Thursday, June 5, 2008

“ည..”

“ည”ဟာကျမကို ဖြေသိမ့်ဖို့ရောက်လာတယ်..။ ကျမက ဖြေသိမ့်ခံဖို့ “ည”ထဲကို တိုးဝင်ခဲ့ပြီ။ မီးတွေပိတ်လို့ အမှောင်ချထားတဲ့ အခန်းလေးက “ည”ရဲ့ဝိညာဉ်ကို ခံစား ထိတွေ့ဖို့ အဖြည့်ခံ တစ်ခုထင်ရဲ့။ သီချင်းတစ်ပုဒ်ကို ဖွင့်ပြီးကြိုတယ်။ သံစဉ်နဲ့အညီ ပြေးနေတဲ့ အသံဝေ့(ဖ်)ရဲ့ အပြာရောင် မီးတန်းလေးရယ်၊ သီချင်းသံ သဲ့သဲ့ရယ်... အသက်ရှူသံ တိုးတိုးလေးနဲ့ မိန်းမတစ်ယောက်ရယ်... ဒါအကုန်ပါဘဲ.....။

“စကားလေးပြောသလိုဘဲ... သူကိုယ့်နားရောက်လာပြီးတော့.......
ကပ်ထိုင်သွားသလိုဘဲ...”
“ကိုယ့်လက်လေးတွေ နွေးထွေးလာတယ် ချစ်သူလေးရယ် ထွေးလှည့်ပါကွယ်
............ဒါလည်း အတွေးပါဘဲ..........”

ရင်ခုန်သံတွေ မြန်လာတယ်။ မျက်လုံးတွေ ကိုတင်းနေအောင် ပိတ်လိုက်ပြီ။ အိမ်အပြင်မှာ လေတွေတိုက်နေလား....!! မိုးတွေရွာနေတာလား....!! နှင်းတွေများကျလို့နေလား....!! ဘာဆိုဘာမှ မသိတော့။ ကိုယ်ထဲမှာ လှည့်လည်နေတဲ့ သွေးတွေရဲ့ စီးဆင်းမှု့ကလိုအပ်တာထက် ပိုနှေးနေသလိုဘဲ.... တကိုယ်လုံး ထုံထိုင်း လေးလံနေတယ်။ “ည”ဟာ စိတ္တဇ ဆန်လာတယ်... “ည”ဟာ မည်းသထက်မည်းမှောင်လာတယ်။

“ည”ဟာဖြေသိမ့် တတ်သလို.... “ည”ဟာ မှော်တွေနဲ့ စီရင်ထားတဲ့ စပါးကြီးမြွေတစ်ကောင်ထက် ညှို့အားပြင်းလို့နေပြန်တယ်။ အဲဒီလို... အညှို့ခံထားရတဲ့ မိန်းမတစ်ယောက်ကရော ခြောက်ခြားနေမယ်လို့များ ထင်နေလား....!! နှုတ်ခမ်းလေးတွေ ကော့ညွတ်နေအောင် ပြုံးနေခဲ့တယ်ဆိုတာ.... ဘယ်သူကများ သိမှာတဲ့လည်းကွယ်...............!!

(ခင်လေးငယ်)

3 comments:

ကိုရင်နော်ခင်လေးငယ် said...

ခင်လေး... နင်တော်တော်စိတ်ကူးရင်.. နင်မို့လို့ ခြင်ကိုက်ခံပြီး.. ဟဟား....
ကိုရင်နော်..

Anonymous said...

ဘာပဲဖြစ်ဖြစ် အဲ့ဒီညက စိတ်ကူးတွေနဲ့  လှပခဲ့မှာပါး)

Anonymous said...

စိတ်ကူယဉ် သံဇဉ်တွေနဲ့ ကျေနပ်နှစ်သက်နေတဲ့ မိန်းမတစ်ယောက်ရဲ့ အပြုံးလေးကို မြင်ယောင်သွားပါတယ် မမခင်လေး။

လေးစားလျှက်
ရောင်