Monday, October 27, 2008

ချစ်သူသို့....


ခွဲခွါရခြင်းတစ်ခုမှာ အပြစ်ဆိုတာ ရှိခဲ့မယ်ဆိုရင် ကျွန်မတစ်ယောက်ထဲသာ ခံယူချင်သူရယ်... လက်ဆုပ်လက်ကိုင် ကိုင်တွယ်ခွင့် မရတဲ့အရာတွေဟာ ကျွန်မတို့ဘေးနားမှာ မြူခိုးတွေလိုဘဲ တဝေ့ဝေ့နဲ့ရစ်ဝိုင်းလို့... တစ်ခါတစ်ခါ မိုးတွေအဖြစ်.. တစ်ခါတစ်လေတော့ ရွက်ဝါတွေခြွေ “လေ” တွေအဖြစ်... ဒီလိုနဲ့ ကျွန်မတို့တွေ ဖြတ်ကျော်လာကြတာ ရာသီတွေ ဘယ်နှစ်ကြိမ်“ပြောင်း”... ရွက်ဟောင်းတွေ ဘယ်လို“ကြွေ”လို့ ရွက်သစ်တွေ ဘယ်နှစ်ရွက်“ဝေ”ခဲ့ပြီလဲ..!! သူ့ဟာသူ“ပြောင်း”နေ... “ကြွေ”နေ... “ဝေ”နေကြတာပါ.. ကျွန်မတို့တွေကတော့ မပြောင်းလဲတဲ့ ဒီစိတ်တွေနဲ့ဘဲ ခွဲခွါခြင်းကို ရင်ဆိုင်ဖို့ အချိန်တန်ခဲ့ပြီပေါ့...!!


ဘဝဆိုတာကြီးနဲ့ ယှဉ်ပြီးကျွန်မ မပြောလိုဘူး... ဒါပေမဲ့... ပြောဖို့ လိုအပ်နေမလားဘဲ... ရစ်နှောင်မှုတစ်ခုကို ပျိုးခဲ့တဲ့လက်လေးတွေ ဘယ်နှစ်စုံရှိနေလဲ..!! နွေးထွေးတဲ့ ရှင့်လက်လေးတစ်စုံရယ်... လက်သည်းရှည် ဆူးဆူးလေးတွေနဲ့ ကျွန်မလက်ဖဝါးတစ်စုံရယ်လေ... နော်...!! မြတ်နိုးစွာ ကျေနပ်ခဲ့ကြတဲ့ ရာသီတွေမှာ ပွင့်ဖူးတဲ့ ပန်းတွေကိုရည်တွက်ဖူးလား... တိတ်တခိုးနဲ့ လျှောက်ဖူးတဲ့ လမ်းတွေပေါ်မှာ ရွာချတဲ့ မိုးစက်တွေရော ဘယ်နှစ်စက်လည်းဆိုတာ ရည်တွက်ဖူးကြလို့လားကွယ်... ကျွန်မတွေ့ထိဖူးတဲ့ နှင်းပွင့်လေးတွေအကြာင်း ပြောမိတိုင်း ရှင်. အမြဲပြောတတ်တယ်နော်... ကျွန်မနဲ့အတူတူ ကိုင်ကြည့်ချင်လိုက်တာလို့လေ.... ကျွန်မကပဲ စီကာပတ်ကုံး အပြောကောင်းလို့လား.. ရှင် ကပဲ ရှင့်အတွေးနဲ့ရှင် ကျွန်မစကားတွေမှာ ပျော်ဝင်လွန်ခဲ့တာလားမသိ... ကုန်သွားတဲ့ စက္ကန့်တွေအများကြီးကို မေ့ထားခဲ့ကြတာ.... ဟုတ်တယ်နော်...!!


အိပ်မက်မဟုတ်ခဲ့ပါဘူး.. အိပ်မက် ဆိုစေဦး လက်တွေ့ ဘဝတွေထဲမှာပါကွယ်...။ ကလေးတွေမဟုတ်သလို ချစ်ခြင်းတွေနဲ့ ကခုန်နေတဲ့ ရင်ခုန်သံတွေမှာ လူကြီးလည်း မဆန်ခဲ့ကြဖူးဘူး... တမ်းတစိတ်နဲ့ ကောင်းကင်ကို မော့ကြည့်ဖြစ်ခဲ့ချိန်မှာ ရှင် ကျွန်မ ကြည့်နေရာကိုပဲ ငေးကြည့်နေခဲ့ တာပဲမဟုတ်လား.. နှုတ်ခမ်းတွေကို ပိတ်လို့ စကားသံတွေ ဆိတ်နေကြမယ်... ကျွန်မတို့အနား ဝေ့ကာဝိုက်နေတဲ့ လေပြေတွေက သယ်ယူလာတာ ထုံအီလှပနေတဲ့ ချစ်ခြင်းရနံ့တွေပဲ...။ တင်းသထက်တင်းအောင် စေ့မိတဲ့ နှုတ်ခမ်းနှစ်လွှာရဲ့ အသိဟာ သက်ပြင်းနဲ့ နိဂုံးချုပ်သွားတယ်... ချစ်ခြင်းတစ်စရဲ့ အဆုံးမှာ ချုပ်မဲ့ “နိဂုံး” အကြောင်းကိုတော့ ကျွန်မတို့ ဘယ်တော့မှ မဆွေးနွေးကြဘူးပဲကွယ်... ဟန်ဆောင်မှုကင်းစွာ လွတ်လပ်ပေါ့ပါးစွာ အေးဆေးဟန်ဆောင်လို့  ရယ်မောချလိုက် တြတာလေ... ချစ်ခြင်းကိုအခြေခံတဲ့ အမူအယာတွေနဲ့ တီတီတာတာချွဲနွဲ့လို့ အမူပိုပို စိတ်တွေကောက်လို့...  ဝန်တိုမှုတွေနဲ့ မျက်မှောင်တွေကုတ် စိတ်တွေရှုပ်လိုရှုပ်နဲ့ပေါ့...!!

ဝေးလွင့်ခြင်းရဲ့နောက်ကွယ်မှာ တမ်းတခြင်းတွေနဲ့ မွတ်သိပ်နေသလို... သတိရခြင်းတွေလည်း ရင်မှာဖိနေမှာဘဲနော်... သေချာပါတယ် ကျွန်မတို့ကြားမှာ လုံးဝရှိဖို့ မဖြစ်နိုင်တော့တဲ့အရာဟာ... “မျှော်လင့်ခြင်း” ဆိုတာလေးပဲ...။ အကြိမ်ကြိမ် ရယ်မောခိုနားဖူးတဲ့ ရင်ခွင်ရဲ့အဝေးမှာ လူးလှိမ့်ငိုကျွေးနေမှာက ကျွန်မတို့ရဲ့ အပြစ်မဲ့တဲ့ နှလုံးသားတွေပဲ.. ဟုတ်တယ်..!! “တဖျစ်ဖျစ်” နဲ့ ခြောက်ကပ်အက်ကွဲလာချိန်မှာ “တစိမ့်စိမ့်” နဲ့ စို့တက်လာမဲ့ သွေးစလေးတွေကြောင့် သူတို့နာကျဉ်နေမှာ တပ်အပ်သိနေတယ်... ဒီအဖြစ်ဟာ ထုံဆေးမရှိဘူး...!! ဒါဟာ.. အစိမ်းသက်သက်...!! တစ်စဆီ... တစ်မျှင်ခြင်း... တစ်လွှာခြင်း... တစ်ထပ်ခြင်း... ပါးသထက်အပါးခံရမှာ...။ ခွဲခွါခြင်းဟာ ကျွန်မတို့ဆီအလာမှာ ဘယ်လောက်ပဲ နူးညံ့သိမ်မွေ့ပါစေဦး..... ကျွန်မတို့ကတော့..... “တစ်စစီ စုတ်ပြတ်ပြီး ဝုန်းဒိုင်းကြဲလို့ မိုးမည်းတွေရွာချ”... ကျွန်မထပ်ပြောပါရစေ.....။

“ခုံရုံးတင်ပါ...... တရားခံဖြစ် ချင်သေးတယ်”
“ဆွဲချက်ပြင်းပါစေ.... ညင်သာစွာခေါင်းငြိမ့်ချင်သေးတယ်”
“ပြစ်ဒဏ်ချလိုက်ပါ.... တစ်သက်တစ်ကျွန်းမှာ နေနေချင်သေးတယ်”
“ခေါင်းမာခွင့်ပြုပါ.... တိတ်တဆိတ် ကြေကွဲနေချင်ပါသေးတယ်


ဒီလိုနဲ့ ဝေးသွားတဲ့အခါ... ခွဲခွါခြင်းတစ်ခုကို ဖန်တီးသူ တရားခံစစ်စစ် ကျွန်မ သာလျှင်ဖြစ်ပါရစေ... ...။
တချိန်ချိန်မှာတော့ ရှင်နားလည်နိုင်မှာပါ... ... ... ... ... ... ...။




(ခင်လေးငယ်)

18 comments:

ဗေဒါရီ said...

မခင်လေးရေ ... ဖတ်ရတာ လွမ်းစရာ ...
"ချစ်ခင်နှစ်သက်သောသူနဲ့ ခွဲခွါရခြင်း ဒုက္ခ" ဆိုတာကို ကိုယ်ချင်းစာ ခံစားမိပါတယ်။

mgngal said...

အဲလောက်ကြီးလည်း မခံစားပါနဲ့ ဗျာ ။ ဖတ်ရတာ စိတ်မ
ကောင်းလိုက်တာဂျာ ။ :D
အရေးအသားတွေ တယ်ကောင်း အလွန်ကောင်း အားကြီးကောင်း ။ အဆင်ပြေစေကြောင်း ဆုတောင်းပေးပါ
တယ် တီတီငယ် ။

အိမ်မက်ရှင် said...

“အချစ်” ဆိုတဲ့ အရာဟာ မမြင်ရလို့သာ၊ အဲလို မမြင်ရတဲ့ ခံစားမှုသက်သက်လေးမှာတောင် လူသားတွေ အသည်းအထန် မျောပါမိန်းမော ခံစားနေရတယ်ဆိုရင် ကိုင်တွယ်ထိတွေ့နိုင်တဲ့ အခြေအနေမှာ “အချစ်” ဆိုတာသာ ရှိရင် ခံစားရလွန်းလို့ သေရချည်ရဲ့ဗျာ ...။

အမရေ ... သိပ်ကိုညက်တဲ့အရေးအသားနဲ့ ပြင်းထန်တဲ့ခံစားချက်တွေကို ခံစားဖတ်ရှုမိတော့ ကျွန်တော်လည်း “ကျမ” နောက်ကို ထပ်ချပ်မခွာ လိုက်ပါခံစားမိတယ်၊ အခုလို
“ချစ်ခြင်း” ဖွဲ့တွေမှာ ပြောင်ပြောင်မြောက်မြောက်ဖွဲ့ဆိုနိုင်လွန်းလို့ လေးစားအားကျအတုယူနေမိပါတယ် ...

ခင်မင်လေးစားစွာဖြင့်

မိုးမောင်(happycloud) said...

မခင်လေး... `ကို´ သာ ဒီပိုစ့်ကို ဖတ်မိရင်.. ၀ုန်းဒိုင်းကျဲ ခံစားသွားရမယ် ထင်တယ်... အပေါ်က ဒွင်းတောင် ၀ုန်းဒိုင်းကျဲသွားတယ် ဆိုပဲ.. မိုးမည်းတွေ သူရွာချနေလို့.. ကျနော် ထီးပြန်ယူအုံးမယ်ဗျာ... :P


ခင်မင်လျက်...

sin dan lar said...

အဆင်ပြေပါစေ.....

မယ် said...

"ဝေးလွင့်ခြင်းရဲ့နောက်ကွယ်မှာ တမ်းတခြင်းတွေနဲ့ မွတ်သိပ်နေသလို... သတိရခြင်းတွေလည်း ရင်မှာဖိနေမှာဘဲနော်... သေချာတယ် ကျမတို့ကြားမှာ လုံးဝရှိဖို့ မဖြစ်နိုင်တော့တဲ့အရာဟာ... “မျှော်လင့်ခြင်း” ဆိုတာလေ......"
မခင်လေးရေ...
ခံစားသွားပါတယ်...
မယ်

နန်းညီ said...

ကိုပီကူးသွားပါရစေ..မေးလ်ပြန်ပို့ချင်လို့ပါ (fwd mail မဟုတ်).. ရပါတယ်နော် ????

tattlu said...

နောက်ဆုံးက မှတ်ချက်ကိုဖတ်ပြီး တစ်ခုပြောမယ်ဗျာ။ အက်ဆေးဖြစ်ဖို့၊ ဝတ္ထုတစ်ပုဒ်ဖြစ်ဖို့ထက် စာကောင်းဖို့လိုတယ်။ ဖတ်တဲ့သူရင်ထဲရောက်ရင် ရေးရကျိုးနပ်တယ်ဗျ။
ရင်ထဲကခံစားချက်တွေက နှိုးဆော်လာလို့ ရေးထားလို့ပြောချင်တယ်။ ရင်ထဲမှာ ခံစားချက်ဆိုတာမရှိရင် စာရေးလို့မရတာအမှန်ပဲလေ.။
ရသ၊သုတ စာပေကောင်းတွေပါဗျာ။
ခင်မင်လေးစားလျက်
တက်လူငယ်...

တားမြစ် ထားသော... said...

မခင်လေး။
တစ်ကယ်အရေးကောင်းပါပဲ။ ခံစားချက်တွေကို “ကို”သိနိုင်ပါစေဗျာ။ ဒါမှမဟုတ် နားလည်နိုင်ပါစေပေါ့။

သုခမိန်(E-Journal)

ဝေလေး said...

မမခင်လေး...
ရေးထားတာတွေအရမ်းကြိုက်......

“ခုံရုံးတင်ပါ...... တရားခံဖြစ်ပါရစေ”
“ဆွဲချက်ပြင်းပါစေ.... ညင်သာစွာခေါင်းငြိမ့်ချင်လို့ပါ”
“ပြစ်ဒဏ်ချလိုက်ပါ.... တစ်သက်တစ်ကျွန်းမှာနေနေပါရစေ”
“ခေါင်းမာခွင့်ပြုပါ.... တိတ်တဆိတ်ကြေကွဲနေချင်လို့ပါ”

ဒီစာစုလေးတွေပိုကြိုက်တယ်.... :)

အရုပ်ကလေး said...

ခွဲခွါရခြင်းတစ်ခုမှာ အပြစ်ဆိုတာရှိခဲ့မယ်ဆိုရင် ကျမတစ်ယောက်ထဲသာ ခံယူချင်သူပါ..ရစ်နှောင်မှုတစ်ခုကို ပျိုးခဲ့တဲ့လက်လေးတွေ ဘယ်နှစ်စုံရှိနေလဲ... နွေးထွေးတဲ့ ကို့လက်လေးတစ်စုံရယ်... လက်သည်းရှည် ဆူးဆူးလေးတွေနဲ့ ကျမလက်ဖဝါးတစ်စုံရယ်လေ... အိပ်မက်မဟုတ်ခဲ့သလို မက်ခဲ့တယ်ဆိုဦး လက်တွေ့တွေထဲမှာပါ... ကလေးတွေမဟုတ်သလို ချစ်ခြင်းတွေနဲ့ ကခုန်နေတဲ့ ရင်ခုန်သံတွေမှာ လူကြီးလည်းမဆန်ခဲ့ကြဖူးဘူး.လေပြေက သယ်ယူလာတာ ထုံအီလွန်းနေတဲ့ ချစ်ခြင်းရနံ့တွေလေ... တင်းသထက်တင်းအောင် စေ့မိတဲ့ နှုတ်ခမ်းနှစ်လွှာရဲ့ အသိဟာ သက်ပြင်းနဲ့ နိဂုံးချုပ်ပါတယ်..ရင်ကလာတဲ့ ဝန်တိုမှုတွေနဲ့ မျက်မှောင်တွေကုတ် စိတ်တွေရှုပ်လိုရှုပ်နဲ့ပေါ့...!!
ဝေးလွင့်ခြင်းရဲ့နောက်ကွယ်မှာ တမ်းတခြင်းတွေနဲ့ မွတ်သိပ်နေသလို... သတိရခြင်းတွေလည်း ရင်မှာဖိနေမှာဘဲနော်... သေချာတယ် ကျမတို့ကြားမှာ လုံးဝရှိဖို့ မဖြစ်နိုင်တော့တဲ့အရာဟာ... “မျှော်လင့်ခြင်း” ဆိုတာလေ...... အကြိမ်ကြိမ်ခိုနားဖူးတဲ့ ရင်ခွင်အဝေးမှာ လူးလှိမ့်ငိုကျွေးနေမှာက ကျမတို့ရဲ့ အပြစ်မဲ့တဲ့ နှလုံးသားတွေပဲ.. ဟုတ်တယ်..!! “တဖျစ်ဖျစ်” နဲ့ ခြောက်ကပ်အက်ကွဲလာချိန်မှာ “တစိမ့်စိမ့်” နဲ့ စို့တက်လာမဲ့ သွေးစလေးတွေကြောင့် သူတို့နာကျဉ်နေမှာ တပ်အပ်သိနေတယ်... ထုံဆေးမရှိဘူး...!! ဒါဟာ.. အစိမ်းသက်သက်...!! တစ်စဆီ... တစ်မျှင်ခြင်း... တစ်လွှာခြင်း... တစ်ထပ်ခြင်း... ပါးသထက်အပါးခံရမှာ...။ ခုံရုံးတင်ပါ...... တရားခံဖြစ်ပါရစေ”
“ဆွဲချက်ပြင်းပါစေ.... ညင်သာစွာခေါင်းငြိမ့်ချင်လို့ပါ”
“ပြစ်ဒဏ်ချလိုက်ပါ.... တစ်သက်တစ်ကျွန်းမှာနေနေပါရစေ”
“ခေါင်းမာခွင့်ပြုပါ.... တိတ်တဆိတ်ကြေကွဲနေချင်လို့ပါ”
အားလုံးထဲက နှစ်သက်မိတဲ့ စကားစုလေးတွေပါ

မခင်လေးက ရေးထားတဲ့ ပို့စ်လေးကို အထူးပင် နှစ်သက်ပါတယ် .. ချစ်သော သူနဲ့ အဆင်ပြေပါစေလို့ ဆုတောင်းရင်း ...

တာတူး(၀ါ) အမေ့ခံလူတစ်ယောက် said...

ခင်လေးရေ ကျနော် ကော်မန့် မပေးရသေးတာ ခုမှ တွေ့ သဗျို့ ။

“ခုံရုံးတင်ပါ...... တရားခံဖြစ်ပါရစေ”
“ဆွဲချက်ပြင်းပါစေ.... ညင်သာစွာခေါင်းငြိမ့်ချင်လို့ပါ”
“ပြစ်ဒဏ်ချလိုက်ပါ.... တစ်သက်တစ်ကျွန်းမှာနေနေပါရစေ”

အဲဒီ စကားလုံးတွေ ကို သဘောကျလို့ အပြင်မှာ တယောက်ကိုတောင် ရွတ်ပြပီးနေပြီ ။:D
ခုမှ ကော်မန့် မပေးရသေးတာတွေ့တယ် ။ ဟီး ဟီး ခွင့် လွှတ်ပါဗျို့ ။

(အထင် မလွဲနဲ့ အကို့  ကို ရွတ်ပြနေတာ ကောင်မလေးကိုသာ ရွတ်ပြခွင့်ရရင် အကိုရာ . . .
ဆိုပီး . . .:D )

ခင်မင် လေးစားလျက်
တာတူး

မောင်ပိစိ said...

မသိသော ဘာမှမပီတဲ့ စာတစ်ပုဒ် သာဆိုတယ်..
သိများသိရင် ပိကျိ တယောက် မျက်ရည်တွေ ဖြန်းဖြန်းကျလာလိမ့်မယ်.. ဖတ်ရင်းနဲ့ ၀မ်းနည်းလာလို့

chaos said...

ဘာမှသာ မပီတဲ့ စာတစ်ပုဒ်ပြောတယ်နော်
မခင်လေး။
တကယ်တမ်း ပီပြင်နေတဲ့ ခံစားချက်နဲ့ ရေးဖွဲ့ထားလို့လား မသိဘူး ဖတ်ရတာ တော်တော်ထိတယ်။
မခင်လေးရဲ့ ကဗျာတွေကိုလဲ စောင့်မျှော်နေတယ်နော်။

ဟန်သစ်ငြိမ် said...

ဘာအမျိုးအစားလဲ မသတ်မှတ်ပေမယ့် ကောင်းတယ်ဗျာ...။

အိမ် said...

တယ်လဲ သတ္တိရှိနေပါလားဗျ အချစ်အတွက် အသက်ပင်သေသေပေါ့လေ အနော်တို့ ရေးဖို့လဲ ချန်ထားပါဦးဗျ

Just me said...

ချိတ်ချိုးတတ်ဖူး cho yoh paw mal paw mal
အကောင်းစားဝိုင် ka lwal lo r lone kg dal. ဝိုင် daw like fuu. T mee muu lite mal :p

မေတ္တာရောင်ပြန် said...

မမခင်လေးရေ ... ခွဲခွါခြင်းတစ်ခုကို ဖန်တီးသူ တရားခံစစ်စစ် “ကျမ” သာဖြစ်ပါရစေ... ... ဒီစာသားလေးကို နှစ်သက်မိပါတယ်။ ချစ်ချင်းဆိုတာ ပေးဆပ်ခြင်းတွေနဲ့ပဲ နေချင်တာပါ။

လေးစားလျှက်
ရောင်