Wednesday, February 18, 2009

ဆိုး၍ စိုးရိမ်စွာ ချစ်ရသော...

မိဆိုးရေ..!! မင်းပေးတဲ့ ရသတွေဟာ စုံလွန်းတယ်.. ဘယ်တော့မှလည်း ရိုးနိုင်မယ်မထင်ဘူး.. အများဆုံးရတတ်တဲ့ ရသကတော့ ကိုယ့်ကို စိုးရိမ်စေတတ်တာပဲ...!! မင်းကပဲဆိုးတာလား ကိုယ်ကပဲ စိုးရိမ်လွန်နေတာလား.. တစ်ကယ်တော့ ကိုယ်ဟာ မင်းအတွက်နဲ့ သက်သက် အသက်ရှင်နေတဲ့ လူသားတစ်ယောက်ရယ်ပါ...။

မိဆိုးရေ... မှတ်မိလား..!!
အဲ့ဒီနေ့က မိုးတွေရွာနေခဲ့တယ်လေ... မိုးရေတွေထဲမှာ ထီးမပါပဲ ခေါင်းတစ်ခါခါနဲ့ လမ်းလျှောက်နေတဲ့မင်းကို ခပ်ဝေးဝေးက လှမ်းအတွေ့မှာ အမြန်ဆုံးနှုန်းနဲ့ မင်းနားကို ကိုယ်ရောက်ခဲ့တယ်.. ကိုယ့်အပြောမှာ ပေတေတေ အကြည့်နဲ့ မင်းပြောခဲ့တဲ့စကားက...

“အိုး...!! ပူစရာမလိုပါဘူး.. ငါက လူမမာကြီးမို့လား.. ဒီမိုးလေးလောက်များ....”
ကားပေါ်ကနေ ခဏလေးဆင်းမိတဲ့ ကိုယ့်ကို မိုးစက်တွေ လာထိရုံနဲ့တင် ကိုယ့်မှာတော့ ခိုက်ခိုက်ကို တုန်လို့.. အေးလွန်းသလို ဆိုးဝါးလွန်းတဲ့ ရာသီဥတုမှာ ပေတေလွန်းတဲ့ မင်းကိုကြည့်ရင်း ငုတ်တုတ်မေ့ခဲ့ရတဲ့ နေ့တွေထဲက တစ်နေ့ပေါ့...။


မိဆိုးရေ... မှတ်မိလား..!!
စိတ်ကူးပေါက်ပေါက်နဲ့ ရုပ်ရှင်သွားကြည့်ခဲ့ကြတဲ့ နေ့လေးအပြန်ကိုလေ... ကောက်ခါငင်ကာနဲ့ မင်းပြောခဲ့တဲ့စကားက...

“ငါမနက်ဖြန်လည်း ကျောင်းမသွားဘူး ဒီကား ထပ်လာကြည့်ဦးမှာ..”
ကိုယ့်အကြည့် ကြောင်အမ်းအမ်းမှာ မင်းပြုံးတယ်..

“ဟ.. ကျောင်းပျက်လို့ စာမရတဲ့ အစားထဲမှာ ငါမပါဘူး....”
ကိုယ်တိုင် ယုံကြည်မှုအပြည့်နဲ့ ပြောနေတဲ့ မင်းစကားမှာပဲ ကိုယ်ဟာ ပါးစပ်အဟောင်းသား...။

မိဆိုးရေ... မှတ်မိလား..!!
ဖုန်းဆက်ပြီး ကိုယ့်ကိုခေါ်ခဲ့တဲ့ ပူပြင်းလွန်းတဲ့ နေ့တစ်နေ့ကိုပေါ့...။ နေပူကျဲကျဲမှာ တိုက်နေတဲ့ လေရဲ့ အပူချိန်နဲ့တင်.. အသားတွေဟာ ကျွမ်းမတတ်.. ကိုယ်ရှိနေတဲ့ နေရာကို မင်းမေးတယ်.. ပြီးတော့....

“မိနစ်သုံးဆယ်အတွင်း လာခေါ်ပေးပါ... ငါ ..x..x..x. ပန်းခြံထဲမှာရှိနေတယ်...”
ကိုယ်ရောက်တော့ သိပ်ကြာကြာမရှာရဘူး ပူလွန်းလို့ ဘယ်သူမှ မထိုင်နိုင်တဲ့နေရာမှာ မင်းကိုအထင်းသားတွေ့ လိုက်ရတယ်..

“ထ မယ်လုပ်မှ မိုက်ကနဲဖြစ်သွားလို့...”
ပြူးထွက်နေတဲ့ ကိုယ့်မျက်လုံးတွေကို ခပ်ငဲ့ငဲ့ကြည့်ရင်း...

“မည်းချင်လို့ နေကင်တယ်.. ဘယ်သူ့ကိုမှ မထိခိုက်ဖူး ငါ့အသားနဲ့ငါ... နင်လာခေါ်ပေးတာ ကျေးဇူး..”
ထ အရပ်မှာ ယိုင်သွားတဲ့ မင်းလက်မောင်းကို ခပ်ကြမ်းကြမ်း ဖမ်းအထိန်း.. မဖြူတဲ့ ကိုယ့်လက်ဖမိုးက နေလောင်ခံထားတဲ့ မင်းလက်မောင်းပေါ်မှာ ဖွေးဖွေးကိုဆွတ်လို့...။ ကိုယ့်မျက်နှာဟာ မင်းကြောင့် မျက်မှောင်တွေ ကြုတ်ထားမိတာ အတော်ရုပ်ဆိုးနေခဲ့မှာ.. ။


မိဆိုးရေ... မှတ်မိလား..!!
တစ်ရက် မထင်မှတ်ပဲ ကိုယ်မင်းအိမ်ကို ရုတ်တရက်ရောက်ခဲ့တဲ့နေ့လေ... လေးချက်လောက် ဆင့်ပြီးတီးမိတဲ့ ဘဲလ်သံအဆုံးမှာ မင်းတံခါးလာဖွင့်ခဲ့တယ်.. မင်းမျက်နှာကို မြင်လိုက်ရချိန် အံ့အားသင့်မှုတွေနဲ့ ကိုယ့်မှာ ဆွံ့...အ...လို့...!! မင်းကတော့ ရှက်ရွံ့ သွားခြင်းမရှိ... ပကတိ အေးစက်စက် ခပ်တည်တည်ပေါ့...

“အိမ်ထဲမှာနေလို့ အလှမပြင်ရဖူးလို့ ဘယ်ဘုရားမှ ဟောမထားဘူး.. ရဲနေအောင် နှုတ်ခမ်းနီဆိုးတော့ကော ဘာဖြစ်လဲ...”
“ငါ့အာရုံနဲ့ငါ.. နင်လန့်စရာမလိုဘူး.... အလှပြင်တာ မြင်ဖူးအောင်ကြည့်ထား ဟွန်း..”
အံ့သြမှုတွေနဲ့ တဟား ဟား ကိုယ် အော်ရယ်တော့လည်း မင်းက မင်းနဲ့ မဆိုင်သလို အေးဆေးနဲ့ပါပဲ...။


မိဆိုးရေ... မှတ်မိလား..!!
မင်းနဲ့ ကိုယ် ဗုံတီးသံတွေ ဆူညံနေတတ်တဲ့ လမ်းဆုံအကျယ်ကြီးမှာ လမ်းကူးတုန်းကလေ... လက်ရဲဇက်ရဲနဲ့ ကိုယ့်လက်ကို ဆောင့်ဆွဲပြီး...

“လာဟာ.. ဟိုဖက်ရောက်တဲ့အထိ ပြေးမယ်..”
အလန့်တကြား ပြေးပြီးလိုက်မိတဲ့ ကိုယ့်ခြေထောက်တွေကပဲ တွန့်ဆုတ်ဆုတ် နိုင်နေလို့လားမသိ.. ကိုယ့်လက်ကို ဖြုတ်ချရင်း...

“ဘာလဲ.. လူတွေကြည့်လို့ ရှက်တာလား.. သူများပစ္စည်းခိုးတာ မဟုတ်ဖူး.. ပြေးချင်စိတ်ရှိလာလို့ ပြေးမိတယ်.. မှားလား..! လူတွေရဲ့အကြည့်နဲ့ ကိုယ့်ကိုယ်ကို ဘောင်မခတ်စမ်းပါနဲ့...”


သက်ပြင်းချမိတဲ့ ကိုယ်ဟာ.. မင်းမျက်စောင်းမှာ တမေ့တမော မှင်တက်လို့.....။

 မိဆိုးရေ... မှတ်မိလား..!!
“နင်နော်.. နှာစေးနေတာနော် တစက်လေးတောင် ငါ့ကိုရေပက်ဖို့ မကြိုးစားနဲ့ ဟွန်း..!!”
အဲ့လိုပြောရင်းဆိုရင်းပဲ သူ့လက်ထဲက ပလပ်စတစ်ကော်ပုံး အစိမ်းရောင်ထဲက ရေခဲရေနဲ့ ကျွန်တော့် တစ်ကိုယ်လုံးကို လောင်းချပြီး ပြုံးဖြီးဖြီး မျက်နှာပေးနဲ့ ကျွန်တော့်ကို လက်ပိုက်ကြည့်နေခဲ့ရင်း ထပ်ပြောတာက..

သင်္ကြန်ပဲဟယ်.. မကျေမနပ် ကြည့်ဖို့မကြိုးစားနဲ့.. အမယ်.. ငါနင်ကလွဲရင် ဘယ်သူ့မှ လောင်းတာမဟုတ်ဖူးနော် အရင်းကြီးမို့...”
ကျွန်တော့်မှာ ရေအေးအေးတွေ ရွှဲရွှဲစိုချမ်းတုန်နေတဲ့ကြားက ယောင်ရမ်းပြီး ကျေးဇူးတင်လိုက် မိတော့မလို...။

မိဆိုးရေ... မှတ်မိလား..!!
မင်းသူငယ်ချင်း သုံးယောက်နဲ့ ကိုယ်တို့ လည်ဖြစ်ကြတုန်းက.... ကိုယ့်မိတ်ဆွေတစ်ဦးက ဟန်လုပ်ပြီး မုန့်လေးဝင်စားသွာပါဦး ဆိုတဲ့ အပြောကို... အိနြေ္ဒလေးထိန်းဖို့ ကိုယ်လက်အကုတ်မှာ မင်းပြန်ပြောတဲ့စကားက...

“ကျွေးတဲ့လူက ကျွေးချင်တယ်.. ငါက စားလို့ စားချင်တယ်ပြောတာ ဘာဖြစ်လဲ.. ဒါ.. ဟန်ဆောင်စရာလား.. သွားစမ်းပါ...”
ကိုယ့်မိတ်ဆွေ ဆွဲထုတ်ပေးတဲ့ ခုံမှာ မင်းက.. ကျကျနန ဝင်ထိုင်ရင်း ကိုယ့်ကို လှမ်းပြုံးပြခဲ့တာနော်.. ကိုယ့်မှာသာ မအီမလည်ကြီးနဲ့ မင်းဘေးမှာ ဝင်ထိုင်လိုက်ရရော...။

မိဆိုးရေ... မှတ်မိလား..!!
မင်းဖေဖေဆိုခဲ့ဖူးတဲ့ Cliff Richard သီချင်းတစ်ပုဒ်အကြား ရှိုက်ကြီးတငင်နဲ့ မင်းငိုခဲ့တဲ့နေ့လေ... လမ်းပေါ်မှာ လူတွေကအများကြီး ခေါင်းလည်းမငုံ့ဘဲ တအိအိနဲ့ ငိုရင်းလျှောက်နေတဲ့ မင်းပုံစံကို ပြန်မြင်လာတယ်.. သတိထားဦး.. ဆိုတဲ့ ကိုယ့်အပြောကို...

“ဟင်.. လမ်းပေါ်မှာငိုတာ အခွန်ဆောင်ရလို့လား... မလိုအပ်တဲ့ နားချမှုတွေ လာမလုပ်နဲ့ ဒါ.. ငါ့လွတ်လပ်ခွင့်..”


မိဆိုးရေ... မှတ်မိလား..!!
ကော်ဖီတစ်ခွက်ကို ကိုင်ထားပြီး ကော်ဖီဆိုင် တစ်ဆိုင်မှာ တစ်ယောက်ထဲ ထိုင်နေတာကို မထင်မှတ်ဘဲ တွေ့ခဲ့တဲ့ နေ့လေးကိုရော...!! မင်းဟာ ဘယ်အရာကိုမှ လွန်လွန်ကျူးကျူး မလုပ်တတ်တာ ကိုယ်ယုံကြည်နေတယ်... ဒါပေမဲ့ မင်းနဲ့ ကော်ဖီကမတည့်ဖူးလေ.. မင်းတစ်နေကုန်ထိုင်နေခဲ့တာ ကိုယ်သိနေတယ်.. ပူတတ်လွန်းတဲ့ ကိုယ့်စိတ်တွေကတော့ ငယ်ထိတ်တောင်ရောက်နေပြီ.. ပြန်ဖို့ပြောတဲ့ ကိုယ့်စကားကို...

“အများကြီး မသောက်သင့်တာ ငါသိတယ်.. ဒါ.. အခွင့်အရေးကို ချိုးဖောက်တဲ့ စကားတွေ...”
“နှစ်ခွက်ပဲသောက်တာ...”

ကိုယ့်ကို မင်းက ခေါင်းမော့ပြီး ပြောတာမျိုး မဟုတ်ဖူး မျက်လုံးတွေကို လှန်ပြီး ဂျစ်တူးတူး မျက်နှာပေးနဲ့ ပြောပြောဆိုဆို ထ ရပ်ခဲ့တယ်... မင်းလွယ်နေကျ အိတ်လေးကို ဖြတ်ကနဲ လွယ်ရင်း ခပ်ကျော့ကျော့ ခြေလှမ်းတွေနဲ့ မင်းကတော့ ကိုယ့်ကိုကျောခိုင်း... ကားသော့လေးကို လက်ညှိုးနဲ့ ကစားရင်း.. တစ်လှမ်းချင်း.. ထွက်သွားလေရဲ့....!! ကိုယ့်မှာသာ သက်ပြင်းတွေ တစ်သီကြီးနဲ့... ငေါင်ပြီးကျန်ခဲ့ရရော... မိဆိုးရယ်..!!

မိဆိုးရေ... မှတ်မိလား..!!
“..... ..... ..... ..... ..... .... .ဟွန်း..... ..... ..... ..... ..... .....”

တဲ့....။


မိဆိုးရေ... မှတ်မိလား..!!
“..... ..... ..... ..... ..... .....ငစိုးရယ်.... ..... ..... ..... ..... .....”

တဲ့....။


မိဆိုးရေ... မှတ်မိလား..!!
“..... ..... ..... ..... ..... ...နင် ဟာလေ... ..... ..... ..... ..... ....”

တဲ့....။


မိဆိုးရေ... မှတ်မိလား..!!
“..... ..... ..... ..... ..... ...တော်စမ်းပါ... ..... ..... ..... ..... ....”
တဲ့....။


မိဆိုးရေ... မှတ်မိလား..!!
“..... ..... ..... ..... ...ရော့.. ဒါ.. နင့်အတွက်... ..... ..... ..... ....”

တဲ့....။


မိဆိုးရေ......!!
တစ်ကယ်တော့ ကိုယ့်နာမည် တစ်လုံးကိုယူပြီး မင်းကိုယ့်ကို “ငစိုး..” လို့ မခေါ်သင့်ဘူးသိလား..!! ကိုယ့်ရင်ထဲက တိတ်တိတ်လေး ခေါ်နေမိတဲ့... မင်းနာမည်မဟုတ်တဲ့.. “မိဆိုး..” ဆိုတာသာ မင်းနာမည် အရင်းဖြစ်သင့်တာပါ...။ ဘာတွေ ဘယ်လိုပဲ ဖြစ်ဖြစ်ပါလေ... ကိုယ့်ရင်ထဲက မိဆိုးလေးကို ဆိုးလို့ကို စိုးရိမ်ကြီးစွာနဲ့ ချစ်တယ်...။
ဟုတ်တယ်.. မိဆိုး..! ဘယ်တော့မှ မပြောင်းဘူး... တစ်သက်လုံး သိမ်းထားမယ်.. နောက်ပြီး မင်းသိအောင်လည်း ကိုယ်ဘယ်တော့မှ ပြောဖြစ်မှာမဟုတ်ဘူး......


"တကယ်ပါ.... မိဆိုးရယ်..."
"ကိုယ်....
မင်းကို.... အရမ်း.... ချစ်တယ်..."


(ခင်လေးငယ်)

ဖွင့်ဟချက်။ ။ ယောက်ျားလေးတစ်ယောက် နေရာက ခံစားပြီးဝင်ရေးမိတော့ ကိုယ့်ကိုကိုယ် ပြန်မြင်ရတာ ရယ်ရတယ်.. တော်တော်ဆိုးတဲ့ ပေတူတူးလေးကို ဖြစ်သွားရော... အဟက်..!! :

23 comments:

မောင်မျိုး said...

မှတ်ချက်ကိုဖတ်ပြီး..မှတ်မိလားဆိုပြီး အမှတ်ရစရာတွေက တယ်များတာပဲ မဆိုးက နာမည်နဲ့တော်တော်လိုက်တယ်း)

"တကယ်ပါ.... မိဆိုးရယ်..."
"ကိုယ်.... မင်းကို.... အရမ်း.... ချစ်တယ်..."

လန်းတယ် လင်းတယ် ရှင်းတယ် ဗွင်းတယ် :P

ဆောင်းယွန်းလ said...

နာမည်နဲ့လိုက်အောင် ကိုယ့်ဘဝကိုဆိုးတယ်
အင်းနာမည်နဲ့လိုက်အောင်ကို ဆိုးပါပေတယ်.
ရေးထားတာလည်း အမိုက်စားပါပဲ....

ကိုရင်နော် said...

ဟွန်း.. ခင်လေးစုတ်.. နင်ဟာလေ.. ငါမပြောလိုက်ချင်ဘူး..

နန်းညီ said...

ရေလည်မိုက်တယ်.. မိဆိုးကို ခပ်နာနာလေးရိုက်ပီး နောက် အာဘွားပေးပီး ပြန်ချော့ရမယ် ဟိ
(ဇော်ဂျီအနည်းငယ်ဂေါက်နေလို့သီးခံပေးပါ)

တောင်ပေါ်သား said...

အင်း ဒီလို မိဆိုးလေးနဲ့တော့ ကြုံဖူးချင်ပါတယ်ဗျာ


လေးစားလျက်
တောင်ပေါ်သား

Dream said...

မယ်မယ်ရေ..... မယ်မှတ်မိလား... ဟိုလေ.. ဟိုလေ... သိလား.. သိလားလို့... အဟီး.... :P :P

ဟိုဒင်းဟိုဟာ... အဟဲ......................++++++

တားမြစ် ထားသော... said...

ဲပြုံးသွားလေရဲ့။
ကောင်းတဲ့ အရေးအသားပါပဲ။

သုခမိန်(E-Journal)

sin dan lar said...

ငစိုးဆိုတာ ဘူဒူရဲ ....ငှင်....
မိဆိုး= ဂျယ်ဒေါ်ငီး - ဂျီးဒေါ်ငယ်
****(ယောက်ျားလေးတစ်ယောက် နေရာက ခံစားပြီးဝင်ရေးမိတော့ ကိုယ့်ကိုယ်ကို ပြန်မြင်ရတာ ရယ်ရတယ်.. )******

chanye` said...

မစမောခင် ရေတဲ့စာတွေက ရသတစုံတရာ ပေးစွမ်းနိုင်တယ်။ နှစ်ခြိုက်မိပါတယ်

ရှင်ရဲထွတ် said...

မိဆိုး မင်းသိလား ၀ီစကီ 10 ပက်ကို ကိုယ်ရေမရောပဲ ဂွပ်ခဲ့တဲ့ညကို မင်းမှတ်မိရဲ့လား

အိန္ဒြာ said...

ရေးတတ်လိုက်တာ...

မိဆိုးက ချစ်စရာချောချောဂျစ်ဂျစ်လေးပေါ့...
ကိုယ်ရေးပုံတူဆိုရင်....
ခပ်ချောချော ခပ်ဂျစ်ဂျစ်ကလေး..လို့မြင်ယောင်ပြီးပြန်သွားတယ်နော်..
ကိုစိုး...ကိုလဲ..ပစ်မထားလိုက်ပါနဲ့..

ကောင်းကင်ကို said...

သူများအခွင့်အရေးကို သွားချိုးဖောက်တာကိုး။ သောက်ချင်သလောက် သောက်ပါစေ။ :D

Moe Myint Tane said...

ကောင်းတယ်။ ရေးထားပုံလေး တင်ပြထားပုံလေး ဆန်းသစ်တယ်။ မိန်းကလေး ဆိုးဆိုးလေးတစ်ယောက်နဲ့ အနွံအတာခံပြီး ချစ်တတ်တဲ့ ယောကျာ်းလေးတစ်ယောက်။ ဇာတ်အိမ်လေးတည်ထားတာ တော်တော်လှတယ်။ အားပေးလျက်ပါ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

ဖိုးဂျယ် said...

မှတ်မိဘူးရော ဂယ်ကြီးကို မမှတ်မိတာပါ
မိဆိုးရယ် ဟီ တီငယ် အရေးက လန်းတယ်
တူယေးယဲ သူမနေရာက ၀င်ရေးနေတာ
ဘီလို ဆက်ရေးရမှန်းမသိသေးလို့
မတင်သေးဘူးရော

မိုးမောင်(happycloud) said...

တကယ်ပါပဲဗျာ... ဒေါက်လျှောက်ဖတ်လာတာ.. ကိုရင်နော်ကြီးတော့ ဘာတွေထကြွေနေလဲ မသိဘူးလို့။ အဆုံးသတ် ရေးသူကြည့်တော့မှ.. မငယ်ကြီးဗျင်းထားမှန်း သိတော့တယ်။ နောက်ကောက်ကို ကျသွားတယ်.. မငယ်ကြီးရေ။ လုံးဝထင်မထားဘူးဗျို့..း)။ တကယ့်ကို ယောင်္ကျားဆန်တဲ့ အရေးအသားနဲ့ လက်စွမ်းပြထားတာပဲ။ မထူးပါဘူးဗျာ.. ချီးကျူးလက်စနဲ့ အလေးပါ ပြုခဲ့တယ်..း)။

မီယာ said...

ကိုရင့်လက်ချက်ထင်လို့...
မိဆိုးကို ချစ်လိုက်တာလေ... (တူးတူးသီချင်း ဆိုသွားသည်)

လွမ်းလုင် said...

အရေးအသားက တယ်သွပ်သကိုးဗျ။ မဆိုးနဲ့ပေါ့ဗျာ။ :)

လားရှိုးသူ said...

ဖတ်ရင်း ကိုရင်နော် ရေးနေတာထင်ခဲ့တာ၊ မလေးငယ်ရေ ရေးထားသမျှထဲက ဒါလေးကို အကြိုက်အတွေ့ဆုံးဘဲ၊ မလေးငယ်က ကျမကိုများသိနေသလားလို့တောင်ထင်မိသွားတယ် (ပဲလှော်ဝင်နိုက်တာပါ)။

Anonymous said...
This comment has been removed by a blog administrator.
နှင်းဆီနက် said...

နယ်နယ်ရေး ရေးတာရား
လာဖတ်သွားတယ် စိုးတာလား၊ ဆိုးတာလား ???
:P
ချစ်ညီမ

Republic said...

ဘန်နာလေး မိုက်တယ်၊၊ သတိတရရှိပါတယ်၊၊ ဘလော့ဘက်မရောက်ဖြစ်လို့ ဗျာ ၊၊ ကိုရင်ကြီးနဲ့ မခင်လေး နေကောင်းကျန်းမာပါစေ၊၊

war war khaing min said...

အိမ်အသစ်လေးကြိုက်သလို မခင်လေးကပို့စ်လေးက
လဲ အမိုက်စားပဲဗျို့။
ဒါနဲ့ မိဆိုးက အဒူ တုန်း ။ :P

လေးမ said...

မိဆိုးက တကယ်ဂျစ်တာပဲ..။ ပြုံးလျက်ဖတ်သွားပါတယ်..။