Monday, July 7, 2008

တစ်ခါက နိုဝင်ဘာဆီသို့... (၁)

နိုဝင်ဘာလနှောင်းပိုင်း ရက်လေးတွေရဲ့ တွေ့ဆုံမှု အစမှာဘဲ အဆုံးအတွက် အဖြေက ရှိနှင့်နေခဲ့ပြီ။ ဒီလိုနေ့ကို တည်ငြိမ်စွာနဲ့ ရင်ဆိုင်နိုင်ဖို့ ရှင်ရော ကျမမှာပါ ထိုက်သင့်တဲ့ ရင့်ကျက်မှုတွေ ရှိနေပြီဘဲလေ...... ဒါဟာ တစ်ကယ့် တည်ငြိမ်မှုလား ဟန်ဆောင်ခြင်းတွေလား ဆိုတာကတော့ ကာယကံရှင် ကျမတို့ ကိုယ်တိုင်ရဲ့ ဝှက်ဖဲလေးတွေဖြစ်နိုင်ပါတယ်.....။

မနေ့ညက ဖုန်းခေါ်ဖြစ်တဲ့ အချိန်ဟာ ည ၁၁း၄၅ တိတိမှာပါ။ ဒုတိယအကြိမ်မြောက် ခေါ်သံ မဆုံးခင်မှာဘဲ ရှင့်အသံကို ကျမစကြားရတယ် မွတ်သိပ်စွာ တောင့်တရတဲ့ ရှင့်အသံကို မကြားရတာ တော်တော်ကြာနေခဲ့ပြီ။ ကျမရှင့်ကို ဖုန်းမခေါ်ဘဲ ပြစ်ထားခဲ့တာ ဆယ့်သုံးရက်မြောက်နေ့ပါ။ ဟယ်လို ဆိုတဲ့ ထူးသံအစား ပထမဦးဆုံး ကြားရတဲ့ စကားက...

“ဒီည မင်းဖုန်းဆက်လာလိမ့်မယ်လို့ ကိုယ်သိနေခဲ့တယ်”...တဲ့။

စကားသံတွေ မိနစ်အတော်ကြာကြာ ဆွံ့အနေခဲ့ကြတယ်... နှစ်ယောက်လုံးရဲ့ မျက်လုံးတွေ မှိတ်ထားကြတယ် ဆိုတာ ကိုယ်စီသိနေကြပြီးသားပါ။ အသက်ရှုသံငွေ့ငွေ့လေးတွေသာ ကျမရဲ့ ဘယ်ဖက်နားဝလေးမှာ ပြေးဆော့ နေကြတယ်။ ကျမ အသက်ပြင်းပြင်း တစ်ချက်ရှုသွင်းရင်း စကားစပြောလိုက်တယ်....

“ မနက်ဖြန်ညနေမှာ ရှင်နဲ့တွေ့လို့ရနိုင်မလားဟင်.....”
“ ကိုယ့်ကို အချိန်ပြောပါ”
“ညနေ ခြောက်နာရီ တိတိ... Mortico Bay က Table No.4”
“ကောင်းပြီလေ.. မင်းမရောက်ခင်မှာ ကိုယ်ရောက်နှင့်နေမှာပါ”

ကျမတို့ နှစ်ယောက်လုံး စကားသံတွေ ပြန်တိတ်သွားပြန်ပြီ...။ တိတ်ဆိတ်ခြင်းတွေနဲ့ ဖုန်းကိုယ်ဆီ ကိုင်ထားနေကြဆဲပါ။ မိနစ်တွေ တော်တော်များများ ရွေ့သွားခဲ့ထင်တယ်။ ကျမသူ့ကို နှုတ်ဆက်ပြီး ဖုန်းချသင့်နေပြီဘဲ........

“Good Night ပါရှင်”
“မင်းအတွေးတွေနဲ့ အိပ်လို့မပျော်ခင်အထိ ကိုယ်လည်းရှိနေဦးမယ်ဆိုတာ..”

လို့.. ပြောတဲ့ စကားအဆုံးမှာ ရှင့်အသံလေးက ဖျော့တော့လွန်းနေတယ်... ကျမတို့နှစ်ယောက် ဘာလို့များ တစ်ယောက်ကို တစ်ယောက် ဒီလောက်ထိ ထိုးဖောက်နားလည်နေကြတာလဲ..။ တုန်ရီစွာနဲ့ ဖုန်းခလုပ်လေးကို နှိပ်လိုက်ပြီးချိန်မှာ အိပ်ယာပေါ်ကို အရုပ်ကြိုးပြတ် လဲကျသွားခဲ့တယ်။ အတွေးတွေက လွင့်မျောနေတယ်.. နှစ်တစ်နှစ်ရဲ့ နိုဝင်ဘာလကုန်ခါနီး နေ့တွေဆီကိုပါ....။


အဲဒီနေ့က နိုဝင်ဘာလ နှစ်ဆယ့်ခုနှစ်ရက် အင်္ဂါနေ့ ၊ ကျမရယ် သူငယ်ချင်းနှစ်ယောက်ရယ် ပုဂံကို ရောက်တဲ့နေ့လေးပေါ့။ လေယာဉ်ဆင်းခါနီး ဝဲနေကတည်းက ပုဂံမြေပေါ်မှာ ပျံနေတာပါလား ဆိုတဲ့အသိတစ်ခုတည်းနဲ့ ကျမရင်တွေ ခုန်နေပြီ။ ဒါဟာ ကျမရဲ့ ခုနှစ်ကြိမ်မြောက် ပုဂံခရီးပါ။ ကျမသူငယ်ချင်းနှစ်ယောက်ကတော့ အသက်ရှုဖို့တောင် မေ့နေကြတယ်လို့ ထင်ရလောက်အောင် ပြတင်းပေါက်က မြင်ကွင်းတွေကို ငေးနေကြတယ်။

သူတို့နှစ်ယောက်အတွက် ပထမဦးဆုံး မြန်မာပြည်ခရီးဖြစ်ပါတယ်။ ကျမစီကာပတ်ကုံးနဲ့ ပြောပြတတ်တဲ့ ပုဂံအကြောင်းကို စိတ်ဝင်တစား အကြိမ်ကြိမ်အခါခါ နားထောင်တတ်တဲ့ သူတို့ရင်ထဲမှာ ဘယ်လိုများရှိနေမှာပါလိမ့်...။ လေယာဉ်ပေါ်ကဆင်း ပစ္စည်းတွေရွေးအပြီး လေဆိပ်အဝင်မှာ ကြိုနေမဲ့ ကျမနာမည်နဲ့ဆိုင်းဘုတ်လေးကို ကြာကြာမရှာလိုက်ရဘဲ တွေ့ပါတယ်။ ကျမသူ့ဆီကို တမ်းတမ်းမတ်မတ် လျှောက်သွားရင်း....

“မင်္ဂလာပါရှင်”
“မင်္ဂလာပါခင်ဗျာ ကျွန်တော့်နာမည် ဦးမြင့်ပါ” ......လို့

သူ့ကိုယ်သူမိတ်ဆက်တဲ့ ဦးလေးကြီးက အသက်ငါးဆယ်ဝန်းကျင်လောက် ရှိနိုင်ပါတယ်။ သူကကျမတို့ရဲ့ ပုဂံခရီး တစ်လျှောက်လုံးကို ကားမောင်းပေးမဲ့ မေမေစီစဉ်ပေးထားတဲ့ အငှားကား ကုမ္ပဏီတစ်ခုက ကားမောင်းသူပါ။ နာရီကိုကြည့်မိတော့ မနက် ၇း၅၅...။ ဒါဆိုညောင်ဦး Morning market ကို မှီနိုင်တာဘဲ... ပုဂံလေဆိပ်က ထွက်ပြီး Hotel ကို Check in မဝင်ခင် ပထမဦးဆုံး ညောင်ဦးဈေးကို စမောင်းခိုင်းဖြစ်ပါတယ်။ ဓါတ်ပုံသင်တန်းကို သုံးလခန့်မျှတက်၍ သူ့ကိုယ်သူ ပရော်ဖက်ရှင်နယ်(လ်) ဖိုတိုဂရပ်ဖာဟု ခံယူထားသော သူငယ်ချင်းက Camera ကြီးတကားကားနှင့် လမ်းဘေးဝဲယာမှ ပုဂံအလှကို မှတ်တမ်းတင်နေပြီ..။ စာအလွန်ဖတ်သော စာဂျပိုးသူငယ်ချင်းကတော့ သူ့ရဲ့လက်ထဲက ပုဂံသမိုင်းစာအုပ်ကို ငုံ့ဖတ်လိုက် ပါဝါမျက်မှန်ကို ပင့်တင်ကာ မြင်ကွင်းတွေကို ငေးမောလိုက်နှင့်ပင်..။

ဆက်ရန်.........။

(ခင်လေးငယ်)

14 comments:

Republic said...

ဖတ်လို့ကောင်းလို့ အရှိန်တက်နေတုန်းဗျာ..
မခင်လေး ..မရ၀ူး ..ဆက်ရေးပေးဂျာ...ဆက်ရေးပေး..
ဘာတွေဆက်ဖြစ်လဲဂျ... အဟီး

မဇနိ said...

ခင်လေးရေ ဆက်ရန်စောင့်နေမယ်နော်။ :P

Heartmuseum said...

မခင်လေး ဘ၀မှာ Table No.4 က အမှတ်ထင်ထင် ရှိပုံရတယ်နော်.... စောင့်ဖတ်မယ်ဗျာ။ ကိုရင်နော့် သရော်စာနဲ့တွဲပြီးတော့လေ...ဟီ...ဟိ.....

Tea said...

ဆက်ရေးပါဦး.. တန်းလန်းကြီး မလုပ်ထားနဲ့လေ.. ခင်လေးရယ်.. ဇာတ်ရှိန်တက်တုန်း... ဆက်ရန်တဲ့လေ..

အပိုင်း -၂ ကို မျှော်နေမယ်.. :D

ကိုရင်နော် said...

ဟိတ်..ခင်လေး..! ရေးရေး နင်ဘယ်နှစ်ပိုင်းပိုင်းပြီးရေးရေး ဇတ်သိမ်းခန်းပြီးလို့ကတော့ ငါက သရော်စာပြန်ရေးမှာဘဲ ဟွန်း.. နာပြီသာမှတ်.. ဟေးး.. ကိုရီးယား ဇတ်ကားလိုတော့ အဆုံးမရှိမလုပ်နဲ့နော်..

ငါက ဒီလိုဒီလို သရော်မှာနော်.. အခုအမြည်းနည်းနည်းဖတ်လိုက်.. ဟီးးးးးး...... :P

နိုဝင်ဘာလကုန်ခါနီးရက်တစ်ရက် ဖွတ်ချက်ဖွတ်ချက်နှင့် မြန်မာပြည် ပြည်တွင်းလေယာဉ်ကြီးကို စီးနှင်းလိုက်ပါ၍ ညောင်ဦးဈေးတွင် ပုန်းရည်ကြီးဝယ်ရန် ပုဂံပြည်သို့ရောက်ခဲ့လေသည်ဟီဟီဟီဟီဟီ......။

ဟီဟီးးး... ပြေးပြီ.. :D

ခင်လေးငယ် said...

ကိုရင်နော်..နင်နော်..ဒီ post ကိုသေချာရေးနေတာနော်
ဖျက်ရဲဖျက်ကြည့်...ဟွန်းးးး
ကောင်စုတ်...အစုတ်ပလုတ်
အဖျက်သမားကြီး
ဖဲရိုက်တိုင်း ရှုံးပါစေတော် ။။

ကိုရင်ညိန်း said...

ရေးထားတာကောင်းမှန်းသိပါတယ် နည်းနည်းလေး တော်ကီဝင်ပစ်ချင်လို့ဗျာ ။ ပွဲဆူအောင်လုပ်တာမဟုတ်ပါဘူးဗျာ ။ အကြိုက်တူတဲ့ blogger ချင်းမို့ အားမနာပါးမနာ ဝေဖန်တာပါ အဟေးဟေး ။ ပထမ အပိုဒ်က “ ကာယကံ ” ဆိုတာလေးရယ် အောက်ဆုံးပိုဒ်က ( ဓါတ်ပုံသင်တန်းကို (သုံးလလောက်တက်ပြီး )သူ့ကိုယ်သူ ပရော်ဖက်ရှင်နယ်(လ်) ဖိုတိုဂရပ်ဖာဟု ခံယူထားသော သူငယ်ချင်းက Camera ကြီးတကားကားနှင့် လမ်းဘေးဝဲယာမှ ပုဂံအလှကို မှတ်တမ်းတင်နေပြီ..။ စာအလွန်ဖတ်သော စာဂျပိုးသူငယ်ချင်းကတော့ သူ့ရဲ့လက်ထဲက ပုဂံသမိုင်းစာအုပ်ကို ငုံ့ဖတ်လိုက် ပါဝါမျက်မှန်ကို( ပင့်တင်ပြီး ) မြင်ကွင်းတွေကို ငေးမောလိုက်နှင့်ပင်..။) အဲလိုလေးဆို ပိုအဆင်ပြေမလားလို့ပါ

ခင်လေးငယ် said...

ကိုရင်ညိန်းကြီး.. မန့်မန့် လာပေးသွားလို့ ကျေးဇူးပါနော်.. အဲ့လိုပါဆို စာလုံးပေါင်းက မှားမှားနေတုန်း ဟီးး.. ကျေးဇူးကမ္ဘာပါနော်.. နောက်လည်းအမှားတွေ့ရင် လာလာပြောပေးပါနော်.. :) တော်သေးတယ် ဟို.. ကိုရင်နော်ကြီး အရင်မတွေ့လို့.. ဟီးး.. မဟုတ်ရင် သရော်နေဦးမှာ အဟေးဟေးပေါ့.. :P

မြရွက်ဝေ said...

မြန်မြန်ရေးနော်။ ထပ်လာဖတ်ဦးမယ်။ :)

တာတူး(၀ါ) အမေ့ခံလူတစ်ယောက် said...

ခင်လေးရေ လုပ်လှချည်လား ။ပုဂံတော့ ရောက်လာဘီ ။ ခင်ဗျား သူငယ်ချင်းလေး ဆီက ဗူးဘုရား မှာ ညရီုက်ထားတဲ့ ပုံလေးရှိရင် ကုသိုလ် လုပ်ပါဗျာ ။
အဟီး . . .:P
သိနေတယ်လေ . . . သိနေတယ် . . .

Dream said...

မမတို့ကတော့လုပ်ချလိုက်ပြန်ပြီ။
ဖတ်ရတာဆန့်တငံ့ငံ့နဲ့
မြ၀တီကပြတဲ့ကိုရီးယားရုပ်ရှင်ကျနေတာပဲ
ဟီးဟီး...

ပေဖူးလွှာ said...

သိနေပြီ မခင်လေး ညောင်ဦးဈေးမှာ ပုန်းရည်ကြီးဝယ်ရင်း ဈေးဆစ်တာမရလို့ ဈေးထဲမှာ ရန်ဖြစ်ခဲ့တယ်ပေါ့။ ချကွာ SIS. :P :P :P
စတာနော်။ စောင့်နေမယ်။ ;)

Anonymous said...

ဖတ်လို့ကောင်းတယ်

eitar said...

ခင်လေးရေ........တစ်ခုခုကိုအမှတ်ရမိသလိုပဲ...
ဖတ်ပြီးတော့ ......