Friday, July 10, 2009

မုန်တိုင်းလွန်စ နေ့တစ်နေ့


မေရေ... ဒီနေ့တော့ ဝယ်လို့ရနိုင်တာလေးတွေ လိုက်ဝယ်ဖို့ ဈေးသွားမှဖြစ်မယ်... အခြေအနေက ဘာမှန်းမသိဘူးလေ.. အဝတ်လဲကွာ.. မေနဲ့သမီးကို ဈေးမှာ ခဏချထားခဲ့မယ်... ဘဘကြီးတို့အိမ်နဲ့ ကြီးမြတို့အိမ်အတွက် သောက်ရေနည်းနည်း သွားပို့ပေးမှဖြစ်မယ်.. ဓါတ်ဆီကလည်း ထုတ်လို့ရမှာ မဟုတ်သေးဘူး.. ဓါတ်ဆီပတ်ရှာဝယ်ပြီး အပြန်မှ ဈေးကို ဝင်ခေါ်မယ်နော်..”
ဆိုတဲ့ သမီးအဖေရဲ့ စကားသံ အရှည်ကြီးအဆုံးမှာ..

“ဟုတ်...”
ဟု ခေါင်းကို ဆတ်ကနဲ ညိတ်ရင်း အိပ်ရာ နိုးကာစ ဆံပင်စုတ်ဖွားလေးနဲ့ သမီးကိုပါ အင်္ကျီလဲပေးလိုက်သည်..။

“ဇင်မာရေ အစ်မနဲ့လိုက်ခဲ့ရမယ်နော်.. အိမ်နောက်က တံခါးတွေသေချာပိတ်.. ဦးဦးကားပေါ် ရေတင်နေတာလည်း ကူလိုက်ပါဦးကွယ်...”
ဟု ဇင်မာ့ကို လှမ်းပြောရင်း မကြာမီပင် အပြင်ထွက်ဖို့ သမီးရော ကျွန်မပါ အဆင်သင့်ဖြစ် နေခဲ့ပြီ…။

မုန်တိုင်းအလွန် နေ့များထဲမှ ပထမဦးဆုံး အပြင်ထွက်ခြင်းပင် ဖြစ်သည်။ တနေ့ကတိုက်သွားတဲ့ မုန်တိုင်းက တကယ်ကို သွေးပျက်ချောက်ချားစရာ။ လှမ်းမြင်ရတဲ့ မြင်ကွင်းတိုင်းက ရင်ထဲကို မချိမဆန့် ဝင်လာနေသည်။ ပြိုလဲနေသော ညောင်ပင်ကြီးတွေ၊ ဓါတ်တိုင်ကြီးတွေ၊ လွင့်စင်ပြန့်ကျဲနေသော သွပ်ပြားတွေ၊ အစိတ်စိတ်အမွှာမွှာ ဖြစ်နေသော မှန်ကွဲအပိုင်းအစတွေ၊ အပုံ့လိုက် ပြိုပျက်နေသော အိမ်သေးသေးလေးတွေ၊ မြင်မြင်သမျှ အားလုံးက စိတ်မကောင်းစရာအတိ..။ “ကို..” ကတော့ ဘီးလေးဘီး လှိမ့်၍ရလို့သာ ကားဟုခေါ်လို့ရသော ကားစုတ်လေးကို သတိထားရင်း အပျက်အစီးတွေကို ကွေ့ဝိုက် မောင်းနှင်နေသည်..။

အချို့နေရာရေလျှံ၊ အချို့နေရာမှာ လမ်းတွေပိတ်နဲ့ ဈေးသို့ တော်တော်နှင့်မရောက်နိုင်..။ ကျွန်မ မျက်လွှာကိုချကာ ဘုရားစာတချို့ တ၀က်ကိုရွက်ဆိုရင်း လိုက်ပါခဲ့သည်။ မြင်နေကြမဟုတ်တဲ့ မြင်ကွင်းတွေက ငါးနှစ်သာရှိသေးတဲ့ သမီးလေး အတွက်တော့ အသစ်အဆန်း ဖြစ်နေသည်ထင်၏။ အင်မတန်သွက်လက်တဲ့ သမီးလေးတောင် မျက်လုံးလေး အ၀ိုင်းသားနှင့် ငြိမ်သက်လွန်းနေသည်ပဲ။ သမီးလေး အတွေးမှာ စိုးရိမ်ထိတ်လန့်မှုတွေများ ကျန်ရှိနေလေဦးမလား..!! ကျွန်မ ကိုယ်တိုင်ကတော့ မီးစက်လေးနှင့် မနေ့က ရေလေးနည်းနည်း တင်၍ရလိုက်သော တိုက်ခန်းကျဉ်းလေးကို ကျေးဇူးတင်နေမိသည်။

“တစ်ပတ်စာနီးနီးတော့ လောက်မှာပါနော်..”
ဆိုတဲ့ “ကို့” အသံကြားမှ ပိုက်ဆံအိတ် ပါးပါးလေးကို ငုံ့ကြည့်ကာ နွမ်းလျ ဖျော့တော့စွာဖြင့်.....
“အင်း..”
ဟု ဖြေရင်း သက်ပြင်းအချမှာပင် ဈေးရောက်နေပြီဆိုတာ သတိထား မိတော့သည်။

သမီးလေးကို မတတ်သာလို့သာ ခေါ်ခဲ့ရပေမယ့် နောင်တက ရချင်ချင်။ အပြိုအပျက်များကြားတွင် ရအောင်ဖွင့်ထားသော ဈေးလေးကတိုးမပေါက်..။ အလုအယက် ကြပ်သိပ်ရှုပ်ထွေးစွာနှင့် ဆူညံလို့နေသည်။ သမီးလေးလက်ကို တင်းနေအောင်စွဲယူရင်း အပူတွေ ကိုယ်စီထွေးပိုက်ထားသည့် လူတွေကြား တိုးဝှေ့ဝင်ခဲ့သည်။ ကြက်ဥတစ်လုံးကို ၃၅၀ ကျပ်တဲ့ ကုန်ဈေးနှုန်းက တစ်ခါမှ မကြားဖူးတဲ့ အဆင့်ကို ခုန်တက်သွားပြီ။ လက်ထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသော နွမ်းဖတ်ရိသဲ့နေသည့် တစ်ထောင်တန် အဟောင်းလေး ငါးရွက်ကို ကျွန်မ ဖြန့်ကြည့်မိ လိုက်သေးသည်။ ရှိတာလေးနှင့် ရသလောက် အမြန်ဆုံး တိုးဝယ်ပြီး ပြန်ထွက်ရုံသာ..။

“တစ်ပတ်စာလောက်တော့..” ဟု ပြောသွားခဲ့သော “ကို့..” စကားကို သတိရမိရင်း ကျွန်မ ဝယ်လို့ရလိုက်တာက သုံးရက်စာပင် မရှိပေ။ အတွေးများစွာနှင့် သက်ပြင်းကိုဖွဖွချရင်း ဈေးမှအထွက် မထင်မှတ်တဲ့ မြင်ကွင်းလေးတစ်ခုက ကျွန်မရင်ဝကို လာဆောင့်သည်။ မြောင်းဘေးက မြေကြီးပေါ်မှာ ထိုင်နေကြသော မည်းညစ်ချောက်ကပ်နေသည့် ကလေးငယ်နှစ်ယောက်..။ အရိုးပေါ်အရည်တင် မျက်နှာလေးက ကြေကြေကွဲကွဲနှင့် ကျွန်မကို စိုက်ကြည့်နေ၏။ လိုအပ်တာထက် ပိုပြူးနေသည်ဟု ထင်ရသည့် မျက်လုံးလေးတစ်စုံက ကျွန်မကို ကျောက်ရုပ် တစ်ရုပ်ဖြစ်သွားစေသည်။ အကြီးမလေးက သူ့မောင်လေးဟု ယူဆရသော ကလေးငယ်၏ ကျောကုန်းကို ကုတ်ပေးနေသည်။ ခြင်ဖုလေးတွေကို ကုတ်ရင်း ကြီးလာဟန်တူသော အနာလိုလို အပိန့်အကြီးကြီးတွေနှင့် ကလေးငယ်က ယားလွန်း၍လား ဆာလောင်၍ လားမသိ... ကျယ်လောင်စွာ အော်ဟစ်ငိုယိုလို့ နေသည်။

“ဘုရား.. ဘုရား..!! သူတို့မိဘတွေရော..!! သူတို့မောင်နှမ..!! ပြန်စရာအိမ်..!! စားစရာ...!! ဟင့်အင်း..!!” ကျွန်မ အာခေါင်တွေ ခြောက်ကပ်ကွဲအက် လာလိုက်တာ အသက်ရှူလို့ပင် မဝတော့။ သမီးလေးလက်ကို ပိုမိုတင်းနေအောင် ဆုပ်ကိုင်လိုက်သည်။ ပါသမျှလေးနှင့် သုံးရက်စာမရှိတရှိ ဝယ်လာသော ကြွပ်ကြွပ်အိတ် အကြီးကြီးနှစ်လုံးကို ဘယ်ညာဆွဲ၍ ကိုင်ထားသော ဇင်မာ့ လက်ထဲက အိတ်တစ်လုံးဆီ ကျွန်မလက်က အလိုလို ရောက်သွားခဲ့ပြီ။ ဆတ်ကနဲ ခပ်မြန်မြန်ပင် ဆွဲယူကာ ထိုကလေးမ လက်ထဲသို့ ထည့်လိုက်မိသည်။ မထင်မှတ်ပါပဲ ဝင်းလက်သွားခဲ့သော မျက်လုံးပြူးပြူးတွေကို ကျွန်မကြာကြာ မကြည့်နိုင်အောင် လူတွေကတိုးဝှေ့ လို့လာပြန်သည်..။

သမီးနှင့်ရွယ်တူ မရှိတရှိ ကောင်မလေး.. ပြီးတော့ နှစ်နှစ်သားခန့်သာ ရှိဦးမည့် သူ့မောင်လေးရဲ့ ပုံရိပ်တွေက ကျွန်မအတွေးမှာ ကပ်၍ လိုက်ပါလာခဲ့ပြီ....။ သမီးလက်လေးတွေကို ဆွဲကိုင်ယူရင်း လူကြားထဲက တိုးအထွက် မထင်မှတ်ပဲ မိုးစက်အကြီးကြီးတွေနှင့် မိုးက ခပ်ကြဲကြဲ ရွာချလိုက်သည်။ မိုးသားတွေကို မော့ကြည့်ပြီး ခေါင်းပြန်အချ ကျွန်မတို့ကို လှမ်းကြည့်နေသည့် “ကို..”..။ ဆတ်ကနဲ ခေါင်းညိတ်ပြတဲ့ “ကို့” မျက်ဝန်းတွေက ညိုမှောင်ရီဝေလို့..။

ပုခုံးပေါ်ကို ဖွဖွလေးလာတင်သည့် “ကို့” လက်ဖမိုးကို ကျွန်မ လက်လေးတစ်ဖက်နှင့် ပြန်လည် ဖြစ်ညှစ်ထားလိုက်မိသည်။ သက်ပြင်းချသံနှင့်အတူ မောင်နှမ နှစ်ယောက်ကို လှမ်းကြည့်နေသည့် “ကို့” မျက်လုံးတွေထဲမှာ စာနာသနားစိတ်နဲ့ အကြင်နာ တရားတွေလည်း ရောပြွမ်းလို့နေသည်ပဲ...။

မိုးသားမည်းမည်းတွေက ထစ်ချုန်းသံနှင့်အတူ အငြိုးကြီးနေဆဲ.. ရန်လိုနေဆဲ..။
အင်္ကျီလက်ပြတ်လေးနဲ့ သမီးက သူ့လက်မောင်းပေါ်က မိုးစက်တွေကို လက်သေးသေးလေးနှင့် သတ်ချရင်း...
“မိုးစက်လေးတွေကလည်း အေးလိုက်တာနော် မေမေ..” တဲ့။
ကျွန်မယောင်ရမ်းပြီး ခေါင်းညိတ် ပြလိုက်မိသည်ထင်၏..။

တကယ်တမ်းတော့ ကျွန်မပါးနှစ်ဖက်ပေါ်က မိုးစက်တွေက ပူနွေးနေကြတယ်ဆိုတာ...။

(ခင်လေးငယ်)


မှတ်ချက်။ ။ လွန်ခဲ့တဲ့ တစ်နှစ်ခွဲခန့်က ရေးခဲ့ဖူးတဲ့ နာဂစ်ခြွေအပြီး နံနက်ခင်း တစ်ခင်းစာပြကွက် ဝတ္ထုတိုလေးပဲ ဖြစ်ပါတယ်...။

Tuesday, July 7, 2009

ဘဝရဲ့ အပိုင်းအစ (၁)

~~~ ဖြစ်နေတဲ့ စိတ်ခံစားမှု ~~~

ဒီရေတွေလို တက်လိုက်ကျလိုက် ဖြစ်နေတဲ့ ကျွန်မစိတ်တွေရဲ့ ရွေ့လျားမှုကို ဘယ်လိုမှန်အရိပ်မှာ ပုံဖော်ကြည့်လို့ မြင်ရနိုင်ပါသလဲ..!! လေငြိမ်နေတဲ့ ရေကန်သေတစ်ခုက သဲ့သဲ့လေးမှ လှုပ်ခတ်မှုမရှိတဲ့ ရေပြင်လို၊ ဒေါသတွေနဲ့ ခက်ထန်နေတဲ့ ပင်လယ်ပြင်ကျယ်က ခပ်ကြမ်းကြမ်း ရေလှိုင်းတွေလို၊ ငြိမ်သက်သွားလိုက် ပရမ်းပတာ လှုပ်ရှားသက်ဝင်လာလိုက် ဖြစ်နေဆဲ ကျွန်မ နှလုံးခုန်သံတွေရဲ့ အသံဝေ့ဖ်တွေကိုရော ဘယ်လိုကရိယာမျိုးနဲ့ တိုင်းယူလို့ ရနိုင်ပါသလဲ..!! ရနိုင်တယ်ပဲဆိုပါဦးလေ.. ကျွန်မမျက်လုံးတွေနဲ့ ကြည့်လို့ မြင်နိုင်မမြင်နိုင် ကျွန်မနားတွေနဲ့ နားထောင်လို့ ကြားနိုင်မကြားနိုင် ဆိုတာမျိုးကို ကိုယ်တိုင်ယုံကြည်မှု မရှိပြန်ဘူး။ သွေးလေခြောက်ခြားတဲ့ ညတွေမှာ သတိမထားမိလိုက်ပါပဲ “ဖေဖေရေ..” လို့ ယောင်ယောင်ပြီး အော်ခေါ်မိတဲ့ ကျွန်မအသံကို ဖေဖေကြားနိုင်မှာတဲ့လား။ သေချာတာတစ်ခုကတော့ ကျွန်မကိုယ်တိုင် အားရကျေနပ်မှု မရှိခြင်း သက်သက်တွေနဲ့ ဖေဖေ့ကို ခုတလော သိပ်ကိုတမ်းတနေမိခြင်းပါပဲ..။

မတောက်တခေါက်သာ တီးတတ်တဲ့ ဂစ်တာ.. ကြိုးတွေမညီချိန်မှာ ဖေဖေ့လက်ချောင်း ရှည်သွယ်သွယ်တွေကို ကျွန်မ တမ်းတမိတယ်ဖေဖေ..။ ကျွန်မလက်ချောင်း သေးသေးလေးတွေကို စိတ်ရှည်လက်ရှည် ဆုပ်ကိုင်ရင်း ဂစ်တာကော့ဒ်လေး တစ်ခုကို စသင်ပေးခဲ့တုန်းက ပုံရိပ်တွေက လေပွေတွေလို ကျွန်မကိုပွေ့ဖက်လို့...။ ကျွန်မနဖူးနဲ့ ပါးလေးတွေကို နမ်းတိုင်းရတတ်တဲ့ ဖေဖေ့နှုတ်ခမ်းက ဆေးလိပ်နံ့တွေကို ကျွန်မ လွမ်းဆွတ်လိုက်တာ..။ ဖေဖေက ကျွန်မ မသိအောင်စဖို့ နောက်ကွယ်က တိတ်တိတ်လေး လာခဲ့ချိန်တိုင်း ဆေးလိပ်နံ့တွေ စွဲကပ်နေတဲ့ ဖေဖေ့ ကိုယ်နံ့လေးကို ကျွန်မက ကြိုရနေခဲ့ပြီးပြီ..။

ကျွန်မဟာ ဖေဖေ့သမီးလို့ ထွေထွေထူးထူး ဘယ်သူ့ကိုမှ လိုက်ပြောစရာမလိုပဲ ရုပ်ရည်ကော ဝါသနာ အမူအကျင့်တွေပါ အားလုံး တူနေခဲ့တာလေ..။ ကလေးလေး ဘဝကတည်းက အပျိုကြီးဖားဖား ဖြစ်တဲ့အထိ နွေရာသီ ကျောင်းပိတ်ရက်တွေ ရောက်တိုင်း ဂျင်းဘောင်းဘီ တစ်ထည်ကိုဝတ်လို့ ဖေဖေ သွားလေရာနောက်ကို ကောက်ကောက်ပါအောင် လိုက်တတ်တဲ့ ဖအေတူသမီး..။ ဖေဖေခရီးထွက်တဲ့ တောထဲတောင်ထဲ ခရီးကြမ်းကြမ်း ရာသီဥတု ကြမ်းကြမ်းတွေမှာ ဖေဖေနဲ့ အတူတူ ဖြတ်ကျော်ခဲ့ဖူးတဲ့နေ့တွေ...။ အိမ်မှာ ကျန်နေခဲ့တတ်တဲ့ မေမေ့ ဟင်းတွေကို လွမ်းဆွတ်ရင်း ဖေဖေနဲ့ကျွန်မ စကားထိုင်ပြောဖူးတဲ့ ညတွေမှာ ဖေဖေက ဂစ်တာလေးကို သဲ့သဲ့တီးနေခဲ့တာ..။

တောတောင်ဆိုတာ ဖေဖေ့သမီး ကျွန်မအတွက်တော့ မစိမ်းခဲ့တဲ့ အရာတွေပါပဲ...။ မည်းမှောင်နေတဲ့ သစ်တောတွေထဲမှာ ဘွတ်ဖိနပ် အထူကြီးစီးထားတဲ့ ဖေဖေ လမ်းတွေလျှောက်တိုင်း ကျွန်မ ဖေဖေ့လက်ကို တွဲခိုထားရင်း တူတူလျှောက်ခဲ့ကြတာ..။ ဖေဖေအများဆုံး ဝတ်တတ်တဲ့ ဂျာကင်ကြီး တစ်ခုကို ခုထက်ထိတိုင် ကျွန်မ အမြတ်တနိုး သိမ်းထားမိနေဆဲဆိုတာလည်း ဖေဖေ မသိနိုင်တော့ပါဘူး..။ ဖေဖေ သွားလေရာကို ယူသွားတတ်တဲ့ ဂစ်တာလေးက အိမ်သေးသေးလေး တစ်လုံးထဲက ကျွန်းစားပွဲပုလေး ဘေးမှာ ထောင်ထားလျှက်ပေါ့..။ ကျွန်မလည်း ရှိနေဖို့မဖြစ်နိုင်တဲ့ အဲ့ဒီ အိမ်လေးထဲမှာ ခုဆို ဖုန်လေးတွေ တက်နေမှာပဲ..။ ဖေဖေ့ ဂစ်တာအိုလေးရဲ့ ခေါ်သံကို ကျွန်မ အိပ်မက်မှာ တစ်ခါတစ်ခါ ကြားရတတ်သေးတယ်..။ ဖေဖေ့ သမီး ကျွန်မလက်တွေကို သူမျှော်နေတာ သိနေတယ်..။

"ခွင့်လွှတ်ပေးပါ ဖေဖေ့ ဂစ်တာအိုလေးရေ... ကျွန်မ ဘဝ တစ်ခုအတွက် လမ်းမောတွေ လျှောက်နေရလို့ပါ..။"

~~~ ဖေဖေနဲ့ အတူတူ ~~~

ဆင်တွေကို စီးပြီး နှစ်ညအိပ် သုံးညအိပ် ခရီးတွေရဲ့ ကြမ်းတမ်းမှု ရသကို ကျွန်မ အပျိုပေါက်ဖြစ်ခါစ အရွယ်မှာ စ ကြုံဖူးနေပြီ..။ တော်ရုံတန်ရုံ မိန်းကလေး တစ်ယောက် ငွေပေးဝယ်လို့မရနိုင်တဲ့ အတွေ့အကြုံတွေကို ဖေဖေနဲ့ အတူတူ ယူခဲ့ဖူးတဲ့ ဖေဖေ့သမီး ကျွန်မဟာ ဘယ်လောက်များ ကံကောင်းခဲ့ပါလဲ..!! ဖေဖေ့ တပည့်တွေ ချက်ကျွေးတဲ့ တောဟင်းပူပူတွေရဲ့ အနံ့တွေက ခုတောင်.. ကျွန်မဘေးမှာ မွှေးပျံ့လို့နေသေး...။ ထူးထူးဆန်းဆန်း ဟင်းတွေကို ဖေဖေနဲ့ တူတူ လိုက်စားခဲ့တာလည်း ကျွန်မပါပဲ.. တောကြောင်သားကြော်တို့ ယုန်သားကျပ်တိုက်တို့ မျောက်ချေးခါးတို့ ဆိုတာ ကျွန်မအတွက် ဘာဟုတ်သေးလို့လဲ..။ မြွေသားကြော်ကိုတော့ စားဖူးတယ် ရှိအောင် မြည်းကြည့်ခဲ့တုန်းက ဖေဖေက ပြုံးပြီး ကျွန်မကို သေချာစိုက်ကြည့်နေခဲ့တာလေ..။ အနက်ရောင် မဟုတ်တဲ့ မီးခိုးရောင် ဖေဖေ့မျက်လုံးတွေထဲက ဖိတ်လျှံလာတဲ့ အကြင်နာ မေတ္တာတွေက မီးပုံဘေးမှာ ထိုင်နေခဲ့တဲ့ ကျွန်မ ပါးလေးတွေကိုတောင် မီးခိုးရောင်တွေ သန်းစေခဲ့သေးလား..!!

မီလာရှီကာ စိုင်းဗေဒါ ဆိုတဲ့ ဦးနေအောင်ရဲ့ ရုပ်ရှင်ထဲက ပြကွက်တွေလို ဆင်ဖမ်းနေတာကို ဖေဖေ့လက်တွေ တင်းနေအောင် ဆုပ်ကိုင်လို့ တစ်နေကုန် တစ်နေခမ်းကြည့်ရင်း အသက်ရှူတွေ မှားခဲ့ရတာပေါ့..။ ဆင်မကြီးတွေ ကိုယ်ဝန်လွယ်တဲ့ အခါ ကိုယ်ဝန်သည်ကို စောင့်ရှောက်ဖို့ နောက်ဆင်တစ်ကောင်ဟာ သွားလေရာ လိုက်ပေးတတ်တာကို ဖေဖေ့ တပည့်တွေ ရှင်းပြပေးတုန်းက ကျွန်မ အဲ့ဒီဆင်ကြီးကို အလိုလိုလေးစားလို့..။ ဖမ်းလာတဲ့ ဆင်ရိုင်းတစ်ကောင်ကို သူမာန်ချတဲ့ အထိ ကျုံးသွင်းယူရတာတွေ ပထမဦးဆုံး ကြည့်ဖူးတဲ့ ညက ကျွန်မ အိပ်မရခဲ့တာ ဖေဖေသိခဲ့တယ် မဟုတ်လား ဖေဖေ..။ ဆင်ရိုင်းတစ်ကောင် မာန်မချ မချင်း ကျုံးထဲကနေ ထုတ်ပေးလို့ မရတာကို သေချာ နားမလည်တတ်သေးခင် အချိန်အထိ ကျွန်မ မှာ မျက်ရည်တွေဝဲလို့..။

သူ့ကို ချုပ်နှောင်ထားမှုတွေ အတွက် ဒေါသတကြီးနဲ့ သူအော်တာတွေ.. သံကြိုးအကြီးကြီးတွေနဲ့ ထူးခတ်ထားတဲ့ ခြေထောက်တွေကို ရုန်းထားရာက စီးကျလာတဲ့ သွေးတွေနဲ့ ဒါဏ်ရာတွေကြောင့် ကျွန်မမှာ ထမင်းတွေ နင်လို့...။ အစာကျွေးတော့လည်း မာန်မချမခြင်း မစားဘူး တင်းထားတယ်..။ သူမာန်ချချိန်ရောက်တဲ့ အထိ သူ့ကို ကိုင်တွယ်မဲ့ ဆင်ဦးစီးက စိတ်ရှည်ရှည်နဲ့ စောင့်ယူရတာ..။ မာန်စ ချချိန်မှာ ဆင်တစ်ကောင်ဟာ ကြောင်လေးတစ်ကောင်လို နူးညံ့လာတာမျိုးပေါ့..။ အရိုင်းဆင်တစ်ကောင် ဘဝကနေ နူးညံ့လာတဲ့ ဆင်တစ်ကောင် ဖြစ်လာချိန်အထိ ကျွန်မ တစ်ပတ်တိတိ စောင့်ကြည့်ခဲ့ဖူးတယ်..။ ဒီလို အချိန်ပေးကြည့်ဖို့ ကျွန်မရဲ့တောင်းဆိုမှုကို လိုက်ရောပေးခဲ့တဲ့ ဖေဖေ့မေးစေ့ကို ကျေးဇူးတင်စွာ မော့နမ်းမိတော့ ဖေဖေက ကျေနပ်လို့..။ ကျွန်မခေါင်းက ဆံပင်တွေကို ဖွဖွလေး ဖွရင်း ငုံ့ကြည့်နေခဲ့တဲ့ ဖေဖေ့မျက်ဝန်းတွေကို ကျွန်မ မှတ်မိနေသေးတယ်..။ သမီးဆန္ဒ တစ်ခုကို ဖြည့်ပေးလိုက်ရတဲ့ အဖေတစ်ယောက်ရဲ့ ပီတိကို ဖေဖေက နှစ်နှစ်ခြိုက်ခြိုက် စားသုံးနေလိုက်တာလေ...။

ဖေဖေနဲ့ အတူတူ တောထဲလိုက်သွားခဲ့တဲ့ လေးကြိမ်မြောက်ခရီး ကျွန်မရောက်တဲ့အချိန်မှာ ဆင်မလေး တစ်ကောင်မွေးခဲ့တာ ကျွန်မ ဘဝမှာ မေ့မရဆုံးဆိုတာ ဖေဖေသာရှိနေသေးရင် တူတူပြန်ပြောချင်တယ်..။ ဆင်ဦးစီး ဦးဦးက ကျွန်မနံမည် နှစ်လုံးကို ယူပြီး ဆင်ပေါက်စလေးကို နံမည်ပေးတော့ ဖေဖေက ဟက်ဟက်ပက်ပက် ရယ်နေခဲ့တာ..။ ဖေဖေ့သွားရှည်ရှည်တွေ ပေါ်အောင်ရယ်တိုင်း ဖေဖေ့မျက်နှာက ကျွန်မဖြစ်ဖြစ်သွားသလို..။ ဖေဖေ့နှုတ်ခမ်းဘေးက တွန့်ဝိုက်သွားတဲ့ အကွေးလေးတွေနဲ့ ဖေဖေ့မျက်နှာက သိပ်ယောက်ျား ပီသတာပဲ..။ အနည်းငယ် အနောက်တိုင်း ဆန်နေတဲ့ မျက်နှာနဲ့ဖေဖေဟာ ကျွန်မအတွက်တော့ ကမ္ဘာပေါ်မှာ မိသားစုကို အကြင်နာတတ်ဆုံး ဟီရိုးတစ်ယောက်လို မြတ်နိုးဖွယ် အကောင်းဆုံး လူသား..။ ကျွန်မရင်ကို အနွေးထွေး အလုံခြုံစေဆုံး ယောက်ျား..။

ဆင်ဦးစီးနှစ်ယောက်ကို ပြန်သတ်ခဲ့ဖူးတယ်ဆိုတဲ့ ခပ်ဆိုးဆိုး ဆင်ကြီးတစ်ကောင်ကို ပြခဲ့တုန်းက သူ့ မျက်လုံးတွေထဲကို အကြာကြီး သေချာစိုက်ကြည့်ခဲ့မိတယ်..။ ဖေဖေကတော့ အခါတိုင်းတွေထက်ပိုပြီး ကျွန်မလက်တွေကို တင်းနေအောင် ဆုပ်ကိုင်ဆွဲရင်း ကျွန်မ ပုခုံးတွေကို ဖက်ထားခဲ့တာ..။ ရွှေခဲ ဆိုတဲ့ သူ့နံမည် ကို ကျွန်မဘယ်တော့မှ မမေ့ဘူး..။ သူ့မျက်လုံးတွေကို ကျွန်မကြည့်နေတဲ့ အချိန်မှာတော့ ပကတိဖြူစင်နေတဲ့ ကလေးလေး တစ်ယောက်လို လဲ့နေတာ သိပ်လှနေခဲ့တယ်..။ သူသာ ကျွန်မနဲ့ စကားပြောတတ်မယ် ဆိုရင် သိပ်ကောင်းမှာပဲလို့ တွေးခဲ့မိချိန်တုန်းက ကျွန်မ အသက် ၁၂ နှစ် သမီးပဲ ရှိသေးတာ..။ ရွှေခဲ ကိုယ်တိုင်ကကော အသိလွတ်ချိန်မှာ သတ်ခဲ့ဖူးတဲ့ သူ့သခင် နှစ်ယောက်ကို တစ်ခါတလေမှာ သတိများ ရနေမိမလားလို့ ကလေးအတွေးနဲ့ ကျွန်မ တွေးနေမိခဲ့တာ အဲ့ဒီတစ်နေ့လုံး တစ်ညလုံး..။ သူ့အစွယ်တွေကို ဖြတ်ထားတယ်ဆိုပေမယ့် ကျန်နေသေးတဲ့ အပိုင်းမှာတောင် ဖြူလဲ့ပြီး သန်မာနေလိုက်တာလေ..။ အံ့သြဖို့ကောင်းတာက ကျွန်မ ရွှေခဲကြီးကို မကြောက်မိသလို မုန်းတီးစိတ်လည်းမရှိခဲ့ပြန်ဘူး..။ သူနဲ့ စကားတွေ ပြောချင်စိတ်ကသာ ကျွန်မ အိပ်မက်ထဲအထိ စိုးမိုးလို့...။

~~~ အပြုံးကို ထွေးပိုက်ခြင်း ~~~

ဖေဖေပေးခဲ့တဲ့ အတွေ့အကြုံတွေနဲ့ ကံကောင်းခဲ့လွန်းသူ ကျွန်မ...။ ဖေဖေ့ရယ်သံတွေနဲ့ အတူတူ ခုထက်ထိ ကျွန်မ လိုက်ရယ်နေမိဆဲ..။ ဖေဖေ့ ဂစ်တာသံ ညက်ညက်လေးမှာ သီချင်းတွေ လိုက်ဆိုနေမိဆဲ..။ ဆေးလိပ်နံ့တွေ သင်းနေတဲ့ ဖေဖေ့ပါးတွေကို ကျွန်မ မော့မော့ပြီး နမ်းနေမိဆဲ...။ ကျွန်မအတွေးထဲမှာ မေမေက ဖေဖေ့ကို “ကို... ရေ..” လို့ ခေါ်လိုက်ချိန်တိုင်း ကျွန်မ လိုက်လိုက်ပြုံးမိနေဆဲ..။ ကြိုးမညီတဲ့ ဂစ်တာ တစ်လက်ကို ကောက်ကိုင် လိုက်မိချိန်မှာ ကျွန်မ ဘေးမှာ ဖေဖေ များရှိနေလေမလားလို့ ခေါင်းငဲ့ ရှာနေမိဆဲ..။ ကျွန်မ အားတွေငယ်လာချိန်တိုင်း မျက်လုံးတစ်စုံကို မှိတ်လို့ ဖေဖေ့ရင်မှာ တိုးဝှေ့နေမိဆဲ..။ ကျွန်မ ခေါင်းမာလွန်းလို့ မေမေက “ဖအေတူ သမီး.... သွားး....” လို့ ချစ်စနိုး အော်ငေါက် ထုတ်ချိန်တိုင်း ကျေနပ်မှုတွေနဲ့ ကျွန်မ ခေါင်းခါရယ်မောမိဆဲ..။

အထူးဆန်းဆုံးကတော့ ကျွန်မနဲ့ ဘဝခြားသွားပြီ ဖြစ်တဲ့ ဖေဖေ့ကို လွမ်းဆွတ်တိုင်း ရင်ခုန်သံတွေ နူးညံ့စွာနဲ့ ကျွန်မ ပြုံးနေမိခြင်းပါပဲ..။ ဖေဖေ့ကို တမ်းတမိတိုင်း ကျွန်မဘယ်တော့မှ မျက်ရည်မကျတတ်...။ ဖေဖေ့ကို မြင်တွေ့ချင်တဲ့ စိတ်တွေနဲ့ ကျွန်မ ဘယ်တော့မှ ငိုမိမှာ မဟုတ်ဖူး ဖေဖေ...။ ကျွန်မသိပ်ချစ်တဲ့ ဖေဖေဟာ ရုပ်ခန္ဓာတစ်ခုသာ ချုပ်ငြိမ်းသွားတာလေ...။ ဘယ်အရာနဲ့မှ လဲလှယ်လို့ မရနိုင်တဲ့ နူးညံ့မှုတွေနဲ့ ကျွန်မအတွက်တော့ ဖေဖေ ရှင်သန်နေဆဲမို့ပါ...။ ဒီလထဲမှာပဲ ဖေဖေ ဟိုးအဝေးကြီးကို ကြိုထွက်သွားနှင့်တာ ဆယ်စုနှစ်တစ်ခု ကျော်လာခဲ့ပြီ..။ ကျွန်မကိုယ်တိုင် အားရကျေနပ်မှု မရှိခြင်း သက်သက်တွေနဲ့ ဖေဖေ့ကို ခုတလော သိပ်ကို တမ်းတနေမိတာ အမှန်ပါပဲ..။ ဒါပေမဲ့ ကျွန်မ မငိုဘူး ဖေဖေ..။ ဖေဖေ့ကို လွမ်းဆွတ်ချိန်တိုင်း ဖအေတူသမီး ကျွန်မ.... တစ်ယောက်ထဲ အလှပဆုံး ပြုံးနေတယ်ဆိုတာ........။


(ခင်လေးငယ်)

ဖွင့်ဟချက်...။ ။ ကျွန်မဘဝ၏ အကြီးမားဆုံးသော ဆုံးရှုံးမှုတစ်ခု ဖြစ်ပျက်ခဲ့သည့် (ဇူလိုင်လ၊ တစ်ဆယ့်ခြောက်ရက်) ဆိုသော နေ့စွဲ တစ်ခုသို့ ရေးဖွဲ့ပါသည်..။

Sunday, July 5, 2009

အသံရသ “မြ ရဲ့ လ”

ဟိုး.. ငယ်စဉ်အချိန်က ရေဒီယိုက ထုတ်လွှင့်တဲ့ ပုံပြင်လက်ဆောင် အစီအစဉ်တွေ၊ ဇာတ်လမ်းပမာ နားဆင်စရာ အစီအစဉ်တွေကို အရမ်းကို ကြိုက်နှစ်သက်ခဲ့ပါတယ်..။ ကလေးဘဝက အနုပညာဆိုတာကို သိပ်နားမလည်တတ်ပေမယ့် ဇာတ်လမ်းထဲမှာ ပါဝင်တဲ့ ဇာတ်ကောင်တွေရဲ့ အသံရသကိုတော့ ကောင်းကောင်းကို ခံစာတတ်နေပါပြီ..။ ဇာတ်ကောင်တွေ ပျော်ရင် လိုက်ပျော်တတ်သလို ဇာတ်ကောင်တွေ ငိုရင်လည်း လိုက်ငိုချင်လာမိတယ်..။ အဲ့ဒီလို ခံစားမှု ရသကို ပီပြင်ပေါ်လွင်အောင် ပေးစွမ်းနိုင်တဲ့ အသံရှင် (အသံသရုပ်ဆောင်) တွေကိုလည်း ချီးကျူးလေးစားမိပါတယ်..။

အသံပညာနဲ့ အနုပညာမြောက်အောင် ဖန်တီးထားတဲ့ ဝထ္ထုဇာတ်လမ်းတိုလေး တစ်ပုဒ်ကို လွန်ခဲ့တဲ့ (၁၀) နှစ်ကျော် လောက်က နားထောင်ခဲ့ဘူးပါတယ်..။ ဝထ္ထုဇာတ်လမ်းလေးက ကောင်းလွန်းသလို အသံသရုပ်ဆောင်သူရဲ့ ပင်ကိုယ်အသံ ကောင်းမွန်မှု၊ စကားလုံး ရှင်းလင်းပီသမှု၊ အသံနေအသံထား စည်းချက်ညီမှု၊ အဖြတ်အတောက် မှန်ကန်မှုတွေက ဇာတ်လမ်းထဲ တကယ့်ကို လွင့်မြော ပျော်ဝင်သွားစေခဲ့ပါတယ်..။

အခုတော့ အဲ့ဒီ ဝထ္ထုတို အသံဖိုင်လေးကို ရှာတွေ့တာနဲ့ အားလုံး ခံစား နားဆင်နိုင်အောင်လို့ မျှဝေလိုက်ပါတယ်..။ နားထောင်ဖူးသူတွေလည်း အများကြီးရှိမှာပါ..။ နားမထောင်ရသေးသူတွေ၊ ပြန်လည် ခံစားလိုသူတွေလည်း ရှိနိုင်ပါတယ်..။ ဘာပဲဖြစ်ဖြစ် ထပ်နားထောင်ရင်း ဇာတ်လမ်းလေးထဲက လူမှုဘဝလေးတွေ၊ အိမ်ထောင်ရေး ဒဿနလေးတွေ နဲ့ မှတ်သားစရာလေးတွေကို မြင်ယောင်ကြည့်ရအောင်..။ ဝထ္ထုတိုရေးသားသူရဲ့ မြန်မာစာရေးသားဟန်.. အသံရှင်ရဲ့ မြန်မာစာ ဖတ်ဟန်.. မြန်မာစကား ပြောဆိုဟန်လေးတွေ ကလည်း စိတ်ဝင်စားဖွယ် ဆွဲဆောင်မှု ရှိနေတာ သေချာပါတယ်..။

ဝထ္ထုတိုလေးကို ရေးသားသူကတော့ စာရေးဆရာမဂျူး..။

အသံရှင်ကတော့ ကွယ်လွန်သွားပြီဖြစ်တဲ့ တေးရေး/တေးဆို (ကို) ထူးအိမ်သင်..။

ဝထ္ထုတိုလေးရဲ့ ခေါင်းစဉ်က မြရဲ့လ..။

ခံစားကြည့်ပါ..။




ဝထ္ထုကို အသံလေးနဲ့ နားဆင်ရတဲ့ အရသာက ထူးခြားတဲ့ ရသ တစ်ခုပါပဲနော်..။
“မြရဲ့လ” ဝထ္ထုသံလေးလိုပဲ ဘလော့စာမျက်နှာတွေပေါ်က စာတို၊ ကဗျာတိုလေးတွေကိုလည်း ကဗျာရွတ်သံ၊ စာဖတ်သံလေးတွေ အဖြစ် ဖန်တီးကြည့်ကြမယ် ဆိုရင်ဖြင့် ဘယ်လိုနေမလဲလို့ တွေးနေမိပါတယ်..။

ဝထ္ထုစာသားလေးနဲ့ တွဲပြီး ခံစားချင်တယ်ဆိုရင် ဒီမှာ ဖတ်နိုင်ပါတယ်..။
အသံဖိုင်လေးကို နှစ်သက်စွာ သိမ်းထားချင်တယ်ဆိုရင် ဒီမှာ Download လုပ်နိုင်ပါတယ်..။ ဒေါင်းလိုက်ရင် (မ) ဟေမာနေဝင်း ဖတ်ထားတဲ့ ဆရာမဂျူးရဲ့ ရေမျောသီး ဝထ္ထုတိုလေးကိုလည်း တွဲပြီး ရရှိမှာ ဖြစ်ပါတယ်..။
(Comment မှာ Link လေးတွေ လာပေးသွားတဲ့ မနော် နဲ့ Anonymous တို့ကို ကျေးဇူးတင်ပါတယ်လို့..)

(ကိုရင်နော်)


စကားချပ်။ ။ ကျနော်လည်း စိတ်ကူးပေါက်ရင် စာတွေ၊ ကဗျာတွေကို အသံထွက်ဖတ်လေ့ရှိတယ် (ဘယ်သူမှ မရှိရင်ပေါ့)..။ ကျနော် နှစ်သက်တဲ့ ဘလော့ တော်တော်များများထဲကမှ အမြင့် (မိုးမြင့်တိမ်)မကြီး (မအိန္ဒြာ) နဲ့ မနော် (မနော်ဟရီ) တို့ရဲ့ စာတွေ၊ ကဗျာတွေကိုတော့ အသံထွက်ပြီး ဖတ်ကြည့်ဖူးတယ်.. (ကျနော့် အသံဆိုးဆိုးကြီးနဲ့ပေါ့ :P)..။ ခင်လေးငယ် ရဲ့ ဒီပိုစ့်လေး ကိုတော့ သရော်တော်တော် (ဖျက်လိုဖျက်စီး) ဖတ်ထားတာလေးကို အသံသွင်းထားသေးတယ်.. (အီးမေးနှင့် တောင်းဆိုနိုင်သည်.. ဟီးးး)..။


Friday, June 26, 2009

ကောင်းကင်ဘုံသို့ ဆုတောင်း

သူ..... ဘယ်ရောက်သွားပြီလဲ..!!
သူ..... ဘယ်လိုနေရာမှာ သီချင်းတွေ ဆိုနေမလဲ..!!
သူ..... ဘယ်သူတွေနဲ့ ရယ်မောပျော်ရွှင်နေလေမလဲ..!!
သူ့..... မိသားစု မောင်နှမတွေ သူသိပ်ချစ်တဲ့ ပရိသတ်တွေနဲ့.... ...!!

Michael ရေ.. ရှင်ပဲ လွမ်းလွမ်းဆွေးဆွေးနဲ့ သီဆိုခဲ့ပြီးကွယ်.. I'll Be There.... တဲ့လား..!!


You and I must make a pact
We must bring salvation back
Where there is love, I'll be there

I'll reach out my hand to you,
I'll have faith in all you do
Just call my name and I'll be there

And oh - I'll be there to comfort you,
Build my world of dreams around you
I'm so glad that I found you
I'll be there with a love that's strong
I'll be your strength, I'll keep holding on
Yes I will, yes I will

Let me fill your heart with joy and laughter
Togetherness, well that's all I'm after
Whenever you need me, I'll be there
I'll be there to protect you
With an unselfish love I respect you
Just call my name and I'll be there

If you should ever find someone new
I know he'd better be good to you
'Cos if he doesn't, I'll be there

Don't you know, baby, yeah yeah
I'll be there, I'll be there, just call my name, I'll be there

(Just look over your shoulders, honey - ooh)

I'll be there, I'll be there, whenever you need me, I'll be there

Don't you know, baby, yeah yeah
I'll be there, I'll be there, just call my name, I'll be there...

အခု... ကျွန်မတို့ ပြန်မေးပါရစေ... ရှင်ဘယ်မှာလဲကွယ်...!!

ရှင့်အနုပညာကိုချစ်တဲ့... ရှင့်ကိုချစ်တဲ့... ရှင်ကသိပ်ချစ်တဲ့... တစ်ကမ္ဘာလုံးက ရှင့်ပရိသတ် ကျွန်မတို့တွေအားလုံး ချမ်းမြေ့တဲ့ ကောင်းကင်ဘုံမှာပဲ ရှင်ရှိနေမယ်လို့ ယုံကြည်နေပါရစေ...

Michael ရေ...
ကျွန်မတို့အားလုံး နှမြောတသ ချစ်ခြင်းများစွာနဲ့ ဆုတောင်းရင်း ကိုယ်စီ မျက်ရည်တွေ ဝဲနေကြပါတယ်...။

(ခင်လေးငယ်)

Thursday, June 25, 2009

ကိုရင်နော် >> Begins << ခင်လေးငယ်


ကျနော်တို့ နှစ်ယောက်ရဲ့ ရန်ပွဲကို မတွေ့တာကြာတော့ ဒီနှစ်ယောက် ငြိမ်ချမ်းရေး ရနေတယ်လို့ ထင်ရင်လည်း ထင်နေကြမပေါ့..။ တကယ်တော့ မတွေ့ဖြစ်ကြလို့ပါ.. တွေ့လို့ကတော့ သတ်ပြီးသားပဲ..။

အခုတော့ (ကို) ဟန်သစ်ငြိမ် Tag တာနဲ့ ရန်ဖြစ်ချိန် မရှိပါတဲ့ ခင်လေးနဲ့ ကျနော်.. ရန်ဖြစ်ဖို့ အကြောင်းက ဖန်လာပြီပေါ့..။ အခုလို ပွဲသွင်းသူ ရှိလေတော့ နှစ်ယောက်သား တယ်လီဖုန်း ကြိုးဝိုင်းပေါ် တက်ခဲ့ကြတော့တယ်..။

“Hello..!! ဟဲ့.. ခင်လေး..”>>>><<<<“ဘာတုန်း..”

“ဟေ့.. နင့်ကို အလာကားခေါ်တာ မဟုတ်ဘူး.. ကိစ္စရှိလို့..”
“ဘာ ကိစ္စလဲ.. ငါမအားဘူး.. နောက်မှ ပြော..”

“မအားလို့ မရဘူး.. ဟိုမှာ ဆြာဟန် လာတဂ်ထားပြန်ပြီ..”

“ဟမ်..!! ဟုတ်လား.. အေး.. နင်ရေးလိုက်..”

“ဟ ဖြစ်မလားကွ.. ဒါ နှစ်ယောက်လုံးနဲ့ ဆိုင်တယ်.. ငါတို့ နှစ်ယောက်လုံးကို တဂ်ထားတာ..”

“ဘာကို တဂ်တာမို့လို့လဲ.. အရင် သူတဂ်ထားတာ တစ်ခုတောင် အကြွေး မကြေးသေးဘူးမလား..”

“အေးး.. အရင် အကြွေးက အသာထား နောက်မှ အတိုးပေးလိုက်မယ်.. အခုဟာ အရင်ရေးရမယ်..”

“မြန်မြန်ပြော ငါ အချိန်မရဘူး.. ဘာ Tag တာလဲ..”

“သူ့ခေါင်းစဉ်က ĦaN … ŦhIt … ИψΣim ... Begins တဲ့.. ဟ”

“အမ်..!! ဘာရယ်.. ဟန်သစ်ငြိမ် ဘီကနီ.. ဟတ်လား.. ဟုတ်ရဲ့လား ဟဲ့.. ဟန်သစ်ငြိမ် ရေကူးဝတ်စုံ..”

“အာ.. အရူးမ.. နားကလည်း ထိုင်းလိုက်တာ.. ဘီဂင်းစ်စ်စ် ဟဲ့ Begins.. Bikini မဟုတ်ဘူး... ခက်တာပဲ..”

“အော်.. ဘီဂင်းစ်စ်..”
“နင်က ယုံရတာ မဟုတ်ဘူး.. မျက်မှန် အထူကြီး တတ်ပြီး မမြင်မကန်းနဲ့ တလွဲတွေ ဖတ်နေသလားလို့.. နေစမ်း ငါ ဖတ်ကြည့်ပါဦးမယ်..”


ခင်လေးတစ်ယောက် “ချပ်၊ ချပ်၊ ချပ်၊ ထပ်၊ ထပ်၊ ထပ်၊ ထပ်၊ ကျလိ… ကျလိ… ကချက် ကချက်..” နဲ့ ကီးဘုတ်ကို ရိုက်ပြီး ဆြာဟန်ရဲ့ အိမ်ကို ဝင်နေတယ် ထင်ပါတယ်.. (ကိုဟန်သစ်ငြိမ် ရေးသလို လိုက်ရေးထားတာ ဟီးးး )


“ဟေ့ယောင် မြန်မြန်ဖတ် ဖုန်းခ ဈေးကြီးတယ်..”
“အေးပါ.. နေဦး.. ငါက အချိန် မရပါဘူးဆို.. ဒီ.. ဆရာ့ ဘလော့က.. စာလုံးတွေက ဇောက်ထိုးတွေ..”

“အာ.. အဲ့ဒါ ဇောက်မထိုးဘူး Unicode 5.1 နဲ့ ရေးထားတာလေ.. ဇော်ဂျီဝမ်း ပြောင်းလိုက် အပေါ်ဒေါင့်မှာ ပြောင်းတဲ့ဟာ ရှိတယ်..”

“ငါသိပါတယ်... လျှာမရှည်နဲ့ နေဦး ဖတ်အုန်းမယ်..”

ခင်လေးလည်း ဝရူး.. ဝရူး.. ဝရူး.. နဲ့ စာတွေ ဖတ်နေလေရဲ့

“အော်.. ဘလော့ ဘယ်လို စရေးဖြစ်လာသလဲ.. ဆိုတာကို ရေးခိုင်းတာဟ..”

“အေ.. ငါလည်း အဲ့လိုတော့ ထင်သား.. ဒါဆို.. ငါတို့ဘလော့ ဖြစ်တည်မှုပေါ့.. ဟဲဟဲ”

“အေ.. ဟုတ်တယ်.. နင်ရေးလိုက်တော့.. ငါ ဒိုးရတော့မယ်..”

“ဟ.. ဟေ့ယောင်.. မလုပ်နဲ့.. နင်ရေးလိုက်.. ငါလည်း မအားဘူးဟ.. ဒီမှာ တန်းလန်းကြီး..”

“မသိဘူး မသိဘူး.. နင်ရေးလိုက်.. ပြီးရင် တင်လိုက်..”

“ဟ.. ငါက အခု ဒီမှာ ကျနော်လူဆိုး (၇) ရေးလက်စ.. တန်းလန်းကြီးဟ.. နင်ရေး.. ”

“ငါပြောပြီးပြီ ငါမအားဘူးလို့ ဒီလကုန်ထိ ငါအားမှာ မဟုတ်ဘူး.. ဒါဘဲ.. ဒါဘဲ.. နင်.. ရေးလိုက်တော့..”

“ကလုံ” ဆိုပြီး တယ်လီဖုန်းကို ချသွားလေရော..

“သေနာမ..!! ပြောမပြီးသေးဘူး ဖုန်းကိုချသွားပြီ.. နောက်ဆုံးတော့ ငါ့ခေါင်းပဲ..”

အဲ့ဒီလိုပါပဲ ခင်လေးက အလဲ မထိုးနိုင်တော့ အရှုံးပေးပြီး အနိုင်နဲ့ ပိုင်းပိုင်းသွားရော..း)..။
နောက်ဆုံတော့ ဒီကောင်ပဲ ရေးရတာပါပဲ..။ ပြောပြမယ်.. ဒီလို... ဒီလို....

ဘယ်လိုကနေ ဘယ်လို ဘလော့ စရေးဖြစ်တာလဲ ဆိုတော့..!! ဒါက ဒီလိုပါ.. ဘလော့ စရေးတယ်ဆိုတာထက် လက်တည့်စမ်းတာပေါ့ဗျာ..။ ဘလော့တွေ ဖတ်ဖတ်ပြီး သိုင်းတတ်ချင်လာတယ်. ဟီးး.. (ခေတ်ကာလကလည်း တွန်းအားပေးနေတဲ့ အချိန်ပေါ့) အဲ့ဒီမှာတင်.. စာရေးချင်တဲ့ စိတ်တွေ ကလည်း နိုးထထိုးဆွလာတော့.. ရေးမယ်ဟေ့.. ဆိုပြီး.. ဘယ်လို စလုပ်ရမယ်ဆိုတာကို ရှာလိုက်ဖွေလိုက်တာ ဘလော့ဂါ ဘိုးဘိုးကြီးတွေရဲ့ ဘလော့ဂါ သိုင်းကျမ်းကြီးတွေ၊ ကျင့်စဉ်တွေ.. လက်ဝယ်ပိုင်ပိုင် ရလာပါလေရော.. ဒါနဲ့ နေ့ မအား ည မနား.. လေ့လာဆည်းပူးလိုက်တာ အရိုးပြိုင်းပြိုင်းထ မျက်တွင်းတွေ ဟောက်ပက်ကျတဲ့ အထိပါပဲ..။

စရေးတော့ ကိုယ့်ဟာကိုယ် တစ်ယောက်တည်း စမ်းရေးနေတာ.. စာတိုလေးတွေ၊ ကဗျာတိုလေးတွေ၊ ပေါက်ကရ ဟာသလေးတွေ.. သရော်တော်တော်လေးတွေ.. လျှောက်ရေးတာပေါ့..။ ကျောင်းတုန်းက ရေးခဲ့တာလေးတွေကိုလည်း ဘလော့ စာမျက်နှာပေါ် ပြန်တင်တယ်..။ အသိထဲကဆို ဘယ်သူကိုမှတော့ မပြဖြစ်ဘူး..။ တစ်ရက် ခင်လေးနဲ့ ဖုန်းပြောဖြစ်တော့ ဘလော့အကြောင်း ပြောပြလိုက်တယ်.. (အဲ့လို.. အဲ့လိုပဲ.. ငါတော့ ဘလော့ ရေးနေတယ်ပေါ့.. ဘာညာ..)..။ ကျနော်က သိတာကိုး.. သူလည်း အရူးဆိုတာ.. အဲလေ.. စာရူးဆိုတာ..။ သူလည်း ငယ်ငယ်တုန်းက တောင်ရေး မြောက်ရေး ကဗျာတိုလေးတွေ ရေးရေးနေတာလေ..။ ကျောင်းက ကဗျာ ပြိုင်ပွဲတွေ စာစီစာကုံးပြိုင်ပွဲတွေဆို သူထိပ်ဆုံးက အမြဲပါပေါ့..။ ကြက်ကန်းဆန်အိုးတိုး ဆိုသလို ဆုတွေဘာတွေကလည်း ရတတ်သေးတာ..။ အဲ့ဒီအချိန်ထဲက ကျနော်က သူ့ကဗျာတွေကို လိုက်ဖျက်နေကျ (သတ်ပုံမှားတွေ လုပ်ရေးပြီး ဖျက်တယ်၊ စကားပြေ ပြန်ပြီး ဟာသလုပ်တယ်.. အဲ့လို အဲ့လို..) ပေါ့..။ အခုလို ဘလော့ ပေါ်မှာ ရေးလို့ ရတယ်ဆိုတော့ သူကလည်း စိတ်ဝင်စားတယ်လေ..။ ဒါနဲ့ သူလည်း ရေးမယ်တဲ့.. (အရှည်ကြီး ပြောပြမနေတော့ဘူးနော်..းP..) ဒီလိုနဲ့ ဒါဆိုပြီးရော.. နှစ်ယောက်ပေါင်းပြီး ရေးကြမယ် ဆိုပြီး.. ဘလော့ အသစ်စလုပ်တာ.. (ကိုဟန်သစ်ငြိမ် ကို ကိုသင်္ကာကြီး က “ကချပ် ချပ် ချပ်” နဲ့ လုပ်ပေးလိုက်သလိုမျိုး) ဘလော့ တစ်ခု လုပ်လိုက်တာ တစ်ရက်လောက်ကြာတော့ http://www.koyinnawkhinlaynge.blogspot.com/ ဆိုပြီး ဟိုလိုလို ဒီလိုလိုနဲ့ ဘလော့ တစ်ခု ဖြစ်လာလေရော..။

ဘာလို့ ကိုရင်နော်ခင်လေးငယ် ဆိုပြီး နာမည်နှစ်ခုကို ဆက်ပြီး ပေးထားတာလဲ ဆိုတော့..!! ဒါက ဒီလိုရှိပါတယ်.. ဒါကလည်း တော်တော်ကို ရန်ဖြစ်ပြီးမှ ဖြစ်လာတဲ့ နာမည်ပါ.. သိချင်ရင် ဒီမှာ အလကား ဖတ်..း)..။

ပေါ့ပေါ့ပါးပါးစာအတိုအစလေးများ ဆိုတာကတော့ အနက်ဖွင့်လိုက်ရင်.. ပေါ့ပေါ့ပါးပါး တိုတိုတုတ်တုတ် စာတိုလေးတွေလို့ အဓိပ္ပါယ် ရမယ်ထင်ပါတယ်.. (ဟီးးး ရှင်းနေတာကို ထပ်ရှင်းနေသေးတယ်..) ဆီမပါ၊ ဆားမပါ.. “ပေါ့တီးပေါ့ရွတ်” လို့ ယူဆမယ်ဆိုရင်လည်း ရပါတယ်လေ..။ အခုသာ ရေးလိုက်ရင် စာဖတ်သူ စိတ်ညစ်လောက်အောင် ရှည်လျားတဲ့ ပိုစ့်တွေ ရေးဖြစ်နေပေမယ့်.. စစချင်းရေးတဲ့ ပထမဆုံး ပိုစ့်ဆိုရင် တိုတိုလေးရယ်.. ဘယ်လောက်တောင် တိုသလဲဆို ရင် (၃) လိုင်းပဲ ရှိတယ်..းP ခေါင်းစဉ်က “ရှေ့သို့တိုးရန်” တဲ့..။ ကျနော် ရေးတာပါ..။ ကော်မန့်ကတော့ အားရစရာပါပဲ တစ်ခုတဲ့.. ဟီးးး..။ ပေးတာကလည်း တခြားလူမဟုတ်ပါဘူး.. ဟို မကောင်းဆိုဝါးမ ခင်လေးငယ်..။ အဲ့ဒီ ပထမဆုံး ပိုစ့်မှာကိုက သူရန်လာစတယ်ဆိုတာ ထင်ရှားပါတယ်..။ ပရိတ်သတ်ကြီး မယုံရင် ဒီမှာ ဖတ်ကြည့်ကြပါကုန်..။

အဲဒီလိုနဲ့.. ကျနော်တို့ ဖြေးဖြေးမှန်မှန်ပဲ နားနားပြီး ချီတက်ကြတာပါ..။ သူအားရင် သူရေးတယ်.. ကျနော် အားရင် ကျနော် ရေးတယ်..။ ဘလော့နဲ့ ပတ်သက်တဲ့ ပြဿနာတွေ၊ အခက်အခဲတွေကတော့ အမျိုးမျိုးပါပဲ... ထူးထူးခြားခြား ရန်ဖြစ်ခဲ့ရတာ တစ်ခု ရှိသေးတယ်.. သူဘယ်လောက် စိတ်ပုပ်လဲဆိုတာ မပြောတော့ဘူး.. သိရအောင်လို့ ဒီမှာ သာဖတ်ကြည့်ကြပါ..။

အဲ့ဒီလို စာရေး ကောင်းနေတုန်း.. “တူး..တူး..တူးးးတူးးး” ဆိုပြီး ဖုန်း မြည်လာလို့ ကိုင်လိုက်တော့ ခင်လေးငယ် ဖြစ်နေတယ်..

“HELLO..!!”
“ဟဲ့.. သေနာ.. ငါနင်ရေးနေတာတွေ Draft ကနေ ဝင် ဖတ်ပြီးပြီ.. နင့်ဟာက Tag ပိုစ့် ရေးနေတာလား ငါ့ မကောင်းကြောင်း ရေးနေတာလား.. ဟမ်..”

“အမယ်.. အမယ်.. ငါ့ကိုများ ရန်လာထောင်နေ.. နင့်ကို ပြောသားပဲ နင်ရေးးးးး..လို့.. ငါရေးရင်တော့ ငါရေးချင်သလို ရေးမှာပဲ.. ငါရေးနေတာ အဖြစ်မှန်တွေ..”
“မသိဘူး.. အဲ့လို မရေးနဲ့.. ရိုးရိုးပဲရေး..”

“ဟ.. နင့်ဟာက ဘာတုန်းဟ.. နင်ရေးဆိုတော့လည်း မရေးဘူး.. ငါရေးနေတော့လည်း ဆရာ လာလုပ်တယ်.. မသိဘူး.. ဘာမှ လာမပြောနဲ့.. ငါအခု ဒီပိုစ့်ကို တင်မှာ..”
“ကလုံ”.. ဆိုပြီး ဖုန်းကိုချပလိုက်တယ်.. (ဟဲဟဲ.. ဘာရမလဲ ကလဲ့စားချေတာလေ..း)

(ဘယ်နားရောက်သွားပါလိမ့်...!! အော်..) အဲ့ဒီလိုနဲ့ အရှိန်လေးရလာတော့ ဘလော့မိတ်ဆွေတွေလည်း များလာပါတယ်..။ နောက်တော့ စာဖတ်သူတွေပါ ရှိလာပါတယ်..။ အင်းးး.. များလာဆို ဘလော့ရွာထဲမှာ မတည့်အတူ ရေးနေကြတဲ့ ကျနော်တို့ နှစ်ယောက်ရဲ့ ရန်ပွဲကို လာလာအားပေးကြတာကိုး..။ အဲ့ဒီလို စာလာဖတ်တဲ့ စာဖတ်သူတွေထဲမှာ “ကလေးလေး” ဆိုတဲ့ နာမည်နဲ့ ဆီပုံးမှာ စာတွေ လာလာရေး.. စာတွေ အမြဲလာလာဖတ်တဲ့ ချစ်ခင်စရာ ကောင်မလေး တစ်ယောက်နဲ့ ခင်သွားကြတယ်..။ သူ့အကြောင်းလေးတွေ သိခွင့်ရလာတော့ ဂရုဏာသက်မိကြတယ်.. ပိုပိုပြီး မေတ္တာထားမိကြတယ်..။

(အတိုချုံ့ပဲ ပြောတော့မယ်..)
အဲ့ဒါနဲ့ ခင်လေးငယ် က ကလေးလေး ကို အရမ်း ချစ်သွားပြီး ဘလော့ပေါ်မှာ ပိုစ့် တစ်ခုရေးပြီး မွေးစားလိုက်ရော..။ ဆိုတော့.. ကလေးလေး က သူ့သမီး ဖြစ်သွားပါလေရော.. (အဲ့ဒီ မွေးစားတဲ့ပိုစ့် လင့် မပေးတော့ဘူး.. လင့်တွေ များနေပြီ..းP)..။ အဲ့ဒါနဲ့ ကျနော်မျိုးကလည်း ဒင်းနဲ့ ငယ်ထဲက မောင်နှမတွေလို ဆိုတော့ ကလေးလေး က အော်တိုမစ်တစ် ကျနော့် တူမ ဖြစ်ရောပေါ့..။ ကျနော်ကလည်း ကျနော့် တူမလေးကို ချစ်ပါတယ်..။ ဒီတော့ ကျနော်တို့ ဘလော့က ကိုရင်နော်၊ ခင်လေးငယ်၊ ကလေးလေး ဆိုပြီး သုံးယောက် ဖြစ်သွားလေရော..။

ကယ်... ပြီးပါပြီ..။

ဆြာဟန်ရေ.. Tag တဲ့ အတွက်ကျေးဇူးဗျာ.. ကျနော်တို့ သုံးယောက် အကြောင်းပါ ရောပြီး ရှင်းလိုက်ပြီ..းP..။

Tag တို့ရဲ့ ထုံးစံ အတိုင်း တဂ်ဆင့်လေးတော့ ကမ်းဦးမှပါလေ.. အများကြီးတော့ မကမ်းတော့ဘူးနော်.. မအားကြမှာ အားနားလို့ပါ.. ချစ်စွာသော အမျိုးတွေအများကြီးထဲက သုံးယောက်ကိုပဲကမ်းမယ်..

သားငယ်လေး Craton celebrate

တူမတော် မက်မက်.. senyumkenyit


အားလုံးအားလုံးကို..
ခင်မင်လေးစားချစ်ခြင်းအားဖြင့်

nerd ကိုရင်နော်ခင်လေးငယ် gile


Sunday, June 21, 2009

အမှိုက်ထဲမှစိတ်ဓါတ်များ


(((((အမှိုက်.. အမှိုက်..)))))
(((((အမှိုက်.. အမှိုက်..)))))

နေပူကျဲကျဲမှာ အမှိုက်လှည်းကြီးကို တွန်းရင်း တစ်လမ်းဝင် တစ်လမ်းထွက် အမှိုက်လိုက်ကောက်နေတဲ့ ကျနော်တို့ မောင်နှမ နှစ်ယောက် အတွက်တော့ နေမင်းကြီး ပူလောင်တယ် ဆိုတာထက် လူလုံးမလှပတဲ့ ဘဝရဲ့ ပူလောင်မှုက အရာရာကို ရင်ဆိုင်ဖို့ ကျင့်သားရခဲ့ပြီးသားပဲလေ..။

နားထဲမှာတော့ ဖေဖေ မဆုံးခင် ပြောသွားတဲ့ ဆုံးမ စကားလေးကို ကြားနေမိသေးတယ်..
“သားရေ ဖေဖေတို့က အမှိုက်ကောက်တဲ့ သူတွေဆိုတော့ လူတွေက မသတီကြဘူး.. အကျိုးပေး မကောင်းခဲ့လို့ နှိမ့်ကျတဲ့ ဘဝ ရောက်နေပေမယ့် စိတ်ဓါတ်ကို အမြဲ မြင့်မြင့်ထားပါ.. ဘယ်လောက်ပဲ ဆင်းရဲနုံချာနေပါစေ.. သူများပစ္စည်း မခိုးနဲ့.. မတရားတာ မလုပ်နဲ့.. ရိုးသားဖြူစင်တဲ့ စိတ်ဓါတ်နဲ့ ဘဝကို ရဲရဲ ရင်ဆိုင်ပါ..” တဲ့

ကျနော် နဖူးပေါ်က ချွေးတွေကို လက်တစ်ဖက်နဲ့ သုတ်ရင်း.. အတွေးစကို ဖြတ်ကာ အမှိုက်လှည်းကြီးကို ဂရုတစိုက် တွန်းလာခဲ့တယ်..။ ကျနော့် ပုဆိုးစလေးကို ဆွဲကိုင်ရင်း လိုက်လာတဲ့ ညီမလေးကလည်း သူ့အသံလေးနဲ့ အမှိုက်.. အမှိုက်..!! လို့ အော်ပေးရှာပါတယ်..။

ညီမလေးက အခုမှ (၆) နှစ် ရှိသေးတာ..။ တကယ်ဆို ကျနော်တို့ မောင်နှမက ကျောင်းနေရမယ့် အရွယ်တွေပေါ့..။ ကျနော်သာ ကျောင်းနေခဲ့ရရင် အခုဆို ရှစ်တန်း၊ ကိုးတန်း လောက်တော့ ရောက်နေလောက်ပြီ..။ ဘဝပေးကံက ကျောင်းဆိုတာ ဘာမှန်းမသိလောက်အောင် ဆိုးရွားခဲ့တော့ ဒီဘဝ ဒီလိုသာ ဖြတ်သန်းရတော့မှာ..။

ကျနော် စိတ်ဓါတ်မကျပါဘူး.. အမှိုက်ကောက်လို့ ရတဲ့ ငွေလေးနဲ့ ကျနော်တို့ မောင်နှမ ထမင်းစားတယ်..။ စေတနာကောင်းတဲ့ အိမ်တွေက ကျနော်တို့ကို အဝတ်အစား အဟောင်းတွေ ပေးကြတယ်..။ နေစရာကတော့ အမိုးအကာ ရှိတဲ့ တစ်နေရာရာဆိုရင် နေလို့ ဖြစ်နေတာပါပဲလေ..။

“အမှိုက်..!!!!..”
အမှိုက်လို့ အော်ခေါ်သံကြားလို့ ကျနော် ဝမ်းသာအားရ မော့ကြည့်လိုက်တော့ ဟိုး.. ခြောက်လွှာကနေ လက်ယပ် ခေါ်နေတဲ့ အန်တီကြီး တစ်ယောက်..။

ကျနော် ညီမလေးကို အမှိုက်လှည်းနားမှာ စောင့်ခိုင်းပြီး လှေခါးထစ်တွေ အတိုင်း ပြေးတက်ခဲ့လိုက်တယ်..။ ဒီအမှိုက်ဖိုးလေးရရင် ညီမလေးကို ကောက်ညှင်းပေါင်းနဲ့ အကြော်ဝယ်ကျွေးရမယ်လေ..။

အခန်းတံခါး ခပ်ဟဟလေး ပွင့်လာတယ်.. ပြီးတော့ ဖြူဖြူဝဝ အန်တီကြီး တစ်ယောက် ထွက်လာပြီး အမှိုက်တွေ ထည့်ထားတဲ့ သံပုံးကြီး တစ်ပုံး ထုတ်ပေးတယ်..။
“ရော့.. ကောင်လေး အမှိုက်ယူပြီးရင် အမှိုက်ပုံး ပြန်လာပေး..”

ကျနော်လည်း အမှိုက်ပုံးကြီးကို ဝမ်းသာအားရ မပြီး လှေခါးထစ်တွေ အတိုင်း ပြန်ဆင်းခဲ့တယ်..
အမှိုက်တွေ မကျအောင်လည်း ဂရုစိုက်ရသေးတယ်လေ..။

ညီမလေးကတော့ အမှိုက်လှည်းကြီးဘေးမှာ မြေကြီးတွေကို ဒုတ်နဲ့ ခြစ်ပြီး ဆော့နေလေရဲ့..
ကျနော်လည်း သံပုံးထဲက အမှိုက်တွေကို အမှိုက်လှည်းကြီးပေါ် ပစ်ပြီး သံပုံးလွတ်ကြီးနဲ့ ပြန်ပြေးတက်ရတာပေါ့ ..
အဲ့ဒီ ခြောက်လွှာဆီကို..။

အပေါ်ထပ် အခန်းဝကို ပြန်ရောက်တော့..
“ဘယ်လောက် ပေးရမလဲ..”

“အန်တီ စေတနာရှိသလောက် ပေးပါခင်ဗျာ..”
“ရော့.. ငါးဆယ် ယူလိုက်..”

အန်တီကြီး ထုတ်ပေးတဲ့ နှစ်ရာတန်လေးကို လက်တဖက်က ကိုင်ပြီး ကျနော် ခေါင်း ကုတ်လိုက်တယ်..
ကျနော့်မှာ ရှိတာက ငါးဆယ်တန် တစ်ရွက်ပဲ ရှိတာလေ.. ကျနော် ဘယ်လို အမ်းရမလဲ..။

ကျနော် ငါးဆယ်တန် နွမ်းဖတ်ဖတ်လေးကို ထုတ်ပြီး..
“ကျနော့်မှာ ငါးဆယ်ပဲ ရှိတာ.. ပြန်အမ်းဖို့ မရှိဘူး ခင်ဗျ.. အန်တီ အနှုတ် မရှိဘူးလား..”
“ဟဲ့.. အဲဒါဆို ဘယ်လို လုပ်မှာလဲ.. ငါ့မှာ အနှုတ်မရှိဘူး..”

“ဒါဆို ကျနော် လမ်းထိပ်က ကွမ်းယာဆိုင်မှာ အနှုတ် သွားလဲ လိုက်မယ်..”
“ဘယ်ဖြစ်မလဲ.. နင် ပြန်မလာရင် ဘယ်လို လုပ်မလဲ.. နင်တို့လို အမှိုက်ကောက်သမားတွေက ဒီလိုတွေကြီးပဲ..”

“ဟာ.. ကျနော် အဲ့လို မလုပ်ပါဘူး.. ကျနော် ပြန်လာ အမ်းမှာပါ..”
“အို.. တော်ပြီး ရှုပ်ရှုပ်ရှက်ရှက်.. နေ.. နေတော့.. အမ်းဖို့ မရှိရင် မပစ်တော့ဘူး.. အမှိုက်တွေ သွားပြန်ယူပေး..”
“ဗျာ..!!..”
ကျနော် အံ့သြသွားတယ်..။ စိတ်ထဲမှာလည်း ကျင်ကနဲ ဖြစ်သွားတယ်..။

ကျနော် ဘာမှ မပြောတော့ပါဘူး.. နှစ်ရာတန်လေးကို သူ့လက်ထဲ ပြန်ထည့်ပြီး လည့်ထွက်ခဲ့လိုက်တယ်..။

လှည်းထဲက သူ့အမှိုက်တွေကို ကြည့်လိုက်တော့ ဘီယာဘူးခွံတွေ.. နိုင်ငံခြားဖြစ် တန်ဖိုးကြီး အစားအစာတွေရဲ့ ဗူးခွံတွေ..။ ညီမလေးက တော်တော် ဗိုက်ဆာနေပြီ ထင်ပါတယ်.. အဲ့ဒီ ဗူးခွံတွေထဲက ကြက်ပေါင်ကြော်ပုံ ပါတဲ့ ဂတ်ထူဗူးခွံကြီးကို ကိုင်ပြီး ကြည့်လို့..။

ကျနော် စိတ်မကောင်းတော့ ဖြစ်မိတယ်.. ဒါပေမဲ့ ကျနော် ဝမ်းမနည်းပါဘူး..။ ဒါဟာ ကျနော်တို့ ရင်ဆိုင် ကြုံတွေ့နေကျ ခါးသက်သက် ဘဝပါ..။ လူတော်တော်များများက ကျနော်တို့ကို မသတီကြဘူး..။ နှိမ့်ကျနေတဲ့ ကျနော်တို့ ဘဝကို ဘယ်သူမှ ကိုယ်ချင်း မစာနိုင်ကြဘူး..။ လက်တွဲဖေးကူမယ့်သူ ဆိုတာလည်း ရှားပါးလွန်းလှပါတယ်..။ စိတ်ဓါတ်ဖြူစင်ပြီး မေတ္တာထားတတ်ကြသူတွေလည်း ရှိတော့ ရှိပါတယ်..။ လူနည်းစုပေါ့..။

ကျနော်တို့ အမှိုက်ကောက်သမားဆိုတာ သူတပါးပတ်ဝန်းကျင် သန့်ရှင်းဖို့အတွက် ကိုယ်ကိုတိုင် အညစ်ပေခံပြီး ကူညီနေကြ သူတွေပါ..။ လူတွေက အမှိုက် ဆိုတာနဲ့တင် လက်နဲ့ ပြန်ကိုင်ဖို့တောင် ရွံရှာ တတ်ကြပါတယ်..။ ဒီလို သူများ ရွံရှာတဲ့ အလုပ်ကို ကျနော်တို့ကတော့ ကျေကျေနပ်နပ်ကြီး လုပ်နေရတာပါ..။
ဒါဟာ.. ဘဝပေးကုသိုလ်ကံလို့ ပြောမလား..! ခေတ်ကာလကြောင့်လို့ ပြောမလား..!

ဒီအမှိုက်တွေထဲမှာ ကျနော်တို့ ထမင်းအိုး ရှိတယ်..

ဒီအမှိုက်တွေထဲမှာ ကျနော်တို့ ရိုးသားမှု ရှိတယ်..

ဒီအမှိုက်တွေထဲမှာ ကျနော်တို့ ဘဝ ရှိတယ်..

ဒီအမှိုက်တွေထဲမှာ ကျနော်တို့ အနာဂတ် ရှိတယ်..

ဒီအမှိုက်တွေထဲမှာ ကျနော်တို့ရဲ့ ဖြူစင်သန့်ရှင်းတဲ့ စိတ်ဓါတ်တွေ ရှိတယ်..

အဲ့ဒီလိုပဲ ဒီအမှိုက်တွေထဲမှာ ကိုယ်ချင်းစာတရား မရှိသူတွေရဲ့ ပုပ်ပွနေတဲ့ စိတ်ဓါတ်တွေ ရှိတယ်..

ကျနော် သက်ပြင်း လေးလေးကြီး ချကာ အမှိုက်လှည်းကြီးကို တွန်းပြီး ထွက်လာခဲ့လိုက်တော့တယ်..
ညီမလေးကတော့ ပါးစပ်က အကျင့် ပါနေတဲ့ အော်နေကျ အတိုင်း..

(((((အမှိုက်.. အမှိုက်..)))))

(((((အမှိုက်.. အမှိုက်..))))) တဲ့လေ..။

(ကိုရင်နော်)


မှတ်ချက်။ ။ ဒီအဖြစ်အပျက်လေးက အမှိုက်ကောက်သမားလေး တစ်ယောက် တကယ် ကြုံတွေ့ခဲ့ရတဲ့ ဖြစ်ရပ်မှန် အဖြစ်အပျက်လေး တစ်ခုပါ..။ “လဲနေသူ ထူပေးပါ.. အားငယ်သူ အားပေးပါ..” တဲ့.. ငယ်ငယ်က သင်ခဲ့ရပါတယ်..။ အခုခေတ်မှာတော့ “လဲနေသူ ကျော်သွားပါ.. အားငယ်သူ ဖိနှိပ်ပါ..” ဆိုတာမျိုးတွေ ဖြစ်နေပြီ..။ လူသားချင်း စာနာထောက်ထားကြဖို့တော့ လိုနေပြီ..။ သာမန်လူတစ်ယောက် အတွက် ငွေနှစ်ရာဟာ ဘာမှ သုံးမဖြစ်တော့ပေမယ့် ဒီပိုစ့်ထဲက မောင်နှမအတွက်တော့ ထမင်းတစ်နပ်စာ ကောင်းကောင်းရပါတယ်..။ လူသားတိုင်း တစ်ဦးနဲ့ တစ်ဦး အပြန်အလှန် မေတ္တာထားနိုင်ကြပါစေ..။

Friday, June 19, 2009

ကျနော်လူဆိုး (၆)

“သားရေ..”
“ဟုတ်.. မေ့..”
ဖတ်လက်စ ဝတ္ထုစာအုပ်ကို ခေါင်းအုံးအောက် ထိုးထည့်ပြီး အတည်ပေါက်နဲ့ ကျောင်းစာအုပ်ကို ကောက်ကိုင် ထားလိုက်တယ်..

“ခေါင်းအုံးအောက် ဘာထည့်လိုက်တာလဲ.. မေမေ တွေ့လိုက်ပါတယ်..”
“မဟုတ်ဘူး.. မေ့..”
မေမေက ပြောပြောဆိုဆို ခေါင်းအုံးကို ဆွဲလှန်လိုက်တော့ ထွက်လာတာက ဆားပုလင်းနှင်းမောင်နှင့် ပိတုန်းသုံးကောင်..

“ဒေါက်” ကနဲ နေအောင် ခေါက်လိုက်တဲ့ မေမေ့ လက်သံနဲ့အတူ..
“စောစောစီးစီး စာတော့ မကျက်ဘူး.. ဝတ္ထုဖတ်နေ.. စိတ်ညစ်တယ်.. နင့်ကို မေမေ သိပ် စိတ်ညစ်တယ်..”
“မေ့ကလည်း သားက စုံထောက်ကြီး လုပ်မှာ မို့လို့ ဒီစာအုပ်တွေ လေ့လာနေတာ..”

“ငါ ထပ်ခေါက်လိုက်လို့ နာအုန်းမယ်.. စုံထောက် တော့ ဖြစ်မဖြစ် မသိဘူး. လူဆိုးဗိုလ်ဖြစ်မှာတော့ သေချာတယ်.. ဒီလောက် ပြောမရ ဆိုမရ ဆိုးနေတာ.. ကယ်.. ကယ်.. ထထ ရေချိုးတော့ ကျောင်းချိန် နီးနေပြီ..”

“ဟုတ်.. ဟုတ်..မေ့..”
မေမေလည်း ထွက်သွားရော.. စားပွဲပေါ်က ဘောပင်ကို နှုတ်ခမ်းဖျားမှာတေ့ပြီး.. ရေခဲတောင်စီးကရက် ဖွာနေတဲ့ ဆားပုလင်းနှင်းမောင် ဂိုက်ဖမ်းလိုက်တယ်..။

ဆားပုလင်းနှင်းမောင် စုံထောက် ဝတ္ထုတွေဆိုရင် ကျနော်က အရမ်း ကြိုက်တာလေ..။ အထူးသဖြင့် လူသတ်မှုတွေ လိုက်တဲ့အခါ ရေခဲတောင် စီးကရက်ကို ဖွာနေတဲ့ သူ့ပုံကို စိတ်ကူးထဲမှာ မြင်ယောင်ပြီး အရမ်း အားကျတာ..။ တကယ်တော့ စုံထောက် ဝတ္ထုတွေ ဖတ် ဖတ်ပြီး ရူးနေတာပေါ့..။

..................................... (၂) .....................................

“ဒီမယ် မခင်လေး.. ကျုပ်ဒီအမှုနဲ့ ပတ်သက်ပြီး ခင်ဗျားကို သိပ်မသင်္ကာဘူး.. ကျုပ် ခင်ဗျားကို စစ်ဆေးရလိမ့်မယ်..”
“ဟမ်.. အရူး.. ဘာလာကြောင်တာလဲ..”

“ဟီးးး.. ငါ ညက ဆားပုလင်းနှင်းမောင် ဝတ္ထုဖတ်လာတာဟ.. သလား.. အရမ်းကောင်းတယ်.. နင့်ကို ငါပြောပြအုံးမယ်..”
“တော်.. တော်.. ငါမသိချင်ဘူး.. နင့်ဟာနင် ဖတ်.. နင့်ဟာနင် ရူး.. ကယ်.. သွားတော့ ကျောင်းတက်တော့မယ်..”

ခင်လေးမျက်နှာကို လက်ညှိုးနဲ့ ချိန် “ဒိုင်းညှောင့်..” ဆိုပြီး သေနတ်ပစ်သလို လုပ်ရင်း ကျနော်တို့ အတန်းဘက်ကို ပြန်ခဲ့လိုက်တယ်..။ ခင်လေးကတော့ ပိကျိပိကျိ နဲ့ ဘာတွေ ပြောပြီး ကျန်ခဲ့တယ် မသိ..။

အတန်းထဲမှာတော့ ထုံးစံအတိုင်း စာကို စိတ်မဝင်စားပါဘူး..။ သန်းဝင်းတို့ကို ဆားပုလင်းနှင်းမောင် ဝတ္ထုအကြောင်းတွေ ပြောပြနေတာ..။ သူတို့တွေကလည်း သိပ်တော့ စိတ်မဝင်စားကြရှာပါဘူး ကျနော့်နားမှာ ဝိုင်းလို့..။ ဒီလိုနဲ့ပဲ တစ်နေ့ ကုန်တာပါပဲ..။

နောက်ဆုံးအချိန်က ဆရာ မအားလို့ထင်ပါတယ်.. အတန်း မဝင်ဘူး..။ ဘယ်ရမလဲ ကျနော်တို့က ပျော်တာပေါ့..။ လွတ်လပ်ရေး ရတာပဲလေ..။ စကားတွေ ပြောလိုက်ကြ.. တဟားဟား ရယ်လိုက်ကြနဲ့..။ သောင်းကျန်းလို့ ဝတော့ သန်းဝင်းနဲ့ နှစ်ယောက်သား အိမ်သာဖက် ထွက်ခဲ့ကြတယ်..။

အိမ်သာက ကျောင်းရဲ့ အနောက်ဖက် စွန်းစွန်းမှာ..။ အိမ်သာနားမှာတော့ ဆယ်တန်းက အစ်ကိုကြီးတွေလည်း ရှိတယ်..။ အိမ်သာ အနောက်မှာ အငွေ့တထောင်းထောင်းနဲ့ သူတို့တွေက ဆေးလိပ်ခိုးသောက်နေကြတာလေ..။ အဲ့ဒီထဲက အစ်ကို တစ်ယောက်က လှမ်းပြောတယ်..

“ဟေ့ယောင်တွေ မင်းတို့ သွားမတိုင်နဲ့နော်..” တဲ့
“ဟာ... ဘရားသားကလည်း မတိုင်ပါဘူးဗျ..” လို့ ပြောရင်း သူ့လက်ထဲက စီးကရက်ကို ကြည့်မိတယ်.. ပြီးတော့ ဆားပုလင်းနှင်းမောင် ရဲ့ ရေခဲတောင် စီးကရက် သောက်ပုံကိုလည်း မြင်ယောင်လာတယ်..။ စိတ်ထဲကလည်း သောက်ကြည့်ချင်စိတ်တွေ တဖွားဖွား ..။

“ဘရာသား စီးကရက်သောက်တာ ဘာအရသာ ရှိလို့လဲဗျ..”
“ဟ.. ရှိတာပေါ့ကွ.. စီးကရက်ကို ဟော့လို ရှူပြီး အငွေ့ကို ဟော့လို လေထဲကို မှုတ်ထုတ်လိုက်ရတာကိုက အရသာကွ.. မယုံရင် သောက်ကြည့်.. ရော့..”
အဲ့ဒီ အစ်ကိုက ပြောလည်း ပြော သောက်လည်း သောက်ပြ.. ပြီးတော့ သောက်ကြည့်ဖို့ပါ.. ကမ်းပေးလာလေရော..

ကျနော် တွန့်တော့ တွန့်သွားတယ်..။ ဆေးလိပ်ဆိုတာ တစ်ခါမှ သောက်ဖူးတာ မဟုတ်..။ ဒါပေမဲ့ စိတ်ထဲကကို သောက်ကြည့်ချင်နေတာ ဆိုတော့.. ချက်ချင်းပဲ.. ယူပြီး သောက်ကြည့်လိုက်တယ်..
“အဟွတ်.. အဟွတ်.. အဟွတ်..”
ဆေးလိပ်ငွေ့တွေ ရင်ထဲ အလုံးလိုက်ဝင်သွားတော့ မွန်းကြပ်ပြီး ချောင်းဆိုးပါလေရော..
“မင်းကလည်း.. ဖြေးဖြေးချင်း ရှိုက်လေကွာ.. အရမ်းရှိုက်ရင် အဲ့လို ချောင်းဆိုးမှာ..”

ကျနော် စီးကရက်ကို လက်ကြားမှာ သေချာ ညှပ်လိုက်တယ်.. ပြီးတော့ စိတ်ထဲမှာတော့ စုံထောက်ကြီးလိုလို အရသာခံရင်း.. ရှိုက်ကာ ရှိုက်ကာနဲ့ အငွေ့တွေ အလုံးလိုက် မှုတ်အထုတ်..

“ဟာ.. ဟေ့ယောင် ဟိုမှာ ခင်လေးငယ်..”
“ဟမ်..”
သန်းဝင်း ပြတဲ့ မိန်းကလေး အိမ်သာဘက်ကို ကြည့်လိုက်တော့ ခင်လေးနဲ့ သူ့သူငယ်ချင်း..။ ခင်လေးက ကျနော် ဆေးလိပ်သောက်နေတာကို ခါးထောက်ပြီး ကြည့်နေလေရဲ့..။

ကျနော်လည်း လန့်သွားတယ်..။ မြွေပဲ.. ဒင်းက အတိုင်ကြောက ထူကထူနဲ့.. အခုတော့ သူနဲ့မှ ပက်ပင်း...။ သောက်လက်စ ဆေးလိပ်ကို ဟိုအစ်ကိုကြီးကို ပြန်ပေးပြီး.. ခင်လေးနားကို မြန်မြန် သွားလိုက်တယ်..
“ငရင်နော်.. နင်တော်တော် ပျက်စီးနေပြီနော်.. ငါ တိုင်မှာ..”

“ဟာ.. မဟုတ်ဘူး ခင်လေး.. ငါ ဒီတစ်ခါပဲ သောက်ကြည့်တာ... စမ်းသောက်ကြည့်တာပါကွာ.. မတိုင်ပါနဲ့ကွာ.. နော်.. မေမေသိရင် ငါ သတ်ခံရမှာ..”

“ဘယ်ဖြစ်မလဲ တိုင်ရမှာပေါ့ နင်မကောင်းတာလုပ်ရင် တိုင်ရမယ့်တာဝန် ငါ့မှာ ရှိတယ်..”
“နင်ကလည်းဟာ.. ငါတောင်းပန်ပါတယ်ကွာ နော်.. မတိုင်ပါနဲ့.. ငါ နောက် မသောက်တော့ပါဘူး.. ဘယ်လိုကြီးမှန်း မသိဘူး.. ချောင်းတွေ ဆိုးတယ်ဟ..”

“အေ.. နင် အဲ့လို အပေါင်းအသင်း မှားရင်တော့ ပျက်စီးမှာပဲ.. ဒီကိစ္စကတိုင်မှကို ရမှာ..”
“ခင်လေးရာ.. ငါ တကယ် ပြောတာပါကွာ မတိုင်ပါနဲ့ ဟာ.. ငါ တကယ် သတ်ခံရလိမ့်မယ်.. ငါနောက် သူတို့နဲ့လည်း မပေါင်းတော့ပါဘူးဟာ..”

ခင်လေးက ကျနော့် မျက်နှာကို စေစေ့ကြည့်ပြီး
“နင်သေချာလား နောက်မသောက်တော့ဘူးဆိုတာ..”
မျက်နှာကို လက်ညှိုးနဲ့ ထိုးပြီး မေးနေတဲ့ သူ့ပုံက ဆရာမကြီးလိုလို..

“အေးပါဟာ.. သေချာတယ်.. ငါကတိပေးတယ်.. နောက် မသောက်တော့ဘူး.. မေမေ့ကိုလည်း မတိုင်နဲ့နော်..”
“အေ.. ပြီးရော.. နောက် သောက်တာတွေ့လို့ကတော့ ငါ တကယ်တိုင်မှာ..”
ပြောပြောဆိုဆိုနဲ့ မျက်စောင်းထိုးပြီး လှည့်ထွက်သွားလေရဲ့..

“ဟဲ့.. ခင်လေး.. နေအုန်း..”
“နင့်မှာ ချိုချဉ်တွေ ဘာတွေ မရှိဘူးလား.. ငါ့ ပါးစပ်က ဆေးလိပ်နံ့ နံနေ သလိုလိုပဲဟ.. ကျောင်းကလည်း ဆင်းတော့မှာ တော်ကြာ မေမေ အနံ့ရသွားရင် ဒုက္ခ....”
“ဘာအခုမှ ကြောက်ပါပြီလဲ.. ဘာချိုချဉ်မှ မရှိဘူး.. အနံ့ပျောက်ချင်ရင်.. ဟိုမှာ နေကြာရွက်တွေ ရှိတယ်.. အဲ့ဒါတွေ ဝါးစား..”
ပြောပြောဆိုဆို ဆံပင်ကို ခါကာခါကာနဲ့ ဘဲမလေး ရေထဲက တက်လာသလို ခါရင်း လစ်သွားလေရဲ့..

“ဟဲ့ နင့်ဘိုးအေ.. အဲ့ဒါ စားရင် ခါးမှာပေါ့..”
ခင်လေးကတော့ ကျနော် လှမ်းအော်တာတောင် မကြားတော့ပြီ..။

..................................... (၃) .....................................

သန်းဝင်းနဲ့ နှစ်ယောက်သား စကား တပြောပြောနဲ့ အတန်းဘက်ကို ပြန်လာခဲ့ကြတယ်.. ခင်လေးတို့ အခန်းနားရောက်တော့..

“ဟဲ့.. ကောင်စုတ်.. ရော့..”
ပြူတင်းပေါက်ကနေ ကိုယ်တခြမ်းထွက်လာတာက ခင်လေးပါပဲ.. ပြီးတော့ သူ့လက်ထဲမှာ ပီကေ..။

“ဟာ.. ပီကေ..!! နင်ကလည်းဟာ ရှိတယ် ဆိုရင်လည်း ခုနထဲက ပြောတာ မဟုတ်ဘူး.. ငါ့မှာတော့ နေကြာရွက်ပဲ တကယ် ဝါးရတော့ မလိုလို ဖြစ်နေတာ..”
“အပို မပြောနဲ့ ရော့ မြန်မြန်ယူပြီး သွားတော့..”

“ဟီးးး.. တစ်ခုပဲလားဟ.. ပေးပါဦး နောက်တစ်ခု.. ဒါလေးက ဝါးလိုက်ရင် သေးသေးလေး ဖြစ်သွားမှာ..”
“တော်ပြီ.. ဒီ တစ်ခုက ကျောင်းဆင်းရင် ငါစားမလို့..”

“အော်.. နင်ကလည်း ပေး.. ပေး.. ငါပဲ စားလိုက်မယ်.. နောက်မှ ငါ ပြန်ဝယ်ပေးမယ်..”
ပြောလည်း ပြောရင်း ခင်လေး လက်မှာ ကျန်တဲ့ နောက် တစ်ခုကိုပါ လှမ်းပြီး.. လုယူလိုက်တယ်..
“ဟာ... သေနာ.. အငတ်..”
“ဟီးးး ဟီးးး.. ကျေးဇူးး..”

အခန်းထဲ ရောက်တာနဲ့ ပီကေနှစ်ခုလုံးကို ပူးပြီး ဝါးစားလိုက်တယ်.. အရသာလေးက ပူရှိန်းရှိန်း မွှေးတေးတေးလေး..။ ကျနော်က ပီကေ ဝါးရတာတော့ တကယ် ကြိုက်တယ်.. ညက်ညက်ကြေနေတဲ့ ပီကေ အပြားလိုက်လေးကို သွားရှေ့မှာ ကပ်ပြီး “တတ်.. တောက်.. တတ် တောက် တောက်” ဆိုပြီး ဖောက်ရတာ အရမ်းအရသာ ရှိတာ.. သူများ နားငြီးမလားတော့ မသိဘူး.. ကျနော်ကတော့ အဲ့လို ဖောက်နေရတာကို ပျော်တာ.. ပြီးတော့ ပူဖောင်းကြီး ဖြစ်အောင် မှုတ်လိုက်သေးတယ်.. “ဖူးးးး..” ဆိုပြီး..။

“ဒေါင်.. ဒေါင်း.. ဒေါင်း.. ဒေါင်းဒေါင်း.. ဒေါင်း..”
ကျောင်းဆင်း ခေါင်းလောင်း ခေါက်တာနဲ့ အတန်းထဲကနေ ပြေးထွက်ကြတာ.. မီးလောင်လို့ ထွက်ပြေးကြတာ ကျနေတာပဲ..။

အဲ့ဒီမှာပဲ မမျှော်လင့်တဲ့ တိုက်ဆိုင်မှုကြီးက ဖြစ်ပါလေရော..
ကျနော်က ပါးစပ်မှာ မှုတ်လက်စ ပူဖောင်းကြီး တန်းလန်းနဲ့ အခန်းထဲကနေ ခုန်အထွက်.. ခင်လေးက ဆံပင်ကို ရမ်းခါ ရမ်းခါနဲ့ ဖြတ်အပြေး တိုက်မိမလို ဖြစ်သွားတာ..။ တော်သေးရဲ့ မတိုက်မိပဲ ပွတ်ရုံ ပွတ်မိသွားလို့.. တိုက်မိလို့ကတော့ နှစ်ယောက်လုံး အလဲပဲ နေမှာ..။

“ဟမ်းး.. ငါ့ ပီကေ ဘယ်ရောက်သွားပါလိမ့်..!!!!..” “ဟားးးး.... သွားပြီ..”
ကျနော့် ပီကေ ပူဖောင်းကြီး ကပ်ပါသွားတာကတော့.. ခင်လေး ဆံပင် ကျစ်ဆံမြီးမှာ..။
သူကတော့ မသိလိုက်ရှာဘူး.. ဘုကြည့် တစ်ချက်ကြည့်ပြီး ဆက်ပြေးသွားတာ..။

ကျနော် အတင်း ပြေးလိုက်သွားတယ်..။ စက်ဘီးတွေ ရပ်ထားတဲ့ နေရာနား ရောက်တော့..
“ခင်.. ခင်လေး..”
“ဘာတုန်း..”
သူကတော့ သူ့ပုံစံ အတိုင်း ဘုဆတ်ဆတ်နဲ့

“ဟို.. ဟို.. ပီကေ..”

ကျနော် လက်ညှိုး တစ်ထိုးထိုးနဲ့ စကားက ဆက်ထွက်မလာဘူး..
“ဘာ ပီကေလဲ.. နင်လေ ငတ်ကြီးကို ကျတယ်..”

“မ မဟုတ်ဘူး.. ဟို ဟို.. ပီကေ.. ကပ်နေတယ်..”

“ဘာတုန်း.. ဘယ်မှတုန်း..”
ခင်လေးက ကြောင်တောင် တောင်နဲ့ ဟိုကြည့် ဒီကြည့်..

“ဟို.. ဟိုမှာ နင့် ဆံပင်မှာ ကပ်ပါသွားလို့..”

“ဘာ..!!!!..”
ခင်လေးက ကိုယ်ကို ပတ်ချာလှည့်ပြီး သူ့ဆံပင်မြီး သူ လိုက်ကြည့်နေတာက ခွေးမလေး သူ့အမြီးသူ လိုက်ဖမ်းနေသလို ပတ်ချာကိုရမ်းလို့..

“ဘယ်မှာတုန်း... ဟင့်.. ကောင်စုတ်.. နင်.. နင်.. သက်သက် လုပ်တာ..”
“ဟာ.. မဟုတ်ဘူး.. ငါ ပူဖောင်း မှုတ်နေတုန်း နင်ပြေးလာတာ တိုက်မိမလို ဖြစ်ပြီး အဲ့ဒါကြီးက ကပ်ပါသွားတာ.. ပေး.. ပေး.. ငါ ဖယ်ပေးမယ်..”
ကျနော် ပြောပြော ဆိုဆိုနဲ့ သူကျစ်ဆံမြီးမှာ ကပ်နေတဲ့ ပီကေကို ခွာတော့တာ..။ အဲ့ဒီမှာတင် ခွာလေ ကပ်လေ ခွာလေ ကပ်လေနဲ့ ပိုပိုပြီးကို ကပ်ကုန်ပါလေရော..။

“ဟဲ့ ခင်လေး.. မရဘူး.. ပူဖောင်းကြီးက အကြီးကြီးကိုးဟ ဒီမှာ အများကြီး ကပ်ကုန်ပြီ..”
“အီးးးးဟီးးးးဟီးးးးးရီးးး ကောင်စုတ်.. နင် သက်သက် လုပ်တာ... ဟီးးး..”
အမိက အသံထွက်တဲ့ အထိ ငိုပါလေရော..

ကျနော်တို့ နှစ်ယောက်ရဲ့ အဖြစ်ကို ကြည့်ပြီး ဝိုင်း ရယ် (ရီ) နေကြတဲ့ ကျောင်းသားတွေကလည်း အများကြီးဆိုတော့.. ခင်လေးလည်း ရှက်သွားတယ်ထင်ပါတယ်.. ငိုယိုပြီး စက်ဘီးကို အတင်း နင်းထွက်သွားတာ တားချိန်တောင် မရလိုက်..။

ကျနော်လည်း ငူငူကြီး ရပ်ကျန်ခဲ့တယ်..။ ဒါ မြွေ.. တကယ့် မြွေ ဖမ်းမိပြီ..။ သေချာတယ်.. သူသွားတာလည်း ကျနော့် အိမ်ကို ဆိုတာ သေချာပါတယ်..။ ဒီကိစ္စက မသေးဘူး.. ဆေးလိပ်အမှုပါ ဖော်လိုက်ရင် ကျနော် သေဒဏ်ပေးခံရနိုင်တယ်..။

..................................... (၄) .....................................

ကျနော် အိမ်ကို တော်တော်နဲ့ မပြန်သေးဘူး.. ဟိုလိုလို ဒီလိုလိုနဲ့ အချိန်ဆွဲနေတာ..။ အမှန်အတိုင်း ဝန်ခံရရင် ကြောက်နေတာပါ..။ စုံထောက်ကြီး ဖြစ်ချင်တဲ့ ကျနော်.. ရေခဲတောင် စီးကရက်ကနေ အစပြုလိုက်တာ အခုတော့ တရားခံ လုံးလုံး ဖြစ်နေပြီ..။ ဒီလိုနဲ့.. လှုပ်လှုပ်.. လှုပ်လှုပ်နဲ့.. အိမ်ကို ရောက်လာတာပါပဲ..။ ခြေဖဝါးက မြေမှုန်လေးကို ခါတိုင်းလို နဖူး သုတ်ရင်ကောင်းမလား ဆိုတာတောင် မစဉ်းစားမိတော့ပါဘူးဗျာ..။ ဒီကိစ္စက ဆော်ခံရတော့မှာ သေချာပေါက်ကြီးကိုး..။

“လာစမ်း.. လာစမ်း.. ရင်နော်.. လာစမ်း..”
မေမေက နားရွက်ကို အရင် လိမ်ဆွဲပါတယ်...

“အားးးး.... မေ့.. ခဏ.. သား ပြောပြမယ်..”
“မလိုချင်ဘူး.. ပါးစပ်ပိတ်ထား.. အဲ့ဒီမှာ ဒူးထောက်နေ..”
မေမေက မအားသေးပါ.. မအားဆို.. ကတ်ကြေး တစ်ဖက်ကိုင်ပြီး ခင်လေး ဆံပင်ကို ညှပ်ပေးနေတာလေ..။ အဲ့ဒီ ခင်လေးကတော့ မျက်ရည်နဲ့ နှပ်ချီး..။

ကျနော် ဒူးတွေ တုန်နေတယ်.. ဆေးလိပ်ကိစ္စပါ ပြောလိုက်ပြီလား မသိ..။ မေမေ့ မျက်နှာကလည်း ဒေါသတွေနဲ့..။ ခင်လေးကိုတော့ ကျနော် မကြည့်ရဲဘူး.. သေချာတယ် ကျနော့်ကို ကောက်ချိတ်ပြီး ကြည့်နေမယ့် သူမျက်လုံးတွေ မီးဝင်းဝင်းတောက် နေမယ်ဆိုတာ..။ သူက သူ့ဆံပင်ကို အရမ်း ရှည်ချင်တာလေ.. အခုတော့ သွားရှာပြီ..။

မေမေက ညှပ်လည်း ညှပ်.. ပါးစပ်ကလည်း ခင်လေးကို ချော့နေရသေးတယ်.. ပြီးတော့ ကျနော့်ကိုလည်း တပျစ်တောက်တောက်နဲ့ ဆူပူကြိမ်းမောင်းနေတာ..။ တော်တော်လေး ကြာသွားတော့.. ဆံပင်ညှပ်လို့ ပြီးသွားရော..
“ကယ်ပြောစမ်း.. နင့်ကို ငါရိုက်ရမလား.. နင့်အဖေလက်ကို အပ်ရမလား..”

ရွေးချယ်စရာ လမ်းလည်း မရှိတော့.. ပြောစရာ လည်း မရှိတော့.. မျက်လုံးမှိတ်ပြီး ရိုက်ခံရုံသာ ရှိတော့တာလေ..။ ကျနော် မျက်ရည်တွေ ဝဲတက်လာတယ်.. မျက်ရည်တွေနဲ့ မေမေ့ကို မရဲတရဲ တချက် မော့ကြည့်လိုက်တယ်.. ပြီးတော့ ခင်လေးကိုလည်း ခိုးကြည့်လိုက်တယ်..။
အဲ့ဒီမှာတင်.. ဘယ်လိုမှ မထိန်းနိုင်တော့တဲ့ ရယ် (ရီ) ချင်စိတ်တွေက..

“ခွီးးး.. ဟီးးးး..ဟီးးး..”
ကျနော် အသံထွက်အောင် ရယ် (ရီ) မိသွားရော..

ကြည့်ပါဦး ခင်လေးပုံ.. မျက်လုံးက ပြူးကြောင်ကြောင်..၊ မျက်ရည်က တတောက်တောက်..၊ နှုတ်ခမ်းက ထော်လန်လန်..၊ နှာခေါင်းက နှပ်ချီးတွေနဲ့ နီရဲရဲ..၊ ဆံပင်က.. ဆံပင်ကတော့.. အုန်းမှုတ်ခွက် တစ်လုံး ကောက်စွပ်ထားသလို.. တုံးတိတိ..။ သေချာကြည့်ရင် နှာစေးနေတဲ့ ချင်ပန်ဇီ မျောက်မလေးကို အုန်းမှုတ်ခွက်ကေ ညှပ်ပေးထားသလို..။ (ဆံပင် မညှပ်တတ်တဲ့ မေမေ လက်လွန်သွားတာ သေချာတယ်)

အဲ့ဒီ ကျနော့် ရယ် (ရီ) သံက မေမေ့ကို ဆော်ပလော်တီးဖို့ အချက်ပေးလိုက်သလို ပါပဲ..
“ဟမ်းး.. နင်က ဒီလောက် ဖြစ်နေတာကို မျက်နှာက ပြောင်နေတုန်း.. ကယ် ဟယ်... ကယ် ဟယ်..”
“((((ဗုန်း.. ဗုန်း.. ရွှမ်း.. ရွှမ်း..))))”
“အ.. အာ့ အား.. မေ့.. အ.. အာ.. အားးး.. မေ့..း( ..”

ကျနော်လည်း ငိုချင်သလို ရယ်ချင်သလိုနဲ့ ကျေကျေနပ်နပ်ကြီးကို အရိုက်ခံလိုက်ပါတော့တယ်.. ခင်လေးကို တော့ ရင်ထဲကနေ ကျိတ်ပြီး ကျေးဇူး တင်နေမိတယ်..။ တခြားကြောင့်တော့ မဟုတ်ပါဘူး.. ကျနော် သေဒဏ် မပေးခံရတော့ဘူးလေ..။ သူ ကတိတည်လွန်းပါတယ်..။ ဆေးလိပ်ကိစ္စကို တစ်လုံးမှ မဟသွားတာ အံ့သြရင်းနဲ့ ကျေးဇူးတင်နေမိတာ..။ သူသာ ပြောလိုက်ရင် ကျနော်တော့ မတွေးရဲအောင်ပါပဲ..။

လိမ္မာမယ် ဆိုပေမယ့်လည်း ဆိုးဆိုးမိနေသေးတဲ့ ကျနော်.. သူ့ကို နိုင်စားတာ မဟုတ်ပေမယ့် အလွဲတွေက နိုင်စားသလို ဖြစ်ဖြစ်နေတော့ သူ ငိုခဲ့ရတာ မဆန်းသလို.. ကျနော် ရိုက်ခံခဲ့ရတာလည်း မဆန်းပါဘူး..။

ဒီလိုနဲ့ သတ်လိုက် ပုတ်လိုက်.. ရန်ဖြစ်လိုက် ပြန်ခေါ်လိုက်နဲ့..
ကျနော်တို့ နှစ်ယောက်ရဲ့ အဖြူရောင် သံယောဇဉ်တွေက မောင်နှမ အရင်းတွေလို စည်းချက်ကို ညီလို့..။


(ကိုရင်နော်)