Wednesday, December 2, 2009

စကားလုံးတို့ဝတ်ဆံအကြွေ

စာတွေ ရေးခဲ့ဖူးပါတယ်.....။
စာတွေ ရေးနေပါတယ်..........။
စာတွေ ဆက်ရေးပါဦးမယ်...........။
ကျွန်မဟာ ကိုယ်တားထားတဲ့ ကိုယ့်စည်း.. ကိုယ်ခတ်ထားတဲ့ ကိုယ့်ဘောင်ထဲမှာ ကိုယ်တိုင် လွတ်လပ်စွာ ကူးရင်းခတ်ရင်း စာရေးနေသူပါ..။ ခြေအခတ်မှာ ရင်ဘတ်ထဲက အရာတချို့က ဒိုက်တွေအဖြစ် လာကပ်တတ်တာ ဆန်းတယ်မထင်မိ..။ “ဒိုက်” လို့ ဆိုတိုင်း အမှိုက်တွေပဲလို့တော့ ပြောလို့ ဘယ်ရမလဲနော်..! တခါတခါ ဗေဒါဖြစ်သလို ကြာပန်းငုံတွေလည်း လာစုတွယ်ငြိချင် ငြိမှာပေါ့..။ ကျိုးကြောင်း ဆီလျော်သလို ဖွဲ့နွဲ့ရင်း ရာသီသုံးပါးမှာပွင့်တဲ့ ပန်းတို့ရဲ့ ဝတ်ဆံအကြွေမှာ ငိုက်မြည်းသွားမယ့် အနာဂါတ်ဟာ ဒေသသံ ဆန်မဆန် ဘယ်သူ ငြင်းချက်ထုတ်မှာမို့လဲလေ...!!

စာမှာဈာန်ဝင်လာတဲ့အခါ လက်အစုံဟာ မှော်အောင်မအောင် အဖြေထုတ်ဖို့ အချိန်တောင် ရတတ်တာမှ မဟုတ်တာ..။ ရေးမိတဲ့စာမှာ ကာလံဒေသံ ပါချင်ပါမယ်.. နိမိတ်တွေ အတိတ်တွေနဲ့ ငြိကောင်းငြိမယ်.. ဆန္ဒတွေလည်း ပါကောင်းပါမှာပေါ့..။ လက်ရှိရင်ခုန်သံနဲ့ နွှယ်ချင်နွှယ်မယ်.. ဒါမှမဟုတ်... ကျိန်စာမိထားတဲ့ ရင်ဘတ်ထဲက အနာဟောင်းတချို့က ကျိန်စာပြယ် ပြန်ရှင်သန်လာသလိုမျိုး ရုန်းထချင်လည်း ရုန်းထလာမှာပေါ့။ စာဟာ ကျွန်မ မျက်နှာဖြစ်သလို စာဟာ ကျွန်မ ခန္ဓာအသွင် ဆောင်ချင်လည်း ဆောင်ဦးမှာလေ..။

တခါတရံတော့ စာဟာကျွန်မ ဆံနွယ်တွေလို ရှုပ်ချင်လည်း ရှုပ်ခဲ့မှာပါပဲ..။ ကျွန်မ သွေးတွေလို ရဲရဲတောက်လာတဲ့ အခါမျိုးမှာ ကျွန်မကိုယ်တိုင် နည်းနည်းတော့ ကြောက်မိတယ် ဆိုတာ မငြင်းချင်ပါဘူး...။ သွေးစက်တွေနဲ့ ရေးမိတော့မယ့် လက်အစုံကို ဘရိတ် ပြန်အုပ်ရတတ်တဲ့အခါ ကျွန်မလို သက်ပြင်းချမိသူ ဘယ်နှစ်ယောက် ရှိမလဲတော့ မသိ..!! ဝဋ်နာကံနာ တစ်ခုလို အလိုမကျစွာ ကိုယ့်လက် ကိုယ်ပြန်ချုပ်၊ ကိုယ့်လက် ကိုယ်ပြန်ဖြုတ်နဲ့ပါပဲ။ ကျေနပ်သလို မကျေနပ်သလို စိတ်တွေနဲ့ နေရထိုင်ရ ခက်လာတဲ့အခါ စာအုပ်ကိုပိတ် ပြန်အိပ်ရုံပေါ့..။ ကျွန်မ ခေါင်းတော့မကုတ်ပါဘူး။

အိပ်လို့ကော ပျော်မယ်ထင်ပါသလား..!! ဂယောက် ဂယက်တွေ ထတွေးလို့ မာတဲ့ခေါင်းက နေသာနေဆဲ...။ သံစဉ်ပဲ မဲ့သလို တေးသွားပဲ လွဲသလိုနဲ့ တောင်ရောက်မြောက်ရောက် ပြန်ရေး ပြန်ဖျက်နဲ့ သမိုင်းအသစ်ကို တက်ဖို့ခက်ရဲ့။ ဆူးတွေအများကြီး မြင်နေရတာတောင် ဖိကိုင်မိချင်ပြန်သေးသူလိုလို..။ ကိုယ့်ကိုကိုယ် စိတ်ပျက် ကြက်ခြေတွေ ခတ်ရပေါင်းလည်း များလွန်းပြီ..။ စိတ်တွေအချဉ်ပေါက်တဲ့ အခါ အာရုံခါးခါးတွေနဲ့ ခရီးကို မပေါက်တော့တာလေ..။ ဒါပေမဲ့လည်း နာတာရှည် ဝေဒနာစွဲသလို လက်အစုံက စာတွေ ချချရေးပြန်တယ်..။

စာရေးသူ အမျိုးသမီး တစ်ယောက်ဟာ မိခင်ကောင်း ဖြစ်နိုင်ချေ ရာခိုင်နှုန်း ဘယ်လောက်များ ရှိသလဲတော့ မသိပါဘူး။ သေချာတာကတော့ စာတွေမှာ ကျွန်မဟာ ဖေဖေဖြစ်သလို နူးညံ့သိမ်မွေ့တဲ့ မေမေလည်းဖြစ်တယ်..။ သားလေးဖြစ်သလို ပါးဖောင်းဖောင်း နီတာရဲ သမီးလေးလည်း ဖြစ်တယ်..။ ဆိုးနွဲ့တဲ့ အစ်မတစ်ယောက်ဖြစ်သလို စကားနည်းတဲ့ ညီမလေးဖြစ်တယ်..။ သိပ်ချစ်တတ်တဲ့ ချစ်သူဖြစ်သလို နားလည်ပေးတတ်တဲ့ သူငယ်ချင်းဖြစ်တယ်..။ သက်မဲ့ခုံတန်းလေးဖြစ်သလို ကြောင်ဖြူဖြူလေးဖြစ်တယ်..။ ခေတ်အမြင်ရှိသလို ဟိုးခေတ်ဟောင်းကို ပြန်ဆွဲသူဖြစ်တယ်..။ မင်းသမီးတစ်လက်ဖြစ်သလို ပွဲကြည့်သူ သက်သက်ဖြစ်တယ်..။ ကျွန်မကို လိုလားသူဖြစ်သလို ကျွန်မကို ခေါင်းခါရှုံ့ချသူ ဖြစ်တတ်ပြန်တယ်..။ အတော်များများမှာတော့ ပေတေတေဂျစ်ကန်ကန် ခေါင်းမာသူ မိန်းမတစ်ယောက်ပါပဲ..။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မ စာရေးနေပါတယ်..။

ကိုယ်ဆိုတဲ့ တေးသွားတစ်ပုဒ်ကို ကိုယ်တိုင်ပြန်ကြားနိုင်ဖို့ သိပ်ကို ငတ်မွတ်လာတဲ့အခါ နံရံတွေကို ဖောက်ထွက်ရင်း လေစိမ်းတွေနောက် အမောတကော ပြေးလိုက်မိ တတ်တာလည်းရှိတယ်..။ နွေးထွေးမှုကို လိုအပ် တောင့်တရင်း ရင်ခွင်ငတ်သူလို ဖြစ်လာတဲ့ စာတွေ အတွက် ဘယ်ဗေဒင်ဆရာကို ဟောစာတမ်း ထုတ်ခိုင်းရမယ်မသိ..။ ကိုးရိုးကားရား ကိုယ့်စာတွေနဲ့ ကိုယ် ရယ်ချင်သလို ငိုချင်သလိုနဲ့ပေါ့..။ နေတွေခြစ်ခြစ်တောက်ပူ၊ မိုးတွေသည်း၊ လျှပ်တွေလက်၊ လေပြင်းတွေ တဝုန်းဝုန်းကျလို့ နတ်ဝင်သည် နတ်ပူးသလို လည်းဖြစ်ရဲ့...။

စာတွေနဲ့ အတွေးတွေ တမေ့တမော လွှင့်မြောနေခိုက် ရုတ်တရက် မျက်နှာကျက်က အိမ်မြှောင်တစ်ကောင် ပြုတ်ကျလာမှ ကပျာကယာ ထ ဖြစ်တတ်သေးတာမျိုး..။ စာတွေနဲ့ စစ်ခင်းရင်း ပဋိပက္ခတွေ အများသားနဲ့ ကိုယ်တိုင်ပဲ “ကောင်းသောညပါ...” “အိပ်မက်လှလှမက်ပါစေ...” ဆိုတာမျိုး ပြန်ပြီး နှုတ်ဆက်ရလေမလား..!! “လူဆိုတာ ကိုယ့်မာနနဲ့ ကိုယ်” ဆိုတဲ့ စကား အဓိပ္ပါယ်ကို သေချာ နားလည်ပါရဲ့နဲ့ ဘာမှ မဆိုင်ပဲ စာမှာ “ကိုယ်” နဲ့ “မာန” က အသွင်မတူတဲ့ သတ္တဝါနှစ်ကောင်လို သတ်ကြ ပုတ်ကြ..။ နောက်ဆုံးတော့ ပြန်ဖျန်ဖြေရင်း ကိုယ်တိုင်ပဲ ဒိုင်သူကြီး ဖြစ်သွားရပြန်သေးတာ..။

ဒီလိုနဲ့ လုံးချာပတ်ချာတွေ တဝဲဝဲလည်လို့ပါပဲ..။ စာထဲမှာရွက်လွှင့်... နာကျဉ်ခြင်း ရာသီတွေကိုဖြတ်... ချိုမြိန်ဒုက္ခတွေကို ရင်စည်းခံ... အေးစက်စက် အတိတ်၊ ပစ္စုပ္ပန်တွေကို ကျော်ဖြတ်ရင်း......

စာတွေ ရေးခဲ့ဖူးပါတယ်.....။
စာတွေ ရေးနေပါတယ်..........။
စာတွေ ဆက်ရေးပါဦးမယ်...........။
ဒီလိုနဲ့ပဲ ဟိုး.... နက်ရှိုင်းတဲ့ ရင်ဘတ်ထဲက စကားလုံးတွေ ဝတ်ဆံကြွေတိုင်း ရေးဖြစ်နေတဲ့ စာရေးခြင်းအနုပညာမှာ ရင်ခုန်မှုတွေနဲ့ နူးညံ့သက်ဝင်နေမိပါတယ်..။ စိတ်သန့်စွာနဲ့ ချွေချမိတဲ့ စာတွေအပေါ်မှာ သစ္စာဖောက်မှုကင်းတဲ့ ရသတစုံတရာလေးပဲ ဖြစ်ဖြစ် ပေးစွမ်းနိုင်သူ တစ်ယောက်သာ ဖြစ်နေပါရစေ...။

(ခင်လေးငယ်)

28 comments:

Mogok Thar said...

စာတွေ ရေးခဲ့ဖူးပါတယ်.....။
စာတွေ ရေးနေပါတယ်..........။
စာတွေ ဆက်ရေးပါဦးမယ်...........။

ဆက်ရေးပါ။ ဆက်လက်အားပေးနေမှာပါ။

ကြွေကျလာတဲ့ ၀တ်ဆံတွေတိုင်းဟာ စာဖတ်သူနှလုံးသားနဲ့ ရင်ခုန်ထိတွေ့ခွင့် ရမယ်ဆိုရင်တော့ ရသမျိုးစုံတဲ့ ပန်းကလေးတွေ ဖူးပွင့်လာမှာ အသေအချာ.....

ခင်မင်လေးစား ချစ်ခြင်းအားဖြင့်

Anonymous said...

မမငယ်ရေ

စာလာဖတ်သွားပါတယ်၊ ရွေးခြယ်မှုအားကောင်းတဲ့ စကားလုံးတွေနဲ့စာတွေ ထပ်မျှော်နေပါတယ်ရှင်. . . .

အိအိ

MANORHARY said...

ခင်လေးရေ..
နက်ရှိုင်းတဲ့နှလုံးသားထောင့်တစ်နေရာကလာတဲ့
စကားလုံးဝတ်ဆံကြွေတွေ
တမြမြသင်းမွှေးလာလေတိုင်း ..
ရင်ခုန်မှုတွေနဲ့ နူးညံ့သက်ဝင် ..
ရှင်သန်မှုတွေကို ပြန်လည်မြင်တွေ့ရမြဲပါ ...
ခင်လေးရဲ့ စကားလုံးဝတ်ဆံတွေ
အမြဲသင်းမြနေပါစေ။

နှင်းဟေမာ said...

အယ် အစ်ကိုရင်နော် ပြန်လာပြီလား အဆင်ပြေခဲ့လား မဖတ်ခင် ၄ လောက်တော့ ၀င်ယူထားဦးမှ

နှင်းဟေမာ said...

မမခင်လေးငယ် စာမဖတ်ရသေးခင် မန့်လိုက်လို့ လူမှားသွားတယ်နော် ဟိး)
နူညံ့သက်ဝင်လှတဲ့ စာသားလေးတွေကို သေချာဖတ်ရှုခံစားသွားပါတယ် ....
စာတွေအမျကြီး ဆက်ရေးနိုင်ပါစေ ... မမရေ...
ထာဝစဉ်အားပေးလျှက်ပါ

Moe Myint Tane said...

စကားလုံးတွေ ၀တ်ဆံကြွေကျနေသမျှ ထွက်ထွက်လာမယ့် စာတွေ..။
ဗျာပါဒနဲ့ ၀ါကျညှိမယ့် ရက်တွေ..။
ကြည်နူးမှုနဲ့ ပနံသင့်မယ့် ရက်တွေ..။
မျောပါလွင့်ပါးတဲ့ တိမ်တခိုင်မှာတောင်
သူကိုယ်ပိုင် အနုပညာရှိနေတတ်မှတော့
မလေးရေ စကားလုံးပင်စည် မပျက်သုဉ်းသမျှ
စာဆက်ထုံးတွေ မြဲခိုင်ပါစေ။

Warmly Welcome Back!!!!


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

ဒဏ္ဍာရီ said...

လှပဆန်းသစ်ပြီး နူးညံ့တဲ့ စကားလုံးရွေးချယ်မှုတွေနဲ့ ထူးထူးခြားခြားလေး ရေးဖွဲ့ထားတဲ့ စာသားလေးတွေက သက်ဝင်လှပါတယ်။
သူတရသတွေနဲ့ စုံလင်လှတဲ့ စာပေးတွေနဲ့အတူ ကာရံညီတဲ့ စကားလုံးလေးတွေနဲ့ စာပေတွေ ဆက်လက်ရေးသားနိုင်ပါစေလို့ .... ဆုတောင်းပေးလိုက်ပါတယ်နော်။
ထာဝရ အားပေးနေမှာပါ။

ခင်မင်လေးစားလျှက်

မမသီရိ said...

ခင်လေး ရေ

သဒ္ဓါလှိုင်း said...

ရေးဖွဲ့ထားတဲ့ စာလေးတွေကို အမြဲဖတ်ဖြစ်တယ်။ အရမ်းဖတ်လို့ ကောင်းပါတယ်။

မေဇင် said...

စာတွေ ဆက်ရေးနေပါ...စာတွေကို ဆက်အားပေးနေပါဦးမယ်....

မြစ်ကျိုးအင်း said...

ဒီလိုနုနုညံ့ညံ့ သပ်သပ်ရပ်ရပ်လေး နဲ့ အက်ဆေး အရေးကောင်းတဲ့ မခင်လေးငယ်ရေ စာတွေဆက်ရေးပါဗျာ ...။ စာဖတ်သူတွေ အတွက် လိုအပ်ပါတယ်း)

...ခင်မင်သောအားဖြင့်...
(မြစ်ကျိုးအင်း)

မိုးမောင် said...

စိတ်သန့်စွာနဲ့ချွေချမိတဲ့ စာတွေအပေါ်မှာ သစ္စာဖောက်မှုကင်းတဲ့ ရသတစုံတရာလေးပဲ ဖြစ်ဖြစ် ပေးစွမ်းနိုင်သူ တစ်ယောက်သာ ဖြစ်နေပါရစေ...။

သံသယရှိစရာမလိုပါဘူး။ တကယ်ကောင်းတဲ့ အက်ဆေးတွေ ကဗျာတွေချည်း ဒီဘလောဂ့်မှာ စုစည်းထားတာပါ။ ဒီဘလောဂ့်ကထွက်တဲ့ အမှိုက်ဆိုတာလည်း တန်းဖိုးရှိတဲ့အမှိုက်တွေဖြစ်နေမှာ အသေအချာပါ။ ယုံကြည်ရာခရီးအတွက် ဆက်လက်ချီတက်ကြစို့ မငယ်ကြီးရေ..။ Welcome back buddy!! :P

ခင်မင်လျက်...

မီယာ said...

မခင်လေး... အမြဲ ဖတ်လို့ ကောင်းတာချည်းပဲ... စကားလုံး တလုံးစီမှာ စာရေးသူရဲ့ စေတနာပါတာ သိသာတာပဲလေ... စာတွေ ဆက်ရေးပါဦးမယ် ဆိုလို့ ၀မ်းသာမိတယ်... ကျန်းမာ ပျော်ရွှင်ပါစေ

Anonymous said...

ရေးပါ ရေးပါ မမ
အားပေးချင်လို့ စောင့်နေတာပါ။
ဦးနော်မဟုတ် မမခင်လေးဆိုတာ ဂယ်ယုံပါပြီ။

နှင်းဆီပန်းချစ်တဲ့ကောင်မလေး said...

အပေါ်ကမန့်ခဲ့တာ မေလေးနော်မမ လင့်မပါလို့

ဖိုးမောင်(happycloud) said...

မခင်ရေ... ရေးနိုင်သလောက်ရေးပါဗျာ... ဆက်လက်အားပေးနေပါ့မယ်...
ကျနော်တို့ကတော့ အမြဲခင်မင်လျှက် ပါဗျာ...

စည်သူ said...

“စာမှာဈာန်ဝင်လာတဲ့အခါ လက်အစုံဟာ မှော်အောင်မအောင် အဖြေထုတ်ဖို့ အချိန်တောင် ရတတ်တာမှ မဟုတ်တာ..။ ရေးမိတဲ့စာမှာ ကာလံဒေသံ ပါချင်ပါမယ်.. နိမိတ်တွေ အတိတ်တွေနဲ့ ငြိကောင်းငြိမယ်.. ဆန္ဒတွေလည်း ပါကောင်းပါမှာပေါ့..။ လက်ရှိရင်ခုန်သံနဲ့ နွှယ်ချင်နွှယ်မယ်.. ဒါမှမဟုတ်... ကျိန်စာမိထားတဲ့ ရင်ဘတ်ထဲက အနာဟောင်းတချို့က ကျိန်စာပြယ် ပြန်ရှင်သန်လာသလိုမျိုး ရုန်းထချင်လည်း ရုန်းထလာမှာပေါ့။ စာဟာ ကျွန်မ မျက်နှာဖြစ်သလို စာဟာ ကျွန်မ ခန္ဓာအသွင် ဆောင်ချင်လည်း ဆောင်ဦးမှာလေ..” အရမ်းကို မှန်တယ် အမရေ.. နန္ဒာလှိုင် ပြောသလိုပါပဲ သွေးထွက်အောင်ကို မှန်တာ..

အင်း.. အမကို မျက်စိထဲ မြင်ရောင်ကြည့်တယ် မျက်နှာမှာ.. က ခ ဂ ဏ ပကြဲို့တြ
်းါမ အ က ဟ ဆ ၁၀၆၅-၀၁၉၄၃ တွေ a u j h lsk fj adj တွေကို မြင်ရာင်နေမိတယ်..ခိခိခိ..(နောက်တာနော်..)

““လူဆိုတာ ကိုယ့်မာနနဲ့ ကိုယ်” ဆိုတဲ့ စကား အဓိပ္ပါယ်ကို သေချာ နားလည်ပါရဲ့နဲ့ ဘာမှ မဆိုင်ပဲ စာမှာ “ကိုယ်” နဲ့ “မာန” က အသွင်မတူတဲ့ သတ္တဝါနှစ်ကောင်လို သတ်ကြ ပုတ်ကြ..။ နောက်ဆုံးတော့ ပြန်ဖျန်ဖြေရင်း ကိုယ်တိုင်ပဲ ဒိုင်သူကြီး ဖြစ်သွားရပြန်သေးတာ”.. ဒီစာသားကို အရမ်းသဘောကျတယ် အမရေ.. မာနရှိတဲ့လူတစ်ယောက်ဟာ လူသုံးရောက် ဖြစ်သွားသလိုပါပဲ..

မန့်ရရင်တော့ တစ်ပုဒ်လုံး ပြန်ရးချမိမှာပါပဲ.. မရေးတာကြာလို့လား မသိဘူး.. ဖတ်လို့ အတော်ကို ကောင်းတယ်.. ဖွက်ထားတဲ့ဓါးကို ကြိတ်သွေးနေတယ် ထင်ပါရဲ့..

ခေါင်းစဉ်ပေးပုံလေးက အရမ်းကို ကဗျာဆန်သလို စိတ်ကူးယဉ်လည်း ဆန်တယ်..

ဂျစ်ကန်ကန် အမျိုးသမီးတစ်ယောက်တော့ မဖြစ်နိုင်ဘူး..

ခင်မင်လေးစားစွာဖြင့်
စည်သူ။

ဖိုးစိန် said...

မမငယ်လေးးးးးးးးးးးးးးးးးးးးးး



မမငယ်လေးရေးတာကို မျောက်မျောက် ရင်ဘတ်နဲ့ ဖတ်သွားတယ်...

မမရေးတာတွေက မျောက်မျောက်ပြောချင်တာတွေပါပဲလေ..


ဘာဖြစ်ဖြစ် စိတ်သန့်စွာ ချွေချလို့ အံကျလာတဲ့ စကားလုံးတိုင်းမှာ ရသတစုံတရာ ပါတယ်ဆိုတာ.......


မမငယ်လေး... မျောက်မျောက် ခရီးထွက်မှာမို့ ပျော်လွန်းလို့ ဖတ်ပြီးမန့်ဖူး...

ခု မမငယ်လေးတာဝန်ကျေသလို မျောက်မျောက်တာဝန်ကျေပါပြီး... ဟိဟိ....

ဘာမှလဲဆိုင်ဖူးနော်...


မမ နေကောင်းပျော်ရွှင်ပါစေ

ချစ်ခင်လေးစားစွာဖြင့်

မျောက်မျောက်

တာရာ said...

အခုမှရေးဖြစ်တာမကြီးရေ
ကျွန်တော်က မကြီးတို့စာတွေတိုင်းကိုခရေဇီပါ။။
အများကြီးထပ်မျှော်နေပါရစေဗျာ------

မယ်ကိုး said...

ချစ်မလေးရေ...
ဘယ်လိုမှ မအားလို့ အခုမှ လာဖတ်ဖြစ်ပါတယ်။
ချစ်မလေးရေးတဲ့ စကားလုံးတိုင်းနှစ်သက်သဘောကျ အားပေးနေသူပါ။
ထာဝစဉ် ထာဝရ...

ချစ်ညီမလေး
=)

Upasaka said...

စာကောင်း ပေမွန် တွေ လာ ဖတ် ပါ တယ် နှစ် ယောက် စလုံး က စကား လုံး နိုင်တယ် အတု ယူ နေရ ပါတယ် ဗျာ။

ငြိမ်း ချမ်း ပါစေ

ဥပသကာ

jr.လွင်ဦး said...

အမ အရမ်းကို နူးညံ့ပြီး ကဗျာဆန်တာပဲ။
အားပေးလျှက်
jr.လွင်ဦး

Anonymous said...

ကိုရင်နော်နဲ့ မခင်လေးငယ် စာတွေမဖတ်ရတာကြာပြီ အသစ်ရေးပါအုန်း။ cbox မတွေ့လို့ ဒီမှာအော်ခဲ့ပါတယ်။

TGRmg said...

အရင်အရေးနဲ့ အခုအရေး ရေးကျင့်ရှိလာလေ ဖတ်ရတာ ပိုအနှစ်ပြည့်လာလေလို့ ခံစားမိတယ်။
ကျောင်းတဖက်နဲ့မို့ အချိန်လုပြီး စာကောင်းလေးတွေ လိုက်ရှာဖတ်မိတဲ့အချိန် ဒါမျိုးလေးတွေ ဖတ်ရရင် စိတ်ထဲမှာ ပြည့်စုံသွားတယ်။ အားပေးတယ် ညီမလေးရေ... ဆက်ရေးပါ။

ဖြိုးဝေ-mmp said...

မင်္ဂလာပါ စာတွေ ရေးခဲ့ဖူးပါတယ်
စာတွေ ရေးနေပါတယ်
စာတွေ ဆက်ရေးပါဦးမယ် ဆိုပြီး လာသေးဖူးနော်

littlebrook said...

အကိုတော်နဲ့ အမတော်.ကလေးလေး ... မတွေ့မမြင်တာကြာ ... မင်္ဂလာပါ
အမရေ ... ပို့စ်လေးဖတ်သွားတယ် နံပတ်ငါး အပိုဒ်လေး လှတယ် ..း)

Yan said...

လူဆိုတာ ကိုယ့်မာနနဲ့ ကိုယ်” ဆိုတဲ့ စကား အဓိပ္ပါယ်ကို သေချာ နားလည်ပါရဲ့နဲ့ ဘာမှ မဆိုင်ပဲ စာမှာ “ကိုယ်” နဲ့ “မာန” က အသွင်မတူတဲ့ သတ္တဝါနှစ်ကောင်လို သတ်ကြ ပုတ်ကြ..။ နောက်ဆုံးတော့ ပြန်ဖျန်ဖြေရင်း ကိုယ်တိုင်ပဲ ဒိုင်သူကြီး ဖြစ်သွားရပြန်သေးတာ..။

အဲဒီ့အရေးအသားကို ကြိုက်လိုက်တာ. ပြန်ဖတ်ပြီး တော်တော်လေးကို နှစ်နှစ်ခြိုက်ခြိုက်ပြုံးနေမိတယ်.
ဟုတ်တယ်ဗျာ. ကိုယ်နဲ့ကိုယ် ပြန်တည့်အောင်နေရတာလဲ မလွယ်သားလားနော်.

စကားမစပ်.. ကိုရင်နော်ကြီး ဘာတွေလုပ်နေလဲလို့ မေးပေးပါဦး.း)

ခင်မင်လျက်

Y.

အနမ်း said...

စာရေးသူ အမျိုးသမီးတစ်ယောက်ဟာ မိခင်ကောင်း ဖြစ်နိုင်ချေရာခိုင်နှုန်း ဘယ်လောက်များရှိသလဲတော့ မသိပါဘူး။ သေချာတာကတော့ စာတွေမှာကျွန်မဟာ ဖေဖေဖြစ်သလို နူးညံ့သိမ်မွေ့တဲမေမေလည်းဖြစ် တယ်..။ သားလေးဖြစ်သလို ပါးဖောင်းဖောင်း နီတာရဲ သမီးလေးလည်းဖြစ်တယ်..။ ဆိုးနွဲ့တဲ့အစ်မ တစ်ယောက်ဖြစ်သလို စကားနည်းတဲ့ ညီမလေးဖြစ် တယ်..။ သိပ်ချစ်တတ်တဲ့ ချစ်သူဖြစ်သလို နားလည်ပေးတတ်တဲ့ သူငယ်ချင်းဖြစ်တယ်..။ သက်မဲ့ခုံတန်းလေးဖြစ်သလို ကြောင်ဖြူဖြူလေးဖြစ် တယ်..။ ခေတ်အမြင်ရှိသလို ဟိုးခေတ်ဟောင်းကို ပြန်ဆွဲသူဖြစ်တယ်..။ မင်းသမီးတစ်လက်ဖြစ်သလို ပွဲကြည့်သူသက်သက်ဖြစ်တယ်..။ ကျွန်မကို လိုလားသူဖြစ်သလို ကျွန်မကို ခေါင်းခါရှုံ့ချသူ ဖြစ်တတ်ပြန်တယ်..။ အတော်များများမှာတော့ ပေတေတေဂျစ်ကန်ကန် ခေါင်းမာသူမိန်းမတစ် ယောက်ပါပဲ..။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မစာရေးနေ ပါတယ်..။
ညီမရေ အရမ်းကောင်းတဲ့စကားလုံးတွေပါ။ ကောင်းမွန်စွာ စာတွေကိုဆက်ရေးသားနိုင်ပါစေလို့ ဆန္ဒပြုပါတယ်။ အဆင်ပြေပျော်ရွှင်ပါစေ။