Sunday, March 1, 2009

အဲ့ဒီ....နှင်းဆီ

ကျွန်မ နှင်းဆီတွေကို သိပ်ကိုချစ်တာ ဝန်ခံပါတယ်... သူတို့ကိုထိတွေ့တိုင်း ဘယ်လိုဂရုစိုက်စိုက်ပါ.. ကျွန်မ ဆူးစူးတတ်တယ် ထိန်းလို့မရဘူး... တစ်ခါက အရမ်းအဆိပ်ပြင်းတဲ့ နှင်းဆီဖြူတစ်ပွင့်ရဲ့ ဆူးစူးဖူးတယ် ကျွန်မညာလက်ညှိုးလေး လေးရက်တိတိ ယောင်နေခဲ့ဖူးပါတယ်.. နာကျဉ်တဲ့ ခံစားမှုနဲ့အတူ အဲ့ဒီ....နှင်းဆီရဲ့ အဆိပ်ပြင်းခြင်းကို ဘဝမှာပထမဦးဆုံး အကြိမ်အဖြစ် မှတ်မှတ်ရရ မမေ့နိုင်စွာ...........................။

အံ့သြဖို့ကောင်းတာက အဲ့ဒီ....နှင်းဆီကို ကျွန်မအရူးအမူး တွယ်တာသွားခဲ့တယ်.. ခုထက်ထိ ပန်းတွေဝယ်ဖို့ ပန်းဆိုင်ရောက်တိုင်း အဲ့ဒီ....နှင်းဆီကို လက်ကလှမ်းနေမိဆဲ.... ဖွဖွလေး မထိတထိကိုင်ရင်း ပြန်ပြန်ချထားခဲ့မိတတ်တယ်... ပန်းဆိုင်တွေကို ရောက်သွားတိုင်း ဘာမှမဝယ်ခင် အဲ့ဒီ....နှင်းဆီဆီ ရောက်အောင်သွား...! ထိတွေ့...! ပြန်ချ...! တခြားပန်းကိုဝယ်..... ဒီနေ့ထိတိုင် သံသရာလည်နေဆဲ..။

ဝယ်လိုက်ရင် ပိုပြီးရင်းရင်းနှီးနှီး ကိုင်တွယ်ဖြစ်မယ်... ကိုင်တာနဲ့ခပ်နက်နက် ဆူးစူးခံရမှာ အသေအချာဘဲ... အစူးခံလိုက်ရမှာကို အရမ်းမက်မောနေမိသူလို ခပ်ကြောင်ကြောင် စိတ်ကူးတွေနဲ့ အမြဲ~~~~~~~~!! အဲ့ဒီ....နှင်းဆီက စူးလို့ထွက်လာမဲ့ အနီရောင်သွေးစတွေ စီးကပ်ခြောက်သွေ့သွားတဲ့အထိ ကျွန်မကျေကျေနပ်နပ်နဲ့ ကြည့်ချင်နေမိတာ... ကြောက်လန့်စိတ်ဆိုတာ တစ်စလေးမှ မရှိတာ အတိအကျ...။

ဒါပေမဲ့ ကျွန်မလုံးဝ မဝယ်ဖြစ်တော့ဖူး... အဲ့ဒီ....နှင်းဆီ... ကျွန်မကို ပေးခဲ့ဖူးတဲ့ အရသာကို ဘဝမှာ တစ်ခါပဲ ရင်ထဲမြတ်နိုးစွာနဲ့ တစ်သက်လုံး သိမ်းထားချင်မိလို့ပါဘဲ... ဒီလိုနဲ့ အဲ့ဒီ....နှင်းဆီဟာ ကျွန်မအတွေးတွေကို သေချာထည့်ထုပ်ထားတဲ့ အထုပ်တစ်ထုပ်ကို ဖဲကြိုးချည်တတ်လာတယ်... တစ်ခါတစ်ခါ ကျွန်မ မသိစိတ်ထဲအထိဝင်ပြီး ညှို့တတ်ပြန်သေးတယ်...

အညှို့ခံရတိုင်းလည်း ကျွန်မခြေလှမ်းတွေက ပန်းဆိုင်တစ်ဆိုင်ဆိုင်ကို အလိုလိုကို လှမ်းနေမိရော... ပန်းရနံ့ပေါင်းစုံတဲ့ ဆိုင်မှန်တံခါးကို တွန်းဖွင့်ဝင်ရင်း ခြေအစုံက အဲ့ဒီ....နှင်းဆီရှေ့မှာရပ်လို့ခစား...!! အဲ့ဒီ....နှင်းဆီပေါ့...!!! ခပ်တည်တည်နဲ့ သူကိုယ်တိုင်ချည်ထားတဲ့ ဖဲကြိုးကိုဖြည်ရင်း ကျွန်မအတွေးတွေကို ကဗျာတစ်ပုဒ်လို ဖတ်နေတာများ... ချစ်ဖို့ကောင်းစွာ ပိုင်စိုးပိုင်နင်းနိုင်လိုက်တာလေ...။

ကျွန်မကရော ဘာထူးလို့လည်း... ဖဲကြိုးဖြေလို့ ဖွင့်ထားတဲ့အထုပ်ထဲကို အတွေးတစ်စ ထပ်ထည့်ပေးခဲ့တတ်သေးတာပဲ မဟုတ်လား....!! ဒါဟာ... ကျွန်မချစ်တဲ့ အဲ့ဒီ....နှင်းဆီဖတ်ဖို့ ကဗျာတစ်ပုဒ်ရဲ့ စာမျက်နှာ ထပ်တိုးခြင်းပေါ့... ရှိပါစေလေ... ကျွန်မကိုယ်တိုင်က ကျေနပ်ခြင်းတွေနဲ့ ရင်ဘတ်ထဲမှာပြည့်လို့..............................................။

ဒီမှာ နှင်းဆီ
အတွေးတွေချုပ်ထားတဲ့ ကဗျာတစ်ပုဒ်ဟာ

ချိုမြိန်နိုင်မယ်ထင်လား..!!

မရယ်နဲ့ နှင်းဆီ

လှောင်အိမ်ဆိုတဲ့ ကြောက်မက်ဖွယ်ကို

မင်းမှမသိတာ..!!

လက်ထိပ်နဲ့အခတ်ခံရမှ ခြေတွေထူးခတ်ခံရမှ

သံတိုင်လေးဖက်ကာရံမှ

အချုပ်ကျခြင်း မဟုတ်ဖူးဆိုတာ...!!


အိပ်မက်မဟုတ်တဲ့ နှင်းဆီအိပ်မက်က နိုးထပြန်တော့... ကျွန်မဘေးမှာ ဖဲကြိုးချည်ထားတဲ့ အထုပ်တစ်ထုပ်...!! အထုပ်ထဲမှာ နှင်းဆီရနံ့တွေ ထုံအီနေတဲ့ ကျွန်မအတွေးတွေရှိနေတယ်...။ အဲ့ဒီ....နှင်းဆီ..!! မင်းတစ်ဝကြီးဖတ်ဖို့ လှောင်ပိတ်မွန်းကြပ်နေတဲ့ ငါ့ကဗျာတွေရှိနေတယ်..... ကျွန်မကဘယ်လိုပဲ ဖြစ်ဖြစ်ပါ... အသက်ရှုမဝခြင်းတွေကို အသားကျရင်း ဝအောင်ရှုတတ်ဖို့ကို မေ့နေခဲ့တာတောင်ကြာနေခဲ့ပြီ.....!! ဒီမှာ ကျွန်မချစ်တဲ့ အဲ့ဒီ...နှင်းဆီ...!! ငါ့အတွေး ကဗျာတွေနဲ့............ မင်း........... ပျော်........... နိုင်........... ပါ........... စေ..........။

(ခင်လေးငယ်)

16 comments:

တောင်ပေါ်သား said...

တကယ်တမ်း ကိုယ်ချစ်တဲ့ ပန်းလေးကို ဒီအတိုင်း ကြည့်နေမဲ့အစား ၀ယ်ပြီးပြုစုယုယ လိုက်ရင် ပိုမကောင်ဘူးလားလို့ မြင်မိပါတယ်။ ဒါဆို ပိုပြီး သာယာလှပါတဲ့ နှင်းဆီတွေ အများကြီး ဖြစ်လာမှာပါ ဆူးစူးတယ်ဆိုတာကတော့ ကိုင်တဲ့လူအပေါ်မှာ မူတည်တယ်လို့ ယူဆမိပါတယ် တီငယ်ရေး)


လေးစားလျက်
တောင်ပေါ်သား

Anonymous said...

နှင်းဆီရနံ့တွေ ထုံအီနေတဲ့ ကျွန်မအတွေးတွေရှိနေတယ်

သိပ်လှတဲ့ အတွေးလေး အရေးလေးပေါ့
နူးညံ့တဲ့ မိန်းမသားတစ်ယောက်ရဲ့
ထိမ်းချုပ်ခံ စိတ်အလျင်တွေကို လှလှပပမြင်သာနေပါတယ်...

ဆူးတွေစူးတတ်တာ...
မမေ့နဲ့နော်..ညီမ

Anonymous said...

နှင်းဆီရနံ့တွေ ထုံအီနေတဲ့ ကျွန်မအတွေးတွေရှိနေတယ်

သိပ်လှတဲ့ အတွေးလေး အရေးလေးပေါ့
နူးညံ့တဲ့ မိန်းမသားတစ်ယောက်ရဲ့
ထိမ်းချုပ်ခံ စိတ်အလျင်တွေကို လှလှပပမြင်သာနေပါတယ်...

ဆူးတွေစူးတတ်တာ...
မမေ့နဲ့နော်..ညီမ

RePublic said...

xxxx ရိုစီ ..အန္တရာယ်တွေ ပေးအုံးမလား xxxx ၊၊
(မ)ခင်လေး ပို့စ် ဖတ်အပြီး လေးဖြူ သီချင်းသတိရသွားလို့ ဆိုနေလိုက်တာ ၊၊

ဆောင်းယွန်းလ said...

လက်ထိပ်နဲ့အခတ်ခံရမှ ခြေတွေထူးခတ်ခံရမှ
သံတိုင်လေးဖက်ကာရံမှ
အချုပ်ကျခြင်း မဟုတ်ဖူးဆိုတာ...!!

သိပ်ကိုမှန်တာပဲ ညီမရေ...စိတ်ကိုအချုပ်ချခံထားရခြင်းက အဆိုးဆုံးပေါ့....
စကားပြေအရေးအသားရော ကဗျာလေးပါ အားလုံးကိုကြိုက်တယ်....

တားမြစ် ထားသော... said...

နှင်းဆီ။
နှင်းဆီတစ်ပွင့်
အသက်ဝင်သွားခဲ့လေရဲ့လို့ ပြောနေရင်းနဲ့ ကျဆုံးခြင်းမှာကျင်လည်နေမိတဲ့
နှင်းဆီတစ်ပွင့်။
နှင်းဆီ - ဒါဟာ နှစ်ပွင့်သော နှင်းဆီပါ။

သုခမိန်(E-Journal)

Moe Myint Tane said...

ပန်းဆိုတာ
ငုံရာကဖူး ဖူးရာကပွင့်
ပွင့်ရာကလန်း လန်းရာက
ပန်းလို့သတ်မှတ်တယ် ။

ှနှင်းဆီမှာ ဆူးရှိတာ သဘာဝပါ။

ကျွန်တော်တို့တွေကော
သဘာဝထဲမှာ ကျင်လည်
သဘာဝထဲမှာ ကျက်စား
သသာဝထဲမှာ တသားတည်းမကျတဲ့ အချိန်
သဘာဝထဲက နေဖောက်ထွက်ချိန်မှာ...

ကဗျာတွေက လမ်းပြလိမ့်မယ်
ချုပ်နှောင်မှုတွေ ပြေပျောက်လိမ့်မယ်
လှောင်အိမ်တံခါးတွေ ပွင့်သွားလိမ့်မယ်
လေးဖက်ချနံရံတွေ ကာရန်မှုမဲ့လိမ့်မယ်
ဆူးမဲ့နှင်းဆီတွေ ပွင့်ဖူးလိမ့်မယ် ။

အဲဒီ့အချိန်ရောက်ရင်
ဝိညဉ်တွေနေတဲ့ အိမ်ထဲ
နှင်းဆီတွေလည်း ကဗျာတွေနဲ့ကလိမ့်မယ် ။

စကားပြေနဲ့ ကဗျာလေးမှာ ပျော်ဝင်စီးဆင်းရင်း စိတ်ထဲရှိရာ မန့်ပေးခဲ့တယ်။

ဒီမှာ နှင်းဆီ
အတွေးတွေချုပ်ထားတဲ့ ကဗျာတစ်ပုဒ်ဟာ
ချိုမြိန်နိုင်မယ်ထင်လား..!!
မရယ်နဲ့ နှင်းဆီ
လှောင်အိမ်ဆိုတဲ့ ကြောက်မက်ဖွယ်ကို
မင်းမှမသိတာ..!!
လက်ထိပ်နဲ့အခတ်ခံရမှ ခြေတွေထူးခတ်ခံရမှ
သံတိုင်လေးဖက်ကာရံမှ
အချုပ်ကျခြင်း မဟုတ်ဖူးဆိုတာ...!!

အဲဒီ့ကဗျာလေး ကြိုက်တယ်။ အတွေးကောင်း အရေးကောင်းနဲ့ ပိုစ့်ကောင်းလေး တစ်ပုဒ်ပါဘဲ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

မီယာ said...

ဆူးစူးတတ်တာ သိနေပေမယ့် အမွှေးနံ့ အရောင်စုံတွေနဲ့ ဖမ်းစားထားလိုက်လို့ နှင်းဆီတွေကို စိတ်မထိန်းနိုင်ဘဲ ခူးခဲ့မိတာ အခါခါ

MANORHARY said...

နှင်းဆီဆိုတာ ပုံပြင်တွေ ရာဇ၀င်တွေ
ဒဏ္ဍာရီတွေထဲက မှတ်တမ်းနဲ့ပန်းတစ်ပွင့်ပဲ
ရနံ့တွေ ဆူးတွေရဲ့ရာဇ၀င်မှာ တစ်ခုခုတော့
ထင်ကျန်နေခဲ့တတ်ပါတယ်...

Anonymous said...

ဘယ်လိုမန့်ရမလဲမသိတော့း) ပို့စ်လေးကတော့ဖတ်လို့ကောင်းတယ် ခင်လေးရေ့ နှင်းဆီပေးခဲ့တဲ့ နာကျင်မှုလေးကို အမှတ်ရနေတာကတော့ နှင်းဆီအပေါ်ချစ်တဲ့ အချစ်က တော်တော်ခိုင်မြဲခဲ့လို့ပေါ့ ။ ဒီတစ်ခါ ဖွဖွလေးကိုကိုင်ပြီး နမ်းရှိုက်ကြည့်ပါ သူ့မှာ ဆူးတွေကတော့အမြဲ မချွန်မြနေနိုင်ပါဘူး နှင်းဆီရနံ့က တိမ်မူးဖို့ကောင်းတယ် ။

နှင်းဆီနက် said...

နှင်းဆီတွေကိုချစ်တတ်တော့ နှင်းဆီနာမည်ပါတဲ့သူကိုကော နယ်နယ်ရေးကချစ်တယ်မဟုတ်လား ဆူးစူးတာ တော်တော်ဆိုးတယ်နော် တဆစ်ဆစ်နဲ့ကိုက်တာ တော်သေးတာပေါ့ ရက်အရမ်းမကြာလို့

Anonymous said...

နှင်းဆီအကြောင်း ကိုဖတ်သွားပါတယ်။

ဒါကြီး

စိုင်းစိုင်းလားရှိုး said...

ခင်လေး အနက်ရှိုင်းဆုံး အထိဆွဲတွေးပြီး ဖတ်သွားတယ်။

ရွှန်းမီ said...

အဲ့ဒီနှင်းဆီက အိပ်မက်တွေထဲမှာ ပိုမွှေးပြီးပိုလှနေတော့မှာပဲ။
စာဖတ်ရင်းနဲ့တောင် ရနံ့တွေ သင်းလာတယ်။

Dream said...

အနီပိုင်ရှင်လေး.. နှင်းဆီ နှင်းဆီ.. ချုချင်သူတိုင်းငေး... အလှဆုံးသော.... ...

အဟီး... နှင်းဆီသီချင်းလေး ဆိုသွားပီ.. မယ်မယ်... မယ်မယ်က လည်း လန်ထွက်နေတာပဲ....

အိပ်မက်ကလည်း မယ်မယ်မက်တဲ့နှင်းဆီအိပ်မက် နှင်းဆီကိုလာ ပြီး နှင်းဆီပန်းပေးတာနော်မယ်နော်..ခစ်ခစ်

Kaung Kin Ko said...

ပို့ စ်လေးကောင်းလိုက်တာ။ ကဗျာထဲက နောက်ဆုံး သုံးကြောင်းကိုတော့ အကြိုက်ဆုံးပဲ။