Tuesday, August 19, 2008

ကျွန်ုပ်နှင့်မုန်းစရာကြောင်နက်ကြီး...


ကျနော့်ကို အကြင်နာကင်းမဲ့တယ်လို့ ပြောချင်ပြော မေတ္တာတရားခေါင်းပါးတယ်လို့ ဆိုချင်ဆို အိမ်မွေး တိရိစ္ဆာန်တွေဆိုရင် ချစ်လို့ကို မရဘူး.. အိမ်မွေး တိရိစ္ဆာန်ဆိုတာ အိမ်အတွက် အကျိုးပြုတာတွေ ရှိသလို အကျိုးမပြုတာတွေလည်း ရှိပါတယ်..။ ခွေးဆိုရင် အိမ်စောင့်ပေးတယ် လုံခြုံရေးအတွက် အကျိုးပြုတယ်ပေါ့.. ယုန်တို့ ရွှေငါးတို့ ကြက်တူရွေးတို့ကတော့ အကျိုးမပြုဘူး ထင်တာပဲ.. အပျော်သက်သက် ဒါမှမဟုတ် အလှပြကြဘို့ မွေးကြတယ်ထင်ပါတယ်.. တချို့ဆို မျောက်တို့.. မြွေတို့.. ဝက်ဝံတို့.. နိုင်ငံခြားမှဆို ကျားတွေ ခြင်္သေ့တွေတောင် မွေးတဲ့လူ ရှိသေးတယ်..။

သံယောဇဉ် ဆိုတာကလည်း တကယ်တော့ ဖြစ်လွယ်တယ်လေ.. သက်မဲ့အရာဝထ္ထု တွေကိုတောင် သံယောဇဉ် ဖြစ်သေးတာ သက်ရှိတိရိစ္ဆာန်တွေကို သံယောဇဉ်ဖြစ်တာ ဆန်းတော့ မဆန်းပါဘူး..။ အလွန်အကျူးကြီး ဆိုရင်တော့ မကောင်းဘူးပေါ့.. တစ်ချို့ဆို ခွေးလေးတွေ ကြောင်လေးတွေကို လူတွေနဲ့ တစ်တန်းတည်းထားကြတယ် ပွတ်သပ်ပွေ့ပိုက် ရင်သွေးလေးကျနေတာ.. သူတို့စားဖို့ သတ်သတ်လုပ်ပေးရတယ် နေမကောင်းရင် ဆေးခန်းပြရသေးတယ်.. နောက်ဆုံး အီအီး.. ရှူရှူးကအစ လိုက်တယ် ပေးရတယ်.. တချို့များဆို ကိုယ့်ခွေးလေး.. ကြောင်လေး ပျောက်လို့ ငိုလို့ငို.. ဖျားလို့ဖျား.. စိတ်ညစ်စရာပါ..။

အဲ့ဒီလို အိမ်မွေး တိရိစ္ဆာန်တွေထဲမှာ ကြောင်ကိုတော့ အမုန်းဆုံးပဲ.. ဘာကြောင့်မှန်းတော့ မသိဘူး ငယ်ငယ်ထဲက မုန်းကို မုန်းနေတာ.. Tom & Jerry ထဲက ကြွက်လေးကို နိုင်စားလို့ မုန်းသွားတာလားတော့ မသိဘူး.. ရွံလည်းရွံတယ် ကြောင်တွေ့ရင် တစ်ခုခုနဲ့ ပေါက်ချင်တယ် ဒါမှမဟုတ် ကန်ပလိုက်ချင်တယ်.. တကယ်တကယ် အလွတ်ကြီးကို မုန်းနေတာ..။

တစ်ရက်တော့ ကျောင်းပိတ်ရက် ရှမ်းပြည်ဘက် ခရီးထွက်ဖြစ်တယ်.. မန္တလေးရောက်တော့ သူငယ်ချင်း တစ်ယောက်ရဲ့ အိမ်မှာ တစ်ည ဝင်တည်းရတာပေါ့.. ဖြစ်ချင်တော့ သူငယ်ချင်းတို့ အိမ်မှာ ကြောင်နက်ကြီး တစ်ကောင်ရှိတယ်.. သူတို့ မိသားစုကလည်း ကြောင်နက်ကြီးကို သွေးသားရင်း တစ်ယောက်လိုကို ချစ်ကြတာ.. လွန်လွန်းပါတယ် ပွေလိုက် ဖက်လိုက် ပွတ်လိုက် သပ်လိုက် နမ်းတောင် နမ်းလိုက်သေးတယ်.. ကျနော်လေ စိတ်တွေ ညစ်လိုက်တာ တကယ်တကယ်..။ နဂိုကမှ ကြောင်မုန်းသူပါဆိုမှ အဲ့ဒီလို ပွတ်သီးပွတ်သပ်တွေ မြင်တော့ အသည်း ယားလိုက်တာ မပြောပါနဲ့..။

ညရောက်တော့ သူတို့မိသားစုနဲ့အတူ ထမင်းစားတာပေါ့.. အဲ့ဗျာ.. “ညှောင်..” ဆိုပြီး ထမင်းစားပွဲပေါ် ခုန်တက်လာရောဗျာ.. လန့်လည်းလန့် အံ့လည်း အံ့သြသွားတာပေါ့.. သူတို့ကတော့ “သားလေး...လာ..” ဆိုပြီး စားပွဲပေါ် ငါးကြော်တစ်တုံး ချပေးလိုက်တယ်ဗျာ.. ပြီးတော့ ဟိုဟင်းခွက်လိုက်နမ်း ဒီဟင်းခွက်လိုက်နမ်းနဲ့.. အငယ်မလေးက “သားငယ်နော် နင့်ဟာနင်စား” ဆိုပြီး နောက်တစ်တုံး ချပေးလိုက်ပြန်ရော.. ကြည့်လေဗျာ မသတီစရာ ကြောင်ကိုများ အဲ့လိုကျွေးစရာလားဗျာ.. ကျနော်လေ ဆက်စားရ အခက် မစားရ အခက်.. ဟင်းခွက်တွေကို ကျော်ခွပြီး ကျနော့်ထမင်းပန်းကန်နား လာနမ်းသေးတယ်.. တော်သေးရဲ့ သူငယ်ချင်းက အလိုက်တသိ ဂုတ်ကနေ ကိုင်ပြီး ဆွဲယူသွားပေလို့.. စိတ်ညစ်လိုက်တာဗျာ.. သူတို့မို့ မရွံမရှာ..။

ဒီလိုနဲ့ ထမင်းစားပြီးတော့ ဧည့်ခန်းမှာ ထိုင်ရင်း စကားပြောကြတာပေါ့.. အဲ့ဒီအချိန်မှာ ကြောင်စုတ်ကြောင်ပြတ်က “ညှောင်..” ဆိုပြီး ကျနော့်ပေါင်ပေါ် ခုန်တက်လာပါရော.. ရုတ်တရက်ဆိုတော့ လန့်သွားတာပေါ့.. သူ့လက်သည်းတွေက ကျနော့်အသားကို အပ်တွေနဲ့ ထိုးလိုက်သလိုပဲ.. ကျနော်လည်း စတွန့်သွားတယ်.. အိမ်ရှင်တွေ ရှေ့မှာဆိုတော့ မောင်းထုတ်ရမှာ အားနာတာပေါ့.. သူတို့အချစ်တော် အသည်းတုံးကြီးကိုး.. ဒေါသကို အောင့်အီးရင်း ဟန်ဆောင်ပန်ဆောင် ကြင်နာသယောင် ခေါင်းလေးကို ပွတ်ပေးနေ ရတော့တာပေါ့.. သကောင့်သားကလည်း သူ့အိပ်ယာများ မှတ်နေလားမသိ ဟိုလူးဒီလိမ့်.. ကျနော်လေ ကြက်သီးတွေထ.. ဆူးကဆူး.. ယားကယားနဲ့ ဟန်ဆောင်ပြုံးသာ ပြုံးနေရတယ် စိတ်ထဲမှာတော့ စိတ်ရှိလက်ရှိ ကိုင်ပေါက် လိုက်ချင်နေတာ.. မသိမသာ ကြမ်းပေါ် ပြန်ချလိုက် ဒင်းက ပြန်ခုန်တက်လာလိုက်.. လက်သည်းကြီးက ထိုးလိုက်.. ကျနော်က စတွန့်သွားလိုက်နဲ့ သေသာ သေလိုက်ချင်တော့တယ်..။

သေချင်းဆိုးက ဘယ်မှကိုမသွားတော့ဘူး.. ကျနော့်ပေါင်ပေါ်မှာ မှိန်းနေလေရဲ့.. ကျနော်လေ စိတ်တွေတိုလိုက်တာ.. အိမ်သားတွေမသိအောင် သူ့ဂုတ်သားက အရည်ပြားကို ပွတ်သလိုလိုနဲ့ တအားဆွဲလိမ်လိုက်တော့ “ညှောင်.. ညှောင်” ဆိုပြီး အော်ပါလေရော.. အိမ်သားတွေကလည်း ကြောင်စကားများ နားလည်လေသလားမသိ အားလုံးကျနော်ကို ဝိုင်းကြည့်ကြတယ်.. ကျနော်လည်း စပ်ဖီးဖီးနဲ့ သူ့ခေါင်းကို ကျနော့်ပါးနဲ့ ကပ်ရင်း “အရမ်းချစ်စရာကောင်းတယ်နော် စလို့ကောင်းတယ်” လို့ပြောလိုက်ရတယ်.. အိမ်သားတွေကလည်း ကျေနပ်သွားဟန်နဲ့ ပြုံးကြည့်နေကြတယ်.. ကျနော့် စိတ်ထဲကတော့ ကလိကလိနဲ့.. လုပ်ချင်နေတာ..။ ကြောင်စုတ်က ကျနော့်ပါးကို လျှာနဲ့လှမ်းလျက်မလို့ တော်သေးတယ် အရှောင်မြန်ပေလို့..။

ညအိပ်ယာဝင်တော့ တော်တော်နဲ့ အိပ်မရဘူး ဘယ်အချိန် အိပ်ယာပေါ် တက်လာမလဲလို့ တွေးပြီး လန့်နေရတာ.. သန်းခေါင်ကျော်တော့ အပေါ့က သွားချင်လာရော အိပ်ယာက မထချင်ထချင် ထရတော့တာပေါ့.. အခန်းပြင် ထွက်လိုက်တော့ တစ်အိမ်လုံး အိပ်နေကြတာ မှောင်မဲတိတ်ဆိတ်လို့.. မီးခလုတ်ကလည်း ဘယ်နားရှိတယ်မသိ အကန်းတစ်ယောက်လို ဟိုစမ်းဒီစမ်း ဝါးတားတားနဲ့..။

အဲ့ဒီအချိန်မှာ “ဒိတ်” ကနဲ့ ရင်တုန်သွားတယ်.. ကျောထဲကလည်း အေးခနဲ စိမ့်သွားတယ်.. ကြက်သီးတွေလည်း “ဖြန်း” ကနဲ့ ထသွားတယ်.. ကျနော်ကို စိုက်ကြည့်နေတဲ့ အစိမ်းရောင်မျက်လုံးတစ်စုံ.. ကျနော်နဲ့ မျက်နှာချင်းဆိုင် တည့်တည့်လောက်ဆီက.. သရဲဆိုတာများလား..!! ကြောက်လန့်စိတ်တွေနဲ့ ရင်တွေ တုန်လာတယ်..။

တွေးနေတုန်းမှပဲ “ညှောင်...” ဆိုပြီး ရေခဲသေတ္တာပေါ်က ခုန်ချလာတဲ့ “မျက်လုံးစိမ်းစိမ်း ကြောင်စုတ်”.. ကျနော့်ခြေထောက်နား ရောက်လာတယ်.. သူ့ကိုယ်လုံးနဲ့ ကျနော့်ခြေထောက်ကို ပွတ်သပ်ရင်း ကစားနေတယ်.. ကျနော့်ခြေဖမိုးပေါ် သူ့လက်သည်းဆူးဆူးတွေ လာထောက်မိတော့.. ကျနော်လေ ကြောက်တာရော.. လန့်သွားတာရော.. စိတ်တိုတာရော.. နာတာရော.. မုန်းတာရော.. အားလုံးရောပြီး ရုတ်တရက် မမျှော်လင့်ပဲ ကြုံးကန်လိုက်မိတယ်.. “ညှောင်...))))..” “ ဒုန်း..)))..” ဆိုပြီး ခပ်ဝေးဝေးကို လွှင့်ထွက်သွားတယ်...။

သူငယ်ချင်းလာနိုးတော့ မနက်(၈)နာရီထိုးနေပြီ.. (၉)နာရီကျော်ကျော်ဆိုရင် ရှမ်းပြည်တက်ဖို့ ကားလာကြိုတော့မယ်.. ပျာယီးပျာယာထရင်း ရေချိုးခန်းသို့အသွား စားပွဲအောက်က ဒေါင့်လေးမှာ ခွေနေတဲ့ “ကြောင်နက်”..။

ကျနော့်ကိုတွေ့တော့ အမြီးလေးကုတ်သွားတယ်.. တစ်ချိန်လုံး ပြေးလွားခုန်ပေါက် ဆော့ကစားနေတတ်တာ ခုတော့ ငြိမ်လွန်းနေတယ်.. သူ့မျက်လုံးတွေက ငိုထားသလို မို့မို့အစ်အစ် ရီဝေနေတယ်.. ကျနော့်ကို ကြည့်နေတဲ့ သူ့အကြည့်တွေက တစ်ခုခု ပြောနေသလိုလို..။ ရန်လိုမှု မုန်းတီးမှုတွေ မပါတာတော့သေချာတယ်.. ကျနော်စိတ်ထဲမှာ “ထိတ်” ကနဲ ဖြစ်သွားတယ်.. ညက ကျနော် ကန်လိုက်လို့များ သူတစ်ခုခုဖြစ်သွားသလား..! ခြေလက်တွေများ ကျိုးပဲ့ကုန်ပြီလား.. သေချာပါပြီ.. ကျနော်လွန်သွားပြီဆိုတာ ချက်ချင်း သိလိုက်ပြီ..။

ကျနော်သူ့အနား မသိမသာ ကပ်သွားတော့ သူ့ရဲ့ ချွန်ချွန်ထက်ထက် လက်သည်းလေးတွေကို ဖွက်ရင်း မျက်လုံးလေး မှိတ်သွားတယ်.. နာကျင်ညည်းညူသံ ခပ်တိုးတိုးလေး ကြားနေရတယ်.. ဟုတ်ပါတယ်.. ကျနော့်ကြောင့် သူဒဏ်ရာရသွားခဲ့ပြီ.. ကျနော်တကယ်ကို စိတ်မကောင်း ဖြစ်မိသွားတယ်.. သူ့ခေါင်းလေးနဲ့ ကျောလေးကို ကျနော် သပ်ပေးနေမိတယ်.. ရင်ထဲကတကယ်ဖြစ်ပေါ်လာတဲ့ သနားကြင်နာမှုနဲ့ပါ..။ ကျနော်... ကျနော်လေ...။

ရှမ်းတောင်တန်းကြီးတွေကို တစ်လုံးပြီးတစ်လုံး ကျော်ဖြတ်နေသလို ကျနော့်အတွေးတွေလည်း လှိုင်းလုံးကြီးတွေလို ရင်ထဲမှာ တစ်လုံးပြီးတစ်လုံး.. သူဟာ ရန်သူလည်း မဟုတ်၊ အင်အားချင်းလည်း မမျှ၊ အပြစ်လည်း မရှိ.. မေတ္တာခံယူရန်သက်သက် ကိုယ့်အနား ကပ်လာသော တိရိစ္ဆာန်တစ်ကောင်ကို မေတ္တာတရား မရှိသော.. အကြင်နာ ကင်းမဲ့သော.. ရက်စက်တတ်သော.. အသိဉာဏ် မရှိသော ကျနော်.. သူ့ကိုနာကျင်စေခဲ့ပြီ.. ကျနော်မျက်လုံးတွေကို မှိတ်ထားလိုက်တယ်.. သံယောဇဉ်နဲ့ ချစ်ခြင်းမေတ္တာဆိုတာရဲ့ လေးနက်တဲ့ အဓိပ္ပါယ်ကိုလည်း ကျနော်လက်တွေ့ နားလည်သွားပါပြီ.. ကြောင်နက်လေးရဲ့ပုံရိပ်နဲ့ “ညောင်..” ဆိုတဲ့အသံလေး မြင်ယောင်ကြားယောင်လာတယ်.. “နောင်တ” ဆိုတာထက်ပိုတဲ့ အသိတရားတစ်ခုကို တကယ်ရရှိလိုက်ပါပြီ...။

(ကိုရင်နော်)

15 comments:

Anonymous said...

စစချင်းဖတ်ခါစကတော့ ငါလေ နင့်ကိုနုတ်နုတ် စင်းပြီး
သတ်ချင်စိတ်တွေနဲ့ မေတ္တာတွေတုန်းလိုက်တာ....

“သူ့ရဲ့ချွန်ချွန်ထက်ထက် လက်သည်းလေးတွေကိုဖွက်ရင်း မျက်လုံးလေးမှိတ်သွားတယ်..
နာကျင်ညည်းညူသံ ခပ်တိုးတိုးလေး ကြားနေရတယ်.. သေချာပါပြီ ကျနော့်ကြောင့် သူဒဏ်ရာရသွားခဲ့ပြီ.. ”

အဲဒါလည်းဖတ်ရော..ငါဒီ Blog ကနားပြီး နင်သေရင်တောင်ငါ အသုဘလိုက်မပို့တော့ဘူးလို့ ဆုံးဖြတ်မိတယ်....ဒါပေမဲ့....
နောက်ဆုံးအပိုဒ်လေး ဖတ်အပြီးမှာ ငါ့ဆုံးဖြတ်ချက်ကို ပြန်ပြင်လိုက်တယ်..
နောင်မှ“တ” မိတဲ့ နင့်“နောင်တ” တွေ မြဲနေမယ်လို့ ငါယုံကြည်နေပါတယ်...

တားမြစ် ထားသော... said...

ဖတ်လို့ကောင်းတယ်။ သတ္တဝါလေးတွေကို ကြင်နာတတ်တာ၊ သနားတတ်တာ ဖြစ်သင့်တာပါပဲ။
ဒါပေမဲ့ အိမ်မွေးတိရစ္စာန်အနေနဲ့ ကျွန်တော်ကတော့ အခုထိ လက်မခံနိုင်တဲ့အထဲမှာ ကြောင်တွေပါနေတုန်းပဲ။

Unknown said...

ကြောင်တွေ ကို မရက်စက်ပါနဲ. ဗျာ။ ကျွန်တော် က ကြောင်တွေ ဆို အသေချစ်တာ။ သူတို.တွေ ကအရမ်းကို သိတတ်ပြီး အင်မတန်မ သခင် ကို ချစ်ကျတဲ. တိရစ္ဆာန် ပါ။ အစ်ကို ပို.ဖတ်ပြီး ခံစားရတယ်။ အဟင်. (T_T)

မေသူပိုင် said...

ကိုရင်နော်ေ၇
ရှမ်းပြည်က အပြန် ကြောင်လေးအကြောင်းတွေးပြီး
"သံယောဇဉ် ညှိတွယ်မိပြီကွယ်"
ဆိုတဲ့သီချင်းလေးမဆိုခဲ့ဘူးလား
နောက်ဆုံးအပိုဒ်လေးတွေကိုပိုသဘောကျပါတယ် ခံစားချက်လေးကို ရှင်းရှင်းလေးနဲ့ထိထိမိမိေ၇းတတ်လို့ပါ
အားပေးလျက်
မေသူ

HAPPY CLOUD said...

လုပ်ထားကိုရင်ရေ... ကောင်မလေးကိုတော့အဲ လိုလုပ်နဲ နော်...
ဖိုးမောင်(happycloud)

RePublic said...

ကိုရင် ရဲ့ မေတ္တာ ၊ မခင်လေးရဲ့ သံယောဇဉ် တွေနဲ့ အရာအားလုံး ငြိမ်းချမ်းပါစေဗျာ ၊၊ ကိုရင် ရေ ကောင်းတယ်ဗျာ ၊၊

Kaung Kin Ko said...

ရေးတတ်လိုက်တာဗျာ။ ပထမပိုင်းက ဟာသ ရသပေးပြီး နောက်ဆုံး အပိုဒ်ကျ သနားစရာ ကောင်းလိုက်တာ။ ကျွန်တော်လည်း သူများအိမ်မှာ သွားတော့ ကြောင်က ကိုယ့်ပေါ်ပေါ်မှာ လာမှိန်းနေတာ ကြုံဖူးတယ်ဗျ။ ကျွန်တော်က မုန်းတာတော့ မဟုတ်ဘူး။ မနေတတ်ဘူးဗျ။ တောင့်တောင့် ကြီး ငြိမ်နေရတာ ခုထိ မှတ်မိတယ်။ အမေဆို အိမ်ပြန်ရောက်တော့ ပြောပြောပြီး ရယ်လိုက်တာဗျာ။
အဲ ကိုယ့်အိမ်မှာသာ မွေးမိရင်တော့ ချစ်မိမယ်ထင်တယ်။ ကြက်ကလေး တစ်ကောင် မွေးတုန်းက ခွေးဆွဲသွားလို့ ငိုလိုက်ရတာဗျာ။ ကိုးတန်းတုန်းက။ ကျွန်တော့် အစ်မတွေဆို သာပြီးဆိုးသေးတယ်။ သူများက စီးပွါးဖြစ် မွေးတဲ့ ဝက်ကိုတောင် သွားချစ်တာလေ။ နေ့ တိုင်း အစာကျွေးတယ်။ ဝက်တွေက သူ အမှိုက်သွားသွန်ပြီဆိုရင် ပျော်မြူးပြီး ယောက်ရက်ခတ်နေတာပဲ။ အဲဒါ သူတို့ ပိုင်ရှင်က နှစ်ကောင်မှာ တစ်ကောင်ကို ရောင်းတော့ ကျန်တဲ့တစ်ကောင်က အဲဒီ့ညမှာ သူတို့သခင် ဆီမှာ မအိပ်ဘူး။ ကျွန်တော်တို့ အိမ်ရှေ့ မှာ လာအိပ်တယ်ဗျာ။ အဲဒီ့ အရောင်းခံရတဲ့ ကောင်ကလည်း ဆိုက်ကားပေါ်ကနေ အိမ်ဘက်ကိုတောင် လှည့်ကြည့်သွားသေးတယ်။

PP said...

ကိုရင်နော်သာ ကြောင်မချစ်တာ။ ပေဖူးလွှာဆို မိုင်လိုတောင် ခိုးတိုက်တယ်။ အဟိ။ ဒီလောက်ချစ်ဖို့ ကောင်းတဲ့ သတ္တ၀ါလေးကို လုပ်ရက်လေခြင်း။

ထွန်း said...

ကြောင်ကို မမုန်းနဲ့ ဗျ ရော့ မွေးစားမလား..
http://joyful4all.blogspot.com/2008/02/news-two-faced.html

ထွန်း said...

တိရိစ္ဆာန်တွေကို ကြင်နာသနားတတ်လာလို့  ချီးယားစ်...
လာဗျာ တခွက် တဖလား
http://joyful4all.blogspot.com/2007/12/food.html

Tea said...

I WANT TO KILL ALL THE CATS ON THIS WORLD!!! WA HAHA!!

let's form a club for cat haters!! :D

Dream said...

တော်သေးတာပေါ့..အကြင်နာနှလုံးသားလေး
ကိန်းဝပ်လာလို့..ဟီးဟိး..
Dream လည်းကြောင်ချစ်သူပါရှင်...

တာတူး(၀ါ) အမေ့ခံလူတစ်ယောက် said...

ကိုရင်နော် ရေ
ကြောင်ကို အဲလို စည်းမရှိ ကမ်းမရှိချစ်တာတော့ ကျနော်လည်း သဘော မကျဘူးဗျ ။
ကြောင်ကို ကြောင်စားခွက်မှာကျွေး ရင် ရပြီပေါ့ ။
အဲလို ထမင်း ၀ိုင်းနာ ပွတ်သီ ပွတ်သတ် လုပ်တာတော့ ကောင်းတယ် မထင်မိဘူး ။

ကန် လိုက်တာကတော့ မညှာတာလွန်းရာ ကျနေမယ် ထင်ပ ။
နောင် တရတယ်ဆိုလို့နော် ။ မဟုတ်ရင် တရိစ္ဆာန် ချစ်သူများကို တရားဆွဲဖို့ သွားမြှောက်ပေးမလို့ ။
:D

ထွန်း said...

Romantic အချစ်ခရီး တွေ ထွက်ဘူးလားဗျ သွားတုန်းက ရော ဂလိုဘဲလားဂျ...
http://joyful4all.blogspot.com/2008/08/not-so-funny-titanic.html

Unknown said...

ကျွန်တော်လဲ ကြောင်မချစ်တတ်ဘူး အကိုရ ခွေးပဲချစ်တယ် .. ကြောင်က ငယ်ငယ်ကဆို ထမင်းစားရင် ပွတ်သီးပွတ်သပ်နဲ့လာလာ တောင်းတယ် သီးသန့် ချကျွေးလိုက်လဲမရဘူး ။
ငယ်ငယ်ကဆိုတော့ ခွေးလိုဆော့လို့လဲမရ ပြန်ကကုပ်တတ်သေးတယ် ။ ခွေးက ဂုတ်ပေါ်တက်ခွပြီး နားရွက်လိမ်ဆွဲနေရင်တောင် အော်ပဲအော်နေတာ ဘာမှပြန်မလုပ်ဘူး ။
ကြောင်က သခင်ဖျားရင်လဲ
ထွက်ပြေးတတ်တဲ့ ကောင်ပါ ။
ကြည့်မရပေမယ့် ကန်တော့မကန်ပါဘူး :P
သူ့ဘာသာသူနေပါစေပဲ