Monday, January 4, 2010

နေဝင်ချိန်ပုံပြင်လေးတစ်ပုဒ်

နေဝင်ချိန်တွေကို မုန်းတီးတတ်တဲ့ လူတစ်ယောက်ဟာ
သူ့ရဲ့ နေ့ရက်တွေကို ကျော်လွန်ဖို့
နေဝင်ချိန်တစ်ခုကို တစ်နေ့တစ်ခါတော့ ဖြတ်သန်းနေရမှာပါ..။

ကျွန်မသည် နေဝင်ချိန်များကို ချစ်မြတ်နိုးသူဖြစ်ပါသည်..။ နေဝင်ချိန်ကို ရင်ခုန်သံ တမျိုးမျိုးနှင့် တလှပ်လှပ် စောင့်မျှော် ငေးကြည့်နေရခြင်းကို အင်မတန်မှ နှစ်သက်ပါသည်။ သို့သော်.. ကျွန်မသိပ်ချစ်သော သူသည် နေဝင်ချိန်များကို ခါးသီးလွန်းသူတစ်ယောက် ဖြစ်နေသည်..။ ကျွန်မနှင့် သူ့ကြားတွင် ထိုနေဝင်ချိန်များနှင့် ပတ်သက်၍ မကြာခဏဆိုသလို ငြင်းခုန်တတ်လေ့ရှိသည်။ ကျွန်မတို့ နှစ်ယောက်၏ ငြင်းခုန်ပွဲတိုင်းတွင် အနိုင်အရှုံးရယ် မရှိပါပဲ အဆုံးသတ် သွားရသည်ချည်းဖြစ်ပါသည်..။ နေဝင်ချိန်နှင့်ပတ်သက်၍ သူ့ထံတွင် ခါးသီးသော အတိတ်တချို့ ရှိနေနိုင်ခဲ့သည်ဟု ကျွန်မသုံးသပ် ပြောဆိုသည့် အခါတိုင်း ခပ်တည်တည်နှင့် ခေါင်းခါသူပင်ဖြစ်၏။ တဖန်ပြန်ပြီး ကျွန်မတွင် ချိုမြိန်သော နေဝင်ချိန်များစွာကို ပိုင်ဆိုင်ခဲ့သည်ဟု သူပြောတတ်တိုင်း ကျွန်မပြုံးကာ ဆိတ်ငြိမ်နေတတ်ပြန်သည်..။ တကယ်တမ်းတော့ ကျွန်မမှာ နေဝင်ချိန်တစ်ခုနှင့် ပတ်သက်၍ မည်သို့သော အတိတ်မျိုးမှ မရှိခဲ့ဖူးပါ။ သို့သော် နေဝင်ချိန်တိုင်းကို ကျွန်မငယ်စဉ် ကလေးဘဝကတည်းက စွဲလမ်းနှစ်သက်လွန်းခဲ့သူ သက်သက်သာဖြစ်ပါသည်..။

“နေဝင်ချိန်ဆိုတာ တနေ့တခါဖြတ်ရတာမျိုး.. ဒါဟာ သဘာဝတရား တစ်ခုပဲမဟုတ်လား မောင်ရယ်... ကျွန်မပြောတာ မှားလို့လား...” ဟု ကျွန်မက အတွန့်တက်တိုင်း သူ့နှုတ်ခမ်းလေးတစ်စုံက အရှုံးပဲပေးသလို.. ကျေနပ်မှုပဲ မရှိသလို.. အစာပဲ မကျေသလိုလေးနဲ့ ကျွန်မ ဟက်ဟက်ပက်ပက် ရယ်တိုင်း ဘုကြည့် ကြည့်တတ် သူပင်ဖြစ်သည်...။ ကျွန်မသူ့ကို ချစ်သူအဖြစ် လက်မခံသေးပဲ မိတ်ဆွေတွေ အဖြစ်နှင့် နှစ်နှစ်ခန့် နေခဲ့ဖူးကြပါသည်။ ထိုမိတ်ဆွေ သက်တမ်းသည် ရှည်ကြာခဲ့သည်ဟု ပြော၍ရသော်လည်း သူ၏ နေဝင်ချိန် မုန်းတီးစိတ်များ အကြောင်းကို ကျွန်မ သေချာမသိခဲ့သည်ကို ဝန်ခံရပါလိမ့်မည်..။

မှတ်မှတ်ရရ ပြန်တွေးပြောရလျှင် ချစ်သူသက်တမ်း ကိုးလခန့်ကြာသော နေ့တစ်နေ့တွင်ဖြစ်သည်..။ ထိုနေ့က ကျွန်မအလုပ်ပြန်ချိန်တွင် ကြိုတင်ကာ ဖုန်းလည်းမဆက် မေးလ်လည်းမပို့ပါပဲနှင့် ကျွန်မကို သူလာကြိုခဲ့ပါသည်..။ နောက်တစ်နေ့တွင် ကျွန်မကော သူပါအလုပ်နားသဖြင့် ကျွန်မတို့ နှစ်ယောက် အသားကင်ဆိုင် တစ်ဆိုင်တွင် ညစာကို အေးအေးဆေးဆေး စားဖြစ်ခဲ့၏..။ ထုံးစံအတိုင်း ကျွန်မတို့၏ အလုပ်များထဲမှ ဖိစီးမှုပေါင်းစုံကို ရယ်စရာ အလွဲများအဖြစ် ပြောင်းလဲရင်း ပြောဖြစ်ခဲ့ကြသည်။ ညဥ့်နက်နက်တွေ အထိ ကွန်ပျူတာရှေ့တွင် ထိုင်တတ်သော ကျွန်မကို စောစောအိပ်ဖို့ ပူပန်စိတ်တွေနှင့် သူအမိန့်ပေးခဲ့သည့် နေ့လည်း ဖြစ်ပါသည်..။ ပေတေမှုကို ဝန်မခံချင်တတ်သော ကျွန်မ၏ ထုံးစံအတိုင်း သူ့ကို ဆင်ခြင်မည်ဟု ကတိပေးရင်း စကားလွှဲကာ လူလည်လုပ်တော့ သိလျှက်နှင့် သူပြုံးနေပေးခဲ့သေး၏။

မကြာခင် ရောက်လာတော့မည့် ကျွန်မတို့၏ နွေရာသီ အလုပ်နားရက်ရှည်တွင် ကျွန်မနှင့်သူ ခရီးတစ်ခု ထွက်ကြဖို့တိုင်ပင် နေရာရွေးရင်း ကျွန်မ စသိရခြင်း ဖြစ်ပါတော့သည်..။ ကျွန်မ သွားချင်သည့်နေရာမှာ နေဝင်ချိန်ကို အဓိက ငေးမောရန် အကောင်းဆုံး နေရာတစ်ခုကို ရွေးချယ်မိပါသည်..။ ထိုနေရာလေးသည် နေဝင်ချိန်ကို စောင့်ကြည့်ရင်ခုန်ဖို့ တစ်ခုကလွဲလျှင် အခြားလည်ပတ်စရာ ဘာမှသိပ်မရှိသော မြို့သေးသေးလေး တစ်မြို့ပင်ဖြစ်၏..။ ကျွန်မ ရွေးချယ်မိလိုက်သော နေရာကို ပြောလျှင်ပြောချင်း ပျက်ယွင်းသွားသော သူ့မျက်နှာကို အံ့သြမှင်တက်စွာ ကျွန်မ ပထမဦးဆုံး မြင်တွေ့လိုက်ရခြင်းပင်..။

“အို... ကွာ အဲ့လိုနေရာမျိုးကို လုံးဝ မသွားချင်ပါဘူး...” ဆိုသည့် သူ့နှုတ်ကစကားသံမှာ အထိတ်တလန့် နိုင်လွန်းလှသည်ဟု ကျွန်မထင်မိပါသည်..။ သူ့မျက်နှာမှာ အတော်လေး စိတ်လှုပ်ရှားနေပြီး ဖြူဖတ်ဖြူရော်ပင် ဖြစ်လို့နေ၏။

“မောင်ပဲ ကျွန်မဘယ်သွားချင်လဲ လို့ စမေးခဲ့တာလေ....”
“ဟုတ်ပါတယ် မေရယ် ဒါပေမဲ့ တခြားတနေရာရာမျိုးလေး စဉ်းစားပါဦးကွာ..နော်..! ဥပမာကွာ မနက်ခင်း ပင်လယ်လေတွေကို တဝကြီး ရှုရှိုက်လို့ရနိုင်မဲ့ နေရာလိုမျိုးပေါ့”

သူ့စကားမှာ ကျွန်မကို တောင်းပန်နေသူလိုလို အသံလေးများပင် ဖျော့တော့လွန်းနေသည်ပဲ..။ သူ့ကို ကျွန်မဘာမှ ဆက်မကွန့်ဖြစ်တော့ပဲ အတွေးများစွာဖြင့် ရှုပ်ထွေး၍ ကျန်ခဲ့လေ၏..။ သူကိုယ်တိုင်လည်း သူ့မျက်နှာကို သူပြန်ထိန်းလိုက်ပုံရပါသည်..။

“ကောင်းပြီမောင်.. ဒါဆို တခြားတနေရာကိုပဲ ကျွန်မရွေးမယ်လေ”

အားတက်သရောနှင့် ချက်ခြင်းပင် သူခေါင်းညိတ်ပြသည်..။ တစုံတရာကို စိတ်အေးသွားသူ တစ်ယောက်လို ကျွန်မကို လှမ်းကြည့်တဲ့ သူ့မျက်လုံးများမှာ ကျေးဇူးတင် အကြည့်တွေနှင့် ပြည့်လျှံနေပြန်၏..။ ကျွန်မ နည်းနည်းလေး စကားစ စပ်စုချင်လာမိပြန်သည်..။

“ဘာလို့ ကျွန်မ ခုဏက ရွေးတဲ့ နေရာမျိုး မကြိုက်တာလဲဟင်”
“နေဝင်ချိန်တွေကို တကူးတက သွားကြည့်ဖို့ လိုအပ်လို့လားကွာ.. နေဝင်ချိန်တွေကို မောင်မုန်းတယ် နေဝင်ချိန်ဆိုတာ လူတစ်ယောက်ရဲ့ စိတ်တွေကို လေးပင်ထိုင်းမှိုင်းစေရုံ သက်သက်ပဲ”

“ဟင့်အင်း.... အဲ့လို........”
“ကဲပါ မေရယ်... ပျော်စရာကောင်းမယ့် တခြားတနေရာကို မောင်တို့သွားကြမယ်လေ”

ကျွန်မ စကားဆက်မှာကို မလိုလားအပ်သူလို စကားဖြတ်ကာ ချော့မော့သည့် ပုံစံမျိုးဖြင့် ပြောလာ၍ ကျွန်မဘာမှ ဆက်မပြောဖြစ်ခဲ့တော့။ ချစ်သူတစ်ယောက်၏ စိတ်ကို နားလည်ပေးဖို့ နောက်အကြိမ်တွေ ရောက်မှ ကျွန်မသူ့ကို အေးအေးဆေးဆေး သုံးသပ်ဖို့ ဆုံးဖြတ်မိခဲ့တော့သည်..။ ကျွန်မတွေးထင် တွက်ချက် ထားမိခဲ့သည်မှာ အချည်းနှီးသာ ဖြစ်နေခဲ့ခြင်းကို နောင်တွင်မှ ကျွန်သိခဲ့ရတော့၏..။ နေဝင်ချိန်နှင့် ပတ်သက်၍ ကျွန်မသူ့ကို မေးခွန်းများ အကြိမ်ပေါင်းများစွာ မေးခဲ့ဖူးသည်.. ပြောပြခဲ့ဖူးသည်။ နေဝင်ချိန်တစ်ခု၏ ကျက်သရေရှိသော အလှတရားများအကြောင်း စီကာပတ်ကုံး ဖွဲ့နွဲ့ကာ နားချရှင်းပြခဲ့ဖူးသည်..။ သို့သော်လည်း ကျွန်မချစ်သူ၏ “နေဝင်ချိန်မုန်း” ဝါဒကိုမူ ကျွန်မ ဖျောက်ဖျက်ဖို့ မစွမ်းဆောင်နိုင်ခဲ့သလို ဘာ့အတွက်ကြောင့် မုန်းရသလဲ ဆိုသည့် တိကျသည့် အဖြေတစ်ခုကိုလည်း ကျွန်မ လုံးဝမရရှိခဲ့ပါ..။ ထိုအရာသည် ကျွန်မ၏ ညံ့ဖျင်းလွန်းမှု တစ်ခုလေလား..။ ကျွန်မကိုယ်တိုင်ပင် အဖြေရှာ မရတော့သည့်နောက် လက်လျှော့မိတော့၏..။

ဒီလိုနဲ့ပဲ နေဝင်ချိန်များ အကြောင်း တတ်နိုင်သ၍ စကားမစမိအာင် ကိုယ်စီထိန်းသိမ်းရင်း နေလာခဲ့ကြတာ နှစ်တွေ အတော်ပင်ကြာခဲ့ပြီ..။ ကျွန်မ၏ စိတ်ထဲတွင် အလိုမကျမှုတစ်ခု စတင် ကိန်းအောင် သန္ဓေတည်ခဲ့သည့် သက်တမ်းမှာလည်း ထိုနှစ်အချို့ပင်ဖြစ်ပြန်၏..။ ထိုကိစ္စကို ဖော့ဖော့လေးတွေးကာ မေ့ပစ်နိုင်ဖို့ကိုသာ ကျွန်မအားသန်ခဲ့ပါသည်..။ ကျွန်မနှင့်သူ၏ ချစ်သူသက်တမ်း သုံးနှစ်ခန့်ရှိလာသော အချိန်တွင် သူက လက်ထပ်ခွင့် တောင်းခဲ့လေသည်..။ ချစ်သူဖြစ်စ အချိန်မှစ၍ သူသည် ကျွန်မအပေါ်တွင် နားလည် ကြင်နာကာ တာဝန်ကျေခဲ့သူပင်ဖြစ်၏..။ အကျင့်စာရိတ္တနှင့် ပတ်သက်သမျှတွင်လည်း နာမည်ကောင်းတစ်ခု အမြဲရတတ်သူဖြစ်၍ ရိုးရှင်းစွာပင် ကျွန်မခေါင်းညိတ် လက်ခံခဲ့ပါသည်..။ ကျွန်မ၏ မိဘနှစ်ပါးမှာ ကျွန်မတို့အကြောင်း သိပြီးသား ဖြစ်နေသောကြောင့် ခွင့်ပြုချက်ကိုလည်း မခက်ခဲပါပဲ ရရှိခဲ့ပြန်သည်..။

ကျွန်မတို့ လက်ထပ်ပြီးလျှင် နေထိုင်စရာ သင့်တင့်သော အိမ်သေးသေးလေး တစ်လုံးကို ကျွန်မစိတ်ကြိုက် ရွေးချယ်ခွင့် ရရှိခဲ့သည်..။ ထပ်ခိုးလေးပါသော အိမ်လေးတစ်လုံးမှာ ဆန်းပြားမှုကင်းကာ ရိုးရှင်းသန့်ပြန့် မှုတွေနှင့် ကျွန်မကို ဆွဲဆောင်နိုင်ခဲ့၏..။ ထပ်ခိုးပေါ် အခန်းလေးမှ အမိုးများကို မှန်ထူပြားများဖြင့် မိုးကာထားခြင်းဖြစ်၍ ထိုမှန်များမှ ဖြာဆင်းလာသော နေရောင်များက ကျွန်မတို့ကို ပွေ့ဖက်ခွင့်ရမည်..။ သည်းထန်နေသော မိုးစက်များ ပြေးလာရိုက်ခတ်သည်ကို သဘာဝနီးနီး ကျွန်မတို့ခံစားနိုင်သလို လသာသည့် ညမျိုးတွင်လည်း မှန်ပြတင်းကို ဖြတ်လာမည့် လရောင်တွေကို သွယ်ဝိုက်သော နည်းအားဖြင့် ချိုးခွင့်ရနိုင်ပြန်သည်..။ ရာသီဥတု သာယာကာ အပူချိန် သင့်တင့်လျောက်ပတ်သည့် နေ့မျိုးများတွင် ထိုမှန်အမိုးများကို တခါးပေါက်များသဖွယ် ဖွင့်ဟထား၍လည်း ရနိုင်သေးသည်..။ ကျွန်မ တစ်ယောက်ထဲရှိနေမည့် နေဝင်ချိန်များတွင်လည်း ကျွန်မစိတ်တွေ ရွက်လွှင့်ခွင့် ရနိုင်သေးသည် ဟု တွေးမိတော့ ကျွန်မပြုံးရင်း တိုးသဲ့သဲ့ သက်ပြင်းချမိပြန်၏။ ကျွန်မ အတွေးများကို သူသည်ကြိုသိကောင်း သိနေနိုင်ပါသေးသည်..။

“ဒီထပ်ခိုး အပြင်ဆင်လေးနဲ့တင် ဒီအိမ်လေးကို မေ.. ရွေးမယ်လို့ မောင်ထင်ခဲ့ပြီးသား..” ဟု ကျွန်မ လက်တွေကို ဆုပ်ကိုင်ပြောရင်း နှုတ်ခမ်းတစ်စုံကို တင်းတင်းစေ့ကာ ပြုံးတတ်သည့် သူ့အကျင့်လေးအတိုင်း သူပြံုးနေခဲ့ပါသည်..။ တကယ်တမ်းတော့ ထိုအိမ်လေးကို ကျွန်မရွေးချယ်ခြင်း မဟုတ်ပဲ မောင်ကသာ အရင်ကြိုရွေးခဲ့ခြင်း ဖြစ်သည်ဟု ကျွန်မတွက်ဆ လိုက်မိသေးသည်ပဲ..။ ကျွန်မသည် ဒုတိယရွေးချယ် ခေါင်းညိတ်သူသာ ဖြစ်၏..။ ဘယ်လိုပဲဖြစ်ဖြစ် အရာအားလုံးအတွက် ကြည်နူးကာ ကျွန်မသူ့ကို ကျေးဇူးတင်မိပါသည်..။

“ဒီထပ်ခိုးလေးက မေ.. စာရေးစာဖတ်ဖို့ စာကြည့်ခန်းလေးနဲ့ ကွန်ပြူတာခန်းလေး လုပ်ပေးမယ်..!!”
“ဟင့်အင်း.. မောင့်ဂစ်တာတွေနဲ့ မောင်လွတ်လွတ်လပ်လပ် ဂစ်တာတီးဖို့ စတူဒီရိုလေးပဲ လုပ်ပါမောင်ရယ်... နော်..!!”

ကျွန်မတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် ဦးစားပေးနေရင်း နောက်ဆုံးတော့ နှစ်ဦးလုံးနှင့် သက်ဆိုင်သည့် အိပ်ခန်းလေးလုပ်ရန် သဘောတူ ပြေလည်သွားခဲ့ကြပါသည်..။ ထိုအိမ်လေးကို ပိုက်ဆံချေသောနေ့တွင် သူ့ဘေးမှာ ကျွန်မအတူ ရှိနေခဲ့သည်..။ ထိုနေ့သည် မှတ်မှတ်ရရ မိုးသည်းထန်စွာ ရွာနေခဲ့သော ဇွန်လတစ်လ၏ ပထမဦးဆုံး အပတ်တွင်ဖြစ်သည်..။ အိမ်ဝယ်စာချုပ်တွင် ကျွန်မနာမည်နှင့် ချုပ်ဆိုမည် ဆိုခြင်းကိုမူ ကျွန်မကြိုတင် မသိခဲ့ပါ..။ ကျွန်မသည် မည်သည့် ဥစ္စာပစ္စည်းမျိုးကိုမျှ လိုချင်မက်မောမှု မရှိတတ်ခြင်းကို သူအသိဆုံးပင်ဖြစ်၏..။ ထွေထွေထူးထူး ဟန်လုပ်ငြင်းပယ်စရာ မရှိသော သူနှင့်ကျွန်မကြားတွင် နာမည်တွေ စာချုပ်တွေက ဘာမှအရေးမကြီးပါ..။ ကျွန်မတို့ နှစ်ယောက်အတွက် ထိုကိစ္စမှာ သာမန်မျှသာ ဖြစ်ခဲ့ရပါသည်..။

နံနက်ခင်းမှစ၍ နေ့လယ်ခင်းတစ်ခုလုံး သည်းထန်စွာ ရွာခဲ့သောမိုးမှာ ညနေလေးနာရီခန့်တွင် တိတ်သွားခဲ့ပြီ..။ တိမ်သားကင်းစင်သည့် ကောင်းကင်မှာလည်း နေရောင်တွေနှင့် ပြာလဲ့လို့ ပြန်လည်လှပနေသည်..။ ကြည်နူး ရင်ခုန်ခြင်းတွေ ကိုယ်စီနှင့် ကျွန်မအိမ်ကို သူပြန်ပို့ပေးခဲ့ပါသည်..။ ကျွန်မတို့နေထိုင်ရာ တိုက်ခန်းလေးရှေ့က လမ်းပေါ်ရောက်တော့ ညနေ ငါးနာရီကျော်ခန့်ရှိနေပြီ။ လူသူရှင်းနေတတ်သည့် လမ်းသွယ်လေးကလည်း တိတ်ဆိတ်ငြိမ်သက်လို့ပါပဲ..။ ကျွန်မကို ထားပြီး သူပြန်ခါနီးတော့ ကျွန်မနဖူးလေးကို ငုံ့နမ်းရင်း...

“မေနဲ့ အတူတူမက်မယ့် မောင်တို့ အိပ်မက်တွေ အတွက်အေးအတူ ပူအမျှ ကြိုးစားကြမယ်နော်...”

ကျွန်မ လေးနက်ခြင်းတွေနဲ့ ခေါင်းညိတ်ပြတော့ ကျွန်မဆံပင်တွေထဲကို သူ့ဘယ်ဖက်လက်လေးနဲ့ ဖွကစား စနောက်ပြီး နှုတ်ဆက်ပြန်သွားခဲ့သည်..။ သူ့ကားလေး ကျွန်မမြင်ကွင်းမှ ကွယ်ပျောက်သွားချိန်တွင် သူ့ဆီမှ ဖုန်းတစ်ကောလ် ဝင်လာခဲ့ပါသည်..။ ပဟေဠိဆန်နေသော သူ့စကားများကြောင့် ကျွန်မ မသိစိတ်က စိုးရိမ်အံ့သြမှုတွေနှင့် ထိတ်လန့်ကာ တိတ်ဆိတ်စွန့်အ နေခဲ့ခြင်းအတွက် ပေါ့ပေါ့ပါးပါး သူအော်ရယ် နေခဲ့သေးသည်..။

“မေသိပ်ချစ်တဲ့ နေဝင်ချိန်တွေကို ခံစားဖို့ ဒီညနေ နေဝင်ချိန်ကို တဝကြီးကြည့်ဖို့ မောင်သွားနေတာ... အံ့သြနေတာလား မေ.. မောင် မေ့ကို အရမ်းချစ်တယ် ဆိုတာ.....”
“မောင်......”

တုန်ရီ တိုးသဲ့လွန်းနေသော ကျွန်မခေါ်သံလေး မဆုံးမှီမှာပင် မောင့်ဘက်မှ ဖုန်းချသွားခဲ့လေသည်..။ ကျွန်မကို သူပျော်စေချင်ခဲ့တာလား..!! ဒါမှမဟုတ် ကျွန်မကို တစ်ဘဝလုံးစာ ငိုကျွေးခြင်းတွေထဲမှာ ပြစ်ချခဲ့ လိုက်တာလား..!! ကျွန်မကို နေဝင်ချိန်အတွက် နောင်တတစ်ခုကိုပေးဖို့ အကွက်ချ စီစဉ်ခဲ့ခြင်းလေလားး..!! သေချာတာကတော့ နေဝင်ချိန်ကို မြတ်နိုးလွန်းတဲ့ ကျွန်မကို နေဝင်ချိန်တစ်ညနေမှာပဲ မောင်အပြီးအပိုင် ထားသွားခဲ့လေသည်..။ မထင်မှတ်သည့် နေ့တစ်နေ့သည် သွေးအေးစွာနှင့် ကျွန်မကို စောင့်ကြိုနေခဲ့သည် ဆိုခြင်းကို သာမန်ပုထုဇဉ် တစ်ယောက် အနေနှင့် သိနိုင်ခဲ့ခြင်း မရှိသည်မှာ သိပ်မဆန်းကျယ်ဟု တွေးဖြေရမည်လား ကျွန်မ ဘာကိုမှ မသိရှိနိုင်တော့..!! အလဲလဲ အပြိုပြိုကျွန်မခန္ဓာနဲ့ အသက်မျှင်းမျှင်း ရှုနေပါလျှက် တစ်ဘဝလုံးစာ သေဆုံးခြင်းတွေထဲမှာ ကျွန်မကို သူထားခဲ့ပြီဖြစ်သည်..။ ကျွန်မနေထိုင်ရာ ကမ္ဘာလောကထဲကို ဘယ်တော့မှ ပြန်မလာနိုင်တော့သည့် လမ်းကို မောင် ထွက်ခွာသွားခဲ့လေသည်..။

မောင်သွားခဲ့သော တောင်တက်လမ်းလေးတွင် တင်ကျန်နေခဲ့သော မိုးရေစက်တွေက ကားတာယာများကို အထိမ်းခက်ရ လောက်အောင်အထိ ချောမွေ့နေခဲ့သည်လား..!! နေဝင်ချိန်အမှီ တောင်ထိပ်တစ်ခုဆီ အမှီရောက်ဖို့ ကားကိုအမြန်ဆုံးနှုန်းနဲ့ မောင် မောင်းသွားခဲ့ခြင်းလေလား..!! ဒါမှမဟုတ်... နေညိုချိန်တွေရဲ့ ဆွဲငှင်ခေါ်ဆောင်ရာကို မောင့်ရဲ့ မသိစိတ်တွေကိုယ်တိုင်နဲ့ ကျေကျေနပ်နပ် လိုက်သွားခဲ့တာများလား..!! အမှန်တရားသည် ဘယ်မှာရှိနေပါလဲ..!! သေခြင်းတရားကို မှတ်ရှု့ဖို့ ကြေကွဲဖွယ် တိုက်ဆိုင်တစ်ခုမှုနှင့် ရင်းကာ ချပြ သင်ကြားပေးခဲ့သည်လား..!! မောင်ကိုယ်တိုင်ပဲ ဖြေနိုင်မည့် အဖြေတွေအတွက် ကျွန်မတစ်ဘဝလုံးစာ သူ့ကိုမေးခွန်းထုတ်ခွင့် မရှိတော့ပြီ.။ နေဝင်ချိန်ကို မုန်းတီးလွန်းသူ သူသည် နေဝင်ချိန်တစ်ခုမှာပဲ လောကကြီးထဲက အပြီးအပိုင် ထွက်ခွာသွားခဲ့ပြီဖြစ်၏။

နေဝင်ချိန်များကို မြတ်နိုးနှစ်သက်လွန်းသူ မိန်းမတစ်ယောက်မှာလည်း နာကျည်းခြင်းတွေနှင့် နေဝင်လာမှာကို ကြောက်နေမိတတ်သူအဖြစ် ဆန့်ကျင်ဘက်ဆီသို့ လုံးဝ ပြောင်းလဲသွားခဲ့ပြီဖြစ်သည်..။ မောင့်ဘယ်ဖက်လက်လေးက ဖွကစားသွားတဲ့ ကျွန်မဆံနွှယ်များရဲ့ အထိတွေ့လေးတွေ.. ပြီးတော့ မောင့်အပြုံးတွေ.. မောင့်အနမ်းဖွဖွတွေကို ရရှိခြင်းမှာ ထိုညနေခင်းသည် ကျွန်မအတွက် နောက်ဆုံးဖြစ်ခဲ့ရသည်..။ မောင့်ဘေးမှာ အတူတူရှိနေရင်း သူ့ရှေ့တွင် အိမ်စာချုပ်အတွက် ရေးထိုးခဲ့သော ထိုးမြဲလက်မှတ်လေးသည် ကျွန်မအတွက် နောက်ဆုံးအကြိမ်သာ ဖြစ်ခဲ့ပါသည်...။ မောင်နှင့်ကျွန်မ အတူတကွ ရေးထိုးမည့် လက်မှတ်လေးများအတွက် မည်သည့် လက်ထပ်စာချုပ်မျိုးမှ ကျွန်မဆီ ရောက်လာနိုင်တော့မည် မဟုတ်..။

“ရောင်းရန်မဟုတ်.. ငှားရန်လည်းမဟုတ်..!!”

ဆိုင်းဘုတ်လေး တစ်ခုချိတ်ဆွဲတားသည့် ကျွန်မတို့နှစ်ဦးအလာကို စောင့်မျှော်နေသော သက်မဲ့ အိမ်လေးတစ်လုံးမှာလည်း နွယ်ပင်တွေအထပ်ထပ် ရစ်ပတ်ရင်း ညှိုးနွမ်းခြောက်သွေ့လွမ်းဆွတ် နေပါလိမ့်မည်..။ နေဝင်ချိန်ကို ကျော်လွန်လို့ ညဥ့်နက်နက်တွေမှာ အိမ်လေးရဲ့ ထပ်ခိုးလေးပေါ်က ဂစ်တာသံလေး တိုးညှင်းညှင်းများ လွင့်ပျံ့နေလေမလား..!! ကွန်ပျူတာ ခလုပ်တွေကို တချက်ချက် နှိပ်ဆော့ရင်း စာရေးနေသံက တိတ်ဆိတ်တဲ့ သန်းခေါင်ယံမှာ ခြောက်ခြားဖွယ် တိုးထွက်နေမှာလား..!! ဒါမှမဟုတ် အမျိုးသမီးတစ်ယောက်နဲ့ အမျိုးသားတစ်ယောက်ရဲ့ စနောက်ကြည်စယ် ငြင်းခုံပွဲလေး တစ်ခုဆီက ခိုးခစ်ခစ် ရယ်သံလေးတွေများ..!!

ပေါင်းပင်တွေကြားထဲမှ အိမ်လေးတစ်လုံးနှင့် ဆံနွယ်တွေရှုပ်ထွေးကာ ပိန်လှီလွန်းနေသာ အမျိုးသမီးတစ်ဦးမှာ အဖြေမရှိသည့် နေဝင်ချိန် ပဟေဠိပုံပြင်တစ်ပုဒ်ကို တုန်လှုပ်စွာ ဖတ်ရင်းပါပဲ......။ ရာသီတွေ အလီလီပြောင်းကာ.. နှစ်တွေဟောင်းနွမ်း ဆွေးမြေ့လို့ အိုမင်းရင့်ရော်ခြင်းတွေကို ရင်မှာ ထွေးပိုက်ရင်း မျက်ရည်စတွေနှင့်သာ.......။

(ခင်လေးငယ်)

29 comments:

ခရေညို said...

လွမ်းစရာကောင်းလိုက်တာနော်။

ဒဏ္ဍာရီ said...

နေ၀င်ချိန်တွေအတွက် အမှတ်မထင် လွမ်းစရာ ဇတ်လမ်းလေး တပုဒ်ဖြစ်သွားခဲ့ရတာပေါ့နော်။ တခါတလေ သိပ်မြတ်နိုးတဲ့ အရာတွေဟာ သိပ်ပြီးတော့လည်း နာကျည်းစရာတွေ ဖြစ်ရတတ်သလိုပဲ။ မမခင်လေးရဲ့ ဒီပိုစ့်လေးဖတ်ပြီး ရင်ထဲမှာ တကယ်စိတ်မကောင်းဖြစ် ထင်ကျန်ခဲ့တယ်။ တဘ၀စာလုံးအတွက် အမှတ်တရတွေပေါ့လေ။

စာအရေးအသား ကောင်းလွန်းတဲ့ အတွက် အဖြစ်အပျက်လေးနဲ့ အဲဒီအိမ်လေးကို မျက်လုံးထဲမှာ တကယ်ပုံဖေါ်ကြည့်လို့ ရသွားတယ် မမခင်လေး။ အမြဲတမ်း အားပေးနေပါတယ်။

ခင်မင်လေးစားလျှက်

TayZar said...

အစ်မခင်လေးငယ်
လေးစားစွာဖြင့်၂ခေါက်ဖတ်သွားပါတယ်၊
ကိုရင်နော်နဲ့မတူတဲ့အရေးအသားရယ်
ဝတ္တုတိုတစ်ပုဒ်ရဲ့အားကောင်းတဲ့ဆွဲဆောင်မှုရယ်က ကျနော့်ကို၂ခါဖတ်မိသွားစေတာပါ၊ ၊

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ..

တကယ့်အဖြစ်အပျက်ကို ရေးနေတယ်လို့ ထင်နေတာ။ စိတ်ကူးလေးနဲ့အတူ စာသားညက်ညက်ညောညော နဲ့ စွဲဆောင်မှုအားကောင်းစွာ ရေးဖွဲ့နိုင်သူတွေမို့ ကိုရင်နော်ဘဲ ရေးရေး.. မခင်လေးငယ်ဘဲ ရေးရေး.. စာသားလေးတွေ လေယူလေသိမ်းလေးတွေ အရမ်းကို အားကောင်းပါတယ်။
ဖတ်နေရင်းနဲ့ နေ၀င်ချိန်တွေကို မမက်မောတဲ့ အကြောင်းတစ်ခုကို ရေးဖွဲ့လိမ့်မယ်လို့ ထင်နေခဲ့တာ.. နောက်ဆုံးတော့ အရမ်းကို လွမ်းစရာကောင်းလောက်အောင် ရေးဖွဲ့ခဲ့တယ်နော်။

ခင်မင်စွာဖြင့်
ကိုမျိုး

နှင်းဆီပန်းချစ်တဲ့ ကောင်မလေး said...

ဝမ်းနည်းသွားတယ်မမရယ်။
ပို့စ်လေး ကောင်းလွန်းတော့ ဆုံးသွားတာတောင် မသိလိုက်ဘူး။

Vista said...

အဆွေးတွေ မရေးပါနဲ့  စိတ်မကောင်းစရာ ဟင့်

မေဇင် said...

နေ၀င်ချိန် ကို တကယ်တော့...နှစ်ယောက်တူတူ သွားကြည့်သင့်တာပေါ့...။ ဒါဆို လမ်းမှာ...အန္တရယ် ဖြစ်နိုင်မယ်ထင်ရင်...ပြန်လှည့်ကြဖို့ ထိန်းပေးမယ့်လူ ပြောမယ့်သူ ရှိမယ်...ဒါမှ မဟုတ် သေအတူပေါ့...ခုတော့ လွမ်းကျန်ရစ်တာက သေသွားတာထက်ဆိုးမယ် ထင်တယ်...း(

တောင်ပေါ်သား said...

တီငယ် ဘာတွေ ဆွေးနေတုန်း စာက ဖတ်ရင်းနဲ့ ကိုယ်တိုင်တောင် လွမ်းသလိုလိုဖြစ်လာတယ်း(

လေးစားလျက်
တောင်ပေါ်သား

မမသီရိ said...

ခင်လေး ရေ

အလွမ်းတွေနဲ့ မိန်းမတယောက် အတွေးထဲ
ထင်းထင်း ကြီးလာပေါ် လို့..

မေနိုင်း said...

မခင်လေးရဲ့ အရေးအသားလေးက ဆွေးစရာလေးနော်။ ဇတ်လမ်းလေးက အရေးအသားကောင်းလို့လား မသိဘူး အရမ်းကို အသက်ဝင်လိုက်တာ။ ဖတ်ရင်းနဲ့ ဘယ်လိုပြီးသွားမှန်းတောင် မသိလိုက်ဘူး။

ဒီဘလောဂ့်လေးမှာ စာတွေလာဖတ်ရတာ မတူညီတဲ့ အရေးအသားတွေနဲ့ စာဖတ်သူကို သုတ၊ ရသ အရသာတွေကို စုံလင်စွာ ခံစားရပါတယ်။ အခုလိုမျိုး စာဖတ်ရကျိုးနပ်တဲ့ ဘလောဂ့်လေးအတွက် စာဖတ်သူတွေကိုယ်စား ကိုရင်နော် မခင်လေးငယ် တို့ကိုလည်း ကျေးဇူးအထူး တင်ရှိပါတယ်။

ခင်မင်စွာဖြင့်

Anonymous said...

သို့ မခင်လေးငယ်

မခင်လေးငယ် ဝတ္တုဖတ်ရတာ အရသာတမျိုးကို ရတဲ့ အတွက် နှစ်ခြိုက်ပါတယ်။
ဂျူးအရေးအသားနဲ့ ဆင်သလိုရှိပင်မယ့် ကွဲတာကိုလည်း မြင်ရပါတယ်။
သေသပ်တဲ့အရေးတွေနဲ့ အဆုံးသတ်သွားတာကိုလည်း ချီးယားစ်လုပ်ပါတယ်။
ဝါရင့်စာရေးဆရာမတဦးလိုလေးစားရင်း ခင်မင်လျှက်----

ParParRarZi

ချော (အစိမ်းရောင်လွင်ပြင်) said...

အလွမ်းတွေတနင့်တပိုးနဲ့ လွမ်းမောပြီး ဖတ်လိုက်ရပါတယ်..ဆွဲဆောင်မှု ကောင်းလှတဲ့ အရေးအသားနဲ့ ညက်ညောလှတဲ့ စာလုံး အသုံးလေးတွေကို ချီးကျူးမိပါတယ်..နေ၀င်ချိန်တွေကို မြင်တိုင်း သတိရနေဦးမဲ့ ၀တ္ထုလေးတစ်ပုဒ်ပါ

ကိုလေး said...

မင်္ဂလာနှစ်သစ်ကူးပါခင်ဗျာ။
ဒီဆိုက်က ပို့စ်တွေကိုဖတ်ရှူအားပေးသွားပါတယ်။ ကျွန်တော့ သမ္မာဒိဌိ ဆိုက်ကိုလည်းဖိတ်ခေါ်ပါတယ်ဗျာ။

ကျောပိုးအိတ် said...

တီငယ်ရေ

ဖက်နေရင်းနဲ့ လွမ်းလာတယ်နော်။ သမီးလဲနေ၀င်ချိန်ကိုကြည့်ရတာ ၀ါသနာပါတယ်။ ဒါပေမယ့် ဇာတ်လမ်းထဲကလို့ နေ၀င်ချိန်ကိုမုန်းတဲ့ ယောင်္ကျားတော့ ရှိဘူးတော့။
အဟိ

နှစ်သစ်မှာ တီငယ်ရော ကိုရင်နော်ရော အားလုံးရွှင်လန်းနိုင်ပါစေလို့ ။

ချစ်ခြင်းအားဖြင့်
ပိုးလေး

မိုးမောင် said...

လွန်ခဲ့တဲ့ရက် ဆွေးနွေးစဉ်တုန်းက နေ၀င်ချိန်ကို မုန်းတီးသူတစ်ယောက်နဲ့ ဖွဲ့တည်ထားတဲ့ဇာတ်ဟာ ရေးရခက်လိမ့်မယ်ဆိုတာ သိလျှက်နဲ့ သေသေသပ်သပ်ချပြနိုင်တာ အံ့သြလေးစားမိပါသည်။ ခံစားချက်ရော စကားပြေဖွဲ့စည်းမှုပါ အရမ်းကိုလှပပါသည်။ စိတ်ကူးယဉ်ဇာတ်လမ်း ဆိုပေမယ့် အပြည့်အ၀ လက်ခံနိုင်စွမ်းရှိပါသည်။

ခင်မင်လေးစားလျှက်..

နန်းညီ said...

ရိုက်ဖူးတဲ့ ဓာတ်ပုံတစ်ပုံကို သွားသတိရတယ်.. ပြန်ရှာပြီးရင်ပေးမယ်..

ကိုချစ်ဖေ said...

ကိုရင်နော်နဲ့ မခင်လေးငယ်ရေ..
ဆီဆားအရောင်အနံ့ပါတဲ့ စာလေးဖတ်သွားပါတယ်.မတူညီမှုများအတွက် အပြီးလမ်းခွဲသွားတဲ့ ဇတ်လမ်းတပုဒ်ကို လွမ်းမောစွာ သင်ခန်းစာယူဖွယ်ရာ ဖတ်သွားပါတယ်

ဟဲ..ကိုချစ်ဖေရဲ့မသောင်းညွန့်ဆို အဲ့လို စာရေးတတ်မှာမဟုတ်ဘူး သူကတော့ မနက်ကော ညနေကော တမျိုးစီကြိုက်သတဲ့..တော်.ရေ..တဲ့.

ဖိုးမောင်(Happycloud) said...

မခင်ရေ... လာဖတ်သွားပါတယ်ဗျာ... ခုမှလာဖြစ်လို့ စောရီးပါဗျာ... အရေးကောင်းလို့မျောသွားပါတယ်...
နောက်ထပ်ပိုစ့်ကောင်းလေးတွေလည်းမျှော်နေလျှက်ပါဗျာ...

လေပြေ said...

မျက်ရည်မကျမိအောင်ထိမ်းထားရတယ်....
တီလေးငယ်ရေ.....

ပိုးဟပ်လေး said...

ကောင်းလွန်းလို့ မျက်ရည်တောင်ဝဲတယ်ဗျာ

မယ်ကိုး said...

ချစ်မလေးစာလေးကို အလုပ်တွေ များပေမယ့် အသက်မနည်းရှုပြီး စာလာဖတ်ပါတယ်။
အသက်ရှုရပ်သွားပါတယ် =)
စာလေးကောင်းလိုက်တာ ချစ်မလေးရယ်။စာလေးတွေ မျှော်နေမယ်နော်။


ချစ်တဲ့
ညလေး

jr.လွင်ဦး said...

မခင်လေး..
အမ၀တ္ထုတိုလေး ကောင်းလိုက်တာ..
ဒါပဲပြောတတ်တယ်။
ခင်မင်လျှက်
ဂျူ

ကိုလူထွေး said...

တချို့က အမှတ်တရနေ့တွေမှာ တဦးဦးကို ဆုံးရှုံးလိုက်ရလို့ အဲဒီနေ့ပြန်ရောက်တိုင်း နင့်နင့်နဲနဲ ခံစားကြရတယ်...

ဝတ္ထုထဲက ဇာတ်ကောင်ကတော့ နေဝင်ချိန်ရောက်တိုင်း ဖြေမဆည်နိုင် ခံစားနေရတော့မှာပဲ...

လသာည said...

စာလာဖတ်သွားပါတယ်.ရှင်။ အရမ်းကို ဆွဲဆောင်မှုကောင်းလွန်းတဲ့ လွမ်းဆွေးဖွယ်ဇာတ်လမ်းလေးပါ..

ရွှေပြည်သူ said...

ဇာတ်လမ်းရဲ့ဆွဲခေါ်ရာကို အပြီးထိ ရင်မောစွာနဲ့ မျောပါသွားမိတယ် မခင်လေးငယ်ရယ်။ ဖတ်ပြီးတော့ “စာရေးကောင်းလိုက်တာ” လို့ ပါးစပ်က ပြောမိတယ်...

ko min nyo said...

မခင်လေးငယ်ရဲ့ စာတွေကို အရမ်းကြိုက်တယ် ဒီလိုရသတွေ ပေးနိုင်တဲ့ဘလော့ကို အမြဲလာဖတ်ပါတယ် အသစ်ရေးပါအုန်း

ရွှန်းလဲ့ said...

ကြိုက်တယ်..

ခရေငယ် said...

ရင်ထဲမှာ မောပြီးကျန်ခဲ့တယ်ဗျာ . .

Melvall said...

နေဝင်ချိန်တွေကို ချစ်မိသွားတယ်...