Saturday, May 30, 2009

လရောင်ချိုးတဲ့... ည

လူသံတွေ ဆိတ်သွားပြီ.. အခန်းမီးလည်း ပိတ်လိုက်ပြီ.. ခပ်လှမ်းလှမ်းက လမ်းမကြီးပေါ်မှာ ပြေးနေတဲ့ ဆူဆူညံညံ ကားသံတွေလည်း စဲသွားပြီ.. အိပ်ခန်းလေးထဲက ပန်းနုရောင် လိုက်ကာရှည်တွေကို ဆွဲဖွင့်လိုက်တော့ တိုးဝင်လာတဲ့ လရောင်တွေက အိပ်ယာပေါ်မှာ ပြန့်ကျဲလာလိုက်တာ.. အိပ်ယာခင်းပေါ်က ပန်းလေးတွေတောင် အသက်ဝင်ပြီး ပန်းခင်းလေး တစ်ခင်းဖြစ်လို့.. မှန်တံခါးကျယ်ကို ဘေးတိုက် တွန်းဖွင့်လိုက်တော့ လေပြေနုလေးတွေက ပါးပြင်ဆီကို အပြေးလာကပ်တယ်.. ဖြတ်ကနဲ ခုန်သွားတဲ့ရင်နဲ့ လှမ်းမိတဲ့ ခြေအစုံက လရောင်တွေရဲ့ ဆွဲငင်ရာ ဝရမ်တာလေးဆီကို......။

ခြေဖျားလေးတွေကို ထောက်ပြီး ပထမဦးဆုံး မော့ကြည့်ဖြစ်တာက ကောင်းကင်...။ တိမ်လွှာတွေ ရှင်းလင်းကင်းစင်လို့ ကြည်စင်နေလွန်းတယ်..။ မျက်ဝန်းတွေရဲ့ ရွေ့လျားရာက ဝိုင်းစက်နေတဲ့ လ ဆီကို..!! အကြည့်ချင်းအဆုံမှာ လ ကလှမ်းပြုံးပြတယ်... သူ့အပြုံးမှာ မှင်တက်ရင်း ကိုယ့်အကြည့်တွေကလည်း သိပ်ကိုကျေနပ်နေမလား...!! ဒါမှမဟုတ် ကိုယ့်စိတ်တွေကို ကိုယ်တိုင် အားမလိုအားမရနဲ့.....!! ဘယ်လိုပဲဖြစ်ဖြစ် အားလုံးကို မိုးထားတဲ့ ကောင်းကင်ကို ကျေးဇူးတင်တယ်.. သူ့ရင်ခွင်မှာ သာခွင့်ပေးထားတဲ့ လလေး ကိုယ်စားပါ..။ ကိုယ့်မျက်နှာပေါ်က ဆံပင်တွေ တဝက်တပျက်ဖုံးနေတဲ့ ပါးပေါ်ကို လရောင်အေးအေးလေးက လာနမ်းတယ်.. နွေညဟာ သိပ်ကို သာယာ ချိုလဲ့နေတယ်ဆိုတာ ကိုယ့်ကို ပိုသိစေချင်တာများလား..!!

လရောင်....!! ဘာလို့များ အရာရာထက် အေးချမ်းနေတာလဲ..!! ဒါဟာ ရှေးစာဆိုတွေပါမကျန် တစ်ကမ္ဘာလုံးက လူသားတွေ တညီတညွတ်တည်း အသိအမှတ်ပြုခဲ့တဲ့ အေးချမ်းမှု.. ထွေပြားနေတဲ့ ကိုယ့်စိတ်အစဉ်ကို ကုစားပေးဖို့ သူဟာ အသင့်ရှိနေပေးပြန်သလို..။ ခပ်ထွေထွေ ကိုယ့် ရင်အပူတွေ လျော့ဆင်းသွားမလားဆိုတဲ့ မျှော်လင့်ခြင်းတစ်ခုကို ပွေ့ဖက်လို့ ကိုယ်.... လရောင်စချိုးလိုက်မိတယ်..။ ခေါင်းကိုမော့ထားရင်း လက်မောင်းတွေပေါ်မှာ အေးတဲ့ အထိအတွေ့နုနုလေးက ကြည်စယ်တော့ အသက်ကို ခပ်ဝဝရှုသွင်းရင်း လက်နှစ်ဖက်ကို ဆန့်တန်းလို့ မျက်လွှာကိုပိတ်တယ်...။ ဝတ်ထားမိတဲ့ အဖြူရောင် ညဝတ်အင်္ကျီပွပွ အိအိလေးက ကိုယ့်ကိုယ်ပေါ်မှာ တလူးလူး တလွင့်လွင့်နဲ့..။ အတွေးထဲမှာ ထင်ကျန်နေဆဲ ပုံရိပ်လေးတစ်ချို့က ကိုယ့်နှလုံးခုန်သံနဲ့အတူ စည်းချက်ကျကျနဲ့ လိုက်ပြောင်းလို့ပေါ့.....။

ဒီလိုညတွေမှာ မင်းကကော ဂစ်တာလေးတီးရင်း သီချင်းတစ်ပုဒ်ပုဒ်များ ဆိုညည်းနေမလား..!! နှုတ်ခမ်းတစ်စုံကို ခပ်တင်းတင်းစေ့ထားရင်း မျက်လုံးအစုံကို မှေးစင်းထားပြီး တစ်နေရာရာကိုများ စိုက်ကြည့်နေမလား..!! ဆံပင်ရှည်တွေ တဝက်တပျက်ကို စုချည်ထားရင်း လက်ထဲမှာ အဖြူရောင် အရည်တွေပြည့်နေတဲ့ ဖန်ခွက်တစ်ခွက်ကိုများ ဆုပ်ကိုင်ထားမလား..!! ဒါမှမဟုတ်... ကိုယ်မဟုတ်တဲ့ မင်းကောင်မလေးအကြောင်း တွေးနေလေမလား..!! လရောင်တွေနဲ့ အေးချမ်းတဲ့ ညတစ်ညရဲ့ သဘာဝကို ခံစားဖို့ မင်းသတိတရရော ရှိနိုင်ပါ့မလား..!! အတိတ်ထဲမှာ တစ်ကြိမ်သာ အကိုက်ခံခဲ့ရဖူးတဲ့ ကဝေတစ်ကောင်အကြောင်း အရင်ကလို စာရွက်တစ်ရွက်မှာ ကောက်ခြစ်နေမှာလား..!!

သဘာဝကို ငေးရင်း.. တွေးရင်း.. ခံစားဖွဲ့သီရင်း.. မင်းအကြောင်း တွေးတတ်တာလည်း ကိုယ့်သဘာဝ တစ်ခုဖြစ်နေခဲ့တာကြာပြီ..။ လရောင်ဟာ ကိုယ့်ကို ဖမ်းစားထားလိုက်တာ မှိတ်ထားတဲ့ မျက်လုံးတွေကို ပြန်မဖွင့်ချင်လောက်အောင်ပါပဲ..။ နှာခေါင်းဝမှာ ရနံ့တစ်ခုကို ပွေ့ဖက်မိတယ်.. စံပယ်ပန်းနံ့..!! မဖြစ်နိုင်ပါဘူး ဒီနေရာမှာ စံပယ်ရုံတွေမှ မရှိတာ.. မဟုတ်သေးဘူး ဒါဟာ မြတ်လေးပန်းနံ့..! ဟော.. ပြောင်းသွားပြန်ပြီ ပိတောက်နံ့တွေ ထုံအီလာပြီ..!! ကံ့ကော်နံ့တွေ..!! သနပ်ခါးပန်းနံ့..!! အိုး... ကိုယ်ရှိနေတဲ့နေရာဟာ ဒီပန်းတွေ ဒီရနံ့တွေ ရနိုင်တဲ့ နေရာမှ မဟုတ်တာပဲ..။ ကိုယ်ချိုးနေမိတဲ့ လရောင်တွေရယ်.. ကိုယ်သိပ်နှစ်သက်တဲ့ ပန်းနံ့တွေရယ်.. ထွေပြားနေတဲ့ ကိုယ့်ရင်ခုန်သံတွေရယ်နဲ့ ကိုယ်တိုင်ကျေနပ်လာသလိုလို..။

ထောက်ထားတဲ့ ခြေဖျားလေးတွေကို ပိုမြင့်အောင်ထောက်မိရင်း ဆန့်ထားတဲ့ လက်အစုံကို ပြန်ချမိတယ်..။ လက်ဖဝါးတစ်စုံမှာ အေးစက်သွားတဲ့ အထိအတွေ့တစ်ခု.. ကိုယ်သိလိုက်တယ်.. ဒါဟာ ဝရမ်တာ လက်ရမ်းဘောင်မှာ ကပ်ထားတဲ့ ကြွေပြားတွေ....။ မှိတ်ထားတဲ့ မျက်လုံးတွေကို တဖြည်းဖြည်းချင်းအဖွင့်မှာ ဝိုင်းစက်နေတဲ့ လက ကိုယ့်ကိုကြိုနေပြန်ပေါ့.. ဒီတစ်ခေါက်တော့ သူ့ကိုအရင်ဦးအောင် နှစ်နှစ်ခြိုက်ခြိုက် ပြုံးပြလိုက်မိသူဟာ ကိုယ်ဖြစ်သွားတယ်.. ဟက်..!!... ဆိုတဲ့ အသံခပ်အက်အက်က မရည်ရွယ်ပဲ ကိုယ့်နှုတ်ခမ်းဝက ထွက်သွားမိသေးလား..!! ဘာကြောင့်..! ဘာအတွက်..!! ခနဲ့တဲ့တဲ့အသံ..!!! ခြေချောင်းလေးတွေ ကော့တက်သွားအောင် ဖနောင့်တစ်စုံကို မြှောက်ချလိုက်တာလား..! အလိုလို မြောက်သွားခဲ့တာလား..!! ကိုယ့်မျက်လုံးတွေကို တင်းနေအောင် ပိတ်ချလိုက်မိပြီ..။

ကိုယ်ချိုးနေတဲ့ လရောင်တွေက ကျောပြင်နဲ့ ကိုယ့် လက်မောင်းတွေပေါ်မှာ ရေခဲရေတွေလို အေးစက်လို့.. နွေညရဲ့ အပူချိန်တွေက ရုတ်တရက် တရှိန်ထိုးနဲ့ကို ကျဆင်းလာတာပဲ..။ ကိုယ့်အင်္ကျီဖြူလေးက ဝရုန်းသုန်းကားနဲ့ ပိုလွင့်လွင့်လို့ လာနေပေါ့..။ လေတွေက ပြင်းလာလိုက်တာ..! နားထဲမှာ ဂစ်တာသံတွေက မြိုင်ပြီး ပိုပိုညက်ညောလာသလိုပဲ ကိုယ့်နားဝမှာ ချိုမြလိုက်တာ..။ မင်းပုံရိပ်တွေက ကိုယ်နဲ့ပိုပိုနီး လာနေပါလား..! ပန်းနံ့တွေက ရက်ရက်စက်စက် ထုံအီအောင် မွှေးလာပြန်ပြီ..! စံပယ်တွေ.. မြတ်လေးတွေ.. ပိတောက်တွေ.. ကံ့ကော်တွေ.. သနပ်ခါးပန်းတွေက လေအဟုန်နဲ့အတူ ကိုယ့်မျက်နှာနဲ့ အနီးဆုံးအထိ ပြေးပြေးလာကြတယ်..။ အစွမ်းကုန်ဖူးပွင့်လို့ လှနေလိုက်ကြတာများ ကိုယ့်မှာတော့ ဆွံ့အလို့..။ လရောင် အလင်းတန်းတွေနဲ့ တောက်ပလို့ ဘယ်လောက်များ ချစ်ဖို့ကောင်းတဲ့ နွေညပါလဲ..! လွတ်လပ်ခြင်းတွေကို ပွေ့ဖက်ရင်း ကိုယ့်စိတ်တွေပျော်ပြီး ငြိမ်းချမ်းလို့ပေါ့..။ ကိုယ့် ခန္ဓာကိုယ်လေးက ပေါ့သထက်ပေါ့ ပါးသထက်ပါးလွှာ အေးသထက်အေး လာလိုက်တာ နှင်းပွင့်လေးတစ်ပွင့်လို.. ဝါဂွမ်းလေးတစ်မျှင်လို.. ငှက်သေးသေးလေး တစ်ကောင်လို..!!

ပန်းလေးတွေက တဖြည်းဖြည်း ကိုယ်နဲ့ ဝေးသွားကြတာများလား..! မွှေးနေတာတွေ လျော့သွားတယ်.. ဟင့်အင်း.. မသွားကြပါနဲ့..!! ဘာလို့ ကိုယ့်ကို ထားသွားကြတာလဲ..! ဘယ်သူက ဂစ်တာကြိုးတွေကို ဘာအတွက် ဖြတ်ပြစ်လိုက်တာလဲ..! ကိုယ်ချိုးနေတဲ့ လရောင်ဟာ လရောင်မဟုတ်တော့ဘဲ အရောင်စုံတွေ ပြောင်းနေအောင် ဘယ်သူ ဖန်တီးလိုက်တာလဲ..! သဘာဝမကျလိုက်တာ.. ဘာအရောင်တွေလဲကွာ..!! အရောင်တွေအားလုံးက တစ်ရောင်တည်း ဖြစ်သွားကြပြီ..!! အနီရောင်နုနု.. နုရာကနေ ရင့်လာတယ်.. နီညိုရောင်ရင့်ရင့်တွေနဲ့ အဆုံးသတ်သွားတယ်..။ အဖြူရောင် ကိုယ့် ညဝတ်ဂါဝန်လေးတောင် အနီရောင်ဖြစ်သွားပြီး စိုလဲ့လို့လေ..။ ပန်းနံ့တွေလည်း တစ်စက်လေးမှ မကျန်တော့ဘူး..!! ပန်းနံ့တွေအစား ကိုယ့်နှာခေါင်းဝကို တိုးဝင်လာတဲ့ အနံ့တစ်ခုက ညှီစို့စို့နဲ့... ဒါ.. ဘာနံ့ပါလိမ့်..!! ကြည့်စမ်း.. ဒီအနံ့နဲ့ ကိုယ်ဟာ အကျွမ်းတဝင် ရှိနေလိုက်တာ။ လူ့ဘဝထဲကို ကိုယ်စရောက်လာတည်းက ရင်းနှီးခဲ့ရတဲ့ အနံ့တစ်ခုပဲ... အို..! ကိုယ့်ဘေးမှာ သွေး.. သွေးတွေ... သွေးညှီနံ့တွေ......။

ဘယ်မှာလဲ ကိုယ့်လမင်း..!!
ဘယ်မှာလဲ ကိုယ့်လရောင်..!!
ဘယ်မှာလဲ ကိုယ့်ကောင်းကင်..!!
ဘယ်မှာလဲ ကိုယ့်အိပ်ခန်းလေး..!!
ဘယ်မှာလဲ ကိုယ့်ပန်းပွင့်တွေ ပန်းနံ့တွေ ..!!
ဘယ်မှာလဲ ကိုယ်ချစ်တဲ့ ဂစ်တာသံတွေ..!!
ဘယ်မှာလဲ ကိုယ့်ရဲ့ မင်း..!!
ဘယ်မှာလဲ..!! ဘယ်မှာလဲကွယ်..!!!

(ခင်လေးငယ်)

33 comments:

ဖိုးစိန် said...

အိုင်အမ် ဒယ် ဖတ်စ်

ဖိုးစိန် said...

အောင်မလေးးး အောင်မလေးးးး
သွေးတွေ သွေးတွေ သွေးညှီနံ့တွေ
အပေါ်မှာ စဖတ်ကတည်းကရနေတယ်...
လမင်းက ကောင်းကင်ပေါ်မှာ
လရောက်ကတော့ မြေကြီးပေါ်ဖြာလို့
ကောင်းကင်ကတော့ မိုးပေါ်မှာ
မခင်လေး အိပ်ခန်းတော့ မသိဘူးရယ်..
ပန်းရနံ့တွေ ပန်းပွင့်တွေ ဆိုရင်တော့ ပန်းခြံသွား
ဂီတာသံကြားချင်ရင်တော့ ဆိုက်ပရပ်စ်ကနေတီးပြမယ်လေ
ဘယ်မင်းလဲ မင်းတုန်းမင်း အနော်ရထာ ဘုရင့်နောင် သေချာပြော ရှာပေးမယ်
ဘယ်မှာလဲ ဆိုတော့ သိဖူး
သမိုင်းစာအုပ်မှာ လိုက်ရှာတော့
ဖူးးးးးးး မောလိုက်တာ
ကိုယ့်အမ မေးတာတွေ များလွန်းလို့
ခင်မင်လေးစားစွာဖြင့်
မျောက်မျောက်
ဖတ်လို့ကောင်းပါ၏

ကိုရင်နော် said...

“နေရောင်ချိုးတဲ့.. နေ့” ..

လူသံတွေ ကလည်း ဆူညံလွန်းလိုက်တာ... နားကို ငြီးနေတာပဲ..။

အခန်းမီးလည်း ဖွင့်လိုက်ပြီ.. “ဂျလောက်” ဆိုပြီး.. အရေးထဲ မီးချောင်းက ချက်ချင်း မလင်းဘူး “ဖလပ်ဖလပ်” နဲ့..။ ခပ်လှမ်းလှမ်းက လမ်းမကြီးပေါ်မှာ ပြေးနေတဲ့ ဆူဆူညံညံ ကားသံတွေလည်း ပိုပို ဆူလာပြီ..။

အိပ်ခန်းလေးထဲက ပန်းနက်ရောင် .. လိုက်ကာတိုတိုလေးကို (အရင်ကတော့ လိုက်ကာက အရှည်.. အခု ကြွက်ကိုက်သွားလို့ တိုသွားတာ) ဆွဲဖွင့်လိုက်တော့ တိုးဝင်လာတဲ့ နေရောင်တွေက (နေရောင်ဆိုတာမှ ရဲတောက်နေတာပဲ) အိပ်ယာပေါ်မှာ ပြန့်ကျဲလာလိုက်တာ.. အိပ်ယာခင်းပေါ်က ပန်းလေးတွေတောင် အသက်ပျောက် နွမ်းခြောက်နေလိုက်တာ “ဖလောက်.. ဖလောက်” နဲ့ သေကုန်ရော....။ ခြောက်နွမ်းနွမ်း ပန်းခင်းကြီး တစ်ခင်းဖြစ်နေတဲ့ အိပ်ယာက အမှိုက်ပုံကြီးလို ပန်းခြောက်တွေ စုလို့ ပုံလို့...။

မှန်တံခါးကျယ်ကို ဘေးတိုက် တွန်းဖွင့်လိုက်တာ “ကျွီ” ဆိုပြီး အသံ မြည်သွားတယ်.. (မှန်တံခါးက အပျံစား ဆိုပေမယ့် နည်းနည်း ကျပ်နေတယ်)..။

လေပူပူကြီးတွေက ပါးပြင်ဆီကို အပြေးလာကပ်တယ်.. အားလားလား...! ပူလိုက်တာ..!! “ဖတ်” ကနဲ ခုန်သွားတဲ့ရင်နဲ့ လှမ်းမိတဲ့ ခြေအစုံက ထော့နဲ့နဲ့.. (အောက်က ကြမ်းက ပူတာကိုး)..။

နေရောင်တွေက “နေရောင်ချိုးတဲ့ ခင်လေးငယ်” ကို ဆွဲခေါ်သွားတာ..! ဆွဲခေါ်သွားလိုက်ကြတာ..!! ဟိုး... ငရဲပြည်ကြီးဆီကို......။

အဟီးဟီးဟီး... အဟွတ်..!! အဟွတ်..!!!!

မှတ်ချက်...။ ။ ဆက်ရေးရင် ပိုစ့် ဖြစ်သွားမှာ စိုးသဖြင့် ဤတွင် တစ်ခန်း ရပ်လိုက်ပါသည်။

(ကိုရင်နော်)

ဖိုးစိန် said...

အဟီးးး
ကိုကြီးဦးနော် ကလဲ နေရောင်ချိုးတယ်ဆိုပဲ
မခင်လေးကို လဲ ငရဲပြည်ပို့သေးတယ်
အနော့် အမကိုနော် ဟွင့် ကိုကြီးဦးနော် နော်... အဟီးး
တဖက်က အကိုကြီး
တဖက် က အမကြီး
မျောက်မျောက် ကြားထဲက နေပါတော့ဘူး
တော်ကြာ ထိပ်ခေါက်ခါထိနေတယ်
ပြန်တော့မယ်
အဟီးးး

ဇော် said...

ဒေါ်လေးငယ်ရေ
အူးနော်လုပ်လို့ ပျက်ပြီဗျ။ ဒေါ်လေးရဲ့ ရေးထားတဲ့ ဖီးလ်နဲ့ အနော့်ရဲ့ ဖီးလ်နဲ့ဖတ်ထားတဲ့ ပိုစ့်လေး။ အဲ့ဒီအူးနော်ကို ၀ိုင်းသမ မလားဟင်။ အနော် စစ်ကူတွေခေါ်ခဲ့မယ်။ တိယား။ အဲ့လိုမှ မဟုတ်ရင် အနော် ချောင်းရိုက်ပေးမယ်။ ပေါ်တင်ရိုက်ရင် ကြောက်လို့။ အဟိ။

မယ်ကိုး said...

မခင်လေးရဲ့  စာကောင်းလေးကို ကိုရင်နော် လိုက်ဖျက်ထားတာတွေ့ တော့ ရယ်လိုက်ရတာ။

ကျွန်မ အစ်မကိုလည်း သတိရမိတယ်။ သူလည်း ကျွန်မ ကဗျာရေးရင် လိုက်ဖျက်နေကြ။
ကျွန်မမှာ စိတ်မဆိုးနိုင်ဘဲ ရယ်ရတယ်။

အခုလည်း မခင်လေး ရယ်နေလိမ့်မယ် ထင်တယ်။

ဂျပန်ကောင်လေး said...

ဦးနော်.. လိုက်ဖျက်ထားတာ. ဟားဟား..ရယ်ရတယ်..

ဝေလေး said...

ဦးနော်ကတော့လေ.
မမခင်လေးရေးတာလေး ဖတ်ပြီး ဝင်နေတဲ့ ဖီးလ်လေးတောင် ဦးနော်ရေးတာ ဖတ်ပြီး ပျက်သွားရှာတယ်..... ရီလိုက်ရတာ

မမခင်လေးရေ...... ရေးထားတာကောင်းလိုက်တာ။ အားကျတယ်.... :)

Taungoo said...

ဒီနှစ်ယောက်ကတော့ အမြဲအဲလိုပဲ။
ခုတောင် လဆန်းရက်ဆိုတော့ လရောင်ကို မြင်နေရပြီ

နန်းညီ said...

ဖတ်ပြီးတော့ The Ants သီချင်းတစ်ပုဒ်ကို သတိရသွားတယ်.. “အို လမင်းလေး.. သင်ဘယ်ဆီမှာလဲလို့ဆို.. အို လမင်းလေး.. အခုမှမင်း ဘယ်ဆီရှောင်ပုန်းနေ” ဆိုတာ..

ဦးနော်ရေးထားတာကတော့ ဖတ်ပြီးရယ်မိ..

flowerpoem said...

မခင်လေးစာတွေကို ဖတ်ပြီး ဇိမ်ဆွဲနေတုန်းရှိသေးတယ် ကိုရင်နော်က အောက်ကနေဖောက်ပါလေရေ ဟား၂

မိုးမောင်(HappyCloud) said...

အော်... မငယ်ကြီးရဲ့ ဖီလင်တွေ ၀ုန်းဒိုင်းကျဲဖွင့်ထုတ်နေတာပဲ။ လေးစားပါတယ်။ ခံစားချက်တစ်ခုကို သိမ်မွေ့ပျော့ပြောင်းစွာ ချပြထားတယ်။ အက်ဆေးအရေးကောင်းတဲ့ ဒီဘလောဂ့်လေး အဓွန့်ရှည်ပါစေဗျာ။ (ရန်ဖြစ်တာတော့ ဖြစ်ပေါ့နော် ဘလောဂ့်တော့ မထိပါစေနဲ့.. ဟား..ဟား)

သားကြီး said...

ဒီဘလော့ကအရေးအသားတွေကို ကျနော်လာလာပြီးခိုးကြည့်နေတာဗျ ဟားဟား ... ကြိုက်တယ်ဗျို့ :)

ကိုလူထွေး said...

မခင်လေးငယ်က လွှတ်စာရေးကောင်းပဲဗျ

ဘာ.. ဘာတဲ့.. လူ့ဘဝစရောက်ကတဲက ရင်းနှီးခဲ့ရတဲ့ အနံ့တခု.. ဟုတ်စ...

MANORHARY said...

ဟိုနေ့ကပဲ ခင်လေး စာမဖတ်ရတာကြာပြီပြောခဲ့တာ
ခု ဖတ်ရတော့လည်း ကိုရင်နော် ကလာနောက်ထားတယ်း)း)

မီယာ said...

မခင်လေး အမြဲလိုပဲ ဖတ်လို့ကောင်းတယ်။ ကိုရင်နော်ကတော့လေ သူရေးတုန်းက ဘယ်သူမှ မနှောင့်ယှက်တာ... လူဇိုးကြီး

Moe Myint Tane said...

လဟာ သူ့ဟာသူနေရင်လဘဲ။ ကောင်းကင်ဟာလည်း သူ့ဟာသူနေရင် ကောင်းကင် အဲဒီ့လကိုကောင်းကင်ပေါ်ပစ်တင်ရင်း အနက်ရောင်လေး ခြယ်သကြည့်လိုက်တော့ ညတစ်ညဖြစ်လာခဲ့တယ်။ ညမှာ လရောင်ချိုးခဲ့တဲ့ မိန်းမတစ်ယောက်ရဲ့ ကြည်နူးပျော်ဝင်သွားခဲ့ စိတ်တစ်ခု၊ ပျောင်းအိစွတ်ဆိုတဲ့ အတွေးနုနုလေး..အစီအရီခင်းကျင်းပြသရင်း တငြိမ့်ငြိမ့် စီးဆင်းလာတဲ့ မြစ်ကလေးလို တဖြည်းဖြည်း တိုက်စားသယ်ဆောင်သွားနိုင်တဲ့ စကားပြေအရေးအသား၊ နောက်ဆုံးမှာ အမှန်တရားတစ်ခုကို လည်းချပြခင်းကျင်းလိုက်တယ်။ ဖတ်လို့ကောင်းတယ်ဆိုတာထက် ငြိမ့်ငြိမ့်ညောင်းညောင်းနဲ့ ညင်ညင်သာသာလေး ထိုးဖောက်ဝင်ရောက်သွားလိုက်တာ။

ကမ္ဘာမှာ အရသာအရှိဆုံးအရာဟာ စိတ်ကူးယဉ်ခြင်းဘဲပေါ့။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

littlebrook said...

အမက လှလှပပလေးကနေ တဆစ်ချိုးကြီး ဆုံးလိုက်တယ် .. ဒုတိယစာကြောင်းက ဆဲ လား စဲ မဟုတ်ဘူးလား

littlebrook said...

အမက လှလှပပလေးကနေ တဆစ်ချိုးကြီး ဆုံးလိုက်တယ် .. ဒုတိယစာကြောင်းက ဆဲ လား စဲ မဟုတ်ဘူးလား

စိုင်းခမ်းထွန်း said...

ကိုရင် ရောက်လာတယ်ဗျ.... မရောက်တာ လနဲ့ချီသွားပြီ ..

ကိုရင်နော်ခင်လေးငယ် said...

littlebrook လေးရေ..

တီငယ် ကျေးဇူးတင်ပါတယ်နော်... ;)
ပြင်လိုက်ပါပြီ..

တီငယ်

Anonymous said...

အစ်မခင်လေးငယ်

လရောင်ချိုးတဲ့ ကောင်မလေးက ဝရမ်တာက ခုန်ချလိုက်တာမျိုးလား?

လိမ့်ကျသွားခဲ့တာများလား?

သွေးတွေ ကြောက်စရာကြီး ;'(

ပိပိ

Dream said...

ဦးနော်ကြီးကတော့ လုပ်တော့မယ်....မယ်မယ့်ပို့စ်ကို ဖျက်ဖို့ဆိုရင် ရှေ့ဆုံးက .. ဟွန့်... :P

မယ်မယ်က ရေးတာ လန်ထွက်နေတာပဲ...
တော်လိုက်တာ....

မက်မက် ရဲစခန်းမှာ ပျောက်ဆုံးကြောင်း အမှုဖွင့်ပေးထားတယ်.. သိလား..
မယ်မယ့်လမင်းကို ရှာဖို့..ခစ်ခစ်.. :P

kaungkinpyar said...

ခင်းလေးရေ လှပစွာ ရေးဖွဲ့သွားပုံလေးကို ကောင်းကင်ကြီး လာဖတ်သွားပါတယ်၊ စကားလုံးတွေ နောက်ကို တငြိမ့်ငြိမ့်မျောပီး ပါသွားတယ်

ဖိုးသင်္ကြန် said...

ဖီးလ်အပြည့်နဲ့ မန့်မလို့ဝင်လိုက်တာ ကိုရင်နော်စာဖတ်ပြီး ဘာလုပ်ရမှန်းတောင်မသိတော့ဘူး။ ရယ်လိုက်၊ တည်လိုက်နဲ့ပဲ ပြန်သွားပါပြီ။
:)

နွေးနွေးသဲမွန် said...

ဟီဟိ..သူနောက်တာနဲ့ ပဲ ဘာဆက်ပြောရမလဲ မသိတော့ဘူး.. :-P

BLACK DREAM said...

ကောင်းလိုက်တာဗျာ...။ နောက်ဆုံးအချိန်လေးတစ်ခုကို အသေးစိတ်ချယ်မှုန်းထားတာပဲ..။ ကျွန်တော်လည်း ဒီလိုမျိုးလေး တစ်ခါရေးဖူးတယ်..။ အစ်မရေးထားတာ နဲ့ ယှဉ်လိုက်ရင် စီနဲ့ရေကွာတယ်ဗျာ..။

မသက်ဇင် said...

လရောင်....!! ဘာလို့များ အရာရာထက် အေးချမ်းနေတာလဲ..!! ဒါဟာ ရှေးစာဆိုတွေပါမကျန် တစ်ကမ္ဘာလုံးက လူသားတွေ တညီတညွတ်တည်း အသိအမှတ်ပြုခဲ့တဲ့ အေးချမ်းမှု.. ထွေပြားနေတဲ့ ကိုယ့်စိတ်အစဉ်ကို ကုစားပေးဖို့ သူဟာ အသင့်ရှိနေပေးပြန်သလို..။

ခင်လေးရေ
စာဖတ်ရတာ နူးညံ့နေတာပဲနော်
ရသ အရေးကောင်းတယ်
ခင်မင်လျက်

မမသီရိ said...

ဂျူး ၀တ္တု တပုဒ်ဖတ်နေရသလိုပါပဲ
ခင်လေးရေ
ရှည်ရှည်လေးတွေရေးပါ

reenoemann said...

ဖတ်လို့ကောင်းလိုက်တာဗျာ။
ကိုနော်ကလည်း အမ လေး ကိုနောက်ပါနံ့ဗျ

မောင်လေးရီနို

တားမြစ် ထားသော... said...

စာကိုဖတ်ပြီး ကွန်မန့်မလို့ ..
ကိုရင့် ကွန်မန့်တွေ့တော့ ပြုံးလိုက်မိသေး။

ဒါမျိုးလေးတွေ ဆက်ရေးပါအုံးဗျာ။ အားပေးလျှက်..
သုခမိန်(E-Journal)

mgngal said...

ဘ၀တစ်ခု အဆုံးသတ်သွားတာကို ရေးထားတယ်လို့ မထင်ရအောင်ပါပဲ ။ ဖတ်လာသမျှ အဆုံးရောက်မှ တုန်လှုပ်သွားမိတယ်။ အရေးအသား ပိုင်နိုင်လွန်းပါတယ် အစ်မ ခင်လေး ။

Mhu Darye said...

ဘာမှ ပြောတော့ဘူး..။
ဒီအတိုင်းလေးပဲ တိတ်တဆိတ် ဖတ်ခဲ့တယ်။
း)