Tuesday, August 5, 2014

မင်္ဂလာပါရှင် ☆彡


ကျွန်မ ခင်လေးငယ်ပါ...။
ဘာရယ်တော့ ဟုတ်ရပေါင် ရှင်... စိတ်ကူးပေါက်လို့ ဒီအထဲ ဝင်ကြည့်တာနေတာရယ်ပါ..။

ကိုရင်ကြီးက လုံးဝ ဘာမှမရေးတော့ပေမယ့် ကျွန်မ ခင်လေးငယ်ကတော့~~~~~~
ဒီနေရာလေး >>>>ခင်လေးငယ်<<<< မှာ ဟိုရောက်ဒီပေါက် ရေးမိရေးရာ  တိုတိုထွာထွာ လေးတွေ ရေးဖြစ်နေမိပါကြောင်း....

မိတ်ဟောင်းဆွေဟောင်း မောင်နှမအပေါင်း ကျန်းမာလန်းဖြာလို့ ချမ်းမြေ့ခြင်းအတိ ရှိနိုင်ကြပါစေ... ☆彡

Sunday, November 20, 2011

သက်ငြိမ်၌စီးမျောခြင်း (၁)

အောက်တိုဘာလ တစ်ဆယ့်လေးရက်။ ရာသီဟာ သူ့သဘာဝအတိုင်း သိပ်ကိုမျှတသင့်တော် လှပနေခဲ့ပါတယ်။ သောကြာနေ့ပါ။ မျက်ဝန်းတွေထဲမှာ အရှိန်ပြင်းပြင်းနဲ့ မြစ်တစ်စင်း သတ္တိရှိရှိ စီးဆင်းနေခဲ့တဲ့ နေ့ဖြစ်တယ် ဆိုပါတော့။ မျက်စံနက်တွေဆီမှာ မြစ်ဖျားခံတဲ့ ရေအဟုန်ကို စုန်ကာမျှောရင်း သူမလုံးသားရဲ့ နက်ရှိုင်းတဲ့နေရာ တစ်ခုအထိ သူဟာ အရိုးသားဆုံး အရောက်သွားနိုင်ခဲ့တဲ့ နေ့လည်းဖြစ်ပြန်တယ်။ သူမစိတ်တွေဆီ အလိုက်သင့်လေး စီးမျောဖို့ သူ့ကို ခွင့်ပေးလိုက်တဲ့ နေ့ဆိုလည်း မမှားပါဘူး။

မုသားကင်းတယ်။ လှည့်ဖျားမှုမဲ့တယ်။ ကောက်ကျစ်ခြင်း ရှင်းတယ်။ သိနေခဲ့ပြီးသား အရာတွေကိုပဲ ဖလှယ်ခဲ့တာမျိုး။ ပူလောင်စူးရှတဲ့နေ သာမနေခဲ့ပါဘူး။ လေ ပြေတယ်။ တိမ်တိုက်တွေ မထူထပ်ခဲ့ဘူး။ အေးချမ်းတယ်။ ခေါင်းတစ်ချက် အညိတ်မှာ ကြားရခဲတဲ့ စကားလုံးတစ်ချို့ကို သူက သွန်ချ။ သူမဟာ ကြည်နူးမှု စားသုံးသူ သက်သက် မဟုတ်ခဲ့တာ အသေချာပါ။ တရားမျှတခဲ့ပါတယ်။ သူကိုယ်တိုင်လည်း ကျေနပ်ခြင်း ကောင်းကင်အောက်မှာ နှစ်လိုဖွယ် သက်ငြိမ်လေးအဖြစ်နဲ့။

မေးခွန်းတစ်ခု အဖြစ် ဘယ်လိုအချိန်မျိုးတုန်းက သူမေးခဲ့ဖူးတာလဲ..!! မေးခဲ့ဖူးပါသလား..!! သူမ သေချာမသိ။ သူမကတော့ ရဲရဲဝံ့ဝံ့ ဖြေလိုက်ရဲ့။

“ကျွန်မ.... ချစ်တယ်....”
”စကြာဝဠာကြီးဟာ ကိုယ့်ကို ဗဟိုပြုပြီး လည်ပတ်နေသလိုပဲ”
လို့ သူပြန်ပြောခဲ့တာ သေချာပါတယ်။

သူမကို သူမြင်သွားပြီ။ သူ့ကိုယ်သူလည်း သူမြင်သွားပြီ။ နှလုံးသားရဲ့ ပစ္စုပ္ပန်ကို သူမနဲ့ သူ တည့်တည့်ကြည့်မြင်လိုက်ကြပြီပဲ။ စိတ်ကို စိတ်ချင်းယှက်။ စိတ်တွေနဲ့ စိတ်တစ်ခုဆီ စီးမျော။ အို..!! အရာရာဟာ ခမ်းနားထည်ဝါလိုက်တာ။ လှပလိုက်တာ။ နူးညံ့သိမ်မွေ့လိုက်တာ။ အိနြေ္ဒရှိလိုက်တာ။ ကြည်စင် ရှင်းသန့်လိုက်တာ။ အနုပညာဆန်လိုက်တာ။

“ကျွန်မ......”
“ဒါဟာ ယာဉ်ပဲ ပန်းတိုင်တော့ မဟုတ်ဘူး၊ ခရီးစဉ်ပဲ ခရီးဆုံးတော့မဟုတ်ဘူး”


“............”
“ပန်းတိုင်မဟုတ်ပေမဲ့ ယာဉ်ကို တန်ဖိုးထားရမယ်၊ ပန်းတိုင် မဟုတ်သေးမှန်းလည်း သိရမယ်”


“အစ..!! အဆုံး..!! ”
“ကိုယ့်စိတ်ဝိညာဉ်ရဲ့ အနက်ရှိုင်းဆုံးကို တိုက်ရိုက်ဆက်သွယ်ပြီး အရှိအမှန်အတိုင်း ရှင်သန်နေထိုင်ရတဲ့ဘဝဟာ ရှားပါးလွန်းပါတယ်”

“ခု.......”
“ကိုယ်တို့....”

သူ့ကို သူမက “သက်ငြိမ်” လို့ တိတ်တိတ်ကလေး အမည်နာမ ပေးထားခဲ့သူ။ ခုတော့ သူ့စကားတွေ နားနဲ့ အကြားမှာ သူမဟာ “တေမိ”ပေါ့။ သူမနှုတ်ခမ်းဖျားဆီကို သူ့အကြည့် ရွှေ့လိုက်သလားမသိ။ သူဟာ သူမအပြုံးတွေ ကူးစက်ခံ လူသားဖြစ်သွားပုံရတယ်။ ပြုံးနေမှန်း မသိသာပါဘူး။ သူပြုံးနေတယ်။ ဒါကို သူမက သိနေတယ်။ သူကိုယ်တိုင်ကလည်း သတိထားပြီး သိနေပါတယ်။ စကားသံတွေ တိကနဲ ရပ်သွားခဲ့ပေါ့။

ခံစားမှုကို မီအောင် ထုတ်ဖော်နိုင်ဖို့ ဦးနှောက်ကို ခပ်ဆိတ်ဆိတ် အမိန့်ပေးနေချိန်မှာ သူကလည်း အကျစ်လစ်ဆုံး စကားလုံးတွေကို တည်ငြိမ်စွာနဲ့ ရွေးချယ်နေခဲ့တယ်ဆိုတာ သူမသိနေခဲ့တာပါ။ သူမက စကားရှာသူ။ သူက စကားရွေးသူ။ ငြိမ်သက်နေခဲ့ကြချိန်လေးဟာ တိတ်တိတ်ဆိတ်ဆိတ်လေး ပကတိ နူးညံ့လို့ပါပဲ။ လက်ဖျားလေးတွေဆီကနေ ဆံခြည်မျှင်လေးတွေအဆုံး ရင်တလှပ်လှပ် ခုန်နေရခြင်းဟာ ပန်းလေးတစ်ပွင့်ထက် လှပလွန်းပြန်နေပေါ့ကွယ်။

သူမ မျက်လွှာချလိုက်တယ်။ သူက အသက်ကို ခပ်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး ပြေလျော့လျော့ ထိုင်နေတဲ့ ခန္ဓာကို မတ်လိုက်ပါတယ်။ ချထားတဲ့ မျက်လွှာကို ပြန်ဖြေရင်း မော့ကြည့်မိချိန်မှာ သူဟာ ကဗျာတစ်ပုဒ် ဖြစ်နေခဲ့ရဲ့။ ပန်းချီတစ်ချပ် ဖြစ်နေခဲ့ရဲ့။ တစ်စုံတစ်ရာပြောဖို့ နှုတ်ခမ်းလေးတွေ မသိမသာ တုန်ရီသွားခဲ့တာပါ။

“အို...........”
“စကားလုံးတွေရဲ့ ဟိုမှာဘက်ထိရောက်သွားပြီ စိတ်နဲ့တောင် စိတ်ကို ပြန်မသိနိုင်တော့ဘူး”


သူမအပြုံးတွေဟာ မိန်းမငယ်လေးတစ်ယောက်လို ရှက်စနိုး အရိပ်ယောင်လေး ဖြတ်ပြေးသွားခဲ့ပါတယ်။ သူကတော့ တည်ငြိမ်ခြင်း သက်ငြိမ်။ သူ့စိတ်တွေလည်း သူမနဲ့ ထပ်တူထပ်မျှ လှုပ်ရှားနေတယ်ဆိုတာ နှစ်ဦးလုံး ငြင်းဆိုနိုင်မှာမှ မဟုတ်ပဲနော်။ မျက်လုံးနဲ့တော့ မမြင်ရဘူး။ မမြင်နိုင်ဘူး။ စိတ်တွေနဲ့ပဲ မြင်ခဲ့ရတာမျိုးပါ။ ဖောက်ထုတ်ရှု့မြင်နိုင်စွမ်း မြင့်မားလွန်းတဲ့ သူမစိတ်တွေကို ကိုယ်တိုင် ကျေနပ်လိုက်ရတာလေ။ သူ့ကိုလည်း လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်တယ်ဆိုတာကို အသေအချာ သိနေတဲ့ သက်ငြိမ်လေးပဲ ဖြစ်ပါတယ်။

ကောင်းကင်ကြီးတစ်ခုလုံး လဲ့ဖြာလို့ပါ။ ခပ်အေးအေး လေညှင်းလေးတွေက သူမတို့ကို အနွေးထွေးဆုံး လွှမ်းခြုံဖို့ အရောက်လာခဲ့ကြပေါ့..။ နူးညံ့လွန်းတဲ့ စိတ်ဝိညာဉ်လေးနှစ်ခုက လေညှင်းတွေကို တွဲခိုစီးရင်း လဲ့ဖြာနေတဲ့ ကောင်းကင်ယံမှာ ကြည်နူးခြင်းတွေနဲ့..................................။

(ခင်လေးငယ်)



Sunday, September 25, 2011

တငွေ့ငွေ့ပေါ့...


တိုးသဲ့သဲ့ အသံလှိုင်းတစ်ခုကို နားဝမှာ ကြားနေရတယ်။ အသံလေးရဲ့ ဦးတည်လားရာဟာ ကျွန်မ နားတစ်စုံဆီကိုဘဲ ဟုတ်နိုင်မလား..!! အမြန်နှုန်းဘယ်လောက် အရှိန်ဟုန်နဲ့ ဘယ်လိုနေရာမျိုးက ကျွန်မဆီကို သယ်ဆောင်လာတာများလဲ..!! သူ့ကို သယ်ဆောင်လာတဲ့ လေတိုက်နှုန်းကို ကျွန်မ ရုတ်တရက် မခန့်မှန်းနိုင်တာ အဆန်းမှ မဟုတ်ပဲကွယ်။ ပင့်သက်ရှိုက်မိတော့မလို ကျွန်မစိတ်လေး ယိုင်နဲ့နဲ့ ဖြစ်သွားခဲ့မိပေါ့။ သတိအထားမှာပဲ အဲ့ဒီစိတ်လေးကို ကိုယ်တိုင် ကျေနပ်မိ နေသူလိုမျိုး။ မျက်လွှာအချမှာ မခို့တယို့ အပြုံးလေးတစ်စ ကျွန်မ မျက်နှာပြင်ပေါ်မှာ ရိပ်ရိပ်လေး ဖြတ်ပြေးသွားခဲ့တယ်။

ဆုံမှတ်တစ်ခုကို ကောက်ကြောင်းချ ဆွဲကြည့်ချင်သူလို တိုးတိတ်တိတ်လေး ခုံမင်နေမိလိုက်တာ... စိတ်ကို ဖွဲ့ဆိုဘို့ လိုက်လို့မမှီတဲ့ စကားလုံးလေး တချို့တောင် စိတ်ဓါတ်တွေကျ လက်မှိုင်ချလို့ အိပ်ငိုက်နေသေးရဲ့။ ဘယ်သူမှလည်း မသိပါဘူး။ သိဖို့လည်း မတောင့်တပါဘူး။ လေငြိမ်ရပ်ဝန်းမှာ ရုတ်တရက်လေးပေါ့ ခပ်သဲ့သဲ့ လေပွေတစ်စင်း တိုက်ခတ်နေတယ်လို့ တင်စားပါရစေ။ ကြယ်စင်လေးတချို့က ဟိုး.. ကောင်းကင်ထက်ယံမှာ တီးတိုးသံစဉ်တစ်ပုဒ်ကို ရှက်စနိုးနဲ့ မယ်လိုဒီရှာနေကြရဲ့။ ကြယ်လေးတွေရဲ့ ပွင့်လင်းမှုကို အားကျစိတ်တွေနဲ့ ငေးမောနေမိသူဟာ ကျွန်မပါဘဲ။

“အရာရာဟာ ပြောင်းလဲခြင်းတွေနဲ့ပါ..” ဆိုတဲ့ ခပ်ဆဆအတွေးက ရင်ထဲမှာ ကိန်းအောင်းနေခဲ့ပြီးသား ဖြစ်နေပြန်တော့.. အပြောင်းအလဲ တစ်ခုခု လုပ်ရမှာကို တိတ်တခိုး စိုးရွံ့မိဆဲ။ ပြောင်းလဲမှု သီအိုရီသစ်ကို ချရေးလိုက်ဖို့ ကျွန်မ လက်ဖျားလေးတွေက ထုံကျဉ်ကျဉ်၊ အေးစက်စက်။   မမြဲခြင်းတွေနဲ့ သီကျူးနေမဲ့ ကြယ်တို့ရဲ့ ဂီတမှာ တလက်လက် ဖြာနေတာက ကျွန်မ နှလုံးခုန်သံတစ်ချို့တဲ့လား..။ ကြည်နူးသလို ကြေကွဲသလိုနဲ့ နောက်ဆုံးတော့ ဟာတာတာလေးဘဲပေါ့။ သိမ်သိမ်မွေ့မွေ့လေး  ပျော်ဝင်ဖို့ကို ကျွန်မ ကြောက်လန့်နေ လိုက်တာလေ..။ ကျွန်မကို နားလည်ပါနော်။ နားလည်တယ် မဟုတ်လားဟင်..!!

ဒီနေ့နဲ့ မနက်ဖြန်ရဲ့ ချိတ်ဆက်မှုကို ဘယ်လိုအရာမျိုးနဲ့ ကျွန်မ ရှင်သန်ခွင့်ပေးလိုက်ရမှာလဲ...!! အလင်းစတချို့ကို စီးမျောရင်းလား..!! ဒါမှမဟုတ် နေဝင်ချိန်တချို့ကို မီးညှိရင်းလား..!! ဟင့်အင်း..!! ပြန်မရတော့မဲ့ ညလေးထဲက စက္ကန့်တွေကို လမ်းခင်းရင်း စက္ကန့်အသစ်လေးထဲကို တိုးဝင်ဖို့ သတ္တိကို ဘယ်လိုနေရာမျိုးက ရနိုင်မှာလဲ။ လောကကြီးကို ချော့သိပ်ဖို့ ကျွန်မ ကမ္ဘာလေးကို သာယာစေဖို့ ချိုမြိန်တဲ့ ပန်းသီးလေးတစ်လုံးနဲ့ အပြာရောင်နှင်းဆီလေး တစ်ပွင့်တော့ ကိုယ်တိုင် ဆောင်ထားချင်သေးတယ်။ ရီဝေဝေ ကျွန်မအိပ်ခန်းလေးကတော့ တိမ်တိုက်တွေ အပြည့်နဲ့။ စားပွဲပေါ်မှာ ထွန်းညှိထားတဲ့ ပြာလဲ့လဲ့ ဖန်ခွက်ထဲက ဖယောင်းတိုင် မီးညွန့်လေးထဲမှာ ငှက်ကလေးတစ်ကောင်များ ပျံသန်းနေလေမလား ကျွန်မစောင့်ကြည့် နေမိပြန်ပေါ့။

သီးသန့်ညလေးထဲမှာ သီးသန့်ရင်ခုန်မှုလေးကို သီးသန့်လေး ခုန်မင်နေရတာ စံပယ်ဖြူလေးတွေ ဖွေးဖွေးလှုပ် ပွင့်နေသလိုပဲ ဘယ်လောက် ရှင်းသန့် မွှေးပျံ့လိုက်လည်း။ ဆုံမှတ်ဆိုတာ အဲ့ဒီအရာလေးပေါ်မှာ ကျွန်မတို့ရဲ့ ခြေအစုံကိုချလို့ ရပ်ပစ်လိုက်မှ ဆုံမှတ်လို့ ခေါ်နိုင်တာမျိုးလားဟင်..!! ကျွန်မအတွက်တော့ ကျွန်မရဲ့ညလေးတွေ ရှိနေသ၍ ညတွေတိုင်းဟာ ခြေရာတွေ ဆုံဖို့မလိုတဲ့ ဆုံမှတ်လေးတစ်ခုပဲပေါ့။ နှောင်ကြိုးတွေ... နှောင်ကြိုးလေးတွေ။ သက်ရောက်အား ဘယ်လောက်နဲ့ ချည်နှောင်ထုံးဖွဲ့ ထားနေပြီးသားလဲ..!! အို...  ကျွန်မ မတွေးရဲဘူးလေ။ မတွေးရဘူးလေ။ မတွေးသင့်ဘူးလေ။

သီချင်းလေးတစ်ပုဒ် နေကောင်းနေပါရဲ့လား။ ကဗျာလေးတစ်ပုဒ် ချမ်းမြေ့နေပါရဲ့လား။ သတင်းလေးတစ်ပုဒ် သင်းပျံ့မွှေးချိုနေပါရဲ့လား။ ဂစ်တာလေးတစ်လက် တောက်ပြောင်လက်နေပါရဲ့လား။ စာတန်းအနီလေးတွေနဲ့ အဖြူရောင် ဦးထုပ်လေးတစ်လုံး ပျော်ရွှင်နေပါရဲ့လား။ မိုးစက်မိုးပေါက်လေးတွေ ကျန်းမာကြည်စင်နေပါရဲ့လား။ အဘိဓါန်တစ်အုပ်လို ကျွန်မစိတ်တွေကို အမှန်ကန်ဆုံး နားချပါဦး “ဖေဖေ”။ တရားဓမ္မတစ်ပုဒ်လို ကျွန်မကို နွေးထွေးငြိမ်းအေးစွာ ကြားနာစေပါဦး “မေမေ”။ သူ့ရင်ခွင် နွေခေါင်ခေါင်မှာ ရွာချလိုက်တဲ့ နှင်းမိုးဟာ ကျွန်မဖြစ်လိုမိပေမဲ့....။ ရှတတကြိုးတစ်စရဲ့ ရစ်ဘီးလုံးလေးဟာ ကျွန်မ မဖြစ်ပါရစေနဲ့နော်။ စွန်လေးတွေ လွတ်လွတ်လပ်လပ် လေထဲမှာ ဝဲလွင့်နေပါစေ။ တိုးတိတ်တိတ်လေး လွမ်းချင်းကို ဖွဲ့သီနေတဲ့ ပြတင်းတံခါးလေးတော့ ကျွန်မဖြစ်ချင် ဖြစ်ပါစေပေါ့..။ 

ဒီလိုနဲ့ပါပဲ.. ကျွန်မ သတိရလာတယ်။ သိပ်ကို သတိရနေမိတယ်။ စကားတွေကို တဖွဖွပြောချ လိုက်ချင်စိတ်က အတွေးထဲမှာပဲ တရှိန်ထိုးနဲ့ ကျွန်မနှုတ်ခမ်းတွေရှိရာကို အပြေးအလွှား..။ ကျွန်မ ကြောက်နေတယ်။ ကျွန်မ စိုးရိမ်နေတယ်။ ကျွန်မ ဒဏ်ရာတွေရခဲ့ဖူးတယ်။ ကျွန်မ ဒဏ်ရာတွေကျက်ဖို့ ဆေးကုထားရတယ်။ ကျွန်မ ငြိမ်သက်နေတယ်။ ရှင်သန်ခြင်းကို ကျွန်မတိတ်တခိုး ငြီးငွေ့နေတယ်။ ကျွန်မ ထုံထိုင်းတွေဝေ ဆွံ့အ နေတယ်။ ကျွန်မ သိပ်ချစ်ခဲ့တာပါ။ ကျွန်မ သိပ်ချစ်နေဆဲဘဲ။ တိုးသဲ့သဲ့ အသံလှိုင်းလေးကို ကျွန်မ တမ်းတနေပါတယ်။ ပြန်မလာပါနဲ့တော့။ ဘယ်တော့မှ...။ တကယ်ပါ။ ဘယ်သောအခါမှပါ။ ကျွန်မကိုယ်ကျွန်မ အရမ်းကြောက်ပါတယ်။ လွန်ဆွဲနေတဲ့ အရာတွေနဲ့ ကျွန်မ အစွန်းတစ်ဖက်မှာ ရပ်နေမိပါပြီ။ ဝန်ခံပါရစေတော့.. ကျွန်မ သူ့ကို နားလည်မှုတွေနဲ့ တမ်းတလွမ်းဆွတ်နေ လွန်းပါတယ်။

ညင်သာလှိုက်မောမှု ဂီတနဲ့
အပြာရောင် နှင်းဆီတစ်ပွင့်ကို ငေးရင်း
မြဲခြင်း မမြဲခြင်း ရသမှာ
အိပ်မက်နဲ့အတူ
တိမ်တွေလိုဘဲ
အသေချာဆုံး မျောလွင့်မလို့
တငွေ့ငွေ့လေး ထွေးပိုက်ထားပါ။

လက်တွေ့ဘဝထဲမှာ ယုယနွေးထွေးတဲ့ ရင်ခုန်ခြင်းတွေကို အတောင်ပံလေးတစ်စုံ တပ်ပေးလိုက်ဖို့ ကျွန်မ သတ္တိမရှိနိုင်တော့တဲ့အခါ... အိပ်မက်တွေနဲ့ တစ်သက်လုံးပေါ့။ အိပ်မက်တွေထဲမှာဘဲ တစ်သက်စာလုံးပေါ့။ ကျွန်မကို.... တငွေ့ငွေ့လေး.... ထွေးပိုက်ထား လိုက်ပါတော့နော်။
 
(ခင်လေးငယ်) 

Tuesday, March 29, 2011

ရင်၌တည်သော ထိုချစ်ခြင်း..


ချစ်တတ်ခြင်းသည် အချစ်ဖြစ်သည်...။ ထို့အတူ တရံတခါ၌ ဖြစ်ခဲ့သော ချစ်ဖူးခြင်းသည်လည်း အချစ်ဖြစ်ပါသည်...။ ပုထုစဉ်မှန်လျှင် လောကတွင် အချစ်နှင့်ဝေးကွာသူ မည်သူရှိပါသနည်း..။ ဘဝတွင် အနည်းဆုံး တကြိမ်တခါမျှတော့ အချစ်ကို ခံစားဖူးပါလိမ့်မည်..။ ငယ်ရွယ်နုပျိုစဉ်တွင် ဖြစ်စေ.. တည်ငြိမ်ရင့်ကျက်သော အရွယ်တွင်ဖြစ်စေ.. အသက်အရွယ် ကြီးရင့်သော အခါတွင်ဖြစ်စေ.. နူးညံ့သော ချစ်ခြင်းတစ်ခု၌ (သို့မဟုတ်) ချစ်ခြင်းတစ်ခုနှင့် ရင်ခုန် မွေ့ပျော်ဖူးလေမည်..။ နှလုံးသားကို ဗဟိုပြု၍ ရင်၌တည်သော စစ်မှန်သည့် ချစ်ခြင်းသည် အသက်အရွယ်၊ ဂုဏ်ပကာသန၊ ရုပ်ရည်သွင်ပြင်၊ ဥတုရာသီမရွေး ကွေ့ကောက်ကင်းစွာ မိမိထံသို့ တန်းတန်းမတ်မတ် ချဉ်းနင်းဝင်ရောက် လာတတ်လေ့ ရှိပါသည်..။ 


ဟန်ဆောင် ထိမ်းချုပ်ရန် အင်မတန်မှ ခက်ခဲသော အရာသည် အချစ် ဖြစ်ပါလိမ့်မည်..။ ချုပ်တည်းနိုင်စွမ်း မည်မျှပင်ရှိနေပါစေ မိမိစိတ်၏ ခံစားဖြစ်တည်မှုကို ကိုယ်တိုင် အချိန်ရှည်ကြာ လိမ်ညာဖုံးကွယ်၍ လုံးဝရနိုင်မည် မဟုတ်ပါ..။



~~~~~~~~~~~~~~~~။။။။။။~~~~~~~~~~~~~~~~~

“ချစ်ဖူးပါသည်.. ချစ်ခဲ့ပါသည်.. ချစ်နေဆဲ ဖြစ်ပါသည်..။”

တိုးတိုးတိတ်တိတ် နေဝင်သွားတဲ့ ညနေတွေ အများကြီး ရှိနေဆဲပါ..။ ကျွန်မတို့အတွက် နေ့သစ်တွေ ရောက်လာဦးမယ် ဆိုပါဦး.. ဘယ်မှာလဲ အတူတူရှိနိုင်မဲ့ အာရုံဦးနဲ့ ညနေခင်းတွေ ညတွေရယ်...။ ရခဲ့ဖူးသလား မရတော့တာလား ရနိုင်သေးတယ် မရနိုင်တော့ဘူး ဘာမှမသိနိုင် တော့တာလား..!! နမိတ်မဖတ်တတ်သူ ကျွန်မတို့နှစ်ဦး ဘယ်အရာကိုမှ အတိတ်မကောက် ခဲ့ဖူးတာတော့ သေချာပါရဲ့နော်။ ကျွန်မလေ... ဘာကိုမှ ကြေကွဲမနေပါဘူးကွယ်..။ အရာရာဟာ ဟိုး အရင်အတိုင်းပါပဲ သူ့အလိုလိုလေးပဲပေါ့...။


နှိုင်းနှိုင်းဆဆနဲ့ ချင့်ချိန်ကြည့်ဘို့ ဆိုတဲ့စကားလုံးလေးက ကျွန်မတို့ စိတ်တွေနဲ့ သိပ်ကိုဝေးလွန်းခဲ့ပါတယ်..။ စိတ်တွေနဲ့ လျှောက်လှမ်းနေတဲ့ ကျွန်မတို့ လမ်းလေးက ဖြောင့်ဖြူးနေလွန်းလို့..။ သူနင်းလျှောက်သွားတဲ့ ရွက်ခြောက်ကြွေလေးတွေရဲ့ တိုးသဲ့သဲ့ ညည်းတွားသံကို ကျွန်မခံစားမိနေသလို ကျွန်မဘယ်ဖက် လက်ကောက်ဝတ်ပေါ်က လှုပ်လှီလှုပ်လဲ့ တွဲခိုနေတဲ့ ကြယ်လေးတွေရဲ့ ခိုးခစ်ခစ် ရယ်သံလေးတွေကို နားထဲမှာ အလွတ်ရနေ တတ်ခဲ့သူဟာ ဘယ်သူများ ရှိနိုင်သေးလို့လဲ...။ 

ဘယ်သူပြောမလဲ... ကျွန်မတို့ကို...!! ရူးတယ်လို့ပေါ့..။ ဘယ်လိုပြောပြော ပြောကြပါစေ.. နူးညံ့နေဆဲပါ။

လာသွားမယ် ဟောဟိုကမ်းစပ် 
ခရုကောက်ရင်းတေးဆို 
နေညိုညိုမှာ ငိုမှာစိုးတယ်
မောင့်လက်ကိုတွဲ
အားသစ်ဖြစ်စေ နွေးထွေးစေ..။

လေအသော့မှာ တရိပ်ရိပ်ပြောင်းသွားတဲ့ တိမ်ပန်းချီတွေကို မော့ကာငေးရင်း ဟက်ဟက်ပက်ပက် ရယ်မောရင်း ကလေးငယ်လေးတွေလို ဆော့ပြေးဖူးတဲ့ ညနေတွေကို သတိအရမှာ ပြုံးမိပြန်သေးတယ် မောင်..။ နှုတ်ခမ်းပါးမှာ လက်တမ်းကဗျာလေးတွေ “တွဲခို..” မျက်ဝန်းနက်နက်မှာ အကြည့်လဲ့လဲ့တွေက “လက်စို..”။

ဒီလိုနဲ့ပါပဲ... ချစ်ခြင်းမူဟန်ကိုယ်စီနဲ့ ချစ်ခြင်းတွေကို ချခင်း.. ချစ်ခြင်းလမ်းမှာ ဖွဖွနင်းရင်း.. ချစ်ခြင်းနဲ့ ကြည်စယ်.. မပျယ်မဲ့ သစ္စာနဲ့ ချစ်ခြင်းကိုပွေ့ပိုက်လို့ အိမ်အပြန်တွေဟာ သိပ်ကိုလှပ လွန်းခဲ့ပါတယ်..။ ငှက်လေးတွေရဲ့ အိပ်တန်းတက် တေးဆိုသံကို ခြေရာကောက်တော့ နေကြာဝါဝါတွေက မခို့တရို့လေးနဲ့  ငိုက်မြည်းပြ ကြသေးတယ်...။


အိပ်မက်မှာ အာရုံခံ ရေတွက်ခဲ့တဲ့ ဟော.. ဟို နက်ပြာပြာ ကောင်းကင်ထဲက ကြယ်တွေလည်း အများကြီး ရှိခဲ့ဖူးသေးတာပေါ့။ ကျွန်မ ပြောပြမိခဲ့တာ မှတ်မိနေဦးမှာကို ယုံကြည်နေမိဆဲပါ...။ အဲ့ဒီညမှာ ဘယ်လို ကြယ်လေးမျိုးမှ မကြွေစေရဘူး ရယ်လို့ နှစ်ဦး သဘောတူ တိုးတိုးလေး ရွတ်ဆိုမိခဲ့ကြဖူးတယ် ဆိုပါတော့..။

“သဲပြင်ပေါ်မှာထိုင်ပြီး ညကောင်းကင်က ကြယ်တွေကို ကျွန်မတို့ လုပြီး ရေတွက်ကြမယ်လေ.. နော်”
“မေ့ကိုဝတ်ပေးဖို့ အနွေးထည်လေး တစ်ထည် ယူလာမယ်”

“ကျွန်မကကော ဘာယူလာမယ်လို့ မောင်.. ထင်လဲဟင်..”
“ဒေါက်ဖိနပ် တစ်ရံ..”

“ဟင့်အင်း..”
“ဟော.. ဆိုင်လည်း မဆိုင်ဘူးဆိုပြီး ပြုံးနေပြီ ဒါဆိုဘာလဲ တိုးတိုးလေးပြောပြ”

“ကြိုးလေး တစ်ကြိုး”
“ဟင်....”

“ဟုတ်တယ်.. မောင်“
“ဘာကြိုး..”

 
“ကြယ်သီကြိုး”
“မေ.... ရယ်” 

မှင်တက်မှုနဲ့ နူးညံ့သွားတဲ့ သူ့မျက်နှာဟာ နှစ်လိုဖွယ် တည်ကြည်နေသလို.. မျက်လုံးတွေထဲက ယုံကြည်ချက် သက်ငြိမ်ပန်းချီ တစ်ချပ်ကို  လှစ်ကနဲ မြင်ခွင့်ရလိုက်သူဟာ ကျွန်မဖြစ်ခဲ့ပါတယ်..။  အဲ့ဒီအချိန်လေးမှာ ရိုးရှင်းသန့်စင်တဲ့ ရင်ခုန်စီးကြောင်းလေးဟာ မောင်ဆုပ်ကိုင်ထားတဲ့ ကျွန်မဘယ်ဖက် လက်ဖျားလေးဆီကနေ ဖြစ်တည်ခဲ့တာပါ.. မောင်..။ ကျွန်မတို့ နံဘေးမှာ ကဗျာသစ်တစ်ပုဒ် ကခုန်တော့မယောင်..။ အကြည့်တွေပြိုင်တူနဲ့ ခေါင်းကိုပင့်လို့ ကောင်းကင်ဆီကို မော့အငေးမှာ လှိုင်းပုတ်သံလေးက တိုးသဲ့သဲ့..။


အမူပိုပို
ချစ်သူ့အတွက်
တိုးတိတ်တောင်းပန်
မပြိုပါနဲ့
တိမ်မိုးညိုရယ်
မေ.. ငြိုငြင်မှာ
စိုးလှတယ်..။

တအိအိ ပြိုဆင်းလာတော့မဲ့ မိုးသားတွေကို မောင်က ကဗျာလေးနဲ့ တဖွဖွတောင်းပန်ချိန်မှာ ကျွန်မဆံနွှယ်တွေကို လေအေးအေးက ကျီစယ်..။ လေအသော့မှာ ကျွန်မခေါင်းထက်က ခပ်ကွေးကွေး စံပယ်ကုံးလေးဆီက ရနံ့လေး ပျယ်မှာတောင် စိုးမိရသေးတယ်.. တဲ့လားကွယ်..။

“အချစ်ဆိုတာ ဘာများလဲ.. လို့ တကူးတက တွေးကြည့်ဖူးသလား မေ..”

“အို...! အချစ်...!!”

“ပြောကြည့်ပါလားဟင်”
“ချစ်ခြင်းနောက်ကွယ်မှာ တွဲလျက်ကပ်ပြီး တွယ်ငြိလာတဲ့ အရာတွေ အများကြီးပဲ မဟုတ်လားကွယ်..
သူ့တစ်ခုတည်းကိုတော့ အချစ်ဆိုတာ ဘာလဲဆိုပြီး ပုံသေ အဓိပ္ပါယ်ဖွင့်ဆိုလို့ မရနိုင်သလို.. ဖွင့်ဆိုနိုင်ဖို့လည်း လိုအပ်မယ်မထင်ပါဘူး... မေ ကတော့လေ ဘာတွေဖြစ်လာဦးမလည်း ဆိုတဲ့ အတွေးပေါင်းစုံနဲ့ ရင်မောမနေချင်ဘူး.. အဆုံးစွန်ထိ မေ.. တွေးကြည့်ဖူးသူပါ မောင်နဲ့မေကော ဒီလောက်ချစ်နေကြပြီး ခွဲခွာခြင်းဆိုတဲ့ တစုံတရာ မေတို့ဆီကို ရောက်မလာနိုင်ဘူးလို့ ပြောနိုင်လို့လား မောင်ရယ်... ခွဲခွာကြရရင်ကော တည်တည်ငြိမ်ငြိမ် မေ.. ရင်မဆိုင်နိုင်ပါဘူး.. အဆိုးဆုံးကို ကြိုတင်တွေးထားဖူးလို့ မေ့မှာ သတ္တိတွေရှိမယ် မောင်ထင်လား..!! ဟင့်အင်း မောင်ရယ် ခံစားနိုင်တယ် မခံစားနိုင်ဘူး ဆိုတာ သတ္တိနဲ့မှ မဆိုင်တာလေ.. နော်.. မခွဲရဖို့တော့ မေတို့ ကြိုးစားရမှာပေါ့.. ဘယ်လိုပဲ ဖြစ်ဖြစ်ပါကွယ်.. ဒီလိုနေ့လေးတွေ အတွက်ကော တသက်လုံးစာပါ  မောင့်ကို.. ချစ်တယ်...”  
 
“ဒါပေါ့ မေ.. ဝေးဝေးနီးနီး မောင်တို့ရင်ထဲက အချစ်တွေ ရှင်သန်နေသမျှ နူးညံ့သန့်စင်စွာနဲ့ ချစ်နေကြဖို့ပါပဲ.. မောင်ချစ်တာ မေ.. တယောက်ထဲ... ကဲ.. မေယူလာမဲ့ ကြိုးကလေးနဲ့ မောင်တို့အတွေးတွေထဲက ကြယ်လေးတွေကို တလုံးချင်း သီကြမယ်နော်..”
“ဟုတ်......”


မြတ်နိုးချစ်ခင် ယုံကြည်ခြင်းတွေနဲ့ သူဆိုပြဖူးတဲ့ ကဗျာလေးတွေကို ကျွန်မနားဝမှာ ကြားယောင်လာတိုင်း ချိုလဲ့လဲ့ ပုံရိပ်လေးတွေ ကျွန်မအနား ဖြတ်ဖြတ်ပြေးနေဆဲ..။ အခုဆိုရင်... ကျွန်မတို့တတွေ တယောက်အနားမှာ တယောက် မရှိနိုင်တော့တဲ့ နှစ်လတွေက မရည်တွက်နိုင်အောင် အများကြီးရှိနေပါပြီ..။ ဒါပေမဲ့... ကျွန်မစိတ်တွေက တရက်မှမခွဲခွာပဲ မောင့်ဘေးမှာ ရှိနေခဲ့တာပေါ့..။ ဒီလိုပါပဲ မောင့်.. ရင်ခုန်သံတွေလည်း ကျွန်မနဲ့ အနီးဆုံးမှာ လှုပ်ခါနေဆဲဆိုတာ ယုံကြည်လိုက်တာလေ..။

ကျွန်မကို ချစ်စနိုးနဲ့ မေမေ“မေ”.. လို့ ခေါ်တတ်တဲ့ ကျွန်မတူတွေ တူမတွေတောင် လူပျိုပေါက်လို့ ခေါ်ဆိုနိုင်လာတဲ့ အရွယ်တွေရောက်လို့နေပေါ့..။ မောင့်မှာလည်း ကျွန်မလိုပဲ တူတွေ တူမတွေ အများကြီး ရှိနေလောက်ပြီဆိုတာ ကျွန်မသိနေပါတယ်..။ ကျွန်မတို့ နှစ်ယောက်လုံး အိမ်ထောင် မပြုဖြစ်ကြတာကို တိုက်ဆိုင်မှု တစ်ခုရယ်လို့တော့ ပေါ့ပေါ့လေး ပြောမထွက်ပါဘူးကွယ်..။

ကျွန်မအတွက်ရယ်လို့ မောင်စပ်ပြီး သိမ်းထားနေတဲ့ မဆိုဖြစ်တော့မဲ့ ကဗျာလေးတွေ ဘယ်နှစ်ပုဒ်တောင် ရှိလို့နေပြီများလဲ..!! အဲ့ဒီလိုပါပဲ... ကျွန်မတို့ အတူတူ သီကုံးနေဆဲ ကြယ်လေးတွေကလည်း ကုန်မှ မကုန်နိုင်ပဲ..။ ကျွန်မတို့ ကြယ်သီကြိုးလေးက ဘယ်လောက်ပဲ ရှည်လျားလာပါစေ ဘယ်တော့မှ ပြတ်ထွက်မှာမှ မဟုတ်တော့ပဲလေ.. နော်..!!

ကျွန်မဆိုတာ မောင့် အသိလေးထဲမှာ ရှိနေသ၍ မောင်.. ဆိုတာ ကျွန်မနှလုံးအိမ် ထောင့်လေးတစ်နေရာမှာ နေရာယူထားသ၍.. ကျွန်မတို့ ဘယ်မှာ ဝေးကွာခဲ့လို့လည်း..!! မကြာခင်မှာပဲ ကျွန်မ ဆံပင်လေးတွေ ငွေရောင် သမ်းလာတော့မှာ မောင်ရဲ့..!! ပြုံးစစနဲ့ မဆီမဆိုင် ဆံပင်ကို သပ်တင်လိုက်မယ့် မောင့်ပုံစံကို ကျွန်မ အတွေးမှာ မြင်ယောင်လာမိတယ်..။ သြော်... မောင်လည်း နောက်ရာစုနှစ် တစ်ကွေ့ နှစ်ကွေ့ကျော်ရင် ဖိုးဖိုးပဲပေါ့ကွယ်..။ 


ကျွန်မနားဝလေးမှာ မောင့်ခေါ်သံလိုလို စကားပြောသံလိုလို ကျွန်မ အတွေးမှာ တိုးတိုးလေး ကြားမိလိုက်ပါတယ်..။

“ကဲ... အတွေးတွေ ဝေမနေနဲ့ မေ ရယ်.. မောင်တို့ မသီမိလိုက်ပဲ လွတ်သွားတဲ့ ကြယ်လေးတွေ များနေမှာ စိုးလှတယ်...” 
။။


~~~~~~~~~~~~~~~~။။။။။။~~~~~~~~~~~~~~~~~

ချစ်တတ်ခြင်းသည် အချစ်ဖြစ်သည်...။ ထို့အတူ
တရံတခါ၌ ဖြစ်ခဲ့သော
ချစ်ဖူးခြင်းသည်လည်း အချစ်ဖြစ်ပါသည်...။ ပုထုစဉ်မှန်လျှင် လောကတွင် အချစ်နှင့်ဝေးကွာသူ မည်သူရှိပါသနည်း..။ ဘဝတွင် အနည်းဆုံး တကြိမ်တခါမျှတော့ အချစ်ကို ခံစားဖူးပါလိမ့်မည်..။ ငယ်ရွယ်နုပျိုစဉ်တွင် ဖြစ်စေ.. တည်ငြိမ်ရင့်ကျက်သော အရွယ်တွင်ဖြစ်စေ.. အသက်အရွယ် ကြီးရင့်သော အခါတွင်ဖြစ်စေ.. နူးညံ့သော ချစ်ခြင်းတစ်ခု၌ (သို့မဟုတ်) ချစ်ခြင်းတစ်ခုနှင့် ရင်ခုန် မွေ့ပျော်ဖူးလေမည်..။ နှလုံးသားကို ဗဟိုပြု၍ ရင်၌တည်သော စစ်မှန်သည့် ချစ်ခြင်းသည် အသက်အရွယ်၊ ဂုဏ်ပကာသန၊ ရုပ်ရည်သွင်ပြင်၊ ဥတုရာသီမရွေး ကွေ့ကောက်ကင်းစွာ မိမိထံသို့ တန်းတန်းမတ်မတ် ချဉ်းနင်းဝင်ရောက် လာတတ်လေ့ ရှိပါသည်..။

ထို့နောက်.. နူးညံ့သန့်စင် လှပလွန်းသော ထိုချစ်ခြင်းသည် အသက်အရွယ်အားဖြင့် မည်မျှပင် ကြီးမြင့်သွားပါစေ နုဖတ်သည့် နှလုံးသားရင်ခွင် ကိုယ်စီ၌ ကိန်းဝပ်ရှင်သန် တည်မြဲနေလေ့လည်း ရှိတတ်ပါသေးသည်..။


(ခင်လေးငယ်)


ဖွင့်ဟချက်..။ ။ ဆရာမ မမမေငြိမ်းရဲ့ “အချစ်အကြောင်းပြောရအောင်” ဆိုတဲ့ ဝတ္တုကာဗာ ဖိုတိုပုံလေးကနေ စသွားခဲ့တဲ့ Tag post လေးပါ။ အချစ်အကြောင်းကို ဆက်ပြောဖို့ Tag ပါတယ် အားရင် ခင်လေးရေးပါလို့ ဆိုလာသူက မမသက်ဝေ  ပါပဲ..။ မရေးဖြစ်တာ သိပ်ကြာလွန်းနေတဲ့ ဘလော့လေးပေါ်မှာ စာပြန်ရေးဖို့ အချိန်နဲ့ အရှိန်ပြန် ယူနေတုန်းကာလ ဖြစ်သလို... အခက်ခဲလေးတွေ ကြားထဲကနေ ဒီစာတိုလေးကို ချစ်ခြင်းအားဖြင့် ရေးဖြစ်အောင် တွန်းပို့ခဲ့တဲ့ မမသက်ဝေနဲ့ အစ်ကိုတွေ အစ်မတွေ သူငယ်ချင်းတွေ အားလုံးကို ကျေးဇူးတင်မိရပါတယ်..။ 


Tuesday, February 8, 2011

ဒီနေ့...


ကျွန်တော်နဲ့သူ သိပ်ချစ်မိသွားကြတာ အတော်လေးတော့ ထူးဆန်းနေနိုင်ပါတယ်..။ ပြန်ပြောပြရမယ် ဆိုရင်လည်း စကားလုံးတွေက သိပ်တော့မရှိပြန်ပါဘူး။ နှလုံးသားထဲကို အလိုလို ရောက်လာပြီး နူးနူးညံ့ညံ့လေးနဲ့ အခိုင်အမာ သန္ဓေတည်သွားတာမျိုးလေးပါပဲ..။ ကျွန်တော့်ခြေတွေ သူ့ဆီ လှမ်းမသွားခဲ့သလို သူလည်း ကျွန်တော့်ကို မကမ်းခဲ့ပါဘူး..။ ဒါပေမဲ့ အံ့သြစရာကောင်းတာက ကျွန်တော်တို့ ဆုံမှတ်တစ်လေးခု အပေါ်မှာ အတူတူ ရပ်မိသွားကြတယ် ဆိုတာပါပဲ..။

ရင်ခုန်စရာ သိပ်ကိုလှပတဲ့ ဆုံမှတ်လေးပေါ်က စက်ဝိုင်းလေး တစ်ခုထဲမှာ ရပ်နေတဲ့ ခြေထောက်လေးနှစ်စုံ ရှိနေပါတယ်..။ 

အခိုင်အမာ အမှတ်တရ ရှိနေစေတဲ့ အရာတွေကတော့ ပြောလို့မကုန်နိုင်အောင် အများကြီးပဲပေါ့...။ သူဟာ ကျွန်တော့်အတွက် နှစ်လိုဖွယ်အကောင်းဆုံး အမျိုးသမီး ဖြစ်သလို သူကလည်း ကျွန်တော့် အမူအကျင့်တွေကို မြတ်နိုးပေးတတ်သူ တစ်ယောက်ပါ။ ကျွန်တော်နဲ့ သူ့မှာ တူတဲ့ အလေ့အထလေးတွေ အတော်များပါတယ်..။ အတူညီဆုံး မူဟန်တစ်ကွက်ကတော့ ကျွန်တော်တို့ နှစ်ဦးလုံး ပေပေတေတေနဲ့ လမ်းတွေလျှောက် နေတတ်ကြခြင်းပဲပေါ့။ ကျွန်တော်တို့ ဆုံဖြစ်ကြတိုင်း တစ်ယောက်ပုံစံ တစ်ယောက်ကြည့်လို့ ရယ်မောမိကြတာလည်း အကြိမ်ကြိမ်။

ကျွန်တော်တို့ဟာ အပေါ်ယံမျက်လုံးတွေနဲ့  ပတ်ဝန်းကျင်ကိုစာဖတ်ဖို့ မကြိုးစားသလို ဟန်ဆောင်ခြင်းတွေကို မီးရှို့ကာ ပြာချထားတတ် ကြသူတွေပဲ ဖြစ်ပါတယ်...။

ငွေကြေး ဂုဏ်ပကာသန အရှိန်အဝါတွေနဲ့ ပတ်သက်လို့လည်း အာရုံဝင်စားဖို့ မတတ်ကြသူတွေပါပဲ..။ ကျွန်တော့်လက်တစ်ဖက် ကမ်းပေးလိုက်တာနဲ့ အပြုံးလက်လက်လေးနဲ့ သူ့လက်ဖဝါးလေးကို လာထည့်ပေးတတ်သူဟာ ကျွန်တော့်သူပဲပေါ့။ ထွေထွေထူးထူး ကြိုးညှိစရာ မလိုပါပဲ အော်တိုလေး ကာရံညီသွားကြမြဲပါပဲ..။ သူနဲ့ကျွန်တော်ဟာ တောက်ပြောင်ပြောင် အဝတ်စားမျိုးကို မုန်းတီးခြင်းဋီကာချဲ့လို့ အထူးအဆန်းနဲ့ အရောင်တွေအကြောင်း အလုအယက် အတင်းပြော တတ်ကြသူတွေလည်း ဖြစ်ပါတယ်..။ ဖွာကျဲကျဲဆံပင်တွေ ကိုယ်စီနဲ့ ကျွန်တော်တို့ဟာ အရောင်ပျယ် ဂျင်းဘောင်းဘီတွေ ဖရို့ဖရဲ ဝတ်ရခြင်းကို ခုန်မင်တတ်သူတွေပါ။  

ငြိမ်သက်နေရာကနေ သီချင်းတစ်ပုဒ်ကို ရုတ်တရက် နှုတ်ကထုတ်ဆိုမိတိုင်း သူလည်း ကောက်ခါငင်ခါနဲ့ အဲ့ဒီသီချင်းကိုပဲ ဆိုညည်းလိုက်တာမျိုး တူနေတတ် ပြန်သေးတယ်..။

ချစ်ဖို့ကောင်းတဲ့ တိုက်ဆိုင်မှုလေးတွေ ကျွန်တော်နဲ့ သူ့ကြားမှာ ခဏခဏ ကြုံရတတ်ပါတယ်..။ လူတွေကြားထဲမှာ တိုးဝှေ့ဆွဲခေါ်ရင်း သူ့လက်လေးကို တင်းနေအောင် ဖျစ်ညှစ်လိုက်ရင် သူက သူမှီတဲ့ ကျွန်တော့် မေးစေ့ကို ခေါင်းလေးမော့ပြီး ဖြတ်ကနဲ နမ်းတတ်တဲ့ သူလည်းဖြစ်ပါတယ်..။ ရှုပ်ပွနေပြီးသား သူ့ဆံနွှယ်တွေကို မျက်လုံးတွေဖုံးတဲ့အထိ ကျွန်တော် စနောက်ကာ ဖွတတ်တဲ့အခါတိုင်း ဂျစ်ပေပေ မျက်စောင်းနဲ့ ဝေ့ကြည့်တတ်သေးတယ်..။ ဒါပေမဲ့လည်း သူ့နှုတ်ခမ်းပါးလေး တွေကတော့ ပြုံးနေတာပါပဲ...။

သူ့ရဲ့ နှစ်နှစ်ခြိုက်ခြိုက်လေး အပြုံးလေးတွေ မြင်နေရရင် ကျွန်တော်ကျေနပ်နေသလို ကျွန်တော် ပျော်နေတိုင်းလည်း သူ့ဘဝ.. လို့ ကဗျာဆန်ဆန် ပြောတတ်သေးသူပေါ့..။

ကျွန်တော်သူ့ကို ချစ်စရာ အမည်းရောင် ဂစ်တာလေးတစ်လုံး လက်ဆောင်ပေးဖူးပါတယ်..။ သူတစ်ယောက်ထဲ ရှိနေတဲ့ အချိန်တွေမှာ ကျွန်တော့်ဆီကရတဲ့ ဂစ်တာလေးနဲ့ စကားတွေ ပြောတတ်တဲ့အကြောင်း ကျွန်တော့်ကို ပြန်ပြောရင်း ရှက်စနိုးနဲ့ ရယ်မောတတ်ပြန်သေးတယ်.။ ကျွန်တော်တို့နှစ်ယောက်ဟာ ဂစ်တာလေးကို အထီးအမခွဲရင်း သားလေးလား..! သမီးလေးလား..! လို့ ငြင်းခုန် တတ်ကြပါသေးတယ်..။ “ဟိုမကျ ဒီမကျ အခြောက်လေးများ ဖြစ်နေရင် ဒုက္ခ...” လို့ ကျွန်တော် နောက်ပြောင်ရင်တော့ သူမကြိုက်ပါဘူး။ အဲ့လို စနောက်တိုင်းလည်း ကလေးတစ်ယောက်လို စိတ်ကောက်ပြန်တာ ကျွန်တော့်သူ... ပဲပေါ့..။ ကြာရှည် စိတ်မကောက်တတ်တဲ့ သူ့စရိုက်လေးကိုလည်း ကျွန်တော် အရမ်းကို ချစ်ပါတယ်။ ကျွန်တော်ဟာ သူစိတ်ဆိုးအောင် စိတ်ရှည်ရှည်နဲ့ ခဏခဏ စတတ်သူပါပဲ..။

ကျွန်တော်တို့ ချစ်သူ့သက်တမ်း တလျှောက်လုံးမှာ  ကြီးကြီးမားမား တစ်ခါမှ ရန်မဖြစ်ဖူးကြပါဘူး..။

ကျွန်တော်နဲ့သူ့ကြားမှာ ချည်နှောင်ထားတဲ့ ကြိုးတွေကို သူများတွေ မြင်သာအောင် ချပြဖို့မလိုအပ်ဖူးလို့ ခံယူထားကြသူတွေပါပဲ.။ သူဟာ ကျွန်တော်သိပ်ချစ်တဲ့ ချစ်သူတစ်ယောက်ဖြစ်သလို ကျွန်တော့် အတွက် အရမ်းလိုအပ်တဲ့ တိုင်ပင်ဖော် သူငယ်ချင်းဆိုလည်း မမှားပြန်ဘူး..။ ကျွန်တော့် သူ့ကို အစ်မတစ်ယောက်လို လေးစားမြတ်နိုးသလို ကျွန်တော့် ညီမငယ်လေး တစ်ယောက်လိုလည်း သူ့ကို ပူပန်တတ်သေးတယ်..။ ကျွန်တော်တို့ တစ်ယောက်ကိုတစ်ယောက် ယုံကြည်မှု အပြည့်အဝ ပုံအပ်လက်ချင်းတွဲလို့ လမ်းတွေ ဆက်လျှောက်နေကြတာပါပဲ..။

မိခင်တစ်ယောက်က ကလေးတစ်ယောက်ကို ယုယသလိုမျိုး သူပေးတဲ့ အကြင်နာတွေ ရတတ်ချိန်တိုင်း မျက်ရည်ဝဲ လောက်အောင်အထိ ကျေးဇူးတင် ကြည်နူးရသူဟာ ကျွန်တော်ပါပဲ..။

လူတွေကြားထဲ လက်တွဲသွားရင်း ကျွန်တော့်ကို လှည့်ကြည့်တတ်တဲ့ ကောင်မလေးတွေ တွေ့ခဲ့ရင်လည်း သူဟာ အပြုံးမပျက် တတ်သူမျိုးပေါ့..။ ကျွန်တော် ကိုယ်တိုင်ကလည်း သူ့ကို ဂရုတစိုက်ရှိတတ်တဲ့ အမျိုးသားတွေ ရှိနေရင်တောင် ဝန်တိုစိတ်ဆိုတာမျိုး လုံးဝမဖြစ်တတ်ပါဘူး..။ ဒါဟာလည်း ကျွန်တော်နဲ့ သူ့ရဲ့ အပြန်အလှန် အကြွင်းမဲ့ ယုံကြည်မှုတွေကြောင့်ပါပဲ..။ ကျွန်တော်နဲ့သူ ကိုယ်ဆီအိမ်ပြန်ဖို့ လမ်းခွဲနှုတ်ဆက်ချိန်တွေမှာ “စိတ်ချမယ်နော်...” လို့ ကျွန်တော်ပြောတိုင်း.. သူကလည်း ကျွန်တော့်ကို ပြုံးကြည့်ရင်း ခေါင်းလေး ညိတ်ပြတတ်ပါတယ်..။

တခါတလေတော့ ခေါင်းကိုငဲ့စောင်းလို့ မျက်လုံးလေးတွေစွေပြီး ချစ်စနိုးလုပ်တတ်တဲ့ သူ့မျက်စောင်းလေးကို ချွင်းချက်အဖြစ် ကျွန်တော် ရတတ်ပါသေးတယ်..။

ကျွန်တော်သူ့ကို ဘယ်အရာမျိုးမှာမှ ပိတ်ပင်တားဆီး ချုပ်ချယ်တာမျိုး မလုပ်တတ်ပါဘူး..။ ပွင့်လင်းထက်ြမက်တဲ့ သူ့စိတ်လေးကို ကျွန်တော်အလေးထား အသိအမှတ်ပြုလို့ မြတ်နိုးပါတယ်။ သူဟာ အမိန့်ပေးခံရခြင်းကို မုန်းသလို သူ့ဘောင်လေးထဲမှာ ပျော်ရွှင်လွတ်လပ်စွာ နေထိုင်လှုပ်ရှား နေခြင်းကို သူကိုယ်တိုင် လေးစား တန်ဖိုးထားတတ်တာကို ကျွန်တော်သိနေလို့ပါ..။ ကျွန်တော်တစ်ခုခုကို အလွန်အကျွံမဖြစ်စေဖို့ သူသတိပေးတတ်သလို ကျွန်တော်ကလည်း သူ့ကျန်းမာရေးနဲ့ ပတ်သက်လို့ သူနားလည်လက်ခံအောင် ပါးပါးလေးလှစ်ကာ ပြောပြနားချမိ တတ်ပါတယ်..။

သူသတိပေးသမျှကို ကျွန်တော် ခေါင်းညိတ်နားထောင်သလို သူကလည်း ကျေကျေနပ်နပ် ဆင်ချင်နေထိုင် ပေးတတ်လို့ ကျွန်တော်သူ့ကို အချစ်ပိုရပြန်တာပါပဲ..။

သူဟာ ကျွန်တော့်ကို အတိုင်းထက်အလွန် နားလည်ပေးတတ်သူပဲ ဖြစ်ပါတယ်..။ သူနဲ့ ပတ်သက်လို့ အကြိမ်ကြိမ် ကျွန်တော့်ကိုယ် ကျွန်တော်အားမရ ဖြစ်မိတတ်တယ်..။ သူစိတ်ညစ်သွားမှာမျိုးကို ကျွန်တော် မလိုလားပါပဲ မတတ်သာတဲ့ အခြေအနေတွေပေါ်မှာ နင်းလျှောက်ရတိုင်း ကျွန်တော့် စိတ်ခြေလှမ်းတိုင်းက လေးပင် တွန့်ဆုတ်နေတတ်တာ ဘယ်သူမှ သိနိုင်မယ်မထင်ပါဘူး။ သူ့ကို ကျွန်တော် စိတ်မဆင်းရဲစေချင်တာ ကျွန်တော်သာ အသိဆုံးမို့ပါ..။ ကျွန်တော့်ဘဝရဲ့ တစ်နေရာရာမှာ သူရှိကို ရှိနေမှဖြစ်မှာပါ..။ ကျွန်တော် သူ့ကို အဲ့လောက်ထိ လိုအပ်ပါတယ်..။

သူ့ဆန္ဒ သူ့အလိုမှန်သမျှကို အလိုက်တသိ ဖြည့်ဆည်းပေးနိုင်တဲ့ ကျွန်တော် ဖြစ်ချင်ပါတယ်။

ကျွန်တော်သူ့ကို ရည်းစား ဘယ်နှစ်ယောက်ထားခဲ့ဖူးလဲ ဆိုတဲ့မေးခွန်းမျိုး မေးဖို့စိတ်မဝင်စားသလို သူသိနေတဲ့ ကျွန်တော့် အတိတ်တွေနဲ့ ပတ်သက်လို့လည်း ကျွန်တော့်ကို စိတ်ရှုပ်အောင် မလုပ်တတ်ပါဘူး..။ ကျွန်တော်တို့ နှစ်ယောက်လုံး ပစ္စုပ္ပန်ကို မြတ်နိုးပါတယ်..။ “ဒီနေ့..” ဆိုတာကို ချစ်ပါတယ်...။ “ဒီနေ့..” ကျွန်တော် သူ့မျက်နှာလေး ပြုံးသွားအောင် ဘာလုပ်ပေးနိုင်မလဲ တွေးသလို သူကလည်း “ဒီနေ့..” ကျွန်တော့်ကို ဘယ်လို ယုံကြည် နားလည်မှုတွေ ထပ်ပေးနိုင်မလဲ ကျိုးစားနေတာကို ကျွန်တော်သိနေပါတယ်..။

သူ့အရိပ်တွေနဲ့ “ဒီနေ့..” ဆိုတာကို ကျွန်တော် ဆုပ်ကိုင်နိုင်သလို ကျွန်တော့် မေတ္တာတွေနဲ့ ဒီနေ့လေးမှာ သူ့စိတ်တွေကို အေးချမ်းပျော်ရွှင်ခွင့်လေး ပေးနေပါရစေ..။ 

ကျွန်တော့်အတွက် ဒီနေ့ဟာ လှပပြီး သူ့အတွက် သူပိုင်ဆိုင်ရမဲ့ ဒီနေ့လေးမှာ ကျွန်တော်နဲ့ အတူတူ နှစ်နှစ်ခြိုက်ခြိုက်လေး ပြုံးနေနိုင်ပါစေ...။ ကျွန်တော်တို့ကို မနက်ဖြန်အကြောင်းလေး ခဏလောက်တော့ မေ့ထားခွင့်ပေးပါ..။ ကျွန်တော်တို့ နှစ်ယောက်လုံး ဘဝအတွက် လုပ်ဆောင်စရာတွေ အမောတွေ အများကြီးရှိနေသေးတာ ကျွန်တော်တို့ ကိုယ်တိုင် သိထားကြပါတယ်..။ ဒါပေမဲ့... ကျေးဇူးပြုပြီး ထပ်ပြောပါရစေ.... ကျွန်တော်နဲ့သူ့ကို မနက်ဖြန်တွေအကြောင်း ဒီနေ့မှာ မေ့ထားနိုင်ဖို့ ခဏလေးတော့ ခွင့်ပြုပေးကြပါ...။

ဒီနေ့လေးမှာ ကျွန်တော် သူ့ပါးလေးတွေကို နူးညံ့ကြင်နာစွာနဲ့ ဖွဖွလေး နမ်းပါရစေ..။ 

သူကလည်း သူ့လက်ဖဝါး နွေးနွေးလေးတွေနဲ့ ကျွန်တော့်လက်တွေကို မြတ်မြတ်နိုးနိုး ပြန်လည်ဆုပ်ကိုင်ထား ပါလိမ့်မယ်..။

ဒီနေ့လေးကို ကျွန်တော်နဲ့သူ ကြည်နူးစွာနဲ့ သိပ်ကို လိုလားပါတယ်။

ကျွန်တော်တို့ရဲ့ မျက်လုံးတွေကိုမှိတ်ပြီး “ဒီနေ့..” လေးကို သာယာငြိမ်သက်စွာနဲ့ ချိုမြိန်နာရီတွေပေါ်မှာ တွဲခိုစီးလို့ နေနေပါရစေ..။ 

ချော့ကလက်နံ့လေးတွေ ထုံအီနေမဲ့ ရောင်စုံအိပ်မက် လှလှလေးတစ်ခုကို အတူတူမက်ရင်း “ဒီနေ့..” လေးကို  ရင်ခုန်သံတွေနဲ့  ဖြတ်ကျော်ခွင့်ပေးပါ....။

ကျွန်တော်တို့ နှစ်ယောက် သိပ်ကို မျှော်လင့်ခဲ့ကြတဲ့ “ဒီနေ့..” လေး ကို ကျွန်တော်နဲ့.... သူ.... .... .... .... ....!!!!


တူငယ်...တူမငယ်၊ မောင်ငယ်...ညီမငယ်လေးတွေအတွက် ဗာလင်တိုင်း လက်ဆောင်အဖြစ် အမှတ်တရ ပေါ့ပေါ့ပါးပါးလေး ရေးဖွဲ့တာပါ။ ချစ်တတ်သူတိုင်း နူးညံ့ ရင်ခုန်သံတွေနဲ့ ပျော်ရွှင်သာယာ ကြည်နူးနိုင်ကြပါစေ....။

(ခင်လေးငယ်)


Wednesday, November 17, 2010

ကြယ်ကြွေကကြိုး (ကဗျာရွတ်သံ)


..(ကဗျာရွတ်သံနှင့်အတူ နားဆင်ခံစားနိုင်ရန်)

ကြယ်ကြွေကကြိုး

ကုက္ကိုလ်ကိုင်း ကြိုးကြာ ကူး
ကောင်းကင် ကို ကြိုးကြာ ကြည့်
ကောင်းကင်ကျယ် ကြိုကြိုကြား
ကြယ်ကကြိုး ကျော်ကြား..။

ကောင်းကင်ကြား ကြယ်က က
ကြိုးကြာ ကြည့် ကြယ်ကကြိုး
ကံကုန်ကြယ် ကြွေကာကျ
ကြည့် ကြိုးကြာ ကြေကွဲ..။

ကြွေကျကြယ် ကျောက်ကြိုကြား
ကျိုးကျိုးကြေ ကျကာကွဲ
ကြယ်ကြွေကောက် ကူကြိုးကြာ
ကယ်ကြောင်းကြံ ကွဲကြေ..။

ကြွေကြိုးကြာ ကြယ်ကျိုးကောက်
ကောင်းကင် ကို ကြေကွဲကြည့်
ကောင်းကင်ကြီး ကကြိုးကင်း
ကြယ် ကြွေ က ကြိုး.. ကြိုး ကြာ ကြေ ကွဲ..။

(ကိုရင်နော်)

အသံဖိုင် Link

ဖွင့်ဟချက်။    ။ ကောင်းကင်မှာ ကြယ်ကကြိုးနဲ့အတူ ကနေတဲ့ ကြယ်ကလေး ကျောက်တောင်ကြားထဲ ကြွေအကျ.. ကြယ်ကပွဲ ကြည့်နေတဲ့ ကြိုးကြာငှက်ကလေးက ကယ်ယူဖို့၊ ကူညီဖို့ ကြိုးစားရင်း ကြယ်အကျိုးအကြေ အပိုင်းအစလေးတွေကိုသာ ကြေကွဲစွာ ကောက်ယူခဲ့ရတဲ့ အဖြစ်အပျက်လေးကို တစ်လုံးကဗျာအဖြစ် ၂၀၀၉၊ မတ်လ တုန်းက ရေးခဲ့ပါတယ်..။ အခုတော့ ဒီကဗျာလေးရဲ့ ခံစားချက်ကို အသံအဖြစ် မျှဝေကြည့်ချင်တာကြောင့် ရွတ်ဆိုထားတာပါ..။ နားဆင်ပေးတဲ့ အတွက် ကျေးဇူပါ..။

Monday, November 8, 2010

ဖွတ်

ဖွတ်ဖော်ဖွတ်ဖက်
ဖွတ်ဖင် ဖွတ်ဖူး
ဖွတ် ဖွံ့ဖြိုးဖို့... ဖွတ်ဖွဲ့ ဖွဲ့..။
(((((..ဖြီးးး..)))))
 
(ကိုရင်နော်)

Tuesday, November 2, 2010

မြွေဆိုးတစ်ကောင် အရေခွံလဲလိုက်သလို..


မြွေဆိုးတစ်ကောင် အရေခွံလဲ

အဆိပ်ရှိဆဲ...

အစွယ်ရှိမြဲ...

အန္တရာယ်ပေးမှာ မလွဲ...

မြွေဟာ မြွေပဲ..။

(ကိုရင်နော်)

Sunday, October 31, 2010

ဆူညံနေသောတီးတိုးစကားသံများ (၂)

 
“သတင်းတွေ ကြားပြီးပြီလား xxx..xxx....xxxx..xxxx...xx”

“ရှူး..!! တိုးတိုး.. ... xxx... ... xxx”
“စိတ်ကို မဝင်စာဘူး.. မင်းစဉ်းစားကြည့်ကွာ..... xx ...xxx ..”
“ဟာ.. ဒါတော့ လွန်တာပေါ့.. xxx.. xx.. xxx.. xxx ....”
“အေးလေ မဖြစ်သင့်ဘူး....xx ..xx”
“ဟေ့လူ.. တိုးတိုး ပြောပါဆို.. .. xxx .. xxx xxxx ....”
“အမှန်တကယ်ဆိုဗျာ.. ဖြစ်သင့်တာက.. xxx.. xxx...”
“တအိမ်တက်ဆင်း ဆိုပဲ... xx..xxxx...xxx..xxxx”
“..xxx...xxx.....xxx.. ဒါဆို ဘာထူးမှာလဲကွာ..”
“...xxx ..xx..xxx မဟုတ်ဘူးလား ကျုပ်ပြောတာ..”
“(၃) နာရီ တိတိ တဲ့..xxx..xx”
“အေးကွ ရာဘာ ဖိနပ်ကြီးနဲ့..xxx..xxx...xxx”
“ခင်ဗျား စဉ်းစားကြည့်လေ.. xxx...xxx...xx....xxxx..”
“ယတြာတမျိုးလို့ ပြောကြတာပဲ..xxx..xx”
“...xxx..xxx....အဲ့ဒါပေါ့ .. ”
“ဟုတ်တယ် ကျုပ်လည်း..xxx...xxxx..xx”
“..ခက်တာပဲ....xxx...xxx...xx....xxxx..”
“ငါလည်း မထည့်ဘူး..xxx...xxx..xx..”
“တိုးတိုးပြောပါဆို..xx..xxx..xxxx..”
“ဓါတ်တိုင်တွေ မှာ..xx..xxx..xx”
“...xx..xxx..လုပ်ချင်ရာသာ လုပ်ကြကွာ.. xxx.. xx..xx...”
“အင်း.. အဲ့ဒါပြောတာပေါ့....xx..xxx...xx”
“ထမင်းမှန်မှန် စားနေရရင် ပြီးတာပဲ..xx..xxx...xx”
“တသက်လုံး ငါးပိရည်နဲ့ စားချင်လို့လား..xx..xxx..xx”
“ကြည့်လို့မှ မရတာ..xx..xxx...xx”
“လိုင်းက တက်ကိုမတက်ဘူးပဲ.. xx..xxx..xx”
“အဲ့ဒါလည်း ပုံတူကူးတာပဲကွ.. xx..xxx..xx”
“တော်တော်ဆိုးတဲ့ ယတြာ..xx..xxx..xx” 
“ဘယ်လို..! အီသီယိုပီးယား နဲ့တူတယ် ဟုတ်လား....xx..xxx...xx”
“ဟားဟားဟားဟားဟား..xx..xxx..xx”
“ကျွန်တော်ပြောတာဗျာ... ဒီလို..xx... xxx.. xxx.. ”
“ဒါပေါ့..xx..”
“တကယ်ဆိုကွာ ဒီကောင်တွေ.xx...xxx..xx..xxxx”
“မင်းစဉ်းစားကြည့်...xx..xxxx”
“လုံခြည်ဝတ်တာလား ချိတ်ထမီတွေလားကွ..xxx..xxxx..xx”
“စိတ်ညစ်ပါတယ်..xx..xxx..”
“ဒုတိယ အကြိမ်..xx..တဲ့..xx..xxxx”
“...xx.. သတိထားပြောဦး...xx..xxxx..xx”
 “ဒါကို ထောက်ခံတယ်..xxx..xx”
“မထည့်ပဲနေရင်လည်း ရတာပဲတဲ့..xx..xxx..xx”
“ဘာတွေဖြစ်မယ်မသိဘူး...xx..xxxx”
 “မင်္ဂလာဒုံကိုသွားမှာ လှည်းတန်းလောက် ရောက်လည်း နည်းလား..!! တဲ့..xx..xxx..”
 “ငါကတော့ မထင်ဘူး..xx..xxx..xx”
“ရပ်နေတာထက်စာရင် နည်းနည်း ရွေ့ကြည့်တဲ့ သဘော တဲ့..xx..xxx..xx” 
“ဒီပုံစံနဲ့တော့ မလွယ်သေးပါဘူးကွာ...xx..xxxx”
“ဟိုက အများကွာ သူတို့က လေးငါးယောက်..xx..xxx..xx”
“ဝိုင်းပြီး နှိပ်ကွပ်ထားလိုက်ရင် သွားရော..xxx..xx”
“မျက်နှာကြောတွေကတော့ တင်းနေတာပဲ..xxx..xx”
“နားထောင်ပါတယ်ကွာ.. ညတိုင်းနားထောင်တာပဲ..”
“..xx...xxx..xx...xxxx..xx”
“ဟုတ်တယ်..”
“ဒီကောင်တွေကတော့ကွာ..xx..xxx..xx”
“အဓိပ္ပါယ်မှ မရှိတာxxx..xx”
“အွန်လိုင်းမှာတော့ ပျံ့နေတာပဲတဲ့...xxx..xx”
“ကြည့်ရတာပေါ့....xx..xxx..xx” 
“အင်္ဂလိပ်လို ပြောသွားတာ..xx..xxx..xx”
 “xx..xxx..xx သမီး..တဲ့..xx..xxx..xx”
“..xx..xxx..xx.. တခြားစီပဲ..xx..xxx..xx.. သူဆီ သင်တန်း သွားတက်ခိုင်းရမယ်..” 
“ဟားဟားဟား ဒီဘဲကြီးကတော့ ထစ်အ ထစ်အ နဲ့..xx..xxx..xx”
“ငါလည်း ကြည့်ရတယ်..xxx..xx”
“စိတ်ရောလူရော နစ်ပြီး လုပ်နေတာပဲ..xxx..xx”
“မင်းစဉ်းစားကြည့်ကွာ သူများမလုပ်ချင်တဲ့အလုပ်..xxx..xx”
“ငါတော့ လေးစားတယ်..xxxx..xxx..xx”
“သူ့ကိုယ်သူ သုဘရာဇာ လို့ကို ခံယူလိုက်တော့တာ..xxx..xx” 
“ဒါပေါ့ ဘဝသရုပ်ဖော် ဇာတ်ကား စစ်စစ် ဆိုတာ..”
 “..xxxx..xxx..xx”
“လမ်းခင်းတဲ့ ကိစ္စလား..!!!..xxxx..xxx..xx”
“ဟားဟားဟား.xxxx..xxx..xx”
 “အဲ့ဒီလိုဆိုတော်သေးတယ်....xxxx..xxx..xx”
“ဆုတောင်းပေါ့ကွာ..xxx..xx”
 “..xxxx..xxx..xx”
“...xxx.. xxx ”
“ဘာ..!!! ပုဆိုးလှန်ပြတယ်..!!.. ဟုတ်လား..xxxx..xxx..xx”
 “..xxxx..xxx..xx..xxxx..xxx..xx”
 “..xxxx..xxx..xx”
 “..xxxx..xxx..xx”
“@#$%^&*+~@$#%^%&*...xx..xxx..xx”

(ကိုရင်နော်)

Saturday, October 23, 2010

Tropical Storm GIRI


Tropical Storm GIRI မုန်တိုင်း ပျက်ပြယ်သွားပြီဖြစ်ပါသည်။

ဘင်္ဂလား ပင်လယ်အော်အရှေ့အလယ်ပိုင်းမှတဆင့် ဝင်ရောက်လာသော Tropical Storm GIRI သည် စစ်တွေ၊ ကျောက်ဖြူနှင့် ရခိုင်ပြည်နယ်အတွင်း အရှိန်ပြင်းစွာ တိုက်ခတ်လျှက်ရှိပြီး မြန်မာနိုင်ငံ အရှေ့မြောက်ဘက်သို့ ဦးတည်ကာ ကုန်းတွင်းပိုင်းသို့ ဝင်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ သတိပြုနိုင်ရန်နှင့် မုန်တိုင်း အခြေအနေအား စောင့်ကြည့်နိုင်ရန်  မုန်တိုင်းနှင့် သက်ဆိုင်သော Link များအား မျှဝေလိုက်ပါသည်။

Tropical Storm GIRI နှင့် ပတ်သက်သော အသေးစိတ်အချက်အလက်များအား Tropical Storm Risk (TSR) တွင် အချိန်နှင့် တပြေးညီ စောင့်ကြည့် လေ့လာနိုင်ပါသည်။


၃) (၂၂-၁၀-၂၀၁၀) နေ့တွင် တင်ခဲ့သော ပုံများအား ပုံ (၁)၊.....  ပုံ (၂)၊.....  ပုံ (၃)၊ တွင် ပြန်ကြည့်နိုင်သည်။

အထက်ဖော်ပြပါ ဆိုဒ်မှ ခန့်မှန်းပုံများ မှန်ကန်မှု ရှိ/မရှိ နှင့် ယုံကြည်လက်ခံနိုင်မှု အဆင့်အတန်းအား မြန်မာနိုင်ငံသို့ ရက်စက်စွာ ဝင်ရောက်ခဲ့သော နာဂစ်(စ်) မုန်တိုင်း   (၁) ဝင်ရောက်ပုံ နှင့် (၂) ရန်ကုန်မြို့အားတိုက်ခိုက်ပုံ link များနှိပ်၍ ပြန်ကြည့်ကာ သုံးသပ်နိုင်ပါသည်။

Tropical Storm Risk (TSR) ဆိုဒ်တွင် ပုံကြည့်ရန်အညွန်း

၁) မြန်မာနိုင်ငံအတွင်းသို့ ဦးတည်နေကြောင်း ပြသထားသည့် မျှားအား နှိပ်၍ကြည့်နိုင်သည်။

၂) ညာဘက် Side Bar တွင် Tropical Storm Tracker အောက်ရှိ GIRI ဆိုသော စာသားအား နှိပ်၍ ကြည့်နိုင်သည်။

၃) Side Bar တွင် ဖေါ်ပြထားသော Tropical Storm Wind Probabilities များကို နှိပ်၍ကြည့်နိုင်သည်။

၎) ခန့်မှန်းပြ ပုံများသည် အချိန်နှင့် တပြေးညီ ပြောင်းလဲနေနိုင်ပါသည်။

လက်ရှိဖြစ်ပေါ်နေသော မုန်တိုင်းနှင့် ပတ်သက်သော သတင်းများ ဖော်ပြထားသည့် ဆိုဒ်များ

၁) Severe cyclonic storm Giri  )    ( Cyclone hits Myanmar coast

၂)  The Global Disaster Alert and Coordination System (Red alert for Tropical Cyclone GIRI-10 for Myanmar)

၃) Emirates Meteorology Portal

၎) Myanmar Climate Change Watch (ဦးထွန်းလွင်)

၅) မြန်မာပြည်သို့ ဦးတည်နေသော Cyclonic GIRI မုန်တိုင်းနှင့် တရုတ်ပြည် ကမ်းရိုးတန်းဘက် ဦးတည်နေသော Typhoon MEGI မုန်တိုင်းကြီး

၆) Freedom News Group (ကြားဖြတ်အထူးသတင်း)

၇) မိုးမခ (Cyclone Giri entering into Rakhine State of Burma with 120 mph)

၈) NASA (Cyclone Giri - Northern Indian Ocean)

(ကိုရင်နော်)