Tuesday, September 29, 2009

နံနက်ခင်းပီသသွားသောစနေမနက်

တစ်ခုတည်းသော နားလည်မှုနှင့် ထုံးကျစ်ထားသည့် ကြိုးတစ်ချောင်းပေါ်တွင် ရပ်ကြည့်ဖူးကြပါသလား..!!
ကြိုးပေါ်မှာ လမ်းလျှောက်ခြင်း သို့မဟုတ် ခြေအစုံ ရပ်နေခြင်းသည် အင်မတန် ခက်ခဲသော အရာပင်ဖြစ်သည်။ လူသည် လူသားဆန်စွာ စိုရိမ်ခြင်း၊ ထိတ်လန့်ခြင်း၊ ကြောက်ရွံ့ခြင်း၊ ပူပန်ခြင်းများနှင့် ထိုကြိုးပေါ်တွင် ဟန်ချက်ငြိမ်ဖို့ နှလုံးခုန် မြန်ကောင်း မြန်နေလိမ့်မည်။ သို့သော်... တုန်လှုပ်မှု အလုံးစုံ၏ နောက်ကွယ်၌ ရှိနေခဲ့သော မမြင်နိုင်သည့် ယုံကြည်မှုခွန်အားသည် သေးသွယ် ပျော့ပျောင်းသောကြိုးအား အလွန်ခိုင်မာသော သံမဏိကြိုးအဖြစ် ပြောင်းလဲပေးနိုင်သည့် စွမ်းအားဖြစ်သည်ကို....။

စနေနံနက်ခင်း တစ်ခုတွင် သာမန်ထက် စောလွန်းစွာ အိပ်ရာနိုးခဲ့သည်။ “ဖြတ်” ကနဲ ပွင့်လာသော မျက်လုံး တစ်စုံကို သုံးမိနစ်ခန့် ပြန်မှိတ်ကာ စိတ်ကို စုစည်းကြည့်သည့် အကျင့်တစ်ခု ရခဲ့သည်မှာ သိပ်မကြာသေး။ ကိုယ်ပေါ်မှ အဖြူရောင် စောင်ပါးပါးကို ခွာအချမှာ အေးစိမ့်စိမ့် နိုင်လွန်းသည့် နံနက်ခင်းလေထု စိုထိုင်းထိုင်းက အမောတကော လာရောက်ပွေ့ဖက်၏။ ခပ်ဖွဖွ ခြေလှမ်းများဖြင့် မှန်ပြူတင်းနားသို့ လျှောက်ခဲ့မိသည်။ အလွတ်ရနေသည့် မြင်ကွင်းကျယ် တစ်ခုက မိုးမှုန်များနှင့် ဝေဝါးလို့နေသည်။ ကြည့်မြင်နေကျ ပင်လယ်ပြာပြာသည် မီးခိုးရောင်လွင်ပြင်...။

မြင့်လွန်းသည့် တံတားပေါ်မှ အချက်ပြ မီးရောင်တချို့ တချက်တချက် မှိတ်တုတ်တုတ်နှင့် လက်နေကြသည်။ တံတားပေါ်တွင် အသွားအပြန် ရွေ့လျားနေသော ကားကြီး၊ ကားငယ် အားလုံးသည် မီးများဖွင့်၍ မောင်းနှင်နေကြ၏။ နာရီကို ကြည့်ထားမိ၍သာ မနက်ခင်းဟု ဆိုနိုင်သော အနေအထားပင်။ လက်အစုံကို ပိုက်၍ရပ်ရင်း မှန်ပြူတင်း အပြင်ကို ငေးနေခဲ့သည်မှာ မိနစ်ပြလက်တံရှည် မည်မျှ ရွေ့သွားခဲ့ပြီမသိ။ အရှိန်အဟုန်ဖြင့် ခပ်သဲသဲ ရွာချလိုက်သော မိုးကြောင့် နံနက်ခင်းသည် ပိုမှောင်သွားခဲ့သည်။ အသက်ရှူသံ တိုးသဲ့သဲ့ကို မိုးသံများက မညှာမတာ အလုအယက်နှင့် ဝါးမျိုစားသုံးကြပြန်၏။ အညှိုးကြီးလှသော မိုးကို လက်မှိုင်ချ အရှုံးပေးလိုက်သော စနေနံနက်ခင်းသည် မျက်လုံးလေး အဝိုင်းသားနှင့် ငြိမ်သက်နေသော သမင်မလေး တစ်ကောင်နှင့်ပင် တူနေပေလိမ့်မည်။

စုစည်းထားသော စိတ်အစဉ်သည် မိုးသံများအောက်တွင် လေးပင်ပင်နှင့် ရွေ့လျားမှု မဲ့နေသည်ထင်၏။ ခန္ဓာရော စိတ်ပါ နေရာ တစ်ခုတည်းတွင် တည်ငြိမ်နေခြင်းကို နံနက်ခင်း မဆန်သော စနေမနက်ခင်းတွင် ရရှိခဲ့မည်ဟု တစ်ကြိမ်တစ်ခါမျှ မတွေးမိဖူးခဲ့။ တစ်စုံတရာကို ကျေးဇူး တင်မိပြန်သေး၏။ လွမ်းဆွတ် တမ်းတခြင်း များစွာဖြင့် ပူလောင်စွာ နိုးထဖူးသည့် စနေမနက်ခင်း အချို့က အတွေးမှာ လာကပ်သည်။ စိတ်သည် လှစ်ကနဲ ခပ်လှုပ်လှုပ် ပြန်ဖြစ်လာခဲ့၏။ မဆိုစလောက် လင်းရောင်သန်းလာသော စနေသည် မိုးစက်များ အောက်မှာပင် လူးလွန့်လာခဲ့ပြီ ထင်၏။ မှန်တံခါးကို လာပက်နေသော မိုးပေါက်ကြီးများမှာ အညှိုးကြီးစွာ ရန်လိုနေဆဲပင်။

အာရုဏ်ဦး အတော်များများကို ပူပန် စိုးရိမ်မှုများနှင့် မျက်နှာသစ်ခဲ့ဖူးသည်။ လွမ်းဆွတ်တမ်းတစိတ်တို့ဖြင့် ရွှေအိုရောင် ညနေများစွာကို ကုန်လွန်စေခဲ့ဖူးသည်။ ထိုနေ့ရက်များသည် နားလည်မှုဆိုသည့် စကားတစ်ခွန်း၏ အဓိပ္ပါယ်ကို သာမန်မျှသာ နည်းလည်ခဲ့သော နေ့များ ဖြစ်ခဲ့ပေမည်။ ပြည့်ဝသော အနက်ကို ယုံကြည်စွာ မခံစားတတ်ခဲ့သည်မှာ သေချာလွန်း၏။ ပျော့အိအိ ကြိုးတစ်ချောင်းပေါ်တွင် လမ်းလျှောက်နေရသူလို သောကများနှင့် တောက်လောင်၍ အရာရာကို ထိတ်လန့်နေတတ်ခဲ့သည်။ အမည်မသိသော ခံစားချက်မျိုးစုံနှင့် ထိုကြိုးလေးပေါ်မှ ပြုတ်ကျမည်ကို ကြောက်လန့်နေခဲ့သည်။ တည်ငြိမ်သယောင် ဟန်ကိုယ့်ရင်း ရင်ခုန်သံ အတက်အကျတို့ အစွန်းရောက်ခဲ့သည်။ ချစ်သူရေးပေးခဲ့သော ကဗျာလေးတစ်ပုဒ်သည် မိမိကိုယ်တိုင် ဖြစ်ခဲ့၏။


ငါဟာ..
မြင်းရိုင်း တစ်ကောင်လို အော်ဟီးလိုက်ချင်လည်း
စကားတွေ မတတ်တဲ့ ဒီလည်ချောင်း ဒီပါးစပ်
ရေငတ်လို့ တံတွေးမျိုရတာ
ခြောက်ကပ်ကပ်နဲ့ အာသီးနာတယ်..။


အလွမ်းများနှင့် အဆုံးသတ် ဝေးရမည်ကို စိုးရိမ်ရင်း အားငယ်စိတ်များ ဖိစီးသည့် နေ့ညများသည် ဆောက်တည်ရာမဲ့၊ ကစဥ့်ကလျားနှင့် တည်ငြိမ်မှု မဲ့ခဲ့သည်။ ပိုင်ဆိုင်လိုမှု ကင်းသည်ဟု တွေးခဲ့ဖူးသည်လား မမှတ်မိ။ ထိုသို့ တွေးဆခဲ့ဖူးသည် ရှိသော် ကိုယ်တိုင် ဟန်ဆောင် လိမ်လည်မှု စစ်စစ်တစ်ခုသာ ဖြစ်ခဲ့ပေလိမ့်မည်။ တိုးလျလွန်းသော စကားတစ်ခွန်းသည် အားအင်များဖြစ်ခဲ့သလို စကားတချို့၏ အဆုံးသတ် လေယူလေသိမ်းလေး တစ်ခုတလေနှင့်ပင် ပေါက်ကွဲအား ပြင်းသော ဗုံးတစ်လုံးအား မျိုချမိသူလို ဖြစ်ခဲ့ဖူး၏။ အဆင့်ဆင့် ပေါက်ကွဲ၍ အစိတ်စိတ်အမွှာမွှာ လွင့်စဉ်ဖူး၏။ အကြိမ်ကြိမ်အခါခါ ကောက်ယူ ပြန်ဆက်ဖူး၏။ ကဗျာလေးထဲမှ ချစ်သူ့ ဝိညာဉ်သည် အသက်ရှူသံ မောမောများမှာ ပူးတုံခွာတုံ ရစ်ဝဲနေခဲ့၏။ ကဗျာနှင့် တသားတည်း ကျခဲ့ရသော ပူလောင်သည့် နေ့ရက်များစွာကို ဖြတ်ကျော်ခဲ့ဖူးသည်ပဲ..။


အားမရလိုက်တာ
ဒေါသ မောဟ မဲ့တဲ့ နံရံကို ဆွဲထိုးချင်စိတ်တွေ
စက္ကန့်သံတစ်ချက်၊ အသက်တရှူ၊ အံကြိတ်သံတွေ
ပုံမှန်ထက် ပိုယ်ကျယ်နေတယ်ပေါ့
ဒါမှမဟုတ်....
ငါ့နားတွေ ပိုကောင်းနေတာလား တိတ်ဆိတ်မှုရယ်..။


ချစ်ခြင်းနှင့် ဖွဲ့တည်မှုတစ်ခုစခဲ့သည်။ ပြည့်ဝစွာ နားမလည်နိုင်သေးသော နားလည်မှုနှင့် ကျစ်ခဲ့သည်။ ဝေဝေဝါးဝါး စိတ်တွေနှင့် ကြိုးပေါ်တွင် လမ်းလျှောက်ခဲ့သည်။ စိုးရိမ်ပူပန် လွန်လွန်းခဲ့သည်။ အကြိမ်ကြိမ် ဟန်ဆောင်မျိုသိပ်ဖူးသည်။ ခုအချိန်တွင်တော့ ထိုအရာအားလုံးကို တည်ငြိမ် ရင့်ကျက်စွာ ကျော်ဖြတ်လာနိုင်ပြီ ဖြစ်၏။ ထိုအင်အားကို ချစ်သူဆီမှ ရသည်ဟု ယုံကြည်လက်ခံချိန်တွင် နားလည်မှု ဆိုသည့် စကားကို နက်ရှိုင်းစွာ ထပ်မံ နားလည်မိတော့သည်။ ကြိုးကလေးသည် မြဲမြံခိုင်မာသော ကြိုးဖြစ်လာခဲ့ပြီ။ စွဲမြဲစွာ ယုံကြည်စိတ်ချလာသည်။ တည်ငြိမ်စွာဖြင့် တမ်းတတတ်လာသည်။ အပြန်အလှန် နားလည်မှုသည် အဓိပ္ပါယ် ပြည့်ဝလွန်းလာသည်။ ကိုယ်တိုင် အခါခါ စမ်းစစ်ရင်း အတည်ပြုမိတော့ စိတ်သည် စမ်းရေအေးလေး ဖြစ်နေခဲ့ပြီ။ ပူလောင်မှုမဲ့သော နှလုံးတစ်စုံနှင့် နားလည်ယုံကြည်စိတ်ချစွာ ချစ်တတ်လာခြင်းသည် သာယာလှပသော ပန်းတခင်း ဖြစ်ကောင်း ဖြစ်မည်။

ရန်လိုနေခဲ့သော မိုးစက်တို့သည် တုန့်ကနဲ ရပ်တန့်သွားကြသည်။ မှုန်ဝါးနေခဲ့သော မြင်ကွင်းကျယ်ကို ကြည်လင်ပြတ်သားစွာ ပြန်မြင်လာရပြီ။ နေရောင် သန်းလာတော့မည်ကို မျှော်လင့်နေသည့် စနေမနက်ခင်းသည် မခို့တရို့ ရှက်ကိုးရှက်ကန်းနှင့် ချစ်ဖို့ကောင်းလွန်းနေ၏။ ပင်လယ်သည် နေမင်းကို ဦးညွတ်ဖို့ အရှိန်ယူနေပေလိမ့်မည်။ တံတားပေါ်တွင် ပြေးလွှားနေသော ကားများကို ရှင်းလင်းစွာ လှမ်းမြင်လာရပြီ။ တံတားတိုင် အမြင့်ကြီးများမှ အချက်ပြမီးလုံးများလည်း မျက်လွှာပိတ်ကာ အိပ်စက် အနားယူကြပြီ ထင်၏။ ပင်လယ်ကွေ့ကို ဖြတ်၍ ဆောက်ထားသော တံတား၏ အရှေ့စွန်စွန်းမှ တဝက်တပျက် ကိုယ်ဟန်ပြစ ပြုလာသော နေမင်း၏ အပြုံးမှာ ခမ်းနားလှ၏။

တုန်လှုပ်မှု အလုံးစုံ၏ နောက်ကွယ်၌ ရှိနေခဲ့သော မမြင်နိုင်သည့် နားလည်ယုံကြည်မှု ခွန်အားသည် စိုးရိမ်တွေဝေမှု အားလုံးကို ကွယ်ပျောက်စေခဲ့ပြီ။ ရင်တထိတ်ထိတ်နှင့် လျှောက်လှမ်းခဲ့သော ကြိုးမျှင်ကလေးသည် သံမဏိထက် ခိုင်မာသွားခဲ့ပြီဖြစ်သည်။ နံနက်ခင်း မဆန်နိုင်ခဲ့သော စနေမနက်သည် မင်္ဂလာအပေါင်းနှင့် ထုံးဖွဲ့ထားသည့် သတို့သမီးတစ်ဦးလို ကျက်သရေရှိသော ညှို့ဓါတ်အပြည့်နှင့် လှပလွန်းနေတော့သည်...။

(ခင်လေးငယ်)

29 comments:

ရေတမာ said...

မကြီးရေ ဥာဏ်မမှီဘူးဗျာ...ယုံကြည်မှုခွန်အားသည် သေးသွယ် ပျော့ပျောင်းသောကြိုးအား အလွန်ခိုင်မာသော သံမဏိကြိုးအဖြစ် ပြောင်းလဲပေးနိုင်သည့် စွမ်းအားဖြစ်သည် ဆိုတဲ့ စာကြောင်းလေးတော့ သဘောကျတယ်။

SDL said...

စာဖတ်လိုက်ရင် အောက်ကလက်မှတ်မမြင်ရသေးပေမယ့် ၃-၄ ကြောင်းဖတ်တာနဲက ကိုရင်ရေးတာလား၊ ခင်လေးရေးတာလားသိတယ်။

မမြင်တာကြာပြီ ဂျယ်ဒေါ်ငီး..နေကောင်းအောင်နေ.. စာဆုံးအောင် ပြန်ဖတ်လိုက်အုံးမယ်..

MANORHARY said...

ကြည်လင်အေးမြသောစမ်းရေ..
သာယာလှပသောပန်းတစ်ခင်း..
နက်ရှိုင်းခြင်းတွေနဲ့ယုံကြည်မှုလမ်း..
ခမ်းနားတောက်ပသောနေရောင်နှင့်ခြယ်သ
နံနက်ခင်းပီသသွားသောစနေနေ့မနက်ခင်းမှသည်
အနာဂါတ်စိတ်အမှောင်အားလုံးကိုခွင်းစေ...

နန်းညီ said...

တိုးလိုးတန်းလန်း စာကြမ်းတွေရော ဆက်မရေးသေးဘူးလား :D

Mogok Thar said...

စာလေး စဖတ်လိုက်ကတည်းက မလေး ရေးတာလာကနေ ဖတ်၇င်း မလေးမှန်း သေချာလာတယ်။

စာတွေ ရေးနေတာ သိရတော့ စိတ်ထဲ ချမ်းမြေ့သွားတယ်။

စနေ နံနက်ချင်းကို ဖတ်ရင်းက မလေး စိတ်တွေ ငြိမ်းအေးသလို ကျွန်တော်လဲ တစစ ငြိမ်းအေးလာတယ်။

နားလည်ယုံကည်မှုဟာ သံယောဇဉ်နဲ့ ထုံးဖွဲ့သီတဲ့ ချစ်ခြင်းမေတ္တာကြိုးတန်းမှာ မတုန်လှုပ်စတမ်း ဟန်ချက်ညီစွာ လျှောက်လှမ်းနိုင်အောင် ထိန်းညှိပေးတတ်တာ အမှန်ပါပဲဗျာ။

ကျက်သရေရှိသော နေ့ရက်များစွာ ထာဝရ ပိုင်ဆိုင်နိုင်ပါစေဗျာ။

( အော်... မနက် အိပ်ယာထတိုင်းကော၊ ညအိပ်ယာဝင်ချိန်တိုင်းရော ငါးမိနစ်ကနေ ဆယ့်ငါးမိနစ်ထိ အနည်းဆုံး စိတ်ကို စုစည်းထားနိုင်ရင် ပိုကောင်းတယ်တဲ့။ သုံးမိနစ် ရလဲ သုံးမိနစ်စာ အကျိုး ရှိပါတယ်တဲ့။ :-P )

ချစ်ခင်လေးစားစွာဖြင့်

မေတ္တာရောင်ပြန်ဆိုတာ said...

အခုမှပဲ သေချာဖတ်ဘူးတယ် မခင်လေးရယ်။ စာတွေ ပြန်ရေးဖို့ အချိန်တွေရပြီး အခုလို ပိုစ့်လေးတွေ ပြန်ဖတ်ရတာကို ၀မ်းသာပါတယ်။

နံနက်တိုင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံနိုင်ပါစေ။

စည်သူ said...

ဟေ.......

စာဖတ်ရင်း ကိုယ်တိုင် ပြတင်းပေါက်နားရောက်သွားတယ်
လက်ကိုပိုက်ပြီး ဟိုငေးဒီငေး ဖြစ်သွားတယ်..

စာပေနဲ့ ပက်သက်လာရင် ဘာမှကို ပြောစရာမရှိတဲ့ ကျွန်တော်.(ဘယ်ပြောစရာရှိမှာလဲ ပြောစရာဆိုလို့ ဘာမှကိုမရှိတာ ဆဲစရာပဲရှိတယ်..)

ရေးသားချက်တွေ ဖွဲ့ဆိုချက်တွေ အရမ်းကိုကောင်းတယ်..
လိုက်လို့ကို မမှီဘူး..

လိုက်တယ်ကွ လိုက်တယ်ကွ လိုက်တယ်ကွ..
ဟောဟဲ..ဟောဟဲ..ဟဲဟိုး..ဟိုးဟဲ
ဟဲဟဲ.. ဘယ်ရမလဲ မိသွားပြီ..

လေးစားစွာဖြင့်
စည်သူ။

ခရေညို said...

စနေ နေ့ပဲလာ:ဟင်??

မယ်ကိုး said...

မမခင်လေးရဲ့ စကားလုံးတွေက ပန်းလေးတွေ ဆင့်စီထားသလို လှလည်းလှ မွှေးလည်းမွေး။
အဝေးကြည့် နီးကြည့် ဖြည်းဖြည်းလေး အမြဲဖတ်မိပါတယ်။
မမခင်လေး ပျော်ရွှင်ပါစေ။

မမခင်လေးရဲ့ ချစ်ညလေး
=)

eaindraomtt said...

ခင်လေးရေ...
ညီမလေးရေ......

ဒဏ်ရာတွေ ဝေဒနာတွေက
အနုပညာတွေအတွက် အကောင်းဆုံး..ကုန်ကြမ်းပဲ..

များများကြေကွဲနေလေ..
ခံစားနေရလေ..
အနုပညာတွေ အရည်အသွေးမြင့်လာလေပဲ...

ကောင်းလိုက်တာခင်လေးရယ်..
မကြီးဖတ်ရသမျှထဲမှာ..ဒါလေးကို အကြိုက်ဆုံးပဲ..

ခင်လေးရေ..လောကဓံဆိုတာ..
မကြီးတို့ လူ့ဘ၀သင်ရိုးညွှန်းတမ်းအတွက်
လေ့ကျက်စရာ..သင်ခန်းစာတွေပါပဲ...

ငါ့ညီမလျှောက်နေတာ..သံမဏိကြိုးပါကွယ့်...

အားတင်းထားးးးးးးးးးးး

ချစ်တဲ့...

မကြီး

မမသီရိ said...

ညီမလေး
လှပလွန်းတဲ့ အဖွဲ့လေး ရဲ့ ဆွဲဆောင်ရာကို
စိတ်မျောပြီး လိုက်ပါနေခဲ့တယ်
ြိငိမ်းချမ်းမှု၊ တည်ငြိမ်မှု နဲ့ နားလည် ယုံကြည်မှုရဲ့ ခွန်အားတွေ ကို ရှင်းရှင်းလင်းလင်း ခံစား လိုက်ရတယ်

ဆွဲဆောင်မှုရှိပြီး သိမ်မွေ့တဲ့ ရေးဟန်လေး က အနုပညာ လက်ရာမြောက်တယ်

အဲဒီပြတင်းလေးကနေ မြင်ရတဲံ့ မြင်ကွင်းရယ်
ဆိတ်ငြိမ်မှုတွေ လွှမ်းခြုံနေတဲ့ နံနက်တွေ ညနေတွေ ရယ်.. အတွေးလှလှလေးတွေ
ဖတ်ချင်သေးတယ် ညီမလေး

ခွန်အားတွေ ပြည့်ပါစေ

မမ

မမသီရိ said...

ညီမလေး
လှပလွန်းတဲ့ အဖွဲ့လေး ရဲ့ ဆွဲဆောင်ရာကို
စိတ်မျောပြီး လိုက်ပါနေခဲ့တယ်
ြိငိမ်းချမ်းမှု၊ တည်ငြိမ်မှု နဲ့ နားလည် ယုံကြည်မှုရဲ့ ခွန်အားတွေ ကို ရှင်းရှင်းလင်းလင်း ခံစား လိုက်ရတယ်

ဆွဲဆောင်မှုရှိပြီး သိမ်မွေ့တဲ့ ရေးဟန်လေး က အနုပညာ လက်ရာမြောက်တယ်

အဲဒီပြတင်းလေးကနေ မြင်ရတဲံ့ မြင်ကွင်းရယ်
ဆိတ်ငြိမ်မှုတွေ လွှမ်းခြုံနေတဲ့ နံနက်တွေ ညနေတွေ ရယ်.. အတွေးလှလှလေးတွေ
ဖတ်ချင်သေးတယ် ညီမလေး

ခွန်အားတွေ ပြည့်ပါစေ

ချစ်တဲ့ မမ

reenoemann said...

ကျနော်က ဖတ်နေရင်း ဦးနော်က ဘယ်လိုဖြစ်ဖြစ်ပြီး
သမင်မလေး ဖြစ်နေရတာလဲပေါ့။
ဪ ... ကောင်းမလေး တစ်ယောက်အနေနဲ့ ရေတာပဲ
ဖြစ်မှာပါလေ ဆိုပြီး ဆက်ဖတ်လိုက်မှပဲ မလေး ရေးမှန်းသိတော့တယ်။

တကယ်ပါ လှပတဲ့ အရေးအသားလေးတွေကိုဖတ်လိုက်ရတော့
ဘာမှမဟုတ်ပဲ ရေးနေတဲ့ ကိုယ့်ကိုကိုယ် တောင်ရှက်သွားတယ်။

ရှက်ပင်မဲ့ အားကျမိတယ် မလေးရေ။

ခင်တဲ့ ရီနိုမာန်

Komyo said...

မခင်ရေ... ပြန်ဖတ်၇တဲ့ အတွက်ဝမ်းသာပါတယ်ဗျာ... အစစ အရာရာ အဆင်ပြေပါစေနော်..

ခင်မင်လေးစားစွာဖြင့်

sweetpeony said...

တီငယ်ရေ
ပျော့အိအိကြိုးပေါ်မှာ လျှောက်နေမိသလား မသိဘူးးး
ကြိုးပေါ်က ပြုတ်ကျမှာလည်း ကြောက်တယ်...

yangonthar said...

စနေမနက် မိုးတစိုစို စိတ်တွေ အိုခဲ့မိတာကို ဘွား ကနဲ့ မြင်လာမိတယ် အစ်မခင်လေးရေ ... နေအကျမှာ သစ်လွင်လာမယ့် နံနက်ခင်း အသစ် စက်စက် ကလေးက ရှက်ကိုးရှက်ကန်း ... ။ စာသား နုညက်ညက်လေးတွေကို ငေးမော သွားပါတယ် အစ်မရေ .....
လေးစားခင်မင်လျှက်
ရန်ကုန်သား

HAPPYCLOUD said...

သတိတွေ ရနေတယ်ဟေးးးးးးး


မိုးမောင်

ကောင်းကင်ပြာ said...

ခင်လေး ရေးတာတွေကြိုက်တယ်...း)

ကိုလူထွေး said...

ဖတ်နေရင်းနဲ့ အရာအားလုံးက မျက်စိရှေ့မှာ...

ပူးလာလိုက် ခွာသွားလိုက်
နီးလာလိုက် ဝေးသွားလိုက်
မြင့်သွားလိုက် နိမ့်သွားလိုက်
ပျော့သွားလိုက် တင်းသွားလိုက်
လင်းသွားလိုက် မှောင်သွားလိုက်

အဖွဲ့တွေကလည်း ကောင်းလွန်းတာကိုးးးး

းဝ)

ဖြိုးဝေ-mmp said...

မနက်ဖြန်နံနက်ခင်းကလည်း နနက်ခင်းဆန်ပါစေသား...
သတိရနေတယ် အမတော်

အိပ်မက်ခြေရာ said...

အရေးအသားကတော့ ဦးနော်နဲ့ တစ်မျိုးတစ်ဘာသာ ကွဲတယ် ဒါပေမယ့် ကောင်းတယ် ဖတ်ရတာ ဒါပေမယ့် လိုက်လို့ မမှီဘူး အဟီး ပြေးလိုက်လဲမရ ဒုန်းဆိုင်းလဲ မရ နောက်ဆုံးမရလို့ သူများကို ခိုစီးပြီးလိုက် ခဲ့ရတယ် အဟီး ရေးတာ တော်တော် ကောင်းတယ် တီငယ် အဲ့လိုပဲ ခေါ်လိုက်တော့မယ်

စိမ်း... said...

ရင်တထိတ်ထိတ်နဲ့ အသက်မရှူပဲဖတ်မိသွားတယ်....
အဆုံးသတ်လေးကျမှပဲ ဟင်း ချနိုင်တော့တယ်...
ရသမြောက်လွန်း ပညာရှင်ဆန်လွန်းတဲ့ အရေးအသားတွေကို အခါခါ ဆလံပေးသွားပါတယ်...

ခင်မင်လေးစားလျက်
စိမ်း

ကာရံဆူး said...

အစ်မခင်လေးရဲ့ အဖွဲ့အနွဲ့ လေးတွေက အရမ်းလှပါတယ်... အားကျရင်း အားပေးနေမဲ့..

Angel Shaper said...

တီငယ့်လက်ရာလေး လှလိုက်တာနော်။
ဘာမှ မပြောတတ်တော့ဘူး။

kyawthu said...

ဘာကြိုးပဲဖြစ်ဖြစ် ကြိုးတန်းပေါ် လမ်းလျှောက်ခြင်းသည် အန္တရာယ် အင်မတန်များပါတယ်။ အမြဲတမ်း လှုပ်ခါနေတဲ့ အနေအထားနှင့် ခရီးဆက် နေရပေလိမ့်မည်။ ထိုသံမဏိကြိုးသည်လည်း မိမိ၏လှုပ်ရမ်းနေသည့် ဒဏ်ကိုခံနိုင်ဖို့ အရေးကြီးပေသည်။ အားလုံးသောကြိုးတွေထက် သံယောဇဉ်ကြိုးက ပိုခိုင်မြဲနိုင်သည်။ အချိန်ကာလ တခုမရှိပဲနှင့် သံယောဇဉ်ကြိုး ဖြစ်မလာနိုင်ပေ။ ပတ်ဝန်းကျင် လှိုင်းတံပိုးတွေကြောင့် မခင်လေးထင်ခဲ့သော သံမဏိကြိုးသည် ပိုးကြိုးလည်းဖြစ်သွားနိုင်ပေသည်။ မခင်လေး မြေပြင်ပေါ်က ပန်းခင်းတဲ့ လမ်းပေါ် လျှောက်လှမ်းနိုင်ပါစေ။ မခင်လေး လှမ်းလိုက်သည့် ခြေလှမ်းများ အားဖြစ်စေ။ မေတ္တာဖြင့်......

အနမ်း said...

စာတွေတော့ဖတ်သွားတယ်။ စီဗုံးလိုက်ရှာရတာ နည်းနည်းမူးသွားလို့း)ကြိုးတန်းပေါ်လျှောက်နိုင်တော့မယ်မထင်ဘူး။း))
ကွန်နက်ကလည်းမကောင်းတော့ မန့် ဖို့ ကိုစောင့်နေရ သေးတယ်။
အဆင်ပြေပျော်ရွှင်ပါစေနော်။

့hnin said...

ဗျိုးးးးးးးး အစ်ကိုရင်နော် မခင်လေးငယ်....
တဂ်ထားတယ်နော် .....
စီဗုံးလေးတော့ သနားသောအားဖြင့် ထားပေးစေလိုပါတယ်
များဂါမှာ ဘယ်နားဝင်အော်ရမှန်းမသိလို့
ဝင်ပြီးတော့ပဲ မန့်သွားပါတယ်
အသစ် လေးတင်ပါဦးလို့ တောင်ဆိုတာ မရလို့
တဂ်သွားတယ် ......... ဖြေပေးနော်
နှင်း

Dream said...

ဝါးးးးးးးးးးးးမယ်မယ် ရေးချက်တွေက လန်ထွက်ေ်နတာပဲ....

ဖတ်ရင်းနဲ့ကို မျက်စိထဲ မှာစိတ်ကူးယဉ်မိတယ်....

အာဝါးးးးမယ်မယ်....


( မယ်မယ်နော်.... မက်မက်ကို ပစ်ထားတယ်..ဟင့်...လွမ်းနေတာ.... )

MN said...

ရေတမာရေ NM လည်း နားမလည်ဘူး။ ဒါပေမယ့် စကားလုံးတွေကိုတော့ ကြိုက်ပါတယ်။ ဆက်ရေးပါ။ ဒီပို့စ်လေးက မခင်လေးငယ် ရေးထားသမျှတွေထဲက အကြိုက်ဆုံး ပို့စ် တစ်ခုပါဘဲ။ အားပေးနေပါ့မယ် မခင်လေးငယ်ရေ။

M to the N !