ရပ်နေတဲ့နေရာဘေး ခုံတန်းရှည်ပေါ်မှာတော့ သစ်ပင်ကြီးတွေဆီက ဖြာကျလာတဲ့ မီးရောင်စုံလေးတွေက မှိတ်တုတ်မှိတ်တုတ်နဲ့ ကခုန်လို့ပေါ့။ သီချင်းသံမဟုတ်တဲ့ တေးသွားနဲ့ တီးလုံးသံလေးတွေက နားထဲကို တိုးဝင်လာလိုက် ထွက်ပြေးသွားလိုက်။ ခေါင်းကိုမော့ပြီး ကောင်းကင်ကို ကြည့်မိတော့ နှင်းမှုန်တွေက မျက်နှာပေါ်ကို အပြေးအလွှား တွယ်ကပ်ရောက်လာကြတယ်။ ခပ်ပြားပြား ကားအမည်းလေးတစ်စီး တုန့်ကနဲ အရပ်မှာ မော့ထားတဲ့ခေါင်းကို ပြန်ချမိပါတယ်..။
နေမင်းဟန်...!! သူက ကားထဲကနေပဲ သူ့ကိုယ်ကိုငဲ့ပြီး ကျွန်မဘက်အခြမ်း ကားတံခါးကို ဖွင့်ပေးရင်း...
“မင်္ဂလာပါ... မငယ်.. ကိုယ်နောက်မကျပါဘူးနော်...”
“ဟင့်အင်း.. ကျွန်မ ၃ မိနစ်ပဲ စောရောက်နေတာပါ ကိုနေမင်း...”
ကားထဲက အပူပေးစက် အနွေးကြောင့် အတော်လေး နေသာထိုင်သာရှိသွားပါတယ်..။
“ကိုယ်တို့ တစ်ခုခု သွားစားသင့်တယ်နော်”
“ကောင်းပါတယ် ကိုနေမင်း”
ထုံးစံအတိုင်း နေမင်းဟန် အသံက ရိုးသားမှုတွေနဲ့ တည်ငြိမ်လို့ပါ။ များသောအားဖြင့် ကျွန်မကို အလုပ်မှာရော အပြင်မှာပါ “မေ” လို့ခေါ်တတ်ကြတယ်။ အင်္ဂလိပ်စာလုံး May ဆိုတာ ကျမတို့ မြန်မာအသံထွက်တွေထဲမှာ ခေါ်ရမှတ်ရလွယ်တာလည်း ပါပါလိမ့်မယ်။ စသိချိန်ကစလို့ မိတ်ဆွေသက်တမ်း တစ်လျှောက်လုံးမှာ နေမင်းဟန်ကို ကျွန်မ “ကိုနေမင်း” လို့ခေါ်ခဲ့သလို ကျွန်မကို သူများတွေခေါ်သလို “မေ” လို့ မခေါ်ပဲ ကျွန်မနာမည်ကို “မ” ထည့်ပြီး “မငယ်” လို့ခေါ်တတ်သူပါ။ စကားပြောတိုင်းလည်း ကိုယ်နဲ့မင်းလို့ သုံးနှုန်းတတ်သလို ပိုမိုရင်းနှီးတဲ့ မိတ်ဆွေတွေဖြစ်လာတဲ့ ခုချိန်အထိ ကျွန်မကိုယ်တိုင်ကလည်း “ကျွန်မ”လို့ပဲ သုံးစွဲခဲ့ပါတယ်..။
သူက သူ့ကားထဲက MD Player ခလုပ်လေးကိုနှိပ်လိုက်တော့ ကျွန်မနှစ်သက်တဲ့ Rock သီချင်းတစ်ပုဒ် ခုန်ထွက်လာတယ်။ အံ့သြမှုတွေနဲ့ သူ့ကိုငဲ့အကြည့် သူ့အပြုံးတစ်ခုက လှစ်ကနဲ။ “နေမင်းဟန်” ဆိုတဲ့ သူဟာ ဘယ်တော့မှ ဆူညံညံ ပေါက်ကွဲသံစဉ်မျိုး နှစ်သက်တတ်သူမှ မဟုတ်တာ။ ကျွန်မတို့ မိတ်ဆွေသက်တမ်း သုံးနှစ် ကျော်လာတဲ့အထိ သူ့ကားထဲမှာ ဒီလိုသီချင်းသံမျိုး ကြားရလေ့မရှိ။ ဒါဟာ ပထမဦးဆုံးအကြိမ်ပါပဲ...။
ကျွန်မတို့ တွေ့ဆုံချိန်တွေတိုင်း ပြောတတ်တဲ့ စကားတွေကတော့... တစ်ခါတလေ အလုပ်ထဲက ဖိစီးမှုတွေပါမယ်။ စာအုပ်တွေအကြောင်းပါမယ်။ ရုပ်ရှင်တွေအကြောင်းပါမယ်။ သီချင်းအကြောင်းတွေပါမယ်။ ကိုယ်ရေးကိုယ်တာ တချို့တစ်ဝက်ပါမယ်။ ကိုနန္ဒ မေမေ့အကြောင်းပါမယ်။ ဝတ်ရည်ရဲ့ ခပ်ဆိုဆိုး မောင်လေး အကြောင်းသူပြောမယ်။ ဒါတွေပါပဲ......။
“ကိုနန္ဒ နေကောင်းလား ကိုယ် သုံး လေး ရက်လောက်တော့ရှိပြီ ဘူတာထဲမှာ သူ့ကို လှမ်းတွေ့လိုက်သေးတယ်”
“ဟုတ်... ခုတလော ပုံမှန်ထက် သူအလုပ်များနေပါတယ်”
“ကိုယ်တို့ ကိုရီးယားစာ စားရအောင်လေ”
“ကောင်းတယ် ကိုနေမင်း ကျွန်မလည်း အဲ့လိုတွေးနေမိတာ”
“ဝတ်ရည်ကတော့ အစပ်မစားလို့ ဘယ်တော့မှ ညှိလို့မရခဲ့ဖူးဘူး..”
“ကျွန်မကတော့ ငပိနဲ့ အစပ်ကိုကြိုက်တယ်”
“ကိုယ် မင်းကို ခုမှသိတာ မဟုတ်ဖူးလေ...”
ကျွန်မ နှစ်နှစ်ခြိုက်ခြိုက် ရယ်လိုက်မိပါတယ်..။
“မင်း ကလေးလေးတစ်ယောက်လို ရယ်တဲ့အသံ ကိုယ်မကြားရတာ ကြာပြီနော်”
“ဟုတ်တယ် ကိုနေမင်း ကျွန်မ ဒီလို မရယ်နိုင်အောင် အလုပ်တွေနဲ့ မွန်းနေတာ”
“ဟန်ဆောင်ပြီး အလုပ်တွေထဲမှာ နှစ်ထားတာ တကယ့်မင်းမှ မဟုတ်တာ”
ကျွန်မခေါင်းကို ဆတ်ကနဲ ညိတ်ပြမိရင်း...
“ဝတ်ရည် ခရီးထွက်မယ်ဆိုတာ သွားဖြစ်လား”
“အင်း.. ဒီနေ့ ကိုယ်သူ့ အတွက် လေယာဉ်လက်မှတ် ရက်အတိအကျယူပေးခဲ့တယ်”
“ကိုနေမင်း မလိုက်ဖူးလားဟင်”
“အို့.. အို ကိုနန္ဒခရီးတွေရော မင်းလိုက်ဖြစ်လို့လား မငယ်”
“အင်း.. ဒါလဲဟုတ်ပါတယ်လေ”
“နောက်ဆိုရင်တော့ ကိုယ်လိုက်ရတော့မှာ ဒီခရီးက ဝတ်ရည် တစ်ယောက်ထဲသွားမယ့် နောက်ဆုံးအကြိမ် ခရီးဖြစ်လိမ့်မယ်”
ကျွန်မ ပေါင်ပေါ်တင်ထားတဲ့ စလင်းဘက်အိတ် အပြားလေးကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်မိသွားတယ်။ အိတ်ထဲမှာ ဖုန်းလေးတစ်လုံး၊ ပိုက်ဆံအိတ်ပါးပါးလေး တစ်အိတ်၊ ခေါင်းဘီးလေးတစ်ချောင်း နဲ့ ပန်းနုရောင် ဖိတ်စာကဒ်လေးတစ်ခု ရှိနေပါတယ်။ အဖုံးပေါ်မှာ “နေမင်းဟန်” ဆိုတဲ့ နာမည် ခပ်ဖိဖိရေးထားတဲ့ ကဒ်လေးက ဆွဲထုတ် ယူသူမဲ့ ငြိမ်သက်နေဆဲပါပဲ...။
“မငယ်”
ကျွန်မအကြည့်တွေက နေမင်းဟန် မျက်နှာပေါ်ရောက်သွားတယ်...။
“မငယ်”
“ရှင်ကျွန်မကို ခေါ်တာနှစ်ခါရှိနေပြီ ကိုနေမင်း”
“ဟား ဟားး အဲဒီခပ်ပြတ်ပြတ် အသံနဲ့ ရှုတည်တည် အကြည့်တွေက မင်းမှမင်းပဲ”
“တော်ပါရှင်.. ကိုနေမင်း ဒီနေ့ စကားတွေတော်တော် ပြောနေတယ်နော်”
“ဟုတ်တယ်.. ကိုယ်ဒီနေ့ ကလေးတစ်ယောက်လို ရယ်တာတွေကို ကြားချင်လို့ မင်းကို စချင်နေတာ”
ကျွန်မ သူ့ စကားဆန်းတွေကြောင့် ရယ်ဖြစ်ပြန်ပြီ...။
“ကိုနေမင်း ဘာလို့ ဒီသီချင်းတွေ ဖွင့်ရတာလဲ ကျွန်မစဉ်းစားနေတာ”
“သြော်... ဒါလား.. ဒါက... ဒီလိုလေ...”
ရယ်နောက်နောက် သူ့စကားက တစ်ဝက်တစ်ပျက်မှာ ဆုံးသွားတယ်။ တိကနဲ ကားဘရိတ်ကို တစ်ချက်တော့ပြီး သူရပ်လိုက်ပါတယ်။ စောစောက နေမင်းဟန် မဟုတ်တော့ သလိုပဲ တိတ်ဆိတ်လို့ပေါ့။ ကျွန်မ ခပ်ပေပေမျက်လုံးနဲ့ သူ့ မျက်နှာကို လှမ်းကြည့်မိပါတယ်။ စတီယာတိုင်ကို ညာဘက်လက် တစ်ခုတည်းနဲ့ ဆုပ်ထားရင်း နှင်းတွေကျနေတာကို သူငေးနေတယ်။ ပြီးတော့ ခပ်တိုးတိုးအသံနဲ့ ပြောပါတယ်........
“ဘယ်သူမှ မသိသင့်တဲ့အရာပါ.. တစ်ခါတစ်လေ ကိုယ်ဟာ မင်း... ဖြစ်ဖြစ်ကြည့်ဖူးတယ် မင်းလည်း သိမှာမဟုတ်ဖူး သိစရာလည်းမလိုဘူး... ဒါပါပဲ”
နေမင်းဟန် စကားတွေက ကျွန်မကို တိတ်ဆိတ်သွားစေတယ်။ ချက်ချင်း အားယူပြီး ကျွန်မ ခပ်သော့သော့ ရယ်မောဖြစ်လိုက်တယ်...။
“ကိုနေမင်း ရှင်ဟာလေ......”
“ဝတ်ရည်ခရီးက ပြန်လာပြီးရင် ကိုယ်တို့ လက်ထပ်တော့မယ်.. မငယ်”
သူ့စကားသံ တိုးတိုးလေး အဆုံးမှာ ကျွန်မ ရယ်မောလိုက်မိပြန်တယ်။
နေမင်းဟန် ရှင်ပြောတယ်လေ.. ဒီနေ့ ကျွန်မရယ်သံတွေကို ကြားချင်တယ်ဆို....
“ဘာလဲ ကျွန်မကို သတို့သမီး အရန် ကမ်းလှမ်းချင်တာလား”
သူခေါင်းကိုခါတယ်... ပြီးတော့ ကျွန်မမျက်နှာကို စေ့စေ့ကြည့်နေတယ်...
“မင်းကို ကိုယ်ကျေးဇူးတင်တယ် မငယ်”
“ရှင်”
“မင်း ရယ်သံတွေ အတွက်ပါ ပြီးတော့....”
သူ ခဏရပ်ရင်း အသက်ကို ပြင်းပြင်းတစ်ချက်ရှူပြီး စကားဆက်ပြောတယ်...။
“ကိုယ်ဟာ မင်းနဲ့ မိတ်ဆွေဖြစ်ခွင့်ရပြီး နောက်ပိုင်းမှာ ပတ်ဝန်းကျင်ကို လစ်လျူရှု သင့်တာတွေကို ရှုတတ်တဲ့ အလေ့အကျင့်ရခဲ့တယ်... ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက်ရဲ့ စိတ်တွေ သန့်စင်စွာ ထပ်တူကျမှုတွေကို ကိုယ်နားလည်တတ်ခဲ့တယ်... ပေတေသလို တည်ငြိမ်တတ်တဲ့ မင်းအမူအယာတွေနဲ့ ခင်မင်စရာကောင်းတာတွေ... ကိုယ့်ကို မိတ်ဆွေကောင်း တစ်ယောက်ရဲ့ ပေးနိုင်တဲ့ ဖေးမပေးမှုတွေနဲ့ အားပေးခဲ့တာတွေ... ကိုယ့်ဖိစီးမှုတွေကို မင်းလမ်းပြမှုတွေနဲ့ တည်ငြိမ်စွာ ကျော်ဖြတ်စေခဲ့တာတွေ... အိုကွာ.. အများကြီးပါ... ကိုယ်စံထားရတဲ့ မင်းကို အရာအားလုံးအတွက် ကိုယ်ကျေးဇူးတင်တာပါ.. မငယ်”
“အို... ကိုနေမင်းရယ် အထူးအဆန်းတွေရှင်..”
ဒီတစ်ခါတော့ ဟက်ဟက်ပက်ပက် အော်ရယ်လိုက်တာ နေမင်းဟန်ပါ။ ရှင့်ရင်ထဲကအသံတွေ ဟုတ်မဟုတ် ကျွန်မ အဖြေရှာသင့်သူ မဟုတ်ဘူး ဆိုတဲ့ အသိနဲ့... အတွေးတွေကို ကျမမောင်းတုတ်နိုင်ခဲ့ပါတယ်..။
“ကိုနန္ဒ အတွက် ဂုဏ်ယူတယ်ဆိုတာ ကိုယ့်ကိုယ်စား ပြောပေးပါ...”
“................”
ကျွန်မ ခေါင်းငုံ့ပြီး စလင်းဘက်လေးကို ဖွင့်လိုက်တယ်။ ညာဘက်လက်ချောင်း ထိပ်လေးတွေနဲ့ ပန်းနုရောင် ဖိတ်စာကဒ်လေးအတွေ့မှာ ကျွန်မလက်ကို ပြန်ရုတ်လိုက်မိပါတယ်။ နေပါစေတော့လေ...!! တိုက်ဆိုင်လွန်းစွာ ကျွန်မပြောမယ့် စကားတွေကို ဒီဆောင်းညဥ့်ဦးပိုင်းမှာပဲ သူကအရင် ပြောသွားခဲ့ပါတယ်။ ကျွန်မ လက်လေးတွေ အနည်းငယ် တုန်ရီနေခဲ့တယ်။ ကျွန်မခေါင်းမော့ပြီး သူ့ကို ပြုံးပြီး ကြည့်လိုက်မိပါတယ်..။
“ကျွန်မလည်း ဝတ်ရည်ကို ပြောချင်တယ်... ရင့်ကျက်တည်ငြိမ်တဲ့ ခင်ပွန်းလောင်း တစ်ယောက်အတွက် ကျွန်မ အင်မတန် ဂုဏ်ယူမိတယ်လို့.... Congratulation ပါ..”
ကမ်းပေးလိုက်တဲ့ ကျွန်မ ညာလက်ဖဝါးကို သူ့လက်ဖဝါးနဲ့ ဖျစ်ညှစ်လိုက်တယ်။ နေမင်းဟန်.. ရှင့်အပြုံးတွေ လဲ့ နေသလို ကျွန်မ မျက်လုံးတွေလည်း အရောင်လဲ့နေခဲ့ပါတယ်။ ကျွန်မတွေးမိတယ်.. ကျွန်မတို့တတွေ တစ်ဦးနဲ့တစ်ဦး ရင့်ကျက်စွာ ချီးမွမ်းခန်းတွေ ဖွင့်နေကြတာ ဘာအတွက်များပါလဲ..!! နှလုံးသားထဲကို ဝင်လာမယ့် တစ်စုံတစ်ရာကို အသိစိတ်တွေနဲ့ ထိန်းယူခဲ့ကြတာကရော ဘယ်လောက်များ သေသပ်လှပခဲ့ကြလဲ... နော်..!!
ကျွန်မချက်ချင်း ဆုံးဖြတ်လိုက်ပါတယ်။ သူ့အတွက် ယူလာတဲ့ ပန်းနုရောင် ဖိတ်စာလေးတစ်စောင်ကို ဘယ်တော့မှ သူ့ကို ပေးဖြစ်တော့မှာ မဟုတ်ပါဘူး.!! ကျွန်မတို့တွေ ဖြစ်သင့်ဖြစ်ထိုက်တာတွေကို လူသားဆန်စွာ တွေးခေါ်ဆုံးဖြတ်ခဲ့ကြတယ်။ အကောင်အထည် ဖော်နိုင်ခဲ့ကြတယ်။ ကျွန်မနဲ့ နေမင်းဟန် ဆိုတဲ့ ရှင့်ရဲ့ ဆုံစည်းရခြင်းဟာ သုံးနှစ်ထက်သာ ပိုစောခဲ့ကြမယ်ဆိုရင်လေ.......!!
ကျွန်မတို့ နှစ်ယောက်ရဲ့ အပြန်လမ်းမှာ နှင်းတွေထူထပ်အောင် ကျနေခဲ့တယ်...။ ကျွန်မအိမ်ရှေ့လမ်းပေါ်အရောက် သူရပ်ပေးတဲ့ ကားပေါ်ကဆင်းရင်း ကောင်းကင်ကို မော့အကြည့်မှာ သည်းနေတဲ့ နှင်းမှုန်တွေကြောင့် “လ” ကိုမြင်ခွင့် မရခဲ့ပါဘူး...။ တကယ်လို့များ အဲ့ဒီညရဲ့ ကောင်းကင်မှာ “လ” တစ်စင်းဟာ ကြည်လင်အေးချမ်းစွာ သာနေခဲ့မယ် ဆိုရင်တောင် ကျွန်မ မျက်လုံးတွေက မြင်ချင်မှ မြင်နိုင်ခဲ့လိမ့်မယ် ဆိုတာကိုတော့.....!!
(ခင်လေးငယ်)
2010 February Idea Magazine
23 comments:
မခင်လေးငယ်ရေ... လွမ်းလွမ်းလေးပဲ ဖတ်သွားတယ်နော် ....
ခင်မင်လေးစညးလျှက်ပါ ...း)
အခုမှဖတ်ဖူးတယ် ခင်လေးငယ်ရေ။ တကယ်ကောင်းတဲ့ ၀တ္တုတိုလေးပါ။ တိုတိုလေးနဲ့ရိုးရိုးရှင်းရှင်းလေးပဲ။
အဆင်ပြေပျော်ရွှင်ပါစေ ညီမရေ။
ချစ်မလေး ဖတ်ဖူးပြီးသား ကြိုက်နေဆဲစာလေးပေမယ့် နှစ်ခေါက်ရှိတော့ ပိုမှတ်မိအောင် ထပ်ဖတ်သွားပါတယ်။
ဟိုတစ်ခါ အစ်ကိုရင်နော် ဖွသွားတဲ့ မမရဲ့ စာကြမ်းလေးတွေကိုလည်း စောင့်နေပါတယ်။:)
ချစ်ညလေး
ဖတ်ဖူးဘူး.. ခုမှဖတ်ဖူးတာ.. ဖတ်ရင်းဖတ်ရင်း ကားမောင်းနေတာက ကျွန်တော်ဖြစ်သွားတယ်.. ခိခိခိ
အင်း...
အိမ်ပြန်ရောက်တော့လည်း ပြတင်းပေါက်နား ရပ်ပြီး ကောင်းကင်ကြီးကို မော့ကြည့်လိုက်တော့ လမင်းကြီးကို မိုးသားတိမ်လိမ့်တွေက အနိုင်ကျင့်လို့.. လမင်းကြီးက နိုင်ခဲ့မယ်ဆိုရင်ရော.. လမင်းကြီးရဲ့ ပြုံးပျော်ရွှင်မြူးနေတဲ့မျက်နှာကို ကျွန်တော် မြင်နိုင်ပါ့မလား.. အဟတ်.. အဟတ်..းP
ပျော်ရွှင်ပါစေမခင်၎ရေ..
ဖတ်ဖူးဘူး.. ခုမှဖတ်ဖူးတာ.. ဖတ်ရင်းဖတ်ရင်း ကားမောင်းနေတာက ကျွန်တော်ဖြစ်သွားတယ်.. ခိခိခိ
အင်း...
အိမ်ပြန်ရောက်တော့လည်း ပြတင်းပေါက်နား ရပ်ပြီး ကောင်းကင်ကြီးကို မော့ကြည့်လိုက်တော့ လမင်းကြီးကို မိုးသားတိမ်လိမ့်တွေက အနိုင်ကျင့်လို့.. လမင်းကြီးက နိုင်ခဲ့မယ်ဆိုရင်ရော.. လမင်းကြီးရဲ့ ပြုံးပျော်ရွှင်မြူးနေတဲ့မျက်နှာကို ကျွန်တော် မြင်နိုင်ပါ့မလား.. အဟတ်.. အဟတ်..းP
ပျော်ရွှင်ပါစေမခင်၎ရေ..
ခင်လေးရေ
မကြီးအကြွေးလာဆပ်တာ...
ဖတ်ဖူးပြီးသားလေး......
နောက်တစ်ခေါက်ထပ်ကြိုက်သွားပြန်တယ်..
ချစ်တဲ့
ခင်လေးရေ
မကြီးအကြွေးလာဆပ်တာ...
ဖတ်ဖူးပြီးသားလေး......
နောက်တစ်ခေါက်ထပ်ကြိုက်သွားပြန်တယ်..
ချစ်တဲ့
ဒုတိယအကြိမ် ပြန်ဖတ်တော့လည်း ဖတ်လို့ကောင်းနေဆဲပါဘဲ။ ဆားချက်တာလဲ ချက်ပေါ့။ အသစ်လည်း ရေးသင့်ပြီနော်။
စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်
း(
အသစ်ပါ မဖတ်ရသေးဘူး .. လွမ်းစရာကြီးလိုပဲ
ကံတရားပဲလား .. ၃နှစ်ထက် စောခဲ့မယ်ဆိုရင် ???
ခင်လေး ဆားလာဝယ်တယ် ဆိုင်ရှင်မတွေ့လို့ အလစ်သုတ်သွားတယ် တစ်ပိဿား)
အခုမှ ဖတ်ရတဲ့ ၀ထ္ထုလေးရဲ့ ခံစားချက်လေးက စိတ်မကောင်းစရာလေးနော်။
ကျမနဲ့ နေမင်းဟန်ဆိုတဲ့ ရှင်ရဲ့ ဆုံစည်းခြင်းဟာ သုံးနှစ်ထာသာ ပိုစောခဲ့ကြမယ်ဆိုရင်... ဆိုတဲ့ အတွေးလေးရဲ့ အနောက်မှာ အဓိပါယ်တွေ အများကြီးနော်။
ချစ်တဲ့သူတိုင်း ဆုံတွေ့စေချင်ပါတယ် မမခင်လေးရေ...
ခင်မင်လေးစားလျှက်
စီပုံးလဲမရှီဘူး
ဟိုနေရကမေးမလို့.. မေ့သွားတယ်အမရေ..
ဟိုလေ.. ဟို.. Salt Maker ဆိုတာ ဘာကို ပြောတာလဲ ဟဟဟင်အမ.. မသိလို့မေးတာနော်..း-)
Exercise လုပ်ဖို့ ပြေးလိုက်အုံးမယ်
ပြေးပြီ((((((((((((ဟေ့)))))))))))))း-)
ဘကြီးစည်သူရေ...
Salt Maker ဆိုတာ ဟယူမင်း ဘလော့ဂါတွေက တီထွင်လိုက်တဲ့
Machine ကြီး တစ်ခု လို့ပဲ မှတ်ထားပါကွယ်... ငှဲငှယ်
ခယ်လေးငင်
ပထမတစ်ခေါက်တုန်းက ဖတ်ဖူးပေမယ့်။ အခုပြန်ဖတ်တော့ အသစ်လိုပါပဲ။ သိပ်မငံဘူး အမ။ ဒီပိုစ့်လေးရဲ့ အောင်မြင်မှုအတွက် CHEER!!း)။
ခင်မင်လျှက်..
မင်္ဂလာပါ..
ဒီပို့စ်လေးက တင်ပြီးသား အဟောင်းဆိုပေမယ့် ကျနော့် အတွက်တော့ အရင်တစ်ခါ မဖတ်ဘူးလို့ အသစ်ပါဘဲ။
စာအရေးအသား ညင်သာညက်ညောမှု နဲ့ ဇတ်လမ်းဖန်တီးမှု အနုပညာကို မျက်ဝါးထင်ထင် အတုယူစရာ တွေ့မြင် ဖတ်ရှု့ရခြင်းပါ။
အချိန်ယူပြီး.. မဖတ်ဖြစ်သေးတဲ့ ပို့စ်အဟောင်းတွေကို ရှာဖွေဖတ်ရှု့ ခံစားပါအုံးမယ်။
ခင်မင်လေးစားစွာဖြင့်
ကိုမျိုး
ဒီဆား
တကယ်ကောင်းပါတယ်။
အမြဲတမ်း
တိတ်တိတ်လေး
လာဖတ်တတ်တယ်။
မနေနိုင်လို့ 
မန့် လိုက်ပီ။
မငယ်ဟိုတနေ့က ပေးဖတ်ထားပေမယ့် နောက်တခေါက် ထပ်ဖတ်သွားပါတယ်။
ဒါမျိုး ဆားလေးတွေ အမြဲ ချက်ပါလို့တောင် ပြန်တောင်းဆို ချင်မိသေးတယ်...။
ခုမှပဲ ဖတ်ဖူးတာညီမလေး..
လှပသေသပ်တဲ့ ချစ်စရာကောင်းတဲ့ အလွမ်းဖွဲ့ဇာတ်လမ်းလေး တပုဒ်ပါ
မမ ညီမလေး က တကယ့် ၀ါရင့်ဆရာမကြီးတွေ လို ရေးနိုင်တာပါလား..
တကယ်ကောင်းတယ် အမရေ...
ဖတ်ပြီးသူတွေအတွက်လဲ ထပ်ဖတ်ဖြစ်မဲ့ အက်ဆေးတခုပါပဲ...
အင်းနော်... အချိန်တခုသာ ရခဲ့ရင်တော့... မပြောတတ်ဘူး... ဇာတ်လမ်းလေးက တမျိုးဖြစ်သွားနိုင်တယ်...
မဖတ်ရသေးတော့ အသစ်ပါ။
လှပ ဆွဲဆောင်အားကောင်းတဲ့ ဇာတ်လမ်းလေးမို့ ပြန်တင်ပေးတာ ကျေးဇူးတင်ပါတယ် မခင်လေး။း)
ဖြူစင်သန့်ရှင်းသော မိတ်ဆွေစစ်တို့၏ စိတ်ဖြင့် ခွဲခွာရခြင်းသည်ကား စွန်းထင်းပေကျံသော ရန်သူနှစ်ဦးတို့ ပေါင်းသင်းဆက်ဆံရခြင်းထက် တုနှိုင်းမရအောင် မွန်မြတ်လှပါတယ်လေ.....
ညီမခင်လေးငယ်က အဟောင်းလို့ဆိုပေမယ့် ကိုယ့်အတွက်တော့ မဖတ်ရသေးတော့ အသစ်ပါပဲလေ...ရင်ဘတ်ကြီးနဲ့ ဖတ်သွားပါတယ်...
ပျော်ရွှင်ချမ်းမြေ့နိုင်ကြပါစေ
မခင်လေးငယ်
အမြဲဖတ်နေကျပါ။ ဘလော့လေးလုပ်ချင်စိတ်ဖြစ်လာမိတာ မခင်လေးငယ်တို့လိုကောင်းမွန်တဲ့စာတွေဖတ်ရလို့ပါ။ မရေးတတ်ရေးတတ် ရေးထားတော့ အမှားပါရင်ခွင့်လွှတ်ကြပါနော်....ဝေဖန်ပေးပါလို့...ကျေးဇူးတင်ပါတယ်
Post a Comment