Monday, June 9, 2008

အတွေးများ..

ကျမမောနေတယ်... အတွေးတွေထဲမှာ ကျမကို ထာဝရ ခွဲသွားပြီဖြစ်တဲ့ “ဖေဖေ”ရှိနေတယ်...။ ပြီးတော့.... ဟိုး... အဝေးကြီးကနေ သမီးနဲ့ ပြန်တွေ့ရမဲ့ ရက်လေးအတွက် ဘုရားမှာ ဆုတောင်းရင်း မျှော်နေမယ့် “မေမေ”...။

ဖခင်တစ်ယောက်ရဲ့ နောက်ဆုံးအချိန်မှာ နောက်ဆုံးအကြိမ်အဖြစ် ဦးတိုက်ရှိခိုးခွင့် မရတဲ့ ကျမလိုလူ ဘယ်နှစ်ယောက်များ ရှိနေပါသလဲ..!!

ပျော်ရာမှာမနေ တော်ရာမှာနေလို့ လူသားဆန်စွာ ကျဉ်လည်ဖွေရှာရင်း ကောက်ရိုးနံ့ သင်းသင်းကို အတွေးတွေနဲ့ ရူရှိုက်နေကြသူတွေကော.... ဘယ်နှစ်ယောက်များ...!!

ရင်နင့်စရာ ဘဝအပိုင်းအစ အကျိုးအပျက်တွေကို ထွေးပိုက်ရင်း ပင်လယ်တွေခြားပြီး ဟိုးးးး အဝေးကြီးမှာ ကျန်နေခဲ့တဲ့ “အမေ့အိမ်”ကို စိတ်ကူးတွေနဲ့ အခေါက်ခေါက် အခါခါ ပြန်နေကြသူတွေကော........ ဘယ်နှစ်ယောက်များ..!!

အမေချက်တဲ့ ဟင်းတစ်ခွက်ကို “အိပ်မက်”တွေထဲမှာ ခေါင်းမဖော်တမ်း အငမ်းမရ စားနေကြသူတွေကော.... ဘယ်နှစ်ယောက်များ ရှိလို့နေလည်း..!!

အဲလိုဘဲ......... အမေတွေကကော ဘယ်အချိန် ပြန်လာမယ်ဆိုတာ မသိတဲ့ သားတွေ သမီးတွေကို မျှော်ရင်းဆံပင်တွေ တစ်ခေါင်းလုံး ဖြူနေခဲ့ပြီမဟုတ်လား...!!

ပါးရည်တွေ တွန့်သထက် တွန့်လာတာဟာ သားသမီးတွေနဲ့ ပြန်တွေ့ဖို့ တစ်ရက် နီးလာတာလို့ ဖြေသိမ့်နေတဲ့ အမေတွေ ဘယ်နှစ်ယောက်လည်း.....!!

ခြောက်ကပ် ရော့ရွဲပြီး အရိုးတွေငေါထွက်လာတဲ့ ပါးနှစ်ဖက်ပေါ်က မညီမညာနဲ့ လိမ်းထားတဲ့ သနပ်ခါး ကျို့တို့ကျဲတဲတွေက သားတွေ သမီးတွေ ပြန်လာချိန်မှာ နမ်းဖို့တဲ့လား......!!

ခင်ပွန်းသည်ရဲ့ ဓါတ်ပုံကို ကြည့်လို့ “အမျှ”ဝေချိန်မှာ..... အဝေးကြီးကသမီး “သာဓု” ခေါ်နိုင်ဖို့ ကြားအောင်ထုတဲ့ ကျေးစည်သံ တုံတုံလေးတွေ ကျမတို့ မွေးရပ်မြေမှာ ညံနေပြီလား......!!

တစ်ချို့တစ်ချို့သောလူအချို့ကရော......!!
စည်းစိမ်တွေ.... အာဏာတွေ တည်မြဲဖို့........ ဘယ်အရာတွေနဲ့များ....!!!

ကျမလေ... ဆုတွေတောင်းနေမိတယ်... သိလား...!! ကျမတို့တတွေချစ်တဲ့ “မြန်မာပြည်ကြီး” သာယာလှပပါစေ... “အမေ”တွေ ကျန်းမာပါစေ.... လို့လေ....။

(ခင်လေးငယ်)

1 comment:

Anonymous said...

မမရေ .... ဒီပိုစ့်လေးကို ဖတ်ပြီး စိတ်မကောင်းဖြစ်သွားတယ်။ ဖခင်ရဲ့ နောက်ဆုံးအချိန်မှာ ဦးခိုက်ခွင်မရလိုက်တဲ့ သမီးတစ်ယောက်ရဲ့ ရင်ထဲက ၀မ်းနည်း ပူဆွေးမှုကို နားလည်ခံစားမိသွားပါတယ်။
ရောင်တို့လည်း အဝေးကနေ မိဘအိမ်ကို အမြဲတမ်း သတိရ နေခဲ့မိတာပါ။ တိုးတက်ပြောင်းလဲမှုတွေနဲ့ အမိပြည်ကြီး ကို မျှော်လင့်ရင်း .....

လေးစားလျှက်
ရောင်