“သားရေ..”
“ဟုတ်.. မေ့..”
ဖတ်လက်စ ဝတ္ထုစာအုပ်ကို ခေါင်းအုံးအောက် ထိုးထည့်ပြီး အတည်ပေါက်နဲ့ ကျောင်းစာအုပ်ကို ကောက်ကိုင် ထားလိုက်တယ်..
“ခေါင်းအုံးအောက် ဘာထည့်လိုက်တာလဲ.. မေမေ တွေ့လိုက်ပါတယ်..”
“မဟုတ်ဘူး.. မေ့..”
မေမေက ပြောပြောဆိုဆို ခေါင်းအုံးကို ဆွဲလှန်လိုက်တော့ ထွက်လာတာက ဆားပုလင်းနှင်းမောင်နှင့် ပိတုန်းသုံးကောင်..
“ဒေါက်” ကနဲ နေအောင် ခေါက်လိုက်တဲ့ မေမေ့ လက်သံနဲ့အတူ..
“စောစောစီးစီး စာတော့ မကျက်ဘူး.. ဝတ္ထုဖတ်နေ.. စိတ်ညစ်တယ်.. နင့်ကို မေမေ သိပ် စိတ်ညစ်တယ်..”
“မေ့ကလည်း သားက စုံထောက်ကြီး လုပ်မှာ မို့လို့ ဒီစာအုပ်တွေ လေ့လာနေတာ..”
“ငါ ထပ်ခေါက်လိုက်လို့ နာအုန်းမယ်.. စုံထောက် တော့ ဖြစ်မဖြစ် မသိဘူး. လူဆိုးဗိုလ်ဖြစ်မှာတော့ သေချာတယ်.. ဒီလောက် ပြောမရ ဆိုမရ ဆိုးနေတာ.. ကယ်.. ကယ်.. ထထ ရေချိုးတော့ ကျောင်းချိန် နီးနေပြီ..”
“ဟုတ်.. ဟုတ်..မေ့..”
မေမေလည်း ထွက်သွားရော.. စားပွဲပေါ်က ဘောပင်ကို နှုတ်ခမ်းဖျားမှာတေ့ပြီး.. ရေခဲတောင်စီးကရက် ဖွာနေတဲ့ ဆားပုလင်းနှင်းမောင် ဂိုက်ဖမ်းလိုက်တယ်..။
ဆားပုလင်းနှင်းမောင် စုံထောက် ဝတ္ထုတွေဆိုရင် ကျနော်က အရမ်း ကြိုက်တာလေ..။ အထူးသဖြင့် လူသတ်မှုတွေ လိုက်တဲ့အခါ ရေခဲတောင် စီးကရက်ကို ဖွာနေတဲ့ သူ့ပုံကို စိတ်ကူးထဲမှာ မြင်ယောင်ပြီး အရမ်း အားကျတာ..။ တကယ်တော့ စုံထောက် ဝတ္ထုတွေ ဖတ် ဖတ်ပြီး ရူးနေတာပေါ့..။
..................................... (၂) .....................................
“ဒီမယ် မခင်လေး.. ကျုပ်ဒီအမှုနဲ့ ပတ်သက်ပြီး ခင်ဗျားကို သိပ်မသင်္ကာဘူး.. ကျုပ် ခင်ဗျားကို စစ်ဆေးရလိမ့်မယ်..”
“ဟမ်.. အရူး.. ဘာလာကြောင်တာလဲ..”
“ဟီးးး.. ငါ ညက ဆားပုလင်းနှင်းမောင် ဝတ္ထုဖတ်လာတာဟ.. သလား.. အရမ်းကောင်းတယ်.. နင့်ကို ငါပြောပြအုံးမယ်..”
“တော်.. တော်.. ငါမသိချင်ဘူး.. နင့်ဟာနင် ဖတ်.. နင့်ဟာနင် ရူး.. ကယ်.. သွားတော့ ကျောင်းတက်တော့မယ်..”
ခင်လေးမျက်နှာကို လက်ညှိုးနဲ့ ချိန် “ဒိုင်းညှောင့်..” ဆိုပြီး သေနတ်ပစ်သလို လုပ်ရင်း ကျနော်တို့ အတန်းဘက်ကို ပြန်ခဲ့လိုက်တယ်..။ ခင်လေးကတော့ ပိကျိပိကျိ နဲ့ ဘာတွေ ပြောပြီး ကျန်ခဲ့တယ် မသိ..။
အတန်းထဲမှာတော့ ထုံးစံအတိုင်း စာကို စိတ်မဝင်စားပါဘူး..။ သန်းဝင်းတို့ကို ဆားပုလင်းနှင်းမောင် ဝတ္ထုအကြောင်းတွေ ပြောပြနေတာ..။ သူတို့တွေကလည်း သိပ်တော့ စိတ်မဝင်စားကြရှာပါဘူး ကျနော့်နားမှာ ဝိုင်းလို့..။ ဒီလိုနဲ့ပဲ တစ်နေ့ ကုန်တာပါပဲ..။
နောက်ဆုံးအချိန်က ဆရာ မအားလို့ထင်ပါတယ်.. အတန်း မဝင်ဘူး..။ ဘယ်ရမလဲ ကျနော်တို့က ပျော်တာပေါ့..။ လွတ်လပ်ရေး ရတာပဲလေ..။ စကားတွေ ပြောလိုက်ကြ.. တဟားဟား ရယ်လိုက်ကြနဲ့..။ သောင်းကျန်းလို့ ဝတော့ သန်းဝင်းနဲ့ နှစ်ယောက်သား အိမ်သာဖက် ထွက်ခဲ့ကြတယ်..။
အိမ်သာက ကျောင်းရဲ့ အနောက်ဖက် စွန်းစွန်းမှာ..။ အိမ်သာနားမှာတော့ ဆယ်တန်းက အစ်ကိုကြီးတွေလည်း ရှိတယ်..။ အိမ်သာ အနောက်မှာ အငွေ့တထောင်းထောင်းနဲ့ သူတို့တွေက ဆေးလိပ်ခိုးသောက်နေကြတာလေ..။ အဲ့ဒီထဲက အစ်ကို တစ်ယောက်က လှမ်းပြောတယ်..
“ဟေ့ယောင်တွေ မင်းတို့ သွားမတိုင်နဲ့နော်..” တဲ့
“ဟာ... ဘရားသားကလည်း မတိုင်ပါဘူးဗျ..” လို့ ပြောရင်း သူ့လက်ထဲက စီးကရက်ကို ကြည့်မိတယ်.. ပြီးတော့ ဆားပုလင်းနှင်းမောင် ရဲ့ ရေခဲတောင် စီးကရက် သောက်ပုံကိုလည်း မြင်ယောင်လာတယ်..။ စိတ်ထဲကလည်း သောက်ကြည့်ချင်စိတ်တွေ တဖွားဖွား ..။
“ဘရာသား စီးကရက်သောက်တာ ဘာအရသာ ရှိလို့လဲဗျ..”
“ဟ.. ရှိတာပေါ့ကွ.. စီးကရက်ကို ဟော့လို ရှူပြီး အငွေ့ကို ဟော့လို လေထဲကို မှုတ်ထုတ်လိုက်ရတာကိုက အရသာကွ.. မယုံရင် သောက်ကြည့်.. ရော့..”
အဲ့ဒီ အစ်ကိုက ပြောလည်း ပြော သောက်လည်း သောက်ပြ.. ပြီးတော့ သောက်ကြည့်ဖို့ပါ.. ကမ်းပေးလာလေရော..
ကျနော် တွန့်တော့ တွန့်သွားတယ်..။ ဆေးလိပ်ဆိုတာ တစ်ခါမှ သောက်ဖူးတာ မဟုတ်..။ ဒါပေမဲ့ စိတ်ထဲကကို သောက်ကြည့်ချင်နေတာ ဆိုတော့.. ချက်ချင်းပဲ.. ယူပြီး သောက်ကြည့်လိုက်တယ်..
“အဟွတ်.. အဟွတ်.. အဟွတ်..”
ဆေးလိပ်ငွေ့တွေ ရင်ထဲ အလုံးလိုက်ဝင်သွားတော့ မွန်းကြပ်ပြီး ချောင်းဆိုးပါလေရော..
“မင်းကလည်း.. ဖြေးဖြေးချင်း ရှိုက်လေကွာ.. အရမ်းရှိုက်ရင် အဲ့လို ချောင်းဆိုးမှာ..”
ကျနော် စီးကရက်ကို လက်ကြားမှာ သေချာ ညှပ်လိုက်တယ်.. ပြီးတော့ စိတ်ထဲမှာတော့ စုံထောက်ကြီးလိုလို အရသာခံရင်း.. ရှိုက်ကာ ရှိုက်ကာနဲ့ အငွေ့တွေ အလုံးလိုက် မှုတ်အထုတ်..
“ဟာ.. ဟေ့ယောင် ဟိုမှာ ခင်လေးငယ်..”
“ဟမ်..”
သန်းဝင်း ပြတဲ့ မိန်းကလေး အိမ်သာဘက်ကို ကြည့်လိုက်တော့ ခင်လေးနဲ့ သူ့သူငယ်ချင်း..။ ခင်လေးက ကျနော် ဆေးလိပ်သောက်နေတာကို ခါးထောက်ပြီး ကြည့်နေလေရဲ့..။
ကျနော်လည်း လန့်သွားတယ်..။ မြွေပဲ.. ဒင်းက အတိုင်ကြောက ထူကထူနဲ့.. အခုတော့ သူနဲ့မှ ပက်ပင်း...။ သောက်လက်စ ဆေးလိပ်ကို ဟိုအစ်ကိုကြီးကို ပြန်ပေးပြီး.. ခင်လေးနားကို မြန်မြန် သွားလိုက်တယ်..
“ငရင်နော်.. နင်တော်တော် ပျက်စီးနေပြီနော်.. ငါ တိုင်မှာ..”
“ဟာ.. မဟုတ်ဘူး ခင်လေး.. ငါ ဒီတစ်ခါပဲ သောက်ကြည့်တာ... စမ်းသောက်ကြည့်တာပါကွာ.. မတိုင်ပါနဲ့ကွာ.. နော်.. မေမေသိရင် ငါ သတ်ခံရမှာ..”
“ဘယ်ဖြစ်မလဲ တိုင်ရမှာပေါ့ နင်မကောင်းတာလုပ်ရင် တိုင်ရမယ့်တာဝန် ငါ့မှာ ရှိတယ်..”
“နင်ကလည်းဟာ.. ငါတောင်းပန်ပါတယ်ကွာ နော်.. မတိုင်ပါနဲ့.. ငါ နောက် မသောက်တော့ပါဘူး.. ဘယ်လိုကြီးမှန်း မသိဘူး.. ချောင်းတွေ ဆိုးတယ်ဟ..”
“အေ.. နင် အဲ့လို အပေါင်းအသင်း မှားရင်တော့ ပျက်စီးမှာပဲ.. ဒီကိစ္စကတိုင်မှကို ရမှာ..”
“ခင်လေးရာ.. ငါ တကယ် ပြောတာပါကွာ မတိုင်ပါနဲ့ ဟာ.. ငါ တကယ် သတ်ခံရလိမ့်မယ်.. ငါနောက် သူတို့နဲ့လည်း မပေါင်းတော့ပါဘူးဟာ..”
ခင်လေးက ကျနော့် မျက်နှာကို စေစေ့ကြည့်ပြီး
“နင်သေချာလား နောက်မသောက်တော့ဘူးဆိုတာ..”
မျက်နှာကို လက်ညှိုးနဲ့ ထိုးပြီး မေးနေတဲ့ သူ့ပုံက ဆရာမကြီးလိုလို..
“အေးပါဟာ.. သေချာတယ်.. ငါကတိပေးတယ်.. နောက် မသောက်တော့ဘူး.. မေမေ့ကိုလည်း မတိုင်နဲ့နော်..”
“အေ.. ပြီးရော.. နောက် သောက်တာတွေ့လို့ကတော့ ငါ တကယ်တိုင်မှာ..”
ပြောပြောဆိုဆိုနဲ့ မျက်စောင်းထိုးပြီး လှည့်ထွက်သွားလေရဲ့..
“ဟဲ့.. ခင်လေး.. နေအုန်း..”
“နင့်မှာ ချိုချဉ်တွေ ဘာတွေ မရှိဘူးလား.. ငါ့ ပါးစပ်က ဆေးလိပ်နံ့ နံနေ သလိုလိုပဲဟ.. ကျောင်းကလည်း ဆင်းတော့မှာ တော်ကြာ မေမေ အနံ့ရသွားရင် ဒုက္ခ....”
“ဘာအခုမှ ကြောက်ပါပြီလဲ.. ဘာချိုချဉ်မှ မရှိဘူး.. အနံ့ပျောက်ချင်ရင်.. ဟိုမှာ နေကြာရွက်တွေ ရှိတယ်.. အဲ့ဒါတွေ ဝါးစား..”
ပြောပြောဆိုဆို ဆံပင်ကို ခါကာခါကာနဲ့ ဘဲမလေး ရေထဲက တက်လာသလို ခါရင်း လစ်သွားလေရဲ့..
“ဟဲ့ နင့်ဘိုးအေ.. အဲ့ဒါ စားရင် ခါးမှာပေါ့..”
ခင်လေးကတော့ ကျနော် လှမ်းအော်တာတောင် မကြားတော့ပြီ..။
..................................... (၃) .....................................
သန်းဝင်းနဲ့ နှစ်ယောက်သား စကား တပြောပြောနဲ့ အတန်းဘက်ကို ပြန်လာခဲ့ကြတယ်.. ခင်လေးတို့ အခန်းနားရောက်တော့..
“ဟဲ့.. ကောင်စုတ်.. ရော့..”
ပြူတင်းပေါက်ကနေ ကိုယ်တခြမ်းထွက်လာတာက ခင်လေးပါပဲ.. ပြီးတော့ သူ့လက်ထဲမှာ ပီကေ..။
“ဟာ.. ပီကေ..!! နင်ကလည်းဟာ ရှိတယ် ဆိုရင်လည်း ခုနထဲက ပြောတာ မဟုတ်ဘူး.. ငါ့မှာတော့ နေကြာရွက်ပဲ တကယ် ဝါးရတော့ မလိုလို ဖြစ်နေတာ..”
“အပို မပြောနဲ့ ရော့ မြန်မြန်ယူပြီး သွားတော့..”
“ဟီးးး.. တစ်ခုပဲလားဟ.. ပေးပါဦး နောက်တစ်ခု.. ဒါလေးက ဝါးလိုက်ရင် သေးသေးလေး ဖြစ်သွားမှာ..”
“တော်ပြီ.. ဒီ တစ်ခုက ကျောင်းဆင်းရင် ငါစားမလို့..”
“အော်.. နင်ကလည်း ပေး.. ပေး.. ငါပဲ စားလိုက်မယ်.. နောက်မှ ငါ ပြန်ဝယ်ပေးမယ်..”
ပြောလည်း ပြောရင်း ခင်လေး လက်မှာ ကျန်တဲ့ နောက် တစ်ခုကိုပါ လှမ်းပြီး.. လုယူလိုက်တယ်..
“ဟာ... သေနာ.. အငတ်..”
“ဟီးးး ဟီးးး.. ကျေးဇူးး..”
အခန်းထဲ ရောက်တာနဲ့ ပီကေနှစ်ခုလုံးကို ပူးပြီး ဝါးစားလိုက်တယ်.. အရသာလေးက ပူရှိန်းရှိန်း မွှေးတေးတေးလေး..။ ကျနော်က ပီကေ ဝါးရတာတော့ တကယ် ကြိုက်တယ်.. ညက်ညက်ကြေနေတဲ့ ပီကေ အပြားလိုက်လေးကို သွားရှေ့မှာ ကပ်ပြီး “တတ်.. တောက်.. တတ် တောက် တောက်” ဆိုပြီး ဖောက်ရတာ အရမ်းအရသာ ရှိတာ.. သူများ နားငြီးမလားတော့ မသိဘူး.. ကျနော်ကတော့ အဲ့လို ဖောက်နေရတာကို ပျော်တာ.. ပြီးတော့ ပူဖောင်းကြီး ဖြစ်အောင် မှုတ်လိုက်သေးတယ်.. “ဖူးးးး..” ဆိုပြီး..။
“ဒေါင်.. ဒေါင်း.. ဒေါင်း.. ဒေါင်းဒေါင်း.. ဒေါင်း..”
ကျောင်းဆင်း ခေါင်းလောင်း ခေါက်တာနဲ့ အတန်းထဲကနေ ပြေးထွက်ကြတာ.. မီးလောင်လို့ ထွက်ပြေးကြတာ ကျနေတာပဲ..။
အဲ့ဒီမှာပဲ မမျှော်လင့်တဲ့ တိုက်ဆိုင်မှုကြီးက ဖြစ်ပါလေရော..
ကျနော်က ပါးစပ်မှာ မှုတ်လက်စ ပူဖောင်းကြီး တန်းလန်းနဲ့ အခန်းထဲကနေ ခုန်အထွက်.. ခင်လေးက ဆံပင်ကို ရမ်းခါ ရမ်းခါနဲ့ ဖြတ်အပြေး တိုက်မိမလို ဖြစ်သွားတာ..။ တော်သေးရဲ့ မတိုက်မိပဲ ပွတ်ရုံ ပွတ်မိသွားလို့.. တိုက်မိလို့ကတော့ နှစ်ယောက်လုံး အလဲပဲ နေမှာ..။
“ဟမ်းး.. ငါ့ ပီကေ ဘယ်ရောက်သွားပါလိမ့်..!!!!..” “ဟားးးး.... သွားပြီ..”
ကျနော့် ပီကေ ပူဖောင်းကြီး ကပ်ပါသွားတာကတော့.. ခင်လေး ဆံပင် ကျစ်ဆံမြီးမှာ..။
သူကတော့ မသိလိုက်ရှာဘူး.. ဘုကြည့် တစ်ချက်ကြည့်ပြီး ဆက်ပြေးသွားတာ..။
ကျနော် အတင်း ပြေးလိုက်သွားတယ်..။ စက်ဘီးတွေ ရပ်ထားတဲ့ နေရာနား ရောက်တော့..
“ခင်.. ခင်လေး..”
“ဘာတုန်း..”
သူကတော့ သူ့ပုံစံ အတိုင်း ဘုဆတ်ဆတ်နဲ့
“ဟို.. ဟို.. ပီကေ..”
ကျနော် လက်ညှိုး တစ်ထိုးထိုးနဲ့ စကားက ဆက်ထွက်မလာဘူး..
“ဘာ ပီကေလဲ.. နင်လေ ငတ်ကြီးကို ကျတယ်..”
“မ မဟုတ်ဘူး.. ဟို ဟို.. ပီကေ.. ကပ်နေတယ်..”
“ဘာတုန်း.. ဘယ်မှတုန်း..”
ခင်လေးက ကြောင်တောင် တောင်နဲ့ ဟိုကြည့် ဒီကြည့်..
“ဟို.. ဟိုမှာ နင့် ဆံပင်မှာ ကပ်ပါသွားလို့..”
“ဘာ..!!!!..”
ခင်လေးက ကိုယ်ကို ပတ်ချာလှည့်ပြီး သူ့ဆံပင်မြီး သူ လိုက်ကြည့်နေတာက ခွေးမလေး သူ့အမြီးသူ လိုက်ဖမ်းနေသလို ပတ်ချာကိုရမ်းလို့..
“ဘယ်မှာတုန်း... ဟင့်.. ကောင်စုတ်.. နင်.. နင်.. သက်သက် လုပ်တာ..”
“ဟာ.. မဟုတ်ဘူး.. ငါ ပူဖောင်း မှုတ်နေတုန်း နင်ပြေးလာတာ တိုက်မိမလို ဖြစ်ပြီး အဲ့ဒါကြီးက ကပ်ပါသွားတာ.. ပေး.. ပေး.. ငါ ဖယ်ပေးမယ်..”
ကျနော် ပြောပြော ဆိုဆိုနဲ့ သူကျစ်ဆံမြီးမှာ ကပ်နေတဲ့ ပီကေကို ခွာတော့တာ..။ အဲ့ဒီမှာတင် ခွာလေ ကပ်လေ ခွာလေ ကပ်လေနဲ့ ပိုပိုပြီးကို ကပ်ကုန်ပါလေရော..။
“ဟဲ့ ခင်လေး.. မရဘူး.. ပူဖောင်းကြီးက အကြီးကြီးကိုးဟ ဒီမှာ အများကြီး ကပ်ကုန်ပြီ..”
“အီးးးးဟီးးးးဟီးးးးးရီးးး ကောင်စုတ်.. နင် သက်သက် လုပ်တာ... ဟီးးး..”
အမိက အသံထွက်တဲ့ အထိ ငိုပါလေရော..
ကျနော်တို့ နှစ်ယောက်ရဲ့ အဖြစ်ကို ကြည့်ပြီး ဝိုင်း ရယ် (ရီ) နေကြတဲ့ ကျောင်းသားတွေကလည်း အများကြီးဆိုတော့.. ခင်လေးလည်း ရှက်သွားတယ်ထင်ပါတယ်.. ငိုယိုပြီး စက်ဘီးကို အတင်း နင်းထွက်သွားတာ တားချိန်တောင် မရလိုက်..။
ကျနော်လည်း ငူငူကြီး ရပ်ကျန်ခဲ့တယ်..။ ဒါ မြွေ.. တကယ့် မြွေ ဖမ်းမိပြီ..။ သေချာတယ်.. သူသွားတာလည်း ကျနော့် အိမ်ကို ဆိုတာ သေချာပါတယ်..။ ဒီကိစ္စက မသေးဘူး.. ဆေးလိပ်အမှုပါ ဖော်လိုက်ရင် ကျနော် သေဒဏ်ပေးခံရနိုင်တယ်..။
..................................... (၄) .....................................
ကျနော် အိမ်ကို တော်တော်နဲ့ မပြန်သေးဘူး.. ဟိုလိုလို ဒီလိုလိုနဲ့ အချိန်ဆွဲနေတာ..။ အမှန်အတိုင်း ဝန်ခံရရင် ကြောက်နေတာပါ..။ စုံထောက်ကြီး ဖြစ်ချင်တဲ့ ကျနော်.. ရေခဲတောင် စီးကရက်ကနေ အစပြုလိုက်တာ အခုတော့ တရားခံ လုံးလုံး ဖြစ်နေပြီ..။ ဒီလိုနဲ့.. လှုပ်လှုပ်.. လှုပ်လှုပ်နဲ့.. အိမ်ကို ရောက်လာတာပါပဲ..။ ခြေဖဝါးက မြေမှုန်လေးကို ခါတိုင်းလို နဖူး သုတ်ရင်ကောင်းမလား ဆိုတာတောင် မစဉ်းစားမိတော့ပါဘူးဗျာ..။ ဒီကိစ္စက ဆော်ခံရတော့မှာ သေချာပေါက်ကြီးကိုး..။
“လာစမ်း.. လာစမ်း.. ရင်နော်.. လာစမ်း..”
မေမေက နားရွက်ကို အရင် လိမ်ဆွဲပါတယ်...
“အားးးး.... မေ့.. ခဏ.. သား ပြောပြမယ်..”
“မလိုချင်ဘူး.. ပါးစပ်ပိတ်ထား.. အဲ့ဒီမှာ ဒူးထောက်နေ..”
မေမေက မအားသေးပါ.. မအားဆို.. ကတ်ကြေး တစ်ဖက်ကိုင်ပြီး ခင်လေး ဆံပင်ကို ညှပ်ပေးနေတာလေ..။ အဲ့ဒီ ခင်လေးကတော့ မျက်ရည်နဲ့ နှပ်ချီး..။
ကျနော် ဒူးတွေ တုန်နေတယ်.. ဆေးလိပ်ကိစ္စပါ ပြောလိုက်ပြီလား မသိ..။ မေမေ့ မျက်နှာကလည်း ဒေါသတွေနဲ့..။ ခင်လေးကိုတော့ ကျနော် မကြည့်ရဲဘူး.. သေချာတယ် ကျနော့်ကို ကောက်ချိတ်ပြီး ကြည့်နေမယ့် သူမျက်လုံးတွေ မီးဝင်းဝင်းတောက် နေမယ်ဆိုတာ..။ သူက သူ့ဆံပင်ကို အရမ်း ရှည်ချင်တာလေ.. အခုတော့ သွားရှာပြီ..။
မေမေက ညှပ်လည်း ညှပ်.. ပါးစပ်ကလည်း ခင်လေးကို ချော့နေရသေးတယ်.. ပြီးတော့ ကျနော့်ကိုလည်း တပျစ်တောက်တောက်နဲ့ ဆူပူကြိမ်းမောင်းနေတာ..။ တော်တော်လေး ကြာသွားတော့.. ဆံပင်ညှပ်လို့ ပြီးသွားရော..
“ကယ်ပြောစမ်း.. နင့်ကို ငါရိုက်ရမလား.. နင့်အဖေလက်ကို အပ်ရမလား..”
ရွေးချယ်စရာ လမ်းလည်း မရှိတော့.. ပြောစရာ လည်း မရှိတော့.. မျက်လုံးမှိတ်ပြီး ရိုက်ခံရုံသာ ရှိတော့တာလေ..။ ကျနော် မျက်ရည်တွေ ဝဲတက်လာတယ်.. မျက်ရည်တွေနဲ့ မေမေ့ကို မရဲတရဲ တချက် မော့ကြည့်လိုက်တယ်.. ပြီးတော့ ခင်လေးကိုလည်း ခိုးကြည့်လိုက်တယ်..။
အဲ့ဒီမှာတင်.. ဘယ်လိုမှ မထိန်းနိုင်တော့တဲ့ ရယ် (ရီ) ချင်စိတ်တွေက..
“ခွီးးး.. ဟီးးးး..ဟီးးး..”
ကျနော် အသံထွက်အောင် ရယ် (ရီ) မိသွားရော..
ကြည့်ပါဦး ခင်လေးပုံ.. မျက်လုံးက ပြူးကြောင်ကြောင်..၊ မျက်ရည်က တတောက်တောက်..၊ နှုတ်ခမ်းက ထော်လန်လန်..၊ နှာခေါင်းက နှပ်ချီးတွေနဲ့ နီရဲရဲ..၊ ဆံပင်က.. ဆံပင်ကတော့.. အုန်းမှုတ်ခွက် တစ်လုံး ကောက်စွပ်ထားသလို.. တုံးတိတိ..။ သေချာကြည့်ရင် နှာစေးနေတဲ့ ချင်ပန်ဇီ မျောက်မလေးကို အုန်းမှုတ်ခွက်ကေ ညှပ်ပေးထားသလို..။
(ဆံပင် မညှပ်တတ်တဲ့ မေမေ လက်လွန်သွားတာ သေချာတယ်)
အဲ့ဒီ ကျနော့် ရယ် (ရီ) သံက မေမေ့ကို ဆော်ပလော်တီးဖို့ အချက်ပေးလိုက်သလို ပါပဲ..
“ဟမ်းး.. နင်က ဒီလောက် ဖြစ်နေတာကို မျက်နှာက ပြောင်နေတုန်း.. ကယ် ဟယ်... ကယ် ဟယ်..”
“((((ဗုန်း.. ဗုန်း.. ရွှမ်း.. ရွှမ်း..))))”
“အ.. အာ့ အား.. မေ့.. အ.. အာ.. အားးး.. မေ့..း( ..”
ကျနော်လည်း ငိုချင်သလို ရယ်ချင်သလိုနဲ့ ကျေကျေနပ်နပ်ကြီးကို အရိုက်ခံလိုက်ပါတော့တယ်.. ခင်လေးကို တော့ ရင်ထဲကနေ ကျိတ်ပြီး ကျေးဇူး တင်နေမိတယ်..။ တခြားကြောင့်တော့ မဟုတ်ပါဘူး.. ကျနော် သေဒဏ် မပေးခံရတော့ဘူးလေ..။ သူ ကတိတည်လွန်းပါတယ်..။ ဆေးလိပ်ကိစ္စကို တစ်လုံးမှ မဟသွားတာ အံ့သြရင်းနဲ့ ကျေးဇူးတင်နေမိတာ..။ သူသာ ပြောလိုက်ရင် ကျနော်တော့ မတွေးရဲအောင်ပါပဲ..။
လိမ္မာမယ် ဆိုပေမယ့်လည်း ဆိုးဆိုးမိနေသေးတဲ့ ကျနော်.. သူ့ကို နိုင်စားတာ မဟုတ်ပေမယ့် အလွဲတွေက နိုင်စားသလို ဖြစ်ဖြစ်နေတော့ သူ ငိုခဲ့ရတာ မဆန်းသလို.. ကျနော် ရိုက်ခံခဲ့ရတာလည်း မဆန်းပါဘူး..။
ဒီလိုနဲ့ သတ်လိုက် ပုတ်လိုက်.. ရန်ဖြစ်လိုက် ပြန်ခေါ်လိုက်နဲ့..
ကျနော်တို့ နှစ်ယောက်ရဲ့ အဖြူရောင် သံယောဇဉ်တွေက မောင်နှမ အရင်းတွေလို စည်းချက်ကို ညီလို့..။
(ကိုရင်နော်)