Thursday, April 23, 2009

ကဝေ တမ်းချင်း

တောနက်မျက်မည်းမှာ
အာရုံတလွဲနဲ့

စိတ်တွေဖြန့်ကျက်နေလိုက်တာ..။


အမောတကြီးပြေးကပ်လာတဲ့လေတစ်စ
ကိုယ့်ဆံနွယ်တွေကို အဖွမှာ

ယောင်ပြီး တ မိတယ် “ကဝေ”..။


လက်သွားတဲ့ အပြုံးက

ရင်ဘတ်ကနေ အန်ထွက်ကျလာလို့

ပြန်သိမ်းချိန်တောင် မရခဲ့ပါဘူး..။

ကိုယ်မမြင်နိုင်တဲ့ ကိုယ့်အနားမှာ

ရှိနေခဲ့တာလား..!
ရှိနေပေးတာလား..!

ရှိနေပေးဦးမှာလား..!!

ဆန္ဒကို ကိုယ်ချမပြပါဘူး

သိမ်းထားတဲ့ လေးနက်မှုတွေနဲ့

တွေဝေရတာလောက် လှတဲ့အရာ

ဒီကမ္ဘာမှာ မရှိမှတော့

အလှကို ငြင်းပယ်ဖို့အထိ

မရူးသွပ်ချင်တာ အမှန်ပါပဲ..။


ဒီအတိုင်းလေးပဲကောင်းပါတယ်
ရနံ့မပျယ်မယ့် ပန်းတစ်ပွင့်

ရင်မှာဝင့်နေတာ ကျက်သရေရှိလို့ပါ

နွမ်းမှာစိုးတယ် “ကဝေ”..။


အမှတ်တရ သံစဉ်တစ်ပုဒ်ကို

သိမ်းထားမှာပေါ့

သတိရတဲ့အခါ ထုတ်ကြည့်ဖို့လေ..။


ဒီလိုနဲ့... ထပ်ပြီး

တောနက်မျက်မည်းမှာ

အာရုံတလွဲနဲ့

စိတ်တွေဖြန့်ကျက်မိဦးမယ်..။


(ခင်လေးငယ်)

13 comments:

တောင်ပေါ်သား said...

တီငယ်ရေ ဘာတွေဖြစ်နေတာတုန်းမသိ။ ခုတလော ကဝေတွေ သောင်းကျန်းနေတာလား... မမြင်တာလဲ ကြာနေပြီနော့် ကဝေတွေကို တားသောင်ပေါ် လိုက်ရိုက်ထုတ်လိုက်မယ် ဘယ်မှာလဲပြော အဟဲ


လေးစားလျက်
တောင်ပေါ်သား

Anonymous said...

ခင်လေး
ကဝေ တစ်ကောင်က ပြုစားထားပြီထင်တယ်နော်း)
မနော်

flowerpoem said...

ကဝေ တွေကို Series လိုက်ဖတ်သွားပါတယ်ရှင်..

မိုးမောင်(HappyCloud) said...

တကယ်ပဲ အာရုံတလွဲနဲ့...
စိတ်တွေကို ဖြန့်ကျက်ထားမှာလား...???
တကယ် ပြုစားခံနေရပုံ ထောက်တယ်နော်။
စာရေးတဲ့သူတွေက ဘယ်လောက်ပဲ အငှားခံစားတယ် ပြောပြော.. စိတ်ရဲ့ အရိပ်တွေကတော့ ပါနေမှာပဲဗျ။ အဟဲ... အလျင်းသင့်ရင် အင်တာဗျူးတော့ ရှိမယ်ဗျို့။ မညာကြေးနော်... ကဝေစီးရီး သုံးပုဒ်မြောက်ဖြစ်သွားပြီးဆိုတော့ အင်တာဗျူးတော့ လက်ခံသင့်နေပြီ။

thetpaingthu said...

မမရေ..
အရမ်းကောင်း.. ဒီကဗျာလေးကို အကြိုက်ဆုံး...
(ကိုရင်နော်ကြီး မနာလိုမဖြစ်နဲ့) အဟတ်.... ဟတ်

ရှင်ရဲထွတ် said...

ခင်လေးရေ ဘယ်က ကဝေ၊က၀ လာနှောင့်ယှက်နေလည်း ပြောကွာ...... ကဝေနိုင်ဓါးနဲ့ လိုက်ယမ်းလိုက်မယ် လာလေရော့.....

Craton said...

ကောင်းလှချည်လားကဗျာက.. ဟဲဟဲ..

mgngal said...

လက်သွားတဲ့ အပြုံးက
ရင်ဘတ်ကနေ အန်ထွက်ကျလာလို့
ပြန်သိမ်းချိန်တောင် မရခဲ့ပါဘူး..။

အဖွဲ့ လေး ကြိုက်တယ်ဗျ ။ ကဗျာကောင်း တစ်ပုဒ်ဖတ်ရတဲ့ အတွက် ကျေးဇူး အစ်မ ခင်လေး ။ :)

Anonymous said...

အရမ်းကောင်းတယ်။

ပိုင်ဖြိုးကို said...

ဒီကဗျာလေးကို အရမ်းကြိုက်တယ်ဗျာ။ အထူးသဖြင့် နောက်ဆုံးပိုဒ်လေးကိုပေါ့၊

ဒီလိုနဲ့... ထပ်ပြီး
တောနက်မျက်မည်းမှာ
အာရုံတလွဲနဲ့
စိတ်တွေဖြန့်ကျက်မိဦးမယ်..။

တားမြစ် ထားသော... said...

သိမ်းထားတဲ့ လေးနက်မှုတွေနဲ့
တွေဝေရတာလောက် လှတဲ့အရာ
ဒီကမ္ဘာမှာ မရှိမှတော့
တွေးကြည့်တယ်။ လေးနက်မှုတွေနဲ့ တွေဝေမိတဲ့ ခဏတိုင်းမှာ (သူနဲ့သာပက်သက်နေမယ်ဆိုရင်) ကျွန်တော့်မှာ ကမ္ဘာသစ်တစ်ခု ပိုင်နေသလိုပဲ။

စကားလုံးလေးတွေကို သဘောကျကြောင်းပါ။

သုခမိန်(E-Journal)

အိန္ဒြာ said...

ခင်လေးရေ..

မကြီး ကဗျာလာဖတ်သွားတယ်...

ဆွတ်ပျံ့စရာကောင်းတဲ့ကဗျာ လေးတစ်ပုဒ်ပါ..။

ကိုရင့်ကိုကြည့်ပေါင်းနော်...

ဖုန်မှုန့်ကိုလျက်ဆားလုပ်ကျွေးတဲ့လူမျိုး...

Dream said...

မယ်ကလန်ထွက်နေတာပဲ.. ကဗျာရေးတာက.....

မက်မက်မယ်မယ်လို့ မပြောရဘူး.. တော်ချက်က လန်ထွက်နေတယ်... ဟိဟိ