Wednesday, July 9, 2008

တစ်ခါက နိုဝင်ဘာဆီသို့... (၂)

ညောင်ဦးမြို့ရဲ့ မနက်ခင်းဈေးလေးကတော့ သဘာဝရဲ့အငွေ့အသက်တွေနဲ့ လှလှပပ လှုပ်လှုပ်ရှားရှားလေးပါဘဲ... Package Tour Group နိုင်ငံခြားသား ဧည့်သည်တွေနဲ့ စည်ကားနေတယ်။ ကျမရဲ့သူငယ်ချင်းလေး နှစ်ယောက်လုံး ချည်ထည်ထမီ(ထမိန်)စကပ် အရှည်လေးတွေနဲ့ တမျိုးဆီ ကြည့်လို့ကောင်းနေတယ်။ နေရာတကာ စပ်စပ်စုစုနိုင်လှတဲ့ မစပ်စု.. သူ့ကိုကျမက “စုစု” လို့ဘဲခေါ်လာတာ အခုဆို နှစ်နှစ်တောင် ကျော်နေပြီလေ... နောက်တစ်ယောက်ကတော့ စာဂျပိုး.. သူ့ကိုတော့ “ပိုးပိုး” လို့ဘဲခေါ်ဖြစ်သွားခဲ့တယ်။ “စုစု”နဲ့ ကျမခန္ဓာကိုယ်က မတိမ်းမယိမ်းဆိုတော့ ကျမအတွက် မေမေချုပ်ပေးထားတဲ့ ဝမ်းဆက်လေးက သူနဲ့တော့ ချပ်ချပ်ရပ်ရပ်လေးပါဘဲ..။ “ပိုးပိုး” ကတော့ အရပ်ရှည်သူမို့ ကျမညီမလေးရဲ့ ဝတ်စုံလေးကို ဆင်ပေးထားတယ်။ ကျမကတော့ မြန်မာမလေးပီပီ ချည်ထည်လုံချည်နဲ့ ခါးတိုအင်္ကျီ ရိုးရိုးလေးကိုသာ ဝတ်ထားခဲ့တယ်.. မြန်မာဝတ်စုံကိုသာ ဝတ်ချင်သော ကျမတို့အားလုံးအတွက် သေချာစီစဉ်ပေးလိုက်တဲ့ မေမေ့ကို ကျေးဇူးတင်ရင်း စိတ်ကူးနဲ့မှန်းကာ ဦးချဖြစ်သေးတယ်..။

ဇီးဖြူသီးတွေကို အပုံလိုက်လေးတွေပုံပြီး ရောင်းနေတဲ့ ဆိုင်လေးရှေ့ အရောက် “ပိုးပိုး”မေးတဲ့ မေးခွန်းပေါင်းများစွာကို စိတ်ရှည်လက်ရှည် ဖြေရတော့တယ်..။ ဒီလိုနဲ့ အသီးအရွက်ပေါင်းစုံကို မြေကြီးပေါ်မှာခင်းရောင်းနေတဲ့ ဆိုင်လေးတွေကိုကျော်ပြီး ဈေးထဲကိုဝင်ခဲ့တယ်။ ဈေးထဲမှာတော့ ဆိုင်ခန်းလေးတွေနဲ့ ရှေးဟောင်းပစ္စည်းရောင်းတဲ့ ဆိုင်လေးတွေရှိနေတယ်။ “စုစု” တစ်ယောက် ဓါတ်ပုံတွေ အားရအောင်ရိုက်အပြီးမှာဘဲ ကျမတို့ ညောင်ဦးဈေးထဲက ထွက်ခဲ့ကြတော့တယ်...။

ဈေးကထွက်အပြီး ညောင်ဦးဈေးနဲ့ အနီးဆုံး ရွှေစည်းခုံစေတီ ဘက်သို့ ကားကိုဦးတည်ခဲ့ပါတယ်..။ ဘုရားစောင်းတန်း တစ်လျှောက်လုံးမှာတော့ မန်ကျည်းတော်ဖီနဲ့ ပုန်းရည်ကြီးတွေ ရောင်းတဲ့ ဆိုင်လေးတွေက အစီအရီနဲ့ပါ..။ ဘုရားပုရဝဏ်ထဲကိုရောက်ပြီး ဒူးလေးတုတ်ကာ ဘုရားကို ဦးချကန်တော့ချိန်မှာတော့ သူငယ်ချင်းလေးနှစ်ယောက်ကလည်း ကျမထိုင်သလို လိုက်ထိုင်ပြီး ဦးချကန်တော့နေတာ အရမ်းချစ်ဖို့ကောင်းနေတယ်လေ...။ ရွှေစည်းခုံစေတီက အပြန်မှာတော့ Hotel ကို မောင်းပေးဖို့ ဦးလေးမြင့် ကို ပြောလိုက်တယ်..။

Hotel ရဲ့ ဧည့်ကြိုကောင်တာရှေ့မှာ Check in ဝင်နေတယ်ထင်ရတဲ့ လူသုံးလေးယောက် ရှိနေလို့ ကျမလည်း အစဉ်လိုက် ရပ်စောင့်နေလိုက်တယ်။ “စုစု” နဲ့ “ပိုးပိုး” ကတော့ ဆိုဖာလေးတွေပေါ်မှာ ထိုင်ရင်း Hotel ကတိုက်တဲ့ Welcome juice ကို အမောပြေ သောက်နေကြလေရဲ့...။ ကျမတို့ရဲ့ အခန်းသုံးခန်းက ဘေးချင်းကပ်လေးတွေပါ။ မေမေက ဧရာဝတီမြစ်ကမ်းရဲ့ ဘေးဘက်မှာရှိနေတဲ့ အခန်းလေးတွေကိုရအောင် ကြိုပြီးစီစဉ်ပေးခဲ့တာ။ ဧည့်ကြိုကောင်တာကနေ ညာဖက်ကိုကွေ့ပြီး River view အခန်းတွေဆီ ရောက်အောင် လှေကားလေးတွေနဲ့ ဆင်းသွားရတာ...နဲနဲတော့ လျှောက်ရပါတယ်....။

ရောက်ရောက်ချင်း အခန်းရှေ့ ဝရမ်တာလေးကို ထွက်ကြည့်လိုက်တာ လေနဲ့အတူပါလာတဲ့ မြန်မာပြည်ရဲ့ အငွေ့အသက်တွေက ဧရာဝတီရနံ့လေး သင်းနေသလိုပါဘဲ...။ ဧရာဝတီဟာ မြန်မာတို့ရဲ့သွေးကြော တစ်ခုပါလား ဆိုတာတွေးမိတော့ ရင်ထဲမှာ နွေးလာတယ်.... မျက်လွှာလေးချရင်း ဧရာဝတီကို ဦးညွှတ်မိတယ်.... “ကျေးဇူးပါဧရာဝတီရယ်........” အခု ကျမရှိနေတဲ့ နေရာဟာ ဧရာဝတီဆိုတဲ့ သွေးကြောနဲ့ အနီးကပ်ဆုံး နေရာလေးပေါ့နော်...။ အတွေးတွေနဲ့ ကြည်နူးရင်း ဧရာဝတီနဲ့ မြန်မာပြည်ဟာ ကျမအတွက် ပိုချစ်စရာ ကောင်းလာခဲ့တယ်...။ ထူးအိမ်သင်ရဲ့ “ရာဇဝင်များရဲ့သတို့သမီး” သီချင်း တစ်ပိုင်းတစ်စက နားထဲမှာကြားယောင် လာသလိုပါဘဲ....။

“ဣနြေ္ဒကြီးမာလွန်းတဲ့............ သူဟာရာဇဝင်များရဲ့ လျှို့ဝှက်ချက်တို့ သိမ်းဆည်းထား....”

မေမေ့ကို ဖုန်းခေါ်ရဦးမယ် ဆိုတဲ့ အသိနဲ့ လက်ကိုင်ဖုန်းလေးကို ဖွင့်လိုက်လိုက်ချင်းဘဲ..... ဖုန်းတစ်ခုဝင်လာခဲ့ပါတယ်...။ လွန်ခဲ့တဲ့ နှစ်ပတ်ခန့်ကမှ မေမေ့ဆန္ဒအရ ကျမခေါင်းညိတ်ခဲ့တဲ့ လူတစ်ယောက်ဆီက ဖုန်းပါဘဲ.။ သုံးလေးမိနစ်လောက် စကားပြောပြီး မေမေ့ဆီကို ဖုန်းခေါ်လိုက်ပါတယ်။ အားလုံးအဆင်ပြေကြောင်း စိတ်မပူရန်ပြောပြီး အခန်းထဲကို နားဖို့ဝင်ခဲ့တယ်...။ ညနေသွားမယ့် နေရာလေးတွေကို ခေါင်းထဲမှာ စဉ်းစားနေမိတယ်..။ “စုစု” နဲ့ “ပိုးပိုး” ကတော့ အနားယူရင်း တရေးတမော အိပ်နေကြမလားဘဲ...။

မမျှော်လင့်တဲ့ ကံကြမ္မာဟာ တစ်စုံတစ်ရာကို သယ်ဆောင်ပြီး ဒီညနေလေးထဲကို ဝင်ရောက်လာမယ်ဆိုတာ ရှင်ရောကျမပါ ကြိုသိခွင့်ရှိခဲ့တာမှ မဟုတ်တာလေ....။ အဲဒီ နိုဝင်ဘာလ နှစ်ဆယ့်ခုနှစ်ရက် အင်္ဂါနေ့ ညနေခင်းလေးမှာပါဘဲ... အရာအားလုံးဟာ ကဗျာလေးတစ်ပုဒ်လို အစပြုခဲ့တာပေါ့....။

ဆက်ရန်.........။

(ခင်လေးငယ်)

10 comments:

မဇနိ said...

ဖတ်လို့ကောင်းတယ် ခင်လေးရေ။ မျက်စိထဲတောင် မြင်လာတယ်။ ပုဂံကို အခေါက်ပေါင်းများစွာ ရောက်ဖူးပေမယ့် နောင်လည်း ထပ်သွားဖို့ ကိုဇနိနဲ့ အမြဲပြောဖြစ်ကြတယ်။ ခင်လေးရေးတဲ့ စာနောက်ကိုတော့ တကောက်ကောက်ပါနေပြီနော်။ ဆက်ရန် ဆက်ရန် အတော်နှိပ်စက်တယ်။ ဒီပို့စ်မှာ ခင်လေးက ဒါရိုက်တာဆိုတော့လည်း စောင့်နေရုံမှတပါး တခြားမရှိတော့ပြီ။

Republic said...

ဇာတ်ကားအမည် ... တစ်ခါက နိုဝင်ဘာ
မင်းသမီး .. (မ)ခင်လေး
မင်းသား ... ? ? ?
ဇာတ်ပို့ ဇာတ်ရန် ...ပိုးပိုး နှင့် စုစု
ဒရိုင်ဘာ ... ဦးမြင့်
ရိုက်ကွင်း ... ပုဂံ နှင့် ပတ်ဝန်းကျင်
ဇာတ်ညွှန်းနှင့်ဒါရိုက်တာ ... (မ)ခင်လေးငယ်

ဇာတ်ရှိန် တစ်ဖြည်းဖြည်းနဲ့ တက်လာပီဗျာ...

မခင်လေး မြန်မြန် များများရေးပေးပါဂျ...
ဖတ်ရတာ မ၀ဘူး .....

ကိုရင်နော် said...

ဟေ့ယောင်ခင်လေး.. အပိုင်း (၃) ကို မြန်မြန်တင်နော်.. လာဖတ်ပေးတဲ့သူတွေကို အားနာစရာကြီး.. ကြာနေလို့ကတော့ ငါ နင့် Post ကို ပြောင်ထာတဲ့ သရော်စာကြီး ရေးတင်လိုက်မှာ.. ဒါပေမယ့်ဟာ.. နင့် Post လေးက သရော်ရမှာတော့ အားနာပါတယ်.. ပိုးပိုး နဲ့ စုစု နာမည်ပေးထားတာလေးကတော့ သဘောကျတယ်.. ကိုးရီးယားဇတ်ကားလိုတော့မလုပ်နဲ့နော် ပြောပြီးသား.. ဟွန်းးး..

ko phyo said...

အမ အရေးအသားကောင်းတယ်နော်ဗျ ..။
အပိုင်း 3 ကိုစောင့်နေမယ်နော်

ပေဖူးလွှာ said...

တန်းလန်းကြီး ထားပြန်ပြီ။ အဲလို မနှိပ်စက်ပါနဲ့ဂျာ။ :(

Heartmuseum said...

ဖီလင်ပျက်တယ်ဗျာ.....

ပါဂနာ said...

တွေ့ကြပြီပေါ့.“ရွှေခင်လေး” ရယ်.

လူတွေကို တိုးလို့တန်းလန်း ထားခဲ့တဲ့သူအတွက်

“ကိုယ်ရယ်.ကိုရင်ရယ်.လစ်လစ်ရယ်.Heart ကြီးရယ်.

ပေပေ ရယ်” ငါးယောက်သား Table.(4)

မှာ ဒီဇာတ်လမ်းမပြီး မချင်း “ဖဲ” ထိုင်ရိုက်နေမယ်.

လုံးဝ မဖယ်ပေးဘူး ..:)

တားမြစ် ထားသော... said...

ဝိုး... နိုဝင်ဘာနှစ်ပိုင်းရှိပါပြီ။ နှစ်ပိုင်းစလုံး တကယ်ဖတ်ကောင်းအောင် အချက်ကျကျ ရေးသားနိုင်တဲ့သူဆိုတော့ ပိုလို့ချီးကျူးမိသဗျာ။ အဲလိုရေးတတ်ချင်တာ။
အိုကေ၊ ဘာမှတော့စဉ်းစားမနေနဲ့ အပိုင်း(၃) အမြန်လာပေရော့။ ကိုရင်နော်ရဲ့ လက်ရာကိုလည်း သိရဲ့သားနဲ့။ တော်ကြာ သူလက်ဦးသွားပြီး ဟာသလုပ်လိုက်လို့ ..... ဟဲ ဟဲ။

(ကိုရင်နော်ကို မြှောက်ပေးဘူးနော်။ သူ့ဘာသာသူ ရေးလာရင် အမှုပတ်မှာဆိုးလို့)

ps - ကိုရင်နော်ကြီး ရေးအုံးလေဗျာ။ ဟဲ..ဟဲ။

မဟာဆန် said...

ခင်လေးရေ
ဖတ်လို့ကောင်းလွန်းလို့ ဘယ်တော့နောက်ဆက်တွဲလာမလဲလို့
နေ့တိုင်းလာလာချောင်းနေတာ
မောလှပြီ
မြန်မြန်ဆက်ရေးပါနော်
အဲ..ဇာတ်သိမ်းရင်လည်း ပေါင်းပေးနော်..မလွမ်းခိုင်းနဲ့..ဒါပဲ
မဟာဆန်

eitar said...

စောင့်နေတယ်နော် ...ဆက်ရေးဦးးးးး...
ခင်လေးစာရေးဆရာမလုပ်ပါလားးးးးးး ဟီးးးးးး