Thursday, December 4, 2008

သူမ.. သို့မဟုတ်..

ဘိန်းစားချင်းအတူတူ တစ်မူးပိုရှူ ချင်သူလိုမျိုးလူဟာ သူမများလား....!! အရူးလို့လူတွေ သတ်မှတ်နေကြတာကို ကျေနပ်စွာ ခံယူရင်း ပိုမိုရူးသွပ်ချင်နေသူ...။ နူးညံ့ညင်သာစွာ ချစ်တတ်လွန်းရက်နဲ့ ကြမ်းရှရှ ခပ်ရိုင်းရိုင်း ပေါက်ကွဲတတ်သူ...။ တိတ်ဆိတ်နေတဲ့ အခန်းလေးကို အမှောင်ချလို့ ထောင့်လေးတစ်ထောင့်မှာ ပြေပြေလေးမှေးရင်း ဘယ်သူမှ မမြင်နိုင်မှန်းသိရက်နဲ့ ပြုံးနေတတ်သူ...။ ဖွာလန်ကြဲ ဆံပင်တွေကို ဖြန့်ချထားရင်း ဘေးမှာဘယ်သူမှ မရှိဘဲ မျက်ရည်တွေကို တစ်စုံတစ်ဦးမြင်မှာ စိုးရိမ်စိတ်တွေနဲ့ ငိုရှိုက်နေတတ်သူ...။

ခပ်သော့သော့ လက်ရေးနဲ့ “ဖေဖေရေ...” လို့ ကောက်ခြစ်နေတတ်သလို... “မေမေရယ်... အနားနားလေးကို လာပြီးထွေးပွေ့ထားပေးပါ” လို့ ရေးနေတတ်သူ..။ လက်ဖဝါးအောက်ခြေ လက်ကောက်ဝတ်က သွေးကြောလေးတွေ ဆုံနေတဲ့ နေရာမှာ အနှစ်သက်ဆုံး ရေမွှေးတစ်စက် ခပ်ဖွဖွစွတ်လို့ တစ်စုံတစ်ရာကို လွမ်းမောနေရင်း... ခပ်ကြောင်ကြောင် ခံစားချက်နဲ့ ရေမွှေးပုလင်းကို နံရံမှာ ပစ်ပေါက်ခွဲပစ်တတ်သူ...။ လွတ်လပ်စွာ ဖန်တီးတွေးမျှော်ခွင့်ကို အာသာငမ်းငမ်း မက်မောရင်း.... အထာမကျတဲ့ စည်းတွေဘောင်တွေကြားမှာ အကျဉ်းချခံ ထားရသူ....။

Round ထားတဲ့ “နွေဦးကံ့ကော်” လို သီချင်းတစ်ပုဒ်ထဲနဲ့ တစ်ညလုံး ကုန်ဆုံးတတ်သလို... Linkin Park ရဲ့ “Breaking The Habit” လို သီချင်းမျိုးနဲ့ ဟက်ဟက်ပက်ပက် မချိပြုံး ပြုံးတတ်သူ...။ ဇမ်နူးရဲ့“အချစ်ရှိသောနေ့စွဲများ” သီချင်းကို ငြိမ့်ငြိမ့်လေးနဲ့ ညင်ညင်သာသာ နားထောင်တတ်သလို Evanescence ရဲ့ “Going Under” ကို အကျယ်ကြီး Woofer ငိုမတတ်ဖွင့်တတ်သူ...။ အိပ်ခန်းလေးအတွင်းမှာ နှင်းဆီနံ့တွေနဲ့ ထုံသင်းအောင် ဝေဝေဆာဆာ ပြင်ဆင်တတ်သလို... အာရုံမလာရင် ရေထသောက်ဖို့ကိုတောင် အင်မတန် ဝန်လေးတတ်သူ...။

မိန်းမဆန်ဆန် စကပ်ပျော့တွဲတွဲလေးတွေ နှစ်ခြိုက်စွာဝတ်တတ်သလို... ဂျင်းဘောင်းဘီစုတ် တစ်ထည်ကို ပေပေတေတေ တစ်ပတ်ခန့်ဝတ်တတ်သူ...။ အတွဲလိုက် အုပ်စုလိုက် လူအများသွားတတ်တဲ့ နေရာမျိုးမှာ ဂျစ်ကန်ကန် မျက်နှာပေးနဲ့ ခပ်တည်တည် တစ်ယောက်ထဲ သွားထိုင်နေတတ်သူ...။ ပိုက်ဆံချမ်းသာဖို့ လုံးဝ မမက်မောပေမဲ့ အတွေးတွေနဲ့ လွင့်မျောနေခွင့်ကို ချမ်းသာချင်သူ...။ အမိန့်တွေအပေးခံရတိုင်း ခေါင်းခါတတ်သလို.. အမှားတွေ ထောက်ပြခံရတိုင်းလည်း “ဟုတ်ပါတယ် ကျမကိုယ်တိုင်က လွဲနေသူပါ” လို့ ပြုံးပြီး မျက်းလုံးချင်းဆိုင် ကြည့်တတ်သူ...။

သူမမျက်လုံးတွေ လဲ့နေတတ်တာကို လူတွေက “ကြည့်လို့ကောင်းလိုက်တာ...” လို့ ချီးမွမ်းခံရတဲ့နေ့တွေတိုင်း အခန်းထဲပြန်ရောက်ချိန် မှန်ထဲကိုငဲ့ကြည့်ရင်း “........လွဲနေကြတာပါ မျက်ဝန်းလဲ့တာ မျက်ရည်ဝဲနေလို့ဆိုတာ ရှင်တို့မှ မသိတာကိုး” လို့ တဟားဟားး သနားစရာ အော်ရီ/ရယ် တတ်သူ...။ လက်ချိုးရည်လို့ရတဲ့ သူငယ်ချင်းတွေကို စိတ်ရှည်လက်ရှည် ဟင်းတွေချက်ကျွေး တတ်သလို... အတော်များများကတော့ အစားမမှန်တဲ့ သူမအတွက် သူတို့ယူလာပေးတတ်တဲ့ ပေါင်မုန့်တစ်ချပ်နဲ့ တစ်နေကုန် ပေကပ်နေတတ်သူ....။ ငပိရည်နဲ့ ထမင်းကြမ်းကို စိတ်လိုလက်ရ အားပါးတရ နယ်စားတတ်သလို... ချိ(စ်)စတစ်(ခ်)တွေကို စိတ်မပါ့တပါနဲ့ ကိုက် ကိုက်နေတတ်သူ...။

နားလည်ရခက်သူတွေကို နားလည်ပေးတတ်သလို လူအများက လူလိမ္မာလို့ တဖွဖွပြောနေသူမျိုးကို ခေါင်းရမ်းကြည့်တတ်သူ...။ အရိပ်ပြစရာမလိုဘဲ အကောင်လိုက် တန်းကနဲ မြင်တတ်သလို... ထင်ထင်ရှားရှား အရိပ်တစ်ခုဘေးနားမှာ ထင်းနေခဲ့ရင်တောင် ခပ်ထုံထုံနဲ့ ဘာမှန်းမသိသူ....။ မိန်းမတစ်ယောက်နဲ့ ယောက်ျား တစ်ယောက်ရဲ့ အခွင့်အရေးဟာ တမ်းတူဖြစ်ကိုဖြစ်ရမယ်ဟု တရားသေ သတ်မှတ်သူ....။ မျှော်လင့်ခြင်းဆိုတာတွေကို မုန်းသလို မျှော်လင့်ရမှာကို ကြောက်လန့်ရင်း စက္ကန့်၊ မိနစ်၊ နာရီ၊ နေ့ရက်တွေကို ဘာအတွက်မှန်းမသိ လက်ချိုး ရေတွက်နေပြန်သူ...။ သူမအချစ်ကိုပေးဖို့ တွန့်တိုဝန်လေးရင်း... ချစ်ခြင်းတွေကို ရူးသွပ်စွာငတ်မွတ်လို့ တစ်ကိုယ်ကောင်းစိတ်နဲ့ အပြည့်အဝ ရယူစားသုံးချင်သူ...။ အလွဲတွေကို နမူနာယူဖို့ထက်... ခေါင်းမာမာနဲ့ တစ်လွဲတွေ ထပ်ထပ်ကျူးလွန်နေသူ...။

ဆန့်ကျင်ဖက်ပေါင်းများစွာ လွန်ဆွဲပြီး ဖွဲ့တည်ထားတဲ့ သူမစိတ်အစဉ်ကို အထိတ်တလန့် နဲ့ အိပ်မက်မှာ ပြန်တွေ့ရချိန်... သူမကိုယ် သူမ အော့အံချင်အောင် မုန်းတီးစက်ဆုပ်လို့.... သတ်ပစ်ချင်လောက်အောင် နာကြည်းရွံရှာလို့.... စုတ်ပြတ်သတ်သွားအောင် ကုတ်ဖဲ့ချင်တဲ့ စိတ်တွေနဲ့ နောက်ကျိမူးဝေလို့.... နောက်ဆုံး မောဟတွေထန်နေတဲ့ အတွေးတွေနဲ့ အာခေါင်ကိုခြစ်ပြီး အော်ဟစ်မိလို့....!! အဆုံးသတ်မှာတော့.... သွက်..... သွက်..... ချာ..... အ..... ရူး..... မ..... တစ်..... ယောက်..... ရဲ့ ပေါက်ကွဲခြင်းမျိုးတွေက သူမကို အနိုင်ယူ အပိုင်သိမ်းလိုက်တော့တာပါဘဲ.....။

(ခင်လေးငယ်)

24 comments:

ဗေဒါရီ said...

ဆန့်ကျင်ဘက်တွေနဲ့ ဖွဲ့တည်ထားတဲ့ သူမအကြောင်းက စိတ်ဝင်စားစရာပဲ ... မခင်လေးငယ်။
ဒါပေမဲ့ ...
သူမကိုယ်သူမ မုန်းတီးပြီးရင် အရမ်းချစ်ချင် ချစ်လာဦးမှာ ...
မောဟတွေ ထန်နေတဲ့ အတွေးတွေ ပြီးရင် ... ပညာရှိ အတွေးတွေ တွေးဖြစ်ချင် တွေးဖြစ်ဦးမှာ ...
အရူးတယောက်လို ပေါက်ကွဲပြီးရင် ... မေတ္တာတရားတွေနဲ့ နူးညံ့ချင် နူးညံ့ဦးမှာ ...

သူမက ဆန့်ကျင်ဘက်တွေနဲ့ လွန်ဆွဲဖွဲ့တည်ထားတဲ့ လူသားဆိုတော့ ... လေ။
ကျွန်မတော့ အဲဒီလို ဆက်တွေးနေမိတယ်။

Dream said...

ပုတုဇဉ်ဏောဥမ္မတကော
လူတွေဟာ အရူးတွေကြီးပါပဲ... တဲ့ တီတီငယ်..
တဏှာရဟတ်ကို စီးပီး သွားနေရတဲ့ပုတုဇဉ်လူသားတွေ
ယဉ်ယဉ်လေး ရူးပြီး
ကိုလိုရာခရီးနှင်နေရတဲ့ အခါမှာ
သတိလေးကပ်ပြီး နေပေါ့။

သွက်သွက်ခါ တော့မရူးလိုက်ပါနှင့်မယ်မယ်ရယ်...
စီစီမရှုစား နိုင်လို့ပါ... ခစ်ခစ်...
တီတီနယ် ရေးဒါက လန်ထွက်နေဒါဖဲ...ဂယ်ဖဲ..ဂယ်ဖဲ...
အာဝါးးးးးးးးးးးးးးးးးးးးးး ဟိဟိ...

megumi said...

စာရေးအရမ်းကောင်းတာပဲ။ စာနောက်ကို မျောပါသွားတယ်။ အဟုတ်။ :P

ကိုဂစ်တာ said...

အဟားးးးး
ရေလည်နုတယ်
ဖတ်ရင်းနဲ့ကို ထိချက်က သွက်သွက်ခါသွားတယ်
ခုတစ်လော ဘလော့ဂါတွေရဲ့ပိုစ့်တွေက
ရေလည် လန်းပါ့။
အဟွန့်..

ကြယ်စင်မင်း said...

ကိုရင်နော်ခင်လေးငယ်တို့ရဲ့ စာသားကတော့ မိုက်တယ်ဗျာ.. ကိုဂစ်တာပြောတဲ့အတိုင်းဘဲ ပိုစ့်တွေအရမ်းလန်းတယ်နော်..။ သူမ သို့မဟုတ်.. ဆိုပြီးဘာများလည်းလို့ စိတ်ဝင်စားစွာဖတ်လိုက်တာ.. :)

မောင်မျိုး said...

အဆုံးထိ မနားပဲ တစ်ဆက်တည်းဖတ်သွား မခင်လေးရေ့ ပြောင်မြောက်တဲ့အရေးသားနဲ့  ခြားနာချက်တွေကို .ယှဉ်ပြသွားတဲ့ သူမရဲ့အကြောင်းရာက စိတ်ဝင်စားစရာတွေနဲ့  စာဖတ်သူကိုဆွဲဆောင်သွားတယ်။

sin dan lar said...

ခုတလော.. အပြင်းစားတွေရေးနေသလား ခင်လေး

အိမ် said...

စာရေးဆရာမလုပ်ပါလားဗျာ အတွေးလေးတွေအရမ်းထိမိတယ်ဗျ

HAPPYCLOUD said...

အဆုံးသတ်မှာတော့.... သွက်..... သွက်..... ချာ..... အ..... ရူး..... မ..... တစ်..... ယောက်..... ရဲ့ ပေါက်ကွဲခြင်းမျိုးတွေက သူမကို အနိုင်ယူ အပိုင်သိမ်းလိုက်တော့တာပါဘဲ.....။
အောင်မလေး... ရူးတော့ မရူးသေးလို့တော်သေးတာပေါ့...
တော်ကြာကိုရင်ကြီးဆရာပင့်ထွက်နေရမယ်..
ဖိုးမောင်

အိန္ဒြာ said...

ခင်လေး...ရေ.

စကားပြေလေးက..ချစ်စရာကောင်းလိုက်တာ..
ပေတိပေကပ်လေးပေမယ့်..နူးညံ့တဲ့
ဂျစ်ကန်ကန်လေးပေမယ့်..အားတွေငယ်နေတဲ့
ဇွတ်တရွတ်နိုင်မယ်ထင်ရပေမယ့်..ခံစားစာနာနိုင်မှုတွေအပြည့်နဲ့.
တလွဲတွေနဲ့..မာခဲနေပေမယ့်..အနုပညာမှော်တွေ
ပျော့ပျောင်းနေခဲ့တဲ့
..နောက်..
မျက်ဝန်းလေးတွေ..တဖျတ်ဖျတ်လဲ့နေမယ့်.
အသံချိုချိုအေးအေးလေးကို..


..ကြားယောင်လာလိုက်တာ.......။

အားပေးနေတယ်..ခင်လေးရေ..

အိန္ဒြာ

ညီအကိုများ said...

အတွေးကောင်း..အရေးကောင်းပိုစ့်တစ်ပုဒ်ပါ။
နှစ်ခြိုက်စွာခံစားသွားကြောင်း..

မိုးကြယ်

မီယာ said...

ခင်လေးရေ အားပါးတရပေါက်ကွဲလိုက်ပြီးရင်တော့ ရင်ထဲမှာအရမ်းပေါ့ပါးသွားမှာပဲ

Moe Myint Tane said...

ဆန့်ကျင်ဘက်ဆိုတာ အဖြူနဲ့အမည်းလိုလား...
အလင်းနဲ့အမှောင်လိုလား..အပူနဲ့ အအေးလိုလား..
စိတ်ဓါတ်ဆိုတဲ့ ကိုယ်မှာ ခုန်နေတဲ့ နှလုံးဆိုတဲ့အရာ..
ဦးနှောက်ဝတ်ရုံခြုံလိုက်တာနဲ့ ဆန့်ကျင်ဘက်က လှိုင်းထလာတတ်တယ်..
နံရံတွေရဲ့ နားတွေက ပြန်ပြောပြလိမ့်မယ်..စိတ်ဓါတ် နှလုံးနဲ့ လူတွေကြား..
ဘယ်လိုကွာခြားသလဲဆိုတာကိုပေါ့..စူးရှနာကျင်နေတဲ့ စိတ်အစဉ်နဲ့ ..
အရူးမတစ်ယောက်လိုပေါက်ကွဲမိတဲ့သူ..အဲဒီအချိန်မှာပြန်ကြားရောင်မိတာက..
ချိုအေးသာမြတဲ့ စကားသံကို ငြိမ့်ငြိမ့်လေးပြောတတ်ရင်း သဘောကျစွာရယ်နေတတ်သူ..
ပြောင်မြောက်တဲ့စကားလုံးတွေကို မှော်ဝင်လက်နဲ့ အသက်သွင်းတတ်သူ...
ခံစားမှုကို ဂုဏ်တင် ရသကိုခုံမင်တဲ့ စာမျိုးရေးတတ်သူ...သူ့အတွက် သူရေးတဲ့စာဟာ..
သူ့ကမ္ဘာဖြစ်သလို..သူအိပ်တဲ့နေရာဟာလည်း သူ့စာတွေနဲ့ ဖြန့်ခင်းထားတဲ့ရင်ခွင်..
အဲဒီမှာ ကျွန်တော်ခင်မင်ရတဲ့ အမတစ်ယောက်နေထိုင်လေရဲ့....


စိတ်၏စေရာနာခံလေသော

မိုးမြင့်တိမ်

ကိုရင်နော် said...

အဟွတ်အဟွတ်... ဖလူးးးးးးး....
ဘာတွေရေး.. ဖတ်ပြီး ကြောင်တောင်တောင်ဖြစ်သွားတယ်..
အဟီးးး

ပန်းခရေ said...

အဟွတ်
အဟွတ်
အဟွတ်
မီးဘူတူလဲဟင်...း)
အရမ်းကောင်းတယ်

နန်းညီ said...

ကြိုက်လိုက်တာ.. အဲ့ဒိကောင်မလေးရဲ့စိတ်မျိုးနဲ့ ရင်းနှီးတယ်.. ပူးပူးကပ်ကပ်ကို ရင်းနှီးတာပါ..

ရှင်ရဲထွတ် said...

ခင်လေး အခွင့်အရေး ပိုရချင်လို့ ရူးချင်ယောင်ဆောင်တဲ့ လူသားတွေကြားထဲမှာ ခင်လေးသာ သွက်သွက်ခါအောင်ရူးမယ်ဆိုရင် ပိုကောင်းပါတယ်... ထမင်းမေ့ ဟင်းမေ့ ရူးတာပေါ့နော့။

ခင်လေးငယ် said...

အမဗေဒါရီရေ...
မေတ္တာတရားတွေနဲ့ နူးညံ့ချင် နူးညံ့ဦးလာဦးမဲ့ သူမအတွက် ဆုတောင်းပေးရအောင်နော် :P...

မက်မက်...
စီစီလေး မရှု့စားနိုင်သလို မယ်မယ်လည်း မကြည့်ရက်ဖူးကွယ်... ဂယ်ပြောတာ...

ဂုဂုရေ..
အားတွေရှိလိုက်တာ... ကျေးဂျူး...

ကိုဂစ်တာ...
သွက်သွက်ခါ လိုက်တာ ဝက်အူတွေ ဘာတွေ ပြုတ်ထွက်ကုန်ဦးမယ်နော်... ဒဒိ..

ကိုကြယ်စင်...
လူမိုက်ကရေးတဲ့ စာမို့ထင်တယ် ဟီးးးး

ရွှေမိမိမျိုးတို့ကတော့...
လုပ်ပြီ..လုပ်ပြီနော်... နောက်နဲ့

စန္ဒာရေ...
အပြင်းတွေစားပြီး ရေးတာကိုး... ဟက်..ဟက်

ကိုအိမ်...နော်
အချွန်နဲ့တော့ မပြီထင်တယ်... အမလေးးး :D

ကိုဖိုးမောင်...
ဒင်းများဆရာပင့်မယ်ထင်လို့လား ဝေးသေးး
ငမူးက မူးတာဘဲတတ်မှာ... ဟီးး

မကြီးအိန္ဒြာ...
ဂျစ်ကန်ကန်လေးပေမယ့်.. အားတွေငယ်နေတဲ့... ထားလိုက်ပါတော့ အမရယ်...

ကိုမိုးကြယ်
အားပေးတာလေး အတွက်ကျေးဇူးပါရှင်..

မီယာရေ...
ခင်လေးကတော့ ရေးလိုက်လို့ နည်းနည်းပေါ့ သွားပေမဲ့ သူမကတော့......

ကိုမိုးမြင့်တိမ်...
မန့်လေးကို စာလေးတစ်ပုဒ်လို ဖတ်မိတယ်..

ဟေ့ယောင်ကိုရင်...
ဖလူးးး ဆိုတာ ဘာဖြစ်တာတုန်းးးဟ
နင်လေဖြတ်သွားလို့လား... ဟီးးးးး

ပေခရမ်း...
မီးးး က ဘူတူတုန်း ပြောဦး :)

ညီရယ်...
မတူချင်စမ်းပါနဲ့... လူမိုက်နဲ့တူတယ်ဆိုတာ
ကောင်းဝူးတဲ့ အမေကပြောတာဘဲ.. :P

ဦးရှင်ကြီး....
အရူးတွေလည်း ဗိုက်ဗိုက်ချာတတ်တယ်ဒဲ့...
အ..ဟိ

Republic said...

တယ်ရင်းတို့ ရေ ..အရှုပ်တွေနဲ့ ပိသွားတယ် ၊၊ ဒီနေ့တော့ မခင်လေးရဲ့ စာတွေကို တစ်ဝကြီးထိုင်ဖတ်နေတာ ၊၊ အရေးကောင်းပြီး အတွေးကောင်းကောင်းတွေကို ပေါက်ကွဲရေးဖွဲ့နိုင်တဲ့ မခင်လေးရယ်ပါ ၊၊ အမြဲအားပေးခင်မင်လျက်ပါဗျာ ၊၊

အိပ်မက်ရှင် said...

သူမ ... (သို့မဟုတ်) ... ထဲပျော်ဝင်နေတဲ့ ဆန့်ကျင်ဘက်တွေ ...
အဖိုအမ၊ အပူအအေး၊ အလင်းအမှောင်၊ အထူအပါး၊ အတိမ်အနက် စတဲ့ ဆန့်ကျင်ဘက်သဘောတရားတွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားတဲ့ သဘာဝကို ထပ်ပြီး သက်သေပြလိုက်သလိုပဲ ခံစားလိုက်ရတယ် ...
စိတ်ထဲမှာ အရူးတစ်ယောက်လို စိတ်အချဉ်ပေါက်ပြီး ဟစ်ကြွေးလိုက်တဲ့အခါ ... ။
(ဆန့်ကျင်ဘက်သဘောတရားတွေထဲက ဆွဲထုတ်ပြီး ပြောလိုက်ပါရစေ လေးစားမိပါရဲ့ဗျာ ...)

mgngal said...

ခံစားချက် ဆန့် ကျင်မှုတွေကို ဆွဲစေ့ထားတဲ့ ပို့ စ်ကောင်းတစ်ပုပ်ပါ ။ ကောင်းတယ်ဗျာ ။

မမသီရိ said...

လူတွေက တယောက်တမျိုး ရူးနေကြတာ ခင်လေးရဲ့
ကိုယ့်ကြောင့် သူတပါး မထိခိုက်ရင် ပြီးရော..

မမလဲ
အခန်းလေး အမှောင်ချပြီး တယောက်ထဲ
တိတ်တိတ် လေး အခန်းထောင့် တိုင်ခဲ့ဖူးတဲ့
ကာလတွေ ရှိခဲ့ဖူးတယ်

ဖိုးစိန် said...

ခုမှဖတ်ရပေမယ့် အရမ်းကောင်းတယ်


ချစ်ခင်လေးစားစွာဖြင့်

မျောက်မျောက်

မေတ္တာရောင်ပြန် said...

မမခင်လေးရဲ့ ပိုစ့်လေးတွေကို ဖတ်ရင်းနဲ့ စကားလုံးလေးတွေ ရွေးချယ် ရေးသားထားတာလေးတွေကို နှစ်သက်မိတယ်။ လူဆိုတာ အရူးတမျိုးလိုပဲ နော်။
ရောင်လေ အရမ်းစိတ်ညစ်ရင် ငိုတယ်၊ ပြီးရင် ရေကန်ထဲမှာ တညလုံးစိမ်နေဘူးတယ်။ ရေတော့ ကူးတတ်ဘူး။း)

လေးစားလျှက်
ရောင်