Tuesday, February 10, 2009

သြော်.. ကောင်းလေစွ...

စကားလုံးမရှိတဲ့ နေ့မှာ ကမ်းတွေကပျိုကျလို့ လေတွေက ခပ်ကြမ်းကြမ်း.. တဝုန်းဝုန်းနဲ့..! အသံမဲ့တဲ့ ညမှာတော့ စကားလုံးတွေကို ဖြိုချမိတယ်.. စာတွေအဖြစ်ပေါ့..!! အကောင်းအဆိုးတွေကို တိုင်ပင်ဖော်မဲ့တဲ့ နေ့ညတွေမှာ အရာရာဟာ မှုန်ဝါးမသွားပဲ ပိုပိုထင်းလို့လာနေပြန်တာ မမိုက်ဖူး..!!

“ခဲလေသမျှ သဲရေကျ ပုလဲမြေခ သြော်..ကောင်းလေစွ...” တဲ့ မောင်မောင်ဇော်လတ်က ဆိုထားတယ်.. ကျွန်မ အဲ့ဒီ သီချင်းကို အရမ်းကြိုက်တယ် ဆိုတာ ရှင်လည်းအသိ.. ရှင်ကရော အခုလိုအချိန် ဘယ်လို သီချင်းမျိုးနဲ့ မွေ့ပျော်လို့ နေပါလိမ့်..!! သိချင်တယ် ဒါပေမဲ့.. မသိချင်ပြန်ဘူး..!!

အပိုင်းပိုင်းအစစ အတွေးတွေက ရောင်စုံ ဖန်ဂေါ်လီလုံးတွေလို ဟိုလိမ့် ဒီကပ်.. အတွေးတွေ အရောင်စုံ.. စိတ်တွေလည်း ရောင်စုံ.. လွင့်ပျံ့မှုတွေကလည်း ရောင်စုံ.. တိမ်တွေပေါ် ခုန်တက်လိုက်.. မြေကိုလျှိုးလိုက်.. ရေပြာပြာမှာ ငုတ်လျှိုးကူးခတ်လိုက်.. အမှောင်အတိပြီးတဲ့ စကြဝဠာရဲ့ အမည်းရောင် ကော်ဇောထက်မှာ နားခို အိပ်စက်လိုက် နဲ့.. ကဲ.. ဘာကျန်သေးလဲ...!! ဖြစ်ချင်တိုင်းဖြစ်နေတဲ့ "စိတ်.." ဟူးးးးး.......!!

ယဉ်တယ် ယဉ်တယ် နဲ့ ပြောပြောနေကြတဲ့ ဘန်းစကားက အတွေးမှာလာကပ်တော့ မချိပြုံးတစ်စက လှစ်ကနဲ.. ကလိသလိုလို သရော်သလိုလို ကိုယ့်အပြုံးနဲ့ကိုယ် အဘိဇ္ဇာတွေပွားလို့.. အပြုံးက အသံအဖြစ်ပြောင်းလို့ ခပ်အက်အက်ရယ်မိပြန်ရော.. သြော်.. အရေးထဲ မောင်မောင်ဇော်လတ်က ပြန်ကျော့နေပြန်ပါပြီ.. "အကုန်ပြည်ဖုံးကားချ... သြော်... ကောင်းလေစွ..." တဲ့... အဟက်..!!

ဖန်တီးမှုတစ်ခုဟာ ချိန်းကြိုးတစ်ခုသာ ဖြစ်ခဲ့မယ်ဆိုရင်.. ဆက်ထုံးမရှိဘဲ ကွင်းဆက်တွေနဲ့တင် ကြိုးဖြစ်မလာဘူး... ပုံပေါ်လာမဲ့ အရာတစ်ခုဟာ ရင်တွင်းဖြစ် ဟဲန်းမိတ် (လက်ဖြစ်) စစ်စစ် ဆက်ထုံးစစ်စစ်တွေနဲ့ ဆက်ထားတာ.. ဘာမှမဆိုင်ဘဲ တဒိန်းဒိန်း ခုန်လာတတ်တဲ့ ရင်ကိုလည်း ခပ်လန့်လန့်.. ကိုယ့်ကိုယ်ကို မှန်ထဲငဲ့ကြည့်ဖို့လေးကို ရင်တွေခုန်နေ ပြန်ပါပကော.. အာ.. မဟုတ်သေးပါဘူး.. ငါ့နှယ်နော်..!!

စိတ်အစဉ်က အရှေ့ကိုယွန်း..၊ အနောက်ကိုပြန်..၊ တောင်ကိုကပ်..၊ မြောက်ကိုနှင်..၊ အနောက်တောင်မှာ ခဏတန့်ရင်း သက်ပျင်းချ..၊ အရှေ့မြောက်မှာ ရှေ့တစ်လှမ်းတိုး နောက်တစ်လှမ်းပြန်ဆုတ်..၊ အနောက်မြောက်မှာ ခပ်ပြေပြေ ခြေဆင်းထိုင်လိုထိုင်..၊ အရှေ့တောင်မှာ အားတွေထပ်ယူ..၊ ဘုရား..ဘုရား..!! အရပ်ရှစ်မျက်နှာမှာ လုပ်ချင်တိုင်းကို လုပ်နေတော့တာပါလား... ရှုပ်ကုန်ပြီ... ဟေးးး.. ပြန်လာခဲ့ ငါ့ခန္ဓာဆီ..!!

စိတ်နဲ့ ကိုယ်အကပ်မှာ လူက ယိုင်နဲ့နဲ့... အတွေးက ခပ်ထုံထုံ.. နားက ထိုင်းလာသလိုလို.. အမြင်အာရုံတွေက မှုန်ဝါးနေပြန်ပါရောလား..!! အသံတစ်ခု ထွက်ဖို့ကိုတောင် ဖန်တီးယူနေရပြန်သလိုလို.. သက်ပျင်းကို မှုတ်ထုတ်ဖို့တောင် ဇောချွေးတွေ ပြန်လို့.. မောင်မောင်ဇော်လတ်သီချင်း ပြန်ကျော့မလာမှီ မသယ်နိုင်တဲ့ လက်နဲ့ ကဗျာကောက်စပ်... အို.. မပီပြင်လိုက်တာလေ..!!

သောကစေရာ
မနေသာ၍

ပူးတုံခွာတုံ

စိတ်ထင်ပုံပြောင်း

အာရုံကောင်းလို့

ဖြစ်ကြောင်းစုံသည်
မည်သူမပြု

မိမိမှုတည်း..။

ဘာမှမဟုတ်တဲ့ စာတွေကို အဆက်စပ်မဲ့ ရေးရင်းစာပိုဒ်တွေဖြစ်.. လုပ်ဟ..!! ဒါသည်လည်း စိတ်အလိုပဲ မဟုတ်လေလား..!! ဒီလိုနဲ့ ဒန် (မော်ဒန်) မကျ.. ဟန်မကျနဲ့ ချဉ်ခြင်းက တက်လာပြန်တော့.. ခပ်ရေးရေး အာရုံခံလို့ နောက်တစ်ပုဒ်ကို ထပ်ရေး.. ဟားးးး... တကယ် မနိုင်ဘူး ဒီစိတ်ရယ်.....!!

ထူးမထူးတော့မသိ
ချဉ်တူးတူးကိုမှ ကြိုက်မိတဲ့ငါ...
ငါ့စိုက်ခင်းမှာ သံပုရာတွေသာပျိုးလို့

အချဉ်ပေါက်နေတဲ့ စိတ်နဲ့

ခပ်ချဉ်ချဉ်စာတွေရေးမိ

အချိုဖက်ဖို့ ကြံ မခင်းနိုင်တဲ့

ငါ့စိုက်ခင်းမှာ...

ကိုယ်တိုင်အချဉ်သိပ်

ကိုယ်တိုင်ပဲ ပွဲတည်လို့

ကဲ... ကောင်းလေစွ
ငါ့အချဉ်ပွဲ....
ဖတ်သူချဉ်မည် မုချတည်း..။



(ခင်လေးငယ်)


မှတ်ချက်..။ ။ ကျွန်မ အင်မတန်မှ နှစ်သက်သော ကိုမောင်မောင်ဇော်လတ် ၏ သီချင်းခေါင်းစဉ်လေးအား လေးစားခြင်းအားဖြင့် ယူသုံးထားပါသည်..။


သီချင်းလေးကို ခံစားနားဆင်ကြည့်မယ်ဆိုရင်..

17 comments:

စိုင်းစိုင်းလားရှိုး said...

ခင်လေး... သံပုရာသီး ဆယ်လုံးလောက်။ ဘယ်ဈေးလည်း? တစ်ကိုယ်လုံးကို ချဉ်တူးသွားတာပဲ။

Anonymous said...

မေ့ကတော့ပေါက်ကွဲနေပီ...ဟင်းဟင်းကောင်းလေစွ

တောင်ပေါ်သား said...

အင်းးး ကောင်းလေစွ ကောင်းလေစွ ဟီးး တယ်ပေါ်သောင် ကတော့ စိုင်းဆိုင်မောဝ့်ပဲ ကြိုက်တယ်။ အရပ်ရှစ်မျက်နာ မက လျှောက်နေပါ့လား တီငယ် စိတ်လျှော့


လေးစားလျက်
တောင်ပေါ်သား

ဆောင်းယွန်းလ said...

ချဉ်တာလည်းပဲ
ကောင်းလေစွ ကောင်းလေစွ
ကြံမခင်းနိုင်လို့ သံပုရာခင်းလည်းဘဲ ဈေးမနည်းပါဘူး
ကောင်းလေစွ ကောင်းလေစွ

လားရှိုးသူ said...

ကောင်းလေစွ၊ ကောင်းလေစွ နဲ့ စိတ်ကို လွတ်ပစ်လိုက်နော်၊ သူဘာများလုပ်နေပါလိမ့်၊ ဘယ်သူတွေနဲ့များ... အို... ဆိုတာမျိုး အပင်ခံပြီးတောင် မတွေးနဲ့၊ စာတွေများများရေး၊ ခပ်ချဉ်ချဉ်လေးလည်း စားပေါ့... kidding!!!!!!!

MANORHARY said...

သံပုရာသီး...အဲ...စာလာဖတ်ပါတယ်။း)

မီယာ said...

အချဉ်ရော အချိုရော ရေးပါ မခင်လေးရေ..
အမကဗျာကို ပိုတောင်ကြိုက်သေး။ တခါတလေ အဲ့သလို စိတ်မျိုးပေါ်တတ်ပါတယ်။ ကြံစိုက်ရင် တခေါက်ပြန်လာခဲ့မယ် :)

Anonymous said...

မငယ်ကြီး....
ရေလည်မိုက်တယ်ဗျာ... စာတွေအကုန်ဖတ်ပြီးမှ သီချင်းပါနားထောင်လိုက်တော့.. ကွက်တိ.. ကွက်တိ..း)။

Anonymous said...

ဟင်းဟင်းဟင်း.. တုတ်ကောက်ခဲ့။ ဘယ်ပြေးမလဲခင်လေးငယ်.. :P (ဟိ.. တီငယ်.. တားငယ်လေး စ,တွားတာနော်.. ချိတ်ချိုးရ၀ူး.. ခစ်)
တားငယ်က အချဉ်ကြိုက်၏.. ပေါင်းလို့ရပြီ..

Moe Myint Tane said...

သီချင်းလေးလည်းကောင်းတယ်...
အရေးအသားလည်း ပေါ်လွင်တယ်...
အချဉ်ကဗျာလေးလည်း ကောင်းတယ်( ဖတ်ရင်းနဲ့ ခံတွင်းချဉ်လာတယ် )...
ပိုစ့်ကောင်းလေး တစ်ပုဒ်ပါ...
စိတ်အသွားအတိုင်း ရေးထားတာ..
ဆက်ချီတက်ပါ အားပေးနေပါတယ်...


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

ဒေါင်းမင်း said...

ကောင်းလေစွ..ကောင်းလေစွပါ...ဟီး
ကောင်းမှကောင်းမာမီးခေါက်ဆွဲကြနေတာပဲ..

Kaung Kin Ko said...

သံပုရာသီးရရင်တော့ ဂျင်နဲ့ စပ်ပြီးသောက်ပစ်မယ်။ ဟီးဟီး :D

HAPPY CLOUD said...

ချဉ်ပြုံးပြုံးဆိုတာ ဒါမျိုးလားဗျ... ဂယ်မိုက်တယ်ဗျာ...
ပါးတောင်နဲနဲကျိမ်းချင်ချင်ဖြစ်သွား ချဉ်လို့ပြောတာနော်... ပါးရိုက်ခံရမှာမို့လို့ မတွေးနဲ့နော်...
ဖိုးမောင်

Anonymous said...

အတွေးတွေ..ချဉ် နေတာလား...
အချဉ်တွေကို တွေးနေတာလား....

ညီမ..ရယ်

အိန္ဒြာ

chanye` said...

မခင်လေးငယ် စာရေးတာ အရမ်းကောင်းတာပဲဗျာ..
အားပေးနေတယ်နော်..

Unknown said...

သီချင်းရော ပို့စ်ရော ကြိုက်တယ်ဗျာ...။

ဖန်တီးမှုတစ်ခုဟာ ချိန်းကြိုးတစ်ခုသာ ဖြစ်ခဲ့မယ်ဆိုရင်.. ဆက်ထုံးမရှိဘဲ ကွင်းဆက်တွေနဲ့တင် ကြိုးဖြစ်မလာဘူး...

ဒီနေရာမှာတော့ အတွေးတွေက တော်တော်နယ်လွန်သွား တယ်...။

အရုပ်ကလေး said...

သံပုရာပျိုးတွေ လာယူဦးမည် ..။ ဟိဟိ