Wednesday, October 15, 2008

မေတ္တာများနှင့် ဟန်ဆောင်ခြင်း...


ညသန်းခေါင်ကျော် အချိန် ၁၂ နာရီ ၀၅ မိနစ်......။
ဟော မေမေ့ဆီ ဖုန်းလိုင်းဝင်သွားပြီ.....။ “တူ.တူ.... တူ.တူ....” ဆိုတဲ့ခေါ်နေသံကို ကျွန်မကြားနေရပြီ... ဒုတိယမြောက်ခေါ်သံလေး မဆုံးသေးခင်....

“မေမေ....”
“ဟယ်လို... သမီးလေး Happy Birthday ပါ ”
ကျွန်မ အတောင့်တရဆုံး မေမေ့ အသံလေး....။

“မေမေနာရီကြည့်ပြီး မျှော်နေခဲ့တာ”
“မေမေရယ်....”
ကျွန်မအသံတွေ တုန်ရီနေတာ... မေမေ မသိစေချင်ဘူး...။

“သမီးလေး မွေးနေ့မှာ ပျော်အောင်နေနော်”

“မေ.... ... .. .”
တုန်ရီနေတဲ့ ကျွန်မအသံလေး တိမ်ဝင်သွားပြန်ပြီ...။

“သမီး ဘဝမှာ သမီးလိုချင်တဲ့ အောင်မြင်မှုပန်းတိုင်ဆီ မေမေ့ မေတ္တာအားတွေနဲ့......”
“မေ..မေ”
ကတုန်ကယင် ကွှန်မအသံတွေကို ပညာသားပါပါနဲ့ မေမေ မသိချင်ယောင် ဆောင်ပေးနေတယ် ဆိုတာ ကျွန်မသိနေပါတယ် မေမေ..ရယ်။ အသက် (၆၀) အမျိုးသမီးကြီးတစ်ယောက်က အသက် (၃၀) အရွယ် မိန်းမငယ်တစ်ယောက်ကို အားပေးနေတာပါလား..!! မဟုတ်သေးဘူးမေမေ.. ကျွန်မတို့ လွဲနေပြီ... သမီးကသာ မေမေ့ကို အားပေးရမှာလေ...!! ကျွန်မအားတင်းလိုက်တယ် နောက်တစ်ကြိမ်ခေါ်မိပြန်ပြီ....
“မေ..မေ”
“သမီးလေးကို မေမေသာဓုခေါ်ပါတယ်ကွယ်..”

“မေမေ” 
ကျွန်မ အားရပါးရ ခေါ်မိလိုက်သံပါ... ရှိုက်သံတွေနဲ့ရောပြီး အကျယ်ကြီးထွက်လာတယ်.. ဒါပေမဲ့ ရင်ထဲမှာပါ..။ သမီး နှုတ်က မေမေ့ကို ကန်တော့ပါတယ်လို့ မထွက်ရသေးဖူးမေမေ.. မေမေရယ်... သမီးကို ဘာလို့... ဒီလောက်အထိ....!!!!

“လွန်ခဲ့တဲ့ အနှစ်(၃၀)တုန်းက ခုလိုအချိန်မှာ သမီးက မေ့ဗိုက်ထဲက ထွက်ချင်လွန်းလို့ ဆိုးနေခဲ့ပြီလေ... မေမေက သမီးဖေဖေကို ဂျီတွေတိုက်နေခဲ့ချိန်ပေါ့...”
ရယ်သံလေးစွက်ပြီး တက်ကြွသလို ပြောနေတဲ့ မေမေ့ စကားသံလေးတွေက နုငယ်နေပေမဲ့ ဆွေးမြေ့နေပြန်တယ်..။ မေမေလည်း ဟန်ဆောင်ပြီး အားတင်းနေတာ သမီးသိတယ်။ ကျွန်မထပ်ပြီး ကြိုးစားလိုက်တယ် ချစ်ခြင်းတွေ မေမေ့ကိုပြဖို့ တိုးတိုးလေး ခေါ်လိုက်မိတယ်..။ ကျွန်မမျက်လုံးတွေကို မှိတ်ပစ်လိုက်တယ်... မေမေ့ ပါးလေးနားကိုကပ်ပြီး.....
“မေမေ...”

~~~~~~~~~~~~~~~~~~~

နာရီကို ကျွန်မ ခဏခဏ ကြည့်နေဖြစ်တယ်...။
ည ၁၀ နာရီ.. ၁၁ နာရီ.. ၁၁နာရီ ၅၈ မိနစ်.. ဟော ၁၂ နာရီ ထိုးသွားပြီ... နေ့ကူးလာပြီဘဲ....!! ၁၂ နာရီ ၀၅ မိနစ်... “တူ.တူ... တူ........” ဟော.. ဖုန်းဝင်လာပြီ.. ကျွန်မ ချက်ချင်းပဲ ဖုန်းကောက်ကိုင်လိုက်တယ်..။
လွမ်းဆွတ်စွာ ထွေးပွေ့ထားချင်တဲ့ အဝေးကြီးက သမီး... သမီး အသံလေးတွေ တုန်နေပါလား..!! ကျွန်မစိတ်တွေကို တင်းနိုင်သမျှ တင်းလိုက်တယ်... သမီးမွေးနေ့လေးမှာ သမီးလေး ပျော်ရွှင်နေစေချင်တယ်..
“မေ.... ... .. . ”
သမီးအသံလေး အဖျားဆွတ်မှာ တိမ်ဝင်သွားပါလား...။ သမီးပါးလေးကို မေမေ အဝေးကြီးကနေ လေတွေထဲက နမ်းနေမိတယ်.. သမီးရယ်... မေမေ သမီးလေးစိတ်ပျော်အောင် စကားတွေ လွှဲပြောမယ်... ကျွန်မ မျက်ရည်တွေ ဝဲနေတာ သမီးလေး မမြင်နိုင်ပါဘူးလေ....။

“လွန်ခဲ့တဲ့ အနှစ်(၃၀)တုန်းက ခုလိုအချိန်မှာ သမီးက မေ့ဗိုက်ထဲက ထွက်ချင်လွန်းလို့ ဆိုးနေခဲ့ပြီလေ... မေမေက သမီးဖေဖေကို ဂျီတွေတိုက်နေခဲ့ချိန်ပေါ့...”
မေမေ ဟန်ဆောင်နေတာ သမီးလေးများ ရိပ်မိသွားပြီလား...!!

“သမီး....”
ကျွန်မ အကျယ်လောင်ဆုံး ခေါ်လိုက်မိတယ်.. လွမ်းဆွတ်စွာ ငိုငြီးသံတွေနဲ့ ရောပြီးထွက်လာတယ်... ဒါပေမဲ့ ရင်ထဲမှာပါ...။ သမီးနဲ့ နှစ်တွေအများကြီး ခွဲခွါနေရခြင်းမှာ ကျွန်မဟာ တရားမရသေးသလို အသားလည်း မကျသေးပါလား..!! ကျွန်မထပ်ပြီး အားယူရင်း.. အတည်ငြိမ်ဆုံး အမေတစ်ယောက်ရဲ့ အသံနဲ့.. ဖွဖွလေး... နုနုညံ့ညံ့လေး... နွေးနွေးလေးနဲ့... ညင်ညင်သာသာလေး...!! ကျွန်မမျက်လုံးတစ်စုံကိုမှိတ်လို့ သမီးဘယ်ဖက် နားလေးနားကပ်ပြီး.......
“သမီး.......လေး”

မှတ်ချက်။ ။ လွန်ခဲ့တဲ့ ရက်ပိုင်းလေးအတွင်း... ကျရောက်ခဲ့သော ကျွန်မမွေးနေ့လေးထဲမှ ပိုင်ဆိုင်ခွင့်ရခဲ့သော “ခဏလေး” တစ်ခုကို ခံစားရေးဖွဲ့ပါသည်။ အဖြူရောင် ဟန်ဆောင်ခြင်းသည် အနုပညာတစ်ရပ်ဟု ဆိုခဲ့သော် ထို အနုပညာအတတ်ကို မေမေရော ကျွန်မပါ ကျွမ်းကျင်စွာ မတတ်မြောက်သေးပါ။

(ခင်လေးငယ်)

21 comments:

Anonymous said...

ဟက်ပီးဘတ်ဒေးမေမေခင်..ဖတ်ပီးငိုချင်တယ်..
မေမေခင်ကငိုအောင်ရေးတတ်တယ်..ဟင့်ဟင့်

Kaung Kin Ko said...

ရေးတတ်လိုက်တာ။ ကလေးလေးတောင်ငိုသွားပြီ။

Anonymous said...

ခင်လေးရေ ဟန်ဆောင်တာ မဟုတ်ဘူး ထင်ပါရဲ့ ။ နက်ရှိုင်းမှူ့ တစ်ခုမှာ စီးမျောတာ နေမှာပါ။ အမေ့ကို လွမ်းတာ ၊ အမေက သမီးကို လွမ်းတာကတော့ ကျနော်တို့ အားလုံးအတွက် မလိုချင်ပါရက်နဲ့ ရနေရတဲ့ ရာသီစာ ဖြစ်မယ်။ အလွမ်းဆိုတဲ့ ရာသီစာ လေ။ ဘယ်အချိန်စားစား မြိန်တယ်။ ရာသီပြောင်းဖို့ကတော့ ကျနော်တို အားလုံး ဝေးနေဆဲ ပဲနော် . . . အမေ့ကို လွမ်းသွားပါတယ် ခင်လေးရေ ။

လွမ်းသုရင် said...

မမခင်လေးရေ... အသက် ၅၁ ရှိနေတဲ့ မေမက အသက်၂၆နှစ်ပဲ ရှိသေးတဲ့ GreenGirl ကို အားပေးနေတုန်းပါပဲး(

Taungoo said...

happy birthday ပါ အမခင်လေးရေ

မောင်ဖားကြီး said...

ပျော်စရာ မွေးနေ့ဖြစ်ပါစေအစ်မရေ။ အမေက ကိုယ့်ကို ဒီလိုချစ်ခင်သတိရမှတော့ အစ်မမွေးနေ့က မဆုတောင်းပေးလည်း
ပြည့်နေမှာပါဗျာ

ဗေဒါရီ said...

မေမေ့ကို လွမ်းနေတဲ့ ကျွန်မ ... ဒီစာဖတ်ပြီး မျက်ရည်ဝဲနေမိတယ် မခင်လေးငယ်။
အဝေးရောက်နေလို့ ၀မ်းနည်းနေကြရပေမဲ့ ကိုယ့်ရဲ့ မွေးနေ့မှာ ကိုယ့်ကို လူဖြစ်အောင် မွေးထုတ်ပေးခဲ့တဲ့ မိခင်ကို သတိတရရှိတာဟာ မင်္ဂလာတပါးပါပဲ။
မွေးနေ့မှစပြီး မင်္ဂလာရှိသော နေ့ရက်များစွာ ပိုင်ဆိုင်နိုင်ပါစေ ... လို့ ... ။

Anonymous said...

မေမေ...................
......................သမီး

သမီး..................
.....................မေမေ

မေမေက သမီးဖြစ်ဖူးလို့ သမီးကို ခံစားနားလည်ပေးလို့ရတယ်..

သမီးက မေမေမဖြစ်ဖူးသေးတော့
မေမေကို ခံစားနားလည်ပေးလို့ရပါ့မလား..

သမီးနားမှာနေခွင့်မှမရတာ.. မေမေကံပေါ့..

ဟဲ့ ခင်လေး..
နင့် အမေ သနားပါတယ်..
ငါက အကြောင်းသိတွေမို့ နင့်စာကို သူများထက် အဓိပ္ပါယ် ပိုပေါက်တယ်..

Anonymous said...

မခင်လေးရေ... ဒီပိုစ့်လေးကို ဖတ်လို့ ရလိုက်တဲ့ Feeling ကတော့ ကွက်တိပါပဲဗျာ။ မိဘဖက်ကရော သားသမီးဖက်ကပါ ခံစားချက်တွေကို စာတိုလေးနဲ့ ရိုးရိုးရှင်းရှင်း ထိမိအောင် တင်ပြနိုင်လို့ လေးစား ချီးကျူးမိပါတယ်။ မခင်လေး...မိသားစုနဲ့အတူ မွေးနေ့တိုင်းမှာ သာယာပျော်ရွှင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်...။

mgngal said...

ပျော်ရွင်ဖွယ်မွေးနေ့ လေးဖြစ်ပါစေ။ :)

အလွမ်းပြေ said...

မခင်လေးရေ Happy Birthday !!
ဟုတ်တယ် အမရေ မေမေ့ဆီဖုန်းဆက်တိုင်း အဲဒီလိုပဲ ... ဘာဖြစ်ဖြစ် သမီး နဲ့ အမေ က စိတ်ချင်းနီးတော့ ကျွန်မတို့ ဟန်ဆောင်ပေမယ့် သူတို့က သိတာပဲ ...

RePublic said...

ဟက်ပီး ဘတ်ဒေး ပါ မခင်လေးရေ ၊၊ ဆုတောင်းတာ နောက်တောင်ကျ သွားတယ် ၊၊
ဟန်ဆောင်မှုတွေကြားက မိဘ နဲ့ သားသမီး အပြန်အလှန်မေတ္တာ တွေက ကြည်နူးစရာ ပါ ၊၊ ဝေးမှ ပိုသိလာသလိုပါပဲဗျာ ၊၊ ကောင်းတယ် မခင်လေး ၊၊

ခင်မင်တဲ့
ကိုလစ်

Anonymous said...

မွေးနေ့မှာ ပျော်ရွှင်ပါစေ အစ်မရေ ..
အစ်မစာကို ဖတ်မိပြီးမှ ကျနော် တာဝန်မဲ့သလို ဖြစ်နေတာတွေ ပြန်သတိထားမိတယ် ..
ဟုတ်တယ် ကျနော် ဖုန်းမဆက်တာကိုတော်တော် ကြာသွားပြီ ..
ကျေးဇူးပါ အစ်မရေ ..

Anonymous said...

Happy Birthday !! အစ်မခင်လေး...ရွယ်တူထင်ပြီး ခင်လေးခေါ်နေမိတား) မွေးနေ့ ပို့ စ်လေးကတစ်မျိုးလေး အရေးသားကောင်းတယ် ကျနော်လည်း ဖုန်းမဆက်တာကြာပြီး အသံကြားရင်ပြန်ချင်လို့ 

ပုံ/
ကြယ်မျိုး =ရွှေမျိုး= မယ်မျိုး
(မခင်လေးခေါ်သော အမည်များ :P)

မိုးသောက်ယံ said...

မခင်လေးရေ မွေးနေ့မှန်းမသိလိုက်ဘူး အမရယ် .. အမ ရဲ့ ခံစားချက်ကို နားလည်ပါတယ် .. ကျနော့မှာလည်း မေမေပဲ ရှိတော့တာလေ .. သားသမီးတွေကသာ မိဘရဲ့ မွေးနေ့ကို မေ့ချင် မေ့နေမယ် .. မိဘတွေကတော့ သားသမီးတွေရဲ့ မွေးနေ့ကို မမေ့တတ်ကြပါဘူး .. အန်းနီးဝေး မွေးနေ့မင်္ဂလာပါ မခင်လေး

Anonymous said...

ပျော်ရွှင်ရာမွေးနေ့မင်္ဂလာဖြစ်ပါစေဗျာ။

Dream said...

မွေးနေ့မှာ ပျော်ရွင်ပါစေတီတီငယ်..

ဒီပို့စ်လေးဖတ်ပြီးခံစားရပါတယ်..

မွေးနေ့ဆုတောင်းလေးတောင်နောက်ကျသွားတယ်.. နောက်ကျ
မှ ရောက်လာတဲ့အတွက်ခွင့်လွတ်ပါ..

Anonymous said...

ဟုတ်ကဲ့ မိဘကိုလွမ်းသူတိုင်း ဖတ်ရင်းခံစားလိုက်ရတယ်ဗျာ

စန္ဒီမိုးမြင့် said...

နှလုံးသားရဲ့ အနက်ရှိုင်းဆုံးတစ်နေရာကနေ ရေးဖွဲ့ထားတဲ့ အန်တီခင်းလေးငယ်(အသက်၃၀ဆိုလို့ခေါ်တာနော်) ရဲ့ ရေးဖွဲ့ချင်းမှာ အဖြေမသိတဲ့ဝေဒနာတွေခံစားသွားရတယ်

စန္ဒီမိုးမြင့်(မန္တလေး)

Anonymous said...

ခံစားရတယ်ဗျာ... ဟန်ဆောင်ခြင်းအနုပညာကို ဘယ်လိုလူတွေက ဘယ်လို အသုံးပြုတယ်ဆိုတာ ကျွန်တော်လည်း သိချင်နေတုန်းဗျာ။

Anonymous said...

မေမေ့ကို လွမ်းနေမိတာတော့ မွေးနေမှ မဟုတ်ပါဘူး မမရယ်။ အချိန်နဲ့အမျှ သတိရနေမိတယ်။ မမရဲ့ မွေးနေ့လေးမှာ မမရဲ့ အမေရင်ထဲမှာလည်း ထပ်တူခံစားနေရမှာပါ။ မိခင်မေတ္တာကို တောင်းတစွာနဲ့ မွေးနေ့လေးမှာ ပျော်ရွှင်နိုင်ပါစေ ...

လေးစားလျှက်
ရောင်