Monday, November 10, 2008

အလိုက်မသိတတ်သူများ...

ကိုရင်နော်တစ်ယောက် ဘယ်တွေပျောက်နေလဲလို့ မေးတဲ့သူတွေလည်း လာလာမေးကြတယ် ဟုတ်တော့လည်း ဟုတ်ပါတယ်လေ တစ်ခါတလေ ကိုယ့်ကိုကိုယ်တောင် ပြန်လိုက်ရှာရတယ် ဘယ်ရောက်ရောက်သွားမှန်းမသိဘူး အဲ့လို အလုပ်တွေရှုပ် အရှုပ်တွေလုပ်နေတာ.. အဟီးးးး.. ဒီနေ့တော့ အချိန်လေးရတုန်း ဘာလေးညာလေး နည်းနည်းပါးပါးတော့ ရေးဦးမှဆိုပြီး ရေးဖို့ပြင်ရတော့တာ.. ရေးမယ်ဆိုတာထက် ပြောပြချင်တာတွေ ပြောပြမယ်ဆိုရင်ပိုမှန်မယ်.. ကျနော်ကြုံတွေ့ရတဲ့ စိတ်ညစ်စရာ၊ စိတ်ပျက်စရာလေးတွေကို ဖောက်သည်ချချင်တာပါ...။

“(၁၀) တန်းအောင်ဖို့မလိုဘူး အလိုက်သိတတ်ဖို့လို့တယ်” ဆိုတဲ့စကားဟာ ဆိုရိုးစကား တစ်ခုလို ဖြစ်နေပါတယ်.. မကြာမကြာလည်း ကြားရတတ်တယ်.. တကယ်တော့ လူတစ်ယောက်ဟာ “အလိုက်သိတတ်ဖို့” အရမ်းအရေးကြီးပါတယ်.. “အလိုက်သိတတ်ခြင်း” ဆိုတာက တတ်သိထားအပ်တဲ့ ပညာရပ်တစ်ခုလိုပါ.. ပညာတွေ ဘယ်လောက်ပဲ တတ်နေပါစေ အလိုက်မသိတတ်ဘူး အရိပ်အကဲ နားမလည်ဘူးဆိုရင် အဲ့ဒီလူဟာ လူမှုဆက်ဆံရေး နယ်ပယ်မှာ အခက်အခဲတွေနဲ့ ကြုံတွေ့နေရမှာပါ...။

ကျနော်လည်း အလိုက်မသိတတ်သူတွေနဲ့ တော်တော်ဆုံတွေ့ခဲ့ရပါတယ် ကိုယ်က သည်းခံတတ်သူ၊ အားနာတတ်သူဖြစ်နေတော့ ပိုခံရတာပေါ့.. ဒီလိုပါပြောပြချင်တာက ကျနော့်သူငယ်ချင်းတွေထဲမှာ တစ်ယောက်ရှိတယ်ဗျ သူက သူပြောချင်တာကို အတင်းကို လိုက်ပြောနေတတ်တာ.. သူများ စိတ်ဝင်စားရဲ့လား.. အားလား.. မအားလားမသိ အတင်းကို သူပြောချင်တာ ပြောနေတော့တာ.. “ဒမှာကြည့်ရမ်း (ဒီမှာကြည့်စမ်း)” ဆိုပြီး သူ့စကားကို ဂရုစိုက်နားထောင်အောင် ခံပြောတတ်သေးတယ်.. ဒီထက်ဆိုးတာက သူ့ကို မကြည့်ရင် ပုခုံးကို တို့ပြီး မကြည့်ကြည့်အောင် လုပ်နေတော့တာ.. ပြောရင်လည်း “သလား (သိလား)” ဆိုပြီး သူ့စကားကို ထောက်ခံခိုင်းသေးတယ်.. ကိုယ်က အားနေရင်တော့ အကြာင်းမဟုတ်ပါဘူး နားထောင်ပေးတာပေါ့.. အလုပ်မအားတော့ ဘယ်လို လုပ်မလဲနော်.. တကယ်ဆို အလိုက်သိပေါ့.. သူစိတ်မဝင်စားပါလား ဆိုပြီး ဆက်မပြောနဲ့တော့ပေါ့.. ဟုတ်ဘူးလား..။

နောက်တစ်ယောက် ရှိသေးတယ် သူကတော့ စကားတော့ အတင်းလိုက်မပြောဘူး ကိုယ့်စားပွဲဘေးမှာ လာရပ်နေတတ်တာ.. ခုံတစ်လုံးပါဆွဲပြီး ဘေးမှာ လာထိုင်နေရော.. ကိုယ်ကလည်း အလုပ်က လုပ်နေရတော့ သူ့ကို ဧည့်ခံစကားပြောဖို့ အချိန်က မရှိဘူးလေ.. သူက နားလည်မှုတော့ ရှိပါတယ်.. နှောက်တော့ မနှာက်ယှက်ဘူး.. ခက်တာက ဘေးမှာထိုင်ပြီး ကိုယ်လုပ်နေတာတွေကို ကြည့်နေတာ.. PC ကို ကြည့်နေမယ်.. စာရွက်စာတမ်းတွေကို ကြည့်နေမယ်.. ကိုယ်ကလည်း ကိုယ်လုပ်နေတာတွေကို ဘယ်ကြည့်နေစေချင်မလဲနော်.. (မဟုတ်တာတွေ လုပ်နေတာကိုး.. ဟီးး) အဲ့လိုဗျ မခက်ဘူးလား တကယ်ဆို သူမအားပါလား.. မကြည့်စေချင်ပါလား.. ဆိုပြီး ပြန်သွားလိုက်တော့ပေါ့ဗျာ.. အလိုက်သိပေါ့.. ဆိုးတယ်ဗျ အလိုက်မသိတတ်တာ..။

တော်တော်ကြီး ဆိုးဆိုးဝါးဝါး အလိုက်မသိတတ်သူနဲ့လည်း ကြုံနေရသေးတယ်ဗျ.. မကြာမကြာလည်း ဆုံနေရတယ် နောက်လည်း ဒီလူနဲ့ တွေ့နေရဦးမှာပဲ.. သူငယ်ချင်းလည်းဖြစ်နေတာကိုး.. သူကတော့ အိမ်မှာ ဧည့်သည်လာလုပ်တာဗျ.. ခဏဆိုရင်တော့ အကြောင်းမဟုတ်ပါဘူး ရက်ရှည်ဧည့်လာလုပ်တော့ ခက်ပြီပေါ့ဗျာ.. ကိုယ်ကလည်း တစ်ယောက်တည်း လွတ်လွတ်လပ်လပ် နေချင်တာလေ.. ဧည့်သည်ရှိနေတော့ မလွတ်လပ်ဘူးပေါ့.. သူ့ကို ဧည့်ဝတ်ကျေပေးရတော့တာပေါ့ဗျာ.. စားချိန်ဆို သူ့အတွက် စီစဉ်ပေးရရော ကိုယ်တောင် ကိုယ့်ဟာကိုယ်ဆို တစ်ခါတလေ ဘားမှစားတာ မဟုတ်ဘူး (ချွေတာရေးလေ.. ဟီးး) ဧည့်သည်ကိုတော့ ကောင်းကောင်းကျွေးရတော့တာပေါ့.. နောက် ကိုယ့် အသုံးအဆောင်တွေလည်း ပေးသုံးရသေးတယ်.. အိပ်ရင်လည်း ကိုယ့်ကုတင်မှာ ပေးအိပ်ရတာပေါ့.. ကိုယ်ကတော့ ဧည့်ခန်းမှာ ဖြစ်သလို အိပ်ရရော.. PC ကိုလည်း Email လေး ခဏ ဖတ်ဦးမယ်ဆိုပြီး မထတော့ဘူး.. ခက်ပြီပေါ့.. ကိုယ်က အလုပ်တွေက ရှိသေးတယ်လေ.. ဖတ်ချင်တာလေးတွေ.. ရေးချင်တာလေးတွေကလည်း ရှိဆိုတော့.. (ချစ်ချစ်နဲ့လည်း Talk ရဦးမှာ.. ဟီးး)
အဲ့လို.. အဲ့လို.. မခက်ပေဘူးလား အလိုက်မသိတာ.. ဆိုးတယ်ဗျ...။

နောက်တစ်မျိုးရှိသေးတယ် ဒါကတော့ အားလုံးလည်း ကြုံနေရမှာပါ.. Gtalk ကို အချိန်တိုင်း ဖွင့်ထားတယ်ဆိုတာ အမြဲ Chat နေတာမှ မဟုတ်တာနော်.. အလုပ်မှာ၊ ကျောင်းမှာ၊ အိမ်မှာ ဒီလိုပဲ ဖွင့်ထားတတ်တာပဲလေ.. Busy ပြထားတယ်ဆိုရင် ဒါသိသင့်တာပေါ့ မအားလို့နေမှာ ဆိုပြီး.. တချို့ကတော့ ဟုတ်ဘူးဗျ အတင်းကို Reply မလုပ်မချင်းကို ရိုက်နေတော့တာ.. ဒါလည်း အလိုက်မသိတာပဲဗျ.. ဒါကြောင့်လည်း Always Idle တွေ Invisible တွေ သုံးလာကြတာနေမှာ.. ဒါတွေက အလိုက်မသိတတ်သူတွေအတွက် ရှောင်ဖို့၊ ပုန်းဖို့ ထပ်ပေါ်လာတာဖြစ်မယ်.. တကယ်ဆို Busy ပါနေတာ လုံလောက်ပြီပဲလေ.. ကျနော်ကတော့ အဲ့ဒါတွေကို မသုံးဘူးဗျ.. ကိုယ်ခင်လို့ Add ထားတဲ့ သူငယ်ချင်းတွေကို လိမ်သလိုကြီးဖြစ်မနေဘူးလား.. (ဘယ်သူ့ကိုမှ မရည်ရွယ်ပါဘူးနော်.. ခင်လေးငယ်ကို ပြောတာလည်း မဟုတ်ပါဘူး... ဟီးးး ဒင်းက အဲ့လို သုံးတတ်လို့ :P)

တကယ်တော့ အလိုက်မသိတတ်တာ ဆိုးတယ်ဆိုပေမယ့် သူ့နေရာနဲ့သူ ကောင်းတဲ့နေရာလေးတွေလည်း ရှိတော့ရှိပါတယ်.. ကျနော်လည်း တစ်ခါတလေတော့ ရူးချင်ယောင်ဆောင်ပြီး အလိုက်မသိသလို နေဘူးပါတယ်.. ဥပမာ အကြွေးသွားတောင်းတာတို့ ဘာတို့ပေါ့.. မပြန်ဘူး မပေးမချင်း ပေကပ်နေတာ.:P နောက် ဖေဖေ့ ရုံးကိုလိုက်သွားပြီး တော်တော်နဲ့ မပြန်ဘူး သူ့ကို စိတ်ရှုပ်အောင် လုပ်မယ်.. မျက်စိနှောက်အောင်လုပ်မယ်.. သူ့ဧည့်သည်လာရင်လည်း စကားကောင်းကောင်း ပြောလို့မရအောင် နှောက်ယှက်မယ်.. အလိုက်မသိဟန်ဆောင်တာပေါ့.. ဒါမှ မုန်ဖိုးမြန်မြန်ပေးပြီး ပြန်ခိုင်းမှာလေ.. အဟီးး အဲ့လို ရူးချင်ယောင်ဆောင်တာ..။ နောက်ရှိသေးတယ် ကျနော်တို့ မွေးရပ်မြေက ရုံးဌာနတွေမှာ လ္ဘက်ရည်ဖိုး ပေးရမယ်ဆိုရင် အလိုက်မသိတတ်သလို ရူးချင်ယောင်ဆောင်နေလိုက်ရော.. အဲ့လို.. .အဲ့လို.. ဝန်ထမ်းတွေကို မဖျက်စီးချင်ဘူးလေ.. လ္ဘက်ရည်ဖိုးဆိုတာကလည်း ငါးဆယ်၊ တစ်ရာမှ မဟုတ်တာနော်.. ဈေးတော်တော်ကြီးတာကိုး... (ဟီးးး)

“အလိုက်မသိတတ်ဘူး” ဆိုတာ သူတစ်ဖက်သားကို စိတ်ညစ်အောင်လုပ်တာပဲ.. ဒုက္ခပေးခြင်းတစ်မျိုးပဲဗျ.. တကယ်ဆို ကိုယ့်ကို အလိုမရှိတော့ဘူး၊ မကြည်ဖြူတော့ဘူးဆိုတာ သိသင့်တာပေါ့.. သိရင်လည်း အလိုက်တသိ ထွက်သွားလိုက်တော့ပေါ့.. ဆက်ရှိနေလို့လည်း ဘားမှဖြစ်လာတော့မှာမှ မဟုတ်တာ.. မျက်နှာရိပ်၊ မျက်နှာကဲ ပြလည်း မသိ.. ပေကပ်ပြီးကိုနေ နေတာကတော့ ဆိုးတာပေါ့ဗျာ.. အဲဒီထိုင်ခုံကြီးတွေကို ဖက်တွယ်ပြီး ဆက်ထိုင်ထိုင်နေတာတော့ မမိုက်ဘူးပေါ့...!! တကယ်ဆိုရင်လည်း အလိုက်တသိ ဆင်းသွားလိုက်တော့ပေါ့ဗျာ... အဲ့.. ပြန်သွားလိုက်တော့ပေါ့ဗျာ... (အ ဟီးးး) ခက်တယ်.. ခက်တယ်..!! အလိုက်မသိတတ် သူတွေကြောင့် ခက်တယ်.. အားလုံးပဲဗျာ.. ကျနော်ကြုံတွေ့ရသလို အလိုက်မသိသူများရဲ့ရန်က ကင်းဝေးနိုင်ကြပါစေလို့...။

(ကိုရင်နော်)

20 comments:

WWKM said...

ဟဟဟား ကိုရင်နော် ရေ..
မှတ်ထားလိုက်ပြီနော်.
အလိုက်မသိတဲ့သူတော့ အပြောမခံနိုင်ဘူးး
နောက်ဆို ဝေးဝေးရှောင်တော့မယ်။း)

Anonymous said...

ကောင်စုတ်...!!
ငါ့ဟာငါ ဘယ်လို ချက်ချက်ပေါ့... ဟွန်းးး
စာရေးနေတုန်းမှာ Always Idle ရင်း ပြန်ပြောင်းဖို့ မေ့သွားတာပါနော်....

နင်ဟာလေ တစ်ခါတလေလေး တစ်ပတ်မှာ
(၈)ရက် လောက်လေးဘဲ မေ့မေ့သွားတာလေးကိုနော်..
post မှာအတင်းတုတ်စရာလားလို့....
“““@#$%^&+~... $%^#”””

ကောင်းတယ်.. မှတ်ကရော..!!
((နင်နောက်ဆုံးပိုဒ်မှာ ရေးထားတာကိုပြောတာပါ...))
နင်က မျက်နှာရိပ် မျက်နှာကဲလေးဖဲ သွားပြတာကိုးးး သူကဘယ်လိုလုပ်သိမှာတုန်းဟ!!
((ဟီးးးး))
မသကာ နှုတ်ခမ်းဆူ ခြေလေးဆောင့်ပြီး မျက်ဆောင်းလေး ထိုးလိုက်ရင်တောင် သိချင်သိမှာ... !! (((အ...ဟိ.. :P :P)))

ဟေ့ယောင်..!! ဘာပဲဖြစ်ဖြစ် နောက်ဆုံး အပိုဒ်က နင်ဘာပြောချင်တယ် ဆိုတာ ငါသိနေတယ်... ဟက်..ဟက်..
(((မီးမီးကြောက်ကြောက်နော်...)))

mgngal said...

ဟုတ်တော့ ဟုတ်သားပဲ ။ အလိုက်သိမှပေါ့ ။ အဲ ဒါနဲ့ 
အလိုက်သိဆိုလို့  အသိလေးနဲ့  လိုက်တွေးဦးမှဗျ ။ ဒါမှ
ပိုအဆင်ပြေမှာ ။ just koke! :D

:P said...

မြန်မာတစ်ပြည်လုံး..ပေးတဲ့ဆုနဲ့ပြည့်ရပါလိုဧ။်။
အပေါ်ဆုံးက အလိုက်မသိသူ ၃ယောက်ရဲ့ email ID
ပေးထားလေ..ဒီ ပို့စ် လင့်လေးပို့ပေးမယ်....:)))

RePublic said...

ခုလို တယ်ရင်း ကိုရင်ပို့စ်တွေမဖတ်ရတာကြာပြီဗျာ ၊၊ပေါက်ကွဲသံတွေနဲ့ပါလား ကိုရင်ကြီးရေ ၊၊ အင်းခုလိုရေးပြတာ ကောင်းပါတယ်ဗျာ ၊၊ ကိုရင်ကြီး အဆင်ပြေပါစေ၊၊

ခင်မင်တဲ့
ကိုလစ်

Dream said...

ဒမှာ ဦးနော်.. မက်မက်ကအခု မပြောချင်ဘဲ ဦးနော်ကို အလိုက်မသိတော့ ပြောရတာပေါ့ဗျာ.... အကြွေးယူတုန်းက ပြောတော့ သုံးလေးရက်လောက်ပါပဲတဲ့။။။
အခုတော့ အလိုက်တသိနဲ့လာ ပြန်ပေးမလား ဆိုပြီး
နေလာတာ.. မပေးတော့ အခု လိုက်တောင်းရပြီ..
နဲနဲပါးပါးတော့ သိတတ်ပေါ့ဗျာ.. အခုလိုအလိုက်မသိ
တာတော့ဘယ်ကောင်းမလဲဗျ.. ဟီးဟီး..
နောက်တာနော်.. ယူထားတဲ့အကြွေး တကယ်လာပြန်ပေးဦးနော်.. ဟီးဟီး..:P :P

ဒမှာ.. ဦးနော်..တီတီငယ် နဲ့မက်မက်တို့ အိုင်ဒေး သုံးတာကို ဘလော့မှာ တင်ပြီး ဖြေးဖြေးမတုတ်ဘဲ အတင်းတုတ်တာတော့ မကောင်းဘူးပေါ့....
ဒမာ ကြည့် သလား...နောက်ဆို အရက်အကြွေး
သောက်တယ်ဆိုပြီး တီတီငယ် နဲ့တိုင်မယ်နော် သလား.. သတိထား.. သလား.. ဟွန်း.. :P :P

အော်..ဒါနဲ့ တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲ တုန်းက ဦးတောင်ပေါ်သား ဆီကအကြွေးနဲ့ ၀ယ်သောက်ထားတဲ့ အရက်ဖိုး ပေးလိုက်ဦးနော်..
တီတီငယ် မသိသေးလို့နော် သလား...မဟုတ်ရင်
ဦးနော်တော့..နော်.. ဟင်းဟင်း.. မတွေးရဲစရာပဲ... သလား....
ဂယ်ဖဲ..ဂယ်ဖဲ.. ဟီးဟီး.. :P :P :P

ခင်တဲ့
မက်မက်

Anonymous said...

အဲဒါ ကိုရင်နော် အကို ၀ဋ်လည်တာဗျ၊ အကို့ဖေဖေကို အကို အဲလို ရူးချင်ယောင်ဆောင်လို့ သူများက ပြန် ရူးချင်ယောင်ဆောင်ပြီး လုပ်နေတာ။ မှတ်ကရော!
ပထမတော့ အကို ကိုရင်နော်ဆီ လာလည်မလို့ လုပ်နေတာ ခု လာလည်တော့ဘူးဗျာ ... Blog ပေါ်မှာ တင်ပစ်လိုက်မှာ စိုးလို့ ... ဟားဟား။

စတာပါအကိုရယ် ... အတည်ပြောတာပါ
စိတ်မဆိုးနဲ့နော် တကယ် ... တကယ်။

ခင်မင်လေးစားမှုများစွာဖြင့်

NangNyi said...

ဦးနော်ပြောတဲ့ အလိုက်မသိသူကြီးကတော့ အတော်ဆိုးပါတယ်.. ဆိုးချက်က ရင်နင့်စရာ..

တားမြစ် ထားသော... said...

အလိုက်သိတတ်ရင်တော့ အကောင်းဆုံးပေါ့ တစ်ကယ်ပါ။ ကျွန်တော်လည်း အလိုက်မသိတတ်သူတွေကို မုန်းသဗျ။ ထိုင်ခုံကြီးနဲ့ အလိုက်မသိတတ်သူတွေကိုတော့ မုန်းတယ်ဆိုတာထက် ပိုတဲ့ မြန်မာစကား ပြည့်စုံတဲ့စကား ရှာအုံးမဗျာ။

သုခမိန်(E-Journal)

ဗေဒါရီ said...

မရှိတာထက် မသိတာခက် ဆိုတဲ့ စကားပုံ ပေါ်လာတာ ဒါကြောင့်ထင်ပါရဲ့နော်။
ကိုရင်နော်ပြောတဲ့ ထိုင်ခုံပေါ်က အလိုက်မသိသူတွေက ရိုးရိုးအလိုက်မသိတာ မဟုတ်ဘူး အလိုက်ကန်းဆိုး မသိတာ ..။ အဲ ... စကားအသုံးအနှုန်း နဲနဲ ရင့်သီးသွားရင် ခွင့်လွှတ်ပါ။ အဲလို ပြင်းထန်တဲ့ စကားလုံးနဲ့မှ တန်သလားလို့။ :P

Anonymous said...

အလိုက်မသိတာကို အလို့ မသိတာ မဖြစ်စေနဲ့ပေါ့ဗျာ...

HAPPY CLOUD said...

ဟားဟား... ကျုပ်လည်း အလိုက်မသိတတ်သူထဲ ပါသဗျ... တွေ့လို့ တခွက်လောက်မှ မဗျင်းရရင်တော့...ဟင်းဟင်း... အင်းပေါ့ဗျာ... တချို့မသိတဲ့သူတွေကျတော့ တော်တော်လေးဆိုးတယ်ဗျ... အရိပ်ပြလည်းအကောင်မထင်... ပေါ်တင်ပြောလည်းဂရုမစိုက်...နှင်ထုတ်ရင် မာန်ဖီအုံးမယ်ဆိုတော့... ခက်ဖူးလားဗျို့
(ဖိုးမောင်)

Unknown said...

ကောင်းလိုက်တဲ့အတွေး ကျွန်တော်လဲ ခဏခဏ ခံရဖူးတယ်ဗျ။

ပီကေ said...

အလိုက်မသိသူတွေကို ကိုယ်ချင်းမစာနာတတ်သူတွေ လို့လည်း ကင်ပွန်းတက်ချင်တယ်။ တချို့ကျလည်း အပစ်ကင်းအောင်ကို အလိုက်မသိတတ်ကြဘူး။ ဥပမာ ကလေးလေးတွေလိုပေါ့။ သူတို့ကျတော့ ကိုယ်ချင်းစာ ရကောင်းမှန်း နားမလည်ကြတာပါ။ ကိုယ်ချင်းစာတရားတွေ ပြည့်ဝလာပြီ ဆိုရင်တော့ အလိုက်သိလာကြမယ် ထင်ပါတယ်။

တောင်းတဲ့ဆုလေး ကျနော်လည်း ပြည့်သွား ပါရစေ။

Anonymous said...

အင်းနော်. ဟုတ်တယ်။ တစ်ခါတစ်လေတော်တော်ဆိုးတယ်
ပြောရလည်းခက် မပြောရလည်းခက်...

လားရှိုးသူ said...
This comment has been removed by the author.
လားရှိုးသူ said...

အလိုက်မသိသူလို့ အပြောခံနေရပါအုံးမယ်၊ အဝေးကိုရှောင်နေမှ ဖြစ်တော့မယ်၊ ရှောင်ပြီဗျိုးးးးးး

flowerworld said...

ဦးနော်....တန်ဆောင်တိုင်တုန်းကအရက်နဲ့မြည်းမလို့ ဆိုပြီးမုန့်တွေအကြွေးယူသွားတာလာပြန်ဆက်ဦး
အဲ့ဒါပေါ့..အလိုက်လေးသိမလားလို့အကြွေးပေးပါတယ် ပြန်ကိုမဆက်တော့ဘူး....ဟီးးးးးးးး
အချွန်နဲ့မပြီး..ပြေးပြီးဗျို့

pandora said...

အလိုက်သိစွာ လာဖတ်သွား မှတ်ချက်ရေးသွားပါကြောင်း

Anonymous said...

ဟီး ဒါဆို မိရောင်လည်း အလိုက်မသိတဲ့ထဲမှာ ပါနေလောက်ပြီနော်။
ဒီလောက်က ဘာအရေးလဲနော်။ သူများတွေလို မျက်နှာရိပ် မျက်နှာကဲ ပြလည်းနားမလည်။ ပြောင်ပြောတော့လည်း မသိချင်ယောက်ဆောင်သေးးးးး အောင်မလေး အဲဒါမှ ပိုဆိုးတာနော်။ ဟီး ပြေးပြီ....

လေးစားလျှက်
ရောင်