Monday, July 13, 2009

ငါးရာကျပ်တန်လေး ကျနော်...

အသစ်စက်စက် ၅၀၀ ကျပ်တန်လေးအဖြစ် ဘဝစခဲ့တုန်းက ဘဏ်တိုက်ကြီး တစ်ခုရဲ့ ငွေတိုက်ခန်းထဲမှာပေါ့..။ အရွယ်၊ အရောင်၊ သစ်လွင်ပုံတွေ အားလုံးတူနေတဲ့ ၅၀၀ ကျပ်တန်တွေ များစွာထဲမှာ.. ကျနော့်ကိုယ် ကျနော်တော့ တန်ဖိုး အရှိဆုံးလို့ ထင်တာပါပဲ..။ ကျနော်က အရွက်တစ်ရာ စည်းထားတဲ့ ဘဏ်အုပ်မှာဆိုလည်း အပေါ်ဆုံး အရွက်အဖြစ် နေရတာလေ..။ ကျနော့် ကိုယ်ပေါ်မှာ ရေးထိုးထားတဲ့ ခြင်္သေ့ရုပ်ကြီးကလည်း မာန်ပါပါ အသက်ဝင်နေလိုက်တာများ ခုန်အုပ်တော့မလိုလို..။

ပထမဆုံး လောကကြီးနဲ့ ထိတွေ့ခွင့်ရတဲ့နေ့က ပျော်လိုက်တာ..။ ကျနော့်ကို ယူသွားမယ့်သူက သူဌေးကြီး တစ်ယောက် တဲ့..။ ကျနော် အပါအဝင် ငါးရာတန် အုပ်ပေါင်း များစွာကို သေတ္တာကြီးထဲထည့်.. ကားကြီးနဲ့တင်ပြီး ခေါ်သွားတာလေ..။ သူဌေးကြီးအိမ် ရောက်တော့ သူတို့တွေကတော့ သေတ္တာကြီးနဲ့ ဆက်ပါသွားပေမယ့် ကျနော်ပါတဲ့ ဘဏ်အုပ်ကတော့ သူဌေးကြီး လက်ထဲမှာ ကျန်ရစ်ခဲ့တယ်..။ သူဟာ ကျနော့်ရဲ့ ပထမဆုံး ပိုင်ရှင်ပေါ့..။

သူဌေးကြီးရဲ့ ပိုက်ဆံအိတ်ထဲမှာ အထုပ်မပျက် သုံးလေးရက်လောက်နေပြီး တစ်ရက်.. သူဌေးကြီး စကားပြောနေသံ ကြားရတယ်..။ သူ့သားလေးနဲ့ ထင်တယ်..။ ဘာတွေ ပြောနေတယ် သေချာ မသိပေမယ့် မုန့်ဖိုးတောင်းနေတာ ထင်တာပဲ..။ ခဏကြာတော့ သူဌေးကြီးက ကျနော်ရှိနေတဲ့ ဘဏ်အုပ်ကို ဆွဲထုတ်လိုက်တယ်.. ပြီးတော့ ကျနော့်ကို တင်းကျပ် ထုပ်စည်းထားတဲ့ စာရွက်တွေကို ဖြဲခွာပြီး အပေါ်ဆုံးမှာရှိတဲ့ ကျနော့်ကို ဆွဲယူလိုက်တယ်.. ကျနော်က သူဌေးကြီးရဲ့ လက်ထဲမှာ တချွမ်းချွမ်း မြည်လောက်အောင် သစ်လွင်လို့ပေါ့..။ ကျနော် ပျော်လိုက်တာ အခု ကျနော်လွတ်လပ်ပြီ.. လောကကြီးထဲ သွားလည်ရတော့မယ်..။

သူဌေးသားလေးရဲ့ လက်ထဲကို ရောက်သွားတော့ အဖျားနှစ်ဖက်ကို ကိုင်ပြီး ခေါက်ချိုး ချိုးချလိုက်ရာကစလို့ ကျနော့်ဘဝ ခေါက်ရိုး စကျိုးတော့တာပါပဲ..။ သူဌေးသားလေးရဲ့ အိတ်ထဲမှာ ကျနော်နဲ့အတူ ငါးရာတန် သုံးလေးရွက်ပါသေးတယ်..။ အားလုံး ခေါက်ချိုး ချိုးခံရတဲ့ အထိကို ကျနော့်ကိုယ် ကျနော် အသစ်ဆုံး အလှဆုံးလို့ ထင်နေတုန်းပါပဲ..။

ကျောင်းရောက်တော့ သူဌေးသားလေး တစ်ခုခုစားတယ် ထင်ပါတယ်.. စားသံတွေ ကြားနေရတယ်..။ ခဏကြာတော့ အိတ်ထဲကို လက်နှိုက်ပြီး ကျနော်တို့ကို ဆွဲထုတ်လိုက်တယ်.. ကျနော်တို့ သုံးလေးရွက်ထဲကမှ သူရွေးပြီး ဆွဲယူသွားတာက ကျနော့်ကိုပါ..။ အဖော်တွေကို ခွဲပြီး တစ်ယောက်တည်း သွားရတော့မယ်ဆိုတော့ ဝမ်းနည်းအားငယ်သလို ခံစားလာရတယ်..။

အသုပ်သည်ကြီးရဲ့ လက်ထဲကိုရောက်တော့ ခေါက်ရိုးတစ်ချိုး ကျိုးပြီးသား ကျနော့်ကို နောက်ထပ် တစ်ခေါက် ခေါက်ပြီး ထပ်ချိုးလိုက်ပါတယ်.. ပြီးတော့ စားပွဲအောက်က ပိုက်ဆံပုံးကြီးထဲကို ပစ်ထည့်လိုက်တယ်..။ ပိုက်ဆံပုံးကြီးထဲရောက်တော့ ကျနော့်ဘေးမှာ နွမ်းဖတ် စုတ်ပြတ်နေတဲ့ တန်းဖိုး အမျိုးမျိုး ပိုက်ဆံတွေ..။ ကျနော့်ကို ဝိုင်းကြည့်နေကြတဲ့ သူတို့ မျက်နှာတွေက မောပန်းမှုတွေ.. နွမ်းရိမှုတွေနဲ့..။ တစ်ချို့ဆို ဒဏ်ရာဒဏ်ချက်တွေ.. ပလပ်စတာတွေ.. အဖာအထေးရာတွေနဲ့..။ ကျနော် သူတို့ကိုကြည့်ပြီး လန့်ဖြန့်သွားတယ်.. ကျနော်ရော ဘယ်လို ဆက်ဖြစ်မှာလဲ..!!

အသုပ်သည်ကြီးရဲ့ ပိုက်ဆံအိတ်ထဲမှာ မွန်းကျပ်ဖိသိပ် ခံထားရတဲ့ အဖြစ်ကဆိုးရွားလွန်းပါတယ်..။ ပိုက်ဆံအိတ်ကြီး ဖွင့်မယ့်အချိန်ကိုပဲ မျှော်နေခဲ့မိတာ..။ အဲ့ဒီအချိန်မှာပဲ ပိုက်ဆံအိတ်ပွင့်လာတယ်.. အသုပ်သည်ကြီး ဆွဲယူသွားတဲ့ ပိုက်ဆံ အချို့မှာ ကျနော်လည်း ပါသွားတယ်..။ ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ ငါးညှီနံ့တွေနဲ့ နံစော်နေတဲ့ ငါးဈေးတန်းဖြစ်နေတယ်..။ အော်ဟစ်ဆူညံနေလိုက်ကြတာ ထိတ်လန့်စရာ..။ သေချာတယ် ကျနော် ငါးတွေနဲ့ လဲလှယ်ခံရတော့မယ်..။

ကျနော့်ကို အကြင်နာမဲ့စွာ ခပ်ကြမ်းကြမ်း ဆွဲယူသွားတဲ့ ငါးစိမ်းသည်မကြီးရဲ့ လက်ပေပေကြီးက မသာယာလိုက်တာ..။ ပြီးတော့ ပိုက်ဆံခြင်းထဲကို ပစ်ထည့်လိုက်တာက ၅၀၀ တန်ဆိုတာ တန်ဖိုး မရှိသလိုပါပဲ..။ ဒီပိုက်ဆံခြင်းထဲမှာလည်း အသုပ်သည်ကြီးဆီမှာ တွေ့ခဲ့ရသလိုမျိုး နွမ်းဖတ်နေတဲ့ ဒဏ်ရာရ ပိုက်ဆံတွေ အများကြီး..။ ငါးတွေကို စင်းနှီတုံးပေါ်မှာ တင်ပြီး တဒုန်းဒုန်းနဲ့ ခုတ်ထစ်နေတာက သွေးသံရဲရဲ ကြောက်စရာကောင်းလိုက်တာ..။ သွေးစတချို့ ကျနော့်ကိုယ်ပေါ်ကို လာစဉ်တယ်.. ငါးကြေးခွံတွေ ကျနော့်ပေါ် ကျလာတယ်..။ ကျနော် ထိတ်လန့်မှုတွေ ရွံရှာမှုတွေနဲ့ စိတ်ချောက်ချား တုန်လှုပ်မိနေတော့တာပါပဲ..။

အခု ကျနော်ရောက်နေတာ ဆိုက်ကားတစ်စီးပေါ်က ငါးစိမ်းသည်မကြီးရဲ့ ရင်ခွင်ကြားမှာ..။ ပိုက်ဆံအိတ်ထဲ မထည့်ပါပဲ ရင်ကြားထဲ ထည့်ခံထားရတဲ့ အဖြစ်က စိတ်ပျက်စရာပါ..။ ချွေးတွေနဲ့ အနံ့အသက်ကလည်း ဆိုးလိုက်တာ.. သူ့ရင်ခွင်က နွေးနွေးကြီး၊ ပူတူတူ ရှိန်းတိန်းတိန်းကြီး..။ ဆိုက်ကားခရှင်းဖို့ ဆွဲထုတ်လိုက်တော့မှ မွန်းကျပ်မှုတွေက လွတ်မြောက်တော့တယ်..။ အသက်ကို ဝအောင်ရှူပြီး စိတ်ကို လျော့ချကာ ဆိုက်ကားသမားနောက် ကောက်ကောက်ပါအောင် လိုက်ရပြန်ပါတယ်..။

ဆိုက်ကားသမားကတော့ ကျနော့်ကို ခေါက်ချိုး ချိုးရုံတင်မကဘူး.. လိပ်ပါ လိပ်လိုက်ပါတယ်.. ပြီးတော့ သူ့ ခါးပုံစထဲ ထိုးထည့်ထားလိုက်တာက “နေ့တွက်တော့ ကိုက်ပြီ” ဆိုတဲ့ ပုံစံမျိုးနဲ့ပါ..။ သိပ်မကြာလိုက်ပါဘူး ဆူညံသံတွေနဲ့အတူ အရက်နံ့ ခပ်စူးစူးက မူးချင်သလိုတောင် ဖြစ်သွားပါတယ်..။ အော်ဟစ် ငြင်းခုန်သံတွေနဲ့အတူ ကျနော်ဟာ အရက်နဲ့ အလဲခံလိုက်ရပြန်တယ်..။ အရက်ဆိုင်ရောက် ကျနော့် အဖြစ်က မြန်ပါတယ်.. ဆိုက်ကားသမားဆီကနေ အရက်ဆိုင်ပိုင်ရှင်.. ပြီးတော့ အမ်းငွေအဖြစ် ပြန်ရောက်သွားတာက နောက်ထပ် အရက်သမားတစ်ယောက်ဆီကိုပါ..။ ကျနော့်ကိုယ် ကျနော် ပြန်ကြည့်တော့ စိတ်ပျက်စရာ ခေါက်ရာ၊ ချိုးရာ၊ လိပ်ရာ.. ချွေးနံ့၊ သွေးနံ့၊ အရက်နံ့တွေနဲ့.. အပေအတူးကိုဖြစ်လို့..။

အရက်သမားဆိုပေမယ့် သူ့အိတ်ထဲမှာ ပိုက်ဆံတွေ အထပ်လိုက်ရှိပါတယ်..။ ကျနော် ခန့်မှန်းကြည့်တာ သိန်းဂဏန်ကျော်ကျော် လောက်ရှိနိုင်တယ်..။ သိပ်မကြာပါဘူး ခပ်အုပ်အုပ် အသံတွေကြားရတယ်.. ငြီးငြူသံတွေ.. တောက်ခေါက်သံတွေနဲ့..။ ပိုက်ဆံအိတ်ထဲကနေလည်း အထုတ်ခံလိုက်ရရော ဒါဖဲဝိုင်းဆိုတာ ကျနော် သိလိုက်ပြီ..။ ဒီနေရာမှာတော့ ပျော်စရာ တော်တော်ကောင်းပါတယ်.. ပိုက်ဆံတွေ အများကြီးနဲ့ ဝိုင်းကြီး ပတ်ပတ် ကစားနေရသလို ဟိုအိမ်ရောက် ဒီအိမ်ရောက် ပတ်ချာကို ရမ်းလို့..။ နောက်ဆုံးတော့ ကျနော့် ပိုင်ရှင် အရက်သမားကြီး ဝက်ဝက်ကွဲ ရှုံးသွားတာ စိတ်မကောင်းစရာ တွေ့လိုက်ရတယ်..။ ကျနော်လည်း အရှုံးသမား နောက်တစ်ယောက်ဖြစ်တဲ့ နတ်ကတော် အခြောက်မကြီးဆီကို ရောက်သွားပါတော့တယ်..။

နတ်ကတော်ကြီးရဲ့ ဘုရားစာ ရွတ်သံတွေ၊ ပူဇော်ပသသံတွေနဲ့အတူ ကျနော်လည်း ကတော့ပုံ လိမ်ချိုးခံလိုက်ရတယ်.. ပြီးတော့ ကျနော့်ကို ထိုးထည့်လိုက်တာက နတ်စင်ပေါ်က အုန်းပွဲရဲ့ ငှက်ပျော်သီးကြားကို..။ ဒီနေရာမှာတော့ ကျနော် ငြိမ်းချမ်းပါတယ်.. အမွှေးနံ့သာတွေ ပက်ဖြန်းခံရတယ်.. တိတ်ဆိတ်ငြိမ်သက်မှုတွေနဲ့ အေးချမ်းနေလို့ပေါ့..။ လပေါင်းများစွာ နေခဲ့ရတဲ့ရက်က အခုတော့ အဆုံးသတ်ပြီ..။ ဘာလို့လဲ ဆိုတော့ နတ်ကတော်ကြီးက ကုမ္ပဏီသူဌေးတစ်ယောက်ကို “လုပ်ငန်းတွေ အဆင်ပြေအောင် ယတြာချေရမယ်” ဆိုပြီး ကျနော့်ကို ငှက်ပျော်သီးကြားက ထုတ်ပြီး အဲ့ဒီလူနဲ့ ထည့်ပေလိုက်တာပါပဲ..။

ကုမ္ပဏီသူဌေးရဲ့ ဒိုင်ယာရီစာအုပ်ကြားမှာ ဗွီအိုင်ပီ (ယတြာချေမည့် ပိုက်ဆံ) အဖြစ် နေရတာက အဆင်ပြေပါတယ်..။ ကိုယ့်ကိုကိုယ်တော့ ဟုတ်လှပြီမှတ်နေတာ.. တကယ်ယတြာ ချေလိုက်တော့မှ ကျနော်ဟာ လာဘ်ငွေဆိုတာ သိတော့တယ်..။ ကုမ္ပဏီသူဌေးရဲ့ ဒိုင်ယာရီကြားကနေ ရုံးစာရေးမရဲ့ အံဆွဲ ခပ်ဟဟထဲကို လစ်ကနဲ ရောက်သွားပါတယ်..။ အံဆွဲထဲမှာတော့ ကျနော့်လို လာဘ်ငွေတွေ အများကြီး..။ ကျနော်လည်း ရှိုးတိုးရှန့်တန့် နဲ့ပေါ့..။ သူတို့အားလုံး တစ်ယောက်ကို တစ်ယောက် မမြင်အောင် ရှက်ပုန်း ပုန်းလို့..။ တချို့ ဝတ္ထုစာအုပ်ကြားမှာ.. တစ်ချို့ လက်ကိုင်ပုဝါကြားမှာ..။ ကျနော်ကတော့ အလှပြင်ပစ္စည်းတွေ ထည့်ထားတဲ့ အိတ်လေးထဲမှာ..။

အိတ်ထဲက မှန်ပေါ်မှာ မြင်နေရတဲ့ ကျနော့်ပုံ ကျနော် ပြန်ကြည့်မိတော့ ရုတ်တရက် လန့်သွားတယ်.. မျက်ရည်တွေဝဲပြီး ဝမ်းလည်း နည်းသွားမိတယ်..။ ကျနော့်ကိုယ်ကျနော် အမြဲတမ်း သစ်လွင်နေတယ် ထင်ထားခဲ့တာ အခုတော့ ကျနော် ဟောင်းနွမ်းနေပြီ.. ဒဏ်ရာဒဏ်ချက်တွေ မရှိပေမယ့် ကျနော် နွမ်းဖတ်စပြုနေပါပြီ..။

ဒီလိုနဲ့ ကျနော်ဟာ ရုံးစာရေးမဆီကနေ..>> ကားခအဖြစ် အငှားကားဆရာဆီ..>> ဈေးဖိုးအဖြစ် ကားဆရာမိန်းမဆီ..>> လောင်းကြေးအဖြစ် နှစ်လုံးဒိုင်ဆီ..>> ဆေးလိပ်ဖိုးအဖြစ် ကွမ်းယာဆိုင်ဆီ..>> အမ်းငွေအဖြစ် လူငယ်လေးတစ်ယောက်ဆီ..>> အပေါ်ကြေးအဖြစ် ဘော်လုံးဒိုင်ဆီ..>> မုန့်ဖိုးအဖြစ် အနှိပ်ခန်းဆီ..>> အိမ်ပို့ငွေအဖြစ် တောရွာဆီ..>> ဆန်ဖိုးအဖြစ် ဈေးဆိုင်ဆီ..>> လွှဲငွေအဖြစ် ရိုးမဘဏ်ဆီ..>> ထုတ်ငွေအဖြစ် စာအုပ်တိုက်ဆီ..>> စာမူခအဖြစ် ကဗျာဆရာဆီ..>> ကလေးကျူရှင်ဖိုးအဖြစ် ဆရာမဆီ..>> ကန်တော့ငွေအဖြစ် မိဘဆီ..>> စွန့်ကျဲမှုအဖြစ် သူတောင်းစားတစ်ယောက်ဆီ..>>......>> ဟိုလူ့ဆီရောက် ဒီလူ့ဆီရောက်..>> ဘဝအမျိုးမျိုးကို ရောက်ခဲ့ရပေါ့..။

ငါးရာကျပ်တန်လေး ကျနော်... ရောက်ခဲ့တဲ့ နေရာတိုင်းမှာ စိတ်ဓါတ်တွေလည်း အမျိုးမျိုးတွေ့ခဲ့ရတယ်..။ တန်ဖိုးတွေလည်း အမျိုးမျိုး ပြောင်းခဲ့ရတယ်..။ လူတွေက ကျနော်တို့ကိုတော့ ချစ်ကြတယ်၊ လိုချင်ကြတယ်၊ ပိုင်ဆိုင်ချင်ကြတယ်..။ အဲ့ဒီလိုပဲ ကျနော်တို့နဲ့ ပတ်သင်ရင် ကောက်ကျစ်ကြတယ်၊ လိမ်လည်ကြတယ်၊ ဟန်ဆောင်ကြတယ်၊ အငြိုးအတေးတွေ ထားတတ်ကြတယ်၊ သစ္စာဖောက်တတ်ကြတယ်..။ ကျနော်တို့က ဘာလဲ..!! လောဘဆိုတာကို သယ်ဆောင်လာသူတွေလား..!! လောကကြီးကို ညစ်နွမ်းစေသူတွေလား..!!

ကျနော့်ကို လူတွေချစ်တာတော့ လိုလားတယ်.. တန်ဖိုးထား ယုယကြင်နာမှုကို နှစ်သက်တယ်..။ ကျနော့်ဘဝ ညစ်နွမ်းအောင်.. တန်ဖိုးမရှိအောင်.. စုတ်ပြတ်သတ်အောင် လုပ်တာတွေကိုတော့ မုန်းမိတယ်..။ ကျနော့်ကြောင့် ရန်တွေ ဖြစ်နေကြတာတွေ.. ကျနော့်ကြောင့် ငြင်းခုန်နေကြတာတွေကို စိတ်ပျက်မိတယ်..။ ကျနော်လေ သစ်လွင်တဲ့ ပိုက်ဆံလေးအဖြစ်နဲ့ တရားမျှတခြင်းတွေ.. ငြိမ်းချမ်းခြင်းတွေကို ပိုင်ဆိုင်ချင်လိုက်တာ..။ ဒါမှ လူတွေ လောဘ ကင်းကြမှာ..။

အခုတော့ ကျနော့်ကိုယ်ပေါ်က ခြင်္သေ့ကြီးလည်း ရင်ဘတ်မှာ အပေါက်ကြီးနဲ့ စိတ်ပျက်အားငယ်စွာ မာန်တွေပျောက်လို့..။
ကျနော့် တစ်ကိုယ်လုံးလည်း ဒဏ်ရာဒဏ်ချက်တွေ.. အနံ့ဆိုးတွေနဲ့ မှိုတွေတက် ညစ်ထေး စုတ်ပြတ်လို့ပေါ့..။
ဒါဟာ ရှောင်လွှဲမရနိုင်တဲ့ သင်္ခါရတရား ဆိုတာများလား..!!


(ကိုရင်နော်)


47 comments:

ဖိုးစိန် said...

တစ်

ဖိုးစိန် said...

ကောင်းလိုက်တဲ့ပိုစ့် ဦးနော်ရေ...


လူတွေအားလုံး သိရက် နဲ့ မမြင်သာ မေ့လျှော့နေတာကို

ပိုက်ဆံတစ်ရွက်လေးနဲ့ လှလှ ပပ ဖွဲ့ပြသွားတယ်....


ကောင်းလိုက်တာဗျာ...

ရှောင်လွှဲလို့ မရနိုင်တဲ့ သင်္ခါရတရားတွေကို လူတွေ မှန်မှန်ကန်ကန် သိမြင်နိုင်ပါစေ..

တစ်ဘဝထဲနဲ့ နေရာပေါင်းများစွာ ကျင်လည်လိုက်ရတဲ့ ပိုက်ဆံ တစ်ရွက်ရဲ့ ပြောင်းလဲခဲ့ရတဲ့ အခြေနေကို ဖတ်ပြီး ရင်မောမိပါရဲ့...

ခုရော သားကိုယ်တိုင် ဘယ်သူ့လက်ထဲရောက်နေပြီး ဘယ်အခြေအနေ ရှိနေမလဲလို့တောင်တွေးမိတယ်...

လောလောဆယ် အရက်သမားရဲ့ လောင်းကစားဝိုင်းလောက် ရှိ မလာပဲ...း)

တွေးစရာတွေ မှတ်စရာတွေ အများကြီး ပါသွားတယ်
ဦးနော်ကို အစဉ်ချစ်ခင်လေးစားတဲ့

တူမောင်

ကျောပိုးအိတ် said...

ဦးနော်ရေ

ပိုက်ဆံသံသရာ လည်ပုံလေးကို သေချာဖတ်သွားတယ်။
ခုတော့လေ ပိုက်ဆံအသစ်ဆိုတာ မမြင်ရသလောက်ပါဘဲ။

ပြီးခဲ့တဲ့လက သမီးမြန်မာပြည်ပြန်တုန်းက တော်တော်လေးမှတော်တော်လေးနွမ်းနေတဲ့ ပိုက်ဆံတစ်ရွက်ရောက်လာတယ်။
ပြန်အမ်းငွေပေါ့။ သမီးပေးလိုက်တာ အသစ်ချက်ချွတ်။

သမီးကလေ ဒီပိုက်ဆံပြန်လဲပေးပါလို့ ပြောတော့ အာပါးပါး ဆွဲမရိုက်တာကံကောင်းတယ်။
း(

ဒါအသစ်ဆုံးဘဲတဲ့။ ဟုတ်တယ်သိလား။ သူ့ ပိုက်ဆံခွက်ကို ပြတော့လေ အကုန်လုံးက ရွဲစိန်ဖြစ်နေတယ်။

အသစ်တွေက မရှိသလောက်နည်းနေပြီ။

မေဇင် said...

ပိုက်ဆံ သံသရာ လည်ပုံကို ထင်ထင်ရှားရှား မြင်လိုက်ရတာပါပဲ...။ ဘာထူးလဲ လူတွေလဲ... အဲ့ဒီ သံသရာလည်နေတဲ့ ပိုက်ဆံတွေ နောက် ကောက်ကောက်ပါအောင် လိုက်ပြီး...လည်နေကြတာပါပဲလေ..။

မေတ္တာရောင်ပြန် said...

မှန်လိုက်တာနော်။ ဒီသံဿရာ ကနေ လွတ်ပဲမလွတ်တော့ဘူး။ ဖိုးစိန် ပြောသလို တထပ်တည်းပဲ လို့ပဲ ပြောလိုက်တော့မယ်နော်။

ခင်တဲ့
ရောင်

ကလေးလေး said...

ဦးနော်
၅ကျပ်တန်လေးဘ၀ကိုရေးထားတာအရမ်းကောင်းတာပဲ
သင်ခန်းစာလဲအများကြီးရလိုက်တယ်..
တော်လိုက်တာကလေးလေးရဲ့ဦးလေးမိုလိုထင်တယ်
မေ့..ကိုလဲလွမ်းနေတယ်..

demo said...

ကောင်းတယ်ဗျာ။ လိုအပ်တဲ့ ပြည်သူတွေ ဆီမှာပဲ ၅၀၀တန်တွေ များများရှိစေချင်ပါတယ်။
ဒေါ်လာ ၁၀၀တန် အကြောင်းလည်းရေးပါဦး လူတန်းစား တရပ်အတွက်ပေါ့။

မိုးမောင်(HappyCloud) said...

ဖတ်ရတာ တန်တယ်ဆရာ...။ ဒီလိုအရေးအသားတွေကြောင့် ကနားစီးလောကမှာ နာမည်ရတာ(အဲလေ..မှားလို့) ဘလောဂ့်ဂါလောကမှာ ပြောပါတယ်။ အားကျတယ်ဆရာ.. ကျုပ်အားရင် တပတ်တော့ ပြန်လျှောက်လာအုံးမှာပါ။

Mhu Darye said...

ကောင်းလိုက်တဲ့ ပိုစ်လေး ဗျာ...။
း)
ဘယ်လို မန့် ရမှန်းတောင် မသိဘူး။ နောက်တခေါက် လာဖတ်ရင် နောက်တခါ မန့်ရေး ဦးမယ်။

ဖိုးမောင်(HappyCloud) said...

ကိုရင်ရေ...တင်ပြပုံလေးကောင်းတယ်ဗျာ... အရေးအသားကတော့ ပြောစရာမလိုဘူး... ဆရာပဲဟာ...
လုပ်ထားဗျာ...
ဖိုးမောင်

မေလေး said...

ဦးနော်တို့များ ရေးတတ်လိုက်တာ။ မှန်လိုက်တာရှင်။
မြန်မာပြည်မှာ ပိုက်ဆံအသစ်ဆိုတော်တော် ရှာယူရမလို
ဖြစ်နေပီ။

အိပ်မက်ရှင် said...

အိုးးးးးးးးးးး ~~~
ပီပြင်လိုက်တာဗျာ
ကျွန်တော်ကိုယ်တိုင် ငါးရာတန်လေးနဲ့ အတူလိုက်ပါစီးမျောပြီး ဘ၀ရဲ့ အတက်အကျအနိမ့်အမြင့်တွေကို ထပ်တူထပ်မျှ ခံစားမိပါရဲ့
သဘာရင့် ၀ါရင့်လွန်းလှတဲ့ အဖွဲ့အနွဲ့က ဆက်ကာဆက်ကာ ဆွဲငင်ခေါ်ဆောင်သွားတာမို့ ငွေငါးရာတန်လေးနဲ့ အတူ ပျော်ရွှင်သွားလိုက်၊ ညှိုးငယ်သွားလိုက်၊ တက်ကြွသွားလိုက်။ စိတ်ဓါတ်ကျသွားလိုက်နဲ့ တကယ့်ကို ခံစားနေရတယ်
ကျွန်တော် တစ်ခွန်းပဲ ပြောမယ်ဗျာ ကိုရင်နော်
အရမ်းကောင်းတယ်
ပေးထားတဲ့ message ကလည်း အရမ်းကို ထိတယ်
ဟုတ်တယ် ~~
ဒါဟာ ရှောင်လွှဲလို့မရတဲ့ သင်္ခါရတရား ...

ခင်မင်လေးစားစွာဖြင့်
ရင်ဘတ်မိတ်ဆွေ

သမီးပျို said...

အမှန်ကန်ဆုံး စကားတစ်ခွန်းပဲပြောခဲ့တော့မယ် “အရမ်း ကောင်းတယ်“ ဆိုတာပါပဲ အရေးအသားတွေ ကောင်းလွန်းလို့ အတုယူသွားမယ်နော်


အားပေးလျှက်
သမီးပျို

စည်သူ said...

ကောင်းတယ်ဦးနော်ရေ...

အသိလည်းတိုးသွားတယ်..။ ဗဟုသုတလည်းရသွားတယ်..။
င်္သါရတရားကို ရှောင်လွှဲလို့ မရပေမယ့်
ငါ့ဟာ၊ ငါ့ဥစ္စာ၊ ငါပိုင်၊ ငါဆိုင်တယ်ဆိုပြီးတော့ အတ္တဖုံးကာ မေ့နေကြတာများပါတယ်..။ ကျွန်တော်အပါအဝင်ပေါ့.။
ကျွန်တော်တို့တွေရဲ့ဘဝတွေလည်း သေမင်းလက်ထဲ
မရောက်ခင်ဘယ်သူ့ဆီ ရောက်အုံးမလဲ မသိသေးဘူးဗျာ..။ ဟို ဟို လေ အဒေါ်ကြီးဆီရောက်ဘူးလို့ လဲအကြောနိုင်ဘူးနော် ဦးဦးနော်... စားပြောရင် ပေါက်ကရ မပြောရရင် မနေနိုင်လွန်းလို့  ပေါက်ကရအတွေးအပိုင်းအစများ လို့ နာမည်ပေးထားတာလေ...အဟိ..အဟိ။
ခင်မင်လေးစားသွာဖြင့်
..............ညီလေးစည်သူ။

minn thuka said...

လာဖတ်သွားပါတယ် ဆရာရေ..

ဖားကြီး said...

ငါးရာတန်လေးထက် ဘ၀ဆိုးနေတဲ့ ငါးဆယ်တန် တစ်ရာတန်လေးတွေကိုတော့ သည်းခံပြီး လူတွေက ဆက်ဆံနေရာတုန်း ကိုရင်နော်ရေ :)

ရွှေပြည်ဦး said...

ကောင်းတယ်ဗျာ..........

မီယာ said...

ရသမြောက်ပါ့ ကိုရင်ရေ
ပိုက်ဆံ ထုတ်တဲ့သူတွေကို ပြောပေးပါ
၁၀၀ ၂၀၀ ၅၀၀ တန်လေးတွေ အသစ်ထုတ်ပါဦးလို့
တကယ် လိုနေလို့ပါ

jr.လွင်ဦး said...

အို...ကောင်းလိုက်တာ..

ကျနော်လူဆိုး ပြီးရင်အကြိုက်ဆုံးပါပဲ..

အရုပ်ကလေး said...

ဟောင်းခြင်းသစ်ခြင်းတွေနဲ့ ဖြစ်တည်နေတဲ့ သံသရာမှာ ဖြစ်ပျက်တတ်တဲ့ သဘောတရားတွေနဲ့ အစစ်သက်သက် ကိုယ့်ဘ၀ရဲ့ မျက်နှာစာက နွမ်းပါးမှုတွေနဲ့ သိမ်းထုတ်ခဲ့ရတာတွေလည်း ဖြစ်တည်တတ်တာမို့
ဘ၀ရဲ့ အတိမ်အနက်က ပိုက်ဆံတစ်ရွက်ရဲ့ ခေါက်ရိုးကျိုးအဖြစ်တွေဆို သံသရာလမ်းက ရှည်ကြာမယ်ဆိုရင် လွန်ဆန်မရတဲ့ သခါင်္ရတရားတွေကို
အပြီးသတ်မှာ ရွက်သစ်ပမာလို နေမြဲစံချင်ပါ၏..။

ဦးနော်ရေ .. မရောက်တာ တော်တော် ကြာသွားတယ် .. ကဗျာရွတ်သံကို ကြားမိတော့ ဦးနော်မှန်း မသိပေမယ့် နှစ်သက်မိတယ် .. အခုတော့ ကြားဖူးသွားသလို စွယ်စုံဆရာတစ်ဆူမို့ ပိုလေးစားတန်ဘိုးထားသွားပြီ ဦးနော် ... ပို့စ်မဖတ်ဖြစ်တာ ကြာပေမယ့် ရောက်လာတော့လည်း ပို့စ်ကောင်းတွေပဲမို့ စာဖတ်သူတွေအတွက် ခံစားမှု အတွေးအသိကို ဖွင့်ထုတ်တတ်တဲ့ ဦးနော်နဲ့ တီငယ် ပျော်ရွှင်သော နေ့ရက်တွေကို ဆက်လက် ပိုင်ဆိုင်ပါစေ ..။

ခင်မင်စွာ
idulize (အရုပ်ကလေး)

တလနွန် said...

၅၀၀ တန် နှင့် အနိမ့်အမြင့်အတက်အကျကျ ဘဝအစုံစုံအဖုံဖုံ ကို တင်ပြသွားတာ အရမ်းကောင်းတယ်ဗျာ။ တွေးတတ် ရေးတတ် ဗဟုသုတပေးတတ်တဲ့ ပိုစ့်ကောင်းလေးတစ်ပုဒ်ပါ ဦးနော်။

ခင်မင်ခြင်းနှင့်
တလနွန်

San Lwin said...

Thank You Ko Yin Naw,
You are the Great Blogger.

flowerpoem said...

ကိုရင်နော်ရဲ့ ငါးကျပ်တန်လေးက တကယ်ကို ဘ၀နဲ့ရှင်ပြီးရေးပြသွားတာပဲ လူတွေ မွေးဖွားရာက စပြီး သေဆုံးသည့်တိုင်အောင် လှုပ်ရှားသွားလာနေရပုံကို တင်ပြထားတာတကယ်ဖတ်လို့ကောင်းတယ်.

အချစ်မဲ့ဂစ်တာ said...

ကောင်းလိုက်တဲ့ ပို့စ်လေးပဲဗျ... ပိုက်ဆံတစ်ရွက်အကြောင်းပေါ့..

မယ်ကိုး said...

မနေ့ တည်းက ဖတ်ပြီးသွားပါပြီ နက်မ ကောင်းလို့  ခုမှ မန့်ရတာ...
ကိုရင်နော်က အရေးအသားက ကောင်းပြီးသားကို အတွေးလှလှလေးနဲ့  ဖတ်ရတာ တစ်ခုခုအမြဲကျန်ခဲ့ပါတယ်။

ခင်မင်လေးစားစွာဖြင့်
မယ်ကိုး

အိန္ဒြာ said...

ကိုရင်ရေ..

ငွေကြေးဆိုတာ ကုန်စည်ဖလှယ်ရာမှာသုံးတဲ့ ကြားခံပစ္စည်းပဲ..

ကိုယ် ဖြစ်စေချင်တာတွေ လိုအပ်ချက်တွေကို ငွေကြေးကပဲ စွမ်းဆောင်နိုင်လေတော့..

ငွေကြေးဆိုတာ စိတ်တိမ်းပွေအောင်ပြုစားတတ်တဲု့ စုန်းကဝေ ဖြစ်လာတော့တာ..ပေါ..

လူတန်းစားမရွေး..အလွှာမရွေး..
ငွေနံ့ကြေးနံ့မှာ သွက်သွက်ခါအောင်မူးဝေနေကြတယ်..

ခင်တဲ့

ကောင်းကင်ပြာ said...

ကဗျာရွတ်ကောင်းသလို စာအရေးလဲ ကောင်းလိုက်တာ၊ အမြဲတန်းရောက်ပါတယ်၊ သတိတရ လာချောင်းတာလဲ ကျေးဇူးပါ:)

Hapi said...

hello... hapi blogging... have a nice day! just visiting here....

စိုင်းစိုင်းလားရှိုး said...

အဟမ်း အဟမ်း..
ကိုရင် လူ့ဘ၀ဆိုတာ အဲဒီလိုကြီးလားဟင် ?
ရှင်းလင်းနေအောင် ထင်ဟပ်ပြလိုက်တာ စာရေးဆရာရဲ့
အရည်အချင်းပါ ကိုရင် လေးစားတယ်ဗျာ.

သက်ပိုင်သူ said...

အရမ်း ကောင်းတယ်

Anonymous said...

အဲဒီလိုမျိုး ပိုက်ဆံလေးတစ်ရွက်ရဲ့ ကြုံတွေ့ရတဲ့ ခံစားမှုပုံစံမျိုးပဲ မြန်မာ magazine တစ်ခုခုမှာ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က ဖတ်ခဲ့မိဘူးသလိုပဲဗျ။ ပြန်သတိရမိတာပါ။ အတိအကျပြောမပြနိုင်တဲ့အတွက် sorry ဗျ

နွေးနွေးသဲမွန် said...

သြော် တွေးတတ်ရေးတတ်လိုက်တာနော်...

လားရှိုးသူ said...

Very good post. thanks for sharing.

Anonymous said...

သိပ်ကောင်းတဲ့အရေးအသားပဲဗျာ
ရုပ်ရှင်ကြည့်နေရသလိုပဲမြင်ယောင်လာတယ်

mgtzk

တားမြစ် ထားသော... said...

ကိုရင်ရေ။
မတွေ့ရတာကြာပြီဖြစ်တဲ့ လက်ရာကောင်းလေးပါပဲ။ အကြောင်းအရာနဲ့ တင်ပြပုံကတော့ စွဲဆောင်မှုအရှိဆုံးပါပဲ။
သဘောကျတယ်။

သုခမိန်(E-Journal)

ဇော် said...

လက်ရာကောင်းတဲ့ အွန်လိုင်းစာရေးဆရာတွေထဲမှာ အုနော်လဲ ပါတယ်။ =)

MANORHARY said...

အဲဒါပဲလေ
ရှောင်လွှဲလို့မရတဲ့
ကံကြမ္မာဇာတ်ညွှန်းတွေနဲ့
အလိုမတူပဲကရင်း
မရှောင်နိုင်တဲ့သင်္ခါရတရားဆီ.........

littlebrook said...

း) ပြောတော့ဘူး အပေါ်ကလူတွေပြောတာတွေဖတ်ပီး
ပြောစရာမရှိတော့ဘူး ဟီး

ကိုလူထွေး said...

ခြင်္သေ့ကြီးမာန်ပျောက်တာ ဟုတ်ရဲ့လား...

းဝ)

Talkii said...

၅၀၀ တန်လေးနဲ့အတူ စီးမျောသွားတယ်ဗျာ။

စကားမစပ် Bus ကားစပါယ်ယာတစ်ယောက်ပြောတာကြားဖူးတယ်။ ပိုက်ဆံက တိပ်ကပ်မပါရင် အတုတဲ့။ :)

၅၀ တန် ၁၀၀ တန် ရိုက်မယ့် ငွေစက္ကူက ပိုက်ဆံတန်ဖိုးထက်ဈေးများနေလို့ မရိုက်နိုင်ဘူး တဲ့။ ခြင်္သေ့ထက်သာတာ ဇင်ဘာဘွေပဲရှိတော့တယ်။

Mogok Thar said...

ကိုရင်...
ဒေါ်လာငါးရာလောက် မစပါ။
Aljunied အနီးအနား လေ့လာရေး ခရီးထွက်ချင်လို့။ မီးအိမ်နီမီလေးတွေက သိပ်လှတယ်တဲ့ဗျ။
(စတာ နောက်တာပါ)
ဘ၀တွေကို စိတ်ကူး ကောင်းကောင်းနဲ့ ဖွဲ့ပြတတ်တဲ့ ဦးနော်ကို လေးစား အတုယူလျှက်

မျက်မှန်လေး said...

ကောင်းလိုက်တဲ့ပို့စ်

pandora said...

မြင်တဲ့ရှုထောင့်လေးနဲ့ ရေးသားတင်ပြပုံကို အရမ်းသဘောကျပါတယ်။
ရှေ့မှာ မဖတ်ဖြစ်လိုက်တဲ့စာတွေ ပြန်ဖတ်လိုက်ဦးမယ်

TGRmg said...

ငါးရာတန်ရဲ့ ခရီးကိုဖတ်ရင်း ကိုယ့်ခရီးကိုယ်မြင် ကိုယ့်စိတ်ကို ပြင်ရဖို့ကိုလည်း တွေးမိတယ်ညီရေ။ ဟောင်းနွမ်းလို့ပေါက်ပြဲစုတ်ပြတ်ရင်တောင် တန်ဖိုးပြောင်းမသွားတဲ့ ငါးရာတန်လို ဖြစ်ဖို့ ကြိုးစားကြအုံးမှာပေါ့ကွာ..။
တိုးတိုးပြောရအုံးမယ် ငါ့ညီကို ညီမထက် ပိုချစ်တယ် သိလား ဟတ်ဟတ်

ရွှေပြည်သူ said...

ရေးထားတာ ကောင်းလွန်းတော့ ဖတ်ရတာ အရသာရှိလိုက်တာ။ “အံဆွဲထဲမှာတော့ ကျနော့်လို လာဘ်ငွေတွေ အများကြီး..။ ကျနော်လည်း ရှိုးတိုးရှန့်တန့် နဲ့ပေါ့..။ သူတို့အားလုံး တစ်ယောက်ကို တစ်ယောက် မမြင်အောင် ရှက်ပုန်း ပုန်းလို့..။” အဲဒီနေရာလေးကို အကြိုက်ဆုံးပါပဲ။ သရုပ်ပါလွန်းလို့။

ဝေလေး said...

မရောက်တာကြာလို့ သတိတရလာဖတ်ဖြစ်တယ်။ ကြိုက်တယ် ဒီလိုအရေးအသား....

ကိုလူထွေး said...

ငါးထောင်ကျပ်တန်လေး ကျနော်လဲ ရေးပေးပါဦး ကိုရင်နော်ရေ...

းဝ)