Tuesday, March 29, 2011

ရင်၌တည်သော ထိုချစ်ခြင်း..


ချစ်တတ်ခြင်းသည် အချစ်ဖြစ်သည်...။ ထို့အတူ တရံတခါ၌ ဖြစ်ခဲ့သော ချစ်ဖူးခြင်းသည်လည်း အချစ်ဖြစ်ပါသည်...။ ပုထုစဉ်မှန်လျှင် လောကတွင် အချစ်နှင့်ဝေးကွာသူ မည်သူရှိပါသနည်း..။ ဘဝတွင် အနည်းဆုံး တကြိမ်တခါမျှတော့ အချစ်ကို ခံစားဖူးပါလိမ့်မည်..။ ငယ်ရွယ်နုပျိုစဉ်တွင် ဖြစ်စေ.. တည်ငြိမ်ရင့်ကျက်သော အရွယ်တွင်ဖြစ်စေ.. အသက်အရွယ် ကြီးရင့်သော အခါတွင်ဖြစ်စေ.. နူးညံ့သော ချစ်ခြင်းတစ်ခု၌ (သို့မဟုတ်) ချစ်ခြင်းတစ်ခုနှင့် ရင်ခုန် မွေ့ပျော်ဖူးလေမည်..။ နှလုံးသားကို ဗဟိုပြု၍ ရင်၌တည်သော စစ်မှန်သည့် ချစ်ခြင်းသည် အသက်အရွယ်၊ ဂုဏ်ပကာသန၊ ရုပ်ရည်သွင်ပြင်၊ ဥတုရာသီမရွေး ကွေ့ကောက်ကင်းစွာ မိမိထံသို့ တန်းတန်းမတ်မတ် ချဉ်းနင်းဝင်ရောက် လာတတ်လေ့ ရှိပါသည်..။ 


ဟန်ဆောင် ထိမ်းချုပ်ရန် အင်မတန်မှ ခက်ခဲသော အရာသည် အချစ် ဖြစ်ပါလိမ့်မည်..။ ချုပ်တည်းနိုင်စွမ်း မည်မျှပင်ရှိနေပါစေ မိမိစိတ်၏ ခံစားဖြစ်တည်မှုကို ကိုယ်တိုင် အချိန်ရှည်ကြာ လိမ်ညာဖုံးကွယ်၍ လုံးဝရနိုင်မည် မဟုတ်ပါ..။



~~~~~~~~~~~~~~~~။။။။။။~~~~~~~~~~~~~~~~~

“ချစ်ဖူးပါသည်.. ချစ်ခဲ့ပါသည်.. ချစ်နေဆဲ ဖြစ်ပါသည်..။”

တိုးတိုးတိတ်တိတ် နေဝင်သွားတဲ့ ညနေတွေ အများကြီး ရှိနေဆဲပါ..။ ကျွန်မတို့အတွက် နေ့သစ်တွေ ရောက်လာဦးမယ် ဆိုပါဦး.. ဘယ်မှာလဲ အတူတူရှိနိုင်မဲ့ အာရုံဦးနဲ့ ညနေခင်းတွေ ညတွေရယ်...။ ရခဲ့ဖူးသလား မရတော့တာလား ရနိုင်သေးတယ် မရနိုင်တော့ဘူး ဘာမှမသိနိုင် တော့တာလား..!! နမိတ်မဖတ်တတ်သူ ကျွန်မတို့နှစ်ဦး ဘယ်အရာကိုမှ အတိတ်မကောက် ခဲ့ဖူးတာတော့ သေချာပါရဲ့နော်။ ကျွန်မလေ... ဘာကိုမှ ကြေကွဲမနေပါဘူးကွယ်..။ အရာရာဟာ ဟိုး အရင်အတိုင်းပါပဲ သူ့အလိုလိုလေးပဲပေါ့...။


နှိုင်းနှိုင်းဆဆနဲ့ ချင့်ချိန်ကြည့်ဘို့ ဆိုတဲ့စကားလုံးလေးက ကျွန်မတို့ စိတ်တွေနဲ့ သိပ်ကိုဝေးလွန်းခဲ့ပါတယ်..။ စိတ်တွေနဲ့ လျှောက်လှမ်းနေတဲ့ ကျွန်မတို့ လမ်းလေးက ဖြောင့်ဖြူးနေလွန်းလို့..။ သူနင်းလျှောက်သွားတဲ့ ရွက်ခြောက်ကြွေလေးတွေရဲ့ တိုးသဲ့သဲ့ ညည်းတွားသံကို ကျွန်မခံစားမိနေသလို ကျွန်မဘယ်ဖက် လက်ကောက်ဝတ်ပေါ်က လှုပ်လှီလှုပ်လဲ့ တွဲခိုနေတဲ့ ကြယ်လေးတွေရဲ့ ခိုးခစ်ခစ် ရယ်သံလေးတွေကို နားထဲမှာ အလွတ်ရနေ တတ်ခဲ့သူဟာ ဘယ်သူများ ရှိနိုင်သေးလို့လဲ...။ 

ဘယ်သူပြောမလဲ... ကျွန်မတို့ကို...!! ရူးတယ်လို့ပေါ့..။ ဘယ်လိုပြောပြော ပြောကြပါစေ.. နူးညံ့နေဆဲပါ။

လာသွားမယ် ဟောဟိုကမ်းစပ် 
ခရုကောက်ရင်းတေးဆို 
နေညိုညိုမှာ ငိုမှာစိုးတယ်
မောင့်လက်ကိုတွဲ
အားသစ်ဖြစ်စေ နွေးထွေးစေ..။

လေအသော့မှာ တရိပ်ရိပ်ပြောင်းသွားတဲ့ တိမ်ပန်းချီတွေကို မော့ကာငေးရင်း ဟက်ဟက်ပက်ပက် ရယ်မောရင်း ကလေးငယ်လေးတွေလို ဆော့ပြေးဖူးတဲ့ ညနေတွေကို သတိအရမှာ ပြုံးမိပြန်သေးတယ် မောင်..။ နှုတ်ခမ်းပါးမှာ လက်တမ်းကဗျာလေးတွေ “တွဲခို..” မျက်ဝန်းနက်နက်မှာ အကြည့်လဲ့လဲ့တွေက “လက်စို..”။

ဒီလိုနဲ့ပါပဲ... ချစ်ခြင်းမူဟန်ကိုယ်စီနဲ့ ချစ်ခြင်းတွေကို ချခင်း.. ချစ်ခြင်းလမ်းမှာ ဖွဖွနင်းရင်း.. ချစ်ခြင်းနဲ့ ကြည်စယ်.. မပျယ်မဲ့ သစ္စာနဲ့ ချစ်ခြင်းကိုပွေ့ပိုက်လို့ အိမ်အပြန်တွေဟာ သိပ်ကိုလှပ လွန်းခဲ့ပါတယ်..။ ငှက်လေးတွေရဲ့ အိပ်တန်းတက် တေးဆိုသံကို ခြေရာကောက်တော့ နေကြာဝါဝါတွေက မခို့တရို့လေးနဲ့  ငိုက်မြည်းပြ ကြသေးတယ်...။


အိပ်မက်မှာ အာရုံခံ ရေတွက်ခဲ့တဲ့ ဟော.. ဟို နက်ပြာပြာ ကောင်းကင်ထဲက ကြယ်တွေလည်း အများကြီး ရှိခဲ့ဖူးသေးတာပေါ့။ ကျွန်မ ပြောပြမိခဲ့တာ မှတ်မိနေဦးမှာကို ယုံကြည်နေမိဆဲပါ...။ အဲ့ဒီညမှာ ဘယ်လို ကြယ်လေးမျိုးမှ မကြွေစေရဘူး ရယ်လို့ နှစ်ဦး သဘောတူ တိုးတိုးလေး ရွတ်ဆိုမိခဲ့ကြဖူးတယ် ဆိုပါတော့..။

“သဲပြင်ပေါ်မှာထိုင်ပြီး ညကောင်းကင်က ကြယ်တွေကို ကျွန်မတို့ လုပြီး ရေတွက်ကြမယ်လေ.. နော်”
“မေ့ကိုဝတ်ပေးဖို့ အနွေးထည်လေး တစ်ထည် ယူလာမယ်”

“ကျွန်မကကော ဘာယူလာမယ်လို့ မောင်.. ထင်လဲဟင်..”
“ဒေါက်ဖိနပ် တစ်ရံ..”

“ဟင့်အင်း..”
“ဟော.. ဆိုင်လည်း မဆိုင်ဘူးဆိုပြီး ပြုံးနေပြီ ဒါဆိုဘာလဲ တိုးတိုးလေးပြောပြ”

“ကြိုးလေး တစ်ကြိုး”
“ဟင်....”

“ဟုတ်တယ်.. မောင်“
“ဘာကြိုး..”

 
“ကြယ်သီကြိုး”
“မေ.... ရယ်” 

မှင်တက်မှုနဲ့ နူးညံ့သွားတဲ့ သူ့မျက်နှာဟာ နှစ်လိုဖွယ် တည်ကြည်နေသလို.. မျက်လုံးတွေထဲက ယုံကြည်ချက် သက်ငြိမ်ပန်းချီ တစ်ချပ်ကို  လှစ်ကနဲ မြင်ခွင့်ရလိုက်သူဟာ ကျွန်မဖြစ်ခဲ့ပါတယ်..။  အဲ့ဒီအချိန်လေးမှာ ရိုးရှင်းသန့်စင်တဲ့ ရင်ခုန်စီးကြောင်းလေးဟာ မောင်ဆုပ်ကိုင်ထားတဲ့ ကျွန်မဘယ်ဖက် လက်ဖျားလေးဆီကနေ ဖြစ်တည်ခဲ့တာပါ.. မောင်..။ ကျွန်မတို့ နံဘေးမှာ ကဗျာသစ်တစ်ပုဒ် ကခုန်တော့မယောင်..။ အကြည့်တွေပြိုင်တူနဲ့ ခေါင်းကိုပင့်လို့ ကောင်းကင်ဆီကို မော့အငေးမှာ လှိုင်းပုတ်သံလေးက တိုးသဲ့သဲ့..။


အမူပိုပို
ချစ်သူ့အတွက်
တိုးတိတ်တောင်းပန်
မပြိုပါနဲ့
တိမ်မိုးညိုရယ်
မေ.. ငြိုငြင်မှာ
စိုးလှတယ်..။

တအိအိ ပြိုဆင်းလာတော့မဲ့ မိုးသားတွေကို မောင်က ကဗျာလေးနဲ့ တဖွဖွတောင်းပန်ချိန်မှာ ကျွန်မဆံနွှယ်တွေကို လေအေးအေးက ကျီစယ်..။ လေအသော့မှာ ကျွန်မခေါင်းထက်က ခပ်ကွေးကွေး စံပယ်ကုံးလေးဆီက ရနံ့လေး ပျယ်မှာတောင် စိုးမိရသေးတယ်.. တဲ့လားကွယ်..။

“အချစ်ဆိုတာ ဘာများလဲ.. လို့ တကူးတက တွေးကြည့်ဖူးသလား မေ..”

“အို...! အချစ်...!!”

“ပြောကြည့်ပါလားဟင်”
“ချစ်ခြင်းနောက်ကွယ်မှာ တွဲလျက်ကပ်ပြီး တွယ်ငြိလာတဲ့ အရာတွေ အများကြီးပဲ မဟုတ်လားကွယ်..
သူ့တစ်ခုတည်းကိုတော့ အချစ်ဆိုတာ ဘာလဲဆိုပြီး ပုံသေ အဓိပ္ပါယ်ဖွင့်ဆိုလို့ မရနိုင်သလို.. ဖွင့်ဆိုနိုင်ဖို့လည်း လိုအပ်မယ်မထင်ပါဘူး... မေ ကတော့လေ ဘာတွေဖြစ်လာဦးမလည်း ဆိုတဲ့ အတွေးပေါင်းစုံနဲ့ ရင်မောမနေချင်ဘူး.. အဆုံးစွန်ထိ မေ.. တွေးကြည့်ဖူးသူပါ မောင်နဲ့မေကော ဒီလောက်ချစ်နေကြပြီး ခွဲခွာခြင်းဆိုတဲ့ တစုံတရာ မေတို့ဆီကို ရောက်မလာနိုင်ဘူးလို့ ပြောနိုင်လို့လား မောင်ရယ်... ခွဲခွာကြရရင်ကော တည်တည်ငြိမ်ငြိမ် မေ.. ရင်မဆိုင်နိုင်ပါဘူး.. အဆိုးဆုံးကို ကြိုတင်တွေးထားဖူးလို့ မေ့မှာ သတ္တိတွေရှိမယ် မောင်ထင်လား..!! ဟင့်အင်း မောင်ရယ် ခံစားနိုင်တယ် မခံစားနိုင်ဘူး ဆိုတာ သတ္တိနဲ့မှ မဆိုင်တာလေ.. နော်.. မခွဲရဖို့တော့ မေတို့ ကြိုးစားရမှာပေါ့.. ဘယ်လိုပဲ ဖြစ်ဖြစ်ပါကွယ်.. ဒီလိုနေ့လေးတွေ အတွက်ကော တသက်လုံးစာပါ  မောင့်ကို.. ချစ်တယ်...”  
 
“ဒါပေါ့ မေ.. ဝေးဝေးနီးနီး မောင်တို့ရင်ထဲက အချစ်တွေ ရှင်သန်နေသမျှ နူးညံ့သန့်စင်စွာနဲ့ ချစ်နေကြဖို့ပါပဲ.. မောင်ချစ်တာ မေ.. တယောက်ထဲ... ကဲ.. မေယူလာမဲ့ ကြိုးကလေးနဲ့ မောင်တို့အတွေးတွေထဲက ကြယ်လေးတွေကို တလုံးချင်း သီကြမယ်နော်..”
“ဟုတ်......”


မြတ်နိုးချစ်ခင် ယုံကြည်ခြင်းတွေနဲ့ သူဆိုပြဖူးတဲ့ ကဗျာလေးတွေကို ကျွန်မနားဝမှာ ကြားယောင်လာတိုင်း ချိုလဲ့လဲ့ ပုံရိပ်လေးတွေ ကျွန်မအနား ဖြတ်ဖြတ်ပြေးနေဆဲ..။ အခုဆိုရင်... ကျွန်မတို့တတွေ တယောက်အနားမှာ တယောက် မရှိနိုင်တော့တဲ့ နှစ်လတွေက မရည်တွက်နိုင်အောင် အများကြီးရှိနေပါပြီ..။ ဒါပေမဲ့... ကျွန်မစိတ်တွေက တရက်မှမခွဲခွာပဲ မောင့်ဘေးမှာ ရှိနေခဲ့တာပေါ့..။ ဒီလိုပါပဲ မောင့်.. ရင်ခုန်သံတွေလည်း ကျွန်မနဲ့ အနီးဆုံးမှာ လှုပ်ခါနေဆဲဆိုတာ ယုံကြည်လိုက်တာလေ..။

ကျွန်မကို ချစ်စနိုးနဲ့ မေမေ“မေ”.. လို့ ခေါ်တတ်တဲ့ ကျွန်မတူတွေ တူမတွေတောင် လူပျိုပေါက်လို့ ခေါ်ဆိုနိုင်လာတဲ့ အရွယ်တွေရောက်လို့နေပေါ့..။ မောင့်မှာလည်း ကျွန်မလိုပဲ တူတွေ တူမတွေ အများကြီး ရှိနေလောက်ပြီဆိုတာ ကျွန်မသိနေပါတယ်..။ ကျွန်မတို့ နှစ်ယောက်လုံး အိမ်ထောင် မပြုဖြစ်ကြတာကို တိုက်ဆိုင်မှု တစ်ခုရယ်လို့တော့ ပေါ့ပေါ့လေး ပြောမထွက်ပါဘူးကွယ်..။

ကျွန်မအတွက်ရယ်လို့ မောင်စပ်ပြီး သိမ်းထားနေတဲ့ မဆိုဖြစ်တော့မဲ့ ကဗျာလေးတွေ ဘယ်နှစ်ပုဒ်တောင် ရှိလို့နေပြီများလဲ..!! အဲ့ဒီလိုပါပဲ... ကျွန်မတို့ အတူတူ သီကုံးနေဆဲ ကြယ်လေးတွေကလည်း ကုန်မှ မကုန်နိုင်ပဲ..။ ကျွန်မတို့ ကြယ်သီကြိုးလေးက ဘယ်လောက်ပဲ ရှည်လျားလာပါစေ ဘယ်တော့မှ ပြတ်ထွက်မှာမှ မဟုတ်တော့ပဲလေ.. နော်..!!

ကျွန်မဆိုတာ မောင့် အသိလေးထဲမှာ ရှိနေသ၍ မောင်.. ဆိုတာ ကျွန်မနှလုံးအိမ် ထောင့်လေးတစ်နေရာမှာ နေရာယူထားသ၍.. ကျွန်မတို့ ဘယ်မှာ ဝေးကွာခဲ့လို့လည်း..!! မကြာခင်မှာပဲ ကျွန်မ ဆံပင်လေးတွေ ငွေရောင် သမ်းလာတော့မှာ မောင်ရဲ့..!! ပြုံးစစနဲ့ မဆီမဆိုင် ဆံပင်ကို သပ်တင်လိုက်မယ့် မောင့်ပုံစံကို ကျွန်မ အတွေးမှာ မြင်ယောင်လာမိတယ်..။ သြော်... မောင်လည်း နောက်ရာစုနှစ် တစ်ကွေ့ နှစ်ကွေ့ကျော်ရင် ဖိုးဖိုးပဲပေါ့ကွယ်..။ 


ကျွန်မနားဝလေးမှာ မောင့်ခေါ်သံလိုလို စကားပြောသံလိုလို ကျွန်မ အတွေးမှာ တိုးတိုးလေး ကြားမိလိုက်ပါတယ်..။

“ကဲ... အတွေးတွေ ဝေမနေနဲ့ မေ ရယ်.. မောင်တို့ မသီမိလိုက်ပဲ လွတ်သွားတဲ့ ကြယ်လေးတွေ များနေမှာ စိုးလှတယ်...” 
။။


~~~~~~~~~~~~~~~~။။။။။။~~~~~~~~~~~~~~~~~

ချစ်တတ်ခြင်းသည် အချစ်ဖြစ်သည်...။ ထို့အတူ
တရံတခါ၌ ဖြစ်ခဲ့သော
ချစ်ဖူးခြင်းသည်လည်း အချစ်ဖြစ်ပါသည်...။ ပုထုစဉ်မှန်လျှင် လောကတွင် အချစ်နှင့်ဝေးကွာသူ မည်သူရှိပါသနည်း..။ ဘဝတွင် အနည်းဆုံး တကြိမ်တခါမျှတော့ အချစ်ကို ခံစားဖူးပါလိမ့်မည်..။ ငယ်ရွယ်နုပျိုစဉ်တွင် ဖြစ်စေ.. တည်ငြိမ်ရင့်ကျက်သော အရွယ်တွင်ဖြစ်စေ.. အသက်အရွယ် ကြီးရင့်သော အခါတွင်ဖြစ်စေ.. နူးညံ့သော ချစ်ခြင်းတစ်ခု၌ (သို့မဟုတ်) ချစ်ခြင်းတစ်ခုနှင့် ရင်ခုန် မွေ့ပျော်ဖူးလေမည်..။ နှလုံးသားကို ဗဟိုပြု၍ ရင်၌တည်သော စစ်မှန်သည့် ချစ်ခြင်းသည် အသက်အရွယ်၊ ဂုဏ်ပကာသန၊ ရုပ်ရည်သွင်ပြင်၊ ဥတုရာသီမရွေး ကွေ့ကောက်ကင်းစွာ မိမိထံသို့ တန်းတန်းမတ်မတ် ချဉ်းနင်းဝင်ရောက် လာတတ်လေ့ ရှိပါသည်..။

ထို့နောက်.. နူးညံ့သန့်စင် လှပလွန်းသော ထိုချစ်ခြင်းသည် အသက်အရွယ်အားဖြင့် မည်မျှပင် ကြီးမြင့်သွားပါစေ နုဖတ်သည့် နှလုံးသားရင်ခွင် ကိုယ်စီ၌ ကိန်းဝပ်ရှင်သန် တည်မြဲနေလေ့လည်း ရှိတတ်ပါသေးသည်..။


(ခင်လေးငယ်)


ဖွင့်ဟချက်..။ ။ ဆရာမ မမမေငြိမ်းရဲ့ “အချစ်အကြောင်းပြောရအောင်” ဆိုတဲ့ ဝတ္တုကာဗာ ဖိုတိုပုံလေးကနေ စသွားခဲ့တဲ့ Tag post လေးပါ။ အချစ်အကြောင်းကို ဆက်ပြောဖို့ Tag ပါတယ် အားရင် ခင်လေးရေးပါလို့ ဆိုလာသူက မမသက်ဝေ  ပါပဲ..။ မရေးဖြစ်တာ သိပ်ကြာလွန်းနေတဲ့ ဘလော့လေးပေါ်မှာ စာပြန်ရေးဖို့ အချိန်နဲ့ အရှိန်ပြန် ယူနေတုန်းကာလ ဖြစ်သလို... အခက်ခဲလေးတွေ ကြားထဲကနေ ဒီစာတိုလေးကို ချစ်ခြင်းအားဖြင့် ရေးဖြစ်အောင် တွန်းပို့ခဲ့တဲ့ မမသက်ဝေနဲ့ အစ်ကိုတွေ အစ်မတွေ သူငယ်ချင်းတွေ အားလုံးကို ကျေးဇူးတင်မိရပါတယ်..။ 


13 comments:

Anonymous said...

ကြယ်သီကြိုး ဆိုတာလေး......ကြားဖူးထဲက ဖတ်ချင်နေခဲ့တာ...နူးညံ့ပြီး ဖတ်လို့ကောင်းတယ်..။ ရေးတတ်လိုက်တာ..တီငယ် ။


နောင့်

ခွန် said...

ဘယ်လို မှတ်ချက်ပေးရမှန်း မသိအောင် ကောင်းတယ် မမရယ် :) ဖတ်ရတာ နူးညံ့သိမ်မွေ့နေတာဘဲ....

ကိုဇေ said...

Facebook မှာရှယ်ထားတာတွေ့လို့ အရမ်းကြိုက်လွန်းလို့ original ကိုလာဖတ်တာပါ..

ချော(အစိမ်းရောင်လွင်ပြင်) said...

သိမ်မွေ့နူ့ညံ့ညင်သာသော အချစ်။..
မဆုံဆည်းခဲ့လေသော အချစ်။
ဘယ်တော့မှ ဆုံးမည်မထင်သော အချစ်။
အချိန်ကာလ တိုက်စားခြင်းကို ခံနိုင်ရည်ရှိသောအချစ်။
ကြယ်တွေလိုသီကုံး ဆုံးမည်ဟု မထင်သော အချစ်။
လှလိုက်တဲ့ မခင်လေးရဲ့ အချစ်အကြောင်းလေး....

နှင်းဟေမာ said...

နုညံ့သိမ်မွေ့ပြီး လေးနက် စွာရေးထားတဲ့ အချစ်အကြောင်းလေးကို ခံစားပြီး
ဖတ်သွားပါတယ်

Angelhlaing(May everybody be happy and healthy! said...

ဖတ်လို့ အရမ်းကောင်းတာပဲ မမရေ...
ပြီးသွားမှာတောင်ဆိုးမိတယ်...
ကောင်းသောနေ့လေးဖြစ်ပါစေမမ။

naw said...

Oh! It is amazing. It is so so so beautiful post. Love it.

လင်းခေတ်ဒီနို said...

ကျနော် ကွန်မန့်ပေးဖို့ စကားလုံးရှာမရဘူး အမခင်လေး

ခံစားချက် စီးမျှောမှုက အရမ်းကို မြင့်မားလွန်းခဲ့တယ်

ခင်မင်စွာဖြင့်
ှဗညားရှိန်

phothar25 said...

ကျွန်တော်လဲအထက်ပါ. Comment များနည်းတူဘဲကောင်းလွန်းလို့ဖတ်ရင်းနဲ့မျောသွားလိုက်တာကုန်သွာတောင်နှမျောမိတယ်…ဒိထက်မကရေးနိုင်ပါစေ။

Anonymous said...

Must be happy

WHY? WHY? WHY? said...

ဒီအချစ်စာစုလေးတွေကိုတွေ့တော့ ဟိုလွန်ခဲ့တဲ့ နှစ်လေးဆယ်ကျော် ငါးဆယ်က ကိုယ့်ခံစားချက်ကလေးတွေဆီကို အလည်ပြန်ရောက်သွားသလိုပါပဲ။ အချစ်နဲ့ထုံမွှန်းပြီး အချစ်ဝဲဂယက်မှာပဲ လည်နေချင်သူ ခံစားနေချင်သူတွေအတွက် စိတ်ဝင်စားစရာ အချစ်ဂီတသံတွေပဲ ဆိုပါတော့။

ဝေဖန်ပါ ဆိုလို့ ပိုကောင်းစေချင်တဲ့ ဝေဖန်တာမျိုးတစ်ခု လုပ်ပါရစေ။ စာညွန့်တွေထဲမှာ ထည့်သုံးတဲ့ ကဗျာလေးတွေဟာ အဓိပ္ဗါယ်က ငြိပေမဲ့ ကာရံပျက်နေတဲ့အတွက် သံစဉ်မကောင်းလှတာ တွေ့ရပါတယ်။ သမယိုးကျ ကာရံယူနည်း၊ (၄၊၃၊ ၂/၄၊၃၊၁/၄၊၂/၄၊၂ စသဖြင့်) နဲ့ ယူပြီးစပ်ပုံလေးတွေကို လေ့လာသင့်ပါတယ်။ အဲလို ကာရံတွေကို မယူချင်ဘူး၊ ကျဉ်းကြပ်တယ်ထင်လို့ လွတ်လပ်ကဗျာပုံစံနဲ့ သွားချင်တယ်ဆိုရင်လဲ ကာရံမဟုတ်တောင် နဘေလေးတွေ ထပ်ပေးဖို့ လိုပါတယ်။

ဘာမှ အရေးမစိုက်ပဲ ရေးချင်သလိုရေးနေတဲ့ ကဗျာရေးသူ (ကဗျာဆရာမဟုတ်) တွေ ရှိပါတယ်။ သူတို့ကဗျာတွေဟာ အတွေးကောင်းတဲ့ဟာတောင် နည်းပညာချို့တဲ့တဲ့အတွက် သိပ်ကောင်းတဲ့ကဗျာအဆင့် မရောက်သွားဘူး၊ သိပ်နှမျောစရာကောင်းပါတယ်။

အချစ်ကဗျာနဲ့ ပတ်သက်ရင် အချိန်ကာလမဲ့ တည်နေမဲ့ ကဗျာတစ်ပုဒ်ကို ညွှန်းပါရစေ၊ ကဗျာဆရာ တင်မိုးရဲ့ လွန်ခဲ့တဲ့ နှစ်ငါးဆယ်ကျော်က ကဗျာပါ၊ ခေါင်းစီးတော့ မေ့နေတယ်ဗျာ၊ စာသားတချို့ကိုပဲ ရေးချပေးလိုက်ပါတယ်။

“လမင်းကအရှင်၊ ကြယ်စဉ်ကကိုယ် ဆိုပါတော့
မြေကမ္ဘာပတ်ခြာဝိုက်လို့ လိုက်ပါ့မယ်နော့။

နှင်းဆီက ကလျာ၊ ဆူးညှာကကိုယ် ဆိုပါတော့
ရွှေလိပ်ပြာတောင်ပန်ကားကို တားပါ့မယ်နော့။

- - - - - - - - - - - - - - - - - - - - - - -
- - - - - - - - - - - - - - - - - - - - - - -

သို့ပေမင့်၊ ကြွေပွင့်က ချစ်နှမ၊
အပင်က ကိုယ်သာလျှင် ဖြစ်ချင်ဘူး ကိုယ်တွေး၊
ကြွေပွင့်ငယ် ချာချာဝဲ၊ လေထဲမှာ ပျံပျံကာ
သင်လွင့်ရာ ကိုယ်မှာမကြွနိုင်ဘု၊
အထီးကျန် မျက်ရည်စရယ်နှင့် လွမ်းရမယ်လေး။ ။

တဲ့၊ ကျနော် မှတ်မိသလောက် ရေးပေးလိုက်တာပါ။ အခြား အကျော်အမော် ကဗျာဆရာတွေရဲ့ အချစ်ကဗျာတွေလဲ အများအပြားရှိပါတယ်။ စုတုပြုကို သုံးဖို့ တိုက်တွန်းလိုက်ပါတယ်။

ခင်လေးငယ် said...

အခုလို ကျွန်မစာကို ပွင့်လင်းစွာ သုံးသပ် အကြံပေးမှုလေးတွေအတွက် နွေးထွေးလှိုက်လှဲစွာ ကျေးဇူးတင်ကြောင်း ပထမဦးစွာ ပြောကြားပါရစေ။

အထက်မှာ ပြောသလိုပဲ.. “ကာရံတွေကို မယူချင်ဘူး၊ ကျဉ်းကြပ်တယ်ထင်လို့ လွတ်လပ်ကဗျာပုံစံနဲ့ သွားချင်တယ်ဆိုရင်လဲ ကာရံမဟုတ်တောင် နဘေလေးတွေ ထပ်ပေးဖို့ လိုပါတယ်။” လို့ အကြံပေးတဲ့ အတွက်လည်း ကြည်နူးကျေနပ်မိပါတယ်။

“စုတုပြုကို သုံးဖို့ တိုက်တွန်းတယ်” ဆိုခြင်းကိုလည်း ကျွန်မလေးစားစွာ လက်ခံယူပါတယ်..။

“အချစ်နဲ့ထုံမွှန်းပြီး အချစ်ဝဲဂယက်မှာပဲ လည်နေချင်သူ ခံစားနေချင်သူတွေအတွက် စိတ်ဝင်စားစရာ အချစ်ဂီတသံတွေပဲ ဆိုပါတော့။” ဆိုတဲ့ နေရာလေးကိုလည်း အကြိမ်ကြိမ် ဖတ်မိပါတယ်..။

ကျွန်မကို ပိုမိုကောင်းမွန်စေဖို့ အကောင်းမြင်စိတ်နဲ့ တိုက်တွန်း အကြံပေးခဲ့တဲ့အတိုင်း အဘက်ဘက်က ပြည့်စုံစွာ ရေးဖွဲ့တတ်နိုင်ရန် ကျွန်မ ကြိုးစားသွားမှာပါ။

ကျွန်မအတွက် အချိန်ပေးပြီး ရေးသားပေးသွားခဲ့တဲ့ မှတ်ချက်ရှည်ကြီးအတွက် ရင်နှလုံးသားထဲမှ လွန်စွာ ကျေးဇူးတင်မိပါတယ်ရှင်...

ခင်လေးငယ်

ခင်လေးငယ် said...

မိတ်ဆွေတိုင်းရဲ့ မှတ်ချက်လေးတွေဟာ ကျွန်မအတွက် သိပ်ကိုလိုအပ်တဲ့ ခွန်အားဖြည့် ဓာတ်စာလေးတွေပါပဲ..။

စေတနာတိုင်းကို လေးစားစွာ လက်ခံတန်ဖိုးထားလျှက်ပါ...။

ကြည်နူးကျေနပ်ပျော်ရွှင်စွာ အားလုံးကို ကျွန်မ ကျေးဇူးတင်နေပါရစေ။

ခင်လေးငယ်