Sunday, November 20, 2011

သက်ငြိမ်၌စီးမျောခြင်း (၁)

အောက်တိုဘာလ တစ်ဆယ့်လေးရက်။ ရာသီဟာ သူ့သဘာဝအတိုင်း သိပ်ကိုမျှတသင့်တော် လှပနေခဲ့ပါတယ်။ သောကြာနေ့ပါ။ မျက်ဝန်းတွေထဲမှာ အရှိန်ပြင်းပြင်းနဲ့ မြစ်တစ်စင်း သတ္တိရှိရှိ စီးဆင်းနေခဲ့တဲ့ နေ့ဖြစ်တယ် ဆိုပါတော့။ မျက်စံနက်တွေဆီမှာ မြစ်ဖျားခံတဲ့ ရေအဟုန်ကို စုန်ကာမျှောရင်း သူမလုံးသားရဲ့ နက်ရှိုင်းတဲ့နေရာ တစ်ခုအထိ သူဟာ အရိုးသားဆုံး အရောက်သွားနိုင်ခဲ့တဲ့ နေ့လည်းဖြစ်ပြန်တယ်။ သူမစိတ်တွေဆီ အလိုက်သင့်လေး စီးမျောဖို့ သူ့ကို ခွင့်ပေးလိုက်တဲ့ နေ့ဆိုလည်း မမှားပါဘူး။

မုသားကင်းတယ်။ လှည့်ဖျားမှုမဲ့တယ်။ ကောက်ကျစ်ခြင်း ရှင်းတယ်။ သိနေခဲ့ပြီးသား အရာတွေကိုပဲ ဖလှယ်ခဲ့တာမျိုး။ ပူလောင်စူးရှတဲ့နေ သာမနေခဲ့ပါဘူး။ လေ ပြေတယ်။ တိမ်တိုက်တွေ မထူထပ်ခဲ့ဘူး။ အေးချမ်းတယ်။ ခေါင်းတစ်ချက် အညိတ်မှာ ကြားရခဲတဲ့ စကားလုံးတစ်ချို့ကို သူက သွန်ချ။ သူမဟာ ကြည်နူးမှု စားသုံးသူ သက်သက် မဟုတ်ခဲ့တာ အသေချာပါ။ တရားမျှတခဲ့ပါတယ်။ သူကိုယ်တိုင်လည်း ကျေနပ်ခြင်း ကောင်းကင်အောက်မှာ နှစ်လိုဖွယ် သက်ငြိမ်လေးအဖြစ်နဲ့။

မေးခွန်းတစ်ခု အဖြစ် ဘယ်လိုအချိန်မျိုးတုန်းက သူမေးခဲ့ဖူးတာလဲ..!! မေးခဲ့ဖူးပါသလား..!! သူမ သေချာမသိ။ သူမကတော့ ရဲရဲဝံ့ဝံ့ ဖြေလိုက်ရဲ့။

“ကျွန်မ.... ချစ်တယ်....”
”စကြာဝဠာကြီးဟာ ကိုယ့်ကို ဗဟိုပြုပြီး လည်ပတ်နေသလိုပဲ”
လို့ သူပြန်ပြောခဲ့တာ သေချာပါတယ်။

သူမကို သူမြင်သွားပြီ။ သူ့ကိုယ်သူလည်း သူမြင်သွားပြီ။ နှလုံးသားရဲ့ ပစ္စုပ္ပန်ကို သူမနဲ့ သူ တည့်တည့်ကြည့်မြင်လိုက်ကြပြီပဲ။ စိတ်ကို စိတ်ချင်းယှက်။ စိတ်တွေနဲ့ စိတ်တစ်ခုဆီ စီးမျော။ အို..!! အရာရာဟာ ခမ်းနားထည်ဝါလိုက်တာ။ လှပလိုက်တာ။ နူးညံ့သိမ်မွေ့လိုက်တာ။ အိနြေ္ဒရှိလိုက်တာ။ ကြည်စင် ရှင်းသန့်လိုက်တာ။ အနုပညာဆန်လိုက်တာ။

“ကျွန်မ......”
“ဒါဟာ ယာဉ်ပဲ ပန်းတိုင်တော့ မဟုတ်ဘူး၊ ခရီးစဉ်ပဲ ခရီးဆုံးတော့မဟုတ်ဘူး”


“............”
“ပန်းတိုင်မဟုတ်ပေမဲ့ ယာဉ်ကို တန်ဖိုးထားရမယ်၊ ပန်းတိုင် မဟုတ်သေးမှန်းလည်း သိရမယ်”


“အစ..!! အဆုံး..!! ”
“ကိုယ့်စိတ်ဝိညာဉ်ရဲ့ အနက်ရှိုင်းဆုံးကို တိုက်ရိုက်ဆက်သွယ်ပြီး အရှိအမှန်အတိုင်း ရှင်သန်နေထိုင်ရတဲ့ဘဝဟာ ရှားပါးလွန်းပါတယ်”

“ခု.......”
“ကိုယ်တို့....”

သူ့ကို သူမက “သက်ငြိမ်” လို့ တိတ်တိတ်ကလေး အမည်နာမ ပေးထားခဲ့သူ။ ခုတော့ သူ့စကားတွေ နားနဲ့ အကြားမှာ သူမဟာ “တေမိ”ပေါ့။ သူမနှုတ်ခမ်းဖျားဆီကို သူ့အကြည့် ရွှေ့လိုက်သလားမသိ။ သူဟာ သူမအပြုံးတွေ ကူးစက်ခံ လူသားဖြစ်သွားပုံရတယ်။ ပြုံးနေမှန်း မသိသာပါဘူး။ သူပြုံးနေတယ်။ ဒါကို သူမက သိနေတယ်။ သူကိုယ်တိုင်ကလည်း သတိထားပြီး သိနေပါတယ်။ စကားသံတွေ တိကနဲ ရပ်သွားခဲ့ပေါ့။

ခံစားမှုကို မီအောင် ထုတ်ဖော်နိုင်ဖို့ ဦးနှောက်ကို ခပ်ဆိတ်ဆိတ် အမိန့်ပေးနေချိန်မှာ သူကလည်း အကျစ်လစ်ဆုံး စကားလုံးတွေကို တည်ငြိမ်စွာနဲ့ ရွေးချယ်နေခဲ့တယ်ဆိုတာ သူမသိနေခဲ့တာပါ။ သူမက စကားရှာသူ။ သူက စကားရွေးသူ။ ငြိမ်သက်နေခဲ့ကြချိန်လေးဟာ တိတ်တိတ်ဆိတ်ဆိတ်လေး ပကတိ နူးညံ့လို့ပါပဲ။ လက်ဖျားလေးတွေဆီကနေ ဆံခြည်မျှင်လေးတွေအဆုံး ရင်တလှပ်လှပ် ခုန်နေရခြင်းဟာ ပန်းလေးတစ်ပွင့်ထက် လှပလွန်းပြန်နေပေါ့ကွယ်။

သူမ မျက်လွှာချလိုက်တယ်။ သူက အသက်ကို ခပ်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး ပြေလျော့လျော့ ထိုင်နေတဲ့ ခန္ဓာကို မတ်လိုက်ပါတယ်။ ချထားတဲ့ မျက်လွှာကို ပြန်ဖြေရင်း မော့ကြည့်မိချိန်မှာ သူဟာ ကဗျာတစ်ပုဒ် ဖြစ်နေခဲ့ရဲ့။ ပန်းချီတစ်ချပ် ဖြစ်နေခဲ့ရဲ့။ တစ်စုံတစ်ရာပြောဖို့ နှုတ်ခမ်းလေးတွေ မသိမသာ တုန်ရီသွားခဲ့တာပါ။

“အို...........”
“စကားလုံးတွေရဲ့ ဟိုမှာဘက်ထိရောက်သွားပြီ စိတ်နဲ့တောင် စိတ်ကို ပြန်မသိနိုင်တော့ဘူး”


သူမအပြုံးတွေဟာ မိန်းမငယ်လေးတစ်ယောက်လို ရှက်စနိုး အရိပ်ယောင်လေး ဖြတ်ပြေးသွားခဲ့ပါတယ်။ သူကတော့ တည်ငြိမ်ခြင်း သက်ငြိမ်။ သူ့စိတ်တွေလည်း သူမနဲ့ ထပ်တူထပ်မျှ လှုပ်ရှားနေတယ်ဆိုတာ နှစ်ဦးလုံး ငြင်းဆိုနိုင်မှာမှ မဟုတ်ပဲနော်။ မျက်လုံးနဲ့တော့ မမြင်ရဘူး။ မမြင်နိုင်ဘူး။ စိတ်တွေနဲ့ပဲ မြင်ခဲ့ရတာမျိုးပါ။ ဖောက်ထုတ်ရှု့မြင်နိုင်စွမ်း မြင့်မားလွန်းတဲ့ သူမစိတ်တွေကို ကိုယ်တိုင် ကျေနပ်လိုက်ရတာလေ။ သူ့ကိုလည်း လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်တယ်ဆိုတာကို အသေအချာ သိနေတဲ့ သက်ငြိမ်လေးပဲ ဖြစ်ပါတယ်။

ကောင်းကင်ကြီးတစ်ခုလုံး လဲ့ဖြာလို့ပါ။ ခပ်အေးအေး လေညှင်းလေးတွေက သူမတို့ကို အနွေးထွေးဆုံး လွှမ်းခြုံဖို့ အရောက်လာခဲ့ကြပေါ့..။ နူးညံ့လွန်းတဲ့ စိတ်ဝိညာဉ်လေးနှစ်ခုက လေညှင်းတွေကို တွဲခိုစီးရင်း လဲ့ဖြာနေတဲ့ ကောင်းကင်ယံမှာ ကြည်နူးခြင်းတွေနဲ့..................................။

(ခင်လေးငယ်)



2 comments:

မြသွေးနီ said...

" ချထားတဲ့ မျက်လွှာကို ပြန်ဖြေရင်း မော့ကြည့်မိချိန်မှာ သူဟာ ကဗျာတစ်ပုဒ် ဖြစ်နေခဲ့ရဲ့။ ပန်းချီတစ်ချပ် ဖြစ်နေခဲ့ရဲ့။ တစ်စုံတစ်ရာပြောဖို့ နှုတ်ခမ်းလေးတွေ မသိမသာ တုန်ရီသွားခဲ့တာပါ.."

ကဗျာလေးတစ်ပုဒ်၊ ပန်းချီကားလေးတစ်ချပ်ကို ခံစားရသလို..ခံစားလိုက်ရတယ်...။

Myanmar Online Music said...

မင်္ဂလာပါ...

သီချင်းတွေလာ နားထောင်ကြပါဦးခင်ဗျာ....

Myanmar Online Music: http://www.myanmaronlinemusic.com/

ကျေးဇူးပါ...