Friday, November 21, 2008

တောသားမြို့ကြောက်...

.

((((((ဘော်ဘူးးးးးးး.... ဘော်ဘူးဘော်... ဘော်ဘူးးးးး... ဘော်....))))))
((((( ဂလုံး ဂလုံးးး.. ဂလုတ်ဂလုတ်.. ဂလုံးးးး... ဂလုတ်.... ဂ.....လုတ်.. )))))
တစ်ညလုံး အရှိန်နှေးနှေး ခုတ်မောင်းလာသော အမြန်ရထားကြီးက မောပန်းနွမ်းနယ်စွာ တစ်လှိမ့်ခြင်း တစ်လှမ်းခြင်း..။ ခပ်ဆိုးဆိုး အနံ့တစ်မျိုး နှာခေါင်းထဲ အတင်းတိုးဝင်လာမှ အိပ်နေရာက လူးလဲထ ပြူတင်းပေါက်ကိုမ... အိုးဟိုးဟိုး.. နံလိုက်တဲ့ မြောင်းပုပ်နံ့..။

အလို.. ခရီးသည်တွေ ဆင်းဖို့ပြင်နေကြပြီ.. ဟေ... ဒါဆိုရောက်ပြီပေါ့..။

ပုဆိုးကို တိုတိုပြင်ဝတ်၊ လွယ်အိတ်ကို စလွယ်သိုင်းပြီး ပါလာတဲ့ ကြိမ်ခြင်းတောင်နဲ့ ငှက်ပျောခိုင်ကြီးကို ထမ်းကာ စတင်ခြေချလိုက်တာကတော့ ရန်ကုန်ရွှေမြို့တော်ကြီးဆိုတာကိုပါ..။ ကျုပ်အတွက်တော့ ရန်ကုန်ဆိုတာ ပထမဦးဆုံး ရောက်ဖူးခြင်းပေါ့.. ရန်ကုန်ကို ရောက်ဖူးချင်လွန်းလို့သာ အဘကို ဂျီကျပြီးထွက်လာရတာ ခပ်ကြောက်ကြောက်.. ဒင်းတို့သားအမိသာ လာမကြိုရင် ကျုပ်တော့ ဒုက္ခ..။

လူတွေကလည်းများ ဆူညံအော်ဟစ်သံတွေနဲ့ အူယားဖားယား စည်ကားနေလိုက်တာ..။ ဘယ်အပေါက်က ထွက်လို့ ဘယ်လိုသွားရမယ်မသိ..။ တစ်လမ်းလုံး မျက်စောင်းထိုးခံခဲ့ရတဲ့ ကျုပ်ရဲ့ ငှက်ပျောခိုင်ကြီးကလည်း ခုထိ အဆဲကမလွတ်.. ဟိုချိတ်ဒီချိတ်နဲ့..။ သူများသွားတဲ့နောက်လိုက် သူများထွက်တဲ့အပေါက် လိုက်ထွက်.. ဟိုဘက်ပါသွားလိုက်.. ဒီဘက်ပြန်ပါလာလိုက်နဲ့.. အပြင်ကို တော်တော်နဲ့ မရောက်..။ တံခါးပေါက် သေးသေးလေးကို တိုးခွေ့ဝင်နေလိုက်ကြတာများ မြင်မကောင်း..။ လူအုပ်ကြီးက များလွန်လွန်းလို့ ကျုပ်တောင် ကျုပ်ငှက်ပျော်သီးတွေ ပြုတ်ထွက်ကုန်မှာ စိုးရိမ်မိသေး..။

“ဦးနော်... ဦးနော်ကြီး... သမီးတို့ ဒီမှာ..”
“ဟေးး... အေး ကလေးလေး.. လာပြီဟေ့.. ငါ့တူမကြီး တယ်ထွားလာပါလားဟေ့.. ဟဲ့ ခင်လေး အမယ်.. နင်လည်း ဝ လာသား.. ငါက နင်တို့ လာမှ ကြိုပါ့မလားလို့..”
“ဦးနော်.. ရာ.. ဒီဖက်ကနေ..ရာ..”

တော်သေးတာပေါ့ ခင်လေးနဲ့ သူ့သမီးလာကြိုပေလို့.. မဟုတ်ရင် ကျုပ်တော့ ဒီ.. လူစီးကြောင်းထဲ ဘယ်အထိ မျှောနေမယ်မသိ..။

“ဟဲ့ ကိုရင်ရယ် နင်ဟာလေ စိတ်ညစ်ပါတယ် ဘာလို့ ငှက်ပျောခိုင်ကြီးသယ်လာတာတုန်း.. ငါရှက်လိုက်တာနော်..”
“အဟေးးး ဘာလို့တုန်းဟ နင်တို့စားရအောင် ယူလာတာလေ..”
“ကယ်ကယ်... လာ.. စိတ်ညစ်တယ် နင်နဲ့တော့.. ပေး အဲ့ဒီခြင်းတောင်း ငါ့ကို.. သမီး လာ ဒီဘက်.. ဟိုရှေ့နားကနေ ကားငှားမယ်..”

အင်း.. ငါ့ငှက်ပျောခိုင်က အခုထိ အပြောမလွတ်ပါလားနော်.. ငါကတော့ ခြံထွက်မို့ သေချာယူလာတာကို...။

“ဟဲ့ ကိုရင် ဒီနောက်ခန်းမှာထည့် နင့်ခြင်းတောင်းကလည်း လေးလိုက်တာဟယ်..”
“အေးဟ.. အရီးလေး ထည့်ပေးလိုက်တာတွေ နင်တို့ဖို့တဲ့.. ဟဲ့.. နင့် တိုက်စီကလည်း ဈေးကြီးလှပါလား..”
“အမလေး.. ဒါတောင်မနည်းဈေးဆစ်ထားရတာ..”
“မေမေခင်.. ကားကမတွားတေဖူးရား.. ကားချရာကြီရော ဘယ်ရောက်တွားပီရဲ..”
“လူတစ်ယောက် ထပ်တင်မှာတဲ့ သမီးရေ.. ဟော.. ဟိုမှာ လာပါပြီ..”

ကားဆရာကတော့ ပျစ်..ကနဲ လမ်းမပေါ် ကွမ်းတံတွေးထွေးရင်း အေးရာအေးကြောင်း လှမ်းလာနေလေရဲ့.. အော်.. သူလည်း နေ့တွက်ကိုက်အောင် လုပ်ရမှာပေါ့လေ...။

“ဟဲ့.. ခင်လေး.. နင်တို့ ရန်ကုန်က တယ်ရှုပ်ပါလား.. မျက်စိကို နှောက်နေတာပဲ.. လမ်းတွေကလည်း ဆိုးလှပါလား.. ချိုင့်တွေ ခွက်တွေနဲ့.. ရွာက နွားလည်းလမ်းလို..”
“တိတ်တိတ်နေပါ ကိုရင်ရယ် နင်ဟာလေ ခုထိ အာကျယ်အာကျယ်နဲ့ စကားကိုတိုးတိုးပြောပါ.. ဒါရန်ကုန်ဟဲ့..”
“အဟီးး နင်ကလည်း တွေ့တာနဲ့ ငါ့ကို ဟောက်နေတော့တာပါလား.. ငါဒီလိုပဲ ပြောတတ်တာကို..”
“မေမေခင်ကရဲ ဦးနော် တနားပါဒယ်..”

ဒီလိုနဲ့ တဒုံးဒုံး တဒိုင်းဒိုင်း ချိုင့်တွေခွက်တွေကို ကျော်ဖြတ်မောင်းရင်း ရောက်လာတာကတော့ ဒေါ်ခင်လေးငယ်တို့ နေထိုင်ရာ ရန်ကုန်မြို့ရဲ့ ရပ်ကွက်တစ်ခု..။

“ဟဲ့ ခင်လေး.. တယ်ဟုတ်ပါလား နင့်တိုက်ကြီးက အမြင့်ကြီး အကြီးကြီးပါလား..”
“ကယ်.. ကိုရင်ရယ် စကားများတယ်.. သွားသွားတက်.. ကလေးလေးရဲ့ နောက်ကလိုက်သွား..”
“သမီး... မရောက်သေးဘူးလား.. ဘယ်ထိတက်ရမှာတုန်း.. လှေခါးက တော်တော် မှောင်ပါလား.. ဟူးးးးး”
“ခစ်ခစ်.. ဦးနော်ကြီးကရဲ ရောက်ပါပီ နောက်နှစ်ထပ်ဖဲကျန်ဒါ..”

“အလို.. ခင်လေး.. နင့်တိုက်ကြီးက အပြင်ကကြည့်တော့ အကြီးကြီး အထဲမှာတော့ ကျဉ်းကျဉ်းလေးပါလား..”

“ဟဲ့ နင်ဟာလေ.. ဒါတိုက်ခန်းလို့ခေါ်တယ် ငါတို့က အပေါ်ဆုံးထပ် (၈-လွှာ) ကယ် သိပြီလား..”

“ဟေ.. အဲ့လိုလား.. သိပါဘူ.. နင်ကဘယ့်နယ် ဒလောက်မြင့်တာကြီး ဝယ်ထားတာတုန်း..”
“အောင်မလေး ကိုရင်ရယ် ငါ့များ အထင်ကြီးနေ ငှားနေတာဟဲ့.. ငှားနေရတာ..”

“ဘယ်လို.. ငှားနေရတာ.. ဟလား..!! ဒါဆိုလည်း အောက်နားနေပါလားဟာ.. ဘယ့်နယ် မြင့်လွန်းပါတယ်.. ထန်းပင်တောင် ကျော်ရော့မယ်..”
“မတတ်နိုင်ဘူးဟေ့.. ဒါတောင် တစ်လ ခြောက်သောင်းပေးရတယ်ဟဲ့.. အောက်ထပ်တွေဆို မပြောနဲ့တော့..”

“ဟေ.... ခြောက်သောင်းးးးးး... များလိုက်တာ.. ဒါများ နင့်နယ် ရွာပြန်လာပါရောလား.. အရီးလေးကလည်း နင်နဲ့ ကလေးလေးကို သတိရနေရှာတာ..”
“အော်.. အဲ့လိုတော့လည်း မဖြစ်သေးဘူးလေ.. ကလေးလေးကျောင်းက ရှိသေးတယ်လေ.. ကယ်ပါ.. နင်ရေချိုးရင်ချိုး ငါဈေးသွားဦးမယ်.. ဟဲ့.. ရေတွေအများကြီး မချိုးနဲ့နော်.. ရေက ဝယ်သုံးရတာ..”
“ဟေ..!!! ရေကဝယ်သုံးရတယ်... ဘယ်လိုပါလိမ့်..”

ခင်လေးကတော့ ပြောပြောဆိုဆိုနဲ့ ဈေးထွက်သွားလေရဲ့..။

“ဦးနော်.. ဒီခြင်းဒေါင်းထဲက ပရင်းကြီးက ဘာပရင်းကြီးရဲ..”
“ဟဲ့..ဟဲ့.. သမီးရဲ့ ထားထား.. အဲ့ဒါ ဦးနော် သောက်တဲ့ ဆေးပုလင်း.. ပေးပေး ဦးနော်ကိုပေး.. သမီးဖို့ ဇီးထန်းလျှက်တွေ ပါတယ်လေ.. ညည်းဖွားအေ ထည့်ပေးလိုက်တာ..”

အောက်မလေး.. တော်သေးလို့ ကျကွဲသွားမှဖြင့်... ရှာရှာပါးပါး ဖွက်ယူလာရတာ.. ရန်ကုန်မြို့ကြီးမှာ ဘယ်နားဆိုင်ရှိမှန်းမသိ ငတ်တော့မလို့.. ဒီကလေးလေး တယ်လက်ဆော့.. မဖြစ်ဘူး.. သေချာဖွက်ထားမှ....။

“သမီး ရွာက ဖွားဖွားကို မှတ်မိသေးလား သမီး ဖွားက သမီးကို သတိရနေတာ.. ဦးနော်ကို မှာလိုက်တယ်”
“မှတ်မိဒယ်.. ပူချူးမကိုလဲ မှတ်မိဒယ်.. တမီးနဲ့ အိုးဘုတ်တူတူချော့ဒါ..”

“အဟေးး သမီးက မှတ်မိသားပဲ.. ဦးနော်ကိုလည်း မှတ်မိတယ်နော်.. သမီးက ရန်ကုန်သူကြီးဖြစ်သွားလို့ ဦးနော်ကို မေ့များသွားပြီလားလို့.. ဟေးးး..”
“ဟုတ်.. မှတ်မိဒယ် မေမေခင်ကပေါဒယ် ဦးနော်ကြီး ရန်ကုန်ရာမှာဒဲ့ ငါရော့ ချိတ်ညစ်ပါရယ်ဒဲ့..”

“ဟေ..!! ညည်း မေမေခင်က အဲ့လိုပဲပြောလား.. ငါ့မှာတော့ ဒီသူငယ်ချင်း တစ်ယောက်ရှိပါတယ် အားကိုးရမလားလို့ ဟင်းးး.. တွေ့ဦးမယ်.. နေပါဦး.. သမီးက ကျောင်းမသွားရဘူးလား..”
“အာာာာ.. ဦးနော်ကြီးကရဲ.. ကျောင်း ချယ်ရက် ပိတ်ဒယ်ရေ..”

“အဟေးး ဟုတ်လား.. ဦးနော်က တိဖူး.. အော်.. မှားကုန်ပြီ.. ဦးနော်က မသိဘူး..”
“ခစ်ခစ်...”

အော်.. ကလေးလေးတောင် ရွာက ပြောင်းသွားတာ နှစ် နှစ်မပြည့်သေးဘူး တော်တော်သွက်နေပါ့.. ရွာက ပူစူးမတို့နဲ့များ ကွာချက်.. ပူစူးမများ ဟိုဟာမေးမသိ.. ဒီဟာမေးမသိ.. အူတူတူနဲ့.. (အဟေးးး ကျုပ်အမျိုး ကျုပ်နဲ့တူလို့ အူတူတူဖြစ်တာနေမယ်) အင်းးး... ဒါကြောင့် မြို့ကြီးသူတွေ လည်တယ်လို့ ပြောကြတာဖြစ်မယ်.. ခင်လေးတောင် ကြည့်ရတာ တော်တော်လည်နေပုံပဲ...။

“စိတ်ညစ်ပါတယ် ကိုရင်ရယ် မြို့ကြီးမှာနေရတာ.. ကုန်ဈေးနှုန်းတွေကလည်း ကြီးချက်.. ဘားမှကို မဝယ်ရဲအောင်ဖြစ်နေပြီ..”
“အောင်မလေး မိခင်လေးရယ် ငြီးလိုက်တာလည်း လွန်ရော.. ငါ နှစ်ရက် သုံးရက်ပဲနေမှာပါ..”

“အော် ကိုရင်ရယ် အဲ့လိုပြောတာ မဟုတ်ပါဘူး နင့်တစ်ယောက်စာများ ဘာအပန်းကြီးတာမှတ်လို့.. ပြောပြတာပါ.. ကုန်ဈေးနှုန်းတွေက မတရားကို ကြီးတာဟ..”
“အေးလေ ဟုတ်ပါတယ် ဘာပဲဖြစ်ဖြစ် နင်တို့ ရန်ကုန်က ဒို့နယ်ဘက်တွေထက် ပိုတိုးတက်တော့ ကုန်ဈေးနှုန်းလည်း ပိုကြီးတယ်နေမှာပေါ့.. ”

“တိုးတက်လား မတိုးတက်လားတော့ မသိဘူး ဒီကုန်ဈေးနှုန်းကြီး တိုးတက်နေတာတော့ စိတ်ကို ညစ်ရော.. နောက်ဆို ဟင်းသီးဟင်ရွက်တောင် ဝယ်စားနိုင်ပါတော့မလား မသိဘူး..”
“အဟေးး.. ဒါများ ငါ့ငှက်ပျော်ခိုင်ကြီးကို အပြစ်ပြောသေးတယ် နင်တို့ ရန်ကုန်မှာ ဝယ်ကြည့်စမ်း ရမလားလို့.. ရွာနဲ့များ ကွာပါ့.. ရွာမှာဆို ခြံထွက်သီးနှံလေးတွေစား အကုန်အကျ မရှိသလောက်ပဲ.. နင်တို့ရန်ကုန်က ရွာလောက်ကို မဟန်ပါဘူးကွာ... ဒီပုံစံဆို နင်တို့ အသုံးစရိတ်က တစ်လတစ်လ မနည်းကုန်မှာပေါ့..”

“ကုန်ပြီလား ကိုရင်ရယ်.. အိမ်လခ... စားစရိတ်.. သွားစရိတ်လာစရိတ်.. ကလေးလေးကျူရှင်ခ.. ကျောင်းကလည်း ကုန်သလားမမေးနဲ့ တော်ကြာ ဟိုကြေးဒီကြေး.. တော်ကြာ ဆရာမကန်တော့ဖို့.. တော်ကြာ ဆရာမကို လက်ဆောင်ဝယ်ပေးဖို့.. အို... ကုန်ပေါက်ကြီးပဲ.. အတန်းပိုင်ဆီမှာလည်း ကျူရှင်က ပို့ပေးရသေးတယ် မပို့ရင်လည်း ကိုယ့်ကလေး မျက်နှာငယ်မယ် စိတ်ညစ်ပါတယ်အေ...”
“မေမေခင် ချာမက တွားချရာချိရို့တဲ့ ကျူချင် နှစ်ရက် ပိတ်တယ်ရဲ့..”

“ကယ် တွေ့လား အဒါပဲ ကျူရှင်ကလည်း ပိတ်မယ်ဆိုတာကြီးပဲ.. စာကို သင်ရတယ်ဆိုတာကို မရှိဘူး.. ကယ်ကယ်... ကိုရင်ရေ.. ပြောနေရင် ကုန်မှာမဟုတ်ဘူး.. နင်လည်း ဆာရောပေါ့ ထမင်းစားကြမယ်.. ကိုးရီးယားကားက လာတော့မှာဟ..”
“ဟေ... ဘာတုန်းဟ ကိုးရီးယားကားဆိုတာ..”
“အာာာာ ဦးနော်ကရဲ ကိုးရီးရားကားချိုဒါ ကိုးရီးရားကားပေါ့..
ခစ်ခစ်.. တိဖူးတိဖူး ဗိုက်ချာဒယ်..”

ခင်လေးကလည်း စကားကများပါ့ နဂိုများလှပြီမှတ်တယ် ရန်ကုန်ရောက်မှပိုဆိုး.. ကယ်.. လစ်တုန်း နည်းနည်းတော့ ခိုးမော့ဦးမှ.. ဒင်းစကားနားထောင်နေတာနဲ့ သောက်ဖို့တောင်မေ့နေပြီ... .... ဟင်းးးး..!!! ငါ့ပုလင်းးး.. မရှိတော့ပါလားးး..!! ဘယ်ရောက်သွားပါလိမ့်..!!! ဒီတံခါးကြားမှာ သေချာဖွက်လိုက်တာပါ.. ဒါ ကလေးလေး လက်ချက်နေမှာ ဒင်းလေးကလည်း မလွယ်ပါ့လား.. ဆေးလို့ပြောထားတာကို.. အင်းးး... အလည်မလေး... ဒင်းအမေနဲ့တူတာဖြစ်မယ်...။

“ကယ်... ကိုရင်ရေ.. ကိုရီးယားကားလာပြီ စကားလာမပြောနဲ့ ဇတ်သိမ်းတော့မှာဟ ဇတ်လမ်းက အရမ်းကောင်းနေတာ. နောက်မှ နင့်ကို ဇတ်လမ်းပြောပြမယ်.. သမီးအသံနည်းနည်း ကျယ်လိုက်..”
“ဟုတ်..!!! မေမေခင်..”

အင်း... ခက်ပြီ.. သောက်ချင်တာလည်း မသောက်ရ.. ဒီနားမလည်တဲ့ ဇတ်ကားက ကြည့်ရဦးမယ်.. အပြင်ခဏ ထွက်လမ်းလျှောက်ရင်ကောင်းမလား..!! မဖြစ်သေးပါဘူး.. လမ်းမီးတွေက မလာ.. သူ့လှေခါးကြီးက မြင့်ကမြင့် မှောင်ကမှောင်နဲ့ တက်ရဆင်းရမလွယ်....။

“ဟာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာ...... ))))))))..!!!!!!.”
“ဟဲ့... သောက်ခွေးးးးးးးးး.... ဘာဖြစ်တာတုန်းးးး”
“အီးဟီးးးးး... မီးပတ်ပီ..”

“ဟားကွာ တကယ်.. ငါမပြောလိုက်ချင်ဘူး.. ဇတ်လမ်းလာပြီဆို မီးကပြတ်ပြီ.. သေချင်တာပဲ.. ဒီနေ့ သူ့ချစ်သူကို အဖြေပေးမှာပါဆိုမှ.. မကြည့်ရတော့ဘူး..”
“ဟဲ့... ဘာတုန်းဟ.. ဘယ်က ချစ်သူကို အဖြေပေးမတုန်း.. မီးကရော ဘာလို့ ပြတ်သွားတာတုန်းးး..”

“နင်က တစ်မျိုး.. ဇတ်လမ်းကိုပြောတာ.. ဟွန်းးးဟွန်းးးဟွန်းးးးး.. ငါတကယ်ဒေါသထွက်တယ်.. ကြည့်ချင်ပါတယ်ဆိုမှ..”
“မေမေခင်.. ဒီနေ့ မီးပတ်ရက်လဲ ဟုတ်ဖဲနဲ့.. ဘာရို့ မီးပတ်တာရဲ..”

“မသိပါဘူးအေ.... ဘာမှန်းကို မသိဘူး.. လာချင်တဲ့အချိန်လာ ပြတ်ချင်တဲ့အချိန်ပြတ်နဲ့ စိတ်ညစ်ပါတယ်.. ကယ်.. ကိုရင်ရေ.. မီးကတော့ အဲ့လိုပဲ လာတော့မှာ မဟုတ်ဘူး.. နင်လည်း အိပ်ချင်ရင်အိပ်တော့ ဘုရားစင်အောက်မှာ နင့်ဖို့ အိပ်ယာပြင်ထားတယ်.. ငါနဲ့ သမီးလည်း အိပ်တော့မယ်.. အော်.... မနက်ကျ စောစောထ ရွှေတိဂုံဘုရား သွားကြမယ်..”
“အေး..ဟေ.. ဒီလိုကြီးလား.. ဒါဆိုလည်း အိပ်ရတော့မပေါ့.. နင်တို့ရန်ကုန်က မှောင်ကမှောင် ခြင်ကကိုက်နဲ့.. စိတ်ညစ်ပါတယ်..”

သြော်.. မြို့ကြီးပြကြီးတဲ့.. မြို့တော်ကြီးတဲ့.. အခုတော့ အထင်နဲ့ အမြင် လွဲနေပါရောလား.. မဖြစ်ဖူး ဒီတိုင်းဆိုရင်တော့ မြန်မြန်ပြန်ပြေးမှဖြစ်မယ်.. သောက်ချင်တာလည်း မသောက်ရ.. လင်းလင်းထင်းထင်းလည်း မနေရ.. ရွာမှာကမှ ရေနံဆီရှိ မီးလင်းသေးတယ်.. အင်းးးး ရန်ကုန်.. ရန်ကုန်...။

“ဟဲ့.. ပလုတ်တုတ်..!!!!!.. ဟော.. မီးပြန်လာပြီဟ.. ဟေ့.. ခင်လေးရေ.. မီးပြန်လာပြီဟ.. အဟေးးးး.”
“နင့်ဟာ နင်သာ TV ကြည့်ချင် ဖွင့်ကြည့်တော့ဟေ့.... ငါတို့တော့ မကြည့်တော့ဘူး အိပ်ပြီ..”
“ဟဲ့.. ဘယ်လိုဖြစ်တာတုန်း နင်တို့ပဲ ကိုရီးယားဆို..!!!.. အဖြေပေးမှာဆို..!! မကြည့်တော့ဘူးလားး..”
“မကြည့်ဘူးဟေ့.. နင့်ဟာနင်သာဖွင့်ကြည့်..”
“ဟေ.... တစ်မျိုးပါလား... မှန်းစမ်း..”

((((မြန်မာစံတော်ချိန် ည (၈) နာရီတိတိရှိပါပြီ.. ..... နေ့ သတင်းများကို စတင် ကြေညာပါတော့မယ်ရှင်..))))

“အဟေးးးး... ခင်လေး ဟဲ့.. သတင်းလာပြီဟ မကြည့်ဘူးလား..”

“တော်စမ်းပါကိုရင်ရယ်... နင့်ဟာနင်ကြည့်ချင်ကြည့်.. ဒါ..ဒါပဲ.. ငါတို့တော့ အိပ်ပြီ.. အသံတိုးလိုက်ဦး..”
“ဟေ..!!!!!! ဘယ်လိုကြီးတုန်းဟ.. ဘယ့်နယ်...”

သတင်းကတော့ ပျင်းစရာ.. ကျုပ်လည်း နားမလည်လေတော့ မကြည့်တော့ပါဘူး.. အိပ်တာကမှ အိပ်ရေးဝဦးမယ်လေ ကယ်.. မအိပ်ချင်လည်း အိပ်လိုက်တော့မယ်.. နားအေးရော..။

ကယ်.. ချစ်မိတ်ဆွေတို့ရေ.. ကျန်တဲ့နှစ်ရက်ကို ဗီဒီယိုခွေရစ်သလို အမြန်ပြကွက်နဲ့ အမြန်ကြီးကို ကျော်လိုက်တော့မယ်.. မဟုတ်ရင် စာကရှည်တော့မယ်.. (အဟီးးးး ဤကား စကားချပ်)

မနက်စောစောထ.. ဒင်းတို့သားအမိနဲ့.. ရွှေတိဂုံစေတီတော်.. ဦးချကြည်ညို.. ဘုရားပေါ်ကဆင်း.. တိရိစ္ဆာန်ရုံ.. တိရိစ္ဆာန်မရှိ.. ကန်တော်ကြီးပန်းခြံ.. ပန်းမရှိ.. သစ်ပင်မရှိ.. အိမ်ပြန်လာ.. လှေခါးတက်.. ရေချိုး.. ထမင်းစား.. ခင်လေး၏ကုန်ဈေးနှုန်း.. ပုလင်းရှာ.. ကလေးလေးကိုချော့တောင်း.. မရ.. မီးလာ.. ထမင်းစား.. ကိုးရီးယားကား.. မီးပြတ်.. အိပ်ယာဝင်.. မီးပြန်လာ.. ပြန်ထ.. သတင်း.. ပြန်ပိတ်.. ပြန်အိပ်.. နောက်တစ်ရက်.. မနက်အိပ်ယာထ.. လ္ဘက်ရည်ဆိုင်ထိုင်.. ခွက်တော်တော်သေး.. ဘူတာသွား.. တန်းစီ.. မှောင်ခိုဈေး.. မဝယ်.. လ္ဘက်ရည်ဖိုးပေး.. OK.. လက်မှတ်ရ.. အိမ်ပြန်လာ.. လှေခါးတက်.. ရေမချိုး.. ရေမရှိ.. ပစ္စည်းသိမ်း.. ဘူတာဆင်း.. ခင်လေးတို့သားအမိလိုက်ပို့.. လက်ပြ.. တာ့တာ.. ရထားပေါ်တက်.. ဘော်ဘူးးးး.. ဂလုံး.. ဂလုတ်.. မြောင်းပုပ်နံ့.. ဂွတ်ဘိုင်းရန်ကုန်.... ပြီးပါပြီ...။ Bye


(ကိုရင်နော်)

24 comments:

khin oo may said...

ဓါတ်ပုံလေးကြိုက်တယ်။ဖတ်သွားပါသ်ည။ :P

Taungoo said...

ကိုနော်ကြီး
“စောစောထ သွားတိုက်” စတိုင်နဲ့ ရေးသွားတာ မိုက်တယ်ဗျာ။ ရန်ကုန်တစ်ပတ်လည်လိုက်ရသလိုပဲ။ ကောင်းပါလေလေ့။

မီယာ said...

ဘယ်တုန်းကရန်ကုန်ရောက်သွားတာတုန်း
မြို့တော်ရန်ကုန်ဟုတ်တော့ဘူးလေ:)

Moe Cho Thinn said...

မကြည့်ဘူးဟေ့ နင့်ဟာနင် ကြည့်ချင်ကြည့် တဲ့။
ဟားးးး... ခင်လေးက မိုက်တယ်။

mgngal said...

ကိုရင်နော် ရန်ကုန်သွားတာ မပျော်ပဲ စိတ်ညစ်ပြီး ပြန်လာရတယ်ပေါ့ ။ ပြောသားပဲ ရွာမှာကမှ ရေချိန်
မှန်သေးတယ်လို့  ။ မှတ်ပလားကွ ဟေ ။ :P

Republic said...

အောက်ဆုံး က အနှစ်ချုပ်ထားတဲ့ စာပိုဒ်လေး ကို သဘောကျမိတယ် ကိုရင်ရေ ၊၊ ဟားဟား ၊၊အပြန်လက်ဆောင်တောင် ၀ယ်မသွားနိုင်ဘူး ၊၊

ခင်မင်တဲ့
ကိုလစ်

sin dan lar said...

ဟုတ်သည့်တိုင်အောင်မပြောသင့်ပါဘူး...ဟီဟိ

ရှင်ရဲထွတ် said...

ကိုရင် ရွာပြန်တာပဲကောင်းပါတယ်၊ ပုလင်းလည်းရှိ ဟင်းလည်းရှိပေါ့

pandora said...

တောမှာပွင့်တဲ့ပန်းရယ် တောမှာပဲ လန်းဆန်းစေချင်တယ်.. ပေါ့

တောင်ပေါ်သား said...

ဝေးးးးး ဦးနော် ပုလင်းကဘယ်လောက် ကျန်သေးလဲဗျ လုပ်ပါဦး ရွာရောက်ရင် အကြောင်းကြားနော့် တူတူသောက်မယ်လေ ဟီးးးးးးးးးးး

nasty-girl said...

ဒမာ ဦးနော် ယန်တုန်တွားဒါ အကျောင်းယဲ မကျားဖူး....ဒီက အရီးလေးမယ်ခင်ရေး အဒွက်
ကောက်ညင်းချံဒွေ ထဲ့ပေးမရို့
ဟာကို အထုဒေါ့ မပေးရဒေါ့ဖူး.. ဂယ်ဖဲ..ဂယ်ဖဲ..

ချံထွက် အတီးဒွေယဲ အထုဒေါ့ မပေးရဒေါ့ဖူး.....

နောက်တထာမှဖဲ.. အရီးလေး မယ်ခင်တို့ချိဒဲ့ ယန်တုန်ဂို တွားမယ်... ဟားဟား...
:P :P

Dream said...

ဒမာ ဦးနော်ရေ.. nasty-girl ဆိုတာ မက်မက်ပါ
သူငယ်ချင်းကမေးလ်ကဖွင့်ထားတော့ အဲဒီနာမည်နဲ့
ရောက်သွားတယ် အဲဒါ ပြန်လာပေးတာ.. ဟီးဟီး
nasty-girl ရဲ့ဟာက မက်မက်ရေးလိုက်တာပါ...
:p :p

ဟူးးးးးး လာပြောရတာ မောလိုက်တာ.. ရေတိုက်ဦး...

ဟန်သစ်ငြိမ် said...

ကိုရင်နော်... တယ်လက်စွမ်းထက်နေပါလားဗျို့...။ မိုက်တယ်ဗျာ။

မောင်ပိစိ said...

အဲဗျာ.. ပုလင်း ကျန်ခဲ့ဘီ..။ ဟုတ်ပ.. လက်စွမ်းတွေ ထက်နေတာ...

GreenGirl said...

စိတ်ကူးကောင်းပါ့။ ရန်ကုန်လည်း ဒီလိုဖြစ်နေပြီနော်း(

Yegyi said...

စာအရေးအသားတွေ သဘောကျတယ်ဗျို.

ဇင်ယော် said...

ကိုရင်နော်ကြီး ရန်ကုန်မှာ မဖွင့်လိုက်ရတဲ့ ပုလင်းလေး ကျန်သေးတယ်ဟုတ်။ လာအတူတူ ဖွင့်လိုက်ရအောင်။ ကျနော်တို့ တောမှာပဲကောင်းပါတယ်။ ဟိုမှာ မခင်လေးတို့  သားအမိ အိမ်ပေါ်ရောက်ဖို့  လျှာထွက်မတတ် တက်နေရတယ်။ ဒီမှာသာ အဲလောက် တက်လိုက် ထန်းပင်ပေါ်ရောက်နေပြီဗျ။ အဟေ.။

အိမ်မက်ရှင် said...

ကိုရင်နော်ကြီး သိပ်ကြိုက်သွားတယ်ဗျာ။ အရေးအသားနဲ့ တင်ပြပုံကောင်းလွန်းတော့ တဟားဟားနဲ့ ကို ဖြစ်နေတော့တာပါပဲဗျာ ... အမြန်ပြကွက်နဲ့ ရစ်ပြလိုက်မှ ပိုပြည့်စုံပြီး ပိုအထာကျသွားတယ်၊
ရန်ကုန်ကို ပြန်လည်းလွမ်းသွားတယ်၊ အော် လူဆိုတာ မပြည့်စုံရင် ပြည့်စုံတာကို လွမ်းတယ်၊ ပြည့်စုံရင် မပြည့်စုံတာကိုလွမ်းတယ်။ အော် ... ဒါနဲ့ ကလေးလေးဆီက ပုလင်းချော့တောင်းတာ ပြန်ရရဲ့လားဗျာ ... လက်တို့လိုက်နော် ... ။

ကောင်းကင်ကို said...

ဟားဟား။ ပုလင်းပျောက်သွားတာတော့ နာတယ်ဗျာ။

chaos said...

ကိုရင်နော်ကြီးက ရန်ကုန်သွားတာ လက်ဆောင်လဲ မပါလာဘူး။ ငှက်ပျောသီးကို ဘူတွေ စားလိုက်တာလဲ။ ပုလင်းကော တွေ့ပီလား။ ဘယ်တော့ထပ်သွားဦးမှာလဲ။ အကြောင်းကြားလိုက်ဦးနော်။ မခင်လေးနဲ့ ကယေးယေးအတွက် မုန့်ထည့်ပေးမလို့။

အိမ် said...

ဖတ်၇တာကောင်းသဗျို့

တားမြစ် ထားသော... said...

ဂလုံး.. ဂလုတ်.. မြောင်းပုတ်နံ့။
ဂွတ်ဘိုင်း X-X*
*မှတ်ချက်။ ။ အလိုရှိသောမြို့ ယူသုံးရန်။

သုခမိန်(E-Journal)

ဝေလေး said...

အမြန်ပြကွက်လေးမိုက်တယ်
ပုလင်းပြန်မတွေ့ဘူးပေါ့ ဦးနော် ...
နောက်တစ်ခါဆို သေချာဖွက်သွားနော်.. :P :P

မေတ္တာရောင်ပြန် said...

ဦးနော်ရေ ........ အသံထွက်ပြီးကို အော်ရီသွားပါတယ်နော်။းD :D :D
ဦးနော်ကလည်း ရွှေပြည်တော် ဟုတ်တော့ဘူးလေ။ နေပြည်တော် ဖြစ်သွားပြီ။ မီးက ရွှေပြည်တောကို မပေးတော့ဘူး၊ အခု နေပြည်တော်ကိုပဲ ပေးတော့တာ။း) လစ်ပြီ။

လေးစားလျှက်
ရောင်