Friday, January 22, 2010

ရူးသွပ်တမ်းတစွာ

အတွေးတွေ သိပ်ကိုလှပလို့ ရနံ့တွေမွှေးကြိုင် သင်းပျံ့လွန်းတဲ့ ညလေးတစ်ညမှာပဲ အဖြစ်အပျက်လေး တစ်ခုဟာ ခန္ဓာပါးပါးဆီကို လရောင်တွေလို အေးငြိမ့်စွာ စီးမျောလာခဲ့တယ် ဆိုပါတော့..!! နူးညံ့ခြင်းပေါင်းစုံခတဲ့ ညလေးလို့ ကိုယ်တင်စား လိုက်မိတော့မယ်..။ လိုက်ဖမ်းဆုပ်ကြည့်တဲ့အခါ... လက်ဖဝါးလေး တစ်ဖက်ထဲမှာ ပြည့်ပြည့်လာနေတာ လေမွမွတွေ... သိမ်မွေ့လွန်းတဲ့ လေပါးပါး နုနုလေးတွေ။ လက်ချောင်းလေးတွေချိုးပြီး ကွေးချပြစ်ရက်စရာ မရှိအောင် နူးညံ့လွန်းနေလိုက်တာလေ...။

မိန်းမူးနေတဲ့ ကြည်နူးစိတ်တွေနဲ့ ကိုယ့်ရဲ့အပြုံးတွေလောက် လှနေသူ ဟောဒီကမ္ဘာပေါ်မှာ ဘယ်သူရှိနိုင်ဦးမှာတဲ့လဲ..!! သိပ်ကိုသေချာပါတယ် ကိုယ့်အပြုံးတွေကို ဘယ်မိုနာလီဇာမှ မမီနိုင်ဘူးဆိုတာ..။ ချိုသာလိုက်တဲ့ အသံချိုချိုလေးက ကိုယ့်ဘဝတစ်ခု ဖြစ်များသွားပြီလား..!! ဝိုင်းစက်နေတဲ့ မျက်ဆန်နက်လေး နှစ်စုံကကော ဘယ်သူ့ကိုများ ဖွေရှာနေတာတဲ့လဲ.. မည်းနက်ပြီး ကော့တက်နေတဲ့ မျက်တောင်လေးတွေနဲ့ပေါ့.. ကိုယ့်အသက်ရှုတွေ မှားသွားလောက်အောင်ထိ သိပ်လှတာပဲကွယ်..။

ညှို့နေတာမဟုတ်ပါဘူး.. ဖြူစင်လွန်းခြင်းတွေနဲ့ အနက်ရှိုင်းဆုံး လောကသစ်တစ်ခုဆီ ခေါ်ယူသွားဖို့ သူပြင်ဆင်နေတာလေ.. ကိုယ်ကလည်း သူခေါ်ဆောင်ရာနောက် အဆုံးစွန်ဆုံးအထိ ကောက်ကောက်ပါအောင် လိုက်ဖို့အဆင်သင့် ဖြစ်သွားခဲ့ရပြီ။ သူဟာ ကိုယ့်အလင်းလေးတစ်စ အတောက်ပဆုံး အလင်းရောင်လေးပဲပေါ့...!! ကိုယ့်အသံတွေရဲ့ တုန်ခါ လှိုက်မောမှုမှာ ကျေနပ်ခြင်းတွေ အပြည့်နဲ့ဆိုတာ အလင်းရောင်လေးကတော့ ဘယ်နားလည်နိုင်ဦးမှာလဲနော်..!!

အို.... သူ့မျက်ဝန်းလေးတွေမှာ ပြဒါးလေးတွေလို အိစက်နေတဲ့ ပုလဲလုံးလေးတွေက တွဲခိုလို့နေပြန်သေးရဲ့.။ နှုတ်ခမ်း နီဖူးဖူးလေးဆီက လျှံထွက်လာတဲ့ တိုးအက်အက်အသံမှာ ကိုယ့်ရင်ခုန်ခြင်းတွေအားလုံး ငြိတွယ်ပါသွားခဲ့ပြီ...။ သူဘယ်လောက်များ ဆိုးလိုက်လဲကွယ်..! သူ့ဆီမှာ စုန်းစုန်းမြုပ် ပစ်ကျသွားတဲ့ ကိုယ့် အသိအာရုံတွေ သိပ်များမြန်လွန်းနေပြီလား..!! ဟုတ်တယ် ကိုယ်ဘာကိုမှ မရှက်တော့ပါဘူး အလင်းရောင်လေးရယ်.. နူးညံ့ခြင်းတွေနဲ့ ပေါင်းစုနေတဲ့ ညလှလှလေးမှာ မင်းကိုယ့်ဆီ လှမ်းရောက်လာခဲ့ပြီပဲဟာ.. ခိုင်မာတဲ့ ဆုံးဖြတ်ချက်ကို ကိုယ်ချလိုက်တာ မင်းသိသွားပြီ မဟုတ်လား..! ကိုယ်ဟန်ဆောင်ဖို့ မကြိုးစားပါဘူး.. ပွင့်ပွင့်လင်းလင်းပဲပေါ့..။ ဘယ်တော့မှ ကိုယ်မင်းကို မခွဲတော့ဘူး ကိုယ့်နောက်ဆုံး ထွက်သက်လေးတစ်ခုအထိပါ..။

အသံတိတ် ကိုယ့်ကတိတွေ စကားတွေအများကြီးကို သူသိနေမှာပါ..။ ငြိမ်သက်တိတ်ဆိတ်သွားတဲ့ အမူယာ လှုပ်လှီလှုပ်လဲ့လေးက ကိုယ့်ပါးလေးတွေကို ပူနွေးသွားစေတယ် ထင်ရဲ့.. သူ့ရဲ့ နူးညံ့ခြင်းတွေကို မမီမှန်း သိနေပေမယ့်.. ကိုယ့်ပါးလေး တစ်စုံပေါ်မှာလည်း ပန်းနုရောင် နှင်းဆီနှစ်ခင်း ရှိနေတယ်လေ..။ သူ့ဆံနွယ်လေးတွေကို ကိုယ်ဘယ်လို တင်စားရမယ်ဆိုတာ စကားလုံးတောင် ရှာမရအောင်ပါပဲ..။ သူနဲ့ ပတ်သက်သမျှ ကိုယ့်ရင်မှာ “ငြိ.. တွယ်.. နွယ်..” လို ကိုယ့်မှာ “ပျယ်..” မယ် မထင်တော့ဘူး အလင်းရောင်ရယ်..။ ကိုယ်ဟာ မင်းနဲ့စအတွေ့မှာ လူလားမြောက်ခဲ့ပြီဆိုတာ ကျေနပ်စွာ ကိုယ်ဝန်ခံလိုက်ပါတယ်..။

ကိုယ့်လက်အစုံမှာ “အကြင်နာတရား..” ကိုယ့်အသက်ရှူသံတွေမှာ “ခွန်အား..” ကိုယ့်နှလုံးလေး တစ်ချက်အခုန်မှာ “နွေးထွေးခြင်းများ..” နဲ့ ကိုယ့်အတွေ့အထိတွေဟာ မင်းကမ္ဘာ ငြိမ်းချမ်းသာယာစေမှာ သိများနေလေပြီလား..!! ကိုယ့်ကို သုံးသပ်ဖို့ သိပ်ကိုစောပါသေးတယ် အလင်းရောင်လေးရယ်.. အပြည့်ဝဆုံး နက်ရှိုင်းစွာ နားလည်ဖို့ ကိုယ်မင်းကို အချိန်တွေပေးထားဦးမှာပါ..။ တနေ့နေ့ပေါ့.. တနေ့နေ့မှာပေါ့ကွယ်။ ကိုယ်နဲ့မင်း ခုထက်ပိုပြီး ထပ်တူကျ ညီမျှလာမယ့် အဲ့ဒီနေ့လေးရောက်လာရင်ကော..!! ကိုယ့်လက်တွေကို တင်းနေအောင် မင်းဆုပ်ကိုင် တွဲခိုထားမှာလား..!! ဒါမှမဟုတ်.. မင်းပုခုံးနုနုလေးပေါ်မှာ ကိုယ့်လက်ဖဝါးတစ်ဖက် ဖွဖွလေးအုပ်မိုး ထားမိလေမှာလား..!!

ဟက်ဟက်ပက်ပက် ရယ်မောမိမယ့် ကိုယ်တို့နေ့သစ်တွေကို ရာသီသုံးပါးသိအောင် ကြေညာဖို့ ဒဏ်ရာတွေနည်းမှဖြစ်မှာ..။ ကိုယ်မင်းကို ဘယ်တော့မှ နာကြည်းစေမယ်မထင်ဖူး.. ရေအလျှင်လို မင်းရှိရာ အမြဲတမ်းစီးဆင်းနေတဲ့ ကိုယ့်မေတ္တာတွေဟာ ဘယ်တော့မှ ခမ်းခြောက်နိုင်မယ် မထင်တော့ဘူး..။ ကိုယ်တို့ချစ်ခြင်းကို ခွင်းနိုင်မယ့် တစုံတရာ ကိုယ်တို့ကမ္ဘာမှာ မရှိစေရဘူး မင်းလည်းယုံတယ် မဟုတ်လား အလင်းရောင်ရယ်..။ ဟော... ကြည့်စမ်း..!! အသံတိတ် သံစဉ်တွေနဲ့ ကိုယ်ချော့သိပ်လို့ မှေးစင်းနေတဲ့ မျက်တောင်ကော့လေးတွေနဲ့ မျက်လုံးဝိုင်းလေးတွေက ပြန်လက်လာလိုက်တာ နုပျိုလွန်းတဲ့ ကြယ်စင်တွေလိုပဲ.. တောက်ပနေလိုက်တာ..။ လူးလွန့်လာတဲ့ မင်းခန္ဓာလေးကြောင့် ကိုယ့်ရင်ခုန်သံတွေ အတိုင်းမသိ ကျယ်လောင်လာရင် မင်းလန့်သွားမှာကို တိတ်တိတ်ကလေး စိုးနေမိတယ်..။

စိုးရိမ်လွန်နေတဲ့ ကိုယ့်အသိတွေနဲ့ အသက်ရှုတွေ အောင့်ကာထားမှ စူးစူးဝါးဝါး ငိုချလိုက်သံလေးက ကိုယ့်ကို ပြာယာခတ်သွားစေပြီပဲ..။ နှုတ်ခမ်းတစ်စုံကို ထိန်းချုပ်ထားပါလျှက်နဲ့ မထင်မှတ်ပဲ ကိုယ့်အသံလေးက လွှတ်ကနဲ.. တုန်ရီလို့ ခုန်ထွက်ကျသွားတယ်.. “အလင်းရောင်လေးရယ်..”။ ကိုယ့်အသံကို ကိုယ်တိုင် ခွင့်မလွှတ်နိုင်အောင် ဖြစ်သွားခဲ့ရတာ.. “ခွင့်လွှတ်ပါနော်..” လို့ တဖွဖွနဲ့ တိုးတိုးလေး တောင်းပန်နေမိ ပြန်သေးတယ်..။ “မေမေ့အသံကြောင့် အလင်းရောင်လေး ပိုလန့်သွားမယ်ဆိုရင်ပေါ့.. သမီးလေးရယ်...”

သူ့ကို ပိုက်ထွေးဖို့ လက်အစုံကို ဆန့်တန်းလိုက်တော့ ကိုယ့်လက်တွေထဲမှာ ပါလာတာက အရောင်အဆင်း ရနံ့ ဘာဆိုဘာမှ မရှိတဲ့ လေငွေ့ငွေ့တွေ..။ အို... သူဘယ်ရောက်သွားပြီလဲ..!! ကိုယ့်ရင်တွေ ပူလောင်လွန်းလို့ ဝုန်းဒိုင်းကျဲကုန်တယ်..။ ဘယ်ကနေ ရောက်လာမှန်းမသိတဲ့ မွန်းကြပ်မှုတွေနဲ့ ခြစ်ပြီး ဟစ်အော်မိလိုက်တဲ့ ကိုယ့်အသံနက်နက်က လှတဲ့ညလေးကို အကျည်းတန်စွာ ဖျက်ဆီးလိုက်ပြီပဲ...။ ခြောက်ကပ်တက်လာတဲ့ အာခေါင်နဲ့ တံတွေးတစ်စက်ကိုမြိုချရင်း... လက်တစ်ဖက်နဲ့ စားပွဲပေါ်က ရေခွက်ကို ကတုန်ကရင် လှမ်းဆွဲမိလိုက်တယ် ဆိုရင်ပဲ......။

ဖန်ခွက်ပါးပါးလေးတစ်လုံးက အစိတ်စိတ်အမွှာမွှာ ရက်စက်စွာ “ကျကွဲ...” အိပ်မက်က လန့်အနိုးမှာ ကိုယ့်မျက်လုံးတွေဟာ မျက်ရည်စတွေနဲ့ “ငိုသည်း...”၊ လှပလွန်းတဲ့ ကိုယ့်ညလေးဟာ အထီးကျန်မှုတွေအဖြစ် “ပြောင်းလဲ...”၊ ထူးဆန်းမှုတွေနဲ့ ကိုယ့်တစ်ခန္ဓာလုံး ချွေးစက်တွေနဲ့ “စိုရွှဲ...”၊ ကိုယ့်ရဲ့အတ္တတွေဟာ မီးတောင်တစ်ခုလို နိုးထ “ပေါက်ကွဲ...”၊ မယုံကြည်လောက်အောင်ပဲ အလင်းရောင်လေးကို မြတ်နိုးချစ်ခြင်းမှာ ကိုယ်ဟာ “ပြိုလဲ...၊ ဒီနေ့ထက်ထိတိုင် အိပ်မက်လေးထဲက ကိုယ့်အလင်းရောင်လေးကို ရူးသွပ်တမ်းတစွာ ကိုယ်ပြန် “အိပ်မက်ချင်နေဆဲ...”။

(ခင်လေးငယ်)

23 comments:

Mogok Thar said...

“အကြင်နာတရား..”
“ခွန်အား..”
“နွေးထွေးခြင်းများ..”

“ကျကွဲ...”
ငိုသည်း...”
“ပြောင်းလဲ...”
“ဆိုရွှဲ...” (စိုရွှဲ ထင်တယ်နော်)
“ပြိုလဲ...”
“အိပ်မက်ချင်နေဆဲ...”

လှပတဲ့ စာလေးတစ်ပုဒ်အတွက်.. ဘရာဗို...

မလေး .. ရေ...

အထီးကျန်တယ် ဆိုတာ တစ်ခါတစ်ခါမှာတော့...

ကိုယ့်ဝိဥာဉ်ဆီ ကိုယ် ခရီးသွညးဖို့ သိပ်ကို ကောင်းတဲ့ အချိန်တွေလဲ ဖြစ်နေတတ်ပါတယ်။

အိပ်မက်တွေကတော့ ကျွန်တော်တို့ ဆက်မက်နေကြရအုံးမယ်လေ..

အထီးကျန်နေချိန်ကျ... အိပ်မက်တွေ ရှိနေမှ ဖြစ်မှာ.... (ကျွန်တော့်အတွက်ပေါ့)


ချစ်ခင်လေးစားလျက်

ကုတ်ကုတ်

ဖိုးမောင် said...

မခင်ရေ ဖတ်သွားတယ်နော်... မျှော်လင့်တဲ့ အလင်းရောင်လေး တွေ ပျောက်ကွယ် သွားမှာကိုတော့ လူတိုင်းစိုးရိမ်မိ တတ်ကြတယ်... အဲလိုစိုးရိမ်နေရင်း ကို ပျောက်ကွယ်တတ်တာကိုက သဘာဝတရားပဲမဟုတ်လား... အရာ အားလုံး အဆင်ပြေပါစေဗျာ...
ဖိုးမောင်

ဒဏ္ဍာရီ said...

လှပတဲ့ စကားလုံးလေးတွေနဲ့ ကြင်နာခြင်းတွေ ချစ်ခြင်းတရားတွေနဲ့ ဖွဲ့သီထားတဲ့ မခင်လေးငယ်ရဲ့ အရေးအသားတွေမှာ ထင်းနေအောင် မြင်နေရတယ်။ အေးချမ်းတဲ့ မေတ္တာတရားနဲ့ နွေးထွေးတဲ့ ရင်ခွင်တခုပေါင်းစပ်လို့ လှပတဲ့ အိမ်မက်လေးကို ထာဝရ ဆက်လက်မက် ခွင့်ရနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။

ခင်မင်လေးစားလျှက်

ခင်လေးငယ် said...

ကုတ်ကုတ်ရေ...

ကျေးဇူးပါနော်...း)

မလေး...

သဒ္ဓါလှိုင်း said...

မခင်လေးရေ
အိပ်မက်လေးထဲက အလင်းရောင်လေးကို ပြန်တွေ့ခွင့် ရရင် အကောင်းဆုံးပေါ့နော်...။ စာသားလေးတွေကို အရမ်း နှစ်သက်မိပါတယ်...။

ခင်တဲ့
သဒ္ဓါ

ကိုရင်နော် said...

အဆက်အသွယ်ပြတ်နေတာ အတော်ကြာနေလို့ မသိလိုက်ဘူး.. ဒင်းတောင် ရူးသွားရှာပြီကိုး...
အဟွတ် အဟွတ်..!!!

ဟဲ့.. ခင်လေးစုတ်.. ဒီဆိုက်ဘာအနှေးယာဉ်ကြီးနဲ့ ကျော်ရခွရ လာရပါတယ်ဆို နင့်စာတွေ ဖတ်ပြီး ငါတောင် သွပ်ချင်ချင် ဖြစ်သွားတယ်.. လိုင်းကမကောင်း စိတ်ညစ်ရတဲ့အထဲ လာပြီး အူဝဲ အူဝဲ လုပ်နေတယ်.. တော်ပြီ ထန်းပင်ပေါ် ပြန်တက်တာပဲ ကောင်းတယ်..

အေး.. လုပ်ထားပေါ့ ငါမရှိတုန်း.. ပြန်လာမှ လွှတ်ရေးပစ်မယ်.. (သိပ်တော့ မသေချာ)

အားလုံးကိုလည်း အထူးသတိတရ ရှိလှပါကြောင်း..

ခင်မင်လေးစားချစ်ခြင်းအားဖြင့်

အမေ့အိမ်ရောက်..
ကိုရင်နော်

ဂျေဂျူဝိုင် said...

ကောင်မလေး တစ်ယောက်ယောက်ကို အရမ်းချစ်နေမိချိန်မှာ အရမ်းခံစားလို့ ကောင်းတဲ့ စာသားလေးတွေပဲ ... ဖတ်ရင်း ဖတ်ရင်း ကြည်နူးရင်းပေါ့ဗျာ

မိုးမောင် said...

အကြောင်းအရာပိုင်း နူးညံ့သလောက် အရေးအဖွဲ့က သိမ်မွေ့လွန်းတယ်ဗျာ။ တကယ့်ကို ငြိမ့်ငြိမ့်လေးတွေ ရေးထားတာနိုင်တာ လေးစားစရာပါ။ ဒီလိုဆရာတွေ ရှိနေသေးတာ ဘလော့စပေါ့ဒေါ့ကွန်းကြီးအစား ဂုဏ်ယူတယ်ဗျို့။ :)

ခင်မင်လျှက်...

MANORHARY said...

ဒီစာလေးကိုဖတ်လိုက်ရတော့
တစ်ခါက ခင်လေးပြောထားတာလေးကို
သတိရနေတယ် .....
အပေါ်က ဝရမ်းပြေး ကိုရင်နော် ..
ဘယ်ရောက်နေလဲ ထန်းတောထဲ လာဖမ်းရမလားး))

အိန္ဒြာ said...

ကိုရင် လဒ ထွက်လာခဲ့

ခင်လေးရေ....

လှပသလောက် စူးရှတဲ့ အတွေးတွေ
အရေးတွေနဲ့
ကျကွဲသွားတဲ့ ဖန်ခွက်ကွဲစလို
အိပ်မက်အကွဲအကြေတွေ
ရင်ဘတ်ကိုလာစူးသွားခဲ့တယ်...

ဒီ့ထက်နည်းနည်းလေးထပ်ရှည်လိုက်ပြီး
ဘာညာလေးတွေထပ်တည့်လိုက်ရင်
ဝတ္ထုတိုကောင်းလေးတစ်ပုဒ်ဖြစ်သွားပြီ သိလား

အခုက နည်းနည်းလေး တိုနေတယ်...

ချစ်တဲ့

မကြီး

ဖိုးသင်္ကြန် said...

ကိုရင်နော့်ကို အလွမ်းသား...
မခင်လေး ရေးတာ သိပ်အသေးစိတ်လှပတာပဲ

မီယာ said...

အိပ်မက်ထဲက အလင်းရောင်လေး ... လျော့ရဲရဲ မျှော်လင့်ချက်တွေနဲ့.. နောက် တပိုဒ်ရေးပါဦး မခင်လေးရေ.. ကိုရင်နော်ကိုလည်း သတိရတယ်.. အမေ့ဆီ သွားချွဲနေပြီပေါ့ :)

မယ်ကိုး said...

ချစ်မလေး ဘာရေးရေးလှနေတာ အမှန်ပါ။ ချစ်မလေး စာတွေအများကြီးရေးနိုင်လို့ ဖတ်ရလို့ ပျော်နေတယ် :)

ချစ်တဲ့
ညလေး

ကလေးလေး said...

မေ့နဲဦးနော် ကိုအရမ်းသတိရတယ်
နေမကောင်းရင်ပိုသတိရတယ်
ဦးနော် ပြန်လာတော့မုန်တွေဝယ်ပီးတော့
မေ့ကစာရေးဆရာမ... မေ့အတွက်ပျော်
လိုက်တာ..မေ့ဘာရေးရေးဖတ်လိုကောင်း
.ကလေးလေးအားလုံးကို
သတိရပါကြောင်း...
ကလေးလေး (မမေ့ကျနဲနော်ကလေးလေးကို)

ကောင်းကင်ကို said...

အဲ...ဘယ်မိုနာလီဇာမှ မမီနိုင်ဘူးဆိုပဲ။

သဒ္ဓါလှိုင်း said...

မမခင်လေးရေ..
ပိုစ့်အဟောင်းတွေကိုပဲ ပြန်ဖတ်သွားပါတယ်...

ခင်တဲ့
သဒ္ဓါ

ညရဲ့ကောင်းကင် said...

စာသားတွေက အရမ်းငြင်သာသိမ့်မွေ့ပါတယ်ခင်ဗျာ...
မေတ္တာတရားရဲ့ ကြီးမားကျယ်ပြန့်မှုက သဘ၀တရားကိုတောင် ငေးငိုင်သွားစေပါတယ်...
ဖတ်ရတာ တကယ်ကို ရသမြောက်လှစေပါတယ်...

ခင်မင်လေးစားစွာဖြင့်

မွန်းအောင်မြင့် said...

မခင်လေးလို့ဘဲလေးစားခင်မင်စွာ ခေါ်လိုက်ပါတယ်။
အစ်မတို့စာတွေ အကုန်နီးပါးကျနော်ဖတ်သွားဖြစ်ပါတယ်။
စာပုဒ်တိုင်းမှာအတွေး(သို့)ပြုံးစရာ(သို့)ရသ(သို့)စကားလုံးပိုင်နိုင်မှုစံများကို တွေ့မြင်ရတဲ့အတွက် ကျေနပ်အားရမိကြောင်းပါ။
ဒီစာမှာလဲနှစ်လိုဖွယ်ဆန္ဒနဲ့အဖွဲ့ကိုတွေ့ရတဲ့အတွက် ကျေးဇူးတင်ပါတ.်

T.S said...

စီဘုံး(Cbox)လဲ မတွေ့တော့ပါလား .... ဘယ်ရောက်သွားတာဒုံး...။ ကိုသားစိုးလာလည်သွားတယ်နော် ...။

ကောင်းမွန်ဝင်း said...

မခင်လေးငယ်ရေ။
はじめまして。
မင်္ဂလာပါ။
ကျွန်မဆီကိုလာလည်သွားတာကျေးဇူးတင်ပါတယ်။ ကိုကောင်းကင်ကို ရဲ့ ကဗျာကိုဘာသာပြန်ထားတာ စဖတ်ဘူးပါတယ်။ နောက်ထပ်လာလည်ပါဦးမယ်။ စာအားလုံးနီးပါး ဖတ်ချင်စရာတွေချည်းပါပဲ။
ကိုရင်နော် ဆိုတဲ့ နာမည်ကိုတော့ ကိုမျိုး(အညာမြေ)ရဲ့ ဘလောက်မှာ နည်းပညာဆရာအဖြစ်သေချာမှတ်မိနေပါတယ်။
စွဲဆောင်မှု အရှိဆုံးကတော့ ဘယ်မှာမှမတွေ့ဘူးတဲ့ ဘလောဂ်ထဲမှာ ခလေးရှိပြီး၊ ခလေးမွေးစားထားတာပါပဲ။
စိတ်ကူးမျိုးစုံကို ဖတ်ရတဲ့အတွက်ကျေးဇူးတင်ပါတယ်။

ခွန်သဒ္ဒါ said...

မရေ
ခွန်ကလည်း こちらこそ、はじめまして ပါနော်။
တကူးတကလာလည်သွားတာ ကျေးဇူးတင်ပါတယ်နော်။
すごく嬉しかったです。
ဒီအိမ်ကိုတခါမှမရောက်ဖူးပေမယ့် ၀င်ကြည့်တာ
ဖတ်ချင်စရာတွေချည်းဘဲမို့ နောက်ထက်လာလည်ခွင့်ပြုပါအုံးနော်..မ။

ပျော်ရွင်ပါစေ
ခွန်သဒ္ဒါ

မြသွေးနီ said...

ရူးသွပ်တမ်းတစွာ..ဖတ်ပြီး
ထပ်တူ ရူးသွပ်တမ်းတမိပါတယ်။
အိပ်မက်က ဘယ်သူ့ကိုမှ လန့်မနိုးစေချင်မိပါဘူး..။

Chan said...

မရေ...

မ စာလေးကိုဖတ်ရတာ နုနုအိအိလေးး
အရမ်းမိုက်တယ် စကားလုံးတိုင်းက အရမ်းနုပီး လှပကြွရွနေသလိုခံစားရတယ်....နောက်ဆုံးစာသားလေးကတော့ငြိမ်းအကြိုက်ဆုံးပဲ....သီချင်းဆိုသလို ဆိုလိုက်တာပာုတ်သား....ငြိမ်းကတော့သီချင်းဆိုသွားတယ်လို့ ...........း)

ခင်မင်လေးစားလျှက်
ညီမလေး