Sunday, December 14, 2008

လှတဲ့.. ဇာတ်သိမ်း

ဆောင်းလေအဝှေ့မှာ ချမ်းစိမ့်တက်လာတဲ့ အသိနဲ့ ကိုယ်မှာ ကပ်နေတဲ့ သားရေဂျာကင်ဇစ်ကို လည်ပင်းအထိ ဆွဲတင်မိလိုက်တယ်။ သြော်.. နှင်းတွေတောင် ခပ်စိပ်စိပ်ပိုသည်းလာပြီပဲ။ ခေါင်းမှာဆောင်းထားတဲ့ ဦးထုပ်လေးကို နားနှစ်ဖက်ဖုံးတဲ့အထိ ခပ်ဖိဖိပြင်ဆောင်း မိပြန်တယ်။ လက်အိတ်တွေအောက်မှာ မြှုပ်နေတဲ့ နာရီကို ကြည့်မိတော့ ၃ မိနစ်လိုနေသေးတယ်။ အချိန်ကို ဂရုစိုက်တိကျ လွန်းတဲ့ သူရောက်လာတော့မှာပါ...။

ရပ်နေတဲ့နေရာဘေး ခုံတန်းရှည်ပေါ်မှာတော့ သစ်ပင်ကြီးတွေဆီက ဖြာကျလာတဲ့ မီးရောင်စုံလေးတွေက မှိတ်တုတ်မှိတ်တုတ်နဲ့ ကခုန်လို့။ သီချင်းသံမဟုတ်တဲ့ တေးသွားနဲ့ တီးလုံးသံလေးတွေက နားထဲကို တိုးဝင်လာလိုက် ထွက်ပြေးသွားလိုက်။ ခေါင်းကိုမော့ပြီး ကောင်းကင်ကို ကြည့်မိတော့ နှင်းမှုန်တွေက မျက်နှာပေါ်ကို အပြေးအလွှား တွယ်ကပ်ရောက်လာကြတယ်။ ခပ်ပြားပြား ကားအမည်းလေးတစ်စီး တုန့်ကနဲ အရပ်မှာ မော့ထားတဲ့ခေါင်းကို ပြန်ချမိတယ်..။
နေမင်းဟန်...!! သူက ကားထဲကနေပဲ သူ့ကိုယ်ကိုငဲ့ပြီး ကျွန်မဖက်အခြမ်း ကားတံခါးကို ဖွင့်ပေးရင်း...

“မင်္ဂလာပါ... မငယ်.. ကိုယ်နောက်မကျပါဘူးနော်...”
“ဟင့်အင်း.. ကျမ ၃ မိနစ်ပဲ စောရောက်နေတာပါ ကိုနေမင်း...”

ကားထဲက အပူပေးစက် အနွေးကြောင့် အတော်လေး နေသာထိုင်သာရှိသွားတယ်..။

“ကိုယ်တို့ တစ်ခုခု သွားစားသင့်တယ်နော်”
“ကောင်းပါတယ် ကိုနေမင်း”

ထုံးစံအတိုင်း နေမင်းဟန် အသံက ရိုးသားမှုတွေနဲ့ တည်ငြိမ်လို့။ များသောအားဖြင့် ကျွန်မကို အလုပ်မှာရော အပြင်မှာပါ “မေ” လို့ခေါ်တတ်ကြတယ်။ အင်္ဂလိပ်စာလုံး May ဆိုတာ ကျမတို့ မြန်မာအသံထွက်တွေထဲမှာ ခေါ်ရမှတ်ရလွယ်တာလည်း ပါပါလိမ့်မယ်။ စသိချိန်ကစလို့ မိတ်ဆွေသက်တမ်း တစ်လျှောက်လုံးမှာ နေမင်းဟန်ကို ကျွန်မ “ကိုနေမင်း” လို့ခေါ်ခဲ့သလို ကျွန်မကို “မေ” လို့ မခေါ်ပဲ ကျွန်မနာမည်ကို “မ” ထည့်ပြီး “မငယ်” လို့ခေါ်တတ်သူပါ။ စကားပြောတိုင်းလည်း ကိုယ်နဲ့မင်းလို့ သုံးနှုန်းတတ်သလို ပိုမိုရင်းနှီးတဲ့ မိတ်ဆွေတွေဖြစ်လာတဲ့ ခုချိန်အထိ ကျွန်မကိုယ်တိုင်ကလည်း “ကျွန်မ”လို့ပဲ သုံးစွဲခဲ့ပါတယ်..။

သူ့က ကားထဲက MD Player ခလုပ်လေးကိုနှိပ်လိုက်တော့ ကျွန်မနှစ်သက်တဲ့ Rock သီချင်းတစ်ပုဒ် ခုန်ထွက်လာတယ်။ အံ့သြမှုတွေနဲ့ သူ့ကိုငဲ့အကြည့် သူ့အပြုံးတစ်ခုက လှစ်ကနဲ။ “နေမင်းဟန်” ဆိုတဲ့ သူဟာ ဘယ်တော့မှ ဆူညံညံ ပေါက်ကွဲသံစဉ်မျိုး နှစ်သက်တတ်သူမှ မဟုတ်တာ။ ကျွန်မတို့ မိတ်ဆွေသက်တမ်း သုံးနှစ် ကျော်လာတဲ့အထိ သူ့ကားထဲမှာ ဒီလိုသီချင်းသံမျိုး ကြားရလေ့မရှိ။ ဒါဟာ ပထမဦးဆုံးအကြိမ်ပါပဲ...။

ကျွန်မတို့ တွေ့ဆုံချိန်တွေတိုင်း ပြောတတ်တဲ့ စကားတွေကတော့... တစ်ခါတလေ အလုပ်ထဲက ဖိစီးမှုတွေပါမယ်။ စာအုပ်တွေအကြောင်းပါမယ်။ ရုပ်ရှင်တွေအကြောင်းပါမယ်။ သီချင်းအကြောင်းတွေပါမယ်။ ကိုယ်ရေးကိုယ်တာ တချို့တစ်ဝက်ပါမယ်။ ကိုနန္ဒ မေမေ့အကြောင်းပါမယ်။ ဝတ်ရည်ရဲ့ ခပ်ဆိုဆိုး မောင်လေး အကြောင်းသူပြောမယ်။ ဒါတွေပါပဲ...။

“ကိုနန္ဒ နေကောင်းလား ကိုယ် သုံး လေး ရက်လောက်တော့ရှိပြီ ဘူတာထဲမှာ သူ့ကို လှမ်းတွေ့လိုက်သေးတယ်”
“ဟုတ်... ခုတလော ပုံမှန်ထက် သူအလုပ်များနေပါတယ်”

“ကိုယ်တို့ ကိုရီးယားစာ စားရအောင်လေ”
“ကောင်းတယ် ကိုနေမင်း ကျွန်မလည်း အဲ့လိုတွေးနေမိတာ”

“ဝတ်ရည်ကတော့ အစပ်မစားလို့ ဘယ်တော့မှ ညှိလို့မရခဲ့ဖူးဘူး..”
“ကျွန်မကတော့ ငပိနဲ့ အစပ်ကိုကြိုက်တယ်”

“ကိုယ် မင်းကို ခုမှသိတာ မဟုတ်ဖူးလေ...”
ကျွန်မ နှစ်နှစ်ခြိုက်ခြိုက် ရယ်လိုက်မိတယ်..။

“မင်း ကလေးလေးတစ်ယောက်လို ရယ်တဲ့အသံ ကိုယ်မကြားရတာ ကြာပြီနော်”
“ဟုတ်တယ် ကိုနေမင်း ကျွန်မ ဒီလို မရယ်နိုင်အောင် အလုပ်တွေနဲ့ မွန်းနေတာ”
“ဟန်ဆောင်ပြီး အလုပ်တွေထဲမှာ နှစ်ထားတာ တစ်ကယ့်မင်းမှ မဟုတ်တာ”
ကျွန်မခေါင်းကို ဆတ်ကနဲ ညိတ်ရင်း...

“ဝတ်ရည် ခရီးထွက်မယ်ဆိုတာ သွားဖြစ်လား”
“အင်း.. ဒီနေ့ ကိုယ်သူ့ အတွက် လေယာဉ်လက်မှတ် ရက်အတိအကျယူပေးခဲ့တယ်”

“ကိုနေမင်း မလိုက်ဖူးလားဟင်”
“အို့.. အို ကိုနန္ဒခရီးတွေရော မင်းလိုက်ဖြစ်လို့လား မငယ်”

“အင်း.. ဒါလဲဟုတ်ပါတယ်လေ”
“နောက်ဆိုရင်တော့ ကိုယ်လိုက်ရတော့မှာ ဒီခရီးက ဝတ်ရည် တစ်ယောက်ထဲသွားမယ့် နောက်ဆုံးအကြိမ် ခရီးဖြစ်လိမ့်မယ်”

ကျွန်မ ပေါင်ပေါ်တင်ထားတဲ့ စလင်းဘက်အိတ် အပြားလေးကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်တယ်။ အိတ်ထဲမှာ ဖုန်းလေးတစ်လုံး၊ ပိုက်ဆံအိတ်ပါးပါးလေး တစ်အိတ်၊ ခေါင်းဘီးလေးတစ်ချောင်း နဲ့ ပန်းနုရောင် ကဒ်လေးတစ်ခု ရှိနေပါတယ်။ အဖုံးပေါ်မှာ “နေမင်းဟန်” ဆိုတဲ့ နာမည် ခပ်ဖိဖိရေးထားတဲ့ ကဒ်လေးက ဆွဲထုတ် ယူသူမဲ့ ငြိမ်သက်နေဆဲပါပဲ...။

“မငယ်”
ကျွန်မအကြည့်တွေက နေမင်းဟန် မျက်နှာပေါ်ရောက်သွားတယ်...။
“မငယ်”
“ရှင်ကျွန်မကို ခေါ်တာနှစ်ခါရှိနေပြီ ကိုနေမင်း”

“ဟား ဟားး အဲဒီခပ်ပြတ်ပြတ် အသံနဲ့ ရှုတည်တည် အကြည့်တွေက မင်းမှမင်းပဲ”
“တော်ပါရှင်.. ကိုနေမင်း ဒီနေ့ စကားတွေတော်တော် ပြောနေတယ်နော်”

“ဟုတ်တယ်.. ကိုယ်ဒီနေ့ ကလေးတစ်ယောက်လို ရယ်တာတွေကို ကြားချင်လို့ မင်းကို စချင်နေတာ”
ကျွန်မ သူ့ စကားဆန်းတွေကြောင့် ရယ်ဖြစ်ပြန်ပြီ...။

“ကိုနေမင်း ဘာလို့ ဒီသီချင်းတွေ ဖွင့်ရတာလဲ ကျွန်မစဉ်းစားနေတာ”
“သြော်... ဒါလား.. ဒါက... ဒီလိုလေ...”

ရယ်နောက်နောက် သူ့စကားက တစ်ဝက်တစ်ပျက်မှာ ဆုံးသွားတယ်။ တိကနဲ ကားဘရိတ်ကို တစ်ချက်တော့ပြီး သူရပ်လိုက်တယ်။ စောစောက နေမင်းဟန် မဟုတ်တော့ သလိုပဲ တိတ်ဆိတ်လို့ပေါ့။ ကျွန်မ ခပ်ပေပေမျက်လုံးနဲ့ သူ့ မျက်နှာကို လှမ်းကြည့်မိပါတယ်။ စတီယာတိုင်ကို ညာဘက်လက် တစ်ခုတည်းနဲ့ ဆုပ်ထားရင်း နှင်းတွေကျနေတာကို သူငေးနေတယ်။ ပြီးတော့ ခပ်တိုးတိုးအသံနဲ့ ပြောတယ်...

“ဘယ်သူမှ မသိသင့်တဲ့အရာပါ.. တစ်ခါတစ်လေ ကိုယ်ဟာ မင်း... ဖြစ်ဖြစ်ကြည့်ဖူးတယ် မင်းလည်း သိမှာမဟုတ်ဖူး သိစရာလည်းမလိုဘူး... ဒါပါပဲ”

နေမင်းဟန် စကားတွေက ကျွန်မကို တိတ်ဆိတ်သွားစေတယ်။ ချက်ချင်း အားယူပြီး ကျွန်မ ခပ်သော့သော့ ရယ်လိုက်တယ်...။

“ကိုနေမင်း ရှင်ဟာလေ......”
“ဝတ်ရည်ခရီးက ပြန်လာပြီးရင် ကိုယ်တို့ လက်ထပ်တော့မယ်.. မငယ်”

သူ့စကားသံ တိုးတိုးလေး အဆုံးမှာ ကျွန်မ ရယ်မောလိုက်မိပြန်တယ်။ နေမင်းဟန် ရှင်ပြောတယ်လေ.. ဒီနေ့ ကျွန်မရယ်သံတွေကို ကြားချင်တယ်ဆို....

“ဘာလဲ ကျွန်မကို သတို့သမီး အရန် ကမ်းလှမ်းချင်တာလား”
သူခေါင်းကိုခါတယ်... ပြီးတော့ ကျွန်မမျက်နှာကို စေ့စေ့ကြည့်နေတယ်...

“မင်းကို ကိုယ်ကျေးဇူးတင်တယ် မငယ်”
“ရှင်”
“မင်း ရယ်သံတွေ အတွက်ပါ ပြီးတော့....”

သူ ခဏရပ်ရင်း အသက်ကို ပြင်းပြင်းရှူပြီး စကားဆက်ပြောတယ်...။

“ကိုယ်ဟာ မင်းနဲ့ မိတ်ဆွေဖြစ်ခွင့်ရပြီး နောက်ပိုင်းမှာ ပတ်ဝန်းကျင်ကို လစ်လျူရှု သင့်တာတွေကို ရှုတတ်တဲ့ အလေ့အကျင့်ရခဲ့တယ်... ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက်ရဲ့ စိတ်တွေ သန့်စင်စွာ ထပ်တူကျမှုတွေကို ကိုယ်နားလည်တတ်ခဲ့တယ်... ပေတေသလို တည်ငြိမ်တတ်တဲ့ မင်းအမူအယာတွေနဲ့ ခင်မင်စရာကောင်းတာတွေ... ကိုယ့်ကို မိတ်ဆွေကောင်း တစ်ယောက်ရဲ့ ပေးနိုင်တဲ့ ဖေးမပေးမှုတွေနဲ့ အားပေးခဲ့တာတွေ... ကိုယ့်ဖိစီးမှုတွေကို မင်းလမ်းပြမှုတွေနဲ့ တည်ငြိမ်စွာ ကျော်ဖြတ်စေခဲ့တာတွေ... အိုကွာ.. အများကြီးပါ... ကိုယ်စံထားရတဲ့ မင်းကို အရာအားလုံးအတွက် ကိုယ်ကျေးဇူးတင်တာပါ.. မငယ်”

“အို... ကိုနေမင်းရယ် အထူးအဆန်းတွေရှင်..”

ဒီတစ်ခါတော့ ဟက်ဟက်ပက်ပက် အော်ရယ်လိုက်တာ နေမင်းဟန်ပါ။ ရှင့်ရင်ထဲကအသံတွေ ဟုတ်မဟုတ် ကျွန်မ အဖြေရှာသင့်သူ မဟုတ်ဘူး ဆိုတဲ့ အသိနဲ့... အတွေးတွေကို ကျမမောင်းတုတ်နိုင်ခဲ့တယ်..။

“ကိုနန္ဒ အတွက် ဂုဏ်ယူတယ်ဆိုတာ ကိုယ့်ကိုယ်စား ပြောပေးပါ...”
“................”

ကျွန်မ ခေါင်းငုံ့ပြီး စလင်းဘက်လေးကို ဖွင့်လိုက်တယ်။ ညာဘက်လက်ချောင်း ထိပ်လေးတွေနဲ့ ပန်းနုရောင် ဖိတ်စာကဒ်လေးအတွေ့မှာ ကျွန်မလက်ကို ပြန်ရုတ်လိုက်မိတယ်။ နေပါစေတော့လေ...!! တိုက်ဆိုင်လွန်းစွာ ကျွန်မပြောမယ့် စကားတွေကို ဒီဆောင်းညဥ့်ဦးပိုင်းမှာပဲ သူကအရင် ပြောသွားခဲ့ပါတယ်။ ကျွန်မ လက်လေးတွေ အနည်းငယ် တုန်ရီနေခဲ့တယ်။ ကျွန်မခေါင်းမော့ပြီး သူ့ကိုပြုံးကြည့်လိုက်တယ်..။

“ကျွန်မလည်း ဝတ်ရည်ကို ပြောချင်တယ်... ရင့်ကျက်တည်ငြိမ်တဲ့ ခင်ပွန်းလောင်း တစ်ယောက်အတွက် ကျွန်မ အင်မတန် ဂုဏ်ယူမိတယ်လို့.... Congratulation ပါ..”

ကမ်းပေးလိုက်တဲ့ ကျွန်မ ညာလက်ဖဝါးကို သူ့လက်ဖဝါးနဲ့ ဖျစ်ညှစ်လိုက်တယ်။ နေမင်းဟန်.. ရှင့်အပြုံးတွေ လဲ့ နေသလို ကျွန်မ မျက်လုံးတွေလည်း အရောင်လဲ့နေခဲ့ပါတယ်။ ကျွန်မတွေးမိတယ်.. ကျွန်မတို့တတွေ တစ်ဦးနဲ့တစ်ဦး ရင့်ကျက်စွာ ချီးမွမ်းခန်းတွေ ဖွင့်နေကြတာ ဘာအတွက်များလဲ..!! နှလုံးသားထဲကို ဝင်လာမယ့် တစ်စုံတစ်ရာကို အသိစိတ်တွေနဲ့ ထိန်းယူခဲ့ကြတာကရော ဘယ်လောက်များ သေသပ်လှပခဲ့ကြလဲ...!!

ကျွန်မ ဆုံးဖြတ်လိုက်တယ်။ သူ့အတွက် ယူလာတဲ့ ပန်းနုရောင် ဖိတ်စာလေးတစ်စောင်ကို ဘယ်တော့မှ သူ့ကို ပေးဖြစ်တော့မှာ မဟုတ်ပါဘူး.!! ကျွန်မတို့တွေ ဖြစ်သင့်ဖြစ်ထိုက်တာတွေကို လူသားဆန်စွာ တွေးခေါ်ဆုံးဖြတ်ခဲ့ကြတယ်။ အကောင်အထည် ဖော်နိုင်ခဲ့ကြတယ်။ ကျွန်မနဲ့ နေမင်းဟန် ဆိုတဲ့ ရှင့်ရဲ့ ဆုံစည်းရခြင်းဟာ သုံးနှစ်ထက်သာ ပိုစောခဲ့ကြမယ်ဆိုရင်.....!!

ကျွန်မတို့ နှစ်ယောက်ရဲ့ အပြန်လမ်းမှာ နှင်းတွေထူထပ်အောင် ကျနေခဲ့တယ်...။ ကျွန်မအိမ်ရှေ့လမ်းပေါ်အရောက် သူရပ်ပေးတဲ့ ကားပေါ်ကဆင်းရင်း ကောင်းကင်ကို မော့အကြည့်မှာ သည်းနေတဲ့ နှင်းမှုန်တွေကြောင့် “လ” ကိုမြင်ခွင့် မရခဲ့ပါဘူး...။ တကယ်လို့များ အဲ့ဒီညရဲ့ ကောင်းကင်မှာ “လ” တစ်စင်းဟာ ကြည်လင်အေးချမ်းစွာ သာနေခဲ့မယ် ဆိုရင်တောင် ကျွန်မ မျက်လုံးတွေက မြင်ချင်မှ မြင်နိုင်ခဲ့လိမ့်မယ် ဆိုတာကိုတော့.....!!

(ခင်လေးငယ်)

ဝန်ခံချက်။ ။ ၂နှစ်လောက်တော့ရှိပြီထင်ပါတယ်... သူငယ်ချင်းတစ်ယောက်အိမ်ကို အလည်သွားတုန်းက သူငယ်ချင်းက ရုပ်ရှင်တစ်ကား ကြည့်နေခဲ့တယ်.. ကိုယ်တိုင်အစအဆုံး ကြည့်ခဲ့တာမျိုးတော့မဟုတ်ဘူး.. ရောက်တဲ့နေရာက တစ်ဝက်တစ်ပျက် ဝင်ကြည့်ရင်း ဘေးမှာရှိနေတဲ့ သူငယ်ချင်းက ဇာတ်လမ်းကို အကြမ်းဖျင်း ပြန်ပြောပြတယ်... ရောက်တဲ့အချိန်မှာ ကြည့်ခဲ့ရတဲ့ မြင်ကွင်းလေးတစ်ခုပါ..။ ဘာရေးရမလဲ စဉ်းစားရင်း ခေါင်းထဲကို ဝင်လာလို့ ခံစားရေးဖွဲ့လိုက်တာပါ...။ ဟက်.. ဟက်..!! အမှန်ကတော့ ဆားချက်တာဆိုပါတော့....။


23 comments:

Moe Myint Tane said...

ဖြစ်ချင်တာထက် ဖြစ်သင့်တာတွေလုပ်သွားကြတဲ့ လူနှစ်ယောက်..
မျှော်လင့်ချက်တွေကို ရိုက်ချိုးရင်း ဒါမှမဟုတ် မမျှော်လင့်ရင်း ဘ၀ကို လျှောက်လှမ်းတဲ့ လူနှစ်ယောက်..
တစ်ခါ တစ်ခါ မှာ ဦးနှောက်ကို အသုံးချခဲ့လို့ ရင်ဘတ်တွေပျက်ဆီးခဲ့ရတယ်...

ဇာတ်သိမ်းလေးက လှတယ်။ နှလုံးသွေးနဲ့ကို ရဲရင့်လှပခဲ့တာ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

ဗေဒါရီ said...

မငယ် ...
အဲလိုလေး ခေါ်ရတာမိုက်တယ်။ နောက် အဲလိုပဲခေါ်တော့မယ်နော်။
ဇာတ်လမ်းလေးက လွမ်းစရာလေး။ တကယ်ကို လှတဲ့ ဇာတ်သိမ်းလေးပါပဲ။

Anonymous said...

ဝတ္တုလေး လိုရေးထားတာပဲ
ဆွဲဆောင်မှုရှိအောင်ေ၇းသွားတာ
တည်တည်ငြိမ်ငြိမ် နဲ့ခံစားလို့ကောင်းတယ်
BRAVO ပါ khinlaynge.

Dream said...

တီတီနယ်.. ချာမူခပေးမယ်.. ၀က်ထုချာအုပ်ထုတ် မယို့တိရား.... တော်ဒယ်.. အဟိးးးးးးးး မယ်မယ်ငယ်က တော်တော်တော်.... တယ်.... မက်မက်စီစီ အတိုင်းဖဲ.. :P :P

နန်းညီ said...

မိုက်တယ်ဗျိုး.. ဒါမျိုးဇာတ်သိမ်းဆို သိပ်ကြိုက်.. ခံစားချက်ထက် ဦးနှောက်နဲ့အလုပ်လုပ်ကြတာမျိုးကိုလေ..

တာတူး said...

ခင်လေးရေ ကျနော် ပြောချင်ရာတွေ စွတ်ပြောလိုက်ဦးမယ်။
:P
အ၇ာအားလုံး ပြီးဆုံးပြီးမှတော့ မျက်ရည် မ၀ဲသင့်ဘူး ထင်တာပဲ။ ကံကမှ မပေးတာလေ။ ရွေးချယ်ပြီး မှ ကနေကြတဲ့ ဇတ်မှာ လမ်းကြုံလို့ ခလုတ် တိုက်သလို အချစ်လို့ ထင်တဲ့ အရာက ၀င်လာတယ်။ အချစ်ဖြစ်ချင်လည်း ဖြစ်မယ် ၊ ဖြစ်ကောင်းမှလည်း ဖြစ်မယ် ။သေတော့ မသခြာလှဘူးပေါ့။ အဲဒါဆို အရင်က ကိုယ်ရွေးချယ်ခဲ့တာက ဘာလဲ ။ အဲဒါကလည်း ပြသနာလေ။ ၀မ်းသာလို့ ၀ဲတဲ့ မျက်ရည်လေး ဆိုရင်တော့ လှမယ်။ တစ်ခုခုသော ခံစားချက် နှမြောမှူ့ကြောင့် ဆိုရင်တော့ ဟုတ်သေးဘူး။ နဲနဲတော့ အောင့်သက်သက်နိုင်တယ် ဟို ကို နန္ဒ ဆိုတဲ့ ဘက်ကနေ ခံစားရင်။

:D
စာဖတ်ပြီး ခံစားရသလို ပြောချင်ရာ တော့ ပြောပြီး သွားပြီ။

ပျော်ရွှင် အဆင်ပြေပါစေဗျာ။

ကိုရင်နော် said...

ခင်လေး နင်တော့နော် ငါ မပြောလိုက်ချင်ဘူး.. စိတ်ညစ်တယ်..

zawlay said...

ကျွန်တော့် အမြင်ကတော့ ကိုနန္ဒဘက်က အရမ်းခံစားရတယ် သူချစ်တဲ့ မိန်းကလေးက တစ်ခြားတစ်ယောက်ကို စိတ်ဝင်စားနေတယ်။ သူနဲ့ စိတ်မပါပဲ လက်ထပ်မယ်။ လောက မှာစောင့်ထိန်းသင့်တဲ့ အချက်တွေကြောင့် စောင့်ထိန်းပြီး သူ့ကို လက်ထပ်မှာ သူသိရရင်...

အိမ် said...

စာရေးဆရာလုပ်စားလို့ရပြီဗျ။ကောင်းတယ်
အရေးအတွေးလေးတွေ။

မိုးမောင်(happycloud) said...

မငယ်ကြီး.. ဟတ်ထိသဗျာ။ ဒီမှာ ဓာတ်ခံတွေ သိပ်ကောင်းတာမဟုတ်ဘူး...း)။

GreenGirl said...

သူများကိုကျတော့ ခံစားရတာတွေ ရေးလွန်းတယ်ဆိုပြီး မမခင်လေးကျတော့လည်း ရေးတာပဲ :(

မေငြိမ်း said...

ခင်လေးငယ်.. ဖတ်ပြီး comment မရေးဘဲ မနေနိုင်ဖြစ်သွားလို့ပါ။ ရေးရခက်ပြီး လှပတဲ့ ၀တ္ထုတိုအမျိုးအစားပါပဲ။ ဇာတ်ကို အချီအချစကားပြောခန်းနဲ့ အမူအယာနဲ့ရေးသွားတာ။ အပြောမပါဘဲ အဲလို အပြနဲ့ရေးတတ်ဖို့ မလွယ်ပါဘူး။ ပြီးတော့ အဆုံးသတ်လေးလည်း သိပ်လှတယ်.. Cheers !!!

Republic said...

မခင်လေး က ရေးတတ်လိုက်တာဗျာ ၊၊ တော်ချက် ၊၊
ကိုယ့်ချင်း ချီးကျုးသွားပါတယ် ၊၊ :P

ကောင်းကင်ကို said...

လှပတဲ့ ဇာတ်လမ်းလေး တစ်ပုဒ်ပါလား။ ခင်လေးကတော့ ဝတ္ထုကော ကဗျာပါ ပါရမီကောင်းတယ်နော်။

အိပ်မက်ရှင် said...

ကျွန်တော်ပြောမယ် အမခင်လေး ...
တော်တယ်ဗျား ...
လေးလည်း လေးစားတယ် ... ။
အရေးအသားကလည်း ဆရာကျတယ်...
ဇာတ်လမ်းဇာတ်ကွက်ကို ဒိုင်ယာလောခ့်တွေနဲ့ချည်း တည်ဆောက်သွားတယ် ...
ပြောပြချင်တဲ့အစိတ်အပိုင်းတစ်ခုကို ဒဲ့ဒိုးချည်း ပြောမချလိုက်ပဲ ... အရိပ်သာသာ ပြခဲ့တယ် ... စာဖတ်သူရဲ့ စိတ်ဝင်စားမှုကို ညင်သာညက်ညောစွာ ဆွဲခေါ်သွားခဲ့ပြီး နှလုံးသားထက်ကို “ဖတ်” ကနဲ ခံစားမှု တစ်ခုတင်ပေးလိုက်တယ်။
ဝတ္ထုလေးရဲ့ တစ်ပုဒ်လုံးမှာ ပြောပြနေတဲ့အကြောင်းအရာတွေက များပေမယ့် မြင်နေ၊ သိနေ၊ ကြားနေရတာ စကားလုံးလေး နည်းနည်းပါပါးပဲ ... ။ ဒါပေမယ့် အဲဒါလေးက သိပ်ကို အဓိကကျပြီး လေးနက်တဲ့ အစိတ်အပိုင်းလေးအဖြစ် မြင်သာထင်သာ ရေးဖွဲ့နိုင် ခဲ့တယ်။
နောက် သေသပ်လှပတဲ့ ဇာတ်သိမ်း ... ။
ခံစားလိုက်ရတဲ့ တစ်စုံတစ်ရာ ... ။
နှင်းတွေ ထူထပ်နေပေမယ့် မငယ်နဲ့ ကိုနေမင်းရဲ့ နှလုံးသားအတွင်းပိုင်းကို ကျွန်တော် ကောင်းကောင်းကြီး မြင်တွေ့ခဲ့ပါတယ်ဗျာ ... ။

ခင်မင်လေးစားမှုများစွာဖြင့်

mgngal said...

တကယ်ကို ကောင်းပါတယ် ။ သေချာပါတယ် ။ :)

ကိုရင်နော် said...

ဟဲ့ အစုတ်ပလုတ်တုတ်..
အမယ်အမယ်.. ရုပ်ကြီးက ရုပ်ကြီးက.. ဟွန်း.. ငါ မအားလို့နော် အားလို့ကတော့ နင့် အချစ်ဇတ်လမ်း ပျက်ပြီသာမှတ်..

ပီကေ said...

ကိုရင်နော်ကြီးက မခင်လေးကို ချီးကျူးတာတွေ ဖတ်ပြီး မနာလို တိုရှည် ဖြစ်နေတယ်။ တကယ်ကောင်းပါတယ်ဗျ။ စာလုံးပေါင်းတချို့ မှားတာက လွဲရင်ပေါ့။ အဟက်။
Action speaks louder than Words ဆိုပေမယ့် အခု ကိုယ်ဟန်အမူအရာတွေကို စကားလုံးနဲ့ အစားထိုးသွားတာ အတော်လေး ပိရိတော့ မျက်စိထဲ ကွက်ခနဲ ကွင်းခနဲပဲ။ တင်ပြပုံလေး အတော်ကောင်းပါတယ်။ စကားလုံး ရွေးချယ်မှုမှာ အနည်းငယ် လိုမယ်ထင်တယ်။ အသုံးအနှုန်းတွေ ထပ်နေတယ်။
အော် .. ဒါနဲ့ ဒီစာကြောင်း ကျနော် နားမလည်ဘူးဗျ။ ရှင်းပြပါဦး။
"တစ်ခါတစ်လေ ကိုယ်ဟာ မင်းဖြစ် ဖြစ်ကြည့်ဖူးတယ် မင်းလည်း သိမှာမဟုတ်ဖူး သိစရာလည်းမလိုဘူး"

ခင်လေးငယ် said...

ကိုပီကေရေ...

"တစ်ခါတစ်လေ ကိုယ်ဟာ မင်းဖြစ်ဖြစ်ကြည့်ဖူးတယ် မင်းလည်း သိမှာမဟုတ်ဖူး သိစရာလည်းမလိုဘူး"

သူနားထောင်လေ့မရှိတဲ့
သီချင်းတွေကို နားထောင်တယ်... တစ်ခါတစ်ရံမှာ နေမင်းဟန်က မေ့(မငယ်)
နေရာမှာ သူနေကြည့်တယ်.. သူဟာ“မေ” ဖြစ်ကြည့်တယ်... မေ ကြိုက်တတ်တဲ့ သီချင်းတွေကို နားထောင် ခံစားမိတတ်တယ်..
အသိဝင်လို့ မသိစိတ်ကို သတိထားမိချိန်မှာ သူဟာ“မေ” ဖြစ်ဖြစ်နေခဲ့တာကို ဆိုလိုတာပါ..။
ဒါကို သူဝန်ခံလိုက်တယ်..
သိစရာ မလိုဘူးဆိုပြီး သူ့စကားကို သူဖြတ်တယ်..။

ခင်လေး မှားတတ်တာလေးတွေကို စေတနာထားပြီး ထောက်ပြပေးတတ်တာ
ကျေးဇူးအထူး...။

ဟုတ်.. စကားလုံးရွေးချယ်မှု အများကြီးအား
နည်းပါတယ်... အသုံးတွေလည်း ထပ်နေနိုင်တယ်.. ကျမအများကြီး ကြိုးစားရဦးမှာပါ... စာတွေရေးတတ်ဖို့ပေါ့...

ခင်လေးငယ်..

ရွှန်းမီ said...

ဇာတ်သိမ်းတင်မဟုတ်ပါဘူး.. ဇာတ်လမ်းလေးက လှပါတယ်.. =)

Myo Kyaw Htun said...

ဇာတ်လမ်းကောင်းမဲ့ပုံပဲ။ အစက ဘယ်လိုတွေလဲ ဆိုတာ သိရရင်ပိုကောင်းမယ်။

megumi said...

စာရေးကောင်းလိုက်တာ။
သူတို့ဇာတ်လမ်းထဲ စီးဝင်သွားမိတယ်။

မေတ္တာရောင်ပြန် said...

ဟုတ်တယ်နော် မမ။ တခါတရံ နှလုံးသားက ဆန္ဒထက် ဦးနှောက်ကို ဦးစားပေးလိုက်ရတာမျိုးတွေ ရှိခဲ့ကြတယ်။ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို လုပ်ပေးလိုက်ရပေမယ့် နှလုံးသားကိုတော့ ရိုက်ချိုးဖျက်စီးလိုက်မိပြီလေ။ ဒီအတွက် ခံစားချက်ကတော့ ...........

လေးစားလျှက်
ရောင်