Wednesday, June 18, 2008

ဖြုတ်ကိုက်ခံရသောအစိမ်းရောင်အလွမ်းည

ခင်လေးငယ်၏ “လွမ်းတဲ့ည” Post လေးအားအရင်ဖတ်ပြီးမှ ကျွန်ုပ်၏ Post အားဖတ်ပါရန် မေတ္တာရပ်ပါသည်။

လွမ်းလွမ်းဆွေးဆွေး အူသံ တစ်ချက်တစ်ချက်သာ ကြားရသော အလွန်တိတ်ဆိတ်နေသော သန်းခေါင်ယံညအချိန်...
ခြင်တစ်သိုက် ဝိုင်းကိုက်သောကြောင့် မက်နေသော အိပ်မက်ကို ဆက်ရန်ထား၍ ငုတ်တုတ် ထထိုင်လိုက်သည်။ ခေါင်းအုံးအောက်တွင် သိမ်းထားသော အလွမ်းအစအနများကို ဘယ်ဘက်ရင်အုံတွင် ယုယုယယ ထိုးထည့်ကာ ဖျာကြမ်းကြားမှ ပြုံးကြည့်နေသော ဂျပိုးကြီးကို ဖနောက်နှင့်ပေါက် နှုတ်ဆက်ရင်း ဆတ်ခနဲ ထရပ်လိုက်သည်။ လက်ဖဝါးကြမ်းကြမ်းနှစ်ဖက်ကို မျက်နှာပေါ်အုပ်ရင်း အာရုံထဲပေါ်လာသော ချစ်သူ့မျက်နှာ ညိုညက်ညက်လေးကို ကြင်နာစွာ ပြုံးပြရင်း ထိုနေရာလေးသို့ သွားမည်ဟုဆုံးဖြတ်လိုက်သည်။

နံရံတွင် ကပ်ထားသော ပြက္ခဒိန် ဟောင်းလေးတောင် ပိုးကိုက်နေရှာပြီ။ သူဘယ်ရောက်နေလဲ.. သူလည်းလွမ်းများနေလား.. ဒါမှမဟုတ် ဥသြငှက်လေးတစ်ကောင်လို အော်ဟစ် ရယ်မောပျော်ပါးနေလား.. အတွေးစကိုဖြတ်ရင်း ညစ်နွမ်းနွမ်း စွပ်ကျယ်ရှည်ကြီးကို ကောက်ဝတ်လိုက်ကာ နောက်မြီးပြတ် တာယာဖိနပ်လေးကို ကျကျနနစီးလိုက်သည်။ တဲတံခါးကို ဝါးကပ်နှင့်ကာပြီး အပြင်ထွက်လိုက်တော့ နွေခေါင်ခေါင် ညအလှက ခြောက်ခြောက်သွေ့သွေ့ လှပနေသည်။

တဲအပြင်ရောက်တော့ ပါးပေါ်ဖွဖွလေး လာရောက် နှုတ်ဆက်သော ဖုန်မှုန့်လေးများအား သပ်ချရင်း သူနဲ့အတူ လျှောက်ခဲ့ဖူးသော မြေနီလမ်းလေးကို လွမ်းဆွေးစွာကြည့်မိသည်။ ပုံမှန်အတိုင်းဆို ခြောက်မိနစ်ခန့်သာ လျှောက်ရမည့်လမ်းသည် ခုလိုဖုန်တွေအလွန် ထူထပ်နေသောကြောင့် ဆယ့်နှစ်မိနစ်ခန့် လျှောက်ရတော့မည်။ လမ်းမီးတိုင်များ မရှိသော်လည်း လရောင်အောက်တွင် မှုန်ကုပ်ကုပ် ငိုက်မျဉ်းနေသော ဆိုင်လေးအား စမ်းတဝါးဝါး လှမ်းမြင်နေရသည်။

ဆိုင်ထဲလှမ်းဝင်လိုက်တော့ အလွန်မွှေးကြိုင်သော ရနံ့တစ်ခုက ဝမ်းထဲထိတိုးဝင်လာသည်။ ဆိုင်၏အလယ် ထင်းမီးဖိုကြီးပေါ်တွင် ကင်ထားသော လယ်ကြွက်ကြီးက အဆီတဝင်းဝင်း၊ ဘေးတွင်တော့ ချွေးအပြိုင်းပြိုင်းနှင့် မယ်ဒလင်အိုတစ်လက် ပိုက်ထားသော အဖိုးအိုကြီးက ဖျော်ဖြေရန်အဆင်သင့်၊ ဆိုင်ထဲဝေ့ဝဲကြည့်မိတော့ ကိုယ့်လိုလူ သုံးလေးယောက်ရှိနေသည်။ ခွေးခြေပုစားပွဲလေးတွေကို ရေတွက်ကြည့်တော့ အားလုံး ၁၃ လုံးရှိသည်။ စားပွဲအားလုံးတွင် အပြာရောင်နို့ဆီခွက်ပေါ် တင်၍ထွန်းထားသော ဖယောင်းတိုင်မီးလေးများ လှုပ်လှုပ် လှုပ်လှုပ်နှင့် ကဗျာဆန်နေသည်။

စားပွဲပေါ်တွင် မီးသွေးခဲဖြင့် Table No. 4 ဟုရေးထားသော စားပွဲက ရှုခင်းအားလုံးကို ရှင်းလင်းစွာမြင်နေရသည်။ ဘယ်ဘက်ရင်အုံကြားမှ အလွမ်းစတွေကို စားပွဲပေါ်တင်ရင်း ခပ်လျော့လျော့လေးထိုင်ချလိုက်လေရာ ချည့်နဲ့နေသော ခွေးခြေလေး ကျိုးကျသွားတော့သည်။ မမျှော်လင့်ဘဲ လန့်ဖြန့်လက်ထောက်လိုက်ရာ ဖြတ်ပြေးသွားသော ပေစုတ်စုတ် ကြွက်တစ်ကောင်၏ အမြီးအား ထောက်မိလေသည်။ တကျွိကျွိနှင့် ဆဲဆိုသွားသော ကြွက်စုတ်ကို တောင်းပန်ရင်း အပြင်ဘက်သို့ ငေးကြည့်လိုက်ရာ ပိုးစုန်းကြူးများ မိတ်တုတ်မိတ်တုတ်နှင့် ထန်းတောတစ်ခုလုံး အစိမ်းရောင် တောက်နေတော့သည်။ ချစ်သူနှင့်ကြည်နူးခဲ့ပုံများကို မြင်ယောင်ရင်း အလွမ်းတွေလည်း အစိမ်းရောင်သန်းလာသည်။

တိုးတိုးညင်သာစွာ ထွက်ပေါ်လာသော မယ်ဒလင်သံနှင့်အတူ မြန်မာသံစစ်စစ် သြရှရှအသံပြဲကြီးနှင့် သီကျူးလိုက်သောသီချင်းက တစ်ခါမှမကြားဖူးသော “If We Hold On Together” ဆိုသောသီချင်းကြီးဖြစ်နေသည်။ မသိစိတ်က နားနှစ်ဖက်ကိုပိတ်ရင်း ဒူးနန့်လိုက်တော့မှ ခြေထောက်နား ဝဲပျံကိုက်ခဲနေသာ ဖြုတ်ကိုက်သက်သာသွားတော့သည်။ ဖြုတ်တစ်ကောင် မေးငေါ့ပြရာသို့ အမှတ်မထင်မော့ကြည့်မိရာ ခေါင်းခါပြနေသော Spider Man ဇောက်ထိုးကြီးအား အံ့ဖွယ်တွေ့လိုက်ရသည်။ အိခနဲ အသံတစ်ချက်ကြားလို့ ဘေးသို့ကြည့်မိရာ အပျင်းကြောဆွဲရင်း သွားဖြဲပြနေသော ခွေးဝဲစားကြီးရှက်ပြုံး ပြုံးနေသည်။ ရုတ်တရက် သီချင်းသံတိတ်သွားတော့ မယ်ဒလင်တီးသော အဖိုးအို၏ သွယ်လျလျလက်ပေါ် လယ်ကြွက်ကြီး တက်နေလေပြီ။

စားပွဲပေါ် တင်ထားသော အလွမ်းစများကို ပိုးစုန်းကြူးများရှိရာ ထန်းတောထဲသို့ ဖြန့်ကျဲလိုက်လေရာ ပိုစုန်းကြူးများဝမ်းသာအားရ မြူးတူးကခုန်ကြလေသည်။ ထိုအချိန် စားပွဲပေါ်သို့ မထင်မှတ်ဘဲ “ဒေါက်” ခနဲ လာချသော အရက်ဖြူနှစ်ပက်နှင့်ရေတစ်ခွက်၊ တွေဝေမနေတော့ဘဲ “ဂလု” ခနဲမြည်အောင် အာမထိလျှာမထိမျိုချရင်း တစ်ရာတန် ညစ်နွမ်းနွမ်းတစ်ရွက်ကို စားပွဲပေါ်ချကာ အစိမ်းရောင်အလွမ်းများ လွှင့်ပျံရာ ထန်းပင်ထက်သို့ ပြေးတက်ခဲ့မိပါတော့သည်...။

(ကိုရင်နော်)

ခင်လေးငယ်၏ ရေခဲသေတ္တာထဲတွင်ထိုင်ရေးထားသော “လွမ်းတဲ့ည” အား ဖတ်ပြီးသကာလ ကျွန်ုပ်၏ ဖြစ်ရပ်မှန်အလွမ်းခန်းအား အားကျမခံ တင်ပြလိုက်ရခြင်းဖြစ်သည်။ သူ့ရဲ့လွမ်းပုံလေးကိုလည်း ဖတ်လိုက်ပါဦးနော် ဟီးးးးးးးး... အော်.. “If We Hold On Together” နားထောင်ရအောင် တင်ပေးလိုက်တယ်နော်.. :P



9 comments:

ခင်လေးငယ် said...

နင့်ကိုတော့ လက်ဖျားရော ခြေဖျားပါ ခါ ၏။
(၁)ဖြုတ် ...မေးငေါ့ပြတာမြင်နိုင်သော နင့်မျက်လုံးတွေ အလွန်ကောင်း၏။
(၂)Spider Man ကြီးခေါင်းခါပြတာ မြင်လိုက်ရသော နင် သည် လွန်စွာ ကံကြီးပေ၏။
(၃)ခွေးဝဲစားကြီး အပြုံးကို ရှက်ပြုံး ဟု အဓိပ္ပါယ် ဖော်နိုင်သော နင့်ကိုလေးစားမိ၏။
အကြံတစ်ခုပေးမယ်...မယ်ဒလင် တို့ ဒုန်မင်း တို့နဲ့ ဆိုရင် ချွေးတွေထွက်နေတဲ့ အဖိုးကြီးကို “Linkin Park” ရဲ့ “Crawling” တို့....“Evanescence” ရဲ့ “Going Under” တို့....တီးခိုင်း သိလား ကောင်စုတ် ...အေးးးးးးးးးးးးးးး ထပ်ပြောဦးမယ် ငါ့ post ကို ဖျက်ဆီးတဲ့ နင့် လို အဖျက်သမား ကမ္ဘာ မကျေဘဲ.............ကိုရင်စုတ် ကိုရင်နာ...။

Republic said...

ထန်းပင်ပေါ် တက်တာ တစ်ယောက်တည်းလားဗျ…ကိုရင်နော်
ကျွန်တော်လည်း ထန်းရည်သောက်ချင်လို့ ၊၊ ခေါ်ပါဦးဗျ :P

win zaw said...

(၂)ခေါက်ဖတ်မိတယ်.....................

ပေဖူးလွှာ said...

Crawling ကို လာမထိနဲ့နော်။ ဟင်းဟင်း :P
ကိုရင်နော် နဲ့ ခင်လေးငယ် ပဲ ကောင်းတယ်. ကိုယ့် blog ထဲ မှာပဲ ရန်ဖြစ်တာအေးတယ်။ ha ha
လာလည်တာပါ။း)

ပါဂနာ said...

“ကိုရင်လေး”. ရေ. :P

ဦးရည် လေး တစ်မြူ လောက်တော့ ချန်ထားပါဗျို့ .အေ့
လယ်ကြွက် ကင်နဲ့ ပေါ့..

ကြိုက်တယ်ဗျား...

မင်းကျန်စစ်။ said...

ချာလပတ်ကို လည်ရော။ ထန်းတောမသွားခင်ကတော့ မပြောဘူး။ မှာလိုက်မလို့ဟာ။

Heartmuseum said...

ကောင်းတယ်ဗျာ... ဒီကိုလာတိုင်း လေးနေတဲ့ အညတရ ရင်ဘတ်ကြီး အမြဲတမ်း ပေါ့ပါး လွတ်လပ် သွားတယ်။ကြိုက်တယ်ဗျာ။ အရေးအသားတွေ အရမ်းကောင်းတယ်။ ချီးကျူးတဲ့ ကျုပ်ကို ထန်းရေ BE ရောလေး နှစ်မြူလောက်......

3D Crazy said...

ကြိုက်တယ်ဗျာ။
အရေးအသားကတော့ လန်းသလားမမေးနဲ့။

မေတ္တာရောင်ပြန်ဆိုတာ said...

ဦးနော်ကတော့လေ လုပ်မယ်နော်။ စာကိုတကြောင်းချင်းစီကို လိုက်စနေတော့တာပဲ။ မမခင်လေး ပေါက်ကွဲတာ နည်းတောင်နည်းသေးတယ်။ ဒါပေမယ့် ဖုန်ထူနေတဲ့ လမ်းမီးတိုင်မရှိတဲ့ လမ်းလေးမှာ လျှောက်နေမိတာကိုတော့ သဘောကျတယ်။ တကယ်လည်း ရွာမှာအဲလိုပဲနော်။း)

လေးစားလျှက်
ရောင်