Tuesday, July 15, 2008

တစ်ခါက နိုဝင်ဘာဆီသို့... (၃)

နာရီကိုကြည့်မိတော့ လေးနာရီထိုးခါနီးနေပြီ.... ဦးလေးမြင့်ကို လေးနာရီခွဲမှာ လာကြိုဖို့ မှာထားတာပဲ..။ “စုစု” နဲ့ “ပိုးပိုး” တို့နှစ်ယောက်လုံးရဲ့ အခန်းတွေဆီကို ဖုန်းခေါ်ပြီး သတိပေးရသေးတယ်။ တော်ကြာ မမတို့က အနားယူလွန်ပြီး အိပ်ပျော်နေလျှင်အခက်...။ ခပ်မြန်မြန်လေးရေချိုး အဝတ်စားလဲလိုက်တယ်။ အထွေအထူး အလှပြင်လေ့ မရှိတဲ့ ကျမကတော့ ထုံးစံအတိုင်း မျက်နှာပြောင်နဲ့ပါဘဲ....။ အဆင်သင့်ဖြစ်လို့ ဝရန်တာက ကြိမ်ခုံလေးမှာ ထွက်ထိုင်ငေးရင်း သူတို့ထွက်အလာကို စောင့်နေလိုက်တယ်..။ ဆယ်မိနစ်လောက် အကြာမှာဘဲ စပ်ဖြဲဖြဲ မျက်နှာလေးတွေနဲ့ တွတ်ထိုးရင်း လျှောက်လာတဲ့ သူတို့ကို လှမ်းမြင်ရတယ်..။ ကျမက လက်မှာပတ်ထားတဲ့ နာရီလေးကို ထောင်ပြရင်း စူပုတ်ပုတ် မျက်နှာပေးနဲ့ မေးငေါ့ပြတော့ မိရွှေစုစုက ခေါင်းလေးပုရင်း....

“ဟီး ...ဆောရီး” ..... တဲ့..။

ဒီညနေတော့ သုံးနေရာလောက်ဘဲ သွားဖို့ စဉ်းစားထားတာပါ။ လေးရက်နေမှာဆိုတော့ ကျမတို့အဖို့ အေးအေးဆေးဆေး အချိန်ယူပြီး လည်လို့ ရနိုင်တယ်လေ...။ ဦးလေးမြင့်က အာနန္ဒာဘုရားကို လိုက်ပို့ပေးပါတယ်။ ကားရဲ့နောက်ကြည့်မှန်လေးမှာ စံပယ်ပန်းကုံးတွေကို ဦးလေးမြင့်က အတွဲလိုက်လေး ချိတ်ထားတယ်။ ကျမစကားစရင်း နည်းနည်းမေးကြည့်ဖြစ်ပါတယ်...။

“ကျမက စံပယ်ပန်းလေးတွေကို အရမ်းကြိုက်တာ.... သိသလောက်လေး ပြောကြည့်မယ်နော် ဦးလေးမြင့်..”

“ဟုတ်ကဲ့ပြောပါ”

“ပုဂံမှာပွင့်တဲ့ စံပယ်ပန်းက အနံ့သိပ်မရှိဘူးဆို.. လုံးဝမမွှေးဘူးလို့ ပြောလို့မရပေမဲ့ နှာခေါင်းဝလေးနားထိ ကပ်မွှေးမှ ဖျော့ဖျော့လေးနဲ့ သင်းသင်းလေးဘဲ ရတာမဟုတ်လားဟင်..”


ကျမရဲ့ စကားအဆုံးမှာ ဦးလေးမြင့်က ပြုံးရင်း ခေါင်းကိုညိမ့်တယ်...။

“တူမလေးက တော်တော်သိနေတာဘဲ..”


ဒါဆို ကျမသိတာလေးတွေ မှန်နေတဲ့ သဘောပေါ့။

“ဦးလေး ခုဏလေးကမှ ဘေးအိမ်က ဝယ်လာတာ... ဒီမှာအပိုလေးတွေ ရှိသေးတယ် တူမလေးယူလိုက်လေ”


ဆိုပြီး လှမ်းပေးတယ်။ ကျမ ကလေးလေး တစ်ယောက်လို အရမ်းပျော်သွားတာ အမှန်ပါ.....။

“ကျေးဇူးတင်လိုက်တာ ဦးလေးမြင့်ရယ်”

ပန်းကုံးလေးတွေကို တယုတယနဲ့ ကျမဆံပင် စုတ်ဖွားလေးပေါ်မှာ ကပိုကရို ပန်လိုက်တယ်။

ဘုရားကိုတောင်ရောက်လာပြီ..။ ပုဂံက ဘုရားတွေ အားလုံးထဲမှာ အနုစိပ်ဆုံး၊ လက်ရာအပြောင်မြောက်ဆုံး၊ အနုပညာအဆန်ဆုံး ဘုရားက အာနန္ဒာဘုရား ဖြစ်ပါတယ်..။ “စုစု” နဲ့ “ပိုးပိုး”ကို အတော်လေး ပြောပြထားပြီးသားဆိုတော့ ထွေထွေထူးထူး သိပ်ပြောစရာ လိုမယ်မထင်..။ သူတို့လည်း အတွေးလေးတွေ ကိုယ်ဆီနဲ့ လေ့လာနေကြလို့ လွှတ်ပေးထားလိုက်တယ်..။ အဓိက သတိထား လေ့လာစေချင်တဲ့ နေရာလေးတွေ သူတို့ကို ပြောပြီးသားပဲ...။

ဘုရားကအထွက် ကားပေါ်တက်ခါနီး အာနန္ဒာဘုရားကို နောက်ခံထားရင်း ဦးလေးမြင့်နဲ့ အားလုံးအတူတူ အမှတ်တရ ဓါတ်ပုံရိုက်ချင်တယ်လို့ “စုစု”က ပြောလာတယ်..။ ဘေးနားလေးကို မျက်လုံးလေးဝေ့ရင်း ဓါတ်ပုံ ရိုက်ပေးမဲ့သူကို ရှာလိုက်မိတယ်။ ဦးလေးမြင့် ကားရဲ့ဘေးမှာ ကပ်ရပ်ထားတဲ့ ကားအဖြူလေးနားက ရပ်နေတဲ့ လူတစ်ယောက်ကို အကူအညီ တောင်းလိုက်မိပါတယ်။

“ကျေးဇူးပြုပြီး ကျမတို့ကို ဓါတ်ပုံလေး သုံးလေးပုံလောက် ရိုက်ပေးနိုင်မလား ရှင် ”

“အိုကေလေ”

သူ့အသံက တော်တော်လေး မာတာတာ ခပ်ပြတ်ပြတ်နိုင်နေလို့ ကျမသူ့မျက်နှာကို သေချာကြည့်လိုက်မိတယ်...။ မျက်နှာပေါ်မှာတော့ ခက်ထန်ထန် အမူအယာမျိုး ဘာမှရှိမနေပါဘူး.... ပကတိ အေးအေးချမ်းချမ်းပါဘဲ..။ ကျမကမ်းပေးတဲ့ ကင်မရာကို သူလှမ်းယူ လိုက်ပါတယ်။ ကျမတို့ကို သုံးပုံမြောက်ရိုက်ပေးဖို့ ချိန်နေချိန်မှာဘဲ သူ့ဘေးမှာ အသက်ငါးဆယ်ကျော်လောက် ရှိနိုင်တဲ့ လူတစ်ယောက် ရောက်လာပြီး ကျမတို့ကို ပြုံးပြီးကြည့်နေပါတယ်..။

“စုစု” ရဲ့ “Thank you” ဆိုတဲ့ ခပ်ကျယ်ကျယ်စကားသံလေး အဆုံးမှာ.. ကျမတို့ နားမလည်တဲ့ ဘာသာစကားတစ်မျိုးနဲ့ သူတို့နှစ်ယောက် ရယ်မောရင်း စကားတွေ ပြောနေကြတယ်။ ကျမတို့လိုဘဲ အတူလာတဲ့ မိတ်ဆွေတွေ ဖြစ်မယ်လို့ ထင်ပါတယ်။ ကျမ ကင်မရာလေးကို ပြန်ယူရင်း

“ကျေးဇူးပါ”
လို့ပြောမိတော့ သူက..

“ဝတ်ထားတဲ့မြန်မာ ဝတ်စုံက မင်းနဲ့တော်တော် ကြည့်လို့ကောင်းတယ်”


နဲနဲလေး ခပ်ထောင့်ထောင့်နိုင်နေတဲ့ ချီးမွမ်းစကားပါဘဲ...။ ဒါပေမဲ့ ဘယ်လိုဘဲဖြစ်ဖြစ် ကျမ ကျေနပ်မိပါတယ်...။

“ကျေးဇူးပါရှင်..”

လို့ထပ်ပြောရင်း ကျမတို့လည်း နေဝင်ချိန်ကိုကြည့်ဖို့ ရွှေဆံတော်ဘုရားဖက်ကို ထွက်ခဲ့ကြတယ်...။ သူတို့သုံးထားတဲ့ ကားကလည်း ကျမတို့ သုံးနေတဲ့ အငှားကားကုမ္ပဏီက ကားပဲဆိုတာ ကျမ သတိထားလိုက်မိပါတယ်။

နိုဝင်ဘာအကုန် လောက်ကစပြီး ဇန္နဝါရီလကုန် လောက်အထိ ပုဂံရဲ့နေဝင်ချိန်တွေဟာ စောပါတယ်။ ညနေ ငါးနာရီ လေးဆယ့်ငါး ငါးဆယ် လောက်ဆိုရင် နေကစဝင်ပါပြီ..။ ရွှေဆံတော်ဘုရား ကိုရောက်တော့ ငါးနာရီ နှစ်ဆယ့်ငါးပါ။ ဒီနေ့ ကျမဆုတောင်းပြည့်တယ်.... တိမ်တွေ ရှိမနေပါဘူး...။ ပုဂံဟာ နေ့လည်တွေမှာ ကောင်းကင်ကြီးက ကြည်လင်နေပေမဲ့ နေဝင်ချိန်လောက် ရောက်လာရင် တိမ်တွေဖုံးပြီး နေလုံးကြီးရဲ့ အလှကို မမြင်လိုက်ရတဲ့ ညနေတွေလည်း ရှိတတ်တာမို့ ကျမစိုးရိမ်ခဲ့မိတာ...။

လှေကားထစ်လေးတွေ အရမ်းမတ်ဆောက်နေတဲ့ ရွှေဆံတော်ဘုရားပေါ်ကို တက်ဖို့ ကျမအတွက် အခက်အခဲ မရှိပေမဲ့ “ပိုးပိုး” တို့အတွက်တော့ ခက်ခဲနေမှာ အမှန်ပါ။ ကျမကရှေ့က တက်ပြပြီး လက်တန်းတွေကို သေချာဆုပ်ကိုင်ရင်း ကိုယ်ကိုတစောင်း အနေအထားနဲ့ တက်ဖို့မှာရပါတယ်..။

ဘုရားရဲ့ အပေါ်ဆုံးအလွှာ ပေါ်ရောက်တာနဲ့ မောတယ်ဆိုတာကို မေ့သွားတတ်တာ ဒီအပေါ်မှာ ရှိနေတဲ့လူတိုင်းဘဲ ဖြစ်ပါလိမ့်မယ်..။ ရွှေဆံတော်ပေါ်ကနေ ငေးကြည့်လိုက်တာနဲ့ ကျမတို့ရဲ့ ဂုဏ်ယူဝံ့ကြွားဖွယ် ရှေးဟောင်းမြို့တော် ပုဂံရဲ့ခမ်းနားထည်ဝါမှုကို 360ံ Panoramic View နဲ့မြင်နိုင်ပါတယ်....။ “စုစု” က နေဝင်ချိန်ကို မှတ်တမ်းတင်ဖို့ ရိုက်ကွင်းကို ကျကျနန ယူပြီးနေပြီ..။ “စုစု” ဘေးမှာ “ပိုးပိုး” ရှိနေတယ်။

နေဝင်ဖို့က ဆယ်မိနစ်ကျော် လိုသေးတယ်...။ ကျမကတော့ ထုထည်ကြီးမားလွန်းတဲ့ “ဓမ္မရံကြီး” ကို ရွှေဆံတော်ပေါ်ကနေ ငေးကြည့်ချင်သေးလို့ လမ်းတစ်ပတ် လျှောက်ခဲ့မိတယ်။ ဘယ်လိုအရာမျိုးနဲ့မှ မလဲနိုင်တဲ့ ဒီမြင်ကွင်းတွေဟာ အကြိမ်အတော်များများ ရောက်ဖူးတဲ့ ကျမအတွက် ရင်ခုန်မှုအသစ်တွေကို ပေးစွမ်းနေဆဲပါ..။ ဆယ့်တစ်ရာစုနှစ်တုန်းက ပုဂံဟာ ဘယ်လောက်များ ကြက်သီးထစရာ ကြီးကျယ် ထည်ဝါခဲ့မှာပါလိမ့်နော်..။

“ဘုရင့်အမိန့်တော်နဲ့ အပြစ်ရှိသူတွေကို ပါးကွက်သားတွေက ကွပ်မျက်ခဲ့တာလည်း ဒီလိုတောင်စွယ် နေကွယ်ချိန်မှာဘဲ...”

ဘေးကလာတဲ့ အသံတစ်သံကြောင့် ကျမကိုယ်လေး ဆတ်ကနဲ ဖြစ်သွားတယ်။ ခေါင်းကိုစောင်းပြီး ငဲ့ကြည့်မိတော့ စောစောက ဓါတ်ပုံရိုက်ပေးခဲ့တဲ့ သူပါလား။ အရပ်တော်တော်မြင့်တဲ့ သူက ကျမဘေးမှာ ဘယ်အချိန်ကတည်းကများ ရှိနေခဲ့တာပါလိမ့်...။

“ကိုယ့်ကြောင့် မင်းတွေးနေတာ အနှောက်အယှက်ဖြစ် သွားခဲ့ရင် ဆောရီး ”
“ဟင့်အင်း ”

“ပုဂံက ကိုယ့်အတွက် ဒုတိယအခေါက်ပါ.. ဒါပေမဲ့ ဒီရွှေဆံတော်ပေါ်က နေဝင်ချိန်ကို ကြည့်တာက ငါးကြိမ်မြောက်”
“..................”

“ပုဂံမှာရှိနေတဲ့ ညနေတိုင်း ကိုယ်ဒီနေရာကို ရောက်တယ် ”
“ဒါဆိုကျမနဲ့ တူတာပေါ့”

နှစ်ယောက်လုံးပြုံးမိကြတယ်.....။

“နေဝင်တော့မယ်ထင်တယ်”

သူပြောမှ ကျမလည်းတန့်ကြည့်တောင်ဖက်ကို လှမ်းကြည့်မိတယ်..။

“ကျမကိုခွင့်ပြုပါဦးနော်”

လို့ပြောပြီး “ပိုးပိုး” နဲ့ “စုစု” ရှိနေရာ နေရာလေးကို ပြန်လျှောက်လာခဲ့လိုက်တယ်။ သူလည်း သူ့မိတ်ဆွေရှိရာဆီကို ဦးတည်သွားနေတယ်ထင်ပါရဲ့....။

ဆက်ရန်....

(ခင်လေးငယ်)

9 comments:

ပါဂနာ said...

အဟမ်း.အဟမ်း.

အဲဒီ မှာ “စတွေ့” တာဘဲ. :D

မျှော်.............

ကိုရင်နော် said...

လာရောက်ဖတ်ရှုကြကုန်သော ဧည့်သည်တော်အပေါင်းတို့ခင်ဗျာ.. စိတ်ရှည်လက်ရှည်သာ စောင့်ဖတ်ကြပါလေတော့..
ပုဂံမှာ လေးရက်နေမယ်တဲ့ .. အင်း.. ခက်တော့ခက်ပြီ..
အခု ဟို.... ဖွတ်ချက်ဖွတ်ချက် မြန်မာပြည် ပြည်တွင်းလေယာဉ်ကြီးစီးတာကနေ...
ညောင်ဦးဈေးမှာ ပုန်းရည်ကြီးစားတာကနေ..
ပုဂံရဲ့ Panoramic View ကြီးကို ၃၆၀ ဒီဂရီ ဇောက်ထိုးကြည့်တာကနေ..
ပုဂံရဲ့နေဝင်ဆည်းဆာ တောင်စွယ်နေကွယ် အလှကို ဂလန်ဂလား ကိုလန်ဘားကြီးနဲ့ အတူကြည့်တဲ့အထိ..
အားလုံးပေါင်း တစ်ရက်(တစ်ရက်) ဘဲရှိသေးတယ်နော် .. ကဲ.. ဒီတစ်ရက်လေးကို ရေးတာ ၁၊၂၊၃ ဆိုပြီး အပိုင်းက သုံးပိုင်းဖြစ်နေပြီ.. လေးရက်နေမှာနော်.. သေချာပါပြီ.. အနည်းဆုံးတော့ ၁၂ ပိုင်း အသာလေးဘဲ..
မှားပါတယ်.. ငါတော့စိတ်မရှည်တော့ဘူး.. ငါကြိုပြောထားတယ်နော်.. ကိုးရီးယားဇတ်ကားလိုတော့ မလုပ်နဲ့လို့.. မြန်မြန်ရေး.. နင်မို့ စိတ်ရှည်လက်ရှည်..
လာဖတ်တဲ့သူတွေ အားနာစရာ..
ဟွန်းဟွန်းးး..ဟွန်း... နင့်ဇတ်လမ်းပြီးလို့ကတော့.. ငါကဆော်မှာနော်..
ပုဂံကို လေးနှစ်ခရီးထွက်ရင်း အရမ်းမတ်တဲ့ ရွှေဆံတော်ဘုရား လှေကားထစ်ပေါ်ကနေ ဒလိမ့်ကောက်ကွေး လိမ့်ကျတုန်းမှာ ဂလန်ဂလား ကိုလန်ဘားကြီးနဲ့ တွေ့တဲ့အကြောင်းရေးမှာ... ဟီးးး...

ခင်လေးငယ် said...

သေနာ အစုတ်ပလုတ် နင်ရေးရဲရေးကြည့် ငါအကုန် ဖျက်မှာ........... နင်မဖတ်ချင်နေ ငါ့ဘော်ဘော်တွေ လာဖတ်လိမ့်မယ်........

ပေဖူးလွှာ said...

ဇာတ်လမ်းတွေတော့ 'စ'နေပြီ။
မခင်လေးတို့မို့ ဆတ်ခနဲပဲ လန့်တာ။ ပေဖူးလွှာတို့ဆို ပလုတ်တုတ်ဆိုပြီး ဘေးနားက လူကို ရိုက်ရင်ရိုက်၊ မရိုက်ရင် အာပြဲကြီးနဲ့ အော်ကော။ ပဲလေးနဲ့ လန့်တတ်အောင် လေ့ကျင့်ထားဦးမှပဲ။ :P :P :P

Republic said...

ဝေးးးးးးး ..မခင်လေးကြီးက အပြင်မှာသာ ကိုရင်နဲ့ ရန်ဖြစ်တာပါ ၊၊ ဇာတ်လမ်းထဲမှာ တည်ငြိမ်နေတာပဲ ၊၊

မခင်လေး ...ဘာပဲဖြစ်ဖြစ် မင်းသားနေရာမှာ ကိုရင် ပဲနော် ..တစ်ခြားဇာတ်ကောင် ဆိုရင်တော့ မရ၀ူး ၊၊
ကိုရင် ပဲ .. ဒါ အနော်တို့ သမားတော်များ အဖွဲ့ဝင်၊၊
ကိုရင်ကြီး ...တိတယ်နော် ၊၊

(ရီမှက် ။ ။ အပိုင်း ၄ မြန်မြန် ရေးပေးပါရန်)

တားမြစ် ထားသော... said...

လုပ်ကြပါ...
ဖတ်ကောင်းအောင်လေးရေး...
ပြီးတော့ ဆက်ရန်တဲ့။
:(
*******************
အမြန်ဆက်။ ကိုရင်နော့်လက်ရာလည်း မျှော်ရအုန်းမှာ။ :P

Tea said...

Waiting for mORE!!!! :D :D :P

ဟန်သစ်ငြိမ် said...

ဆက်ရေးပါဗျ၊ ဖတ်လို့ကောင်းသား...

လားရှိုးသူ said...

nice post, can't wait for 4. Please hurry up!