Friday, July 10, 2009

မုန်တိုင်းလွန်စ နေ့တစ်နေ့


မေရေ... ဒီနေ့တော့ ဝယ်လို့ရနိုင်တာလေးတွေ လိုက်ဝယ်ဖို့ ဈေးသွားမှဖြစ်မယ်... အခြေအနေက ဘာမှန်းမသိဘူးလေ.. အဝတ်လဲကွာ.. မေနဲ့သမီးကို ဈေးမှာ ခဏချထားခဲ့မယ်... ဘဘကြီးတို့အိမ်နဲ့ ကြီးမြတို့အိမ်အတွက် သောက်ရေနည်းနည်း သွားပို့ပေးမှဖြစ်မယ်.. ဓါတ်ဆီကလည်း ထုတ်လို့ရမှာ မဟုတ်သေးဘူး.. ဓါတ်ဆီပတ်ရှာဝယ်ပြီး အပြန်မှ ဈေးကို ဝင်ခေါ်မယ်နော်..”
ဆိုတဲ့ သမီးအဖေရဲ့ စကားသံ အရှည်ကြီးအဆုံးမှာ..

“ဟုတ်...”
ဟု ခေါင်းကို ဆတ်ကနဲ ညိတ်ရင်း အိပ်ရာ နိုးကာစ ဆံပင်စုတ်ဖွားလေးနဲ့ သမီးကိုပါ အင်္ကျီလဲပေးလိုက်သည်..။

“ဇင်မာရေ အစ်မနဲ့လိုက်ခဲ့ရမယ်နော်.. အိမ်နောက်က တံခါးတွေသေချာပိတ်.. ဦးဦးကားပေါ် ရေတင်နေတာလည်း ကူလိုက်ပါဦးကွယ်...”
ဟု ဇင်မာ့ကို လှမ်းပြောရင်း မကြာမီပင် အပြင်ထွက်ဖို့ သမီးရော ကျွန်မပါ အဆင်သင့်ဖြစ် နေခဲ့ပြီ…။
မုန်တိုင်းအလွန် နေ့များထဲမှ ပထမဦးဆုံး အပြင်ထွက်ခြင်းပင် ဖြစ်သည်။ တနေ့ကတိုက်သွားတဲ့ မုန်တိုင်းက တကယ်ကို သွေးပျက်ချောက်ချားစရာ။ လှမ်းမြင်ရတဲ့ မြင်ကွင်းတိုင်းက ရင်ထဲကို မချိမဆန့် ဝင်လာနေသည်။ ပြိုလဲနေသော ညောင်ပင်ကြီးတွေ၊ ဓါတ်တိုင်ကြီးတွေ၊ လွင့်စင်ပြန့်ကျဲနေသော သွပ်ပြားတွေ၊ အစိတ်စိတ်အမွှာမွှာ ဖြစ်နေသော မှန်ကွဲအပိုင်းအစတွေ၊ အပုံ့လိုက် ပြိုပျက်နေသော အိမ်သေးသေးလေးတွေ၊ မြင်မြင်သမျှ အားလုံးက စိတ်မကောင်းစရာအတိ..။ “ကို..” ကတော့ ဘီးလေးဘီး လှိမ့်၍ရလို့သာ ကားဟုခေါ်လို့ရသော ကားစုတ်လေးကို သတိထားရင်း အပျက်အစီးတွေကို ကွေ့ဝိုက် မောင်းနှင်နေသည်..။

အချို့နေရာရေလျှံ၊ အချို့နေရာမှာ လမ်းတွေပိတ်နဲ့ ဈေးသို့ တော်တော်နှင့်မရောက်နိုင်..။ ကျွန်မ မျက်လွှာကိုချကာ ဘုရားစာတချို့ တ၀က်ကိုရွက်ဆိုရင်း လိုက်ပါခဲ့သည်။ မြင်နေကြမဟုတ်တဲ့ မြင်ကွင်းတွေက ငါးနှစ်သာရှိသေးတဲ့ သမီးလေး အတွက်တော့ အသစ်အဆန်း ဖြစ်နေသည်ထင်၏။ အင်မတန်သွက်လက်တဲ့ သမီးလေးတောင် မျက်လုံးလေး အ၀ိုင်းသားနှင့် ငြိမ်သက်လွန်းနေသည်ပဲ။ သမီးလေး အတွေးမှာ စိုးရိမ်ထိတ်လန့်မှုတွေများ ကျန်ရှိနေလေဦးမလား..!! ကျွန်မ ကိုယ်တိုင်ကတော့ မီးစက်လေးနှင့် မနေ့က ရေလေးနည်းနည်း တင်၍ရလိုက်သော တိုက်ခန်းကျဉ်းလေးကို ကျေးဇူးတင်နေမိသည်။

“တစ်ပတ်စာနီးနီးတော့ လောက်မှာပါနော်..”
ဆိုတဲ့ “ကို့” အသံကြားမှ ပိုက်ဆံအိတ် ပါးပါးလေးကို ငုံ့ကြည့်ကာ နွမ်းလျ ဖျော့တော့စွာဖြင့်.....
“အင်း..”
ဟု ဖြေရင်း သက်ပြင်းအချမှာပင် ဈေးရောက်နေပြီဆိုတာ သတိထား မိတော့သည်။

သမီးလေးကို မတတ်သာလို့သာ ခေါ်ခဲ့ရပေမယ့် နောင်တက ရချင်ချင်။ အပြိုအပျက်များကြားတွင် ရအောင်ဖွင့်ထားသော ဈေးလေးကတိုးမပေါက်..။ အလုအယက် ကြပ်သိပ်ရှုပ်ထွေးစွာနှင့် ဆူညံလို့နေသည်။ သမီးလေးလက်ကို တင်းနေအောင်စွဲယူရင်း အပူတွေ ကိုယ်စီထွေးပိုက်ထားသည့် လူတွေကြား တိုးဝှေ့ဝင်ခဲ့သည်။ ကြက်ဥတစ်လုံးကို ၃၅၀ ကျပ်တဲ့ ကုန်ဈေးနှုန်းက တစ်ခါမှ မကြားဖူးတဲ့ အဆင့်ကို ခုန်တက်သွားပြီ။ လက်ထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသော နွမ်းဖတ်ရိသဲ့နေသည့် တစ်ထောင်တန် အဟောင်းလေး ငါးရွက်ကို ကျွန်မ ဖြန့်ကြည့်မိ လိုက်သေးသည်။ ရှိတာလေးနှင့် ရသလောက် အမြန်ဆုံး တိုးဝယ်ပြီး ပြန်ထွက်ရုံသာ..။

“တစ်ပတ်စာလောက်တော့..” ဟု ပြောသွားခဲ့သော “ကို့..” စကားကို သတိရမိရင်း ကျွန်မ ဝယ်လို့ရလိုက်တာက သုံးရက်စာပင် မရှိပေ။ အတွေးများစွာနှင့် သက်ပြင်းကိုဖွဖွချရင်း ဈေးမှအထွက် မထင်မှတ်တဲ့ မြင်ကွင်းလေးတစ်ခုက ကျွန်မရင်ဝကို လာဆောင့်သည်။ မြောင်းဘေးက မြေကြီးပေါ်မှာ ထိုင်နေကြသော မည်းညစ်ချောက်ကပ်နေသည့် ကလေးငယ်နှစ်ယောက်..။ အရိုးပေါ်အရည်တင် မျက်နှာလေးက ကြေကြေကွဲကွဲနှင့် ကျွန်မကို စိုက်ကြည့်နေ၏။ လိုအပ်တာထက် ပိုပြူးနေသည်ဟု ထင်ရသည့် မျက်လုံးလေးတစ်စုံက ကျွန်မကို ကျောက်ရုပ် တစ်ရုပ်ဖြစ်သွားစေသည်။ အကြီးမလေးက သူ့မောင်လေးဟု ယူဆရသော ကလေးငယ်၏ ကျောကုန်းကို ကုတ်ပေးနေသည်။ ခြင်ဖုလေးတွေကို ကုတ်ရင်း ကြီးလာဟန်တူသော အနာလိုလို အပိန့်အကြီးကြီးတွေနှင့် ကလေးငယ်က ယားလွန်း၍လား ဆာလောင်၍ လားမသိ... ကျယ်လောင်စွာ အော်ဟစ်ငိုယိုလို့ နေသည်။

“ဘုရား.. ဘုရား..!! သူတို့မိဘတွေရော..!! သူတို့မောင်နှမ..!! ပြန်စရာအိမ်..!! စားစရာ...!! ဟင့်အင်း..!!” ကျွန်မ အာခေါင်တွေ ခြောက်ကပ်ကွဲအက် လာလိုက်တာ အသက်ရှူလို့ပင် မဝတော့။ သမီးလေးလက်ကို ပိုမိုတင်းနေအောင် ဆုပ်ကိုင်လိုက်သည်။ ပါသမျှလေးနှင့် သုံးရက်စာမရှိတရှိ ဝယ်လာသော ကြွပ်ကြွပ်အိတ် အကြီးကြီးနှစ်လုံးကို ဘယ်ညာဆွဲ၍ ကိုင်ထားသော ဇင်မာ့ လက်ထဲက အိတ်တစ်လုံးဆီ ကျွန်မလက်က အလိုလို ရောက်သွားခဲ့ပြီ။ ဆတ်ကနဲ ခပ်မြန်မြန်ပင် ဆွဲယူကာ ထိုကလေးမ လက်ထဲသို့ ထည့်လိုက်မိသည်။ မထင်မှတ်ပါပဲ ဝင်းလက်သွားခဲ့သော မျက်လုံးပြူးပြူးတွေကို ကျွန်မကြာကြာ မကြည့်နိုင်အောင် လူတွေကတိုးဝှေ့ လို့လာပြန်သည်..။

သမီးနှင့်ရွယ်တူ မရှိတရှိ ကောင်မလေး.. ပြီးတော့ နှစ်နှစ်သားခန့်သာ ရှိဦးမည့် သူ့မောင်လေးရဲ့ ပုံရိပ်တွေက ကျွန်မအတွေးမှာ ကပ်၍ လိုက်ပါလာခဲ့ပြီ....။ သမီးလက်လေးတွေကို ဆွဲကိုင်ယူရင်း လူကြားထဲက တိုးအထွက် မထင်မှတ်ပဲ မိုးစက်အကြီးကြီးတွေနှင့် မိုးက ခပ်ကြဲကြဲ ရွာချလိုက်သည်။ မိုးသားတွေကို မော့ကြည့်ပြီး ခေါင်းပြန်အချ ကျွန်မတို့ကို လှမ်းကြည့်နေသည့် “ကို..”..။ ဆတ်ကနဲ ခေါင်းညိတ်ပြတဲ့ “ကို့” မျက်ဝန်းတွေက ညိုမှောင်ရီဝေလို့..။

ပုခုံးပေါ်ကို ဖွဖွလေးလာတင်သည့် “ကို့” လက်ဖမိုးကို ကျွန်မ လက်လေးတစ်ဖက်နှင့် ပြန်လည် ဖြစ်ညှစ်ထားလိုက်မိသည်။ သက်ပြင်းချသံနှင့်အတူ မောင်နှမ နှစ်ယောက်ကို လှမ်းကြည့်နေသည့် “ကို့” မျက်လုံးတွေထဲမှာ စာနာသနားစိတ်နဲ့ အကြင်နာ တရားတွေလည်း ရောပြွမ်းလို့နေသည်ပဲ...။

မိုးသားမည်းမည်းတွေက ထစ်ချုန်းသံနှင့်အတူ အငြိုးကြီးနေဆဲ.. ရန်လိုနေဆဲ..။
အင်္ကျီလက်ပြတ်လေးနဲ့ သမီးက သူ့လက်မောင်းပေါ်က မိုးစက်တွေကို လက်သေးသေးလေးနှင့် သတ်ချရင်း...
“မိုးစက်လေးတွေကလည်း အေးလိုက်တာနော် မေမေ..” တဲ့။
ကျွန်မယောင်ရမ်းပြီး ခေါင်းညိတ် ပြလိုက်မိသည်ထင်၏..။

တကယ်တမ်းတော့ ကျွန်မပါးနှစ်ဖက်ပေါ်က မိုးစက်တွေက ပူနွေးနေကြတယ်ဆိုတာ...။

(ခင်လေးငယ်)


မှတ်ချက်။ ။ လွန်ခဲ့တဲ့ တစ်နှစ်ခွဲခန့်က ရေးခဲ့ဖူးတဲ့ နာဂစ်ခြွေအပြီး နံနက်ခင်း တစ်ခင်းစာပြကွက် ဝတ္ထုတိုလေးပဲ ဖြစ်ပါတယ်...။

21 comments:

မင်းအိမ်ဖြူ said...

လာဖတ်သွားပါတယ် ၊၊ စိတ်မကောင်းဖြစ်မိရုံမှတစ်ပါး...

စာကြွေးတွေ များနေပြီ လာဖတ်ပါအုံးမယ်ဗျာ

ပျော်ရွှင်ပါစေ

မေဇင် said...

ဒီလို စာမျိုး ဖတ်တိုင်း စိတ်ထဲမကောင်းလိုက်တာ အမြဲပဲ...မျက်စိ ထဲမြင်အောင်လဲ ရေးတတ်လိုက်တာ..။

မေတ္တာရောင်ပြန် said...

ဦးနော်ရဲ့ စာလေးတွေ ဖတ်ဘူးတယ်။ မငယ်စာကိုတော့ အခုမှ ခရီးကပြန်လာလို့ လာဖတ်သွားတယ်နော်။ စိတ်မကောင်းလို့ မျက်ရည်ဝဲမိတယ်။ ရောင်က လက်တွေ့ မြန်မာပြန်တုန်းက ဘိုကလေးမှာ တွေ့ခဲ့ဘူးပါတယ်။

ခင်မင်လေးစားလျှက်
နှင်းဆီဖြူ

မယ်ကိုး said...

နာဂစ်နဲ့  ပက်သက်ပြီး ပြောဆိုတိုင်း နှလုံးမခိုင်ချင်ဘူး။မခင်လေး စာရေးကောင်းတော့ ပိုခံစားမိပါတယ်။

flowerpoem said...

စာလာဖတ်ပြီး စိတ်မကောင်းဖြစ်ရပါတယ်

မေလေး said...

စိတ်မကောင်းဘူးမမရယ်။ဒိအကြောင်းတွေ ကြားရ မြင်ရတိုင်း ရင်ထဲမချိဘူး

vista said...

:-(

thetpaingthu said...

:'(

ဖိုးစိန် said...

ဖတ်ပြီး မျက်ရည်ဝဲတယ်ဗျာ

ကိုယ်တိုင်မကြုံဖူးပေမယ့် မခင်လေးရဲ့ ပိုစ့်လေးကို ခံစားမိပါတယ်

ပါးနှစ်ဖက်ပေါ်က မျက်ရည်မိုးစက်တွေ အေးမြ ခြောက်သွေ့နိုင်ကြပါစေ

ချစ်ခင်လေးစားစွာဖြင့်

မျောက်မျောက်

စည်သူ said...

`“ရင်ထဲက ဒဏ်ရာ
မလွှဲသာလို့
ဖုန်းဖိထားရပေမယ့်
တိုက်ဆိုင်လာတိုင်း
ရင်ထုမနာဖြစ်ရတယ်
စာနာသနား
ဂရုနာသက်လို့်
ခံစားရတယ်
အဘယ်အငြိုးနဲ့များ
ရက်စက်လိုက်လေသလဲ
`“နာဂစ်” ရယ်”..။

ပို့စ်လေးကိုဖတ်ပြီး သတိရလိုက်လို့ 
စပ်ဆိုမိခြင်း ဖြစ်သည် မခင်လေးရယ်..။
ကျွန်တော့်ကိုခေါ်သလိုပဲ ခေါ်လိုက်မယ်
ပျော်ရွှင်ပါစေ
ဦးဦးမမကိုရင်လေးငယ်
...............စည်သူ။

အိန္ဒြာ said...

ခင်လေးရေ...

ကိုယ်တိုင်ကြုံခဲ့ရတာ..

ခုထိသွေးပျက်နေသလိုပဲ..

လေပြင်းပြင်းများတိုက်သံကြားလိုက်ရင်...

နွေးနွေးသဲမွန် said...

နင့်နင့်နဲနဲ ကိုယ်ချင်းစာ မိပါတယ်...ခံစားရတယ်...မမ ခင်လေးရယ် :-'( အရေးအသားလေးက လဲစွဲဆောင်ထားခဲ့တာပါတယ်

Anonymous said...

နာဂစ်တုန်းက ဒီလိုကလေးတွေအများကြီးကို တကယ်တွေ့ခဲ့ဘူးပါတယ် စိတ်မကောင်းစရာ မြင်ကွင်းတွေပဲဗျ

ဒီမိုဝေယံ said...

လွန်ခဲ့တဲ့ ၁နှစ်ကျော်ကို ပြန် သတိရ မိတယ်ဗျာ။

မေဇင် said...

့်..ဦးနော် တီငယ် ကလေးလေး..စီပုံး ဘယ်ရောက်သွားလဲ မသိဘူး..

ဆောင်းယွန်းလ said...

တိတ်ဆိတ်ကြေကွဲစွာဖတ်သွားမိပါတယ်

blueskyforest said...

မရောက်တာကြာလို့ လာငေးသွားတယ်။ ကျန်းမာကြပါစေ

ပြည့်စုံ said...

တကယ်တမ်းတော့ ကျွန်မပါးနှစ်ဖက်ပေါ်က မိုးစက်တွေက ပူနွေးနေကြတယ်ဆိုတာ...။
....

စိတ်ထဲမကောင်းဖြစ်မိတယ်ဗျာ...

ဘ၀တွေ ဘ၀တွေ.....

ဘယ်လိုသံသရာတွေ ကွေးကောက်ခဲ့လို့ပါလိမ့်ဗျာ....

ခင်မင်လျှက်
ပြည့်စုံ (ဝေါသားလေး)

မီယာ said...

မခင်လေးရေ အိမ်ပြန်တိုင်း ထူးမခြားနားတဲ့ မြင်ကွင်းမျိုးတွေ ပိုတွေ့လာရတယ်။ တနိုင်ပေါ့ မရယ်။

littlebrook said...

အင်း .အမရေ ဒုက္ခတောထဲမှာမှ မတရားစီးပွားရှာတာတွေကလည်း ရှိသေးတယ်
သူများတွေပျက်ဆီးတာက သူတို့အတွက်အခွင့်အရေးလို့
မှတ်ယူထားတဲ့သူမျိုးကလည်း မြန်မာပြည်မှာ အလွန်ပေါကိုး ... တခြားဆီတော့ မရောက်ဖူးလို့မသိ ...

ကလေးလေး said...

မေ့
သနားစရာကောင်းအောင်ရေးတော့ဖတ်ပြီးငိုချင်တယ်
မေ့ကအလွမ်းတွေရေးတာပိုင်တယ်...
မေ့ကိုလွမ်းနေတယ်