Monday, June 16, 2008

“လွမ်းတဲ့ည..”

ကျမ သူ့ကို တမ်းတနေမိပါတယ်.... သူကရော ဒီလို အချိန်လေးမျိုးမှာ..!! သက်ပြင်းတွေ နဲ့ ကျမ ရင်းနှီးနေခဲ့တာ အတော် ကြာခဲ့ပြီ။ နံရံမှာ ကပ်ထားတဲ့ ပြက္ခဒိန် ဟောင်းလေးလည်း နှစ်တွေချို့လို့ရယ်။ အပြင်မှာ နှင်းတွေ အရမ်းကျနေတယ်.. သူရှိနေတဲ့ နေရာလေးမှာရော... နှင်းတွေကျနေမှာလား...!! မိုးတွေများ ရွာနေမလား...!! သစ်ရွက်တွေများ ကြွေနေမှာလား...!! ဒါမှမဟုတ် သစ်ကိုင်း ခြောက်လေးပေါ်မှာ နားနေတဲ့ ဥသြငှက်လေး တစ်ကောင်ကောင်များ ရှိုက်ငိုလို့ နေနေမှာလား..။

ယုံကြည်နေချင်ပါတယ်....... ကျမ လိုဘဲ သူလည်း တမ်းတ နေတယ်ဆိုတာကို....!! ဆုံမှတ်မရှိ မျဉ်းပြိုင်လေး နှစ်ကြောင်းပေါ်မှာ ကိုယ်ဆီ ရှိနေကြတဲ့ ဘဝ.... တိတ်တိတ်လေး တမ်းတနေဖို့ တစ်ခုကိုသာ ပိုင်ဆိုင်နိုင်တာ။ နာရီကို မော့ကြည့်မိတော့ သန်းခေါင်ကျော်လို့နေပြီ။ ဒီလိုဆို ကျမစိတ်တွေ ဟိုးအဝေးဆီကို မျောလွင့်နေခဲ့တာ ကြာနေပြီပေါ့...။ အခု.. သတိထားမိပေမဲ့ ထိမ်းချုပ်လို့ လည်း မရပြန်ဘူး... ထပ်မျောနေချင်မိ သေးတယ်။ ငေါင်တောင်တောင်နဲ့ ထရပ်ပြီး Long Coat ရှည်ကြီး ကိုဝတ်.. လက်အိပ်လေးကိုစွပ်.. ဖိနပ်အရှည်ကြီးကို စီး.. ဖိနပ်စင်လေး ဘေးမှာချိပ်ထားတဲ့ ထီးတွေထဲက အကြီးဆုံး ထီး တစ်ချောင်း ကိုယူခဲ့တယ်။

အိမ်အပြင်ကို ရောက်တော့ ထီးမဖွင့်သေးတဲ့... ကျမ ပါးပေါ်ကို ဖွဖွလေး လာရောက်နှုတ်ဆက်တဲ့ နှင်းမှုံလေးတွေကို လက်လေးနဲ့ စမ်းမိရင်း သူပြောဖူးတဲ့ စကားလေး တစ်ခွန်းကို သတိရလိုက် မိသေးရဲ့.... “နှင်းတွေထဲမှာ မင်း လက်လေးကို ဆွဲပြီး လမ်းလျှောက်ခွင့်ကို ဘဝမှာ တစ်ခါလောက်တော့ ရချင် မိတယ်..” တဲ့။ ကျမဘေးနားမှာ ရှင်သာ ရှိနေခဲ့မယ် ဆိုရင် ဘယ်လောက် ကောင်းမလဲ..!! ဒီ လက်အိပ်တွေတောင် လိုအပ်မယ် ကျမ မထင်ဘူး.. ရယ် လို့ တစ်ယောက်ထဲ တီးတိုး ညဉ်းတွားမိတာ သူကြားနိုင် မှာလားကွယ်..။

ခြံဝင်းတံခါး ကိုပြန်ပိတ်လို့ ညာဖက်ကို ချိုးရင်း ခြေစ လှမ်းတယ်။ ကျမရဲ့ ဦးတည်ရာ နေရာလေး တစ်ခုဆီကိုပါ။ နှင်းတွေကပို သည်းလာသလိုဘဲ။ ကျမနေထိုင်တဲ့ နေရာလေးက ညအချိန် မိန်းကလေး တစ်ယောက်ထဲ ထွက်ရင်တောင် အန္တရာယ် မရှိနိုင်တဲ့ ရပ်ကွက်လေး ဆိုပါတော့။ ပုံမှန်ဆိုရင် ခြောက်မိနစ်ခန့်သာ လမ်းလျှောက်ဖို့ လိုအပ်ပေမဲ့ ခုလိုနှင်းတွေ ထဲမှာတော့ ဆယ့်ငါးမိနစ်စာ လောက် လမ်းလျှောက် ရလိမ့်မယ်။ ည အချိန်မတော်ကြီးမှာ Coffee ဆိုင်လေးတစ်ခု ဆီကို ဦးတည်နေတဲ့ ကျမလို မိန်းမ နောက် တစ်ယောက်ယောက်လည်း ရှိနေနိုင်ပါသေးတယ်။ လမ်းဘေးက မီးတိုင်လေးတွေမှာ နှင်းတွေ ဖုံးနေပေမဲ့ လိုအပ်တဲ့ အလင်းရောင်တွေ ရှိနေတယ်..။ ဆိုင်လေးကို ခပ်လှမ်းလှမ်းမှာ မြင်နေရပြီဘဲ..။

ကျမနားမလည်တဲ့ ဘာသာစကား တစ်ခုနဲ့ မှည့်ထားတဲ့ ဆိုင်လေးက နှင်းတွေထဲမှာ ငြိမ်သက်လို့ပေါ့။ ဆိုင်လေးရှေ့ တံခါးလေးကို တွန်းဝင်လိုက်တာနဲ့ ညက်ညောလှတဲ့ စန္ဒရားတီးသံ တိုးတိုးလေးကို စကြားရတယ်.....။ ဆိုင်ထဲကို ဝေ့ဝဲကြည့်မိတော့ ကျမလိုလူ သုံးလေးယောက် ရှိနေပါတယ်..။ စားပွဲတစ်လုံး မှာနေရာယူ မိတော့ Table No.4 တဲ့.. ကျမပြုံးမိသေးတယ် ထင်ပါတယ်။ ဒီဆိုင်လေးက ထူးထူးဆန်းဆန်း စားပွဲဆယ့်သုံးလုံး ရှိတယ်....။ တစ်ဆိုင်လုံး မီးရောင် မှိန်မှိန်လေး ထွန်းထားတယ်။ စားပွဲလေး တစ်လုံးဆီပေါ် မှာတော့ ပြာလဲ့လဲ့ ဖယောင်းတိုင် ပုပုလေးတစ်တိုင်ဆီ တင်ထားတယ်..။ ဆိုင်ရဲ့ အလည်ခေါင်တည့်တည့်မှာ စန္ဒရားအကြီးကြီး တစ်လုံး ရှိနေတယ်... ပြီးတော့ မီးလင်းဖိုကြီး တစ်ခုလည်း ရှိတယ်။

အပြင်ကို လှမ်းမြင်နိုင်တဲ့.. မှန်ပြတင်းပေါက် အကြီးကြီးတွေ သာရှိတဲ့ နေရာတွေမှာ စားပွဲလေး ဆယ့်သုံးလုံးကို နေရာချထားတယ်။ လိုက်ကာတွေ အားလုံးကို ဖွင့်ပေးထားတယ်..။ ဆိုင်ရဲ့ အပြင် ပတ်ပတ်လည်မှာ ထင်းရှုးပင်တွေ စိုက်ထားတယ်။ အဲဒီ အပင်တွေကို အောက်ခြေ ကနေ အစိမ်းရောင် မီးလုံးကြီးတွေနဲ့ ပင့်ပြီး Light Up လုပ်ပေးထားတယ်..။ ဆိုင်က ဆိုဖာလေးပေါ်မှာ ကျောလေးမှီပြီး ခပ်လျော့လျော့လေး ထိုင်နေမိတဲ့ မိန်ကလေး တစ်ယောက်..။ ဘယ်လိုနေရာမှာ ရှိနေမယ် မရှိဘူး ဆိုတာတောင် ကိုယ်တိုင် မမြင်သိနိုင်တဲ့ ချစ်သူတစ်ယောက်ကို တမ်းတရင်း မေတ္တာငတ်မွတ်နေခြင်းဟာ အပြစ်ကင်း ပါတယ်..။

“နှင်းတွေကျနေတာ လှလိုက်တာ..” လို့ ခံစားဖို့... အားအင်တွေ ပျောက်နေတယ်.. ဟော... စန္ဒရား တီးသံ နည်းနည်း ကျယ်လာ သလိုဘဲ...။ တေးသွားကို အာရုံစိုက်မိတော့.. ကျမ သိပ်ကြိုက်တဲ့ “If We Hold On Together” ဆိုတဲ့ သီချင်းလေး။ ကျမ အသက်ရှုဖို့ ခဏ မေ့သွားတယ် ထင်ပါတယ်.....။ လောကကြီးကိုပါ  ကျမဟာ ခဏ မေ့ထားချင် သူပါ။ အခု ခဏရဲ့ အတွေး ကမ္ဘာလေးထဲ မှာ သူနဲ့ အတူ ရှိနေခွင့်လေး တစ်ခုတော့ ကျမ ပိုင်ဆိုင်ထားနိုင်သေးတယ် မဟုတ်လား...။

(ခင်လေးငယ်)

9 comments:

ဒီဇင်ဘာနှင်း said...

ခင်လေးရယ် ခင်လေးလိုပဲ တစ်နေ့နေ့တော့ တစ်ယောက်ယောက်နဲ့နှင်းတောထဲမှာ လမ်းလျှောက်ထွက်ချင်တယ်ကွယ်

တာတူး(၀ါ) အမေ့ခံလူတစ်ယောက် said...

အဲဒီ အလွမ်း ဆိုတာကလည်း တော်တော် သက်ဆိုးရှည်တဲ့ အရာပဲနော်။
လွမ်းရတဲ့ ညတွေ လွန်ပါစေ လို့ဆုတောင်းပေးပါတယ် ခင်လေးငယ်ရယ် ။

ပေဖူးလွှာ said...

မခင်လေးလုပ်တာ ရည်းစားမရှိပဲနဲ့ ယောင်ပြီး လွမ်းနေတယ်။ @.@

မင်းကျန်စစ်။ said...

ဖြုတ်ကိုက်ခံရတဲ့ပို့စ်ကို ဖတ်ပီးမှ ဒီပို့စ် (လွမ်းတဲ့ည) ကို ဖတ်လိုက်တော့ လွမ်းရခက်ကြီး ဖြစ်သွားတယ်ကွ။ ရယ်ချင်တာက များသွားတယ်။ နောက်တခါမှ ဟိုကောင်လေးထက် သာအောင်ရေးကွ။

Heartmuseum said...

ကျွန်တော်လည်း အဲဒီသီချင်း အရမ်းကြိုက်တယ်။ အလွမ်းစာကတော့ ဟီးးးးး
ထန်းရေနဲ့ ရောသွားလို့ နောက်တခေါက်မှပဲ လွမ်းတော့မယ်။

ရွှန်းမီ said...

အင်း.. ကိုရင်နော်ကြီးက ပိုးစုန်းကြူးနဲ့ မယ်ဒလင် အဖိုးကြီးနဲ့ ရှေ့က လွမ်းပြသွားတာကိုး..
မခင်လေး ရေးတာ ကောင်းပါတယ်..
အဲလို ညလုံးပေါက် ဖွင့်တဲ့ ကော်ဖီဆိုင်တွေ ရှိရင် မီ အမြဲ အားပေးဖြစ်မယ်ထင်တယ် =) . . .

eitar said...

အိမွန်တာလည်းအဲဒီသီချင်းလေးကြိုက်တယ်....:D

3D Crazy said...

ကိုရင်နော်ရဲ့ ပိုစ့်ကို အရင်ဖတ်လိုက်မိတယ်ဗျာ။
လွမ်းတဲ့ခံစားမှုလေး ကိုသိပ်မရတော့ဘူး ဖြစ်သွားတယ်...

မေတ္တာရောင်ပြန်ဆိုတာ said...

မမခင်လေးရေ ........ လွပ်လွပ်လတ်လတ်နဲ့ ချစ်တဲ့သူကို လွမ်းနေခွင့်လေး ရှိပါတယ်နော်။ တရားတယ်လို့လည်း ထင်ပါတယ်။ သီချင်းလေးနဲ့ ခဏတာ လောကကြီးကထွက်ပြီး လွမ်းနေလိုက်ပေါ့နော်။

လေးစားလျှက်
ရောင်