Saturday, December 27, 2008

စေရာ...

“လ” လေးက ခပ်ကွေးကွေး... တိမ်တွေက တစ်ချို့တစ်ဝက်ပြေးဆော့လို့... ဒီညကောင်းကင်က ပြာမနေပါဘူး။ ခပ်မှိုင်းမှိုင်းနဲ့... ကြယ်လေးတွေ တစ်လုံး.. နှစ်လုံး.. သုံးလုံး.... မြင်နေရတဲ့ မြင်ကွင်းထဲမှာ ရှိနေတာ သေချာ ရေကြည့်မယ်ဆိုရင် အားလုံး တစ်ဆယ့်သုံးလုံးတိတိ..။ လင်းတစ်ခါ မှိန်တစ်လှည့်နဲ့ မှိတ်တုတ်တုတ်... ဆောင်းရဲ့လေက အေးစက်စက်.. လေအသော့မှာ ညိုထွေးထွေး ဆံနွယ်တွေကဝေ့ဝဲ... ပါးပြင်တွေက တင်းခနဲ... စိတ်တွေက လေးလံလွန်းနေဆဲ...။

တစုံတရာပေါ်မှာ စီးမျောနေတဲ့ တစုံတရာဟာ နဂါးငွေ့တန်းတွေလို ရစ်သိုင်းလို့... မှုတ်ထုတ်မိတဲ့ သက်ပြင်းဟာ ဘာအရောင်ရှိနေလဲ ကျွန်မ မသိ...။ နားလည်ရခက်တဲ့ အရောင်တွေကို နံမည်တတ်ရလောက်အောင်အထိ ကျွန်မဟာ စိတ်ရှည်သူမဟုတ်...။ လနဲ့ အနီးဆုံးနေရာမှာ ရှိနေတဲ့ ကြယ်တစ်ပွင့်ကို ငေးမောနေဖို့တော့ ကမ္ဘာမှာ စိတ်အရှည်ဆုံး မိန်းမ ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်...။

ကျွန်မဘေးမှာ သီချင်းတစ်ပိုဒ်ရှိချင်ရှိမယ်... တစ်ပိုင်းတစ်စ ကဗျာနှစ်ကြောင်းလောက်လည်း ရှိနေနိုင်တယ်.... ဒါမှမဟုတ်.... ရနံ့လေးတစ်ခု...!! ချိုအီအီအနံ့ မဟုတ်တာသေချာတယ်... ခါးသက်သက် အနံ့ဟုတ်မဟုတ်တော့ မဝေခွဲနိုင်ဘူး... ဒါပေမဲ့ ကျွန်မအတွေးတွေ ခါးသက်သက် ဖြစ်လို့နေတာတော့ အမှန်ဘဲ...။ အာခေါင်တွေက ခြောက်ကပ်ကပ်.. မျက်ဝန်းတစ်ဝိုက်မှာတော့ စိုစွတ်စွတ်...။ လေနဲ့အတူ ယိမ်းနေတဲ့ ဆံပင်တွေက အရိုင်းဆန်လာသလို... ငေးကြည့်နေမိတဲ့ ကြယ်တစ်ပွင့်ရဲ့ အလင်းက စူးစူးလို့လာနေပေါ့...။

စိတ်တွေကို စိတ်နဲ့ကုစားဖို့ စိတ်တွေဟာ အဆိပ်သင့်နေခဲ့ပြီးသား..!! အမှတ်တရ ဆိုတာတွေကို အမှတ်ရနေဖို့ လုံလောက်တဲ့ ဦးနှောက်တစ်ခုနဲ့ သိပ်ကိုအမှတ်တရ ရှိနေပြန်ရော... တမ်းတလွမ်းဆွတ်ခြင်းကို ခူးဆွတ်ဖို့ ရူးနေတဲ့အရာဟာ အထစ်ထစ်အငေါ့ငေါ့ပဲ မဟုတ်လား..!! သေချာတယ်... တိတ်ဆိတ်တဲ့ ညနဲ့ လကွေးကွေးဟာ ကျွန်မကိုကယ်ဖို့ သူရဲကောင်းမဟုတ်... ကြယ်ကိုတလို့ ရသတစ်ပိုဒ် ဖြစ်နိုင်ချေမရှိတာလည်း အမှန်တရားပေါ့။ ဒါဟာ... အသက်မဲ့တဲ့ တမ်းချင်းသေတစ်ပိုဒ်...။ အဓိပ္ပါယ်ရှိဖို့ အဓိပ္ပါယ်မဲ့တဲ့ ဥာဏ်နဲ့စဉ်းစားမှတော့ အချီးအနှီးတွေသာ လက်ထဲပြုတ်ကျလို့ ကခုန်နေကြ...။

အဲ့ဒီကြယ်ပေါ့.... ကျွန်မကိုငေးစေခဲ့တာ... မှင်တက်အောင်ပြုစားလို့... ဟော... ကြည့်..!! ခုတော့ စူးရှရှ အလင်းတွေနဲ့ ရသတစ်မျိုးဖြစ်အောင် သိမ်းသွင်းဖန်တီးလို့ နေပြန်တာ...။ ဘယ်လိုဘဲဖြစ်ဖြစ်... ကျွန်မ ဆက်ငေးနေမိဆဲ... တွေးနေမိဆဲ... မျောလွင့်နေမြဲ...။ အမုန်းတရားတွေနဲ့ နာကြည်းပိုင်နိုင်စွာ မျက်လုံးတွေပိတ်ပစ်ဖို့ ကြိုးစားရင်း ဒါဟာ.. အလကား....!! သွေးတောင့်လာတဲ့ နာရီတွေတောင် လေးပင်လို့ ပျင်းရိငြီးတွားရင်း ရပ်တန့်ကုန်ကြပေါ့....!!

ကောင်းကင်ရယ်.. လကွေးကွေးရယ်.. ကြယ်တစ်ပွင့်ရယ်.. မိန်းမတစ်ယောက်ရယ်..။ ငေးနေတုန်း “ဝုန်း”ကနဲ ကြယ်ကကြွေကျ... မိန်းမတစ်ယောက်လည်း နွမ်းလျစွာ ဒူးထောက်မြေခ...။ ခပ်ကြမ်းကြမ်း ခါမိတဲ့ခေါင်းနဲ့ ယောင်ယမ်းလို့ မျက်ဝန်းအမှိတ်မှာ စီးကြောင်းတစ်ခုက ပါးပြင်ပေါ်မှာနွေးခနဲ...!! လက်သွားတဲ့ ပုလဲပွင့်တွေက လအရောင်မှာ ဝင်းကနဲ..........................။



(ခင်လေးငယ်)

22 comments:

Craton said...

ဟာ.......တီငယ်... ကောင်းလိုက်တာ..။
ငါ့တီငယ်က သိပ်ရေးတတ်တာပဲ။ မမနဲ့များကွာပါ့။ {မမဂိုတွားမပြောနဲ့တီငယ် တားတားကိုရန်လာတွေ့ဦးမယ်း( ရှူးတိုးတိုး}

ကြယ်ကိုချစ်လို့လားတော့မသိဘူး ဖတ်ပြီးတော့ ထူးထူးခြားခြား ခံစားမှုတွေရတယ်။း)

Anonymous said...

Hello khinlaynge.
လာဖတ်သွားတယ်။ ကဗျာလိုလို စာလိုလိုတွေ
ဖတ်လိုက်ရတယ်။ ကောင်းတယ်။
(လက်သွားတဲ့ ပုလဲပွင့်တွေက လအရောင်မှာ ဝင်းကနဲ..........................။) တဲ့လား ။။
မျက်ရည်ကို ပုလဲနဲ့ နှိုင်းသွားတာ လှတယ်..
Bravo again..

ရှင်ရဲထွတ် said...

ခင်လေး ဆက်ရေး အဟေး......

sin dan lar said...

ခေါင်းစဉ်ကိုမြင်ကတည်းက ခင်လေးရေးတာဖြစ်ရမယ်လို့
ထင်နေတာ......စာရေးသူရဲ့စိတ်ကို မှန်းကြည့်မိတယ်... ဒါပေမယ့် သေချာသိမသွားပါဘူးးး ဟိ

ကိုရင်နော် said...

ဟဲ့..ခင်လေး
နင်ကတော့လေ.. ဘူပြီးရင်း ဘူနေတော့တာဘဲ..
ငါဘူဖို့လည်း ချန်ပါဦးဟ..

နင့်တမ်းချင်းသေကို ဖတ်ရင်း ငါတောင် သေသေသွားတယ်.. ဟီးးး

ငါ့လက်ထဲမှာလည်း ဘာတွေမှန်း မသိ...
ပြုတ်ကျလို့ ကခုန်နေလို့...
ငါပါ လိုက်ကနေပြီဟ...

“ဒန့် တန့် တန့် ဒန့် တန့် တန့်.... အဟေးးးးး”

အိပ်မက်ရှင် said...

ဒီအက်ဆေးလေးက ကဗျာလေးတစ်ပုဒ်လို ဖြစ်နေတယ် ...
ဖွဲ့သီကုံးထားတဲ့ စကားစုတိုင်း၊ စကားလုံးတိုင်းက ... လွင်ပြင်ရိုင်းတစ်ခုထဲက ပန်းခန်းတစ်ခင်းလို
နွဲ့ပျောင်းလှုပ်ရမ်းရင်းနဲ့ ရင်ထဲကို တစ်စထက်တစ်စ ထိုးဝင်စိမ့်ဖောက်လာတယ်လို့
ခံစားနေမိတယ် ...
သေသေသပ်သပ်နဲ့ သူ့နေရာနဲ့ သူအံဝင်ခွင်ကျပုံကတော့
နေကြာပန်းထဲက ၀တ်ဆံလေးတွေ နေကြာပန်းပွင့်ထဲ အစီအရီ ရှိနေသလိုပါပဲ ...
နှလုံးသား အသိကို တစ်ဒေါက်ဒေါက်နဲ့ ခေါက်ခေါက်ဝင်လာတဲ့ ရသတွေက ...
ခံစားသူနဲ့ ထပ်တူထပ်မျှခံစားမျောဝင်လိုက်ပါနိုင်အောင် လာလည်ကြတာလား မသိဘူးနော် ...
“၀ုန်း” ကနဲ ကြယ်တစ်လုံး ကြွေအကျမှာ .... မြင်လိုက်မိတာက .... ..... ......
သိပ်ကိုသေသပ်လှပတဲ့ ထုဆစ်ချက်တွေနဲ့ အသက်သွင်းထားတဲ့ ရုပ်ထုလေးတစ်ခုလို အသက်ဝင်နေပါရဲ့ဗျာ ... ။

လေးစားမှုများစွာဖြင့်

Dream said...

ဟာ....... ဦးနော်ကြီး ကမနေနဲ့လေ.. တော်နေ ပြုတ်ကျသွားပါဦးမယ်.... ဟတ်ဟတ်.....

တီတီငယ်ကတော့ တော်ပီးရင်းကို တော်နေတော့တာပဲ... ဟတ်ဟတ်.... နာ့တီတီနယ်ကွ.... ဟတ်ဟတ်....... ဆက်လုပ်ဆက်လုပ်....

မယ်မယ်က မက်မက်စီစီ အတိုင်းပဲနော်... :P

မောင်ပိစိ said...

အဲဗျာ... ဖတ်ကောင်းလိုက်တာ...
မျက်လုံးထဲမှာ အဲကောင်မလေး မြင်ယောင်လာတယ်

မမိုက်တာက လ က ကွေးကွေး ကြီးဖြစ်နေတယ်..
အင်းပေါ့လေ.. သူ့ လမှ မဟုတ်တာ.. ဘယ်တင်စားပါမလဲလို့

ဟိဟိ :P

ဝေလေး said...

တစ်ကယ်ကောင်းတယ် မမခင်လေး
ရေးတတ်ချင်လိုက်တာ အဲလိုမျိုး.... မျက်စိထဲမြင်ယောင်တယ် စကားလုံးတွေဖွဲ့ထားတာလည်း ကြိုက်တယ်... ဘာမှထပ်မပြောတော့ဘူး အ၇မ်းကောင်းတယ်.. :)

ဖိုးဂျယ် said...

တီတီ တော်တော်တယ်။ တားတားယေး
ဖတ်သွားတာ နိုပါ နိုချင်တွားတယ် အဟင့်
အကိုတွေလို့တော့ မဝေဖန်တတ်ဖူး
ကောင်းတာတော့ အရမ်းကောင်းတယ်။

မိဂျယ် မဟုတ်သော ဖိုးဂျယ်

Republic said...

ဖတ်ရင်းနဲ့ စကားလုံးပြင်းပြင်း နဲ့ ကိုင်ရိုက်တဲ့ ကဗျာတစ်ပုဒ်လို အသက်ဝင်သွားတာ် မခင်လေး ၊၊ အဲဒါ "စေရာ" ထင်တယ်ဗျာ ၊၊
စာအရေးကောင်းတဲ့ မခင်လေး ၊၊ ဗရာဘို ၊၊

mgngal said...

အရေးအသားတွေ အ၇မ်းကောင်းတယ်။ ဖတ်ရတာ ဆန်းသစ်နေတယ် ။ ဆက်လက်ရေးသားနိုင်ပါစေ။
အားပေးလျက်ပါ ။ :)

မိုးမောင်(happycloud) said...

မခင်လေး...
အဖွဲ့အနွဲ့ပိုင်းက သိပ်ကိုသေသပ်လွန်းတယ်..။ စကားလုံးအသုံးအနှုန်းတွေကလဲ ရိုးရှင်းစွာနဲ့ ဆန်းသစ်လှတယ်။ ဖြတ်ခနဲ ဖြစ်ပေါ်လာတဲ့ ခံစားမှုတစ်ခုကို အမိအရဖမ်းဆုပ်ပြီး ရေးထားပုံရတယ်။ တော်ပါပေတယ်ဗျာ...း)။

နန်းညီ said...

အဲ့ဒီကြယ်ပေါ့.... ကျွန်မကိုငေးစေခဲ့တာ... မှင်တက်အောင်ပြုစားလို့...

ညီညီ့ ဘန်နာကကြယ်လေးများလားမသိ..

ZWE said...

မြေပြင်မှာ လူသားတစ်ယောက်ရဲ့ဆွေးမြေ့မှုကြောင့်..
ကောင်းကင်ထက်က နက္ခတ်က အသက်မ၀င်တော့
တာလေ..စိတ်ဓါတ်ကို ခိုင်မာအောင်ကြိုးစားတော့ ဒဏ်ရာတွေသာတွန်းအားပေး..
တွေး ငေး ဆွေး ရုံအပြင် ပျော်မွေ့စရာမရှိ..
စိတ်တွေခါးခဲ့ချိန်မှာ သက်တမ်းမဲ့ တမ်းချင်းတစ်ပုဒ်
တော့ ဖြစ်ထွန်းတယ်..ကမ္ဘာတည်သရွေ့လဲ ရှိမယ် နေမရှိဘဲလည်းနေမယ်..ကမ္ဘာကြီး အမှောင်ကျပစေ အချစ်တစ်ခုထဲနဲ့ဘဲနေမယ်..
အဲဒီ စိတ်ဓါတ်ကိုဘဲ တင်းတင်းဆုပ်ကိုင်ရင်း လူသားတစ်ယောက်...တမ်းတခြင်းအောက်မှာ လွတ်လပ်စွာရူးသွပ်နေတာလေ..
ပုလဲကြွေတဲ့ မြေမှာပေါ့...။

စေရာကို ဖတ်ပြီး စိတ်ထဲပေါ်လာတာကိုမန့်ပေးခဲ့တယ်
အမ။

ဇွဲရဲရင့်

chaos said...

မခင်လေးရေ
စာလေးဖတ်ပြီး
လိုက်ငိုချင်လာတယ်။
ရေးတဲ့လူက ဆွဲခေါ်သွားလို့ပေါ့နော်။

အိမ် said...

ဖတ်သွားတယ်ဗျို့။ကောင်း၏

လွိုင်လင် said...

ဒါမျိုးစာတွေ မဖတ်ရတာကြာပြီ။ အလွန်ကောင်းပါသည်။

မောင်လူအေး said...

ပျော်ရွှင်ဖွယ်ရာ နှစ်သစ် မင်္ဂလာပါဗျာ...

:)

myooo.nyan said...

အရေးသားတွေက တယ်မြောက်တယ်ကွေ့... ဖတ်ပြီး ရင်ထဲမှာ စကားလုံးတွေနဲ့တင် စီးမြောသွားတယ်

အိန္ဒြာ said...

"""ခင်လေး........ရေ.""".

လှလိုက်တာ...

လူအတိုင်းပဲ...

ရေးတတ်ပုံ..

အိန္ဒြာ

ဝါးစိမ်းလေး said...

မခင်လေးရယ်..
ခင်ဗျာဟာလေ.....