Monday, July 21, 2008

ကွာခြားမှု...

“ချလွမ်း.... ချလွမ်း....”
သတိတွေ အရမ်းထား နေသည့် ကြားမှ ဖန်ပန်းအိုးလေး လွတ်ကျပြီး တစ်စစီ ကွဲခဲ့ပြီ...။

“ဟဲ့.. ဘာသံတွေလည်း... မိအေး... ငါဒီလောက် အတန်တန် မှာထားတဲ့ကြားက ခုတော့ကွဲပြီမှတ်လား.. ဒီဖန်ပန်းအိုးက နင့်လခ ငါးလခစာလောက် တန်တယ်..”

“သွား.. သွား နင့်လခတော့ မဖြတ်တော့ဘူး.. နင့်ကိုကောင်းကောင်း ဒါဏ်ပေးရမယ်.. အဝတ်လျှော်စက် နှစ်ခုလုံးထဲက အဝတ်တွေ အကုန်ထုတ်ပြီး အားလုံးလက်နဲ့လျှော်.. ဒါဘဲ”

“ပြောင်ပစေနော်.. အားလုံးမပြီးမချင်း နင်ထမင်းစားရမယ် မထင်နဲ့... နင့်အမေမိလှကို ကူခိုင်းဖို့လည်း လုံးဝမစဉ်းစားနဲ့.. ကြားတယ်နော်မိအေး.. ငါနှစ်ခါထပ် မပြောဘူး.. နောက်တစ်ခါ ဒါမျိုးဖြစ်ရင်တော့ အိမ်ကဆင်းဖို့ နင့်အဝတ်ထုပ်သာ ပြင်ထားပေတော့.. ဟဲ့.. သွားလေ.. ငါလုပ်မိတော့မယ်”

ဖွားဖွားကြီး လက်အရွယ်မှာ ကြောက်လန့်တကြားနဲ့ နောက်ကိုဆုတ်လိုက်တယ်။ ဖိနပ်မပါတဲ့ ခြေဖဝါးက ကွဲနေတဲ့ ဖန်စပေါ်ကို တက်နင်းမိပြီး သမီးဖနောင့်က သွေးတွေထွက်လာပြီ..။

“ချလွမ်း... ခွမ်း”

“ဖွားဖွားရေ... ဖွားဖွား.. လုပ်ပါဦး.. သားရဲ့အခန်းထဲမှာ ဘောလုံးကန်လိုက်တာ သားGame ကစားနေကြ TV မှန်ကြီး ကွဲသွားလို့”

“ဟဲ့.. ဘုရား.. ဘုရား.. ငါ့မြေးလေးကို မှန်ကွဲစတွေ ဘာတွေ စဉ်သွားသေးလား လုပ်ကြပါဦး.. အမလေးမြေးလေးရယ်... ရင်တွေတုန်လိုက်တာ လာပါဦး ဖွားဖွားဆီ..”

“မိလှ ဘာကြည့်နေတာတုန်း.. သွား.. ခြံထဲက မောင်မြင့် နဲ့ သာမောင့် ကိုသွားခေါ်စမ်း.. ပြီးရင် ငါ့အခန်းထဲက TV မြေးလေးအခန်းကို ချက်ချင်းရွှေ့ခိုင်းလိုက် ကြားလား ”

ခဏလေးအတွင်းမှာ ဖြစ်သွားတဲ့ အဖြစ်အပျက်တွေက မြန်လွန်းနေတယ်။ ကျမဖနောင့်လေးကို လှမ်းကြည့်ရင်း ပြေးထွက်သွားတဲ့ မေမေ.... မေမေ့မျက်လုံးတွေထဲမှာ မျက်ရည်စလေးတွေနဲ့ပါ..။ ဟင့်အင်း သမီးဘာမှ မဖြစ်ပါဘူး မေမေရယ်..။ သွေးတွေသာ အရမ်းထွက်နေတာပါ သေလောက်တဲ့ ဒါဏ်ရာမှ မဟုတ်တာ.. အဝတ်တွေလျှော်ရဦးမယ်..။ သမီးဗိုက်ဆာနေပြီ မေမေရေ...။

(ခင်လေးငယ်)

မှတ်ချက်။ ။ ကိုရင်နော် တစ်ယောက် အလုပ်တွေ အရမ်းရှုပ်နေလို့ ခင်လေးရေးထားတာ ကြာနေပြီဖြစ်တဲ့ စာအဟောင်းလေးကို ဆွဲပြီး Post လိုက်တာပါ။ ကိုရင့်နော့် စာလေးတွေကို မျှော်နေကြတဲ့ သူငယ်ချင်းများအားလုံး ခင်လေးရဲ့ ဒီPost လေးအတွက် ခွင့်လွှတ်ပေးကြပါရှင်။


9 comments:

ဇနိ said...

ဘဝ ဘဝ ဒီလိုပဲ
ဘယ်ဘဝပဲ ရောက်နေရောက်နေ
လောကဓံတွေ ခံနိုင်မှ ဖြစ်မယ်..
း)

Republic said...

အမြင်နှစ်ခု ကို ထင်ဟပ်ပြနိုင်တဲ့ မခင်လေးကြီး ၊၊
ဖတ်လို့ ကောင်းတယ်ဗျာ ၊၊
ကိုရင်ကြီး ကိုပြောလိုက်ဦးဂျ.. မေးနေတယ်လို့ ၊၊ ၊၊

ပါဂနာ said...

“သံဝေဂ” ရစရာပါ

ကြိုက်ပါ၏

တားမြစ် ထားသော... said...

အင်း...
ဒါမျိုးတွေ တကယ်ကြုံဖူးသဗျ။ စိတ်မကောင်းသော်လည်း ဒီလိုဘဝတွေ ရှိနေတတ်တယ်၊ ရှိလည်းရှိနေဆဲလို့ထင်တာပဲ။
........................
စကားမစပ် ကိုရင်ကိုမျှော်တယ်ရယ် ဟုတ်ဘူးလေ။ မရေးတာကြာလို့ မေးတာပါ။ မခင်လေးရေးလည်း ဖတ်မှာပေါ့ဗျ။
ပြန်လည်ဆန်းသစ်ခြင်းပေါ့နော်။ မဖတ်ရသေးတော့လည်း အသစ်ပါပဲ။

မောင်မိုး said...

ဒီလို ကွာခြားမှုမျိုးတွေက ကမ္ဘာတည်သရွေ့ ရှိနေမယ့် ကွာခြားမှုတွေ ပဲဗျ။ ရိုးရိုးလေးနဲ့ သရုပ်မှန်ကို ထိမိစွာ ရေးထားတဲ့ မခင်လေးလဲ တော်ပါပေတယ်ဗျား)။ ဒီလိုဖြစ်ရပ်မျိုးတွေ အတွက် အတ္တချင်း ကိုယ်ချင်းစာနိုင်ပါစေ လို့ပဲ... ဆုတောင်းကြရမှာပါ။

eitar said...

ရေးသားပုံလေးသဘောကျမိတယ်...
တိုတိုလေးနဲ့ ထိထိမိမိရေးနိုင်တယ်နော်..
မခင်လေး စာရေးဆရာမလုပ်ပါလား...ဟီးးးးးးးး

ဝေလေး said...

အင်း
အရမ်းကောင်းပါတယ်။
အတ္တကလူတိုင်းရှိတယ်ဆိုပေမယ့်ကိုယ့်ဘက်ပဲအရမ်းတွေး
တာတော့မကောင်းဘူးပေါ့နော်..

Heartmuseum said...

ကြိုက်တယ်ဗျာ.... ကောင်းလိုက်တဲ့ သရုပ်ဖော် ရသ ၀တ္ထုတို ရင်ကိုတဲ့တဲ့ဝင် ညိသွားတယ်..... ဆက်ချ.....

မေတ္တာရောင်ပြန် said...

မညီမျှတဲ့ လောကကြီးရဲ့ သဘာဝတွေမှာ လူတွေဟာ စီးမြောရင်း စိတ်ဓါတ်တွေ ပျက်ပြားနေကြသလို ကိုယ်ချင်းစာတရားလည်း ခေါင်းပါးလာကြတယ်နော်။ မှတ်သားသွားပါတယ် မမခင်လေး။

လေးစားလျှက်
ရောင်