Saturday, January 24, 2009

ဤသို့ခရီးထွက်ခဲ့ရာဝယ်... (ဒုတိယပိုင်း)

ဘေးက အန်ကယ်ကြီးကို မသိမသာ မေးကြည့်လိုက်တယ်..
“အန်ကယ် အခု ဘယ်ရောက်နေပြီလဲ..” လို့

“နေပြည်တော်”
“ဗျာ.......!!! ဟုတ်လားးးးးး...”
ကျနော်လည်း အံသြတကြီးနဲ့ ဟိုကြည့် ဒီကြည့်..

“ဟား.. အန်ကယ်.. အခုမှ လေးနာရီခွဲကျော်ကျော်ပဲ ရှိသေးတယ်.. အစောကြီးရောက်တာပါလား.. ကျနော်က ခုနှစ်နာရီလောက်မှ ရောက်မယ်ထင်နေတာ..”
“ဒါပုံမှန်ပဲလေ.. ဒီအချိန် ရောက်နေကျ.. ”
“အော်... ဟုတ်ကဲ့..”

ကားတံခါးကြားက တိုးဝင်လာတဲ့ နေပြည်တော်ရဲ့ အာရုဏ်ဦး လေနုအေးက အေးသလိုလို.. နွေးသလိုလို..။ မြို့အဝင် နှစ်လမ်းမောင်း လမ်းမကြီးကတော့ လှလည်းလှ.. ကျယ်လည်းကျယ်..။ ကျနော်တို့ ကားကြီးတစ်စီးတည်း လမ်းကျယ်ကြီးပေါ်မှာ အားရပါးရကြီး မောင်းနေလိုက်တာများ.. “တဝှီးဝှီး” နဲ့.. လမ်းမီးတိုင်တွေကလည်း ညီညီညာညာ လင်းထိန်နေလိုက်တာများ.. မိုင်ချီရှည်လျားတဲ့ အံ့ဖွယ်မီးချောင်းရှည်ကြီး ထွန်းထားသလို တစ်ဆက်တည်း ဖြောင့်တန်းလို့..။

“ဒါတွေက ဝန်ထမ်း အိမ်ယာတွေလေ.. ဒီဘက်မှာတော့ ဟိုတယ်တွေရှိတယ်..”
“အော်.. ဟုတ်ကဲ့..”
အန်ကယ်ကြီးကလည်း လက်ညှိုးတစ်ထိုးထိုးနဲ့ ရှင်းပြနေပါတယ်.. တောသား မြို့ရောက်ဆိုတော့ သူလည်း ကျနော့်ကို သနားတယ်ထင်ပါတယ်..

ဟိုတယ်တွေက အတွင်းထဲကို နည်းနည်းဝင်ရတယ်ထင်တယ် လမ်းကနေတော့ ဆိုင်းဘုတ်ကြီးပဲ မြင်ရတယ်..။ ဝန်ထမ်းအိမ်ယာတွေကတော့ ကွန်ဒိုတိုက်ခန်း ပုံစံမျိုးတွေလိုလိုပါ.. ဝန်ထမ်းအိမ်တွေကို အပြင်ဖက်ကနေ လှမ်းမြင်လိုက်ရတာကတော့ လှပနေတာပါပဲ.. တကယ်ရော အဆင်ပြေကြသလား.. ပျော်ရွှင်ကြသလား.. ဆိုတာကတော့..!! ထားပါလေ.. မတွေးတာကောင်းပါတယ်..။

နည်းနည်းလေး ထပ်မောင်းလိုက်တော့ အားပါးပါး.. ကြီးမားလိုက်တဲ့အဝိုင်းကြီး.. ရန်ကုန်က အဝိုင်းတွေထက် အဆပေါင်းများစွာကြီးတဲ့ အဝိုင်းပတ် လမ်းဆုံကြီး.. လမ်းငါးခု စုံတယ်ထင်တာပဲ.. ပန်းတွေနဲ့ အလှဆင်ထားလိုက်တာ ခုတော့လှတပတကြီးပေါ့.. လမ်းဘေးပတ်လည်မှာလည်း အလှဆင်ကျောက်တုံးတွေလား.. ကွန်ကရစ်တုံးတွေလားတော့ မသိဘူး အစီအရီနဲ့.. တော်တော်ကို လှတော့လှနေတာ.. လမ်းဘေးနံရံတွေကို မျက်စိထဲ မြင်အောင်ပြောရရင် ဗားဂရာချောက် လမ်းဆုံ လမ်းဘေးနရံတွေကို ကွန်ကရစ်နရံတွေ ကာထားသလိုပေါ့.. အဲ့လို အဲ့လို.. လုပ်ထားတာ...။

ဧရာမအဝိုင်းကြီးကို ကျော်လာပြီးတော့ ဆက်မောင်းလာလိုက်တာ.. ဗဟိုစာတိုက်ကြီး ဆိုတာကိုလည်း လမ်းညာဘက်မှာတွေ့တယ်.. လမ်းရဲ့ ဘယ်ဘက်မှာ ကန်ကြီးလားမသိဘူးဗျ.. ရေတွေတော့တွေ့တယ်.. ကန်တော်ကြီးလိုလို.. အင်းယားကန်လိုလို ကန်ပဲဗျ.. အဲ့ဒီကနေဆက်သွားပြီး ညာဘက် ကုန်းလေးပေါ် တက်သွားလိုက်တော့ မီးတွေ လင်းထိန်နေတဲ့ မြို့မဈေး ဆိုတာကြီးကို ရောက်သွားပါလေရော.. ကားကလည်း ဂိတ်ဆုံးသွားပြီတဲ့... ရှေ့ဆင့် နောက်ဆင့် ဆိုသလိုပဲ တခြားလိုင်းကားတွေလည်း ဆိုက်လာကြတယ်.. နာရီကြည့်မိတော့ ငါးနာရီ ရှိပြီပေါ့..။

ကျနော့်မှာ အကျင့်တစ်ခုရှိတယ်ဗျ.. ဘယ်အချိန် ဘယ်ကနေဆင်းဆင်း နောက်ဆုံးမှ ဆင်းချင်တာ.. ကားပေါ်ကဆင်းဆင်း၊ ရထားပေါ်ကဆင်းဆင်း၊ လေယာဉ်ပေါ်ကဆင်းဆင်း လူတွေအားလုံးဆင်းပြီးမှ အေးဆေးဆင်းချင်တာလေ.. အခုလည်း အားလုံးဆင်းပြီးမှ အေးဆေးဆင်းတာပေါ့.. (မင်းသား စတိုင်နဲ့).. အဲ့ဒီမှာ စတွေ့တော့တာပါပဲဗျာ..။

(((((( အစ်ကိုလာ.. ဘယ်သွားမလဲအစ်ကို..)))))
(((((( ဆရာလာ.. ဘယ်လိုက်ပို့ရမလဲ ))))

အလိုလို..!!! ခရီးဦးကြိုပြုတဲ့လူတွေ ပေါများလိုက်တာ.. လက်ဆွဲတဲ့လူကဆွဲ... အိတ်ဆွဲတဲ့လူ့ကဆွဲ.. အင်္ကျီဆွဲ.. ပုဆိုးဆွဲ.. ခြေထောက်ဆွဲ.. ခေါင်းဆွဲ.. ရှိသမျှအကုန်ဆွဲတာ.. လူတစ်ကိုယ်လုံး တစ်စစီ ပြုတ်ပျက်ထွက်ကုန်တာ အပိုင်းပိုင်း..။ ကျနော့်ကိုလည်း ဆိုင်ကယ်တွေနဲ့ ဝိုင်းထားလိုက်ကြတာများ လမ်းသရဲဇတ်ကားထဲက မင်းသားကို ဝိုင်းထားတဲ့ အတိုင်းပဲ.. ပြေးပေါက်ကို ပိတ်ရော.. အော်... ဆိုက်ကယ်.. ကယ်ရီဆရာတို့ရယ်.. အသာလုပ်ကြပါ.. ကြောက်စရာ လန့်စရာဗျာ.. ဘယ့်နှယ် ဖြေးဖြေးခေါ်တာ မဟုတ်ဘူး.. အလုအယက်.. အတင်းကာရော...။ အင်းလေ...!! ဟုတ်တော့လည်း ဟုတ်ပါတယ်.. နောက်ဆုံးမှ ဆင်းလာတာက တစ်ကောင်တည်းကျန်တဲ့ ဖြူဖြူဖွေးဖွေး ရေဆေးငါးကြီးဆိုတော့လည်း ဝိုင်းလုကြတာ ဆန်းတော့ မဆန်းပါဘူးလေ..။ အဲ့...! ဒါမှမဟုတ် “အချဉ်တစ်ကောင်တော့လာပြီဟေ့” လို့ တွက်နေကြသလားမသိ..။

“နေ..နေ...နေ... ကြ ပါ ဦး ဗျ... ကျ.. ကျ.. ကျနော်..”
“(((ဆရာလာ ((((အစ်ကိုလာ ((((ကျနော်နဲ့လိုက်ပါ ((((တစ်နေကုန်သုံးမလား ((((ဒီကိုလာပါ (((ဈေးလျော့ပေးမယ်”
ဆူညံနေတဲ့ ဆိုက်ကယ် ကယ်ရီဆရာတွေရဲ့ တစ်ယောက် တစ်မျိုး အော်သံ.. ခေါ်သံတွေကြားမှာ ကျနော် တကယ်ကို ရူးချင်ချင်ဖြစ်သွားတယ်..။

“ဟေ့.. ဟေ့.. ငါ့တူ... ဘယ်သွားမလို့လဲကွ အန်ကယ်က မင်းသွားပြီထင်တာ...!!!! ”
“ဟားးး...!!! အန်ကယ်.. အန်ကယ် ရှိသေးတာလား ကျနော်က အန်ကယ်သွားပြီထင်နေတာ..”

ကျနော်နဲ့ တစ်ခုံတည်း အတူတူထိုင်ခဲ့တဲ့ အန်ကယ်ကြီးကို ကယ်တင်ရှင်ကြီးအလား ဝမ်းသာအားရ နှုတ်ဆက်လိုက်တာပေါ့.. အားလည်း တော်တော် တက်သွားတယ်.. နေပြည်တော်ဆိုတာကို အခုမှ ရောက်ဘူးတာလေ.. ဘာမှန်းသိတာမဟုတ်ဘူး.. ဘယ်နားဘာရှိ.. ဘယ်လိုသွားရ.. ဘာမှကိုမသိတာ.. အသိမိတ်ဆွေ ဆိုတာကလည်း မရှိဘူးလေ..။

“အေးဟေးး.. အန်ကယ်ကလည်း မင်းသွားပြီထင်နေတာ.. အန်ကယ်က အောက်ဆင်းပြီး အပေါ့ခဏ သွားတာကွ.. ဒီကားနဲ့ ဆက်လိုက်သွားဦးမှာ.. ဒါနဲ့ နေပါဦး မင်းက ဘယ်သွားမှာလဲ..”
ဟုတ်.. အန်ကယ် ကျနော်က ရေနံရုံးအရင်သွားမလို့.. အခုအရမ်းစောနေလို့.. ဘယ်သွားရမှန်းကို မသိတော့ပါဘူး..”

“အော်.. ဒါဆိုလည်း အန်ကယ်နဲ့ လိုက်ခဲ့ပါလား.. အန်ကယ်က စည်ပင်ရိပ်သာမှာ ခဏသွားနားမယ်.. အဲ့ဒီမှာ အခန်းငှားလို့ရတယ်ကွ.. ဈေးလည်းသက်သာတယ်.. ခဏတော့ အိပ်ရတာပေါ့ကွာ.. အန်ကယ်လည်း ၉ နာရီလောက် ထပြီး ကုန်သွယ်ရေး သွားမှာ..”
“ဟာ.. ကျေးဇူးပါပဲ အန်ကယ်ရာ ဒါဆို ကျနော်လည်း အန်ကယ်နဲ့ လိုက်ခဲ့မယ်.. ဒါနဲ့ ဒီကားက..”

“ဒီကားက ဒီမှာ ဂိတ်ဆုံးတာပဲကွ.. ဒါပေမယ့် သူတို့ကားက ဒီမှာ လူချပြီးရင် ပျဉ်းမနားဘက် သွားတယ်လေ.. အန်ကယ်တို့က လမ်းကြုံ ဆက်လိုက်သွားတာပေါ့ကွာ.. စည်ပင်ရိပ်သာရောက်တော့ ဆင်းလိုက်ကြတာပေါ့.. ဆိုက်ကယ်ကယ်ရီ စီးသွားရင် ထောင့်ငါးရာ လောက် တောင်းလိမ့်မယ်ကွ..”
“အာ.. ဒါဆို အဆင်ပြေတာပေါ့.. ထွက်တော့မယ် ထင်တယ် အန်ကယ်.. တက်ကြရအောင်..”

ကျနော်လည်း ဆိုက်ကယ်သမားတွေဆွဲချက်နဲ့ ပြုတ်ပျက်ထွက်ကုန်တဲ့ ကျနော့် ခန္ဓာအစိတ်အပိုင်းတွေ စုံမစုံ ပြန်စစ်.. လိုနေတာတွေ ပြန်လိုက်ကောက်ပြီးမှ.. ကတုန်ကယင်နဲ့ စီးတော်ယာဉ်ကြီးပေါ်သို့ ပြန်လည် တက်တော်မူလိုက်တယ်..။

ဟူးးးး.. တော်ပါသေးရဲ့.. အန်ကယ်ကြီးကယ်ပေလို့.. မဟုတ်လို့ကတော့ ဆိုက်ကယ်ကယ်ရီသမားတွေ လက်ထဲမှာ ရေတိမ်နစ်တော့မလို့.. အင်း..!! သူတော်ကောင်း နတ်ကောင်း“မ” ဆိုတာ.. ဒါမျိုးကိုပြောတာဖြစ်မယ်..။

အဝေးပြေးကားကြီးက လာလမ်းအတိုင်း ပြန်မောင်းထွက်လာခဲ့တာ ဖြေးဖြေးမှန်မှန်လေးပေါ့..။ ဧရာမ အဝိုင်းကြီးကို ပြန်ပတ်ပြီး တော်တော်လေး မောင်းလိုက်တော့ နေပြည်တော် စည်ပင်သာယာရေး ဧည့်ရိပ်သာကို ရောက်ရော ဆိုပါတော့..။

တကယ်တော့ စည်ပင်ရိပ်သာဆိုတာက...


ဆက်ရန်.......

(ကိုရင်နော်)

24 comments:

Craton said...

အာ.. ဦးနော်ကြီးကလည်း အပျင်းထူတယ်
ဆက်ရေးတာမဟုတ်ဘူး.. နောက်ဘ၀ တန်းလန်းကြီးဖြစ်နေမယ်နော်.. ဟွန်းဟွန်း..

အမယ် ရေးထားလိုက်တာ..။ ဘာတဲ့ (မင်းသား စတိုင်နဲ့)၊ (လမ်းသရဲဇတ်ကားထဲက မင်းသားကို ဝိုင်းထားတဲ့ အတိုင်းပဲ)၊ (ဖြူဖြူဖွေးဖွေး ရေဆေးငါးကြီး)၊ (သူတော်ကောင်း နတ်ကောင်း“မ” ) ဆိုပါရောလား..
ရှိတာမှ စာက လေးငါးခြောက်ပိုဒ်ကို.. ကိုယ့်ကိုယ်ကိုယ် မရှိတဲ့ ဂုဏ်တွေအတင်းညွှန်းတာက များနေတယ်။ ဟွင်း..
တော်တော်ကဲနေတယ်ဦးနော်ကြီး..
တိုင်ပြောမယ် တိုင်ပြောမယ်။ :P

GreenGirl said...

စည်ပင်ရိပ်သာက ဘာတွေစည်ပင်နေလဲဟင် ကိုရင်နော်း)

ခင်လေးငယ် said...

အေးးး ဟုတ်တယ်..
တားငယ် ကရေတွန်ပြောတာ မှန်တယ်..
နင်မို့မရှက်တယ်.. ငါတော့ရှက်တယ်ဟာ..
ဖြစ်ခြင်းဖြစ် (ရေဆေးငါး) တော့ မဟုတ်
နင်က...((ရေဆေးငမူး)) ဘဲဖြစ်မှာ.. ဟီးးး

မင်းသားစတိုင် ဟုတ်လား ဘာမင်းသားလဲ...
Sin dan lar(ဒါကြီး) ပြောတဲ့ ယမကာလုလင် စတိုင်မင်းသားလား.. အ ဟက်...!!

ပြီးတော့.. နော်.. ဟိုဟာကြီးကလှ ဒီဟာကြီးတွေကလှ 'တစ်လှလှ' နဲ့ ဖတ်ရတာ
မျက်လုံးပြင်းကပ်တယ်.. (နားကြားပြင်းကပ်ခြင်းမဟုတ်)

ငါတော့ အခု ဆိုင်ကယ် ကယ်ရီဆရာတွေကို
မေတ္တာတွေပို့နေမိတယ်... ဟိုဆွဲ ဒီဆွဲနဲ့
နင့်အသက်လေးပါ ပါအောင်ဆွဲထည့်လိုက်လည်း
ပြီးတဲ့ဟာကို.. မဆွဲလိုက်ကြလို့ပေါ့...
ဟွန်းးးး

မန့် ပါသည်။
တွေးပါသည်။
သေချာ ရေးခဲ့ပါသည်။
ရစ် ပါဦးမည်။

မျှော်>>>>>>>>>>>>

အ ဟက်.. ခွင့်လွှတ်နော်... ငါ့သူငယ်ချင်းလေး ''ငမူး'' ရေ...
တာ့...တာ...

Craton said...

ခစ်ခစ်ခစ်.. တီငယ်ပြောတာရီရတယ်.. ခစ်ခစ်ခစ်.. ဟဟဟ ရေးဆေးငမူး.. :DDDDDD
(ဦးနော် သားအပါဝူးနော်)

chanye` said...

အော်........... ပြတ်သွားပြန်ပီ ဟင်း...... :(

ဖိုးဂျယ် said...

ဦးနှော်ကယဲ တန်းလန်းတိုလိုဂျီးဂျာ
ယာကြောတယ် မင်းတား ဟုတ်ယား
ဦးနှော်က ရီစရာ ကျောတတ်တားဖဲ
အဲ့နားမှာ ရပ်ဖီးရယ်နေရတယ် ခွိ ခွိ

မောင်bee said...

ကိုနော် အဝိုင်းကြီး ကျော်တော့ စည်ပင် ရိပ်သာ အရောက် ဘာဖြစ်တာတုန်း? :P

သံလွင် HeRo said...

ဦးနော်ကနေပြည်တော်မှာအကယ်ဒမီယူဖို့
အခုတည်းကကြိုသွားတာလားဗျ။

မီယာ said...

နောက်တပိုင်း မြန်မြန် ဆက်ရေးပါဦး။ ဓါတ်ပုံတွေ ရှိရင်လည်း ပြပါလေ ဗဟုသုတရတာပေါ့။ (မင်းသားပုံပြောတာမဟုတ်ပါ)

sin dan lar said...

ဘယ်ဖက်မှာ၊ ညာဖက်မှာ ဘာတွေရှိလဲ...။နေရာလေးတွေ အကုန်မှတ်ထားတာပဲ.. အရမ်းတော်တယ် ကိုရင်နော်....။
ပြန်မြင်ယောင်ပြီး နည်းနည်းတောင်လွမ်းသွားပြီ.... တိန်.....။
မြန်မြန်ဆက်ပါ.....ဖြူဖြူဖွေးဖွေးရေဆေးငါးကြီးရေ့.....။
(.ဖြူဖြူဖွေးဖွေးရေဆေးငါး ဆိုတာ မိန်းကလေးတွေကိုပဲ ပြောလို့ ရတယ်မှတ်နေတာ...၊ ခုတော့သိသွားပြီ..။ ကိုရင်နော်သည်လည်း .ဖြူဖြူဖွေးဖွေးရေဆေးငါးပါတကား....)

maykyaw said...

ဆက်ရန်မျှော်နေပါသည်။

ဆောင်းယွန်းလ said...

ဟေ့ဟေ့ဒီလိုတို့လို့တန်းလန်းထားလို့ရဘူးလေ..
ကောင်းခန်းရောက်မှမီးကထပျက်ရပြန်ပြီ.
သေပြည်တော်မှာတော့မီးပျက်မှာဟုတ်ဘူး...
မြန်မြန်ဆက်ပါဗျို့....

မိုးမောင်(happycloud) said...

ဆိုင်ကယ်လမ်းသရဲ အ၀ိုင်းခံရတဲ့မင်းသားကြီး တန်းလန်းကြီး ခဏခဏမလုပ်ပါနဲ့ဗျာ...မြင်မကောင်းဘူး ဟီး..ဟီး။
ဒါနဲ့ အဲဒီက ဆိုင်ကယ်တွေစီးခဲ့သေးတယ် မဟုတ်လား..
ဟောလီးဝုဒ်က ဆိုင်ကယ်ဆရာတွေကို နေပြည်တော်ဆိုင်ကယ်ဆရာတွေက သနားတယ်။ သူတို့ဆိုင်ကယ်စီးတာ ရှိသမျှဘုရားသခင်တွေ စိတ်ထဲကအကုန် အကူအညီတောင်းရတယ်ဗျို့...။

(နောက်တပိုင်းတွင် အမြည်းပါယူခဲ့အုံးမည်)
ခင်မင်လျက်..

ကိုအောင်ကြီး said...

စည်ပင်ရိပ်သာရောက်တော့ ဘာတွေဆက်ဖြစ်သလဲဗျ ဆက်ရန်မြန်မြန်တင်ပါ။

ကျနော်လည်း ဆိုက်ကယ်သမားတွေဆွဲချက်နဲ့ ပြုတ်ပျက်ထွက်ကုန်တဲ့ ကျနော့် ခန္ဓာအစိတ်အပိုင်းတွေ စုံမစုံ ပြန်စစ်.. လိုနေတာတွေ ပြန်လိုက်ကောက်ပြီးမှ..

ဘာကိုပြောတာလဲ ဘာတွေ ပြုတ်ကုန်တာလဲ။ ဟားဟား :)))
ဒီလောက်တောင် ဆွဲကြတာလားဗျ။ မျက်စိထဲမြင်အောင် ရေးတတ်တယ်နော်။ ရီ(ရယ်)ရတယ်ဗျို့။

ဆက်ရန်စောင့်မျှော်နေပါတယ်

တောင်ပေါ်သား said...

စည်ပင်ရိပ်သာလဲ ရောက်ရော ဒူးနယ်ဒန့်နယ်နဲ့ ဦးရေဆေးငါးကြီး ဘာတွေဖြစ်သွားပါသလဲခင်ဗျား ဟား ဟား မင်းသားကြီး ဦး အံ့ကျော်ကိုတောင် ပြေးမြင်နေမိတယ် ဦးနော်ရ ဟဲဟဲ

တီငယ်ရေ စိတ်ရှိုးနဲ့ ဦးနော်က အမှန်အတိုင်းရေးထားတာ

လေးစားလျက်
တောင်ပေါ်သား

ကောင်းကင်ကို said...

ရယ်ရတယ် ဟီးဟီး :D

အိန္ဒြာ said...

အေး......

ဟုတ် တယ်....

မကြီးလဲတော်တော်ပြန်စစ်လိုက်ရတယ်..

ဟေးဟေး...

ဇင်ယော် said...

ရေဆေးငါးကြီးကို ဆိုင်ကယ်သရဲတွေ ၀ိုင်းထားတဲ့ နေရာကတော့ ရေလည်မိုက်တယ်ဗျာ။ တစ်ယောက်တစ်နေရာ ၀ိုင်းဆွဲကြတယ်ဆိုတော့ ပါးဟက်တွေ ရေယက်တွေရော ကျန်သေးရဲ့လားဗျ။ ဆက်ရန်ကြီးထားတာတော့ မိုက်ဖူးဗျာ ဖတ်ရတာ ဆန့်  ငင်ဆန့် ငင်နဲ့  ရေဆေးငါးကြီးကို နေပူပူ ကုန်းကမူပေါ် ပစ်တင်ထားသလို ဖြစ်နေပြီ။ :P

pandora said...

မြင်ယောင်လာပြီ.. :D

စောင့်ဖတ်နေမယ်...

Republic said...

ခင်လေး က ကိုရင် ကို ငမူးဆိုလို့ ... မဟုတ်ပါဘူးဗျာ၊၊
ကိုရင် က သမားတော်ပါ၊၊ ဂုဏ်သရေရှိ လူကြီးလူကောင်းပါဗျာ၊၊ ကိုရင် ဟုတ်တယ် ဟုတ် ၊၊
ပုလင်း ပါလားဗျ ၊၊

အောင်သာငယ် said...

စောင့်ဖတ်နေတယ်ဗျို့...

မင်းကျန်စစ် said...

ဒီကလေးတော့နော် နာ တိုင်ကျောမှာနော် ဟိ ဘဘုန်းကြီးနဲ့ပြောပါတယ် :P

အိမ် said...

ဒီလိုပါပဲဗျာ လုပ်စားနေကြတာ ကယ်ရီစမားတွေခမျာလဲ သနားဖို့တော့ ကောင်းပါတယ်။ဒါပေမဲ့ ခုလို ပုံပျက်ပန်းပျက်ကြီးကြတော့ ဘယ်ကောင်းမလဲနော်။

်flower.poem said...

ဒါကတော့မြို့တိုင်းပဲရှင့် ကားရပ်တာနဲ့ ဆိုင်ကယ်နဲ့ဆိုက် ကားတွေက ဆွဲမတတ်လွဲမတတ်ပဲ အရမ်းသရုပ်ပျက်တယ် စိတ်ညစ်ဖို့ကောင်းတယ်.
မျှော်နေမယ် ဆက်ဖတ်ဖို့