Thursday, May 14, 2009

ကျနော်လူဆိုး (၂)

“သားရေ ထတော့ ထတော့ ဘယ်နှစ်နာရီထိုးနေပြီလဲ.. အပျင်းတစ်မနေနဲ့ ထစမ်း ထစမ်း..”
“ဟုတ်.... မေ့..”
ဒီအသံက ကျနော်မနက်တိုင်း ကြားနေကျ မေမေ့ နိုးစက် အသံ..

“ကြည့်စမ်း.. စာကြည့် စားပွဲလည်း ရှုပ်ရှက်ခတ် နေတာပဲ.. စာကို အဖြစ်ရှိအောင်ဖြင့် မလုပ်ပဲနဲ့ စားပွဲတော့ ဖွတတ်တယ်.. ကိုးတန်းကျောင်းသားဖြစ်နေပြီ.. အခုထိကို သပ်သပ်ရပ်ရပ် မနေတတ်ဘူး..”
“ဟုတ်.... မေ့..”
ခေါင်းအုံးကို နားရွက်ပေါ်ဖိအုံးရင်း “ဟုတ်... မေ့” လုပ်လိုက်ပြန်ပါတယ်..။

“ဟုတ်.. မေ့.. လုပ်မနေနဲ့ ထထ.. မေမေ ထမင်းချိုင့် မထည့်ပေးဘူး.. ခင်လေးတို့ အိမ်မှာ ကြာဇံကြော်တယ် အဲ့ဒါ ဝင်ယူသွားလိုက်..”
“ဟာ... ကြာဇံကြော်..!!”
ကြာဇံကြော်ဆိုတာနဲ့ မျက်လုံးက နည်းနည်းတော့ ကျယ်သွားတယ်.. ကျနော်က ကြာဇံကြော် အရမ်းကြိုက်တာလေ..။ ခင်လေးတို့ မေမေကြော်တဲ့ ကြာဇံကြော်ကလည်း အရမ်းကောင်းတာ..။

အိပ်ယာကနေ လူးလဲထ.. ရေချိုး.. ကျောင်းအဝတ် မြန်မြန်ဝတ်.. စားပွဲပေါ်က စာအုပ်တွေကို လွယ်အိတ်ထဲ ထိုးထည့်.. ပြီးတော့ ကျောင်းကို ဖွက်ဖွက်ယူသွားတဲ့.. ကျောက်ဒိုး ဂေါ်လီလုံးတွေ.. သားရေကွင်းတွေ.. ဂျင်တွေ..။ လွယ်အိတ်ကတော့ အရူးလွယ်အိတ်လို ပြည့်လို့..။ မေမေသိရင် ရိုက်ခံရမှာ.. မေမေက အခုအရွယ်ထိ ကလေးလိုလို ကစားနေတာကို ကြိုက်တာမဟုတ်ဘူး..။ ကျနော်ကတော့ မရပါဘူး.. ကစားမှာပဲ..။

စက်ဘီး ဒေါက်ကိုဖြုတ် ပြေးပြေး ထွန်းတွန်း “လွှား” ကနဲ ခုန်တက်လိုက်တယ်.. ပြေးနေတဲ့ မြင်းပေါ် ခုန်တက်လိုက်သလိုမျိုး..။

“သားရေ.. စက်ဘီးကို ဖြေးဖြေးစီးနော် ခင်လေး ကိုလည်း စစ မနေနဲ့..”
“ဟုတ်...)))))))))))... မေ့..”
အော်လည်း အော်.. နင်းလည်း နင်း.. မေမေ့စကားကို မြေဝယ်မကျ ဆန့်ကျင်ရင်း.. စက်ဘီးကို အရှိန်ကုန် မြွေလိမ် မြွေကောက် ဘယ်ယိမ်း.. ညာယိမ်း.. နင်းတော့ တာပဲ..။

......................................... ၂ .........................................

“ခင်လေး.. ရေ... (((..ကလင်းးးလင်းး လင်းးး ကလင်းးးလင်းးးလင်းးး..)))..”
ခင်လေးတို့ အိမ်ရှေ့လည်း ရောက်ရော.. စက်ဘီး ဘဲလ်ကို တရစပ် တီးနေတော့တာ..

“ဘာတုန်း အငတ်..”
“ဟဲ..ဟဲ.”
အိမ်ပေါက်ဝကနေ ဆံပင် စုတ်ဖွားနဲ့ ခါးထောက်ပြီး ကြိုတဲ့ ခင်လေးပုံစံက ခြံထဲဝင်မှာ ကြောက်လို့ ထိုးဟောင်နေတဲ့ တယ်ရီယာ ခွေးလေးလိုလို..

“လာ သား.. သား ချိုင့် ပါတယ်မလား.. ပေး အန်တီ့ကိုပေး.. မနက်က သားမေမေနဲ့ ဈေးမှာ တွေ့လို့ တခါတည်း ပြောလိုက်တာ..”
“ဟုတ်.. အန်တီ..”
ခင်လေး မေမေ ကတော့ အမြဲပြုံးနေတာပါပဲ.. သဘောလည်း အရမ်းကောင်းတယ်.. ခင်လေးငယ်နဲ့များ ကွာလိုက်တာ.. ခင်လေးကတော့ အမြဲစူပုပ်နေတာ.. စိတ်ကလည်းပုပ်.. အဲ့ကြောင့် ကျနော်ကလည်း သူ့ကို.. စ ကို စနေချင်တာ...။

ခင်းလေးမေမေက စားပွဲပေါ် ချိုင့်နှစ်ချိုင့် လာတင်ပြီး မီးဖိုချောင်ထဲ ပြန်ဝင်သွားရော..။ နှစ်ဆင့်ချိုင့်က ကျနော့်ချိုင့်..။ သုံးဆင့်ချိုင့်က ခင်လေးချိုင့်..။ ခင်လေးကတော့ အခန်းထဲမှာ ဘာလုပ်နေတယ်မသိဘူး..။

ခင်လေးရဲ့ သုံးဆင့်ချိုင့်ကိုကြည့်ပြီး.. ခေါင်းထဲမှာ “တိန်” ကနဲ မီးလင်းသွားတယ်..။
ပြီးတော့ “ဟွန်းဟွန်းဟွန်းဟွန်း” ဆိုပြီး ပြုံးလိုက်တယ်..။
အကျင့်တော် ပုပ်ဖို့ဆိုရင် ရွှေဉာဏ်တော်က စူးရှလှပါပေ့..။

ခိုးကြောင်ခိုးဝှက်နဲ့ သုံးဆင့်ချိုင့်ရဲ့ အပေါ်ဆုံး ဆင့်ကို ဖွင့်လိုက်တယ်.. ထောင်း ကနဲ ထွက်လာတဲ့ အငွေ့တွေနဲ့ ကြာဇံကြော်နံ့က မွှေးလိုက်တာ.. လွယ်အိတ်ထဲကို နှိုက်.. ၅ကွင်း တစ်တွဲ တွဲထားတဲ့ သားရေကွင်း ထဲက တစ်တွဲကို ဖြုတ်လိုက်တယ်.. ပြီးတော့.. ကြာဇံကြော်ကို ဇွန်းနဲ့ မ သားရေကွင်းတွေကို ရောထည့်မွေပြီးတော့ ဟန်မပျက် ချိုင့်ကို ပြန်ပိတ်ထားလိုက်တယ်.. ဒန်.. တန့်.. တန်..။

“သားရေ.. ရော့ ဒီမှာ နည်းနည်း စားသွားလိုက်ဦး..”
ခင်လေး မေမေက ကြာဇံကြော်ပန်းကန်ကို ကိုင်ရင်း ဝင်လာတယ်..
“ဟုတ်... အန်တီ.”
ရင်ထဲမှာ “ဒုန်း” ကနဲ ဖြစ်သွားတာပဲ.. “ဟူးးး..” တော်သေးရဲ့ သားရေကွင်းတွေ ထည့်နေတာ အန်တီ မတွေ့သွားလို့..
ဒါနဲ့ အန်တီ လာချပေးတဲ့ ကြာဇံကြောက်ကို အားရပါးရ လွေးလိုက်တာ “ဖလွတ် ဖလွတ်” နဲ့ နေတာပဲ..

......................................... ၃ .........................................

(((.. ဒေါင်း.. ဒေါင်း.. ဒေါင်းဒေါင်း.. ဒေါင်းဒေါင်း.. ဒေါင်း..)))
ကျောင်းလည်း အရောက် ခေါင်းလောင်းလည်း အခေါက်ပါပဲ.. ဒီနှစ်က ခင်လေးရော ကျနော်ပါ.. အထက်တန်းကျောင်းကို ရောက်လာကြပြီ..။ ထုံးစံ အတိုင်း ခင်လေးက စာတော်တော့ ကိုတန်း အေ ပေါ့.. ကျနော်ကတော့ ဘီခန်း..။

ခင်လေးကတော့ ခြင်းတောင်းတစ်ဖက် လွယ်အိတ်တဖက်နဲ့ ကျောင်းခန်းထဲ အပြေးအလွှား ဝင်သွားလေရဲ့..
ကျနော်ကတော့ ကိုယ့် အတွေးနဲ့ ကိုယ် ပြုံးနေမိတယ်.. သားရေကွင်းကြော်နဲ့ ခင်လေးငယ် တွေ့ကြတော့မယ်..
ကျနော်ကိုကလည်း အမှတ်မရှိတာ.. ဒင်းကို စလို့ မေမေရိုက်ပေါင်း များပြီ.. ဟို တစ်ခါ ခင်လေးကို ဖုန်မှုန့်တွေ လျက်ဆားလုပ်ပြီး ကျွေးလိုက်လို့ ရိုက်ခံရတာ မှတ်မိသေးတယ်.. (ကျနော်လူဆိုး (၁)) ဟွန်းးးး..!!

“Gooooood Morning Teacherrrrrrr.....))))))..”
ဆရာမကို နှုတ်ဆက်တဲ့ အသံထဲမှာ ကျနော့် အသံက အကျယ်ဆုံး..
ဆရာမ နာမည်က ဒေါ်ဘေဘီ တဲ့.. အင်္ဂလိပ်စာသင်တယ်..။ ခန့်ခန့်ချောချော အပျိုကြီးပေါ့..။ ဆရာမ ဒေါ်ဘေဘီက ခင်လေးတို့ အတန်းရဲ့ အတန်းပိုင် ဆရာမလေ..။ ဆရာမက သဘောကောင်းပေမယ့် စိတ်ဆိုးလာရင်လည်း မလွယ်ဘူး ဆော်ပလော်တီးတတ်တယ်.. ဒဏ်လည်း ပေးတတ်တယ်..။ ကျနော်က ဆရာမဒေါ်ဘေဘီကို The Wheel လို့ နာမည်ပေးထားတယ်.. တခြားကြောင့်တော့ မဟုတ်ပါဘူး.. သင်ခန်းစာတွေ ဘယ်လောက် အသစ်တက်သွား တက်သွား အတန်းထဲရောက်တာနဲ့ အင်္ဂလိပ်ဖတ်စာအုပ်ထဲက The Wheel ကို ဖတ်ခိုင်းတော့တာပဲ..။ ကျနော်တို့ လည်း The Wheel ကို အလွတ်ရသလောက်ပဲ.. နေ့တိုင်းကို ဖတ်နေရတာ..။ ဒါနဲ့ပဲ အားလုံးက ဆရာမနောက်ကွယ်မှာ ဆရာမကို The Wheel လို့ ခေါ်ကြပါလေရောပေါ့..။

ဆရာမ စာသင်တာ နားထောင်ချင်ယောင်ဆောင်လိုက် ကြာဇံကြော်ခိုးစားလိုက်နဲ့ အချိန်တွေ ဘယ်လို ကုန်သွားတယ် မသိဘူး.. ထမင်းစားကျောင်းဆင်း ခေါင်းလောင်းခေါက်တော့ ကျနော်လည်း ရင်ထဲမှာ “ဒိန်း..” ကနဲ ဖြစ်သွားတယ်..။ ချိုင့်ထဲမှာ ကျန်နေသေးတဲ့ ကြာဇံကြော်ကို လက်စဖြတ်.. ပြီးတော့ ခင်လေးတို့ အခန်းနားကို ကပ်သွားတယ်.. ငတက်ပြား ခြေလှမ်းမျိုးနဲ့ပဲပေါ့..။ ပြူတင်းပေါက်ကြားကနေ ချောင်းကြည့်လိုက်တော့ ခင်လေးရယ်.. ထက်သူဇာလှဝင့်ရွှေရည် ရယ်.. ချိုင့်တွေ ဖွင့်ပြီး စားနေကြလေရဲ့..။

ကျနော် ပြုံးလိုက်တယ်.. ပွဲကြီးပွဲကောင်းတော့ ကြည့်ရတော့မယ်ပေါ့..။ ခင်လေးကတော့ ကြာဇံကြော်ကို မြိန်ရေရှက်ရေ စားနေလေရဲ့..။ ကျနော် ရင်တမမနဲ့ စောင့်ကြည့်နေတယ်.. သားရေကွင်းတွေ.. သားရေကွင်းတွေ.. ဟိးဟီး.. ဘယ် အချိန် ထအော် လေမလဲလို့..။ ဒီလိုနဲ့ စားလို့သာ ပြီးသွားတယ် ခင်လေးက ဘာမှ မဖြစ်သလို..။ ကျနော် နည်းနည်းတော့ အံ့သြသွားတယ်..။

ဟင်းး.. ဘယ်လို ဖြစ်တာပါလိမ့် သူ မတွေ့ဘူးလား..!!!
ဒီ သားရေကွင်းတွေတောင် မတွေ့ရအောင် ဒီလောက်တောင် ငတ်ကြီးကျရသလား..!!!
ဒုက္ခပါပဲ.. ဗိုက်ထဲမှာ တစ်ခုခုဖြစ်ရင်..!!!
ကျနော် ငိုချင်သလို ဖြစ်လာတယ်... ကျနော်သူ့ကို စတာက သားရေကွင်းတွေ တွေ့ရင် အော်မယ်.. ကျနော်လုပ်မှန်းသိပြီး ရန်လာထောင်မယ် ဒီလောက်ပဲ.. အခုတော့ သူက တကယ် စားလိုက်ပြီ..!!!
ကျနော် ဘယ်လိုလုပ်ရင် ကောင်းမလဲ..!!!

......................................... ၄ .........................................

ကျနော် စဉ်းစားနေတုန်းမှာပဲ.. အခန်းထဲကို ခြေလှမ်းကျဲကြီးနဲ့ ဝင်လာတာက ဆရာမ The Wheel...။
ဆရာမ မျက်နှာက နီရဲပြီး ဒေါသတွေ ထွက်နေတာ သိသာနေတယ်.. ကျနော်လည်း ကြောင်ကြည့်နေမိတယ်.. ဘာဖြစ်တာပါလိမ့်လို့..။

“ခင်လေးငယ်..!!!!..”
ဆရာမ အသံက လိုတာထက်ပိုကျယ်နေတယ်

“ရှင်.. ဆရာမ..”
ခင်လေးလည်း ရုတ်တရက် လန့် သွားတယ် ထင်ပါတယ်.. မတ်တတ်ရပ်ရင်းလက်ကလေးပိုက်လို့.. ထက်သူဇာလှဝင့်ရွှေရည် ကလည်း မျက်လုံးလေး ကလယ်ကလယ်နဲ့..

“ညည်း ဘယ်လို လုပ်လိုက်တာလဲ ဆရာမကို စ စရာလား ဟင်.. ဆရာမကတော့ စာလေးတော်တယ် လိမ္မာတယ်ဆိုပြီး အထင်ကြီးနေတာ အခုတော့ ဆရာမကို ရုံးခန်းထဲမှာ အရှက်ကွဲအောင်လုပ်တယ်.. အစားအသောက်နဲ့ ပတ်သက်ပြီး ဒီလိုလုပ်ခံရတာ ဆရာမ အရမ်းရှက်တယ်.. ညည်း ဒီလို ပေါက်ကရတွေ လုပ်တတ်တာလား ဟင်.. ပြောစမ်း..”
ပြောပြောဆိုဆို ဆရာမက လက်ထဲက ကြာဇံကြော်ချိုင့်ကို စားပွဲပေါ် “ဒုန်း” ဆို ပစ်ချလိုက်တယ်..
ဆရာမ အသံတွေက မာပြီးတုန်နေတယ်.. မျက်ရည်တွေလည်း ဝဲနေတယ်..

“ဟိုက်..!!!!!.. သွားပြီ..”
ကျနော် သိလိုက်ပြီ... ဒုက္ခတော့ ရောက်ပြီ..။

“ရှင် ဆ.. ဆ.. ဆရာမ.. သမီး.. သ.. သ... သမီး..”
ခင်လေး အသံတွေလည်း တုန်နေပြီ.. မျက်ရည်တွေလည်း ကျလာပြီ.. ကြောက်လန့်နေတဲ့ မျက်နှာက ဘာကိုမှလည်း နားမလည်သလို..။

“ဘာ အခုမှ မသိသလို လုပ်နေတာလဲ.. ကြည့်စမ်း တစ်ခု နှစ်ခုဆို မတော်တဆ ပါလာတာလို့ ဖြေသာလို့ ရသေးတယ်.. အခုတော့ နည်းနည်းနောနောမှာ မဟုတ်တာ.. ဒါ သက်သက်လုပ်တာ.. ဆရာမကတော့ ကိုယ့် တပည့်မလေး ဆရာမဖို့ ထည့်လာတာဆိုလို့ လက်ခံလိုက်တာ.. ခုတော့..”
ဆရာမက ကြာဇံကြော်ထဲက သားရေကွင်းတွေကို ဇွန်းနဲ့ ကော်ပြီး ပြနေတယ်.. ဆရာမ မျက်ရည်တွေလည်း ကျလာပြီ.. အဲ့ဒီ အချိန်မှာပဲ တခြားဆရာမတွေလည်း အတန်းထဲ ဝင်လာပြီး ဒေါ်ဘေဘီကို လာဖျောင်းဖျကြတယ်..

ခင်လေးလည်း ငိုနေပြီ.. အံကိုလည်း တင်းနေအောင် ကြိတ်ထားတယ်.. တစ်ခုခုကို သဘောပေါက်သွားတဲ့ ပုံ..။
“ဆ.. ဆ.. ဆရာမရယ်.. သ.. သ.. သမီး တောင်း.. တောင်းပန်ပါတယ်.. ရီးးးဟီး သမီးနောက်.. နောက်ကို မလုပ်.. မလုပ်တော့ပါဘူး... ရီးးးဟီးးး..”
ခင်လေးလည်း ဆရာမကို ထိုင်ကတော့ တောင်းပန်ရင်း ငိုပါလေရော..

ကျ.. ကျနော်.. ဘာလုပ်ရမလဲ.. ဒါခင်လေးလုပ်တာ မဟုတ်ဘူး.. ကျနော်အပြစ်.. ကျနော်သာ တရားခံ.. ခင်လေးက ဘာလို့ ကျနော် လုပ်တာလို့ မပြောတာလဲ..!!

ကျနော် အခန်းထဲကို ပြေးဝင်သွားတယ်.. ကျနော် ဆရာမရှေ့မှာ ဒူးထောက်ရင်း..
“ဆရာမ..!!!”
“ဆရာမ.. ဒါ ခင်လေး လုပ်တာ မဟုတ်ဘူး.. ကျနော် လုပ်တာ..”

“ဟင်.. ရင်နော်.. နင် လုပ်တာ..!!.. ဘာလို့.. ဘာလို့ ဆရာမကို ဒီလို လုပ်ကြတာလဲ..”
ဆရာမက ကျနော့်ကို တလည့် ခင်လေးကို တလည့်ကြည့်ရင်း နားမလည်သလိုဖြစ်နေတယ်..
ခင်လေးကတော့ ကျနော့်ကို မီးတောက်တော့မယ့် မျက်လုံးတွေနဲ့ ကြည့်နေတာ ကျနော် သိနေတယ်..

“မ.. မဟုတ်ဘူး.. ဆရာမ ကျနော်က ခင်လေး ကို စတာ.. သူ စားမယ့် ချိုင့် ထင်နေတာ.. သူက ဆရာမကို ပေးမယ်ဆိုတာ ကျနော် မသိလို့..”
ဆရာမလည်း ကျနော် ထိုင်ကန်တော့တော့ ယောင်ယမ်းပြီး လိုက်ထူတယ်.. ကျန်တဲ့ ဆရာမတွေကလည်း ဒေါ်ဘေဘီကို အတင်းခေါ်သွားကြတယ်.. အပြင်မှာ ကစားနေတဲ့ ကျောင်းသားတွေလည်း ပြူတစ်ပြူတစ်နဲ့ လာချောင်းကြည့်နေကြပြီ..။

ခင်လေးကို ကြည့်လိုက်တော့ မျက်ရည်တွေလည်း ပေါက်ကြီးပေါက်ငယ်နဲ့..။ သူ့မျက်လုံးတွေထဲမှာ ကျနော့်ကို မုန်းတီးမှုတွေ မပါတာတော့ သေချာပါတယ်..။ သတ်ချင်နေမှုတွေ.. မကျေနပ်မှုတွေ.. ကျိန်ဆဲမှုတွေနဲ့..။

ကျနော် သူ့ကို ခေါင်း ကုတ်ပြီး ကြည့်နေမိတယ်.. ကျနော်လည်း စိတ်မကောင်း ဖြစ်ရတယ်.. ခုတ်တာတစ်ခု ရှာတာတလွဲ ဖြစ်သွားပြီလေ..။

ကျောင်းလည်း ဆင်းရော ခင်လေးက စက်ဘီးကို အတင်း နင်းပြီး အရှေ့ကနေ ပြန်သွားလေရဲ့.. သေချာပါပြီ.. ကျနော့် အိမ်ကို သူသွားပြီ..။

ခြေဖနောင့်က ဖုန်မှုန့်လေးကို လက်ညိုးလေးနဲ့ တို့ပြီး နဖူးပေါ် သုတ်လိုက်တယ်.. အသက်လေးလည်း အောင့်လို့ပေါ့..။ ရိုက်ခံရတော့မှာ သိသိကြီးနဲ့ အန္တရာယ်ကင်းကတော့ လုပ်ရိုးလုပ်စဉ်အတိုင်း လုပ်မိလိုက်သေးတယ်..။

ခင်လေးရဲ့ ငိုရင်း ရှိုက်ရင်း တိုင်နေတဲ့ အသံ..
မေမေ့ရဲ့ ဆူဆူ ဟောက်ဟောက် ဒေါသတွေနဲ့ ရိုက်တဲ့ အသံ..
ကျနော့်ရဲ့ ခုန်လိုက် ပေါက်လိုက် ငိုယို အော်ဟစ်သံတွေနဲ့..
ကျနော် ဆိုးခဲ့တဲ့ နေ့တွေထဲက တစ်နေ့ပေါ့..။

ဒါပေမဲ့ ကျနော် အမှတ် မရှိပါဘူး.. တွေ့ကြသေးတာပေါ့ ခင်လေးငယ် ဆိုတဲ့ အပေအတူးမရယ်..။

(ကိုရင်နော်)

25 comments:

တောင်ပေါ်သား said...

တော်တော်ဆိုးတဲ့ ဦးနော် တီငယ်ကို ဒုက္ခပေးတယ်ပေါ့ တွေ့မယ် သရေကွင်းနဲ့ မသေမချင်း ပစ်သတ်မယ် ဟီးးးးးး သနားပါတယ်တီငယ်ကတော့ ငိုနေပေါ့...
ကျနော်တို့ငယ်တုန်းကတော့ ခြေလိုက်ထိုးတာ ဟီးး အားလုံး မှောက်ရက်ကလေး ဖြစ်သွားကြရောပဲ


လေးစားလျက်
တောင်ပေါ်သား

Sein Lyan Tun said...

ဆရာမ က ကိုရင်နော့်ကိုအပြစ်မပေးဖူးလား
မခင်လေးက တော်တော်အတိုင်အတောထူးတယ်နော့်
အဟီးးး
ကိုရင်နော်ဆီလာရင် ကြာဇံကြော်မစားဘူး
ဘယ်လောက်ဗိုက်နာနာ ကိုရင်နော်တိုက်မယ့်ဆေးသောက်ဖူး
နောက်ထပ်ဘာတွေများရှိဦးမလဲဘဲ
ဆိုးချက်ကတော့ ဆိုးချက်ကတော့
ခင်မင်လေးစားစွာဖြင့်
ဖိုးစိန်

ခင်လေးငယ် said...

ကောင်စုတ်...
ငါသာ တယ်ရီယာဆိုရင် နင်က
အယ်လ်ဇေးရှင်းအစစ်ကြီး...

တော်ဘီ ဘာမှ မပြောချင်တော့ဖူး
ပြန်မလာတာပဲ ကောင်းတယ်
ခုတော့ ပြန်လာတာနဲ့ မေတ္တာပို့ရပြီ..။

နေနှင့်ဦးပေါ့ ငမူးရယ်...
နင်ရှစ်တန်းနဲ့ ညိုပြာ့ကို ကျူရှင်မှာ ရည်းစားစာ လိုက်ပေးတာတွေ ငါရေးဦးမှာ..

ဟဲ..ဟဲ.. ပြီးတော့ ရှိသေးတယ်လေ
နေတော့ ငါအားရင် သေပြီသာမှတ်တော့..!!

မမသီရိ said...

ကိုရင်
တို့ညီမကို တကယ်နှိပ်စက်ခဲ့တာပဲ
ရိုက်ချင်တယ် တကယ်

ဒါပေမဲ့.. ဒီစာတွေထဲမှာ.. ဘယ်တော့မှ မပျက်ပြယ်နိုင်တဲ့
မေတ္တာတရားတွေ တွေ့နေရတယ်

တကယ့်ကြည်နူးစရာလေးပါ

ဒါနဲ့ ကိုရင်
ကိုရင်က အကြည်တော်တု့ နီကိုရဲ တို့ နေရာ အစား ၀င်တော့ မလို့ လား..

ကလေးလေး said...

ဦးနော်တော့...မေ့ကရန်စတာ၂ခါရှိပီ..
မေ့လဲပြန်ရေး..ဦးနော်ဘာလုပ်လဲဆိုတာ
ကလေးလေးကဖတ်ပေးမယ်

Maung Myo said...

အယ်...ခင်လေးကြီးပဲ အမြဲခံရတာလား ဦးနော်ကို ပြန်မဆော်ဘူးပေါ့ ညံ့ချက်း) ခင်လေးရေ့ ရေးပါ ဦးနော် အနိုင်ကျင့်တာတွေဘယ်လို တုံ့ပြန်လဲသိချင်လို့ဗျ။

Anonymous said...

ပြန်လာကြပြီလား
....................
.......................
ပျော်ရွှင်ပါစေ
မနော်

ကိုရုပ်ဆိုး said...

တစ်ဖက်သတ်ကြီး ဖြစ်နေတယ်ဗျို့ ...။ ခင်လေးငယ် lesson ပေးတာလေးတွေလည်း ဖတ်ချင်ပါတယ်ဗျို့ ......... :D

may16 said...

တော်၂ဆိုးတဲ့ကိုရင်ပဲ မခင်လေး ပြန်ချဗျာ ဟီး၂

pm said...

ဟင်
အဖြစ်က ဆိုးတာ။
ဆရာမအပျိုကြီးကို သွားစမ်းတာကိုး :D

ZT said...

သားရေကွင်းကြော် မစားလိုက်ရတော့ မခင်လေး ဒေါကန်နေမှာပေါ့။ ဟီးဟီး။ :D

သက်ပိုင်သူ said...

မမခင်လေး
ပြန်ရေးလေဗျာ
အခုတော့ မမခင်လေးပဲ ခံနေရတယ်..
ကိုရင်နော်ကြီးနော်
နောက်ဆို သားရေပင်စာ မိမယ်
ဟီးဟီ

သီဟသစ် said...

ကိုကိုနော်တို့များနောက်ပါ့ဗျာ..
အပိုင်း ၃ ကိုမျှော်နေမယ်ဗျ..

တားမြစ် ထားသော... said...

စာကောင်းတစ်ပုဒ် လာဖတ်သွားပါကြောင်း..

သုခမိန်(E-Journal)

ဥပသကာ said...

ကဝေရှင် တွေ ရေးတုံး က ကဝေတွေကို ငါ မြင် ရသလို၊ လူ ဆိုးတွေ ကိုရေးတော့ လည်း ဗိုလ်အောင် ဒင် ကို ငါ မြင် ရ တာ ..ရေးတဲ့ သူတွေတော် လို့ ပါဗျာ။

Mogok Thar said...

ဟားစား။ ဆိုးချက်ကလဲ.. အလွဲလေးနဲ့။ အရေးကောင်းတယ်ဗျာ။

ဝေလေး said...

ဟားဟား......

ဦးနော်လိမ္မာတာလေးတစ်ချက်တွေ့လိုက်တယ် ကိုယ့်အမှားကိုယ်ဝန်ခံပေးတာ... မသိသလိုလုပ်နေလိုက်ရင် မမခင်လေးတော့ ဒွတ်ခရောက်ပြီ...... ဆရာမက ဒေါသတွေစွတ်ကြီးနေတာ..

ဝေလေးလည်းကြာဇံကြော်အရမ်းကြိုက်။ မစားခင် သားရေကွင်းပါမပါကြည့်ဦးမှပဲ... :P

ဂျပန်ကောင်လေး said...

ကောင်းလိုက်တာ.. အစ်ကိုတို့က ရည်းစားတွေလား.. ဟီး.. တဂ်ပေးလိုက်မှနဲ့တူတယ်..း)

Anonymous said...

ဟဟ.တကယ့်ကိုပေါ့ပေါ့လေးနဲ့ ရယ်ရတယ်ဗျာ
အားပေးလျက်ပါ အဆင်ပြေပျော်ရွှင်ကြပါစေ

မြစ်ကျိုးအင်း said...

ဖတ်လို့ကောင်းပါ့ဗျာ..ဟာသလည်းမြောက်တယ်...
အရေးကောင်းပဲဗျို့....မခင်လေးငယ်ရဲ့ သင်ခန်းစာ ပေးပုံလည်း ဖတ်ချင်တယ်ဗျို့..
...ခင်မင်သောအားဖြင့်....

Anonymous said...

အင်.... စားတော့ဘူး.. တော်ပြီ အာမခံတယ်
ဆိုတာတောင် မစားတော့ဘူးဗျို့

Talkii said...

ကြာဇံကြော်ထဲမှာ ကြာက်သားမထည့်ပဲ ကြက်ပေါင်ထည့်ပေးလိုက်တာပေါ့။ :)

HAPPY CLOUD said...

(((တောက်))) စက်ရက်လိုက်တာ မိနော်.. စက်ရက်လိုက်တာ။ တော်ပြီး နောက်ဆို အပေါင်းအသင်းမလုပ်တော့ဘူး။ အစအနောက်သိပ်ကြမ်းတယ်။ လုပ်စရာလား သရေကွင်းနဲ့ ဟင်..... ။

ပြောမယ့်သာပြောတာပါ။ မငယ်ကြီးလည်း အစအနောက်ကြမ်းတာပဲ ။ :D

response လေးဖတ်ချင်သေးတယ်နော်။

မိုးမောင်

ကိုရဲ said...

အူးနော် အူးနော် ။ တစ်ခုမေးမို့ ။ အူးနော် နဲ့ ဒီငယ် ဘူတူက အနိုင်ရလည်းဟင် ။ အူးနော်က စတာနဲ့ ဒီငယ်က အိမ်မှာ ပြန်ပြန်တိုင်တာလေ ။ ဘူတူအနိုင်ရလည်း ။ ဟီးးး ။ အူးနော်ပြောမှ ကိုးတန်းတုန်းက ဆရာသင်ခဲ့တဲ့ Men has use wheel ဆိုတာကြီးကို အမှတ်ရလိုက်သေးတရ် ။ ဟုတ်ပါ့ ကိုးတန်းမှာ အဲဒီ့ wheel ကြီးက အဆိုးဆုံးပဲ ။ အူးနော် မေးထားတာဖြေဦးနော် ။

(ငရဲ)

Anonymous said...

ဦးနော်ကလည်းနော် တော်တော်ဆိုး။ ကံဆိုးပြီး ဦးနော်လုပ်လိုက်တဲ့ အဖြစ်က မမခင်လေး မထိပဲ ဆရာမကိုမှ သွားဖြစ်စေတယ်နော်။ မမခင်လေးက သနားပါတယ်နော်။

လေးစားလျှက်
ရောင်