Tuesday, August 5, 2008

တစ်ခါက နိုဝင်ဘာဆီသို့... (၅)

“ဝေးး ချီးယား(စ်)” ကျမ ဘယ်ဖက်ဘေးက လာတဲ့အသံ..။ “ဗုဒ္ဓေါ...” ဒါ... “မိစု” အသံ.. ကျမမျက်လုံးပြူးသွားတယ်..။ လှမ်းကြည့်လိုက်တော့ စုစု၊ ပိုးပိုး နဲ့ သူ့ မိတ်ဆွေ အန်ကယ်ကြီးတို့...။ လက်ထဲမှာ ခွက်သေးသေးလေးတွေ ကိုယ်စီကိုင်ထားကြတယ်။ ဆိုင်ရဲ့အဝင် ဘယ်ဖက်ဘေး ဒေါင့်လေးမှာ သစ်သားခပ်ကြမ်းကြမ်းနဲ့ ရိုက်ထားတဲ့ စားပွဲရှည်တစ်လုံး.. အဲဒီစားပွဲပေါ်မှာ ထန်းရည်မြူအိုးလေးတွေ တင်ထားတယ်..။ ဧည့်သည်တွေကို ထန်းရည်အစစ် မြည်းကြည့်ဖို့ တင်ပေးထားတာ...။ ရေနွေးကြမ်းခွက်လောက် မရှိတရှိ စတီးခွက်လေးတွေကို ထန်းလက်တွေနဲ့ ယက်လုပ်ထားတဲ့ လင်ဗန်းလေးပေါ်မှာ မှောက်ပြီးစီပေးထားတယ်..။ ဘေးမှာ ထန်းလျှက်ခဲလေးတွေ ထည့်ထားတဲ့ သစ်သားဇလုံရယ် နှမ်းလှော်လေးတွေ ထည်ထားတဲ့ ပန်းကန်လေးတစ်ချပ် လည်းရှိနေတယ်။

စားပွဲဘေးမှာ ဆိုင်က အမျိုးသမီးကြီးတစ်ယောက် ရပ်နေပါတယ်။ ညာဖက်ဘေးဆုံးမြူကအချို ဒီဖက်က နှစ်မြူကအခါး ဆိုပြီးရှင်းပြနေတာပေါ့..။ အန်ကယ်ကြီးရဲ့ ဥရောပသံ ခပ်နှောနှော ဝဲတဲတဲ အင်္ဂလိပ်စကားကို ကနေဒါမှာ တစ်နှစ်လောက် သွားနေဖူးတဲ့ “ပိုးပိုး” က ခေါင်းတွေညိတ်လိုညိတ် ခါလိုခါနဲ့ စကားလက်ဆုံကြလို့ပေါ့။ “မိပိုး” က “စုစု” ကို ဘာသာတွေပြန်ပေးနေလေရဲ့..။ သူတို့ဘေးရောက်သွားတဲ့ ကျမကို သနပ်ခါးဘဲကြားနဲ့ “စုစု” က အိမ်ရှင်လိုလို မျက်နှာပေးနဲ့ ခွက်လေးတစ်ခွက်လှမ်းပေးပါတယ်။ ကျမဘေးမှာ ပါလာတဲ့ သူ့ ကိုလည်း အန်ကယ်ကြီးက လှမ်းပေးနေတယ်။ ဘီယာနဲ့ အရက်ဆိုတာကို လုံးဝမကြိုက်ပေမဲ့ ဘယ်နိုင်ငံမှာမှ မရနိုင်တဲ့ ထန်းရည်နံ့မွှေးမွှေးလေးရဲ့ ဆွဲဆောင်မှုကြောင့် “စုစု” လက်ထဲက ခွက်လေးကို လှမ်းယူလိုက်မိပါတယ်။

အန်ကယ်ကြီးက သူ့လက်ထဲကခွက်ကိုမြှောက်ရင်း “Everybody ကမ်ပိုင်” ဆိုပါလား..။ ကမ်ပိုင်..!! ဒီစကားကို အရမ်းသွက်တဲ့ “မိစု” ချက်ချင်း သင်ပေးလိုက်တာဘဲဖြစ်ရမယ်။ ခွက်လေးကို ကိုင်ထားရင်း ဆိုင်ကအဒေါ်ကြီးကို မျက်လုံးလေး ကလယ်ကလယ်နဲ့ လှမ်းကြည့်လိုက်တော့ သူက “အချိုပါ” လို့ ကျမမေးမဲ့ မေးခွန်းကို ကြိုသိနေသလို မေးလေးဆပ်ပြီး ဖြေပေးပါတယ်။ ဘေးမှာရပ်နေတဲ့ သူ့ကိုမော့ကြည့်မိတော့ ကျမကို ပြုံးပြီးကြည့်နေတယ်။ ဘယ်တော့မှ မေ့လို့ရနိုင်မယ် မထင်တဲ့ ထန်းရည်မြည်းတဲ့ ပျော်ရွှင်ဖွယ်နေ့လေးပါဘဲ...။

တိုတောင်းလွန်းတဲ့ အချိန်အတိုင်းတာတစ်ခု အတွင်းမှာဘဲ ဟန်ဆောင်ခြင်းကင်းတဲ့ သဘာဝတရားရဲ့ ထွေးပိုက်ယုယမှုတွေအောက်မှာ အသံတိတ် စကားပေါင်းများစွာကို ဖလှယ်ခဲ့ကြတယ်ဆိုတာ ရှင်ရောကျမပါ ငြင်းနိုင်မယ် မထင်ပါဘူး..။ အကြည့်တွေနဲ့ မျက်လုံးတွေထဲမှာရှိနေတဲ့ ဘာသာစကားတစ်ခုကို ကျမတို့နှစ်ယောက်လုံး အလိုလို နားလည် နေခဲ့ကြသလိုဘဲလေ..။

“ကျမတို့တော့ သွားနှင့်ပြီနော်” လို့ နှုတ်ဆက်ရင်း ပုပ္ပါးဘက်ကို ဆက်ထွက်ခဲ့ကြပါတယ်..။

တောင်တက်လမ်းလေးတွေကို ကွေ့ကာဝိုက်ကာနဲ့တက်ရင်း ပုပ္ပါးကိုတောင် ရောက်လာခဲ့ပါပြီ...။ ဦးလေးမြင့်က တောင်ခြေက နတ်ကွန်းတွေရှေ့မှာ ကားကိုရပ်ပေးပါတယ်။ နတ်နဲ့ပတ်သက်တဲ့ ယြုံကည်ကိုးကွယ်မှု အကြောင်းကို ဟိုတယ်က မထွက်ခင် မနက်စာစားရင်း “စုစုနဲ့ပိုးပိုး” ကို ပြောပြထားခဲ့ပြီးသားဆိုတော့ သူတို့ တော်တော်သိနေကြပြီ။ ဦးလေးမြင့်က ပုပ္ပါးမတက်ခင် ဝက်သားမစားရဘူးလို့ မှာထားတော့ ယုံတာမယုံတာ အပထား မနက်စာ စားကတည်းက သူတို့ကို ရှောင်ခိုင်းထားရသေးတယ်..။ မျက်လုံးလေးတွေ ပေကလပ်ပေကလပ်နဲ့ ကျမမှာတမ်းကို သဘောတွေကျရင်း နားထောင်ပေးခဲ့ကြတာလေ..။ မျောက်လေးတွေကို အစာကျွေးရင်း စကားတပြောပြောနဲ့ ကျမတို့သုံးယောက် တောင်ပေါ်စ တက်ကြပါတယ်။

စတက်ပြီး ဆယ့်ငါးမိနစ်လောက် အရောက်မှာ “ဘိုးဘိုးကြီး” နတ်ကွန်း အကြီးကြီးတစ်ခု ရှိပါတယ်။ နတ်ကွန်းထဲမှာထိုင်ရင်း ပန်းဆက်သွားဖို့ ခေါ်နေတဲ့ ဝဖိုင့်ဖိုင့် နတ်ကတော် အခြောက်ကြီး တစ်ယောက်ရဲ့ အသံကြောင့် “စုစုနဲ့ပိုးပိုး” က စိတ်ဝင်တစားနဲ့ အဲဒီထဲကို ဝင်သွားခဲ့ပါတယ်...။ ကျမနည်းနည်းတော့ စိတ်ညစ်သွားတယ်။ ကျမလည်း လိုက်ဝင်ရတော့မယ်လေ..။

“မာမီသန်း” လို့ခေါ်တဲ့ နတ်ကတော်ကြီးက အင်္ဂလိပ်စကားကို အတော်လေး ပြောနိုင်တယ်။ ပွဲထိုးသွားဖို့ “ဆွယ်” တရားဟောနေတာပါ..။ နားထောင်အပြီးမှာတော့ “မိစု” က လက်လေးဖြန့်ပြီး
“ပိုက်ဆံပေးပါ” တဲ့။ သူတို့ ပွဲဆက်ချင်တယ်ပေါ့... သူတို့ဆန္ဒလေးတွေကို ကျမ မတားချင်ပါဘူး...။ ဘာဘဲဖြစ်ဖြစ် ဒါဟာ လျှုတမ်းခြင်းတစ်ခုဘဲလို့ ဖော့တွေးရင်း ကျမထုတ်ပေးလိုက်ပါတယ်။


“မာမီသန်း”က ပါးစပ်က ပွစိပွစိတွေရွတ်ရင်း သပြေခက်တွေ၊ ပန်းခက်တွေနဲ့ သူတို့ခေါင်းတွေကို တဖြန်းဖြန်းနဲ့ ရိုက်လို့ ဆုတွေပေးနေတယ်..။ ခေါင်းလေးတွေငုံ့ရင်း ငြိမ်နေကြတဲ့ “စုစုနဲ့ပိုးပိုး” တို့ ပုံစံလေးတွေကို ခပ်လှမ်းလှမ်းက ကြည့်နေမိတဲ့ ကျမ... အတော်လေးပြုံးချင်နေမိတယ်..။ ပွဲဆက်အပြီး တောင်ပေါ်ကို ဆက်တက်ခဲ့ပါတယ်။ တောင်ပေါ်မှာ ဘုရားရှိခိုး၊ ရှုခင်းတွေကြည့်နဲ့ ကြည်နူးပျော်ရွှင်စရာ အချိန်လေးတစ်ခုဖြစ်ခဲ့တယ်။ တောင်ပေါ်ကပြန်အဆင်း ဦးလေးမြင့်ကားဆီရောက်တော့ ဆယ့်နှစ်နာရီ ထိုးကာနီးနေပြီ..။ နေ့လည်စာ ကိုတော့ ပုဂံရောက်မှဘဲ စားကြမှာဆိုတော့ ပုပ္ပါးကနေပြန်ထွက်ခဲ့ပါတယ်...။

“ဟို လူလေးတို့ကားတောင် ပြန်နှင့်တာကြာပေါ့... သူတို့က တောင်လယ်အထိဘဲ တက်ကြတယ်ပြောတယ်” လို့ ဦးလေးမြင့်က ကျမကိုလှမ်းပြောပါတယ်..။ “သြော်...” ကျမအတွေးထဲကို သူရောက်လာခဲ့ပါတယ်...။ ဘာရယ်လို့ မသိတဲ့ ခံစားချက်နဲ့ သူ့ပုံရိပ်တစ်ချို့က ကျမ အတွေးထဲကို.. ရင်ထဲကို ငွေ့ငွေ့လေး တိုးဝင်လာပြန်တယ်....။ ရှင့်အတွေးထဲမှာရော ကျမများရှိနေလေမလား...!!

မထင်မှတ်တဲ့ တွေ့ဆုံမှုမှာ အရာတစ်ခု ငြိတွယ်ကပ်ပါလာတတ်တယ် ဆိုတဲ့ခံစားမှုမျိုး... ဒါဟာကျမဘဝမှာ ပထမဦးဆုံး..။ စာတွေနဲ့ နပမ်းလုံးရင်း ရင့်ကျက်တဲ့ အရွယ်လေးတစ်ခုကို ပိုင်ဆိုင်ခဲ့ချိန်အထိ ခုလိုလှုပ်ရှားမှုမျိုး မရှိခဲ့တာအမှန်ပါ...။ သေချာနေပါပြီ.. ရှင်နဲ့ပတ်သက်တဲ့ အတွေးတွေက ကျမစိတ်ကို လှုပ်ရှားစေခဲ့ပြီဆိုတာ...။

“ဒီနေ့ နေ့လည်စာကို ဟင်းစုံတဲ့ မြန်မာဆန်ဆန် ဆိုင်လေးတစ်ခုမှာ စားချင်တယ်”
ဆိုတဲ့ “ပိုးပိုး” စကားကြောင့် အတွေးတွေကိုဖြတ်ရင်း ဦးလေးမြင့်ကို အဲလိုဆိုင်မျိုးကို ပို့ပေးဖို့ ပြောလိုက်ပါတယ်။ အပြန်လမ်းက ဘယ်ကိုမှ မဝင်ဘဲမောင်းတာဆိုတော့ ပုဂံကိုပြန်ရောက်တာ အတော်လေးမြန်တယ်။ ဦးလေးမြင့်က “တိုးတိုးဝင်း” ဆိုတဲ့ မြန်မာထမင်းဆိုင်လေးမှာ ရပ်ပေးပါတယ်။ ကားပေါ်ကအဆင်း ဆိုင်ထဲကိုအဝင်... ဆိုင်အဝင်ဝကို မျက်နှာမူပြီး ထိုင်နေတဲ့ အန်ကယ်ကြီးနဲ့ ကျောပေးထားတဲ့ သူ...။


အန်ကယ်ကြီးက လှမ်းပြီးနှုတ်ဆက်တော့ သူက လည်ပြန်ကြည့်ရင်း အံ့သြဝမ်းသာသွားတဲ့ မျက်နှာလေးနဲ့ ထရပ်တယ်...
“ဟာ.. ပြန်လာကြပြီလား.. ကိုယ်တို့နဲ့ တစ်ဝိုင်းထဲ ဝင်စားပါနော်”
သူ့လိုဘဲ အန်ကယ်ကြီးကလည်း အားလုံးကိုအတူတူစားဖို့ အတင်းခေါ်နေတယ်။ “ပိုးပိုးနဲ့စုစု” ရဲ့ တစ်ပြိုင်နက်ထဲ ခေါင်းအညိမ့်မှာ သူက ခုံလေးတွေကို ဆွဲထုတ်ပေးရင်း ကျမတို့အတွက်နေရာ စီစဉ်ပေးပါတယ်..။ ဝမ်းသာပြီး ပျော်သွားတဲ့ သူ့မျက်ဝန်းထဲက အရိပ်တွေကို ကျမဖတ်နိုင်နေသလိုဘဲ...။ အချိန်တိုတိုလေး အတွင်းမှာ ဘာလို့များ ကျမ သူ့မျက်ဝန်းထဲက စကားတွေကို ဒီလောက်ထိ နားလည်မိသွားရတာပါလဲ...!!

ဆက်ရန်...

(ခင်လေးငယ်)

15 comments:

ကိုရင်နော် said...

ဟဲ့ ခင်လေး..
ငါ့ကတိနဲ့ငါမို့ ဘားမှ မဝေဖန်ရတာ ဒီပိုစ်ဖတ်ပြီး ငါတော်တော် ဝေဖန်ချင်နေတာ ဟီးးး... နင်ကလည်း တော်တော်ရေးတတ်.. နောက်ဆုံးအပိုဒ်မှာ ထမင်းစားပြီထင်တာ.. နင်ဟာလေ.. စားခိုင်းလိုက်တာမဟုတ်ဘူး.. ကောင်းခန်းရောက်မှရပ်လိုက်တယ်.. အကျင့်ပုတ်ကြီးးး..
ဟဲ့ နင့်ဟာကလည်း လုံးချင်းဝထ္ထုထုတ်လို့ ရတော့မယ်.. ဘယ်နှစ်ပိုင်းရေးဘို့ ကျန်သေးတာလဲ.. အမြန်ရေး.. တစ်ပိုင်းရေးပြီး နောက်တစ်ပိုင်းက ပေါ်ကိုမလာတော့ဘူး..
ကိုးရီးယားဇတ်ကားလိုဖြစ်နေပြီ.. ငါနင့်ပိုစ်ထဲမှာ ကြော်ငြာတွေလိုက်ရေးမှထင်တယ် တစ်ပိုဒ်ပြီးရင် ကြော်ငြာတစ်ပိုဒ်.. ဟဟား...

ကောင်းကင်ကို said...

ပို့ စ်ဖတ်ပြီး ထန်းရည် သောက်ချင်စိတ်တွေ ပေါ်လာတယ်ဗျို့  :D

ပုဂံကို excursion သွားတုန်းက တိုးတိုးဝင်း မှာ ဘူဖေး စားဖူးတယ်။ ချိုမြိန်တဲ့ အတိတ် တွေကို ပြန်သတိရလာပြီ။ ဟီးဟီး :D

Republic said...

မခင်လေး ...မာမီသန်းရွတ်တဲ့ ပွစိပွစိတွေ ကို ..တိချင်လို့ ၊ မေးလ် ပို့ပေး ၊၊ ကိုရင် ဘယ်လိုသဘောရလဲဂျ ၊၊

အရေးအသားက ရှယ်ပါပဲ ..မခင်လေးရေ ၊၊ အားလုံးကောင်းတယ်ဗျာ ၊၊ များများရေးဗျာ ၊၊ ခဏလေး နဲ့ ဖတ်တာ ကုန်သွားလို့ဗျ ၊၊

ကိုရင်နော် said...

ကိုလစ်ရေ... ကျုပ်လည်းပြောချင်နေတာ.. ကျုပ်ရေးလိုက်ရလို့ကတော့ ဒင်း နိုဝင်ဘာ တော့ ဇောက်ထိုးဖြစ်တော့မယ်.. ကတိပေးထားရလို့ပေါ့ကွာ မဟုတ်လို့ကတော့ မာမီသန်းလို ပွစိပွစိဖြစ်သွားမယ်..

ကိုသက်နောင်(phoeniz) said...

မခင်လေးကို ပြောရဦးမယ်....
ပညာတွေ အကုန်မထုတ်နဲ့ ဗျ..
သတင်းသဲ့သဲ့ကြားတယ်...
လွန်းထားထား ငိုနေတယ်တဲ့

"တိုတောင်းလွန်းတဲ့ အချိန်အတိုင်းတာတစ်ခု အတွင်းမှာဘဲ ဟန်ဆောင်ခြင်းကင်းတဲ့ သဘာဝတရားရဲ့ ထွေးပိုက်ယုယမှုတွေအောက်မှာ အသံတိတ် စကားပေါင်းများစွာကို ဖလှယ်ခဲ့ကြတယ်ဆိုတာ ရှင်ရောကျမပါ ငြင်းနိုင်မယ် မထင်ပါဘူး.."

ကောင်းလိုက်တဲ့ အရေးအသား...လန်ထွက်နေတာပဲ။
တစ်ခုတော့ ရှိသား...ကိုရင်နော် ကြီးက ငြင်းချင်နေပုံပဲ... ဟားဟ :) :D :P

mathetzin said...

လောကကြီး
နာကျင်မှုတွေ
စွန့်လွှတ်ရမည့် အရာများ
ရွှင်လန်းချမ်းမြေ့ပါစေ...

ဆောင်း said...
This comment has been removed by the author.
တားမြစ် ထားသော... said...

မခင်လေး... စိတ်မဆိုးချင်ဘူးနော်။ နောက်တပိုဒ် မြန်မြန်လုပ်။
မဟုတ်လို့ကတော့ ကိုရင့်ကိုပဲ အားပေးလိုက်တော့မှာ... ဟဲဟဲ။

myatnoe said...

မြန်မြန်လေးလုပ်ပါဗျို့

Tea said...

အခုမှပဲ လာတော့တယ်.. ဘယ်မလဲ ၆ :)

လားရှိုးသူ said...

waiting for post 6!!!!!!!!!!!!

ပေဖူးလွှာ said...

မခင်လေးကလဲ အစားအသောက်ခန်းကျမှ တိတိဖြတ်ထားရတယ်လို့။ ဘာတွေစားခဲ့လဲဆိုတာတော့ ရေးသင့်တာပေါ့နော်။ :D

ဝေလေး said...

မိုက်တယ် မိုက်တယ်..
မမရေ... ဆက်ရန်ကိုမျှော်နေမယ်...
မမအရမ်းတော်တာပဲ.. :)

မေတ္တာရောင်ပြန် said...

မမခင်လေးရေ ..... အပိုင်း (၁) ကနေ (၅) အထိ တညတည်း အပြီးထိုင်ဖတ်လိုက်တယ်နော်။ ခရီးသွား မှတ်တမ်းလေးရယ် ပုဂံဆည်းဆာ အလှလေးရယ်နဲ့ မမရဲ့ဇတ်လမ်းလေးကို ဖေါ်ကျူးထားတာ အရမ်းကို ကလောင်စွမ်းထက်တယ်နော်။ မမရဲ့ ရင်ခုန်သံတွေရဲ့ ဇတ်သိမ်းလေးကို စောင့်မျှော်ရင်း ...

လေးစားလျှက်
ရောင်

သြချိ said...

မခင်လေး
ဒါ ၂၀၀၈ ခုနှစ်ကတည်းကဟာနော်။
ညီမ ဒီထိပဲတွေ.တယ်။ ဇာတ်သိမ်းဘယ်မှာလဲဟင်။
ရှာလို.မတွေ.ဘူး....ဇာတ်သိမ်းရှိသေးရင် ပြောပါဦးနော် အစ်မ။