Tuesday, August 5, 2014

မင်္ဂလာပါရှင် ☆彡


ကျွန်မ ခင်လေးငယ်ပါ...။
ဘာရယ်တော့ ဟုတ်ရပေါင် ရှင်... စိတ်ကူးပေါက်လို့ ဒီအထဲ ဝင်ကြည့်တာနေတာရယ်ပါ..။

ကိုရင်ကြီးက လုံးဝ ဘာမှမရေးတော့ပေမယ့် ကျွန်မ ခင်လေးငယ်ကတော့~~~~~~
ဒီနေရာလေး >>>>ခင်လေးငယ်<<<< မှာ ဟိုရောက်ဒီပေါက် ရေးမိရေးရာ  တိုတိုထွာထွာ လေးတွေ ရေးဖြစ်နေမိပါကြောင်း....

မိတ်ဟောင်းဆွေဟောင်း မောင်နှမအပေါင်း ကျန်းမာလန်းဖြာလို့ ချမ်းမြေ့ခြင်းအတိ ရှိနိုင်ကြပါစေ... ☆彡

Sunday, November 20, 2011

သက်ငြိမ်၌စီးမျောခြင်း (၁)

အောက်တိုဘာလ တစ်ဆယ့်လေးရက်။ ရာသီဟာ သူ့သဘာဝအတိုင်း သိပ်ကိုမျှတသင့်တော် လှပနေခဲ့ပါတယ်။ သောကြာနေ့ပါ။ မျက်ဝန်းတွေထဲမှာ အရှိန်ပြင်းပြင်းနဲ့ မြစ်တစ်စင်း သတ္တိရှိရှိ စီးဆင်းနေခဲ့တဲ့ နေ့ဖြစ်တယ် ဆိုပါတော့။ မျက်စံနက်တွေဆီမှာ မြစ်ဖျားခံတဲ့ ရေအဟုန်ကို စုန်ကာမျှောရင်း သူမလုံးသားရဲ့ နက်ရှိုင်းတဲ့နေရာ တစ်ခုအထိ သူဟာ အရိုးသားဆုံး အရောက်သွားနိုင်ခဲ့တဲ့ နေ့လည်းဖြစ်ပြန်တယ်။ သူမစိတ်တွေဆီ အလိုက်သင့်လေး စီးမျောဖို့ သူ့ကို ခွင့်ပေးလိုက်တဲ့ နေ့ဆိုလည်း မမှားပါဘူး။

မုသားကင်းတယ်။ လှည့်ဖျားမှုမဲ့တယ်။ ကောက်ကျစ်ခြင်း ရှင်းတယ်။ သိနေခဲ့ပြီးသား အရာတွေကိုပဲ ဖလှယ်ခဲ့တာမျိုး။ ပူလောင်စူးရှတဲ့နေ သာမနေခဲ့ပါဘူး။ လေ ပြေတယ်။ တိမ်တိုက်တွေ မထူထပ်ခဲ့ဘူး။ အေးချမ်းတယ်။ ခေါင်းတစ်ချက် အညိတ်မှာ ကြားရခဲတဲ့ စကားလုံးတစ်ချို့ကို သူက သွန်ချ။ သူမဟာ ကြည်နူးမှု စားသုံးသူ သက်သက် မဟုတ်ခဲ့တာ အသေချာပါ။ တရားမျှတခဲ့ပါတယ်။ သူကိုယ်တိုင်လည်း ကျေနပ်ခြင်း ကောင်းကင်အောက်မှာ နှစ်လိုဖွယ် သက်ငြိမ်လေးအဖြစ်နဲ့။

မေးခွန်းတစ်ခု အဖြစ် ဘယ်လိုအချိန်မျိုးတုန်းက သူမေးခဲ့ဖူးတာလဲ..!! မေးခဲ့ဖူးပါသလား..!! သူမ သေချာမသိ။ သူမကတော့ ရဲရဲဝံ့ဝံ့ ဖြေလိုက်ရဲ့။

“ကျွန်မ.... ချစ်တယ်....”
”စကြာဝဠာကြီးဟာ ကိုယ့်ကို ဗဟိုပြုပြီး လည်ပတ်နေသလိုပဲ”
လို့ သူပြန်ပြောခဲ့တာ သေချာပါတယ်။

သူမကို သူမြင်သွားပြီ။ သူ့ကိုယ်သူလည်း သူမြင်သွားပြီ။ နှလုံးသားရဲ့ ပစ္စုပ္ပန်ကို သူမနဲ့ သူ တည့်တည့်ကြည့်မြင်လိုက်ကြပြီပဲ။ စိတ်ကို စိတ်ချင်းယှက်။ စိတ်တွေနဲ့ စိတ်တစ်ခုဆီ စီးမျော။ အို..!! အရာရာဟာ ခမ်းနားထည်ဝါလိုက်တာ။ လှပလိုက်တာ။ နူးညံ့သိမ်မွေ့လိုက်တာ။ အိနြေ္ဒရှိလိုက်တာ။ ကြည်စင် ရှင်းသန့်လိုက်တာ။ အနုပညာဆန်လိုက်တာ။

“ကျွန်မ......”
“ဒါဟာ ယာဉ်ပဲ ပန်းတိုင်တော့ မဟုတ်ဘူး၊ ခရီးစဉ်ပဲ ခရီးဆုံးတော့မဟုတ်ဘူး”


“............”
“ပန်းတိုင်မဟုတ်ပေမဲ့ ယာဉ်ကို တန်ဖိုးထားရမယ်၊ ပန်းတိုင် မဟုတ်သေးမှန်းလည်း သိရမယ်”


“အစ..!! အဆုံး..!! ”
“ကိုယ့်စိတ်ဝိညာဉ်ရဲ့ အနက်ရှိုင်းဆုံးကို တိုက်ရိုက်ဆက်သွယ်ပြီး အရှိအမှန်အတိုင်း ရှင်သန်နေထိုင်ရတဲ့ဘဝဟာ ရှားပါးလွန်းပါတယ်”

“ခု.......”
“ကိုယ်တို့....”

သူ့ကို သူမက “သက်ငြိမ်” လို့ တိတ်တိတ်ကလေး အမည်နာမ ပေးထားခဲ့သူ။ ခုတော့ သူ့စကားတွေ နားနဲ့ အကြားမှာ သူမဟာ “တေမိ”ပေါ့။ သူမနှုတ်ခမ်းဖျားဆီကို သူ့အကြည့် ရွှေ့လိုက်သလားမသိ။ သူဟာ သူမအပြုံးတွေ ကူးစက်ခံ လူသားဖြစ်သွားပုံရတယ်။ ပြုံးနေမှန်း မသိသာပါဘူး။ သူပြုံးနေတယ်။ ဒါကို သူမက သိနေတယ်။ သူကိုယ်တိုင်ကလည်း သတိထားပြီး သိနေပါတယ်။ စကားသံတွေ တိကနဲ ရပ်သွားခဲ့ပေါ့။

ခံစားမှုကို မီအောင် ထုတ်ဖော်နိုင်ဖို့ ဦးနှောက်ကို ခပ်ဆိတ်ဆိတ် အမိန့်ပေးနေချိန်မှာ သူကလည်း အကျစ်လစ်ဆုံး စကားလုံးတွေကို တည်ငြိမ်စွာနဲ့ ရွေးချယ်နေခဲ့တယ်ဆိုတာ သူမသိနေခဲ့တာပါ။ သူမက စကားရှာသူ။ သူက စကားရွေးသူ။ ငြိမ်သက်နေခဲ့ကြချိန်လေးဟာ တိတ်တိတ်ဆိတ်ဆိတ်လေး ပကတိ နူးညံ့လို့ပါပဲ။ လက်ဖျားလေးတွေဆီကနေ ဆံခြည်မျှင်လေးတွေအဆုံး ရင်တလှပ်လှပ် ခုန်နေရခြင်းဟာ ပန်းလေးတစ်ပွင့်ထက် လှပလွန်းပြန်နေပေါ့ကွယ်။

သူမ မျက်လွှာချလိုက်တယ်။ သူက အသက်ကို ခပ်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး ပြေလျော့လျော့ ထိုင်နေတဲ့ ခန္ဓာကို မတ်လိုက်ပါတယ်။ ချထားတဲ့ မျက်လွှာကို ပြန်ဖြေရင်း မော့ကြည့်မိချိန်မှာ သူဟာ ကဗျာတစ်ပုဒ် ဖြစ်နေခဲ့ရဲ့။ ပန်းချီတစ်ချပ် ဖြစ်နေခဲ့ရဲ့။ တစ်စုံတစ်ရာပြောဖို့ နှုတ်ခမ်းလေးတွေ မသိမသာ တုန်ရီသွားခဲ့တာပါ။

“အို...........”
“စကားလုံးတွေရဲ့ ဟိုမှာဘက်ထိရောက်သွားပြီ စိတ်နဲ့တောင် စိတ်ကို ပြန်မသိနိုင်တော့ဘူး”


သူမအပြုံးတွေဟာ မိန်းမငယ်လေးတစ်ယောက်လို ရှက်စနိုး အရိပ်ယောင်လေး ဖြတ်ပြေးသွားခဲ့ပါတယ်။ သူကတော့ တည်ငြိမ်ခြင်း သက်ငြိမ်။ သူ့စိတ်တွေလည်း သူမနဲ့ ထပ်တူထပ်မျှ လှုပ်ရှားနေတယ်ဆိုတာ နှစ်ဦးလုံး ငြင်းဆိုနိုင်မှာမှ မဟုတ်ပဲနော်။ မျက်လုံးနဲ့တော့ မမြင်ရဘူး။ မမြင်နိုင်ဘူး။ စိတ်တွေနဲ့ပဲ မြင်ခဲ့ရတာမျိုးပါ။ ဖောက်ထုတ်ရှု့မြင်နိုင်စွမ်း မြင့်မားလွန်းတဲ့ သူမစိတ်တွေကို ကိုယ်တိုင် ကျေနပ်လိုက်ရတာလေ။ သူ့ကိုလည်း လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်တယ်ဆိုတာကို အသေအချာ သိနေတဲ့ သက်ငြိမ်လေးပဲ ဖြစ်ပါတယ်။

ကောင်းကင်ကြီးတစ်ခုလုံး လဲ့ဖြာလို့ပါ။ ခပ်အေးအေး လေညှင်းလေးတွေက သူမတို့ကို အနွေးထွေးဆုံး လွှမ်းခြုံဖို့ အရောက်လာခဲ့ကြပေါ့..။ နူးညံ့လွန်းတဲ့ စိတ်ဝိညာဉ်လေးနှစ်ခုက လေညှင်းတွေကို တွဲခိုစီးရင်း လဲ့ဖြာနေတဲ့ ကောင်းကင်ယံမှာ ကြည်နူးခြင်းတွေနဲ့..................................။

(ခင်လေးငယ်)



Sunday, September 25, 2011

တငွေ့ငွေ့ပေါ့...


တိုးသဲ့သဲ့ အသံလှိုင်းတစ်ခုကို နားဝမှာ ကြားနေရတယ်။ အသံလေးရဲ့ ဦးတည်လားရာဟာ ကျွန်မ နားတစ်စုံဆီကိုဘဲ ဟုတ်နိုင်မလား..!! အမြန်နှုန်းဘယ်လောက် အရှိန်ဟုန်နဲ့ ဘယ်လိုနေရာမျိုးက ကျွန်မဆီကို သယ်ဆောင်လာတာများလဲ..!! သူ့ကို သယ်ဆောင်လာတဲ့ လေတိုက်နှုန်းကို ကျွန်မ ရုတ်တရက် မခန့်မှန်းနိုင်တာ အဆန်းမှ မဟုတ်ပဲကွယ်။ ပင့်သက်ရှိုက်မိတော့မလို ကျွန်မစိတ်လေး ယိုင်နဲ့နဲ့ ဖြစ်သွားခဲ့မိပေါ့။ သတိအထားမှာပဲ အဲ့ဒီစိတ်လေးကို ကိုယ်တိုင် ကျေနပ်မိ နေသူလိုမျိုး။ မျက်လွှာအချမှာ မခို့တယို့ အပြုံးလေးတစ်စ ကျွန်မ မျက်နှာပြင်ပေါ်မှာ ရိပ်ရိပ်လေး ဖြတ်ပြေးသွားခဲ့တယ်။

ဆုံမှတ်တစ်ခုကို ကောက်ကြောင်းချ ဆွဲကြည့်ချင်သူလို တိုးတိတ်တိတ်လေး ခုံမင်နေမိလိုက်တာ... စိတ်ကို ဖွဲ့ဆိုဘို့ လိုက်လို့မမှီတဲ့ စကားလုံးလေး တချို့တောင် စိတ်ဓါတ်တွေကျ လက်မှိုင်ချလို့ အိပ်ငိုက်နေသေးရဲ့။ ဘယ်သူမှလည်း မသိပါဘူး။ သိဖို့လည်း မတောင့်တပါဘူး။ လေငြိမ်ရပ်ဝန်းမှာ ရုတ်တရက်လေးပေါ့ ခပ်သဲ့သဲ့ လေပွေတစ်စင်း တိုက်ခတ်နေတယ်လို့ တင်စားပါရစေ။ ကြယ်စင်လေးတချို့က ဟိုး.. ကောင်းကင်ထက်ယံမှာ တီးတိုးသံစဉ်တစ်ပုဒ်ကို ရှက်စနိုးနဲ့ မယ်လိုဒီရှာနေကြရဲ့။ ကြယ်လေးတွေရဲ့ ပွင့်လင်းမှုကို အားကျစိတ်တွေနဲ့ ငေးမောနေမိသူဟာ ကျွန်မပါဘဲ။

“အရာရာဟာ ပြောင်းလဲခြင်းတွေနဲ့ပါ..” ဆိုတဲ့ ခပ်ဆဆအတွေးက ရင်ထဲမှာ ကိန်းအောင်းနေခဲ့ပြီးသား ဖြစ်နေပြန်တော့.. အပြောင်းအလဲ တစ်ခုခု လုပ်ရမှာကို တိတ်တခိုး စိုးရွံ့မိဆဲ။ ပြောင်းလဲမှု သီအိုရီသစ်ကို ချရေးလိုက်ဖို့ ကျွန်မ လက်ဖျားလေးတွေက ထုံကျဉ်ကျဉ်၊ အေးစက်စက်။   မမြဲခြင်းတွေနဲ့ သီကျူးနေမဲ့ ကြယ်တို့ရဲ့ ဂီတမှာ တလက်လက် ဖြာနေတာက ကျွန်မ နှလုံးခုန်သံတစ်ချို့တဲ့လား..။ ကြည်နူးသလို ကြေကွဲသလိုနဲ့ နောက်ဆုံးတော့ ဟာတာတာလေးဘဲပေါ့။ သိမ်သိမ်မွေ့မွေ့လေး  ပျော်ဝင်ဖို့ကို ကျွန်မ ကြောက်လန့်နေ လိုက်တာလေ..။ ကျွန်မကို နားလည်ပါနော်။ နားလည်တယ် မဟုတ်လားဟင်..!!

ဒီနေ့နဲ့ မနက်ဖြန်ရဲ့ ချိတ်ဆက်မှုကို ဘယ်လိုအရာမျိုးနဲ့ ကျွန်မ ရှင်သန်ခွင့်ပေးလိုက်ရမှာလဲ...!! အလင်းစတချို့ကို စီးမျောရင်းလား..!! ဒါမှမဟုတ် နေဝင်ချိန်တချို့ကို မီးညှိရင်းလား..!! ဟင့်အင်း..!! ပြန်မရတော့မဲ့ ညလေးထဲက စက္ကန့်တွေကို လမ်းခင်းရင်း စက္ကန့်အသစ်လေးထဲကို တိုးဝင်ဖို့ သတ္တိကို ဘယ်လိုနေရာမျိုးက ရနိုင်မှာလဲ။ လောကကြီးကို ချော့သိပ်ဖို့ ကျွန်မ ကမ္ဘာလေးကို သာယာစေဖို့ ချိုမြိန်တဲ့ ပန်းသီးလေးတစ်လုံးနဲ့ အပြာရောင်နှင်းဆီလေး တစ်ပွင့်တော့ ကိုယ်တိုင် ဆောင်ထားချင်သေးတယ်။ ရီဝေဝေ ကျွန်မအိပ်ခန်းလေးကတော့ တိမ်တိုက်တွေ အပြည့်နဲ့။ စားပွဲပေါ်မှာ ထွန်းညှိထားတဲ့ ပြာလဲ့လဲ့ ဖန်ခွက်ထဲက ဖယောင်းတိုင် မီးညွန့်လေးထဲမှာ ငှက်ကလေးတစ်ကောင်များ ပျံသန်းနေလေမလား ကျွန်မစောင့်ကြည့် နေမိပြန်ပေါ့။

သီးသန့်ညလေးထဲမှာ သီးသန့်ရင်ခုန်မှုလေးကို သီးသန့်လေး ခုန်မင်နေရတာ စံပယ်ဖြူလေးတွေ ဖွေးဖွေးလှုပ် ပွင့်နေသလိုပဲ ဘယ်လောက် ရှင်းသန့် မွှေးပျံ့လိုက်လည်း။ ဆုံမှတ်ဆိုတာ အဲ့ဒီအရာလေးပေါ်မှာ ကျွန်မတို့ရဲ့ ခြေအစုံကိုချလို့ ရပ်ပစ်လိုက်မှ ဆုံမှတ်လို့ ခေါ်နိုင်တာမျိုးလားဟင်..!! ကျွန်မအတွက်တော့ ကျွန်မရဲ့ညလေးတွေ ရှိနေသ၍ ညတွေတိုင်းဟာ ခြေရာတွေ ဆုံဖို့မလိုတဲ့ ဆုံမှတ်လေးတစ်ခုပဲပေါ့။ နှောင်ကြိုးတွေ... နှောင်ကြိုးလေးတွေ။ သက်ရောက်အား ဘယ်လောက်နဲ့ ချည်နှောင်ထုံးဖွဲ့ ထားနေပြီးသားလဲ..!! အို...  ကျွန်မ မတွေးရဲဘူးလေ။ မတွေးရဘူးလေ။ မတွေးသင့်ဘူးလေ။

သီချင်းလေးတစ်ပုဒ် နေကောင်းနေပါရဲ့လား။ ကဗျာလေးတစ်ပုဒ် ချမ်းမြေ့နေပါရဲ့လား။ သတင်းလေးတစ်ပုဒ် သင်းပျံ့မွှေးချိုနေပါရဲ့လား။ ဂစ်တာလေးတစ်လက် တောက်ပြောင်လက်နေပါရဲ့လား။ စာတန်းအနီလေးတွေနဲ့ အဖြူရောင် ဦးထုပ်လေးတစ်လုံး ပျော်ရွှင်နေပါရဲ့လား။ မိုးစက်မိုးပေါက်လေးတွေ ကျန်းမာကြည်စင်နေပါရဲ့လား။ အဘိဓါန်တစ်အုပ်လို ကျွန်မစိတ်တွေကို အမှန်ကန်ဆုံး နားချပါဦး “ဖေဖေ”။ တရားဓမ္မတစ်ပုဒ်လို ကျွန်မကို နွေးထွေးငြိမ်းအေးစွာ ကြားနာစေပါဦး “မေမေ”။ သူ့ရင်ခွင် နွေခေါင်ခေါင်မှာ ရွာချလိုက်တဲ့ နှင်းမိုးဟာ ကျွန်မဖြစ်လိုမိပေမဲ့....။ ရှတတကြိုးတစ်စရဲ့ ရစ်ဘီးလုံးလေးဟာ ကျွန်မ မဖြစ်ပါရစေနဲ့နော်။ စွန်လေးတွေ လွတ်လွတ်လပ်လပ် လေထဲမှာ ဝဲလွင့်နေပါစေ။ တိုးတိတ်တိတ်လေး လွမ်းချင်းကို ဖွဲ့သီနေတဲ့ ပြတင်းတံခါးလေးတော့ ကျွန်မဖြစ်ချင် ဖြစ်ပါစေပေါ့..။ 

ဒီလိုနဲ့ပါပဲ.. ကျွန်မ သတိရလာတယ်။ သိပ်ကို သတိရနေမိတယ်။ စကားတွေကို တဖွဖွပြောချ လိုက်ချင်စိတ်က အတွေးထဲမှာပဲ တရှိန်ထိုးနဲ့ ကျွန်မနှုတ်ခမ်းတွေရှိရာကို အပြေးအလွှား..။ ကျွန်မ ကြောက်နေတယ်။ ကျွန်မ စိုးရိမ်နေတယ်။ ကျွန်မ ဒဏ်ရာတွေရခဲ့ဖူးတယ်။ ကျွန်မ ဒဏ်ရာတွေကျက်ဖို့ ဆေးကုထားရတယ်။ ကျွန်မ ငြိမ်သက်နေတယ်။ ရှင်သန်ခြင်းကို ကျွန်မတိတ်တခိုး ငြီးငွေ့နေတယ်။ ကျွန်မ ထုံထိုင်းတွေဝေ ဆွံ့အ နေတယ်။ ကျွန်မ သိပ်ချစ်ခဲ့တာပါ။ ကျွန်မ သိပ်ချစ်နေဆဲဘဲ။ တိုးသဲ့သဲ့ အသံလှိုင်းလေးကို ကျွန်မ တမ်းတနေပါတယ်။ ပြန်မလာပါနဲ့တော့။ ဘယ်တော့မှ...။ တကယ်ပါ။ ဘယ်သောအခါမှပါ။ ကျွန်မကိုယ်ကျွန်မ အရမ်းကြောက်ပါတယ်။ လွန်ဆွဲနေတဲ့ အရာတွေနဲ့ ကျွန်မ အစွန်းတစ်ဖက်မှာ ရပ်နေမိပါပြီ။ ဝန်ခံပါရစေတော့.. ကျွန်မ သူ့ကို နားလည်မှုတွေနဲ့ တမ်းတလွမ်းဆွတ်နေ လွန်းပါတယ်။

ညင်သာလှိုက်မောမှု ဂီတနဲ့
အပြာရောင် နှင်းဆီတစ်ပွင့်ကို ငေးရင်း
မြဲခြင်း မမြဲခြင်း ရသမှာ
အိပ်မက်နဲ့အတူ
တိမ်တွေလိုဘဲ
အသေချာဆုံး မျောလွင့်မလို့
တငွေ့ငွေ့လေး ထွေးပိုက်ထားပါ။

လက်တွေ့ဘဝထဲမှာ ယုယနွေးထွေးတဲ့ ရင်ခုန်ခြင်းတွေကို အတောင်ပံလေးတစ်စုံ တပ်ပေးလိုက်ဖို့ ကျွန်မ သတ္တိမရှိနိုင်တော့တဲ့အခါ... အိပ်မက်တွေနဲ့ တစ်သက်လုံးပေါ့။ အိပ်မက်တွေထဲမှာဘဲ တစ်သက်စာလုံးပေါ့။ ကျွန်မကို.... တငွေ့ငွေ့လေး.... ထွေးပိုက်ထား လိုက်ပါတော့နော်။
 
(ခင်လေးငယ်) 

Tuesday, March 29, 2011

ရင်၌တည်သော ထိုချစ်ခြင်း..


ချစ်တတ်ခြင်းသည် အချစ်ဖြစ်သည်...။ ထို့အတူ တရံတခါ၌ ဖြစ်ခဲ့သော ချစ်ဖူးခြင်းသည်လည်း အချစ်ဖြစ်ပါသည်...။ ပုထုစဉ်မှန်လျှင် လောကတွင် အချစ်နှင့်ဝေးကွာသူ မည်သူရှိပါသနည်း..။ ဘဝတွင် အနည်းဆုံး တကြိမ်တခါမျှတော့ အချစ်ကို ခံစားဖူးပါလိမ့်မည်..။ ငယ်ရွယ်နုပျိုစဉ်တွင် ဖြစ်စေ.. တည်ငြိမ်ရင့်ကျက်သော အရွယ်တွင်ဖြစ်စေ.. အသက်အရွယ် ကြီးရင့်သော အခါတွင်ဖြစ်စေ.. နူးညံ့သော ချစ်ခြင်းတစ်ခု၌ (သို့မဟုတ်) ချစ်ခြင်းတစ်ခုနှင့် ရင်ခုန် မွေ့ပျော်ဖူးလေမည်..။ နှလုံးသားကို ဗဟိုပြု၍ ရင်၌တည်သော စစ်မှန်သည့် ချစ်ခြင်းသည် အသက်အရွယ်၊ ဂုဏ်ပကာသန၊ ရုပ်ရည်သွင်ပြင်၊ ဥတုရာသီမရွေး ကွေ့ကောက်ကင်းစွာ မိမိထံသို့ တန်းတန်းမတ်မတ် ချဉ်းနင်းဝင်ရောက် လာတတ်လေ့ ရှိပါသည်..။ 


ဟန်ဆောင် ထိမ်းချုပ်ရန် အင်မတန်မှ ခက်ခဲသော အရာသည် အချစ် ဖြစ်ပါလိမ့်မည်..။ ချုပ်တည်းနိုင်စွမ်း မည်မျှပင်ရှိနေပါစေ မိမိစိတ်၏ ခံစားဖြစ်တည်မှုကို ကိုယ်တိုင် အချိန်ရှည်ကြာ လိမ်ညာဖုံးကွယ်၍ လုံးဝရနိုင်မည် မဟုတ်ပါ..။



~~~~~~~~~~~~~~~~။။။။။။~~~~~~~~~~~~~~~~~

“ချစ်ဖူးပါသည်.. ချစ်ခဲ့ပါသည်.. ချစ်နေဆဲ ဖြစ်ပါသည်..။”

တိုးတိုးတိတ်တိတ် နေဝင်သွားတဲ့ ညနေတွေ အများကြီး ရှိနေဆဲပါ..။ ကျွန်မတို့အတွက် နေ့သစ်တွေ ရောက်လာဦးမယ် ဆိုပါဦး.. ဘယ်မှာလဲ အတူတူရှိနိုင်မဲ့ အာရုံဦးနဲ့ ညနေခင်းတွေ ညတွေရယ်...။ ရခဲ့ဖူးသလား မရတော့တာလား ရနိုင်သေးတယ် မရနိုင်တော့ဘူး ဘာမှမသိနိုင် တော့တာလား..!! နမိတ်မဖတ်တတ်သူ ကျွန်မတို့နှစ်ဦး ဘယ်အရာကိုမှ အတိတ်မကောက် ခဲ့ဖူးတာတော့ သေချာပါရဲ့နော်။ ကျွန်မလေ... ဘာကိုမှ ကြေကွဲမနေပါဘူးကွယ်..။ အရာရာဟာ ဟိုး အရင်အတိုင်းပါပဲ သူ့အလိုလိုလေးပဲပေါ့...။


နှိုင်းနှိုင်းဆဆနဲ့ ချင့်ချိန်ကြည့်ဘို့ ဆိုတဲ့စကားလုံးလေးက ကျွန်မတို့ စိတ်တွေနဲ့ သိပ်ကိုဝေးလွန်းခဲ့ပါတယ်..။ စိတ်တွေနဲ့ လျှောက်လှမ်းနေတဲ့ ကျွန်မတို့ လမ်းလေးက ဖြောင့်ဖြူးနေလွန်းလို့..။ သူနင်းလျှောက်သွားတဲ့ ရွက်ခြောက်ကြွေလေးတွေရဲ့ တိုးသဲ့သဲ့ ညည်းတွားသံကို ကျွန်မခံစားမိနေသလို ကျွန်မဘယ်ဖက် လက်ကောက်ဝတ်ပေါ်က လှုပ်လှီလှုပ်လဲ့ တွဲခိုနေတဲ့ ကြယ်လေးတွေရဲ့ ခိုးခစ်ခစ် ရယ်သံလေးတွေကို နားထဲမှာ အလွတ်ရနေ တတ်ခဲ့သူဟာ ဘယ်သူများ ရှိနိုင်သေးလို့လဲ...။ 

ဘယ်သူပြောမလဲ... ကျွန်မတို့ကို...!! ရူးတယ်လို့ပေါ့..။ ဘယ်လိုပြောပြော ပြောကြပါစေ.. နူးညံ့နေဆဲပါ။

လာသွားမယ် ဟောဟိုကမ်းစပ် 
ခရုကောက်ရင်းတေးဆို 
နေညိုညိုမှာ ငိုမှာစိုးတယ်
မောင့်လက်ကိုတွဲ
အားသစ်ဖြစ်စေ နွေးထွေးစေ..။

လေအသော့မှာ တရိပ်ရိပ်ပြောင်းသွားတဲ့ တိမ်ပန်းချီတွေကို မော့ကာငေးရင်း ဟက်ဟက်ပက်ပက် ရယ်မောရင်း ကလေးငယ်လေးတွေလို ဆော့ပြေးဖူးတဲ့ ညနေတွေကို သတိအရမှာ ပြုံးမိပြန်သေးတယ် မောင်..။ နှုတ်ခမ်းပါးမှာ လက်တမ်းကဗျာလေးတွေ “တွဲခို..” မျက်ဝန်းနက်နက်မှာ အကြည့်လဲ့လဲ့တွေက “လက်စို..”။

ဒီလိုနဲ့ပါပဲ... ချစ်ခြင်းမူဟန်ကိုယ်စီနဲ့ ချစ်ခြင်းတွေကို ချခင်း.. ချစ်ခြင်းလမ်းမှာ ဖွဖွနင်းရင်း.. ချစ်ခြင်းနဲ့ ကြည်စယ်.. မပျယ်မဲ့ သစ္စာနဲ့ ချစ်ခြင်းကိုပွေ့ပိုက်လို့ အိမ်အပြန်တွေဟာ သိပ်ကိုလှပ လွန်းခဲ့ပါတယ်..။ ငှက်လေးတွေရဲ့ အိပ်တန်းတက် တေးဆိုသံကို ခြေရာကောက်တော့ နေကြာဝါဝါတွေက မခို့တရို့လေးနဲ့  ငိုက်မြည်းပြ ကြသေးတယ်...။


အိပ်မက်မှာ အာရုံခံ ရေတွက်ခဲ့တဲ့ ဟော.. ဟို နက်ပြာပြာ ကောင်းကင်ထဲက ကြယ်တွေလည်း အများကြီး ရှိခဲ့ဖူးသေးတာပေါ့။ ကျွန်မ ပြောပြမိခဲ့တာ မှတ်မိနေဦးမှာကို ယုံကြည်နေမိဆဲပါ...။ အဲ့ဒီညမှာ ဘယ်လို ကြယ်လေးမျိုးမှ မကြွေစေရဘူး ရယ်လို့ နှစ်ဦး သဘောတူ တိုးတိုးလေး ရွတ်ဆိုမိခဲ့ကြဖူးတယ် ဆိုပါတော့..။

“သဲပြင်ပေါ်မှာထိုင်ပြီး ညကောင်းကင်က ကြယ်တွေကို ကျွန်မတို့ လုပြီး ရေတွက်ကြမယ်လေ.. နော်”
“မေ့ကိုဝတ်ပေးဖို့ အနွေးထည်လေး တစ်ထည် ယူလာမယ်”

“ကျွန်မကကော ဘာယူလာမယ်လို့ မောင်.. ထင်လဲဟင်..”
“ဒေါက်ဖိနပ် တစ်ရံ..”

“ဟင့်အင်း..”
“ဟော.. ဆိုင်လည်း မဆိုင်ဘူးဆိုပြီး ပြုံးနေပြီ ဒါဆိုဘာလဲ တိုးတိုးလေးပြောပြ”

“ကြိုးလေး တစ်ကြိုး”
“ဟင်....”

“ဟုတ်တယ်.. မောင်“
“ဘာကြိုး..”

 
“ကြယ်သီကြိုး”
“မေ.... ရယ်” 

မှင်တက်မှုနဲ့ နူးညံ့သွားတဲ့ သူ့မျက်နှာဟာ နှစ်လိုဖွယ် တည်ကြည်နေသလို.. မျက်လုံးတွေထဲက ယုံကြည်ချက် သက်ငြိမ်ပန်းချီ တစ်ချပ်ကို  လှစ်ကနဲ မြင်ခွင့်ရလိုက်သူဟာ ကျွန်မဖြစ်ခဲ့ပါတယ်..။  အဲ့ဒီအချိန်လေးမှာ ရိုးရှင်းသန့်စင်တဲ့ ရင်ခုန်စီးကြောင်းလေးဟာ မောင်ဆုပ်ကိုင်ထားတဲ့ ကျွန်မဘယ်ဖက် လက်ဖျားလေးဆီကနေ ဖြစ်တည်ခဲ့တာပါ.. မောင်..။ ကျွန်မတို့ နံဘေးမှာ ကဗျာသစ်တစ်ပုဒ် ကခုန်တော့မယောင်..။ အကြည့်တွေပြိုင်တူနဲ့ ခေါင်းကိုပင့်လို့ ကောင်းကင်ဆီကို မော့အငေးမှာ လှိုင်းပုတ်သံလေးက တိုးသဲ့သဲ့..။


အမူပိုပို
ချစ်သူ့အတွက်
တိုးတိတ်တောင်းပန်
မပြိုပါနဲ့
တိမ်မိုးညိုရယ်
မေ.. ငြိုငြင်မှာ
စိုးလှတယ်..။

တအိအိ ပြိုဆင်းလာတော့မဲ့ မိုးသားတွေကို မောင်က ကဗျာလေးနဲ့ တဖွဖွတောင်းပန်ချိန်မှာ ကျွန်မဆံနွှယ်တွေကို လေအေးအေးက ကျီစယ်..။ လေအသော့မှာ ကျွန်မခေါင်းထက်က ခပ်ကွေးကွေး စံပယ်ကုံးလေးဆီက ရနံ့လေး ပျယ်မှာတောင် စိုးမိရသေးတယ်.. တဲ့လားကွယ်..။

“အချစ်ဆိုတာ ဘာများလဲ.. လို့ တကူးတက တွေးကြည့်ဖူးသလား မေ..”

“အို...! အချစ်...!!”

“ပြောကြည့်ပါလားဟင်”
“ချစ်ခြင်းနောက်ကွယ်မှာ တွဲလျက်ကပ်ပြီး တွယ်ငြိလာတဲ့ အရာတွေ အများကြီးပဲ မဟုတ်လားကွယ်..
သူ့တစ်ခုတည်းကိုတော့ အချစ်ဆိုတာ ဘာလဲဆိုပြီး ပုံသေ အဓိပ္ပါယ်ဖွင့်ဆိုလို့ မရနိုင်သလို.. ဖွင့်ဆိုနိုင်ဖို့လည်း လိုအပ်မယ်မထင်ပါဘူး... မေ ကတော့လေ ဘာတွေဖြစ်လာဦးမလည်း ဆိုတဲ့ အတွေးပေါင်းစုံနဲ့ ရင်မောမနေချင်ဘူး.. အဆုံးစွန်ထိ မေ.. တွေးကြည့်ဖူးသူပါ မောင်နဲ့မေကော ဒီလောက်ချစ်နေကြပြီး ခွဲခွာခြင်းဆိုတဲ့ တစုံတရာ မေတို့ဆီကို ရောက်မလာနိုင်ဘူးလို့ ပြောနိုင်လို့လား မောင်ရယ်... ခွဲခွာကြရရင်ကော တည်တည်ငြိမ်ငြိမ် မေ.. ရင်မဆိုင်နိုင်ပါဘူး.. အဆိုးဆုံးကို ကြိုတင်တွေးထားဖူးလို့ မေ့မှာ သတ္တိတွေရှိမယ် မောင်ထင်လား..!! ဟင့်အင်း မောင်ရယ် ခံစားနိုင်တယ် မခံစားနိုင်ဘူး ဆိုတာ သတ္တိနဲ့မှ မဆိုင်တာလေ.. နော်.. မခွဲရဖို့တော့ မေတို့ ကြိုးစားရမှာပေါ့.. ဘယ်လိုပဲ ဖြစ်ဖြစ်ပါကွယ်.. ဒီလိုနေ့လေးတွေ အတွက်ကော တသက်လုံးစာပါ  မောင့်ကို.. ချစ်တယ်...”  
 
“ဒါပေါ့ မေ.. ဝေးဝေးနီးနီး မောင်တို့ရင်ထဲက အချစ်တွေ ရှင်သန်နေသမျှ နူးညံ့သန့်စင်စွာနဲ့ ချစ်နေကြဖို့ပါပဲ.. မောင်ချစ်တာ မေ.. တယောက်ထဲ... ကဲ.. မေယူလာမဲ့ ကြိုးကလေးနဲ့ မောင်တို့အတွေးတွေထဲက ကြယ်လေးတွေကို တလုံးချင်း သီကြမယ်နော်..”
“ဟုတ်......”


မြတ်နိုးချစ်ခင် ယုံကြည်ခြင်းတွေနဲ့ သူဆိုပြဖူးတဲ့ ကဗျာလေးတွေကို ကျွန်မနားဝမှာ ကြားယောင်လာတိုင်း ချိုလဲ့လဲ့ ပုံရိပ်လေးတွေ ကျွန်မအနား ဖြတ်ဖြတ်ပြေးနေဆဲ..။ အခုဆိုရင်... ကျွန်မတို့တတွေ တယောက်အနားမှာ တယောက် မရှိနိုင်တော့တဲ့ နှစ်လတွေက မရည်တွက်နိုင်အောင် အများကြီးရှိနေပါပြီ..။ ဒါပေမဲ့... ကျွန်မစိတ်တွေက တရက်မှမခွဲခွာပဲ မောင့်ဘေးမှာ ရှိနေခဲ့တာပေါ့..။ ဒီလိုပါပဲ မောင့်.. ရင်ခုန်သံတွေလည်း ကျွန်မနဲ့ အနီးဆုံးမှာ လှုပ်ခါနေဆဲဆိုတာ ယုံကြည်လိုက်တာလေ..။

ကျွန်မကို ချစ်စနိုးနဲ့ မေမေ“မေ”.. လို့ ခေါ်တတ်တဲ့ ကျွန်မတူတွေ တူမတွေတောင် လူပျိုပေါက်လို့ ခေါ်ဆိုနိုင်လာတဲ့ အရွယ်တွေရောက်လို့နေပေါ့..။ မောင့်မှာလည်း ကျွန်မလိုပဲ တူတွေ တူမတွေ အများကြီး ရှိနေလောက်ပြီဆိုတာ ကျွန်မသိနေပါတယ်..။ ကျွန်မတို့ နှစ်ယောက်လုံး အိမ်ထောင် မပြုဖြစ်ကြတာကို တိုက်ဆိုင်မှု တစ်ခုရယ်လို့တော့ ပေါ့ပေါ့လေး ပြောမထွက်ပါဘူးကွယ်..။

ကျွန်မအတွက်ရယ်လို့ မောင်စပ်ပြီး သိမ်းထားနေတဲ့ မဆိုဖြစ်တော့မဲ့ ကဗျာလေးတွေ ဘယ်နှစ်ပုဒ်တောင် ရှိလို့နေပြီများလဲ..!! အဲ့ဒီလိုပါပဲ... ကျွန်မတို့ အတူတူ သီကုံးနေဆဲ ကြယ်လေးတွေကလည်း ကုန်မှ မကုန်နိုင်ပဲ..။ ကျွန်မတို့ ကြယ်သီကြိုးလေးက ဘယ်လောက်ပဲ ရှည်လျားလာပါစေ ဘယ်တော့မှ ပြတ်ထွက်မှာမှ မဟုတ်တော့ပဲလေ.. နော်..!!

ကျွန်မဆိုတာ မောင့် အသိလေးထဲမှာ ရှိနေသ၍ မောင်.. ဆိုတာ ကျွန်မနှလုံးအိမ် ထောင့်လေးတစ်နေရာမှာ နေရာယူထားသ၍.. ကျွန်မတို့ ဘယ်မှာ ဝေးကွာခဲ့လို့လည်း..!! မကြာခင်မှာပဲ ကျွန်မ ဆံပင်လေးတွေ ငွေရောင် သမ်းလာတော့မှာ မောင်ရဲ့..!! ပြုံးစစနဲ့ မဆီမဆိုင် ဆံပင်ကို သပ်တင်လိုက်မယ့် မောင့်ပုံစံကို ကျွန်မ အတွေးမှာ မြင်ယောင်လာမိတယ်..။ သြော်... မောင်လည်း နောက်ရာစုနှစ် တစ်ကွေ့ နှစ်ကွေ့ကျော်ရင် ဖိုးဖိုးပဲပေါ့ကွယ်..။ 


ကျွန်မနားဝလေးမှာ မောင့်ခေါ်သံလိုလို စကားပြောသံလိုလို ကျွန်မ အတွေးမှာ တိုးတိုးလေး ကြားမိလိုက်ပါတယ်..။

“ကဲ... အတွေးတွေ ဝေမနေနဲ့ မေ ရယ်.. မောင်တို့ မသီမိလိုက်ပဲ လွတ်သွားတဲ့ ကြယ်လေးတွေ များနေမှာ စိုးလှတယ်...” 
။။


~~~~~~~~~~~~~~~~။။။။။။~~~~~~~~~~~~~~~~~

ချစ်တတ်ခြင်းသည် အချစ်ဖြစ်သည်...။ ထို့အတူ
တရံတခါ၌ ဖြစ်ခဲ့သော
ချစ်ဖူးခြင်းသည်လည်း အချစ်ဖြစ်ပါသည်...။ ပုထုစဉ်မှန်လျှင် လောကတွင် အချစ်နှင့်ဝေးကွာသူ မည်သူရှိပါသနည်း..။ ဘဝတွင် အနည်းဆုံး တကြိမ်တခါမျှတော့ အချစ်ကို ခံစားဖူးပါလိမ့်မည်..။ ငယ်ရွယ်နုပျိုစဉ်တွင် ဖြစ်စေ.. တည်ငြိမ်ရင့်ကျက်သော အရွယ်တွင်ဖြစ်စေ.. အသက်အရွယ် ကြီးရင့်သော အခါတွင်ဖြစ်စေ.. နူးညံ့သော ချစ်ခြင်းတစ်ခု၌ (သို့မဟုတ်) ချစ်ခြင်းတစ်ခုနှင့် ရင်ခုန် မွေ့ပျော်ဖူးလေမည်..။ နှလုံးသားကို ဗဟိုပြု၍ ရင်၌တည်သော စစ်မှန်သည့် ချစ်ခြင်းသည် အသက်အရွယ်၊ ဂုဏ်ပကာသန၊ ရုပ်ရည်သွင်ပြင်၊ ဥတုရာသီမရွေး ကွေ့ကောက်ကင်းစွာ မိမိထံသို့ တန်းတန်းမတ်မတ် ချဉ်းနင်းဝင်ရောက် လာတတ်လေ့ ရှိပါသည်..။

ထို့နောက်.. နူးညံ့သန့်စင် လှပလွန်းသော ထိုချစ်ခြင်းသည် အသက်အရွယ်အားဖြင့် မည်မျှပင် ကြီးမြင့်သွားပါစေ နုဖတ်သည့် နှလုံးသားရင်ခွင် ကိုယ်စီ၌ ကိန်းဝပ်ရှင်သန် တည်မြဲနေလေ့လည်း ရှိတတ်ပါသေးသည်..။


(ခင်လေးငယ်)


ဖွင့်ဟချက်..။ ။ ဆရာမ မမမေငြိမ်းရဲ့ “အချစ်အကြောင်းပြောရအောင်” ဆိုတဲ့ ဝတ္တုကာဗာ ဖိုတိုပုံလေးကနေ စသွားခဲ့တဲ့ Tag post လေးပါ။ အချစ်အကြောင်းကို ဆက်ပြောဖို့ Tag ပါတယ် အားရင် ခင်လေးရေးပါလို့ ဆိုလာသူက မမသက်ဝေ  ပါပဲ..။ မရေးဖြစ်တာ သိပ်ကြာလွန်းနေတဲ့ ဘလော့လေးပေါ်မှာ စာပြန်ရေးဖို့ အချိန်နဲ့ အရှိန်ပြန် ယူနေတုန်းကာလ ဖြစ်သလို... အခက်ခဲလေးတွေ ကြားထဲကနေ ဒီစာတိုလေးကို ချစ်ခြင်းအားဖြင့် ရေးဖြစ်အောင် တွန်းပို့ခဲ့တဲ့ မမသက်ဝေနဲ့ အစ်ကိုတွေ အစ်မတွေ သူငယ်ချင်းတွေ အားလုံးကို ကျေးဇူးတင်မိရပါတယ်..။ 


Tuesday, February 8, 2011

ဒီနေ့...


ကျွန်တော်နဲ့သူ သိပ်ချစ်မိသွားကြတာ အတော်လေးတော့ ထူးဆန်းနေနိုင်ပါတယ်..။ ပြန်ပြောပြရမယ် ဆိုရင်လည်း စကားလုံးတွေက သိပ်တော့မရှိပြန်ပါဘူး။ နှလုံးသားထဲကို အလိုလို ရောက်လာပြီး နူးနူးညံ့ညံ့လေးနဲ့ အခိုင်အမာ သန္ဓေတည်သွားတာမျိုးလေးပါပဲ..။ ကျွန်တော့်ခြေတွေ သူ့ဆီ လှမ်းမသွားခဲ့သလို သူလည်း ကျွန်တော့်ကို မကမ်းခဲ့ပါဘူး..။ ဒါပေမဲ့ အံ့သြစရာကောင်းတာက ကျွန်တော်တို့ ဆုံမှတ်တစ်လေးခု အပေါ်မှာ အတူတူ ရပ်မိသွားကြတယ် ဆိုတာပါပဲ..။

ရင်ခုန်စရာ သိပ်ကိုလှပတဲ့ ဆုံမှတ်လေးပေါ်က စက်ဝိုင်းလေး တစ်ခုထဲမှာ ရပ်နေတဲ့ ခြေထောက်လေးနှစ်စုံ ရှိနေပါတယ်..။ 

အခိုင်အမာ အမှတ်တရ ရှိနေစေတဲ့ အရာတွေကတော့ ပြောလို့မကုန်နိုင်အောင် အများကြီးပဲပေါ့...။ သူဟာ ကျွန်တော့်အတွက် နှစ်လိုဖွယ်အကောင်းဆုံး အမျိုးသမီး ဖြစ်သလို သူကလည်း ကျွန်တော့် အမူအကျင့်တွေကို မြတ်နိုးပေးတတ်သူ တစ်ယောက်ပါ။ ကျွန်တော်နဲ့ သူ့မှာ တူတဲ့ အလေ့အထလေးတွေ အတော်များပါတယ်..။ အတူညီဆုံး မူဟန်တစ်ကွက်ကတော့ ကျွန်တော်တို့ နှစ်ဦးလုံး ပေပေတေတေနဲ့ လမ်းတွေလျှောက် နေတတ်ကြခြင်းပဲပေါ့။ ကျွန်တော်တို့ ဆုံဖြစ်ကြတိုင်း တစ်ယောက်ပုံစံ တစ်ယောက်ကြည့်လို့ ရယ်မောမိကြတာလည်း အကြိမ်ကြိမ်။

ကျွန်တော်တို့ဟာ အပေါ်ယံမျက်လုံးတွေနဲ့  ပတ်ဝန်းကျင်ကိုစာဖတ်ဖို့ မကြိုးစားသလို ဟန်ဆောင်ခြင်းတွေကို မီးရှို့ကာ ပြာချထားတတ် ကြသူတွေပဲ ဖြစ်ပါတယ်...။

ငွေကြေး ဂုဏ်ပကာသန အရှိန်အဝါတွေနဲ့ ပတ်သက်လို့လည်း အာရုံဝင်စားဖို့ မတတ်ကြသူတွေပါပဲ..။ ကျွန်တော့်လက်တစ်ဖက် ကမ်းပေးလိုက်တာနဲ့ အပြုံးလက်လက်လေးနဲ့ သူ့လက်ဖဝါးလေးကို လာထည့်ပေးတတ်သူဟာ ကျွန်တော့်သူပဲပေါ့။ ထွေထွေထူးထူး ကြိုးညှိစရာ မလိုပါပဲ အော်တိုလေး ကာရံညီသွားကြမြဲပါပဲ..။ သူနဲ့ကျွန်တော်ဟာ တောက်ပြောင်ပြောင် အဝတ်စားမျိုးကို မုန်းတီးခြင်းဋီကာချဲ့လို့ အထူးအဆန်းနဲ့ အရောင်တွေအကြောင်း အလုအယက် အတင်းပြော တတ်ကြသူတွေလည်း ဖြစ်ပါတယ်..။ ဖွာကျဲကျဲဆံပင်တွေ ကိုယ်စီနဲ့ ကျွန်တော်တို့ဟာ အရောင်ပျယ် ဂျင်းဘောင်းဘီတွေ ဖရို့ဖရဲ ဝတ်ရခြင်းကို ခုန်မင်တတ်သူတွေပါ။  

ငြိမ်သက်နေရာကနေ သီချင်းတစ်ပုဒ်ကို ရုတ်တရက် နှုတ်ကထုတ်ဆိုမိတိုင်း သူလည်း ကောက်ခါငင်ခါနဲ့ အဲ့ဒီသီချင်းကိုပဲ ဆိုညည်းလိုက်တာမျိုး တူနေတတ် ပြန်သေးတယ်..။

ချစ်ဖို့ကောင်းတဲ့ တိုက်ဆိုင်မှုလေးတွေ ကျွန်တော်နဲ့ သူ့ကြားမှာ ခဏခဏ ကြုံရတတ်ပါတယ်..။ လူတွေကြားထဲမှာ တိုးဝှေ့ဆွဲခေါ်ရင်း သူ့လက်လေးကို တင်းနေအောင် ဖျစ်ညှစ်လိုက်ရင် သူက သူမှီတဲ့ ကျွန်တော့် မေးစေ့ကို ခေါင်းလေးမော့ပြီး ဖြတ်ကနဲ နမ်းတတ်တဲ့ သူလည်းဖြစ်ပါတယ်..။ ရှုပ်ပွနေပြီးသား သူ့ဆံနွှယ်တွေကို မျက်လုံးတွေဖုံးတဲ့အထိ ကျွန်တော် စနောက်ကာ ဖွတတ်တဲ့အခါတိုင်း ဂျစ်ပေပေ မျက်စောင်းနဲ့ ဝေ့ကြည့်တတ်သေးတယ်..။ ဒါပေမဲ့လည်း သူ့နှုတ်ခမ်းပါးလေး တွေကတော့ ပြုံးနေတာပါပဲ...။

သူ့ရဲ့ နှစ်နှစ်ခြိုက်ခြိုက်လေး အပြုံးလေးတွေ မြင်နေရရင် ကျွန်တော်ကျေနပ်နေသလို ကျွန်တော် ပျော်နေတိုင်းလည်း သူ့ဘဝ.. လို့ ကဗျာဆန်ဆန် ပြောတတ်သေးသူပေါ့..။

ကျွန်တော်သူ့ကို ချစ်စရာ အမည်းရောင် ဂစ်တာလေးတစ်လုံး လက်ဆောင်ပေးဖူးပါတယ်..။ သူတစ်ယောက်ထဲ ရှိနေတဲ့ အချိန်တွေမှာ ကျွန်တော့်ဆီကရတဲ့ ဂစ်တာလေးနဲ့ စကားတွေ ပြောတတ်တဲ့အကြောင်း ကျွန်တော့်ကို ပြန်ပြောရင်း ရှက်စနိုးနဲ့ ရယ်မောတတ်ပြန်သေးတယ်.။ ကျွန်တော်တို့နှစ်ယောက်ဟာ ဂစ်တာလေးကို အထီးအမခွဲရင်း သားလေးလား..! သမီးလေးလား..! လို့ ငြင်းခုန် တတ်ကြပါသေးတယ်..။ “ဟိုမကျ ဒီမကျ အခြောက်လေးများ ဖြစ်နေရင် ဒုက္ခ...” လို့ ကျွန်တော် နောက်ပြောင်ရင်တော့ သူမကြိုက်ပါဘူး။ အဲ့လို စနောက်တိုင်းလည်း ကလေးတစ်ယောက်လို စိတ်ကောက်ပြန်တာ ကျွန်တော့်သူ... ပဲပေါ့..။ ကြာရှည် စိတ်မကောက်တတ်တဲ့ သူ့စရိုက်လေးကိုလည်း ကျွန်တော် အရမ်းကို ချစ်ပါတယ်။ ကျွန်တော်ဟာ သူစိတ်ဆိုးအောင် စိတ်ရှည်ရှည်နဲ့ ခဏခဏ စတတ်သူပါပဲ..။

ကျွန်တော်တို့ ချစ်သူ့သက်တမ်း တလျှောက်လုံးမှာ  ကြီးကြီးမားမား တစ်ခါမှ ရန်မဖြစ်ဖူးကြပါဘူး..။

ကျွန်တော်နဲ့သူ့ကြားမှာ ချည်နှောင်ထားတဲ့ ကြိုးတွေကို သူများတွေ မြင်သာအောင် ချပြဖို့မလိုအပ်ဖူးလို့ ခံယူထားကြသူတွေပါပဲ.။ သူဟာ ကျွန်တော်သိပ်ချစ်တဲ့ ချစ်သူတစ်ယောက်ဖြစ်သလို ကျွန်တော့် အတွက် အရမ်းလိုအပ်တဲ့ တိုင်ပင်ဖော် သူငယ်ချင်းဆိုလည်း မမှားပြန်ဘူး..။ ကျွန်တော့် သူ့ကို အစ်မတစ်ယောက်လို လေးစားမြတ်နိုးသလို ကျွန်တော့် ညီမငယ်လေး တစ်ယောက်လိုလည်း သူ့ကို ပူပန်တတ်သေးတယ်..။ ကျွန်တော်တို့ တစ်ယောက်ကိုတစ်ယောက် ယုံကြည်မှု အပြည့်အဝ ပုံအပ်လက်ချင်းတွဲလို့ လမ်းတွေ ဆက်လျှောက်နေကြတာပါပဲ..။

မိခင်တစ်ယောက်က ကလေးတစ်ယောက်ကို ယုယသလိုမျိုး သူပေးတဲ့ အကြင်နာတွေ ရတတ်ချိန်တိုင်း မျက်ရည်ဝဲ လောက်အောင်အထိ ကျေးဇူးတင် ကြည်နူးရသူဟာ ကျွန်တော်ပါပဲ..။

လူတွေကြားထဲ လက်တွဲသွားရင်း ကျွန်တော့်ကို လှည့်ကြည့်တတ်တဲ့ ကောင်မလေးတွေ တွေ့ခဲ့ရင်လည်း သူဟာ အပြုံးမပျက် တတ်သူမျိုးပေါ့..။ ကျွန်တော် ကိုယ်တိုင်ကလည်း သူ့ကို ဂရုတစိုက်ရှိတတ်တဲ့ အမျိုးသားတွေ ရှိနေရင်တောင် ဝန်တိုစိတ်ဆိုတာမျိုး လုံးဝမဖြစ်တတ်ပါဘူး..။ ဒါဟာလည်း ကျွန်တော်နဲ့ သူ့ရဲ့ အပြန်အလှန် အကြွင်းမဲ့ ယုံကြည်မှုတွေကြောင့်ပါပဲ..။ ကျွန်တော်နဲ့သူ ကိုယ်ဆီအိမ်ပြန်ဖို့ လမ်းခွဲနှုတ်ဆက်ချိန်တွေမှာ “စိတ်ချမယ်နော်...” လို့ ကျွန်တော်ပြောတိုင်း.. သူကလည်း ကျွန်တော့်ကို ပြုံးကြည့်ရင်း ခေါင်းလေး ညိတ်ပြတတ်ပါတယ်..။

တခါတလေတော့ ခေါင်းကိုငဲ့စောင်းလို့ မျက်လုံးလေးတွေစွေပြီး ချစ်စနိုးလုပ်တတ်တဲ့ သူ့မျက်စောင်းလေးကို ချွင်းချက်အဖြစ် ကျွန်တော် ရတတ်ပါသေးတယ်..။

ကျွန်တော်သူ့ကို ဘယ်အရာမျိုးမှာမှ ပိတ်ပင်တားဆီး ချုပ်ချယ်တာမျိုး မလုပ်တတ်ပါဘူး..။ ပွင့်လင်းထက်ြမက်တဲ့ သူ့စိတ်လေးကို ကျွန်တော်အလေးထား အသိအမှတ်ပြုလို့ မြတ်နိုးပါတယ်။ သူဟာ အမိန့်ပေးခံရခြင်းကို မုန်းသလို သူ့ဘောင်လေးထဲမှာ ပျော်ရွှင်လွတ်လပ်စွာ နေထိုင်လှုပ်ရှား နေခြင်းကို သူကိုယ်တိုင် လေးစား တန်ဖိုးထားတတ်တာကို ကျွန်တော်သိနေလို့ပါ..။ ကျွန်တော်တစ်ခုခုကို အလွန်အကျွံမဖြစ်စေဖို့ သူသတိပေးတတ်သလို ကျွန်တော်ကလည်း သူ့ကျန်းမာရေးနဲ့ ပတ်သက်လို့ သူနားလည်လက်ခံအောင် ပါးပါးလေးလှစ်ကာ ပြောပြနားချမိ တတ်ပါတယ်..။

သူသတိပေးသမျှကို ကျွန်တော် ခေါင်းညိတ်နားထောင်သလို သူကလည်း ကျေကျေနပ်နပ် ဆင်ချင်နေထိုင် ပေးတတ်လို့ ကျွန်တော်သူ့ကို အချစ်ပိုရပြန်တာပါပဲ..။

သူဟာ ကျွန်တော့်ကို အတိုင်းထက်အလွန် နားလည်ပေးတတ်သူပဲ ဖြစ်ပါတယ်..။ သူနဲ့ ပတ်သက်လို့ အကြိမ်ကြိမ် ကျွန်တော့်ကိုယ် ကျွန်တော်အားမရ ဖြစ်မိတတ်တယ်..။ သူစိတ်ညစ်သွားမှာမျိုးကို ကျွန်တော် မလိုလားပါပဲ မတတ်သာတဲ့ အခြေအနေတွေပေါ်မှာ နင်းလျှောက်ရတိုင်း ကျွန်တော့် စိတ်ခြေလှမ်းတိုင်းက လေးပင် တွန့်ဆုတ်နေတတ်တာ ဘယ်သူမှ သိနိုင်မယ်မထင်ပါဘူး။ သူ့ကို ကျွန်တော် စိတ်မဆင်းရဲစေချင်တာ ကျွန်တော်သာ အသိဆုံးမို့ပါ..။ ကျွန်တော့်ဘဝရဲ့ တစ်နေရာရာမှာ သူရှိကို ရှိနေမှဖြစ်မှာပါ..။ ကျွန်တော် သူ့ကို အဲ့လောက်ထိ လိုအပ်ပါတယ်..။

သူ့ဆန္ဒ သူ့အလိုမှန်သမျှကို အလိုက်တသိ ဖြည့်ဆည်းပေးနိုင်တဲ့ ကျွန်တော် ဖြစ်ချင်ပါတယ်။

ကျွန်တော်သူ့ကို ရည်းစား ဘယ်နှစ်ယောက်ထားခဲ့ဖူးလဲ ဆိုတဲ့မေးခွန်းမျိုး မေးဖို့စိတ်မဝင်စားသလို သူသိနေတဲ့ ကျွန်တော့် အတိတ်တွေနဲ့ ပတ်သက်လို့လည်း ကျွန်တော့်ကို စိတ်ရှုပ်အောင် မလုပ်တတ်ပါဘူး..။ ကျွန်တော်တို့ နှစ်ယောက်လုံး ပစ္စုပ္ပန်ကို မြတ်နိုးပါတယ်..။ “ဒီနေ့..” ဆိုတာကို ချစ်ပါတယ်...။ “ဒီနေ့..” ကျွန်တော် သူ့မျက်နှာလေး ပြုံးသွားအောင် ဘာလုပ်ပေးနိုင်မလဲ တွေးသလို သူကလည်း “ဒီနေ့..” ကျွန်တော့်ကို ဘယ်လို ယုံကြည် နားလည်မှုတွေ ထပ်ပေးနိုင်မလဲ ကျိုးစားနေတာကို ကျွန်တော်သိနေပါတယ်..။

သူ့အရိပ်တွေနဲ့ “ဒီနေ့..” ဆိုတာကို ကျွန်တော် ဆုပ်ကိုင်နိုင်သလို ကျွန်တော့် မေတ္တာတွေနဲ့ ဒီနေ့လေးမှာ သူ့စိတ်တွေကို အေးချမ်းပျော်ရွှင်ခွင့်လေး ပေးနေပါရစေ..။ 

ကျွန်တော့်အတွက် ဒီနေ့ဟာ လှပပြီး သူ့အတွက် သူပိုင်ဆိုင်ရမဲ့ ဒီနေ့လေးမှာ ကျွန်တော်နဲ့ အတူတူ နှစ်နှစ်ခြိုက်ခြိုက်လေး ပြုံးနေနိုင်ပါစေ...။ ကျွန်တော်တို့ကို မနက်ဖြန်အကြောင်းလေး ခဏလောက်တော့ မေ့ထားခွင့်ပေးပါ..။ ကျွန်တော်တို့ နှစ်ယောက်လုံး ဘဝအတွက် လုပ်ဆောင်စရာတွေ အမောတွေ အများကြီးရှိနေသေးတာ ကျွန်တော်တို့ ကိုယ်တိုင် သိထားကြပါတယ်..။ ဒါပေမဲ့... ကျေးဇူးပြုပြီး ထပ်ပြောပါရစေ.... ကျွန်တော်နဲ့သူ့ကို မနက်ဖြန်တွေအကြောင်း ဒီနေ့မှာ မေ့ထားနိုင်ဖို့ ခဏလေးတော့ ခွင့်ပြုပေးကြပါ...။

ဒီနေ့လေးမှာ ကျွန်တော် သူ့ပါးလေးတွေကို နူးညံ့ကြင်နာစွာနဲ့ ဖွဖွလေး နမ်းပါရစေ..။ 

သူကလည်း သူ့လက်ဖဝါး နွေးနွေးလေးတွေနဲ့ ကျွန်တော့်လက်တွေကို မြတ်မြတ်နိုးနိုး ပြန်လည်ဆုပ်ကိုင်ထား ပါလိမ့်မယ်..။

ဒီနေ့လေးကို ကျွန်တော်နဲ့သူ ကြည်နူးစွာနဲ့ သိပ်ကို လိုလားပါတယ်။

ကျွန်တော်တို့ရဲ့ မျက်လုံးတွေကိုမှိတ်ပြီး “ဒီနေ့..” လေးကို သာယာငြိမ်သက်စွာနဲ့ ချိုမြိန်နာရီတွေပေါ်မှာ တွဲခိုစီးလို့ နေနေပါရစေ..။ 

ချော့ကလက်နံ့လေးတွေ ထုံအီနေမဲ့ ရောင်စုံအိပ်မက် လှလှလေးတစ်ခုကို အတူတူမက်ရင်း “ဒီနေ့..” လေးကို  ရင်ခုန်သံတွေနဲ့  ဖြတ်ကျော်ခွင့်ပေးပါ....။

ကျွန်တော်တို့ နှစ်ယောက် သိပ်ကို မျှော်လင့်ခဲ့ကြတဲ့ “ဒီနေ့..” လေး ကို ကျွန်တော်နဲ့.... သူ.... .... .... .... ....!!!!


တူငယ်...တူမငယ်၊ မောင်ငယ်...ညီမငယ်လေးတွေအတွက် ဗာလင်တိုင်း လက်ဆောင်အဖြစ် အမှတ်တရ ပေါ့ပေါ့ပါးပါးလေး ရေးဖွဲ့တာပါ။ ချစ်တတ်သူတိုင်း နူးညံ့ ရင်ခုန်သံတွေနဲ့ ပျော်ရွှင်သာယာ ကြည်နူးနိုင်ကြပါစေ....။

(ခင်လေးငယ်)


Wednesday, November 17, 2010

ကြယ်ကြွေကကြိုး (ကဗျာရွတ်သံ)


..(ကဗျာရွတ်သံနှင့်အတူ နားဆင်ခံစားနိုင်ရန်)

ကြယ်ကြွေကကြိုး

ကုက္ကိုလ်ကိုင်း ကြိုးကြာ ကူး
ကောင်းကင် ကို ကြိုးကြာ ကြည့်
ကောင်းကင်ကျယ် ကြိုကြိုကြား
ကြယ်ကကြိုး ကျော်ကြား..။

ကောင်းကင်ကြား ကြယ်က က
ကြိုးကြာ ကြည့် ကြယ်ကကြိုး
ကံကုန်ကြယ် ကြွေကာကျ
ကြည့် ကြိုးကြာ ကြေကွဲ..။

ကြွေကျကြယ် ကျောက်ကြိုကြား
ကျိုးကျိုးကြေ ကျကာကွဲ
ကြယ်ကြွေကောက် ကူကြိုးကြာ
ကယ်ကြောင်းကြံ ကွဲကြေ..။

ကြွေကြိုးကြာ ကြယ်ကျိုးကောက်
ကောင်းကင် ကို ကြေကွဲကြည့်
ကောင်းကင်ကြီး ကကြိုးကင်း
ကြယ် ကြွေ က ကြိုး.. ကြိုး ကြာ ကြေ ကွဲ..။

(ကိုရင်နော်)

အသံဖိုင် Link

ဖွင့်ဟချက်။    ။ ကောင်းကင်မှာ ကြယ်ကကြိုးနဲ့အတူ ကနေတဲ့ ကြယ်ကလေး ကျောက်တောင်ကြားထဲ ကြွေအကျ.. ကြယ်ကပွဲ ကြည့်နေတဲ့ ကြိုးကြာငှက်ကလေးက ကယ်ယူဖို့၊ ကူညီဖို့ ကြိုးစားရင်း ကြယ်အကျိုးအကြေ အပိုင်းအစလေးတွေကိုသာ ကြေကွဲစွာ ကောက်ယူခဲ့ရတဲ့ အဖြစ်အပျက်လေးကို တစ်လုံးကဗျာအဖြစ် ၂၀၀၉၊ မတ်လ တုန်းက ရေးခဲ့ပါတယ်..။ အခုတော့ ဒီကဗျာလေးရဲ့ ခံစားချက်ကို အသံအဖြစ် မျှဝေကြည့်ချင်တာကြောင့် ရွတ်ဆိုထားတာပါ..။ နားဆင်ပေးတဲ့ အတွက် ကျေးဇူပါ..။

Monday, November 8, 2010

ဖွတ်

ဖွတ်ဖော်ဖွတ်ဖက်
ဖွတ်ဖင် ဖွတ်ဖူး
ဖွတ် ဖွံ့ဖြိုးဖို့... ဖွတ်ဖွဲ့ ဖွဲ့..။
(((((..ဖြီးးး..)))))
 
(ကိုရင်နော်)

Tuesday, November 2, 2010

မြွေဆိုးတစ်ကောင် အရေခွံလဲလိုက်သလို..


မြွေဆိုးတစ်ကောင် အရေခွံလဲ

အဆိပ်ရှိဆဲ...

အစွယ်ရှိမြဲ...

အန္တရာယ်ပေးမှာ မလွဲ...

မြွေဟာ မြွေပဲ..။

(ကိုရင်နော်)

Sunday, October 31, 2010

ဆူညံနေသောတီးတိုးစကားသံများ (၂)

 
“သတင်းတွေ ကြားပြီးပြီလား xxx..xxx....xxxx..xxxx...xx”

“ရှူး..!! တိုးတိုး.. ... xxx... ... xxx”
“စိတ်ကို မဝင်စာဘူး.. မင်းစဉ်းစားကြည့်ကွာ..... xx ...xxx ..”
“ဟာ.. ဒါတော့ လွန်တာပေါ့.. xxx.. xx.. xxx.. xxx ....”
“အေးလေ မဖြစ်သင့်ဘူး....xx ..xx”
“ဟေ့လူ.. တိုးတိုး ပြောပါဆို.. .. xxx .. xxx xxxx ....”
“အမှန်တကယ်ဆိုဗျာ.. ဖြစ်သင့်တာက.. xxx.. xxx...”
“တအိမ်တက်ဆင်း ဆိုပဲ... xx..xxxx...xxx..xxxx”
“..xxx...xxx.....xxx.. ဒါဆို ဘာထူးမှာလဲကွာ..”
“...xxx ..xx..xxx မဟုတ်ဘူးလား ကျုပ်ပြောတာ..”
“(၃) နာရီ တိတိ တဲ့..xxx..xx”
“အေးကွ ရာဘာ ဖိနပ်ကြီးနဲ့..xxx..xxx...xxx”
“ခင်ဗျား စဉ်းစားကြည့်လေ.. xxx...xxx...xx....xxxx..”
“ယတြာတမျိုးလို့ ပြောကြတာပဲ..xxx..xx”
“...xxx..xxx....အဲ့ဒါပေါ့ .. ”
“ဟုတ်တယ် ကျုပ်လည်း..xxx...xxxx..xx”
“..ခက်တာပဲ....xxx...xxx...xx....xxxx..”
“ငါလည်း မထည့်ဘူး..xxx...xxx..xx..”
“တိုးတိုးပြောပါဆို..xx..xxx..xxxx..”
“ဓါတ်တိုင်တွေ မှာ..xx..xxx..xx”
“...xx..xxx..လုပ်ချင်ရာသာ လုပ်ကြကွာ.. xxx.. xx..xx...”
“အင်း.. အဲ့ဒါပြောတာပေါ့....xx..xxx...xx”
“ထမင်းမှန်မှန် စားနေရရင် ပြီးတာပဲ..xx..xxx...xx”
“တသက်လုံး ငါးပိရည်နဲ့ စားချင်လို့လား..xx..xxx..xx”
“ကြည့်လို့မှ မရတာ..xx..xxx...xx”
“လိုင်းက တက်ကိုမတက်ဘူးပဲ.. xx..xxx..xx”
“အဲ့ဒါလည်း ပုံတူကူးတာပဲကွ.. xx..xxx..xx”
“တော်တော်ဆိုးတဲ့ ယတြာ..xx..xxx..xx” 
“ဘယ်လို..! အီသီယိုပီးယား နဲ့တူတယ် ဟုတ်လား....xx..xxx...xx”
“ဟားဟားဟားဟားဟား..xx..xxx..xx”
“ကျွန်တော်ပြောတာဗျာ... ဒီလို..xx... xxx.. xxx.. ”
“ဒါပေါ့..xx..”
“တကယ်ဆိုကွာ ဒီကောင်တွေ.xx...xxx..xx..xxxx”
“မင်းစဉ်းစားကြည့်...xx..xxxx”
“လုံခြည်ဝတ်တာလား ချိတ်ထမီတွေလားကွ..xxx..xxxx..xx”
“စိတ်ညစ်ပါတယ်..xx..xxx..”
“ဒုတိယ အကြိမ်..xx..တဲ့..xx..xxxx”
“...xx.. သတိထားပြောဦး...xx..xxxx..xx”
 “ဒါကို ထောက်ခံတယ်..xxx..xx”
“မထည့်ပဲနေရင်လည်း ရတာပဲတဲ့..xx..xxx..xx”
“ဘာတွေဖြစ်မယ်မသိဘူး...xx..xxxx”
 “မင်္ဂလာဒုံကိုသွားမှာ လှည်းတန်းလောက် ရောက်လည်း နည်းလား..!! တဲ့..xx..xxx..”
 “ငါကတော့ မထင်ဘူး..xx..xxx..xx”
“ရပ်နေတာထက်စာရင် နည်းနည်း ရွေ့ကြည့်တဲ့ သဘော တဲ့..xx..xxx..xx” 
“ဒီပုံစံနဲ့တော့ မလွယ်သေးပါဘူးကွာ...xx..xxxx”
“ဟိုက အများကွာ သူတို့က လေးငါးယောက်..xx..xxx..xx”
“ဝိုင်းပြီး နှိပ်ကွပ်ထားလိုက်ရင် သွားရော..xxx..xx”
“မျက်နှာကြောတွေကတော့ တင်းနေတာပဲ..xxx..xx”
“နားထောင်ပါတယ်ကွာ.. ညတိုင်းနားထောင်တာပဲ..”
“..xx...xxx..xx...xxxx..xx”
“ဟုတ်တယ်..”
“ဒီကောင်တွေကတော့ကွာ..xx..xxx..xx”
“အဓိပ္ပါယ်မှ မရှိတာxxx..xx”
“အွန်လိုင်းမှာတော့ ပျံ့နေတာပဲတဲ့...xxx..xx”
“ကြည့်ရတာပေါ့....xx..xxx..xx” 
“အင်္ဂလိပ်လို ပြောသွားတာ..xx..xxx..xx”
 “xx..xxx..xx သမီး..တဲ့..xx..xxx..xx”
“..xx..xxx..xx.. တခြားစီပဲ..xx..xxx..xx.. သူဆီ သင်တန်း သွားတက်ခိုင်းရမယ်..” 
“ဟားဟားဟား ဒီဘဲကြီးကတော့ ထစ်အ ထစ်အ နဲ့..xx..xxx..xx”
“ငါလည်း ကြည့်ရတယ်..xxx..xx”
“စိတ်ရောလူရော နစ်ပြီး လုပ်နေတာပဲ..xxx..xx”
“မင်းစဉ်းစားကြည့်ကွာ သူများမလုပ်ချင်တဲ့အလုပ်..xxx..xx”
“ငါတော့ လေးစားတယ်..xxxx..xxx..xx”
“သူ့ကိုယ်သူ သုဘရာဇာ လို့ကို ခံယူလိုက်တော့တာ..xxx..xx” 
“ဒါပေါ့ ဘဝသရုပ်ဖော် ဇာတ်ကား စစ်စစ် ဆိုတာ..”
 “..xxxx..xxx..xx”
“လမ်းခင်းတဲ့ ကိစ္စလား..!!!..xxxx..xxx..xx”
“ဟားဟားဟား.xxxx..xxx..xx”
 “အဲ့ဒီလိုဆိုတော်သေးတယ်....xxxx..xxx..xx”
“ဆုတောင်းပေါ့ကွာ..xxx..xx”
 “..xxxx..xxx..xx”
“...xxx.. xxx ”
“ဘာ..!!! ပုဆိုးလှန်ပြတယ်..!!.. ဟုတ်လား..xxxx..xxx..xx”
 “..xxxx..xxx..xx..xxxx..xxx..xx”
 “..xxxx..xxx..xx”
 “..xxxx..xxx..xx”
“@#$%^&*+~@$#%^%&*...xx..xxx..xx”

(ကိုရင်နော်)

Saturday, October 23, 2010

Tropical Storm GIRI


Tropical Storm GIRI မုန်တိုင်း ပျက်ပြယ်သွားပြီဖြစ်ပါသည်။

ဘင်္ဂလား ပင်လယ်အော်အရှေ့အလယ်ပိုင်းမှတဆင့် ဝင်ရောက်လာသော Tropical Storm GIRI သည် စစ်တွေ၊ ကျောက်ဖြူနှင့် ရခိုင်ပြည်နယ်အတွင်း အရှိန်ပြင်းစွာ တိုက်ခတ်လျှက်ရှိပြီး မြန်မာနိုင်ငံ အရှေ့မြောက်ဘက်သို့ ဦးတည်ကာ ကုန်းတွင်းပိုင်းသို့ ဝင်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ သတိပြုနိုင်ရန်နှင့် မုန်တိုင်း အခြေအနေအား စောင့်ကြည့်နိုင်ရန်  မုန်တိုင်းနှင့် သက်ဆိုင်သော Link များအား မျှဝေလိုက်ပါသည်။

Tropical Storm GIRI နှင့် ပတ်သက်သော အသေးစိတ်အချက်အလက်များအား Tropical Storm Risk (TSR) တွင် အချိန်နှင့် တပြေးညီ စောင့်ကြည့် လေ့လာနိုင်ပါသည်။


၃) (၂၂-၁၀-၂၀၁၀) နေ့တွင် တင်ခဲ့သော ပုံများအား ပုံ (၁)၊.....  ပုံ (၂)၊.....  ပုံ (၃)၊ တွင် ပြန်ကြည့်နိုင်သည်။

အထက်ဖော်ပြပါ ဆိုဒ်မှ ခန့်မှန်းပုံများ မှန်ကန်မှု ရှိ/မရှိ နှင့် ယုံကြည်လက်ခံနိုင်မှု အဆင့်အတန်းအား မြန်မာနိုင်ငံသို့ ရက်စက်စွာ ဝင်ရောက်ခဲ့သော နာဂစ်(စ်) မုန်တိုင်း   (၁) ဝင်ရောက်ပုံ နှင့် (၂) ရန်ကုန်မြို့အားတိုက်ခိုက်ပုံ link များနှိပ်၍ ပြန်ကြည့်ကာ သုံးသပ်နိုင်ပါသည်။

Tropical Storm Risk (TSR) ဆိုဒ်တွင် ပုံကြည့်ရန်အညွန်း

၁) မြန်မာနိုင်ငံအတွင်းသို့ ဦးတည်နေကြောင်း ပြသထားသည့် မျှားအား နှိပ်၍ကြည့်နိုင်သည်။

၂) ညာဘက် Side Bar တွင် Tropical Storm Tracker အောက်ရှိ GIRI ဆိုသော စာသားအား နှိပ်၍ ကြည့်နိုင်သည်။

၃) Side Bar တွင် ဖေါ်ပြထားသော Tropical Storm Wind Probabilities များကို နှိပ်၍ကြည့်နိုင်သည်။

၎) ခန့်မှန်းပြ ပုံများသည် အချိန်နှင့် တပြေးညီ ပြောင်းလဲနေနိုင်ပါသည်။

လက်ရှိဖြစ်ပေါ်နေသော မုန်တိုင်းနှင့် ပတ်သက်သော သတင်းများ ဖော်ပြထားသည့် ဆိုဒ်များ

၁) Severe cyclonic storm Giri  )    ( Cyclone hits Myanmar coast

၂)  The Global Disaster Alert and Coordination System (Red alert for Tropical Cyclone GIRI-10 for Myanmar)

၃) Emirates Meteorology Portal

၎) Myanmar Climate Change Watch (ဦးထွန်းလွင်)

၅) မြန်မာပြည်သို့ ဦးတည်နေသော Cyclonic GIRI မုန်တိုင်းနှင့် တရုတ်ပြည် ကမ်းရိုးတန်းဘက် ဦးတည်နေသော Typhoon MEGI မုန်တိုင်းကြီး

၆) Freedom News Group (ကြားဖြတ်အထူးသတင်း)

၇) မိုးမခ (Cyclone Giri entering into Rakhine State of Burma with 120 mph)

၈) NASA (Cyclone Giri - Northern Indian Ocean)

(ကိုရင်နော်)

Friday, October 15, 2010

အနားသတ်မရှိသော...

မှိုင်းတက်လာတဲ့ ကောင်းကင်ကို မော့အကြည့်မှာပဲ ကျွန်မမျက်နှာပေါ် မိုးဖွဲသေးသေးလေးတွေ ကျလာခဲ့သည်။
ထိုင်နေမိတဲ့ ခုံတန်းပေါ်က ထရပ်ပြီး ဟိုး... ခပ်လှမ်းလှမ်းက ထီးလိုအမိုးနဲ့ နေရာတစ်ခုဆီ လျှောက်သွားလိုက် ရလေမလား.. ပေပေတေတေနဲ့ ကျွန်မ ဆက်ထိုင်နေသင့်သလား..!! မိုးက သူ့ရာသီမဟုတ်ပဲ ရွာအချမှာ ကျွန်မကတော့ ကျွန်မစိတ်ရာသီ အကျင့်တစ်ခု အလိုအတိုင်း ထ... မရပ်ဖြစ်လိုက်..။ အို... မိုးက မိုးပဲ... သူရွာချင်ရွာမယ်.. ကျွန်မလည်း ဆက်ထိုင်ချင် ထိုင်နေမယ် ဒါပါပဲ။ ကံတရားကပဲ ကျွန်မကို အလိုလိုက်လိုက် လေသလားတော့မသိ... မိုးဖွဲလေးတွေက မိုးပေါက်တွေအဖြစ် ပြောင်းမသွားခဲ့။ ခပ်ကျဲကျဲနဲ့ ဖွဲဖွဲဖွဖွလေး သူ့တာဝန်သူ ငြိမ်ငြိမ်လေး ဆက်ထမ်းဆောင်လို့..။

မနေ့က ခုလိုအချိန်မှာလည်း ဒီလိုပဲ မိုးတွေအုံ့နေခဲ့ပါသည်။ ငွေ့ငွေ့လေး နွေးနေတဲ့ စကားသံတွေကလည်း ကျွန်မ နားထဲမှာ မနေ့က အတိုင်း။  အေးစိမ့်စိမ့်နိုင်တဲ့ လေတွေကလည်း မနေ့ကလိုပဲ ကျွန်မခန္ဓာကို ပွေ့ဖက်လို့။ မတူတာတစ်ခုကတော့ မနေ့က ခုလိုမိုးဖွဲလေးတွေ ရွာမနေခဲ့တာပဲ ဆိုပါတော့။ ကျွန်မ တစုံတရာကို လွမ်းဆွတ်ရင်း သတိတရ ရှိလွန်းနေသည်။ ကိုယ်တိုင် ဟန်ဆောင်ပြီး ခေါင်းကို ရမ်းခါထုတ်ပစ်လိုက်ရင်ကော..!! ဒါမှမဟုတ်..!!!  အားသန်နေသည့် အရာကတော့ အဲ့ဒီတစုံတရာကို ကျောက်စိမ်းရောင် ပိုးကတီပါတစ်စနှင့် တယုတယလေး ထုပ်ပိုးရင်း အစိမ်းရင့်ရောင် သော့တစ်ချောင်းခတ်ကာ သိမ်းထားချင်မိခြင်းပဲ ဖြစ်နေ၏။ ထိုအစိမ်းရောင်အထုပ်မှာ ရနံ့တစ်ခုသာ ရှိနိုင်မည် ဆိုလျှင် ထိုရနံ့သည်.. ပန်းနုရောင်ပန်းတစ်ပွင့်၏ နူးညံ့လွန်းတဲ့ ချိုမြိန်ရနံ့လေး ထုံသင်းနေမှာ သေချာလေသည်..။

သူပြောသွားခဲ့သော စကားအတော်များများမှာ ခဏခဏပါတတ်သည့် စကားတစ်ခွန်းကို အကြိမ်ကြိမ် သတိရနေမိသည်။ 

“ခင်ဗျားဟာ အတော်နားလည်ရခက်တဲ့ မိန်းမတစ်ယောက်ပဲ...” 

တွေးရင်း ပြန်ပြန်ရောက်သွားမိတဲ့ မနေ့ကဆိုသည့် ထိုအချိန်များထဲတွင် ကျွန်မပြန်လည် မွေ့လျော်နေလိုသေး၏။

“တကယ်ဆို ဘာမှန်းမသိတဲ့ ခင်ဗျားလို အမျိုးသမီးကို ကျနော် စိတ်မဝင်စားသင့်ဘူး...”

ကျွန်မကိုယ်တိုင် မှန်တစ်ချပ်ထဲ အတင်းတိုးဝင် ဖွေရှာပြန်တော့လည်း ကျွန်မစိတ်တွေကို မြင်နိုင်သည်မဟုတ်။ သူပြောသလိုပဲ ကျွန်မ ဘယ်သူလဲ..!! ဘာကိုတွေးပြီး ဘာတွေကို အကောင်ထည်ဖော်ဖို့ ဆန္ဒရှိသူလဲ..!! ကျွန်မ အာသီသ ရှိနေသည့် အရာတွေဟာ ဘယ်လိုပုံပန်း သဏ္ဍာန်မျိုးနဲ့ ကောက်ကြောင်းထင် နေတတ်တာလဲ..!! ကျွန်မနဲ့ ခပ်နီးနီးမှာရှိနေတတ်လား..!! ဟိုး.. ကောင်းကင်ပေါ်က တိမ်တိုက်ညိုတွေထဲမှာ ပုန်းအောင်းကွယ်ဝှက်နေတဲ့ မူပိုပို ကဗျာတစ်ပုဒ်လို ရှိနေမလား..!!

“ခင်ဗျားဟာ အိပ်မက် မမက်တတ်သူပဲ... အချစ်ကို ခံစားတတ်သူမှ မဟုတ်တာ..” 

ကောက်ကာငင်ကာနှင့် သူပြောချလိုက်သည့် ထိုစကားမျိုးမှာ မှင်တက်သွားမှုမရှိ။ ကြောင်အမ်းအမ်းမနိုင်။ ကျွန်မစိတ်တွေက ပကတိ အလျားလိုက် ရွေ့လျားလို့နေခဲ့ပါသည်။ ထိုက်သင့်တဲ့ ရင့်ကျက်မှုတစ်ခု ရှိလာသည့် လူတစ်ယောက်အဖို့ အချစ်ဆိုတာကို နားမလည်တတ်သူ ရှိမည်မထင်။ ကျွန်မ ခံစားတတ်ပါသည်။ တွေးယူ နားလည်တတ်ပါသည်။ သို့သော် ထိုအရာနှင့်ပတ်သက်၍ ကျွန်မမှာ ရှင်းပြဆွေးနွေးလိုစိတ် မရှိပြန်။

လူချင်းနီးကပ် ပေါင်းစပ်ဖို့၊ တစ်စုံတစ်ဦးထံမှာ အချစ်ကိုအပ်နှံဖို့၊ ချစ်ခြင်းတွေကို ရယူပိုင်ဆိုင်ဖို့၊ ဒါမှမဟုတ်... အသစ်အသစ်သော ဘဝတစ်ခုကို အတူတကွ အခြေခိုင်ခိုင် အုပ်မြစ်ချဖို့ ဆိုတာမျိုး ကျွန်မ မတွေးမိခဲ့ချိန်တွေ နှစ်ချို့လာခဲ့ပြီ။ ကျွန်မစိတ်တွေ အတိတ်တစ်စမှာ ဒဏ်ရာရဖူးခဲ့သည်လား..!! ဟင့်အင်း.. မှားပါသည်။ ချစ်ရမှာကို သတ္တိမရှိသူမျိုးလား..!! ဒါလည်း မဟုတ်ပြန်။ အတွေး လွန်တတ်သူတစ်ဦးလည်း မဟုတ်သလို နုံချာချာနှင့် လွယ်လင့်တကူ ခေါင်းညိတ် တတ်သူလည်းမဟုတ်။ ဒါဆို.. အတ္တကြီးသူလား...!!! ဒီစကား တစ်လုံးကတော့ ကျွန်မအတွက် နီးစပ်ကောင်း နီးစပ်ပါလိမ့်မည်။

“ဘယ်လိုပဲ ဖြစ်ဖြစ်ဗျာ..............”

တုံးတိတိ ထိုစကား၏ နောက်ကွယ်ကို ကျွန်မ ပုန်းလျှိုးကွယ်လျှိုး လိုက်ရှာမိခဲ့သေးသည်။ ကောက်ကျစ်စဉ်းလဲမှုမျိုး မတွေ့ရ။ ရမ္မက်ပြင်းသော ပူပူလောင်လောင် စိတ်မျိုးမမြင်ရ။ သူပြောလိုသည်ကို ခပ်ရိုးရိုးရှင်းရှင်းနှင့်  စွပ်စွဲခြင်း၊ သို့မဟုတ် တင်ပြခြင်း သက်သက်မျှသာဖြစ်နေ၏။ တွေဝေမှုကင်းစင်နေသည့် အမျိုးသားတစ်ဦး၏ မျက်နှာကို စက္ကန့်အတော်များများရင်း၍ ကျွန်မငေးမောကြည့်ခဲ့ပါသည်။ သူ့မျက်နှာပေါ်တွင် အလင်းတချို့ တစ်ဝက်တစ်ပျက် ကျနေခဲ့သည်။ သူကိုယ်တိုင် ပြောချလိုက်သော စကားတိုင်းကို တာဝန်ယူလိုစိတ်၊ ယုံကြည်စိတ်ချစိတ် အပြည့်ရှိနေသူ မျက်နှာမျိုးလည်းဖြစ်သည်။ လေးစားစိတ်ဖြင့် ကျွန်မပြုံးမိတော့ သူက ခပ်လှမ်းလှမ်း ခုံတန်းရှည်ပေါ်တွင် နားနေသော ငှက်တစ်ကောင်အား စိုက်ကြည့်နေခဲ့၏။

“တခါတလေတော့ ခင်ဗျားဟာ ကျွန်တော် သိပ်ဖတ်ချင်တဲ့ ကဗျာတစ်ပုဒ်ပါ..”

ကဗျာ...!! ကျွန်မ....!!! ကဗျာမဆန်တဲ့ ကျွန်မကို ကဗျာတစ်ပုဒ်လို ဖတ်ချင်နေသူ တစ်ယောက် ကျွန်မဘေးမှာ ထိုင်နေပါလျှက် တိမ်တိုက်ကို မော့ကာကြည့်ပြန်သည်။ ထိုသူသည် ကျွန်မအတွက်  အန္တရာယ်ကင်းစွာ  နှစ်လိုဖွယ်ကောင်းနေပါသည်။ သို့သော်... ကျွန်မပါးစပ်မဟဖြစ်။ နှုတ်ဆိတ်မြဲ ဆိတ်နေခဲ့၏။ သူ့မျက်လုံးတွေရဲ့ လားရာအတိုင်း ကျွန်မလိုက်ကာ မော့ကြည့်မိတော့ အုံ့မှိုင်းစပြုနေသော တိမ်တိုက်တို့သည် ရုတ်ကနဲ မည်းမှောင်သွားသည်။ တိမ်တိုက်တွေတောင် ကျွန်မစိတ်တွေကို နှစ်မြို့ဟန်မတူပါ။

“ကျွန်တော် ဘာကို ကြားချင်တယ်လို့ မပြောလိုတော့ပါဘူး”

ထိုစကားအတွက် ကျွန်မ သူ့ကို ကျေးဇူးတင်မိသွားပါသည်။ ရုန်းထလာသော ကျွန်မစိတ်တို့သည်လည်း အလိုကျ ပျော်ရွှင်လွတ်လပ် ပေါ့ပါးသထက် ပေါ့ပါးနေကြပေလိမ့်မည်။ ကျေးဇူးတင် ကျေနပ်စိတ်တွေနှင့် မှိုင်းဝေဝေ ညနေခင်းကို ကျွန်မတို့ ကိုယ်စီ နှုတ်ဆက်ဖို့ ပြင်ဆင်ခဲ့ကြ၏။ အမျိုးသားတစ်ဦး၏ အပြုံးသည် တည်ငြိမ်ကြည်စင်နေသလို ကျွန်မ၏ နှုတ်ခမ်းနှစ်လွှာသည်လည်း ပြေလျော့လျော့ ရှိနေခဲ့ပါသည်။

“ဘယ်လိုပဲ ဖြစ်ဖြစ်ပါ.... ခင်ဗျားထင်တာထက် ကျွန်တော် ပိုချစ်နေမယ် ဆိုတာပါပဲ... အချိန်ရယ်.. ခင်ဗျား သတိမမှုမိတဲ့ ကျွန်တော့် နားလည်မှုရယ်တွေက အကောင်းဆုံး သက်သေပြပါလိမ့်မယ်”

တိတ်ဆိတ်သွားခဲ့သည်။ အိမ်ပြန်ချိန်အတွက် နှုတ်ဆက် ခွဲခွာလိုက်ကြသည်။ အင်မတန်မှ ရိုးရှင်းခဲ့ပါသည်။

သို့သော်.....!!!

မနေ့က ရိုးရှင်းလွန်းသည်ဟု ထင်အပ်ခဲ့မိသော တစုံတရာသည်... ယခုမိုးဖွဲများအောက်မှာပင် မထင်မှတ်လောက်အောင် ကျွန်မအတွက် ဆန်းကျယ်လွန်း နေခြင်းပင်ဖြစ်တော့၏။ မျက်စေ့ကို မှိတ်ကာ အမြင်အာရုံကို ဖျောက်လိုက်သည်။ အစိမ်းရောင် ပိုးပုဝါကို ဖွဖွလေးဖြည်ချ၍... အရာတစ်ခုကို တယုတယ ထည့်လိုက်သည်။ ထို့နောက် သွေးစအချို့ဖြင့် ရဲနေသည့် အစိမ်းရောင် သော့တစ်ချောင်းနှင့်  ထိုအရာကို တစ်သက်လုံးစာ ခတ်လိုက်မိတော့သည်...။

“ကျွန်မ ရှင့်ကို...........”

ထိုအစိမ်းရောင် အထုတ်လေးထဲသို့ တိုးဖျော့ကာ မရဲတရဲနှင့် တိမ်ဝင်သွားခဲ့သော ကျွန်မစကားသံလေးမှာ ဝန်ခံလိုမှု အင်အားကင်းမဲ့၍ နေပါလိမ့်မည်...။ ထိုစကားတစ်ခွန်း၏ အနားသတ်မျဉ်းကို မဆွဲလိုက်သူမှာ ကျွန်မကိုယ်တိုင်ပင် ဖြစ်ပါသည်။ မည်သည့် တစ်ဦးတစ်ယောက်မှ သိရန် မလိုအပ်တော့ပါ။

(ခင်လေးငယ်)

ဖွင့်ဟချက်။      ။ ကျွန်မ၏ ထုံးစံများအတိုင်း စကားစုများကို အမှတ်တရ အနေဖြင့် ချရေးထားခြင်း သက်သက်သာဖြစ်ပါသည်။

Friday, September 17, 2010

ရွေးကြမယ်၊ ကောက်ကြမယ်


“သမီးလေးရေ.. လာပါဦး.. မေကြီးကို ဆန်ရွေးကူနော်..”
လေးနှစ်အရွယ် သမီးငယ်လေးက ဆော့လက်စ အရုပ်လေးကို လက်တစ်ဖက်က ပိုက်ရင်း ခုန်ဆွခုန်ဆွ ပြေးကာ အနားရောက်လာလေရဲ့..။

“ပေး အဲ့ဒီအရုပ်လေးကို ဒီနားမှာ ထိုင်ခိုင်း.. သမီးက ဒီမှာ ထိုင်.. မေကြီးကို အလုပ် ကူလုပ်နော်.. မေကြီးက ဒီဇကောကြီးထဲက ဆန်တွေ ရွေးမယ်.. သမီးလေးက ဒီဇကောသေးသေးလေးထဲက ဆန်တွေ ရွေးပေးနော်..” 

သမီးငယ်က ဆံပင်စုတ်ဖွားလေးကို လက်တစ်ဖက်က ကုတ်ရင်း..
“တမီး အလုပ်တတ်ဖူး”
 
“လာပါ သမီးလေးရယ်နော်... မေကြီး သင်ပေးမှာပေါ့.. လာရွေး.. လာ.. ဒီဝါဝါလေးတွေကို တစ်လုံးချင်း ကောက်နော်.. ဒါ စပါးလုံးလို့ ခေါ်တယ်.. နော်.. ဒီလိုလေး ဆန်တွေကို လက်လေးနဲ့ ဖယ်ပြီး စပါးလုံးတွေကို လိုက်ရွေး.. တွေ့ရင် တစ်လုံးချင်း ကောက်..နော်.. ပြီးရင် ဒီနို့ဆီဗူးခွက်ထဲ ထည့်... နော်.. လိမ္မာတယ် သမီးလေးက..” 

သမီးငယ်က ဇကောထဲက ဆန်ကြမ်းတွေကို လက်သေးသေးလေးနဲ့ ထိုးဖွ ဆော့ကစားရင်း..
“မေရီး ဂျဘရုန်းတွေက ချားရို့ ရဖူးရား..”

“စပါးလုံးတွေက စားလို့ဘယ်ရမလဲ သမီးရဲ့.. အခွံတွေနဲ့လေ.. သမီးရဲ့နော်.. ရွေးရွေး အဲ့ဒီစပါးလုံးလေးတွေကို ရွေးနော်.. ဒါမှ သမီးထမင်းစားရင် စပါးလုံးတွေ မပါမှာပေါ့.. ဟော.. ဒီမှာကြည့်.. စားပါးလုံးလေးတွေ.. ဟော.. ဒီမှာ ကျောက်ခဲတုံးလေး.. တွေ့လား.. ဒါလေးတွေကိုလည်း ကောက်ပြီး ပစ်နော်.. သမီးမန်မန်း စားလို့ ဝါးမိရင် သမီးသွားလေးတွေ ကျိုးသွားလိမ့်မယ်..”

“မေရီး ကျောက်ဂဲတေ ချားရင် တမီး.. တွားတေ ကျိုးတုန်မှာနော်..”

“အင်းပေါ့ သမီးရဲ့ ကျောက်ခဲတွေ ဝါးမိရင် သမီးသွားတွေ ဂျွတ်ဂျွတ် ဂျွတ်ဂျွတ် ဆိုပြီး ကျိုးကုန်မှာ... ကောက်.. ကောက် အဲ့ဒီ ကျောက်ခဲတွေကို ရွေးပြီး ကောက်နော်..”
“ဟုတ်တဲ့..”

သမီးလေးက သူ့သွားလေးတွေကျိုးမှာ ကြောက်လို့ ထင်ပါရဲ့ ခါးကလေးကုန်းကာ မျက်လုံးလေး အဝိုင်းသားနဲ့ ဇကောနား မျက်နှာလေး ကပ်ရင်း စိတ်ဝင်တစား ရွေးလို့.. ကောက်လို့..။

“မေရီး.. ဒီမဲမဲရေးက ဘာရေးရဲ..”
“အော်.. သမီး.. အဲ့ဒါ ကြွက်ချေး သမီးရဲ့ ကောက်ကောက်.. နို့ဆီခွက်ထဲ ထည့်လိုက်.. သေချာရှာနော်.. ပြောင်အောင် ရွေးနော်သမီး.. စားမိရင် အောအော့တွေ..”

သမီးလေးက ကြွက်ချေးတုံး မဲမဲလေးကို မသတီသလို ခပ်ဖွဖွကိုင်ရင်း နို့ဆီဗူးခွက်ထဲ ပစ်ထည့်လိုက်ပြန်တယ်..။

“အာာာ... မေရီး ဒီမှာ အကောင်အကောင်.. အကောင်တေ”
“အော်.. သမီး အဲ့ဒါ ဆန်ပိုးကောင်ပါ.. မကိုက်တတ်ဘူး သမီးရဲ့ မကြောက်နဲ့.. ဒီလိုလေးကိုင်ပြီး... ဒီလိုလေးထည့်လိုက်..”

သမီးမကြောက်အောင် ဆန်ပိုးကောင်လေးကို ကောက်ပြီး ပစ်လိုက်တော့ သမီးက မျက်လုံးလေး ဝိုင်းလို့..။

“မေရီး တူက ဘာရို့ ချန်ထဲမှာ ရာနေတာရဲ..”
“အော်.. သူက ဆန်ထဲမှာနေတာ ဆန်တွေကို စားတာပေါ့ သမီးရယ်.. ဆန်ထဲမှာ အိမ်လေးတွေ ဆောက်ပြီးနေတယ်.. ဆန်တွေကို စားတယ်.. လူဆိုးတွေပေါ့ သမီးရယ်.. အဖျက်သမားတွေပေါ့.. ဆန်ထဲမှာနေပြီး ဆန်တွေကို စားကြတာပေါ့ကွယ်..”

“မေရီး.. ချန်ကညစ်ပတ်တယ် ကြက်ချီးတေရော အကောင်တေရော.. ဂဲတေရော..”
“အင်းပေါ့ သမီးရဲ့ ဒါကြောင့် ဆန်ရွေးရတာလေ.. ဆန်ထဲမှာ အမှိုက်တွေနဲ့ ညစ်ပတ်တာတွေ အများကြီးရှိတယ်လေ.. မေကြီး တစ်ယောက်ထဲ မနိုင်လို့ သမီးကို ကူခိုင်းတာပေါ့.. ဒါကြောင့် သမီးလေးကို မကောင်းတာတွေ ရွေးပြီး ကောက်ခိုင်းတာပေါ့.. လိမ္မာတယ်နော်.. သမီးလေးက ဆန်ရွေးတတ်ပြီ.. မေကြီးကို ကူလုပ်တယ်နော်..”
“ဟုတ်တဲ့..”

သမီးက ရွေးရင်း.. ကောက်ရင်း.. ပျင်းလားတယ် ထင်ပါရဲ့ ဆန်ဗန်းထဲမှာ လက်ကိုယက်ပြီး ဆော့နေပြန်တယ်..။

“သမီးငယ် ဆန်ကို မဆော့ရဘူးနော်.. ဖိတ်ကုန်လိမ့်မယ်.. ဆန်စေ့ဖြူဖြူလေးတွေက သိပ်တန်ဖိုးရှိတာ သမီးရဲ့.. မဖိတ်စေနဲ့နော်.. အောက်မကျစေနဲ့..”
“ချိတော့ဖူးရေ.. ဂျဘရုန်းတေ များရီး ရပီရေ..”

“အင်းအင်း.. ပေး.. စပါးလုံးတွေ အများကြီးရပြီဆိုရင် ပေး... မေကြီး တချက်ကြည့်မယ်.. ပြောင်ပြီလားလို့.. နော်..”
“ဟုတ်တဲ့..”

သမီးလေးက အတော်ညောင်းသွားပြီ ထင်ပါတယ်.. လက်လေးနှစ်ဖက်ကို လိမ်ရင်း ကြမ်းပေါ် လှဲချလိုက်တော့တယ်..။

“တော်လိုက်တာနော်.. မေ့သမီးလေးက.. ဆန်ရွေးတာ ပြောင်နေတာပဲနော်.. စပါးလုံးတွေ ကျောက်ခဲတွေ ကြွက်ချီးတွေလည်း အများကြီးပဲရတယ်နော်..”
“အကောင်တွေရဲ ပါတယ်ရေ..”

“ဟုတ်တာပေါ့.. အကောင်တွေ အများကြီးပဲနော်.. ဆန်ပိုးကောင်လေးတွေ တော်တော်များတာပဲ.. ကဲ.. ရော့ ဒီနို့ ဆီခွက်ထဲက သမီးကောက်ထားတာတွေ ခြံထဲမှာ ပစ်လိုက်နော်.. ငှက်တွေ.. ကြက်တွေ လာစားလိမ့်မယ်နော်.. ပြီးရင် လက်လည်း ဆေးနော်.. အောအော့တွေနဲ့ ညစ်ပတ်တယ်နော်”
 “ဟုတ်တဲ့.. မေရီး..”

သမီးက နို့ဆီခွက်လေးကို ကိုင်ရင်း  တုတ်တုတ် တုတ်တုတ်နဲ့ အိမ်နောက်ဖက် ခြံထဲပြေးထွက်သွားလေရဲ့..။

သမီးလေး ရွေးသွား.. ကောက်သွားတဲ့ ဇကောလေးထဲမှာတော့ အညစ်အကြေးကင်းသွားတဲ့ ဆန်ဖြူဖြူလေးတွေ ဝင်းလဲ့တောက်ပလို့...။

(ကိုရင်နော်)

စကားချပ်။         ။ ကျွန်ုပ် ပျောက်ခြင်းမလှ ပျောက်လွန်းလှ၍ မကြာခဏ သတိတရ မေးကြလေသော မိတ်ဆွေအပေါင်းအား အထူးပင် ဇူးတင်မိပါသည်။ ကျွန်ုပ် မရေးဖြစ်သော်ငြား ရေးအားကောင်းသူတို့ စာများအား တလေးတစား အလေးထား ဖတ်မှတ်ပါကြောင်းနှင့် ကျွန်ုပ်တစ်ယောက် ငယ်ရုပ်မပျောက် သက်ရှိထင်ရှား နိုးနိုးကြားကြား ရိုးသားစွာ ရှိနေပါကြောင်း...း) ။

ခင်မင်လေးစားချစ်ခြင်းအားဖြင့် (ကိုရင်နော်)

Friday, July 23, 2010

အဖြူရောင်အတိတ်

တွေးမိလိုက်တဲ့ အတွေးတွေဟာ သီချင်းတစ်ပုဒ်သာ ဖြစ်လာမယ်ဆိုရင် စိတ်တို့ရဲ့ နိမ့်မြင့်တက်ကျ သံစဉ်တွေနဲ့ စက္ကန့်တိုင်းဟာ သီချင်းတွေ ဖြစ်မယ်ထင်ရဲ့...။ အခုလို အရွယ်မှာ ချတတ်တဲ့ ညစ်ကျယ်ကျယ် သက်ပြင်းတွေဟာလည်း အရောင်းမှိုင်းမှိုင်း  ကာလာတွေလို ပုတ်အက်နေတဲ့ သံစဉ်တွေ ဖြစ်ကုန်မှာများလား..!! လေးတိလေးပင်နဲ့ ဘဝတစ်ခုကို ဖြတ်သန်းနေရမှုမှာ ကျွန်မကိုယ်တိုင် မောပမ်းစပြုလာခဲ့ပြီ..။

သစ်လွင်တောက်ပ နူးညံ့လတ်ဆတ်တဲ့ ငယ်ဘဝ ပုံရိပ်တွေကို အိပ်မက်ဖို့ တမ်းတရင်း ပူလောင်လွန်းတဲ့ အရောင်စုံ အိပ်မက်ဆိုးတွေသာ တစ်ထပ်ပြီးတစ်ထပ် ဆင့်ကာ ဆင့်ကာပေါ့..။ စံပယ်နံ့တွေ ထုံအီနေတဲ့ အိပ်မက်ဖြူဖြူတွေကို မက်ဖူးခဲ့တာ ကျွန်မပဲလားဆိုတာကို ခပ်ခါးခါး အိပ်မက်အနက်ရောင်တွေနဲ့ တရေးနိုးအထမှာ ကိုယ်တိုင် သံသယတွေ ဖြစ်ရပြန်ပါရော..။

မေမေလိမ်းပေးလိုက်တဲ့ ပါးနှစ်ဖက်ပေါ်က ဝိုင်းစက်နေတဲ့ သနပ်ခါးပါးကွက်လေးနဲ့ ညာပုခုံး သေးသေးလေးပေါ်မှာ အမွေးဖွားဖွားရောင်စုံ လွယ်အိပ်ကလေးကို ကျကျနနလွယ်.. ကော်လံမှာ ဇာပါးပါးလေးထပ်ချုပ်ထားတဲ့ ဆွတ်ဆွတ်ဖြူကျောင်းအင်္ကျီ.. ဒူးခေါင်းပေါ်မှာ ကားကားလေး ဝဲကျနေတဲ့ ကျောက်စိမ်းရောင် ကျောင်းစကပ်လေးရယ်နဲ့ ကျောင်းသွားခဲ့သူ ကျွန်မ...။

ကျောင်းဆင်းချိန်အထိ ပါးပေါ်က ပါးကွက်လေးကို အိမ်အရောက် မပျက်အောင် ပြန်သယ်သွားခဲ့ဖူးသူ.. ငြိမ်သက်အေးဆေးလွန်းသူ ကျွန်မ.. အဒေါ်တွေ အကိုတွေ အမတွေကြားမှာ တစ်နေ့တာ ကျောင်းအတွေ့အကြုံတွေကို ဆံပင်တခါခါ ခေါင်းတမော့မော့နဲ့ ပြန်ပြောရင်း ဖြူဖြူစင်စင် ရယ်မောခဲ့ဖူးသူ ကျွန်မ.. အဲ့ဒီကျွန်မကို ကျွန်မကိုယ်တိုင် လွမ်းဆွတ်နေခြင်းမှာ တချက်ချက်နဲ့  တီးတိုးမြည်တွန်နေတဲ့ ချိနဲ့နဲ့ တိုင်ကပ်နာရီအိုကြီးတစ်လုံးက သနားတဲ့အကြည့်တွေနဲ့ ကျွန်မကို လှမ်းလို့ငုံ့ကြည့်နေတော့ သူ့ကိုတောင်  အားနာမှုတွေနဲ့ ပြန်သနားမိရပြန်ပါရောလား..။

အဖြူရောင် အလင်းတန်းတွေက ညစ်ပေနေတဲ့ ကျွန်မမျက်လုံးတွေ တစ်ဝိုက်မှာ မသိမသာ ဖြတ်ပြေးသွားလိုက် ညှိုးနွမ်းမောပမ်းပြီး တောက်ပမှုမဲ့နေတဲ့ မျက်ဆန်မွဲမွဲတွေထဲ အတင်းအဓမ္မ တိုးဝင်ရောက်လာလိုက်နဲ့... သူတို့ရယ်သံ အက်အက်တွေမှာ “ဘဝ...” “ဘဝ...” လို့ ကလိတိတိ လှောင်ပြောင်နေသလို..။ မေမေ... ဖေဖေ...ရေ...  ဒူးမထောက် အရှုံးမပေးပါပဲ ညွတ်ညွတ် ကျလာချင်နေတဲ့ ကျွန်မ ဒူးခေါင်းတွေကို မုန်းလိုက်တာ..။ 

ဟော... သင်္ကြန်တဲ့လား...!! အခုတော့လည်း ကျွန်မနဲ့ ဘာမှ မဆိုင်တဲ့ စကားလုံးလေး တစ်လုံးလို ဖြစ်နေခဲ့တဲ့ နှစ်တွေ ဘယ်လောက်များ ကြာနေခဲ့ပြီလည်း ကိုယ်တိုင်တောင် မသိနိုင်တော့..။ အဲ့ဒီစကားလုံးလေးက ဘယ်လောက်များ ရင်းနှီးစွာ ပတ်သက်ခဲ့ဖူးပါလိမ့် ဆိုတာမျိုးကိုတောင် ဝေဝေဝါးဝါး ဖြစ်လို့နေပြီပဲ...။ ရင့်ကျက်လာတဲ့ အသက်အရွယ်ကြောင့် လည်းဖြစ်နိုင်သလို ကိုယ်ရှိနေရတဲ့ ပတ်ဝန်းကျင် ကျင်လည်နေရတဲ့ အသိုင်းအဝိုင်းတွေကြောင့်လည်း ဖြစ်နိုင်တာပဲလေ... ။

မညာတမ်း ပြောရရင်တော့ တွေးမိလာတိုင်း လှိုက်ကနဲ ဝမ်းနည်းတက်လာတဲ့ စိတ်တွေနဲ့ တမ်းတမ်းတတကြီးကို လွမ်းဆွတ်မိနေတာ အမှန်...။ သင်္ကြန်အတုတွေကြားမှာ မပျော်ပါးနိုင်တဲ့ ကျွန်မစိတ်တွေကကော ဘယ်လောက်အထိ စစ်နေပြန်သေးလို့လဲဆိုတာ မဝေခွဲတတ်ပြန်..။ တစ်ခါတစ်ရံတွေမှာ ကိုယ်တိုင်လည်း စိတ်အတုတွေနဲ့ ရှင်သန်နေထိုင်ခဲ့ဖူးတဲ့ နေ့ညတွေ ရှိနေခဲ့မှာပါပဲ...။ အပြုံးအတုတွေကို ပြုံးတတ်ခဲ့တာလည်း လောကကြီးရဲ့ အလှည့်အပြောင်း မာယာ သင်ခန်းစာ အဆင့်ဆင့်ကို တဆင့်ပြီးတဆင့် အောင်မြင်ခဲ့ခြင်းလို့ လက်ခံလိုက်ရ လေမလား..!!

အပြစ်ကင်းစင်လွန်းတဲ့ အပြုံးအရယ်စစ်စစ်တွေနဲ့ ကောင်မလေးတစ်ယောက်ရဲ့ နှစ်လိုဖွယ် သင်္ကြန်တွေ ဘယ်မှာများလဲကွယ်..!! ဖေဖေကိုယ်တိုင် စိတ်ရှည်လက်ရှည် လိုက်မောင်းပေးခဲ့တဲ့ ဂျစ်ကား အဖြူလေးတစ်စင်းပေါ်က ဟက်ဟက်ပက်ပက် ရယ်မောသံတွေရယ်... အပြစ်ကင်းစင်တဲ့ နှုတ်ခမ်းပါးလေး တစ်စုံနဲ့ နူးညံ့သန့်စင် ဝါဝင်းနေတဲ့ ပိတောက်ခက်လေးကို ဖွဖွလေး ထိနမ်းဖူးတဲ့ ကောင်မလေး တစ်ယောက်ကော ဘယ်ရောက်သွားခဲ့ပြီလဲ..!!

ကြည်စင်နေတဲ့ မျက်လုံးရွှန်းလဲ့လဲ့တွေနဲ့ ကောင်မလေးက သူ့ဖေဖေ ယူလာပေးတဲ့ ပိတောက်ခက်လေးရဲ့ သင်းပျံ့နေတဲ့ ပိတောက်နံ့တွေကို အားပါးတရ ရှုရှိုက်ဖူးခဲ့သေးသတဲ့လေ..။ သင်္ကြန်ရေတွေ ရွှဲရွှဲဆိုနေတဲ့ ဆံနွှယ်တွေကို လည်တိုင်လေးမော့ရင်း နေခြည်နုတွေအောက်မှာ ရေစက်လေးတွေ တဖွားဖွား ဖြာဆင်းကျသွားအောင် ဟန်ဆောင်မှုကင်းစွာနဲ့ ခေါင်းလေးကို လှုပ်ရမ်းကာ ခါခဲ့ဖူးတာလည်း အဲ့ဒီကောင်မလေးပါတဲ့...။

ဒါဆိုရင်... ရောင်စုံ မီးပုံးလေးတွေ တလှုပ်လှုပ်နဲ့ လက်နေတဲ့ သတင်းကျွတ် ညလေးတွေကရော..!! အိပ်မက်ခဲ့တာလား ကိုယ်တိုင် တွေ့ကြုံစားခဲ့ရတာလားကွယ်..။ ဗျောက်အိုးသံလေးတွေ ဆူညံနေတဲ့ လမ်းမတွေပေါ်က ဝေ့တက်လာတဲ့ ခပ်ပျော့ပျော့ ယမ်းနံ့လေးတွေကို ကျွန်မကိုယ်တိုင် ရဖူးခဲ့တာ သေချာပါတယ်..။ ခြံကျယ်ကြီးထဲမှာ ပြေးလွှားဆော့မြူးရင်း....

“မေမေရေ... သမီး လေယာဉ်ပျံ တောင်ပံကို ကိုကိုကြီး သူ့ကားနဲ့ ဝင်တိုက်လို့ မီးလောင်သွားပြီ” 
အသံသေးသေးလေးနဲ့ တိုင်တမ်းရင်း တအိအိငိုခဲ့မိတဲ့ ကလေးငယ်လေးကျွန်မ..။

“ဟာ... မေမေ့သမီး ကျွန်တော့်ကားကို လာဖျက်နေတယ် လုပ်ပါဦးမေမေ..”  
 ကျယ်ကျယ် လောင်လောင် မြည်တွန်တောက်တီးရင်း... စိုးရိမ်မှုတွေနဲ့ ပြေးလွှားနေတဲ့ ကိုကိုကြီး အသံ..။

“သားကြီးနဲ့ သမီးကြီးရေ... ညီမလေးရဲ့ ကားလေးကို လဲမသွားအောင် ဖေးဖေးမမ ကူတွန်းပေးမှပေါ့ကွယ်...”
 ညီမလေးကို ကူညီငဲ့ညှာဖို့ သတိပေးသံနဲ့ မေမေ..။

“အဟိ.. ဟိ”
တိတ်တဆိတ်နဲ့ ပုံ့ပုံ့လေးထိုင်ငေးရင်း ခပ်တိုးတိုး ရယ်မောနေခဲ့သူ အေးဆေးလွန်းတဲ့ မမ..။

“ကဲ.. သားတို့ သမီးတို့ရေ နောက်နှစ်ရက်တောင် ကျန်သေးတယ်.. ဒီည ပျက်သွားရင်လည်း  မနက်ဖြန်နေ့လည်ကျ ဖေဖေပြန်ဝယ်ပေးမယ် ဟုတ်ပြီလား ရန်မဖြစ်ကြနဲ့နော်..”
မေမေ့ကို တိုင်တော အော်ဟစ်သံတွေကြောင့် အေးရာအေးကြောင်း ဝင်နားချဖြေသိမ့်ရင်း  ပြုံးနေတဲ့ ဖေဖေ..။

အိပ်မက်...!! နိုးးး  ကျွန်မရဲ့ သိပ်ကိုချိုမြလွန်းတဲ့ တကယ့် အတိတ်တွေပေါ့..။ ဒါတွေ.... ဒီအဖြစ်ပျက်တွေ အားလုံးဟာ......။

ခုတော့ ကျွန်မဟာ မြွေတစ်ကောင်လို တကိုယ်စာ မြေတွင်းခပ်ကျဉ်းကျဉ်းမှာ ခွေနေတတ်ပြီလား..!! ဆာလောင် ငတ်မွတ်လာချိန်မှာ ကျားသစ်တစ်ကောင်ရဲ့ အမြန်နှုန်းမျိုးနဲ့ သားကောင်ကို ခုန်အုပ်တတ်သူလား..!! ယုန်ဖြူလေး တစ်ကောင်လို နူးညံ့ဖြူစင်ယောင် ဆောင်တတ်သူလား..!! စက်ရုပ်တစ်ရုပ်လို ခြေကိုချ လက်ကိုလှုပ် ခေါင်းတွေ ညိတ်တတ်နေသူလား..!! မာယာများတဲ့ လောကကြီးကို မာယာတွေနဲ့ ပြန်ပြုံးပြတတ်သူ မိန်းမလား...!! လကွေးကွေးကို မော့ကြည့်ငေးမောရင်း လပြည့်လိုညမျိုးမှာ တိတ်တဆိတ် အခန်းအောင်း တတ်နေသူလား..!! ဝှက်ဖဲတစ်ချပ်ကို ခပ်သာသာဖိလို့ ပြိုင်ဖက်တစ်ယောက်ယောက်ရဲ့ ရှိုးဆိုတဲ့ စိန်ခေါ်သံကို နားစွင့်နေချင်သူလား..!!

အိုကွယ်.. လှလိုက်တဲ့နေ့.. လှလိုက်တဲ့ ညရယ်လို့ ယစ်မူးမှု အတုတွေကို ကျွန်မ ချဉ်ခြင်းတပ် မနေတာတော့ သေချာပါတယ်..။ တန်ဖိုးကြီး ပွဲတက်ဂါဝန်တစ်ထည်က  ကျွန်မရဲ့ အဖြူရောင် ကျောင်းအင်္ကျီလေးလောက် မက်မောစရာ ကောင်းလို့လား။ ဟော.. ကြည့် တလက်လက်ထနေတဲ့ ဇွန်း ခက်ရင်းတွေကိုင်ပြီး ဓါးပါးနဲ့ ခပ်ဖွဖွလှီးဖြတ် စားသောက်ရတဲ့ ဟင်းပွဲတွေကို မေမေ့ ချဉ်ပေါင်ကြော်နဲ့ ယှဉ်စရာလား။ လင်းထိန်တောက်ပလွန်းတဲ့ အဆောက်အဦးတွေကို မော့ကြည့်ခံစားဖို့ ကျွန်မမှာ ရင်ခုန်ချိန်မရှိဘူး..။ ကျွန်မ ရပ်ရွာက ဖွားဖွားအိမ်အိုဟောင်းလေးကို တမ်းတရဦးမယ်..။ 

ကြွေကွဲစရာ အဲ့ဒီ အိမ်အိုဟောင်းလေးထဲမှာ ဖွားဖွားမရှိတော့ဘူး..။ ဖွားဖွားအရိပ်ငွေ့လေးတွေကို ဖမ်းဆုပ်ရင်း နေဝင်ချိန်တွေကို ကြိုးစားကျော်ဖြတ်နေတဲ့ ဖိုးဖိုးရှိနေတယ်..။ အိမ်ဘေးက အသက်တွေကြီးလာတဲ့ ပိတောက်ပင်အိုကြီးရှိတယ်..။ ပိတောက်ပင်ကြီးအောက်မှာ သံချေးတွေ အထပ်ထပ်တက်နေတဲ့ ဒန်းလေးရှိတယ်..။ ဖေဖေလည်း မရှိတော့ဘူး..။ ဖုန်တက်နေတဲ့ ဖေဖေ့ဂစ်တာလေး ဖေဖေ့ကို လွမ်းနေတယ်..။ မေမေကလည်း ကျွန်မနဲ့ အဝေးကြီးမှာ..။ မေမေ့ အသံချိုချိုလေးတွေကို ကြားနိုင်တာ လေလှိုင်းတွေက တဆင့်ပါ..။ ကိုကိုကြီးလည်း သူ့ကိုယ်ပိုင် မိသားစုအရေးတွေနဲ့..။ မမ လည်း သမီးတစ်ယောက်ကို ပြုစုပျိုးထောင်လို့..။ ညီမလေးလည်း သူ့သမီးနဲ့ သားအတွက် ရင့်ကျက်စွာ ရှင်သန်လို့..။ မိခင်နဲ့မခြား ကျွန်မကို ပြုစုစောင့်ရှောက်ခဲ့တဲ့ အဒေါ်တွေလည်း ရှင်သန်မှု ကိုယ်စီအတွက် ရုန်းကန်လို့...။

အလွမ်းတွေ အလိမ့်လိမ့်နဲ့ ကျွန်မမျက်နှာပေါ်က အရေးအကြောင်းတွေကို မိတ်ကပ် မဖို့ချင်ဘူး..။ အဲ့လို အချိန်ပေးမဲ့အစား မျက်လုံးလေးမှိတ်ထားရင်း ဖေဖေ့ဂစ်တာသံကို ကျွန်မနားထောင်ရဦးမယ်..။ လူတွေစည်ကားလွန်းတဲ့ ကမ္ဘာ့နံမည်ကြီး နေရာတွေကို ကျွန်မလမ်းမလျှောက်ဘူး..။ ဝရမ်တာလေးမှာ တိတ်တဆိတ်ရပ်လို့ အာရုံတွေနဲ့ လေထဲက ပိတောက်နံ့တွေ ရှုရှိုက်ရဦးမယ်..။ ဂျိုလီ့နှုတ်ခမ်းနှစ်လွှာအတွက် ချီးမွမ်းခန်းတွေဖွင့်ပြနေတဲ့ ဖန်သားပြင်ကို ငဲ့ကြည့်ဖို့ ကျွန်မ မလိုအပ်ဘူး..။ မေမေ့ အပြုံးချိုချိုတွေကို ကျွန်မ အိပ်မက်ရဦးမယ်..။ ပလူပျံနေတဲ့ ကျည်ဆန်ရထားတွေအကြောင်း ကျွန်မနားလည်ဖို့ မလိုဘူး..။ ဖေဖေမောင်းပို့တတ်တဲ့ ကားအစုတ်လေးကို ကျွန်မရင်ဘတ်ထဲက ထုတ်ပြီး ဖုန်သုတ်ရဦးမယ်..။ 

အို..... သွားပါ သွားကြစမ်းပါ...။  ကျွန်မကို မသနားကြပါနဲ့။  အဲ့ဒီအကြည့်တွေကို ကျွန်မ မကြိုက်ဘူး.. မုန်းတယ်။ ကျွန်မအတွက် နှစ်ဆယ့်လေးနာရီဟာ တိုလွန်းနေတာ မှန်တာပေါ့..။ ကျွန်မမှာ အချိန်တွေ မလုံလောက်ဘူး..။ အချိန်တွေကလွဲရင် ကျွန်မဘာကိုမှ တကယ် မလိုအပ်ပါဘူး..။ ကျွန်မငယ်ဘဝရဲ့ အဖြူစင်ဆုံးအချိန်က လှပလွန်းတဲ့ ပုံပြင်ဟောင်းတွေကို မရိုးနိုင်စွာ တစ်ပုဒ်ပြီးတစ်ပုဒ် တစ်ရွက်ပြီးတစ်ရွက် လှန်လို့ ကျွန်မဖတ်ရဦးမှာမို့ပါ..။ 
ကျွန်မ တစ်ယောက်တည်းပါပဲ...။ 

အဖြူရောင် အတိတ်ကို ပြန်မရောက်နိုင်တော့တဲ့ ကျွန်မက အခုတော့ တစ်ယောက်တည်းပါပဲ...။

(ခင်လေးငယ်)

Friday, July 2, 2010

သို့...

စည်းဆိုပြီး ခြားခြားသွားတဲ့ အရာတွေထဲ
ထိုင်ပြီးဂျီးများရင်း ညည်းတွားရဖန်များလာတော့
ည.. ည.. တွေမှာ
အသက်ရှုရတာတောင် မဝတော့ပါဘူး..။

အပူရုပ်ကို ဟန်လုပ်လို့ ခွက်ခွက်လန် ရှုံးနေရတာ
ဘယ်သူမှ မသိလေကောင်းလေပဲဆို..!!
ခင်ဗျား ချရေးဖူးတဲ့ စာတွေကိုပဲ ပြန်ပြန်ဝါးရင်း
အာခေါင်တွေ ခြောက်ကပ် ရင်တလှပ်လှပ်ဖြစ်ရတဲ့
ည.. ည.. တွေမှာ
ကျွန်တော့်ကို ဘယ်သူ ရေတိုက်မှာလဲ..။

နေကောင်းပါရဲ့လား..!!
ဆေးသောက်ရဲ့လား..!!
စောစောအိပ်ရဲ့လား..!!
ယောင်ယောင်ပြီး လန့်အော်ဆဲလား..!!
တအိအိနဲ့ ငိုနေဆဲလား..!!
အားတွေငယ်နေမှာလား..!!
ကံကြမ္မာကို ဟားတိုက်ရယ်နေမှာလား..!!
လမ်းတွေလျှောက်နေမှာလား..!!
ကျွန်တော့်အတွက် ဟင်းတွေထချက်နေမှာလား..!!
လားပေါင်းများစွာနဲ့
ည.. ည.. တွေမှာ
ကျွန်တော့်စိတ်က တ တ နေမိမှတော့
ခင်ဗျားအိပ်မက်ထဲ ကျွန်တော်ရောက်နေမှာပဲ..။

တယောက် တနေရာမှာ
လမသာ ကြယ်မလင်း အမှောင်တွေသာ အထင်းသား
နှုတ်က ဟလို့ လွမ်းတယ် ပြောဖို့်တောင် ဖြစ်နိုင်ခြေမရှိမှတော့
ခင်ဗျားရော ကျွန်တော်ပါ သက်ပြင်းသာ တွင်တွင်ချပေါ့
တတ်မှ မတတ်နိုင်တာလေဗျာ..။

ပြုံးနေတတ်တဲ့ ခင်ဗျားမျက်နှာမှာ
အပြုံးတွေ လစ်ဟာလို့
မျက်လုံးတွေ အစ်မို့နေတာ နှစ်ချို့နေပြီမဟုတ်လား
ကျွန်တော်ကိုယ်တိုင်ကော...!!!!

လူတွေပြောတတ်တဲ့ ဆောင်ရန်ရှောင်ရန်မှာ
ကျွန်တော့် အတွက်က ရှောင်ရန် ရှောင်ရန်တွေပဲ
ကြားကြားနေတဲ့ ဝင်္ကပါ ညအမှောင်ထဲ
တမင်သာ ခေါင်းထိုးထိုးချနေရတဲ့ စိတ်အန်ဖတ်တွေနဲ့
အို.. ဗျာ....
မခင်လေးငယ်ရေ....
ည.. ည.. တွေမှာ
စိတ်လိုလက်ရ တေးမဆိုဖြစ်တာ
ကျွန်တော် ခင်ဗျားနဲ့ ဝေးပြီးကတည်းက..။

(ခင်လေးငယ်)

လှစ်ဟဝန်ခံချက်..။။ စာမရေးတော့ဘူးရယ်လို့ နာကျင်ကျင်တွေးရင်း ခင်လေးငယ်နှင့် ခပ်ခွာခွာနေခဲ့ဖူးသော နေ့ရက်များသို့ ကိုယ်တိုင် ရေးဖွဲ့ပါသည်..။

Friday, June 18, 2010

လမ်း....

ညဥ့်နက်နက်မှာ ငြိမ်သက်နေတဲ့ လမ်းတစ်လမ်း...!!! သူ့ခန္ဓာပေါ်မှာ မိုးစက်တွေ အလိမ်းလိမ်းနဲ့ မည်းနက်ပြောင်လက်လို့...။ လမ်းဘေးဓါတ်တိုင်ရဲ့ ခပ်မှိန်မှိန်မီးလုံးရောင်တောင် လင်းလွန်းနေသယောင် သူ့အပေါ် ဝဲဖြာကျနေတယ်...။ ကိုယ်ငေးနေမိခဲ့တာ နာရီလက်တံတွေတောင် အတော်လွင့်သွားနေပြီ...။ မထင်မှတ်ပဲ  လူးလွန့်ထလာတဲ့ လမ်းဟာ စိုရွှဲမည်းနက်နေတဲ့ သူ့ဆံနွှယ်ရှည်တွေကို ခပ်သဲ့သဲ့ လှုပ်ခါလိုက်ပြီး ကိုယ့်ကိုနှုတ်ဆက်တယ်... ဟိုင်း...” တဲ့။ ဖြတ်ကနဲ အသက်ရှုတွေ ခဏရပ်သွားချိန်မှာ ကိုယ့်ကိုစကားတစ်ခွန်း သူပြောတယ်..။ “မင်း လမ်းတွေကို သဘောကျလား...!!”

ပြာနှမ်းနှမ်းနိုင်နေတဲ့  သူ့နှုတ်ခမ်းက  ထွက်ကျလာတဲ့ အသံတစ်စဟာ တိုးဖျော့ ကွဲအက်လွန်းနေတော့ တိတ်ဆိတ်နေခဲ့တဲ့ ကိုယ့်အသက်ရှုသံတွေ တဟုန်ထိုး မြန်လာပြန်တယ်...။  နာကျင်ကျင် အရသာ တစ်မျိုးက  ရင်ခုန်သံတွေနဲ့အတူ ကိုယ့်ရင်တံခါးဝကို ဆောင့်ပြီးလာအကပ်မှာ ကိုယ်ဟာ ခေါင်းငိုက်စိုက်ကျလို့ ဝေဝါးဝါးအပြုံးတစ်စကို နှုတ်ခမ်းမှာတပ်လိုက် မိတယ်ထင်တယ်..။ အဲ့ဒီစက္ကန့်လေး အတွင်းမှာပဲ ဘာစကားမှမပြောပဲ ခေါင်းငုံ့ချလိုက်တဲ့ ကိုယ်ရယ်... စကားပြောတဲ့ လမ်းရယ်.. မိတ်ဆွေ စဖြစ်သွားခဲ့တာဖြစ်မယ်..။

တစုံတရာကို နာကျည်းနေတဲ့ လမ်းဟာ သူ့ကြေကွဲမှုတွေကို ညည်းတွားရင်း စကားလုံးတွေအဖြစ်နဲ့ တဟုန်ထိုး ဖောက်ခွဲ ထုတ်ပစ်လိုပုံရတယ်.. လမ်းဟာ စကားပြောဖို့ အဖော် စောင့်နေခဲ့သူလည်း ဖြစ်နိုင်တယ်..။  ပေါက်ကွဲထွက်လာမဲ့ သူ့စကားကို နားထောင်ပေးဖို့ တစုံတယောက်ကို  စိတ်ရှည်လက်ရှည်နဲ့ ထိုင်ရွေးချယ်ခဲ့ ပုံလည်းပေါ်တယ်..။ လမ်းဟာ ခပ်စင်းစင်း ဝပ်တွားနေတဲ့ မြွေတစ်ကောင်လို ယောက်ယက်ခပ်မှု ကင်းကင်းနဲ့ ပေတေနေခဲ့သူလည်း ဖြစ်နေခဲ့ပါလိမ့်မယ်..။ လမ်းဟာ လမ်းနဲ့ မတူအောင် မာနတွေလည်း ရှိနေပြန်တယ်..။

လမ်းဟာ မဲ့ပြုံးကို ပိုင်ပိုင်နိုင်နိုင် ပြုံးပြနိုင်တဲ့ ရုပ်ရှင်သရုပ်ဆောင် တစ်ယောက်ထက် အများကြီးသာနေတယ်..။ ပြီးတော့.. လမ်းဟာ သိပ်ကို ကြင်နာတတ်လွန်းတဲ့ မာသာထရီဆာလို အမူအကျင့်ရှိသူလည်း ဖြစ်မယ်..။ လမ်းဟာ အားငယ်ပြီး မျက်ရည်တွေကျနေတဲ့ ဖြူစင်လွန်းတဲ့ ကလေးလေး တစ်ယောက်လိုလည်း ဖြစ်တယ်..။ လမ်းဟာ ပညာတွေ အများကြီးတတ်ပြီး အတွေ့အကြုံပေါင်းများစွာနဲ့ ရင့်ကျက်လွန်းနေတဲ့ ပရော်ဖက်ဆာကြီး တစ်ဦးလိုလည်း ဖြစ်ပြန်တယ်..။ လမ်းဟာ ကျက်သရေ ရှိရှိ အိနြေ္ဒရလွန်းတဲ့ ကောက်ကြောင်းလှလှ အမျိုးသမီးလိုလည်း ဖြစ်တယ်..။ တာဝန်ကို သိတတ်လွန်းတဲ့ အိမ်ထောင်ဦးစီးလည်း ဖြစ်တယ်..။  လမ်းဟာ ကောက်ကျစ်မှုကင်းတယ်.. လမ်းဟာ မတရားမှုကို မုန်းတီးသလို.. ငြိမ်းချမ်းရေးကို တောင့်တမြတ်နိုးသူဖြစ်တယ်..။ အသေချာဆုံးကတော့ လမ်းဟာ  လမ်းဖြစ်ပြီး လူသားတချို့ထက် လူသားဆန်နေပါတယ်...။

စကားတွေပြောနေတဲ့ လမ်းရဲ့မျက်ဝန်းတွေဟာ တခါတခါ တဖြတ်ဖြတ် လက်နေတယ်.... တခါတခါ ညှိုးငယ်လွန်းစွာနဲ့ မျက်လွှာကို ပါးပါးလေး ချတတ်ပြန်တယ်..။ လမ်းဟာ သွေးကိုမုန်းတီး ဆက်ဆုတ်သူဖြစ်တယ်..။ ယမ်းနံ့တွေကို ခါးသီးလွန်းသူဖြစ်တယ်... စစ်ကိုမုန်းတယ်.. စစ်ဖိနပ်တွေရဲ့ တက်ကြွတဲ့ ချီသံတွေကို အော့နှလုံးနာသူဖြစ်တယ်..။ ညှပ်ဖိနပ်ပြတ်လေး တစ်ဖက်ကို သူ့ရင်ခွင်မှာ အလှဆင်ထားချင် သူလည်း ဖြစ်တယ်..။ တိုးကြပ်ပြည့်သိပ်နေတဲ့ ဘတ်(စ်)ကားတွေကို ချစ်ပြီး... ဖနောင့်ပါးနေတဲ့ ညှပ်ဖိနပ်လေးတွေဆီက ရတတ်တဲ့ ဖိနပ်သံကို သီချင်းစပ်ချင်သူ ဖြစ်တယ်..။ လမ်းဟာ တဝေါဝေါနဲ့ အရှိန်ပြင်းပြင်း မောင်းဖြတ်သွားတတ်တဲ့ မှန်လုံကားတွေကို ရွံရှာသူဖြစ်တယ်..။ ပုဆိုးတိုတိုဝတ် လျော့ရွဲရွဲ ထီးကိုစောင်းပြီး ခပ်သုတ်သုတ် လျှောက်တတ်တဲ့ လူတွေဆီက ဖိတ်စင်ကျလာတဲ့ ချွေးစက်တွေကို တန်ဖိုးထားသူဖြစ်တယ်..။ 

လမ်းဟာ စုတ်တသတ်သတ် ညည်းတွားရင်း ခေါင်းကိုအတွင်တွင် ရမ်းခါတတ်တယ်... လမ်းဟာ သူ့စိတ်လွတ်သွားချိန်မှာ ကိုယ်တိုင် ထိမ်းချုပ်နိုင်စွမ်းမဲ့သူလို ခပ်ကျယ်ကျယ်နဲ့ “တောက်..” ခေါက်တတ်ပြန်သေးတယ်...။ လမ်းဟာ အတ္တကြီးပြီး မောဟတရားတွေ ထန်လွန်းနေတဲ့ လူတွေကို ကဲ့ရဲ့ရှုံ့ချတယ်...။ ဖိနပ်မပါတဲ့ ကလေးတချို့ရဲ့ ဗိုက်ဟောင်းလောင်းနဲ့  ဆာလောင်စွာ ငိုကျွေးနေမှုကို ကဗျာစပ်သူ ကဗျာဆရာလည်းဖြစ်တယ်..။ တစ်ထောင့်တစ်ညထက် ပိုဆန်းကျယ်တဲ့  သရုပ်မှန်ပုံပြင်တွေကို ကွင်းကွင်းကွက်ကွက် မြင်ယောင်လာအောင် ပြောနိုင်တဲ့ အင်မတန်  ပုံပြောကောင်းသူ ဖြစ်တယ်..။ လူတွေ ပစ်ချလိုက်တဲ့ စီးကရက်ဆေးလိပ်ထက် ဖက်ကြမ်းတို တစ်လိပ်ကို ခုံမင်စွာကောက်ယူရင်းနဲ့ စာရေးချင်တဲ့ စာရေးဆရာဖြစ်တယ်..။ 

လမ်းမှာ ခိုင်မာတဲ့ ယုံကြည်မှုနဲ့ မျှော်လင့်ချက်တွေ  ရှိနေတယ်.. လမ်းဟာ တခါတခါ အားအင်ချိနဲ့စွာ မှုန်ဝါးဝါးနိုင်သွားသလို တခါတခါတော့ ရဲရဲတောက်နေတဲ့ အနီရောင် အလံတစ်လက်လို ဝံ့ဝံ့ကြွားကြွား ခန့်ငြားလွန်းလာတယ်..။ လမ်းဟာ မလိုအပ်တဲ့ ဘောင်တွေကို အော်ဂလီဆန်နေတယ်.. ဘယ်သူမှ မလိုက်နာချင်တဲ့ စည်းမျဉ်းတွေကို အရက်ဖြူနဲ့မြည်းပြီး လက်ထိုးအန်ချင်တဲ့ ခပ်ရွတ်ရွတ်ကောင် လည်းဖြစ်တယ်..။ သူရဲကောင်းတို့ရဲ့ ဝိညာဉ်တွေကို နတ်ဆရာတစ်ယောက်လို အစည်းအဝေးခေါ်ပြီး လေးစားမှုတွေနဲ့ တပည့်ခံချင်သူဖြစ်တယ်..။ လမ်းဟာ အတိတ်အိပ်မက်တွေ ပြန်မက်မက်နေရတာကို တစ္ဆေတစ်ကောင်  မြင်ရတာထက် ကြောက်လန့်တတ်သူဖြစ်တယ်..။ လမ်းဟာ သူမတက်ဖူးတဲ့ ကျောင်းတော်ကြီးကို လွမ်းနေသူဖြစ်တယ်..။ လမ်းဟာ သစ်ပုတ်ပင်ကြီး ရှိရာကို အပြေးသွားချင်သူ လူငယ်လေး ဖြစ်တယ်..။ လမ်းဟာ စွယ်တော်ပင်တွေအောက်က ခုန်တန်းရှည်ပေါ်မှာ မခို့တရို့ ထိုင်ရင်း ချစ်သူ့ဘေးမှာ ချွဲနွဲ့နေချင်တဲ့ ကောင်မလေးဖြစ်တယ်..။ 

သူ့စကားတွေကို မှင်တက်ငေးမောနေရင်း ဘာမှပြန်မပြောတဲ့ ကိုယ့်ကို ဂြိုလ်ကြည့်ကြည့်သူ ဖြစ်တယ်..။ ခေါင်းကို အတွင်တွင်ငုံ့ထားရင်း မျက်ရည်ခိုးသုတ်တဲ့ ကိုယ့်ကို သနားနေပုံလည်းရတယ်..။ လမ်းဟာ စာတစ်ပုဒ်ဖတ်သလို ကိုယ့်အတွေးတွေကို သိသိသာသာ ဝင်ဖတ်ချင်သူဖြစ်တယ်..။ မိုးရေတွေအောက်မှာ ခေါင်းမာမာနဲ့ သူ့အနားမှာ ရှိနေပေးခြင်းကို အားနာနေပုံရတယ်..။ လမ်းဟာ သူ့ရင်အစုံက ကွဲရှလွင့်စင်လာတဲ့ အကျိုးအပဲ့တွေကို သိမ်းထားပေးမှာ သိနေတဲ့ ကိုယ့်ကို ကျေးဇူးတင် စကားဆိုတတ်သေးတယ်..။ ကိုယ့်နှုတ်က ထွက်ကျလာမဲ့ စကားတစ်ခွန်းခွန်းကို မျှော်လင့်နေပုံရတယ်..။ အားမလို အားမရ ဖြစ်ခြင်းတွေနဲ့ ကိုယ့်ကို အပြစ်တင်ချင်ပုံရတယ်..။ လမ်းဟာ ကိုယ့်ကို အရပ်လေးမျက်နှာကနေ ရှု့ထောင့်အမျိုးမျိုးနဲ့ လေ့လာသူလည်း ဖြစ်တယ်..။ 

ကိုယ့်မျက်နှာကို မော့လိုက်ရင်း သူ့မျက်လုံးတွေထဲကို စေ့စေ့ကြည့်လို့ ခေါင်းတစ်ချက်ဆတ်ပြလိုက်တယ်..။  ဒါဟာ ကိုယ် လမ်းကို နှုတ်ဆက်လိုက်ခြင်းပဲ ဆိုတာ သူသိသွားပြီ...။ လမ်းက လက်တစ်ဖက်ကမ်းရင်း ကိုယ့်ကိုပြုံးအပြမှာ ကိုယ့်မျက်ရည်တွေကို သူမြင်သွားပြီ..။ လမ်းဟာ ပထမ မျက်မှောင်ကြုတ်တယ်.. အဲ့ဒီနောက် ခေါင်းကို လေးတွဲ့တွဲ့ခါရင်း နောက်ဆုံး စကားအရှည်ကြီးတစ်ခွန်းကို သူပြောတယ်..  

မင်းဟာ စကားမပြောတတ်တဲ့ လူတစ်ယောက်ဆိုတာ ငါသိသွားပြီ... ငါ့အန်ဖတ်တွေကို မင်းသယ်မသွားပါနဲ့... ငါ့ပုံပြင်တွေကို မင်းရင်ထဲက ထုတ်ပြီး ဒီနေရာမှာပဲထားခဲ့ပါ.. မျက်ရည်တွေကို သုတ်လိုက်တော့.. မင်းလျှောက်မဲ့ လမ်းတွေ လှပပြီး ဒဏ်ရာတွေ နည်းပါစေကွာ.. ကဲ.. မင်းသွားတော့”  ... တဲ့...။  ပြောပြောဆိုဆို လမ်းဟာ ငြိမ်သက်သွားတယ်... လမ်းဟာ လမ်းဖြစ်သွားတယ်...။ 

ဘယ်လို ခံစားမှုမျိုးမှန်း မသိပဲ ကိုယ့်ရင်တွေ တစ်ဆို့ဝမ်းနည်းလာပြီ...။ စူးပြီး အောင့်တက်လာတဲ့ရင်ကို လက်တစ်ဖက်နဲ့ ကိုယ်ဖိလိုက်ရင်း နောက်လက်တစ်ဖက်နဲ့ မိုးတွေရွှဲရွှဲစိုနေတဲ့ ကိုယ့်ဆံပင်တွေကို သပ်တင်လိုက်တယ်..။  ကိုယ်ဟာ ခြေထောက်တစ်ဖက်ကို ခပ်ဖွဖွ စကြွလိုက်တယ်..။ ချာကနဲ လှည့်ထွက်ဖို့အားယူရင်း ကိုယ့်နှုတ်ခမ်းဆီက သူမမျှော်လင့်တဲ့ စကားတစ်ခွန်း လွတ်ထွက်ကျသွားတယ်..။ 
 
“ငါကိုယ်တိုင်လည်း လူမှမဟုတ်တာ...  အရာအားလုံး နာကျင်ကြေကွဲမှုအားလုံးဟာ မင်းနဲ့ထပ်တူ ထပ်မျှ ခံစားဖူးတဲ့ လူယောင်ဆောင်ထားတဲ့ လမ်းတစ်လမ်းမို့ပါပဲ... ငါမင်းကို နှုတ်ဆက်ပါခဲ့တယ် လမ်းရေ....”

ညဥ့်နက်နက် တစ်ညမှာ မိုးရေတွေအောက်က လမ်းတစ်လမ်းဟာ တုတ်တုတ်မှမလှုပ် တိတ်ဆိတ်ငြိမ်သက်လွန်းစွာ လဲလျောင်းလို့နေပါတယ်...။

(ခင်လေးငယ်)

Wednesday, June 2, 2010

အချစ်နှင့် သူငယ်တန်းဖတ်စာ

A - apple, arrow  ကမ္ဘာဦးအစမှာ အချစ်ဟာ ပန်းသီးလေး တစ်လုံးက စခဲ့တယ်တဲ့လား.. ဘယ်လောက်ပဲ အဖိုးတန်တယ်ဆိုပါဦး ငွေရောင်လဲ့နေတဲ့ ဓါးပါးပါးလေးနဲ့ မင်းကိုယ်တိုင် စိပ်ပေးဖူးတဲ့ ပန်းသီးလောက် လောကမှာ အချိုဆုံး အမွှေးဆုံး ပန်းသီးစိပ်လေး ဘယ်မှာများ ဝယ်ယူလို့ ရနိုင်မှာတဲ့လဲ.. ကိုယ်ဟာ ဘယ်လောက်များ ကံကောင်းသူလဲကွယ်..!! ကိုယ် မင်းကို သိပ်ကျေးဇူးတင်တာပဲ ချစ်သူ... တသက်လုံးစာပေါ့။ မြားလေး တစ်စင်းကို မရည်ရွယ်ပဲ မင်းပစ်ခဲ့တာလား.! အို.. ဘယ်လိုပဲ ဖြစ်ဖြစ်ပါ အဲ့ဒီမြားလေးက ကိုယ့်ရင်မှာ အခိုင်မာဆုံး စူးနစ်လို့.. ရင်ခုန်သံတွေနဲ့ ကိုယ့်မှာတော့ အခုချိန်ထိ တ.. လှပ်.. လှပ်..

B - bird, bell ငှက်လေးတစ်ကောင်လို ဖြည်းဖြည်း ငြိမ့်ငြိမ့်လေး ပျံသန်းလာပြီး ဖွဖွလေး ကိုယ့်ဘေးကို မင်းဆင်းသက် ရောက်ရှိလာခဲ့တဲ့ ရက်လေးကို ဟောဒီတသက် မေ့ရမယ်မှ မထင်တော့တာ.. အေပရယ်လလေးရဲ့ တစ်ဆယ့်ကိုးရက်တဲ့... ကိုယ်ပြန်ပြောရင် မင်းနှုတ်ခမ်းလေးတွေ တင်းနေအောင်စေ့ပြီး ပြုံးပြဦးမှာပဲနော်... ဟက်ကနဲ ကျေနပ်ကြည်နူးစိတ်တွေနဲ့ မင်းရယ်မောလိုက်မယ် ဆိုရင်ကော နားဝင်ချိုလွန်းတဲ့ ခေါင်းလောင်းသံလေးတွေလို ကိုယ့်နားထဲကို ပြေးဆော့တိုးဝင် လာဦးမှာပေါ့ ချစ်သူလေးရယ်...

C - cup, cat ကိုယ် ကိုယ်တိုင်ရွေးချယ် ဝယ်ယူထားတဲ့ မင်းတယောက်အတွက် သီးသန့်ထားရှိခဲ့တဲ့ အဖြူရောင်မှာ အနီကွက် အကွပ်လေးတွေနဲ့ ကော်ဖီခွက်လေးဟာ ကိုယ်ဖြစ်ဖြစ် သွားမိပြန်သေးတာ မင်းသိရဲ့လား.. ကိုယ်ဖျော်ပေးတဲ့ ကော်ဖီလေးထဲမှာ သကြားမှုန်လေးအစား ကိုယ့်အချစ်တွေနဲ့ ဖျော်ထားတာလေ.. ကိုယ့်ကို စိတ်တိုအူယားအောင် မင်းစနောက်တတ်ချိန်တိုင်း တကယ်ပါ... ကိုယ်ဟာ ကြောင်လေး တစ်ကောင်လို ရှိသမျှ လက်သည်းတွေထုတ်ပြီး ကုတ်ဖဲ့ချင်စိတ်တွေနဲ့ နေရထိုင်ရခက် လွန်းလိုက်တာလေ.. ဒီလိုပြောလို့ မင်းလေး ကိုယ့်ကို လန့်သွားမယ်တော့ ကိုယ်မထင်ပါဖူး.. ပိုလို့တောင် တိုးပြီး စဦးမှာ သိနေပြန်သူဟာ ကိုယ်... ပဲ... ပေါ့...!!

D - dog ခွေးလေးတွေဟာ သခင်တွေအပေါ်မှာ သိပ်ကို သစ္စာရှိကြသတဲ့...။ ကိုယ်ဟာ အမွှေးစုတ်ဖွားလေးနဲ့ ခွေးပေါက်မလေး တစ်ကောင် ဖြစ်ပြီး မင်းဟာ ကိုယ့်သခင် ဆိုခဲ့ရင်...... ဟင့်အင်း ဘာမှဆက်ပြောပြဖို့ မလိုတော့ဖူးပဲနော်... ကိုယ့်ရင်ထဲကို မင်းထိုးဖောက်မြင် တတ်နေမှပဲ.. ဘာလိုသေးလို့လဲကွာ..!!

E - eye, ear ကိုယ့်ဘေးမှာ မင်းရှိနေမပေးနိုင်တဲ့ အချိန်တွေတိုင်း ကိုယ့်မျက်လုံးတွေထဲမှာ မင်းအရိပ်လေးတွေပဲ ပြေးဆော့ကစားလို့... ကိုယ့်အကြား အာရုံ တွေထဲမှာ စက္ကန့်မလပ် စိုးမိုးထားတာလည်း မင်းအသံ ပြာရှရှလေးတွေပဲ ဆိုတာ မင်းသိအောင် မင်းနားလေးနားကပ်ပြီး တိုးတိုးဖွဖွလေး ကိုယ်ပြောပြချင်နေမိတယ်...  ကိုယ်မင်းကို သိပ်... ချစ်... တာ... ပဲ...!!

F – fish, fan မင်းအခန်းလေးထဲမှာ အမြတ်တနိုးနဲ့ မွေးမြူထားတဲ့ ငါးကန်ထဲက ရွှေငါးလှလှလေးကလည်း ရာသီမရွေး ရေအပူချိန်ညှိထားတဲ့ ကန်လေးထဲမှာ ပျော်ပျော်ရွှင်ရွှင် ကူးခတ်လို့နေတိုင်း ကိုယ်ဟာ ငါးလေးဖြစ်ချင်ရပြန်သေး... နွေရာသီကို မုန်းပြီး အပူကြောက်တဲ့ မင်းအတွက် နှီးယပ်တောင် သန့်သန့်လေး အဖြစ် မင်းအနား ရောက်နေချင်သူဟာလည်း ကိုယ်ပါပဲ... ခိုးခိုးပြီး တိတ်... တိတ်... လေး... ပေါ့..!!

G - girl, goose ကိုယ့်ချစ်သူရေ... တခါတလေတော့ မင်းဟာလည်း ယောက်ျားတွေထဲက တစ်ယောက်ပဲဆိုတော့ကွယ်.. ခပ်ကဲကဲ အလန်းမလေးတွေကို မြင်တိုင်း ပြုံးစိစိကြီးနဲ့ လိုက်ရှိုးတတ်သေးပါရောလား.. ကိုယ့်မှာသာ ဘေးနားက ပွစိပွစိနဲ့ ဒေါသတွေ အလိပ်လိုက်ထွက်လို့ မျက်နှာကြီး ဆူပုတ်ပြီး မျက်စောင်းတွေ လိုက်ထိုးရင်း မနာလိုစိတ်တွေနဲ့ ကိုယ်ဟာ မိုက်... မဲ... သူ...!!

H - hat, hut ကိုယ်ဟာ ဦးထုပ်တွေကို သိပ်ကြိုက်သူပါ... ကိုယ့်မှာ အများကြီးရှိတဲ့ ဦးထုပ်တွေထဲက ခရီးတစ်ခုရဲ့ အပြန်မှာ မင်းကလက်ဆောင်အဖြစ် ဝယ်လာပေးတဲ့ နှစ်ဖက်လှ ဦးထုပ်အဝိုင်းလးကို အမြတ်နိုးဆုံးပေါ့။ မင်းနဲ့ကိုယ်ဟာ ပကာသနတွေကို မက်မောမှုမရှိတာ တထပ်တည်းနော်... ကိုယ်တို့တွေ သီချင်းလေးတွေ ဆိုညည်းရင်း နှစ်ယောက်အတူတူ ရှိနေချိန်တိုင်း ချစ်စရာ တဲအိမ်ကလေး တစ်လုံးကလည်း ကိုယ်တို့အတွက် ရွှေအိုရောင် မဟာ နန်း... တော်... ကြီး...!!

I - iron, ink သံတွေ သံမဏိတွေထက် ခိုင်မာလွန်းတဲ့ သံယောဇဉ် နှောင်ကြိုးတွေနဲ့ ရစ်ပတ်ပြီးမှတော့ ကိုယ်တို့ ဘဝလေးထဲမှာ မုန်တိုင်းကြမ်းစေဦး နွေးထွေးတဲ့ အပြန်အလှန် အားပေးမှုတွေနဲ့ ကျော်ဖြတ်နိုင်ကြမှာပဲ။ မင်းအချစ်တွေနဲ့ ဒါမှမဟုတ် မင်းအချစ်တွေကြောင့် ကိုယ့်ဘဝမှာ ဘယ်လိုမှင်စက်လေးမျိုးမှ စွန်းထင်မခံနိုင်ဖူးလို့ ခဏခဏပြောတတ်တဲ့ စကားလေးကြောင့် ကြိမ်ဖန်များစွာ ကျေနပ်မိရသူဟာ... ကိုယ်ပဲပေါ့ ချစ်... သူ... ရယ်...!!

J - jam, jacket ချစ်သူရေ... မင်းရဲ့ နူးညံ့ကြင်နာတတ်တဲ့ ယုယမှုတွေဟာ ကိုယ့်အတွက် အနွေးဓါတ်ရစေတဲ့ ဂျာကင်ပန်းနုရောင်လေး ဖြစ်သလို ချိုမြိန်လွန်းလို့ ကိုယ်သိပ်ကြိုက်တဲ့ စတော်ဘယ်ရီဂျဲ(မ်) လေးလည်း ဖြစ်တယ်..။

K - key, kite ကိုယ်တို့ တိုးဝင် လျှောက်လှမ်းမဲ့ ဘဝရဲ့ ပိတ်ထားတဲ့ တံခါးအဆင့်ဆင့်တွေကို ဖွင့်နိုင်ဖို့ နှောင်ဖွဲ့ယူထားတဲ့ မေတ္တာခွန်အားသော့တွေ ရှိနေတာပဲ ဘာများလိုသေးလို့လဲလေ... ဟုတ်တယ်နော် ချစ်သူ..!! မင်းနဲ့ ကိုယ့်ရဲ့ ချစ်ခြင်းတွေနဲ့ ကမ္ဘာကြီးကိုပတ်လို့ လေတံခွန်လေးအဖြစ်နဲ့ လွင့်ချင်တယ်လို့ ကဗျာဆန်ဆန် ပြောတတ်သူ မင်းကို ကြည်နူးစိတ်တွေနဲ့ စနောက်ချင်မိတတ်တဲ့ ကိုယ်ဟာ အဲ့ဒီအချိန်မှာတော့ အစနောက်သန်တဲ့ လူ... ဆိုး... မ... လေး...!!

L - leaf သစ်ရွက်လေးတွေ ကြွေနေတာကို ထိုင်ကြည့်ကြရင်း ကိုယ့်လက်ဖဝါးလေးကို တင်းနေအောင် ဆုပ်ကိုင်လို့ သီချင်းလေးတစ်ပုဒ် ကောက်ဆိုပြတတ်တဲ့ မင်းဆံနွှယ် တွေကို ဖွဆော့ရတိုင်း ရင်တွေခုန်ရတာ ကိုယ့်... မှာ... အ... မော...!!

M - mouse, monkey ကိုယ့်ချစ်သူအကြောင်း ကိုယ်သာအသိဆုံးလို့ ပြောရင် ကိုယ့်ကိုလူတွေ ပြုံးစိစိ ကြည့်ကြဦးမှာနော်... တကယ်ပဲ စကားလေးလုံးမကွဲအောင် ပြောဆို နေတတ်ထိုင်တတ်တဲ့ မင်းဟာ စိတ်ကူးပေါက်ရင် မျောက်လေးတစ်ကောင်လို ဆော့လွန်းတာ တခြားလူတွေ သိမယ်မထင်ဖူး.. ကြွက်ပေါက်စလေးတွေလို တကျွိကျွိနဲ့ ဂျီကျတတ်သူဟာလည်း မင်းပဲလို့ ကိုယ်ပြောတိုင်း မင်းရယ်တတ်တာ ဟက်... ဟက်... ပက်... ပက်...!!

N – nail, nest ကိုယ်ညှပ်ပေးတာခံချင်လို့ ကိုယ်သတိထားမိအောင်အထိ လက်သည်းတွေကို မေ့ချင်ယောင်ဆောင်ပြီး အရှည်ထားတာလို့လည်း မပွင့်တပွင့်နဲ့ ချွဲတတ် တဲ့ ကိုယ့်ချစ်သူဟာ ကိုကိုချွဲလေးပေါ့..။ ချစ်လို့ ချွဲတာပဲဆိုတဲ့ အတွေးလေးနဲ့ ကိုယ့်ကျေနပ်စိတ်တွေက စုပုံထပ်လာလိုက်တာ အသိုက်အအုံလေး တစ်ခုလိုတောင် ဖြစ်... နေ... ခဲ့... ပေါ့...!!

O - orange, onion မင်းနွှာပေးတတ်တဲ့ လိမ္မော်သီးလေးတွေကို အမျှင်လေးတွေ မခွာဖို့ ကိုယ်ပြောတာလည်း အကြိမ်ကြိမ်... ကိုယ်က လိမ္မော်သီး အမျှင်လေးတွေရဲ့ ခါးသက်သက်လေးကို ကြိုက်တာဆိုတော့ “ဟာ... ကွာ” တဲ့...။ ဒီလိုပါပဲ ကြက်သွန်နီစိမ်းကိုစိပ်ပြီး ရေမဆေးပါပဲ ငါးပိရည်နဲ့ တို့စားတတ်တဲ့ မင်းကို ကိုယ်ကနှာခေါင်း ရှုံ့ပြန်တော့ “အမယ်... အဲ့ဒီမွှန်တက် သွားတာလေးကိုက မိုက်တာဗျ” ဆိုပဲ..။

P - pin,pencil ကိုယ့်အနားမှာ တွယ်ချိပ်လေးတစ်ခုလို ကပ်ကာလိုက်ပါဖို့ ရမယ်ရှာရှာနေတတ်သူဟာ ကိုယ်ချစ်တဲ့ မင်းပါပဲ... ကိုယ်စာရေးချိန်မှာ သုံးတတ်တဲ့ ခဲတံလေးလည်း ဖြစ်ချင်ပြန်သေးသတဲ့လေ... ကို... ပို... လေး...!!

Q - queen “မင်းသာဘုရင်ကြီး တစ်ပါးဆိုခဲ့ရင် ကိုယ်ဟာ မင်းကို အလိုက်သိနားလည် ဖေးမစာနာ ကူညီပေးနိုင်မဲ့ ဘုရင်မလောက်တော့ ဖြစ်ချင်တာပေါ့ကွာ..” လို့ ကိုယ်က ခပ်တည်တည်နဲ့ ပြောတော့ တဟားဟား သြော်ရယ်ရင်း.. “အမယ် မ.. သာ ဘုရင်မကြီးလုပ်ပြီး မောင့် ကို သနားစိတ်လေးနဲ့ မ.. ဘေးမှာ တသက်လုံးနေလို့ ရနိုင်မယ့် နေရာလေးတစ်ခုသာ အပ်နှံစမ်းပါနော်..” တဲ့။ ကဲ... ဘယ်လောက်များ လူလည်ကျတတ်တဲ့ ကိုယ့်ချစ်သူလည်းနော်..!!

R = rabbit ယုန်ဖြူဖြူလေး တစ်ကောင်လောက် ကိုယ်ချစ်လို့ အလှမွေးဖို့ ဝယ်ပေးပါ ပူဆာထားတာကို သက်သက်မဲ့ မေ့ချင်ယောင်ဆောင် နေသူဟာ မင်းပဲ မဟုတ်လား..!! မသိရင်ခက်မယ် သူ့ကို ဂရုစိုက်လျော့မှာ စိုးတဲ့ လော ဘ ကြီး သူ လေး..။

S – shirt အဖြူရောင် ရှပ်အင်္ကျီ ပါးလျလျလေးတွေကို နှစ်သက်ခုံမင်စွာ ဝတ်တတ်တဲ့ မင်းလို ကောင်လေးတွေ မြင်တိုင်း မင်းများလားလို့ ကိုယ်ကြည့်မိတယ်ပြောတော့ ကိုယ့်ကို စူပုတ်ပုတ်ကြည့်ပြီး “ဟွန်းးး ရှပ်အင်္ကျီ ကယ်ပေလို့ပေါ့ကွာ...” တဲ့

T - table, tree ကိုယ်နဲ့မင်း ထမင်းလက်ဆုံစားရင်း ထမင်းစားပွဲမှာ ငြင်းခုန်ကြတာ မှတ်မိသေးရဲ့.. ကိုယ်တို့ အသက်တွေကြီးလာရင် ခုလုပ်နေတဲ့ အလုပ်မျိုးတွေ မလုပ်ပဲ အပင်စိုက်စားမယ်ပြောရင်း ကိုယ်က နှင်းဆီခြံစိုက်ချင်သူ... မင်းကတော့ သစ်ခွမျိုးစုံ ပျိုးချင်သူပေါ့.. အဲ့လိုနဲ့ အရည်မရ အဖတ်မရ ငြင်းခုန်ရင်း ကိုယ်စိတ်ကောက်လိုက်တာ နှစ် ရက် ခွဲ တိ တိ...။

U - umbrella မိန်းကလေး ဖြစ်ပြီး နေပူပူ မိုးရွာရွာ ထီးသယ်ဖို့ ပျင်းလွန်းတဲ့ ကိုယ့် ပေတေမှုကို ပြင်ဖို့ ချော့မော့ပြောရတာ “မောင်... စိတ်ညစ်တယ်ကွာ.” လို့ မင်းပြောတုန်းက ကိုယ်နည်းနည်းတော့ လန့်သွားမိတာ အမှန်ပဲ.. အဲ့ဒီ စိတ်လေးကလည်း ခဏပါ.. နောက်တော့ ကိုယ့်ရဲ့ မဟာထုံးစံအတိုင်း ဒုံရင်းက ဒုံရင်း င... ပေ... မ... ပေါ့...!!

V - violin ဂွတီးဂွကျ ဘုဆတ်ဆတ်ပြောတတ်တဲ့ ကိုယ့်ကို အသနားခံတဲ့ အကြည့်လေးနဲ့  “ဟိုး အရင်ကလို တယောသံလေးနဲ့ ချွဲချွဲနွဲ့နွဲ့ တီတီတာတာလေးတွေ ပြောစမ်းပါကွာ...” လို့ မင်းပြောလာတိုင်း ကိုယ်တွေးမိပါတယ်.. တခါတလေတော့ ချွဲ... နွဲ့... ဦး... မှ... ပါ... လို့လေ..။ :P

W – water  အာသီး ခဏခဏယောင်တတ်တဲ့ ကိုယ်ဟာ ရေခဲတွေနဲ့ အေးစက်စက်ရေက လုံးဝကို မတည့်တာပါ.. မတည့်မှန်းသိလည်း လက်အစုံက လှမ်းမိတာ အေးစက်နေတဲ့ ရေခဲရေခွက်ဆီကိုပေါ့.. သူ့မှာလည်း ကိုယ်ရေဆာတယ် ပြောတိုင်း ရိုးရိုးရေ.. ရိုးရိုးရေ.. ရိုးရိုးရေနော်လို့ သတိပေးပေး နေတတ်တော့ ကိုယ့်နံမည်ကိုတောင် ရိုးရိုးရေ လို့ ပြောင်းမလား စိတ်ကူးမိသေး.. :)

X - xylophone  သူငယ်တန်းဖတ်စာအုပ်ကို ခိုးပြီးကိုးကားရေးလာခဲ့တာ ချစ်သူနဲ့ ကိုယ့်အကြောင်းပေါ့..။ A to W အထိပြီးနေပြီ.. အဲ... X... X... ရောက်လာခဲ့ပြီ.. ပတ္တလားတဲ့.. ခေါင်းတွေပူသွားတယ် ပတ္တလားနဲ့ အချစ်ကို ဘယ်လိုများ ဆက်စပ်ယူရမှာပါလိမ့်..!! ဟိုဟိုဒီဒီ ယောင်ပေပေ ဝေ့ဝဲကြည့်လိုက်တယ်ဆိုမှ တန်းတိုးတာ ချစ်သူ့မျက်လုံးတွေ..။ ကိုယ့်အာရုံနဲ့ ကိုယ် W အထိတောက်လျှောက် ရေးလာခဲ့တော့ ကိုယ့်နောက်ကို မင်းက ဘယ်အချိန်ကတည်းက ရောက်ပြီး ကိုယ်ရေးသမျှကို ဖတ်လာခဲ့တယ်မသိ.. ခပ်ရှက်ရှက်ဖြစ်သွားတဲ့ စိတ်လေးနဲ့ သူ့မျက်နှာကို သေချာကြည့်မိမှ ပြုံးရင်း ကိုယ့်ကို မေးတစ်ချက် ဆပ်ပြတယ်.. ကဲ... လုပ်ပါဦး ဘယ်လိုရေးမလဲ ပတ္တလားနဲ့ အချစ်ဆိုတဲ့ ဒီဇိုင်းနဲ့ပေါ့.. ကိုယ်ခေါင်းကုတ်ရင်း အဆီမဆိုင် ဟီးးး လို့ ရယ်ပြလိုက်မိတယ် သြော်... သူငယ်တန်း အင်္ဂလိပ်စာရယ်.. ပတ္တလားရယ်.. ကိုယ်ရယ်.. မင်းရယ်.. အချစ်အကြောင်းရယ်..... :P :P :P

Y - yoke  ကိုယ်တို့ရဲ့ အချစ်တွေကို ဟိုး ဘဝ အဆုံးထိ  ခိုင်မာသထက် ခိုင်မာအောင် ယူဆောင်သွားဖို့ အပေးအယူတွေ နားလည်မှုတွေနဲ့ ဖလှယ်စရာတွေ အများကြီးပဲ မဟုတ်လားကွယ်... ကိုယ်တို့ ဘဝဟာ ထမ်းပိုးလေးတစ်ခု ဆိုခဲ့ရင်... ထမ်းပိုးလေး တစ်ဖက်တစ်ခြမ်းမှာ ကိုယ်တို့ရဲ့ ချစ်ခြင်းတွေကို ထုပ်ပိုး ထားတဲ့ အထုပ်ကလေးနှစ်ထုပ် ရှိနေမှာပေါ့..။ မင်းဖက်က ထမ်းပိုးအစွန်းမှာ ချည်ထားတဲ့ အထုပ်လေးထဲကို နားလည်မှုတွေ  ထည့်ပေးသလို ကိုယ်ကလည်း စာနာညှာတာမှုတွေကို ကိုယ့်အထုပ်လေးထဲကို ဖြည့်ပေးရမှာပေါ့.. မင်းရဲ့ အကြင်နာတွေ နူးညံ့မှုတွေကို ကိုယ်ရရှိချိန်မှာ ခေါင်းမာစွာ ဆိုးတတ်တဲ့ ကိုယ့်အကျင့်တွေကို ဖျောက်ပေးရမှာပေါ့..။ ကိုယ်တို့ အချစ်တွေ ဘက်ညီမှ ဖြစ်မှာလေ..။ ဒါမှသာ ကိုယ်တို့ရဲ့ ဘဝ ထမ်းပိုးလေး ညီညာစွာ ပခုံးထက်မှာ ရှိနေမှာပေါ့နော်...

Z - Zoo  မနှစ်က နွေရာသီဦး ချယ်ရီပန်းကြည့်ပွဲလေးကို ကိုယ်မှတ်မိနေတယ်.. ကိုယ်တို့သွားခဲ့တဲ့ ပန်းခြံနဲ့ တွဲရက်က နံမည်ကြီး တိရစ္ဆာန်ရုံကြီးပေါ့..။ ကိုယ့်ညာဖက် လက်လေးကို တင်းနေအောင် ဆုပ်ထားတဲ့ မင်းဘယ်လက်မောင်းမှာ ပါးလေးကပ်ရင်း အကောင်တွေကို ငေးမောခဲ့ကြတာလေနော်.. တကယ်တမ်းသွားတာက ချယ်ရီကြည့်ပွဲ... အချိန်တွေကုန်ခဲ့တာက တိရစ္ဆာန်ပေါင်းစုံ ကြည့်ရင်းပေါ့.. ငှက်လေးတွေတောင် ကိုယ်တို့ကို ကွက်ကြည့် ကွက်ကြည့်နဲ့ အတင်းတုပ်နေပုံရတယ်.. တကျိကျိနဲ့ ဆူလို့ ညံလို့... လှောင်အိမ်ထဲမှာလို့ ပြောလို့မရအောင်တောင် သူတို့ လှောင်အိမ်ကြီးက တမျှော်တခေါ် ကြီးမား ကျယ်ပြန့် လိုက်တာ... တောအုပ်ကြီးတစ်ခုလိုပဲ..။ “တိရစ္ဆာန်ဘဝနဲ့ ငှက်လေးတွေ ဖြစ်ခဲ့ရင်တောင် မခွဲချင်ဖူး မောင် ရယ်.. အတူတူနော်..” လို့ ကိုယ်က ခပ်ချွဲချွဲလေး ပြောလိုက်တော့ ကမ္ဘာမှာ အကြင်နာဆုံး လူသားတစ်ယောက်ရဲ့ အပြုံးမျိုးနဲ့ ကိုယ့်နဖူးလေးကို ဖွဖွလေး ငုံ့ပြီးအနမ်းမှာ မင်းနှုတ်ခမ်းလေးရဲ့ မပြောင်းလဲတဲ့ နွေးထွေးမှုတွေက ကိုယ့်ကို ကလေးလေး တစ်ယောက်လို ရှက်... ကိုး... ရှက်...ကန်း...

ဤတွင် သူငယ်တန်းဖတ်စာ A to... Z သင်၍ ပြီး၏..။။ အ ဟက်... :)


(ခင်လေးငယ်)

ဖွင့်ဟချက်။              ။ သူငယ်တန်း အင်္ဂလိပ်စာ ပြဌာန်းစာအုပ် ထဲမှာပါတဲ့ စကားလုံးလေး တချို့ကို ယူပြီး ပေါ့ပေါ့ပါးပါးလေး ရေးဖွဲ့ပါတယ်..။ ကျွန်မ ချစ်ရတဲ့ မ” မမနော် ကျေနပ်နိုင်ပါစေ.. အချိန်အကြာကြီးနေမှ ဆပ်နိုင်တဲ့ အကြွေးလေးမို့ အတိုးများများ တိုးမယူရန် အားလုံး၏ ရှေ့တွင် အသိပေးကာ တောင်းပန်အပ်ပါကြောင်း.... :P