Friday, March 20, 2009

မဖွဲ့လိုက်ရတဲ့စာတစ်ပုဒ်

ရွက်ဝါတွေ ကြွေကျနေတဲ့ လမ်းဆုံပေါ်မှာ ခြေအစုံကိုရပ်မိတော့ သတိရလွမ်းဆွတ်စိတ်တို့က ရင်ဝဆီတိုးဝှေ့ ဝင်ရောက်လာကြတယ်.. လမ်းမကြီးတစ်ခုလုံး ရွက်ဝါတွေ ခင်းထားလိုက်တာများ ညိုဝါဝါပျိုးခင်းကြီး တစ်ခုလိုပါပဲလေ..။ ခပ်လှမ်းလှမ်းမှာတော့ သစ်ရွက်ခြောက်တွေနဲ့ ဖုံးအုပ်နေတဲ့ ခုံတန်းလျားလေးတစ်ခု... လွမ်းဆွတ်ဖွယ် ပန်းချီကားလေး တစ်ချပ်အတိုင်း အထီးကျန်စွာ လှပလို့ပေါ့..။ ကားတွေ ဖြတ်သွားဖြတ်လာ မရှိတတ်တဲ့ ဒီလမ်းဆုံလေးကတော့ ဟိုး... အရင်တစ်ချိန်တုန်းကလို မပြောင်းလဲပဲ ခြောက်သွေ့တိတ်ဆိတ် ငြိမ်သက်လို့...။ နွေဦးရဲ့လေရူးတွေက ဝတ်ထားတဲ့ အင်္ကျီအဖြူလွလွလေးကို ဆော့ကစား ကြည်စယ်နေတာကရော ရာသီအပြောင်းရဲ့ ပုံသေကားချပ်တစ်ခုကို အဓိပ္ပါယ် လှစ်ဟပြနေတာများလား...။

တဖြူးဖြူး လေသံတွေကို ကဗျာတစ်ပုဒ်လို ဖတ်ချင်လာမိပြန်ပြီ... လက်ထဲမှာရှိနေတဲ့ လက်ကိုင်ဖုန်းရဲ့ ပါဝါကို ပိတ်လိုက်တယ်.. လေတိုးသံတွေကလွဲလို့ တခြားအသံတစ်ခုခုရဲ့ နှောက်ယှက်မှုမျိုးကို မလိုလားမိတာအမှန်ပါ..။ ဒီလမ်းဆုံမှာ အထပ်ထပ်ချဖူးတဲ့ ခြေရာတွေအကြောင်း ခေါင်းထဲရောက်လာပြန်တယ်.. လမ်းဆုံမှာ ဘဝမဆုံခဲ့တဲ့ လူနှစ်ယောက်ကရော... ဘဝကိုယ်ဆီကို ဘယ်လိုအနေအထားတွေနဲ့ ဘယ်လိုလမ်းတွေ ပေါ်မှာများ လျှောက်လို့နေကြပြီလဲ..!!

သေချာတာကတော့ အဲ့ဒီလူသားနှစ်ယောက်ထဲက တစ်ယောက်က ဒီလမ်းဆုံပေါ်မှာ ခု... လက်ရှိရပ်နေမိခြင်းပဲ မဟုတ်လား..။ ရင့်ကျက်လာသလိုနဲ့ မရင့်ကျက်သေးတဲ့ စိတ်ကို သတိပြုမိချိန်မှာတော့ ကလေးမငယ်ငယ်လေး တစ်ယောက်လို ကိုယ်တိုင် ဟက်ဟက်ပက်ပက် ရယ်ချင်လာပြန်ရောလေ....။ ဆည်းဆာရဲ့ တောက်ပနေတဲ့ နေခြည်က ညိုဝါဝါရွက်ဟောင်းခင်းကို အရောင်တင်ပေးလိုက်သလို ဝင်းဝါလို့ လှပလိုက်တာ..။

အခုလိုရာသီရောက်တိုင်း ရာသီစာကဗျာတစ်ပုဒ်ကို ဖတ်ဖို့လာခဲ့ဖူးတဲ့ နှစ်တွေတောင် ထပ်တိုးလို့လာခဲ့ပေါ့... ဒီနှစ်တော့ ဒီနေရာကိုအရောက် ကျွန်မစိတ်တွေ ပိုပြီးထူးခြားလို့ နေခဲ့တာ.. ကဗျာဖတ်ရင်း စာရေးချင်လာတဲ့ စိတ်တွေနဲ့ မွတ်သိပ်နေလိုက်တာများလေ...။ အတွေးတွေထဲမှာပဲ နိဒါန်းကို အစပျိုးလိုက်တော့ ကျွန်မဆံနွယ်တွေလိုပဲ စကားလုံးတွေက ဖရိုဖရဲ.. လှပသေသပ်တဲ့ စာတစ်ပုဒ် ဖြစ်လာဖို့ထိတော့ ကျွန်မ ပိပိရိရိ ရေးနိုင်လိမ့်မယ်မထင်..။

ဒီလိုနဲ့ပါပဲ တွေးရင်း.. ငေးရင်း.. လွမ်းဆွတ်ရင်း.. မျက်လုံးတွေက ဘာမှထင်ကျန်မနေတဲ့ ခြေရာတွေ နောက်ကို လိုက်ရင်း... လေရူးတွေ ဆော့မြူးနေတာကို ကြည်နူးရင်း... သူတို့ပေးတဲ့ ကဗျာတွေကို တစ်ရွက်ပြီးတစ်ရွက် လှန်ရင်း.. အတွေးထဲမှာ စရေးထားတဲ့ နိဒါန်းတွေက ရုတ်တရက်နဲ့ အငွေ့ပျံ ထွက်ပြေးသွားကြတယ်..။ သူတို့တွေ ငွေ့ရည်ဖွဲ့ပြီး ပြန်ရောက်လာတာကတော့ ကျွန်မရဲ့ မျက်ဝန်းတွေဆီကိုပါပဲ..။ နေဝင်ဆည်းဆာရဲ့ ပုံရိပ်က မျက်ရည်ကြည်တွေနဲ့ လဲ့ပြီး ပိုလို့တောင် လှပပြည့်စုံလာသလို...။

သစ်ရွက်ခြောက်တွေပေါ်ကို ညင်ညင်သာသာ နင်းလျှောက်ရင်း ခုံတန်းလေးဆီကို တရွေ့ရွေ့... ခုံတန်းထောင့်လေး ပေါ်က သစ်ကိုင်းခြောက်လေးကို ကျွန်မလက်လေးတစ်ဖက်နဲ့ ဖယ်ထုတ်ရင်း ခပ်လျော့လျော့ ထိုင်ချလိုက်မိတယ်.. ဝန်းကျင်တစ်ခုလုံး လေတိုးသံတွေကလွဲလို့ ပကတိ တိတ်ဆိတ်ငြိမ်သက်စွာ လဲလျောင်းလို့ပေါ့.. အငွေ့ပျံသွားတဲ့ နိဒါန်းကို စာပြန်စီရင်း နောက်တစ်ကြောင်းကို ထပ်စတော့... ခပ်နွဲ့နွဲ့ ရယ်သံလေး တစ်ချို့က လေနဲ့အတူ ကျွန်မနားဝဆီ တိုးဝင်ရောက်ရှိ လာခဲ့ပါတယ်.. ကျွန်မ လှမ်းကြည့်မိလိုက်တော့...။

ကောင်မလေး တစ်ယောက်က ခိုးခိုးခစ်ခစ်ရယ်လို့.. ကောင်ကလေး တစ်ယောက်ကလည်း ကောင်မလေးရဲ့ လက်ကလေးကို ကြင်ကြင်နာနာ ဆုပ်ကိုင်ထားလို့... ကောင်လေးရဲ့ နဖူးပေါ်မှာ ဆံနွယ် ခပ်ပျော့ပျော့တွေက ဝေ့ဝေ့ဝဲဝဲလေး...။ ကောင်မလေးမျက်နှာ တစ်ခြမ်းကိုတော့ ဆံနွယ်ရှည်တွေက ဖုံးအုပ်လို့ထားတယ်.. ကောင်မလေးမျက်နှာပေါ်မှာ ဖုံးအုပ်နေတဲ့ ဆံပင်ရှည်တွေကို ကောင်လေးက သပ်တင်ပေးတော့ ကောင်မလေးက ခေါင်းကိုရမ်းခါလို့ ဆံနွယ်တွေကို ပိုရှုပ်သွားအောင်လုပ်ရင်း စနောက်လို့နေတယ်... သူတို့မျက်ဝန်းတွေထဲမှာ ဖြူစင်ရှင်းသန့်ခြင်းတွေက အတိုင်းသား... သူတို့ကို လှမ်းကြည့်ရင်း ကျွန်မ ရင်ခုန် ကြည်နူးလာခဲ့ပါတယ်...။

ကောင်မလေး ပုခုံးပေါ်က လျှောကျလု လွယ်အိပ်လေးကို ကောင်လေးက ပြန်တင်ပေးရင်း.. နဖူးလေးကို ငုံ့အနမ်း.. ခေါင်းငုံ့တိမ်းရှောင်လိုက်တဲ့ ကောင်မလေးရဲ့ မျက်နှာလေးကို ကောင်လေးက စိုက်ကြည့်ရယ်မောလို့..။ အနမ်းလေးအစား နဖူးကို လက်သီးဆုပ်လေးနဲ့ ဖွဖွလေးတို့ရင်း ကြည်စယ်နေပြန်သေးရဲ့...။ ကောင်မလေးက ခြေဖျားလေးကိုထောက်လို့ ခေါင်းလေးကိုမော့ရင်း ကောင်လေးရဲ့ နားနားကိုကပ်ပြီး တစုံတရာအပြောမှာ... ကောင်လေးက ရယ်သံကိုဖြတ်လို့... ကဗျာလေးတစ်ပုဒ်ကို တိုးတိုးလေးရွတ်ပြနေတာ နုနယ်သွက်လက် ဖြူစင်မှုတွေနဲ့ ငြိမ်းချမ်းလိုက်တာလေ..။

ကောင်လေးရဲ့ ကဗျာရွတ်သံကို နားထောင်နေတဲ့ ကောင်မလေးက မျက်လုံးလေးတွေကို ဖွဖွလေး မှိတ်ထားတယ်..။ ကဗျာလေး ရွတ်အပြီး ကောင်လေးက ကောင်မလေးရဲ့ လက်ဖဝါးလေးကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်တော့ ကောင်မလေးက လက်ကလေးကိုရုန်းရင်း.....
"နောက်တစ်ခေါက် ထပ်ရွတ်ပြ.."
ကောင်လေးက ချစ်စနိုး မျက်မှောင်ကျုံ့ရင်း ကောင်မလေးမျက်နှာနားကို ဝေ့ကျလာတဲ့ ရွက်ဝါလေးတစ်ရွက်ကို လှမ်းဖမ်းလိုက်တယ်..။ ဆုပ်ကိုင်ထားတဲ့ လက်ကလေးကို တယုတယဖြည်ချရင်း သစ်ရွက်လေးကို ကောင်မလေးလက်ထဲ ထည့်ပေးလိုက်တော့ ကောင်မလေးရဲ့ အသံတိုးတိုးညှင်းညှင်းလေး ထွက်ကျလာတယ်..
"သိပ်ချစ်တာပဲ..."


အိုး... ဒီအသံတွေနဲ့ ဒီပုံရိပ်လေးတွေကို ကျွန်မရင်းနှီး နေလိုက်တာနော်..။ အာရုံကိုထပ်စိုက်ရင်း သေချာနားထောင်မိတော့...

ကျွန်မ.. ဟုတ်တယ်.. ဒါကျွန်မရဲ့ ရယ်သံတွေ.. သေချာပါတယ် ဒါဟာ ကျွန်မကိုယ်တိုင်ရဲ့ ရယ်သံတွေနဲ့ ကျွန်မပါပဲ.. လွယ်အိပ်လေးကရော ကျွန်မရဲ့လွယ်အိပ်ကလေး... ကောင်မလေးရဲ့ ဆံနွှယ်တွေ ဒါဟာ ကျွန်မဆံနွယ်တွေပဲ မဟုတ်လား...!!

"ကိုယ်ကမင်းထက် အများကြီးပိုပါတယ်..."
ဟင်..!! ဒါ... ဒါဟာလည်း... သူ... သူ့အသံ..!! သူ့အသံလေး..!! နွေးထွေးနူးညံ့ ချိုသာလိုက်တာ... သူ့လက်ချောင်း ရှည်သွယ်သွယ်လေးတွေ... သူ့ဆံပင် ပျော့ခွေခွေလေးတွေ....!!

"ကိုယ်တို့တွေ ဘယ်တော့မှ မခွဲကြဘူးနော်.."
နားတွေကို လက်ဖဝါးနှစ်ဖက်နဲ့ အုပ်ပြီးခေါင်းကို ခပ်ကြမ်းကြမ်း ရမ်းခါလိုက်မိပေမဲ့.. အသံတွေကိုကြားနေရဆဲ...
"ဒီလမ်းဆုံလေးပေါ်မှာ ဖိုးဖိုးဖွားဖွားတွေ ဖြစ်တဲ့အထိ မောင့်... လက်ကိုတွဲရင်း နေ့တိုင်းလျှောက်မှာပေါ့..."


ကျွန်မ မျက်ဝန်းတွေကို တင်းနေအောင်ပိတ်ရင်း.. ခေါင်းငုံ့ပြီး ရှိုက်ကြီးတငင် ငိုအချမှာ ဆည်းဆာကို အမှောင်တွေက ဝါးမျိုလို့...။ ခပ်ရင့်ရင့် နွေလေရူးက ရှိုက်သံတွေကို လေနဲ့အတူ ဆွဲခေါ်သွားလိုက်တာ ရော်ရွက်ဝါတွေက လွမ်းချင်းတစ်ပုဒ်ကို ဟစ်အော်သီကျူးရင်း ကခုန်ကြတယ်...။ ရွက်ဝါကြွေတွေနဲ့ အလှဆင် ခင်းကျင်းဖွဲ့သီထားတဲ့ ဒီလမ်းဆုံမှာ ရစ်ဝဲနေတတ်တဲ့ ဝိညာဉ်တွေအကြောင်းကို ဆည်းဆာကတောင် ရိပ်မိနိုင်မယ်မထင်ပါဘူး...။ ပိန်းပိတ်အောင် မှောင်သွားတဲ့ လမ်းပေါ်မှာတော့ ရွက်ဝါကြွေလေးတွေ တစ်ဖတ်ပြီးတစ်ဖတ် တစ်ထပ်ပြီးတစ်ထပ်ပေါ့..။

ထိုင်သူမဲ့တဲ့ ခုံတန်းရှည်ပေါ်က ရွက်ဝါလေးတွေက ဟောင်းနွမ်း ဆွေးမြည့်.........။

ကျွန်မရင်ထဲက မဖွဲ့လိုက်ရတဲ့ စာလေးတစ်ပုဒ်ကလည်း လတ်ဆတ်ခြင်းတွေနဲ့ ခြောက်သွေ့ ဆွေးမြည့်...။။

(ခင်လေးငယ်)

19 comments:

sin dan lar said...

လွမ်းစရာတွေရေးနေပြန်ပြီ....
ဒီက စိတ်မခိုင်ဘူး၊ အသည်းနုတယ်..

may16 said...

အလွမ်းစာတွေကို ဖတ်ပြီး ငိုမဲ့၂နဲ့ပြန်သွားပါတယ် မခင်လေးငယ် ( စာဖတ်သူကိုအရမ်းဆွဲဆောင်နိုင်တာပဲ) အများကြိးဆက်ရေးပါနော် ...

sonata-cantata said...

နှလုံးသားဆိုတာ အကန့်တွေနဲ့ ဦးနှောက်ဆိုတာကလည်းအကန့်တွေနဲ့... တဲ့
အလွမ်းဆိုတဲ့အရာ ဘယ်အကန့်မှာပဲရောက်နေပါစေ ဟဟလေးတောင် လှစ်မကြည့်ပါနဲ့လို့... ကျွန်မကို ပြောလိုက်ပါ မခင်လေးရယ်

Phyo Maw said...

အတွေးရုပ်သွင်...
တချို့တွေက ပြုံးစေတယ်။
တချို့တွေကိုတော့ ဒီလိုပဲ မျက်စိကိုမှိတ် နားကိုပိတ်ပြီး ရမ်းခါပြီး ထွက်ပြေးလိုက်တယ် ဒါမှမဟုတ် ပျောက်ကွယ် သွားစေလိုက်တယ်။

စဆုံး ဖတ်လို့ ကောင်း၏။ ကိုယ်ကိုယ်တိုင်က တကွတ်မြင်ကွင်း တချက် ခံစားချက်တွေ သဘောကျမိလို့ပဲလားတော့ မသိ။

လုလု said...

စာဖတ်ပြီး ဘယ်လွမ်းရမှန်းမသိ လွမ်းလိုက် လေးငယ်ရယ့့် 
ထူးအိမ်သင်ရဲ့ နွေဦါ်ကံ့ကော်သီးချင်းလေးကလည်း ဖွင့်ထားမိတာဆိုတော့ ပိုဆိုး့  ဟင့့်  ရွတ်ဖတ့့်  ဗျစ်ဗျစ်တွေ စင်ကုန်ပြီ :D

မိုးမောင်(HappyCloud) said...

မငယ်ကြီး.. အကြွေတွေပါ့လားဗျာ... အကုန်လိုက်ကောက်ပြီး ပြန်သွားရတယ်...

အိုင်လွယ်ပန် said...

လွမ်းတော့လွမ်းသွားတယ်
ဘာကိုမှန်းတော့ မသိ...

အရးအသားကောင်းတယ် မခင်လေးရေ .....

ဆောင်းယွန်းလ said...

ရင်ဘတ်ကြီးနဲ့လွမ်းသွားတယ် ညီမရေ...
အရေးအသားကတော့ ရှယ်ပဲ...

ဖိုးစိန် said...

လွမ်းလိုက်တာ..ဖတ်ပြီးတော့..ဘာဖြစ်သွားမှန်းမသိလိုက်ဘူး..
အရေးအသားက ဆွဲဆောင်မှုကောင်းတယ်

အိန္ဒြာ said...

ခင်လေးရေ..

သိပ်ကို ညက်ညောပြေပြစ်တဲ့
အဖွဲ့အနွဲ့တွေပါလား.....
ပြောချင်တာလေးကို လှလှပပပြောလိုက်နိုင်သလို
ပေးချင်တာလေးကိုလဲ...သပ်သပ်ရပ်ရပ်ပေးနိုင်တယ်..
မကြီး ဟတ်ထိ ပြီး ပြန်သွားတယ်..ခင်လေးရေ....

ko said...

ညီမငယ်လေးရေ... လွမ်းနေတဲ့သူက အလွမ်းပိုစေပြန်တယ်ကွယ်...

Anonymous said...
This comment has been removed by a blog administrator.
Anonymous said...

ခင်လေးရေ
လွမ်းစရာတွေရင်နဲ့အပြည့်ဖြစ်သွားပြီ
ပြန်လျော်ပေး..
မနော်

Anonymous said...

ဒီနေ့တစ်နေ့လုံး နံပါတ် ၁၃ တွေ ၂၂တွေ ၈ တွေ
ချည်းကျနေတာ မကျေနပ်လို့ ပြန်ရေးပါတယ်း(
မနော်

ဖြိုးဇာနည် said...

အလွမ်းတဲ့အဲတာကကြောက်စရာကောင်းလားဟင်?ကြောက်စရာကောင်းလားဘာလားတော့မသိဘူးဗျို့
အလွမ်းအကြောင်းတွေဖတ်ပြီးရင်စိတ်လေလေသွားလို့
ဘီယာဖိုးတော့အတော်ကုန်သဗျ

ခင်လေးငယ် said...

ချစ်တဲ့.. မနော်ရေ....

ခင်လေးကတော့လေ..
၁၃ ဂဏန်းလေးကို သိပ်ချစ်တာပဲ..

ခင်လေး

Moe Myint Tane said...

အမှတ်တရဆိုတာ နုနယ်တဲ့အရွယ်မှာ ရှိခဲ့ရင် တစ်သက်လုံးအတွက် မေ့ရက်စရာ မရှိအောင်ကို သတိရနေမှာပါ။

အရမ်းကောင်းတဲ့ အရေးအသားလေးတွေနဲ့ ဆွဲဆောင်မှုအပြည့်ရှိတဲ့ ပိုစ့်ကောင်းလေးပါ မလေးရေ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

မမသီရိ said...

ညီမလေး က essay လေးတွေ လဲ အရေးကောင်းတာပဲ နော်
လွမ်းမိပါရဲ့ ငယ်ဘ၀ တွေ

Anonymous said...

Hello Khinlaynge;

စာတွေပြန်ဖတ်ရင်း ဒီပို့စ်ကိုသေချာပြနါဖတ်မိတယ်
အစကနေအဆုံးထိ ဆွဲခေါ်သွားတာ သိပ်တော်ပါတယ်၊
ခင်လေးငယ် အတွေးတွေ အဖွဲ့တွေက နွဲ့လှပြီး ဖတ်တဲ့လူက အူကြောင်ကြောင်ဖြစ်ပြီးရေငတ်သလိုဖြစ်သွားရတဲ့အထိ တော်တယ်ဗျာ။
သူများနဲ့ကွဲတဲ့ အရသာတခု ကောင်းကောင်းပေးတတ်တယ်လို့ ချီးမွမ်းပါရစေ။။