Thursday, April 2, 2009

ဒုတိယအကြိမ်ထုတ်ဝေခြင်း (သို့) ဆားချက်ခြင်း

ကြံကြံဖန်ဖန် Tag တယ်လို့ ပြောချင်ပြော.. ဆားချက်ခိုင်းတယ်လို့ ဆိုချင်ဆို.. Tag ပိုစ့်တွေ ခေတ်စားနေတော့ ဒို့များလည်း ခေတ်နောက် မကျရလေအောင် Tag ပိုစ့်လေး တစ်ခုလုပ်ပြီး အားလုံးကို ဆားချက်ကြဖို့ နိုးဆော်လိုက်ဦးမှ ဆိုပြီး ဒီပိုစ့်လေးကို ရေးလိုက်ပါတယ်နော်..

Tag ပိုစ့်ဆိုရင် တချို့တွေ စိတ်ညစ်တတ်ကြပါတယ်.. မရေးမကောင်း ရေးမကောင်းလေ.. ချစ်လို့ ခင်လို့ Tag လာတာဆိုတော့ ရေးရတော့တာပေါ့နော်.. မရေးရင် အားနာစရာကြီးလေ မဟုတ်ဘူးလား.. (ဟဲဟဲ အခုထဲက ကြို ချုပ် ထားတာ မရေးမှာစိုးလို့) ဒို့များလည်း ကြုံဖူးပါတယ်.. Tag ခံရပြီးဆိုရင် “နင်ရေး.. ငါမရေးတတ်ဘူး.. နင်ရေး” နဲ့ သူရေးနိုး ကိုယ်ရေးနိုး တစ်ယောက်ပေါ်တစ်ယောက် လွဲချတတ်ကြပါတယ်.. အခုထိလည်း Tag ကြွေး ရေးဖို့ ကျန်နေတာလေးတွေ ရှိနေသေးတယ်.. ရေးတော့ ရေးရမှာပေါ့လေ ရင်းနှီးချစ်ခင်လို့ Tag လာတာ မရေးရင် ဘယ်ကောင်းမလဲနော်... (ချုပ်ပြန်ပြီ)

စိတ်တော့ မပူကြပါနဲ့လေ.. ဒို့များ Tag တဲ့ Tag Post က လွယ်လွယ်လေးရယ်ပါ.. (၅) မိနစ် အတွင်း ချက်ချင်းကို တင်လိုက်လို့ ရတဲ့ ပိုစ့်မျိုးပါ.. ဒါကြောင့်လည်း ဆားချက်ကြဖို့ ကြံဖန် နိုးဆော်တာပါလို့.. ဒီ Tag ပိုစ့်လေးက ရည်ရွယ်ချက်လည်း ပါပါတယ်.. အားလုံးလည်း ကျေနပ်စွာ ရေးပေးကြလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်နော်..

ဒီလိုပါ.. ဒို့များ ဘလော့ ရေးသူတွေက ပိုစ့်လေးတွေ ရေးပြီးသွားရင် ရက်ပိုင်းလေးပဲ ဘလော့ပေါ်မှာ တင်ထားတာလေ ဖတ်လိုက်ရသူရှိမယ်.. မဖတ်လိုက်ရသူတွေလည်း ရှိမယ်.. အချိန်ကြာသွားတော့ ဒီပိုစ့်လေးက အောက်ရောက်ပြီး ဟောင်းနွမ်းသွားရော.. ဖတ်သူတွေလည်း မရှိတော့ဘူးပေါ့.. အဟောင်းတွေ ရှာဖတ်တတ်တဲ့သူတွေ ရှိတော့ရှိပါတယ်.. လူနည်းစုပေါ့.. ကိုယ့်စိတ်ထဲမှာတော့ အဲ့ဒီ ပိုစ့် အဟောင်းလေး စာဖတ်သူတွေကို ပြန်ဖတ်စေချင် နေမိတယ်.. ဒီလိုစိတ်လေးတွေ အားလုံးလည်း ခံစားဖူးကြမယ်ထင်ပါတယ်.. အခု ဒို့များ Tag တဲ့ ကိစ္စက အဲ့ဒီကိစ္စ..။

ချစ်တဲ့သူငယ်ချင်းတို့ရေ..

ကိုယ့် စိတ်ထဲမှာ စာဖတ်သူတွေကို ဒုတိယအကြိမ် ပြန်ဖတ်စေချင်တဲ့ ပိုစ့်လေးများရှိရင် ပြန်တင်ပေးကြပါလို့ နိုးဆော်ရင်း Tag လိုက်ပါတယ်.. ပိုစ့်အဟောင်းလေးက နှစ်.. လ.. တွေ ကြာလို့ ဖုန်တွေတက်နေရင် ဖုန်လေးတွေ သုတ်.. Modify လေးလုပ်.. ဒါမှမဟုတ် New Version လေးပြောင်းပြီး ပြန်တင်ပေးကြပါလို့နော်.. ဒါမှ မဟုတ် “ပိုစ့်လေးက မူရင်းအတိုင်း လေးပဲ ကောင်းပါတယ်လေ” ဆိုရင်လည်း Copy/Paste သာ လုပ်ချလိုက်ပေါ့ (ဟီးးး ဒီလောက်လွယ်တဲ့ Tag ပိုစ့် ရှိမယ် မထင်) ရည်ရွယ်ချက်ကတော့ ဟောင်းနေပေမယ့် ကောင်းနေတဲ့ ပိုစ့်လေးတွေ စာဖတ်သူတွေကို ပြန်ဖတ်စေချင်တာပါ.. သူငယ်ချင်းတို့ ပြန်တင်ပေးမယ့် ပိုစ့်လေးတွေကို Tag ပိုစ့်များ ဆိုတဲ့ နေရာလေးမှာ စုထားချင်တာလည်း ပါ ပါတယ်.. ဒို့များလည်း သူငယ်ချင်းတို့ ဘလော့လေးတွေထဲက မဖတ်ဖြစ်ခဲ့တဲ့ ပိုစ့်ကောင်းလေးတွေကို ပြန်ဖတ်ချင်လို့ပါ..

ခင်မင်လေးစားချစ်ခြင်းအားဖြင့်
ကိုရင်နော်ခင်လေးငယ်

ဒို့များ Tag လိုက်သူတွေကတော့...

ကောင်းကင်ကို (ရေးပြီး) ရန်အောင် (ရေးပြီး) ကလိုစေထူး (ရေးပြီး) ပီကေ၊ ဟန်သစ်ငြိမ် (ရေးပြီး)၊ ဖိုးမောင်၊ မိုးမောင် (Happy Cloud) (ရေးပြီး) မိုးမြင့်တိမ် (ရေးပြီး) အိပ်မက်ရှင် (ရေးပြီး) ကိုရင်ညိန်း (ရေးပြီး)၊ စပ်မိစပ်ရာ၊ ဆောင်းယွန်းလ (ရေးပြီး) အောင်သာငယ် (ရေးပြီး)၊ မောင်မျိုး (ရေးပြီး) တောင်ပေါ်သား (ရေးပြီး) ဖိုးစိန် (ရေးပြီး) ဖိုးဂျယ် (ရေးပြီး) Heart Museum (ရေးပြီး) Republic (ရေးပြီး) E-journal (ရေးပြီး) Craton(ရေးပြီး) မနော်ဟရီ (ရေးပြီး) မသက်ဇင်၊ အိန္ဒြာ (ရေးပြီး)၊ မမသီရိ (ရေးပြီး) လေးမ၊ ပန်ဒိုရာ (ရေးပြီး)၊ Green Girl (ရေးပြီး)၊ မီယာ (ရေးပြီး)၊ Dream (ရေးပြီး) နန်းညီ (ရေးပြီး)
Tag ထားတယ်ဗျို့မှ (အဖွဲဝင်များအားလုံး)
Myanmar Blog Directory (အမည်ပါသူများအားလုံး)

မှတ်ချက်။ ။ ရေးပြီးရင် ဆက်ပြီး Tag ဆင့် ကမ်းပေးကြပါနော်..

ဘယ်ရမလဲ ကျုပ်လည်း ခင်လေးကို ဒီလိုပြောတာပေါ့...
“ဟဲ့ ခင်လေးစုတ်.. သူများတွေကို Tag ရုံနဲ့ မပြီးဘူး.. နင်လည်း ရေးရမယ်.. နင့်ကို ငါ Tag တယ်..” လို့

ဒင်းရဲ့ပြန်ပြောပုံကတော့..
“ကောင်စုတ်.. ငါရေးရုံနဲ့ မပြီးဘူး.. ဒီဘလော့ က နှစ်ယောက်နာမည် အဲ့ဒီတော့ နင်ပါရေးရမယ်.. ခေါင်းရှောင်ဖို့ မကြိုးစားနဲ့.. နင့်ကို ငါ ပြန် Tag တယ်..” တဲ့

ချစ်ခင်လေးစာရတဲ့ စာဖတ်သူတို့ရေ..

ဒို့များ ရေးခဲ့သမျှထဲက “ဆန့်ကျင်ဖက် အဖြစ်ဆုံး ပိုစ့်လေး နှစ်ပုဒ်ကို ရွေးချယ် တင်ပြလိုက်ပါတယ်နော်..


Photobucket


ကျွန်မနှင့်ချစ်စရာကြောင်ဖြူလေး (ခင်လေးငယ်)

ကြောင်ကလေးနဲ့ ကျွန်မ ပထမဦးဆုံး တွေ့ဆုံတဲ့နေ့က မိုးလေးတွေ ဖွဲဖွဲလေး ရွာနေတဲ့ ကျောင်းပိတ်ရက်လေး တစ်ရက်....!! အလုပ်တွေလည်း ထွေထွေထူးထူး မရှိတော့ အခန်းလေးထဲမှာ တစ်နေကုန် ရှိနေခဲ့တဲ့ နေ့လေး တစ်နေ့ပေါ့..။ အိပ်ခန်းထဲက မှန်ပြူတင်းပေါက် အကြီးကြီးရှေ့မှာ ကွန်ပျူတာ စားပွဲလေးရှိတယ်.. ပန်းနုရောင် လိုက်ကာကြီးကို ကြိုးလေးနဲ့ ဆွဲဖယ်ပြီး တံခါးကို ဖွင့်လိုက်တာနဲ့ နှင်းဆီပန်းအိုးလေးတွေ စီစီရီရီ ထားထားတဲ့ ဝရမ်တာလေကို လှမ်းမြင်နေရပါတယ်....။

ကွန်ပျူတာလေးရှေ့မှာ ထိုင်နေရင်း မိုးဖွဲလေးတွေ ရွာနေတယ်ဆိုတဲ့ အသိရယ် မိုးနံ့လေးတွေကို ရူရှိုက်ချင်တဲ့ စိတ်ရယ်နဲ့ ကျွန်မအိပ်ခန်း ပြတင်းပေါက်လေးကို ဖွင့်ထားလိုက်ပါတယ်...။ ကွန်ပျူတာကို ဖွင့်ထားရင်း မိုးဖွဲသေးသေးလေးတွေက နှင်းဆီပန်းလေးတွေကို နှုတ်ဆက် ဆော့ကစားနေတာလေးကို ကျွန်မငေးနေမိတယ်..။ သူတို့မျက်နှာပ်ါမှာ မထိတထိနဲ့ လာရောက် ကြည်စယ်နေတဲ့ မိုးစက်မှုန်လေးတွေကို နှင်းဆီပန်းလေးတွေက ပြုံးပြီးကြိုနေသလိုလို...။ ပန်းလေးတွေ ပြုံးနေတာကို မြင်နေရတာ သိပ်ချစ်ဖို့ကောင်းတာပဲ.. ကြည့်ရတာ ရင်ခုန်ဖို့ ကောင်းလိုက်တာ...။

အဲဒီအချိန်လေးအတွင်းမှာ.. ဗြုန်းဆိုပြီး ပြတင်းပေါက် ဘောင်လေးပေါ် သူ တက်လာခဲ့တာပေါ့..။ ရုတ်တရက်တော့ ကျွန်မလန့်သွားခဲ့တယ်.. ချစ်စရာကောင်းတဲ့ ကြောင်ဖြူဖြူလေးက လန့်သွားတဲ့ကျွန်မကို ခေါင်းလေးစောင်းငဲ့ရင်း မျက်လုံးလေး အဝိုင်းသားနဲ့ လှမ်းကြည့်နေတယ်.. သူ့ကိုကြည့်ရတာ ကျွန်မကိုရင်းနှီး နေပြီးသားလိုပါပဲ သူ့အကြည့်တွေမှာ စိမ်းနေတဲ့ အရိပ်အယောင်တွေ မမြင်ရပါဘူး..။ ဘေးအခန်း တစ်ခန်းခန်းက ကြောင်ကလေး တစ်ကောင် ဖြစ်နိုင်ပါတယ်..။

ကျွန်မသူ့ကို ပြုံးကြည့်ရင်း လက်လေးကမ်းလို့ ကြိုလိုက်တာနဲ့ ညင်ညင်သာသာ ချေလှမ်းဖွဖွလေးတွေနဲ့ ကွန်ပျူတာလေး ဘေးနားအထိ သူရောက်လာခဲ့တာ....။ သူ့ကို ထွေးပိုက် ပွတ်သတ်မိလိုက်တာနဲ့ ခေါင်းလေးဝှေ့ပြီး မျက်လုံးလေးတွေ မှေးစဉ်းနေအောင် သူကျေနပ်နေခဲ့ပါတယ်....။ ပထမဦးဆုံး တွေ့ဆုံတဲ့နေ့မှာပဲ ကြောင်ဖြူဖြူလေး တစ်ကောင်ဟာ ကျွန်မရင်ထဲအထိ နက်နက်ရှိုင်းရှိုင်း နေရာယူသွားခဲ့တာပါ...။ ဒီလိုနဲ့ ကျွန်မနဲ့သူ ရင်းနှီးမှုတွေစလို့ သံယောဇဉ်တွေ ပျိုးခဲ့ကြတာပေါ့...။

အဲဒီနေ့လေးကစလို့ ကျွန်မအိမ်မှာရှိနေတဲ့ နေ့တိုင်း၊ အချိန်တိုင်း အိပ်ခန်းပြတင်းပေါက်လေးကို ဖွင့်ထားတတ်သလို.. ပြတင်းပေါက်လေးဖွင့်တာနဲ့ ချက်ချင်းဘဲ သူလည်း ခုန်ပေါက်ကာ ရောက်လာတတ်နေပြီ..။ သူဟာ ကျွန်မပြူတင်းပေါက်လေး ဖွင့်မယ့်အချိန်ကို စောင့်နေတတ်တဲ့ ကြောင်ဖြူဖြူလေးပါဘဲ..။ ကွန်ပျူတာ စားပွဲလေးပေါ်ကနေ ကျွန်မအိပ်ခန်းလေးအတွင်းမှာ ခုန်လိုက်.. ပေါက်လိုက်နဲ့ ခြေဆန့်လည်ပတ် စပ်စုတတ်တဲ့အထိ ကြောင်လေးဟာ ကျွန်မကို ရင်းနှီးနေပြီ....။

ကျွန်မ စာတွေ ကျက်နေတတ်တဲ့ အခါမျိုး ဒါမှမဟုတ်.. ကွန်ပျူတာရှေ့မှာ ထိုင်ရင်း ဇယားတစ်ခုခုကို ဆွဲနေမိချိန်မျိုးတွေဆိုရင် သူကကျွန်မဘေးမှာ ခေါင်းလေးပုပြီး ငြိမ်ငြိမ်လေး နေပေးတတ်တယ်..။ အလိုက်သိတတ်လွန်းတဲ့ ကြောင်လေးတစ်ကောင်ပါဘဲ.. တစ်ခါတလေ On line မှာ ဖြစ်ဖြစ် ဖုန်းတစ်လုံးနဲ့ဖြစ်ဖြစ် သူငယ်ချင်းတွေနဲ့ စကားပြောတာ ကြာသွားပြီဆိုရင် တော့ သူသိသိသာသာ ကျွန်မကိုနှောက်ယှက်ပြီ.. သူရှိနေတယ်ဆိုတာကို အသိပေးသလိုနဲ့ ကျွန်မမျက်စေ့ရှေ့မှာ လမ်းသလားပြတယ်.. ကျွန်မက မသိချင်ယောင် ဆောင်နေပြန်ရင် ကျွန်မခြေထောက်လေးတွေကို ပွတ်သီးပွတ်သတ်နဲ့ သူကစားပြရင်း သတိပေးမယ်...။

ကျွန်မကလည်း တစ်ခါတလေ သူ့ကိုအရမ်းနောက်ချင် စချင်လာလို့ လုံးဝ သတိမထားမိဟန် ဆောင်နေပြီ ဆိုရင်တော့ သူ သီးမခံနိုင်တော့ဘူး.. ကျွန်မကို
အကြီးအကျယ် ဆန္ဒပြသောင်းကျန်းပြီ..။ ကျွန်မစိတ်ကို တင်းထားပြီး ဆက်နေနေမယ် ဆိုရင်တော့ “ဝုန်း” ဆို ပြတင်းပေါက် ဘောင်ပေါ်ကို ခုန်တက်ပြီး သူပြန်တော့မယ်ပေါ့...။ ချက်ခြင်း ပြန်သွားတာလည်း မဟုတ်.. အမြီးလေးကို ပုတ်ပုတ်ပြီး ကောက်ပြနေတာ.. တကယ့် လူသားလေး တစ်ယောက်လိုပါဘဲ.. အဲ့ဒီလောက်ထိ သူစိတ်ကောက်ပြရင်တော့ မနေနိုင်တော့သူဟာ ကျွန်မဖြစ်ခဲ့ပြီ.. လက်ထဲကဖုန်းကို ချက်ချင်းချပြီး ကျွန်မသူ့ကို ချော့ရပါတယ်...။

သူ ပြတင်းပေါက်လေး ပေါ်ကနေ ခုန်ဆင်းပြီး ပြန်သွားမှာကို ကျွန်မ.. အရမ်း ကြောက်တယ်ဆိုတာ သိနေတဲ့ ချစ်စရာ ကြောင်ဆိုးလေးပါဘဲ...။ တစ်ခါတစ်လေ ကျွန်မသူ့ကို စကားတွေ လှမ်းလှမ်း ပြောဖြစ်သေးတယ်.. သူက ကျွန်မ စကားကို နားလည်နေသလို သူ့အမြီး ဖွားဖွားလေးကို တစ်ဘုတ်ဘုတ်နဲ့ ထောက်ခံနေတဲ့ ပုံစံလေးနဲ့... အရမ်းချစ်ဖို့ ကောင်းတယ်..။ စိတ်ညစ်စရာတွေ ကြုံလို့ မျက်ရည်ကျပြန်တော့ သူစိတ်မကောင်း.. ကျွန်မနည်းနည်းလေး အငိုတိတ်ပြီဆိုတာနဲ့ ကျွန်မပေါ် ခုန်တက်လာပြီး သူ့မေးလေးနဲ့ ပွတ်သတ် ဖြေသိမ့် တတ်သေးတယ်..။

ကျွန်မအခန်းထဲက ရေခဲသေတ္တာထဲမှာ သစ်သီးတွေသာများတာ.. Pet Food နဲ့ တူတာဆိုလို့ ထမင်းခြောက်ခဲလေးတောင် ရှိမနေတတ်ပါဘူး.. ခုတော့ ရေခဲသေတ္တာဘေးက စတီး(လ်)စင်လေးပေါ်မှာ Pet Food ဗူးလေးတွေ အစီအရီနဲ့ ဖြစ်လို့နေပေါ့..။ လူသားတစ်ယောက်နဲ့ ကြောင်လေးတစ်ကောင်ရဲ့ ချစ်ခင်တွယ်တာမှုဟာ တကယ်တော့ တော်တော်လေး ထူးဆန်းပါတယ်..။ ကျွန်မသူ့ကို ဘေးမှာထားရင်း သစ်သီးတစ်ခုခု စားဖြစ်တိုင်း သူလည်း သစ်သီးလေးတွေကို လျှာလေးနဲ့ လိုက်တို့တတ်တာပါဘဲ.. တကယ်ဆိုရင် ကြောင်နဲ့ အေးစက်စက် သစ်သီးတွေနဲ့ ဘာဆိုင်လို့လည်းနော်... ဒါပေမဲ့ သူလည်း စားတယ်ဆိုတာ ကျွန်မကို သိစေချင်တာနေမှာပါ..။

ကျွန်မအိမ်မှာ မရှိတဲ့ နေ့လည်တွေတိုင်း သူဟာကျွန်မရဲ့ ဝရမ်တာလေးမှာ ဆော့ကစား နေတတ်တယ်..။ ညရောက်လာရင်တော့ သူ့အိမ်ရှင်တွေရဲ့ အခန်းရှိရာကို သူ ပြန်သွားတာပါပဲ..။ ဒီလိုနဲ့ ကျွန်မ မြန်မာပြည်ကို ခဏပြန်ဖို့ ကိစ္စပေါ်လာတယ်.. ဒီဇင်ဘာ တစ်လလုံး ကျွန်မမိသားစုတွေနဲ့ အတူတူရှိနေပြီး ဇနဝါရီလလယ် ရောက်မှ ပြန်လာဖြစ်မှာပါ... Christmas မှာ ကျွန်မကြောင်လေးနဲ့ အတူတူရှိမနေ ပေးနိုင်ပါဘူး...။

ကျွန်မသူ့ကို ကြိုပြီးလက်ဆောင်လေး တစ်ခုခု ပေးချင်နေမိတယ်.. အမှတ်တရလေးပေါ့..။ တစ်ချောင်းထိုးအပ် Set လေးတစ်စုံရယ်.. သိုးမွှေးအနီရဲရဲလေး နှစ်လုံးဝယ်ပြီး ကြောင်လေးအတွက် ဦးထုပ်လေး စထိုးတယ်..။ သုံးရက်နဲ့ပဲ ချစ်စရာဦးထုပ် အနီရဲရဲလေး ထိုးပြီးသွားပါတယ်..။ ထုံးစံအတိုင်း ပြတင်းပေါက်လေးကို ဖွင့်လို့ ကြောင်လေး အလာကို ကျွန်မကြာကြာ မမျှော်လိုက်ရပါဘူး သူရောက်လာခဲ့တယ်..။ ကျွန်မသူ့ကိုပွေ့ထားရင်း လက်ဆောင် ဦးထုပ်လေးကို သူ့ခေါင်းလေးမှာ တယုတယ စောင်းပေးပြီး သူ့မေးစေ့အောက်မှာ ကြိုးလေးနဲ့ ဖွဖွလေး ချည်ပေးလိုက်တယ်..။

ကျွန်မပါးစပ်ဖျားလေးကလည်း ဒါကြောင်လေးအတွက် ကျွန်မကိုယ်တိုင် ထိုးထားတဲ့ လက်ဆောင်လေးဆိုတာ တစ်ဖွဖွ ပြောနေမိရင်းပေါ့...။ သူလည်း အရမ်းကိုပျော်နေတာပါ.. အမွှေးဖွား ဖြူဖြူစွတ်စွတ်နဲ့ သူ့ခေါင်းပေါ်က အနီရဲရဲဦးထုပ်လေးက အရမ်းကို လိုက်ဖက်လွန်းနေတာပေါ့..။ ချစ်စရာလေးပါ..။ ကျွန်မသူ့ကိုပွေ့ထားရင်း ဓါတ်ပုံလေးရိုက်လိုက်တယ်..။ ချက်ခြင်းဘဲ အဲဒီပုံလေးကို Computer Background လေးတင်လိုက်ပါတယ်...။

ကျွန်မရဲ့ကြောင်လေးက မော်နီတာနားလေးကို ကပ်ကပ်သွားလိုက် ခေါင်းလေးကို စောင်းရင်း နှုတ်ခမ်းလေးနဲ့ နမ်းလိုက် ကျွန်မဆီကို ပြန်ပြေးလာလိုက်နဲ့ သူအရမ်းကို ပျော်နေတာ သိသိသာသာပါဘဲ... ပုံလေးထဲမှာ ကျွန်မကသူ့ကိုပွေ့ထားရင်း နှစ်နှစ်ခြိုက်ခြိုက် ပြုံးနေသလို ဦးထုပ်အနီလေးနဲ့ ကြောင်လေးကလည်း မျက်လုံးလေး အဝိုင်းသားနဲ့ Camera ကို စိုက်ကြည့်နေတာလေ...။ သူ... ပေါင်ပေါ်ကို ပြန်တက်လာတော့ ကျွန်မသူ့ကို စကားတွေ စပြောမိတယ်... ကျွန်မ မရှိတဲ့ အချိန်တွေမှာ လိမ်လိမ်မာမာ နေခဲ့ဖို့ရယ်... ခွဲခွါနေရတာ ကြာနေတဲ့ မိသားစုနဲ့ ပြန်တွေ့ချိန် အိမ်မှာ ပျော်နေရင်းနဲ့တောင် ကျွန်မကြောင်လေးကို သတိရနေမိမှာ ဆိုတာတွေရော အစုံပါပဲ...။

ပထမတော့ သူက ကျွန်မမျက်နှာကို မော့ကြည့်ရင်း ငြိမ်ပြီး နားထောင်နေတာပေါ့... ခဏနေတော့ ကျွန်မပွေ့ထားတဲ့ လက်တွေထဲက ရုန်းထွက်ပြီး ခေါင်းကို ခပ်ကြမ်းကြမ်း ရမ်းရင်း ဦးထုပ်အနီလေးကို သူခါချလိုက်တယ်... ရုတ်တစ်ရက် သူ့ အမူအယာတွေကို ကျွန်မနားမလည်နိုင်ဘဲ ခပ်ကြောင်ကြောင် ဖြစ်နေတုန်းမှာ ကျွန်မရှေ့က ကွန်ပျူတာ စားပွဲပေါ်ကို ခုန်တက်ရင်း ကျွန်မနဲ့ မျက်နှာချင်းဆိုင်မှာ သူထိုင်တယ်... ကျွန်မမျက်နှာကို ခပ်တည်တည်နဲ့ အကြာကြီး စိုက်ကြည့်နေတယ်... ကျွန်မသိလိုက်ပြီ... သူအရမ်း ကြေကွဲ နေပြီဆိုတာကို...

“ဟင့်အင်း ကျွန်မလည်း ကြောင်လေးလိုပါဘဲ.....” စိုးထိတ်တုန်ရီစွာနဲ့ ထွက်လာတဲ့ ကျွန်မရင်ထဲက စကားလေး မဆုံးခင်မှာ သူ.. အခန်းအပြင်ကို ရောက်သွားခဲ့ပြီ.. ကျွန်မကို ခေါင်းငဲ့ကာ တစ်ချက်ပြန်ကြည့်ရင်း ပြတင်းပေါက်လေးပေါ်က ခုန်ဆင်းသွားခဲ့တယ်...။ ကြောင်လေးကျွန်မကို တကယ် ထားသွားခဲ့ပြီလား.. ကျွန်မမျက်ရည်တွေ အလိုလို ကျလာတယ်.. သူ စိတ်ကောက်သွားတာပါ.. စိတ်ပြေတာနဲ့ ကျွန်မဆီ ပြန်လာမယ်လို့ မျှော်လင့်ချင်သေးတယ်...

ဒါပေမဲ့ အဲဒီနေ့ကစလို့ ချစ်စရာ ကြောင်ဖြူဖြူလေးဟာ ရက်စက်စွာနဲ ကျွန်မကို ခွဲသွားခဲ့ပါပြီ..။ ကြောင်လေးတစ်ကောင်ကြောင့် မစားနိုင်မသောက်နိုင်.. မအိပ်နိုင်.. လွမ်းဖျား ဖျားပြီး ဆေးခန်းပြလိုက်ရတဲ့အထိ ဖြစ်ဖူးတယ်ဆိုရင် ဘယ်သူယုံနိုင်မှာလဲ.!! လိုက်ရှာပါသေးတယ်.. ကျွန်မ ဘေးအခန်းလေးတွေအထိ သွားပြီး တစ်ခန်းဝင် တစ်ခန်းထွက် ကြောင်လေးကို လိုက်ရှာမိတယ်... ဒါပေမဲ့..........။

သံယောဇဉ်ဆိုတာ တကယ်တော့ အရမ်းကြောက်ဖို့ ကောင်းတဲ့အရာပါ.. အပူတွေ... အပူမီးတွေ.. ကြောင်လေးတစ်ကောင်ကို လွမ်းတဲ့စိတ်တွေနဲ့ ကျွန်မမှာ လောင်ကျွမ်းလို့.... ဒီနေ့ထက်ထိ ကြောင်လေးပြန်လာဖို့ကို ရူးသွပ်စွာ မျှော်နေမိဆဲ... အခန်းလေးမှာ ရှိနေချိန်တိုင်းလည်း နွေ၊ မိုး၊ ဆောင်း ရာသီမရွေး ပြတင်းပေါက်လေးကို ဖွင့်ထားမိနေဆဲ.... ရေခဲသေတ္တာလေး ဘေးက စတီးစင်လေးပေါ်မှာလည်း ဖုံတက်နေတဲ့ Pet Food ဗူးလေးတွေက အစီအရီရှိနေဆဲ... သူ.. ခဏလေးသာ စောင်းသွားခဲ့တဲ့ ဦးထုပ်နီနီလေးကိုလည်း တယုတယနဲ့ မြတ်နိုးစွာ ကျွန်မသိမ်းထားမိနေဆဲပါ။

ကျွန်မရဲ့ ကွန်ပျူတာ မော်နီတာလေးပေါ်က သူ့ပုံရိပ်လေးဟာလည်း လတွေ နှစ်တွေ ပြောင်းသွားသည့်တိုင် ခုထက်ထိ ဒီအတိုင်းလေးပါပဲ......

ဟော.... မိုးဖွဲလေးတွေ ကျလာပြန်ပြီ... ကျွန်မလေ...............

(ခင်လေးငယ်)




ကျွန်ုပ်နှင့်မုန်းစရာကြောင်နက်ကြီး
(ကိုရင်နော်)

ကျနော့်ကို အကြင်နာကင်းမဲ့တယ်လို့ ပြောချင်ပြော မေတ္တာတရားခေါင်းပါးတယ်လို့ ဆိုချင်ဆို အိမ်မွေး တိရိစ္ဆာန်တွေဆိုရင် ချစ်လို့ကို မရဘူး.. အိမ်မွေး တိရိစ္ဆာန်ဆိုတာ အိမ်အတွက် အကျိုးပြုတာတွေ ရှိသလို အကျိုးမပြုတာတွေလည်း ရှိပါတယ်..။ ခွေးဆိုရင် အိမ်စောင့်ပေးတယ် လုံခြုံရေးအတွက် အကျိုးပြုတယ်ပေါ့.. ယုန်တို့ ရွှေငါးတို့ ကြက်တူရွေးတို့ကတော့ အကျိုးမပြုဘူး ထင်တာပဲ.. အပျော်သက်သက် ဒါမှမဟုတ် အလှပြကြဘို့ မွေးကြတယ်ထင်ပါတယ်.. တချို့ဆို မျောက်တို့.. မြွေတို့.. ဝက်ဝံတို့.. နိုင်ငံခြားမှဆို ကျားတွေ ခြင်္သေ့တွေတောင် မွေးတဲ့လူ ရှိသေးတယ်..။

သံယောဇဉ် ဆိုတာကလည်း တကယ်တော့ ဖြစ်လွယ်တယ်လေ.. သက်မဲ့အရာဝထ္ထု တွေကိုတောင် သံယောဇဉ် ဖြစ်သေးတာ သက်ရှိတိရိစ္ဆာန်တွေကို သံယောဇဉ်ဖြစ်တာ ဆန်းတော့ မဆန်းပါဘူး..။ အလွန်အကျူးကြီး ဆိုရင်တော့ မကောင်းဘူးပေါ့.. တစ်ချို့ဆို ခွေးလေးတွေ ကြောင်လေးတွေကို လူတွေနဲ့ တစ်တန်းတည်းထားကြတယ် ပွတ်သပ်ပွေ့ပိုက် ရင်သွေးလေးကျနေတာ.. သူတို့စားဖို့ သတ်သတ်လုပ်ပေးရတယ် နေမကောင်းရင် ဆေးခန်းပြရသေးတယ်.. နောက်ဆုံး အီအီး.. ရှူရှူးကအစ လိုက်တယ် ပေးရတယ်.. တချို့များဆို ကိုယ့်ခွေးလေး.. ကြောင်လေး ပျောက်လို့ ငိုလို့ငို.. ဖျားလို့ဖျား..
စိတ်ညစ်စရာပါ..။

အဲ့ဒီလို အိမ်မွေး တိရိစ္ဆာန်တွေထဲမှာ ကြောင်ကိုတော့ အမုန်းဆုံးပဲ.. ဘာကြောင့်မှန်းတော့ မသိဘူး ငယ်ငယ်ထဲက မုန်းကို မုန်းနေတာ.. Tom & Jerry ထဲက ကြွက်လေးကို နိုင်စားလို့ မုန်းသွားတာလားတော့ မသိဘူး.. ရွံလည်းရွံတယ် ကြောင်တွေ့ရင် တစ်ခုခုနဲ့ ပေါက်ချင်တယ် ဒါမှမဟုတ် ကန်ပလိုက်ချင်တယ်.. တကယ်တကယ် အလွတ်ကြီးကို မုန်းနေတာ..။

တစ်ရက်တော့ ကျောင်းပိတ်ရက် ရှမ်းပြည်ဘက် ခရီးထွက်ဖြစ်တယ်.. မန္တလေးရောက်တော့ သူငယ်ချင်း တစ်ယောက်ရဲ့ အိမ်မှာ တစ်ည ဝင်တည်းရတာပေါ့.. ဖြစ်ချင်တော့ သူငယ်ချင်းတို့ အိမ်မှာ ကြောင်နက်ကြီး တစ်ကောင်ရှိတယ်.. သူတို့ မိသားစုကလည်း ကြောင်နက်ကြီးကို သွေးသားရင်း တစ်ယောက်လိုကို ချစ်ကြတာ.. လွန်လွန်းပါတယ် ပွေလိုက် ဖက်လိုက် ပွတ်လိုက် သပ်လိုက် နမ်းတောင် နမ်းလိုက်သေးတယ်.. ကျနော်လေ စိတ်တွေ ညစ်လိုက်တာ တကယ်တကယ်..။ နဂိုကမှ ကြောင်မုန်းသူပါဆိုမှ အဲ့ဒီလို ပွတ်သီးပွတ်သပ်တွေ မြင်တော့ အသည်း ယားလိုက်တာ မပြောပါနဲ့..။

ညရောက်တော့ သူတို့မိသားစုနဲ့အတူ ထမင်းစားတာပေါ့.. အဲ့ဗျာ.. “ညှောင်..” ဆိုပြီး ထမင်းစားပွဲပေါ် ခုန်တက်လာရောဗျာ.. လန့်လည်းလန့် အံ့လည်း အံ့သြသွားတာပေါ့.. သူတို့ကတော့ “သားလေး...လာ..” ဆိုပြီး စားပွဲပေါ် ငါးကြော်တစ်တုံး ချပေးလိုက်တယ်ဗျာ.. ပြီးတော့ ဟိုဟင်းခွက်လိုက်နမ်း ဒီဟင်းခွက်လိုက်နမ်းနဲ့.. အငယ်မလေးက “သားငယ်နော် နင့်ဟာနင်စား” ဆိုပြီး နောက်တစ်တုံး ချပေးလိုက်ပြန်ရော.. ကြည့်လေဗျာ မသတီစရာ ကြောင်ကိုများ အဲ့လိုကျွေးစရာလားဗျာ.. ကျနော်လေ ဆက်စားရ အခက် မစားရ အခက်.. ဟင်းခွက်တွေကို ကျော်ခွပြီး ကျနော့်ထမင်းပန်းကန်နား လာနမ်းသေးတယ်.. တော်သေးရဲ့ သူငယ်ချင်းက အလိုက်တသိ ဂုတ်ကနေ ကိုင်ပြီး ဆွဲယူသွားပေလို့.. စိတ်ညစ်လိုက်တာဗျာ.. သူတို့မို့ မရွံမရှာ..။

ဒီလိုနဲ့ ထမင်းစားပြီးတော့ ဧည့်ခန်းမှာ ထိုင်ရင်း စကားပြောကြတာပေါ့.. အဲ့ဒီအချိန်မှာ ကြောင်စုတ်ကြောင်ပြတ်က “ညှောင်..” ဆိုပြီး ကျနော့်ပေါင်ပေါ် ခုန်တက်လာပါရော.. ရုတ်တရက်ဆိုတော့ လန့်သွားတာပေါ့.. သူ့လက်သည်းတွေက ကျနော့်အသားကို အပ်တွေနဲ့ ထိုးလိုက်သလိုပဲ.. ကျနော်လည်း စတွန့်သွားတယ်.. အိမ်ရှင်တွေ ရှေ့မှာဆိုတော့ မောင်းထုတ်ရမှာ အားနာတာပေါ့.. သူတို့အချစ်တော် အသည်းတုံးကြီးကိုး.. ဒေါသကို အောင့်အီးရင်း ဟန်ဆောင်ပန်ဆောင် ကြင်နာသယောင် ခေါင်းလေးကို ပွတ်ပေးနေ ရတော့တာပေါ့.. သကောင့်သားကလည်း သူ့အိပ်ယာများ မှတ်နေလားမသိ ဟိုလူးဒီလိမ့်.. ကျနော်လေ ကြက်သီးတွေထ.. ဆူးကဆူး.. ယားကယားနဲ့ ဟန်ဆောင်ပြုံးသာ ပြုံးနေရတယ် စိတ်ထဲမှာတော့ စိတ်ရှိလက်ရှိ ကိုင်ပေါက် လိုက်ချင်နေတာ.. မသိမသာ ကြမ်းပေါ် ပြန်ချလိုက် ဒင်းက ပြန်ခုန်တက်လာလိုက်.. လက်သည်းကြီးက ထိုးလိုက်.. ကျနော်က စတွန့်သွားလိုက်နဲ့ သေသာ သေလိုက်ချင်တော့တယ်..။

သေချင်းဆိုးက ဘယ်မှကိုမသွားတော့ဘူး.. ကျနော့်ပေါင်ပေါ်မှာ မှိန်းနေလေရဲ့.. ကျနော်လေ စိတ်တွေတိုလိုက်တာ.. အိမ်သားတွေမသိအောင် သူ့ဂုတ်သားက အရည်ပြားကို ပွတ်သလိုလိုနဲ့ တအားဆွဲလိမ်လိုက်တော့ “ညှောင်.. ညှောင်” ဆိုပြီး အော်ပါလေရော.. အိမ်သားတွေကလည်း ကြောင်စကားများ နားလည်လေသလားမသိ အားလုံးကျနော်ကို ဝိုင်းကြည့်ကြတယ်.. ကျနော်လည်း စပ်ဖီးဖီးနဲ့ သူ့ခေါင်းကို ကျနော့်ပါးနဲ့ ကပ်ရင်း “အရမ်းချစ်စရာကောင်းတယ်နော် စလို့ကောင်းတယ်” လို့ပြောလိုက်ရတယ်.. အိမ်သားတွေကလည်း ကျေနပ်သွားဟန်နဲ့ ပြုံးကြည့်နေကြတယ်.. ကျနော့် စိတ်ထဲကတော့ ကလိကလိနဲ့.. လုပ်ချင်နေတာ..။ ကြောင်စုတ်က ကျနော့်ပါးကို လျှာနဲ့လှမ်းလျက်မလို့ တော်သေးတယ် အရှောင်မြန်ပေလို့..။

ညအိပ်ယာဝင်တော့ တော်တော်နဲ့ အိပ်မရဘူး ဘယ်အချိန် အိပ်ယာပေါ် တက်လာမလဲလို့ တွေးပြီး လန့်နေရတာ.. သန်းခေါင်ကျော်တော့ အပေါ့က သွားချင်လာရော အိပ်ယာက မထချင်ထချင် ထရတော့တာပေါ့.. အခန်းပြင် ထွက်လိုက်တော့ တစ်အိမ်လုံး အိပ်နေကြတာ မှောင်မဲတိတ်ဆိတ်လို့.. မီးခလုတ်ကလည်း ဘယ်နားရှိတယ်မသိ အကန်းတစ်ယောက်လို ဟိုစမ်းဒီစမ်း ဝါးတားတားနဲ့..။

အဲ့ဒီအချိန်မှာ “ဒိတ်” ကနဲ့ ရင်တုန်သွားတယ်.. ကျောထဲကလည်း အေးခနဲ စိမ့်သွားတယ်.. ကြက်သီးတွေလည်း “ဖြန်း” ကနဲ့ ထသွားတယ်.. ကျနော်ကို စိုက်ကြည့်နေတဲ့ အစိမ်းရောင်မျက်လုံးတစ်စုံ.. ကျနော်နဲ့ မျက်နှာချင်းဆိုင် တည့်တည့်လောက်ဆီက.. သရဲဆိုတာများလား..!! ကြောက်လန့်စိတ်တွေနဲ့ ရင်တွေ တုန်လာတယ်..။

တွေးနေတုန်းမှပဲ “ညှောင်...” ဆိုပြီး ရေခဲသေတ္တာပေါ်က ခုန်ချလာတဲ့ “မျက်လုံးစိမ်းစိမ်း ကြောင်စုတ်”.. ကျနော့်ခြေထောက်နား ရောက်လာတယ်.. သူ့ကိုယ်လုံးနဲ့ ကျနော့်ခြေထောက်ကို ပွတ်သပ်ရင်း ကစားနေတယ်.. ကျနော့်ခြေဖမိုးပေါ် သူ့လက်သည်းဆူးဆူးတွေ လာထောက်မိတော့.. ကျနော်လေ ကြောက်တာရော.. လန့်သွားတာရော.. စိတ်တိုတာရော.. နာတာရော.. မုန်းတာရော.. အားလုံးရောပြီး ရုတ်တရက် မမျှော်လင့်ပဲ ကြုံးကန်လိုက်မိတယ်.. “ညှောင်...))))..” “ ဒုန်း..)))..” ဆိုပြီး ခပ်ဝေးဝေးကို လွှင့်ထွက်သွားတယ်...။

သူငယ်ချင်းလာနိုးတော့ မနက်(၈)နာရီထိုးနေပြီ.. (၉)နာရီကျော်ကျော်ဆိုရင် ရှမ်းပြည်တက်ဖို့ ကားလာကြိုတော့မယ်.. ပျာယီးပျာယာထရင်း ရေချိုးခန်းသို့အသွား စားပွဲအောက်က ဒေါင့်လေးမှာ ခွေနေတဲ့ “ကြောင်နက်”..။

ကျနော့်ကိုတွေ့တော့ အမြီးလေးကုတ်သွားတယ်.. တစ်ချိန်လုံး ပြေးလွားခုန်ပေါက် ဆော့ကစားနေတတ်တာ ခုတော့ ငြိမ်လွန်းနေတယ်.. သူ့မျက်လုံးတွေက ငိုထားသလို မို့မို့အစ်အစ် ရီဝေနေတယ်.. ကျနော့်ကို ကြည့်နေတဲ့ သူ့အကြည့်တွေက တစ်ခုခု ပြောနေသလိုလို..။ ရန်လိုမှု မုန်းတီးမှုတွေ မပါတာတော့သေချာတယ်.. ကျနော်စိတ်ထဲမှာ “ထိတ်” ကနဲ ဖြစ်သွားတယ်.. ညက ကျနော် ကန်လိုက်လို့များ သူတစ်ခုခုဖြစ်သွားသလား..! ခြေလက်တွေများ ကျိုးပဲ့ကုန်ပြီလား.. သေချာပါပြီ.. ကျနော်လွန်သွားပြီဆိုတာ ချက်ချင်း သိလိုက်ပြီ..။

ကျနော်သူ့အနား မသိမသာ ကပ်သွားတော့ သူ့ရဲ့ ချွန်ချွန်ထက်ထက် လက်သည်းလေးတွေကို ဖွက်ရင်း မျက်လုံးလေး မှိတ်သွားတယ်.. နာကျင်ညည်းညူသံ ခပ်တိုးတိုးလေး ကြားနေရတယ်.. ဟုတ်ပါတယ်.. ကျနော့်ကြောင့် သူဒဏ်ရာရသွားခဲ့ပြီ.. ကျနော်တကယ်ကို စိတ်မကောင်း ဖြစ်မိသွားတယ်.. သူ့ခေါင်းလေးနဲ့ ကျောလေးကို ကျနော် သပ်ပေးနေမိတယ်.. ရင်ထဲကတကယ်ဖြစ်ပေါ်လာတဲ့ သနားကြင်နာမှုနဲ့ပါ..။ ကျနော်... ကျနော်လေ...။

ရှမ်းတောင်တန်းကြီးတွေကို တစ်လုံးပြီးတစ်လုံး ကျော်ဖြတ်နေသလို ကျနော့်အတွေးတွေလည်း လှိုင်းလုံးကြီးတွေလို ရင်ထဲမှာ တစ်လုံးပြီးတစ်လုံး.. သူဟာ ရန်သူလည်း မဟုတ်၊ အင်အားချင်းလည်း မမျှ၊ အပြစ်လည်း မရှိ.. မေတ္တာခံယူရန်သက်သက် ကိုယ့်အနား ကပ်လာသော တိရိစ္ဆာန်တစ်ကောင်ကို မေတ္တာတရား မရှိသော.. အကြင်နာ ကင်းမဲ့သော.. ရက်စက်တတ်သော.. အသိဉာဏ် မရှိသော ကျနော်.. သူ့ကိုနာကျင်စေခဲ့ပြီ.. ကျနော်မျက်လုံးတွေကို မှိတ်ထားလိုက်တယ်.. သံယောဇဉ်နဲ့ ချစ်ခြင်းမေတ္တာဆိုတာရဲ့ လေးနက်တဲ့ အဓိပ္ပါယ်ကိုလည်း ကျနော်လက်တွေ့ နားလည်သွားပါပြီ.. ကြောင်နက်လေးရဲ့ပုံရိပ်နဲ့ “ညောင်..” ဆိုတဲ့အသံလေး မြင်ယောင်ကြားယောင်လာတယ်.. “နောင်တ” ဆိုတာထက်ပိုတဲ့ အသိတရားတစ်ခုကို တကယ်ရရှိလိုက်ပါပြီ...။

(ကိုရင်နော်)



လက်သုံးစကား (ကလေးလေး)


က
လေး
လေး
က
တော့

ဘာ
မှ
ရေး
တော့
ဖူး

က
လေး
လေး
ရဲ့

လက်
တုံး

ကား
လေး
ဖဲ

ပြော
တော့
မယ်


တိ
ဖူး

တိ
ဖူး
ဗိုက်
ဆာ
တယ်

celebrate

က
လေး
လေး


အားလုံးကိုကျေးဇူးတင်ပါတယ် ရှင်ဗျာ..

ကိုရင်နော် nerd ခင်လေးငယ် senyumkenyit ကလေးလေး celebrate

22 comments:

Sein Lyan Tun said...

အတက်ဂ်လာခံပါတယ်..
အင်းဆားချက်ချင်နေတာ အတော်ပဲ
ကျေးဇူးပါ
ခင်မင်လေးစားစွာဖြင့်

Anonymous said...

ဒီလိုပို့စ်မျိုး ဟိုးလွန်ခဲ့တဲ့ ၂နှစ်နီးလောက်ကဘလော့ဂါတွေ ရေးလိုက်ကြသေးတယ် အကြိုက်ဆုံး ပို့စ် ၅ ခုဆိုတာ အဲ့တုန်းက ကျနော်စာ ဖတ်သူပဲရှိသေးတယ် .။ မိနော် အိုင်ဒီယာလေး မဆိုးဘူး ပြန်လှန်လိုက်အုံးမယ် ပို့စ်အဟောင်းတွေပြောတာပါ တစ်ခါခါ ကိုယ်က အရမ်းကို ကြွေပြလိုက်တဲ့ ပို့စ်တွေက ဘယ်သူမှမသိပဲ အောက်ရောက်သွားတာတွေ ကြုံဖူးတယ်း)

ဒါနဲ့ တက်စ်လိုက်တာကလည်း တစ်ရွှေလုံးတစ်မျိုးလုံးပါပဲလားကွယ် လွန်တာပေါ့ ကောင်မရယ် :P

MANORHARY said...

တော်သေးတာပေါ့...ဒီလိုဆားချက်နည်းလေးတက်လို့
ကျေးဇူးတင်ပါတယ်။

တောင်ပေါ်သား said...

လုပ်နေတာ ဦးနော် တီငယ်နော် မပြောချင်ဘူး ဟွန်း ဒီက မောင်မျိုးလို မိန်းမနဲ့ ခွဲအိပ်မလား စဉ်းစားပါတယ် သူတို့က တက်ဂ်ပြန်ပြီ အင်း ရေးရမှာပေါ့ လာမည် မကြာမီ မျှော် ဟီးးးးး ကလေးလေးကို တက်ဂ် ပါတယ်ဗျို့

လေးစားလျက်
တောင်ပေါ်သား

ATN said...

blogosphere က လူကုန်ပဲထင်ပါရဲ့...
သို့သော်လည်း သည် Tag ပို့စ်ကတော့ the best tag ever လို့ ပြောရမှာ ဆိုတော့ ကျေးဇူးတင်ပါသည်ပေါ့လေ...း)
နေဦးနော် အဟောင်းတွေ ထဲက အကြိုက်ဆုံးလေး တခုကို ပြန်ရှာလိုက်ဦးမယ်... ကိုရင်နဲ့ မခင်လေးက ကြောင်တွေ အကြောင်း ရေးတာဆိုတော့ ပြန်စဉ်းစားလိုက်ဦးမယ်... ကြောင် အကြောင်း ရေးဖူးသလားလို့...

မိုးခါး said...

မဖတ်ရသေးဘူးရှင့် .. အရမ်းဖတ်လို့လည်းကောင်းတယ် .. ခံစားမိပါတယ် ..း)

ခင်လေးငယ် said...

ဟဲ့... ကိုရင်..

နင့်ကြောင်မဲကြီးက နင့်လိုဘဲ ရေချိန်ကိုက်နေတဲ့ ပုံနဲ့ ငပျင်းကြီး အဟက် နင်နဲ့အရမ်းတူတယ် ခွီခွီ..

ကိုရင်နော် said...

အမယ် ခင်လေးစုတ်..

နင့် ကြောင်ကမှ ကုတ်ချောင်းချောင်းနဲ့ ဟင်း ခိုးစားမယ့် ရုပ်..
ငါနဲ့ တွေ့လို့ကတော့ အကစ်ပဲ..
“ညောင်” ကနဲ့ “ဒုန်း” ကနဲ ဖြစ်သွားမယ်.. ဟွန်းးးး

Mhu Darye said...

ဖတ်လို့ ကောင်းမှကောင်း..။
ခုမှ ဖတ်ဖူးမယ်။
လူတကာကိုတက်စ် လိုက်တဲ့ အတွက်လည်း ကျေးဇူးတင်တယ်။ မဖတ်ဖူးသေးတဲ့ စာကောင်းကဗျာကောင်းလေးတွေ ဖတ်ခွင့်ရသွားလို့...။

း)

မမသီရိ said...

ခင်လေးနဲ့ ကိုရင်နော်ရေ
နှစယောက်လုံးရဲ့ အရေးအသားလေးတွေကောင်းလိုက်ကြတာ
Tag ဖို့ သတိရလို့ ကျေးဇူးပဲနော်
ဒါပေမဲ့ မချိပြုံးလေး နဲ့..
အမှန်တော့
မမ က သူများတွေလို ဘလော့ဂ်ဝါရင့်မဟုတ်သေးဘူးလေ..
ဒါပေမဲ့.. ရေးပေးပါ့မယ်နော်..း)
ခုလောလောဆယ်တော့.. မောင်လေးမျိုးနဲ့ မသီတာရဲ့ Tag ကြွေးလေး အရင်ဆပ်ပါရစေ
ချစ်တဲ့ မမသီရိ

GrenGirl said...

တော်လိုက်တာ ကိုရင်နော်ရယ်.. အဲ မမခင်လေးလည်း တော်တယ် :P
ဒါမျိုးတော့ ချက်ပေးရမှာပေါ့။ ဒီက အလုပ်များနေတာ။ တက်ဂ်ဆိုလို့ စိတ်ညစ်သွားတာ။ ခုတော့ ဆားချက်ခိုင်းတာဖြစ်နေတယ်။ ချက်ဦးမှာ ပင်လယ်ရေ မကုန်မချင်း :P

pandora said...

ကောင်းလိုက်တဲ့ တက်ဂ်
အသစ်မရေးဖြစ်ချိန်မှာ ဆားချက်ချင်လို့ အဟောင်းတွေကို ဒုတိယအကြိမ် ပြန်တင်ချင်နေတာနဲ့ အတော်ပဲ ဟိဟိ
တင်ဦးမှာ..

Moe Myint Tane said...

ကောင်းတယ်ဗျာ။ နှစ်ပုဒ်လုံးကောင်းတယ်။ မလေးကြောင်လေးကော ကိုရင့်ကြောင်လေးကော နှစ်ကောင်စလုံးက တကယ်သနားစရာပါ။ အရေးအသားလေးတွေ ကောင်းတာကြောင့် ဖတ်ပြီး တော်တော်စိတ်မကောင်းဖြစ်သွားတယ်။ တက်ခ်တယ်ဆိုတော့ အဟောင်းတွေပြန်ရှာရဦးမယ်။ သိပ်လည်း များများ စားစားမရှိတော့ ခက်တာပါဘဲ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

ဟန်သစ်ငြိမ် said...

ဘယ်ပြောကောင်းမလဲဗျာ... ချက်ချင်းကို ပို့စ်တင်လိုက်ပြီ....

မသက်ဇင် said...

တက်ဂ့်တဲ့အတွက် ကျေးဇူးတင်ပါတယ်--
ခင်လေးငယ်ရဲ့ ကြောင်ဖြူမလေးက
အလွန်ချစ်စရာကောင်းပါတယ်---
ကိုရင်နော်ရဲ့ ကြောင်နက်ကြီးကတော့--
လောကကြီးကိုဂရုမစိုက်တဲ့ပုံနဲ့နော်--
တက်ဂ့်ထားတာဆိုတော့ အဟောင်းပြန်ရှာ
ရမယ်ပေါ့--

မီယာ said...

ဖတ်လို့ကောင်းတယ်ဗျို့... ကိုရင်တို့ဆီ အမြဲလာတာ ဒါကြောင့်ပါ။ ဘာပြန် ဆားချက် ရမလဲတောင် မသိသေးဘူး... ထုံ ထုံ ထုံ

RePublic said...

ကိုရင်ကြီး သောက်မယ်ဆိုလို့ ၊၊လာခေါ်မယ် ၊၊ :)အိုင်ဒီယာ ကောင်းတယ်၊၊ အမြဲသတိတရရှိလို့ ကျေးဇူးပါ၊၊ တင်ပေးမယ် ဗျာ ၊၊

ဆောင်းယွန်းလ said...

ညီမခင်လေးရော ကိုရင်နော်ပါ စာရေးသိပ်ကောင်းပါတယ်...ပို့စ်၂ခုစလုံးကို ခံစားချက်အပြည့်နဲ့ဖတ်ပြီး ရင်ထဲမှာလည်း ကာယကံရှုင်တွေ ခံစားရသလိုမျိုး ခံစားသွားရပါတယ်

ကိုရဲ said...

အူးနော် သီငယ် ကရေးရေး ရောက် ။ ကြောင်ဖြူနဲ့ကြောင်မဲ fighting play ခိုင်းကြည့်ပါရား ။ ဘူတူနိုင်မရဲရို့  ။ ရှုံးတဲ့တစ်ကောင် လှမ်းပို့လိုက် ။ နော် မြည်လုပ်ပေးမယ် ။ ဟီး ။ ချတာချတာ ။

(ကိုရဲ)

ကြယ်စင်မင်း said...

ဦးနော်. တီငယ်. ကလေး၂ တို့ Tag လိုက်တာ.. တောင်ပေါ်သားကပါ မော(၀်)ရှမ်းမြေ အဖွဲ့သား အားလုံးကိုပါ ပြန်Tag နေလို့ ရေးထားလိုက်တယ်ဗျာ.. ၅ မိနစ် အမြန်.. :D

ကျေးဇူး

Anonymous said...

အားလားလား တော်တော်ကောင်းသဗျို့ ... ရေးလည်း ရေးတတ်လိုက်ကြတာ ... ကြောင်ဖြူလေးနဲ့ နင့်နင့်နဲနဲလေး ခံစားရပြီး သိပ်မကြာဘူး ကြောင်မည်းကြီးဆီလည်းရောက်ရော အူလှိုက်သည်းလှိုက် တခွိခွိရီရတော့တာပဲ ... :D

Anonymous said...

အဲ ဦးနော် အစကတော့ မခင်လေးကို နောက်သလိုလိုနဲ့ ရီလိုက်ရသေးတယ်နော်။

နောက်ဆုံးကြတော့ သံယောဇဉ်ဆိုတဲ့ မမြင်နိုင်တဲ့ ကြိုးတချောင်းက ဦးနော်ကိုလည်း ရစ်ပတ်သွားစေခဲ့တယ်နော်။

လေးစားလျှက်
ရောင်