ့်ပုံ..။ အဲ့ဒီတော့ ခင်လေးခမျာလည်း သေနတ်ပြောင်းနဲ့ ထိုးချိန်ခံလိုက်ရတဲ့ မျောက်လေးလို လန့်ဖြန့်ပြီး ရှေ့ဆက်မတိုးရဲတော့..။

“သေနာ.. နင်တွေ့မယ်.. မိလို့ကတော့ အသေပဲ.. တိုင်ပြောမှာ မေမေနဲ့ တိုင်ပြောအုန်းမှာ..”
ခင်လေးလည်း ပါးစပ်က ပတွတ်ပတွတ်နဲ့ ပြောပြီး ခြေဆောင့်ကာ လည့် ပြန်သွားလေရဲ့..

“တိုင် ပလိုင်တိုင်.. တိုင် တစ် လုံး သုံး မတ်.. ဟီးးဟီးးးဟီးးးးး...”

................................. ၂ .................................

“((((((... ဒေါင်း ဒေါင်း ဒေါင်းဒေါင်း ဒေါင်း... ))))))..”

မုန့်စားကျောင်း ပြန်တက်တော့ ကျနော်လည်း တော်တော် မောနေပြီ ကျောင်းကို ပတ်ပြေးလိုက်ရတာ သုံးလေးပတ်..။ ခင်လေးကတော့ ဆူပုပ်ပုပ် မျက်နှာနဲ့ ခြေဆောင့်ပြီး သူ့ အခန်းထဲ ဝင်သွားလေရဲ့..

ကျနော်တို့ အတန်းက ဆရာမ ဒေါ်ဘေဘီ (The wheel) ရဲ့ အင်္ဂလိပ်စာ အချိန်..။ ဆရာမက မလာသေးဘူး.. အဲ့ဒီတော့ ထုံးစံအတိုင်း The Wheel ကို အကျယ်ကြီး အော်ပြီး ဖတ်နေကြတာပေါ့..။ ဟိုတစ်ခေါက် ကြာဇံကြော်ကိစ္စထဲက ကျနော်လည်း ဆရာမ The Wheel ကို ခပ်လန့်လန့် ဖြစ်နေတာ အခုထက်ထိပါပဲ..။ (ကျနော်လူဆိုး - ၂ ) သူ့အချိန်ဆို ဟိုအရင်လို ပြောင်စပ်စပ် မလုပ်ရဲဘူး..။

ခဏနေတော့ ဆရာဦးခင်မောင်သန်းက ပြူတင်းပေါက်ကနေ လာအော်တယ်..
“ဟေ့.. ဟေ့.. အားလုံးနော်.. ဒေါ်ဘေဘီ အစည်းအဝေးရှိလို့ မလာနိုင်ဘူး.. စာကျက်ထားကြ..” တဲ့
ပြီးတော့ ဆရာက ခင်လေးတို့ရဲ့ A ခန်းထဲကို ဝင်သွားတယ်..
“ဝေးးးးးးးးးး..” ဆိုပြီး ထအော်ကြတာ တစ်ခန်းလုံးပါပဲ.. ကျနော့် အသံကတော့ အကျယ်ဆုံးပေါ့..။ ဘာလို့ မှန်းတော့ မသိဘူး.. ကျောင်းသား သဘာဝပဲ ပြောမလား.. အတန်းထဲကို ဆရာ/ဆရာမ မလာရင်တော့ ပျော်လို့ကို မဆုံးဘူး..။

အခန်းထဲမှာတော့ စာကျက်သံတွေ “ဝရော... ဝရော..” နဲ့ ဆူညံ နေတာပါပဲ..
နောက်တစ်ချိန်က ဦးခင်မောင်သန်းရဲ့ အချိန်.. သူက စာမေးမယ်လို့ မနေ့ထဲက ပြောထားတာ.. ခုထိတော့ စာက မရသေးဘူး..။ ပြောသာ ပြောတာ ကြောက်လည်း မကြောက်.. ကျက်လည်း မကျက်..။ နည်းနည်းတော့ ကျက်ကြည့်ဦးမှပါလေ ဆိုပြီး စာအုပ်ကိုင်ပြီး ဟိုလိုလို ဒီလိုလိုနဲ့ အခန်းပြင် ထွက်လိုက်တယ်..။ ဆရာက စာမေးမယ်သာ ပြောတယ် မေးရော တကယ် မေးရဲ့လားလို့ စပ်စုရင်း ခင်လေးတို့ အေခန်းဘက်ကို ကြည့်လိုက်တော့.. ဆရာဆီမှာ စာပြန်နေကြပြီ..။

ဆရာထိုင်နေတဲ့ ဆရာ့စာပွဲက အတန်းဘက်ကို မျက်နှာမူပြီး ပြူတင်းပေါက်ကို ကျောပေးထားတယ်..။ စာဖြေတဲ့သူက အတန်းဘက်ကို ကျောပေး.. ပြူတင်ပေါက်ကို မျက်နှာမူပြီး ဖြေရတယ်..။ စာဖြေဖို့ တန်းစီပြီး စောင့်နေကြတဲ့ အတန်းသားတွေကတော့ လှုပ်လှုပ်ရွရွ..။ အဲ့ဒီ တန်းစီနေတဲ့ထဲမှာတော့ ခင်လေး က အရှေ့ဆုံးက..။ အခုဖြေနေတဲ့ တစ်ယောက်ပြီးရင် သူ့အလည့်..။

ကျနော် ခေါင်းထဲမှာ “တိန်..” ကနဲ မီးလင်းသွားတယ်..
အကျင့်တော် ပုပ်ဖို့ဆို ရွှေဉာဏ်တော် စူရှလှပါပေ့..

ကျနော် ကုန်းကုန်းကွကွနဲ့ ဆရာကျောပေးထားတဲ့ ပြူတင်းပေါက် အနောက်ကို ကပ်သွားလိုက်တယ်..
ခဏလေးနေတော့ ပြူတင်းပေါက်မှာ ခင်လေး ပေါ်လာတယ်.. လက်ကလေး ပိုက်လို့..။ အခန်း အပြင်ဘက်ကို မျက်နှာမူရင်းပေါ့..။ သူစာဖြေတော့မယ်..။ ဟီးးး.. ကျနော် ရယ်ချင်နေတယ်.. ခုဏကပဲ သားရေကွင်းနဲ့ ပစ်ပြီး စပြီးပြီ.. အခု လုပ်ပြန်ပြီလေ..။

လက်သန်းနှစ်ဖက်ကို ပါးစပ်အစွန်း နှစ်ဖက်ကို ချိတ်.. ဆွဲ..၊ လက်ညိုးနှစ်ဖက်က မျက်လုံးဒေါင့်နှစ်ဖက်ကို ဖိ.. ဆွဲ..၊ နှာခေါင်းကို ရှုံ့နိုင်သလောက် ရှုံ့..၊ လျှာကို ရှည်နိုင်သလောက် ရှည်အောင် ထုတ်ထားလိုက်တော့ ကျနော့် မျက်နှာက ဖားကြီးတစ်ကောင် လျှာတစ်လစ် ငိုမဲမဲ့နဲ့ ပြုံးနေသလို..။

ကျနော့် မျက်နှာဆိုးကြီးကို မထင်မှတ်ပဲ ရုတ်တရက် မြင်လိုက်ရတော့ ခင်လေး လန့်သွားတယ်..။ မျက်နှာလည်း ပျက်သွားတယ်..။ စာဖြေနေတာ ရပ်သွားတယ်..။ ပြီးတော့ ရယ်ချင်တာလား ဒေါသထွက်တာလား မသိနိုင်တဲ့ မျက်နှာနဲ့. စာဆက်ဖြေတာ ထစ်အအ..။ ကျနော့် မျက်ခွက်ကြောင့် ရပြီးသားစာတွေတောင် လန့်ဖြန့်ပြီး မေ့ကုန်တယ် ထင်ပါရဲ့..။ ကျနော်ကတော့ ရယ် (ရီ) ချင် ပက်ကျိ..။ သွားကြီး ဖြဲပြလိုက်.. နားကြီးကားပြလိုက်နဲ့..။ ဆရာ စာထောက်ပေးနေတဲ့ အသံ ကျနော် ကြားလိုက်ရတယ်..။ ခင်လေးကတော့ စာတွေ တကယ်ကို မေ့ကုန်ပြီ ထင်ပါရဲ့.. အသံတွေတုန်ပြီး စာတစ်ကြောင်းကို ထပ်ခါ ထပ်ခါဆိုရင်း မျက်ရည်တွေ ဝဲတက်လာတယ်..။

သေချာပြီ ကျနော့်ကြောင့် သူစာတွေ မေ့ကုန်ပြီ.. ကျနော် ခါးကြားမှာ ထိုးထားတဲ့ စာအုပ်ကို ဆွဲထုတ်လိုက်တယ်.. သူဖြေနေတဲ့ စာက နောက်တစ်ချိန်ဆို ကျနော်တို့ အခန်းမှာလည်း ဖြေရတော့မှာကိုး ကျနော် သိတာပေါ့.. အဲ့ဒီ အပုဒ်ကို လှန်ပြီး သူ့ကို ထောင်ပြလိုက်တယ်..။ သဘောကတော့ ကြည့်ပြီးသာဆိုတော့ပေါ့..။ ခင်လေး တစ်ချက်လှမ်းကြည့်ပြီး မျက်နှာတွေ နီရဲလာတယ်.. ပြီးတော့ မျက်လုံး ပြန်မှိတ်ပြီး “အ” နေတယ်..။ အဲ့ဒီ အချိန်မှာပဲ ထစ်အ ထစ်အ ဖြစ်နေတဲ့ ခင်လေးကို ဆရာက လည့်အကြည့်နဲ့ အခန်း အပြင်ကနေ ကျနော် စာအုပ်အထောင် တန်းတိုးတော့တာပဲ..။

ဆရာက ရုတ်တရက် ထရပ်ပြီး ပြူတင်း ပေါက်ကနေ ကိုယ်တစ်ပိုင်း ထွက်လာတယ်..
“ဟမ်.. ဟေ့ကောင် မင်း ဘာလုပ်နေတာလဲ..”

ကျနော်လည်း ကုန်းကုန်းကွကွ ကြောက်ကြောက်လန့်လန့်နဲ့..
“မ.. မဟုတ်ဘူး ဆရာ.. သူ..သူ.. စာ..”
အယောင်ယောင် အမှားမှားနဲ့ ခင်လေးကို လက်ညိုးထိုးပြပြီး စာအုပ်ကို ပြလိုက်မိတယ်..

ခင်လေးကလည်း အသံ တုန်တုန် တုန်တုန်နဲ့...
“မ.. မဟုတ်ဘူး ဆရာ.. သူ..သူ..”

အတန်းသားတွေ အားလုံးကလည်း ပြူတင်းပေါက်တွေကနေ ထွက်ကြည့်ကုန်ပြီ.. ဆရာလည်း ဒေါသထွက်နေပြီ..

“အော်.. ခင်လေးငယ်.. ဆရာက ညည်းကို စာတော်တယ် မှတ်နေတာ.. ဘယ်ဟုတ်မလဲ.. အခုတော့ ညည်းက စာမကျက်လာပဲ ခိုးကြောင် ခိုးဝှက်နဲ့ ဒီကောင့်ကို စာအုပ်လာထောင်ခိုင်းတာကိုး.. ဒါမျိုးလုပ်တာ ဆရာ နည်းနည်းမှ မကြိုက်ဘူး.. မိန်းကလေးဖြစ်ပြီး မရှက်ဘူးလား.. သွား.. ခုံပေါ်မှာ မတ်တတ် သွားရပ်နေ..”
“ဟေ့ကောင် ရင်နော်.. အေ.. ခဏနေ မင်းနဲ့ ငါနဲ့တွေ့မယ်.. သွား ကိုယ့် အခန်းကိုယ်...”


ကျနော်လည်း လစ်တော့တာ နောက်တောင် လည့်မကြည့်တော့ဘူး..
ခင်လေး တစ်ယောက်တော့ ကျိန်ဆဲနေတော့မှာ သေချာတယ်..။ ခုံပေါ်မှာ ရပ်ပြီး ရှက်လွန်းလို့ ငိုနေမှာလည်း သေချာတယ်..။

................................. ၃ .................................

အချိန် ပြောင်းခါနီးကျတော့ သူတို့ အခန်းကို တစ်ချက် သွားချောင်းကြည့်လိုက်သေးတယ်.. ဟုတ်ပါတယ်.. ခုံပေါ်မှာ ရပ်နေတုန်းပါပဲ..။ ကျနော် မှားသွားပြီ ကျနော် အစလွန်သွားပြီ..။ ခုံပေါ်မှာ ရပ်နေတဲ့ သူ့ပုံစံက တောင့်တောင့်ကြီး..။

ဆရာ ကျနော်တို့ အခန်းရောက်တော့ မျက်နှာက ရှုတည်တည်နဲ့..
စာမေးတော့လည်း ကျနော့် နာမည်ကို ခေါ်ပြီး အရင်ဆုံး မေးပါလေရော..။ ကျနော်ကလည်း သိတဲ့ အတိုင်း တစ်လုံးမှကို မရတာ..။ အဲ့ဒီမှာတင် ဆရာလည်း ပေါက်ကွဲပြီး ကျနော့်ကို ကြိမ်နဲ့ ဆော်ပလော် တီးတော့တာပါပဲ... “ဖုန်းးး” ကနဲ “ဖုန်းးး” ကနဲ ရိုက်လိုက်တဲ့ ဆရာ့ရိုက်ချက်က စိန်ပန်းပင်ကြီး ကျိုးကျသလို တစ်ကျောင်းလုံး ကြားလောက်တယ်..။ ခင်လေးလည်း ကြားမှာပါ..။ ပြီးတော့ ကျနော့်ကိုလည်း ခုံပေါ်မတ်တတ်ရပ်ခိုင်းထားတာ ကျောင်းဆင်းချိန်အထိပါပဲ..။ ကျနော်လည်း ခင်လေးလို တောင့်တောင့်ကြီးပဲပေါ့..။

ကျောင်းဆင်းတော့ ခင်လေးတစ်ယောက် စက်ဘီးကို တွန်းထုတ်ပြီး နင်းပြေးသွားပြီ..။ သေချာပါတယ်.. သူသွားတာ ကျနော့်အိမ်ကိုပဲ နေမှာပါ..။ သူလည်း ရှက်မှာပေါ့..။ ကျနော့်ကြောင့် သူအရှက်ကွဲရပြီလေ..။
ဘယ်တတ်နိုင်မလဲ ရင်ဆိုင်ရုံသာ ရှိတော့တာပေါ့..။

အိမ်ရောက်ရင် မေမေ့ကို ငိုယိုပြီး တိုင်နေတဲ့ သူ့ကို တွေ့ရမယ်..
မေမေ့ရဲ့ ဒေါသတွေနဲ့ ကျနော် ရိုက်ခံရဦးမယ်..
ကျနော်ကရော ခါတိုင်းလိုပဲ ငိုရဦးမှာပဲလေ..။
ဒါတွေက ခင်လေးတိုင်တိုင်း ကျနော် ရိုက်ခံရနေကျ ဖြစ်ရိုးဖြစ်စဉ်..။

အဲ့ဒီ ဖြစ်ရိုးဖြစ်စဉ်တွေကို ကျနော်ကရော ရိုးသွားသလား..! သူကရော ရိုးသွားသလား..!
သေချာတာက ကျနော်တို့ နှစ်ယောက်လုံး ဘယ်တော့မှ မရိုးနိုင်တဲ့ ကျနော်ဆိုးခဲ့သမျှ နေ့တွေပေါ့....။

(ကိုရင်နော်)

Saturday, May 16, 2009

ကျနော်လူဆိုး (၃)

“သားရယ် လက်ရေးကို ပြင်စမ်းပါ.. ပဲပင်ပေါက်တွေ ကျနေတာပဲ.. မေမေစိတ်ညစ်လိုက်တာ..”
“ဟုတ်.. မေ့..”
မေမေက ကျနော် စာကူးနေတဲ့ စာကြည့်စားပွဲဘေးမှာ လာရပ်ကြည့်ရင်း စိတ်ပျက်လက်ပျက်နဲ့ ခေါင်းခါနေလေရဲ့.. စွေစွေစောင်းစောင်း ချွန်တွန့်တွန့် လက်ရေးတွေက မေမေ စိတ်ညစ်မယ် ဆိုရင်လည်း ညစ်စရာပါ.. တစ်ခါတလေ ကိုယ်ဟာကိုယ်တောင် ဖတ်မရ..။

“ပြောလိုက်ရင် ဟုတ်.. မေ့.. လုပ်ဖို့ပဲ.. ဘယ်တော့ မှ မပြင်ဘူး.. သားအတွက် မေမေ ရင်လေးတယ်.. ရုပ်ကလေးကြည့်တော့ ဖြူဖြူချောချောလေးနဲ့ လက်ရေးကြည့်တော့ စုတ်ပြတ်နေတာပဲ..”
“မေ့ကလည်း.. သားက ဆရာဝန်ကြီး လုပ်မှာမို့လို့ လက်ရေးကို သေချာ လေ့ကျင့်ထားတာ..”
“ခေါင်း ခေါက်လိုက်မယ်.. ပြောလိုက်ရင် နောက်တီးနောက်တောက်နဲ့ ဟွန်းး.. ခင်လေး လက်ရေးနဲ့များ တခြားစီ..”

ခင်လေးဆိုတဲ့ အသံကြားတော့ စိတ်ထဲမှာ ကလိကလိ ဖြစ်သွားတယ်..။ မေမေက ကျနော့်ကိုဆို ခင်လေးနဲ့ နှိုင်းနှိုင်းပြီး အမြဲ ဆူတတ်တယ်.. သူ့ကြောင့်မို့ ရိုက်ခံရလိုက် ဆူခံရလိုက်နဲ့..။ သူဟာသူ လက်ရေးပဲလှလှ.. စာပဲ တော်တော် ကျနော်ကတော့ ဂရုမစိုက်ပါဘူး..။ မေမေက သူ့ကို ချီးမွမ်းနေရင်တော့ ကျနော် မကျေနပ်တာ အမှန်ပဲ..။ ခင်လေးစုတ်ကလည်း ဘာလို့ ဒီလို တော်နေတာလဲ မသိဘူး.. ဒင်းတော်နေလေ.. ကျနော် ဆူခံရလေ..။ ကျေကို မကျေနပ်ဘူး..။

စာတွေ ကူရမှာကလည်း အများကြီး ကျန်သေးတယ်..။ ကျောင်းပိတ်ရက်လေး အားရအောင် ဆော့ရမလားလို့ များလိုက်တဲ့ စာတွေ.. သင်္ချာတွေလည်း တွက်ရဦးမယ်.. မနက်ဖြန် ဆရာမက စာအုပ်စစ်မှာတဲ့ မပြီးလို့လည်း မဖြစ်ဘူး.. ညောင်းလည်း ညောင်းလာပြီ.. ပျင်းလည်း ပျင်းလာပြီ..။

အဲ့လို တွေးနေတုန်းမှာပဲ... “တိန်” ဆိုပြီး ခေါင်းထဲမှာ မီးလင်းသွားတယ်..။ အကြံ.. ဟုတ်တယ်.. ဒီအကြံ..။ ကိုယ့်ဟာကိုယ် ခေါင်းညိတ်.. ကိုယ့်ဟာကိုယ် ကျေနပ်ပြီး.. စာကြည့်စားပွဲကနေ ထလိုက်တယ်..။ ပြီးတော့ မေမေတို့ အခန်းထဲကို ဝင်.. ဖေဖေ့ ဆေးသေတ္တာထဲက ပတ်တီးလိပ် တစ်လိပ်ကို ယူလိုက်တယ်.. နောက် ကျနော့် စာအုပ်တွေကို ယူလိုက်တယ်..။

“မေ့.. သား ခင်လေးတို့ အိမ်ခဏသွားဦးမယ်.. သားရဲ့ သင်္ချာစာအုပ် သူ့ဆီပါသွားတာ အဲ့ဒါ သွားယူမလို့..”
“ဟမ်.. သား နင် လမ်းပေါက် မရှာနဲ့နော်.. စာလေးလုပ်နေလို့ ချီးကျူးမလို့ ရှိသေးတယ် ဇာတိကပြပြီ.. သွား.. မြန်မြန်သွား.. မြန်မြန် ပြန်လာခဲ့..”
“ဟုတ်... မေ့..”
ကျနော် စိတ်ထဲကနေ ကြိတ်ပြုံးလိုက်တယ်.. ကျနော် ငရဲရောက်မှာတော့ သေချာတယ် မေမေ့ကို လိမ်ပေါင်းလည်း များပြီ..

စက်ဘီးကို ပြေးပြေးလွှားလွှားတွန်းရင်း.. မြူးကြွစွာ နင်းထွက်လာခဲ့တာ ခင်လေးတို့ အိမ်ဆီကို..

............................................ ၂ ............................................

လမ်းတဝက် စိန်ပန်းပင်ကြီးနားရောက်တော့ စက်ဘီးကို ထိုးရပ်လိုက်တယ်..။ အိတ်ထဲက ဖြူဖွေးဖွေး ပတ်တီးလိပ်ကြီးကို ထုတ်ပြီး ညာဘက် လက်ကောက်ဝတ်ကို လက်ဝါးကနေစပြီး တစ်ပတ်ချင်း တစ်ရစ်ချင်း တင်းကျပ်နေအောင် ပတ်ပြီး စည်းလိုက်တယ်..။ ပြီးတော့ ကိုယ့်ဟာကိုယ် ကျေကျေနပ်နပ်ကြီး ပြုံးလိုက်တယ်..။ ပြုံးရင်းနဲ့ပဲ မဲ့ကြည့်လိုက်တယ်.. နာသလိုလို.. ကိုက်သလိုလို.. ငိုချင်သလိုလို မျက်နှာပေးကို ပြင်လိုက်တယ်..။ စက်ဘီးကို ဘယ်လက်တစ်ဘက်နဲ့ စီးရင်း ဟန်မပျက်...။

“ခင်လေးရေ... ခင်လေး..)))))..”
ခင်လေးခဗျာ ကျနော် အော်သံကြားတော့ ပြူးကြောင်ကြောင်မျက်လုံးနဲ့ ကြောက်လန့်တကြား ပြေးထွက်လာတယ်..။ အိပ်ငိုက်နေတဲ့ ကြွက်စုတ်လေးရှေ့ကို ကြောင်ကြီးတစ်ကောင် ရုတ်တရက် ရောက်လာသလို.. လန့်လို့.. ဖြန့်လို့..။

“ဘာတုန်း..”
သူ့အသံက စွာတာတာ ရှတတ..
“နင်ကလည်းဟာ ရန်ထောင်မယ်ဆိုတာပဲ.. ငါ မနက်က စက်ဘီး မှောက်လို့ဟ..”
ကျနော့် မျက်နှာပေးက ဝမ်းလျှောထားသလို ပျော့စိပျော့ဖတ်..

“ဟမ်.. ဘယ်မှာ မှောက်တာလဲ.. ကောင်းတယ် မျောက်လို စီးတာကိုဟ နည်းတောင် နည်းသေးတယ်..”
အံ့သြသွားရဲ့သားနဲ့ ဟန်ဆောင်ဝမ်းသာ ပြနေတာ ကျနော် သိလိုက်တယ်..

ပတ်တီးစည်းထားတဲ့လက်ကို ဖွဖွလေးကိုင်ရင်း
“အေး..ဈေးထိပ်က ကုန်းဆင်းမှာ မှောက်တာ.. လက်က အရိုးအက်သွားတာလား မသိပါဘူး.. အရမ်းနာနေတယ်ဟ.. အဲ့ဒါ အရေးမကြီးဘူး.. အခု ငါ စာမရေးနိုင်တော့ဘူးဟ.. အားး.. ကျွတ်ကျွတ်.. ကျွတ်စ်စ်”

ခင်လေးက မျက်လုံးပြူးပြီးသားကို ပိုပြူးအောင် ပြူး.. ပါးစပ်ကလေး ဟရင်း..
“ဟယ်.. ဟုတ်လား.. နင်တို့ အခန်းက မနက်ဖြန်စာအုပ်တွေ စစ်မှာဆို.. အဲ့ဒါ ဘယ်လို လုပ်မလဲ”
“အေ.. ဟုတ်တယ် အဲ့ဒါကြောင့် နင့်ဆီ ပြေးလာတာပေါ့ မေမေကလည်း နင့်ဆီသွားတဲ့..”
မှင်သေသေနဲ့ အကယ်ဒမီရှော့ ဖမ်းရင်း မေမေ့ကိုပါ ဆွဲထည့်လိုက်တယ်..

ခင်လေးက ကျနော့် စာအုပ်တွေကိုထုတ်.. စာရွက်တွေကို လှန်ကြည့်ရင်း..
“ဟဲ့ နင်ဟာက ကူးရမှာ အများကြီးပါလား.. ဟိုအရင်ရက်က စာတွေလည်း မရှိဘူး..”
ကျနော် ညာဘက်လက်နဲ့ ခေါင်းကုတ်.. ပတ်တီးကို သတိရတော့ ဘယ်ဘက်လက်နဲ့ပြောင်းကုတ်.. အချိုမချဉ် မျက်နှာနဲ့..
“အေ.. ဟ.. ဟုတ်တယ်.. ဟိုလေ.. ဟို.. အဲ့ဒါ မကူးရသေးဘူး.. အဲ့ဒီနေ့က အိမ်မှာ မီးပြတ်လို့..”

ခင်လေးက စိတ်ပျက်လက်ပျက်..
“နင်ဟာလေ.. အေအေ.. ပြီးရော ငါ ကူးလိုက်မယ်.. နင်ကျောင်းရော တက်မှာလား..”
“အန်.. အေ.. ကျောင်းတော့ တက်မှာပါ.. နောက်.. ဟိုဟာ..”

ခင်လေးက ကျနော့် လက်ကိုကြည့်လိုက် မျက်နှာကိုကြည့်လိုက်နဲ့..
“ဘာလဲ..”
“ဟို.. နင့် သင်္ချာစာအုပ်လည်း ခဏပေးလိုက်ဦး ငါ တွက်ဖို့ အချိန်မရတော့လို့..”
“ဟမ်.. နင်ကူးချမလို့ မလား..”
“ဟာ နင်ကလည်း ငါလက်နာနေတာ စဉ်းစားလို့ရမှာ မဟုတ်ဘူးဟ.. နင်တွက်ထားတာတွေ ကြည့်မလို့..”
“ဘာဆိုင်လို့လဲ လက်နာတာနဲ့ စဉ်းစားတာ..”
“ဟမ်.. အေ.. မဆိုင်ဘူးလား.. ပေးပါကွာ.. မေမေ စိတ်ပူနေလိမ့်မယ်.. ငါပြန်တော့မယ်..”

ခင်လေးလည်း သူ့သင်္ချာစာအုပ်ကို မပေးချင် ပေးချင်နဲ့ ထုတ်ပေးတယ်..
“ဟဲ့ ဖြေးဖြေးစီးအုန်း ထပ်မှောက်လို နောက်တဖက် ကျိုးအုန်းမယ်..”
“အေ.. အေ.. မနက်ကျ ငါ့ စာအုပ်တွေ မေ့မနေနဲ့အုန်းနော်..”
“အေးပါ..”

သူ့စာအုပ်လေးနဲ့ လက်ရေး ဝိုင်းစက်စက်တွေကတော့ ကျနော့် အကြံကို သိပုံမပေါ်ဘူး..။ ကျနော်ကတော့ စိတ်ထဲကနေ “ခွီ..” ကနဲနေအောင် ပြုံးလိုက်တယ်..။ ပြီးတော့ မဲ့တဲ့တဲ့ နှုတ်ဆက်ရင်း.. စက်ဘီးကိုဆွဲ.. သုတ်တော့တာပဲ.. စိန်ပန်းပင်ကြီးဆီကို..။

ပတ်တီးပြန်ဖြည်ရမယ်.. အိမ်ရောက်ရင် သင်္ချာတွေ ကူးချရမယ်.. ပြီးရင် ဂျင်သွားပေါက်မယ်.. သားရေကွင်း သွားပစ်မယ်..။

“ရဟူးးး... ဆော့ရပြီကွ.. ဟီးးဟီးးးး..ဟီး.. ))))..”

............................................ ၃ ............................................

(((ဒေါင်း.. ဒေါင်း.. ဒေါင်းဒေါင်း.. ဒေါင်း.. ဒေါင်း..)))
ဒီနေ့တော့ ကျောင်းတက်ခေါင်းလောင်း ခေါက်ပြီးမှပဲ ကျောင်းကို ရောက်တော့တယ်..။ နောက်ကျမှာပေါ့.. လမ်းမှာ ပတ်တီး ပြန်စည်း နေရတာလေ..။ ပတ်တီးကို တင်းတင်းကျပ်ကျပ်ကြီး စည်းထားလို့လားမသိ လက်က တကယ်တောင် နာချင်သလိုလို ဖြစ်လာပြီ..။ အခန်းထဲကို မဝင်သေးပဲ ခင်လေးတို့ အခန်းကို အရင် ပြေးသွားလိုက်တယ်..

“ခင်လေး..”
“ဟဲ့.. သက်သာလား.. ငါက နင် ကျောင်းမတက်တော့ဘူးတောင် ထင်တာ.. နောက်ကျလိုက်တာ..”
“အေဟ.. လမ်းမှာ ပတ်တီး.. အဲ့.. အင်း.. ပတ်တီးက ကျပ်လို့ဟ ငါ ဖြေးဖြေး လာနေတာ..”
တကယ်တာ့ ပြောမိတာက ဘာမှမဆိုင်.. ကျနော့်ဟာ ကျနော်တော့ ရယ်ချင်ပက်ကျိဖြစ်နေမိတယ်..

ခင်လေးခမျာ သူ့လွယ်အိတ်ထဲက စာအုပ်တွေကို ဟိုနှိုက် ဒီနှိုက်နဲ့..
“ရော့ရော့ ဒီမှာ နင့် စာအုပ်တွေ.. အကုန် ကူးပြီးပြီ.. နင့်စာတွေ ထိုင်ကူးနေလို့ ငါ့မှာ အိပ်ရေးတောင် ပျက်ရတယ်..”
“အေးပါဟာ.. နင်ကလည်း ဒါလေးကိုများ.. ပေးပေး.. ဆရာမလာတော့မယ် ငါသွားပြီ..”
စာအုပ်လည်း ရရော.. ကျနော် တချိုးတည်း လစ်တော့တာ..။ စိတ်ထဲမှာ တဟားဟား နဲ့ကို ပျော်နေတာ.. ခုတော့ ကျနော့် စာအုပ် စာတွေ စုံပြီ.. ဒီအကြံ မပိုင်ပေဘူးလား..။

ခင်လေးက ပြူတင်းပေါက်ကနေ ကိုယ်တခြမ်းထွက်လာပြီး.. လှမ်းအော်တယ်..
“ဟဲ့.. ဟဲ့ ကိုရင်.. ငါ့ သင်္ချာ စာအုပ်..)))..”
သူလှမ်းအော်တော့ ဆရာမက ကျနော်တို့ အခန်းထဲတောင် ဝင်နေပြီ..

“ဟေ.. အေ..”
ကျနော်လည်း သတိရပြီး.. ပုဆိုးတစ်ဖက်ကိုမ.. လက်တစ်ဖက်ကလည်း လွယ်အိတ်ထဲကို နှိုက်ရင်း သူ့နားကို ပြန်ပြေးသွားလိုက်တယ်..။ လွယ်အိတ်ထဲက စာအုပ်တွေကို ဟိုစမ်း.. ဒီစမ်း.. ဟိုလှန် ဒီလှန်.. ဟိုမွေ.. ဒီနှောက်..

“ဟဲ့.. မြန်မြန်.. ဆရာမ လာနေပြီ..”
ကျနော် ခေါင်းကြီးသွားတယ်..
“အေးဟ.. ငါသေချာထည့်လာပါတယ်.. အခုရှာမတွေ့ပါလား.. နေပါဦး..”
“ဟမ်..)))..”
ခင်လေး အလန့်တကြား အော်လိုက်သံက ကျနော့်ကို တွန့်သွားစေတာတော့ အမှန်ပဲ..

ကျနော့်ခေါင်းကြီးကို လွယ်အိတ်ထဲ ဝင်လုမတတ် ပြူးပြဲပြီး ထပ်ရှာကြည့်တာ တကယ်ကို မပါလာဘူး..။ သေချာပြီ.. စားပွဲပေါ်မှာ ကျန်ခဲ့ပြီ..
“မတွေ့ဘူးဟ.. အိမ်မှာ ကျန်ခဲ့ပြီ..”
“ဟားကွာ.. နင်ကွာ.. ငါ စာအုပ်ထပ်ရမှာ.. အခုဘယ်လို လုပ်မလဲ..”
ခင်လေးမျက်နှာက ဇီးရွက်ထက်တောင် နည်းနည်း သေးသွားသေးတယ်.. မျက်ရည်တွေလည်း ဝဲတက်လာတယ်..။ စိတ်ဆိုးတာ..၊ ဒေါသထွက်တာ..၊ ငိုချင်တာ..၊ ဆရာမဆူမှာကြောက်လန့်တာ..၊ ဝမ်းနည်းတာ..၊ အဲ့ဒီပုံရိပ်တွေက သူ့မျက်နှာပေါ်မှာ တစ်မျိုးပြီး တစ်မျိုး ပြောင်းနေတယ်..။

ကျနော်.. ဘာပြောရမှန်း မသိ ကြောင်အအနဲ့..
“အေးဟာ ဘယ်လိုလုပ်မလဲ.. ဆရာမကို ပြောလိုက်ကွာ ငါငှားသွားတာ ပြန်မပေးလို့ လို့..၊ ငါသွားပြီ.. ငါ့တို့ အခန်းကို ဆရာမရောက်နေပြီ..”
ကျနော် ပြောပြောဆိုဆို ပြေးထွက်လာခဲ့တယ်.. ကိုယ်လွတ်ရုန်းလိုက်တယ် ဆိုပါတော့..
သေချာတယ်.. ခင်လေးကတော့ နှုတ်ခမ်းကို ကိုက်ပြီး မျက်ရည်တွေ ကျနေမယ်ဆိုတာ..

............................................ ၄ ............................................

ကျနော်ဒီနေ့ အရိုက်မခံရတော့ဘူး.. အတန်းထဲမှာ စာအုပ်တွေ လိုက်စစ်တော့.. ကျနော့်စာအုပ်က စာတွေ အပြည့်..။ စာမကူးလာတဲ့သူတွေ အရိုက်ခံရတာ ကြည့်ပြီး ကျနော် သဘောတွေ ကျနေတာ..။ ဟဲဟဲ.. ကျနော်ကတော့ ဥုံဖွ ဆိုပြီး ဉာဏ်ကို အသုံးချလိုက်တာ.. စာအုပ်ထဲမှာ စာတွေ ပြည့်သွားရော..

ဒုတိယအချိန်က ဆရာဦးခင်မောင်သန်း ရဲ့ သမိုင်းအချိန်.. ဆရာက စာသင်တာလည်း ကောင်းတယ်.. ရယ်စရာတွေလည်း ပြောတတ်တယ်.. စစနောက်နောက်နဲ့ ကျနော်တို့ကို သူငယ်ချင်းလိုပေါင်းတာ..။ ကျနော့်မှာတော့ ဆရာ စာသင်တာ စိတ်မဝင်စားနိုင်ဘူး.. ခင်လေးတစ်ယောက် ငိုနေသေးလား.. ဘာတွေဖြစ်နေပါလိမ့်လို့ စိတ်ကရောက်နေတယ်..။

“ဆရာ..”
ညာဘက်လက်တစ်ခြမ်းကို ပိုက်ရင်း ဘယ်ဘက်လက်က လက်ညိုးတစ်ချောင်းထောင်ကာ အပေါ့သွားမယ် ဆိုတာကို ဆရာ့ကို ခွင့်တောင်းလိုက်တယ်..

ဆရာက မျက်မှန်အပေါ်ကနေ မျက်လုံးကို လှန်ကြည့်ပြီး..
“ဟေ့ယောင်.. မင်းငါ့ အချိန်တိုင်း အပြင်ထွက်တယ်.. စာသင်နေပြီဆိုရင် အပြင်ကသွားချင်ပြီ.. မင်းတော့နော်.. သွား.. မြန်မြန်သွား.. မြန်မြန်လာ.. နောက်ဆို ငါ့အချိန်ရောက်ရင် သားရေကွင်းနဲ့ စည်းထား..”
အခန်းဖော်တွေက “ဝါးးးး...)))..” ကနဲ ဝိုင်း ရယ်(ရီ) ကြတယ်..

ဆရာ့ကို သွားကြီးဖြဲပြီး “ဟီးးး..” လို့ ရယ်ပြရင်း.. အတန်းသားတွေကို ဘုကြည့် ကြည့်ပစ်လိုက်တယ်.. ရယ်သံတွေ တိတ်သွားတယ်.. ကောင်မလေးတွေ ပါးစပ်ကို လက်ဝါးလေးတွေ အုပ်ပြီး တခွီးခွီးနဲ့..။ ကျနော်နဲ့ တူတူထိုင်တဲ့ သန်းဝင်းက သားရေကွင်း ထောင်ပြတယ်.. စိတ်ထဲကနေ ဒီကောင့်ကို “မအေဘေး” လို့ ဆဲပြီး အခန်းထဲကနေ အပြေးတစ်ပိုင်း ထွက်ခဲ့လိုက်တယ်..။

ပြောသာပြောတာ ကျနော်က အတန်းထဲမှာ ဗိုလ်..။ အစသန်.. အနောက်သန်.. ခပ်ဆိုးဆိုး ပေတေတေ မို့လားတော့ မသိဘူး.. ကျနော့်ကိုဆို တော်တော်များများ လန့်ကြတယ်..။ တကယ်တော့ အော်ကြောလန် ဖြစ်နေတာ ကိုယ့်ဟာကိုယ် မသိဘူးလေ..။

ဒီလိုနဲ့ ခင်လေးတို့ အတန်းဘေးရောက်တော့.. ကျနော် မျက်လုံး ပြူးသွားတယ်..
ဟင်းးးးးး... ခင်လေး ခုံပေါ်မှာ မှတ်တပ်ရပ်နေပါလား..!!
တစ်ခန်းလုံးကတော့ ငြိမ်ပြီး တိတ်ဆိတ်လို့.. သူ့မျက်နှာကလည်း မျက်ရည်တွေနဲ့ နီရဲလို့ပါလား..!!
ဆရာမကို လှမ်းကြည့်လိုက်တော့ မျက်နှာတည်တည်နဲ့ စာအုပ်တွေ အမှတ်ခြစ်နေလေရဲ့..
သေချာပြီး ခင်လေး သင်္ချာစာအုပ် မထပ်နိုင်လို့ ဒဏ်ပေးခံထားရပြီ..
ကျနော် စိတ်မကောင်းဖြစ်သွားတယ်.. သူစာပြီးရဲ့သားနဲ့.. အခုတော့ ကျနော့်ကြောင့်..

ကျနော် သူရပ်နေတဲ့ ပြူတင်းပေါက်နား ဆရာမ မမြင်အောင် ကုန်းကုန်းကွကွနဲ့ အသာ ကပ်သွားပြီး..
“ခင်လေး.. ရွတ်..! ရွတ်..!! ခင်လေး..”
လေသံတိုးတိုးလေးနဲ့ ခေါ်ကြည့်လိုက်တယ်..

ကျနော့်ကို ရုတ်တရက် မြင်လိုက်ရတဲ့ ခင်လေးမျက်နှာက marah ပန်းသီးနီနီရဲရဲကို မီးဖုတ်လိုက်သလို ချက်ချင်းကို ညိုပုပ်သွားတယ်..။ ဒေါသတွေလည်း နားထဲကနေ “ရှူး..” ကနဲ ထွက်သွားသလား မှတ်ရလောက်အောင် နားရွက် ကားကားကြီး ထောင်လာတယ်..။ မျက်ထောင့်နီနီထဲက မျက်ရည်တွေကလည်း လက်နဲ့ဖိညှစ်လိုက်တဲ့ သံပုရာသီးလို ရွမ်းရွမ်းဝေ ကျဆင်းလာတယ်..။ သွားဖြူဖြူတွေနဲ့ ဖိကိုက်လိုက်တဲ့ နှုတ်ခမ်းကွေးကွေးကလည်း အသားကြိတ်စက်ထဲ ထည့်လိုက်တဲ့ ဝက်သားတုံးလိုလို..။

သူ့မျက်နှာကို ကြည့်ပြီး ကျနော် ကျောချမ်းသွားတယ်.. အခြေအနေမကောင်းဘူး..
ကျနော် ပါးစပ်လေးကိုဟ.. ခေါင်းလေးကို ဆတ်ရင်း ဆရာမကို လက်ညိုးထိုးလိုက် ကျနော့ကိုယ် ကျနော် လက်ညိုးထိုးပြလိုက်နဲ့ Sign Language နဲ့ စကားတွေ ပြောနေတာ.. သူကတော့ နားမလည်လောက်ဘူး..။ လာစတယ်ထင်ပြီး ရုပ်က ပိုပြီး တင်းမာလာလေရော..။ ကျနော် ပြောချင်တာက “ပြောလိုက်ပါလား ဆရာမကို ငါ ငှားသွားလို့.. ငါမေ့ကျန်ခဲ့လို့.. သမီးမှာ အပြစ်မရှိဘူးလို့..” အဲ့လို ပြောလိုက် စေချင်တာ.. ဒင်းက ဘာမှ မပြောပဲ ပေတေပြီး ရပ်နေတယ်..။

တစ်ချက် ရှိုက်လိုက်တဲ့ သူ့ ငိုသံနဲ့ ဒေါသအရောင်တွေ ရဲတက်လာတဲ့ သူ့မျက်နှာပြင်ကြီးက နှာခေါင်းထဲကို စနစ်တံ မီးရှို့ထားတဲ့ ဗျောက်အိုးတစ်လုံး ထည့်ထားသလို ပေါက်ကွဲလုဆဲဆဲ..။ သေချာကြည့်ရင် ကြောက်ရွံ့စရာ..။ ကျနော် လန့်သွားတယ်.. အော်များ ငိုလိုက်ရင် ဒုက္ခ.. မဖြစ်ဘူး.. လစ်မှ ဆိုပြီး.. နောက်ကြောင်းပြန်လည့်ပြီး အတန်းထဲ ပြန်ဝင်ပြေးလိုက်တော့တယ်.. အပေါ့သွားဖို့တောင် မေ့သွားလေရောဆိုပါတော့..။

............................................ ၅ ............................................

ကျောင်းလည်းဆင်းရော စက်ဘီးကို မြန်မြန်ထုတ်ပြီး အသားကုန် နင်းတော့တာ.. တန်းနေတာပဲ အိမ်ကို..

မကြာမီအချိန်အတွင်းတွင် မုန်တိုင်းကျရောက်တော့မည်..။
ခင်လေးငယ်ဆိုသော မုန်တိုင်းမကြီး ကျနော့်အိမ်ကို ဗဟိုပြုရင်း တရွေ့ရွေ့ ရွေလျားလာနေပြီ..။
မကြာမီ တရှီးရှီး တဟီးဟီးနှင့် လေလုံးကြီးတွေ တိုက်ပြီး မိုးသည်းထန်စွာ ရွာသွန်းတော့မည်..။
တရွမ်းရွမ်း ရိုက်ခတ်တော့မည် မေမေ့ ရိုက်သံသည်လည်း မုန်တိုင်းနှင့်အတူ ပါလာတော့မည်..။
ကြိုတင် ကယ်ဆယ်ရေးများ ဆောင်ရွက်ထားနိုင်ရန်.. အိမ်သို့ အရင်ရောက်မှ ဖြစ်မည်..။
ခြေသလုံး ပရုပ်ဆီလူးခြင်း..၊ ဘောင်းဘီရှည် သုံးထပ်နှင့် ပုဆိုးနှစ်ကွင်း ထပ်ဝတ်ထားခြင်း..၊ စသည်တို့ကို ကြိုတင် စီမံထားရမည်..။

ဘာမှ မသိသေးတဲ့ မေမေကတော့ ကြက်မွှေးကိုင်ရင်း အရုပ်စင်ကို ဖုန်သုတ်နေပါတယ်..
ခြံထဲလှမ်းဝင်လာတဲ့ ခင်လေးရဲ့ ခြေသံတွေက ကျနော်အတွက်တော့ မိုးကြိုးပစ်လိုက်သလို..

ကျနော့် အပြစ်ဒဏ် ကျနော် ခံရတော့မည်..
ကျနော်လူဆိုးပါ..အဲ့ဒီနေ့ကတော့ ကျနော် တကယ် ငိုခဲ့ရပါတယ်..
ခင်လေး ဘယ်လောက် တိုင်တိုင်..
မေမေ ဘယ်လောက် ရိုက်ရိုက်..
ကျနော် ဘယ်လောက် ငိုရ ငိုရ..
ကျနော်ကိုက အမှတ်မရှိတာ မခက်ပေဘူးလားဗျာ..။

တွေ့ကြသေးတာပေါ့ ခင်လေးငယ် ဆိုတဲ့ အပေအတူးမရေ..
နင်ပဲ တိုင်နိုင်မလား.. ငါပဲ ဆိုးနိုင်မလား.. ဆိုတာ..။

(ကိုရင်နော်)


Thursday, May 14, 2009

ကျနော်လူဆိုး (၂)

“သားရေ ထတော့ ထတော့ ဘယ်နှစ်နာရီထိုးနေပြီလဲ.. အပျင်းတစ်မနေနဲ့ ထစမ်း ထစမ်း..”
“ဟုတ်.... မေ့..”
ဒီအသံက ကျနော်မနက်တိုင်း ကြားနေကျ မေမေ့ နိုးစက် အသံ..

“ကြည့်စမ်း.. စာကြည့် စားပွဲလည်း ရှုပ်ရှက်ခတ် နေတာပဲ.. စာကို အဖြစ်ရှိအောင်ဖြင့် မလုပ်ပဲနဲ့ စားပွဲတော့ ဖွတတ်တယ်.. ကိုးတန်းကျောင်းသားဖြစ်နေပြီ.. အခုထိကို သပ်သပ်ရပ်ရပ် မနေတတ်ဘူး..”
“ဟုတ်.... မေ့..”
ခေါင်းအုံးကို နားရွက်ပေါ်ဖိအုံးရင်း “ဟုတ်... မေ့” လုပ်လိုက်ပြန်ပါတယ်..။

“ဟုတ်.. မေ့.. လုပ်မနေနဲ့ ထထ.. မေမေ ထမင်းချိုင့် မထည့်ပေးဘူး.. ခင်လေးတို့ အိမ်မှာ ကြာဇံကြော်တယ် အဲ့ဒါ ဝင်ယူသွားလိုက်..”
“ဟာ... ကြာဇံကြော်..!!”
ကြာဇံကြော်ဆိုတာနဲ့ မျက်လုံးက နည်းနည်းတော့ ကျယ်သွားတယ်.. ကျနော်က ကြာဇံကြော် အရမ်းကြိုက်တာလေ..။ ခင်လေးတို့ မေမေကြော်တဲ့ ကြာဇံကြော်ကလည်း အရမ်းကောင်းတာ..။

အိပ်ယာကနေ လူးလဲထ.. ရေချိုး.. ကျောင်းအဝတ် မြန်မြန်ဝတ်.. စားပွဲပေါ်က စာအုပ်တွေကို လွယ်အိတ်ထဲ ထိုးထည့်.. ပြီးတော့ ကျောင်းကို ဖွက်ဖွက်ယူသွားတဲ့.. ကျောက်ဒိုး ဂေါ်လီလုံးတွေ.. သားရေကွင်းတွေ.. ဂျင်တွေ..။ လွယ်အိတ်ကတော့ အရူးလွယ်အိတ်လို ပြည့်လို့..။ မေမေသိရင် ရိုက်ခံရမှာ.. မေမေက အခုအရွယ်ထိ ကလေးလိုလို ကစားနေတာကို ကြိုက်တာမဟုတ်ဘူး..။ ကျနော်ကတော့ မရပါဘူး.. ကစားမှာပဲ..။

စက်ဘီး ဒေါက်ကိုဖြုတ် ပြေးပြေး ထွန်းတွန်း “လွှား” ကနဲ ခုန်တက်လိုက်တယ်.. ပြေးနေတဲ့ မြင်းပေါ် ခုန်တက်လိုက်သလိုမျိုး..။

“သားရေ.. စက်ဘီးကို ဖြေးဖြေးစီးနော် ခင်လေး ကိုလည်း စစ မနေနဲ့..”
“ဟုတ်...)))))))))))... မေ့..”
အော်လည်း အော်.. နင်းလည်း နင်း.. မေမေ့စကားကို မြေဝယ်မကျ ဆန့်ကျင်ရင်း.. စက်ဘီးကို အရှိန်ကုန် မြွေလိမ် မြွေကောက် ဘယ်ယိမ်း.. ညာယိမ်း.. နင်းတော့ တာပဲ..။

......................................... ၂ .........................................

“ခင်လေး.. ရေ... (((..ကလင်းးးလင်းး လင်းးး ကလင်းးးလင်းးးလင်းးး..)))..”
ခင်လေးတို့ အိမ်ရှေ့လည်း ရောက်ရော.. စက်ဘီး ဘဲလ်ကို တရစပ် တီးနေတော့တာ..

“ဘာတုန်း အငတ်..”
“ဟဲ..ဟဲ.”
အိမ်ပေါက်ဝကနေ ဆံပင် စုတ်ဖွားနဲ့ ခါးထောက်ပြီး ကြိုတဲ့ ခင်လေးပုံစံက ခြံထဲဝင်မှာ ကြောက်လို့ ထိုးဟောင်နေတဲ့ တယ်ရီယာ ခွေးလေးလိုလို..

“လာ သား.. သား ချိုင့် ပါတယ်မလား.. ပေး အန်တီ့ကိုပေး.. မနက်က သားမေမေနဲ့ ဈေးမှာ တွေ့လို့ တခါတည်း ပြောလိုက်တာ..”
“ဟုတ်.. အန်တီ..”
ခင်လေး မေမေ ကတော့ အမြဲပြုံးနေတာပါပဲ.. သဘောလည်း အရမ်းကောင်းတယ်.. ခင်လေးငယ်နဲ့များ ကွာလိုက်တာ.. ခင်လေးကတော့ အမြဲစူပုပ်နေတာ.. စိတ်ကလည်းပုပ်.. အဲ့ကြောင့် ကျနော်ကလည်း သူ့ကို.. စ ကို စနေချင်တာ...။

ခင်းလေးမေမေက စားပွဲပေါ် ချိုင့်နှစ်ချိုင့် လာတင်ပြီး မီးဖိုချောင်ထဲ ပြန်ဝင်သွားရော..။ နှစ်ဆင့်ချိုင့်က ကျနော့်ချိုင့်..။ သုံးဆင့်ချိုင့်က ခင်လေးချိုင့်..။ ခင်လေးကတော့ အခန်းထဲမှာ ဘာလုပ်နေတယ်မသိဘူး..။

ခင်လေးရဲ့ သုံးဆင့်ချိုင့်ကိုကြည့်ပြီး.. ခေါင်းထဲမှာ “တိန်” ကနဲ မီးလင်းသွားတယ်..။
ပြီးတော့ “ဟွန်းဟွန်းဟွန်းဟွန်း” ဆိုပြီး ပြုံးလိုက်တယ်..။
အကျင့်တော် ပုပ်ဖို့ဆိုရင် ရွှေဉာဏ်တော်က စူးရှလှပါပေ့..။

ခိုးကြောင်ခိုးဝှက်နဲ့ သုံးဆင့်ချိုင့်ရဲ့ အပေါ်ဆုံး ဆင့်ကို ဖွင့်လိုက်တယ်.. ထောင်း ကနဲ ထွက်လာတဲ့ အငွေ့တွေနဲ့ ကြာဇံကြော်နံ့က မွှေးလိုက်တာ.. လွယ်အိတ်ထဲကို နှိုက်.. ၅ကွင်း တစ်တွဲ တွဲထားတဲ့ သားရေကွင်း ထဲက တစ်တွဲကို ဖြုတ်လိုက်တယ်.. ပြီးတော့.. ကြာဇံကြော်ကို ဇွန်းနဲ့ မ သားရေကွင်းတွေကို ရောထည့်မွေပြီးတော့ ဟန်မပျက် ချိုင့်ကို ပြန်ပိတ်ထားလိုက်တယ်.. ဒန်.. တန့်.. တန်..။

“သားရေ.. ရော့ ဒီမှာ နည်းနည်း စားသွားလိုက်ဦး..”
ခင်လေး မေမေက ကြာဇံကြော်ပန်းကန်ကို ကိုင်ရင်း ဝင်လာတယ်..
“ဟုတ်... အန်တီ.”
ရင်ထဲမှာ “ဒုန်း” ကနဲ ဖြစ်သွားတာပဲ.. “ဟူးးး..” တော်သေးရဲ့ သားရေကွင်းတွေ ထည့်နေတာ အန်တီ မတွေ့သွားလို့..
ဒါနဲ့ အန်တီ လာချပေးတဲ့ ကြာဇံကြောက်ကို အားရပါးရ လွေးလိုက်တာ “ဖလွတ် ဖလွတ်” နဲ့ နေတာပဲ..

......................................... ၃ .........................................

(((.. ဒေါင်း.. ဒေါင်း.. ဒေါင်းဒေါင်း.. ဒေါင်းဒေါင်း.. ဒေါင်း..)))
ကျောင်းလည်း အရောက် ခေါင်းလောင်းလည်း အခေါက်ပါပဲ.. ဒီနှစ်က ခင်လေးရော ကျနော်ပါ.. အထက်တန်းကျောင်းကို ရောက်လာကြပြီ..။ ထုံးစံ အတိုင်း ခင်လေးက စာတော်တော့ ကိုတန်း အေ ပေါ့.. ကျနော်ကတော့ ဘီခန်း..။

ခင်လေးကတော့ ခြင်းတောင်းတစ်ဖက် လွယ်အိတ်တဖက်နဲ့ ကျောင်းခန်းထဲ အပြေးအလွှား ဝင်သွားလေရဲ့..
ကျနော်ကတော့ ကိုယ့် အတွေးနဲ့ ကိုယ် ပြုံးနေမိတယ်.. သားရေကွင်းကြော်နဲ့ ခင်လေးငယ် တွေ့ကြတော့မယ်..
ကျနော်ကိုကလည်း အမှတ်မရှိတာ.. ဒင်းကို စလို့ မေမေရိုက်ပေါင်း များပြီ.. ဟို တစ်ခါ ခင်လေးကို ဖုန်မှုန့်တွေ လျက်ဆားလုပ်ပြီး ကျွေးလိုက်လို့ ရိုက်ခံရတာ မှတ်မိသေးတယ်.. (ကျနော်လူဆိုး (၁)) ဟွန်းးးး..!!

“Gooooood Morning Teacherrrrrrr.....))))))..”
ဆရာမကို နှုတ်ဆက်တဲ့ အသံထဲမှာ ကျနော့် အသံက အကျယ်ဆုံး..
ဆရာမ နာမည်က ဒေါ်ဘေဘီ တဲ့.. အင်္ဂလိပ်စာသင်တယ်..။ ခန့်ခန့်ချောချော အပျိုကြီးပေါ့..။ ဆရာမ ဒေါ်ဘေဘီက ခင်လေးတို့ အတန်းရဲ့ အတန်းပိုင် ဆရာမလေ..။ ဆရာမက သဘောကောင်းပေမယ့် စိတ်ဆိုးလာရင်လည်း မလွယ်ဘူး ဆော်ပလော်တီးတတ်တယ်.. ဒဏ်လည်း ပေးတတ်တယ်..။ ကျနော်က ဆရာမဒေါ်ဘေဘီကို The Wheel လို့ နာမည်ပေးထားတယ်.. တခြားကြောင့်တော့ မဟုတ်ပါဘူး.. သင်ခန်းစာတွေ ဘယ်လောက် အသစ်တက်သွား တက်သွား အတန်းထဲရောက်တာနဲ့ အင်္ဂလိပ်ဖတ်စာအုပ်ထဲက The Wheel ကို ဖတ်ခိုင်းတော့တာပဲ..။ ကျနော်တို့ လည်း The Wheel ကို အလွတ်ရသလောက်ပဲ.. နေ့တိုင်းကို ဖတ်နေရတာ..။ ဒါနဲ့ပဲ အားလုံးက ဆရာမနောက်ကွယ်မှာ ဆရာမကို The Wheel လို့ ခေါ်ကြပါလေရောပေါ့..။

ဆရာမ စာသင်တာ နားထောင်ချင်ယောင်ဆောင်လိုက် ကြာဇံကြော်ခိုးစားလိုက်နဲ့ အချိန်တွေ ဘယ်လို ကုန်သွားတယ် မသိဘူး.. ထမင်းစားကျောင်းဆင်း ခေါင်းလောင်းခေါက်တော့ ကျနော်လည်း ရင်ထဲမှာ “ဒိန်း..” ကနဲ ဖြစ်သွားတယ်..။ ချိုင့်ထဲမှာ ကျန်နေသေးတဲ့ ကြာဇံကြော်ကို လက်စဖြတ်.. ပြီးတော့ ခင်လေးတို့ အခန်းနားကို ကပ်သွားတယ်.. ငတက်ပြား ခြေလှမ်းမျိုးနဲ့ပဲပေါ့..။ ပြူတင်းပေါက်ကြားကနေ ချောင်းကြည့်လိုက်တော့ ခင်လေးရယ်.. ထက်သူဇာလှဝင့်ရွှေရည် ရယ်.. ချိုင့်တွေ ဖွင့်ပြီး စားနေကြလေရဲ့..။

ကျနော် ပြုံးလိုက်တယ်.. ပွဲကြီးပွဲကောင်းတော့ ကြည့်ရတော့မယ်ပေါ့..။ ခင်လေးကတော့ ကြာဇံကြော်ကို မြိန်ရေရှက်ရေ စားနေလေရဲ့..။ ကျနော် ရင်တမမနဲ့ စောင့်ကြည့်နေတယ်.. သားရေကွင်းတွေ.. သားရေကွင်းတွေ.. ဟိးဟီး.. ဘယ် အချိန် ထအော် လေမလဲလို့..။ ဒီလိုနဲ့ စားလို့သာ ပြီးသွားတယ် ခင်လေးက ဘာမှ မဖြစ်သလို..။ ကျနော် နည်းနည်းတော့ အံ့သြသွားတယ်..။

ဟင်းး.. ဘယ်လို ဖြစ်တာပါလိမ့် သူ မတွေ့ဘူးလား..!!!
ဒီ သားရေကွင်းတွေတောင် မတွေ့ရအောင် ဒီလောက်တောင် ငတ်ကြီးကျရသလား..!!!
ဒုက္ခပါပဲ.. ဗိုက်ထဲမှာ တစ်ခုခုဖြစ်ရင်..!!!
ကျနော် ငိုချင်သလို ဖြစ်လာတယ်... ကျနော်သူ့ကို စတာက သားရေကွင်းတွေ တွေ့ရင် အော်မယ်.. ကျနော်လုပ်မှန်းသိပြီး ရန်လာထောင်မယ် ဒီလောက်ပဲ.. အခုတော့ သူက တကယ် စားလိုက်ပြီ..!!!
ကျနော် ဘယ်လိုလုပ်ရင် ကောင်းမလဲ..!!!

......................................... ၄ .........................................

ကျနော် စဉ်းစားနေတုန်းမှာပဲ.. အခန်းထဲကို ခြေလှမ်းကျဲကြီးနဲ့ ဝင်လာတာက ဆရာမ The Wheel...။
ဆရာမ မျက်နှာက နီရဲပြီး ဒေါသတွေ ထွက်နေတာ သိသာနေတယ်.. ကျနော်လည်း ကြောင်ကြည့်နေမိတယ်.. ဘာဖြစ်တာပါလိမ့်လို့..။

“ခင်လေးငယ်..!!!!..”
ဆရာမ အသံက လိုတာထက်ပိုကျယ်နေတယ်

“ရှင်.. ဆရာမ..”
ခင်လေးလည်း ရုတ်တရက် လန့် သွားတယ် ထင်ပါတယ်.. မတ်တတ်ရပ်ရင်းလက်ကလေးပိုက်လို့.. ထက်သူဇာလှဝင့်ရွှေရည် ကလည်း မျက်လုံးလေး ကလယ်ကလယ်နဲ့..

“ညည်း ဘယ်လို လုပ်လိုက်တာလဲ ဆရာမကို စ စရာလား ဟင်.. ဆရာမကတော့ စာလေးတော်တယ် လိမ္မာတယ်ဆိုပြီး အထင်ကြီးနေတာ အခုတော့ ဆရာမကို ရုံးခန်းထဲမှာ အရှက်ကွဲအောင်လုပ်တယ်.. အစားအသောက်နဲ့ ပတ်သက်ပြီး ဒီလိုလုပ်ခံရတာ ဆရာမ အရမ်းရှက်တယ်.. ညည်း ဒီလို ပေါက်ကရတွေ လုပ်တတ်တာလား ဟင်.. ပြောစမ်း..”
ပြောပြောဆိုဆို ဆရာမက လက်ထဲက ကြာဇံကြော်ချိုင့်ကို စားပွဲပေါ် “ဒုန်း” ဆို ပစ်ချလိုက်တယ်..
ဆရာမ အသံတွေက မာပြီးတုန်နေတယ်.. မျက်ရည်တွေလည်း ဝဲနေတယ်..

“ဟိုက်..!!!!!.. သွားပြီ..”
ကျနော် သိလိုက်ပြီ... ဒုက္ခတော့ ရောက်ပြီ..။

“ရှင် ဆ.. ဆ.. ဆရာမ.. သမီး.. သ.. သ... သမီး..”
ခင်လေး အသံတွေလည်း တုန်နေပြီ.. မျက်ရည်တွေလည်း ကျလာပြီ.. ကြောက်လန့်နေတဲ့ မျက်နှာက ဘာကိုမှလည်း နားမလည်သလို..။

“ဘာ အခုမှ မသိသလို လုပ်နေတာလဲ.. ကြည့်စမ်း တစ်ခု နှစ်ခုဆို မတော်တဆ ပါလာတာလို့ ဖြေသာလို့ ရသေးတယ်.. အခုတော့ နည်းနည်းနောနောမှာ မဟုတ်တာ.. ဒါ သက်သက်လုပ်တာ.. ဆရာမကတော့ ကိုယ့် တပည့်မလေး ဆရာမဖို့ ထည့်လာတာဆိုလို့ လက်ခံလိုက်တာ.. ခုတော့..”
ဆရာမက ကြာဇံကြော်ထဲက သားရေကွင်းတွေကို ဇွန်းနဲ့ ကော်ပြီး ပြနေတယ်.. ဆရာမ မျက်ရည်တွေလည်း ကျလာပြီ.. အဲ့ဒီ အချိန်မှာပဲ တခြားဆရာမတွေလည်း အတန်းထဲ ဝင်လာပြီး ဒေါ်ဘေဘီကို လာဖျောင်းဖျကြတယ်..

ခင်လေးလည်း ငိုနေပြီ.. အံကိုလည်း တင်းနေအောင် ကြိတ်ထားတယ်.. တစ်ခုခုကို သဘောပေါက်သွားတဲ့ ပုံ..။
“ဆ.. ဆ.. ဆရာမရယ်.. သ.. သ.. သမီး တောင်း.. တောင်းပန်ပါတယ်.. ရီးးးဟီး သမီးနောက်.. နောက်ကို မလုပ်.. မလုပ်တော့ပါဘူး... ရီးးးဟီးးး..”
ခင်လေးလည်း ဆရာမကို ထိုင်ကတော့ တောင်းပန်ရင်း ငိုပါလေရော..

ကျ.. ကျနော်.. ဘာလုပ်ရမလဲ.. ဒါခင်လေးလုပ်တာ မဟုတ်ဘူး.. ကျနော်အပြစ်.. ကျနော်သာ တရားခံ.. ခင်လေးက ဘာလို့ ကျနော် လုပ်တာလို့ မပြောတာလဲ..!!

ကျနော် အခန်းထဲကို ပြေးဝင်သွားတယ်.. ကျနော် ဆရာမရှေ့မှာ ဒူးထောက်ရင်း..
“ဆရာမ..!!!”
“ဆရာမ.. ဒါ ခင်လေး လုပ်တာ မဟုတ်ဘူး.. ကျနော် လုပ်တာ..”

“ဟင်.. ရင်နော်.. နင် လုပ်တာ..!!.. ဘာလို့.. ဘာလို့ ဆရာမကို ဒီလို လုပ်ကြတာလဲ..”
ဆရာမက ကျနော့်ကို တလည့် ခင်လေးကို တလည့်ကြည့်ရင်း နားမလည်သလိုဖြစ်နေတယ်..
ခင်လေးကတော့ ကျနော့်ကို မီးတောက်တော့မယ့် မျက်လုံးတွေနဲ့ ကြည့်နေတာ ကျနော် သိနေတယ်..

“မ.. မဟုတ်ဘူး.. ဆရာမ ကျနော်က ခင်လေး ကို စတာ.. သူ စားမယ့် ချိုင့် ထင်နေတာ.. သူက ဆရာမကို ပေးမယ်ဆိုတာ ကျနော် မသိလို့..”
ဆရာမလည်း ကျနော် ထိုင်ကန်တော့တော့ ယောင်ယမ်းပြီး လိုက်ထူတယ်.. ကျန်တဲ့ ဆရာမတွေကလည်း ဒေါ်ဘေဘီကို အတင်းခေါ်သွားကြတယ်.. အပြင်မှာ ကစားနေတဲ့ ကျောင်းသားတွေလည်း ပြူတစ်ပြူတစ်နဲ့ လာချောင်းကြည့်နေကြပြီ..။

ခင်လေးကို ကြည့်လိုက်တော့ မျက်ရည်တွေလည်း ပေါက်ကြီးပေါက်ငယ်နဲ့..။ သူ့မျက်လုံးတွေထဲမှာ ကျနော့်ကို မုန်းတီးမှုတွေ မပါတာတော့ သေချာပါတယ်..။ သတ်ချင်နေမှုတွေ.. မကျေနပ်မှုတွေ.. ကျိန်ဆဲမှုတွေနဲ့..။

ကျနော် သူ့ကို ခေါင်း ကုတ်ပြီး ကြည့်နေမိတယ်.. ကျနော်လည်း စိတ်မကောင်း ဖြစ်ရတယ်.. ခုတ်တာတစ်ခု ရှာတာတလွဲ ဖြစ်သွားပြီလေ..။

ကျောင်းလည်း ဆင်းရော ခင်လေးက စက်ဘီးကို အတင်း နင်းပြီး အရှေ့ကနေ ပြန်သွားလေရဲ့.. သေချာပါပြီ.. ကျနော့် အိမ်ကို သူသွားပြီ..။

ခြေဖနောင့်က ဖုန်မှုန့်လေးကို လက်ညိုးလေးနဲ့ တို့ပြီး နဖူးပေါ် သုတ်လိုက်တယ်.. အသက်လေးလည်း အောင့်လို့ပေါ့..။ ရိုက်ခံရတော့မှာ သိသိကြီးနဲ့ အန္တရာယ်ကင်းကတော့ လုပ်ရိုးလုပ်စဉ်အတိုင်း လုပ်မိလိုက်သေးတယ်..။

ခင်လေးရဲ့ ငိုရင်း ရှိုက်ရင်း တိုင်နေတဲ့ အသံ..
မေမေ့ရဲ့ ဆူဆူ ဟောက်ဟောက် ဒေါသတွေနဲ့ ရိုက်တဲ့ အသံ..
ကျနော့်ရဲ့ ခုန်လိုက် ပေါက်လိုက် ငိုယို အော်ဟစ်သံတွေနဲ့..
ကျနော် ဆိုးခဲ့တဲ့ နေ့တွေထဲက တစ်နေ့ပေါ့..။

ဒါပေမဲ့ ကျနော် အမှတ် မရှိပါဘူး.. တွေ့ကြသေးတာပေါ့ ခင်လေးငယ် ဆိုတဲ့ အပေအတူးမရယ်..။

(ကိုရင်နော်)

Sunday, May 10, 2009

လမ်းခွဲတဲ့ည


ညဟာ....

တိမ်လွှာကင်းလို့ လ စသာတယ်
လက်လက်ထ လ ရောင်မှာ
မှိုင်းပြပြ မျက်ဝန်းနဲ့အစပြုတော့
ယောင်မှားမှင်သက်..
ဝစီပိတ်ကို စ ကျင့်လိုက်တယ်..။

လက်ဖျားတွေအေးစက်
အသံမဲ့ စကားက ဗုံးတစ်လုံးအလား
မြေပြင်ကျယ်ဟာ မီးထတောက်ဖို့
နှလုံးသားကို တည်ကြက်လုပ်တော့
မဲ့ပြုံးလေးတောင် မပြုံးမိအောင်
အံကိုကြိတ်လို့ အကြံကိုထုတ်တယ်...။

အဲ့ဒီည...
ကမ္ဘာမြေကို သွက်
သွက်ခါစေဖို့
ဆာကေးတစ်ခွက်
တိုက်..
လိုက်..

တယ်.....။

ကဲ... ဘာတွေဖြစ်လာမလဲ...!!

အမြည်းမရှိတဲ့ ကမ္ဘာဟာ
အနမ်းတွေ ဇောက်ထိုးမိုးမျှော်နဲ့
အလွမ်းတွေက ဝုန်းဒိုင်းကျဲ
နာကျဉ်ခြင်းတွေ လျှပ်လိုထအလက်
တရားပျက်မယ့် မိုးခြိမ်းသံနဲ့အတူ
မျက်ရည်တွေ ရွာအချမှာ
ရုတ်တရက်ပါပဲ..။

မင်းကိုငါ လမ်းခွဲ
.................

နှုတ်.. ဆက်.. တယ်... "ကဝေ"။

(ခင်လေးငယ်)

Friday, May 1, 2009

ခေတ္တရပ်နားခြင်း


ချစ်ခင်လေးစားရပါသော စာဖတ်သူများ.. ဘလော့မိတ်ဆွေများခင်ဗျာ...


ကျနော်တို့ ဘလော့ကို အကြောင်းအမျိုးမျိုးကြောင့် ခေတ္တရပ်နားထားပါတယ်..။


လာလည်ကြသူတွေ အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်..။


ခင်မင်လေးစားချစ်ခြင်းအားဖြင့်

ကိုရင်နော်ခင်လေးငယ်


ကျနော်တို့ ဘလော့ကို အကြောင်း အမျိုးမျိုးကြောင့်ပဲ ပြန်ဖွင့်လိုက်ပါပြီ..

ဘလော့ ပိတ်ထားချိန်မှာ လာရောက် အားပေးကြတဲ့ ချစ်သော စာဖတ်သူများ.. ဘလော့ မိတ်ဆွေများ အားလုံးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်..

အကြောင်းအမျိုးမျိုး ဆိုတာနဲ့ ပတ်သက်ပြီး နောက်ကြုံရင် ပိုစ့်တစ်ခုရေးပြီး တင်မလားလို့ စဉ်းစားထားပါတယ်..

ခင်မင်လေးစားချစ်ခြင်းအားဖြင့်..

ကိုရင်နော်ခင်လေးငယ်